အခန်း ၁၅၀
Vol. 16 Ch. 150
အခန်း (၁၅၀) နေ့စဉ်ဘဝ
ခြံဝင်းအတွင်း၌ လတ်တလောကာလတွင် ကိစ္စရပ်များ တစ်ခုပြီးတစ်ခု ရှုပ်ထွေးပွေလီစွာ ဖြစ်ပျက်နေခဲ့ပြီး ယခုအခါတွင်လည်း လူတိုင်းကို အံ့အားသင့်မှင်တက်သွားစေသည့် သတင်းထူးတစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။
တစ်နေ့သော နံနက်အစောပိုင်း အရုဏ်တက်ချိန်တွင် ခြံဝင်းထဲမှ ဂျုန်းဂျုန်းဂျိန်းဂျိန်း ဆူညံသံများ ထွက်ပေါ်လာခဲ့၏။ အိမ်ထောင်စုအချို့သည် မျက်စိကို ပွတ်သပ်ရင်း ထွက်ကြည့်ကြရာ အဒေါ်ကြီးမေ့တို့ မိသားစုဝင်များ ပစ္စည်းပစ္စယများကို ကသုတ်ကရုတ် မွှေနှောက်ရွှေ့ပြောင်းနေကြသည်ကို တွေ့လိုက်ရသဖြင့် ရှီကျန့်ရှန်း လှမ်း၍ မေးမြန်းလိုက်သည်။
"အဒေါ်ကြီးမေ့... ဘာတွေလုပ်နေတာလဲဟင်"
ပစ္စည်းတွေအကုန် အပြင်ထုတ်နေကြတာပါလား၊ ဘာလုပ်မလို့လဲ…
ရှီကျန့်ရှန်း ချက်ချင်းပင် အိပ်ချင်မူးတူးစိတ်များ ပြယ်လွင့်သွားပြီး ဇွတ်အတင်း ထပ်မံမေးမြန်းပြန်၏။
"ကြည့်ရတာ အိမ်ရွှေ့မလို့လား၊ ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်တိတ်တဆိတ် လုပ်နေရတာလဲ။ ကျွန်မတို့က အိမ်နီးနားချင်းဟောင်းတွေပဲဥစ္စာ၊ ဒီလိုတော့ မလုပ်သင့်ဘူးလေ..."
အဒေါ်ကြီးမေ့ တဟားဟား ရယ်မောကာ ပြန်ပြောသည်။
"နင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ ငါ တကယ်အိမ်ပြောင်းမယ်ဆိုရင် နင့်ကိုမပြောဘဲ နေမလား။ ငါ ရှေ့ဝင်းထဲကို ရွှေ့မလို့ပါအေ"
"ရှေ့ဝင်းထဲကို ရွှေ့မလို့ ဟုတ်လား"
ဤစကားမှာ လူကို ပို၍ ဝေခွဲမရ ဖြစ်သွားစေသည်။ အစ်မကြီးဖန်လည်း အသံကြားသဖြင့် ချက်ချင်း အပြင်ထွက်လာပြီး နားစွင့်နေလေ၏။
အဒေါ်ကြီးမေ့ : "ဝမ်မေ့လန်က သူ့အိမ်ကို ရောင်းလိုက်တာလေ၊ အဲဒါ ငါ့မိသားစုက ဝယ်လိုက်တာ..."
"ဘာ..."
အစ်မကြီးဖန် အော်ဟစ်လိုက်ပြီး မေးလိုက်မိသည်။
"ရှင်... ရှင်... ရှင်တို့က ဝယ်လိုက်တယ်.. ရှင့်မိသားစုက ပိုက်ဆံတွေ ဘယ်ကရတာလဲ"
အဒေါ်ကြီးမေ့သည် ထိုစကားကို ကြားသဖြင့် မကျေမနပ်ဖြစ်သွားပြီး ဒေါသတကြီးဖြင့် ပြန်လည်ပက်ခနဲ ပြောလိုက်၏။
"ငါ့မိသားစုက ဘာလို့မဝယ်နိုင်ရမှာလဲ။ ငါ့သားကြီးရော၊ သမီးနှစ်ယောက်ရော အကုန်လုံး ပိုက်ဆံရှာနေကြတာ။ ငါ့ယောက်ျားလည်း အလုပ်လုပ်တယ်။ လူသုံးယောက် ပိုက်ဆံရှာနေတာပဲ၊ အိမ်တစ်လုံးဝယ်တာ ပုံမှန်မဟုတ်ဘူးလား။ နင်က ငါ့မိသားစုကို အထင်သေးနေတာလား။ ပြီးတော့ ငါတို့အိမ်ဟောင်းကိုလည်း ပြန်ရောင်းလိုက်တာလေ၊ ပိုက်ဆံနည်းနည်းပဲ ထပ်စိုက်လိုက်ရတာ..."
"ဘာ..."
အစ်မကြီးဖန် နောက်တစ်ကြိမ် ထပ်အော်ပြန်သည်။
"ရှင်တို့ အိမ်ဟောင်းကို ရောင်းလိုက်တယ်.. ဘာလို့ ကျွန်မကို မပြောတာလဲ"
အဒေါ်ကြီးမေ့ နှာခေါင်းရှုံ့ကာ
"နင် ရူးနေလား။ ငါ့အိမ်ငါရောင်းတာ နင့်ကို ဘာလို့ပြောရမှာလဲ။ ပြောရင်ရော နင်က ဝယ်နိုင်လို့လား"
အစ်မကြီးဖန် အိုးတိုးအမ်းတမ်းဖြင့် ကယောင်ကတမ်း ပြန်ပြောရှာသည်။
"မဟုတ်ပါဘူး... ကျွန်မက ဝင်းထဲကို အိမ်နီးနားချင်းအသစ်တွေ ရောက်လာတော့မယ် ထင်လို့ပါ"
အစ်မကြီးဖန်တို့ မိသားစုတွင် နေစရာအိမ် မရှားသေးသဖြင့် အိမ်အပေါ်တွင် ထိုမျှအထိ ရူးသွပ်ခြင်း မရှိသော်လည်း ဤကိစ္စကိုမူ အနည်းငယ် မယုံနိုင်ဖြစ်နေဆဲတည်း။
"ဒါနဲ့... ဒီအိမ်ကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ"
အဒေါ်ကြီးမေ့ တိုက်ရိုက်မဖြေဘဲ
"လူသစ်တွေ ပြောင်းလာမှာကိုတော့ မပူနဲ့၊ ငါ အိမ်ကို အဘွားကြီးကျောက်တို့ မိသားစုဆီ ရောင်းလိုက်တာ"
"ဘာ..."
ယခုတစ်ကြိမ်တွင်မူ အစ်မကြီးဖန်သာမက ရှီကျန့်ရှန်းပါ လန့်အော်မိသွားကြပြီး အတော်ပင် အံ့အားသင့်သွားကြသည်။ ထိုအိမ်ကို အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ဝယ်လိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။
အစ်မကြီးဖန် မနာလိုဝန်တိုစိတ်ဖြင့်
"သူတို့ကကော ဘယ်ကပိုက်ဆံရမှာလဲ။ ရှင်တို့ဆီမှာ အကြွေးတင်ထားတာများလား။ အဒေါ်ကြီးမေ့... ရှင် သူတို့ကို ယုံလို့မဖြစ်ဘူးနော်။ သူတို့က..."
"ဖန်မျိုးရိုးကောင်မ... နင် ပါးစပ်ပုပ်နဲ့ လျှောက်မပြောနဲ့... ငါ့မှာ ပိုက်ဆံရှိရှိ၊ မရှိရှိ နင့်အလုပ်လား။ နင့်မျက်နှာက ရုပ်ဆိုးရုံတင်မကဘူး၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ။ နင်က ဘာကောင်မ,မလို့ ငါတို့အိမ်ကိစ္စကို လာပြောနေရတာလဲ။ တကယ့် အမှိုက်ပဲ... နင့်ကို ငါရိုက်သတ်တာ ခံချင်လို့လား"
အဘွားကြီးကျောက် ချက်ချင်းပင် ခါးထောက်ကာ ရှေ့သို့ထွက်၍ ဆဲဆိုငေါက်ငမ်းလေတော့သည်။
"နင်လို အရှက်မရှိတဲ့မိန်းမ၊ ငါ့အတင်းကို လာပြောရဲတယ်ပေါ့။ နင် ပြဿနာရှာချင်နေတာလား။ မှတ်ထားလိုက်၊ ငါက နင်တို့ အနိုင်ကျင့်လို့ရတဲ့လူ မဟုတ်ဘူး..."
အစ်မကြီးဖန် ပြန်လည်ချေပကာ
"ဘာလို့ ဒီလောက် ရန်လိုနေရတာလဲ။ ကျွန်မက ဒီတိုင်းပဲ ပြောလိုက်တာကို"
အတင်းပြောနေစဉ် လပ်ပူရလက်ကြပ် ဖမ်းမိသွားသဖြင့် အစ်မကြီးဖန် အနည်းငယ် အရှက်ရသွားသော်လည်း အရှက်မရှိ ဆက်လက်၍ ဆိုလိုက်၏။
"ရှင်တို့ အိမ်ဝယ်လိုက်တယ်ပေါ့.. အဲဒါဆိုလည်း ကောင်းတာပေါ့၊ နောက်ဆို ကိစ္စတွေ ပိုအဆင်ပြေသွားတာပေါ့။ အရင်က ဒီမှာနေရတာ တကယ့်ကို အဆင်မပြေဘူး။ အခုတော့ အများကြီး ပိုကောင်းသွားပြီ"
အစ်မကြီးဖန်၏ မျက်နှာပြောင်း မျက်နှာလွှဲ လုပ်ရပ်များကို ကြည့်ပြီး ရှီကျန့်ရှန်း နှုတ်ခမ်းကို မဲ့လိုက်သည်။
ဒီမိန်းမကတော့ တကယ့် ပုတ်သင်ညိုပဲ…
အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်သော်လည်း ထပ်မံ၍ ပြဿနာမလုပ်တော့ပေ။
အဒေါ်ကြီးမေ့ : "အဘွားကြီးကျောက်ရေ... စိတ်မပူနဲ့နော်၊ ငါ့မိသားစု ဒီနေ့ပဲ အပြီးရွှေ့ပေးမယ်။ နင်တို့လည်း သန့်ရှင်းရေးလုပ်ပြီးမှ ဖြည်းဖြည်းချင်း ပြောင်းလာခဲ့တော့"
အဘွားကြီးကျောက် : "မလောပါဘူးအေ၊ အေးဆေးသာ ရွှေ့ပါ"
ဒုတိယဝင်းအတွင်းမှ ဆူညံသံများကြောင့် ရှေ့ဝင်းနှင့် နောက်ဝင်းမှ လူအများအပြားသည်လည်း အခြေအနေကို လာရောက်ကြည့်ရှုကြသည်။ ဤကဲ့သို့ အိမ်ဝယ်၊ အိမ်ရောင်း ကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"အဒေါ်ကြီးမေ့... ဒါက မလိုလားအပ်တာတွေ လုပ်နေတာ မဟုတ်ဘူးလား။ ရှေ့ဝင်းမှာလည်း နှစ်ခန်း၊ နင့်အိမ်ကလည်း နှစ်ခန်းပဲ။ ဘာထူးလို့လဲ"
အဘွားကြီးဟွမ် မေးလိုက်ရာ ဝမ်တာ့ချွေ ကြားဖြတ်၍ ပြောလိုက်၏။
"ဒေါ်လေးဟွမ်... ခင်များက တကယ့် အရူးပဲ... ရှေ့ဝင်းကအိမ်က သူတို့အိမ်ထက် ၁၀ စတုရန်းမီတာ ပိုကျယ်တယ်၊ ပြီးတော့ အခန်းဖွဲ့စည်းပုံကလည်း သေသပ်တယ်။ ခင်များက အဲဒီ ၁၀ စတုရန်းမီတာကို အလကားထင်နေတာလား"
"ဟုတ်တတ်..."
အဘွားကြီးဟွမ် မကျေမနပ်ဖြင့် ပြန်ပက်လိုက်ကာ
"နင်ကမှ အရူး၊ နင့်မိသားစုတစ်ခုလုံး အရူးတွေ၊ နင်က လူပျိုကြီးဖြစ်နေတာ အလကားမဟုတ်ဘူး..."
သူမ၏ မိသားစုတွင် အိမ်မရှားသဖြင့် ဤကိစ္စကို သာမန်ကာလျှံကာသာ သဘောထားနိုင်သည်။
လောကတွင် အိမ်မရှိ၊ နေစရာရှားပါးသူများသာ အိမ်ရှိသူများကို မနာလိုဖြစ်တတ်ကြသည် မဟုတ်လော့။ မိမိတွင် အိမ်အလုံအလောက်ရှိပါက ပွဲကြည့်ပရိသတ်အဖြစ်သာ ရပ်ကြည့်နေရုံသာ ရှိ၏။
သို့သော်လည်း လူတိုင်းမှာ လမ်းဘေးဈေးရောင်းခြင်းသည် တကယ်ပင် ဝင်ငွေကောင်းသည်ကို ရိပ်မိသွားကြသည်။ မုဆိုးမမိသားစုပင် အိမ်အသစ် ဝယ်နိုင်ခဲ့သည် မဟုတ်လော့။ သူတို့တွင် အခြားမည်သည့် အရည်အချင်း ရှိသနည်း။ သူတို့၏ ဝင်ငွေသည် ရှင်းလင်းထင်ရှားလှပြီး လမ်းဘေးဈေးရောင်းခြင်းကြောင့်သာ ဤမျှ အခြေအနေကောင်းလာခြင်း ဖြစ်သည်။
ထို့ကြောင့် ဝင်းထဲမှ လူအများအပြားသည်လည်း ဈေးရောင်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြတော့၏။
လူအများစုမှာ လမ်းဘေးဈေးသည် အလုပ်ကို အထင်သေးတတ်ကြသော်လည်း ငွေကြေး၏ ဆွဲဆောင်မှုသည်ကား တကယ်ပင် ပြင်းပြလှပေသည်။ အဒေါ်ကြီးမေ့တို့ မိသားစုသာမက၊ ချန်ချင်းယွီတို့ မိသားစုပါ အိမ်အသစ်များ ဝယ်နိုင်ခြင်းမှာ လမ်းဘေးဈေးရောင်းခြင်းကြောင့် ဖြစ်သည်မှာ အားလုံးအသိပင်…
ချိုက်မင်မင်သည် သူမ၏ သူငယ်ချင်းကောင်း မိသားစုအတွက် တကယ်ပင် ဝမ်းသာပေးနေပြီး မေးမြန်းလိုက်၏။
"အဒေါ်ကြီးကျောက်... အခုဆို ရှင့်အိမ်က အများကြီး ပိုကျယ်ဝန်းသွားပြီပေါ့... ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဟင်။ အခန်းနှစ်ခန်းကို ပေါင်းပစ်မလို့လား"
အဘွားကြီးကျောက် : "ပေါင်းမှာပေါ့၊ အခန်းနှစ်ခန်းလုံးကို တစ်ဆက်တည်း ပေါင်းပစ်မှာ..."
အဒေါ်ကြီးမေ့၏ အိမ်ဟောင်းမှာ ၎င်းတို့အိမ်ထက် အနည်းငယ်သာ ပိုကျယ်သော်လည်း လူဦးရေ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိသဖြင့် အလွန်ကျဉ်းမြောင်းလှသည်။ မီးဖိုချောင်ဆိုလျှင်လည်း တံခါးဝ ပြတင်းပေါက်အောက်တွင် အမိုးလေးတစ်ခုသာ ကပ်ဆောက်ထားရသဖြင့် ကြပ်ညှပ်နေခဲ့၏။
သို့သော် ထိုအိမ်သည် ချန်ချင်းယွီတို့ ယခုနေထိုင်သည့် အိမ်နှင့် ကပ်လျက်ဖြစ်နေသဖြင့် အခန်းချင်းပေါင်းရန် အလွန်အဆင်ပြေလှသည်။
အဘွားကြီးကျောက် : "ငါတို့က ဒီအမိုးစောင်းလေးကို ဖျက်ဆီးပြီး တံခါးပေါက်ကို ပိတ်ပစ်မလို့။ အဲဒါဆို နေရာပိုထွက်လာတာပေါ့။ ပြီးရင် တံခါးတစ်ပေါက်တည်းကနေပဲ အဝင်အထွက်လုပ်မယ်"
"တကယ်ကို ကောင်းတာပဲ... ရှင်တို့တော့ ကံထူးပြီ။ ကျွန်မကတော့ ရှင်တို့ ရှေ့ဝင်းကအိမ်ကို ဝယ်မယ် ထင်နေတာ"
အဘွားကြီးကျောက် : "ဒီလို ကပ်လျက်ဖြစ်နေတာကမှ ပိုကောင်းသေးတယ်"
အဒေါ်ကြီးမေ့နှင့် ချန်ချင်းယွီတို့ မိသားစုသည် ကြိုတင်တိုင်ပင်ထားပြီးမှ ဤကဲ့သို့ အဆင်ပြေပြေ အိမ်ချင်းလဲလှယ်ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း အားလုံး ရိပ်မိကြသည်။
အခြားသူများ၏ အမြင်ကို ဂရုမစိုက်ဘဲ အဘွားကြီးကျောက် ဝမ်တာ့ချွေကို ကြည့်ကာ
"တာ့ချွေ... နင့်မှာ ပန်းရံဆရာ သူငယ်ချင်းတစ်ယောက် ရှိတယ်မလား" ဟ
ဝမ်တာ့ချွေ : "ရှိတယ်လေ၊ ဒေါ်လေးအိမ် ပြင်ချင်တယ်ဆိုရင် ကျွန်တော် လူရှာပေးလို့ရတယ်"
အဘွားကြီးကျောက် : "အေး... အဲဒါဆို မိတ်ဆက်ပေးဦး၊ ဒါပေမဲ့ ငါ့ကိုတော့ လာပြီး ဂျာအေးသူဌေးလုပ်လို့ မရဘူးနော်။ ငါ့အကြောင်း နင်သိပါတယ်၊ ငါက အညာခံမယ့်လူ မဟုတ်ဘူး"
"သိပါတယ်၊ သိပါတယ်၊ တကယ် သိပါတယ်ဗျာ"
ဝမ်တာ့ချွေ မျက်လုံးကို ပင့်ရွှေ့ရင်း…
ခင်များအကြောင်း ဘယ်သူမသိဘဲ နေမလဲ… ပြဿနာ အရှာမခံချင်ပါဘူးဗျာ…
"စိတ်ချပါ ဒေါ်လေး၊ ဘယ်သူမှ ဒုက္ခမရှာချင်ကြပါဘူး"
အဘွားကြီးကျောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အဒေါ်ကြီးမေ့ : "အဲဒါဆို ငါ ပစ္စည်းတွေ ဆက်ရွှေ့လိုက်ဦးမယ်"
အဘွားကြီးကျောက်က ပျင်းကြောဆန့်ရင်း
"ငါတော့ သွားပြီး တစ်ရေးလောက် ထပ်အိပ်ဦးမယ်အေ"
"ဟင်.. အိပ်မလို့.. အလုပ်မသွားတော့ဘူးလား"
အဘွားကြီးကျောက်သည် ထမင်းချက်ဆောင်တွင် အလုပ်လုပ်ကိုင်သူဖြစ်သဖြင့် အခြားသူများထက် တစ်နာရီစော၍ အလုပ်သွားရလေ့ရှိပြီး အမြဲတမ်း တံခါးဝမှ ပထမဆုံး ထွက်ခွာရသူ ဖြစ်သည်။ ထို့ကြောင့် အချိန်ကာလအရ တွက်ချက်ကြည့်ပါက ယခုအချိန်တွင် တစ်ရေးပြန်အိပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အဘွားကြီးကျောက် : "ငါ အလုပ်ကနေ စောစောစီးစီး အနားယူလိုက်ပြီအေ"
သူမသည် မနေ့ကမှ စာရွက်စာတမ်းကိစ္စရပ်များကို အပြီးသတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ မိမိဘက်မှ လောခြင်းမျိုး မရှိခဲ့သော်လည်း ထမင်းချက်ဆောင်မှူး
မှာမူ အလွန်အမင်း စိတ်လောနေခဲ့သည်။ သူသည် မိမိ၏ ဆွေမျိုးသားချင်းများကို ယာယီအလုပ်သမားအဖြစ် ခန့်အပ်ချင်နေသဖြင့် အဘွားကြီးကျောက်အား အလုပ်မှ အမြန်ဆုံး အနားယူစေချင်နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူမလည်း သဘောတူညီခဲ့ပြီး မနေ့က စာရွက်စာတမ်းများ အပြီးလုပ်ကာ ယနေ့တွင် အလုပ်သွားရန် မလိုတော့ခြင်း ဖြစ်ပေသည်။
ကိစ္စရပ်များမှာ ထိုမျှအထိ ချောမွေ့လွယ်ကူလှ၏။
အဘွားကြီးကျောက်၏ အနားယူစုဆောင်းငွေမှာလည်း ယွမ် ၁၀၀ အထိ တိုးပွားလာခဲ့သည်။
သူမအတွက်မူ အနားယူစုဆောင်းငွေ တိုးပွားလာခြင်းသည် အကောင်းဆုံးအရာပင် ဖြစ်သည်။
သူမ ခပ်ပြုံးပြုံးဖြင့် ဆိုကာ
"နောက်ဆိုရင် ငါက အိမ်မှာ လှဲနေရုံတင်နဲ့တင် ပင်စင်လစာ ရတော့မှာဟေ့"
"ဘာ..."
လူတိုင်း အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြသည်။
ထို့နောက်တွင်မူ ပင့်သက်ရှိုက်သံများ တပြိုင်နက်တည်း ထွက်ပေါ်လာတော့၏။
အဘွားကြီးကျောက်သည် ကြောင်အမ်းအမ်းဖြစ်သွားပြီး ဒီလူတွေက ငါ့အရေးကို တော်တော်လေး စိတ်ပူပေးကြတာပဲ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
"ဘာလဲ... မထင်မှတ်ထားဘူး ဖြစ်သွားကြတာလား"
သူမ လှမ်းမေးလိုက်မိ၏။
"ရှင်... ရှင်... ရှင်က နှစ်ကုန်မှ အနားယူမှာလို့ ပြောထားတာ မဟုတ်ဘူးလား..."
အဘွားကြီးကျောက်သည် မိမိ၏ အစီအစဉ်များကို မည်သူ့ကိုမျှ ဖုံးကွယ်ထားလေ့မရှိသဖြင့် ဝင်းထဲရှိ လူတိုင်း ဤကိစ္စကို သိရှိထားကြသည်။ ယခုအခါ သူမ စောစီးစွာ အနားယူလိုက်ပြီဟူသော သတင်းကြောင့် လူတိုင်း အတော်ပင် အံ့အားသင့်နေကြ၏။
အဘွားကြီးကျောက် သက်ပြင်းတစ်ချက်ချရင်း
"ဟူး... အစကတော့ နှစ်ကုန်မှ အနားယူမလို့ပါပဲ၊ ဒါပေမဲ့ ရဲဘော်အသစ်တွေအတွက် နေရာဖယ်ပေးရဦးမယ်လေ ဟုတ်ဖူးလား။ ငါ အခုလို စောစောအနားယူနိုင်တာ တကယ့်ကို ကောင်းတာပဲအေ။ အမလေး... အခုဆိုရင် အိပ်ချင်သလောက် အိပ်ပြီး ကိုယ့်ဘာသာ နိုးလာမှ ထလို့ရပြီ။ ငါ့ဘဝမှာ နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လောက် ဆက်လုပ်ရဦးမယ်လို့ ထင်ထားတာ၊ အခုတော့ ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီ။ ငါ့သားလေးက တကယ့် သားလိမ္မာလေးပါ။ သူ ကွယ်လွန်သွားခဲ့ရင်တောင် သူ့အမေအိုကြီးကို လုံးဝမေ့မထားခဲ့ဘူး။ တော်သေးတာက သူ အလုပ်ဝင်ခွင့်ရခဲ့လို့ပဲ၊ သူ မရှိတော့ပေမဲ့ ငါ့အတွက် လုံခြုံစိတ်ချရတဲ့ အာမခံချက်တစ်ခုတော့ ချန်ထားပေးခဲ့တာပေါ့"
ထိုစကားကို ကြားရသောအခါ လူတိုင်း မနာလိုဝန်တိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာကြတော့သည်။ ၎င်းတို့ ဝင်းထဲရှိ အဘွားအိုများတွင် မည်သူမျှ ပင်စင်လစာ မရှိကြပေ။
အလုပ်လုပ်နေဆဲဖြစ်သော အချို့သူများမှာလည်း အသက်အရွယ် မပြည့်သေးသဖြင့် နောင်ရေးကို မသေချာကြသေးပေ။
အဒေါ်ကြီးမေ့ သက်ပြင်းချရင်း
"အစ်မကြီးရာ... ညည်းကတော့ တကယ့်ကို ကံကောင်းတာပဲ... အလုပ်က အနားယူပြီးရင် တစ်လကို ပင်စင်ဘယ်လောက်ရလဲဟင်"
အဘွားကြီးကျောက် ခပ်တည်တည်ဖြင့် ဖြေလိုက်သည်။
"ငါ တစ်လကို သုံးဆယ့်လေးကျပ် ရတယ်အေ"
ယခုအခါ ၁၉၇၉ ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ သုံးဆယ်ကျော် မျှသော လစာငွေမှာ ပုံမှန်အဆင့်မျှသာ ဖြစ်သော်လည်း အဘွားအိုတစ်ဦးအတွက်မူ သုံး၍ပင် မကုန်နိုင်လောက်အောင် လုံလောက်လှပေ၏။
အဒေါ်ကြီးမေ့ တကယ်ပင် အားကျမနာလိုဖြစ်သွားပြီး
"ညည်းကတော့ တကယ့်ကို ကံထူးတာပဲ"
အဘွားကြီးကျောက် ပြန်ပြောကာ
"ဒါပေါ့အေ... လူတွေက အိုမင်းရင့်ရော်လာပြီး အလုပ်မလုပ်နိုင်တော့တဲ့အခါ သားသမီးတွေကိုပဲ မှီခိုကြရတာ၊ အဲ့ဒါက ဘယ်တော့မှ စိတ်မအေးရဘူး။ ငါက ပင်စင်လစာရလို့ ပျော်နေတာမျိုးတော့ မဟုတ်ပါဘူး၊ အဲဒီလိုမျိုး မတွေးပါဘူး။ ဒီသုံးဆယ်ကျော်ဆိုတာကလည်း ပုံသေမဟုတ်ဘူးလေ၊ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း တိုးလာဦးမှာ၊ ဒါကြောင့် တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ"
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။"
"ညည်းကတော့ လာပြီး ကြွားလုံးထုတ်နေတာပဲ။"
အချို့မှာ အားကျနေကြပြီး အချို့မှာမူ မနာလို ဝန်တိုဖြစ်နေကြသည်။
အဘွားကြီးကျောက်သည် ၎င်းတို့ကို ဂရုမစိုက်ဘဲ မေးကိုပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ဒါမျိုးတွေက အားကျနေလို့ မရဘူးအေ၊ အားလုံးက ကံတရားပဲ။"
အဘွားကြီးကျောက်သည် မိမိ၏ သာလွန်မှုကို ကြွားဝါပြပြီးနောက် တစ်ရေးတစ်မော အိပ်စက်ရန်အတွက် အိမ်ထဲသို့ ဝင်သွားလေတော့သည်။
သူမ အိပ်စက်ရမည် ဖြစ်သော်လည်း ကလေးနှစ်ယောက်မှာမူ မျက်စိကို ပွတ်သပ်ရင်း ထထိုင်လိုက်ကြပြီ ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့ ကျောင်းသွားရမည် ဖြစ်သောကြောင့်ပင်။
နံနက်စောစောအချိန်တွင် ကလေးများ ကျောင်းသွားကြပြီး လူကြီးများ အလုပ်သွားကြသဖြင့် အလွန်စိုပြေစည်ကားလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ အဘွားကြီးကျောက်နှင့် သူမ၏ ချွေးမဖြစ်သူတို့မှာမူ အိပ်ရာမှ မထကြသေးချေ။ ကလေးနှစ်ယောက်ဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ကျောင်းဝတ်စုံများ လဲလှယ်ဝတ်ဆင်ကာ လွယ်အိတ်များကိုယ်စီ လွယ်ပြီး အပြင်သို့ ထွက်လာခဲ့ကြ၏။ အပြင်ဘက်တွင် မုန့်ဆိုင်တန်းများ ဖွင့်လှစ်ထားသဖြင့် ၎င်းတို့အိမ်တွင် နံနက်စာ ချက်ပြုတ်လေ့မရှိတော့ပေ။
တစ်ခါတရံမှသာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ချက်ပြုတ်တတ်ပြီး ကလေးများသည် များသောအားဖြင့် အပြင်၌သာ ဝယ်ယူစားသောက်ကြသည်။
ဤအရာသည် အခြားကလေးများအတွက်မူ ရှားပါးလှသောအရာ ဖြစ်သော်လည်း ၎င်းတို့အတွက်မူ သာမန်နေ့စဉ်ဘဝ အလေ့အထတစ်ခုမျှသာ ဖြစ်၏။ ကလေးနှစ်ယောက်သည် နေ့စဉ် ဤကဲ့သို့ပင် နံနက်စာကို ပုံစံအမျိုးမျိုး ပြောင်းလဲစားသောက်ကြသည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် လက်ဖက်ကြက်ဥ နှစ်လုံးစီ စားကြပြီး ဖက်ထုပ်စွပ်ပြုတ် ပန်းကန်ကြီးတစ်လုံးကို အားရပါးရ သောက်ကြလေ၏။
လူသားဟူသည် ပတ်ဝန်းကျင်အတိုင်း လိုက်ပါပြောင်းလဲတတ်ကြသည် မဟုတ်လော့…
ယခင်၌ ထိုအရပ်တွင် အီကြာကွေးဆိုင် တစ်ဆိုင်တည်းသာ ရှိခဲ့သော်လည်း ယခုအခါ ဖက်ထုပ်ဆိုင်တစ်ဆိုင် ထပ်မံပေါ်ပေါက်လာခဲ့ရာ အရောင်းအဝယ်မှာလည်း ထပ်တူနီးပါး ကောင်းမွန်လှပေသည်။
"နင်တို့နှစ်ယောက် ဒီမုန့်ဆိုင်မှာပဲ နောက်တစ်ခါ လာစားပြန်ပြီလား"
ဝမ်တာ့ချွေသည် အမြဲတမ်း အလုပ်ချိန်မှန်ကန်လှကာ၊ ကြိုးစားအားထုတ်မှု၏ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူသည် ဖက်ထုပ်ဆိုင်ဘေးမှ ဖြတ်သန်းသွားစဉ် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် စွပ်ပြုတ်ရည်များကို အကုန်သောက်ပြီး ပန်းကန်လုံးအကြီးကြီးများကို ကိုင်ထားကြသည်ကို မြင်သဖြင့် ပြောလိုက်မိ၏။
"နင်တို့နှစ်ယောက် တော်တော်စားနိုင်တာပဲ၊ ကျွေးရတာ တော်တော်လက်ဝင်မှာပဲ"
သူ့အတွက် ဘာဖြစ်လို့ အိမ်ထောင်ပြုရန် ဝေခွဲမရ ဖြစ်နေရသနည်း။ မူလ၌ သူသည် တကယ်ပင် ဇီဇာကြောင်ခဲ့ခြင်း ဖြစ်သော်လည်း လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍မူ ထိုသို့မဟုတ်တော့ပေ။ သူ၏ အလုပ်သွားချိန်သည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အိမ်မှထွက်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ထိုကလေးနှစ်ယောက် အပြင်၌ နံနက်စာ စားနေကြသည်ကို ခဏခဏ မြင်တွေ့ရလေ့ရှိသည်။
အမလေး... ဘုရားရေ။
သူတို့ တကယ်ကို စားနိုင်ကြတာပဲ...
ရှေးလူကြီးများမှ 'အရွယ်ရောက်ခါစကောင်လေးက သူ့အဖေကို မွဲပြာကျစေနိုင်တယ်' ဟု ပြောကြသည်မှာ မဆန်းတော့ပေ။
ဝမ်တာ့ချွေကိုယ်တိုင်လည်း အများကြီး စားနိုင်သူဖြစ်သော်လည်း သူသည်ကား ပင်ပန်းကြီးစွာ အလုပ်လုပ်ရသော သန်မာသည့် လုပ်သားတစ်ဦး ဖြစ်သည်။ ဤသူများမှာမူ ကလေးငယ်များသာ ဖြစ်ကြသေး၏။
သူတို့ကို ဤကဲ့သို့ ကျွေးမွေးစောင့်ရှောက်ရန်အတွက် ပိုက်ဆံမည်မျှ ကုန်ကျမည်နည်း။
ဝမ်တာ့ချွေသည် ကလေးမွေးမြူရမည်ကို တကယ်ပင် ကြောက်ရွံ့စိတ် ဝင်လာခဲ့သည်။ သူသည် အောင်သွယ်ကိစ္စများကိုလည်း စိတ်မဝင်စားတော့ပေ။
အောင်သွယ်လုပ်ခြင်းသည် အိမ်ထောင်ပြုခြင်းကို ဆိုလိုပြီး အိမ်ထောင်ပြုခြင်းသည် ကလေးမွေးခြင်းကို ဆိုလိုကာ ကလေးမွေးလျှင်မူ... ဤကလေးများသည် အလွန်အသုံးစရိတ် ကြီးမားလှပေသည်။ သူ လျှာသပ်ရင်း မြည်တမ်းလိုက်မိ၏။
"နင်တို့အမေ လမ်းဘေးထွက်ပြီး ဈေးဆိုင်မထွက်လို့ မရတာ မဆန်းပါဘူး၊ မဟုတ်ရင် နင်တို့ကို ဘယ်လိုလုပ် ကျွေးနိုင်ပါ့မလဲ"
ရှောင်ကျား : "ကျွန်တော်တို့က မွေးရအလွယ်ဆုံးပါဗျာ"
ရှောင်ယွမ်လည်း ထောက်ခံကာ
"ဟုတ်တယ်..."
သူမ ကြည်လင်ပြတ်သားသော အသံလေးဖြင့် ထပ်မံဆိုလိုက်ပြန်၏။
"ဦးလေးဝမ်... သမီးတို့ အများကြီး စားရမယ်လို့ အမေက ပြောတယ်လေ။ အများကြီးစားမှ အရပ်ရှည်ပြီး သန်မာမှာ၊ အဲဒါကို အနည်းငယ်ရင်းပြီး အများကြီးရတယ်လို့ ခေါ်တယ်"
ဝမ်တာ့ချွေ : "..."
ရှောင်ယွမ် ဗိုက်နည်းနည်း ဆာနေသေးသဖြင့်
"အစ်ကို... နောက်ထပ် တစ်ပွဲ ထပ်မှာရအောင်၊ တစ်ပွဲတည်းကို တစ်ဝက်စီ ခွဲစားကြမယ်လေ၊ ဟုတ်ပြီလား"
ရှောင်ကျား သဘောတူလိုက်ကာ
"ကောင်းပြီ..."
ဝမ်တာ့ချွေ၏ နှုတ်ခမ်းများ မဲ့သွားပြီး စိတ်ထဲမှလည်း ... ဘုရား ဘုရား…ဟုသာ ရေရွတ်မိတော့သည်။
ကလေးမွေးရတာ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ…
တကယ့်ကို ပိုက်ဆံစားတဲ့ သားရဲတွင်းတွေပဲ…
သူ တိတ်တဆိတ် ခေါင်းခါရင်း တစ်ယောက်တည်း တိုးတိုးရေရွတ်ကာ ထွက်ခွာသွားလေတော့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝေခွဲမရဟန်ဖြင့် စဉ်းစားမရ ဖြစ်ကျန်ခဲ့၏။
ဦးလေးဝမ်ကတော့ တော်တော်ထူးဆန်းတာပဲ…
ထို့နောက် ကလေးနှစ်ယောက်သည် ပျော်ရွှင်စွာဖြင့် နံနက်စာကို ဆက်လက်စားသောက်ကြပြီးမှ စက်ဘီးကိုယ်စီစီးကာ ကျောင်းသို့ ထွက်ခွာသွားကြလေတော့သည်။
၎င်းတို့ နေထိုင်ရာ အရပ်သည် စက်ရုံအလုပ်သမားများ အခြေစိုက်ရာ လူနေရပ်ကွက်ဖြစ်ပြီး ကလေးအားလုံးမှာလည်း အလုပ်သမား လူတန်းစား မိသားစုများမှ ဖြစ်ကြသဖြင့် ဆင်းရဲနွမ်းပါးခြင်း မရှိကြသော်လည်း ကျောင်းတွင်မူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မိသားစု၏ ချမ်းသာကြွယ်ဝမှုမှာ သိသိသာသာကို ထင်ရှားလွန်းလှ၏။
သူတို့မောင်နှမသည် အမြဲတမ်း အစားအသောက် ကောင်းမွန်စွာ စားသောက်ရရုံမျှမက ယခုအခါတွင်လည်း လိုလေသေးမရှိ အရာအားလုံး ပြည့်စုံနေသဖြင့် အလွန်ပင် အားကျစရာ ကောင်းလှပေသည်။
သို့သော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ကျောင်းတွင် သူငယ်ချင်းများနှင့် အလွန်အဆင်ပြေအောင် ပေါင်းသင်းတတ်သဖြင့် မည်သည့်အခက်အခဲနှင့်မျှ မကြုံတွေ့ခဲ့ရပေ။
အဟမ်း… ဘယ်သူကမှ လာပြီး မပြဿနာရှာရဲတာ မဆန်းပါဘူး၊ သူတို့အဘွားက တစ်ရပ်ကွက်လုံး ဟိုးဟိုးကျော်အောင် နာမည်ကြီးတဲ့သူပဲဥစ္စာ၊ ဘယ်သူက လာပြီး ရန်စရဲပါ့မလဲ…
ထို့အပြင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကိုယ်တိုင်လည်း အရပ်ရှည်ရှည်၊ ဗလသန်သန်နှင့် ထွားကျိုင်းလှ၏။
"ရှောင်ကျား... ဒီစနေနေ့ ကျောင်းကနေ မြို့ပြင်ကို သစ်ပင်စိုက်ကွင်းဆင်းဖို့ စီစဉ်ထားတယ်လေ၊ ငါ နင်နဲ့အတူ လိုက်ခဲ့ရမလား"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် ကောင်လေးတစ်ယောက်က အပြေးအလွှား ရောက်ရှိလာပြီး
"အစ်ကိုကြီး... ကျွန်တော့်ကိုလည်း တစ်ပါးတည်း ခေါ်သွားပါဦးနော်"
ရှောင်ကျား : "ကိစ္စက အတည်
ဖြစ်သွားပြီလား"
ထိုကောင်လေးမှာ ကပျာကယာ ပြန်ပြောသည်။
"အတည်ဖြစ်သွားပြီဗျ၊ ဒီစနေနေ့ပဲ၊ ကျွန်တော့်ကို တကယ်ခေါ်သွားပါ"
"ကောင်းပြီလေ..."
ရှောင်ကျား သဘောတူလိုက်၏။
ရှောင်ယွမ်သည်လည်း စနေနေ့တွင် အတူတူသွားရန် သူမ၏ အချစ်ဆုံး သူငယ်ချင်းမလေးနှင့် ကြိုတင်ချိန်းဆိုထားပြီး ဖြစ်သည်။
စက်ဘီးရှိခြင်းနှင့် မရှိခြင်းမှာ တကယ်ပင် ကွာခြားလှပေသည်၊ ခြေကျင်လျှောက်ရခြင်းထက်စာလျှင် စက်ဘီးနောက်မှ ကြုံရင်ကြုံသလို လိုက်ပါစီးနင်းရခြင်းသည် အများကြီး ပိုကောင်းသည်သာ။ အခွင့်အရေး လွတ်သွားသော အခြားကလေးများမှာမူ ခေါင်းကို ကုတ်ဖဲ့ရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်ကြ၏။
"အား... နောက်ကျသွားပြီ..."
"ဟားဟားဟား..."
ကလေးများ ကျောင်းတွင် တက်ကြွပျော်ရွှင်နေကြစဉ် အိမ်ဘက်တွင်မူ အဘွားကြီးကျောက်နှင့် အခြားသူများသည်လည်း အိပ်ရာမှ ထလာကြပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ချန်ချင်းယွီအတွက် ကူညီမည့်သူ ရှိလာခဲ့ပြီ ဖြစ်၏။ အမှန်စင်စစ် ချန်ချင်းယွီသည် ဘိုးဘွားများ၏ အုတ်ဂူတွင် မြေကြီးသွားဖို့ရန်အတွက် တောင်ပေါ်သို့ တက်ချင်နေခဲ့သော်လည်း မကြာသေးမီအတွင်း အလွန်အမင်း အလုပ်ရှုပ်နေခဲ့ရုံမျှမက အထူးသဖြင့် ဖခင်ဖြစ်သူနှင့် ပတ်သက်၍ မိမိနောက်ကွယ်မှ စောင့်ကြည့်နေသူ ရှိ၊ မရှိ မသေချာသဖြင့် မသွားဖြစ်သေးခြင်း ဖြစ်သည်။
ယခုမူ အဘွားကြီးကျောက် အလုပ်မှ စောစီးစွာ အနားယူလိုက်ပြီဖြစ်ရာ ချန်ချင်းယွီနှင့်အတူ လမ်းဘေးဈေးထွက်၍ ဆိုင်ဖွင့်နိုင်ပြီ ဖြစ်၏။
ချန်ချင်းယွီသည် တစ်ယောက်တည်း စီမံခန့်ခွဲနိုင်သူဖြစ်သဖြင့် သူမနှင့် အဘွားကြီးကျောက်တို့သည် ဆိုင်ခွဲ၍ ဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။
အဘွားကြီးကျောက် : "ငါ ချန်းမန်ဘက်ကို သွားလိုက်မယ်"
ချန်ချင်းယွီ : "ချန်းမန်လမ်းမကြီးပေါ်မှာ ပုဂ္ဂလိက ဈေးဆိုင်တွေ ပေးမဖွင့်ဘူးအမေရဲ့၊ သူတို့ တားဆီးနှင်လွှတ်ကြလိမ့်မယ်"
အဘွားကြီးကျောက် : "နှင်လွှတ်ရင်လည်း ငါပြေးမှာပေါ့အေ။ သူတို့က ငါ့လို အဘွားကြီးတစ်ယောက်ကို အတည်အပေါက် လိုက်ဖမ်းနေပါ့မလား။ ငါ့အသက်အရွယ်နဲ့ဆို သူတို့ပဲ နစ်နာမှာ၊ လွန်လှရင် သတိပေးတာလောက်ပဲ ခံရမှာပါ"
သူမမှာ မိမိကိုယ်ကို အလွန်လည်လှဟန်ဖြင့် အရှက်မရှိ လှမ်းပြောလိုက်သည်။
ချန်ချင်းယွီလည်း သဘောတူလိုက်၏။
"အဲဒါဆိုလည်း ပြီးတာပါပဲ"
ချန်ချင်းယွီ ကိုယ်တိုင်လည်း တစ်ပြားမှ အလဟဿ အဆုံးရှုံးမခံချင်သည့်အပြင် စည်းကမ်းကြီး လိုက်နာလှသူလည်း မဟုတ်ပေ။
ထို့နောက် နှစ်ယောက်သား အတူတူ ထွက်လာခဲ့ကြသည်။ အဘွားကြီးကျောက်သည် စက်ဘီးမယူခဲ့ကာ၊ ပစ္စည်းများကိုလည်း အများကြီး သယ်ဆောင်မလာခဲ့ချေ။ အမှန်ပင်… ဤကဲ့သို့ အိုမင်းလှသော လက်ခြေများဖြင့် ရဲဖမ်း၍ ထွက်ပြေးရပါက စက်ဘီးပေါ်မှ လဲကျလျှင် မတွေးဝံ့စရာ ဖြစ်သဖြင့် ခြေကျင်ပြေးခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။
ပြေးနိုင်လျှင် ပြေးမည်၊ မပြေးနိုင်ပါက ထိုနေရာတွင်ပင် လှဲချ၍ ဆူပူပြဿနာလုပ်ပစ်မည်ဟု သူမ ကြံစည်ထားသည်။
အင်… တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတဲ့ အဘွားကြီးပဲ…
အချိန်အများကြီး မကြာသေးသော်လည်း ပေကျင်းမြို့တွင် ဂျင်းဘောင်းဘီ ရောင်းချသူများ သိသိသာသာ တိုးပွားလာခဲ့သည်။ ချန်ချင်းယွီ သိထားသည့် မှောင်ခိုဈေးကွက် ဆိုင်တန်းသာမက ဝင်းထဲမှ လီလင်းလင်းအပြင် အခြားသော ဈေးသည်များလည်း ရှိနေကြပြီ ဖြစ်၏။ ချန်ချင်းယွီမှာ ပြိုင်ဘက်ဈေးသည်များကို လိုက်လံမရှာဖွေတတ်သော်လည်း ပစ္စည်းဝယ်ယူသူများသည် အနည်းနှင့်အများဆိုသလို ဈေးနှုန်းများကို ဆိုင်အချင်းချင်း နှိုင်းယှဉ်ကြစမြဲ ဖြစ်သည်။
အမှန်စင်စစ် အားလုံး၏ ဂျင်းဘောင်းဘီများမှာ အရည်အသွေး အတူတူပင် ဖြစ်သော်လည်း ချန်ချင်းယွီ၏ ဆိုင်တွင်မူ ထူးခြားဆန်းသစ်သော တီရှပ်များနှင့် ချစ်စရာကောင်းသော ကလစ်၊ ကတ္တီပါသား ခေါင်းစီးကွင်း အသုံးအဆောင်များပါ တွဲဖက်ရောင်းချသဖြင့် သူမ၏ အရောင်းအဝယ်မှာ အတော်လေး ကောင်းမွန်နေဆဲ ဖြစ်၏။
ဤအခြေအနေကြောင့် သူမ၏ အရောင်းအဝယ်ကို ထိခိုက်မှု ရှိ၊ မရှိ မေးလာပါက သေချာပေါက် ထိခိုက်မှု ရှိပေသည်။ ဤပြိုင်ဘက်များ မရှိလျှင်ပင် ဤမျှ ကာလအတော်ကြာ ရောင်းချပြီးနောက်တွင် အရောင်းအဝယ် တဖြည်းဖြည်း ကျဆင်းလာခြင်းမှာ သဘာဝပင် ဖြစ်သည်။
သို့သော်လည်း သူမအနေဖြင့် နေ့စဉ် ပုံမှန်ပစ္စည်း ပြတ်လုနီးပါး ရောင်းချနေရခြင်းမှာ အတော်လေးကို အဆင်ပြေလှသည်ဟု ဆိုရမည်။
ချန်ချင်းယွီ နောက်တစ်ကြိမ် ပစ္စည်းမှာယူသည့်အခါ ဂျင်းဘောင်းဘီများကို လက်ရှောင်ရတော့မည်ဟု စဉ်းစားမိ၏။
အမှန်တကယ်တမ်း ဤပစ္စည်းများကို ဆက်လက်ရောင်းချနိုင်သော်လည်း ရောင်းသူများပြားလာပါက အမြတ်အစွန်းမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။
ချန်ချင်းယွီသည် ဆိုင်ခန်းကြီး ဖွင့်ထားခြင်းမဟုတ်ဘဲ လမ်းဘေးဈေးသည်မျှသာ ဖြစ်သဖြင့် အမြတ်အစွန်း ပိုမိုရရှိမည့် ပစ္စည်းများကိုသာ သဘာဝအတိုင်း အဓိက အာရုံစိုက်ရပေမည်။
သို့သော် ယခုအချိန်တွင် ကောက်ချက်ချရန် စောလွန်းသေးသည်၊ အကြောင်းမှာ သူမတွင် ပစ္စည်းဝယ်စုထားသည်များ၏ ထက်ဝက်ခန့် ကျန်ရှိနေသေးသောကြောင့်ပင်။ လတ်တလော၌ သူမ အလွန်အလုပ်ရှုပ်နေခဲ့ပြီး ရာသီဥတုလည်း မကောင်းသဖြင့် အပြင်သို့ မကြာခဏ မထွက်ဖြစ်ခဲ့ပေ။ ချန်ချင်းယွီသည် ရှီချာဟိုင် တွင် ဆိုင်ဖွင့်လေ့ရှိပြီး ယခုနောက်ပိုင်း ထိုနေရာသို့ ခဏခဏ လာရောက်သဖြင့် လူအများအပြားမှာ နာမည်ကြားရုံနှင့်ပင် လိုက်လံဝယ်ယူလာကြသည်။
မိမိမိသားစုအပြင် ယွမ်မိသားစုသည်လည်း ချန်ချင်းယွီ အရောင်းအဝယ်ကောင်း၊ မကောင်းကို အစိုးရိမ်ဆုံးသူများ ဖြစ်ကြ၏။
ယွမ်ဟောက်ဖုန်းသည် မိမိကိုယ်တိုင် လမ်းဘေးထွက်၍ ဆိုင်မဖွင့်ဘဲ လီလင်းလင်းကိုသာ ခိုင်းစေခဲ့သည်။ လီလင်းလင်းသည် ကြိုးစားအားထုတ်သူ ဖြစ်သော်လည်း နေ့ခင်းဘက်တွင် ပုံမှန်အလုပ် လုပ်ရသဖြင့် အလုပ်ဆင်းချိန်နှင့် စနေ၊ တနင်္ဂနွေ ရက်များတွင်သာ ပစ္စည်းထွက်ရောင်းနိုင်သောကြောင့် အရောင်းအဝယ်မှာ အလွန်နှေးကွေးလှ၏။ တစ်ခါတရံတွင် တစ်နေ့လုံးနေ၍ ပစ္စည်းတစ်ခုမျှပင် မရောင်းရသည်မျိုးလည်း ရှိသည်။
ယွမ်ဟောက်ဖုန်းသည် အလွန်ဒေါသထွက်ခဲ့ရပြီး လီလင်းလင်းအား အသုံးမကျသူဟု အိမ်တွင် ရေတွက်မကုန်နိုင်အောင် ဆဲဆိုကြိမ်းမောင်းခဲ့၏။
ထို့ပြင် သူသည် လီလင်းလင်း၏ အရည်အချင်းမရှိမှုကို တွေးမိတိုင်း ချန်ချင်းယွီကိုလည်း မသိစိတ်မှ တမ်းတမိပြန်သည်။ အကယ်၍ ချန်ချင်းယွီသာ လီလင်းလင်းကဲ့သို့ မိမိအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးမည်ဆိုပါက မည်မျှကောင်းလိုက်မည်နည်း။ သို့သော် ဤကဲ့သို့သော အကြံအစည်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေ၏။
ချန်ချင်းယွီမှာ သူ့အပေါ်တွင် မည်သည့်အခါမျှ စိတ်ဝင်စားမှု မပြခဲ့ဖူးချေ။
ဒါက တကယ်ကို ဒေါသထွက်စရာပဲ…
သူ့ရင်ထဲတွင် အလွန်အမင်း မကျေမနပ်ဖြစ်နေသော်လည်း ချန်ချင်းယွီကို ပိုမို၍ စောင့်ကြည့်လေ့လာချင်စိတ်ကိုမူ မထိန်းချုပ်နိုင်ခဲ့ချေ။
သူမသည် ချောမောလှပလွန်း၍ မဟုတ်ဘဲ သူမ ပစ္စည်းများကို မည်သို့မည်ပုံ ရောင်းချသည်ကို တိတ်တဆိတ် စောင့်ကြည့်ပြီး အတတ်ပညာ ခိုးယူချင်သောကြောင့် ဖြစ်၏။
လွန်ခဲ့သော ရက်အနည်းငယ်၌ မိုးရွာသွန်းခဲ့ပြီး ယခု နှစ်ရက်ခန့်တွင် ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီနောက်သို့ တိတ်တဆိတ် လိုက်လာကာ သူမ ပစ္စည်းရောင်းနေသည်ကို အဝေးမှ လှမ်းကြည့်နေခဲ့သည်။
တောက်… အရင်စလုပ်တဲ့သူဆိုတဲ့အတိုင်း ဉာဏ်ပိုများတာပဲ…
လီလင်းလင်းရဲ့ ဦးနှောက်ကတော့ လုံးဝ အလုပ်မလုပ်ဘူး၊ ပညာသင်ယူဖို့ ဆိုတာကို လုံးဝကို မတွေးတာ… တောက်.. တောက်..
ယွမ်ဟောက်ဖုန်းသည် မိမိကိုယ်တိုင်လည်း မလုပ်တတ်ကြောင်း ဂရုမပြုမိပေ။ သူသည် လီလင်းလင်းအတွက် မည်သည့်ပစ္စည်းကိုမျှ ကြိုတင်ပြင်ဆင်ပေးခြင်း မရှိခဲ့ရာ သူမ ပညာသင်ယူချင်လျှင်ပင် သူမကို မည်သည့်အရာ သင်ပေးရမည်နည်း။
ယွမ်ဟောက်ဖုန်း ထိုအချက်ကို မစဉ်းစားဘဲ လီလင်းလင်းကိုသာ အသုံးမကျဟု အပြစ်တင်နေခဲ့ခြင်း ဖြစ်သည်။
သူသည် ချန်ချင်းယွီနောက်သို့ နှစ်ရက်ဆက်တိုက် လိုက်လံစောင့်ကြည့်ပြီးနောက် အလွန်အမင်း မနာလိုဝန်တို ဖြစ်လာခဲ့၏။
မိမိတို့ဘက်တွင် တစ်ခါတရံ တစ်နေ့လုံးနေမှ ဘောင်းဘီတစ်ထည်ပင် မရောင်းရသော်လည်း ချန်ချင်းယွီမှာမူ နံနက်ခင်းတစ်ခုတည်းတင် အထည်ပေါင်း ဒါဇင်ချီ၍ ရောင်းချနေရသည်။
ဒါက တကယ်ကို လူကိုရူးစေနိုင်တာပဲ…
ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ဒီလောက်တောင် ကွာခြားနေရတာလဲ…
ချန်ချင်းယွီသည် မိမိအား တစ်စုံတစ်ဦးမှ ချောင်းမြောင်းကြည့်ရှုနေသည်ကို ရိပ်မိလိုက်သည်။ သို့သော်လည်း သူမ လမ်းဘေးဈေးစတင်ခင်းကတည်းက တိတ်တဆိတ် စောင့်ကြည့်နေသူများမှာ အနည်းငယ်မက ရှိခဲ့ဖူး၏။ အချို့မှာ မျက်စိစပါးမွှေးစူး၍ ကြည့်ကြပြီး၊ အချို့မှာမူ မနာလိုဝန်တိုစိတ်၊ လောဘစိတ်များဖြင့် ကြည့်ကြကာ အချို့သည်ကား မကောင်းသော အကြံအစည်များဖြင့် ကြည့်ကြခြင်း ဖြစ်သည်။ တော်သေးသည်မှာ နေ့ခင်းကြောင်တောင် ပြုလုပ်ကြခြင်းဖြစ်သဖြင့် ကြီးကြီးမားမား ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။
"ဆိုင်ရှင်လေး... ကျွန်မ လူတွေ ထပ်ခေါ်လာပြန်ပြီနော်..."
"အို... ညီမလေးပါလား။ ညီမလေးမှာ သူငယ်ချင်းတွေ တော်တော်များတာပဲနော်"
ချန်ချင်းယွီ နှုတ်ဆက်လိုက်၏။
"ဟိဟိ... ဒါပေါ့ဆိုင်ရှင်ရဲ့... သူတို့က နန်ကျင်းအနုပညာအဖွဲ့က ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလေ။ ပေကျင်းကို ဖျော်ဖြေပွဲလာရင်းနဲ့ ကျွန်မတို့ဝတ်ထားတဲ့ ဘောင်းဘီတွေကို ချက်ချင်းသဘောကျသွားလို့ အခုပဲ ခေါ်လာခဲ့တာ"
လူငယ်အမျိုးသား၊ အမျိုးသမီးတစ်စုသည် တစီစီနှင့် စိတ်လှုပ်ရှားစွာ ပြောဆိုရင်း အဝတ်အစားနှင့် ဘောင်းဘီများဆီသို့ အာရုံရောက်သွားကြတော့သည်။
ချန်ချင်းယွီ၏ အရောင်းအဝယ် ဤမျှကောင်းမွန်ရခြင်း၏ အခြားအကြောင်းအရင်းတစ်ခုမှာ ဖောက်သည်ဟောင်းများပြားခြင်းကြောင့် ဖြစ်၏။ ပုံမှန်အားဖြင့် ဖောက်သည်တစ်ဦးမှ သူငယ်ချင်းများကို ခေါ်ဆောင်လာပြီး အများအပြား ဝယ်ယူပါက ချန်ချင်းယွီသည် လက်ဆောင်အသေးစားလေးတစ်ခု အမြဲပေးလေ့ရှိသည်။
ဤမိန်းကလေးကဲ့သို့ပင်၊ သူမသည် သူငယ်ချင်းတစ်စုကို ခေါ်ဆောင်လာခဲ့ရာ အားလုံးနီးပါးမှာ တစ်ထည်စီ ဝယ်ယူကြ၏။
ချန်ချင်းယွီ ချက်ချင်းပင်
"ညီမလေး ပြီးခဲ့တဲ့အပတ်က မှာထားတဲ့ အင်္ကျီကို ယူလာပေးတယ်လေ။ အစ်မ ညီမလေးကို လက်ဆောင်ပေးမလို့၊ ညီမလေးကတော့ မေ့နေပြီမလား"
ထိုမိန်းကလေးသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ အခြေအနေကို ရိပ်မိသွားကာ ပျော်ရွှင်စွာ ပြန်လည်ဖြေကြားသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ"
ချန်ချင်းယွီသည် ကောင်းကင်ပြာရောင် တီရှပ်တစ်ထည်ကို ရှာဖွေထုတ်ယူလိုက်ပြီး
"ကြည့်ပါဦး... ဒါ ဟုတ်ရဲ့လား။ ပြီးခဲ့တဲ့အပတ်က ညီမလေး လိုချင်တယ်ဆိုတာ ဒါလား၊ ဒါမှမဟုတ် အနီရောင်လား။ အစ်မလည်း သိပ်မမှတ်မိတော့လို့"
"ကျွန်မ အနီရောင်ကို ယူခဲ့တာပါ၊ အခုဟာက ဒါပါပဲရှင်၊ ဟိဟိ"
ချန်ချင်းယွီ : "ရော့... အစ်မ ထုပ်ပေးမယ်နော်။ ပြီးခဲ့တဲ့အပတ်က ပိုက်ဆံပေးခဲ့ပြီးပြီကို အစ်မမှာ ပစ္စည်းပြတ်နေလို့။ ဒီရက်ပိုင်းအတွင်း လာယူမယ်လို့ ကတိပေးထားပေမဲ့ ညီမလေးကလည်း လာမယူဘဲ အေးဆေးနေနိုင်လွန်းတယ်၊ တကယ့်ကို စိတ်သဘောထားကြီးတဲ့သူပဲ"
ချန်ချင်းယွီ၏ စကားလုံးများသည် ထိုပစ္စည်းကို အလကားပေးခြင်း ဖြစ်ကြောင်း သွယ်ဝိုက်၍ ဆိုလိုခြင်းဖြစ်ရာ ထိုမိန်းကလေးသည်လည်း ရိပ်မိသွားပြီး မျက်နှာလေး နီမြန်းသွားရှာသည်။
ပုံမှန်အားဖြင့် လူခေါ်လာပေးလျှင် လှပသော ဆံပင်အလှဆင်ပစ္စည်းများနှင့် လက်သုတ်ပုဝါများကိုသာ ပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အဝတ်အစားပါ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုခေတ်တွင် ဤကဲ့သို့ ပြုလုပ်ပေးသူ ရှားပါးလှသဖြင့် သူမ အနည်းငယ် အားနာသွားမိ၏။ သို့သော်လည်း အဝတ်အစားဝယ်ရန် ငွေကြေးတတ်နိုင်သည် ဖြစ်စေ၊ မတတ်နိုင်သည် ဖြစ်စေ အလကားရသည့်အရာကို မည်သူ မပျော်ရွှင်ဘဲ နေမည်နည်း။
သူမသည် ပါးပြင်လေးများ နီမြန်းလျက်
"တကယ် လှတာပဲနော်"
ချန်ချင်းယွီ မျက်ခုံးပင့်ရင်း မြှောက်ပင့်ကာ ဆိုလိုက်၏။
"ညီမလေးက အမြင်ရှိသားပဲ"
"ဟိဟိ..."
ချန်ချင်းယွီ ဤကဲ့သို့ ပြုလုပ်လိုက်သဖြင့် ဘေးလူများမှာ သူမ အလကားပေးနေခြင်းဖြစ်သည်ဟု မထင်ကြပေ။ ထိုမိန်းကလေးငွေချေထားပြီးမှ လာရောက်ထုတ်ယူခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ကြသည်။ တိတ်တဆိတ် စောင့်ကြည့်နေသော ယွမ်ဟောက်ဖုန်းပင်လျှင် အံ့အားသင့်သွားပြီး မိမိဘာသာ ရေရွတ်လိုက်မိ၏။
"အမှန်အတိုင်းပြောရရင်... ငါတို့ဆိုင်မှာကျတော့ ဘာလို့ ဒီလိုဖောက်သည်မျိုး တစ်ယောက်မှ မကြုံရတာလဲ မသိဘူး။"
ဒီမိန်းမက စိတ်သဘောထား ပေါ့ပါးရုံတင်မကဘူး၊ ဖောက်သည်ဟောင်းတွေကိုပါ ဆွဲဆောင်နိုင်တာပဲ…
သူသည် အိမ်သို့ပြန်ရောက်လျှင် လီလင်းလင်းနှင့် သေသေချာချာ ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။ ပစ္စည်းရောင်းသည့်အခါ ထိုသူများမှ ၎င်းတို့၏ သူငယ်ချင်းများကိုပါ ထပ်မံခေါ်ဆောင်လာပြီး ဝယ်ယူကြစေရန်အတွက် စကားနာထိုး၍ ပိုမိုပြောဆိုခိုင်းရမည်။
ကြည့်စမ်း၊ ကြည့်စမ်း...
သူ ရေတွက်ကြည့်ရာ ထိုမိန်းကလေးသည် လူနှစ်ဆယ်ကျော်၊ အယောက်သုံးဆယ်နီးပါး ခေါ်ဆောင်လာခဲ့ပြီး အားလုံးနီးပါးပစ္စည်းဝယ်ယူသွားကြ၏။
သူမ တကယ့်ကို ကံကောင်းလွန်းတာပဲ…
ယွမ်ဟောက်ဖုန်းသည် မနာလိုဝန်တိုစိတ်ဖြင့် မျက်နှာတစ်ခုလုံး စိမ်းဖန်သွားတော့သည်။
ချန်ချင်းယွီ အမှတ်မထင် မော့ကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်း ဖြစ်နေသည်ကို တွေ့ရသဖြင့် မျက်စောင်းထိုးလိုက်၏။
ဒီကောင်ကလွဲလို့ အခြားဘယ်သူ ရှိဦးမှာလဲ…
ဆိုရလျှင် လူဟူသည်မှာ အများနောက်သို့ လိုက်ပါတတ်သော စိတ်သဘာဝ ရှိကြရာ ဤနေရာတွင် လူအများအပြား ဝယ်ယူနေကြသည်ကို မြင်သောအခါ အားလုံး စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသဖြင့် နံနက်ခင်းတစ်ခုလုံးတွင် လူတန်းကြီးမှာ မပြတ်တမ်း ရှိနေခဲ့၏။
ယွမ်ဟောက်ဖုန်းခမျာ မနာလိုစိတ်ကြောင့် သွေးပျက်မတတ် ခံစားနေရသည်။
ချန်ချင်းယွီ ဤလူကို ဂရုမစိုက်အားပေ။ နံနက်ခင်းပစ္စည်းများ ရောင်းချပြီးနောက် သူမသည် စက်ဘီးစီးကာ အိမ်သို့ ပြန်လာခဲ့၏။ ယွမ်ဟောက်ဖုန်းသည် သူမ ထွက်ခွာသွားသော နေရာလွတ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်ရင်း ခေတ္တမျှ စဉ်းစားကာ လီလင်းလင်းအား ဤနေရာတွင်ပင် ဆိုင်လာခင်းခိုင်းရန် ဆုံးဖြတ်လိုက်၏။ သူမ ယခင်နေရာသို့ မသွားတော့သည်မှာ မဆန်းတော့ပေ၊ ဤနေရာမှာ ပို၍ အရောင်းသွက်သည့်အတွက်ပင်။
ငါ ချန်ချင်းယွီကို အစကတည်းက စောင့်ကြည့်ထားသင့်တာ…
တကယ့်ကို ဆုံးရှုံးမှုကြီးပဲ...
ယွမ်ဟောက်ဖုန်း မိမိ၏ အစီအစဉ်များကို အမြန်ဆုံး ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လီလင်းလင်းကိုလည်း စိတ်ပျက်မိပြန်၏။ ယာယီအလုပ် လုပ်ကိုင်ခြင်းဖြင့် ငွေမည်မျှ ရနိုင်မည်နည်း။ သူမ၏ လစာသည် အလုပ်မှ အနားယူသွားသော အဘွားကြီးကျောက်ထက်ပင် နည်းပါးသေးသည်။ ၎င်းထက်စာလျှင် လမ်းဘေးထွက်၍ ဈေးရောင်းခြင်းမှာ ပို၍ ကောင်းမွန်ပေ၏။
သူမကတော့ ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာက အရေးမကြီးဘူးဆိုတာကို တကယ်ကို ဝေခွဲမရဖြစ်နေတာပဲ…
ယွမ်ဟောက်ဖုန်း အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း မိမိကိုယ်တိုင်မူ လီလင်းလင်းအား တစ်ပြားတစ်ချပ်မျှ မပေးဘဲ အလကား ခိုင်းစေနေခြင်းဖြစ်သည်ကိုမူ သတိမပြုမိချေ။ အကယ်၍ သူမသာ အလုပ်မလုပ်ပါက မည်သည့်ဝင်ငွေမျှ ရှိလိမ့်မည်မဟုတ်ပေ။
သူသည် ထိုအချက်ကို ထည့်မတွေးဘဲ လီလင်းလင်းတွင် အနာဂတ်အတွက် မျှော်မှန်းချက် မရှိဟုသာ ခံစားနေရသည်။
သူ အိမ်သို့ပြန်၍ သူမအား စည်းရုံးနားချရန်သာ စိတ်အားထက်သန်နေခဲ့၏။
အိမ်အပြန်လမ်းတွင် ယွမ်ဟောက်ဖုန်း အဆက်မပြတ် တွေးတောနေခဲ့သည်။ ယနေ့ လာရောက်သူများသည် သေချာပေါက် အနုပညာအဖွဲ့မှ ဖြစ်ကြရာ ၎င်းမှာ သူ့အား ရှန့်ရှန့်ကို သတိရသွားစေသည်။ ရှန့်ရှန့်တွင် ထိုဘက်မှ အဆက်အသွယ်များ ရှိ၏။ ထို့ကြောင့် သူသည် ရှန့်ရှန့်နှင့် ထပ်မံ၍ အဆက်အသွယ် ပြုလုပ်ရန် ကြိုးစားရမည်။
ချန်ချင်းယွီတစ်ယောက်တည်း ဤပိုက်ဆံများကို ရရှိနေရမည့် အကြောင်းပြချက် မရှိပေ။
မိမိမှာလည်း အဆက်အသွယ် ရှိတာပဲ...
အကယ်၍ သူသည် ရှန့်ရှန့်၏ အဆက်အသွယ်များကို အသုံးပြု၍ ပစ္စည်းတစ်သုတ် ရောင်းချနိုင်ပါက ကုန်ပစ္စည်းများမှာ အမြန်ဆုံး ပြတ်လုနီးပါး ဖြစ်သွားနိုင်ပေသည်။
သူသည် တွေးမိလေလေ ပို၍ ပျော်ရွှင်လာလေလေပင်။ ထို့ကြောင့် သူအိမ်သို့မပြန်တော့ဘဲ စက်ဘီးကို လှည့်ကာ ရှန့်ရှန့်တို့ မိသားစုရှိရာ ဝင်းဆီသို့ တိုက်ရိုက် ဦးတည်စီးနှင်သွားလေတော့သည်။
ချန်ချင်းယွီမှာ ထိုသူ ဤမျှအထိ တွေးတောနေသည်ကို လုံးဝမသိရှိသကဲ့သို့ သူ ဘာလုပ်လုပ်လည်း သူမနှင့် မပတ်သက်ပေ။ အိမ်အပြန်လမ်းတွင် သူမသည် ဝင်းထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်း စုရုံးရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ ချန်ချင်းယွီ သိချင်စိတ်ဖြင့်
"ဘာဖြစ်လို့လဲဟင်"
အဘွားကြီးကျောက် : "အမလေး... ညည်း မသိသေးဘူးလား၊ အဘွားကြီးဝမ် ဆေးရုံက ဆင်းလာပြီလေ။ အခု အဒေါ်ကြီးမေ့တို့ အိမ်ရွှေ့နေတာကို မြင်တော့ မကျေမနပ်ဖြစ်ပြီး လာတားနေသေးတယ်အေ။ တောက်... ဒီလောကမှာ လူအမျိုးမျိုး ရှိပါလား။ သူက အိမ်ဝယ်ထားတာပဲ၊ ဘာလို့ မရွှေ့နိုင်ရမှာလဲ။ သူက ဘာကောင်မကြီးမလို့ လာတားနေရတာလဲ... အဒေါ်ကြီးမေ့ကလည်း အနိုင်ကျင့်ခံမယ့်လူ မဟုတ်တော့ ပြန်ပြီး ဆဲဆိုပစ်လိုက်တာ၊ ရပ်ကွက်ကော်မတီနဲ့ ရဲစခန်းကို တိုင်မယ်လို့ ပြောတော့မှပဲ ငြိမ်သွားတော့တယ်"
သူမမှာ စောစီးစွာ ပြန်ရောက်လာခဲ့သဖြင့် ဤဖြစ်ရပ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သူမ နှာခေါင်းရှုံ့ရင်း အထင်သေးစွာဖြင့် ဆိုလိုက်၏။
"အဲဒီအိမ်က သူ့အိမ်လည်း မဟုတ်တော့ဘဲနဲ့ အခုထိ အားလုံးကို လိုက်ချုပ်ကိုင်ချင်နေတုန်းပဲ။ အားလုံးက သူ့ကို မျက်နှာသာပေးနေရမယ်လို့ ထင်နေတာလား။ တကယ့် လူမိုက်တွေပဲ..."
အဘွားကြီးကျောက်၏ အသံမှာ မတိုးလှသဖြင့် ကြားရသော အဘွားကြီးဝမ်သည် ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသော်လည်း တစ်ယောက်တည်း ဖြစ်နေသဖြင့် မည်သူ့ကိုမျှ မတုံ့ပြန်ရဲချေ။ သူမသည် ရင်ထဲ၌သာ မချိတင်ကဲ ဒေါသပုန်ထနေရရှာသည်။
ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့်
"တကယ်ကို အရှက်မရှိတာပဲနော်"
အဒေါ်ကြီးမေ့ အသံကျယ်ကျယ်ဖြင့် အထင်သေးစွာ အော်ပြောလိုက်သည်။
"ဘယ်သူက ငြင်းမှာလဲအေ… သူက သူ့ကိုယ်သူ တကယ် အရေးပါတယ် ထင်နေတာ။ ဝမ်မေ့လန်က ဘာဖြစ်လို့ ဒီမှာ ဆက်မနေဘဲ အိမ်အသစ်အကြောင်း စုံစမ်းပြီး ပြောင်းချင်နေရတာလဲဆိုတာ ငါ စဉ်းစားလို့ရပြီ၊ ဒီအဘွားကြီးရဲ့ မျက်နှာကို မမြင်ချင်တော့လို့ပဲ။ သူ့ခမျာ ဒီနှစ်တွေတစ်လျှောက်လုံး စိတ်ပုပ်တဲ့ ယောက္ခမလက်အောက်မှာ ဒုက္ခမျိုးစုံ ခံခဲ့ရတယ်၊ ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ပေမဲ့ ဘာမှ ပြန်မရခဲ့ဘူး။ မိခင်နဲ့ သမီးကြားမှာတောင် စိတ်ဝမ်းကွဲလုနီးပါး ဖြစ်ခဲ့ရသေးတယ်။ အခုဆိုရင် ကွာရှင်းပြီး ကလေးကို ခေါ်သွားတာ အကောင်းဆုံးပဲ။ အကယ်၍ သူ့သမီးသာ ဒီလိုမိန်းမဆိုးကြီးရဲ့ လက်ထဲဆက်ရှိနေရင် နောင်ကျရင် ဘယ်သူက ကလေးကို ပြုစုပျိုးထောင်ပေးခဲ့တယ်ဆိုတာ သိမှာမဟုတ်တော့ဘူး။ အချို့လူတွေကတော့ တကယ့်ကို အကြံပုပ်တွေနဲ့"
အဘွားကြီးဝမ် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဝင်းထဲသို့ ပြေးထွက်လာကာ ပြန်လည် အော်ဟစ်ဆဲဆိုလေတော့သည်။
"ဒီလို ချွေးမမျိုးက စည်းစိမ်ကိုပဲ အတူခံစားနိုင်ပြီး ဆင်းရဲဒုက္ခကို အတူမခံစားနိုင်တဲ့ အမျိုးအစားပဲအေ။ သားတစ်ယောက်တောင် မမွေးပေးနိုင်တဲ့ဟာကို ဘယ်သူက အလိုရှိမှာလဲ။ ငါကတော့ လုံးဝ အလိုမရှိဘူး။ ငါ့သားက ဌာနခွဲမှူးပဲ၊ သာမန်လူ မဟုတ်ဘူး။ သူ နောက်အိမ်ထောင်ပြုရင် ကျန်းမာသန်စွမ်းတဲ့ သားကြီးတစ်ယောက် မွေးပေးနိုင်မယ့် မိန်းမငယ်လေးကိုပဲ ယူမှာ။ ဒီလိုမိန်းမကို ဘယ်သူက အလိုရှိမှာလဲ။ အဲ့ဟာမက အသုံးမကျတဲ့ သမီးမိန်းကလေးတွေကို ခေါ်ပြီး အဝေးဆုံးကို လစ်လိုက်တာ အကောင်းဆုံးပဲ။ ငါ့မြေးယောက်ျားလေးရဲ့ နေရာကို လာမလုရအောင်လို့"
"နင့်သားက ကလေးမွေးနိုင်လို့လား၊ ရယ်စရာကောင်းလိုက်တာ... အဲဒါကို လူတိုင်းသိတယ်၊ ဆေးရုံက ဆရာဝန်တွေတောင် နင့်သားက အဲ့ဘက်မှာ သိပ်ပြီး အဆင်မပြေဘူးလို့ ပြောထားတာလေဥစ္စာ။"
"နင်လို ကောင်မ..."
အဒေါ်ကြီးမေ့ ခနဲ့လိုက်သည်။
"ဟဲဟဲ... ငါတစ်ယောက်တည်း သိတာ မဟုတ်ဘူးနော်၊ လူတိုင်း သိကြတာ"
အဘွားကြီးဝမ် ပြေးဝင်လာကာ
"ငါ နင့်ကို ရိုက်သတ်ပစ်မယ်..."
အဒေါ်ကြီးမေ့မှာလည်း ပြန်လည် စိန်ခေါ်လိုက်လေတော့သည်။
"လာလေ... ငါက နင့်ကို ကြောက်နေရမလား"
အဒေါ်ကြီးမေ့သည် ပုံမှန်အားဖြင့် ဤကဲ့သို့ ကြီးကြီးမားမား ရန်ဖြစ်တတ်သူမဟုတ်သော်လည်း ယနေ့ကဲ့သို့ နေ့ကောင်းရက်သာ အိမ်ပြောင်းရမည့်နေ့တွင် ဤမိန်းမ၏ လာရောက်နှောက်ယှက်ဖျက်ဆီးမှုကြောင့် ဒေါသအလွန်ထွက်သွားရသည်။
တစ်ဖက်လူကမှ အရှက်မရှိဘဲ မျက်နှာပြောင်တိုက်နေမှတော့ ကိုယ့်ဘက်ကလည်း အားနာနာနဲ့ စကားကောင်းပြောနေဖို့ လိုမနေဘူး…
အဒေါ်ကြီးမေ့ လက်အင်္ကျီကို ပင့်တင်လိုက်ရင်း
"နင့်ကို ငါက ကြောက်နေရမလား။ နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်မမလို့လဲ။ နင်က နင့်ချွေးမကိုပဲ အနိုင်ကျင့်ရဲတာ။ အခြားလူတွေကိုတော့ လာမကြံစည်နဲ့... အဘွားကြီးချဲက ဘာဖြစ်လို့ နင့်ကို ရိုက်မသတ်ခဲ့တာလဲ မသိဘူး၊ နင်လို အရှက်မရှိတဲ့ အဘွားကြီး။ ငါ အစကတည်းက နင့်ကို အဖက်မလုပ်ခဲ့သင့်တာ၊ တောက်..."
"နင်..."
ထို့နောက်တွင်မူ နှစ်ယောက်သား အပြန်အလှန် ဆဲဆိုကြလေ၏။
ချန်ချင်းယွီ : ‘သူတို့ဝင်းကတော့ အမြဲတမ်း စည်ကားနေတာပဲ။’
ဒါပေမဲ့ လက်ပါတာမျိုးမရှိဘဲ ပါးစပ်နဲ့ပဲ ပြောနေကြတာကတော့ သိပ်ပြီး စိတ်ဝင်စားဖို့မကောင်းလှဘူး…
ချန်ချင်းယွီသည် ထိုရန်ပွဲကို ခေတ္တမျှ ရပ်ကြည့်နေပြီးနောက် အဘွားကြီးကျောက်အား
"အမေ... ဟိုဘက်မှာ အရောင်းအဝယ် ဘယ်လိုလဲဟင်"
အဘွားကြီးကျောက် : "တော်တော်လေး ကောင်းပါတယ်အေ။ ညည်းသိလား... အဲ့ဒီမှာ ဈေးရောင်းရတာ တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံသစ်ပဲ"
ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့် ဆိုကာ
"ကျွန်မတို့အားလုံး အရောင်းအဝယ်ကောင်းရင် ပစ္စည်းတွေ အမြန်ပြတ်တာပေါ့"
"ဒါဆို နောက်တစ်ခါကျရင်..."
ချန်ချင်းယွီ ; "ဒီတစ်သုတ် ကုန်သွားရင်တော့ ကျွန်မ ဘောင်းဘီတွေ ဆက်မရောင်းတော့ဘူး"
သူမသည် အပြင်ဘက်ရှိ လွတ်နေပြီဖြစ်သော အိမ်ခန်းကို လှမ်းကြည့်
ရင်း
"ကဲ... သွားရအောင်၊ ကျွန်မတို့ အိမ်အသစ်ကို သွားကြည့်ရအောင်"
"အော်... ဟုတ်သားပဲ၊ အဒေါ်ကြီးမေ့က စောစောကတင်ပဲ ငါ့ကို သော့ပေးသွားတယ်၊ ရော့... ဒီမှာ"
သူမ သော့ကို ကမ်းပေးလိုက်၏။
ချန်ချင်းယွီ : "ဒီနေ့ နေ့ခင်းကျရင် ပန်းရံဆရာ သွားရှာလိုက်ပါအမေ၊ ဒီနေရာကို သေသေချာချာ သန့်ရှင်းရေးလုပ်ဖို့ လိုသေးတယ်"
အဒေါ်ကြီးမေ့တို့သည် ဤအိမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့သဖြင့် အိမ်မှာ အတော်ပင် ဟောင်းနွမ်းစုတ်ပြတ်နေခဲ့သည်။ မိမိတို့ကိုယ်တိုင် ဝင်ရောက်နေထိုင်မည်ဖြစ်ရာ သေချာပေါက် အလုံးစုံ ပြုပြင်မွမ်းမံရန် လိုအပ်ပေ၏။ ပြတင်းပေါက်များကိုပင် အသစ်လဲလှယ်ရမည် ဖြစ်သည်။
ချန်ချင်းယွီ သူမ လိုချင်သည့် ပုံစံများကို ရှင်းပြပြီးနောက် အိမ်အမိုးကို မော့ကြည့်ကာ
"ဒီဘက်အခြမ်းကိုတော့ နည်းနည်း ပိုခိုင်ခံ့အောင် လုပ်ရမယ်။ ကျွန်မ စဉ်းစားထားတာကတော့ နေရာကို အခန်းသုံးခန်း ခွဲပစ်မယ်။ ကလေးတွေရဲ့ အိပ်ခန်းကိုတော့ နည်းနည်း သေးသေးလေးပဲ ထားပြီး အပြင်ခန်းကိုတော့ စာကြည့်ခန်း လုပ်မယ်။ သူတို့နှစ်ယောက်လုံးက စာပွဲခုံ လိုချင်ကြတာဆိုတော့ စာကြည့်ခန်း တစ်ခန်းတည်းပဲ လုပ်ပေးလိုက်တာ ပိုကောင်းပါတယ်။ အတူတူ စာကျက်ရတာလည်း ပိုအဆင်ပြေတာပေါ့"
"ညည်းက ငါ့ကို ဝင်နေခိုင်းမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
ချန်ချင်းယွီ ဆက်လက်၍
"ဒီဘက်မှာလည်း နည်းနည်း ပြောင်းလဲရမယ်။ အမေ ဘယ်လိုထင်လဲ။ ကျွန်မကတော့ အစက ပစ္စည်းသိုလှောင်ဖို့ နေရာချန်ထားမလို့ပဲ၊ ဒါပေမဲ့ ဒီနေရာမှာ စင်တွေ ဆောက်လိုက်ရင် ကောင်းမလားလို့..."
"ညည်း ပြောသလိုပဲ လုပ်ပါအေ။ ငါကတော့ ဒါမျိုးတွေကို သိပ်နားမလည်ပါဘူး"
ချန်ချင်းယွီ လေသံကို လျှော့ကာ တိုးတိုးလေး ပြောလိုက်သည်။
"အခုတလော ကောလာဟလတွေ အများကြီး ထွက်နေပြီး လူအတော်များများလည်း ဂဏာမငြိမ် ဖြစ်နေကြတာကို ကျွန်မ သတိထားမိတယ်။ အကယ်၍ တစ်ယောက်ယောက်က အိမ်ရောင်းပြီး ထွက်သွားချင်တယ်ဆိုရင် ကျွန်မတို့ ဝယ်လိုက်မယ်။ ပိုင်ဆိုင်မှုဆိုတာ များများရှိလေ ကောင်းလေပဲ။ ဒီဝင်းထဲက အခြားအိမ်တွေကိုလည်း သတိထားပြီး စောင့်ကြည့်ပေးပါဦး"
အဘွားကြီးကျောက် အံ့အားသင့်သွားပြီး
"ထပ်ဝယ်ဦးမလို့လား"
ချန်ချင်းယွီ : "ရှိရင် ဝယ်မယ်၊ မရှိရင်တော့ ထားလိုက်ပေါ့"
"အေးပါ... ဒါဆိုလည်း ပြီးတာပါပဲ။"
အဘွားကြီးကျောက် သက်ပြင်းချရင်း မြည်တမ်းလိုက်၏။
"ငါတို့မိသားစုမှာ ဒီလောက်အထိ ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေ ရှိလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ချန်ချင်းယွီလည်း ရင်ထဲတွင် သက်ပြင်းချမိသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း၏ စိတ်နှလုံးထဲတွင် အိမ်ဟူသည် အမြဲတမ်း အရေးကြီးဆုံးအရာ ဖြစ်ပေ၏။ အဘွားကြီးကျောက် ဤမျှအထိ စိတ်လှုပ်ရှားနေသည်ကို မြင်ရခဲလှသည်။
ချန်ချင်းယွီ စိတ်ကို တက်ကြွအောင် ပြန်လည်မွေးမြူပြီးနောက် အိမ်ပြင်ဆင်မှုအတွက် လိုအပ်ချက်များကို အဘွားကြီးကျောက်အား အသေးစိတ် ပြောကြားကာ မှာကြားလိုက်၏။
"အမေ... အိမ်ပြင်တဲ့နေရာမှာ သေသေချာချာ စောင့်ကြည့်ပေးရမယ်နော်၊ ဟုတ်ပြီလား"
အဘွားကြီးကျောက် မကျေမနပ်ဖြစ်သွားပြီး
"ဒါပေါ့... ဘာပြဿနာရှိလို့လဲ။ ညည်းက ငါ့ကို လူအထင်နေတာလား"
"စိတ်ချစမ်းပါ"
"ဟုတ်ပါပြီ"
"အော်... ဒါနဲ့၊ ညည်းအဖေ ကိစ္စကကော..."
ချန်ချင်းယွီ : "ဒီရက်ပိုင်းအတွင်း သူ့ကို စောင့်ကြည့်နေတဲ့လူတွေ သေချာပေါက် အများကြီး ရှိနေလိမ့်မယ်။ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ပြီးမှပဲ အဲဒီအကြောင်းကို ပြောကြတာပေါ့"
သရဲဂိမ်းကိုတော့ အမြဲတမ်း ကစားနေလို့ မရဘူးလေ…
သို့သော်လည်း ချန်ရိကျွင်းသည် လက်ရှိ၌ တကယ်ပင် ဒုက္ခရောက်နေခဲ့ရသည်ဟု ဆိုရမည်။
သူသည် ဤလောကတွင် သရဲမရှိဟု မိမိကိုယ်ကို အကြိမ်ကြိမ် ပြောဆိုနေသော်လည်း ရင်ထဲတွင်မူ သရဲရှိသည်ကို လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်၏။ မိမိမျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်ကို မည်သို့လျှင် အတုအယောင်ဟု ဆိုနိုင်ပါမည်နည်း။ ထို့အပြင် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို အပြင်လူ မည်သူမျှ မသိရှိနိုင်ချေ။ အကြောင်းမှာ ထိုနေရာတွင် ၎င်းတို့ သုံးဦးသာ ရှိခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ဇနီးဟောင်း ကျန်းရှို့နန်မှာလည်း သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူသည် ဤလျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာတိုင်အောင် မည်သူ့ကိုမျှ မဟဘဲ တိတ်တဆိတ် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် သရဲတကယ်ရှိသည်ဟု အခိုင်အမာ ယုံကြည်သွားခဲ့ခြင်း ဖြစ်ပေသည်။
သူ အပြင်ပန်းတွင် သတ္တိရှိချင်ယောင်ဆောင်ကာ မယုံကြည်ဟု ငြင်းဆိုနေသော်လည်း ရင်ထဲတွင်မူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ပြီး လတ်ရှိတွင် အိပ်မပျော်၊ စားမဝင် ဖြစ်နေရုံမျှမက ဒဏ်ရာများကြောင့်လည်း အလွန် စိတ်
သောကရောက်နေခဲ့ရသည်။ ဝေရှု့ဖန်းသည် ဆေးရုံတွင် သူ့အား ပြုစုရန် ကျန်ရှိနေခဲ့သော်လည်း ချန်ရိကျွင်း နားမအေးနိုင်သကဲ့သို့ ဝေရှု့ဖန်းသည်လည်း စိတ်မအေးနိုင် ဖြစ်နေခဲ့ရ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ၎င်းတို့နှစ်ဦး ဖောက်ပြန်နေသည်ကို လူမိခဲ့ကြခြင်း ဖြစ်သည်။
မဟုတ်လျှင်လည်း ချန်ရိကျွင်း၏ ဇနီးဖြစ်သူသည် ထိုကဲ့သို့ ကိုယ်ဝန်ပျက်ကျသည့် ဒုက္ခမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
နှစ်ပေါင်းများစွာတိုင်အောင် သူမသည် ချန်ရိကျွင်းနှင့် အိမ်ထောင်ပြုနိုင်ခဲ့သဖြင့် မိမိကိုယ်မိမိ ကျေနပ်ဂုဏ်ယူနေခဲ့သည်။ ပညာတတ်မိသားစုမှ သမီးပျိုဖြစ်လျှင်ကော ဘာဖြစ်သနည်း။ နောက်ဆုံးတွင် သူမ၏ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရသူသာ ဖြစ်ပြီး မိမိ၏ အသက်ကိုပင် မကယ်တင်နိုင်ခဲ့ပေ။ မိမိသည်သာ သူ၏ ဇနီးအသစ် ဖြစ်လာခဲ့၏။ သို့သော်လည်း ထိုသရဲမမှာ သူမထံသို့ တကယ်တမ်း လာရောက်ခြောက်လှန့်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ဤဖြစ်ရပ်သည် သူမ၏ ယခင်က ဂုဏ်ယူဝင့်ကြွားမှုအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
ယခုအခါ သူမသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့ခြင်း အပြည့်ဖြင့် နေထိုင်နေရပြီး ကျန်းရှို့နန် သူမထံသို့ လာရောက်ကလဲ့စားချေမည်ကို အလွန်အမင်း ကြောက်လန့်နေရှာသည်။
အမှန်အတိုင်းပြောရလျှင် သူမနှင့် ချန်ရိကျွင်းတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့မိသားစုများသည် ငယ်စဉ်က အိမ်နီးနားချင်းများ ဖြစ်ကြပြီး နှစ်ဖက်စလုံး ဆင်းရဲနွမ်းပါးကြသဖြင့် တိတ်တဆိတ် ချစ်ကြိုက်ခဲ့ကြ၏။ သို့သော်လည်း သူမ၏ မိသားစုမှာ ချန်ရိကျွင်းတို့၏ ဆင်းရဲမှုကို အထင်သေးခဲ့ကြသည်။ သူမ၏ မိဘများသည် များပြားလှသော တင်တောင်းငွေကို မက်သဖြင့် သူမအား ရောဂါသည် အမျိုးသားတစ်ဦးနှင့် အဓမ္မ လက်ထပ်ပေးခဲ့ကြသည်။ သူမ မျက်ရည်စက်လက်ဖြင့်သာ ထိုသူကို လက်ထပ်ခဲ့ရရှာ၏။
ချန်ရိကျွင်းသည်လည်း မိမိ၏ ဘဝကို ပြောင်းလဲလိုသဖြင့် ဆွေမျိုးများထံမှ အကူအညီတောင်းခံကာ အထက်တန်းလွှာ မိသားစုမှ သမီးပျိုလေးဖြစ်သူ ကျန်းရှို့နန်ကို ပစ်မှတ်ထားခဲ့သည်။ စာပေများကိုသာ အမြဲလေ့လာနေတတ်သော ကျန်းရှို့နန်သည် ရိုးအေးလွန်းလှသဖြင့် သူ၏ အကွက်ချစီစဉ်ထားသော 'အသက်ဘေးမှ သူရဲကောင်းပီသစွာ ကယ်တင်ခြင်း' ဆိုသည့် ပြဇာတ်တွင် နစ်မျောကာ သူ၏ အချစ်ကို ပုံအပ်ခဲ့၏။
ဝေရှု့ဖန်း ယောကျာ်းဖြစ်သူမှာလည်း ရောဂါသည်သာ ဖြစ်ပေရာ သူမ လက်ထပ်ပြီး နှစ်နှစ်မပြည့်မီမှာပင် ကွယ်လွန်သွားခဲ့သည်။ သူမသည် သမီးမိန်းကလေးတစ်ဦးသာ မွေးဖွားနိုင်ခဲ့သဖြင့် အသုံးမကျသူဟု သတ်မှတ်ခံရကာ လင်ယောက်ျား၏ မိသားစုမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်တွင် ချန်ရိကျွင်းသည်လည်း အိမ်ထောင်ကျခါစ ဖြစ်သော်လည်း ၎င်းတို့နှစ်ဦး တိတ်တဆိတ် ပြန်လည်ဖောက်ပြန်ခဲ့ကြ၏။
ကျန်းရှို့နန်သည် သူမ၏ သနားစရာ အခြေအနေကို အလွန် ကိုယ်ချင်းစာသဖြင့် အဘက်ဘက်မှ ကူညီပေးခဲ့သော်လည်း သူမမှာမူ စိတ်ထဲမှ လုံးဝ ကျေးဇူးမတင်ခဲ့ချေ။
ဟင်း... ညည်းက ပိုက်ဆံရှိလို့သာ ငါ့ယောက်ျားကို လုယူသွားတဲ့ မိန်းမပဲ…
သူနှစ်ဦးသည် အရှက်မရှိ အမြဲဖောက်ပြန်ခဲ့ကြသည်။ အမှန်စင်စစ် ကျန်းရှို့နန် ၎င်းတို့အား အမှတ်မထင် တွေ့ရှိသွားခဲ့သည့်နေ့မှာ သူမ တမင်တကာ လူမိအောင် စီစဉ်ခဲ့ခြင်း ဖြစ်၏။ သူမ ကျန်းရှို့နန်ကို အသက်အန္တရာယ်ဖြစ်စေ၍ မဟုတ်ဘဲ အရှက်ရစေကာ၊ မိမိသည်သာ ချန်ရိကျွင်း၏ စစ်မှန်သော အချစ်ဦးဖြစ်ကြောင်း သိစေချင်ရုံမျှသာ ဖြစ်သည်။
သူမ၏ အယူအဆအရ ကျန်းရှို့နန်အနေဖြင့် ငွေကြေးထောက်ပံ့ပေးသည့် မယားငယ်တစ်ဦးအဖြစ်သာ ဆက်လက်တည်ရှိနေသင့်သည်ဟု ထင်မြင်ခဲ့၏။
မည်သို့ပင်ဖြစ်စေ ကျန်းမိသားစုသည် ချမ်းသာသည် မဟုတ်လော့။
သူမသည် ကျန်းရှို့နန်အား ကွာရှင်းစေရန် မရည်ရွယ်ခဲ့ချေ၊ ကွာရှင်းလိုက်ပါက ၎င်းတို့အား ငွေကြေးထောက်ပံ့မည့်သူ ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း ချန်ရိကျွင်းသည် သူမထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်ကာ ကျန်းရှို့နန်ကို အပြတ်ရှင်းပစ်ချင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
သူပြောခဲ့သည်မှာ…
အကယ်၍ ကျန်းရှို့နန်သာ သူမရဲ့ မိဘတွေအိမ်ကို ပြန်ပြီး အမှန်အတိုင်း အကုန်ပြောပြလိုက်ရင် ကျန်းမိသားစုက အဘိုးကြီးနဲ့ အဘွားကြီးက ငါတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး…
ငါ့ရဲ့ အလုပ်ရော၊ ငါ့မောင်နှမတွေရဲ့ အလုပ်တွေပါ အားလုံးက ကျန်းမိသားစုရဲ့ အကူအညီနဲ့ ရထားတာ၊ သူတို့ သေချာပေါက် ပြဿနာရှာကြလိမ့်မယ်….
ကျန်းမိသားစုက အဘိုးကြီးနှစ်ယောက်က စာတွေပဲ ဖတ်နေလွန်းလို့ ရူးနေကြတာ၊ သူတို့က ငါတို့ကို သေချာပေါက် ကွာရှင်းခိုင်းကြလိမ့်မယ်၊ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး….
ကျန်းရှို့နန် သေသွားမှသာ ငါက ကလေးကို ထိန်းချုပ်ပြီး ကျန်းမိသားစုကို ဆက်လက် စီမံခန့်ခွဲနိုင်မှာ…အကယ်၍ ကျန်းရှို့နန်သာ အသက်ရှင်နေပြီး ကလေးကို ခေါ်သွားရင်တော့ အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်...
……
ဝေရှု့ဖန်းသည် သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့စိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။
မူလ၌ ဤအမျိုးသားသည် သူမတစ်ဦးတည်းကိုသာ ချစ်မြတ်နိုးသည်ဟု ထင်မှတ်ကာ ပျော်ရွှင်ခဲ့ဖူးသော်လည်း ယခု သရဲခြောက်လှန့်ခြင်း ခံရသောအခါတွင်မူ အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေမိ၏။
သူမသည် ကျန်းရှို့နန် မိမိတို့ထံသို့ လာရောက်ကလဲ့စားချေမည်ကို ကြောက်ရွံ့နေသည်။
မဟုတ်သေးဘူး၊ သူမက ရောက်တောင် ရောက်နေပြီပဲ…
ဝေရှု့ဖန်း တိုးတိုးလေး ရေရွတ်ရင်း ကယောင်ကတမ်း ပြောဆိုနေရှာ၏။
"နတ်ကောင်းနတ်မြတ်တို့ ဆယ်ပါးစုံညီ... ညည်းကို ဆေးရုံအမြန်မပို့ဘဲ တမင်အချိန်ဆွဲခဲ့တာ ချန်ရိကျွင်းပါအေ။ ငါ မဟုတ်ပါဘူး၊ ငါ တကယ်မဟုတ်ပါဘူး... ငါက ညည်းရဲ့ မာနကြီးတဲ့ အမူအရာကို ကြည့်မရရုံတင်ပါ၊ ညည်းကို အသက်အန္တရာယ်ပြုဖို့အထိ မရည်ရွယ်ခဲ့ပါဘူး၊ ငါ မဟုတ်ပါဘူး၊ ငါ တကယ်
မဟုတ်ဘူး..."
သူမသည် လက်ရှိ၌ အလွန်ထိတ်လန့်နေသဖြင့် တစ်ယောက်တည်း လုံးဝမနေရဲကာ၊ ဘယ်သွားသွား ယွီမေကျွမ်းနောက်သို့သာ တကောက်ကောက် လိုက်နေခဲ့သည်။ သမီးဖြစ်သူ ဘေးတွင်ရှိနေမှသာ သူမ စိတ်ပိုင်းဆိုင်ရာ အနည်းငယ် လုံခြုံမှုရရှိ၏၌
သူမ တကယ်ကို ကြောက်လန့်နေခဲ့ခြင်း ဖြစ်သည်၊ ဆေးရုံတွင် ရှိနေစဉ်မှာပင် ဘေး၌ လူတစ်ယောက်ယောက် အမြဲရှိနေရန် အတင်းအကျပ် တောင်းဆိုတတ်ပြီး တစ်ယောက်တည်း မနေရဲပေ။
ဝေရှု့ဖန်းသည် ဆေးရုံတွင် ချန်ရိကျွင်းအား ပြုစု စောင့်ရှောက်ပေးနေရသော်လည်း နှစ်ဦးစလုံးမှာ စိုးရိမ်ပူပန်ခြင်း၊ အားကိုးရာမဲ့ခြင်းများဖြင့်သာ အချိန်ကုန်လွန်နေကြရသည်။
ယခုရက်ပိုင်းအတွင်း မိခင်ဖြစ်သူနောက်သို့ အမြဲလိုက်ပါနေသော ယွီမေကျွမ်းသည် မိခင်ဖြစ်သူ၏ တိုးတိုးတိတ်တိတ် ရေရွတ်သံများကို မကြာခဏ ကြားရသဖြင့် ကိစ္စရပ်များကို အကြမ်းဖျင်း ရိပ်မိသွားခဲ့၏။ သူမ စကားနာထိုး၍ ခပ်ပါးပါးလေး စမ်းသပ်မေးမြန်းလိုက်သည်။
"အမေ... စိတ်မပူပါနဲ့။ ကိုယ်က ဘာအမှားမှ မလုပ်ထားရင် ဘာမှ ကြောက်စရာမလိုပါဘူး။ ကလေးမွေးဖွားချိန် သွေးလွန်တာမျိုးက လူတွေ ထိန်းချုပ်လို့ရတဲ့ အရာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုတွေ အများကြီး မပေးပါနဲ့။ သရဲတကယ် ရှိတယ်ဆိုရင်တောင် သူတို့က အကြောင်းမဲ့ လူတွေကို ရန်မပြုပါဘူး။ အမေက သူမကို အန္တရာယ်မပြုခဲ့ရင် သူမကလည်း အမေ့ကို လာပြီး ဒုက္ခပေးမှာ မဟုတ်ဘူး"
"ပါးစပ်ပိတ်ထားစမ်း..."
ဝေရှု့ဖန်း ပိုမိုထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
ယွီမေကျွမ်း နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ရင်း မိမိ၏ အတွေးမှာ ပိုမိုသေချာသွားခဲ့သည်။
"အမေ... အမေက ဦးလေးချန်နဲ့ ဘယ်တုန်းက စသိခဲ့တာလဲဟင်"
သူမ ထပ်မံ မေးမြန်းလိုက်၏။
ဝေရှု့ဖန်းသည် စိတ်လှုပ်ရှား စိုးရိမ်နေသဖြင့် လွှတ်ခနဲ ဖြေမိသွားသည်။
"ငါတို့ သိခဲ့တာ ကြာလှပြီ၊ ငယ်ငယ်ကတည်းက အိမ်နီးနားချင်းတွေလေဥစ္စာ"
ယွီမေကျွမ်း "အော်..." ဟု အသံကို ဆွဲကာ ရေရွတ်လိုက်သည်။
သူမ တိတ်တဆိတ် ဆက်လက် စူးစမ်းရန် ကြံရွယ်နေစဉ်မှာပင် ချန်ရိကျွင်း လှမ်း၍ အကူအညီတောင်းသဖြင့် ဝေရှု့ဖန်းသည် ထိုနေရာသို့ ကပျာကယာ ပြေးသွားလေ၏။
ယွီမေကျွမ်းသည် လူနာဆောင် စင်္ကြံရှိ ခုံတန်းလျားတွင် ထိုင်ရင်း အတွေးပွားနေခဲ့သည်။
"အစ်မ... ဒါတွေကို ဘာဖြစ်လို့ လိုက်စုံစမ်းနေတာလဲ"
ချန်ဒုတိယလေးသည် ယွီမေကျွမ်းဘက်၌ ရှိနေသူ ဖြစ်သည်။
ချန်ချင်းယွီကို ဖယ်ထုတ်လိုက်ပါက ဤမိသားစုတွင် ကလေးလေးယောက် ရှိပြီး အကြီးဆုံးနှင့် အငယ်ဆုံးမှာ ကျေးလက်တောရွာများသို့ မဆင်းခဲ့ရဘဲ ၎င်းတို့နှစ်ဦးသာ သွားခဲ့ရခြင်း ဖြစ်၏။ တောရွာများသို့ ရောက်သွားပြီးနောက်တွင်လည်း မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ယခုအခါ ပြန်လည်ရောက်ရှိလာချိန်တွင်လည်း အမှိုက်သရိုက်ကဲ့သို့ နှိမ်ချဆက်ဆံခြင်းကိုသာ ခံနေရရှာ၏။
သူတို့နှစ်ဦးသည် ဧည့်ခန်းထဲတွင်သာ ကပ်၍ အိပ်စက်ကြရသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် အမြဲတမ်း တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖော်များ ဖြစ်လာကြ၏။
ယွီမေကျွမ်း အသံကို နှိမ့်ကာ
"ငါ အခြေအနေကို စုံစမ်းသိရှိရရင် ချန်ချင်းယွီဆီ ပြန်ရောင်းမလို့။ သူမကတော့ ဒီနောက်ကွယ်က လျှို့ဝှက်ချက်တွေကို သေချာပေါက် သိချင်နေမှာပဲလို့ ငါ ယုံကြည်တယ်"
"..."
ချန်ဒုတိယမှာ ဆွံ့အသွားပြီး နှုတ်ခမ်းကို တွန့်ကာ
"ဒါက... ဒါကတော့..."
ယွီမေကျွမ်း : "ငါတို့မှာ ပိုက်ဆံမရှိဘူးလေ၊ ဘာလုပ်ဖို့မှလည်း အရင်းအနှီးမရှိဘူး။ တောရွာကနေ ပြန်လာတော့ ပါလာတဲ့ ပိုက်ဆံအနည်းငယ်ကလည်း အခုဆို ကုန်လုနီးပါး ဖြစ်နေပြီ။ နင်က ဒီမိသားစုကို တကယ်ပဲ အားကိုးလို့ရမယ် ထင်နေတာလား။ ငါကတော့ မထင်ဘူး။ ဒါပေမဲ့ ချန်ချင်းယွီက ဒီကိစ္စတွေကို သေချာပေါက် စိတ်ဝင်စားလိမ့်မယ်ဆိုတာ ငါသိတယ်၊ မဟုတ်ရင် အဲ့နေ့က သူမ ရောက်လာမှာ မဟုတ်ဘူး။ ငါ ဒီအချက်အလက်တွေကို သူမဆီ ပြန်ရောင်းလို့ရတယ်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပိုက်ဆံရှိနေတာကတော့ အမြဲတမ်း အကောင်းဆုံးပဲ"
"ကောင်းပြီလေ၊ ဒါပေမဲ့ ဒါက အဖေနဲ့အမေအတွက် မကောင်းဘူး မဟုတ်လား"
ယွီမေကျွမ်း : "နင်က သူတို့အတွက် စိုးရိမ်နေတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ တောရွာကို သွားတုန်းကလည်း သူတို့ ငါတို့ကို ဘာမှ ဂရုမစိုက်ခဲ့ကြတာပဲကို"
"အဲဒါဆိုရင် ပြီးတာပဲလေ။"
စွန့်ပစ်ခံရသော ကလေးနှစ်ဦးအနက် ချန်ဒုတိယသည် ယွီမေကျွမ်းထက်ပင် ပိုမို၍ စိတ်ပျက်အားလျော့နေခဲ့သူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယွီမေကျွမ်းအတွက်မူ သူမ၏ မိခင်အရင်းနှင့် ပထွေးဖြစ်သော်လည်း၊ သူ့အတွက်မူ အဖေနှင့်အမေမှာ မိဘအရင်းခေါက်ခေါက်များ ဖြစ်ကြသည်သာ…
"ဒါဆိုရင် အစ်မအတွက် အချက်အလက်တွေ စုံစမ်းဖို့ ကျွန်တော် ကူညီပေးပါ့မယ်။"
"ကောင်းပြီ"
ယွီမေကျွမ်း : "ငါ ငယ်ငယ်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့ဖူးတာပဲ။ ချန်ချင်းယွီရဲ့ အဘိုးနဲ့အဘွားက ငါ့ကို မုန့်ဖိုးပေးပြီး သိမ်းသွင်းခဲ့လို့ ငါတို့က သူတို့ကို သတင်းပေးခဲ့ကြတာ"
"အင်း"
ယွီမေကျွမ်း : "ဒါ ငါတို့အပြစ် မဟုတ်ပါဘူး။ ဒါတွေက သူတို့ဘာသာသူတို့ လုပ်ခဲ့ကြတာမလို့ ငါတို့ကို လာပြီး အပြစ်တင်လို့ မရဘူး"
"မှန်တယ်"
ထိုသူနှစ်ဦးသည် အခြေအနေကို အခွင့်ကောင်းယူ၍ ပိုက်ဆံအချို့ ရှာဖွေရန် အမြန်ဆုံး တိုင်ပင်ဆွေးနွေး ဆုံးဖြတ်လိုက်ကြ၏။ သို့သော်လည်း ချန်ဒုတိယသည် အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်
သဖြင့် တွန့်ဆုတ်စွာ မေးမိသည်။
"ဒါပေမဲ့... အကယ်၍ သရဲတကယ် ခြောက်လှန့်နေတာဆိုရင် ငါတို့ အခုလို လုပ်တာက..."
ယွီမေကျွမ်း ပြတ်သားစွာဖြင့်
"မဖြစ်နိုင်တာ... ဘာမှမဖြစ်ပါဘူး... တကယ်လို့ သရဲရှိတယ်ဆိုရင်တောင် ငါတို့လုပ်နေတာက ကောင်းမှုကုသိုလ်တစ်ခု မဟုတ်ဘူးလား၊ သရဲက ငါတို့ကို သေချာပေါက် လာပြီး ဒုက္ခပေးမှာ မဟုတ်ဘူး"
"အာ..."
"သေသေချာချာ စဉ်းစားကြည့်လေ။"
"အင်း... ကြည့်ရတာ အဲဒီလိုပဲ ထင်ရတယ်။"
"သေချာပေါက် ဟုတ်တာပေါ့။"
ထို့နောက် သူတို့နှစ်ဦးသည် ဝေရှု့ဖန်းထံသို့ တိတ်တဆိတ် ချဉ်းကပ်ကာ သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန် စုံစမ်းစစ်ဆေးဖို့ ကြိုးစားကြလေတော့သည်။
ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့သည် လူကောင်းများ မဟုတ်ကြသည်မှာ မဆန်းတော့ပေ။ ၎င်းတို့ကိုယ်တိုင်ပင် သားသမီးများအပေါ် ရိုးသားဖြောင့်မတ်မှု မရှိခဲ့ကြသဖြင့် သားသမီးများမှာလည်း မိမိတို့၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် လျှို့ဝှက်ကြံစည်ကြခြင်းမှာ မဆန်းလှပေ။
ချန်ချင်းယွီသည် မိမိအား လျှို့ဝှက်ချက်များ လာရောက်သတင်းပေးပြီး အချက်အလက်ရောင်းချရန် ကြံစည်နေသူ နှစ်ဦးရှိနေသည်ကို လုံးဝမသိရှိရှာပေ။ ယခုအခါ သူမ၏ အိမ်သစ်ကို ပြုပြင်မွမ်းမံနေဆဲဖြစ်ပြီး ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ရိုးရှင်းသော အိမ်ပြင်ဆင်မှုပုံစံကြမ်းတစ်ခုကို ရေးဆွဲရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းမှ ပြန်ရောက်ခါစဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့မောင်နှမသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ထိုဆွေးနွေးပွဲထဲသို့ ဝင်ရောက်လာကြ၏။ ကလေးနှစ်ယောက်စလုံးသည် အိမ်တွင် စာကြည့်ခန်း သီးသန့်တစ်ခန်း ရတော့မည်ဟူသော အတွေးဖြင့် အလွန်အမင်း ဝမ်းသာမဆုံး ဖြစ်နေကြရှာသည်။
ရှောင်ယွမ် ကြည်လင်ပြတ်သားသော အသံဖြင့်
"သမီးတို့ တရုတ်စာဆရာက ပြောတယ်လေ၊ သူ့အိမ်မှာလည်း စာကြည့်ခန်းရှိတယ်တဲ့၊ စာအုပ်တွေအများကြီးပဲ၊ ပြီးတော့ သတင်းစာတောင် အမြဲမှာဖတ်တယ်လို့ ပြောတယ်"
ချန်ချင်းယွီ မော့ကြည့်လိုက်ပြီး
"သမီးက သတင်းစာဖတ်ရတာ သဘောကျလို့လား။ ဒါဆို တို့မိသားစုလည်း သတင်းစာတစ်စောင် မှာဖတ်ကြမလား"
"အာ... သမီးတို့လည်း မှာလို့ရတာလား"
ချန်ချင်းယွီ : "ဘာလဲ... သမီးက မမှာချင်ဘူးလား"
"မှာချင်တာပေါ့..."
ရှောင်ယွမ် ဝမ်းသာအားရ ဖြေသည်။
ချန်ချင်းယွီ : "ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီ။ မေမေ သွားပြီး လူငယ်တွေအတွက် ထုတ်တဲ့ မဂ္ဂဇင်းတွေ ရှိ၊ မရှိ စုံစမ်းကြည့်ဦးမယ်၊ ရှိရင် အဲဒါပါ ထပ်မှာပေးမယ်။ ဒါပေမဲ့ မရှိရင်တော့ မေမေ့ကို လာမပြစ်တင်နဲ့နော်"
"ဟုတ်ကဲ့ပါ..."
ကလေးနှစ်ယောက်သည် အတိုင်းထက်အလွန် ပျော်ရွှင်သွားကြတော့သည်။
ချန်ချင်းယွီ : "နင်တို့ဦးလေးထောင်းတစ်ယောက် လက်မှတ်တွေ ဘယ်တော့ရမလဲ မသိဘူး။ အကယ်၍ လက်မှတ်ရလာရင် တို့အိမ်အတွက် တီဗီတစ်လုံး ဝယ်ကြတာပေါ့"
"အာ..."
ကလေးနှစ်ယောက်သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြိုင်တူအော်ဟစ်ကြ၏။
"တကယ်ကြီးလားဟင်"
ချန်ချင်းယွီ : "တကယ်ပေါ့၊ ဒါပေမဲ့ လက်မှတ်ရဖို့တော့ စောင့်ရဦးမယ်လေ"
"သိပါတယ်၊ သိပါတယ်"
ကလေးများ အလုအယက် ပြန်ဖြေကြသည်။
ရှောင်ကျား သိချင်စိတ်ဖြင့် မေးမြန်းကာ
"မေမေ... လမ်းဘေးဈေးရောင်းတာက တကယ်ပဲ အဲဒီလောက် ဝင်ငွေကောင်းတာလား။ ဒါဆို ဘာဖြစ်လို့ လူတွေက ဈေးသည်တွေကို အထင်သေးကြတာလဲဟင်"
သူသည် ဤအချက်ကို သေသေချာချာ နားမလည်နိုင် ဖြစ်နေရရှာသည်။
"ဘာလို့လဲဆိုတော့ အခုခေတ်လူတွေက တည်ငြိမ်မှုကို ပိုပြီး တန်ဖိုးထားကြလို့ပဲသားရဲ့။ ပုံမှန်အလုပ်တစ်ခုရှိမှသာ ဘဝအတွက် အာမခံချက်ရှိတယ်လို့ ထင်ကြတာ။ လမ်းဘေးဈေးရောင်းတာက ကိစ္စတစ်ခုခုလွဲချော်သွားရင် လမ်းမတွေပေါ်မှာ အနှင်ခံ၊ အဖမ်းခံရမှာလေ။ ဒါက တည်ငြိမ်တဲ့ အလုပ်အကိုင်မျိုး မဟုတ်ဘူး။ လမ်းပေါ်မှာ အပြေးအလွှား အနှင်ခံနေရတာကို မြင်ရင် နည်းနည်းတော့ အရှက်ရစရာ ကောင်းတယ် မဟုတ်လား။ ပြီးတော့ အရင်တုန်းက ကုန်သည်အလုပ်၊ မှောင်ခိုအလုပ်တွေကို ခွင့်မပြုခဲ့တော့ လူတွေရဲ့စိတ်ထဲမှာ အဂတိအမြင်တွေ ရှိနေကြတုန်းပဲ။ လူတိုင်းကလည်း ဒါက မကောင်းဘူးလို့ ပြောဖူးတာပဲ၊ ဒါပေမဲ့ လူ့ဘဝမှာ သူများပြောတာတွေက အပိုပါပဲ။ ကိုယ်ကိုယ်တိုင် အဆင်ပြေရဲ့လား၊ မပြေဘူးလားဆိုတာ မိမိကိုယ်တိုင်ပဲ အသိဆုံးပါ"
ချန်ချင်းယွီ ရှင်းပြလိုက်၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် နားလည်သလိုလိုဖြင့် အတွေးပွားသွားကြသည်။
ချန်ချင်းယွီ ဆက်လက်၍
"ဒါက သေချာပေါက် ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ၊ အခုချိန်မှာ လုပ်တဲ့လူ နည်းသေးလို့လေ။ သမဝါယမဆိုင်မှာ ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင် လက်မှတ်တွေ လိုအပ်ပေမဲ့ လမ်းဘေးဈေးသည်ဆီမှာ ဝယ်ရင် လက်မှတ်မလိုတော့ အားလုံးက စိတ်လိုလက်ရ ဝယ်ကြတာပေါ့။ လူတွေအများကြီး ဝယ်ကြတော့ အမြတ်ထွက်တယ်၊ အမြတ်ထွက်တော့ သဘာဝအတိုင်း ပိုက်ဆံရတာပေါ့။ နင်တို့ အခုချိန်မှာ ဒါတွေကို လျှောက်တွေးမနေပါနဲ့ဦး။ နောင်ကျရင် အသက်ကြီးလာပြီး ဗဟုသုတတွေ ပိုများလာတဲ့အခါ သေသေချာချာ နားလည်သွားလိမ့်မယ်။ အခု လောလောဆယ်တော့ စာကို ကြိုးစားပြီး ဖတ်ဖို့က အရေးကြီးဆုံးပဲ။ အော်... ဒါနဲ့၊ ကျောင်းမှာ နင်တို့ကို တစ်ယောက်ယောက်က လာပြီး ရန်စတာ၊ ပြောဆိုတာမျိုး ရှိလား"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ခေါင်းခါယမ်းရင်း
"မရှိပါဘူး၊ ဘယ်သူမှ ကျွန်တော်တို့ကို လာမရန်စရဲပါဘူး"
"ဟုတ်တယ်"
ကလေးနှစ်ယောက်သည် အလွန်
တည်ငြိမ်စွာဖြင့်
"အဘွားက တကယ့်ကို ကြောက်စရာကောင်းတာလေ၊ သူတို့အိမ်တံခါးဝကို အဘွားက နောက်ချေးတွေနဲ့ လာပက်မှာကို အားလုံးက ကြောက်နေကြတာ"
ချန်ချင်းယွီ : "..."
အဘွားကြီးကျောက်ရဲ့ ကျော်စောလှသော ဂုဏ်သတင်းကတော့ ပြောမနေပါနဲ့တော့…
ဒါက တကယ်ကို လွန်လွန်းလှချည်လား…
အဘွားကြီးကျောက်ကိုယ်တိုင်မူ မိမိ၏ ဂုဏ်သတင်းအတွက် တော်တော်လေး သဘောကျနေပြီး
"ဟွန့်... သူတို့ကသာ လာလုပ်ရဲရင် ငါကလည်း ပြန်တုံ့ပြန်ရဲတာပေါ့။ ငါ့မြေးတွေကို ဘယ်သူမှ လာပြီး အနိုင်ကျင့်လို့မရစေရဘူး"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးဝိုင်းကြီးများမှာ ရယ်မောလွန်းသဖြင့် မှေးစင်းသွားကြတော့သည်။
ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် စိတ်မပူကြနဲ့။ တို့မိသားစုက ပိုက်ဆံရှာနိုင်တာမလို့ နင်တို့ကို ဆင်းရဲဒုက္ခ မရောက်စေရဘူး။ သူတို့တွေ လာပြီး အတင်းပြောချင်ရင်လည်း ပြောချင်သလောက် ပြောပါစေ။ တို့တွေကတော့ ကိုယ့်ဘဝကိုယ် ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားကြရုံပဲ"
"ဟုတ်ကဲ့ပါ..."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် စိတ်သဘောထား ကျဉ်းမြောင်းသူများ မဟုတ်ကြသဖြင့် ဤကိစ္စများကို ရင်ထဲတွင် တေးမှတ်မထားကြပေ။
"မေမေ... ဆက်ပြောဦးလေ၊ အိမ်ပြင်မယ့်အစီအစဉ်ကို ဆက်ပြီး တိုင်ပင်ရအောင်..."
ချန်ချင်းယွီ: "ကောင်းပြီလေ..."
ထိုစဉ် အဘွားကြီးကျောက်မှာ ကြားဖြတ်၍
"ဟေး... ခဏနေပါဦး... ညည်းတို့က သတင်းစာမှာချင်တာမလား။ နွားနို့ပါ တစ်ခါတည်း မှာသောက်ရင်ကော ဘယ်လိုလဲ။ လတ်တလော ကြေညာချက်တစ်ခုမှာ အခုဆို နွားနို့ပါ မှာသောက်လို့ရပြီလို့ တွေ့လိုက်ရတယ်..."
"မှာလိုက်ပါအမေ..."
ချန်ချင်းယွီ ချက်ချင်း သဘောတူလိုက်၏။
"ကောင်းပြီလေ..."
အဘွားကြီးကျောက်သည် ဝမ်းသာအားရဖြစ်သွားပြီး
"ဒါဆို ညည်းတို့ ဆက်ပြီး တိုင်ပင်နေကြ၊ အဲဒီကိစ္စကို ငါပဲ သွားစီစဉ်လိုက်မယ်"
အဘွားကြီးကျောက် ပျော်ရွှင်စွာဖြင့် အပြင်သို့ထွက်ကာ ပိုင်ဖုန်းရှန်းကို သွားရောက်ရှာဖွေရန် ကြံရွယ်လိုက်သည်။
မာကျန့်ယီသည် ဝင်းတာဝန်ခံအဖြစ် အမည်ခံထားသော်လည်း အမှန်တကယ်တွင်မူ ဝင်းအတွင်းရှိ ကိစ္စအဝဝကို ပိုင်ဖုန်းရှန်းသာ အဓိက စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ အဘွားကြီးကျောက် ပျော်ရွှင်စွာဖြင့် အလယ်ဝင်းသို့ ရောက်ရှိလာခဲ့၏။ သူမ ရောက်ရှိလာသည်နှင့် ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့ နှစ်ဦး စကားပြောဆိုနေကြသည်ကို လှမ်းမြင်လိုက်ရသည်။
အင်း...
ဒီလူနှစ်ဦးကတော့ တကယ်ကို သတ္တိရှိလှပါပေတယ်…
အခြားသူများ၏ အမြင်ကို တဖြည်းဖြည်းနှင့် လုံးဝ ဂရုမစိုက်တော့ချေ။
အဘွားကြီးကျောက်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ကွမ်ထင်းထင်းကိုမူ မတွေ့ရပေ။
ကွမ်ထင်းထင်း ခေါင်းပေါ်က မြက်ခင်းစိမ်းကြီးကတော့ တကယ်ကို ခိုင်မြဲလွန်းနေရော…
ယွမ်ဟောက်ဖုန်းသည် အဘွားကြီးကျောက်ကို မြင်သော်လည်း အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ မိမိဘက်မှ စတင်၍ နှုတ်ဆက်လိုက်သည်။
အဘွားကြီးကျောက် ခနဲ့တဲ့တဲ့ အမူအရာဖြင့် သွယ်ဝိုက်၍
"နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းတာပဲနော်"
ယွမ်ဟောက်ဖုန်း : "ကျွန်တော်တို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတဲ့ မောင်နှမတွေလိုပါပဲ။ ရင်းနှီးတာကတော့ သဘာဝပဲပေါ့"
ထိုစကားကို မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
လင်ခိုးမယားခိုးတွေ...
အဘွားကြီးကျောက်သည် နှာခေါင်းရှုံ့လိုက်ပြီး ပိုင်ဖုန်းရှန်းကို ရှာဖွေရန် အိမ်ထဲသို့ တိုက်ရိုက် ဝင်သွားလေ၏။
ယွမ်ဟောက်ဖုန်း အဘွားကြီးကျောက် ထွက်သွားသည်ကို ကြည့်ရင်း "ဒီအဘွားကြီးက အခု ဘာလာလုပ်ပြန်တာလဲ မသိဘူး" ဟု တိုးတိုးရေရွတ်လိုက်သည်။
သူ ဆက်လက်၍
"သူတို့ မိသားစုနှစ်စုလုံးက ဈေးရောင်းနေကြတာ၊ အမြဲတမ်းလည်း အတူတူ လှုပ်ရှားနေကြတာပဲ။ သူတို့မှာ တစ်စုံတစ်ရာ အတွင်းသတင်းများ ရှိနေမလားမသိဘူး။ ငါတို့ကတော့ အမြဲတမ်း သတင်းနောက်ကျပြီး အမြဲတမ်း သူတို့နောက်တစ်လှမ်း နှေးနေခဲ့ရတာ..."
လီလင်းလင်း ချက်ချင်းပင် အကြံပြုကာ
"ညီမ သွားပြီး ချောင်းနားထောင်လိုက်မယ်"
ယွမ်ဟောက်ဖုန်း : "ဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား"
"ဘာမှမဖြစ်ပါဘူး။"
လီလင်းလင်းသည် ပြတ်သားစွာဖြင့် အိမ်နားသို့ တိုးကပ်သွားလေတော့သည်။
ယွမ်ဟောက်ဖုန်း မျက်လွှာချရင်း ခပ်ပြုံးပြုံးဖြင့် ရင်ထဲတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေမိ၏။
ဒီဝင်းထဲမှာတော့ ငါက သေချာပေါက် အထက်တန်းလွှာ အမျိုးသားတစ်ယောက်ပဲ၊ အခြားလူတွေက ငါ့ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
ကြည့်စမ်း... လီလင်းလင်းကတော့ အခုထိ ငါ့ရဲ့ လက်ခုပ်ထဲကရေလို ဖြစ်နေတုန်းပဲ မဟုတ်လား။
ယွမ်ဟောက်ဖုန်းသည် ခပ်ပြုံးပြုံးဖြင့် မိမိကိုယ်မိမိ ပိုမို၍ ခန့်ညားတည်ကြည်နေသည်ဟု ခံစားနေမိသည်။
အမျိုးသားဟူသည် မိမိ၏ အားသာချက်ကို မည်သို့အသုံးချရမည်ကို သိရှိရပေမည်၊ မိမိတို့မိသားစု ယခုကဲ့သို့ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ခြင်းမှာ အားလုံး ဉာဏ်ကောင်းကြသောကြောင့် ဖြစ်၏။ သူ အိမ်ဘက်သို့ အမှတ်မထင် လှမ်းကြည့်လိုက်ရာ ယွမ်ဟောက်ရွှယ်၏ အကြည့်နှင့် ဆုံသွားသည်။
မောင်နှမနှစ်ဦး အပြန်အလှန် ပြုံးပြလိုက်ကြ၏။
ယွမ်ဟောက်ရွှယ် သူ့အား လက်မထောင်ပြလိုက်သည်။
သူ့အစ်ကိုမှာ တကယ်ကို ထူးခြားပြောင်မြောက်လှ၏။
ဤမိသားစု၏ သဘာဝမှာ ဤကဲ့သို့ပင်…
လီလင်းလင်းသည် အမြန်ဆုံး ပြန်ရောက်လာပြီး
"သူတို့ အရေးကြီးတာ ဘာမှမပြောပါဘူး၊ နွားနို့မှာသောက်တဲ့ ကိစ္စပဲ ပြောနေကြတာ။ ဟေး... အစ်ကိုတို့မိသားစုကော အဲဒီထဲမှာ ပါဝင်မှာလား"
ယွမ်ဟောက်ဖုန်း စိတ်ထဲမှ ‘ဒီအဘွားကြီးတွေက အမြဲတမ်း အိမ်တွင်းမှု အသေးအဖွဲကိစ္စတွေပဲ ပြောနေကြတာ၊ အရေးကြီးတာ တစ်ခုမှ မရှိဘူး’ ဟု တွေးတောရင်း အပြင်ပန်းတွင်မူ
"မပါပါဘူး၊ ဒါတွေက မလိုအပ်ပါဘူး။ ကဲ... ဒီအလကားစကားတွေကို ထားလိုက်ပါတော့။ မင်းကတော့ မနက်ဖြန် ချန်ချင်းယွီနဲ့အတူ ရှိနေရမယ်။ ကိစ္စတစ်ခုခု ဖြစ်ပျက်လာရင် အစ်ကို့ကို သေချာပေါက် ပြန်ပြောရမယ်နော်"
"သူမနောက်ကို ဒီလိုမျိုး လိုက်နေတာ... သိပ်ပြီး မကောင်းဘူး မဟုတ်လား။ ကြည့်ရတာ သူမက အနိုင်ကျင့်ရလွယ်တဲ့လူမျိုး မဟုတ်ဘူး"
လီလင်းလင်း တွန့်ဆုတ်စွာ ဆိုလိုက်သည်။
ယွမ်ဟောက်ဖုန်း : "ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့၊ အစ်ကို အားလုံးကို အကွက်ချစီစဉ်ထားပြီးပြီ။ ရှီချာဟိုင်ဆိုတာ သူမပိုင်တဲ့ နေရာမှ မဟုတ်တာ၊ သူမ သွားလို့ရရင် ညီမလည်း သွားလို့ရတာပေါ့။ သူမက လာပြီး ပြဿနာရှာရဲပါ့မလား။ ညီမက အစ်ကိုတို့ရဲ့ အနာဂတ်အတွက် ကြိုးကြိုးစားစား အလုပ်မလုပ်ချင်ဘူးလား။ အစ်ကို ညီမကိုပဲ အားကိုးနေတာနော်"
"စိတ်ချပါ၊ ကျွန်မ အားလုံးကို အဆင်ပြေအောင် လုပ်လိုက်ပါ့မယ်"
လီလင်းလင်း ကတိပေးရှာသည်။
ယွမ်ဟောက်ဖုန်း ပြုံးလိုက်ပြီးနောက် အမှတ်မထင်သလိုဖြင့် စူးစမ်းလိုက်၏။
"ဒါနဲ့... ညီမအဖေက အခု လျိုကျင့်နဲ့အတူ နေနေတာလား။ ညီမအမေ အဲ့ဘက်ကို ခဏခဏ သွားနေတာ မြင်တယ်လေ။ အကယ်၍ သူတို့ ပြန်မလာတော့ဘူးဆိုရင် ဒီအိမ်ကို နညီမကို ပေးခဲ့တာလား"
လီလင်းလင်း : "ကျွန်မလည်း မသိဘူးလေ"
ယွမ်ဟောက်ဖုန်း စိတ်ထဲမှ ‘ဒီမိန်းမကတော့ တကယ်ကို ထုံအလွန်းတယ်’ ဟု ဆဲရေးလိုက်သော်လည်း အပြင်ပန်းတွင်မူ
"ညီမက သူတို့ရဲ့ တစ်ဦးတည်းသော သမီးပဲဥစ္စာ၊ သေချာပေါက် ညီမကို ပေးခဲ့မှာပေါ့။ အခုဆို ညီမလည်း အိမ်တစ်လုံး ပိုင်ပြီပေါ့။ တကယ်ကို ဝမ်းသာစရာပဲ"
လီလင်းလင်း နှုတ်ခမ်းကို ကိုက်ရင်း
"ကျွန်မ တကယ်မသိဘူး..."
ယွမ်ဟောက်ဖုန်း လောဆော်သောအမူအရာဖြင့် တိုက်တွန်းလိုက်၏။
"ဒါဆိုရင် သွားပြီး သေသေချာချာ မေးမြန်းရမယ်လေ။ အခြားလူတွေကိုတော့ အလဟဿ အပေးခံလို့ မဖြစ်ဘူးနော်"