အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) ဇာတ်ရံလေး
ဆန်းပြားထူးဆန်းသော ကိစ္စရပ်များဟူသည် နှစ်စဉ်နှင့်အမျှ ကြုံတွေ့ရတတ်သည် ဖြစ်သော်လည်း ယခုနှစ်တွင်မူ ပုံမှန်ထက် ပိုမိုများပြားနေသကဲ့သို့ ရှိနေလေသည်။ အမှန်စင်စစ် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးဆန်းထွေလာများမှာ များပြားလွန်းလှ၏။
ဤကဲ့သို့သော သတင်းဆန်းများကို ကြားဖူးကြမည် မဟုတ်ပေ။
အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါး ရှိနေပြီဖြစ်တဲ့ အရွယ်ကောင်း အမျိုးသားအချို့က အဘွားအိုတစ်စုရဲ့ ကာမပိုင်ပြုခြင်း (လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း) ကို ခံခဲ့ရသတဲ့…
ဤကဲ့သို့သော ကိစ္စကိုကော ကြားဖူးကြသလော….
အမျိုးသားအချင်းချင်း ကလဲ့စားချေကြရာတွင် အချို့မှာ အိမ်သာကျင်းကို ကန်ကျောက်ဖျက်ဆီးကြပြီး အချို့က ရဲတိုင်ကြသဖြင့် တစ်နယ်လုံး တစ်ပြင်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့ရသည်။ အိမ်သာကျင်းထဲသို့ ကျသွားရာမှ ကံကောင်းထောက်မစွာဖြင့် ပြန်လည်ကူးခတ် လွတ်မြောက်လာခဲ့ကြသော 'ချဲ' ညီအစ်ကိုများမှာမူ ယခုအခါ ထောင်ထဲသို့ ပြန်လည်ရောက်ရှိသွားကြပြီ ဖြစ်၏။
ဤသို့သော ကိစ္စရပ်များကိုကော ကြားဖူးကြသလော့…
တကယ့်လက်တွေ့ဘဝမှ သရဲအောက်လမ်း ပုံပြင်တစ်ပုဒ်ကဲ့သို့ပင် သရဲတစ္ဆေများသည် လူဝတ်လဲ၍ လူတို့ကို တကယ်ပင် လိုက်လံခြောက်လှန့်နေခဲ့ကြသည်ဟူ၍ပင်… ထို့ပြင် လူတစ်ယောက်သည်လည်း အဆောက်အအုံပေါ်မှ ရုတ်တရက် ပြုတ်ကျသေဆုံးသွားခဲ့ရသေးသည်။ အများပြည်သူတို့ကမူ ထိုဖြစ်ရပ်ကို မတော်တဆမှုတစ်ခုဟု လုံးဝမယုံကြည်ကြချေ။
ထို့နောက်တွင်မူ ၎င်းတို့နေထိုင်ရာ ဝင်းကြီး၏ ဆိုးဝါးလှသော ဂုဏ်သတင်းကလည်း ရှိနေသေးသည်။
ဤဖြစ်ရပ်ဆန်းကြီးများနှင့် ယှဉ်ကြည့်လိုက်ပါက ချန်ချင်းယွီ၏ လမ်းဘေးဈေးရောင်းသည့် အလုပ်နှင့် အိမ်ဝယ်သည့် ကိစ္စရပ်များမှာ အသေးအဖွဲ မှုန်ဝါးဝါးမျှသာ ရှိတော့၏။
အမှန်တကယ်တွင်လည်း ယင်းမှာ ဘာထူးဆန်းလှသနည်း။ ဤကဲ့သို့သော စီးပွားရေးသတင်းမျိုးမှာ တစ်ရက်တာမျှသာ ပြောစမှတ်တွင်မည့် အရာဖြစ်ပြီး အခြားသော သတင်းထူး သတင်းဆန်းကြီးများနှင့် ယှဉ်ပါက ဘာမျှအရာမသွင်းလောက်ပေ။
မကြာသေးမီ ဝင်းကြီးအတွင်း၌ တော်တော်လေး စည်ကားလှုပ်ရှားနေခဲ့ပြီး ဖြစ်ပျက်သမျှ ကိစ္စရပ် ဆယ်ခုအနက် ရှစ်ခုကိုးခုမှာ ၎င်းတို့နှင့် သက်ဆိုင်နေခဲ့သည်။ လူတိုင်းသည်လည်း နေ့စဉ်နှင့်အမျှ တက်ကြွစွာဖြင့် စကားဝိုင်းဖွဲ့နေကြ၏။ အားလုံးထဲတွင် စွမ်းအင်အပြည့်ဆုံးဖြစ်နေသူမှာ အဘွားကြီးကျောက်ဖြစ်ပြီး သူမသည် အိမ်ပြင်ဆင်မွမ်းမံရန်အတွက် လူများကို ငှားရမ်းကာ အလုပ်စတင်နေပြီ ဖြစ်သည်။
အလုပ်သမားများကို ကြီးကြပ်ကွပ်ကဲသူအဖြစ် ဦးစီးနေသော အဘွားကြီးကျောက်သည် အလွန်အမင်း စေ့စပ်သေချာလွန်းပြီး ဂျီကျလွန်းလှသဖြင့် ပန်းရံဆရာများနှင့် အလုပ်သမားများမှာ နေ့စဉ်နှင့်အမျှ နာရေးကူညီမှုအသင်းသို့ သွားနေရသကဲ့သို့ စိတ်ညစ်ညူးနေကြရရှာသည်။
သို့သော်လည်း ကံကောင်းသည်မှာ အဘွားကြီးကျောက်သည် စကားများပြီး အပြစ်ရှာတတ်သော်လည်း ငွေရှင်းသည့်အခါတွင်မူ တိကျပြတ်သားရုံမျှမက နေ့လယ်စာ ကျွေးလျှင်လည်း ငါးဟင်း၊ အသားဟင်းများဖြင့် သေသေချာချာ ကျွေးမွေးတတ်သဖြင့် အလုပ်သမားများ သည်းခံကာ လုပ်ကိုင်ပေးနေကြခြင်း ဖြစ်၏။ ငွေရလျှင် ဘာကိုမဆို အောင့်အည်းသည်းခံနိုင်ကြသည် မဟုတ်လော့။
ပိုက်ဆံသာ အပြည့်အဝပေးမယ်ဆိုရင် မှန်တွေအားလုံးကို ရိုက်ခွဲပစ်ဆိုရင်တောင် ခွဲပေးလိုက်ဦးမယ်…
အော်... ထိုစကားမှာ ယခုခေတ်တွင် ခေတ်စားနေသည့် စကားပုံမဟုတ်သေးသော်လည်း သဘောတရားမူ ထိုကဲ့သို့ပင် ဖြစ်သည်။
လက်ထဲတွင် ပိုက်ဆံအပြည့်အဝ ရှိနေပါက စိတ်အနှောင့်အယှက်ဖြစ်စရာ လူမျိုးကိုပင် သည်းခံနိုင်ကြသည်ဖြစ်ရာ အဘယ်အရာကိုများ မအောင့်အည်းနိုင် ရှိမည်နည်း။
ဤလောကတွင် ပိုက်ဆံမရှိဘဲ မည်သူ အသက်ရှင်နိုင်မည်နည်း။
ထို့ကြောင့် အဘွားကြီးကျောက် ငှားရမ်းထားသော အလုပ်သမားအဖွဲ့သည် အလုပ်ကို တကယ်ပင် အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးကြသည်။
သူတို့က ဘာဖြစ်လို့ အချိန်ဆွဲရမှာလဲ…
အလုပ်သမားများသည် နေ့ရောညပါ မနားတမ်း လုပ်ကိုင်ပြီး ဤအလုပ်ကို အမြန်ဆုံး အဆုံးသတ်ကာ စိတ်တိုစရာကောင်းလှသော အဘွားအို အဘွားကြီးကျောက်ထံမှ အမြန်ဆုံး လွတ်မြောက်ချင်နေကြခြင်း ဖြစ်၏။
အချုပ်အားဖြင့်ဆိုရသော် အလုပ်မှာ မြန်ဆန်ပြီး စေ့စပ်သေချာလှပေသည်။
ဝင်းထဲရှိ လူတိုင်းလည်း ထိုအခြင်းအရာကို ကြည့်ကာ မနာလိုဖြစ်နေကြရ၏။
ချန်ချင်းယွီ နေ့စဉ်နှင့်အမျှ သူမ၏ လမ်းဘေးဈေးဆိုင်လေးကို ဆက်လက်ဖွင့်လှစ်နေခဲ့သော်လည်း မကြာသေးမီအတွင်း လီလင်းလင်းသည် သူမအား စောင့်ကြည့်ပစ်မှတ်ထားလာခဲ့သည်။ ချန်ချင်းယွီ လင်းကျန့်ဝမ်ကို တကယ်ပင် ချစ်မြတ်နိုးသည် ဖြစ်သော်လည်း သူမ၏ ကပ်တွယ်တတ်သော၊ ခေါင်းမာလှသော အချစ်ရူးပုံစံမှာမူ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်၏။ သို့သော် လီလင်းလင်းသည်ကား တကယ့်အချစ်ရူးစစ်စစ် ဖြစ်ပေသည်။ သူမ၏ ယွမ်ဟောက်ဖုန်းအပေါ် ထားရှိသော အချစ်မှာ တကယ်ပင် နက်ရှိုင်းပြီး ဘယ်သောအခါမျှ ယိမ်းယိုင်ခြင်း မရှိခဲ့ပေ။ သူမသည် ယွမ်ဟောက်ဖုန်းအတွက် အခကြေးငွေမယူဘဲ အလကား အလုပ်လုပ်ပေးရုံမျှမက မိဘများ အိမ်တွင်မရှိသည့် အခွင့်အရေးကို အသုံးချကာ သူ့နောက်သို့ တကောက်ကောက် လိုက်နေခဲ့၏။
ယခုအခါ သူမသည် မိမိ၏ အချစ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသထားခဲ့ပြီ ဖြစ်သည်။
တစ်ဖက်တွင်လည်း လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ ဇနီးမောင်နှံသည် လျိုကျင့်နှင့် ၎င်းတို့၏ သားဖြစ်သူအပေါ်တွင်သာ စိတ်အာရုံ အပြည့်အဝ ရောက်ရှိနေကြသဖြင့် အိမ်သို့ ပြန်လာခဲလှပြီး လီလင်းလင်းကိုလည်း ဂရုမစိုက်နိုင်ကြပေ။ ဤအချက်မှာပင် လီလင်းလင်းအတွက် အခွင့်ကောင်း ဖြစ်သွားစေပြီး သူမယွမ်ဟောက်ဖုန်းအတွက် ပစ္စည်းများ လိုက်လံရောင်းချပေးနေသည်ကို မိဘများ လုံးဝမသိရှိကြသေးပေ။ ၎င်းတို့သည် သမီးဖြစ်သူကို လုံးဝ လစ်လျူရှုထားကြသည်။
မည်သို့ပင်ဖြစ်စေ အသက် နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးနှစ် အရွယ်ရှိနေပြီဖြစ်သော မိန်းကလေးတစ်ဦးမှာ ကလေးငယ်မဟုတ်တော့သဖြင့် အမြဲတမ်း လိုက်လံချုပ်ချယ်နေရန် မလိုအပ်ပေ။
လီချန်ရွှမ်းနှင့် လင်းစန်းရှင်းတို့သည် အိမ်တွင် မရှိသလောက် နည်းပါးလှသဖြင့် လီလင်းလင်းအလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြီး ယွမ်ဟောက်ဖုန်းအတွက် ပိုက်ဆံများကို ကြိုးစားပန်းစား စုဆောင်းပေးနေခဲ့၏။
သို့သော်လည်း သူမ၏ အရောင်းအဝယ်မှာမူ ထင်သလောက် ခရီးမတွင်လှချေ။
သူမသည် ချန်ချင်းယွီထံမှ ပညာသင်ယူလိုသော်လည်း နေ့ခင်းဘက်တွင် သူမနှင့် မဆုံတွေ့နိုင်ဘဲ ရှိနေကာ ညနေခင်းဘက်တွင်လည်း အလုပ်ဆင်းချိန်ချင်း လွဲချော်နေခဲ့သဖြင့် ချန်ချင်းယွီနှင့် ကွက်တိ လွဲချော်နေခဲ့ရသည်။ ထို့ကြောင့် သူမ ချန်ချင်းယွီထံမှ နည်းလမ်းများကို လေ့လာလိုသော်လည်း တိုက်ရိုက်ဆုံတွေ့ရန် နည်းလမ်းမရှိ ဖြစ်နေရရှာ၏။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ တနင်္ဂနွေနေ့သာ ဖြစ်ပေသည်။
ဤအခြင်းအရာကြောင့် ယွမ်ဟောက်ဖုန်းသည် တကယ်ပင် မကျေမနပ် ဖြစ်နေခဲ့ရသည်။ သူ့အမြင်အရ လီလင်းလင်းအနေဖြင့် ထိုကဲ့သို့သော အဆင့်မရှိသည့် အလုပ်စုတ်ကို လုပ်မနေသင့်ပေ။ ထိုအလုပ်သည် လခ အနည်းငယ်မျှသာ ရရှိခြင်းဖြစ်ပြီး လီလင်းလင်းသာ ခေါင်းမာပြီး ဆက်လုပ်နေခြင်း ဖြစ်သည်ဟု ယူဆ၏။
သို့သော် သူ မည်သို့ပင် ဖျောင်းဖျနားချစေကာမူ လီလင်းလင်း လုံးဝနားမထောင်ခဲ့ချေ။
လီလင်းလင်းတွင် မိမိကိုယ်ပိုင် ယူဆချက် ရှိနေခဲ့ပြီး သူမ တတွတ်တွတ် ရှင်းပြခဲ့သည်။
"အစ်ကိုဟောက်ဖုန်း... လမ်းဘေးဈေးရောင်းတာက ပိုက်ဆံအများကြီးရတယ်ဆိုပေမဲ့ ရေရှည်အတွက် အဖြေမဟုတ်ဘူးလေ။ ကျွန်မရဲ့ အလုပ်က အခုလောလောဆယ် ယာယီအလုပ် ဖြစ်နေပေမဲ့ ကျွန်မရဲ့ အဆက်အသွယ်တွေကြောင့် သူတို့ ကျွန်မကို အလုပ်ကနေ လုံးဝထုတ်ပစ်မှာ မဟုတ်ဘူး။ အမြဲတမ်းဝန်ထမ်းတစ်ယောက်နဲ့ ဘာမှမထူးပါဘူး။ အကယ်၍ အလုပ်ပြုတ်သွားရင် ကျွန်မတို့အတွက် အများကြီး နစ်နာလိမ့်မယ်။ အစ်ကို ကွာရှင်းပြတ်စဲပြီး ကျွန်မတို့ ပြန်လည်လက်ထပ်ကြတဲ့အခါ တို့မိသားစုက ဝင်ငွေနှစ်လမ်းရှိတဲ့ မိသားစု ဖြစ်လာမှာလေ။ ဒါ့အပြင် ကျွန်မ အလုပ်ထွက်လိုက်ရင် အဖေနဲ့အမေက ချက်ချင်း သိသွားလိမ့်မယ်။ တကယ်လို့ အစ်ကိုက ကွာရှင်းပြီးသားလူဆိုရင် သူတို့ ကျွန်မတို့ အတူတူရှိနေတာကို သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုကြမှာပဲ၊ ဒါပေမဲ့ အခုက အစ်ကိုက မကွာရှင်းရသေးတော့ သူတို့ သေချာပေါက် ကန့်ကွက်ကြလိမ့်မယ်။ အခုချိန်မှာ သူတို့ နည်းနည်း သံသယရှိနေကြပေမဲ့ ဘာပြဿနာမှ မရှာကြသေးတော့ ရင်ထဲမှာ သိပ်ပြီး အရေးမစိုက်ကြသေးဘူး။ အစ်ကိုဟောက်ဖုန်း... ကျွန်မတို့ရဲ့ ဆက်ဆံရေးက အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးကို ဖြတ်ကျော်လာခဲ့ရတာမလို့ ကျွန်မတို့ သေသေချာချာ တန်ဖိုးထားပြီး ကာကွယ်ရမယ်လေ"
လီလင်းလင်း စကားများကို ရှည်လျားစွာ ပြောဆိုနေခဲ့ရာ ယွမ်ဟောက်ဖုန်း စိတ်ထဲမှ အပြည့်အဝ သဘောမတူသော်လည်း အတင်းအကျပ် ငြင်းခုံခြင်း မပြုတော့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် သူမထံမှ ပိုက်ဆံရှာဖွေပေးမှုကို လိုအပ်နေသေးသည်သာ…
သူ ယခုရက်ပိုင်းအတွင်း သူမကို စောင့်ကြည့်နေခဲ့ရာ လီလင်းလင်းသည် အလွန်ရိုးသားပြီး သူ့အပေါ် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိသကဲ့သို့ ပိုက်ဆံတစ်ပြားတစ်ချပ်မျှလည်း ခိုးယူခြင်း မရှိသည်ကို တွေ့ရသည်။
သူသည် လီလင်းလင်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း
"အားလုံးက ညီမအပေါ်မှာပဲ မူတည်နေတာနော်။ မနက်ဖြန်က တနင်္ဂနွေနေ့ပဲ။ မနက်ခင်းကျရင် ချန်ချင်းယွီနောက်ကို လိုက်သွားပြီး သူမဆီကနေ နည်းလမ်းကောင်းတွေကို သေသေချာချာ လေ့လာခဲ့ပါ"
“ကောင်းပါပြီ”
လီလင်းလင်း ပြန်ဖြေရင်း
"စိတ်မပူပါနဲ့၊ ကျွန်မ အားလုံးကို အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ ကျွန်မ သေချာပေါက် ပိုက်ဆံတစ်သောင်း (သောင်းကြွယ်သူဌေး) ဖြစ်အောင် စုဆောင်းပေးမယ်"
သောင်းကြွယ်သူဌေး မိသားစုတစ်ခု ဖြစ်လာရန်ဟူသည် စကားပြောသကဲ့သို့ မလွယ်ကူလှသော်လည်း လီလင်းလင်းမှာမူ သူမ ကြိုးစားပန်းစား လုပ်ဆောင်ပါက သေချာပေါက် အောင်မြင်နိုင်သည်ဟု ခံစားနေရသည်။ သူမသည် အသုံးမကျသော မိန်းကလေး မဟုတ်ပေ၊ သူမသည် အချစ်အတွက် ဘာမဆို ပေးဆပ်ရဲပြီး အစွမ်းကုန် ကြိုးစားမည့်သူ ဖြစ်၏။
အမှန်စင်စစ် လီလင်းလင်း၏ ရင်ထဲတွင် လျှို့ဝှက်ထားသော အတွေးတစ်ခု ရှိနေခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် တူညီသော ပစ္စည်းများကို ရောင်းချနေကြခြင်း ဖြစ်သဖြင့် လီလင်းလင်းသည် ချန်ချင်းယွီနှင့် တကယ်ပင် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေခြင်း ဖြစ်၏။
သူမသည် ရုပ်ရည်ပိုင်းတွင် ချန်ချင်းယွီလောက် မလှပသော်လည်း အခြားသော နေရာများတွင်မူ သူမအား အနိုင်ယူလိုစိတ် ရှိနေသည်။
တူညီတဲ့ ပစ္စည်းတွေကို ရောင်းနေကြတာပဲကို၊ ဘာဖြစ်လို့ သူမက ပိုပြီး အရောင်းအဝယ် ကောင်းနေရတာလဲ….
ဘာဖြစ်လို့လဲ…
ငါကလည်း သူမထက် အရည်အချင်း မနိမ့်ပါဘူး…
သူမသည် စိတ်ထဲမှ ဤကဲ့သို့ တွေးတောကာ ပြိုင်ဆိုင်လိုစိတ်များ အဆမတန် ပြင်းထန်နေမိ၏။
တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင်ပင် အပြင်ဘက်၌ တဒုန်းဒုန်းတဒိုင်းဒိုင်း ဆူညံသံများ စတင်ထွက်ပေါ်လာသည်။ အိမ်ပြင်ဆင်မွမ်းမံမည့် ပန်းရန်ဆရာများနှင့် အလုပ်သမားများအားလုံး ရောက်ရှိနေကြပြီဖြစ်ရာ ချန်ချင်းယွီသည်လည်း အချိန်ဆွဲမနေဘဲ ထလိုက်၏။ ယခုခေတ်ကာလဖြစ်၍သာ တော်တော့သည်ဟု ဆိုရမည်၊ အကယ်၍ ခေတ်သစ်လူမှုပတ်ဝန်းကျင်တွင်သာဆိုလျှင် လူတိုင်း ပိတ်ရက်၌ အိပ်ရေးဝဝ အိပ်ချင်ကြသဖြင့် ယခုကဲ့သို့ နံနက်အစောပိုင်း ဆူညံစွာ အလုပ်လုပ်ခြင်းမှာ ဒေါသအိုးပေါက်ကွဲစရာ ကိစ္စရပ်ပင် ဖြစ်သည်။
သေချာပေါက် အော်ဟစ်ဆဲဆိုခြင်း သို့မဟုတ် ဝိုင်းရိုက်နှက်ခြင်း ခံရပေလိမ့်မည်။
သို့သော် ဤခေတ်ကာလတွင်မူ လူတိုင်းသည် မနက်ဖြန်အတွက် ရုန်းကန်လှုပ်ရှားနေကြသော အလုပ်သမားလူတန်းစားများ ဖြစ်ကြသဖြင့် နံနက်အစောကြီး အိပ်ယာထလေ့ရှိကြရာ မည်သူမျှ စိတ်အနှောင့်အယှက် မဖြစ်ကြချေ။ အဘွားကြီးကျောက်နှင့် ကလေးနှစ်ယောက်စလုံးသည် အလုပ်သမားများကို ကြီးကြပ်ရန် အစောကြီး သွားနှင့်ကြပြီဖြစ်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မောင်နှမမှာလည်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကြ၏။
ချန်ချင်းယွီသည် မိသားစုထဲတွင် အနောက်ကျဆုံး ထလာသူဖြစ်သည်။ ရှောင်ကျား မိခင်ဖြစ်သူ အိပ်ယာထလာသည်ကို မြင်လျှင်
မြင်ခြင်း ကပျာကယာ လှမ်းပြောလိုက်၏။
"အမေ... မနက်စာ သွားဝယ်ထားတယ်နော်။ ဗီရိုထဲမှာ ထည့်ထားတယ်၊ အမေ အဆင်ပြေပြေ သုံးဆောင်လိုက်ပါ"
"အေးအေး... ဟုတ်ပြီ"
သူမ ပြန်ဖြေရင်း
"နင်တို့တွေ တော်တော်အစောကြီး ထကြတာပဲနော်"
"ဟီးဟီး... သမီးတို့ စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ဘူးလေ။"
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာသစ်၊ သန့်စင်ကာ ဝင်းအတွင်း၌ပင် မနက်စာကို ထိုင်စားနေခဲ့သည်။
အိမ်နီးနားချင်းများမှာလည်း အသွားအပြန် လှုပ်ရှားနေကြ၏။ အဘွားကြီးဟွမ်သည် ချန်ချင်းယွီ တစ်အိမ်လုံး၏ တံခါးဝတွင် ထိုင်ကာ ပဲနို့ဒိန်ချဉ် သောက်နေသည်ကို ကြည့်ရင်း စိတ်ထဲမှ မကျမနပ် ရေရွတ်လိုက်မိသည်။
ဒီမိန်းမကတော့ တကယ့်ကို ဖြုန်းတီးတတ်တဲ့ အသုံးအဖြုန်းကြီးမပဲ...
ငါ့သား ကျန်းရှင်းဖှကတော့ ဒီလိုမိန်းမမျိုးနဲ့ ဘယ်တော့မှ လက်မထပ်နိုင်ပါဘူး… အရင်တုန်းကတော့ ကြိုးစားပန်းစားနဲ့ ချွေတာတတ်တဲ့ပုံစံ ရှိပါရဲ့၊ အခုတော့ သူမရဲ့ ဇာတိရုပ်အမှန်က ပေါ်လာပြီပဲ…
အကောင်းဆုံးတွေကိုပဲ စားဖို့၊ သုံးဖို့ သိတော့တယ်… ဇွဲလုံ့လရှိတဲ့ စိတ်ဓာတ်ဖြစ်ဖြစ်၊ ချွေတာတတ်တဲ့ စိတ်ဓာတ်ဖြစ်ဖြစ် ဘာတစ်ခုမှ မရှိတော့ဘူး…
ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး…
ဒီလိုမိန်းမမျိုးကတော့ တကယ့်ကို အသုံးမကျတဲ့ ဖြုန်းတီးအရူးမပဲ…
အဘွားကြီးဟွမ် စိတ်ထဲမှ တတွတ်တွတ် ညည်းညူရင်း ချန်ချင်းယွီကို လုံးဝ အမြင်မကြည် ဖြစ်နေမိတော့သည်။
အမှန်အတိုင်းပြောရလျှင် အိမ်ထောင်ပြုမည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ဝင်းအတွင်း၌ သင့်တော်သော မိန်းကလေးဟူ၍ သိပ်မရှိလှချေ၊ မည်သည့်မိန်းကလေးမျှ သူမ၏ သားဖြစ်သူနှင့် မတန်တဆဟု ယူဆ၏။
သို့သော်လည်း တစ်ယောက်ယောက်ကို ရွေးချယ်ရမည်ဆိုလျှင် ယွမ်ဟောက်ရွှယ်သည်သာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ အနည်းဆုံးမူ သူမသည် မြို့ပြမိန်းကလေးတစ်ဦး ဖြစ်သည့်အပြင် အလုပ်အကိုင် အတည်တကျလည်း ရှိသည်။ သူမ၏ မိသားစုအခြေအနေမှာ အနည်းငယ် ရှုပ်ထွေးလှသည် ဆိုသော်လည်း မိမိသာ သေသေချာချာ စောင့်ကြည့်ထိန်းချုပ်ထားပါက လက်ခံနိုင်စရာ ရှိပေ၏။
အဘွားကြီးဟွမ်သည် ယွမ်မိသားစု၏ အိမ်တံခါးဝတွင် ရပ်လိုက်ရင်း အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"ဟောက်ရွှယ်... တနင်္ဂနွေနေ့ကြီးမှာ အိမ်ထဲမှာ ဘာလုပ်နေတာလဲ။ ငါ့သား ရှင်းဖာလည်း ဒီနေ့ အားတယ်လေ၊ အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ သားကို လာခေါ်ခိုင်းလိုက်မယ်။ ပန်းခြံထဲမှာ ပန်းတွေအများကြီး ပွင့်နေပြီလို့ ကြားတယ်၊ လှေလှော်ရင်း ပန်းပွင့်တွေ လိုက်ကြည့်ကြတာပေါ့၊ ဘယ်လောက်တောင် လှလိုက်မလဲ..."
ဒုတိယမြောက်ဝင်းထဲတွင် ထိုင်နေသော ချန်ချင်းယွီသည် ထိုအသံကျယ်ကြီးကြောင့် လန့်သွားရပြီး မိမိ၏ ထမင်းပန်းကန်ကို ကပျာကယာ ဆွဲကာ ရန်ပွဲကို လှမ်းကြည့်ရန် နောက်ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားတော့၏။
ဟီးဟီး...
ဒေါ်လေးမေ့၏ အိမ်ကို ဝယ်ယူပြီးကတည်းက ၎င်းတို့အနေဖြင့် ဝင်းအတွင်းရှိ ကိစ္စရပ်များကို သွားရောက်ရပ်ကြည့်နေရန် မလိုတော့ပေ။ အကြောင်းမှာ ဒေါ်လေးမေ့၏ အိမ်တွင် ဝင်းကြီးတစ်ခုလုံးကို တိုက်ရိုက် လှမ်းမြင်ရသော နောက်ဖေးပြတင်းပေါက်တစ်ခု ရှိနေသောကြောင့်တည်း။
အိမ်မှာ ဆေးသုတ်နေဆဲ၊ ပြုပြင်နေဆဲ အခြေအနေဖြစ်သော်လည်း ၎င်းတို့ ရန်ပွဲကြည့်ရှုရန်အတွက် အဟန့်အတား မဖြစ်စေရုံမျှမက ပို၍ပင် အဆင်ပြေနေ၏။
ချန်ချင်းယွီ ပြတင်းပေါက်တွင် ရပ်ကြည့်နေစဉ်မှာပင် အဘွားကြီးကျောက်သည်လည်း ဤကဲ့သို့သော ရန်ပွဲကို လက်လွတ်မခံနိုင်သဖြင့် ဘေးနားသို့ ကပျာကယာ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
အဘွားကြီးဟွမ်မှာမူ အခြေအနေကို သတိမပြုမိဘဲ ဆက်လက်၍
"ညည်းရဲ့ သမီးကလည်း အသက်မငယ်တော့ဘူး၊ အိမ်ထောင်ဖက် ရှာရမယ့်အရွယ် ရောက်နေပြီ။ ညည်းတို့ သိတဲ့ ယောကျ်ားကောင်းဆိုတာလည်း သိပ်ရှိတာ မဟုတ်ဘူး။ ငါ့သား ရှင်းဖှကတော့ တကယ့်ကို ယောကျ်ားကောင်း တစ်ယောက်ပါအေ..."
သူမ မိမိသားအကြောင်းကို ကောင်းချီးပေး၍ စကား ဆက်ပြောရန် ကြံရွယ်နေစဉ်မှာပင် ကျောက်ရုံသည် မကျေမနပ်ဖြစ်ကာ အိမ်ထဲမှ ထွက်လာပြီး ပြန်လည် တုံ့ပြန်လိုက်၏။
"အဘွားကြီးဟွမ်... နင် ဘာတွေ လာပြောနေတာလဲ။ ငါ့သမီး ဟောက်ရွှယ်သာ အိမ်ထောင်ပြုချင်တယ်ဆိုရင် လာပြီး လိုင်စင်ဝင်မယ့်လူတွေ တန်းစီနေတာပဲ။ ဒါပေမဲ့ သူမက အခုချိန်မှာ အလုပ်ကိုပဲ အာရုံစိုက်နေတာမလို့ အချစ်ရေးကို အလောတကြီး မစဉ်းစားသေးတာ။ နင်ပြောပုံအရဆို ငါ့သမီး ဟောက်ရွှယ်ကပဲ ယောကျ်ားမရနိုင်တော့တဲ့အတိုင်းပဲ။ ဒီလိုစကားမျိုးကို လျှောက်မပြောပါနဲ့၊ တကယ် စိတ်ပျက်စရာ ကောင်းတယ်"
"ကြည့်စမ်း... ကြည့်စမ်း... ငါက အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးအေ။ ငါက လူငယ်နှစ်ယောက် အချင်းချင်း ရင်းနှီးသွားအောင်၊ ပြီးတော့ အမြန်ဆုံး အိမ်ထောင်ကျပြီး ညည်းလည်း မြေးအမြန်ချီရအောင် စေတနာနဲ့ ပြောတာပါ"
အဘွားကြီးဟွမ် ချက်ချင်းပင် မိမိကိုယ်မိမိ မှန်ကန်ကြောင်း အတင်းအကျပ် ဆိုပြန်သည်။
သူမသည် အလွန်ကို မဆင်မခြင် ပြောဆိုနေခြင်း ဖြစ်၏။
ကျောက်ရုံမှာမူ အလွန်အမင်း ဒေါသထွက်သွားရသည်။
ဒါက ဘယ်လိုလူစားမျိုးလဲ…
မိမိ၏ သမီးပျိုလေးအား ကလေးတစ်ယောက်အဖေ၊ ကွာရှင်းထားသော ယောကျ်ား၊ ဤကဲ့သို့သော ကပ်စေးနှဲ ယောက္ခမမျိုးရှိသည့် နေရာသို့ ပို့ဆောင်ရန် ကြံစည်နေခြင်းမှာ အလွန်တရာ စော်ကားလွန်းလှပေသည်။ ကျောက်ရုံ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ပြတ်ပြတ်သားသား အော်ဟစ်လိုက်၏။
"အဘွားကြီးဟွမ်... ဟောက်ရွှယ်ရဲ့ သိက္ခာကို လာပြီး မဖျက်ဆီးပါနဲ့။ ဟောက်ရွှယ်သာ အိမ်ထောင်ပြုရင် လူပျိုသန့်သန့်ကိုပဲ ယူမှာ၊ ကြည့်စမ်း... ဘယ်လိုလုပ်ပြီး ဇာတ်ပျက်နေတဲ့ ကျန်းရှင်းဖှနဲ့ လာပြီး နှိုင်းယှဉ်ရတာလဲ။ ငါတို့က ဒါမျိုးကို မတန်မရာလို့ သတ်မှတ်တယ်။ နင်က ဘာဖြစ်လို့ ဒီလိုစကားမျိုးတွေကို ပြောရဲတာလဲ။ နင်တို့မှာ အရှက်တရားဆိုတာကော ရှိရဲ့လား"
အဘွားကြီးဟွမ်လည်း မခံမရပ်နိုင်ဖြစ်ကာ ဆဲရေးတိုင်းထွာလေတော့သည်။
"ငါ့သား ရှင်းဖှက ဘာဖြစ်နေလို့လဲ။ သူက တကယ့် ယောကျ်ားကောင်းပဲဟာကို... နင်က ဘာဖြစ်လို့ သူ့ကို အထင်သေးရတာလဲ။ ငါ အမှန်အတိုင်း ပြောရရင် ငါ့မိသားစုက နင့်မိသားစုကို အထင်မသေးတာပဲ တော်တော် ကံကောင်းနေပြီ။ နင့်မိသားစုက ဘယ်လိုမိသားစုလဲ။ နင်ကိုယ်တိုင်ကလည်း အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမ၊ နင့်သားကလည်း အတည်တကျ ရှိတာမဟုတ်ဘူး။ နင့်မိသားစုရဲ့ ကောက်ကျစ်တဲ့ မျိုးရိုးက မျိုးရိုးလိုက်နေတာလေ။ ရှင်းဖှက ဟောက်ရွှယ်ကို ရွေးချယ်တာကိုပဲ နင်တို့ နတ်ဦးတိုက် ရွှေထီးဆောင်းလှပြီ။ မဟုတ်ရင် နင့်သမီးကို ဘယ်သူက ယူရဲမှာလဲ၊ သူတို့ ခေါင်းပေါ်မှာ နွားတက်စားမှာကို မကြောက်ကြဘူးလား"
"နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ၊ နင်လို အဝတ်လျှော်တောင်း နှုတ်ခမ်းရှိတဲ့ မိန်းမကြီး... နင် ငါ့ကို စော်ကားတာကိုတော့ ငါ လက်ခံနိုင်တယ်၊ ဒါပေမဲ့ ဟောက်ဖုန်းနဲ့ ဟောက်ရွှယ်ကိုတော့ နင် လာပြီး မစော်ကားနဲ့။ သူတို့က တကယ့် ကလေးကောင်းတွေ၊ နင့်ရဲ့ စိတ်နှလုံးက ညစ်ပတ်စုတ်ပြတ်နေရုံနဲ့ အခြားလူတွေကို လာပြီး အကဲမဖြတ်နဲ့။ နင့်သားက ယောကျ်ားချင်း စိတ်ဝင်စားတဲ့လူလေ၊ ငါတို့က သူ့ကို မျက်စိထဲတောင် ထည့်မှာမဟုတ်ဘူး။ နင်တို့အိမ်ကို ဘယ်လို ငတုံးမလေးက လာပြီး အိမ်ထောင်ပြုမလဲ၊ ဒုက္ခရောက်မလဲဆိုတာ ငါ ထိုင်စောင့်ကြည့်နေမယ်။"
"နင်... နင်... နင်... ကျောက်ရုံ... ငါ နင်နဲ့ အသေအလဲ သတ်မယ်..."
အဘွားကြီးဟွမ်မှာ ဒေါသလွန်ကာ အသက်ရှူပင် မဝတော့ဘဲ ကျောက်ရုံထံသို့ ပြေးဝင်ရန် ကြံစည်ရာ၊ ကျောက်ရုံ အသာအယာ ရှောင်တိမ်းလိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းပင် ပြန်လည် တုံ့ပြန်လိုက်သည်။
"နင် ငါ့ကို လာထိရင်တော့ ငါ အားနာနေမှာ မဟုတ်ဘူးနော်၊ နင်တစ်ယောက်တည်းပဲ ရန်တွေ့ရဲတယ်လို့ မထင်နဲ့။ ငါ့မိသားစုမှာလည်း ယောကျ်ားတွေ ရှိသေးတယ်။ နင်လိုလူမျိုးကို ဘယ်သူမှ မနိုင်ဘူးလို့ ထင်နေတာလား။ နင်က ဘာကောင်မမို့လို့လဲ"
အဘွားကြီးဟွမ် : "နင်လို လင်ခိုးမ..."
ကျောက်ရုံ : "နင်လို ယောကျ်ားချင်း ကြိုက်တဲ့ သားရှိတဲ့ မိန်းမကြီး..."
အမျိုးသမီးနှစ်ဦးမှာ အပြန်အလှန် ဆဲဆိုနေကြသော်လည်း ထူးဆန်းသည်မှာ အဘွားကြီးဟွမ်သည် ပထမအကြိမ် ပြေးဝင်ပြီးနောက်တွင်မူ လက်ပါခြင်း မရှိတော့ချေ။
သူမ လုံးဝ ဦးနှောက်မရှိသူ မဟုတ်ပေ၊ မိမိတို့မိသားစုထက် ယွမ်မိသားစုမှာ လူအင်အား ပိုမိုများပြားသဖြင့် ရန်ဖြစ်ပါက မိမိဘက်မှ သေချာပေါက် နစ်နာလိမ့်မည်ဖြစ်ကြောင်း သိရှိ၏။
၎င်းတို့နှစ်ဦး အပြင်းအထန် ငြင်းခုံနေစဉ်မှာပင် ရှီရှောင်ဝေသည် ဝင်းအတွင်းသို့ ရုတ်တရက် ပြေးဝင်လာပြီး ဒေါသတကြီး အော်ဟစ်ကာ ကာကွယ်လေတော့သည်။
"အဘွားကြီးဟွမ်... ဟောက်ရွှယ်ရဲ့ ဂုဏ်သိက္ခာကို လာပြီး မဖျက်ဆီးပါနဲ့... ဟောက်ရွှယ်က တကယ့် လူကောင်းတစ်ယောက်ပါ၊ ခင်များက အကြောင်းမဲ့ ကောလာဟလတွေ လျှောက်လွှင့်လို့ မရဘူး... ခင်များလို ကောက်ကျစ်တဲ့ အဘွားကြီး၊ မကြာခင် ခင်များ ဝဋ်လိုက်လိမ့်မယ်..."
အဘွားကြီးဟွမ် နှာခေါင်းရှုံ့လိုက်ရင်း ရှုံ့ချလိုက်သည်။
"ကြည့်စမ်း... ကြည့်စမ်း... နင်ကတော့ ခွေးက ချေးပုံမြင်လို့ ပြေးဝင်ဟောင်သလိုပါပဲလား၊ ဒါပေမဲ့ သူမက နင့်ကို မျက်စိထဲတောင် ထည့်တာ မဟုတ်ဘူး။ ယွမ်ဟောက်ရွှယ်က နင့်ကို လှည့်တောင်မကြည့်ပါဘူးဟဲ့၊ နင့်မှာ ဘာရှိလို့လဲ။ အလုပ်လည်းမရှိ၊ အရည်အချင်းလည်းမရှိ၊ ပိုက်ဆံလည်းမရှိဘဲနဲ့ ငါ့သားကိုတောင် မမီပါဘူး။ ရှောင်ထောင်းတို့၊ နင့်ညီ ရှောင်ကွမ်းတို့ကို ကြည့်စမ်း... သူတို့က ပိုက်ဆံကို ရိုးရိုးသားသား ရှာတတ်ကြတယ်၊ နင်ကတော့ ဘာလဲ။ တောက်... နင်က အခုထိ လာပြီး ဟောင်နေတုန်းပဲ၊ နင်က ဘာကောင်မှ မဟုတ်ပါဘူး..."
ထိုအခါ လူစုကြီးမှာ တစ်ဖန် ပြန်လည် ဆူညံသွားပြီး ရှီရှောင်ဝေသည်လည်း ရန်ပွဲထဲသို့ ပါဝင်လာခဲ့၏။
သူသည် ယွမ်ဟောက်ရွှယ်အား မျက်နှာလိုမျက်နှာရဖြစ်စေရန် ကြိုးစားပန်းစားဖြင့် အော်ဟစ်ကာ ကာကွယ်ပေးနေရှာသည်။
"ခင်များလို အဘွားကြီး... ဟောက်ရွှယ်က တကယ့် လူကောင်းတစ်ယောက်ဗျ။ သူမက ဉာဏ်ကောင်းတယ်၊ အရည်အချင်းရှိတယ်၊ သိမ်မွေ့တယ်၊ လှပတယ်၊ တည်ငြိမ်တယ်... သူမက..."
"တော်ကြပါတော့..."
ယွမ်ဟောက်ရွှယ် နောက်ဆုံးတွင် အိမ်ထဲမှ ထွက်လာခဲ့ပြီး သူမသည် ဖြူစင်တောက်ပသော ဂါဝန်အရှည်တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။
ယခုအချိန်မှာ ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) ပြီးခါစဖြစ်သော ဧပြီလလယ်ခန့်သာ ရှိသေးသဖြင့် ဂါဝန်ဝတ်ဆင်ရန် ရာသီဥတုမှာ အလွန်စောလွန်းလှပေသည်။ ချန်ချင်းယွီကဲ့သို့သော သူပင်လျှင် ယနေ့နံနက်ခင်းတွင် ဂွမ်းခံအင်္ကျီအပါးတစ်ထည်ကို ဝတ်ဆင်ထားရဆဲ ဖြစ်၏၌
သို့သော် သူမမှာမူ ဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်။
ယနေ့တွင် ယွမ်ဟောက်ရွှယ်သည် အလွန်အမင်း လှပလွန်းနေပြီး မျက်ခုံး၊ မျက်တောင်များကို သေသေချာချာ ပြင်ဆင်ထားကာ ဆံပင်အရှည်ကြီးကို ပခုံးပေါ်သို့ ချရစ်ထားရင်း အနီရောင် ကလစ်လေးတစ်ချောင်းကို ဆင်မြန်းထား၍ သူမ၏ အဖြူရောင်ဂါဝန်နှင့် ကွက်တိကျနေပြီး ထိုခေတ်ကာလ၏ ခေတ်အဆန်းဆုံး သွင်ပြင်ကို ဖော်ဆောင်နေခဲ့၏။
သူမ၏ ပေါ်ထွက်လာမှုသည် ဖားပြုတ်လေး ရှီရှောင်ဝေကိုသာမက တိတ်တဆိတ် စောင့်ကြည့်နေကြသော အမျိုးသားအချို့၏ စိတ်အာရုံကိုပါ ချက်ချင်းပင် ဖမ်းစားသွားခဲ့ပြီး အားလုံးမှာ မျက်တောင်မခတ်ဘဲ ငေးမောကြည့်ရှုနေကြတော့သည်။
ချိုက်မင်မင်သည် မိမိ၏ ခင်ပွန်းဖြစ်သူ မာကျန်း၏ လက်မောင်းကို အားရပါးရ ဆိတ်ဆွဲလိုက်ရာ မာကျန်းမှာ "အာ့..." ဟု အော်ဟစ်သွားရ၏။
သူ ချိုက်မင်မင်၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ရှင်းပြရှာသည်။
"လူတိုင်းက အလှအပကို သဘောကျကြတာပဲလေ။ ငါက ဒီအတိုင်း ကြည့်လိုက်ရုံပါ၊ အခြားစိတ် ဘာမှမရှိပါဘူး။ ဒီလိုဝတ်ဆင်ထားတာမျိုးကို တစ်ခါမျှ မမြင်ဖူးလို့ပါ"
ချိုက်မင်မင်မှာ မိမိ၏ ခင်ပွန်းအား မျက်စောင်းခဲကာ ကြည့်နေခဲ့သည်။
စတုတ္ထမြောက်ဝင်းဘက်မှ ရန်ပွဲလာကြည့်သော ဝမ်တာ့ချွေမှာမူ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ရ၏။
အဘွားကြီးကျောက် တိုးတိုးလေး ညည်းညူရင်း
"ဒီယောကျ်ားတွေကို ကြည့်စမ်း... တစ်ယောက်မှ စိတ်ကို မထိန်းနိုင်ကြဘူး၊ တောက် တောက်... တကယ့်ကို နှာခေါင်းကြီးတဲ့ ဝက်တွေကျနေတာပဲ"
ချန်ချင်းယွီမှာမူ ထိုအခြင်းအရာကို ကြည့်ကာ သဘောကျစွာဖြင့် ခပ်တိုးတိုး ရယ်မောနေမိတော့သည်။
ယွမ်ဟောက်ရွှယ်သည် မိမိ၏ ပြင်ဆင်မွမ်းမံထားသော သွင်ပြင်အပေါ် အလွန်အမင်း ကျေနပ်အားရနေသော်လည်း ဝင်းအတွင်းရှိ အမျိုးသားများကိုမူ စိုးစိမျှ အရေးမစိုက်ချေ။ သူမ လေသံကို ခပ်အေးအေး ထားသော်လည်း ပြတ်သားစွာဖြင့်
"ကျွန်မအတွက်နဲ့ ရန်မဖြစ်ကြပါနဲ့။ ရှင်တို့ ဘာတွေးနေလဲဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ ဒီဝင်းထဲကလူနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး။ တို့တွေအားလုံးက တစ်အိမ်တည်းသားတွေလို အတူတူ ကြီးပြင်းလာကြတာလေ။ ဘာပဲဖြစ်ဖြစ် ရှင်းဖှကိုလည်း အစ်ကိုတစ်ယောက်လို သဘောထားသလို ရှောင်ဝေ နင့်ကိုလည်း အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာ။ မောင်နှမအချင်းချင်း ရည်းစားဖြစ်တယ်ဆိုတာ ရှင်တို့ မြင်ဖူးလို့လား။ ကျွန်မ စိတ်ထဲမှာ ဒါမျိုး တစ်ခါမှ မတွေးဖူးသလို ဘာအထင်လွဲမှုမှလည်း မဖြစ်စေချင်ဘူး။ ကျွန်မအစ်ကိုနဲ့ လင်းလင်းတို့လည်း မောင်နှမလို နေခဲ့ကြတာပဲ၊ အခု ကြည့်စမ်း... ဘယ်လောက်တောင် ပြဿနာတွေ တက်ကုန်ကြပြီလဲ... ဒါကြောင့် ကျွန်မ အဲဒီလို မဖြစ်ချင်ဘူး၊ ရှင်တို့နဲ့လည်း နောက်ထပ် အဆက်အသွယ် မလုပ်တော့ဘူး။ သူများတွေ အထင်လွဲရင် မကောင်းဘူးလေ"
သူမ စကားကို ခေတ္တရပ်လိုက်ပြီးနောက် ပွင့်လင်းစွာ ပြောချလိုက်၏။
"ကျွန်မမှာ ရည်းစားရှိနေပြီ"
"ဘာ..."
ရှီရှောင်ဝေ မယုံကြည်နိုင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး
"မင်း ဘာပြောလိုက်တာလဲ။ အခု ဘာပြောလိုက်တာလဲ။ မင်းမှာ ရည်းစားရှိနေပြီ ဟုတ်လား။ မင်း လိမ်နေတာ..."
ယွမ်ဟောက်ရွှယ် : "ကျွန်မ မလိမ်ပါဘူး။ ကျွန်မမှာ တကယ်ပဲ ရည်းစားရှိနေပြီ။ မကြာသေးခင်ကမှ ဆုံခဲ့ကြတာ၊ အခြေအနေတွေ အေးဆေးသွားရင် သူ့ကို အိမ်ခေါ်လာခဲ့မယ်။ ရှင်တို့ကို အထင်မလွဲစေချင်လို့သာ အမှန်အတိုင်း ပြောပြလိုက်တာ"
"ဘယ်သူလဲ။ အဲဒါ ဘယ်သူလဲ။ ပြောစမ်းပါဦး ဟောက်ရွှယ်ရယ်... မင်း ငါ့အပေါ် ဘယ်လိုလုပ်ပြီး ဒီလို ရက်ရက်စက်စက် လုပ်ရက်ရတာလဲ... ငါ မင်းကို သဘောကျနေတာ မင်းအသိပဲလေ၊ မင်း သိရဲ့သားနဲ့..."
ရှီရှောင်ဝေသည် အလွန်အမင်း စိတ်လှုပ်ရှား တုန်လှုပ်သွားရပြီး ယွမ်ဟောက်ရွှယ်၏ လက်မောင်းကို ဆွဲကိုင်ရန် ရှေ့သို့ တိုးလာခဲ့သည်။ ထိုအခါ ကျောက်ရုံ ချက်ချင်းပင် သူ့ကို တွန်းထုတ်လိုက်ပြီး
"နင် ဘာလုပ်တာလဲ။ ဘာဖြစ်လို့ ငါ့သမီးကို လာထိဖို့ ကြံနေတာလဲ။ ငါ့သမီးက သူမမှာ ရည်းစားရှိတယ်လို့ ပြောပြီးပြီပဲ၊ နင်တို့နှစ်ယောက်က မသင့်တော်ဘူး၊ လုံးဝ မကိုက်ညီဘူး။ နင်တို့နှစ်ယောက် မသင့်တော်ဘူးလို့ ငါ ဘယ်နှစ်ခါတောင် ပြောရမလဲ၊ ဘာလို့ နားမထောင်တာလဲ။ အချစ်ဆိုတာ အတင်းအကျပ် တောင်းလို့ရတဲ့အရာ မဟုတ်ဘူးဆိုတာ နင် နားမလည်ဘူးလား"
"အား... အားးး... အားးး..."
ရှီရှောင်ဝေသည် ရုတ်တရက် ကောင်းကင်ကြီးကို မော့ကြည့်ကာ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးလေတော့၏။
"မြေကြီးသက်သေ၊ ကောင်းကင်အသိပါဗျာ၊ ကျွန်တော့်ကို ကြည့်လိုက်ကြပါဦး... မတရားလိုက်တာဗျာ..."
ဘေးလူများ : "..."
ရှီရှောင်ဝေ : "ငါ ဟောက်ရွှယ်ကို ဆယ်ကျော်သက်အရွယ် ကတည်းက သဘောကျလာတာ၊ ဆယ်စုနှစ်တစ်ခုမက ရှိနေပြီပဲဟာကို၊ ဘာဖြစ်လို့... ဘာဖြစ်လို့ ငါ့ကို အခွင့်အရေး တစ်ခါလေးတောင် မပေးရတာလဲ... ဘုရားသခင်... မတရားတဲ့ ဘုရားသခင်ကြီးပဲ၊ ခင်ဗျား ကျွန်တော့်ကို လုံးဝ မကြည့်ဘူးပဲ။ ဘာဖြစ်လို့ ကျွန်တော့်အပေါ် ဒီလို လုပ်ရက်ရတာလဲ"
ယွမ်ဟောက်ရွှယ် : "ရှောင်ဝေ..."
"ဟောက်ရွှယ်... မင်း ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး ငါ့နှလုံးသားကို ဒီလောက်တောင် နာကျင်အောင် လုပ်ရက်ရတာလဲ။ မင်း ငါ့ကို တကယ် စိတ်ပျက်စေတယ်။ အဲဒီကောင်နဲ့ လမ်းခွဲလိုက်ပါ၊ အခုချက်ချင်း လမ်းခွဲလိုက်စမ်းပါ၊ ဒါဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးနိုင်ပါတယ်..."
ယွမ်ဟောက်ရွှယ် : “…”
တောက်... သောက်ဖားပဲ၊ နင့်ရဲ့ ခွင့်လွှတ်မှုကို ဘယ်သူက လိုချင်လို့လဲ… ငါ နင့်ကို ဘယ်တော့မှ လက်မထပ်နိုင်သလို နင်လို အသုံးမကျတဲ့ အမှိုက်ကောင်ကိုလည်း လုံးဝ ယူမှာမဟုတ်ဘူး…နင်က ဘာကောင်မို့လို့လဲ…
သို့သော် သူမသည် ရှီရှောင်ဝေအား ပိုမိုဒေါသထွက်အောင် မပြုလုပ်တော့ဘဲ နှုတ်မှမူ
"ရှောင်ဝေ... တို့တွေ တကယ် မသင့်တော်ပါဘူး။ အခုချိန်မှာ နင် လက်မခံနိုင်ဘူးဆိုတာ ငါ နားလည်ပါတယ်၊ ဒါပေမဲ့ တို့တွေကြားမှာ တကယ်ကို နည်းလမ်းမရှိတော့တာပါ..."
သူမမျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားရင်း
"ဒါကို... ဒါကို ရေစက်မပါဘူးလို့ပဲ သဘောထားလိုက်ပါတော့"
သူမ မိမိ၏ လက်ကိုင်အိတ်ကလေးကို စက်ဘီးခြင်းတောင်းထဲသို့ ထည့်လိုက်ရင်း
"ကျွန်မ အပြင်သွားတော့မယ်"
"ဟောက်ရွှယ်..."
ရှီရှောင်ဝေ အားရပါးရ အော်ဟစ်လိုက်တော့သည်။
သူ၏ အော်ဟစ်သံကြောင့် ချန်ချင်းယွီပင် တုန်လှုပ်သွားရပြီး လက်ထဲမှ ထမင်းပန်းကန်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။
ဒီကောင်က ချုံယောင်ရဲ့ ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်နေတာလား…
သူ့အသံမှာ ကျယ်လွန်းလှသည်။
သို့သော် အခြားလူများကို ကြည့်လိုက်သည့်အခါတွင်မူ အားလုံးတည်ငြိမ်နေကြဆဲ ဖြစ်၏။ ချန်ချင်းယွီ မိမိကိုယ်မိမိ အတွေ့အကြုံ နုနယ်သေးကြောင်း သဘောပေါက်လိုက်မိသည်။
"ရှောင်ဝေ... အဲဒီမိန်းမကို လှမ်းမခေါ်နဲ့... အဲဒီလို အသည်းမာပြီး အပြောင်းအလဲမြန်တဲ့ မိန်းမစားမျိုး... မင်းက သူမနဲ့ အတူတူရှိချင်ရင်တောင် ငါက လုံးဝ ခွင့်မပြုနိုင်ဘူး..."
အစ်မကြီးဖန်သည် မိမိ၏ သားဖြစ်သူ အနိုင်ကျင့်ခံနေရသည်ကို မကြည့်ရက်သဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။
"လာ... အမေနဲ့အတူ အိမ်ပြန်ရအောင်။ ငါတို့မိသားစုက ဒီလိုမိန်းမမျိုးကို လုံးဝ အလိုမရှိဘူး။"
ကျောက်ရုံ မကျေမနပ်ဖြစ်ကာ ပြန်လည် အော်ဟစ်လိုက်၏။
"နင် ဘယ်သူ့ကို လာဆဲနေတာလဲ။ နင်က ဘာကောင်မမို့လို့လဲ။ ငါ့သမီးက စိတ်သဘောထား မတိုက်ဆိုင်လို့ ငြင်းလိုက်တာပဲ ရှိတာ။ နင့်မိသားစုကို လာပြီး ဒုက္ခပေးနေတာမှ မဟုတ်တာ။ နင်က ဘာပိုင်ခွင့်ရှိလို့ ငါ့သမီးကို လာဆဲရတာလဲ"
အစ်မကြီးဖန်သည် သားဖြစ်သူ၏ လက်ကို ဆွဲကိုင်လိုက်ရင်း
"အမေနဲ့ အိမ်ပြန်ရအောင်"
သူမသည် ကျောက်ရုံကို စကားနိုင်လု၍ ရမည်မဟုတ်ကြောင်း သိရှိ၍ မငြင်းတော့ပေ။
ရှီရှောင်ဝေ : "လွှတ်... လွှတ်စမ်းပါ... အားးး... အားးး..."
သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ထပ်မံ အော်ဟစ်နေပြန်သည်။ ချန်ချင်းယွီမှာမူ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရပြီး မိမိသည် တကယ်ပင် အတွေ့အကြုံ နုနယ်လွန်းသေးကြောင်း တွေးမိတော့၏။
သူမသည် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ရင်း ထမင်းပန်းကန်ကို ယောက္ခမဖြစ်သူထံ ကမ်းပေးလိုက်ကာ
"အမေ... သမီး အိမ်သာ ခဏသွားဦးမယ်"
ထိုအော်ဟစ်သံကြီးများကြောင့် သူမပါ အိမ်သာ သွားချင်စိတ် ပေါက်လာခဲ့ရသည်။
အဘွားကြီးကျောက် : "..."
ချန်ချင်းယွီ ပွဲအလယ်မှ ထွက်ခွါလာခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦးအနေဖြင့် သူမ ရှိနေခြင်း၊ မရှိခြင်းမှာ မည်သူမျှ သတိထားမိမည် မဟုတ်ပေ။
ဤဝင်းကြီးအတွင်း၌ လီလင်းလင်းမှလွဲ၍ မည်သူမျှ သူမကို စောင့်ကြည့်နေခြင်း မရှိပေ။
သို့သော် လီလင်းလင်းသည်လည်း ထိုရန်ပွဲကိုပင် အာရုံစိုက် ကြည့်ရှုနေခဲ့သည်။
ချန်ချင်းယွီ အိမ်သာသွားရန် အပြင်သို့ ထွက်လာခဲ့ရာ ယွမ်ဟောက်ရွှယ်သည် စက်ဘီးကို တွန်းရင်း အလွန်အမင်း နှေးကွေးစွာ လမ်းလျှောက်နေသည်ကို တွေ့ရ၏။
ပုံစံအရ... တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသည့်အလား...
သူမ ပြောခဲ့သော စကားများမှာ သာမန် လေလုံးထွားခြင်း မဟုတ်ပေ။
စက်ဘီးရှိပါလျက်နှင့် မစီးဘဲ ဤမျှ နှေးကွေးစွာ လမ်းလျှောက်နေခြင်းမှာ...
အပြင်သို့ ထွက်လာသူမှာ ချန်ချင်းယွီ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ယွမ်ဟောက်ရွှယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ချန်ချင်းယွီမှာ နှုတ်ဆက်သည့်သဘောဖြင့် ခေါင်းကို ပြီးစလွယ် ညိတ်ပြလိုက်ပြီး အိမ်သာဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ ယွမ်ဟောက်ရွှယ်ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ရင်း နှေးကွေးစွာ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။
ချန်ချင်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိပြီး မိမိတို့ဝင်းကြီးမှာ နေ့စဉ်နှင့်အမျှ မည်မျှ စည်ကားသိုက်မြိုက်နေသည်ကို အံ့ဩမိနေ၏။
ရန်ပွဲကြည့်ရသည်မှာ ပျော်စရာကောင်းလှသော်လည်း ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည့်အပြင် ဆိုင်လည်း ထွက်ရဦးမည် ဖြစ်သည်။
ယနေ့တွင် အဘွားကြီးကျောက်သည် အလုပ်သမားများကို ကြီးကြပ်ခြင်း မပြုတော့ဘဲ ဝင်းကြီး၏ တံခါးဝအနီး၌ ဆိုင်ထွက်ရန် ပြင်ဆင်နေခဲ့၏။ ပိုက်ဆံရှာသည့် အလုပ်မှာ ရန်ပွဲကြည့်ရသည်ထက် ပို၍ အရေးကြီးသည်သာ…
ချန်ချင်းယွီ မိမိဘာသာ တတွတ်တွတ် ရေရွတ်ရင်း အိမ်သာထဲမှ ထွက်လာခဲ့ကာ အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့အနေဖြင့် နောက်ထပ် ပြဿနာ ရှာကြတော့မည် မဟုတ်ဟု ထင်မှတ်ထားစဉ်... ဟမ်..
ချန်ချင်းယွီ ဘေးဘီဝဲယာကို အမှတ်မထင် လှမ်းကြည့်လိုက်ရာ အမျိုးသားအိမ်သာအနီးရှိ ထောင့်ချိုးတစ်ခုတွင် ယွမ်ဟောက်ရွှယ်၏ စက်ဘီးကို တွေ့လိုက်ရ၏။ ချန်ချင်းယွီ လန့်ဖြန့်သွားရပြီး အနည်းငယ် အံ့ဩသွားမိသည်။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း အသာအယာ လှည့်ကာ အများသုံးအိမ်သာ၏ နောက်ကွယ်သို့ လှမ်းကြည့်လိုက်စဉ် သေချာပေါက်ပင် အိမ်သာနောက်ဘက် မလှမ်းမကမ်းတွင် ယွမ်ဟောက်ရွှယ်နှင့် ရှီရှောင်ဝေတို့ နှစ်ဦး ရပ်ကာ စကားပြောနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ရှီရှောင်ဝေသည် သူမနောက်သို့ တကောက်ကောက် လိုက်လာခဲ့ခြင်း ဖြစ်ပေမည်။
ချန်ချင်းယွီ နားစွင့်ရန် ကြိုးစားလိုက်သော်လည်း ယွမ်ဟောက်ရွှယ်မှာ တကယ်ပင် ပါးနပ်လှပြီး အမျိုးသမီးအိမ်သာအတွင်းရှိ လူများကို သတိထား စောင့်ကြည့်နေသဖြင့် ယခုရပ်နေသော နေရာမှဆိုလျှင် ဘာသံမျှ မကြားရချေ။ ထို့ကြောင့် ချန်ချင်းယွီသည် အိမ်သာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကာ အမျိုးသားအိမ်သာနှင့် အနီးဆုံး ဖြစ်သော အတွင်းဘက်အကျဆုံး အခန်းသို့ သွားရောက်၍ နံရံပေါ်သို့ တက်ပြီး အပေါ်ဘက်ရှိ လေဝင်လေထွက် ပြတင်းပေါက်ငယ်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဤနေရာသည် ယခင်နေရာထက် ပိုမိုနီးကပ်လှ၏။
သေချာပေါက်ပင် ယခုအကြိမ်တွင်မူ ၎င်းတို့၏ စကားသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရတော့သည်။
ယွမ်ဟောက်ရွှယ်သည် ရှီရှောင်ဝေအား မျက်ဝန်းအစုံ နီမြန်းလျက် ကြည့်နေခဲ့ပြီး သူမ၏ လေသံမှာ အနည်းငယ် တုန်ရင်နေကာ ငိုတော့မည့်အလား ရှိနေသည်။
ယွမ်ဟောက်ရွှယ် : "ရှောင်ဝေ... ငါ နင်နဲ့ တကယ် အတူတူမရှိနိုင်တော့ဘူး။ နောက်ကို ငါ့ကို လာမရှာပါနဲ့တော့၊ မဟုတ်ရင် ငါ စိတ်မထိန်းနိုင်ဘဲ နင့်ကို ပိုချစ်မိသွားမှာ၊ ပြီးတော့ ငါ့ရဲ့ နှလုံးသား ကွဲကြေရမှာကို တကယ် ကြောက်လို့ပါ..."
ရှီရှောင်ဝေ : "မင်း ငါ့ကို သဘောကျနေတာပဲဟာ၊ မင်း..."
သူသည် ယွမ်ဟောက်ရွှယ်၏ လက်ကို ဆွဲကိုင်လိုက်ရာ ယွမ်ဟောက်ရွှယ် အတင်းအကျပ် ရုန်းကန်ဖယ်ရှားလိုက်ပြီး လက်ကို နောက်ကျောတွင် ဝှက်ထားလိုက်ကာ ထူးခြားသော ခွန်အားများဖြင့် ပြတ်သားစွာ ဆိုလိုက်သည်။
"ငါ့ကို မထိပါနဲ့"
"မင်း ငါ့ကို သဘောကျနေတာ သိသာနေတာပဲ၊ တို့တွေက ငယ်သူငယ်ချင်းတွေလေ၊ အချင်းချင်းလည်း ချစ်နေကြတာပဲကို၊ ဘာဖြစ်လို့လဲ..."
"နင့်ရဲ့ အမေကြောင့်လေ..."
ယွမ်ဟောက်ရွှယ်သည် မျက်နှာကို မော့လိုက်ရာ မျက်ရည်များ စီးကျလာခဲ့ပြီး
"အားလုံးက နင့်အမေကြောင့်ပဲ။ နင့်အမေ ရှိနေသရွေ့ နင် ငါနဲ့ အတူတူ မရှိနိုင်ဘူး။ ရှောင်ဝေ... ဒီလိုပြောတာ တကယ်ကို မိဘမရိုသေရာ ရောက်မှန်း သိပါတယ်၊ ဒါပေမဲ့ ငါ့မှာ တကယ်ကို ရွေးချယ်စရာ လမ်းမရှိလို့ပါ။ ငါ့မှာလည်း မိသားစု ရှိသေးတယ်လေ။ နင့်အမေက ငါ့အမေကို အမြဲတမ်း အထင်သေးရုံတင်မကဘူး ငါ့ကိုပါ အောက်ခြေလွတ်အောင် အထင်သေးတာ။ ငါ နင်နဲ့ အတူမရှိနိုင်ဘူး။ တကယ်လို့ ငါ နင်နဲ့ အတူရှိနေရင် အဲဒါက နင့်အမေက ငါ့အမေရဲ့ ဂုဏ်သိက္ခာကို ခြေတော်တင် နင်းခြေတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ သူမက အခုတင် ငါ့အမေကို အထင်သေးနေတာ၊ တကယ်လို့ ငါကပဲ သူမရဲ့ ချွေးမဖြစ်ဖို့ အတင်းတိုးဝင်မယ်ဆိုရင် သူမက ငါတို့ မိသားစုကို ပိုပြီးတော့တောင် နှိမ်ဦးမှာ။ ငါတို့ မိသားစုကို အဲဒီလို အခြေအနေမျိုး အရောက်မခံနိုင်ဘူး။ ပြီးတော့ နင့်အမေက ငါ့ကို တကယ် သဘောကျတာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ငါ့အကြောင်း မကောင်းပြောသလို ငါနဲ့ ငါ့မိသားစုကိုလည်း အမြဲ ကျိန်ဆဲနေတာ။ တကယ်လို့ ငါသာ နင့်အိမ်ကို ချွေးမအဖြစ် ရောက်သွားရင် ဘယ်လောက်တောင် နှိပ်စက်ခံရမလဲဆိုတာ ဘယ်သူသိမှာလဲ။ ယောက္ခမက ချွေးမကို နှိပ်စက်တယ်ဆိုတာ တို့တွေ အများကြီး မြင်ဖူးတာပဲ၊ ဒေါ်လေးဝမ်လို နူးနူးညံ့ညံ့နဲ့ အဆိပ်ခတ်တဲ့လူမျိုးပဲဖြစ်ဖြစ်၊ ဒေါ်လေးကျောက်လို ဆဲရေးတိုင်းထွာတတ်တဲ့လူမျိုးပဲဖြစ်ဖြစ် ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါ သိတယ်။ ဒါကြောင့် ငါ မတတ်နိုင်ဘူး။ ငါ နင့်အမေရဲ့ ချွေးမဖြစ်ပြီး အနှိပ်စက်ခံရမယ့်အစား ခဏတဖြုတ်ပဲ နာကျင်ခံစားလိုက်တာက ပိုကောင်းပါတယ်။"
သူမ ဆက်လက်၍ အသည်းကွဲမတတ် စကားများကို ဆိုလေသည်။
"ငါတို့ မိသားစုက လူတွေအားလုံးက စိတ်ပျော့ကြတယ်၊ နင့်အမေကတော့ မာနကြီးပြီး ဗိုလ်ကျစိုးမိုးတတ်တယ်။ တို့တွေ အတူတူရှိသွားရင် ဘယ်လောက်တောင် ဒုက္ခရောက်ကြမလဲဆိုတာ မတွေးရဲအောင်ပဲ။ ရှောင်ဝေ... ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား မေးကြည့်စမ်းပါ၊ နင့်အမေက ပေါင်းသင်းရလွယ်တဲ့လူလား။ သူမက ကိုယ့်ရဲ့ သမီးအရင်းဖြစ်တဲ့ နင့်အစ်မကိုတောင် ဒီလောက် ရက်ရက်စက်စက် ဆက်ဆံတာ၊ သူမ သိပ်သဘောမကျတဲ့ ချွေးမတစ်ယောက်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဒါကြောင့် ငါ အဲဒီလမ်းကို လုံးဝ လျှောက်မှာမဟုတ်ဘူး။ ဒီဘဝမှာ အချစ်က အရေးကြီးဆုံးအရာ မဟုတ်ပါဘူး။ နင့်အမေရဲ့ လက်ခုပ်ထဲက ရေဖြစ်ပြီး နှိပ်စက်ခံရမယ့်အစား ငါ နင့်ကို စွန့်လွှတ်ပြီး အချစ်ကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်"
ရှီရှောင်ဝေ စိတ်လှုပ်ရှားစွာဖြင့်
"ငါ မငမးကို ကာကွယ်ပေးမှာပါ၊ ငါ့အမေ မင်းကို အနိုင်ကျင့်ဖို့ လုံးဝ ခွင့်မပြုပါဘူး၊ ငါ့ကို ယုံကြည်လိုက်ပါ၊ မင်း..."
ယွမ်ဟောက်ရွှယ် ခေါင်းကို ခါယမ်းလိုက်ရင်း
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး... နင် ကငါ့ကို ကာကွယ်ပေးပြီး အကောင်းဆုံး ဆက်ဆံပေးမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ နင်က ငါ့အတွက်နဲ့ မိခင်ဖြစ်သူကို ပြန်လည်ဆန့်ကျင်ရင် လူတွေက နင့်ကို ဘယ်လိုပြောကြမလဲ။ သူတို့က နင့်ကို မိဘမရိုသေတဲ့လူ၊ လူဆိုးလို့ ပြောကြလိမ့်မယ်။ နင့်ကို အဲဒီလို အခြေအနေမျိုး အရောက်မခံနိုင်ဘူး။ ဒါကြောင့် ငါ့ကိုပဲ အတ္တကြီးတဲ့မိန်းမလို့ သတ်မှတ်လိုက်ပါတော့။ ငါက မိမိကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ အတ္တသမားမလို့..."
"မဟုတ်ဘူး၊ မင်းက ငါ့အတွက် တွေးပေးနေတာဆိုတာ ငါသိပါတယ်၊ မင်း ငါ့ကို သဘောကျနေတာ ငါသိတယ်၊ ငါသိတယ်၊ ငါ တကယ်ပဲ မင်းကို ကာကွယ်ပေးမှာပါ..."
"မရဘူး... လုံးဝ မဖြစ်နိုင်ဘူး... အချစ်ကလေး တစ်ခုအတွက်နဲ့ နင့်ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်ဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါကပဲ ကိုယ့်အကြောင်းကိုယ်ပဲ တွေးတတ်တဲ့ အတ္တကြီးပြီး မကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ အခုကစပြီး ငါ့ကို မကောင်းတဲ့မိန်းမလို့ သတ်မှတ်ပြီး မုန်းတီးလိုက်ပါတော့။ နောက်ကို ငါ့ကို လာမရှာပါနဲ့တော့၊ တို့တွေ အတူတူရှိဖို့ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ နင် ငါ့ကို ထပ်ပြီး အတင်းအကျပ် တောင်းဆိုရင် ငါ အခုချက်ချင်းပဲ အိမ်ထောင်ပြုလိုက်မယ်။"
"ဟောက်ရွှယ်..."
ရှီရှောင်ဝေ သူမအား နာကျင်စွာ စိုက်ကြည့်ရင်း
"ဘာဖြစ်လို့ ဒီလိုစကားမျိုး ပြောရတာလဲ။ မင်းက အဲဒီလို မိန်းမမျိုးမဟုတ်မှန်း ငါသိပါတယ်"
ဟောက်ရွှယ် : "ငါ တကယ်ပဲ နင့်အမေကို ကြောက်တာပါ၊ ပြီးတော့ နင်က ငါ့ကြောင့်နဲ့ အမေဖြစ်သူကို ရန်သူဖြစ်သွားမှာကိုလည်း မလိုလားဘူး။ တို့တွေ အတူတူမရှိနိုင်တာကပဲ အကောင်းဆုံး ရလဒ်ပါပဲ၊ ရှောင်ဝေ... တို့တွေကြားမှာ ရေစက်မပါဘူးလို့ပဲ သတ်မှတ်လိုက်ရအောင်။"
သူမသည် မျက်ရည်များကို သုတ်လိုက်ရင်း
"နောက်ကို နင့်အမေရဲ့ စကားကို နားထောင်ပြီး သူမကို သေသေချာချာ ပြုစုစောင့်ရှောက်ပေးနိုင်မယ့်လူကိုပဲ ရှာလိုက်ပါတော့"
"ငါ မင်းတစ်ယောက်တည်းကိုပဲ သဘောကျတာ..."
ရှီရှောင်ဝေသည် ယွမ်ဟောက်ရွှယ်အား အတင်းအကျပ် ဆွဲပွေ့ရန် ကြိုးစားသော်လည်း ယွမ်ဟောက်ရွှယ်က စိတ်ဓာတ်ခိုင်မာဟန် ပြုလုပ်လိုက်ရင်း
"နောက်ကို နင့်ကို မြင်ရင် သာမန် အိမ်နီးနားချင်းတစ်ယောက်လိုပဲ ဆက်ဆံတော့မယ်"
ရှီရှောင်ဝေ : "မင်း ငါ့ကို သဘောကျနေတာ သိသာနေတာပဲဟာ။"
"သဘောကျတော့ကော ဘာဖြစ်လဲ။ နင့်အမေ ရှိနေသရွေ့ တို့တွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
"နောက်ကို တို့တွေက အိမ်နီးနားချင်းတွေပဲ"
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ထပ်လောင်း အတည်ပြုလိုက်ကာ ရှီရှောင်ဝေအား နာကျင်စွာ တစ်ချက် စိုက်ကြည့်ပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ အမြန်ဆုံး လှည့်ထွက်သွားခဲ့တော့သည်။
ရှီရှောင်ဝေ : "ဟောက်ရွှယ်..."
ယွမ်ဟောက်ရွှယ်သည် စက်ဘီးကို ခပ်သွက်သွက်လေး တွန်းကာ လမ်းကြားထဲမှ ထွက်လာခဲ့ပြီးနောက် သူမ၏ ရင်ထဲမှ နာကျင်ခံစားရမှုများကို အသာအယာ ဖိနှိပ်လိုက်ရင်း နှာခေါင်းတစ်ချက် ရှုံ့ကာ ရန်ငြိုးတကြီး ရေရွတ်လိုက်၏။
"ဖန်မျိုးရိုးမိန်းမကြီး... နင်က ငါ့ကို အထင်သေးပြီးတော့ ငါ့အပေါ် လာပြီး လှည့်ကွက်ဆင်ချင်တာ ဟုတ်လား။ အခု ဘာဖြစ်သွားလဲဆိုတာ ထိုင်စောင့်ကြည့်လိုက်ဦး... ဟင်း... နင့်ရဲ့ အဖိုးတန်သားက အခုတော့ နင့်ကို နာကျည်းသွားပြီလေ၊ ဒါက နင့်အတွက် ငါပေးတဲ့ လက်ဆောင်အကြီးကြီးပဲ..."
အမှန်စင်စစ် သူမသည် ရှီရှောင်ဝေကို စိုးစိမျှ သဘောကျခြင်းမရှိသော်လည်း ၎င်းအချက်မှာ သူမအား ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ သရုပ်ဆောင်ရန်အတွက် အဟန့်အတားမဖြစ်စေခဲ့ပေ။
အစ်မကြီးဖန် သူမအပေါ် လှည့်ကွက်ဆင်လိုသဖြင့် သူမဘက်မှ ယခုကဲ့သို့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်းကို အပြစ်ဆို၍ မရနိုင်ချေ။
အစ်မကြီးအချစ်ဆုံးက ဒီသားဖြစ်သူ မဟုတ်ပါလား…
ဟဲဟဲ...
နောင်တစ်ချိန်တွင် ရှီရှောင်ဝေသည် မိမိ၏ စစ်မှန်သော အချစ်စစ်ကြီးမှာ မိခင်ဖြစ်သူကြောင့် ပျက်စီးသွားခဲ့ရသည်ကို ပြန်လည်တွေးမိတိုင်း မိခင်အပေါ် နာကျည်းစိတ်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း သူမ သေချာပေါက် ယုံကြည်နေခဲ့သည်။
ယွမ်ဟောက်ရွှေ စက်ဘီးကို စီးနင်းကာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ကျေနပ်အားရစွာဖြင့် ထွက်ခွါသွားခဲ့တော့၏။ ချန်ချင်းယွီ သူမ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပုံကို မမြင်တွေ့လိုက်ရသော်လည်း ရှီရှောင်ဝေတစ်ယောက် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မြေကြီးကို လက်သီးဖြင့် ထုရိုက်ရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးနေသည်ကိုမူ အတိုင်းသား မြင်လိုက်ရသည်။
"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲဗျာ..."
ချန်ချင်းယွီ - ........
ဒီကောင်က ယွမ်ဟောက်ရွှယ်ရဲ့ ဟန်ဆောင်သရုပ်ဆောင်မှုတွေက ဘယ်လောက်တောင် အတုအယောင်ဖြစ်နေလဲဆိုတာ လုံးဝ မရိပ်မိဘူးလား…
ချန်ချင်းယွီ ယွမ်ဟောက်ရွှယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပုံနှင့် သူမ၏ စီမံကိန်းများကို မသိရှိခဲ့သော်လည်း ယွမ်ဟောက်ရွှယ်၏ သရုပ်ဆောင်မှုမှာ အမှန်တကယ် အတုအယောင်ကြီး ဖြစ်နေသည်ဟု ခံစားမိနေဆဲ ဖြစ်၏။
နှစ်ပေါင်းများစွာ အိမ်နီးနားချင်းအဖြစ် နေထိုင်လာခဲ့ကြသူများဖြစ်ရာ ယွမ်ဟောက်ရွှယ် ရှီရှောင်ဝေကို သဘောကျသည်ဟူသော စကားကို သူမ လုံးဝမယုံကြည်ချေ၊ အားလုံး ဟန်ဆောင်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
သူမသည် လျှာတစ်ချက်သပ်ကာ ခေါင်းကို တခါခါဖြင့် ရှီရှောင်ဝေ၏ "ချုံယောင်ဇာတ်လမ်းထဲက မင်းသား" ကဲ့သို့ အမူအရာကို ကြည့်ကာ အံ့ဩမိတော့သည်။ ထို့နောက် သူမကိုယ်တိုင်လည်း နံရံပေါ်မှ ပြန်လည်ဆင်းသက်ကာ အိမ်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်ခဲ့၏။
ယွမ်ဟောက်ရွှယ် ဤကဲ့သို့ တမင်သက်သက် လုပ်ဆောင်နေခြင်းမှာ ထင်ရှားလှပေသည်။
ဘာဖြစ်လို့ပါလိမ့်…
အိမ်သို့ မရောက်မီမှာပင် ချန်ချင်းယွီ သဘောပေါက်သွားခဲ့သည်၊ အကြောင်းမှာ မိခင်နှင့် သားအကြား သွေးခွဲရန်အတွက် ဖြစ်ပေ၏။ ယွမ်ဟောက်ရွှယ်သည် အစ်မကြီးဖန်ကို တကယ်ပင် မုန်းတီးနေခြင်းဖြစ်ပြီး မိခင်နှင့် သားအကြား စိတ်ဝမ်းကွဲပြားစေရန် ကြံစည်နေခြင်း ဖြစ်သည်။ ထို့ပြင် အစ်မကြီးကိုလည်း နောက်ဆုံးအနေဖြင့် တစ်ချက် ပညာပြလိုက်ခြင်းပင် ဖြစ်၏။
ဤအရာမှာ ရေရှည်စီမံကိန်းတစ်ခုလည်း ဖြစ်နိုင်ပေသည်။
ချန်ချင်းယွီ ပခုံးတစ်ချက် တွန့်လိုက်မိပြီး ဤအတင်းအဖျင်းသတင်းကို ကြားသိခဲ့ရသော်လည်း စိတ်ထဲတွင် သိပ်ပြီး အလေးအနက် မထားတော့ချေ။ သို့သော် ယွမ်မိသားစုဝင်များထဲတွင် မည်သူမျှ အလွယ်တကူ ရင်ဆိုင်၍ရသော လူများမဟုတ်ကြောင်းကိုမူ သူမ ဝန်ခံရပေလိမ့်မည်။
ချန်ချင်းယွီ အိမ်သို့ ပြန်ရောက်လာသောအခါ အဘွားကြီးကျောက်မှာ
"နင် အိမ်သာထဲကို ပြုတ်ကျသွားတာလားလို့ ငါ အောက်မေ့နေတာ... နင် လိုက်မှာလား၊ မလိုက်ဘူးလား။ ဒီနေ့က တနင်္ဂနွေနေ့မလို့ လူတွေအများကြီး စည်ကားနေလိမ့်မယ်။ အစောကြီး ထွက်သွားကြရအောင်"
"ဟုတ်ကဲ့ အမေ"
သူမ ပြန်ဖြေလိုက်ပြီး ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံးသည် မိမိတို့ လမ်းခွဲအတိုင်း အသီးသီး ထွက်ခွာသွားကြတော့သည်။ ယနေ့သည် ကြီးကြပ်ကွပ်ကဲမည့်သူ မရှိသော ရှားရှားပါးပါး နေ့တစ်နေ့ဖြစ်သဖြင့် ပန်းရံဆရာများနှင့် အလုပ်သမားများမှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ကြ၏။
သို့သော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာမူ ခုံပုလေးများကို ဆွဲကာ တံခါးဝတွင် ထိုင်နေကြပြန်သည်။
ပန်းရံဆရာ ; "..."
ဒါက မျိုးရိုးလိုက်တဲ့ စောင့်ကြည့်ကြီးကြပ်မှုပဲလား…
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ အတူမသွားသည်ကို မြင်လိုက်ရသောအခါ လီလင်းလင်းသည် ချန်ချင်းယွီ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူမနောက်သို့ ကပျာကယာ လိုက်ပါသွားတော့သည်။
သူမသည်လည်း စက်ဘီးတစ်စီးကို စီးနင်းထားပြီး ထိုစက်ဘီးမှာ ယွမ်ဟောက်ဖုန်း၏ စက်ဘီးဖြစ်၏။ ဤအချက်ကို တွေးမိသည့်အခါ သူမ၏ ရင်ထဲတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားမိတော့သည်။
ဟောက်ဖုန်းက ငါ့အပေါ် တကယ်ကို စစ်မှန်တာပဲ။ သူ့ရဲ့ အဖိုးတန်စက်ဘီးကိုတောင် ငါ့ကို ပေးစီးထားတယ်။ ဒါက ငါ့အပေါ်ထားတဲ့ သူ့ရဲ့ သံယောဇဉ်ကို ပြသနေတာပဲ။
လီလင်းလင်းသည် စိတ်ထဲမှ ဆက်လက်၍ …
ဟောက်ဖုန်း ပြောတာ မှန်ပါတယ်… ငါ အိမ်ကိုရအောင် တိုက်ပွဲဝင်ရမယ်… ဘာပဲဖြစ်ဖြစ် အဖေက လျိုကျင့်တို့ဆီမှာ နေထိုင်နေသလို အမေကလည်း အဲဒီကို ပြောင်းသွားပြီဖြစ်လို့ သူတို့ နေထိုင်ဖို့အတွက် ပူစရာမလိုတော့ဘူး… ဒီအိမ်ကို ငါ့ကိုပဲ ပေးသင့်တာပေါ့… ငါတို့ လက်ထပ်ပြီး ကလေးမွေးလာတဲ့အခါ ဒီအိမ်ကို ကလေးအတွက် အခြေချစရာ နေရာတစ်ခုအဖြစ် ချန်ထားပေးလို့ရတာပဲ… အိမ်တွေ အများကြီးရှိတာကို ဘယ်သူက မုန်းမှာလဲ…
ငါ့ရဲ့ မောင်လေး မမွေးသေးခင် အခွင့်အရေးကို အသုံးချပြီး အဖေနဲ့အမေကို ဖျောင်းဖျပြီး အိမ်ကို ငါ့နာမည်နဲ့ အရင်ဆုံး လွှဲပြောင်းခိုင်းထားတာက ပိုကောင်းလိမ့်မယ်၊ ဒါမှ နောင်တစ်ချိန်မှာ ငါ့အတွက် ပိုပြီး စိတ်ချရမှာ…
မဟုတ်ရင် မောင်လေး မွေးလာပြီးတဲ့အခါကျရင် အဖေက သဘောတူချင်မှ တူတော့မှာ…
ဟောက်ဖုန်းကတော့ ငါ့အပေါ်မှာ တကယ့်ကို အကောင်းဆုံးလူသားပဲ၊ ငါ့ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး တွေးပေးရှာတယ်…
လီလင်းလင်းသည် စိတ်ကူးယဉ်အတွေးများ ကမ္ဘာလှည့်နေစဉ် ချန်ချင်းယွီ လမ်းကွေ့တစ်ခုသို့ ကွေ့ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားရပြီး နံရံကို ဝင်တိုက်လုနီးပါး ဖြစ်သွားကာ စက်ဘီးဘရိတ်ကို ကပျာကယာ ဖမ်းလိုက်ရသည်။
ဝူးးး...
သေချာပေါက်ပင် လူဟူသည် အာရုံများလွန်းပါက အမှားအယွင်း ဖြစ်တတ်သည်ဖြစ်ရာ၊ သူမသည် မိမိကိုယ်မိမိ ချက်ချင်း ပြန်လည်ထိန်းကျောင်းလိုက်ပြီး အမြန်ဆုံး ပြန်လည် လိုက်ပါသွား၏။
ချန်ချင်းယွီ ရှီချာဟိုင်တွင် ယခင်အတိုင်း ဆိုင်ဖွင့်လှစ်လိုက်သည်။ သူမ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လူငယ် လေးငါးယောက်ခန့် ကပျာကယာ ပြေးဝင်လာကြပြီး
"မမ ရောက်လာပြီပဲ... ကျွန်တော်တို့ ဒီမှာ စောင့်နေတာ မနက်အစောကြီး ကတည်းကဗျာ..."
"ရှင်တို့က တော်တော်အစောကြီး ရောက်နေကြတာပဲနော်။ ပိတ်ရက်တွေမှာ အိပ်ရေးဝဝ မအိပ်ကြဘူးလား"
ချန်ချင်းယွီ ရယ်မောကာ မေးလိုက်သည်။
"မအိပ်ပါဘူးဗျာ... ဒီလောက် ရာသီဥတုကောင်းနေတာကို ဘာဖြစ်လို့ အိပ်ယာထဲမှာ အချိန်ဖြုန်းရမှာလဲ။"
လူစုကြီးသည် ပစ္စည်းများကို ချက်ချင်းပင် လိုက်လံကြည့်ရှုကြတော့သည်။ ၎င်းတို့အနက် တစ်ဦးမှာ မေးမြန်းလိုက်၏။
"ကျွန်တော်တို့ အဝတ်အစားတစ်စုံ ဝယ်ချင်ပါတယ်၊ ဒါပေမဲ့ ဆံပင်ကလစ်တွေ၊ ကပ်ပြားတွေကိုတော့ မလိုချင်ဘူးဗျာ။ အဲဒီအစား မျက်နှာသုတ်ပုဝါတစ်ထည်ကို အလကား ပေးလို့ရမလား"
ချန်ချင်းယွီ : "ဒါကတော့..."
"မမကလည်း ကြည့်ပါဦး၊ မမရဲ့ ဆံပင်အလှဆင်ပစ္စည်းတွေကလည်း မျက်နှာသုတ်ပုဝါထက် မနည်းပါဘူးဗျာ။ ကျွန်တော်တို့ကို မျက်နှာသုတ်ပုဝါလေးတစ်ထည်ပဲ လက်ဆောင်ပေးလိုက်ပါ"
"ဟုတ်တယ်ဗျာ၊ ဟုတ်တယ်၊ ကျွန်တော်တို့လို ယောကျ်ားကြီးတွေက ဆံပင်ကလစ်တွေ သုံးရမှာ မဟုတ်ဘူးလေ။"
ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ရင်း
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မျက်နှာသုတ်ပုဝါကို လက်ဆောင်ပေးပါ့မယ်။ တကယ်တော့ ဆံပင်အလှဆင်ပစ္စည်းတွေကလည်း အလွန်လှပါတယ်နော်၊ ရှင်တို့ သဘောကျတဲ့ မိန်းကလေးတွေကို လက်ဆောင်ပေးလို့ ရတာပဲဥစ္စာ"
"ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အဲဒီလို ပေးရဲမှာလဲဗျာ။"
ချန်ချင်းယွီ : "ဘာရှက်စရာ လိုလို့လဲ။ ရှင်တို့က လက်ဆောင်မပေးရင် သူတို့က ရှင်တို့ရဲ့ စိတ်ကူးကို ဘယ်လိုလုပ် သိမှာလဲ"
"ဒါလည်း ဟုတ်တာပဲနော်။"
ထိုသို့ ပြောဆိုနေကြသော်လည်း လူပျိုလူစုသည် မျက်နှာသုတ်ပုဝါများကိုသာ ရွေးချယ်ဝယ်ယူသွားကြတော့သည်။
အမှန်စင်စစ် ချန်ချင်းယွီထံတွင် မူလ၌ မျက်နှာသုတ်ပုဝါများ မရှိခဲ့ချေ၊ သူမသည် ထိုပစ္စည်းများကို မှာယူထားခြင်း မရှိခဲ့ဘဲ ချိုက်မင်မင်ထံတွင်သာ ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ချိုက်မင်မင်သည်လည်း တီရှပ်အင်္ကျီအချို့ကို ဝယ်ယူလိုကာ ရင်းနှီးသည့်အလျောက် အရင်းဈေးဖြင့် ပေးရန်မှာ မသင့်တော်သကဲ့သို့၊ ပုံမှန်ပေါက်ဈေးအတိုင်း ယူရန်မှာလည်း ချန်ချင်းယွီဘက်မှ အားနာနေခဲ့၏။
ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် ပစ္စည်းအချင်းချင်း လဲလှယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် အဝတ်အစားအချို့ကို ပေးကာ မျက်နှာသုတ်ပုဝါများ၊ စွပ်ကျယ်အင်္ကျီများ၊ ဘောင်းဘီတိုများနှင့် ခြေအိတ်များကို လဲလှယ်ယူခဲ့၏။
သူမသည် ဘောင်းဘီတိုများနှင့် ခြေအိတ်များကို မိမိကိုယ်တိုင် သုံးစွဲရန် ချန်ထားခဲ့ပြီး မျက်နှာသုတ်ပုဝါများကိုမူ အခြားသော အဝတ်အထည်များ ရောင်းချသည့်အခါ အပိုလက်ဆောင်အဖြစ် ပေးရန်အတွက် အသုံးချခဲ့ခြင်း ဖြစ်ပေသည်။
ချိုက်မင်မင်သည် မာမိသားစုဝင် တစ်ယောက်ချင်းစီအတွက်သာမက နေရပ်ဟောင်းရှိ ဆွေမျိုးသားချင်းများအတွက်ပါ ပစ္စည်းချင်း လဲလှယ်ယူခဲ့ခြင်း ဖြစ်၏။ သူမသည် မိမိ၏ ခဲအိုဖြစ်သူအတွက် ဂျင်းဘောင်းဘီတစ်ထည်ကိုပင် လဲလှယ်ခဲ့သေးသည်။ ထို့ကြောင့်ပင် ချန်ချင်းယွီတွင် ဝယ်သူများကို လက်ဆောင်အဖြစ် ပေးရန်အတွက် မျက်နှာသုတ်ပုဝါ အမြောက်အမြား ရှိနေခြင်း ဖြစ်ပေသည်။
ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ စတင်ကတည်းကပင် အလွန်ကောင်းမွန်လှသဖြင့် လီလင်းလင်းမှာ ကြည့်ရင်းနှင့်ပင် အဆမတန် မနာလိုဖြစ်လာရ၏။
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း စိတ်ထဲမှ မကျေမနပ်ဖြစ်ကာ ‘အရောင်းအဝယ်ကောင်းတာ မဆန်းပါဘူးအေ၊ သူများတွေကို အလကား လက်ဆောင်တွေ လျှောက်ပေးနေတာကိုး’ ဟု တွေးလိုက်မိသည်။
သို့သော် သူမကိုယ်တိုင်မူ ထိုကဲ့သို့ လိုက်လံမပေးနိုင်ချေ။
လီလင်းလင်း ရင်ထဲတွင် အနည်းငယ် ပူပန်လာရပြီး ချန်ချင်းယွီမှာ ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများ၊ အောက်လမ်းနည်းစနစ်များကို အသုံးပြုနေသည်ဟု ယူဆကာ ဒေါသလည်း ထွက်မိသည်။
ပစ္စည်းတွေကို အလကားပေးပြီး လူတွေကို ဆွဲဆောင်တာက ဘာအရည်အချင်းမလို့လဲ၊ တကယ်သာ တော်တယ်ဆိုရင် ဘာပစ္စည်းမှ လက်ဆောင်မပေးဘဲ ရောင်းပြပါလား...
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် သစ်ပင်တစ်ပင်အောက်သို့ သွားကာ မိမိ၏ ပစ္စည်းများကို ချလိုက်ပြီး ဘောင်းဘီများကို ဖြန့်ခင်းလိုက်တော့သည်။
သူမ ချန်ချင်းယွီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထပ်မံ၍ စိုက်ကြည့်နေမိပြန်၏။
၎င်းတို့နှစ်ဦးမှာ မလှမ်းမကမ်းတွင် ရှိနေကြသဖြင့် ချန်ချင်းယွီသည်လည်း လီလင်းလင်းကို သဘာဝအတိုင်း မြင်တွေ့ရသော်လည်း သွားရောက်၍ နှုတ်ဆက်ခြင်း မပြုချေ။
လီလင်းလင်းမှာမူ နှုတ်ခမ်းကို ကိုက်ရင်း ချန်ချင်းယွီ အလုပ်ရှုပ်နေသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ချန်ချင်းယွီ အနီးနားရှိ ဆိုင်တစ်ဆိုင်ထံမှ စင်တစ်ခုကို ယူလာပြီး သူမ၏ ဂျင်းဘောင်းဘီများနှင့် အဝတ်အစားများကို အပြင်သို့ ထုတ်ကာ ချိတ်ဆွဲလိုက်၏။ အဝတ်အစား ငါးစုံခန့်ကို ထိုစင်ပေါ်တွင် သေသေချာချာ ချိတ်ဆွဲပြသထားသည်ကို ပထမအမြင်ဖြင့်ပင် လှပစွာ တွေ့မြင်နိုင်ပေသည်။
ထိုစင်မှာ ဝါးလုံးများဖြင့် စည်းနှောင်ထားသော စင်တစ်ခုဖြစ်ပြီး ချန်ချင်းယွီသည် ပုံမှန်အားဖြင့် အိမ်သို့ ပြန်သယ်လေ့မရှိဘဲ အနီးနားရှိ ဆိုင်များတွင်သာ အပ်နှံထားလေ့ရှိ၏။ သူမသည် လီလင်းလင်းကို ယခင်က မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ဆံပင်ကလစ်တစ်ခု ပေးခဲ့ဖူးသော်လည်း လီလင်းလင်းမှာမူ ထိုပစ္စည်းများကို ထိုအတိုင်းသာ ပစ်ထားခဲ့သည်။ သို့သော် ယခုအခါ ချန်ချင်းယွီ ပစ္စည်းများကို စနစ်တကျ ဖြန့်ခင်းပြသထားသဖြင့် လီလင်းလင်း၏ ပုံစံနှင့်ယှဉ်လျှင် သာလွန်ကောင်းမွန်ကာ သပ်ရပ်လှပနေသည်မှာ အမှန်ပင် ဖြစ်သည်။
ချန်ချင်းယွီကိုယ်တိုင်လည်း အဝတ်အစားကို သေသေချာချာ ဝတ်ဆင်ပြင်ဆင်ထားသည်။ ရာသီဥတုမှာ အလွန်အမင်း ပူအိုက်ခြင်း မရှိသေးသဖြင့် ချန်ချင်းယွီသည် ဆွယ်တာအင်္ကျီအောက်တွင် တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ကို ဘေးတစ်ဖက်သို့ အသာအယာ သပ်ချထားကာ အနီရောင် ကွက်စိပ်ခေါင်းစည်းကွင်းလေးကို အလိုက်သင့် ဆင်မြန်းထား၏။
သူမသည် ခေတ်ဆန်သော်လည်း သိမ်မွေ့လှပသော သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။
ယခုခေတ်ကာလတွင် မည်မျှပင် ခေတ်ဆန်သည်ဟု ဆိုစေကာမူ ချန်ချင်းယွီ လွန်လွန်ကဲကဲ ဝတ်ဆင်ခြင်းမျိုး လုံးဝမပြုလုပ်ပေ။
ဤကဲ့သို့သော ကွာခြားချက်များသည်ပင် အရောင်းအဝယ်အပေါ် သက်ရောက်မှု ရှိစေ၏။
ချန်ချင်းယွီကိုယ်တိုင် နမူနာဝတ်ဆင်ပြထားသည့်အပြင် အဝတ်အစား အများအပြားကိုလည်း ချိတ်ဆွဲပြသထားသဖြင့် အားလုံး ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ကြသည်။ ဤအခြင်းအရာမှာ လီလင်းလင်း၏ ကြမ်းပြင်ပေါ်တွင် ပစ္စည်းများကို ပုံထားခြင်းနှင့် လုံးဝ ကွာခြားလှ၏။ ပစ္စည်းများ ရောင်းချသည့်အခါတွင်ပင် ပတ်ဝန်းကျင် အနေအထားနှင့် အသွင်အပြင်မှာ အလွန်အရေးကြီးသည် မဟုတ်လော့။
လီလင်းလင်းမှာ သာမန်၊ အရောင်မှိန်မှိန် အဝတ်အစားများကိုသာ ဝတ်ဆင်ထား၏။
ဤအဝတ်အစားများမှာ ရောင်းရန်အတွက်သာဖြစ်ပြီး သူမကိုယ်တိုင် ဝတ်ဆင်ရန်အတွက်မူ ဘယ်သောအခါမျှ စိတ်ကူးမရှိခဲ့ချေ။
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ချန်ချင်းယွီကို စိုက်ကြည့်နေမိသည်။ သူမသည် ဤနေရာသို့ လာရောက်ကာ နည်းလမ်းများကို လေ့လာခြင်း သို့မဟုတ် ဘေးနားတွင် ကပ်၍ ရောင်းချခြင်းဖြင့် မိမိ၏ အရောင်းအဝယ် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် ချန်ချင်းယွီနှင့် ယှဉ်လိုက်သည့်အခါတွင်မူ သူမ၏ အရောင်းအဝယ်မှာ ပုံမှန်ထက်ပင် ပိုမိုဆိုးဝါးသွားခဲ့ရသည်။ သူမ၏ ဆိုင်နားတွင် မည်သည့်လူတစ်ယောက်မျှ ရှိမနေချေ။
"မြေခွေးမ..."
စိတ်ထဲမှ မဝန်ခံချင်သော်လည်း လီလင်းလင်းသည် ချန်ချင်းယွီ တကယ်ပင် လှပသည်ဟု တွေးမိနေ၏။
သူတို့နှစ်ဦးစလုံး ပစ္စည်းတူတူ ရောင်းနေကြခြင်း ဖြစ်သော်လည်း လူအချို့မှာ ချန်ချင်းယွီ လှပသောကြောင့်သာ သူမထံသို့ သွားရောက်ကြခြင်း ဖြစ်သည်ဟု ယူဆသည်။ ထုတ်ကုန်ချင်းမှာ အတူတူပင်ဖြစ်သော်လည်း မိမိ၏ ပစ္စည်းများကိုမူ မည်သူမျှ လှည့်ပင် မကြည့်ကြပေ။
သူမက လှပတော့ကော ဘာဖြစ်လဲ။ သူမက မုဆိုးမတစ်ယောက်ပဲဟာကို၊ ဘယ်သူကမှ လိုချင်မှာ မဟုတ်ပါဘူး……
လီလင်းလင်း စိတ်ထဲမှ မနာလိုစွာ တတွတ်တွတ် ရေရွတ်လိုက်သည်။
ချန်ချင်းယွီခမျာ သူမ ဘာတွေးနေသည်ကို လုံးဝမသိရှိချေ။ ဤမိန်းကလေးသည် မိမိ၏ ဆိုင်နားတွင် လာရောက်ကာ အရောင်းအဝယ်ကို လာလုနေခြင်းဖြစ်ရာ၊ သူမအနေဖြင့် လီလင်းလင်းအား ဖော်ရွေသော မျက်နှာပြစရာ အကြောင်းမရှိပေ။ မည်သူမဆို စီးပွားရေး လုပ်ပိုင်ခွင့်ရှိသည် ဆိုသော်လည်း လီလင်းလင်း၏ တမင်သက်သက် အနားသို့ ကပ်လာပြီး မိမိ၏ အရောင်းအဝယ်ကို မှီခိုလိုသော ပုံစံမှာ တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပေသည်။
သူမသည် အလျော့ပေးတတ်သော သူမျိုးမဟုတ်ပေ။
အမှန်စင်စစ် ချန်ချင်းယွီသည် တော်တော်လေး ဒေါသကြီးသူဖြစ်ပြီး ရန်ငြိုးကိုလည်း မှတ်ထားတတ်သူ ဖြစ်၏။ မဟုတ်ပါက သူမသည် ချန်ရိကျွင်းအပေါ် ချက်ချင်းပင် ကလဲ့စားချေရန် ကြံစည်ခဲ့လိမ့်မည် မဟုတ်ချေ။ ဥပဒေအရ အရေးယူ၍ မရနိုင်လျှင်ပင် ချန်ရိကျွင်းအား စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်လိုသူ ဖြစ်သည်။
သူမ လီလင်းလင်းအပေါ် တစ်စုံတစ်ရာ မပြုလုပ်သေးခြင်းမှာ လီလင်းလင်းမှာ ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်မလာသေးသောကြောင့် ဖြစ်သော်လည်း အကယ်၍ လီလင်းလင်း သူမအား လာရောက်ရန်စပါက ချန်ချင်းယွီသည် သေချာပေါက် လက်တွန့်နေမည် မဟုတ်ပေ။
သို့သော်လည်း ချန်ချင်းယွီအနေဖြင့် ပို၍ တွေးတောနေခြင်းသာ ဖြစ်ပေသည်။ လီလင်းလင်း၏ စရိုက်အရ သူမသည် ရှေ့မှောက်တွင် မျက်နှာချင်းဆိုင် ပြဿနာရှာရန် လုံးဝရဲလိမ့်မည် မဟုတ်ချေ။ အနီးနားတွင် ဆိုင်လာဖွင့်ပြီး တိတ်တဆိတ် စောင့်ကြည့်လေ့လာခြင်းမှာ သူမအတွက် အရဲစွန့်ဆုံးသော လုပ်ရပ် ဖြစ်၏။ သူမ နောက်ထပ် ပို၍ လုပ်ရဲမည် မဟုတ်ချေ...
လီလင်းလင်း ချန်ချင်းယွီဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ ဆိုင်တွင် လူအုပ်ကြီးမှာ လှိုင်းတံပိုးများကဲ့သို့ တစ်သုတ်ပြီးတစ်သုတ် လာရောက်နေကြသည်ကို တွေ့ရသည်။
ဘာဖြစ်လို့လဲ သိလား…
လီလင်းလင်း ရှိနေခြင်းမှာပင် ချန်ချင်းယွီအတွက် ပိုမိုကောင်းမွန်သော နှိုင်းယှဉ်ချက် ဖြစ်သွားစေသဖြင့် လူတိုင်း ချန်ချင်းယွီထံတွင်သာ ပိုမိုဝယ်ယူလိုကြခြင်း ဖြစ်သည်။
ဤဘက်ရှိ ဆိုင်ရှင်မလေးမှာ စိတ်သဘောထားကောင်းပြီး စကားပြောဆိုရလွယ်ကူသည့်အပြင် ဈေးလည်း လျှော့ပေးတတ်ကာ ပစ္စည်းအများကြီးဝယ်ပါက လက်ဆောင်များပင် ပေးတတ်သည်။ ဘေးနားရှိ မိန်းကလေးထံတွင်မူ ဘာမျှမရှိပေ။
မနက်ခင်း အရောင်းအဝယ် ပိုမိုစည်ကားလာသည့်အခါတွင်မူ လူအချို့မှာ လီလင်းလင်း၏ ဆိုင်ဘက်သို့လည်း လာရောက်ကာ ဈေးနှုန်းများကို စတင်မေးမြန်းလာကြသည်။ ပထမအမြင်အရ ဘေးနားရှိဆိုင်လောက် ဆွဲဆောင်မှုမရှိသော်လည်း လူအများ ဈေးနှုန်းမေးမြန်းကြခြင်းမှာ ပိုမိုသက်သာသော ရွေးချယ်မှု ရှိမလားဟူသော အတွေးဖြင့် ဖြစ်၏။
သို့သော်လည်း...
ဈေးနှုန်းလာရောက်မေးမြန်းသော အမျိုးသမီးငယ်တစ်ဦးသည် မျက်လုံးများကို ပြူးလိုက်ရင်း
"ရှင် ရောင်းတဲ့ဈေးက ဘေးကဆိုင်ထက် ပိုများနေတာပဲ။ နေပါဦး... ဘာဖြစ်လို့လဲ"
လီလင်းလင်း ပြန်လည်၍ ပြတ်ပြတ်သားသား ဆိုလိုက်သည်။
"ဈေးချင်း တူတူပါပဲရှင်... ကြည့်ပါဦး... အားလုံးက အတူတူပါပဲ။ ကျွန်မဟာကလည်း ဂျင်းဘောင်းဘီတွေပါပဲ။ ဒါတွေက တောင်ပိုင်းကလာတာမလို့ အသားက တကယ့်ကို ခိုင်ခံ့ပြီး တစ်သက်လုံး ဝတ်လို့ရတယ်"
ထိုအမျိုးသမီးငယ်မှာ ဆွံ့အသွားရပြီး
"ဈေးချင်းက တူတူဆိုပေမဲ့ ဘေးကဆိုင်မှာက ဈေးဆွေးနွေးလို့ရတယ်လေ။ ၅၀ ပြားဒါမှမဟုတ် တစ်ယွမ်လောက် ဈေးလျှော့ပေးကြတာ။ ပြီးတော့ အင်္ကျီနဲ့ ဘောင်းဘီ တစ်စုံလိုက်ဝယ်ရင် ဆံပင်ကလစ်ကိုတောင် လက်ဆောင်ပေးသေးတယ်"
လီလင်းလင်း : "ကျွန်မ... ကျွန်မကတော့... ဒီလောက် တန်ဖိုးကြီးတဲ့ ဘောင်းဘီကို ဝယ်နိုင်ပြီးမှတော့ တစ်ယွမ် ဒါမှမဟုတ် ပြား ၈၀ လောက် ပိုပေးရတာ ဘာဆန်းလို့လဲ"
သူမသည် ဘာပြန်ပြောရမှန်း တကယ်ကို မသိရှာပေ။
ထိုအမျိုးသမီးငယ်မှာလည်း ပြောစရာ စကားမရှိအောင် ဖြစ်သွားရရှာ၏။
သူမ နှုတ်ခမ်းကို မဲ့လိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်သွားတော့သည်။
သူမသည် မူလ၌ ဤဆိုင်တွင် လူမရှုပ်သဖြင့် ပစ္စည်းရွေးချယ်ရ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ပို၍ပင် ဈေးကြီးနေသေးသည်။ သူမသည် အလွန်အမင်း စိတ်ပျက်သွားရပြီး ….
ဒီမိန်းကလေးက ကြည့်ရတာ ရိုးရိုးသားသားပုံစံ ရှိပါရဲ့၊ ပစ္စည်းရောင်းတဲ့နေရာမှာကျတော့ လုံးဝမရိုးသားဘူး…ဘေးကဆိုင်က မိန်းကလေးနဲ့ မိုးနဲ့မြေလိုပဲ…အနည်းဆုံးတော့ သူမက ရိုးရိုးသားသား ပြောဆိုတတ်ပြီး ပေါင်းသင်းရတာ ပိုအဆင်ပြေတယ်။
အမှန်စင်စစ် လူတို့၏ သွင်ပြင်လက္ခဏာဟူသည် လှည့်စားတတ်သည် မဟုတ်လော့...
ပိုက်ဆံရှိရင်တောင်မှ လူတိုင်းရဲ့ ပိုက်ဆံက အလကားရတာမှ မဟုတ်တာ… နည်းနည်းလောက် ချွေတာလို့ရမယ့်နေရာမှာ ဘာဖြစ်လို့ ပိုက်ဆံကို ပိုပြီး အကုန်အကျခံရမှာလဲ… တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ...
ဒီတစ်ယွမ်လေးနဲ့ဆိုရင် အသားကျင်းဝက် ဝယ်လို့ရတာပဲဥစ္စာ...
ဒီပိုက်ဆံနဲ့ အိမ်မှာ ဝက်သားနီချက် ချက်စားလိုက်တာက ပိုပြီး မကောင်းဘူးလား… သူမကတော့ တကယ်ကို ပိုက်ဆံကို စနစ်တကျ မသုံးစွဲတတ်တဲ့ မိန်းမပဲ...
ထိုအမျိုးသမီးငယ်၏ ဖြစ်ရပ်အပြီးတွင် အခြားသော လူအချို့သည်လည်း လာရောက်ကြပြီး အဆုံး၌ အားလုံး မျက်စောင်းခဲကာ ထွက်ခွါသွားကြ၏။
သူမက ဘယ်လိုသတ္တိမျိုးနဲ့ ဈေးနှုန်းကို ပိုတောင်းရဲတာလဲ… အံ့ဩပါရဲ့… နားကိုမလည်နိုင်ဘူး…
ပြီးတော့ စျေးရောင်းပါတယ်ဆို မျက်နှာပုပ်ကြီးနဲ့ ထိုင်နေသေးတယ်… နင့်လင်သေလို့လား…
သွားကြစို့... သွားကြစို့... ဒါမျိုးကို ဘယ်သူက ဝယ်မှာလဲ.....
လီလင်းလင်းသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ရသည်။
ချန်ချင်းယွီ... အဲဒီ အောက်တန်းကျတဲ့ ချန်ချင်းယွီ...
နင်က အမြဲတမ်း အောက်လမ်းနည်းလမ်းတွေကိုပဲ သုံးတတ်တာပဲ…နင် တကယ်ပဲ တော်တယ်ဆိုရင် ပုံသေဈေးနှုန်းတစ်ခုတည်းနဲ့ပဲ ရောင်းပြလိုက်ပါလား...
လီလင်းလင်း လွန်စွာမကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်မိသော်လည်း ဈေးနှုန်းကိုမူ လျှော့မချရဲပေ။ ဘာပဲဖြစ်ဖြစ် ဤပစ္စည်းများမှာ သူမအပိုင် မဟုတ်သည့်အပြင် သူမတွင် ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပေ။ ယင်းမှာ အစ်ကိုဟောက်ဖုန်း သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြစ်ရာ အကယ်၍ ဈေးလျှော့ရောင်းလိုက်ပါက နောက်ပိုင်းတွင် စာရင်းအင်းများ ကိုက်ညီတော့မည် မဟုတ်ချေ။ အစ်ကိုဟောက်ဖုန်းမှာ သူမအပေါ် ယုံကြည်သည်ဆိုသော်လည်း လီလင်းလင်းကိုယ်တိုင်လည်း သက်သာသောဈေးဖြင့် မရောင်းချင်ပေ… အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် ဤဈေးအတိုင်း ရောင်းရမြဲဖြစ်၍ပင်…
ဘာဖြစ်လို့ ဈေးလျှော့ရမှာလဲ။ တစ်ပြားလျှော့လိုက်တိုင်း အမြတ်က တစ်ပြား လျော့သွားမှာပဲဥစ္စာ...
သူမသည် တကယ်ကို နှမြောတွန့်တိုလှသဖြင့် ချန်ချင်းယွီတစ်ယောက် အရောင်းအဝယ်ဖြစ်ကာ အလုပ်ရှုပ်နေသည်ကိုသာ ရင်နာနာဖြင့် ငေးကြည့်နေခဲ့ရပြီး စိတ်ထဲတွင် တုံ့ဆိုင်းထုံထိုင်းလာရတော့သည်။
အခြားတစ်ဖက်တွင်မူ ချန်ချင်းယွီတစ်ယောက် ယနေ့ အရောင်းအဝယ် တကယ်ကို ကောင်းမွန်နေသည်ဟု တွေးနေမိ၏။
တကယ့်ကို ကောင်းလွန်းလှသည်...
ပုံမှန်ရက်များတွင် ဤမျှအထိ အရောင်းအဝယ် မသွက်ချေ။ သူမသည် လီလင်းလင်းကို လှမ်းကြည့်လိုက်ရင်း စိတ်ထဲမှ ဆုတောင်းနေမိ၏။
ကမ္ဘာကြီး ပေါက်ကွဲမတတ် ဖြစ်သွားရင်တောင်မှ ဈေးကို လုံးဝ မလျှော့လိုက်နဲ့နော်...
လီလင်းလင်းသာ ဤနေရာတွင် ဆက်ရှိနေပါက မိမိ၏ အရောင်းအဝယ် မည်မျှအထိ ကောင်းမွန်လာမည်ကို ချန်ချင်းယွီ ကြိုတင်မြော်မြင်နေမိသည်။
လီလင်းလင်းက သူမအတွက် တကယ့်ကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးတာလား… နင်ကတော့ ကံကောင်းစေတဲ့ လာဘ်ကောင်လေးပဲ…
အကယ်၍ လီလင်းလင်းသာ နောက်ထပ် ရက်အနည်းငယ်ခန့် ဤနေရာတွင် ဆက်ရှိနေပေးပါက သူမ၏ ကုန်ပစ္စည်းအားလုံးကို အချိန်တိုအတွင်း ပိုမိုမြန်ဆန်စွာ ရောင်းချနိုင်လိမ့်မည်ဟု ချန်ချင်းယွီ တွေးလိုက်မိ၏။
လီလင်းလင်းအနေဖြင့် အခြားဘာမျှ လုပ်ဆောင်ရန်မလိုဘဲ အံကြိတ်ကာ ဈေးမလျှော့ဘဲ နေပေးရုံသာ ဖြစ်သည်။
တကယ့်ကို စိတ်သဘောထားပြည့်ဝတဲ့ လူကောင်းလေးပဲ...
လီလင်းလင်း : ‘ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မယ်...’
ချန်ချင်းယွီ : ‘အဆင်ပြေလိုက်တာ... စီးပွားရေးတွေ ဒီထက်မက ဒီထက်မက ကောင်းပါစေ...’
သူတို့နှစ်ဦးစလုံးသည် မိမိတို့အလုပ်နှင့်မိမိတို့ အလုပ်ရှုပ်နေကြသည်~~ ဪ မှားလို့~~ ချန်ချင်းယွီသာ အလုပ်ရှုပ်နေခြင်းဖြစ်ပြီး လီလင်းလင်းမှာ စိတ်ကောက်ကာ မျက်နှာပုပ်ကြီးဖြင့် ထိုင်နေခြင်းဖြစ်သည်။ သူမသည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေရ၏။
မွန်းတည့်ချိန်သို့ ရောက်သောအခါ လူအုပ်ကြီးမှာ အနည်းငယ် ကျဲသွားခဲ့သည်။
ချန်ချင်းယွီလည်း အိမ်သို့ ပြန်မသွားတော့ကာ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် မိသားစုမှ ကလေးငယ်များ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးမည် ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ပစ္စည်းအနည်းငယ်သာ ကျန်တော့သည်ဆိုသော်လည်း ချန်ချင်းယွီ အိမ်သို့ ပြန်၍ ပစ္စည်းသွားယူရန် အလျင်မလိုပေ။မွန်းတည့်ချိန်တွင် ရရှိသော ရှားရှားပါးပါး အားလပ်ချိန်လေးကို အသုံးချကာ အနီးနားရှိ ဆိုင်တစ်ဆိုင်သို့ သွားရောက်ပြီး ပေါက်စီအကြီးအချို့ သွားရောက်ဝယ်ယူလိုက်သည်။
ဝက်သားကြက်သွန်မြိတ်ပေါက်စီ …
အင်း... အမဲသားပေါက်စီဆိုရင် ပိုတောင် ကောင်းဦးမှာ…
ကံမကောင်းစွာဖြင့် ထိုဆိုင်တွင် အမဲသားပေါက်စီ မရှိချေ။
ချန်ချင်းယွီသည် လီလင်းလင်းကို လှမ်းကြည့်လိုက်သည်၊ ယနေ့မနက်ပိုင်း၌ သူမကို ကြည့်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းခဲ့သော်လည်း ယခုအခါတွင်မူ လီလင်းလင်းကို ကြည့်ရင်း သူမ၏ မျက်နှာတွင် အပြုံးများ ဝေဆာလာရ၏။
အို... လီလင်းလင်းမှာ ဒီလို နှိုင်းယှဉ်ပြသပေးရတဲ့ ကဏ္ဍရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…
ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် လီလင်းလင်းထံသို့ လမ်းလျှောက်သွားကာ ပေါက်စီနှစ်လုံးကို ကမ်းပေးရင်း
"ရော့... နင့်အတွက် ပေါက်စီနှစ်လုံး။ နင်လည်း နေ့လယ်စာ စားရဦးမယ်လေ"
လီလင်းလင်း : "......"
ချန်ချင်းယွီ ပြုံးပြကာ
"နင် ဒီနေ့ နေ့လယ်ပိုင်းလည်း ဒီမှာ ဆက်ပြီး ဆိုင်ဖွင့်မှာ မဟုတ်လား။ အဲဒါ တကယ်ကို ကောင်းတာပဲ... ရော့... ယူထားလိုက်ပါ။ ဗိုက်ဆာခံလို့ မဖြစ်ဘူးလေ"
လီလင်းလင်း : "......"
သူမသည် ချန်ချင်းယွီကို နားမလည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ ချန်ချင်းယွီက ပျော်ရွှင်စွာဖြင့် ထပ်လောင်းပြောဆိုကာ
"ဒီပေါက်စီတွေက တကယ်ကို စားလို့ကောင်းတယ်နော်။ ငါ အကြိမ်အများကြီး ဝယ်စားဖူးတယ်။ ဆိုင်ရှင်ကလည်း တကယ့်ကို သန့်ရှင်းသပ်ရပ်တာမလို့ စိတ်ချလက်ချ စားလို့ရတယ်။ အရသာကလည်း တကယ့်ကို အမိုက်စားပဲ"
လီလင်းလင်း : "......"
သူမသည် ချန်ချင်းယွီကို အူကြောင်ကြောင်ကြီး စိုက်ကြည့်နေမိပြီး ဤမိန်းမ ဘာဖြစ်နေသနည်းဟု တွေးတောနေမိ၏။
သူမက ငါ့ရဲ့ အရောင်းအဝယ်ကို လာလုနေတာ မဟုတ်ဘူးလား…အခုက ငါ့ကို လာပြီး လာဘ်ထိုးနေတာလား…ပေါက်စီတွေ ပေးပြီး ငါ့ကို ဒီကနေ မောင်းထုတ်ချင်လို့လား…
သူမ ဆိုလိုတာက ဒါကိုပဲ မဟုတ်လား…
ဤသို့ တွေးမိသည့်အခါ လီလင်းလင်း ပို၍ပင် ဒေါသထွက်လာရတော့သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ရင်း
"ဒီနေရာက နင်တစ်ယောက်တည်း ပိုင်တဲ့နေရာ မဟုတ်ဘူးနော်။ ဘယ်သူမဆို လာလို့ရတာပဲ။ နင် လာလို့ရရင် ငါလည်း လာလို့ရတာပေါ့။ ဒီမှာ ဆိုင်ဖွင့်တာက ငါ့ရဲ့ လွတ်လပ်ခွင့်ပဲ။ ငါ လုံးဝ ထွက်မသွားဘူး။ ရော့... နင့်ရဲ့ ပေါက်စီကို ပြန်ယူသွားလိုက်။ ငါ ဘယ်မှ မသွားဘူး"
ချန်ချင်းယွီ : "ဟမ်.."
သူမမှာ လီလင်းလင်းကို ဝေခွဲမရသော မျက်နှာပေးဖြင့် ကြည့်လိုက်မိ၏။ ဤအခြေအနေက ဖြစ်နိုင်ခြေထက်ပင် ပို၍ ကောင်းမွန်နေသည် မဟုတ်လော…
ထွက်မသွားဘူး ဟုတ်လား…
တကယ့်ကို ကောင်းလိုက်တာ... အမယ်လေး ကောင်းလိုက်တာ…
ချန်ချင်းယွီ ပြုံးလျက် ဆိုလိုက်သည်။
"နင် မသွားချင်ရင်လည်း မသွားနဲ့ပေါ့"
ချန်ချင်းယွီ၏ အပြုံးမှာ စစ်မှန်သော ဝမ်းမြောက်မှုကြောင့် ဖြစ်သော်လည်း လီလင်းလင်း၏ မျက်စိထဲတွင်မူ ထိုအပြုံးမှာ ကြီးမားသော ရန်စမှုကြီးတစ်ခုအဖြစ် မြင်ယောင်နေခဲ့သည်...
တကယ့်ကို ပြင်းထန်တဲ့ ရန်စမှုကြီးပဲ...
လီလင်းလင်း ပြတ်ပြတ်သားသားဖြင့်
"နင် ငါ့ကို ဒီကနေ မောင်းထုတ်ချင်နေတာ ငါ မသိဘူးများ မှတ်နေလား။ နင့်ရဲ့ အကွက်ထဲကို ငါ လုံးဝ မဝင်ဘူး။ ငါ ဒီကနေ လုံးဝ လုံးဝ ထွက်မသွားဘူး"
ချန်ချင်းယွီ : "ဟမ်.. အော်... အင်း..."
ဝမ်းသာလိုက်တာဟယ်…
သူမသည် မျက်လုံးများကို ပြူးလိုက်ရင်း လီလင်းလင်းကို အထက်အောက် စုန်ဆန်ကြည့်ကာ လီလင်းလင်းတစ်ယောက် အဘယ်ကြောင့် ဤကဲ့သို့ အတွေးမျိုး တွေးနေရသည်ကို အဖြေရှာရန် ကြိုးစားနေမိသည်။
သို့သော်လည်း ဤအမူအရာမှာ လီလင်းလင်း၏ အထင်လွဲမှားမှုကို ပိုမိုကြီးထွားစေခဲ့၏။ လီလင်းလင်းသည် ပိုမိုပြတ်သားသော လေသံဖြင့်
"ဒီပေါက်စီတွေကို ပြန်ယူသွားလိုက်၊ ငါ အလကား မလိုချင်ဘူး။ ငါ့ကို ဘာအကျိုးအမြတ်နဲ့မှ လာပြီး လှည့်စားဖို့ မကြိုးစားနဲ့"
ချန်ချင်းယွီ : "ကောင်းပြီလေ၊ ဒါဆိုရင်လည်း မယူနဲ့ပေါ့။"
သူမကိုယ်တိုင်သာ ပေါက်စီနှစ်လုံးကို ပို၍ စားပစ်လိုက်၏။
သူမသည် မူလ၌ ပေါက်စီစားပြီးပါက နေ့လယ်ပိုင်းတွင်လည်း ဆိုင်တွင် ဆက်လက်၍ ကြိုးစားအားထုတ်ရန် ပြောဆိုဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤမိန်းကလေးမှာ မိမိအား နှင်ထုတ်လိုသည်ဟု အထင်ရောက်နေခဲ့၏။
တွေ့ပြီမလား၊ ဒါက တကယ့်ကို အထင်လွဲမှားမှုကြီးပဲ…
လီလင်းလင်းတစ်ယောက် ဤနေရာမှ ထွက်မသွားသည့်အတွက် သူမအနေဖြင့် စိတ်ထဲတွင် အတိုင်းထက်အလွန် ပျော်ရွှင်နေမိတော့သည်။
ချန်ချင်းယွီသည် ပခုံးတစ်ချက် တွန့်လိုက်မိပြီး လီလင်းလင်း၏ အတွေးကမ္ဘာကို လုံးဝနားမလည်နိုင်တော့ချေ။ ဘာပဲဖြစ်ဖြစ် လီလင်းလင်းသည် ယနေ့မနက်ခင်းတစ်ခုလုံးတွင် သူမအတွက် အရောင်းအဝယ် ကွာခြားချက်ကို သိသာစေသည့် နှိုင်းယှဉ်ပြသဖော် တစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့ပြီး ပေါက်စီတစ်လုံးဖိုးမျှပင် အရောင်းအဝယ်မဖြစ်ခဲ့ရှာပေ။
ထို့ကြောင့် ချန်ချင်းယွီကိုယ်တိုင်လည်း သူမအပေါ် တစ်စုံတစ်ရာစိတ်မျိုး မရှိခဲ့ပေ။
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ခဏမျှ စဉ်းစားကာ
"နင် တကယ်ပဲ အဲဒီလောက် အရည်အချင်းရှိတယ်ဆိုရင်လည်း ဒီမှာပဲ ဆက်နေလိုက်ပေါ့"
လီလင်းလင်းသည် ချက်ချင်းပင် မော့ကြည့်လာပြီး စိတ်လှုပ်ရှားတက်ကြွစွာဖြင့်
"ငါ ဒီမှာပဲ ဆက်နေမှာ... ငါက နင့်အောက် နိမ့်ကျနေတယ်လို့ မထင်နဲ့။ နင်က ဈေးလျှော့ပေးနိုင်တာရယ်၊ လက်ဆောင်တွေ အလကားပေးနိုင်တာရယ်ကြောင့်သာ မဟုတ်ရင် နင် ငါ့လောက် ရောင်းရမှာမဟုတ်ဘူး။ ဒီနေရာက လူတိုင်းအတွက်ပဲ၊ နင် လာလို့ရရင် ငါလည်း လာလို့ရတာပေါ့။ နောက်ဆို ငါ နေ့တိုင်းလာဦးမှာ..."
ချန်ချင်းယွီ : "အော်... အော်... ဟုတ်ပါပြီ။"
သို့သော် သူမသည် ချက်ချင်းပင် သံသယဖြင့် ပြန်မေးကာ
"နင်က အလုပ်မလုပ်ရဘူးလား။ နေ့တိုင်း လာနိုင်သေးတယ်လား"
လီလင်းလင်း ဒေါသတကြီး ဖြစ်သွားရပြီး ချန်ချင်းယွီ
သူမအား မလာစေချင်၍ တားမြစ်နေသည်ဟု ခံစားလိုက်ရသည်။
"ငါ ခွင့်ယူပြီး လာလို့ရတာပဲ... နင်တစ်ယောက်တည်းပဲ အရောင်းအဝယ်ကောင်းမယ်လို့ မထင်နဲ့၊ ငါလည်း ကောင်းအောင် ရောင်းပြနိုင်တယ်။ ဒီနေ့က ငါ ကြိုတင်ပြင်ဆင်မှု မရှိလို့ပါ၊ ငါသာ သေသေချာချာ ပြင်ဆင်လာရင် နင့်ထက် လုံးဝ လျော့မှာမဟုတ်ဘူး"
ချန်ချင်းယွီ : "ဒါဆိုရင်လည်း ကံကောင်းပါစေပေါ့..."
ဤစကားလုံးများမှာ လီလင်းလင်းကို အလွန်တရာ ဒေါသအိုး ပေါက်ကွဲသွားစေခဲ့၏။
သူမသည် ချန်ချင်းယွီအား ဤလောကတွင် အမုန်းတီးရဆုံးလူဟု သတ်မှတ်လိုက်မိသည်၊ အဘယ်ကြောင့်ဆိုသော် သူမ၏ လေသံမှာ မိမိအား သိသိသာသာ အထင်သေးနေခြင်းကြောင့်တည်း။
လီလင်းလင်းမှာ အနည်းငယ် ခေါင်းမာတတ်သူဖြစ်ရာ ချန်ချင်းယွီ သူမအား အထင်သေးလေလေ၊ သူမဘက်မှ မိမိကိုယ်မိမိ သက်သေပြရန် ပို၍ ဇွဲသန်လာလေလေ ဖြစ်သည်။ ၎င်းမှာ ယွမ်ဟောက်ဖုန်းနှင့် အတူရှိလိုပြီး မိမိ၏ အချစ်မှာ မမှားယွင်းကြောင်း သက်သေပြလိုသည့် စိတ်ဆန္ဒမျိုးပင် ဖြစ်၏။
လီလင်းလင်း : "ငါ လုပ်နိုင်ရမယ်..."
ချန်ချင်းယွီ : "အေးပါ... အေးပါ..."
သူမ၏ လေသံမှာ အလွန်ပင် ပေါ့ပါးလှသော်လည်း ၎င်းမှာပင် လီလင်းလင်းအား အကြီးအကျယ် ဒေါသထွက်စေရန်နှင့် ပြိုင်ဆိုင်လိုစိတ် ပြင်းပြင်းထန်ထန် ပေါက်ကွဲလာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်ရင်း မိမိနေရာသို့ ပြန်လာကာ ခေါင်းငုံ့ပြီး ပေါက်စီကိုသာ ဆက်လက် စားသောက်နေတော့၏။
ကောင်းပြီလေ... လက်မလျှော့ချင်လည်း နေပေါ့။
လီလင်းလင်းသည် သူမ၏ စေတနာကောင်းကို လုံးဝနားမလည်ရှာပေ။
သေချာပေါက်ပင် လီလင်းလင်း နားမလည်နိုင်ပေ… သူမသည် ချန်ချင်းယွီ မိမိအား နှင်ထုတ်လိုနေပြီး မိမိ မထွက်ခွာဘဲ နေသည့်အခါတွင်မူ တမင်သက်သက် လာရောက်ရန်စနေသည်ဟုသာ အခိုင်အမာ ယုံကြည်ထားခဲ့၏။
ဟုတ်တယ်... ဟုတ်တယ်... ဒါ အမှန်ပဲ။
သူမ လီလင်းလင်းသည် ဘယ်တော့မှ အရှုံးပေးမည့်သူ မဟုတ်ချေ...
လီလင်းလင်းသည် နေရာတွင် ခိုင်ခိုင်မာမာ ထိုင်လိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ကာ ပြတ်သားသော မျက်နှာပေးကို ပြသထားတော့သည်။
ချန်ချင်းယွီ : "..."
သောက်ကျိုးနည်း…
သူမသည် လီလင်းလင်း၏ စိတ်ဓာတ်ကို တကယ်ပင် နားမလည်နိုင်သေးပေ။
သို့သော်လည်း နားမလည်ခြင်းမှာ ဘာမျှအရေးမကြီးပေ။ လီလင်းလင်း ဤနေရာမှ ထွက်မသွားခြင်းသည်ပင် သူမအတွက် အကျိုးရှိလှပေသည်။
ချန်ချင်းယွီ မိမိကိုယ်မိမိ စီးပွားရေးလုပ်ကိုင်ရာတွင် ပါရမီအနည်းငယ်ရှိပြီး ကံကောင်းသူတစ်ဦးဟု ခံစားမိလာ၏။
ကြည့်ပါဦး... မိမိ၏ အရောင်းအဝယ်ကို ပိုမိုထင်ရှားစေမည့် နှိုင်းယှဉ်ပြသဖော်အဖြစ် လာရောက်ရပ်တည်ပေးမည့်သူတောင်မှ အလိုအလျောက် ပေါ်ပေါက်လာသေးသည် မဟုတ်လော့၊ ဟဲဟဲ... သူမသည် စိတ်ထဲမှ မအောင့်နိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်မိ၏။
ချန်ချင်းယွီ စိတ်အခြေအနေ အလွန်ကောင်းမွန်နေသဖြင့် သီချင်းတညည်းညည်းနှင့် ခြေထောက်လေးကို လွှဲယမ်းနေခဲ့သည်။
"မေမေ... မေမေ..."
ချန်ချင်းယွီ ခေါင်းလှည့်ကြည့်လိုက်ရာ ကလေးငယ်နှစ်ဦးသည် စက်ဘီးကိုယ်စီစီးကာ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေပြီး တစ်ယောက်လျှင် အထုပ်တစ်ထုပ်စီ သယ်ဆောင်လာကြသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ : "လိမ္မာလိုက်တဲ့ ကလေးတွေ။ ဘာဖြစ်လို့ မောင်နှမနှစ်ယောက်စလုံးက ဒီလောက်တောင် လူတတ်လေးတွေ ဖြစ်နေရတာလဲ။ ဒါ ဘယ်သူ့အိမ်က ကလေးတွေပါလိမ့်"
ချန်ချင်းယွီသည် စိတ်ရွှင်လန်းနေသဖြင့် ကလေးများကို ထူးဆန်းသော လေသံဖြင့် စနောက်လိုက်သည်။ သို့သော် သူမ၏ ကလေးနှစ်ယောက်စလုံးမှာ ဤကဲ့သို့ စနောက်သည်ကို အလွန်သဘောကျကြပြီး ရယ်မောလျက်
"ချန်ချင်းယွီရဲ့ မိသားစုက ကလေးတွေပေါ့။ မေမေက အကောင်းဆုံးမလို့ ကျွန်တော်တို့ကို ဒီလောက် လိမ္မာအောင် ပြုစုပျိုးထောင်ပေးနိုင်တာပေါ့"
မလှမ်းမကမ်းတွင်ရှိသော လီလင်းလင်းမှာမူ ၎င်းတို့၏ ချွဲပျစ်လှသော လေသံများကို ကြားရသဖြင့် ရွံရှာလွန်း၍ ပျို့အန်မတတ် ဖြစ်သွားရ၏။
ချန်ချင်းယွီ သဘောကျစွာဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။
သူမသည် ကလေးနှစ်ဦး၏ ဆံပင်များကို အသာအယာ ဖွလိုက်ရင်း
"သားတို့ ထမင်းစားပြီးကြပြီလား"
"မစားရသေးဘူး မေမေ။ ဘွားဘွားရဲ့ ဆိုင်မှာလည်း အရောင်းအဝယ် အရမ်းကောင်းနေလို့ ထမင်းစားဖို့ အချိန်မရှိဘူး၊ အိမ်ကိုလည်း မပြန်ရသေးဘူး။ သားတို့က ကုန်ပစ္စည်းတွေ လိုက်ပို့ပေးနေတာ"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း
"တကယ်ကို သိတတ်လိုက်တာ။ သားတို့ ဒီမှာ ခဏစောင့်နော်၊ မေမေ သားတို့အတွက် ပေါက်စီ သွားဝယ်ပေးမယ်"
"မေမေ... သားတို့ဘာသာ သားတို့ သွားဝယ်လိုက်မယ်။"
"ကောင်းပြီလေ... ဒါဆိုရင်လည်း သားတို့နှစ်ယောက်ပဲ သွားကြပေါ့။ ရော့... ဒါက မုန့်ဖိုး"
သူမ ပြောဆိုကာ ပိုက်ဆံကမ်းပေးသည်။
"မလိုဘူး မေမေ... သားတို့အိတ်ထဲမှာ ပိုက်ဆံတွေ အများကြီး ရှိပြီးသား..."
ကလေးနှစ်ယောက်သည် လက်ချင်းချိတ်ကာ ပျော်ရွှင်စွာ ပြေးထွက်သွားကြ၏။ ချန်ချင်းယွီ ပြုံးလျက်ဖြင့် အသစ်ရောက်ရှိလာသော အဝတ်အစားများကို စနစ်တကျ ပြင်ဆင်ပြီး အရောင်အချို့ကို ရွေးချယ်ကာ စင်ပေါ်တွင် ထပ်မံချိတ်ဆွဲလိုက်သည်။ လီလင်းလင်းမှာမူ ဤမြင်ကွင်းကို ကြည့်ပြီး မနာလိုစိတ်များဖြင့် ထပ်မံ၍ ရင်ဘတ်ပူလာပြန်၏။
ဘာဖြစ်လို့လဲ.....
ဒီလောကကြီးက တကယ်ကို မတရားဘူး…
သူမက ဘာဖြစ်လို့ ဒီလောက်တောင် ပစ္စည်းတွေ အများကြီး ရောင်းရပြီး အရောင်းအဝယ်ဖြစ်နေရတာလဲ...
လီလင်းလင်းသည် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေပြီး သူမ၏ မျက်နှာမှာ တစ်ယောက်ယောက်က သူမထံမှ ငွေသောင်းချီ၍ ကြွေးမြီး လာတောင်းနေသည့်အတိုင်း ပုပ်သိုးနေခဲ့သည်။
ချန်ချင်းယွီမှာ ပိုမို၍ ပြုံးပျော်လာရတော့၏။
ယနေ့မနက်ပိုင်း လီလင်းလင်းတစ်ယောက် မိမိနောက်သို့ တကောက်ကောက် လိုက်ပါလာသည်ကို မြင်တွေ့ရစဉ် အလွန်စိတ်ပျက်ခဲ့ရသော်လည်း အခြေအနေများမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ပေ။ အကယ်၍ လီလင်းလင်းသည် မိမိအတွက် ဤမျှအထိ အသုံးဝင်မှန်းသာ ကြိုတင်သိရှိခဲ့ပါက သူမအား ဤနေရာသို့ လာရောက်ရန် စောစောစီးစီးကတည်းက ရန်စခဲ့မိပေလိမ့်မည်။
အရာအားလုံးက ငွေကြေးတွေ မဟုတ်လား...
ချန်ချင်းယွီသည် ငွေရှာရန်နှင့် မိမိ၏ ကိုယ်ပိုင်စီးပွားရေးကို တည်ဆောက်ရန် ဤကဲ့သို့သော အခွင့်အရေးကောင်း ရရှိသည့်အတွက် သဘာဝအတိုင်း ပျော်ရွှင်နေမိပြီး လီလင်းလင်းကို ကြည့်ကာ မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ဝေဆာနေခဲ့သည်။
"ငါ နင့်ထက် သာလွန်အောင် လုပ်ပြမယ်........."
လီလင်းလင်း စိတ်ထဲမှ ကြိမ်းဝါးလိုက်ရင်း မိမိကိုယ်မိမိ အားပေးရန်အတွက် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
သူမ သေချာပေါက် လုပ်နိုင်ရမည်...
ချန်ချင်းယွီသည် သူမကို တစ်ချက် လှမ်းကြည့်လိုက်ရင်း သီချင်းသံကို ပို၍ ကျယ်ကျယ်လောင်လောင် ညည်းဆိုလိုက်၏။
လီလင်းလင်းမှာမူ ဒေါသထွက်လွန်းသဖြင့် ငိုပင်ငိုချင်လာရတော့သည်။ ချန်ချင်းယွီ တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်ပြီး သေချာပေါက် တမင်သက်သက် ပညာပြနေခြင်း ဖြစ်သည်...
လောကမှာ ဒီလောက်အထိ စိတ်ပုပ်သော လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ…ချန်ချင်းယွီက ကြည့်ရတာ ရိုးရိုးသားသားပုံစံ ရှိပေမယ့် တကယ်တမ်းကျတော့ အရှက်မရှိတဲ့ဟာမ…နောက်တစ်နေ့... နောက်တစ်နေ့ကျရင်တော့ ငါမုချ နင့်ထက် သာလွန်အောင် လုပ်ပြမယ်…
ပစ္စည်းရောင်းတာပဲ မဟုတ်လား။
ငါ ဒီထက်မက ပိုကောင်းအောင် လုပ်ပြနိုင်ရမယ်...
ချန်ချင်းယွီ... နင် စောင့်ကြည့်နေလိုက်စမ်း။