အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) ဂျင်ဆင်း စုဆောင်းမယ်
ချန်ချင်းယွီ ယနေ့တွင် အရောင်းအဝယ် အလွန်ကောင်းမွန်ခဲ့သည်။
သူမသည် လီလင်းလင်းကိုပင် ချီးကျူးမိမတတ် ဖြစ်သွားရ၏။ အကြောင်းမှာ ဘောင်းဘီတစ်ထည်မျှ မရောင်းရဘဲနှင့် တစ်နေကုန်အောင် ဇွတ်မှိတ်တောင့်ခံနေနိုင်သောကြောင့်တည်း။
ထိုသို့ တောင့်ခံထားရုံသာမက မနက်ဖြန်တွင်လည်း ဆက်လက်၍ ပြိုင်ဆိုင်ဦးမည့် အရိပ်အယောင်များ ပြသနေသေးသည်။ ချန်ချင်းယွီမှာ သူမ မိမိနှင့် လာရောက်ပြိုင်ဆိုင်သည်ကို ပို၍ပင် လိုလားနေသေး၏။ ဆိုရသော် ဤကဲ့သို့ ပြိုင်ဆိုင်လေလေ ငွေရှာရန် အခွင့်အလမ်း ပိုမိုများပြားလေလေ ဖြစ်သောကြောင့်ပင်။
ဘယ်သူက ပိုက်ဆံတွေဝင်မှာကို အရမလိုလားဘဲရှိမှာလဲ…ဟိဟိ…
ချန်ချင်းယွီ လီလင်းလင်းကို ကြည့်သော မျက်လုံးများမှာ အလွန်ပင် တောက်ပနေခဲ့၏။
လီလင်းလင်းမှာ စိတ်ထဲမှ ကြိမ်းဝါးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ပစ္စည်းရောင်းတာကို အပေါ်ယံ အပိုတွေ လုပ်ပြနေတာ၊ တကယ့်ကို အဆင့်မရှိတဲ့ မိန်းမ။"
သို့သော်လည်း သူမ၏ ရင်ထဲတွင် အရှုံးမပေးလိုသော ဒေါသမီးများ တောက်လောင်လာရသည်။
ချန်ချင်းယွီက ဘာမို့လို့လဲ၊ ငါတို့ ဝင်းကြီးထဲမှာတောင် ဘာကောင်မှ မဟုတ်တဲ့လူပဲကို၊ ငါ့ထက် ဘာများ သာလို့လဲ…သူမက အခွင့်အရေးသမား လုပ်ပြီး ဉာဏ်ဆင်တတ်လို့ပဲ၊ ဒါကြောင့်ပဲ ဖြစ်မှာပါ….
လီလင်းလင်းသည် ချန်ချင်းယွီ၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ရင်း သူမ မိမိအား ကြွားဝါပြသကာ အထင်သေးနေသည်ဟု ခံစားရ
သည်။ သူမ အံကို တင်းတင်းကြိတ်လိုက်မိပြီး ချန်ချင်းယွီအား ချက်ချင်းပင် ခြေဖဝါးအောက်သို့နင်းခြေပစ်ချင်စိတ်များ ပြင်းပြလာ၏။ လီလင်းလင်း၏ စိတ်ထဲတွင် လုံးဝ မကျေနပ်နိုင်ကာ ‘ဘာဖြစ်လို့လဲ’ ဟုသာ အထပ်ထပ် မေးခွန်းထုတ်နေမိသည်။
ဒီလူတွေကလည်း အမြတ်အစွန်းနည်းနည်းလေးကို မက်ပြီး ပစ္စည်းလေး နည်းနည်းပေးရုံနဲ့တင် အဝယ်ခံလိုက်ရတာပဲ…
သို့သော် တစ်ယွမ်သက်သာသွားပါက အသားကျင်းဝက် ဝယ်ရုံတင်မက တစ်ပြားပင် ပိုနိုင်သေးသည်ကို သူမထည့်မတွေးချေ။
လီလင်းလင်းသည် ချန်ချင်းယွီကို စိုက်ကြည့်နေဆဲဖြစ်ပြီး ထိုအချိန်တွင် ချန်ချင်းယွီမှာ ပစ္စည်းများအားလုံး ကုန်စင်အောင် ရောင်းချပြီးသွားပြီဖြစ်၍ ဆိုင်သိမ်းရန် ပြင်ဆင်နေသည်။ ပစ္စည်းကုန်သွားပြီဖြစ်ရာ ဆက်လက်နေရန် မလိုတော့ပေ။ သူမ လီလင်းလင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ဘောင်းဘီတစ်ထည်မျှ မရောင်းရသေးသည်ကို တွေ့ရသဖြင့် ခေါင်းယမ်းမိ၏။
ကျွစ်... တကယ့်ကို သနားစရာပဲ…
သို့သော် ၎င်းမှာ သူမနှင့် မည်သို့ သက်ဆိုင်ပါသနည်း၊ ချန်ချင်းယွီမှာ မနက်ဖြန်တွင်လည်း လီလင်းလင်းနှင့် ထပ်မံတွေ့ဆုံရန်သာ မျှော်လင့်နေမိသည်။
"ဟယ်... နင်တို့က ဘာဖြစ်လို့ ဒီမှာ ရှိနေကြတာလဲ။"
ချန်ချင်းယွီတစ်ယောက် စက်ဘီးစီးကာ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုတ်တရက် တစ်စုံတစ်ဦး၏ အံ့ဩတကြီး ဟစ်အော်သံကို ကြားလိုက်၏။ သူမ လှည့်ကြည့်လိုက်သောအခါ အိုခေ... သူမမှာ ယွမ်ဟောက်ရွှယ် ဖြစ်နေသည်။ ယွမ်ဟောက်ရွှယ်ကိုယ်တိုင်လည်း ၎င်းတို့နှင့် ဤနေရာတွင် ဆုံတွေ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် နှုတ်ထွက်မိပြီးမှ အနည်းငယ် နောင်တရသွားပုံရ၏။
ချန်ချင်းယွီသည် သူမ၏ ဘေးနားသို့ ကြည့်လိုက်ရာ ယွမ်ဟောက်ရွှယ်သည် တစ်ယောက်တည်း မဟုတ်ဘဲ သူမ၏ အနားတွင် အမျိုးသားတစ်ဦး ပါလာသည်ကို တွေ့ရသည်။ သေချာပေါက်ပင် ထိုအမျိုးသားမှာ ရှီရှောင်ဝေဟူသော ငတုံးငအ မဟုတ်ချေ။ သို့သော် ထိုအမျိုးသားကိုလည်း ချန်ချင်းယွီ သိကျွမ်းနေပြန်၏။
အင်း…ဒါက တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းလွန်းတာ..
ဤလူမှာ အခြားသူမဟုတ်ဘဲ ဒုတိယ စက်ရုံးမှူးဟယ် ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
ယွမ်ဟောက်ရွှယ်သည် ဒုစက်ရုံမှူးဟယ်၏ ဘေးနားတွင် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ကပ်တွယ်ကာ နွဲ့နှောင်းနေသည့် ပုံစံမျိုး ရှိနေသည်။ ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး ဘာမျှမပြောရသေးမီမှာပင် ယွမ်ဟောက်ရွှယ် အရင်ဦးစွာ စကားစလာခဲ့၏။ သူမသည် တည်ငြိမ်ပြီး ရိုးသားလှသော အပြုံးလေးဖြင့်
"နင်တို့အားလုံး ဒီဘက်မှာ ဆိုင်လာဖွင့်ကြတာလား"
လီလင်းလင်းမှာမူ အနည်းငယ် ကသိကအောက်ဖြစ်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ ပစ္စည်းရောင်းလာခဲ့သည်မှာ ရက်အနည်းငယ် ရှိပြီဆိုသော်လည်း အသိမိတ်ဆွေများနှင့် ဆုံသည့်အခါ အမြဲတမ်း သိမ်ငယ်စိတ် ဖြစ်ရမြဲပင်။ သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ထိုမျှအထိ ကောင်းမွန်ခြင်းမရှိရာ ယွမ်ဟောက်ရွှယ်သည် ဟောက်ဖုန်း၏ ညီမဖြစ်နေလျှင်ပင် လီလင်းလင်း၏ စိတ်ကို တည်ငြိမ်အောင် မလုပ်ပေးနိုင်ချေ။ သူမနှင့် ဟောက်ရွှယ်မှာ အသက်တူတူဖြစ်သဖြင့် ငယ်စဉ်ကတည်းကပင် အမြဲတမ်း ပြိုင်ဆိုင်လာခဲ့ကြသူများ ဖြစ်သည်။ ယခုအခါ အခြားသူမှာ တင့်တယ်လျှောက်ပတ်သော အမျိုးသားတစ်ဦးနှင့်အတူ အေးအေးလူလူ လမ်းလျှောက်နေချိန်တွင် မိမိမှာမူ ဤနေရာတွင် ဈေးသည်အဖြစ် ဆိုင်ဖွင့်နေရသဖြင့် အတွေးထဲတွင် စိတ်အားငယ်စရာ ဖြစ်လာရတော့၏။ လီလင်းလင်းသည် ခေါင်းကို ငုံ့ထားလျက်
"အင်း..." ဟု အသံတိုးတိုး၊ ကြောက်ကြောက်လန့်လန့်လေးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ချန်ချင်းယွီသည်ကား ပြုံးရွှင်စွာဖြင့် ပြောဆို၍ လက်ဝှေ့ယမ်းပြလိုက်၏။
"ဟုတ်တယ်လေ ငါ အခုတလော ဒီဘက်မှာပဲ အမြဲတမ်း ဆိုင်ဖွင့်ဖြစ်နေတာ။ ဒါပေမဲ့ ဒီနေ့အတွက်တော့ အရောင်းအဝယ် ပြီးသွားပြီမလို့ ငါ အရင်သွားတော့မယ်နော်"
ချန်ချင်းယွီ မိမိကိုယ်မိမိ အရှက်ရသည်ဟု လုံးဝမယူဆချေ၊ မိမိ၏ လုပ်အားဖြင့် ရိုးရိုးသားသား ငွေရှာနေခြင်းမှာ အရှက်ရစရာ ဘာရှိသနည်း။ ထို့ပြင် ၎င်းတို့မှာ သူမအတွက် ထိုမျှအထိ အရေးပါသူများ မဟုတ်သဖြင့် စိတ်ထဲတွင်လည်း ထည့်မထားပေ။ သူမသည် တည်ငြိမ်စွာဖြင့် အိတ်များကို စက်ဘီးခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် ဒုစက်ရုံမှူးဟယ်ထံမှ "ချန်ချင်းယွီ" ဟု လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။
ချန်ချင်းယွီ နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်မိ၏။
ဒီခွေးကောင် ဘာလုပ်ချင်နေတာလဲ…
ဒုစက်ရုံမှူးဟယ် သူမကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း
"ပစ္စည်းရောင်းတာက ရေရှည်အတွက် မသင့်တော်ဘူး၊ ဘာဖြစ်လို့ အလုပ်အကိုင် အတည်တကျ ရှာမလုပ်တာလဲ"
ချန်ချင်းယွီ ဤလူကို ကြည့်ရင်း စိတ်ထဲမှ နှာခေါင်းရှုံ့မိသည်။
အစ်ကိုကြီး... ရှင်က ဘယ်သူမလို့လဲ၊ သူများကိစ္စကို လာပြီး လိုက်
စွက်ဖက်နေရတာလဲ၊ သောက်ကျိုးနည်း…
သို့သော် သူမ ပြုံးပြုံးလေးဖြင့်
"ဆိုင်ဖွင့်ရတာလည်း တကယ်ကို အဆင်ပြေပါတယ်ရှင်၊ ရှင်တို့ကို အနှောင့်အယှက် မပေးတော့ဘူးနော်၊ ကျွန်မ အရင်သွားပါဦးမယ်"
တကယ်ပင် သူမအနေဖြင့် အပိုစကားတစ်ခွန်းမျှပင် ဆက်လက်မပြောလိုပေ။ ချန်ချင်းယွီမှာ ဤလူမည်သို့သော စရိုက်မျိုးရှိကြောင်းကို အလွန်ကောင်းမွန်စွာ သိရှိထား၏။
သို့သော်လည်း လောကကြီး၏ အလှည့်အပြောင်းဟူသည် တကယ်ကို ပြောရခက်လှပေသည်။ ထိုစဉ်၌ ကျောက်ရုံသည် ယွမ်ရှောင်ချွေအား ဤလူနှင့် အတူအိပ်ရန် လှည့်ကွက်ဆင်ခဲ့သော်လည်း ယွမ်ရှောင်ချွေမှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့၏။ ယခုအခါတွင်မူ ကျောက်ရုံ၏ သမီးအရင်းဖြစ်သူ ယွမ်ဟောက်ရွှယ်သည်သာ ဤလူနှင့်အတူ လက်တွဲမိသွားခဲ့သည်။ သူမ မှတ်မိသလောက်ဆိုလျှင် ယခုနှစ်ဆန်းပိုင်း၌ အဘွားကြီးကျောက် ထိုအိမ်သို့ နာရေးအလုပ်ကူရန် သွားရောက်ခဲ့ဖူးပြီး ထိုအချိန်မှာ ဤလူ၏ ဇနီးဖြစ်သူမှာ ကွယ်လွန်သွားခဲ့သွားချိန်ဖြစ်၏။
ချန်ချင်းယွီမှာ ဒုစက်ရုံမှူးဟယ်၏ ဇနီးကိုလည်း သိကျွမ်းခဲ့ဖူးသည်။ သူမသည် အခြားသူများနှင့်အတူ ရေထဲပြုတ်ကျသွားသော အဘိုးအိုတစ်ဦးကို ကယ်တင်ခဲ့ဖူးရာ ထိုအဘိုးအိုမှာ ဒုစက်ရုံမှူးဟယ်၏ ဖခင်အရင်း ဖြစ်နေ၏။ ထိုအချိန် ၎င်းတို့မိသားစုတစ်ခုလုံး သူမ၏အိမ်သို့ လာရောက်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြသေးသည်။ ချန်ချင်းယွီ မှတ်မိသလောက်ဆိုလျှင် ဒုစက်ရုံမှူးဟယ်၏ ဇနီးမှာ အလွန်ပင် ကျကျနနနှင့် သိက္ခာရှိသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် အသက်တိုရှာခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပင် ကွယ်လွန်သွားခဲ့ရ၏။
သို့သော် သေသေချာချာ တွက်ချက်ကြည့်ပါက ဒုစက်ရုံမှူးဟယ်သည် အသက် ၄၀ ကျော်နေပြီ ဖြစ်ပေလိမ့်မည်။ ဤအသက်အရွယ်သည် ၎င်းတို့၏ ရာထူးဌာနအရ ငယ်ရွယ်သော အရာရှိတစ်ဦးဟု သတ်မှတ်နိုင်သော်လည်း ယွမ်ဟောက်ရွှယ်မှာမူ ယခုနှစ်တွင် ၂၃ နှစ် သို့မဟုတ် ၂၄ နှစ်သာ ရှိပေဦးမည်။ ချန်ချင်းယွီ မှတ်မိသလောက်ဆိုလျှင် ၎င်းတို့ မောင်နှမနှစ်ဦးမှာ ၅ နှစ်ခန့် ကွာခြားသဖြင့် ယွမ်ဟောက်ရွှယ်သည် အသက် ၂၄ ခန့် ဖြစ်ပေလိမ့်မည်။ ဤမျှငယ်ရွယ်နုပျိုနေပါလျက်နှင့် အသက် ၄၀ ကျော်အရွယ် လူကြီးတစ်ယောက်ကို ရှာဖွေရွေးချယ်ခဲ့သည်မှာ...
ထို့ပြင် ဟယ်ဟူသော လူ၏ စရိုက်လက္ခဏာအရ... ချန်ချင်းယွီ အမြင်တွင် သူသည် ယွမ်ဟောက်ရွှယ် အပေါ် စစ်မှန်သော မေတ္တာထားလိမ့်မည်ဟု လုံးဝမယုံကြည်ပေ။ သူမ တိတ်တဆိတ် ခေါင်းခါလိုက်မိရင်း စက်ဘီးစီးသွားကာ တစ်လမ်းလုံး တွေးတောလာခဲ့ပြီး တကယ့်ကို ဝဋ်ကြွေးတွေပါပဲလား ဟု ညည်းတွားလိုက်မိသည်။ ယွမ်ရှောင်ချွေပင် ဤအကွက်ထဲသို့ မဝင်ခဲ့သော်လည်း ယွမ်ဟောက်ရွှယ်မှာ မိမိဘာသာ တိုးဝင်သွားခဲ့၏။ ဪ... ဟုတ်သားပဲ၊ ယနေ့တွင် ယွမ်ဟောက်ရွှယ် မိမိတွင် ချစ်သူရှိနေပြီဟု ပြောဆိုခဲ့ရာ ထိုသူမှာ ဤလူကြီး ဖြစ်နေမလား မသိနိုင်ပေ။ ချန်ချင်းယွီသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း စက်ဘီးကို ခပ်သွက်သွက်လေး နင်းသွားခဲ့သည်။
ဒုစက်ရုံမှူးဟယ်သည် သူမ စက်ဘီးစီးကာ ပျံတက်တော့မည့်အလား အဝေးသို့ ထွက်ခွာသွားသည်ကို လှမ်းကြည့်ရင်း နှုတ်ခမ်းအစုံကို အသာအယာ ကွေးညွတ်ကာ ပြုံးလိုက်၏။ ယွမ်ဟောက်ရွှယ် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရပြီး အကဲခတ်သည့် လေသံဖြင့်
"အစ်ကိုဟယ်... အစ်ကိုက သူမကို သိတာလားဟင်"
ဒုစက်ရုံမှူးဟယ် ခေါင်းညိတ်လိုက်ရင်း
"သူမက အရင်တုန်းက ငါ့အဖေကို ကယ်ခဲ့ဖူးတယ်"
အမှန်စင်စစ် ၎င်းတို့နှစ်ဦးအကြား မည်သည့် ထိတွေ့ဆက်ဆံမှုမျှ မရှိခဲ့ဖူးသော်လည်း ထူးဆန်းသည်မှာ သူသည် ချန်ချင်းယွီဟူသော နာမည်ကို တစ်ကြိမ်တည်းသာ ကြားဖူးခဲ့သော်လည်း ယခုတိုင်အောင် စွဲစွဲမြဲမြဲ မှတ်မိနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ရုပ်ရည်ချောမောလှပသော လူများဟူသည် အခြားသူများ၏ စိတ်ထဲတွင် အလွယ်တကူ မှတ်မိနေတတ်ကြ၏။
ယွမ်ဟောက်ရွှယ် ခေါင်းလေးကို အသာစောင်းလိုက်ရင်း ဤအခြင်းအရာကို အနည်းငယ် မှတ်မိနေသကဲ့သို့ ရှိသည်။ အထူးသဖြင့်
လီလင်းလင်း လူကယ်သည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ်ချက်များ ရှိခဲ့သဖြင့် လူအများ ရံဖန်ရံခါတွင် ချန်ချင်းယွီ၏ လူကယ်မှုမှာ အလကားဖြစ်သွားရသည်ဟု ပြောဆိုလေ့ရှိကြ၏။ ထို့ကြောင့် ယွမ်ဟောက်ရွှယ်သည်လည်း ဤအကြောင်းအရာအချို့ကို ကြားသိခဲ့ဖူးခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့အကြားတွင် ယခုကဲ့သို့သော ပတ်သက်မှုမျိုး ရှိနေလိမ့်မည်ဟု သူမ လုံးဝမသိရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ ယွမ်ဟောက်ရွှယ် ဤအကြောင်းကို ကြားသိရပြီးနောက် စိတ်ထဲတွင် အနည်းငယ် ပိုမိုပေါ့ပါးသွားခဲ့ရသည်။ သူမသည် ချစ်စနိုးပုံစံလေးဖြင့်
"ဪ... ဒါကြောင့်ကိုး၊ ကျွန်မကလည်း အစ်ကိုက သူမကို ဘယ်လိုလုပ်ပြီး သိနေတာလဲလို့ စဉ်းစားနေတာ၊ သူမက စက်ရုံကလူလည်း မဟုတ်ဘဲနဲ့ကို"
ဒုစက်ရုံမှူးဟယ် : "သူမက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ"
ယွမ်ဟောက်ရွှယ်မှာ ဤအကြောင်းအရာ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ဒုစက်ရုံမှူးဟယ်ကို တစ်ချက်လှမ်းကြည့်ကာ
"ခစ်ခစ်... အစ်ကိုဟယ်ကလည်း၊ ကျွန်မတို့က အိမ်နီးနားချင်းအဖြစ် နေလာတာ ဆယ်စုနှစ်တစ်ခုမကတော့ သူမက စိတ်ဝင်စားဖို့ကောင်းသလား၊ မကောင်းဘူးလားဆိုတာတော့ ကျွန်မ သေချာမသိပါဘူး။ ဒါပေမဲ့ သူမက ကျွန်မတို့ ဝင်းကြီးထဲမှာတော့ အချစ်ကြီးတဲ့နေရာမှာ အကျော်ကြားဆုံး မိန်းမတစ်ယောက်ဆိုတာတော့ ကျွန်မ သိတာပေါ့။ သူမက ကွယ်လွန်သွားတဲ့ လင်းကျန့်ဝမ်နဲ့ တကယ့်ကို အဆင်ပြေပြီး သံယောဇဉ်ကြီးခဲ့တာ။ လင်းကျန့်ဝမ် မရှိတော့တာတောင်မှ အခုထက်ထိ နောက်အိမ်ထောင်ပြုဖို့ လုံးဝမစဉ်းစားဘဲ သူ့မိသားစုအပေါ်မှာပဲ တစ်သက်လုံး ပုံအောပြီး လုပ်ကျွေးနေတာလေ။ သူမရဲ့ ယောက္ခမ အဘွားကြီးကျောက်ကလည်း သဘောကောင်းတဲ့သူ မဟုတ်ဘူး၊ တကယ့်ကို ဇီဇာကြောင်ပြီး အာပေါင်အာရင်းသန်တဲ့ မိန်းမကြီး။ တခြားလူသာဆိုရင် စောစောစီးစီးကတည်းက ထွက်ပြေးသွားကြမှာ ကြာလှပြီ။ ဒါပေမဲ့ သူမကတော့ အားမလျှော့ဘဲ ရုန်းကန်နေရှာတာ။ ဒါတွေအားလုံးက သေဆုံးသွားတဲ့ လင်းကျန့်ဝမ်အတွက်ကြောင့်ပဲပေါ့။ တော်သေးတာက အခု ကလေးက ကြီးသွားပြီမလို့ ဖိအားက သိပ်မရှိတော့တာ"
ယွမ်ဟောက်ရွှယ် ဤစကားများကို တမင်သက်သက် ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
ကြားတယ်မလား…
ချန်ချင်းယွီက အချစ်ကြီးတဲ့မိန်းမ၊ သူမက သူမရဲ့ လင်ဟောင်းကိုပဲ ချစ်တာ…
ကြားတယ်မလား…
သူမက အသက်လည်း မငယ်တော့ဘူး၊ အိမ်ထောင်ကျတာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ကလေးတွေတောင် အကုန်ကြီးကုန်ပြီ…
ကြားတယ်မလား…
သူမရဲ့ အိမ်မှာကလည်း ရင်ဆိုင်ရခက်တဲ့ ယောက္ခမ မိန်းမအိုကြီး ရှိသေးတာ…
ယွမ်ဟောက်ရွှယ်၏ စကားလုံးတိုင်းမှာ အဓိပ္ပာယ်များစွာ ကပ်ငြိနေပြီး ဒုစက်ရုံမှူးဟယ်တစ်ယောက် ချန်ချင်းယွီအပေါ် စိတ်ဝင်စားသွားမည်ကို အလွန်အမင်း စိုးရိမ်နေသည့်အလား ဖြစ်၏။ သို့သော်လည်း ဒုစက်ရုံမှူးဟယ်မှာ ပြုံးရုံသာပြုံးနေပြီး ဤစကားအပေါ် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ပေ။
ဒုစက်ရုံမှူးဟယ်၏ စိတ်ကူးကို ဝေခွဲမရဖြစ်ရသဖြင့် ယွမ်ဟောက်ရွှယ် ဇွတ်အတင်း ဆက်လက်၍ ထပ်မံသွေးထိုးလိုက်ပြန်သည်။
"ဒါနဲ့ပြောရဦးမယ် အစ်ကိုဟယ်၊ ချန်ချင်းယွီက တကယ့်ကို အတင်းအဖျင်း သတင်းထူးတဲ့သူနော်။ ကျွန်မ မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကျွန်မ ငယ်ငယ်တုန်းကပေါ့၊ လူတိုင်းက သူမကို လင်ယောက်ျားကို သေစေတဲ့ ‘ကြမ္မာဆိုးမ’ လို့တောင် ခေါ်ခဲ့ကြတာ။ သူမရဲ့ ဘေးနားမှာရှိတဲ့သူတွေထဲက သူမအပေါ် နည်းနည်းလောက် ကောင်းပြတဲ့သူမှန်သမျှ အကုန်လုံး ပျက်စီးကုန်တာပဲ။ ဪ... ဒါနဲ့ မကြာခင်ကတင်ပဲ သူမရဲ့ မိသားစုထဲမှာ မကောင်းတဲ့အမှုတစ်ခု ဖြစ်ပျက်ခဲ့သေးတယ်လို့ ကြားတယ်။ တစ်ခါတလေကျရင်လည်း ဒီလို အယူအဆတွေကို မယုံလို့ကို မရဘူးနော်"
ဒုစက်ရုံမှူးဟယ် : "မင်းက တော်တော်လေး စုံစုံလင်လင် သိတာပဲနော်"
ယွမ်ဟောက်ရွှယ် : "ကျွန်မတို့က ဝင်းတစ်ခုတည်းမှာ နေကြတာဆိုတော့လည်း အစအနလေးတွေ သိနေတာပေါ့"
သူမ ပြုံးလိုက်ပြီးနောက်
"ကြည့်ပါဦး... ကျွန်မတို့က အေးအေးဆေးဆေး လမ်းလျှောက်နေတာကို ဘာဖြစ်လို့ သူမအကြောင်းတွေချည်းပဲ လျှောက်ပြောနေမိတာလဲ မသိဘူး။ အစ်ကိုဟယ်... ဒီနေ့ညကျရင် ကျွန်မ အစ်ကို့အတွက် ထမင်းဟင်း ချက်ကျွေးရမလားဟင်။ ကျွန်မရဲ့ လက်ရာကို မြည်းစမ်းကြည့်တာပေါ့"
သူမသည် မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်ရင်း ညုတုတုပုံစံလေးဖြင့်
"ကျွန်မမှာ ကိုယ်ပိုင် အထူးဟင်းလျာ အချို့လည်း ရှိတယ်နော်"
ဒုစက်ရုံမှူးဟယ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြုံးလျက် ဆိုလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ မြည်းစမ်းကြည့်ရတာပေါ့"
"ဒါဆိုရင်တော့ ကိုကိုက သေသေချာချာ မြည်းစမ်းပြီး ကျွန်မကို ဝေဖန်ပေးရမယ်နော်"
ယွမ်ဟောက်ရွှယ် ဒုစက်ရုံမှူးဟယ်အား ချွဲနွဲ့စွာ ပြောလိုက်သည်။ ဒုစက်ရုံမှူးဟယ်၏ မျက်နှာအမူအရာမှာ ဝေခွဲရခက်နေသော်လည်း လေသံထွက်လာခဲ့၏။
"အင်း... ရတာပေါ့။"
ယွမ်ဟောက်ရွှယ်၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားရသော်လည်း သူမကိုယ်တိုင် ချက်ချင်းပင် စိတ်ကို ပြန်လည်တင်းလိုက်သည်။
ငါ လုပ်နိုင်ရမယ်၊ ငါ လုပ်နိုင်ရမယ်။…
သူမသည် ဒုစက်ရုံမှူးဟယ်၏ စိတ်ကို အပိုင်ဖမ်းရန် ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့၏။ သူသည် အသက်အရွယ် အနည်းငယ် ကြီးရင့်နေပြီဖြစ်သော်လည်း ယောက်ျားပီသသော ဆွဲဆောင်မှု အပြည့်ရှိသည့်အပြင် တည်ငြိမ်ရည်မွန်ကာ စွမ်းဆောင်ရည်လည်း မြင့်မားသူ ဖြစ်သည်။
ယွမ်ဟောက်ရွှယ်သည် သာမန်အလုပ်သမားတစ်ဦးနှင့် လက်ထပ်ပြီး တစ်သက်လုံး အဝတ်လျှော်၊ ထမင်းချက်၊ ကလေးထိန်း၊ ပိုက်ဆံရှာရန် ရုန်းကန်ရင်း မိသားစုအတွက်သာ ပုံအောပေးဆပ်ရမည့် ဘဝမျိုးကို လုံးဝမလိုချင်ပေ။ သူမသည် ကောင်းမွန်သော ဘဝအခြေအနေကိုသာ လိုလား၏။ ချန်ချင်းယွီကဲ့သို့သော ဘဝမျိုးဖြင့် မရှင်သန်လိုချေ။
နေ့တိုင်း စိတ်ပုပ်သော ယောက္ခမနှင့် မျက်နှာချင်းဆိုင်ရပြီး အိမ်တွင်းအိမ်ပြင် ကိစ္စရပ်အားလုံးကို တစ်ယောက်တည်း စီမံခန့်ခွဲနေရမည့် ဘဝမျိုးသို့ သူမ လုံးဝ အရောက်မခံနိုင်ပေ။
ယွမ်ဟောက်ရွှယ် ဒုစက်ရုံမှူးဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း သူ့ကို အမြန်ဆုံး အပိုင်ဖမ်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။ မူလ၌ သူမသည် အရှိန်အဟုန်ကို အနည်းငယ် ထိန်းထားပြီး သံယောဇဉ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ပြီးမှ ရှေ့ဆက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယနေ့တွင်မူ သူမ ရုတ်တရက် ထိတ်လန့် စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့ရသည်။
ထိုလူကြီးသည် ချန်ချင်းယွီကို တကယ်ပင် မှတ်မိနေခဲ့သည်။ ၎င်းတို့အကြား မည်သည့် ထိတွေ့မှုမျှ မရှိခဲ့ဘဲ လူကယ်ခဲ့သည့် ဖြစ်ရပ်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါလျက်၊ သူ ချန်ချင်းယွီ၏ နာမည်ကို ချက်ချင်းပင် ခေါ်ဆိုနိုင်ခဲ့၏။ ဤအချက်မှာ ယွမ်ဟောက်ရွှယ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခုကဲ့သို့ ခံစားလာရစေသည်။
သေချာပေါက်ပင် ဤကဲ့သို့သော ထူးချွန်ထက်မြက်သည့် လူကြီးလူကောင်းများဟူသည် အလွန်ပင် ရေပန်းစားလှသဖြင့် သူမအနေဖြင့် မူယာပို မာနကြီးမနေနိုင်ပေ။ အကယ်၍ သူမဘက်မှ လက်လွှတ်လိုက်ပါက အခြားသူတစ်ဦး ကြားဖြတ်လုယူသွားနိုင်ချေ ရှိ၏။
သူမကိုယ်သူမ အလွန်ထက်မြက်သူတစ်ဦးဟု ယူဆထားသော်လည်း ဤလောကတွင် လှပသော မိန်းကလေးများစွာ ရှိနေသည်ဖြစ်ရာ၊ သူမအနေဖြင့် စိုးစဉ်းမျှ ပေါ့ဆ၍ မရနိုင်ချေ...
သူမသည် ဒုစက်ရုံမှူးဟယ်ကို ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ရင်း
"အစ်ကိုက အကောင်းဆုံးပဲ"
ဒုစက်ရုံမှူးဟယ် တဟားဟား ရယ်မောလိုက်ရင်း "အော်..." ဟု အသံကို ဆွဲလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ငါက ဘာတွေ အကောင်းဆုံးဖြစ်နေလို့လဲ"
"အစ်ကိုကတော့ တကယ့်ကို စိတ်ပျက်စရာကြီးရှင်~"
၎င်းတို့နှစ်ဦးစလုံးသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အတူတူ ညုတုတုဖြင့် ကလူမြူနေကြတော့သည်။ ယွမ်ဟောက်ရွှယ်၏ ချွဲနွဲ့ပြီး ကပ်တွယ်နေသော ပုံစံမှာ ဝင်းကြီးထဲတွင် ပုံမှန်ပြသလေ့ရှိသော အမူအရာနှင့် လုံးဝ ခြားနားလှပေ၏။ လီလင်းလင်းမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း အူကြောင်ကြောင်လေး ဖြစ်သွားရရှာသည်။
ဒါက တကယ်ပဲ ယွမ်ဟောက်ရွှယ် ဟုတ်ရဲ့လား…
သူမသည် မိမိ၏ ဘဝကိုပင် ပြန်လည်သံသယဝင်လာရ၏။
ယခုအခါ လီလင်းလင်း စိတ်ထဲမှ တွေးလိုက်မိသည်။
တောက်... ဒီလူတွေအားလုံးက ဟန်ဆောင်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်ကြတာပဲ……
သူမကိုယ်တိုင်မူ ပြင်ပ သွင်ပြင်အတိုင်းပင် စိတ်ရင်းအတိုင်း ရှိသူဖြစ်၏။
သို့သော် အခြားသူများကို ကြည့်ပါဦး…
ချန်ချင်းယွီသည်လည်း နုနယ်ပျော့ညံ့သူ မဟုတ်ချေ၊ အကယ်၍ ပျော့ညံ့သူသာဆိုပါက မိမိအား ခြိမ်းခြောက်ရဲလိမ့်မည် မဟုတ်ပေ။ သူမသည် ထိုည၌ ချန်ချင်းယွီ မိမိအား ဖမ်းဆွဲထားစဉ် ပြသခဲ့သော အေးစက်စက် မျက်ဝန်းများကို အခုထက်ထိ မှတ်မိနေသေး၏။ ထို့ပြင် သူမသည် အမြုံ့စိတ်ရှိပြီး ကြောက်တတ်သူလည်း မဟုတ်ချေ၊ ပစ္စည်းရောင်းချနေစဉ် ပြသခဲ့သော တက်ကြွပြီး ရက်ရောလှသော အမူအရာများတွင် အကြောက်အလန့်ရှိသည့် အရိပ်အယောင် တစ်စက်လေးမျှ ရှိမနေခဲ့ပေ။
ယခုအခါ ယွမ်ဟောက်ရွှယ်သည်လည်း ထို့အတူပင် ဖြစ်နေပြန်သည်။ ဝင်းကြီးထဲတွင်မူ သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး၊ အရာရာကို သိတတ်ကာ၊ လှပပြီး ပါရမီရှိသော ပညာတတ် မိန်းကလေးတစ်ဦး၏ ပုံစံမျိုးကို ပြသထားသော်လည်း ယခုမြင်ကွင်းမှာမူ... ဤအရာမှာ... ဤအရာမှာ အမျိုးသားတစ်ဦးထံသို့ ဇွတ်အတင်း တိုးဝင်ကပ်တွယ်နေခြင်းသက်သက်သာ ဖြစ်ပေ၏။
အားလုံးက အတုအယောင်တွေချည်းပဲ…
လီလင်းလင်းသည် မိမိတို့ ဝင်းကြီးထဲမှ မိန်းမများ၏ အတွင်းသဏ္ဌာန်ကို အကုန်အစင် မြင်တွေ့လိုက်ရသည်ဟု ခံစားရသဖြင့် နှုတ်ခမ်းကို မဲ့လိုက်မိသည်။
သူမသည် ယွမ်ဟောက်ရွှယ်ကို လှမ်းကြည့်လိုက်ရင်း သူမ၏ ရွေးချယ်မှုကို လုံးဝသဘောမကျနိုင် ဖြစ်နေ၏။
သူမ၏ အမြင်မှာ မိမိထက်ပင် ပိုမိုဆိုးဝါးလှပေသည်။ မိမိမှာ အစ်ကိုဟောက်ဖုန်းကို သဘောကျခြင်းဖြစ်ပြီး ၎င်းတို့မှာ ဝင်းတစ်ခုတည်းတွင် အတူတူ ကြီးပြင်းလာခဲ့ကြသော ငယ်ချစ်ဦးများဖြစ်သည့်အပြင်၊ ဟောက်ဖုန်းသည်လည်း ငယ်ရွယ်ပျိုမြစ်ကာ ၎င်းတို့နှစ်ဦးစလုံးမှာ အပြန်အလှန် စိတ်ချင်း ဆွဲဆောင်ခြင်း ခံထားရသူများ ဖြစ်၏။
ဟောက်ရွှယ်မှာမူ ဤအမျိုးသားကို ရွေးချယ်ခဲ့သည်၊ သူသည် ရာထူးဂုဏ်ရှိန်ရှိပြီး ချမ်းသာကြွယ်ဝမည့် ပုံစံရှိသည် ဆိုသော်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
လီလင်းလင်း တိတ်တဆိတ် ခေါင်းခါလိုက်မိရင်း ယွမ်ဟောက်ရွှယ်သည် တကယ့်ကို မျက်စိကန်းနေတာပဲဟု တွေးလိုက်မိ၏။
ရှီရှောင်ဝေကို သဘောမကျဘူးဆိုရင်လည်း မိမိနဲ့ အသက်တူတူလူကိုပဲ ရှာရမှာပေါ့…
သူမ ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး…
တကယ့်ကို အဆင့်မရှိတဲ့ ရွေးချယ်မှုပဲ…
အမှန်အတိုင်း ပြောရလျှင် လီလင်းလင်းမှာ ချန်ချင်းယွီတစ်ယောက် လင်းကျန့်ဝမ်အပေါ် အဘယ်ကြောင့် ဤမျှအထိ ကာလကြာရှည် သံယောဇဉ်ကြီးနေရသည်ကို နားလည်ပေးနိုင်သည်။ လင်းကျန့်ဝမ်သည် စာတော်ပြီး ရုပ်ရည်ချောမောသည့်အပြင် စရိုက်လက္ခဏာလည်း အလွန်ကောင်းမွန်သူ ဖြစ်၏။ ထို့ပြင် "စရိုက်ကောင်းမွန်သည်" ဟု ဆိုရာတွင် စိတ်သဘောထား နူးညံ့သည်ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ နူးညံ့သိမ်မွေ့မှုထဲတွင် ဟာသဉာဏ်လေးပါ ကပ်ငြိနေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် လီလင်းလင်းသည် ယခင်၌ ရှီရှောင်ဝေအပေါ် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုထက်ထိ ရှီရှောင်ဝေသည် လင်းကျန့်ဝမ်ထက် သာလွန်သည်ဟု သူမ လုံးဝမပြောရဲပေ။
လင်းကျန့်ဝမ်မှာ အစစ်အမှန်တကယ်ကို ထူးချွန်ကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။
လီလင်းလင်းသည် ချန်ချင်းယွီတစ်ယောက် မိမိ၏ အတိတ်မှ အချစ်ဟောင်းကို မေ့မရနိုင်ခြင်းကို နားလည်ပေးနိုင်သကဲ့သို့၊ မိမိတို့ ဝင်းကြီးထဲမှ အခြားသော အချစ်ကြီးသည့် မိန်းကလေးတစ်ဦးဖြစ်သည့် မာမိသားစုမှ ဒုတိယသမီးဖြစ်သူ အချစ်အတွက်ကြောင့်နှင့် ကျေးလက်သို့ ဆင်းသွားခဲ့သည့် ကိစ္စကိုလည်း နားလည်ပေးနိုင်ပါသည်။ သူမ သဘောကျခဲ့သော အမျိုးသားမှာ သူမ၏ ကောလိပ်ကျောင်းနေဖက် သူငယ်ချင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ တက်ကြွလှုပ်ရှားနေသော လူငယ်လေးများ ဖြစ်ကြ၏။
သို့သော် သူမသည် ယွမ်ဟောက်ရွှယ်ကိုမူ လုံးဝနားမလည်နိုင်ပေ။
အသက်ကြီးတဲ့ လူကြီးတစ်ယောက်နဲ့ တွဲနေရတာက ဘာများ အဓိပ္ပာယ်ရှိလို့လဲ.....
ယွမ်ဟောက်ရွှယ်နှင့် ထိုအမျိုးသားတို့ အဝေးသို့ လမ်းလျှောက်ထွက်ခွာသွားသည်ကို ကြည့်ရင်း လီလင်းလင်းသည် မိမိ၏ ပစ္စည်းများကို ကပျာကယာ သိမ်းဆည်းလိုက်ပြီး အိမ်သို့ ခပ်သွက်သွက်လေး ပြန်ခဲ့တော့သည်။
မဖြစ်ဘူး… သူမ အိမ်ကို အမြန်ဆုံးပြန်ပြီး ကိုကိုဟောက်ဖုန်းကို ဒီအကြောင်း သွားပြောရမယ်…
ဟောက်ရွှယ်ရဲ့ အမြင်ကတော့ တကယ့်ကို စိတ်ပျက်စရာပဲ…
သူမက ဘယ်လိုလူမျိုးလဲ.....
လီလင်းလင်း တစ်လမ်းလုံး ခေါင်းကို တခါခါဖြင့် လျှောက်လှမ်းလာခဲ့ပြီး ခေါင်းပင် ပြုတ်ထွက်မတတ် ဖြစ်နေသော်လည်း ယွမ်ဟောက်ရွှယ်၏ မြှောက်ပင့်ဖားယားနေသော အမူအရာများကို လုံးဝနားမလည်နိုင်သေးချေ။ သူမသည် တကယ့်ကို...
တကယ့်ကိုပဲ မျက်စိကန်းပြီး ဘာမျှမသိတဲ့ မိန်းမပဲ။
သူမရဲ့ အမြင်ကတော့ တကယ့်ကို စိတ်ပျက်စရာပဲ။
သူမသည် ဒုစက်ရုံမှူးဟယ်၏ မည်သူမည်ဝါဖြစ်ကြောင်း အဆင့်အတန်းကို မသိရှိသဖြင့်၊ ယွမ်ဟောက်ရွှယ်သည်လည်း ထိုလူ၏ ကောင်းမွန်သောအခြေအနေများကို မက်မော၍ လိုက်နေခြင်းဖြစ်ကြောင်း သဘာဝအတိုင်း မရိပ်မိခဲ့ချေ။ သို့သော် ချန်ချင်းယွီမှာ အကုန်အစင် သိရှိနေ၏။ ချန်ချင်းယွီ စက်ဘီးကို နင်းကာ အိမ်သို့ပြန်လာရင်း ယွမ်မိသားစုရှိလူများမှာ တကယ်ကို တစ်ပုံစံတည်းပါပဲလား ဟု စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်ကာ သက်ပြင်းချလိုက်မိသည်။
သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် မိမိတို့ ဘာကို လိုချင်သည်ကို တကယ်ကို သေသေချာချာ သိကြပေ၏။
တကယ့်ကို အတ္တအကြီးဆုံး အကျိုးမျှော်ဝါဒီသမားတွေပဲ…
သို့သော်လည်း လူတစ်ယောက်ချင်းစီ၏ လိုက်စားမှုချင်း မတူညီကြရာ၊ ဤကိစ္စသည် ချန်ချင်းယွီနှင့် ဘာမျှမသက်ဆိုင်ပေ။
ယွမ်ဟောက်ရွှယ်အား သွားရောက်သတိပေးဖို့ဆိုသည်မှာမူ သူမအနေဖြင့် သာ၍ပင် လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ သူမသည် ယွမ်ရှောင်ချွေကို သတိပေးခဲ့ခြင်းမှာ ယွမ်ရှောင်ချွေမှာ ဘာမျှမသိဘဲ အသုံးချခံရတော့မလို ဖြစ်ခဲ့၍ပင်။ သို့သော် ယွမ်ဟောက်ရွှယ်သည်ကား မတူပေ။ ဒုစက်ရုံမှူးဟယ်သည် ရှန့်ရှန့်ရှိရာနေရာသို့ အမြဲတမ်း အဝင်အထွက်ရှိသူ ဖြစ်သည်။
ထို့ပြင် ကျောက်ရုံနှင့် ရှန့်ရှန့်တို့၏ ပတ်သက်မှုများနှင့် ပတ်သက်၍လည်း ယွမ်ဟောက်ရွှယ်ကိုယ်တိုင် ရှန့်ရှန့်၏အိမ်တွင် နေထိုင်ခဲ့ဖူး၏။ သူမအနေဖြင့် ဤအကြောင်းကို ဘာမျှမသိပါဘူးဟု ပြောလျှင် ချန်ချင်းယွီ လုံးဝ ယုံမည်မဟုတ်ပေ။
သူမ ရှန့်ရှန့်နှင့် မဆုံတွေ့ခဲ့ဖူးလျှင်ပင် ကျောက်ရုံ သိရှိနေမည်ဖြစ်ရာ၊ မိမိ၏ သမီးအရင်းကို သေချာပေါက် ဖုံးကွယ်ထားလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ၎င်းတို့မှာ မိမိတို့အလိုဆန္ဒအရ သဘောတူကြည်ဖြူစွာဖြင့် တိုးဝင်ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်ရင်း ၎င်းတို့၏ ရှုပ်ထွေးပွေလီလှသော ကိစ္စရပ်များကို ဆက်လက်၍ မတွေးတောလိုတော့ပေ။
"ချန်ချင်းယွီ"
ချန်ချင်းယွီ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့စဉ်၊ ဝင်းထဲသို့ပင် မဝင်ရသေးမီမှာပင် ယွီမေကျွမ်းတစ်ယောက် ထိုနေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
ချန်ချင်းယွီ : "ဟင်... နင် ငါ့ကို လာရှာတာလား။"
ယွီမေကျွမ်း ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ဝင်းကြီးထဲတွင် မပျော်ရွှင်စရာ အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးပြီး၊ အိမ်ထောင်ရေး လိမ်လည်မှုဟူသော သတင်းဆိုးမှာ နားထောင်လို့ ကောင်းသောအရာ မဟုတ်သဖြင့်၊ ချန်ချင်းယွီ အိမ်တွင်မရှိသည်ကို မြင်သောအခါ အထဲတွင် ဝင်မစောင့်ခဲ့ပေ။ ၎င်းမှာ အလွန်ရှက်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် သူမသည် အပြင်ဘက်တွင်သာ ရိုးရိုးရှင်းရှင်း ထိုင်စောင့်နေခဲ့၏။ ချန်ချင်းယွီ ပြန်လာသည်ကို မြင်သောအခါ သူမ ကပျာကယာ
"ငါ နင်နဲ့ ပြောစရာ ကိစ္စတစ်ခု ရှိလို့"
ချန်ချင်းယွီ : "အထဲဝင်လေ။"
ယွီမေကျွမ်း ခေါင်းခါပြလိုက်ရင်း
"ငါတို့ အပြင်မှာပဲ စကားပြောလို့ ရမလား"
သူမသည် ဤနေရာသို့ လာရောက်ရန် ယခုထက်ထိ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
ချန်ချင်းယွီ ဇဝေဇဝါ ဖြစ်မနေဘဲ သဘောတူလိုက်ကာ
"ရတာပေါ့၊ ငါ့ကို ခဏလောက် စောင့်ဦး၊ ငါ့အိမ်ကလူတွေကို သွားပြောလိုက်ဦးမယ်"
"အင်း... ရတယ်။"
ချန်ချင်းယွီနှင့် ယွီမေကျွမ်းတို့သည် နှစ်ယောက်တည်း သီးသန့် ထိတွေ့ဆက်ဆံဖူးခြင်းမျိုး ရှိခဲလှသည်။ သို့သော်လည်း ၎င်းတို့အကြားတွင် အဆက်အသွယ် ရှိခဲ့၏။ ယွီမေကျွမ်း ကျေးလက်သို့ ဆင်းသွားခဲ့သော နှစ်များအတွင်း သူမသည် တောင်ပေါ်ထွက် ကုန်ပစ္စည်းအချို့ကို မကြာခဏ ပြင်ဆင်ပြီး ပို့ဆောင်ပေးခဲ့ဖူးသည်။ ချန်ချင်းယွီမှာလည်း ကျေးလက်တွင် လိုအပ်နေသော ရိက္ခာကူပွန်အချို့ကို အပြန်အလှန်အနေဖြင့် တိတ်တဆိတ် ပို့ဆောင်ပေးခဲ့၏။ ၎င်းတို့နှစ်ဦးစလုံး အဆင်ပြေသော အလုပ်သဘောအရ ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။
သို့သော်လည်း ယွီမေကျွမ်း မြို့ပေါ်သို့ ပြန်ရောက်လာပြီးနောက် ၎င်းတို့အကြား အဆက်အသွယ်မှာ လုံးဝနီးပါး ပြတ်တောက်သွားခဲ့၏။
၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးကျေးဇူးလဲလှယ်ရုံသက်သက်သာ ဖြစ်ပြီး၊ စစ်မှန်သော သံယောဇဉ်မျိုး မရှိကြသည်မှာလည်း သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် ယွီမေကျွမ်း မိမိထံသို့ လာရောက်ရှာဖွေခြင်းအပေါ် ချန်ချင်းယွီ အတော်ပင် အံ့ဩသွားရသည်။ သူမသည် အထဲမှ ချက်ချင်း ပြန်ထွက်လာခဲ့ပြီး
"လာ... ငါတို့ အနားက ပန်းခြံထဲမှာ လမ်းလျှောက်ရင်း စကားပြောကြရအောင်"
"အင်း... ကောင်းပြီ။"
ယွီမေကျွမ်း ချန်ချင်းယွီကို တိတ်တဆိတ် တစ်ချက် လှမ်းကြည့်လိုက်ရင်း
"နင်က ဒီလိုကျတော့လည်း တော်တော်လေး လှတာပဲနော်၊ နင့်ရဲ့ အဘိုးနဲ့ အဘွားတို့ အသက်ရှင်နေတုန်းက ပုံစံနဲ့ နည်းနည်းတောင် တူသေးတယ်..."
ထိုစဉ်၌ ယွီမေကျွမ်းသည် ချန်ချင်းယွီအပေါ် အလွန်ပင် မနာလိုဖြစ်ခဲ့ရဖူးသည်။
သူမ၏ မိသားစုမှာ သူမအပေါ် ကောင်းမွန်စွာ မဆက်ဆံခဲ့သော်လည်း၊ ချန်ချင်းယွီတွင်မူ သူမအား ကာကွယ် စောင့်ရှောက်ပေးမည့် အဘိုးနှင့် အဘွားတို့ ရှိခဲ့သည့်အပြင်၊ လှပသော အဝတ်အစားများ၊ ဆံပင်ကလစ်များနှင့် သားရေဖိနပ်လေးများစွာ ရှိခဲ့၏။ ယွီမေကျွမ်း ၎င်းတို့ကို ယခုတိုင် အထင်အရှား မှတ်မိနေဆဲပင်။ ၎င်းတို့ကို တွေးမိတိုင်း သူမ အလွန်အမင်း မနာလို ဖြစ်ရမြဲပင်။
ချန်ချင်းယွီ : "ရုပ်ချောတဲ့သူဆိုတော့ ဘာဝတ်ဝတ် ကြည့်လို့ကောင်းတာပေါ့။"
ယွီမေကျွမ်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် မဲ့သွားရသည်။
ချန်ချင်းယွီ : "နင်က ငါ့ကို လာပြီး အလ္လာပသလ္လာပ စကားပြောဖို့သက်သက် လာတာတော့ မဟုတ်ပါဘူးနော်။"
"ဒါပေါ့... မဟုတ်ဘူးလေ၊ ငါက သတင်းအချက်အလက် လာရောင်းတာ။"
သူမသည် အလွန်ပင် ပွင့်လင်းပြတ်သားလှသည်၊ စကားကို ဝေ့လည်ကြောင်ပတ် လုပ်မနေချေ။
ယွီမေကျွမ်း : "နင့်အမေရဲ့ အတိတ်က အကြောင်းအချို့ကို ငါ သိထားတာ ရှိတယ်။ နင် သိချင်လား။"
ချန်ချင်းယွီ : "သိချင်တာပေါ့။"
ယွီမေကျွမ်း စကားကို ဝေ့လည်မနေသကဲ့သို့၊ ချန်ချင်းယွီသည်လည်း ထို့အတူပင် ပွင့်လင်းလှသည်။
"နင် ဘယ်လောက် လိုချင်လဲ"
သူမ တိုက်ရိုက်ပင် မေးလိုက်၏။
ယွီမေကျွမ်း : "ယွမ်တစ်ရာ"
ချန်ချင်းယွီ ယွီမေကျွမ်းကို အံ့ဩတကြီး စိုက်ကြည့်လိုက်မိရင်း
"နင်က တော်တော်လေး အတောင်းကြီးတာပဲနော်"
ယွီမေကျွမ်း အနည်းငယ် အားနာသွားဟန် ရှိသော်လည်း ဇွတ်မှိတ်ကာ ဆိုလိုက်သည်။
"ငါက ငါ့ရဲ့ အမေအရင်းကို သစ္စာဖောက်ပြီး ပြောပြမှာလေ။ ငါ့အမေက ငါးယွမ်ပဲ တန်ပါတယ်လို့တော့ ငါ မပြောနိုင်ဘူးလေ။ ပြီးတော့ ဒီသတင်းက တခြားဘယ်သူ့ဆီကမှ စုံစမ်းလို့မရနိုင်တဲ့ ထူးခြားတဲ့ သတင်းမျိုး။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်နီးပါးက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စ၊ ပြီးတော့ ဦးလေးချန်နဲ့ ငါ့အမေတို့ရဲ့ ပတ်သက်မှုက အဲဒီထက်တောင် ပိုစောသေးတယ်။ ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီဆိုတော့ လူအနည်းငယ်ပဲ သိကြတာ။ ပြီးတော့ သာမန်လူတွေကလည်း နင့်ကို ဒါတွေ ပြောပြမှာ မဟုတ်ဘူး"
ချန်ချင်းယွီ : "ကောင်းပြီလေ... ပြောတော့။"
သူမ စကားအပိုမဆိုဘဲ ပိုက်ဆံတစ်ရာကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ယွီမေကျွမ်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ယွီမေကျွမ်း : "........."
သူမ အလွန်အမင်း တုန်လှုပ်အံ့ဩသွားရသည်...
သို့သော်လည်း မကြာမီမှာပင် သူမ၏ မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာသွားပြီး
"နင်က တကယ့်ကို ပွင့်လင်းပြတ်သားတာပဲ။ နောက်နောင် ငါ တစ်ခုခု ထပ်ကြားရင် နင့်ကို သေချာပေါက် အကြောင်းကြားဦးမယ်။ အမှန်တော့... ငါ့အမေနဲ့ နင့်အဖေက ငယ်သူငယ်ချင်းတွေ၊ သူတို့က ငယ်ငယ်လေးကတည်းက သိခဲ့ကြတာ...။ နောက်ပိုင်းကျတော့ ငါ့အမေနဲ့ ငါက သူမရဲ့ ယောက္ခမတွေဆီကနေ နှင်ထုတ်ခံလိုက်ရလို့ နင့်အဖေဆီကို လာရှာတာ။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နင့်အမေက ကိုယ်ဝန်ရှိနေမှန်း သိခါစအချိန်ပေါ့၊ အဲဒီမှာပဲ သူတို့နှစ်ယောက်က ခိုးကြောင်ခိုးဝှက်နဲ့ စပြီး ငြိစွန်းခဲ့ကြတာ..."
ယွီမေကျွမ်းသည် မိမိ၏ အမေအရင်းကို တုံ့ဆိုင်းခြင်းမရှိသစ္စာဖောက်လိုက်တော့သည်။
"သူတို့က ခိုးကြောင်ခိုးဝှက် ငြိစွန်းနေကြတာ၊ နင့်အမေကတော့ ဘာမှကို မသိရှာဘူး။ ငါ့အမေကိုတောင် သနားလို့ဆိုပြီး နေစရာအိမ် ရှာပေးသေးတာ၊ ဒါပေမဲ့ အဲဒီတုန်းက ဦးလေးချန်နဲ့ ငါ့အမေတို့ တိတ်တဆိတ် ဖောက်ပြန်နေကြတာကို သူမ လုံးဝမသိခဲ့ဘူး။ အမှန်တော့ နင့်အဖေဘက်က ဆွေမျိုးတွေအားလုံး ဒါကို သိကြတယ်၊ နင့်ရဲ့ ဦးလေးသုံးယောက်နဲ့ အဒေါ်နှစ်ယောက်အပါအဝင်ပေါ့။ သူတို့အားလုံးက ဝိုင်းပြီး လျှို့ဝှက်ပေးထားကြတာ။ နင့်ရဲ့ အကြီးဆုံးအဒေါ်ကလွဲရင် ကျန်တဲ့မောင်နှမတွေ အကုန်လုံးက နင့်အမေရဲ့ အဆက်အသွယ်တွေနဲ့ အလုပ်ရခဲ့ကြတာလေ။ အဲဒါ လွတ်မြောက်ရေးရပြီး မကြာခင်တုန်းကပေါ့၊ နင့်ရဲ့ အဘိုးနဲ့ အဘွားက တက္ကသိုလ်ကထိကတွေဆိုတော့ အဆက်အသွယ် နည်းနည်းရှိတယ်၊ ဒါကြောင့် သူတို့အားလုံးအတွက် အလုပ်အကိုင်တွေ စီစဉ်ပေးခဲ့တာ။ နောက်ပိုင်းကျတော့ သူတို့အချင်းချင်း သိပ်ပြီး အဆက်အသွယ် မရှိကြတော့လို့ ငါတို့လည်း အများကြီး မသိတော့ဘူး။ နင့်အမေ ဆုံးသွားပြီးတဲ့နောက်မှာ သူတို့လည်း ဘာအကျိုးအမြတ်မှ သိပ်မရတော့ဘူးလေ။ နင့်ဖေကတော့ သူ့ရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေကို သုံးပြီး သူ့မောင်နှမတွေကို ဘယ်တော့မှ ကူညီမှာမဟုတ်ဘူး။ အရင်တုန်းက တစ်ယောက်ယောက်က ကူညီပေးတုန်းကတော့ သူက လူကောင်းလုပ်ရတာကို သဘောကျနေတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ လုံးဝဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ သူက တကယ့် မြေခွေးအိုကြီးပဲ။ သူက အရာအားလုံးကို ငါ့အမေကပဲ ဆုံးဖြတ်တာလို့ ပြောလိုက်တော့ ငါ့အမေက မောင်နှမတွေကြားထဲ ရန်တိုက်ပေးတဲ့လူအဖြစ် အမြဲတမ်း အမည်းစက် စွန်းထင်းသွားရတာပေါ့။ နင့်အဖေကတော့ ဘေးကနေ အေးအေးလူလူနဲ့ အကျိုးအမြတ်တွေကိုပဲ ခံစားနေတာ။"
ချန်ချင်းယွီ : "..."
"သူတို့အားလုံးက အတ္တသမားတွေချည်းပဲ။ ဘာအကျိုးအမြတ်မှ မရတော့တဲ့အခါကျတော့ အဆက်အသွယ်တွေ ဖြည်းဖြည်းချင်း ပြတ်တောက်သွားကြတာပေါ့။"
ယွီမေကျွမ်းသည် အကြောင်းအရာ အားလုံးကို အသေအချာ စုံစမ်းသိရှိထားခဲ့သည်။ သူမ မိမိ၏ အမေအရင်းကိစ္စများအပါအဝင် သိသမျှ အကြောင်းအရာ အားလုံးကို တတွတ်တွတ်ဖြင့် ဖော်ကောင်လုပ်ကာ အားရပါးရ ပြောပြနေ၏။
ချန်ချင်းယွီ : "တခြားရော ဘာရှိသေးလဲ။"
ယွီမေကျွမ်း : "တခြားကတော့..."
ယွီမေကျွမ်း ငွေယွမ်တစ်ရာကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ ယခုခေတ်တွင် သာမန်အလုပ်သမားတစ်ဦး၏ လစာမှာ ယွမ်ငါးဆယ်ပင် မပြည့်တတ်ရာ၊ တစ်ရာဆိုသည်မှာ အလွန်များပြားသော ပမာဏ ဖြစ်ပေ၏။ ထို့ကြောင့် သေချာပေါက်ပင် သူမသည် မိမိသိသမျှ အရာအားလုံးကို အကုန်အစင် ပြောပြလိုက်တော့သည်။
ယွီမေကျွမ်း သူမ၏အမေကို အားရပါးရ သစ္စာဖောက်လိုက်ရင်း
"ငါက ဟိုဘက်မှာ နေတာဆိုတော့ တစ်ခုခုဖြစ်ရင် နင့်ကို အကြောင်းကြားပေးလို့ရတယ်။ ဪ... ဒါနဲ့ သရဲ... သရဲတွေက တကယ်ပဲ..."
ချန်ချင်းယွီ ခေါင်းခါလိုက်ရင်း
"ငါတော့မယုံဘူး၊ ဒီလောကမှာ သရဲဆိုတာ မရှိပါဘူး..."
ယွီမေကျွမ်း : "ဟယ်... နင်က အခုထိ မယုံသေးဘူးလား။ တကယ်ပြောတာပါဆို။ ငါကိုယ်တိုင် အကုန်မြင်ခဲ့ရတာ၊ တကယ့်ကို ကြောက်စရာကြီး။ ငါ တမင်လုပ်ကြံပြောနေတာလို့ မထင်နဲ့၊ တကယ်..."
ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် ငါကတော့ သရဲမယုံဘူး။"
သူမသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ
"တကယ်လို့ သရဲတကယ်ရှိတယ်ဆိုရင်လည်း အဲဒီလူတွေကိုပဲ သွားရှာခိုင်းလိုက်ပေါ့"
ယွီမေကျွမ်း ကိုယ်လေး တွန့်သွားရင်း
"ငါ့ကို လာမခြောက်ပါနဲ့"
ချန်ချင်းယွီ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့်
"ဒါက ခြောက်တာမှ မဟုတ်တာ။ ငါက သရဲမယုံဘူးလေ။ တကယ်လို့ ရှိတယ်ဆိုရင်လည်း သူတို့ကို သွားရှာခိုင်းတာ ဘာမှားလို့လဲ"
ထိုစကားမှာ အမှားအယွင်းမရှိသော်လည်း နားထောင်ရသည်မှာ ကြက်သီးထစရာ ကောင်းလှပေသည်။
ယွီမေကျွမ်း စိတ်မသက်မသာ ဖြစ်သွားသော မျက်နှာပေး ရှိနေ၏။
ချန်ချင်းယွီ သူမကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ဆိုလိုက်သည်။
"ဒါတွေက နင်နဲ့ ဘာမှမဆိုင်ဘူးလေ၊ နင်က ဘာလို့ ကြောက်နေတာလဲ။ ငါ့ကိုကြည့်၊ ငါက သရဲမယုံပေမဲ့ တကယ်လို့ ရှိတယ်ဆိုရင်တောင် ငါ ကြောက်မှာမဟုတ်ဘူး။ အဲဒီသရဲမက ငါ့အမေသာ အစစ်ဆိုရင် သူမက ငါ့ကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ။ ရန်ကြွေးဆိုတာ ရန်သူရှိတယ်၊ ကံကြွေးဆိုတာ ကြွေးရှင်ရှိတယ်၊ နင်က ဘာကို ကြောက်နေတာလဲ"
ယွီမေကျွမ်း ကြောက်ရွံ့နေသော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခါ သူမ၏စကားမှာ အဓိပ္ပာယ်ရှိလှသဖြင့် တိုးတိုးလေး ဆိုမိ၏။
"ဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ငါ တကယ်ပဲ နည်းနည်းတော့ ကြောက်မိတယ်"
ချန်ချင်းယွီ : "ဒါတွေ ထားလိုက်ပါတော့။ ဒါနဲ့ နင် ကျေးလက်ကနေ ဘာဖြစ်လို့ ပြန်လာတာလဲ။"
ဤအကြောင်းကို ပြောမိသောအခါ ယွီမေကျွမ်း စိုးရိမ်ပူပန်သော လေသံဖြင့် ညည်းတွားရှာ၏။
"ငါ အခု နေရာအနှံ့မှာ အလုပ် လိုက်ရှာနေတာ။ ရပ်ကွက်ကော်မတီကတော့ ငါတို့ကို အလုပ်ရှာပေးမယ် ပြောတာပဲ၊ ဒါပေမဲ့ အခုထိ ဘာမှ မထူးသေးဘူး။ ဘယ်လောက်တောင် ကြာဦးမလဲ မသိပါဘူး။ ငါတို့အတွက် အလုပ်ရှာဖို့က တော်တော်လေး ခက်ခဲလိမ့်မယ် ထင်တယ်။ ငါ့ရဲ့ ဒုတိယမောင်နဲ့ ငါက အခု အလုပ်လက်မဲ့တွေဖြစ်ပြီး နေ့တိုင်း အလုပ် လိုက်ရှာနေတာ၊ နေ့စားအလုပ်တောင် ရှာရတာ မလွယ်ဘူး။ အမှန်တော့ ငါတို့လည်း ဆိုင်လေး ဘာလေး ခင်းချင်တာပေါ့၊ ဒါပေမဲ့ အရင်းအနှီးမှ မရှိတာ။ တကယ့်ကို ခက်ခဲလွန်းပါတယ်"
သူမ ဆက်လက်၍ မကျေမနပ်ဖြင့် တတွတ်တွတ် ပြောဆိုလေသည်။
"ငါ့ရဲ့ အကြီးဆုံးမောင်နဲ့ တတိယမောင်ကလည်း တကယ့်ကို စိတ်ပုပ်တဲ့လူတွေ... ငါတို့ကို အိမ်မှာ အမှိုက်လို သဘောထားနေကြတာ။ ဒီအိမ်က သူတို့အိမ်တင်မကဘဲ ငါတို့အိမ်လည်း ဖြစ်တယ်ဆိုတာကို သူတို့ သတိမထားမိကြဘူးလား မသိဘူး။ ငါ့ယောင်းမက ပိုတောင် ဆိုးသေးတယ်၊ ငါ့ရဲ့ ဒုတိယမောင်က ဧည့်ခန်းထဲမှာ အိပ်နေလို့ ညဘက်ထရတာ အဆင်မပြေဘူးဆိုပြီး အမြဲတမ်း ပြဿနာရှာနေတာ။ သူမက ငါ့မောင်ကပဲ သူမအပေါ် စိတ်ကူးရှိနေသလိုမျိုး သွယ်ဝိုက်ပြောနေတာ၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ။ သူမကိုယ်သူမ မှန်ပြန်မကြည့်ဘူးလား… ဘယ်သူကများ သူမကို အဖက်လုပ်မှာလဲ… စိတ္တဇဖာသည်မ။ ပြီးတော့ ငါတို့ကို မလိုအပ်တဲ့လူတွေလို့ ပြောသေးတယ်၊ တကယ့်ကို ရယ်စရာပဲ... ငါ့ဒုတိယမောင်မှာ ကိုယ်ပိုင်အခန်း ရှိပြီးသား၊ သူတို့ မင်္ဂလာဆောင်လို့သာ ငါတို့က ဧည့်ခန်းထဲမှာ လာအိပ်နေရတာ။ ငါ့မောင်အကြီးရဲ့ အလုပ်ကတောင် တကယ်တော့ ငါ့အလုပ်လေ။ အခုကျတော့ ငါတို့ ပြန်လာတာ မှားသလိုမျိုး လာလုပ်နေကြတယ်။ သူတို့အားလုံးက တကယ့် လူယုတ်မာတွေ၊ အဲဒီလို လုပ်နေတာကို ဦးလေးချန်နဲ့ ငါ့အမေကလည်း လုံးဝ လျစ်လျူရှုထားကြတယ်။ ငါ့အမေကလည်း ငါတို့ကိုပဲ အမြဲတမ်း အပြစ်တင်နေတာ… နင်မသိပါဘူး၊ ငါ ပြန်ရောက်ရောက်ချင်းတင်ပဲ သူမက မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်ပေးပြီး တင်တောင်းငွေ ယူချင်နေတာ။ ငါကတော့ အဲဒါကို သည်းမခံနိုင်ပါဘူး၊ အိပ်မက်ပဲ မက်နေလိုက်...၊ ဟား... ငါ သူတို့ကို သစ္စာဖောက်တာ မှားတယ်လို့ နင်ထင်လား။ သူတို့က ငါနဲ့ ငါ့ဒုတိယမောင်ကို စွန့်ပစ်ထားပြီးသားပဲ၊ ငါတို့ဘက်က သူတို့ကို ကာကွယ်ပေးနေဖို့ မလိုတော့ဘူး"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း
"ဒါဆိုရင် နောက်ပိုင်းကျရင်ကော။ နင် ဘာတွေ ဆက်လုပ်ဖို့ စိတ်ကူးရှိလဲ"
ယွီမေကျွမ်း : "အလုပ်ပဲ ဆက်ရှာရမှာပေါ့။ တခြား ဘာလုပ်လို့ရမှာလဲ"
ချန်ချင်းယွီ ယွီမေကျွမ်းကို တစ်ချက် ကြည့်လိုက်ပြီး
"နင် ကျေးလက်မှာ ရှိတုန်းက အဆက်အသွယ်တွေ ကျန်သေးတယ်မလား"
ယွီမေကျွမ်း စိတ်ပျက်လက်ပျက်ဖြင့်
"အဆက်အသွယ်တွေကတော့ ဒီလိုပါပဲ။ ငါက အိမ်ထောင်ရေးလိမ်လည်မှု ဖြစ်ခဲ့တာမလား၊ ရွာထဲအထိ သတင်းတွေ ရောက်ကုန်တာ။ ငါ့ရဲ့ နောက်ခံကလည်း မကောင်းဘူးဆိုတော့ ရွာသားတွေနဲ့ အဆင်မပြေလှဘူး"
ချန်ချင်းယွီ : "အနည်းဆုံးတော့ လူအနည်းငယ်လောက်ကိုတော့ သိဦးမှာပေါ့၊ ဟုတ်တယ်မလား"
ယွီမေကျွမ်း : "ဒါပေါ့... ငါ ကျေးလက်မှာ နေခဲ့တာ နှစ်တွေ ဒီလောက်တောင် ကြာပြီပဲ၊ မျက်စိကန်းနေတာမှ မဟုတ်တာ။"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း
"ဒါဆိုရင် နင် ငါ့ကို ကူညီပြီး ရွာထဲမှာ ပစ္စည်းကောင်းကောင်းတွေ ရှိမလားဆိုတာ စုံစမ်းပေးလို့ရမလား၊ ဥပမာ ဂျင်ဆင်း၊ ကတိုး၊ ကျားရိုး ဒါမှမဟုတ် အဲဒီလို အရာမျိုးတွေပေါ့။ အကယ်၍ နင် အဲဒီပစ္စည်းတွေ ရအောင် ရှာပေးနိုင်ရင် ငါ ဝယ်မယ်။ နင် ငါ့ကို ကူညီပြီး ရှာပေးနိုင်ရင်တော့ ငါ နင့်ကို အလကား ခိုင်းမှာမဟုတ်ပါဘူး"
ယွီမေကျွမ်း အံ့ဩသွားပြီး မေးလိုက်မိ၏။
"နင် အဲဒီဟာတွေကို ဘာလုပ်မလို့လဲ"
ချန်ချင်းယွီသည်လည်း အူကြောင်ကြောင် ဖြစ်သွားပြီး
"နင် မမြင်ဖူးဘူးလား"
သူမ ရိုးရိုးသားသားဖြင့်
"ဒါတွေက ငါ့ရဲ့ ခွန်အားတွေကို ဖြည့်တင်းဖို့အတွက် မဟုတ်လို့ ဘာလဲ"
ယွီမေကျွမ်း : "..."
သူမ နှုတ်ခမ်းကို မဲ့လိုက်မိရင်း
"နင်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ အခုကတည်းက ခွန်အားဖြည့်ဆေးတွေ စသောက်နေရပြီလား။ အများကြီး သောက်မိရင် နှာခေါင်းသွေးလျှံမှာကို မကြောက်ဘူးလား"
"ငါ တစ်နေကုန် ဆိုင်ထွက်နေရလို့ အလုပ်ရှုပ်ပြီး ပင်ပန်းလွန်းလို့ဟဲ့.. ပြီးတော့ တောင်ပိုင်းဘက်ကိုလည်း ခရီးတွေ သွားနေရသေးတယ်။ ခရီးသွားရတာ ဘယ်လောက်တောင် ဆင်းရဲဒုက္ခရောက်လဲဆိုတာ နင်မသိပါဘူး။ အကယ်၍ ငါက ခွန်အားတွေ မဖြည့်တင်းထားရင် နောက်နှစ်အနည်းငယ်အတွင်း ငါ့ကျန်းမာရေး ထိခိုက်သွားလိမ့်မယ်။ ငါက အသက်ကိုးဆယ့်ကိုးနှစ်အထိ အသက်ရှည်ရှည် နေချင်တာလေ။"
"နင်ကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာပဲ။ နင်..."
ချန်ချင်းယွီ : "စကားအပိုတွေ ပြောမနေနဲ့တော့။ နင် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာပဲ ပြော။"
ယွီမေကျွမ်း : "လုပ်နိုင်တာပေါ့။"
သူမတွင် အခြားသော ပိုက်ဆံရှာရန် လမ်းစမရှိသဖြင့်၊ ချန်ချင်းယွီ သူမအား ကမ်းလှမ်းလာသောအခါ သေချာပေါက်ပင် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်လိုပေသည်။
သူမ ခေတ္တမျှ စဉ်းစားလိုက်ရင်း ပြောလိုက်၏။
"ငါ စဉ်းစားကြည့်ရအောင်... အမှန်တော့ ငါတို့နေတဲ့ အရပ်က တောင်တွေနဲ့ နီးတယ်လေ၊ အဲဒီမှာ တကယ်ပဲ အတွေ့အကြုံရှိတဲ့ မုဆိုးအချို့ ရှိကြတယ်။ သူတို့က တောင်ပေါ် ခဏခဏ တက်လေ့ရှိတော့ သူတို့အိမ်တွေမှာ ပစ္စည်းကောင်းတွေ ရှိနိုင်တယ်လို့ ငါ ထင်တယ်။ နင် တကယ်ပဲ အသေအချာ လိုချင်တာလား"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း
"တကယ် လိုချင်တာပေါ့။"
"နင် ကျေးလက်ကို သွားမယ်ဆိုရင် ငါ နင့်အတွက် အသွားအပြန် လမ်းစရိတ်နဲ့ တည်းခိုခွင့်တွေကို အကုန်အကျခံပေးမယ်၊ ပြီးတော့ တစ်ခေါက်သွားရင် အပိုဆောင်း ငွေသုံးဆယ်စီ ပေးဦးမယ်။ ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်၊ လေးခေါက် သွားပြီးမှ ဘာပစ္စည်းမှ ပါမလာဘဲ လက်ဗလာနဲ့တော့ ပြန်မလာနဲ့။ ငါကတော့ အလကား အသုံးချခံ အငတုံးကြီး အဖြစ်မခံနိုင်ဘူး"
"မဖြစ်နိုင်တာ၊ ငါက ပိုက်ဆံယူပြီး အလုပ်မလုပ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ အရင်တုန်းက နင့်အဘိုးနဲ့ အဘွားတို့က ငါ့ကို စောင့်ကြည့်ခိုင်းဖို့ မုန့်ဖိုးပေးတုန်းကလည်း ငါ တစ်ကြိမ်မှ မပျက်ကွက်ခဲ့ဖူးဘူး၊ အလုပ်ကို အကောင်းဆုံး လုပ်ခဲ့တာ။ စိတ်ချပါ၊ နင် ပိုက်ဆံပေးသရွေ့တော့ ငါ အလုပ်ကို သေချာပေါက် ကောင်းကောင်း လုပ်ပေးမှာပါ"
"ဒါဆိုရင်လည်း ပြီးတာပဲ။"
ယွီမေကျွမ်း ခေါင်းကို ငုံ့ထားလျက် ခဏမျှ တွေးတောနေပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် "ဟိုလေ..." ဟု စကားစလိုက်သည်။
သူမ ခဏမျှ ထပ်မံစဉ်းစားလိုက်ပြီးမှ ဆိုလာ၏။
"ငါ့ရဲ့ ဒုတိယမောင်ကိုပါ အတူတူ ခေါ်သွားလို့ ရမလားဟင်။ ငါ နင့်ကို လိမ်ဖို့ ကြံစည်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူနှစ်ယောက်ဆိုရင်တော့ သေချာပေါက် ပိုပြီး ဘေးကင်းတာပေါ့။ မဟုတ်ရင် ငါလို မိန်းမတစ်ယောက်တည်းနဲ့ ဒီလောက် ဝေးလံတဲ့ခရီးကို သွားရမှာက မလုံခြုံဘူးလေ။ ပြီးတော့ ငါ ကျေးလက်မှာ နှစ်ပေါင်းများစွာ နေခဲ့တယ်ဆိုပေမဲ့ ယောက်ျားအချို့နဲ့တော့ သိပ်ပြီး ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘူး။ ငါ့ရဲ့ ဒုတိယမောင်က ယောက်ျားတစ်ယောက်ဆိုတော့ အချို့သော ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုပြီး သင့်တော်တာပေါ့။ စိတ်ချပါ၊ ငါတို့က အတူတူ လုပ်မှာပါ။ နင်က စားစရိတ်၊ တည်းခိုခွင့်နဲ့ လမ်းစရိတ်တွေကိုပဲ အကုန်အကျခံပေးရင် ရပါပြီ၊ ငါ အပိုပိုက်ဆံ ထပ်မယူပါဘူး"
သူမ ချန်ချင်းယွီကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
ချန်ချင်းယွီသည် ယွီမေကျွမ်းနှင့် သူမ၏ ဒုတိယမောင်တို့အကြား ပတ်သက်မှုကို အသေးစိတ် မသိရှိသော်လည်း ၎င်းကို နားလည်ရသည်မှာ မခက်ခဲလှပေ။ ၎င်းတို့နှစ်ဦးစလုံးသည် မိသားစုထဲတွင် ကျေးလက်သို့ ဆင်းခဲ့ရသည့် တစ်ဦးတည်းသောသူများ ဖြစ်ကြပြီး မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရကာ မည်သည့် စားစရိတ်မျှပင် ထောက်ပံ့ခြင်း မခံခဲ့ရချေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးသာ မှီခိုအားထားရင်း ရုန်းကန်ခဲ့ကြရခြင်း ဖြစ်သည်။
အတိတ်၌ ၎င်းတို့၏ မောင်နှမသံယောဇဉ်မှာ ထိုမျှအထိ ကောင်းမွန်ခြင်း မရှိခဲ့လျှင်ပင်၊ ကျေးလက်တွင် ဖြတ်သန်းခဲ့ရသော ဤနှစ်ပေါင်းများစွာသည် ၎င်းတို့နှစ်ဦးအား တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားစေရန် လုံလောက်လှ၏။
၎င်းမှာ ကောလာဟလထဲမှ "မောင်ဖြစ်သူကို ဇွတ်အတင်း ပုံအောမြှောက်ပင့်ပေးတတ်သည့် အစ်မမျိုး" နှင့် မတူပေ။
၎င်းမှာ ဆင်းရဲဒုက္ခများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရင်း ဖြစ်တည်လာခဲ့သော စစ်မှန်သည့် မောင်နှမသံယောဇဉ် ဖြစ်ပေသည်။
ချန်ချင်းယွီ ပြန်လည်စဉ်းစားကြည့်ရာ ယွီမေကျွမ်း၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိ၏။ မိန်းမသားတစ်ဦးတည်း ခရီးဝေးသွားရသည်မှာ မလုံခြုံလှပေ၊ ဘာပဲဖြစ်ဖြစ် ယွီမေကျွမ်းမှာ မိန်းမတစ်ယောက်သာ ဖြစ်သည်။ သူမအနေဖြင့် မိမိ၏ စံနှုန်းများဖြင့် အခြားသူများကို သွားရောက်တိုင်းတာ၍ မရနိုင်ပေ။ သူမကိုယ်တိုင်မူ မည်သည့်အရာကိုမျှ မကြောက်ရွံ့ခြင်းမှာ သူမတွင် စစ်မှန်သော အရည်အချင်းများ ရှိနေ၍တည်း။
သူမသည် အမျိုးသားချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးသလို၊ မြေအောက်လက်ဝှေ့ဝိုင်းများတွင်လည်း တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ရာ၊ သူမတွင် အရည်အချင်းရှိရုံတင်မကဘဲ အခြားသူများ လုံးဝမမှီနိုင်သော လက်တွေ့တိုက်ပွဲ အတွေ့အကြုံများစွာ ရှိနေ၏။
ထို့ကြောင့် ယွီမေကျွမ်းဘက်တွင် အကူအညီပေးမည့်သူတစ်ဦး ပါရှိခြင်းမှာ သာ၍ပင် သင့်တော်လှပေသည်။
ချန်ချင်းယွီ : "ကောင်းပြီလေ... ဒါဆိုရင်လည်း ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ရအောင်။ နင့်ကို ပိုက်ဆံတစ်ရာ အရင်ပေးထားမယ်၊ ဒါပေမဲ့ စာရင်းဇယားကိုတော့ သေသေချာချာ မှတ်ထားရမယ်နော်။ လမ်းစရိတ်၊ စားစရိတ်နဲ့ တည်းခိုခွင့်တွေကိုတော့ တကယ့်ကုန်ကျစရိတ်အတိုင်း တွက်ချက်မယ်။ အပိုဆောင်းကော်မရှင်ကိုတော့ သီးသန့် တွက်ချက်ပေးမယ်။ ငါ့ကိုတော့ လာပြီး ဉာဏ်ဆင်ဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် ငါ့ယောက္ခမကြီးကို နင့်ဆီ လွှတ်လိုက်မှာနော်။"
ဤစကားကို ကြားလိုက်ရသောအခါ ယွီမေကျွမ်းသည် ကြောက်လန့်လွန်းသဖြင့် ရင်ဘတ်လေးကို ဖိလိုက်မိသည်။
နာမည်ကျော် အာပေါင်အာရင်း သန်လှသော အဘွားကြီးကျောက်၏ ကျော်ဇောမှုမှာ သူမအပေါ်တွင် အတော်ပင် သက်ရောက်မှု ရှိနေဆဲ ဖြစ်၏။
"ပစ္စည်းရှိတယ်ဆိုတာ သေချာပြီဆိုတာနဲ့ ငါ့ဆီကို ကြေးနန်းရိုက်လိုက်၊ အဲဒီကျရင် ငါ နင့်ဆီ ပိုက်ဆံ ထပ်လွှဲပေးမယ်။"
ယွီမေကျွမ်း : "ကောင်းပြီ... ဒါဆိုရင်တော့ အတည်ပဲနော်။"
သူမသည် အလုပ်မရရှိမှာကို တကယ်ပင် စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်၊ သူမနှင့် သူမ၏မောင်တို့တွင် စုဆောင်းထားသော ပိုက်ဆံများမှာ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ရင်ထဲတွင် ပိုမို၍ ပူပန်လာခဲ့ရ၏။ ချန်ချင်းယွီ ကမ်းလှမ်းသော အလုပ်မှာ ထည်ထည်ဝါဝါ ရှိလှသည်မဟုတ်သော်လည်း ပိုက်ဆံရရှိနိုင်ခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။ ၎င်းမှာ အိမ်တွင် နေ့တိုင်း ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် အငတ်ဘေးဆိုက်စေကာ ကြက်ဖမျက်စောင်းထိုးသလို ကြည့်ပြီး မုန်းတီးနေကြရသည်ထက် များစွာ သာလွန်လှပေ၏။
"ငါ အိမ်ပြန်ပြီး ငါ့ဒုတိယမောင်နဲ့ အမြန်ဆုံး ဆွေးနွေးလိုက်ဦးမယ်။ ပြီးတော့ အစောဆုံးရထားက ဘယ်အချိန်လဲဆိုတာ သွားစုံစမ်းလိုက်မယ်။ စိတ်ချပါ၊ ငါ့ရဲ့ ကြေးနန်းသတင်းကိုသာ စောင့်နေလိုက်တော့"
သူမ ချက်ချင်းပင် တက်ကြွရွှင်လန်းသွားတော့သည်။
ချန်ချင်းယွီ ; "နင့်ရဲ့ သတင်းကောင်းကို ငါ မျှော်နေမယ်။"
"အင်း... ဟုတ်ပြီ..."
ယွီမေကျွမ်းသည် မိမိ၏ လာရောက်မှုမှ ဤကဲ့သို့သော မျှော်လင့်မထားသည့် အကျိုးအမြတ်မျိုး ရရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူမ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး ချန်ချင်းယွီထံသို့ စောစောစီးစီး မလာခဲ့မိသည်ကို တိတ်တဆိတ် နောင်တရမိ၏။ အကယ်၍ စောစောလာခဲ့ပါက လုပ်စရာအလုပ်တစ်ခု စောစောစီးစီး ရရှိနေမည်သာ…
တကယ်ပါပဲ…
သို့သော် ချန်ချင်းယွီ၏ စရိုက်မှာ သူမ၏ အဘိုးအဘွားများနှင့် တော်တော်လေး တူလှပေသည်၊ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်ရန်အတွက် ပိုက်ဆံကို ရက်ရက်ရောရော သုံးစွဲတတ်ခြင်း ဖြစ်သည်။
သူမက အရင်တုန်းကလည်း ဒီလိုစရိုက်မျိုး ရှိခဲ့တာလား…
သူမအနေဖြင့် သိပ်ပြီး မမှတ်မိတော့ပေ၊ သို့သော် ၎င်းမှာ အံ့ဩစရာ မဟုတ်ပေ။ အတိတ်၌ သူမသည် ဆင်းရဲနွမ်းပါးခဲ့သဖြင့် စိတ်ကူးဆန္ဒ ရှိလျှင်ပင် ငွေကြေးဓန မရှိခဲ့ချေ။ ယခုအခါတွင်မူ ဘဝအခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ယွီမေကျွမ်းသည် ချန်ချင်းယွီ၏ လမ်းဘေးဆိုင်ဖွင့် စီးပွားရေးအကြောင်းကို ကြားစကားအနေဖြင့် ကြားသိထားခဲ့ရသဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခြင်းသည် တကယ်ကို အမြတ်အစွန်းများလှကြောင်း စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်မိ၏။
ကံမကောင်းစွာဖြင့် သူမတွင်မူ အရင်းအနှီး မရှိသေးချေ။
သို့သော် သူမအနေဖြင့် ပိုက်ဆံအချို့ကို စုဆောင်းနိုင်မည်ဖြစ်ရာ၊ ပိုက်ဆံလုံလောက်စွာ ရှိလာသောအခါတွင်မူ ထို့အတူပင် လုပ်ဆောင်နိုင်မည် ဖြစ်၏။ စိတ်ပိုင်းဖြတ်ပြီးနောက် ယွီမေကျွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်မြူးတူးစွာ ထွက်ခွာသွားခဲ့တော့သည်။ သူမသည် တကယ့်ကို စိတ်ပျော်ရွှင်နေခဲ့၏။
ယွီမေကျွမ်း၏ တက်ကြွလှုပ်ရှားနေသော ပုံစံကို ကြည့်ရင်း ချန်ချင်းယွီသည်လည်း ဤငွေကြေးသုံးစွဲမှုမှာ အလဟဿ ဖြစ်သွားသည်ဟု မခံစားရပေ။
ငွေကြေးဟူသည် စနစ်တကျနှင့် အကျိုးရှိရှိ သုံးစွဲသရွေ့ ဘယ်သောအခါမှ အလဟဿ မဖြစ်ပေ။
သူမ၏ ဤစိတ်ကူးမှာ ရုတ်တရက် ထပေါ်လာသော အစီအစဉ်မျိုး မဟုတ်ကာ၊ အဖိုးတန်သော ပစ္စည်းကောင်းများဟူသည် ရှားပါးလှသည်ဖြစ်၍ နောင်တစ်ချိန်တွင် လူပ်လုပ် သားဖောက်မျိုးပွားမှုများ ရှိလာလျှင်ပင် တောရိုင်းသဘာဝအတိုင်း ထွက်ရှိသောအရာများကို လုံးဝမမှီနိုင်ပေ။ ကျားရိုးနှင့် အလားတူအရာမျိုးများကိုမူ မဆိုထားနှင့်… သာမန်ရှာပါး တောထွက်ပစ္စည်းများကိုပင် နောက်နှစ်အနည်းငယ် ကြာလျှင် မည်သူမျှ ရောင်းဝယ်ဖောက်ကားရဲတော့မည် မဟုတ်ကာ ၎င်းမှာ ကြီးမားသော ပြစ်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
နောက်နှစ်အနည်းငယ်အတွင်းမှာမူ ၎င်းမှာ တရားမဝင်သေးသည့်အတွက်၊ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အချို့ကို စုဆောင်းထားခြင်းသည် ပိုက်ဆံကို ဒီအတိုင်း စုဆောင်းထားရသည်ထက် များစွာ သာလွန်လှပေသည်။
ထို့ကြောင့်ပင် အချိန်ခရီးသွားခြင်း သို့မဟုတ် ပြန်လည်မွေးဖွားခြင်း၏ အားသာချက်မှာ ဤနေရာတွင် ရှိနေ၏။ မိမိ၏ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မားမလာလျှင်ပင်၊ အခြားသူများထက် ပိုမိုများပြားသော အတွေ့အကြုံများနှင့် ကျယ်ပြန့်သော အမြင်အာရုံများ ရှိနေလေသည်။ အထူးသဖြင့် သူမကဲ့သို့သော လူမျိုးအတွက်မူ အတိတ်သို့ ပြန်လည်ရောက်ရှိသွားခြင်းမှာ နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို အကုန်အစင် ဆုပ်ကိုင်ထားနိုင်၏။
သင်သည် အလွန်အမင်း ထက်မြက်နေဖို့ မလိုချေ၊ အမှားအယွင်းများနှင့် ထောင်ချောက်များကို ရှောင်ရှားရင်း၊ အလုပ်ကို အခြေခိုင်ခိုင်ဖြင့် တည်ငြိမ်စွာ လုပ်ဆောင်သွားရုံဖြင့် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဤသည်မှာ အချိန်ကူးပြောင်းခြင်း သို့မဟုတ် ပြန်လည်မွေးဖွား စတင်ခြင်းဟူသည် အကြီးမားဆုံးသော အခွင့်ထူးခံ အကွက်ပင် ဖြစ်၏။
ချန်ချင်းယွီ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိရင်း လှည့်၍ ပြန်လျှောက်လာခဲ့သည်။
ယွီမေကျွမ်းအနေဖြင့် ဤကိစ္စမှ ပိုက်ဆံအချို့ ရရှိသွားလျှင်ပင် ၎င်းမှာ ထိုက်တန်၏။
ထို့အပြင် ယွီမေကျွမ်းနှင့် သူမ၏မောင်တို့ ဤနေရာမှ ထွက်ခွါသွားခြင်းသည်ပင် ကောင်းမွန်သောအချက် ဖြစ်သည်။
ချန်မိသားစုတွင် လူဦးရေ နည်းပါးသွားလေလေ၊ ချန်ချင်းယွီအတွက် ပြဿနာရှာရန် သာ၍ လွယ်ကူလေလေ ဖြစ်၏။ အကယ်၍ လူဦးရေ များပြားနေပါက အကြိမ်အနည်းငယ် ပြဿနာရှာပြီးလျှင် ၎င်းတို့ဘက်မှ ရိပ်မိသွားကြပေလိမ့်မည်။ သို့သော် လူနည်းသွားသည့်အခါတွင်မူ အခြေအနေမှာ ခြားနားသွားပေလိမ့်မည်။
ချန်ချင်းယွီ မိမိဘက်မှ စိုးစိမျှ အရှုံးမရှိဟု ခံစားရ၏။
သူမသည် သူမ၏ နောက်ထပ်ခြေလှမ်းကို သေသေချာချာ စဉ်းစားနေမိသော်လည်း မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းထားရန်နှင့် စိတ်လိုက်မာန်ပါ မလုပ်ဆောင်ရန် သတိပေးလိုက်သည်။ သူမအနေဖြင့် ချန်ရိကျွင်းနှင့် သူ၏ ရက်စက်တတ်သော မိန်းမကို နှိပ်စက်ညှဉ်းပန်းလိုလျှင်ပင် ဆက်တိုက်ကြီး ပြဿနာ သွားရှာနေ၍ မရချေ။ ယခုအချိန်တွင် ၎င်းတို့အပေါ် စောင့်ကြည့်နေမည့်သူများ သေချာပေါက် ရှိနေနိုင်၏။
ဘာပဲဖြစ်ဖြစ် သရဲတစ္ဆေပုံပြင်များဟူသည် သေးငယ်သော ကိစ္စရပ်မဟုတ်ရာ၊ ရဲတပ်ဖွဲ့အနေဖြင့် ရိုးရိုးရှင်းရှင်း စုံစမ်းစစ်ဆေးရုံဖြင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။
ချန်ချင်းယွီသည် အမြော်အမြင်ကြီးမားသူဖြစ်ရာ စိတ်လိုက်မာန်ပါ လျှောက်မလုပ်ပေ။ သူမ အိမ်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာခဲ့ရာ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် မွှေးကြိုင်လှသော ဟင်းနံ့များကို ရရှိလိုက်သည်။ ၎င်းမှာ ညစာစားရမည့် အချိန်ပင် ဖြစ်၏။ ချန်ချင်းယွီသည် အထဲသို့ တိုက်ရိုက် ဝင်လာခဲ့သည်။ အဘွားကြီးကျောက် လှမ်းမေးကာ
"ယွီမေကျွမ်းက နင့်ကို ဘာလာလုပ်တာလဲ"
ချန်ချင်းယွီ : "ဘာမှမဟုတ်ပါဘူး၊ ကျွန်မကို သတိပေးစရာလေး ရှိလို့ပါ"
အဘွားကြီးကျောက် သူမကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ ချန်ချင်းယွီ ပြုံးလိုက်ရင်း ဆိုလိုက်၏။
"ပိုက်ဆံနဲ့ ရောင်းတာလေ"
အဘွားကြီးကျောက် ခေတ္တမျှ ဆွံ့အသွားရပြီးမှ ကပျာကယာ ပြောလိုက်သည်။
"လက်သွားဆေးပြီး ထမင်းစားတော့။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ညစာ သွားဝယ်နေကြတယ်"
ချန်ချင်းယွီသည် မိမိကလေးများ၏ စာနာထောက်ထားတတ်မှုကို အလွန်ပင် သဘောကျမိသည်။ သူမပြုံးလျက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း
"အိမ်ပြင်တာ ဘယ်လိုလဲ"
"ပြီးခါနီးပြီ။ ပြင်ပြီးရင် ရက်နည်းနည်းလောက် ဒီအတိုင်း ထားလိုက်ဦးမယ်၊ ပြီးမှ ပရိဘောဂတချို့ ထည့်ပြီး ဒီနေရာကို နည်းနည်း ထပ်သပ်ရပ်အောင် လုပ်ရမယ်။"
"ကောင်းတာပေါ့... ကျွန်မ ဒီမှာ ပိုပြီး သက်သောင့်သက်သာ နေချင်နေတာ၊ အခုတော့ ဆန္ဒ ပြည့်ဝသွားပြီ။"
"ဒါပေါ့။"
"ဒီနေ့ ချန်းမန်မှာ အရောင်းအဝယ် ဘယ်လိုလဲ။"
"အတော်လေး ကောင်းပါတယ်။"
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့်
"လူတစ်ယောက်က ငါ့ကို လာမောင်းထုတ်တာနဲ့၊ ငါက သူ့ကို ဆွဲလှဲပြီး ထွက်ပြေးလိုက်တာ၊ ဟီးဟီး... ပတ်ပြေးပြီးမှ ပြန်လာတာပေါ့။ အရောင်းအဝယ်က ကောင်းပါတယ်။ နင့်ရဲ့ အရောင်းအဝယ်လည်း ကောင်းတယ်မလား"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း
"နှိုင်းယှဉ်စရာ လူတစ်ယောက် ရှိနေတာကိုး။"
ချန်ချင်းယွီ လီလင်းလင်း၏ အခြေအနေကို ပြန်ပြောပြရင်း သက်ပြင်းချလိုက်၏။
"သူမသာ နေ့တိုင်း လာမယ်ဆိုရင် ကျွန်မ ပစ္စည်းတွေက တစ်ပတ်လောက် စောပြီး ပြတ်သွားလိမ့်မယ် ထင်တယ်"
အဘွားကြီးကျောက် : "..."
သူမ စိတ်ရင်းမှန်ဖြင့် လှိုက်လှိုက်လှဲလှဲ ချီးကျုးလိုက်မိသည်။
"လီလင်းလင်းက တကယ့် အရူးမပဲ"
ချန်ချင်းယွီ : "အဲလိုမပြောပါနဲ့၊ သူမက တော်တော်လေး ကောင်းရှာပါတယ်"
အဘွားကြီးကျောက် မျက်လုံးလေး စောင်းကြည့်ကာ……
နင်ကတော့ အကျိုးအမြတ် ရသွားတာကိုး…
သို့သော် မိမိမိသားစု အကျိုးအမြတ် ရရှိခဲ့သဖြင့် အဘွားကြီးကျောက်သည် သဘာဝအတိုင်းပင် ပျော်ရွှင်နေမိသည်။
ဟီးဟီးဟီး...
ချန်ချင်းယွီတို့ မိသားစုမှာ အလွန် ပျော်ရွှင်နေကြသော်လည်း၊ ယွမ်ဟောက်ဖုန်းမှာမူ မျက်နှာပျက်လျက် အလွန် မကျေမနပ် ဖြစ်နေ၏။ လီချန်ရွှမ်းနှင့် သူ၏ဇနီးတို့သည် ကိုယ်ဝန်ဆောင်သည်ကို ပြုစုစောင့်ရှောက်ရန် လျိုကျင့်၏နေရာတွင် သွားရောက်နေထိုင်ကြသဖြင့် အိမ်တွင် သိပ်မရှိကြရာ၊ ယခုအခါ ယွမ်ဟောက်ဖုန်းသည် သူတို့၏အိမ်သို့ ဇွတ်အတင်း ဝင်ရောက်နေခြင်း ဖြစ်သည်။ သူသည် အထဲတွင် လီလင်းလင်းကို မနှစ်မြို့သော မျက်နှာပေးဖြင့် စိုက်ကြည့်နေ၏။
"ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်နေတာတောင်၊ တစ်နေကုန် အပြင်ထွက်ပြီး ဘောင်းဘီ တစ်ထည်တောင် မရောင်းရဘူးလား၊ ပြီးတော့ ငါ့ဆီကနေ ဘောင်းဘီတစ်ထည် အလကား လိုချင်သေးတယ်ပေါ့ ဟုတ်လား"
လီလင်းလင်းသည် သူ၏မကျေနပ်မှုကို သတိမထားမိဘဲ
"ညီမက နမူနာအနေနဲ့ လုပ်ပြချင်ရုံတင်ပါ။ ချန်ချင်းယွီလည်း ဒီလိုပဲ ဝတ်ထားတာကို မြင်တော့ လူတွေအကုန်လုံးက သူမနောက်ကိုပဲ လိုက်နေကြတာ။ ပြီးတော့ သူမက ဈေးလည်း လျှော့ပေးနိုင်သေးတယ်။ ဒါကြောင့် ကျွန်မတို့ အရောင်းအဝယ် ပျက်ကုန်တာ။ ကျွန်မတို့ ဒီလိုလုပ်လို့ မရဘူး၊ ဒါပေမဲ့လည်း ဈေးကို ဇွတ်အတင်း လျှော့မရောင်းရက်ဘူး ဖြစ်နေတာ။ ကျွန်မတို့ ဘာလုပ်ကြမလဲ"
ယွမ်ဟောက်ဖုန်း : "မင်း စကားကို ပိုပြီး နားဝင်ချိုအောင် မပြောတတ်ဘူးလား။ လူတွေကို ပိုပြီး လှမ်းခေါ်ကြည့်ပါဦး"
လီလင်းလင်း : "ကျွန်မလည်း လှမ်းခေါ်တာပဲ၊ ဒါပေမဲ့ ဘယ်သူမှ လာမကြည့်ကြဘူး။ လူတွေအကုန်လုံးက အပေါစားတွေကိုပဲ လိုက်ရှာနေကြတာ။ အစ်ကိုဟောက်ဖုန်း... အစ်ကိုက သူမကို အရောင်းသွက်တယ်လို့ အမြဲပြောနေပေမဲ့ ဒီနေ့ ကျွန်မကိုယ်တိုင် မြင်ခဲ့ရပြီ။ သူမက အလကားပေးတာတွေ၊ ဈေးလျှော့တာတွေ လုပ်လို့သာ အရောင်းသွက်နေတာ၊ တကယ့် အရည်အချင်း မဟုတ်ပါဘူး"
အကယ်၍ ချန်ချင်းယွီသာ ထိုလှည့်ကွက်များကို မသုံးပါက လီလင်းလင်းလောက် သေချာပေါက် ရောင်းကောင်းမည် မဟုတ်ချေ။
ယွမ်ဟောက်ဖုန်း စိတ်မရှည်စွာဖြင့်
"ငါတို့က အလကား သွားပေးလို့ မရဘူးလေ၊ အဲဒါက အရင်းအနှီး ပိုများသွားစေတယ်။ ငါ နင့်ကို ပြားငါးဆယ် ဒါမှမဟုတ် တစ်ယွမ်လောက် ဈေးလျှော့ပေးလို့ ရတယ်လို့ ပြောထားတယ်မလား။ အဲလို မလုပ်ဘူးလား"
လီလင်းလင်း : "သူမရဲ့ မူရင်းဈေးကတင်ပဲ ဒီလို လျှော့ဈေး ဖြစ်နေတာလေ။ ကျွန်မ သူမကို မပြိုင်နိုင်မှာ ကြောက်လို့ ဈေးပိုမတောင်းရဲဘူး။ ကျွန်မ လျှော့ဈေးနဲ့ပဲ ရောင်းနိုင်တာ၊ ဒါပေမဲ့ အဲဒါကလည်း မလုံလောက်သေးဘူး"
လီလင်းလင်းကို ကြည့်ရင်း ယွမ်ဟောက်ဖုန်း၏ စိတ်အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ဤမိန်းမမှာ လုံးဝ အသုံးမကျဟု သူ ခံစားလိုက်ရ၏။ သူမသည် ဦးနှောက်ကို လုံးဝ မသုံးတတ်ချေ။
ပိုက်ဆံရှာရတာသာ လွယ်ကူနေရင် သူမကို လိုအပ်မနေဘူး…
သို့သော်လည်း သူသည် လီလင်းလင်းနှင့် အဆင်မပြေ ဖြစ်၍မရမှန်း သိရှိနေသည်၊ သူမအား အလကား ခိုင်းစေရန် မျှော်လင့်ထားသည့်အတွက် သူသည် မိမိ၏ မကျေနပ်မှုများကို မျိုသိပ်လိုက်ရင်း
"တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း နင် တခြားနေရာကို သွားပါလား။ မဟုတ်ရင် ဒီလိုမျိုး ယှဉ်နေရင် ငါတို့ပဲ အရှုံးပေါ်လိမ့်မယ်"
"မသွားပါဘူး..."
လီလင်းလင်းမှာ အတော်ပင် ခေါင်းမာလှသည်။
"ကျွန်မတို့က ဘာလို့ တခြားနေရာကို သွားရမှာလဲ။ ကျွန်မက သူမထက် ဘာနိမ့်ကျလို့လဲ။ ကျွန်မလည်း အရည်အချင်း ရှိတာပဲ။"
ယွမ်ဟောက်ဖုန်း : "..."
လီလင်းလင်း : "မနက်ဖြန် အလုပ်ပိတ်ရက်ယူပြီး ရှီချာဟိုင်မှာ ဆိုင် ဆက်ခင်းဖို့ စိတ်ကူးထားတယ်။ ကျွန်မက သူမထက် နိမ့်ကျတယ်ဆိုတာကို လုံးဝ မယုံဘူး။ ကျွန်မကို အဝတ်အစားတွေထဲက တစ်ထည် ပေးဝတ်ပါလား၊ နည်းနည်း ပြင်ဆင်လိုက်မယ်။ ဈေးမလျှော့နိုင်ရင်တောင် ကျွန်မ သူမကို သေချာပေါက် အပြတ်အသတ် အနိုင်ယူနိုင်မှာ။ သူမက အမြဲတမ်း ဈေးလျှော့ပြီး လက်ဆောင်တွေ ပေးနေနိုင်မှာ မဟုတ်ဘူးလို့ ငါ မယုံကြည်ဘူး။"
ယွမ်ဟောက်ဖုန်း : "ငါ့စကားကို နားထောင်ဦး..."
"အစ်ကိုဟောက်ဖုန်း... ကျွန်မက တို့တွေရဲ့ အနာဂတ်အတွက် လုပ်နေတာလေ။"
ယွမ်ဟောက်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း
"ဒီဘောင်းဘီတစ်ထည်က အရေးမကြီးပါဘူး၊ ဒါပေမဲ့ ဒါကို ဝတ်တာကိုတော့ ငါ သဘောမတူဘူး"
လီလင်းလင်း : "......"
ယွမ်ဟောက်ဖုန်း : "ဒီဘောင်းဘီကို ကြည့်ဦး၊ အဲဒါက မင်းရဲ့ ခါးနဲ့ တင်ပါးတွေကို အထင်အရှား ပေါ်လွင်စေတယ်၊ အဲလိုမျိုး ဝတ်တာကို ငါ မလိုလားဘူး။ တခြားယောက်ျားတွေ မင်းကို ကြည့်တာကို ငါ မလိုလားဘူး။ မင်းက ငါ့မိန်းမပဲ၊ ငါ သဝန်တိုတယ်"
လီလင်းလင်းသည် ချက်ချင်းပင် ချိုသာလှသော လေသံဖြင့် ပြုံးလိုက်မိရင်း
"အစ်ကိုဟောက်ဖုန်း..."
သူမ သိတာပေါ့၊ အစ်ကိုဟောက်ဖုန်းက သူမတစ်ယောက်တည်းကိုပဲ ချစ်တာ…
ယွမ်ဟောက်ဖုန်း : "ငါ့မှာ ဘောင်းဘီတစ်ထည်စာ ပိုက်ဆံ မရှားပါဘူး၊ ဒါပေမဲ့ တခြားလူတွေ မင်းကို ကြည့်တာကို ငါ မလိုလားတာ။ မင်းက ငါ့ကို ရထားပြီဆိုတော့ လိပ်ပြာလေးလိုမျိုး လူတကာ ငေးအောင် လျှောက်ဆွဲဆောင်ချင်နေတာလား။"
လီလင်းလင်းသည် စိတ်လှုပ်ရှားသွားပြီး
"မလုပ်ပါဘူး၊ အစ်ကိုက တကယ့် အသဝန်တိုကြီးပဲ။ အစ်ကို ကျွန်မကို ဘယ်လောက်ချစ်လဲဆိုတာ သိပါတယ်။ မဝတ်တော့ဘူး၊ ဟုတ်ပြီလား"
ယွမ်ဟောက်ဖုန်း : "မင်း အဲလို သိရင် ပြီးတာပါပဲ။"
လီလင်းလင်း နှုတ်ခမ်းလေး စူလိုက်ရင်း
"အစ်ကို ကျွန်မကို ချစ်မှန်း ကျွန်မ သိပါတယ်"
ဟီးဟီးဟီး... ဘောင်းဘီတစ်ထည်ကို ကာကွယ်လိုက်နိုင်ပြီ။ နင်က ဒီဘောင်းဘီနဲ့ တန်၊ မတန်တောင် ကိုယ့်ကိုယ်ကိုယ် မစဉ်းစားဘဲ ဇွတ်အတောင်းရဲသေးတယ်...
သူ အပြင်ပန်းတွင်မူ
"မင်း ငါ့ရဲ့ ခံစားချက်ကို နားလည်ပေးတာ ကောင်းပါတယ်"
လီလင်းလင်း : "သေချာပေါက် နားလည်တာပေါ့"
၎င်းတို့နှစ်ဦးမှာ အလွန်ပင် ချစ်ခင်ကြင်နာနေကြပြီး လီလင်းလင်း ပိုမိုတိုးကပ်လိုက်ရင်း
"ဒါနဲ့... ဒီနေ့ ဟောက်ရွှယ်ကို တွေ့ခဲ့တယ်။ သူမက အသက်ကြီးကြီး ယောက်ျားတစ်ယောက်နဲ့ အတူတူ ရှိနေတာ။ အဲဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား"
ယွမ်ဟောက်ဖုန်း၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး
"ရပါတယ်၊ အဲဒါက သူမရဲ့ ရည်းစား ဖြစ်လိမ့်မယ်"
လီလင်းလင်း အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
"အာ... သူက အသက်ကြီးလွန်းတယ် မဟုတ်လား"
ယွမ်ဟောက်ဖုန်း : "ယောက်ျားတစ်ယောက်အတွက် အသက်နည်းနည်း ကြီးတာက ဘာမှမဖြစ်ပါဘူး။ အသက်ကြီးတဲ့ ယောက်ျားတွေက ပိုပြီး ရင့်ကျက်တဲ့ အရှိန်အဝါ ရှိကြတယ်၊ ပြီးတော့ အသက်အရွယ်ကြောင့် ရလာတဲ့ ခန့်ညားတည်ငြိမ်မှုမျိုးက လူငယ်တွေ ဘယ်လိုမှ မမှီနိုင်တဲ့အရာပဲ။ မင်း သိတဲ့အတိုင်း ဟောက်ရွှယ်က အတွင်းစိတ် အရည်အချင်းကို တန်ဖိုးထားတဲ့လူလေ၊ သူမ ကြိုက်တဲ့ ယောက်ျားတွေက အရည်အချင်းရှိကြတယ်။ သူမက အပြင်ပန်း ရုပ်ရည်၊ အသက်အရွယ်တွေကို သိပ်ပြီး ဂရုမစိုက်ဘူး၊ အရည်အချင်းထက် အရေးကြီးတာ ဘာမှမရှိဘူး"
လီလင်းလင်းမှာ ကြောင်အသွားရသည်။ သူမ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိ၏။
"အဲဒါ ဘယ်သူလဲဆိုတာ အစ်ကို သိလား"
ယွမ်ဟောက်ဖုန်း : "သူမ ပြောတာတော့ ကြားဖူးတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင်တော့ မမြင်ဖူးဘူး။ ဒါပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းက ပိုပြီး အရေးကြီးပါတယ်"
လီလင်းလင်း : "ကျွန်မတော့ မကြိုက်ပါဘူး… ကျွန်မကတော့ အစ်ကို့ကိုပဲ ကြိုက်တာ။"
ယွမ်ဟောက်ဖုန်း : "ငါ သိပါတယ်၊ ငါလည်း အတူတူပါပဲ။ ဒါကြောင့် ငါတို့ရဲ့ အနာဂတ်အတွက် အတူတူ ကြိုးစားကြရအောင်။ မင်း ခဏနေရင် ရုပ်ရှင်ရုံတံခါးဝမှာ သွားပြီး ပိုရောင်းကြည့်ပါလား"
"ကောင်းပြီလေ..."
ယွမ်ဟောက်ဖုန်းသည် လီလင်းလင်းကို လှည့်စားပြီးနောက် သူမ၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်ရင်း ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်၏။
"အိမ်ကိစ္စနဲ့ ပတ်သက်ပြီး မိဘတွေကို ပြောပြီးပြီလား"
"မပြောရသေးဘူး... သူတို့က အခုတလော အိမ်ပြန်လာတာ သိပ်မရှိကြဘူး၊ ပြန်လာမှပဲ ပြောလိုက်တော့မယ်။"
ယွမ်ဟောက်ဖုန်း : "မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်၊ အကယ်၍ သူတို့မှာ သားတစ်ယောက် ရသွားရင်တော့ မင်းအတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။"
"အင်း... ဟုတ်ပြီ..."
ယွမ်ဟောက်ဖုန်းသည် လီလင်းလင်း၏ အရူးပုံစံကို ကြည့်ရင်း စိတ်ထဲမှ နှာခေါင်းရှုံ့ အထင်သေးမိသော်လည်း သူမအား မိမိအလိုအတိုင်း ခြယ်လှယ်နိုင်သည့်အတွက် ပျော်ရွှင်နေမိသည်။
အရူးမ၊ ဟားဟား... ဒီလောကမှာ အရူးမတွေ ဒီထက်မက ပိုများလာရင် ကောင်းမှာပဲ…
သူသည် ရှန့်ရှန့်ကို ကူညီခိုင်းခဲ့ဖူးသော်လည်း သူမမှာ ငြင်းဆန်ခဲ့သည်။ ယွမ်ဟောက်ဖုန်း၏ မျက်ဝန်းများမှာ ပိုမိုနက်မှောင်သွားရ၏။ သူသည် ရှန့်ရှန့်အား ကိုယ်ဝန်ရအောင် ကြိုးစားခဲ့ကတည်းက ဤမိန်းမမှာ သူ့အပေါ် သတိကြီးစွာ ထားနေခဲ့သည်။ တကယ့်ကို မုန်းစရာကောင်းလှ၏။ ကံမကောင်းစွာဖြင့် သူသည် ရံဖန်ရံခါတွင် ရှန့်ရှန့်၏ အကူအညီကို လိုအပ်နေဆဲဖြစ်ရာ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ရန် မရဲသေးချေ။
"ငါ့မှာ မင်းတစ်ယောက်ပဲ ကျန်တော့တာ၊ မင်း ပိုက်ဆံ ပိုရှာရမယ်နော်။"
လီလင်းလင်း ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်ရင်း
"သိပါတယ်"
ယွမ်မိသားစုဝင်များ အားလုံးသည် လူများကို လှည့်စားရန်အတွက် ခံစားချက်များကို မည်ကဲ့သို့ အသုံးချရမည်ကို သေသေချာချာ သိရှိကြပြီး၊ မိမိတို့၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် ဟန်ဆောင်ပန်ဆောင် သစ္စာရှိလှသော မျက်နှာဖုံးများကို စွပ်ထားတတ်ကြပေသည်။ ဤကဲ့သို့သော လူမျိုးများသည် လီလင်းလင်းကဲ့သို့သော လူစားမျိုးအပေါ်တွင် အလုပ်ဖြစ်သော်လည်း၊ ဒုစက်ရုံမှူးဟယ်ကဲ့သို့သော လူစားမျိုးအပေါ်တွင်မူ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ယွမ်ဟောက်ရွှယ်သည် ဒုစက်ရုံမှူးဟယ်ကို သိမ်းသွင်းရန် ခက်ခဲမှန်း သိရှိသော်လည်း၊ သူသည် သူမ လက်လှမ်းမီသမျှထဲတွင် အကောင်းဆုံးလူ ဖြစ်သဖြင့် သေချာပေါက်ပင် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။
သူမ၏ အစ်ကိုဖြစ်သူ လီလင်းလင်းကို ဖျောင်းဖျနားချနေချိန်၌၊ ယွမ်ဟောက်ရွှယ်သည် ချွေးများရွှဲနစ်လျက် ကုတင်ပေါ်မှ ထကာ ဒုစက်ရုံမှူးဟယ်၏ ပုခုံးပေါ်သို့ မှီတွဲလိုက်သည်။ သူမက ချိုသာလှသော လေသံဖြင့်
"ကျွန်မတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ"
ဒုစက်ရုံမှူးဟယ်၏ အမည်မှာ ဟယ်မင် ဖြစ်၏။
သူသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း
"ငါ နောက်အိမ်ထောင် မပြုတော့ဘူး"
ယွမ်ဟောက်ရွှယ်သည် ဆတ်ခနဲ ထထိုင်လိုက်မိပြီး ဟယ်မင်အား မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်လိုက်သည်။
ဟယ်မင်မှာ တည်ငြိမ်နေဆဲပင် ဖြစ်ပြီး
"ငါ့မိန်းမ ဆုံးသွားတာ ဒီနှစ်ဆန်းပိုင်းတင်ပဲ ရှိသေးတာ။ ငါသာ ချက်ချင်း နောက်အိမ်ထောင်ပြုလိုက်ရင် လူတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ဘာပဲဖြစ်ဖြစ် နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ ငါ ဒါကို ထည့်မစဉ်းစားဘူး"
"ဒါပေမဲ့ ကျွန်မ ကျတော့ကော။ ကျွန်မဘာလုပ်ရမှာလဲ။"
ယွမ်ဟောက်ရွှယ်သည် သူ့ကို သနားစဖွယ် ဖက်တွယ်လိုက်ရင်း တောင်းတသံဖြင့် မေးလိုက်သည်။
"ကျွန်မက ဒီအတိုင်း ဘာအဆင့်အတန်းမှ မရှိဘဲ ရှင်နဲ့ လိုက်နေရမှာလား"
ဟယ်မင် အေးစက်စက်ဖြင့်
"မင်း မကျေနပ်ရင် ထွက်သွားနိုင်တယ်၊ ငါ ဇွတ်အတင်း မတားဘူး"
ယွမ်ဟောက်ရွှယ်၏ မျက်နှာသည် ဖြူဖျော့သွားရာမှ တဖြည်းဖြည်း နီမြန်းလာခဲ့သည်။ အတော်ကြာပြီးမှ သူမသည် ဆက်လက်၍ ကဂျီကဂျောင် မလုပ်ရဲတော့ဘဲ တိုးတိုးလေး ရှိုက်ငိုကာ သူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်ရင်း
"ရှင် ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ။ တစ်ရက်တာ လင်မယား ဖြစ်ခဲ့ရင်တောင် ရက်ပေါင်းရာချီတဲ့ သံယောဇဉ် ရှိပါတယ်ဆို။ ကျွန်မ ရှင့်ကို ချစ်တာ ရှင်သိပါတယ်။ ကျွန်မ ရှင်နဲ့ မခွဲနိုင်ဘူး"
ဟယ်မင်း : "မင်းညီမက မကြာခင် ကျောင်းပြီးတော့မယ် မလား။ သူမရဲ့ စာပေလေ့လာမှုကော ဘယ်လိုလဲ"
ယွမ်ဟောက်ရွှယ်သည် အံ့အားသင့်သွားပြီး ဟယ်မင်ကို အနည်းငယ် ဝေခွဲမရသကဲ့သို့ စိုက်ကြည့်လိုက်မိ၏။
ဟယ်မင် : "သူမ တက္ကသိုလ် ဝင်နိုင်မလား"
ယွမ်ဟောက်ရွှယ် ခေါင်းခါလိုက်ရင်း
"မအောင်နိုင်ဘူး"
သူမ မိမိ၏ ညီမကို အထင်သေး၍ မဟုတ်ချေ၊ သို့သော် ညီမဖြစ်သူ၏ စာမေးပွဲရလဒ်များမှာ အလွန်ပင် သာမန်မျှသာ ဖြစ်သောကြောင့်တည်း။
ဟယ်မင် : "သူမ အထက်တန်း ကျောင်းပြီးရင် ငါ သူမအတွက် အလုပ်တစ်ခု စီစဉ်ပေးမယ်။"
ယွမ်ဟောက်ရွှယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် ဝမ်းသာအားရဖြင့်
"ရှင်က တကယ့်ကို ကြင်နာတတ်တာပဲ..."
ဟယ်မင် ပြုံးလိုက်ရင်း
"ဒါက မင်းကြောင့်မလို့ပါ"
ယွမ်ဟောက်ရွှယ် : "ကျွန်မ သိပါတယ်၊ သိတာပေါ့၊ ရှင်က ကျွန်မအပေါ် တကယ် ကောင်းတာပဲ..."
အလုပ်အကိုင်တစ်ခု ရရှိသွားသည့်အတွက် ၎င်းတို့နှစ်ဦးစလုံးသည် အိမ်ထောင်ပြုမည့် ကိစ္စကို ချက်ချင်းပင် ထပ်မံ၍ မဟကြတော့ပေ။
၎င်းမှာ အပြန်အလှန်အနေဖြင့် ပေးအပ်သော အသေးအဖွဲ နစ်နာကြေးမျှသာ ဖြစ်ကြောင်း သူမ သိရှိပေသည်။
ယွမ်ဟောက်ရွှယ် စိတ်ထဲမှ ကျိတ်၍ ဝမ်းသာနေမိ၏။ သူမသည် ယခုထက်ထိ တရားဝင်ဇနီးအဖြစ် မသတ်မှတ်ခံရသေးသော်လည်း ဟယ်မင်မှာ မိန်းမသားများအပေါ်တွင်မူ ရက်ရောလှပေသည်။
နေ့စဉ်ဘဝတွင် ကောင်းမွန်စွာ ဆက်ဆံရုံတင်မကဘဲ ၎င်းတို့မိသားစုအတွက် အလုပ်အကိုင်ပါ စီစဉ်ပေးသည်မှာ ရှားပါးလှ၏။ ယခုခေတ်အခါတွင် အလုပ်အကိုင်တစ်ခုဟူသည် အလွန်ပင် အရေးပါလှသည် မဟုတ်လော့။ သူမ ပျစ်ချွဲချွဲလေသံဖြင့်
"နောက်ကျရင် ရှင့်အတွက် အရသာရှိတဲ့ ဟင်းတွေ ချက်ကျွေးမယ်နော်..."
"ငါတို့ အခုပဲ စားကြတာပေါ့..."
၎င်းတို့နှစ်ဦးသည် အပြန်အလှန် တူနှစ်ကိုယ် ချစ်ကြည်နူးသွားကြပြန်၏။
ယွမ်ဟောက်ရွှယ် စိတ်ခံစားချက် ကောင်းမွန်နေပြီး ညနက်ပိုင်းကျမှသာ အိမ်သို့ ပြန်လာခဲ့သည်။
သာမန်အလုပ်သမားတစ်ဦးနှင့် လက်ထပ်ရသည်ထက်စာလျှင် သူမသည် ဟယ်မင်နှင့်သာ အတူတကွ နေထိုင်လိုပေသည်။ ယွမ်ဟောက်ရွှယ်သည် တစ်လမ်းလုံး သီချင်းတညည်းညည်းဖြင့် ပျော်ရွှင်စွာ ပြန်လာခဲ့၏။ ည၌ ဝင်းကြီး၏ တံခါးမကြီးကို ပိတ်ထားခဲ့ပြီဖြစ်ရာ အဒေါ်ကြီးမေ့မှာ တံခါးလာဖွင့်ပေးရင်း ယွမ်ဟောက်ရွှယ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်၍ တိုးတိုးလေး ကဲ့ရဲ့လိုက်သည်။
"တော်တော်လေး မိုးချုပ်မှ ပြန်လာတာပဲနော်"
ယွမ်ဟောက်ရွှယ် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်ရင်း
"ကိစ္စလေး ရှိလို့ပါ၊ ကျေးဇူးတင်ပါတယ် အဒေါ်ကြီးမေ့"
"ရပါတယ်၊ ကိစ္စမရှိပါဘူး။"
ရှေ့ဝင်းဘက်သို့ ပြောင်းရွှေ့လာကတည်းက အဒေါ်ကြီးမေ့သည် တံခါးအဖွင့်အပိတ် လုပ်ရသည်ကို ပျော်ရွှင်နေခဲ့သည်၊ အကြောင်းမှာ သူမသည် အတင်းအဖျင်း သတင်းများ၏ ဆရာတစ်ဆူ ဖြစ်သောကြောင့်ပင်။ ယခင်က ထိုအလုပ်ကို လင်စန်းရှင်း လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် လင်စန်းရှင်းမှာ အိမ်၌ ရှိခဲလှပေသည်။
လီချန်ရွှမ်းသည် လင်စန်းရှင်းနှင့် ကွာရှင်းပြတ်စဲပြီးသည်နှင့် လျှိုကျင့်ကို ချက်ချင်းပင် လက်ထပ်လိုက်၏။ လျှိုကျင့်တွင် ကိုယ်ဝန်ရှိနေပြီ မဟုတ်လော့။ ၎င်းမှာ ကလေးအား တရားဝင် အဆင့်အတန်းတစ်ခု ပေးရန်အတွက် ဖြစ်သည်။
သို့သော်လည်း လင်စန်းရှင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အနီးကပ် သေသေချာချာ ပြုစုစောင့်ရှောက်ပေးရင်း လျှိုကျင့်၏အိမ်တွင် အမြဲတမ်း သွားရောက်နေထိုင်ခဲ့၏။ ဤအကြောင်းမှာ ရပ်ကွက်ထဲရှိ လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။ အမျိုးသမီးများအားလုံး လင်စန်းရှင်းကို အရိုးအဆစ်မရှိဘဲ ခါးညွတ်လွန်းသည် (မာနမရှိ ပျော့ညံလွန်း) ဟု အထင်သေးကြ၏။
အခုက ဘယ်ခေတ်ကြီးလဲ၊ ဒီလိုအရာမျိုးကို လုပ်နေတုန်းပဲလား…
သို့သော် အမျိုးသားများအားလုံးမှာ သူမကို အလွန်အမင်း ချီးမွမ်းကြပြီး မိမိတို့၏ ဇနီးသည်များလည်း လင်စန်းရှင်းကဲ့သို့ ရက်ရောကာ အရည်အချင်းရှိစေချင်ကြသည်။
လူတိုင်း သူမကို အထင်သေးကြသောကြောင့် ဖြစ်စေ၊ သို့မဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်စေ၊ လင်စန်းရှင်းသည် နောက်ပိုင်းတွင် အိမ်သို့ သိပ်မပြန်ဖြစ်တော့ချေ။ သူမသည် လျှိုကျင့်ကို ပြုစုစောင့်ရှောက်ပေးနေခဲ့၏။
တံခါးအဖွင့်အပိတ် လုပ်မည့်သူ မရှိတော့သဖြင့် အဒေါ်ကြီးမေ့မှာ ထိုတာဝန်ကို လွှဲပြောင်းရယူခဲ့သည်။
သူမသည် ယွမ်ဟောက်ရွှယ် ပျော်ရွှင်မြူးတူးစွာ ဝင်းထဲသို့ လမ်းလျှောက်ဝင်သွားသည်ကို ကြည့်ရင်း နှုတ်ခမ်းကို တိတ်တဆိတ် မဲ့လိုက်၏။
"ဘယ်သူက ဒီလောက် ညဉ့်နက်သန်းခေါင်မှ ပြန်လာလို့လဲ… ရှောင်ထောင်းတို့တောင် သူတို့အလုပ်က ပြန်ရောက်တာ ကြာလှပြီ၊ ဒီအချိန်အထိ ပြန်မလာသေးတဲ့လူ ရှိသေးတာလား"
ရှောင်ထောင်း၏ ဖခင်မှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
အဒေါ်ကြီးမေ့ : "ဟောက်ရွှယ်လေ။ ရှင်မမြင်လိုက်ဘူး၊ အဲဒီမျက်နှာက... ထားပါတော့၊ သူမအကြောင်း ပြောမနေနဲ့တော့၊ အိပ်ကြရအောင်။"
အတင်းပြောရသည်ကို ဝါသနာပါသော်လည်း အဒေါ်ကြီးမေ့တွင်မူ သိက္ခာတရား အနည်းငယ် ရှိနေသေးသဖြင့် စကားကို ဆက်၍ မပြောတော့ချေ။
၎င်းတို့၏ အသက်အရွယ်အရ ယောက်ျားနှင့် မိန်းမကြား ကိစ္စရပ်များစွာကို မြင်တွေ့ဖူးပြီးဖြစ်ရာ၊ ဟောက်ရွှယ် ပြန်လာစဉ် မျက်နှာပေါ်ရှိ ကာမရာဂ စိတ်ဆန္ဒ အမူအရာများကို သူမ အထင်အရှား မြင်တွေ့ခဲ့ရသည်။ သို့သော် သူမတွင်လည်း သမီးအရင်း ရှိနေသဖြင့် မိန်းကလေးတစ်ဦး၏ သိက္ခာနှင့် နာမည်ဖျက်ခံရမည့်အရေးကို သိရှိသောကြောင့် ဤအကြောင်းကို ဆက်လက်၍ မဟတော့ခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ယောက်ျားသည်လည်း ထပ်မံ၍ မမေးမြန်းတော့ဘဲ တစ်ဖက်သို့ စောင်းကာ ဆက်လက်အိပ်စက်သွားခဲ့သည်။
အဒေါ်ကြီးမေ့သည် စိတ်ထဲမှ ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိ၏။
ဟောက်ရွှယ်... အဲဒီကလေးမကတော့ တကယ်ပဲ...
အဒေါ်ကြီးမေ့တွင် သံသယအချို့ ရှိနေသော်လည်း အခြားသူများကိုမူ ဘာမျှ ထုတ်မပြောခဲ့ပေ။
၎င်းမှာ ယွမ်ဟောက်ဖုန်းသည် လီလင်းလင်းထံသို့ တစ်ကြိမ်ထက်မက သွားရောက်ခဲ့ပြီး၊ ပြန်ထွက်လာသည့်အခါ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်ကို သူမ မြင်တွေ့ခဲ့ရသော်လည်း အခြားဘယ်သူ့ကိုမှ စကားတစ်ခွန်းမျှ မဟခဲ့သကဲ့သို့ပင်။ သူမသည် အတင်းပြောတတ်သော်လည်း ကိုယ်ကျင့်တရား အခြေခံတော့ ရှိသေးသည်။
ဟူး… သူမက စိတ်ထားကောင်းလွန်းလို့သာပေါ့…
မဟုတ်လျှင် ဤမျှများပြားသော လျှို့ဝှက်ချက်များကို အပြင်သို့ ထုတ်ပြောလိုက်ပါက မြေငလျင်လှုပ်သကဲ့သို့ ပြဿနာကြီးသွားပေလိမ့်မည်။
အဒေါ်ကြီးမေ့သည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်ရင်း လှဲလျောင်းလိုက်၏။
၎င်းတို့၏ ဝင်းကြီးမှာ တကယ့်ကို ရှုပ်ထွေးပွေလီလှသော နေရာတစ်ခု ဖြစ်ပေသည်။
ဟောက်ဖုန်းနှင့် လီလင်းလင်းတို့၏ ကိစ္စတစ်ခုတည်းတင် ကြီးမားသော ပြဿနာများ ဖြစ်ပွားစေရန် လုံလောက်လှပေသည်။
သူတို့ကတော့ တကယ်ကို သတ္တိကောင်းကြပါပေတယ်…
သို့သော်လည်း ကောလာဟလအချို့မှာ အမှန်ပင် ဖြစ်သည်၊ ၎င်းတို့၏ ဝင်းကြီးသည် အိမ်ထောင်ရေးကံ မကောင်းသည့် နေရာတစ်ခု တကယ်ကို ဖြစ်နေ၏။ အဒေါ်ကြီးမေ့သည် မိမိ၏ သားသမီးများအတွက် အနည်းငယ် စိုးရိမ်ပူပန်လာခဲ့ရသည်။
မဖြစ်သေးပါဘူး၊ မနက်ဖြန်ကျရင် စေ့စပ်ကြောင်းလမ်းပေးမယ့် အောင်သွယ်တစ်ယောက်ကို ရှာဖွေပြီး သားသမီးတွေကို တိုက်တွန်းရမယ်… အလျင်အမြန် လုပ်ဆောင်မှ ဖြစ်တော့မယ်...
ဤဝင်းကြီးထဲတွင် လူတိုင်း၌ ကိုယ်စီကိုယ်ငှ သောကဗျာပါဒများ ရှိကြပေသည်။ ချန်ချင်းယွီ၏ မိသားစုတွင်သာ ပြဿနာ အနည်းဆုံးဖြစ်ပုံရပြီး ၎င်းတို့သည် အမြဲတမ်း တက်ကြွလန်းဆန်းနေကြ၏။ တနင်္လာနေ့ နံနက်ခင်းတွင် ဝင်းကြီးတစ်ခုလုံး ထူးထူးခြားခြား စည်ကားလှုပ်ရှားနေခဲ့သည်။ မနက်စောစောစီးစီးမှာပင် အပြင်ဘက်မှ ရန်ဖြစ်အော်ဟစ်သံများကို ကြားလိုက်ရ၏။
အဘွားကြီးကျောက် မိမိ၏ အကျင့်အရ နိုးထလာခဲ့သော်လည်း အပြင်မှ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို သွားရောက်ကြည့်ရှုရန် အလျင်မလိုခဲ့ချေ။ အော်ဟစ်သံများမှာ ကြာရှည်ခံမည်မဟုတ်ကြောင်း သူမ တွေးမိသည်၊ သူတို့အနေဖြင့် အလုပ်သွားရဦးမည် မဟုတ်လော့။သေချာပေါက်ပင် စကားအနည်းငယ် ပြောဆိုပြီးနောက် ဆူညံသံများ ငြိမ်သက်သွားခဲ့သည်။
အဘွားကြီးကျောက်သည် အုတ်ကုတင်ပေါ်တွင် လှဲလျောင်းရင်း သက်ပြင်းချလိုက်မိ၏။
"အလုပ်သွားစရာ မလိုတာက တကယ်ကို ကောင်းတာပဲ"
သူမသည် ထမည့်အရိပ်အယောင် စိုးစိမျှမရှိသော ချန်ချင်းယွီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ မိမိဘာသာ ထိုင်လိုက်ကာ အပြင်သို့ ထွက်၍ မျက်နှာသစ်ရင်း ရှီကျန့်ရှန်းနှင့် ဆုံတွေ့ခဲ့သည်။ သူမ ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်၍။
"ဒီမနက် စောစောစီးစီး အပြင်မှာ ဘာတွေ ဆူညံနေကြတာလဲ"
ရှီကျန့်ရှန်း : "ရှောင်ဝေ ပြဿနာရှာပြန်တာလေ။ သူက သူ့အမေနဲ့ ရန်ဖြစ်နေတာ။ သူ့အမေက သူ့ရဲ့ အချစ်ရေးကို ဖျက်ဆီးပစ်လိုက်တယ်ဆိုပြီး မကျေမနပ် ပြောနေတာ။ သူနဲ့ ဟောက်ရွှယ်တို့က အပြန်အလှန် ချစ်နေကြတာကို သူ့အမေက အကုန်ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောတော့ အစ်မကြီးဖန်က တကယ့်ကို ဒေါသထွက်နေတာပေါ့"
အဘွားကြီးကျောက် : "..."
တကယ့် ငတုံးပဲ...