အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) မနာလိုအားကျ
ချန်ချင်းယွီ၏ အိမ်လေး ပြုပြင်မွမ်းမံနေ၏။
သို့သော် ဤအိမ်ပြုပြင်မွမ်းမံမှုမှာ ခေတ်သစ်ကာလနှင့် အတော်ပင် ကွဲပြားခြားနားလှပေသည်။ ထိုခေတ်အခါ၌ အကယ်၍ တစ်ဦးတစ်ယောက်မှ အိမ်ကို ခမ်းနားထည်ဝါစွာ ပြင်ဆင်ရဲလျှင် အရင်းရှင်ဝါဒ၏ ဖြုန်းတီးသော လုပ်ရပ်များအဖြစ် တိုင်တန်းခြင်း ခံရပေလိမ့်မည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကဲ့သို့ မဟုတ်တော့ဟု ဆိုသော်လည်း အချို့သော အလေ့အထဟောင်းများမှာ ရှိနေဆဲပင်။
ထို့ပြင် အခြားသူများ ကောင်းစားသည်ကို ကြည့်မရသော သဘောထားသေးသိမ်သူအချို့လည်း အမြဲတမ်း ရှိနေတတ်၏။
သို့သော် ဤကဲ့သို့သော အရာမျိုးမှာ သမိုင်းတစ်လျှောက်လုံးတွင် ဖြစ်ပျက်ခဲ့ဖူးရာ ချန်ချင်းယွီသည် ၎င်းကို သတိထားမိပြီး မိမိ၏ အတိုင်းအတာ အခြေအနေကို သိရှိပေသည်။
သူမ၏ မိသားစုသည် လွန်ခဲ့သော ရက်အနည်းငယ်၌ အနီးအနားရှိ ဧည့်ဂေဟာတစ်ခုတွင် သွားရောက်တည်းခိုခဲ့ကြပြီး ယနေ့မှသာ အိမ်သို့ ပြန်လည်ပြောင်းရွှေ့လာကြခြင်း ဖြစ်၏။
ဇာတ်လမ်းမှာ အိမ်ပြင်သည့်ကိစ္စမှ စတင်ခဲ့သည်။ ချန်ချင်းယွီမှာ မူလ၌ အိမ်၏တစ်ဖက်ကို အရင်ပြင်ဆင်ပြီးနောက် ရက်အနည်းငယ်လောက် ပစ်ထားကာ၊ မိမိတို့လေးယောက်စလုံး ထိုဘက်သို့ ရွှေ့ပြောင်းနေထိုင်ပြီးမှ ကျန်တစ်ဖက်ကို ဆက်လက်ပြင်ဆင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ သို့သော် ရှောင်ကျားမှာ ယောက်ျားလေးတစ်ဦးဖြစ်ရာ လူနှစ်ဦး အတူတူကျပ်ညှပ်စွာ နေထိုင်ရသည်မှာ အဆင်ပြေလိမ့်မည် မဟုတ်ချေ။
ထိုကောင်လေးမှာ ကိုးနှစ်အရွယ် ရှိနေပြီဖြစ်ပြီး ကျား၊ မ ခွဲခြားမှုကို နားလည်နေပြီဖြစ်ရာ၊ ချန်ချင်းယွီအနေဖြင့် မိသားစုတစ်ခုလုံးကို ဧည့်ဂေဟာသို့ ရွှေ့ပြောင်းပေးလိုက်ပြီး အားလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်ရန် ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ဖြစ်စေ ပြင်ဆင်မှာချင်းအတူတူ တစ်ခါတည်းနှင့် အပြီးသတ်နိုင်ခဲ့လျှင် သာ၍ကောင်းသည် မဟုတ်လော့။
ချန်ချင်းယွီ စိတ်ပိုင်းဖြတ်ပြီးနောက် သူမ၏ မိသားစုသည် ဧည့်ဂေဟာသို့ ပြောင်းရွှေ့ခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့် အိမ်ပြင်ဆင်မှုမှာ အခြေခံအလုပ်အချို့သာ ဖြစ်သဖြင့် လျင်မြန်စွာ ပြီးစီးခဲ့ရာ စုစုပေါင်း တစ်ပတ်ကျော်မျှသာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း ချန်ချင်းယွီ စိုးရိမ်နေသေးသဖြင့် နောက်ထပ်တစ်ပတ်ခန့် ပစ်ထားပြီးမှသာ အိမ်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့၏။ ချန်ချင်းယွီနှင့် သူမ၏ မိသားစု အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် မေဒေး (မေလ ၁ ရက် အလုပ်သမားနေ့)သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုနေ့နံနက်ခင်းတွင် နေရောင်ခြည် သာယာလှပနေပြီး မိသားစုလေးဦးသည် မိမိတို့၏ အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့ကြ၏။ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် အဒေါ်ကြီးမေ့တစ်ယောက် ကြက်စာကျွေးနေသည်ကို တွေ့လိုက်ရသည်။ ယခုအခါ မူဝါဒများ ပိုမိုဖြေလျှော့ပေးနေပြီ ဆိုသော်လည်း ၎င်းတို့မှာ နှစ်ကောင်သာ ဆက်လက်မွေးမြူထားကြဆဲပင်။ ထိုထက်ပို၍ မမွေးမြူကြပေ။
အကြောင်းသည်ကား ၎င်းတို့တွင် နေရာအလုံအလောက် မရှိသောကြောင့်တည်း။
အဒေါ်ကြီးမေ့မှာ သူတို့ ပြန်လာသည်ကို မြင်သောအခါ ရွှင်လန်းစွာဖြင့် ဆီးကြိုနှုတ်ဆက်ရင်း
"နောက်ဆုံးတော့ ပြန်လာကြပြီပဲ... နင်တို့ အိမ်မှာမရှိတဲ့ ရက်တွေမှာ တစ်ခုခုလိုနေသလိုပဲ ငါ ခံစားနေရတာ"
အဘွားကြီးကျောက် : "စကားတွေကိုတော့ သိပ်တတ်တာပဲ... ငါ အိမ်မှာမရှိတာဆိုလို့ ညဘက် အိပ်တဲ့အချိန်ပဲ ရှိတာကို"
အဒေါ်ကြီးမေ့ : "ကြည့်စမ်း... အဲဒါလည်း အိမ်မှာမရှိတာပဲလေ... အခု ပြောင်းရွှေ့လာကြပြီလား။ ငါလည်း အချိန်တန်ပြီဆိုတာ သိသားပဲ၊ နင်တို့က အိမ်ကို တော်တော်လေး ကြာအောင် ပစ်ထားခဲ့တာကိုး"
သာမန်လူများဆိုလျှင် အိမ်ပြင်ပြီးနောက် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ အခြောက်ခံပြီး အိမ်သို့ ပြန်လာအိပ်လေ့ရှိကြသော်လည်း ဤမိသားစုမှာမူ အချိန်အတော်ကြာအောင် ယူခဲ့ကြသည်။ သူတို့သည် ဧည့်ဂေဟာတွင် တည်းခိုခဲ့သည့် ရက်တိုင်းအတွက် ပိုက်ဆံပေးခဲ့ရသည်ဖြစ်ရာ~~ တကယ့်ကို ဖြုန်းတီးရာကျလှ၏။ အဒေါ်ကြီးမေ့ခမျာ သူတို့အတွက် နှမြောပေးနေမိသည်။
အဘွားကြီးကျောက် : "ဒါဆိုရင်လည်း အိမ်က လုံးဝခြောက်သွေ့သွားဖို့ လိုတာပေါ့၊ ဟုတ်တယ်မလား။ အခုက မေဒေးတောင် မရောက်သေးဘူး၊ နေရောင်ကလည်း အဲဒီလောက် မပြင်းသေးဘူးလေ။ တကယ်လို့ ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လလို နွေရာသီဆိုရင်တော့ ငါတို့ ဒီလောက်အကြာကြီး ပစ်ထားမှာ မဟုတ်ပါဘူး။"
အပြန်အလှန် လောကဝတ်စကားအချို့ ပြောဆိုပြီးနောက် အဘွားကြီးကျောက်မှာ
"ငါ ပစ္စည်းတွေ သယ်နေတုန်းမလို့ အထဲကို အရင်ဝင်လိုက်ဦးမယ်"
အဒေါ်ကြီးမေ့ : "လာလေ... ငါလည်း လိုက်ကြည့်ရအောင်။"
အမှန်တကယ်၌ အိမ်ပြင်ဆင်နေစဉ်အတွင်း လူတိုင်း အဝင်အထွက် ရှိနေခဲ့ကြသဖြင့် အထဲရှိ ပုံစံကို သိရှိထားကြပြီးသား ဖြစ်သည်။ သို့သော်လည်း ပြင်ဆင်နေစဉ် နေရာအနှံ့ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ယခုအခါ အားလုံးကို သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းထားပြီးဖြစ်ရာ သေချာပေါက်ပင် အသွင်အပြင် ခြားနားသွားပေလိမ့်မည်။
အဒေါ်ကြီးမေ့က အနောက်မှ လိုက်ပါလာခဲ့ပြီး ဝင်းထဲရှိ ရှီကျန့်ရှန်းနှင့် အခြားသူများလည်း အခြေအနေကို ကြည့်ရှုရန် ကပျာကယာ ထွက်လာခဲ့ကြ၏။
အဓိက တံခါးမကြီးမှာမူ ၎င်းတို့၏ မူလတံခါးအတိုင်းပင် ဖြစ်သည်။
အဒေါ်ကြီးမေ့တို့ မိသားစု ယခင် အသုံးပြုခဲ့ဖူးသော တံခါးကိုမူ အုတ်ခဲများဖြင့် လုံးဝပိတ်ဆို့လိုက်ပြီဖြစ်ရာ ဤဘက်တွင် တံခါးမရှိတော့ပေ။
အကယ်၍ အဓိက တံခါးမကြီးကို တိုက်ရိုက် ကြည့်မည်ဆိုပါက အဒေါ်ကြီးမေ့၏ အိမ်ကို အဓိကအခန်းဟု ယူဆနိုင်သော်လည်း လက်တွေ့တွင်မူ ထိုထက် အနည်းငယ် သေးငယ်လှပေသည်။ ဤငါးဆင့်ဝင်းအိမ်ကြီးတွင် မည်သည့်သီးသန့်အခန်းအတွက်မျှ အဓိကအခန်းဟူ၍ သတ်မှတ်ချက် အသေအချာ မရှိပေ။ အကယ်၍ ရှိသည်ဟု ဇွတ်အတင်း ပြောရမည်ဆိုပါက ၎င်းမှာ အလယ်ဝင်းတွင်သာ ရှိပေလိမ့်မည်။
သို့သော် ၎င်းမှာလည်း လူတစ်ဦးချင်းစီ၏ အမြင်အပေါ်တွင်သာ မူတည်ပေသည်။ ၎င်းတို့၏ ငါးဆင့်ဝင်းအိမ်ကြီးမှာ စနစ်ကျသော စီဟဲယွမ်အိမ်မျိုး လုံးဝမဟုတ်ချေ။ ၎င်းကို မူလ၌ အစေခံများ နေထိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် နေရာကျယ်ဝန်းမှုကိုသာ ဦးစားပေးထားခြင်း ဖြစ်သည်။ အခန်းများကို အလွန်နီးကပ်စွာ တည်ဆောက်ထားသော်လည်း အခင်းအကျင်းမှာမူ အလွန်အမင်း စနစ်ကျခြင်း မရှိပေ။
အခန်းအရေအတွက် အလွန်များပြားလှသောကြောင့် အခန်းဖွဲ့စည်းပုံမှာ မကောင်းမွန်လှဘဲ လက်တွေ့တွင် အဓိကအခန်းဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
အဓိက ရည်ရွယ်ချက်မှာ လူဦးရေ အမြောက်အမြားကို ကြပ်ညှပ်စွာ ထည့်သွင်းနေထိုင်စေရန်သာ ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီ အိမ်ကို ပြင်ဆင်သည့်အခါတွင်လည်း အသေးစိတ်အချက်အလက်များကို သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။ သူမသည် တစ်ဖက်ကိုသာ ရိုးရိုးရှင်းရှင်း တည်ဆောက်ခဲ့ပြီး မိသားစုမှာ မူလဝင်ပေါက်အတိုင်းပင် ဆက်လက်အသုံးပြုခဲ့သည်။ မူလ၌ ဤဘက်ခြမ်းမှာ အပြင်ဘက် မီးဖိုချောင်ဖြစ်ပြီး ယခုတိုင် ထိုအတိုင်းပင် ရှိနေဆဲ ဖြစ်၏။ ဝင်ပေါက်၏ ညာဘက်တွင် မီးဖိုရှိပြီး ညာဘက်အလွန်တွင်မူ အောက်၌ ရေစည်ပါရှိသော ရေပိုက်ခေါင်းတစ်ခု ရှိသည်။ ဝင်းကြီးထဲတွင် အများသုံး ရေပိုက်ခေါင်းတစ်ခု ရှိသော်လည်း အိမ်ထောင်စုတစ်ခုချင်းစီတွင်လည်း ကိုယ်ပိုင်တစ်ခုစီ ရှိကြပေသည်၊ သို့သော် လူတိုင်း ဝင်းကြီးထဲရှိ ရေပိုက်ကိုသာ အသုံးပြုလေ့ရှိကြ၏။ မည်သို့ဆိုစေကာမူ ပိုက်ဆံကို သုံးစွဲခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ပန်းကန်ခွက်ယောက် ဗီရို ထားရှိသည့် မူလနေရာကိုမူ ပြောင်းရွှေ့လိုက်၏။ ဤနေရာတွင် စက်ဝိုင်းပုံစံ တံခါးခုံး တစ်ခုကို တည်ဆောက်ခဲ့သည်။ ချန်ချင်းယွီသည် တံခါးရွက် တပ်ဆင်ခြင်းမပြုဘဲ လိုက်ကာတစ်ခုကိုသာ ဆွဲချိတ်ထားခဲ့သည်။
ပန်းကန်ခွက်ယောက် ဗီရိုမှာ တံခါး၏ ဘေးနားတွင် ရှိနေခဲ့ပြီး ၎င်းကို နေရာရွှေ့ပြောင်းလိုက်ခြင်း ဖြစ်၏။
ယခုအခါတွင်မူ ထိုဗီရိုသည် အဓိကဝင်ပေါက်ကို မျက်နှာမူထားပြီး လိုက်ကာ၏ ဘေးနားတွင် ရှိနေသည်။
ချန်ချင်းယွီ ရှေ့မှဦးဆောင်လျက် လိုက်ကာကို ပင့်မကာ ဘယ်ဘက်သို့ ကွေ့လိုက်၏။ ဤနေရာရှိ စက်ဝိုင်းပုံစံ အကွေ့အပိုင်းတွင် တစ်မီတာကျော် မြင့်သော ထောင့်ကပ်ဗီရို သေးသေးလေးတစ်ခု ရှိသည်။ ၎င်းမှာ လက်တွေ့တွင် ဖိနပ်ဗီရိုတစ်ခုဖြစ်ပြီး၊ အပေါ်တွင် အပြာရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသော မုန့်များ ထည့်ထားသည့် ဝါးခြင်းတောင်းသေးသေးလေးတစ်ခု ရှိ၏။ ၎င်းကို ကြည့်ရသည်မှာ အတော်ပင် ချစ်စရာကောင်းလှပေသည်။
ထိုထောင့်ကို ကွေ့လိုက်သည့်အခါ အခင်းအကျင်းမှာ သပ်ရပ်စနစ်ကျလှပေ၏။ အခန်းနှစ်ခန်း ရှိပြီး တစ်ခန်းမှာ ဘယ်ဘက်နှင့် တစ်ခန်းမှာ ညာဘက်တွင် ရှိကာ၊ တစ်ခန်း၏ ပြတင်းပေါက်မှာ ဒုတိယဝင်းကို မျက်နှာမူထားပြီး အခြားတစ်ခန်းမှာမူ အလယ်ဝင်းကို မျက်နှာမူထားသည်။ သို့သော်လည်း ထိုအခန်းနှစ်ခန်း၏ အလယ်တွင် နေရာလွတ်အချို့ ရှိနေ၏။ နံရံတွင် ပြတင်းပေါက်အသေးလေးတစ်ခု ဖွင့်ထားပြီး ၎င်းမှာ ဒုတိယဝင်းမှ အလယ်ဝင်းသို့ သွားရာ လူသွားစင်္ကြံလမ်းကို မျက်နှာမူထားသည်။ ပြတင်းပေါက် ရှိနေသည့်အတွက် အခန်းမှာ လင်းထိန်ကာ နေရောင်ခြည် ကောင်းမွန်စွာ ရရှိပေသည်။ ပြတင်းပေါက်၏ အောက်တွင် စာရေးစားပွဲကြီးတစ်လုံး ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အိပ်ခန်းနှစ်ခန်းစီသို့ မျက်နှာမူထားသော ကုလားထိုင် နှစ်လုံး ရှိ၏။
နံရံပေါ်တွင်မူ ရှေးဟောင်းနာရီတစ်လုံး တချက်ချက်ဖြင့် မြည်တမ်းနေခဲ့သည်။
စာရေးစားပွဲကြီးပေါ်တွင် စာရေးစားပွဲတင် မီးအိမ်တစ်လုံး ရှိပြီး ၎င်း၏ ဘေးနားတွင် ဖောင်တိန်
အချို့ ထည့်ထားသော ခွက်တစ်ခု ရှိ၏။ အရာအားလုံးမှာ အချိုးကျ ညီညာလှသော်လည်း ခြွင်းချက်
တစ်ခုတော့ ရှိနေသည်။ ၎င်းမှာ ဘေးတစ်ဖက်ရှိ နံရံကို မှီ၍ တည်ရှိနေသော စာအုပ်စင်တစ်ခုပင် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုစာအုပ်စင်ပေါ်၌ မည်သည့်စာအုပ်မျှ ရှိမနေသေးသဖြင့် ကြည့်ရသည်မှာ အလွတ်ကြီး ဖြစ်နေ၏။
အခြားတစ်ဖက်တွင်မူ စာအုပ်စင် မဟုတ်ဘဲ ပစ္စည်းသိုလှောင်သည့် ဗီရိုတစ်ခု ရှိသည်။ နေရာမှာ အလွန်အမင်း ကျယ်ဝန်းလှသည်မဟုတ်သဖြင့် ထိုဗီရိုမှာ အလွန်ကြီးမားပြီး ကျယ်ပြန့်သော ဗီရိုမျိုး မဟုတ်သော်လည်း ပစ္စည်းများ ထည့်သွင်းရန်အတွက်မူ လုံလောက်စွာ ကြီးမားလှ၏။ ၎င်းတွင် နှစ်ထပ်ဒီဇိုင်း ရှိပြီး အပေါ်ထပ်တွင် မှန်တံခါးများ တပ်ဆင်ထားသည်။
ယခုအချိန်တွင် အထဲ၌ အလွတ်ကြီး ဖြစ်နေပုံရသည်။
"ဝါး... ဒါက တကယ့်ကို လှတာပဲ။ အားလုံးကို သေသေချာချာ သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်လိုက်တော့ အသွင်အပြင်က လုံးဝကို ခြားနားသွားတာပဲ"
အဘွားကြီးဟွမ်တစ်ယောက် အိမ်တွင်းအပြင်အဆင်များကို လိုက်ကြည့်မိသွားပြီးနောက် မနာလိုဝန်တိုစိတ်ဖြင့် ရေရွတ်လိုက်လေသည်။
ချန်ချင်းယွီ ပြုံးရုံသာ ပြုံးပြလိုက်ပြီး အဘွားကြီးကျောက်မှာမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့်
"ဒါပေါ့ဟဲ့... ငါတို့ပိုက်ဆံတွေကို အလကားဖြုန်းပစ်လိုက်တယ်လို့ နင်ထင်နေတာလား"
အဘွားကြီးဟွမ် နှုတ်ခမ်းကို မဲ့လိုက်ပြီး ကျန်တဲ့လူများ၏ မျက်နှာတွင်လည်း မနာလိုရိပ်များ ယှက်သန်းသွားကြ၏။
ရှီကျန့်ရှန်း ကပျာကယာဖြင့်
"ဒါနဲ့ ကလေးတွေက ဘယ်မှာနေကြမှာလဲ"
ချန်ချင်းယွီ : "ရှောင်ယွမ်က ဘယ်ဘက်အခန်းမှာနေပြီး ရှောင်ကျားကတော့ ညာဘက်အခန်းမှာ နေမှာပါ"
ရှေ့ခန်းနှင့် နောက်ခန်းဟူ၍ သိပ်ပြီး ကွာခြားလှသည် မဟုတ်ပေ။ မည်သို့ဖြစ်စေ နေရောင်ခြည်မှာ ဝင်မှာပင်။ အရှေ့ဘက်ကို မျက်နှာမူထားသည့်အခန်းမှာ အနောက်ဘက်အခန်းထက် သေချာပေါက် ပိုကောင်းသည်ဆိုသော်လည်း သိသိသာသာကြီး ကွာခြားသွားခြင်းမျိုး မရှိပေ။
အဘွားကြီးဟွမ် : "ဒီမိန်းကလေးကို ဘာလို့ အရှေ့ခန်းမှာ ပေးထားရတာလဲ။ နင်တို့အလုပ်လုပ်ပုံကတော့... တောက် တောက်"
သူမ နှုတ်ခမ်းတသပ်သပ်ဖြင့် ဆိုလာသည်။
ချန်ချင်းယွီ : "သူတို့ အန်စာတုံးလှိမ့် (မဲနှိုက်) ခဲ့ကြတာပါ"
အခန်းချင်း သိပ်မကွာဟု ဆိုသော်ငြား အနည်းငယ် ကွာခြားချက် ရှိသည်ဖြစ်ရာ ချန်ချင်းယွီ၏ ကိုင်တွယ်ပုံမှာ တစ်ဦးတည်းကို ကွက်၍ မျက်နှာလိုက်ခြင်းမျိုး မရှိစေရန်ပင် ဖြစ်သည်။ သူမသည် သားဖြစ်သူကိုလည်း မငဲ့ကွက်သလို၊ သမီးဖြစ်သူကိုလည်း ပိုမပေးခဲ့ချေ။ ရွေးချယ်စရာ ရှိလာလျှင် အခြားအရာများကို ထည့်သွင်းစဉ်းစားနေစရာ မလိုဘဲ 'မဲနှိုက်ခြင်း' ဟူသော စကားနှစ်လုံးဖြင့်သာ ရှင်းလိုက်၏။
အားလုံးက ကံတရားအပေါ်မှာပဲ မူတည်တာပေါ့...
ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ဤနည်းလမ်းကို အတော်ပင် သဘောတူလက်ခံကြသည်။
သူတို့နှစ်ဦးစလုံးမှာ ကံ အဆိုးကြီးမဟုတ်ကြကာ တစ်ယောက်စီတွင်လည်း ကိုယ်စီအားသာချက်များ ရှိကြ၏။
ကလေးနှစ်ယောက် မဲနှိုက်ပြီး အခန်းခွဲခဲ့ကြသည်ဟု ကြားလိုက်ရသောအခါ လူအချို့၏ နှုတ်ခမ်းများ တွန့်ကွေးသွားကြသော်လည်း ဘာမျှ ဝင်မပြောကြပေ။ သို့သော် ၎င်းတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် အေးစက်ခက်ထန်သွားကြသည်။ ၎င်းတို့၏ အမြင်တွင်မူ သားဖြစ်သူကို မျက်နှာမလိုက်ခြင်းမှာ မှားယွင်းသောအပြုအမူ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း အဘွားကြီးကျောက်မှာ ဒေါသကြီးပြီး ဇာတ်ကြမ်းသူဖြစ်ရာ မည်သူမျှ သွားရောက်မဆွလိုကြချေ။
ဘာပဲဖြစ်ဖြစ် ဒါက မိမိတို့ကိစ္စလည်း မဟုတ်ပါဘူးလေ…
သူတို့ စိတ်ထဲ မည်သို့တွေးတွေး ချန်ချင်းယွီမှာ ဘယ်ဘက်ခြမ်းရှိ တံခါးကို တွန်းဖွင့်လိုက်သည်။ ဤအခန်းမှာ ရှောင်ယွမ်၏ အခန်းဖြစ်၏။ အခန်းသည် သိပ်မကျယ်သော်လည်း သပ်ရပ်စနစ်ကျသော အခန်းတစ်ခန်း ဖြစ်ပေသည်။ ၎င်းမှာ သာမန်အိမ်ထောင်စုများတွင် အခန်းအကာအကွယ်များဖြင့် ကြပ်ညှပ်စွာ အခန်းခွဲထားသည်ထက်စာလျှင် အဆင်ပြေလွန်းလှ၏။
အလယ်ဝင်းထဲရှိ ယွမ်ဟောက်ဖုန်း၏ မင်္ဂလာဦးအခန်းပင်လျှင် ဤမျှအကွာအဝေးခန့်သာ ရှိပေသည်။
ရှောင်ယွမ်၏ အခန်းထဲတွင် ကုတင်တစ်လုံး ရှိနေ၏။
"ဒီကုတင်က ဘယ်လောက်အထိ ကြီးတာလဲ"
"၁ .၂ မီတာပါ"
"ငါ့ကုတင်က ၈၀ စင်တီမီတာပဲ ရှိတာ"
ချန်ချင်းယွီ : "..."
၈၀ စင်တီမီတာ ဟုတ်လား… သောက်ကျိုးနည်း… တစ်ပတ်လောက် လှည့်အိပ်လိုက်ရင်ပဲ အောက်ကို ပြုတ်ကျသွားမှာပေါ့…
သူမ စိတ်ထဲမှ တွေးတောရင်း
"အဲဒါက သေးလွန်းတာပေါ့။ ၁ . ၂ မီတာဆိုတာ ကုတင်အကြီးကြီး မဟုတ်သေးပါဘူး။ ၁ .၅ မီတာနဲ့ ၁.၈ မီတာ ကုတင်တွေလည်း ရှိသေးတာပဲဥစ္စာ"
အကယ်၍ နေရာပိုကျယ်ဝန်းမည်ဆိုပါက ကြီးမားသော ကုတင်အကြီးစားကြီးများမှာ သေချာပေါက် ပိုမိုသက်တောင့်သက်သာ ရှိစေမည်ဖြစ်သော်လည်း ယခုအခါတွင်မူ နေရာက အကန့်အသတ်ရှိနေသဖြင့် ထိုမျှအထိ မလိုအပ်ချေ။ တစ်ကိုယ်ရေသမားအတွက်မူ ၁.၂ မီတာမှာ အဆင်ပြေလှပြီ ဖြစ်သည်။ ယခုခေတ်အခါ၌ လူတိုင်းမှာ အိမ်ရာနေရာ ကြပ်တည်းနေကြသဖြင့် ကုတင်အကြီးကြီးများကို ဝယ်ယူသူ သိပ်မရှိကြပေ။
ကုတင်၏ ဘေးနားတွင် ပစ္စည်းများ အလွယ်တကူ သိမ်းဆည်းနိုင်ရန်နှင့် ထုတ်ယူနိုင်ရန်အတွက် ကုတင်ဘေးတင်ခုံလေးတစ်ခု ထားရှိ၏။
"နင်တို့ရဲ့ အိပ်ရာခင်းနဲ့ စောင်စွပ်က တကယ့်ကို လှတာပဲနော်..."
၎င်းမှာ ပန်းရောင်စုံတွဲအစုံလေးဖြစ်ပြီး တွေ့ရခဲလှပေသည်။
အမျိုးသမီးအချို့မှာ အနည်းငယ် မနာလိုဖြစ်သွားကြ၏။ ဤကဲ့သို့ နုဖတ်သောအရောင်မျိုးမှာ ရှားပါးပြီး အလွန်လှပလွန်းလှသည်။
ချန်ချင်းယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ပြန်မပြောခဲ့ချေ။
သူမသည် တစ်နေ့လုံး အပြင်မှာ ဆိုင်ခန်းဖွင့်ပြီး ပစ္စည်းရောင်းချနေသူဖြစ်ရာ အခြားသူများထက် သတင်းအချက်အလက် ပိုမိုစုံလင်ပြီး သေချာပေါက်ပင် လက်ဦးမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း၏ မနာလိုတသသ ဖြစ်နေသော မျက်လုံးများ မိမိအိမ်တွင်းအပြင်အဆင်ပေါ်တွင် ကပ်ပါးရပ်ပါး စိုက်ကြည့်နေကြသည်ကို မြင်ရသောအခါ ချန်ချင်းယွီတစ်ယောက် စိတ်ထဲတွင် ဂုဏ်ယူမဆုံး ဖြစ်နေမိ၏။
တွေ့ကြပြီလား... ကျွန်မဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ…
ရှောင်ယွမ်မှာ ဤအခန်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရဖြင့် ပတ်ချာလည်အောင် ကခုန်မတတ် ဖြစ်သွားကာ အော်ဟစ်လိုက်လေသည်။
"ဒါ သမီးအခန်းလား။ ဒါ သမီးအတွက်လား။ တကယ့်ကို လှတာပဲ... မေမေရယ်၊ သမီး သိပ်သဘောကျတာပဲ..."
ချန်ချင်းယွီ သမီးဖြစ်သူ၏ ခေါင်းကို အသာအယာ ပုတ်ပေးရင်း ကြင်နာစွာ ဆိုလိုက်သည်။
"သမီး သဘောကျတယ်ဆိုရင်ပဲ မေမေ ကျေနပ်ပါပြီ။ မေမေ သမီးအတွက် နေရာအနှံ့ လိုက်ရှာခဲ့ရတာ အလကားမဖြစ်တော့ဘူးပေါ့"
"ဟီးဟီး။"
ရှောင်ယွမ်မှာ ပန်းရောင်ကို အသည်းစွဲ အရူးအမူး ကြိုက်နှစ်သက်သူ ဖြစ်၏။
ထိုအရွယ် မိန်းကလေးငယ်များ၏ သဘာဝအတိုင်းပင်၊ သူမသည်လည်း ပန်းရောင်နှင့် တောက်ပပြောင်လက်သော အရာများကို နှစ်သက်ပြီး… သူမတို့အရွယ် မိန်းကလေးတို့၏ စရိုက်အတိုင်းပင်…
"ကျေးဇူးတင်ပါတယ် မေမေ။"
ချန်ချင်းယွီ သမီးဖြစ်သူ၏ ပုခုံးကို ဖက်လိုက်ရင်း
"သမီးအခန်းက သိပ်လှတာမလို့ သေသေချာချာ သန့်ရှင်းသပ်ရပ်အောင် ထားရမယ်နော်"
"သမီး သိပါတယ်..."
ရှောင်ယွမ် ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုကောင်မလေး၏ မျက်ဝန်းအစုံမှာ ပျော်ရွှင်မှုကြောင့် မှေးစင်းသွားရ၏။
အခန်းထဲတွင် ကုတင်အပြင် နံရံကိုမှီ၍ တည်ဆောက်ထားသော တံခါးလေးချပ်ပါ သေတ္တာအဝတ်ဗီရိုကြီး တစ်လုံးလည်း ရှိနေသေးသည်။ ၎င်းမှာ အောက်ခြေမှသည် အပေါ်အထိ...
ပိုင်ဖုန်းရှန်း စူးစမ်းလိုစိတ်ဖြင့်
"ဟေး... ရှောင်ချန်၊ ငါ ဒီဗီရိုကြီးကို နင့်အခန်းထဲမှာ အရင်က မြင်ဖူးတော့ တွေးနေမိတာ၊ နင့်ကလေးအခန်းက ဘာလို့ ဒီလောက်အထိ ကြီးနေရတာလဲ။ အထဲမှာ ပစ္စည်းတွေရော အပြည့်ဆံ့မှာမို့လို့လား"
ချန်ချင်းယွီ : "သေချာပေါက် ဆံ့တာပေါ့... နွေရာသီရောက်ရင် ဒီဗီရိုထဲမှာ စောင်တွေကိုပါ ထည့်သွင်းသိမ်းဆည်းရမှာလေ၊ အဝတ်အစားတွေတင် မဟုတ်ပါဘူး။ နေရာလေး နည်းနည်း ပိုပိုလျှံလျှံ ရှိနေတာက နေရာမလောက်တာထက်စာရင် အမြဲတမ်း ပိုကောင်းပါတယ်"
"အဲဒါတော့ ဟုတ်သားပဲ။"
"ဒီစကားက ယုတ္တိရှိသားပဲ။"
အမှန်အတိုင်း ပြောရလျှင် ထိုအိပ်ခန်းမှာ တော်တော်လေး ကျယ်ဝန်းလှပေသည်။ အခန်းထဲတွင် ကုတင်တစ်လုံးနှင့် အဝတ်ဗီရိုတစ်လုံးသာ ရှိသောကြောင့် သာမန်အိမ်များကဲ့သို့ ကျပ်ညှပ်နေခြင်းမျိုးမရှိကာ အလွန်သန့်ရှင်းလန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနေ၏။ လိုက်ကာများကိုမူ နှင်းဆီရင့်ရောင် ဆင်ယင်ထားရာ အိပ်ရာခင်း၊ စောင်စွပ်များနှင့် တကယ့်ကို လိုက်ဖက်ညီလှပေသည်။
သို့သော်လည်း ချန်ချင်းယွီ၏ လိုက်ကာအရောင်မှာ အတော်လေး ထူးခြားဆန်းပြားသည်ဟု ဆိုရပေမည်။
"ရှောင်ချန်... နင်က ဒီလောက်လှပြီး ရှားပါးတဲ့ အရောင်မျိုးတွေကို ဘယ်ကနေ သွားရှာလိုက်တာလဲ"
အမျိုးသမီးတစ်ဦးမှာ မေးလိုက်သည်။
ချန်ချင်းယွီ : "ဈေးသေးလေးဘက်က၊ ဟိုးအရင် မှောင်ခိုဈေးကနေ ဝယ်လာတာပါ"
"နေပါဦး... ငါလည်း အဲဒီကို သွားတာပဲဟာ... ဘာလို့ ငါကျတော့ ဘာမှ ရှာမတွေ့ရတာလဲ"
ချန်ချင်းယွီမှာ စိတ်ထဲမှ ~~
နင်တို့က ရှာရမယ့် လူမှန်ကိုမှ သွားမရှာကြတာပဲဟာ
သို့သော်လည်း နှုတ်ကမူ…
"ကျွန်မ နေ့တိုင်းလိုလို သွားနေလို့လည်း တွေ့တာနေမှာပါ။ ရံဖန်ရံခါမှ တစ်ခါတလေ သွားတဲ့လူဆိုရင်တော့ တွေ့ဖို့ မလွယ်လှဘူးပေါ့"
တကယ်တမ်း သူမသည် အမြဲတမ်း စုံစမ်းမေးမြန်းနေခဲ့ခြင်း ဖြစ်၏။
"ဟေး... နင်ကတော့ တကယ့်ကို ဟုတ်နေတာပဲ... ကြည့်ရတာ ငါလည်း ဘာမှမဝယ်ရင်တောင် အဲဒီကို ခဏခဏ သွားရတော့မယ် ထင်တယ်။ ဘယ်အချိန်မှာ ပစ္စည်းကောင်းလေးတွေနဲ့ တိုးမလဲဆိုတာ ဘယ်သူသိနိုင်မလဲ"
"အင်းလေ။"
"လာ... ငါတို့ ရှောင်ကျားရဲ့ အခန်းကိုလည်း သွားကြည့်ရအောင်။"
လူတိုင်း အလွန်အမင်း စူးစမ်းလိုစိတ် ပြင်းပြနေကြသော်လည်း ရှောင်ကျားမှာ ယောက်ျားလေးတစ်ဦးဖြစ်ရာ ဤကဲ့သို့ တောက်ပသော ပန်းရောင်မျိုးကို အသုံးပြုမည်မဟုတ်ကြောင်း သိကြပေသည်။ သေချာပေါက်ပင် ရှောင်ကျား၏ အခန်းအပြင်အဆင်မှာ ရှောင်ယွမ်၏ အခန်းနှင့် အတူတူပင်ဖြစ်သော်လည်း သူ၏အခန်းကိုမူ မိုးပြာရောင် ဆင်ယင်ထား၏။ မိုးပြာရောင် အိပ်ရာခင်းနှင့် စောင်များ၊ အပြာရင့်ရောင် လိုက်ကာများဖြင့် ဖြစ်သည်။
"သိပ်ကောင်းတာပဲ"
လူတိုင်း ငေးမောကြည့်ရင်း အားကျနေကြသော်လည်း စိတ်ထဲတွင်မူ ပို၍ပင် မနာလိုဖြစ်နေကြသည်။
ဤကလေး နှစ်ယောက်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ ကောင်းမွန်စွာ နေထိုင်ရသည်ကို မည်သူ အားမကျဘဲ နေနိုင်မည်နည်း။
အဘွားကြီးဟွမ် နှုတ်ခမ်းကို မဲ့လိုက်ရင်း မနှစ်မြို့စွာ ဆိုလိုက်၏။
"နင်တို့မိသားစုကတော့ မြေပိုင်ရှင် မိသားစုကျနေတာပဲ"
အဘွားကြီးကျောက် သူမကို စူးစိုက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့လေသံဖြင့် ခပ်စပ်စပ် ပက်ပက်စက်စက် ပြန်လည်ဆဲဆိုလိုက်တော့သည်။
"ငါ့မိသားစုသာ မြေပိုင်ရှင်ဆိုရင် ဒီဝင်းကြီးတစ်ခုလုံး ငါတို့ပိုင်တာ ကြာပြီ၊ အဲဒီကျရင် နင့်ကို လမ်းပေါ်မောင်းထုတ်ပြီး တောင်းစားခိုင်းလိုက်ဦးမယ်။ မြေပိုင်ရှင် ဟုတ်လား၊ နင်ကတော့ အမြင်ကျဉ်းလိုက်တာ... ဒါက မြေပိုင်ရှင် အဆင့်မျိုးလား။ နင်က မြေပိုင်ရှင်တွေကို တကယ် အထင်သေးတာပဲ။ မြေပိုင်ရှင်မိသားစုမှာ ဒီလောက်ပဲ ပိုင်ဆိုင်တာမလို့လား။ နင်က ဘာမှလည်း မသိဘဲနဲ့ သူများကို လိုက်ပြီး နာမည်ဖျက်ဖို့ ကြိုးစားနေတာ။ တောက်... တကယ့် စုန်းမကြီးပဲ..."
သူမသည် တစ်စက်မှ အားနာခြင်း မရှိဘဲ ဆက်၍ ဆဲဆိုလေသည်။
"ဒီနေ့က ငါတို့အိမ်တက်မင်္ဂလာနေ့မလို့သာပေါ့၊ မဟုတ်ရင် နင့်ကို ဝင်းအလယ်ခေါင် ဆွဲထုတ်ပြီး ရိုက်နှက်ပစ်လိုက်တာ ကြာပြီ။ တကယ့် အမှိုက်ပဲ... အခု မူဝါဒတွေ ပြောင်းလဲသွားပြီဆိုတာတောင် နင်က နည်းလမ်းဟောင်းတွေ သုံးပြီး သူများကို နှိပ်ကွပ်ချင်တုန်းလား၊ အစုတ်ပလုတ်မ..."
ဤနောက်ပိုင်းနှစ်များ ဖြစ်နေ၍သာ ကံကောင်း၏။ အကယ်၍ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ ဆိုလျှင် 'မြေပိုင်ရှင်' ဟု အုပ်စုဖွဲ့ သမုတ်ခံရခြင်းမှာ ကပ်ဘေးကြီး ဆိုက်ရောက်သည်နှင့် တူပေလိမ့်မည်။
ထို့ကြောင့် အဘွားကြီးဟွမ် ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အဘွားကြီးကျောက်မှာလည်း လျှော့ပေးရန် စိတ်ကူးမရှိပေ။
"ငါ့ကို လာပြီး ပါးရိုက်အောင် မလုပ်နဲ့နော်..."
"နင်... နင်... နင်..."
"နင် ဘာဖြစ်လဲ..."
အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ပိုင်ဖုန်းရှန်းနှင့် ရှီကျန့်ရှန်းတို့မှာ ကပျာကယာဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြရသည်။
"ကဲပါ... တော်ကြပါတော့၊ ငါတို့ ဟိုဘက်ကို သွားကြည့်ရအောင်။ အပြင်အဆင်တွေ ဘယ်လိုရှိလဲဆိုတာ သွားကြည့်ရအောင်နော်"
အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ရင်း ရှေ့မှဦးဆောင်ကာ လိုက်ကာကို ပင့်မ၍ အဓိကအခန်းထဲသို့ ဝင်လာခဲ့သည်။ ယခုအခါ သူမသည် ဝင်ပေါက်၏ ညာဘက်ခြမ်းသို့ လှည့်လိုက်၏။ ဤဘက်ခြမ်း၏ အခင်းအကျင်းမှာ ကလေးများ၏ အခန်းကဲ့သို့ အလှဆင်ရန် မလွယ်ကူလှကာ အနောက်ဘက်တွင်လည်း ပြတင်းပေါက် ထည့်သွင်းရန် အဆင်မပြေသောကြောင့် ဤဘက်ခြမ်းကို အတွဲလိုက်အခန်းအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။
အထဲသို့ ဝင်လိုက်သည့်အခါ အခင်းအကျင်းမှာ သိပ်ပြီး ပြောင်းလဲသွားခြင်းမရှိဘဲ အုတ်
ကုတင် ရှိနေဆဲပင် ဖြစ်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ သာမန်ထက် များစွာသေးငယ်သွားပြီး တစ်ဝက်ခန့်အထိ 'ကျုံ့' ဝင်သွားသည်။ အုတ်ကုတင်၏ မျက်နှာချင်းဆိုင်တွင် အဝတ်ဗီရိုတစ်လုံး ရှိနေပြီး၊ ရှောင်ကျား ယခင် အသုံးပြုခဲ့သော ကုတင်ဟောင်းကိုမူ အပြင်သို့ ရွှေ့ထုတ်လိုက်ပြီ ဖြစ်၏။ ယခုအခါတွင်မူ ၎င်းမှာ ခိုင်ခံ့ထည်ဝါသော အဝတ်ဗီရိုကြီး တစ်လုံး အစားထိုးထားသည်။
ထို့ပြင် ဤအခန်း၏ အထဲဘက်သို့ ထပ်မံဝင်ရောက်ပါက အခြားအခန်းတစ်ခန်း ရှိနေသေးသည်၊ ဆိုလိုသည်မှာ မူလ၌ အခန်းတစ်ခန်းတည်း ဖြစ်သောအရာကို ယခုအခါ အခန်းနှစ်ခန်းအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းပင်။ ချန်ချင်းယွီ အတွင်းခန်းတွင် နေထိုင်ပြီး အဘွားကြီးကျောက်မှာ အပြင်ခန်းတွင် နေထိုင်၏။ ချန်ချင်းယွီ မိမိအခန်းသို့ ပြန်လိုပါက အဘွားကြီးကျောက်၏ အခန်းကို မဖြစ်မနေ ဖြတ်သန်းသွားရမည် ဖြစ်သည်။ ထိုအတွင်းခန်းတွင်မူ အုတ်ကုတင် ရှိမနေတော့ဘဲ ကုတင်တစ်လုံးသာ ရှိပြီး ကုတင်၏ မျက်နှာချင်းဆိုင်တွင်မူ အခြားအဝတ်ဗီရိုတစ်လုံး ရှိနေပြန်၏။
ဤအခင်းအကျင်းမှာ စိတ်တိုင်းကျ အကောင်းဆုံးဖြစ်မနေသော်လည်း အခြားနည်းလမ်းမရှိပေ၊ ၎င်းတို့တွင် နေရာအကန့်အသတ် ရှိနေသောကြောင့် လက်တွေ့ကျကျ အသုံးချနိုင်မည့်အခြေအနေကိုသာ ထည့်သွင်းစဉ်းစားခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်၌ ချန်ချင်းယွီကိုယ်တိုင်လည်း ဤအိမ်ပြင်ဆင်မှုနှင့် အခန်းဖွဲ့စည်းပုံအပေါ် လုံးဝဥဿုံ စိတ်ကျေနပ်မှု မရှိလှသော်ငြား သူမအနေဖြင့် တစ်ကိုယ်တည်း သီးသန့်နေထိုင်လိုပါက ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ ပြောင်းလဲနိုင်မည်ဖြစ်ပြီး အခြားကွဲပြားသော အခင်းအကျင်းကို ဖန်တီးရန် မည်သို့မျှ မဖြစ်နိုင်၍ပင်။ ထို့ကြောင့် ချန်ချင်းယွီလည်း ၎င်းကို လက်ခံလိုက်ရ၏။
အနည်းဆုံးမူ ယခုအခါ သူမသည် တစ်ကိုယ်တည်း သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
အနာဂတ်တွင် မည်သို့ဖြစ်ပျက်လာပါစေ၊ သူမအနေဖြင့် တစ်လှမ်းချင်းစီ အေးအေးလူလူ ကိုင်တွယ်ဖြေရှင်းသွားနိုင်ပေသည်။
အခန်းအားလုံးကို ဆေးသုတ်အသစ်တင်ထားခဲ့ပြီး ဖြစ်၏။ ပြတင်းပေါက်များကိုလည်း အကုန်အစင် လဲလှယ်ထားခဲ့ပြီး၊ လွန်ခဲ့သောရက်အနည်းငယ်၌ အခန်းကို လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားခဲ့ခြင်းမှာ ပြတင်းပေါက်ဘောင်များမှ ဆေးနံ့များ ပျယ်လွင့်သွားစေရန်အတွက် ဖြစ်သည်။ ယခုအခါတွင်မူ ဆေးနံ့ကို လုံးဝမရရှိတော့ပေ။
"နင်တို့အိမ်က တကယ့်ကို လှတာပဲ... အခုဆိုရင် လူတိုင်းက ကိုယ်ပိုင်အခန်းတွေနဲ့ နေရတော့မှာပေါ့၊ ဒါက ငါတို့ဝင်းကြီးထဲမှာတော့ တစ်အိမ်တည်းရှိတာပဲ"
"ဟုတ်ပါရဲ့၊ ဒါက တကယ့်ကို အံ့ဩစရာကောင်းလှပါတယ်"
ချန်ချင်းယွီ ပြုံးလိုက်ရင်း
"လူတိုင်းရဲ့ ဘဝတွေကလည်း နှေးတာနဲ့ မြန်တာပဲ ကွာမှာပါ၊ တဖြည်းဖြည်းနဲ့ အားလုံး ကောင်းမွန်လာကြမှာပါပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှောင်ချန် ပြောတာ တကယ်မှန်တယ်"
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကိုပဲ ကြည့်ဦးလေ၊ ဘဝတွေက တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတာ၊ နောင်အနာဂတ်မှာ သေချာပေါက် သာ၍ပင် ကောင်းမွန်လာဦးမှာပါ"
"အတိအကျပေါ့။"
ဤအိမ်သည် မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် အခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။ နေရာအနှံ့အပြားမှာ ကြည့်ရသည်မှာ များစွာ သာလွန်လှပသွားခဲ့၏။
ရှီကျန့်ရှန်း : "ဟေး... နင်က ဘာလို့ ဗီရိုအမြင့်ကြီးကို ဘေးဘက်မှာ ထားပြီး၊ ဗီရိုအနိမ့်လေးကိုကျတော့ အုတ်ကုတင်နဲ့ မျက်နှာချင်းဆိုင်မှာ ထားရတာလဲ။ အဲဒါကို အထက်အောက် ပြောင်းပြန်ထားလိုက်ရင် ပိုမကောင်းဘူးလား"
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့်
"အို... ဒါက ငါ့ချွေးမကြောင့်လေ သိရဲ့လား၊ ငါ့ချွေးမက ငါနဲ့ ကလေးတွေကို တကယ် သနားငဲ့ညှာတာ။ သူမက ငါတို့ ဒီဆိုင်ခန်းလေးဖွင့်ပြီး ပိုက်ဆံအချို့ ရှာဖွေနိုင်ခဲ့ပြီဖြစ်လို့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ပြီလို့ ပြောတယ်။ အထူးသဖြင့် ငါ့ကိုပေါ့၊ ငါက တစ်ဘဝလုံး ပင်ပန်းဆင်းရဲခဲ့ရပြီးပြီ၊ အခု အငြိမ်းစားယူထားတဲ့ အချိန်မှာ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရမယ့် အချိန်ရောက်ပြီတဲ့။ ဒါကြောင့်ပဲ ငါက တီဗီတစ်လုံးလောက် ဝယ်ဖို့ စဉ်းစားနေတာ။ အဲဒီ တီဗီကို ဤဗီရိုအနိမ့်လေးပေါ်မှာ တင်ထားလိုက်ရင် သေချာပေါက် ပိုပြီးတော့ အံကိုက်ဖြစ်သွားမှာပေါ့"
"ဘာကြီးးး........."
လူတိုင်း မယုံကြည်နိုင်လောက်အောင် အံ့ဩတကြီးဖြင့် အာမေဍိတ်သံများ ပြိုင်တူထွက်ပေါ်လာကြသည်။
အဘွားကြီးကျောက် စိတ်ထဲတွင် ကြိတ်၍ ကျေနပ်ပီတိဖြစ်နေမိပြီး ဆက်လက်၍ ဝါကြွားရင်း
"ငါတို့လည်း နောက်ကျရင် အတူတူ သွားကြည့်ပြီး တစ်လုံးလောက် ဝယ်ဖို့ သဘောတူထားကြတယ်"
"ဘာပြောတယ်..."
၎င်းတို့ ထပ်မံ၍ အော်ဟစ်လိုက်ကြပြန်၏။
"နင်တို့က တီဗီ ဝယ်မလို့ ဟုတ်လား။ နင်တို့မှာ တီဗီဝယ်ခွင့်လက်မှတ် ရှိလို့လား"
"ဒီခေတ်ကြီးမှာ တီဗီတစ်လုံးကို ပိုက်ဆံ ရာဂဏန်းလောက် ပေးရတယ် မဟုတ်လား။ နင်တို့ကတော့ တကယ့်ကို ဖြုန်းတီးလွန်းတာပဲ"
"ပိုက်ဆံလေး နည်းနည်းပါးပါး ရှာရရုံနဲ့ ဒီလိုမျိုး ပုံအောပြီး သုံးပစ်လို့ မရဘူးလေ"
အဘွားကြီးကျောက် လက်ကို ဝှေ့ယမ်းလိုက်ရင်း
"ဒါကို မသုံးရင် ငါတို့ ဘယ်မှာ သွားသုံးရမှာလဲ။ နင်တို့လည်း ငါ့မိသားစုအကြောင်း သိတာပဲ၊ ငါတို့က ပိုက်ဆံ စုဆောင်းတတ်တဲ့လူတွေ မဟုတ်ဘူး။ ပိုက်ဆံရှိရင် ရှိသလောက် ချက်ချင်း သုံးပစ်တာ။ ပိုက်ဆံဆိုတာ သုံးစွဲလိုက်မှသာ တကယ့် ပိုက်ဆံဖြစ်လာတာလေ။ ဒီအတိုင်း သိမ်းဆည်းထားရင် စက္ကူအစုတ်ပဲ ရှိမှာပေါ့"
သူမ ဝါကြွားပြသနေခြင်းဖြစ်ရာ အခြားသူများမှာ မျက်စောင်းထိုးလိုက်ကြ၏။
ပိုက်ဆံကို စုဆောင်းထားရင် စက္ကူအစုတ်ပဲ ရှိမှာတဲ့၊ တကယ့် အဓိပ္ပာယ်မရှိတဲ့ စကားပဲ...
၎င်းတို့ စိတ်ထဲမှ ကဲ့ရဲ့လိုက်ကြသည်။
သူမကတော့ တကယ့်ကို ငကြွားမပဲ… ခွေးက ဆီဦးထုပ် ဆောင်းမရသလိုပဲ၊ ပိုက်ဆံလေး နည်းနည်း ရလာတာနဲ့ ဘယ်လမ်းကို လျှောက်ရမှန်းတောင် မသိတော့ဘူး…
သူမသည် ဘဝကို ဖြုန်းတီးပစ်ရန် စတင်စဉ်းစားနေခဲ့လေပြီ… ချန်ချင်းယွီကို ကြည့်ရင်းနှင့်လည်း ၎င်းတို့မှာ ဤမုဆိုးမငယ်လေးသည် အိမ်ထောင်တစ်ခုကို မည်သို့ စီမံခန့်ခွဲရမည်ကို လုံးဝမသိနားမလည်သူ ဖြစ်သည်ဟု ခံစားလိုက်ရသည်။
သူမသည် ဘဝလေး နည်းနည်း အဆင်ပြေလာရုံမျှရှိသေးသည်၊ အိမ်ဝယ်၊ အိမ်ပြင်၊ ထို့ပြင် တီဗီပါ ဝယ်ယူရန် ပြင်ဆင်နေသည်မှာ တကယ့်ကို ရူးသွပ်လွန်းလှပေ၏။
အဘွားကြီးကျောက် : "နောက်ကျရင် နင်တို့လည်း ငါ့အိမ်ကို လာပြီး တီဗီလာကြည့်ကြပေါ့"
သူမသည် မိမိကိုယ်မိမိ အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။
အခြားသူများမှာမူ မနာလိုဝန်တိုစိတ်ကြောင့် မျက်နှာများ စိမ်းဖန့်သွားကြတော့၏။
"နင်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှာထားတဲ့ ပိုက်ဆံတွေအကုန်လုံးကို သုံးပစ်လိုက်ပြီ မလား။ ဒါက တကယ့်ကို..."
အဘွားကြီးကျောက် : "ငါ အခုတင် ပြောပြီးပြီ မဟုတ်လား။ ပိုက်ဆံဆိုတာ သုံးဖို့အတွက်ပဲလေ။ ငါက နင်တို့လို မဟုတ်ဘူး၊ တကယ့် ကပ်စေးနှဲတွေ"
"အင်းလေ... အဲဒီပိုက်ဆံတွေကို ရှာတာက နင်မှမဟုတ်တာ၊ နင့်ချွေးမ ရှာတာပဲဥစ္စာ..."
အဘွားကြီးကျောက် သူမကို စူးစိုက်ကြည့်လိုက်ရင်း
"ငါတို့က မိသားစုတစ်ခုတည်းလေ၊ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားနေစရာ မလိုပါဘူး"
သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်
ရင်း ဂုဏ်ယူစွာ ဆိုလိုက်လေတော့သည်။
"ငါ့ကို မနာလိုဖြစ်နေလည်း အလကားပဲ။ ငါကတော့ နောက်ကျရင် သွားဝယ်တော့မှာ၊ ဟီးဟီး"
အဘွားကြီးကျောက်သည် စိတ်ထဲမှ ကျိတ်၍ ဝမ်းသာပီတိဖြစ်နေပြီး အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ ယခင်ဆိုလျှင် အမြဲတမ်း အခြားသူများသာ သူမတို့မိသားစုရှေ့တွင် လာရောက်ဝါကြွားလေ့ရှိကြသော်လည်း ယခုအခါတွင်မူ သူမတို့အလှည့် ရောက်ရှိလာခဲ့လေပြီ… သူမတို့သည် ဤဝင်းကြီးထဲတွင် တီဗီပိုင်ဆိုင်သည့် ပထမဦးဆုံးသော မိသားစု ဖြစ်လာတော့မည်။
"တီဗီအစီအစဉ်တွေက ရေဒီယိုအစီအစဉ်တွေနဲ့ လုံးဝကို ကွာခြားတယ်လို့ ငါကြားဖူးတယ်၊ အဆင့်အတန်းချင်းက တခြားစီပဲတဲ့။ အိမ်မှာတင် ရုပ်ရှင်ထိုင်ကြည့်နေရသလိုပဲဆိုတော့... အိုဟယ်၊ ငါဖြင့် စိတ်ကူးထဲတောင် ထည့်ကြည့်လို့မရပါဘူး"
အဘွားကြီးကျောက် တတွတ်တွတ်ဖြင့် ဆက်လက်မြိန်ရေယှက်ရေ ပြောဆိုနေခဲ့၏။
"ငါ့ချွေးမက ပြောသေးတယ်၊ ဝယ်မှာချင်းအတူတူ အဆုံးထိ ပုံအောပြီးတော့ ကာလာတီဗီပဲ ဝယ်လိုက်ရအောင်တဲ့။ ဘာပဲဖြစ်ဖြစ် တီဗီကြည့်မှာချင်းအတူတူ ကာလာတီဗီက ပိုကောင်းတာပေါ့၊ အဖြူအမည်းကတော့ အမြဲတမ်း အောက်ကျနောက်ကျ ဖြစ်နေတာပဲလေ။"
"တီဗီတစ်လုံးဝယ်တာက တကယ့်ကို မရှုံးပါဘူးအေ၊ ရုပ်ရှင်လက်မှတ်ဖိုးတွေပါ သက်သာသွားသေးတာပဲဥစ္စာ။"
"ဒါ့အပြင် တီဗီရှိတော့ အချိန်ကုန်မှန်းလည်း သိသာတာပေါ့၊ ပြီးတော့ အပြင်က ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း မြင်တွေ့နိုင်ပြီး နိုင်ငံတော်ရဲ့ မူဝါဒတွေကိုပါ သိရှိနိုင်သေးတယ်လေ။"
"တစ်နေ့လုံး ဝင်းထဲမှာပဲ ထိုင်ပြီး အတင်းအဖျင်း ပြောနေကြတာ ဘာအကျိုးရှိမှာလဲ။ အပြင်က အခြေအနေတွေကို ပိုပြီးတော့ သိထားမှ ခေတ်ရေစီးကြောင်းကို ကောင်းကောင်းဆုပ်ကိုင်နိုင်ပြီး၊ မူဝါဒတွေနောက် လိုက်လို့ရမှာ၊ အဲဒီကျမှ ပိုက်ဆံအကြီးအကျယ် ရှာနိုင်မှာပေါ့"
…
ဤအချိန်တွင် ဤနေရာတစ်ခုလုံးသည် အဘွားကြီးကျောက်၏ စိုးမိုးရာနယ်မြေ ဖြစ်သွားခဲ့၏။ သူမသည် စကားများကို တရစပ် ပြောဆိုနေခဲ့ရာ အဆုံးသတ်မည့်အရိပ်အယောင်ပင် မရှိချေ။
ကျန်ရှိနေသောသူများ သူမကို မကျေမနပ်ဖြင့် ကြည့်ရှုနေကြသော်လည်း အဘွားကြီးကျောက်မှာစိုးစိမျှ ဂရုမစိုက်ပေ။ သူတို့အားလုံးသည် မိမိ၏ လက်အောက်သနု့ ရှုံးနိမ့်သူများသာ ဖြစ်ကြသဖြင့် သူမ ကြောက်ရွံ့မနေပေ။
ဟီးဟီးဟီး... နင်တို့တွေက ငါ့လောက် ကံမကောင်းကြပါဘူးအေ...
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှဆိုလျှင် အဘွားကြီးကျောက်အနေဖြင့် ဤကဲ့သို့ ကောင်းမွန်သော ဘဝမျိုးကို ရရှိလိမ့်မည်ဟု အိပ်မက်ပင် မက်ရဲမည် မဟုတ်ပေ။
စားကောင်းသောက်ဖွယ်များ ရှိသည်၊ အိမ်ကောင်းအိမ်ရာ ရှိသည်၊ အငြိမ်းစားလစာ (ပင်စင်) ရှိသည့်အပြင် ယခုအခါ တီဗီပါ လက်ဝယ်ပိုင်ဆိုင်တော့မည် ဖြစ်သည်။
ဘုရားရေ... ငါကတော့ တကယ့်ကို ကံထူးတာပဲ...
သူမ၏ သားဖြစ်သူ လင်းကျန့်ဝမ်ကိုသာ ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက ချန်ချင်းယွီသည် သူမကို ဘယ်သောအခါမျှ မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။
အဲဒီ မိန်းမက တကယ့်ကို ရက်စက်တတ်တာ…
ဒါပေမဲ့ သူမက လက်တွေ့ကျတယ်၊ လက်တွေ့ကျတာကလည်း အကျင့်ကောင်းတစ်ခုပါပဲ…
ယခုအခါ သူမအတွက် အခြေအနေများ ဆိုးဝါးလိမ့်မည် မဟုတ်တော့ပေ။
သူမ အငြိမ်းစားယူကတည်းက ချန်ချင်းယွီသည် သူမထံမှ နေ့စဉ်စားစရိတ်များကို တောင်းခံခြင်း မရှိခဲ့ပေ။
သူမအနေဖြင့် အိမ်ထောင်မှုကို သေသေချာချာ စီမံခန့်ခွဲပေးနေသရွေ့ ချန်ချင်းယွီမှာ ပိုက်ဆံကိစ္စနှင့် ပတ်သက်၍ တွန့်တိုကပ်စေးနှဲနေလိမ့်မည် မဟုတ်ချေ။
သူမလုပ်နေသည်မှာ အိမ်ထိန်းတစ်ယောက်၏ အလုပ်နှင့် တူနေသည်ဟု ထင်ရသော်လည်း၊ ဤအလုပ်မျိုးကို သာမန်လူတိုင်း လုပ်ကိုင်နိုင်သည် မဟုတ်ပေ။ လူအများစုမှာ ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးကို အိပ်မက်ပင် မက်နိုင်ကြမည် မဟုတ်ချေ။ သူမအနေဖြင့် အစွမ်းကုန် ကြိုးစားပြသရမည် ဖြစ်သည်၊ ဤမျှနှစ်ပေါင်းများစွာ အံဝင်ခွင်ကျ လက်တွဲလာခဲ့ကြပြီးနောက် သူမ သေချာပေါက် လုပ်ဆောင်နိုင်၏။
"ငါ့ချွေးမက ပြောသေးတယ်၊ မိသားစုထဲမှာ ငါတစ်ယောက်ပဲ စက်ဘီးမရှိတာမလို့ သွားရလာရ ပိုပြီး အဆင်ပြေအောင် စက်ဘီးအသစ်တစ်စီး ထပ်ဝယ်ပေးမယ်တဲ့။ ငါကတော့ ငြင်းလိုက်တာပေါ့။ ငါ့လို အဘွားကြီးတစ်ယောက်က စက်ဘီးကို သိပ်ပြီး သုံးမှာမလို့လား။ အမှန်တော့ စက်ဘီးအသစ် ဝယ်စရာကို မလိုတာပါ။ ငါတို့မှာ ရှိပြီးသား စက်ဘီးအဟောင်းကိုပဲ ငါစီးမယ်၊ သူမအတွက်သာ စက်ဘီးအသစ် တစ်စီးဝယ်ဖို့ ပြောလိုက်တယ်။ တွေ့ကြပြီလား... ငါ့လို ယောက္ခမမျိုးက ဘယ်လောက်တောင် ကောင်းလဲဆိုတာ"
ဝင်းထဲရှိ အိမ်နီးနားချင်းများမှာမူ ပြောစရဋ စကားမဲ့သွားကြရသည်။
အဘွားကြီးကျောက် : "ငါ့ချွေးမက ဒီလောက်တောင် သားသမီးဝတ္တရား ကျေပြွန်နေတာပဲ၊ ငါကလည်း အလိုက်အထိုက် ပြန်ပြီး တုံ့ပြန်ရမှာပေါ့"
ဝင်းထဲရှိ အိမ်နီးနားချင်းများ : “…”
နင်က အဲဒီလောက်တောင် စွမ်းဆောင်နိုင်ရင်လည်း မယူဘဲ နေလိုက်ပါလား... အခုတော့ စက်ဘီးအဟောင်းကို ယူထားတုန်းပဲဟာကို...
အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ်၊ နင်လို အဘွားကြီးက အပြင်ကို သိပ်သွားတာမဟုတ်ဘဲနဲ့ ဘာလို့ ပိုက်ဆံတွေကို အလကား ဖြုန်းတီးပြီး နောက်တစ်စီး ထပ်ဝယ်ခိုင်းနေရဦးမှာလဲ…
အဘွားကြီးကျောက် : "အို... တော်ပြီ၊ အချိန် တော်တော်နောက်ကျနေပြီပဲ။ ငါ နင်တို့နဲ့ ဖောင်ဖွဲ့ပြီး ငြင်းခုံမနေနိုင်တော့ဘူး။ ငါတို့ 'ဟွားချောင်အထူးဆိုင်' (နိုင်ငံခြားပြန်တရုတ်လူမျိုးများဆိုင်) ကို သွားရဦးမယ်"
"ဟွားချောင်အထူးဆိုင် ဟုတ်လား။ ဘာလို့ အဲဒီဆိုင်ကို သွားမှာလဲ။ အဲဒီမှာက နိုင်ငံခြားငွေလဲလက်မှတ်တွေ သုံးရတာလေ၊ နင်တို့မှာ အဲဒါတွေ ရှိလို့လား"
"အဘွားကြီးကျောက်... နင် ကြွားနေတာတော့ မဟုတ်ပါဘူးနော်"
အဘွားကြီးကျောက် ခပ်ပြုံးပြုံးလေး လုပ်လိုက်ရင်း
"ငါက ဘာလို့ ကြွားရမှာလဲ။ ငါ့မိသားစုက နိုင်ငံခြားငွေလဲလက်မှတ် အချို့ကို လဲလှယ်ထားပြီးပြီမလို့ သေချာပေါက် ဟွားချောင်အထူးဆိုင်ကို သွားမှာပေါ့။ အမှန်တော့ 'ယိုယီအထူးဆိုင်' ကို သွားရင်လည်း ရတာပါပဲ၊ ဒါပေမဲ့ ဟွားချောင်အထူးဆိုင်က ပိုပြီး နီးနီးနားနား ရှိလို့လေ"
အဘွားကြီးကျောက်မှာမူ ပျော်ရွှင်မြူးတူးခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
လူတိုင်း နှုတ်ခမ်းကို မဲ့လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြတော့၏။ ထိုအထဲတွင် ထူးထူးခြားခြား တုံ့ပြန်မှု မရှိလှသည့် တစ်ဦးတည်းသောသူမှာ အဒေါ်ကြီးမေ့ပင် ဖြစ်သည်။
သေချာပေါက်ပင် သူမက တုံ့ပြန်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ အဘွားကြီးကျောက်၏ နိုင်ငံခြားငွေလဲလက်မှတ်များကို သူမ၏ သားဖြစ်သူထံမှ ရရှိထားခြင်းဖြစ်ကြောင်း သူမ သိရှိသောကြောင့်ပင်။ သူမ၏ သားသည် အစေ့အဆန် လှော်ထားသော ပစ္စည်းများကို ရောင်းချရုံတင်မကဘဲ အမျိုးမျိုးသော လက်မှတ်များကိုပါ လဲလှယ်ရောင်းဝယ်ပေးနေခဲ့ခြင်း ဖြစ်၏။ ၎င်းတို့အားလုံးမှာ ပိုက်ဆံရှာဖွေသည့် နည်းလမ်းများပင် ဖြစ်သည်။ နိုင်ငံခြားငွေလဲလက်မှတ်များတွင်လည်း သက်တမ်းကုန်ဆုံးမည့်ရက် ရှိနေသဖြင့် အချို့လူများမှာ ၎င်းတို့ကို အကုန်အစင် မသုံးစွဲနိုင်ကြခြင်း သို့မဟုတ် မသုံးရက်မစွဲရက် ဖြစ်နေကြသဖြင့် ပြန်လည်ရောင်းချလေ့ ရှိကြ၏။ ထိုလက်မှတ်များ၏ တန်ဖိုးမှာ မြင့်မားလှပြီး လူတိုင်းမှာလည်း ယိုယီအထူးဆိုင် သို့မဟုတ် ဟွားချောင်အထူးဆိုင်ကဲ့သို့သော နေရာမျိုးသို့ သွားရောက်ရန် သတ္တိမရှိကြသဖြင့် ဈေးကွက်အတွင်း လည်ပတ်မှုမှာ အလွန်အမင်း မမြင့်မားလှချေ။ ချန်ချင်းယွီ ၎င်းကို လိုချင်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
မိမိ၏ သားဖြစ်သူမှာ ၎င်းမှတဆင့် ပိုက်ဆံရှာနေခြင်းကို အဒေါ်ကြီးမေ့ ကြိုတင်သိရှိထားပြီးဖြစ်ရာ သူမအနေဖြင့် အံ့ဩစရာ အကြောင်းမရှိပေ။
သို့သော်လည်း သူမ ထူးထူးခြားခြား မတုံ့ပြန်သော်ငြား၊ လာရောက်ကြည့်ရှုကြသည့် အခြားလူများအားလုံးမှာမူ တကယ့်ကို စိတ်ပျက်ဒေါသထွက်သွားကြရပြီး အသက်ကို အောင့်ကာ အိမ်သို့ ပြန်သွားကြတော့သည်။
ရှီကျန့်ရှန်းသည် အိမ်သို့ ပြန်ရောက်သောအခါ အုတ်ကုတင်ပေါ်တွင် စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။
ရွှီကောင်မင်း : "ဘာဖြစ်လို့လဲ"
"ရှင်က ကျွန်မကို ဘာဖြစ်လို့လဲလို့ မေးနေတာလား။ ကျွန်မတစ်ဘဝလုံး နေလာခဲ့တာ၊ ဘာလို့ အဲဒီ ဇောက်ထိုးမိုးမျှော် ဂျောက်ဂျက်အဘွားကြီး ကျောက်တာ့ရာလောက်တောင် အခြေအနေမကောင်းရတာလဲ။ သူမရဲ့ အိမ်ကို ကြည့်ဦး၊ ဘယ်လောက်တောင် သန့်ရှင်းသပ်ရပ်အောင် ထားလဲဆိုတာ။ အဲဒါတင်မကသေးဘူး၊ အဲဒီ အဘွားကြီးက တီဗီပါ ဝယ်တော့မလို့တဲ့"
ရှီကျန့်ရှန်း မနာလိုဝန်တိုစိတ်ကြောင့် မျက်ဝန်းအစုံ နီမြန်းလျက် လှမ်းပြောလိုက်တော့သည်။
သူမက တီဗီဝယ်ရအောင် သူမကိုယ်သူမ ဘာကောင်မလို့လဲဆိုတာ သိရဲ့လား၊ ပိုက်ဆံလေး နည်းနည်း ရလာတာနဲ့ ဘယ်သူဘယ်ဝါမှန်းကို မသိတော့ဘူး…
ချန်ချင်းယွီကလည်း တကယ့် ဉာဏ်မရှိတဲ့ ငတုံးမပဲ၊ ပိုက်ဆံကို ဖြုန်းတီးဖို့ပဲ သိတယ်…
တီဗီကိုမှ ကာလာတီဗီ ဝယ်မလို့တဲ့၊ ဘာအဆင့်အတန်းမလို့လဲ...
သူမ စိတ်ထဲမှ ဒေါသတကြီး ကြုံးဝါးနေမိ၏။
ရွှီကောင်မင်း ဆတ်ခနဲ ထထိုင်လိုက်ရင်း
"သူမတို့ မိသားစုက ကာလာတီဗီ ဝယ်မလို့ ဟုတ်လား"
"ဟုတ်တယ်လေ၊ အတိအကျပဲ..."
ရှီကျန့်ရှန်းမှာ ရင်ကွဲမတတ် ခံစားနေရသည်။
ရွှီကောင်မင်းလည်း မနာလိုဖြစ်သွားရပြီး သူ၏ မျက်ခုံးအစုံကို တင်းကြပ်စွာ တွန့်ကွေးလိုက်မိ၏။
"သူမက ကာလာတီဗီဝယ်ဖို့အထိ ပြောနေတယ် ဟုတ်လား။ ကျွန်မတို့က သူမထက် ဘာတွေ နိမ့်ကျနေလို့လဲ။ ကျွန်မ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲခဲ့ရတာ၊ အဲဒီ အဘွားကြီးကတော့ ဝင့်ဝင့်ကြွားကြွားနဲ့ လျှောက်သွားနေတယ်၊ ကျွန်မ ဘာမှ အများကြီး ထုတ်မပြောခဲ့ပေမဲ့ သူမက ကိုယ့်ဘာသာ ပြန်မကြည့်ဘူး။ ကျွန်မက သူမထက် ဘာတွေ လိုအပ်နေလို့လဲ"
"ကဲပါ... တော်ပါတော့၊ မင်းက ဒါတွေကို ဘာလို့ လိုက်ပြောနေတာလဲ။ ငါတို့မိသားစုလည်း အဆင်ပြေပြေ ရှိနေတာပဲဟာကို... သူတို့ ဝယ်ချင်ရင်လည်း ဝယ်ပါစေပေါ့။ အပြင်မှာ လျှောက်ပြီး မကောင်းမပြောနဲ့။ ဒါပေမဲ့ ဒါကိုကြည့်ရင် ဆိုင်ခန်းဖွင့်တာက တကယ့်ကို အမြတ်ထွက်တယ်ဆိုတာ ထင်ရှားတာပဲ... သူတို့ အခုတလော လုပ်နေတာတွေကို ကြည့်ဦး။ ဒါတွေအားလုံးက ပိုက်ဆံအများကြီး ကုန်တာလေ။"
"ဘာလို့ ဘယ်သူကမှ သူတို့ကို သွားမတိုင်ကြတာလဲ၊ ဒါမှမဟုတ် သွားမဖမ်းကြတာလဲ... သူတို့ကို ဒီလို ဝါကြွားခွင့် ပေးထားကြတာလား..."
ရွှီကောင်မင်းလည်း အလွန်အမင်း နှမြောတသဖြစ်နေမိသည်။ ယခုအခါ မူဝါဒများ ပြောင်းလဲသွားခဲ့ချေပြီ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကိုပင် ခွင့်ပြုထားခဲ့၏။ မူဝါဒများမှာ ယခင်နှင့် တကယ့်ကို ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ယခင်သာ ဆိုပါက သူမတို့ မိသားစုမှာ ပျက်စီးခြင်းသို့ ရောက်ရှိသွားသည်မှာ ကြာလှပေပြီ..
တကယ့်ကို နှမြောစရာကောင်းလှ၏။
သူမသည် စိတ်ထဲတွင် ဤကဲ့သို့ တွေးတောနေသော်လည်း နှုတ်မှ အပြင်သို့ ထုတ်မပြောရဲချေ၊ ထို့ပြင် မိမိ၏ ယောက်ျားကိုပါ သတိပေးလိုက်သေးသည်။
"သူတို့မိသားစုအကြောင်းကို သွားပြီး မပြောပါနဲ့။ သူတို့မိသားစုက ဘယ်လောက်အထိ ထူးဆန်းလဲဆိုတာ ရှင်လည်း သိတာပဲ"
ရွှီကောင်မင်း အလွန်အမင်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့်
"လင်းကျန့်ဝမ်က သူတို့ကို စိတ်မချလို့ မထွက်ခွာသေးဘဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘေးနားမှာ ဝဲလည်ဝဲလည် လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ကြည့်ဦးလေ... ဝမ်ကျန့်ကော်လို အတွေ့အကြုံရှိတဲ့လူတောင် တောင်ပိုင်းကို သွားရတာ အခက်အခဲတွေ ရှိခဲ့တာကို၊ ချန်ချင်းယွီကတော့ မိန်းမသားတစ်ယောက် ဖြစ်ပြီး ဆိုးဆိုးဝါးဝါး ဉာဏ်မရှိတဲ့ ချိုက်မင်မင်ကို ခေါ်သွားတာတောင် အားလုံးက ချောချောမွေ့မွေ့ ဖြစ်ခဲ့တာ။ ဖြစ်နိုင်တာက လင်းကျန့်ဝမ်က သူတို့မိသားစု ဘေးနားမှာ ရှိနေလို့ပဲ။ ငါတို့က လူကိုတော့ စော်ကားရဲပေမဲ့၊ သရဲတစ္ဆေကိုတော့ မစော်ကားရဲဘူး။ ငါတို့ သူတို့နဲ့ သွားပြီး ပြိုင်ဆိုင်မနေသင့်ဘူး၊ ဒါက တကယ့်ကို မတန်ပါဘူး"
ဤစကားကို ကြားလိုက်ရသောအခါ အယူအဆ အလွန်အမင်း သည်းသန်လှသော ရှီကျန့်ရှန်းသည် ချက်ချင်းပင် သတိဝင်လာခဲ့ပြီး
"ရှင်ပြောတာ တကယ်မှန်တယ်"
သူမ ကပျာကယာ စိတ်ကို ပြန်လည်စုစည်းလိုက်ရင်း
"ကျွန်မ နောက်ထပ် ဘာမှ မပြောတော့ဘူး၊ ဟုတ်ပြီလား"
သူမ လေသံကို လျှော့ကာ တိုးတိုးလေး ဆို၍
"အဘိုးကြီးရယ်... ရှင့်စကားက..."
ရွှီကောင်မင်း : "မင်း မှတ်မိသေးလား။ မင်း ငါ့ကို ပိုင်ဖုန်းရှန်းဆီကနေ စကားနှိုက်ခိုင်းလို့ ငါ သူမကို သွယ်ဝိုက်ပြီး မေးကြည့်ခဲ့သေးတယ်။ သူမ ဘာပြန်ပြောလဲ သိလား။ သူမက ပြောတယ်... သူတို့နှစ်ယောက်က ဧည့်ဂေဟာက ဝန်ထမ်းတွေကို မေးကြည့်ရုံတင်ပဲရှိသေးတာ၊ အဲဒီဝန်ထမ်းတွေက သူတို့ကို လက်ကားဈေးကွက်အကြောင်း အကုန်ပြောပြလိုက်တာတဲ့။ ငါကြားတာတော့ သူတို့ ဒုတိယအကြိမ် သွားတဲ့အချိန်မှာ ဧည့်ဂေဟာ ဝန်ထမ်းတွေက ဆိုက်ကားဆွဲတဲ့လူတွေကို သတိထားဖို့ပါ သတိပေးခဲ့သေးတယ်တဲ့။ ဒါကြောင့်ပဲ သူတို့က အချိန်မဆွဲရဲဘဲ ပစ္စည်းတွေရတာနဲ့ ဘူတာရုံကို ချက်ချင်း သွားခဲ့ကြတာ။ ဒါကြောင့်လည်း သူတို့က အပြင်ကို ခဏလေးပဲ သွားဖြစ်ပြီး ဘယ်တော့မှ ရပ်နားမနေကြတာပေါ့။ ဟေး... မင်း စဉ်းစားကြည့်ဦး၊ သူတို့က သူစိမ်းတွေပဲဟာကို၊ တစ်ယောက်နဲ့တစ်ယောက် သိတာလည်း မဟုတ်ဘဲ ဘာလို့ လာပြီး သတိပေးရမှာလဲ။ မင်းပဲ ပြောကြည့်ဦး၊ ဒါက ဘယ်လောက်တောင် ကံကောင်းတဲ့ အခြေအနေမျိုးလဲ"
ရွှီကောင်းမင်း : "တွေ့လား... တွေ့လား၊ ငါ မင်းတို့ကို ပြောသားပဲ။ ဒါကြောင့်မလို့ သူတို့အိမ်ဘက်ကို လုံးဝ သွားမပတ်သက်ပါနဲ့လို့ ငါပြောတာပေါ့။"
ရှီကျန့်ရှန်း : "ဒါကတော့ ဟုတ်သားပဲ။"
သူမ ချက်ချင်းပင် စည်းရုံးသိမ်းသွင်းခြင်း ခံလိုက်ရတော့သည်။
ဤကဲ့သို့ အယူအဆ သည်းသန်လွန်းလှသော ရှီကျန့်ရှန်းသည် တစ်မိနစ်အတွင်းမှာပင် မိမိကိုယ်မိမိ ပြန်လည်၍ စည်းရုံးနိုင်ခဲ့သော်လည်း၊ အခြားသူများမှာ ဤမျှအထိ စိတ်သဘောထား ကောင်းလွန်းမည် မဟုတ်ပေ။
အစ်မကြီးဖန်တစ်ယောက် အိမ်တွင် အဆုတ်အတိုင်း ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာနေခဲ့သည်။
"မှောင်ခိုခိုးရောင်းပြီး ပုရွက်ဆိတ်ချေးလောက် ပိုက်ဆံရလာတာလေးနဲ့ပဲ သူတို့ကိုယ်သူတို့ လူရာဝင်တယ် ထင်နေကြတာလား။ ဒီလိုမျိုး လာပြီး ကြွားဝါနေကြတာ၊ စောင့်ရုံသာစောင့်နေလိုက်၊ တစ်နေ့နေ့ မူဝါဒတွေ ပြောင်းလဲသွားလို့ကတော့ ဒင်းတို့အားလုံး ထောင်ထဲ ရောက်ကုန်ကြမှာ။ ဒင်းတို့လို အရင်းရှင်ဝါဒ ခံစားမှုသမားတွေ၊ နှေးတာနဲ့ မြန်တာပဲ ကွာမယ်၊ ပြဿနာတက်ကြဦးမှာ... ဒင်းတို့ ဘယ်လို ဖြစ်ပျက်သွားမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်။ ဒီလို ဝါကြွားနေတာ တကယ်ကို ထိုက်တန်တာပဲ... အားးး..."
ရှေ့ဝင်းထဲရှိ အဘွားကြီးဝမ်လည်း အလွန်အမင်း မနာလိုဝန်တို ဖြစ်နေခဲ့၏။ သူမသည် မိမိတို့မိသားစုမှာ ဤဝင်းကြီးထဲတွင် အထက်တန်းလွှာ၊ အရာရာတွင် အကောင်းဆုံးဟု အမြဲတမ်း တွေးထင်ထားခဲ့သော်လည်း၊ မည်သူ ထင်ထားမည်နည်း... သူတို့ ဤကဲ့သို့ အခြေအနေအထိ ရောက်ရှိသွားကာ သူမ၏ သားဖြစ်သူပင်လျှင် ကွာရှင်းပြတ်စဲသွားခဲ့ရသည်ခ
သူမမှာ ၎င်းကို မိမိသား၏အပြစ်ဟု မယူဆဘဲ ဤဝင်းကြီးတစ်ခုလုံး၏ ကံဇာတာ ညံ့ဖျင်းမှုကြောင့်သာဟု ထင်မြင်နေခဲ့သည်။
ယခုအခါ ကျောက်တာ့ရာကဲ့သို့သော မိန်းမမျိုးပင် ဤမျှ မောက်မာရဲတင်းနေသည်ကို မြင်ရသောအခါ ဤဝင်းကြီးတစ်ခုလုံး ကပ်ဆိုးသင့်နေပြီဟု သူမ ပို၍ ခံစားလိုက်ရ၏။
"တောက်... ဒီလို လူယုတ်မာတွေက ဘာလို့ အမြဲတမ်း အခွင့်သာနေရတာလဲ။ ငါတို့လို အိမ်ထောင်ကောင်းတွေကျမှ ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ။ ဒါက ဘယ်လိုမျိုး စုတ်ပြတ်သတ်တဲ့ နေရာကြီးလဲ။ အဲဒီ စက်ဆုပ်စရာကောင်းပြီး အကျင့်ပုတ်တဲ့ ကျောက်တာ့ရာတောင်မှ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခွင့် ရနေသေးတယ်။ ကောင်းကင်ကြီးမှာ မျက်လုံးမပါဘူး... ဒါတွေအားလုံး ဝမ်မေ့လန်ရဲ့ အပြစ်တွေပဲ။ သူများ ချွေးမတွေကိုလည်း ကြည့်ဦး၊ ပြီးတော့ သူမကိုလည်း ပြန်ကြည့်ဦး... တကယ့် သွေးအေးတဲ့ မိန်းမယုတ်... ကတိသစ္စာမရှိတဲ့ အကုသိုလ်ကောင်မ... သူမသာ ဇွတ်အတင်း ကွာရှင်းဖို့ မပြောခဲ့ရင် ငါတို့မိသားစု ဒီလိုဖြစ်ပါ့မလား။ ငါက အဘွားကြီးကျောက်ရဲ့ အနိုင်ကျင့်မှုကို ခံနေရဦးမလား"
ဝမ်ကျန့်ကော်သည်လည်း ဆေးရုံမှ ဆင်းလာခဲ့ပြီဖြစ်ရာ၊ သူ၏ မျက်နှာမှာ ယခင်ကဲ့သို့ "တရားမျှတမှု" ရှိသော အသွင်မျိုး မဟုတ်တော့ဘဲ ညှိုးမှိန်အုံ့မှိုင်းနေခဲ့သည်။
သူသည် အနောက်တောင် မုတ်သုံလေ ဝင်နေသော ရာသီဥတုသကဲ့သို့ နက်မှောင်အုံ့မှိုင်းသော လူတစ်ယောက် ဖြစ်လာခဲ့၏။
မကြာသေးမီ၌ ဝင်းထဲရှိ လူတိုင်းမှာ သူ့ကို အနည်းငယ် သတိထားနေကြသည်။ အကြောင်းမှာ ချဲညီအစ်ကိုနှစ်ယောက်လုံး ဖမ်းဆီးခံလိုက်ရပြီး၊ ၎င်းတို့၏ အမေနှင့် လီအာ့ယာတို့ပါ ပါဝင်ကာ ၎င်းတို့လေးဦးစလုံး ထောင်ထဲ ရောက်ရှိနေကြသောကြောင့်ပင်။ သာမန်အားဖြင့် ဤကဲ့သို့သော ရန်ပွဲမျိုးမှာ အလွန်အမင်း မကြီးမားလှဘဲ ညှိနှိုင်းဖြေရှင်းလေ့ ရှိကြ၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဝမ်ကျန့်ကော်မှာ အလွန်အမင်း ဇွတ်အတင်း ပြုလုပ်ခဲ့ပြီး လွှတ်မပေးခဲ့ချေ။ ၎င်းတို့လေးဦးစလုံး သုံးလစီ ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
၎င်းမှာ အချိန်ကာလ အားဖြင့် မရှည်လျားသော်လည်း ချဲယုံဖုန်းမှာမူ သေချာပေါက် အလုပ်ပြုတ်သွားပေလိမ့်မည်။
သူသည် အမှန်တကယ် ရက်စက်လွန်းလှ၍ ယခုအခါ လူတိုင်းမှာ မည်သည့်အချိန်တွင် မိမိတို့ကို လှည့်တိုက်မည်နည်းဟု စိုးရိမ်ကာ သတိကြီးစွာ ထားနေကြရသည်။
လူတိုင်း၏ အမြင်တွင်မူ၊ ယခင် ရန်ငြိုးဟောင်းတစ်ခုကြောင့် ဝမ်ကျန့်ကော် ချဲညီအစ်ကိုနှစ်ဦးကို မစင်တွင်းထဲသို့ ကန်ချခဲ့သဖြင့် ၎င်းတို့ လာရောက် ပြဿနာရှာခြင်းမှာ နားလည်ပေး၍ ရပေသည်။ ရိုက်နှက်မှုမှာ အနည်းငယ် ပြင်းထန်ခဲ့သည် မှန်သော်လည်း အကြောင်းပြချက် ရှိနေခဲ့၏။ သို့သော် ယခုအခါ ဝမ်ကျန့်ကော်မှာ သူတို့ကို ကြီးလေးသော ဒုက္ခတွင်းထဲသို့ တွန်းပို့လိုက်လေသည်။
သူတို့မှာ ပြစ်မှုမှတ်တမ်း (ရာဇဝင်) ရှိသွားခဲ့ပြီ မဟုတ်ပါလား…
သေချာပေါက်ပင် ချဲညီအစ်ကိုနှစ်ဦး မစင်တွင်းထဲသို့ ပြုတ်ကျခြင်းမှာ ဝမ်ကျန့်ကော်နှင့် ဘာမျှမသက်ဆိုင်ကြောင်း မည်သူမျှ မသိကြသော်လည်း သူကိုယ်တိုင်မူ သိရှိသည်။ သို့သော် ထိုည၌ သူ မည်သူနှင့် အတူရှိနေခဲ့သည်ကို ထုတ်မပြောနိုင်သဖြင့် ဤအပြစ်ကို ခါးစည်းခံခဲ့ရခြင်း ဖြစ်၏။ သို့သော် သူ့အနေဖြင့် ဤရိုက်နှက်မှုကို ဒီအတိုင်း ငြိမ်ခံနေရန်မှာမူ ဘယ်သို့မျှ မဖြစ်နိုင်ပေ။
ထို့ပြင် ကွမ်ကျိုးကိစ္စနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါ ရန်ငြိုးဟောင်း၊ ရန်ငြိုးသစ်များကြောင့် ဝမ်ကျန့်ကော်သည် စိုးစိမျှ ကရုဏာ မထားတော့ချေ။
အကယ်၍ ချဲယုံဖုန်းသာ ကွာရှင်းခြင်းမပြုရသေးပါက သူ သည်းခံနိုင်ကောင်း သည်းခံနိုင်လိမ့်မည် ဖြစ်သော်လည်း၊ ယခုအခါ ကွာရှင်းပြတ်စဲပြီးဖြစ်ရာ သူ ဘာကို တွန့်ဆုတ်နေစရာ လိုအပ်တော့မည်နည်း...
"စကားတစ်ခွန်းလောက် ပြောပါဦး... ကြည့်စမ်း... ကြည့်စမ်း၊ အဲဒီ ကျောက်တာ့ရာတောင်မှ တီဗီ ဝယ်နိုင်နေပြီ။ ငါတို့မိသားစုကျမှ ဘာဖြစ်နေတာလဲ"
အဘွားကြီးဝမ် စကားပြောရင်း သားဖြစ်သူကို မျက်စိကလည်ကလည်ဖြင့် ခိုးကြည့်လိုက်ပြီး၊ သူမတို့မိသားစု အောက်ကျနောက်ကျမဖြစ်စေရန်နှင့် ပြန်လည်ဝါကြွားနိုင်ရန်အတွက် သားဖြစ်သူလည်း တီဗီဝယ်မည်ဟု ပြောလာရန် မျှော်လင့်နေခဲ့၏။
သို့သော် ဝမ်ကျန့်ကော်မှာ ထူးထူးခြားခြား တုံ့ပြန်မှု မရှိဘဲ အေးစက်စွာဖြင့်
"ကျွန်တော်တို့မှာ အခုလောလောဆယ် တီဗီဝယ်ဖို့ ပိုက်ဆံမရှိဘူး။ အပြင်မှာ ကြွေးမြီတွေ ရှိနေသေးတာ အမေလည်း သိတာပဲ"
အဘွားကြီးဝမ် အားမလိုအားမရ ညှိုးငယ်စွာဖြင့်
"နင်က ပိုက်ဆံအများကြီး ရှာနိုင်ပြီး ချက်ချင်း စုမိတာပဲဟာ။ အလုပ်ကနေ လစာကြိုထုတ်လို့ မရဘူးလား"
သူမ စိတ်အားထက်သန်စွာဖြင့်
"ငါတို့ သူတို့ရဲ့ အောက်ကို အကျခံလို့ မဖြစ်ဘူးနော်... ငါတို့မိသားစုက ဝင်းကြီးထဲမှာ အမြဲတမ်း အထက်တန်းလွှာ ဖြစ်ခဲ့တာ။ နင် သိက္ခာထိန်းရမယ်။ မျက်နှာပျက်ရတာက ပြန်ဆယ်ဖို့ တကယ်ခက်တာ။ တီဗီကတော့ မရှိမဖြစ် လိုအပ်တာပဲ"
ဝမ်ကျန့်ကော် စိတ်မရှည်စွာဖြင့်
"ကျွန်တော့်မှာ အပြင်မှာ ကြွေးတွေ ရှိနေတုန်းပဲလို့ ပြောနေတယ်လေ။ တီဗီဝယ်ဖို့က ဖြစ်နိုင်ပါ့မလား။ အမေက ကျွန်တော့်ကို လူတွေနဲ့ ရန်သူဖြစ်အောင် လုပ်နေတာပဲ... တိတ်တိတ်နေပြီး အိမ်ကိုပဲ သန့်ရှင်းရေးလုပ်စမ်းပါ၊ သူများနှင့် လိုက်ပြီး ပြိုင်ဆိုင်ဖို့ မတွေးနေနဲ့တော့"
အဘွားကြီးဝမ် : "ဒါက ဘာလို့ ပြိုင်ဆိုင်တာ ဖြစ်ရမှာလဲ..."
ဝမ်ကျန့်ကော် ပြန်လည်ချေပလိုက်ကာ
"ပါးစပ်ပိတ်ထားစမ်းပါ... အဘွားကြီးကျောက်က ချန်ချင်းယွီကို ကူညီပြီး ပစ္စည်းရောင်းပေးနိုင်တယ်၊ အမေကျတော့ သူများနှင့် လိုက်ပြီး ပြိုင်ဆိုင်ဖို့ကလွဲရင် ဘာမှ မလုပ်တတ်ဘူး။ တကယ်ပဲ ဘာမှ နားမလည်တဲ့ လူပဲ။"
သူသည် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ တစ်ကိုယ်တည်း ထွက်ခွာသွားတော့သည်။
ဆိုင်ခန်းဖွင့်တာက တကယ်ကို ပိုက်ဆံရတာပဲ...
သူ ယခင်က ကျရှုံးခဲ့ဖူးသော်လည်း ထိုမုဆိုးမ၏ မိသားစု ဤမျှ ကွဲပြားခြားနားစွာ အခြေအနေ ကောင်းမွန်လာသည်ကို မြင်ရသောအခါ သူ စိတ်လှုပ်ရှားလာပြန်သည်။ တောင်ပိုင်းသို့ ခရီးစဉ်မှာ အရေးကြီးလှပြီး၊ တစ်ကြိမ် အကိုက်ခံရဖူးရုံမျှဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေ၍ မဖြစ်ပေ။
ယခု အကြီးမားဆုံး ပြဿနာမှာ ရင်းနှီးမတည်ငွေ မရှိခြင်းပင်…
ဝမ်ကျန့်ကော် စိတ်ပျက်အားငယ်စွာဖြင့် အုံ့မှိုင်းလျက် ထွက်ခွါသွားခဲ့၏။
လူတိုင်း မနာလိုဝန်တို ဖြစ်နေကြစဉ် အဘွားကြီးဟွမ်သည်လည်း အိမ်တွင် တတွတ်တွတ် ရေရွတ်နေခဲ့သည်။
"အဲဒီ သေချင်းဆိုး အဘွားကြီးက ဘယ်လိုဖြစ်ပြီး ဒီလောက် တော်တဲ့ ချွေးမမျိုးကို ရခဲ့တာလဲ။ သူတို့ ဘိုးဘွားတွေက တကယ့်ကို ကုသိုလ်ကံ ထူးခဲ့တာနေမှာ... နင်လည်း အခြေအနေကောင်းတဲ့ မိန်းကလေးမျိုးကို ရှာရမယ်..."
ကျန်းရှင်းဖှ : "တကယ့်ကို စိတ်ရှုပ်စရာပဲ... အမေပြောတော့ အကောင်းသား၊ ကျွန်တော်ကော ရှာလို့ ရပါ့မလား။"
"နင် ချန်ချင်းယွီလို လူမျိုးကို ရှာရမှာပေါ့... ဒါမှမဟုတ်... ဒါမှမဟုတ် ငါမေးကြည့်ပေးရမလား။ ငါတို့မိသားစုကတော့ သူမကို တကယ် လက်ခံနိုင်ပါတယ်..."
အဘွားကြီးဟွမ်၏ စိတ်ကူးယဉ် အိပ်မက်များမှာ ပိုမိုလှပဆန်းပြားလာခဲ့သည်။ ဟုတ်တယ်မလား~~ အကယ်၍ သူမ၏ သားဖြစ်သူနှင့် ချန်ချင်းယွီတို့ ပေါင်းဖက်မိပါက သူမတို့ ပိုင်ဆိုင်သမျှသည် မိမိအပိုင် ဖြစ်လာတော့မည်သာ…
"ဟေး... ချန်ချင်းယွီကို ကြည့်ရတာ..."
"တော်တော့..."
အဘိုးကြီးကျန်း ထရပ်လိုက်သည်။ ဤစိတ်မမှန်သော မိခင်နှင့် သားကို ကြည့်ရင်း၊ သူကိုယ်တိုင်လည်း လူကောင်းတစ်ယောက် မဟုတ်သော်ငြား ဤမျှနှစ်ပေါင်းများစွာအတွင်း အခြေအနေအချို့ကိုမူ သူ သဘောပေါက် နားလည်ထားခဲ့၏။
"နင်တို့တွေ အိပ်မက်ယဉ်နေကြတာပဲ... စဉ်းစားတောင် မစဉ်းစားနဲ့။ အဘွားကြီးကျောက်က သူမရဲ့ ချွေးမကို နင်တို့နဲ့ အဆင်ပြေအောင် လွှတ်ထားလိမ့်မယ်လို့ ထင်နေတာလား။ ချန်ချင်းယွီကကော ရှင်းဖှကို ထည့်စဉ်းစားလိမ့်မယ် ထင်လို့လား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှင်းဖှ ဘယ်လောက်တောင် ကံဆိုးခဲ့လဲဆိုတာ နင်တို့ မေ့သွားကြပြီလား။ အဲဒီတုန်းက နင်တို့က တစ်စက်မှ ဂရုမစိုက်ခဲ့ကြဘူး။"
သူ လက်ညှိုးထိုးကာ ဆဲဆိုလိုက်ပြီး
"နင်တို့လို ငတုံးမတွေ၊ အလုပ်တစ်ခုခုလုပ်ရင် ဉာဏ်ကို လုံးဝ မသုံးကြဘူး။ ချန်ချင်းယွီက ပိုက်ဆံအများကြီး ရှာနေတာလို့ နင်တို့ ပြောနေမှတော့ အဘွားကြီးကျောက်က သူမကို ဘယ်လိုလုပ်ပြီး လက်လွတ်ခံမှာလဲ။ နင်တို့က သူမရဲ့ ပိုက်ဆံကို လုဖို့ ကြိုးစားနေတာ၊ သူမက နင်တို့ကို အသက်နဲ့လဲပြီး တိုက်ခိုက်မှာပေါ့။ နင်တို့က မိသားစုအတွက် ပြဿနာ လိုက်ရှာနေတာ မဟုတ်ဘူးလား။"
"ငါက သူမကို မကြောက်ပါဘူး..."
အဘွားကြီးဟွမ် ညှိုးငယ်စွာ ပြောလိုက်သည်။
"မကြောက်ရင်လည်း သွားပြီး ချပစ်လိုက်လေ၊ သူမ ဘယ်လောက်အထိ ရူးသွပ်သွားမလဲဆိုတာ သွားကြည့်လိုက်ဦး..."
အဘွားကြီးဟွမ်သည် နောက်ထပ် စကားမပြောရဲတော့ကာ ကျန်းရှင်းဖှသည်လည်း ဘာမျှ ဝင်မပြောတော့ချေ။
အဘိုးကြီးကျန်း : "ဒီနှစ်တွေအတွင်းမှာ ချန်ချင်းယွီက ကြည့်ရတာ နုနယ်ပျော့ပြောင်းပုံရပေမဲ့၊ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် သူမက ဘယ်တုန်းကမှ အရှုံးမခံခဲ့ဖူးဘူး။ ပြီးတော့ အဘွားကြီးကျောက်ကလည်း သူမကို ဆဲဆိုနေတာ ငါမတွေ့ရတော့ဘူး၊ ဒါကြောင့် သူမက ကြည့်ရသလောက် ပျော့ညံ့တဲ့လူ မဟုတ်ဘူးလို့ ငါထင်တယ်။ နင်တို့ကိုယ်နင်တို့ လည်လှချည်ရဲ့ဆိုပြီး အခွင့်ကောင်း သွားယူဖို့ မစဉ်းစားနဲ့။ ဒီလောက် လွယ်လွယ်ကူကူ အခွင့်ကောင်း ယူလို့ရတဲ့အရာမျိုး လောကမှာ မရှိဘူး။ သူမက တော်တော်လေး ဉာဏ်များတာ၊ ပြီးတော့ လင်းကျန့်ဝမ်အပေါ်မှာလည်း သစ္စာရှိလှတယ်။ အကယ်၍ သူမက အဘွားကြီးကျောက်နဲ့ ပေါင်းပြီး နင်တို့ကို လှည့်တိုက်ရင် ဘယ်သူက ခံရမှာလဲ။ ခံချင်တယ်ဆိုရင်လည်း နင်တို့ဘာသာနင်တို့ပဲ သွားလုပ်ကြ၊ ငါနဲ့ ငါ့သားကို ဆွဲမထည့်နဲ့။ တစ်နေ့လုံး အကြံအဖန်တွေပဲ ပေးနေပြီး ဘာအရည်အချင်းမှ မရှိဘဲ မိသားစုအတွက် ပြဿနာပဲ လိုက်ရှာနေတာ"
အဘွားကြီးဟွမ် : "ငါက... ငါက ငါ့သားကောင်းဖို့အတွက် လုပ်ပေးတာပါပဲ။ ပြီးတော့ အဲဒီ မုဆိုးမငယ်လေးမှာ ဘာအရည်အချင်း ရှိမှာမလို့လဲ"
"ပါးစပ်ပိတ်ထားစမ်းပါ၊ အဲဒါက ဘာထက်မဆို ပိုကောင်းတယ်။ ငါ့မှာ နင်လို ဇနီးမျိုး ရှိနေလို့လည်း ငါ့ဘဝက ဒီလိုဖြစ်ပျက်ခဲ့ရတာ။ အသုံးမကျတဲ့ အကြံပုတ် ဉာဏ်ပုတ်တွေနဲ့ ပြည့်နှက်နေတာပဲ။"
အဘွားကြီးဟွမ် ရွဲ့သလိုဖြင့် ပြန်လည်ချေပလိုက်၏။
"ငါ့သားက သူမကို သဘောကျတာ သူမရဲ့ ကံကောင်းမှုပဲဟာကို..."
"ဘယ်မိန်းမကမှ ယောက်ျားမလိုချင်ဘဲ နေမှာမလို့လဲ။ ယောက်ျားတစ်ယောက် ရှိနေတာက သူမရဲ့ ကံကောင်းခြင်းပဲလေ။"
အဘိုးကြီးကျန်းသည် ဤငတုံးမကို တကယ့်ကို စိတ်ကုန်လှ၏။
"ဒီအိမ်က အဲဒီတုန်းက ငါ့ကို ချပေးထားတာ။ တကယ်လို့ နင် ငါ့ကို ထပ်ပြီး ပြဿနာရှာဦးမယ်ဆိုရင် ကျေးလက်က နင်တို့ အိမ်ဟောင်းကိုပဲ ပြန်သွားတော့။ ငါ နင်လို ငတုံးမကို မမြင်ချင်တော့ဘူး၊ အထူးသဖြင့် မိသားစုကို ဒုက္ခပေးနေတာကို ပိုလို့တောင် မလိုချင်ဘူး။ နင်က တကယ့်ကို အသုံးမကျတဲ့အရာပဲ၊ အဲဒီတုန်းက နင်နဲ့ လက်ထပ်ခဲ့ရတာ ငါ့မှာ ဘယ်လောက်တောင် ကံဆိုးခဲ့လဲမသိဘူး။ နင်က အကျိုးထက် အဆိုးက ပိုများတယ်၊ ပြီးတော့ ဘာအလုပ်ကိုမှလည်း သေသေချာချာ လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး။ နင်မျက်နှာ မြင်ရတာတင် ငါ့မှာ စိတ်တိုလို့ သေတော့မယ်"
အဘိုးကြီးကျန်း ဆက်လက်၍
"ဒီနှစ်တွေအတွင်းမှာ သူ့မိသားစုက ဘယ်တုန်းကမှ အရှုံးမခံခဲ့ဖူးဘူး။ အဲဒီ ယောက္ခမနဲ့ ချွေးမက ဒီလောက်အထိ အဆင်ပြေပြေ နေနိုင်ကြလိမ့်မယ်လို့ ငါမယုံဘူး။ ငါလည်း အသက်ကြီးပြီ၊ အဲဒီအရှုပ်အထုပ်တွေထဲမှာ သွားပြီး မပတ်သက်ချင်တော့ဘူး။ ငါက ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာ၊ တကယ်လို့ နင်တို့က အေးအေးမနေဘဲ ပြဿနာရှာချင်တယ်ဆိုရင်တော့ ထွက်သွားကြ"
"ရှင်က ဘယ်လိုဖြစ်ပြီး ဒီလို စကားမျိုးကို ပြောရတာလဲ"
အဘွားကြီးဟွမ် မယုံကြည်နိုင်လောက်အောင် ဖြစ်ကာ မေးလိုက်သည်။
အဘိုးကြီးကျန်း သူ၏ ရွံရှာမုန်းတီးမှုကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ချေ။
"မင်းက တကယ့်ကို အသုံးမကျတာပဲ သားရယ်၊ ငါ့စကားကို သေသေချာချာ နားထောင်စမ်း။ အဖော် (ဇနီး) ရှာရတာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အသုံးမကျတဲ့လူကိုတော့ သွားမရှာနဲ့။ တကယ်လို့ မင်းအမေလို လူမျိုးကို သွားရှာမိရင်တော့ ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။"
ကျန်းရှင်းဖှ ခေါင်းညိတ်ပြလိုက်သည်။
ယောက်ျားအချင်းချင်းကတော့ ယောက်ျားအကြောင်းကို အသိဆုံးပဲ မဟုတ်လား။
ကျန်းရှင်းဖှသည် မိမိ၏ဖခင်ဖြစ်သူအား တကယ့်လူကောင်းတစ်ယောက်ဖြစ်ပြီး အမေနှင့်ပေါင်းရ၍သာ ဒုက္ခဆင်းရဲရောက်နေရသည်ဟု စိတ်ထဲမှ ခံစားနေမိသည်။
သူမသည် အလုပ်အကိုင်လည်း မရှိဘဲ ဖခင်ဖြစ်သူထံမှ လစဉ် စားစရိတ်များကို တောင်းခံနေ၏။ ၎င်းတင်မကသေးဘဲ အချိန်မရွေးလည်း ပြဿနာ လိုက်ရှာတတ်သေးသည်။
သို့သော် အိမ်တွင်းအပြင် တကယ့်အလုပ်အကျွေးကိစ္စ အဝဝဖြစ်သော အဝတ်လျှော်၊ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးနှင့် ကလေးထိန်းခြင်းအစရှိသည့် အသေးအဖွဲမှအစ အကြီးအကျယ်အဆုံး အားလုံးကို အဘွားကြီးဟွမ် တစ်ဦးတည်းသာ ဒိုင်ခံလုပ်ကိုင်ပေးနေသည်ဟူသောအချက်ကိုမူ ၎င်းတို့နှစ်ဦးစလုံး လျှစ်လျူရှုထားကြ၏။
ထိုအရာကို သူတို့ မြင်အောင်မကြည့်ကြချေ။
ကျန်းရှင်းဖှ : "အမေ... အမေက တစ်နေ့လုံး အိမ်မှာပဲ နေနေတာ၊ ဘာကိုမှလည်း ပူပန်နေစရာမလိုသလို၊ ပိုက်ဆံရှာဖို့လည်း အပြင်ထွက်စရာ မလိုဘူးလေ။ ဒါက သူများတွေထက်စာရင် ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းနေရတာ မဟုတ်ဘူးလား။ အဖေ့ကိုလည်း ထပ်ပြီး စိတ်အနှောင့်အယှက် မပေးပါနဲ့တော့။ ကျွန်တော့်အတွက် အဖော်ရှာပေးဖို့လည်း အမေ့ကို အားကိုးမနေတော့ဘူး"
သူ့ဖခင် ပြောသည်မှာ မှန်ပေသည်။ အဘွားကြီးကျောက်မှာ သေချာပေါက် လာပြီး ပြဿနာရှာမည်ဖြစ်၏။
ချန်ချင်းယွီသည် လှပပြီး ပိုက်ဆံရှာတော်သည်မှာ မှန်သော်လည်း လင်းကျန့်ဝမ်အပေါ်၌သာ အသက်ထက်မက သစ္စာရှိသူ ဖြစ်သည်။ အဘွားကြီးကျောက်မှာ အမှန်တကယ် ပွဲကြမ်းသူ၊ အကြောင်း ပြောလိုက်ရုံနှင့်တင် စိတ်ဆိုးဒေါသထွက်တတ်သူ ဖြစ်၏။ ဤကဲ့သို့သော လူမျိုးများနှင့် သွားရောက်မပတ်သက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်၏။ ကျန်းရှင်းဖှသည် အသက်သုံးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ မိမိကိုယ်မိမိ အရှက်ကွဲအောင် မလုပ်လိုတော့ပေ။ ထိုအဘွားကြီးနှင့် ရန်ဖြစ်ရန်လည်း သူ့တွင် ခွန်အားမရှိတော့ပေ။
၎င်းအပြင် သူသည် ချန်ချင်းယွီကိုလည်း အမှန်တကယ် မထိန်းချုပ်နိုင်ချေ။
"အမေ... အဖေပြောတဲ့စကားကိုပဲ နားထောင်စမ်းပါ၊ ကျွန်တော့်ကို လာပြီး အကြံအဖန်တွေ မပေးပါနဲ့တော့"
သားအဖနှစ်ယောက်စလုံး
မပျော်မရွှင် ဖြစ်နေကြသဖြင့် အဘွားကြီးဟွမ်လည်း နောက်ဆုံးတွင် အလျှော့ပေးလိုက်ရပြီး ဝမ်းနည်းပက်လက်ဖြင့် ဆင်ခြေပေးရှာသည်။
"ငါကလည်း မိသားစုကောင်းစားဖို့အတွက် လုပ်ပေးတာပါပဲ..."
"နင်က မိသားစုအတွက် လုပ်တာလို့သာ ပြောတာ၊ ဘယ်တုန်းကမှ တစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ဘူး"
အဘိုးကြီးကျန်း ဆိုလိုက်ရာ၊ အဘွားကြီးဟွမ်လည်း ပုခုံးလေး တွန့်သွားရတော့၏။
"သွား... သွားပြီး အလုပ်လုပ်စမ်းပါ၊ ရိုးရိုးသားသား နေစမ်း၊ နင့်စိတ်က တကယ့်ကို မမှန်ကန်ဘူး။"
"ဒါဆိုရင် ငါ အဝတ်သွားလျှော်တော့မယ်..."
"နင်းအမေ စကားတွေကို သွားမနာခံနဲ့၊ အဲဒီ ငတုံးမ။ ရွှီကောင်းမင်ကို ကြည့်ဦး၊ သူက ဘယ်လောက်တောင် ဉာဏ်များလဲ၊ ဒါပေမဲ့ သူတောင်မှ အဲ့မိသားစုကို သွားမရှုပ်ရဲဘူး။ ငါတို့က လူမိုက်တွေ အဖြစ်မခံနိုင်ဘူး။ အဲဒီ ကျောက်တာ့ရာဆိုတဲ့ အဘွားကြီးက ပိုက်ဆံအတွက်နဲ့ အဲဒီ မုဆိုးမငယ်လေးကို ဘယ်တော့မှ လက်လွတ်ခံမှာ မဟုတ်ဘူး။ သူမမှာ ကလေးတွေ ရှိနေသလို၊ ချန်ချင်းယွီကလည်း အဲဒီ အဘွားကြီးကို ပစ်ပယ်လို့ မရဘူး။ အကယ်၍ မင်းသာ ချန်ချင်းယွီကို တကယ် သွားယူဖို့ ကြိုးစားရင် အဲဒီ ကျောက်တာ့ရာဆိုတဲ့ အဘွားကြီးကိုလည်း ခါချနိုင်မှာ မဟုတ်ဘူး။ အကျိုးနဲ့ အပြစ် ဘယ်ဟာက ပိုများမလဲဆိုတာ ကိုယ့်ဘာသာကိုယ် တွက်ချက်ကြည့်ဦး။ အဲဒီ အဘွားကြီးက ငါတို့မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ မင်းက အသက်နှစ်ဆယ်အရွယ် လူငယ်လေး မဟုတ်တော့ဘူးနော်။ သူမကို သွားပြီး ရန်စနိုင်တဲ့ အရည်အချင်း နင့်မှာ ရှိလို့လား"
အဘိုးကြီးကျန်း သားဖြစ်သူကို သွန်သင်လိုက်သည်။
ကျန်းရှင်းဖှ သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါ ၎င်းမှာ ယုတ္တိရှိလှသည်ကို သဘောပေါက်သွားပြီး အလေးအနက် ခေါင်းညိတ်ပြကာ
"အဖေ... ကွန်ေတော် သိပါပြီ၊ အဖေ့စကားကိုပဲ နားထောင်ပါ့မယ်"
"အေး... အဲဒီလို ဖြစ်ရမယ်။"
အဘွားကြီးဟွမ် မည်သည့်စကားမျှ ထပ်မံ၍ မပြောရဲတော့ချေ။
"ပိုက်ဆံအတွက်ပဲ ဖြစ်ဖြစ်၊ အဘွားကြီးကျောက်ကတော့ ချန်ချင်းယွီကို နောက်ထပ် ကလေးတစ်ယောက် ယူခွင့်ပေးပြီး သူမရဲ့ ကလေးတွေနဲ့ အမွေလုခိုင်းမှာ မဟုတ်ဘူး၊ သေချာပေါက် လာပြီး ပြဿနာရှာမှာ။ ငါကတော့ မိသားစုရဲ့ မျိုးဆက်ကို ဆက်ခံဖို့အတွက် မင်းကို နောက်ထပ် သားတစ်ယောက် ရစေချင်တာ"
အဘိုးကြီးကျန်း အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
ကျန်းရှင်းဖှ : "ဒါကတော့ သေချာပေါက်ပေါ့ အဖေ၊ ကျွန်တော့်မှာ သားတစ်ယောက်တော့ မရှိလို့ မဖြစ်ဘူး။ အော်... ဒါနဲ့ မုန်မုန်ကော ဘယ်ရောက်သွားလဲ။"
အဘိုးကြီးကျန်း၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး ဆွံ့အစွာဖြင့်
"သူမက အပြင်ကို အမှိုက်လိုက်ကောက်ဖို့ ထွက်သွားပြီလေ"
ကျန်းရှင်းဖှတစ်ယောက် စကားဆွံ့အသွားရတော့သည်။
"..."
သူသည် ပိုမို ပြတ်သားသော စိတ်ပိုင်းဖြတ်ချက်ကို ချလိုက်မိ၏။
ငါ သေချာပေါက် သားတစ်ယောက်တော့ ရအောင် ယူရမယ်။
ကျန်းမုန့်မုန့်မှာမူ အားလပ်ရက်များတွင် အပြင်သို့ ထွက်ကာ အမှိုက်များ အဟောင်းပစ္စည်းများကို လိုက်လံကောက်ယူပြီး၊ ၎င်းတို့ကို ပြန်လည်ရောင်းချကာ ရရှိလာသော ပိုက်ဆံဖြင့် ပေါက်စီဝယ်၍ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စားသောက်နေခဲ့သည်။ သူမအတွက်မူ ဝမ်းဗိုက်ပြည့်ဖို့သာ အဓိက ဖြစ်ပေ၏။
သူမ အဘိုးအဘွားနဲ့ အဖေလား..
ဘယ်သူက ဂရုစိုက်နေမှာမလို့လဲ…
လောကမှာ ဗိုက်ပြည့်ဖို့က အရေးကြီးဆုံးပဲ…
အဘွားကြီးကျောက်တစ်ယောက် တီဗီပင် မဝယ်ရသေးခင် မိသားစုအချို့မှာမူ ၎င်းတို့အချင်းချင်း အငြင်းပွား ရန်ဖြစ်နေကြလေပြီ…
ယွမ်မိသားစုတွင်လည်း ထို့အတူပင်၊ ယွမ်ဟောက်မင်သည် မျက်နှာတစ်ပြင်လုံး အုံ့မှိုင်းနေပြီး အလွန်အမင်း မနာလို ဖြစ်နေခဲ့သည်။
ကျောက်ရုံ : "ငါတို့တောင်မှ တီဗီ မဝယ်ရသေးဘူး..."
အတိုချုပ်ဆိုရလျှင် လူတိုင်း
မပျော်မရွှင် ဖြစ်နေကြသော်လည်း ချန်ချင်းယွီ၏ မိသားစုမှာမူ တကယ်ကို ပျော်ရွှင်ချမ်းမြေ့နေကြ၏။
သူမမိသားစုသည် ဟွားချောင်အထူးဆိုင်သို့ တိုက်ရိုက် ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။ လမ်းခရီးတွင် အဘွားကြီးကျောက်မှာ လှမ်းမေးကာ
"ငါတို့ ဒီလောက်အထိ ထည်ထည်ဝါဝါ လုပ်နေတာ အဆင်ပြေပါ့မလား။ လူမြင် သိပ်များနေသလိုမျိုး ငါ ခံစားနေရတယ်"
ချန်ချင်းယွီ : "ဘာလို့ အဆင်မပြေရမှာလဲ အမေရဲ့။ ကျွန်မတို့ ရှာထားတဲ့ ပိုက်ဆံတွေကို အကုန် သုံးပစ်လိုက်တာက ပိုကောင်းတာပေါ့၊ ဒါမှ သူများတွေ ကျွန်မတို့ကို လာပြီး မျက်စိကျမနေတော့မှာ။ အကယ်၍ တစ်ယောက်ယောက်က အမေ့ဆီကနေ ပိုက်ဆံ လာချေးရင် ဘယ်လိုလုပ်မလဲ"
"မဖြစ်နိုင်တာ၊ ငါက ဘယ်လိုလူလဲဆိုတာ လူတိုင်း သိတာပဲဟာ"
သူမသည် မိမိကိုယ်မိမိ သေချာ သိရှိပေသည်။
ချန်ချင်းယွီ ဆက်လက်၍
"ဒါဆိုရင် ခိုးဆိုးနှိုက်တတ်တဲ့ သူခိုးတွေက ကျွန်မတို့ကို စောင့်ကြည့်နေရင်ကော ဘယ်လိုလုပ်မလဲ။ ကျွန်မတို့လက်ထဲမှာ ပိုက်ဆံအများကြီး ရှိနေရင် သူခိုးမျက်စိ အကျခံရဖို့ ရာခိုင်နှုန်းက တော်တော်လေး မြင့်မားတယ်၊ ဒါပေမဲ့ ပိုက်ဆံတွေကို အကုန် သုံးပစ်လိုက်ပြီဆိုရင်တော့ အခြေအနေက တခြားစီ ဖြစ်သွားပြီလေ။ ပိုက်ဆံကို ခိုးတာနဲ့ ပစ္စည်းကို ခိုးတာက လုံးဝကို ကွာခြားတယ်၊ ဒါကြောင့်မလို့ ကျွန်မတို့က ဒီလိုမျိုး ပိုက်ဆံကို ဖြုန်းတီးပြလိုက်တာက ပိုပြီးတော့တောင် အန္တရာယ်ကင်းပါတယ်"
အဘွားကြီးကျောက် သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် ယုတ္တိရှိလှကြောင်း သဘောပေါက်သွားခဲ့၏။
"ဒါကတော့ ဟုတ်သားပဲ။ ဝင်းထဲကနေ တီဗီအကြီးကြီးကို မပြီး ခိုးထုတ်ဖို့ဆိုတာ တကယ် မလွယ်ကူဘူး၊ ဒါပေမဲ့ သော့ဖျက်ပြီး အိမ်ထဲဝင်ကာ ပိုက်ဆံခိုးဖို့ကတော့ အများကြီး ပိုလွယ်တာပေါ့။"
ချန်ချင်းယွီ : "ဟုတ်တယ်လေ၊ ဒါကြောင့်မလို့ အမေ သုံးချင်သလိုသာ စိတ်ကြိုက် သုံးပစ်လိုက်ပါ။ ပြီးတော့ ပိုက်ဆံရှိရင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပေါ့။ မဟုတ်ရင် ပိုက်ဆံရှာနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။"
ချန်ချင်းယွီသည် မိသားစုဝင်များကိုဦးဆောင်ကာ ဟွားချောင်အထူးဆိုင်ထဲသို့ ဝင်လာခဲ့သည်။ အဘွားကြီးကျောက်နှင့် ကလေးနှစ်ယောက်မှာမူ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးဘီဝဲယာသို့ စိုးရိမ်တကြီးဖြင့် လျှောက်ကြည့်နေကြ၏။ ဤနေရာသို့ သူတို့အားလုံး ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး ချန်ချင်းယွီအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူမမှာ အနည်းငယ်မျှ တုန်လှုပ်ခြောက်ခြားခြင်း မရှိပေ။ သူမ ယခင်ဘဝ၌ ဤထက်မက အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော နေရာများသို့ ရောက်ဖူးခဲ့သဖြင့် ဤမျှလောက်မှာသူမအတွက် ဘာမျှမဟုတ်ပေ။
ချန်ချင်းယွီ : "လာ... အရင်ဆုံး တီဗီ သွားကြည့်ရအောင်"
"ဟုတ်ကဲ့..."
ကလေးများ ပြန်ထူးကြ၏။
ဤနေရာတွင် တီဗီဈေးနှုန်းများမှာ အပြင်ထက် စျေးမကြီးသည့်အပြင် အနည်းငယ်ပင် ပို၍ သက်သာနိုင်သေးသည်။ သို့သော်လည်း နိုင်ငံခြားငွေလဲလက်မှတ်များ၏ တန်ဖိုးမှာ တီဗီ သို့မဟုတ် လေယာဉ်လက်မှတ်များထက် ပိုမိုမြင့်မားလှသဖြင့် မည်သည့်အရာမှာ ပိုမိုကိုက်ညီသည်ကိုမူ ပြောရန် ခက်ခဲလှပေသည်။ သူတို့တစ်စုသည် တီဗီအရောင်းကောင်တာထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြ၏။ ထိုနေရာတွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူတို့အားလုံး အသက်ရှူမှားမတတ် အံ့ဩသွားကြရတော့သည်။
"အို... ဘုရားရေ..."
အဘွားကြီးကျောက်က သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ရင်း
"ရှောင်ကျား... ငါ့ကို တစ်ချက်လောက် ကြည့်ပေးစမ်းပါဦး။ ငါ မျက်စိမှားနေတာလား။ သုည ဘယ်နှလုံးတောင် ရှိနေတာလဲ"
ရှောင်ကျား : "သုံးလုံးပါ"
အဘွားကြီးကျောက် "တောက်..." ဟု ခေါက်လိုက်မိသည်။ သူမ
ချန်ချင်းယွီဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောရှာ၏။
"ချွေးမရေ... ငါတို့ အဖြူအမည်းတစ်လုံးပဲ ဝယ်ရင်ကော မကောင်းဘူးလား။ ကာလာတီဗီက တကယ့်ကို ဈေးကြီးလွန်းလို့ပါ"
ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ဝယ်ရမှာချင်းအတူတူ စောစောဝယ်ပြီး စောစောခံစားရတာ ပိုကောင်းတာပေါ့ အမေရဲ့"
"ဒါပေမဲ့လည်း..."
အဘွားကြီးကျောက် လေသံကို ထပ်မံလျှော့ချလိုက်ပြီး
"ကြည့်ဦးလေ... နှစ်ခုလုံးက ဆယ့်နှစ်လက်မချင်း အတူတူပဲကို အဖြူအမည်းက လေးရာ့ရှစ်ဆယ်ပဲ ရှိပြီး ကာလာတီဗီကျတော့ သုံးထောင်တောင် ဖြစ်နေတာကိုး။"
သူမ အံကြိတ်၍ ရေရွတ်လိုက်မိ၏။
"သောက်ကျိုးနည်း... ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဈေးကြီးပေးရတာလဲမသိဘူး"
ချန်ချင်းယွီ၏ ပြတ်သားသော အမူအရာကို မြင်တွေ့ရသောအခါ သူမ ထပ်မံ၍ စည်းရုံးကြည့်ပြန်သည်။
"တကယ်လို့ ကာလာတီဗီကို သေချာပေါက် ဝယ်ချင်တယ်ဆိုရင်လည်း ကိုးလက်မပဲ ဝယ်ရအောင်လေ။ အဲဒါက နှစ်ထောင်သုံးရာ့ငါးဆယ်ပဲ ရှိတာဆိုတော့ ပိုပြီး သက်သာတာပေါ့"
ချန်ချင်းယွီ ဇွတ်အတင်းပင်
"ဆယ့်နှစ်လက်မပဲ ဝယ်မယ်၊ ပိုက်ဆံလည်း လုံလောက်အောင် ရှိနေတာပဲဟာကို"
ဆယ့်နှစ်လက်မဟူသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ တကယ့်ကို သေးငယ်လွန်းလှသည်ဟု ထင်ရသော်လည်း၊ ဤခေတ်ကာလတွင်မူ ၎င်းကို "တီဗီအကြီးစား" ဟု သတ်မှတ်ကြ၏။
ချွေးမဖြစ်သူမှာ ပြတ်ပြတ်သားသားဖြင့်
"မင်္ဂလာပါ... ကျွန်မ ဒီတီဗီကို လိုချင်ပါတယ်။ ဒီနေ့ပဲ အိမ်ကို လာပို့ပေးလို့ ရမလားရှင့်"
"ရပါတယ်ခင်ဗျာ..."
အရောင်းဝန်ထမ်း ပြန်ဖြေလာ၏။
"ဒါဆိုရင် ဆယ့်နှစ်လက်မ ကာလာတီဗီ၊ ဒီတံဆိပ်ကိုပဲ ယူပါမယ်..."
ချန်ချင်းယွီသည် ပြေစာကို လျင်မြန်စွာ ရရှိခဲ့သည်။ သူမသည် ပိုက်ဆံချက်ချင်းမရှင်းသေးဘဲ
"တခြားပစ္စည်းတွေကိုပါ ဆက်ကြည့်ပြီးမှ အတူတူ ရှင်းကြရအောင်"
အဘွားကြီးကျောက် သူမ၏ ရင်ဘတ်ကို ဖိရင်း
"အေး... အေး... ရတာပေါ့..."
ဘုရားရေ... သူတို့ ယွမ်သုံးထောင်တန် တီဗီတစ်လုံးကို ဝယ်လိုက်ကြပြီ… တကယ့်ကို တုန်လှုပ်ခြောက်ခြားစရာပဲ…
သူမ လစဉ် အငြိမ်းစားလစာက သုံးဆယ့်နှစ်ယွမ်ပဲ ရှိတာကို… တီဗီတစ်လုံးဝယ်ဖို့အတွက် သူမ ဆယ်နှစ်တိတိ အလုပ်လုပ်ပြီး စုဆောင်းရမှာလား… သောက်ကျိုးနည်းပါလား..
ချန်ချင်းယွီသည် ဘေးဘီဝဲယာသို့ လျှောက်ကြည့်လိုက်သည်။ ပစ္စည်းအမျိုးအစား စုံလင်လှသော်လည်း သူမသည် အဝတ်အထည် သို့မဟုတ် ထိုကဲ့သို့သော ပစ္စည်းမျိုးကိုမူ မဝယ်ယူခဲ့ပေ။ အကြောင်းမှာ ထိုအရာမျိုးကို တောင်ပိုင်းတွင် အလွယ်တကူ အများအပြား ရှာဖွေနိုင်၏။ သူမကို အံ့အားသင့်သွားစေသည့်အရာမှာ ဤနေရာတွင် ရှေးဟောင်းပစ္စည်းများကိုပါ ရောင်းချနေခြင်းပင်။ သာမန်လူများအတွက်မူ ဈေးနှုန်းများ အလွန်မြင့်မားလှပေလိမ့်မည်၊ သို့သော် ဤနေရာတွင် ရောင်းချသော ပစ္စည်းများမှာ အတုအယောင်များ ဖြစ်မနေဘဲ အစစ်အမှန်များသာ ဖြစ်နိုင်သည်။
ချန်ချင်းယွီ လှည့်လည်ကြည့်ရှုရင်း တကယ့်ကို စိတ်လှုပ်ရှားသွားမိသော်လည်း သူမထံတွင် လက်မှတ် လုံလောက်စွာ မရှိသေးချေ။ နောက်ပိုင်းကျမှသာ ပစ္စည်းလာရှာရန် သူမ စိတ်ကူးလိုက်မိ၏။ ဘာမျှနားမလည်ကာ ဈေးပေါပေါနှင့် အမြတ်ထုတ်ချင်သူများအနေဖြင့် 'ဖန်ကျားယွမ်' (Panjiayuan - ရှေးဟောင်းပစ္စည်းဈေး) သို့ မသွားသင့်ဘဲ၊ ဤကဲ့သို့ နေရာမျိုးတွင်သာ ပိုက်ဆံအစစ်အမှန် သုံးစွဲသင့်ပေသည်။
ချန်ချင်းယွီ လှည့်ပတ်ကြည့်ရှုရင်း အခြားနေရာများတွင် ရှာမရနိုင်သော မုန့်အချို့ဖြစ်သည့် ချောကလက်ကဲ့သို့သော အရာများကို ဝယ်ယူလိုက်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်ဝန်းအစုံမှာ ဝမ်းသာအားရဖြင့် တောက်ပသွားကြကာ၊ သူတို့မှာ ထိုမုန့်မျိုး တစ်ခါမျှ မစားဖူးကြရှာပေ။ ချန်ချင်းယွီကိုယ်တိုင်လည်း ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက မစားရသည်မှာ ကြာပြီဖြစ်သဖြင့် အများအပြား ဝယ်ယူလိုက်သည်။
အဘွားကြီးကျောက် : "..."
သူမသည် ဘာစကားမျှမဆိုဘဲ ဘေးမှ ဒီအတိုင်းသာ လိုက်ပါလာခဲ့၏။
အင်း… သူမ နားလည်နေပါပြီ… ဒါမျိုးက မထူးဆန်းတော့ပါဘူးလေ၊ ကျင့်သားရနေပါပြီ၊ ဒီလောက်နှစ်တွေ ကြာနေပြီပဲဟာကို ကျင့်သားရသင့်ပါပြီ…
တစ်ဖက်မှ စကားအနည်းငယ် ကြမ်းတမ်းလျှင်လည်း ကိစ္စမရှိပေ။ အဓိကမှာ အမြင်စူးရှဖို့သာ လိုအပ်သည် မဟုတ်လော့။ သူတို့အတွက် တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးဖြစ်သဖြင့် ဟွားချောင်အထူးဆိုင်တစ်ခုလုံးကို ပတ်ပတ်လည် လျှောက်ကြည့်နေကြသည်။
"နောက်ကျရင် ယိုယီအထူးဆိုင်ကိုလည်း သွားကြည့်ကြဦးစို့၊ အဲဒီမှာလည်း ကောင်းမွန်တဲ့ ပစ္စည်းတွေ အများကြီး ရှိမှာ သေချာတယ်"
ချန်ချင်းယွီ စကားကို ကျန်လူများလည်း သဘောတူညီစွာ ခေါင်းညိတ်ကြ၏။
ချန်ချင်းယွီ လှည့်လည်ကြည့်ရှုရင်း တွေ့ရခဲလှသော ပစ္စည်းအများအပြားကို မြင်တွေ့ရရုံတင်မကဘဲ 'ဗာရှရွန် ကွန်စတန်တင်' လက်ပတ်နာရီတစ်လုံးကိုပါ လှမ်းမြင်လိုက်ရသည်။ ယခုကဲ့သို့သော ခေတ်ကာလမျိုးတွင် ဤမျှ ကောင်းမွန်လှသော နာရီမျိုးကို ဤနေရာ၌ မြင်တွေ့ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ တကယ်ပင် မည်သည့်ခေတ်ကာလဖြစ်ဖြစ်၊ အဆက်အသွယ်နှင့် ပိုက်ဆံသာရှိပါက ကောင်းမွန်သော ပစ္စည်းများကို သေချာပေါက် ဝယ်ယူနိုင်ပေသည်။ ဤနာရီ၏ ဈေးနှုန်းမှာ တီဗီတစ်လုံးထက်ပင် ပိုမိုကြီးမားလှပြီး ချန်ချင်းယွီအနေဖြင့် ဝယ်ယူနိုင်စွမ်း ရှိသော်လည်း မဝယ်ခဲ့ပေ။ ပိုက်ဆံမလုံလောက်၍တင်မက လက်မှတ်များ လုံလောက်စွာ မရှိသောကြောင့်လည်း ဖြစ်၏။ ၎င်းအပြင် အကယ်၍ ဤနာရီကို ဝယ်ယူမည့်အစား ဤနေရာရှိ ရှေးဟောင်းပစ္စည်းအချို့ကို ဝယ်ယူခြင်းမှာ ပို၍ ထိုက်တန်ပေလိမ့်မည်။ တန်ဖိုးတက်လာမည့် အလားအလာအရ ကြည့်မည်ဆိုလျှင် ရှေးဟောင်းပစ္စည်းများသည် သေချာပေါက် ပို၍ တန်ဖိုးရှိပေသည်။
ချန်ချင်းယွီမှာ နန်မုသစ်သားဖြင့် ပြုလုပ်ထားသော သေတ္တာအကြီးကြီး တစ်လုံးကို မြင်တွေ့လိုက်ရ၏။ သူမသည် ဤအရာများနှင့် ပတ်သက်၍ အများကြီး နားမလည်ပေ။ ထိုသစ်သားကို အိမ်ခေါင်မိုး ထုတ်တန်းများအတွက်သာ အသုံးပြုလေ့ရှိကြောင်း သူမ အမြဲကြားဖူးသော်လည်း သေတ္တာပြုလုပ်ရန် အသုံးပြုသည်ကိုမူ တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် ဤနေရာတွင်မူ တစ်လုံး ရှိနေခဲ့၏။ ကြည့်ရသည်မှာ တကယ့် အဆင့်မြင့် ပစ္စည်းတစ်ခု ဖြစ်ပုံရသည်။ ၎င်းအပြင် ဤသေတ္တာ၏ ဈေးနှုန်းမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ထိုနာရီထက် ပို၍ သက်သာနေသေးသည်။
တကယ်ကို အံ့ဩစရာပဲ...
ချန်ချင်းယွီအနေဖြင့် ကောင်းကောင်း နားမလည်သော်ငြား၊ အကယ်၍ ပိုက်ဆံရှိပါက ဤသေတ္တာကိုသာ ဝယ်ယူသင့်ကြောင်း သူမ သိရှိ၏။ နာရီမှာ ဤမျှအထိ မတန်ချေ။ သူမသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်ရင်း၊ ယခုတစ်ခေါက် ခရီးစဉ်မှ ဗဟုသုတအများကြီး ရရှိခဲ့မှန်း သဘောပေါက်လိုက်မိသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ဗဟုသုတများစွာ ရရှိခဲ့ကြ၏။ ရှောင်ယွမ် စိတ်ရှုပ်ထွေးစွာဖြင့်
"အမေ... အဲဒီ ပန်းအိုးက ယွမ်လေးရာတောင် ပေးရတယ်နော်၊ ဆယ့်နှစ်လက်မ အဖြူအမည်း တီဗီတစ်လုံးစာ ဈေးနီးပါးပဲ... ဘာဖြစ်လို့လဲဟင်"
ချန်ချင်းယွီသည် သမီးဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ပန်းနုရောင် သန်းနေသော ပန်းအိုးတစ်လုံးကို မြင်တွေ့လိုက်ရသည်၊ ရှောင်ယွမ်မှာ မျက်စိကျတတ်လှပေသည်။ ချန်ချင်းယွီ သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါ မျက်ဝန်းအစုံ ဝိုင်းစက်သွားရပြီး အံ့ဩတကြီး ရေရွတ်လိုက်၏။
"သမီးလေး... မျက်လုံးကို သေသေချာချာ ဖွင့်ပြီး ကြည့်စမ်း... အဲဒါက ယုံကျန်းခေတ်က တော်ဝင်ဖိုထွက် ပစ္စည်းစစ်စစ်ကြီးဟဲ့… ယွမ်လေးရာဆိုတာ တကယ့်ကို အလကားနီးပါး ရတာနဲ့ တူတူပဲ..."
ဤအခြေအနေမျိုးသည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ စတင်ခါစဖြစ်ပြီး လူအများစုမှာ အခြေအနေကို ကောင်းမွန်စွာ နားမလည်ကြသေးသည့် ယနေ့ခေတ်ကာလမျိုးတွင်သာ ဖြစ်နိုင်ပေသည်။ နောက်ထပ် နှစ်အနည်းငယ် ကြာပြီးနောက်တွင်မူ... ဆယ်စုနှစ်ပေါင်းများစွာ ကြာရန်ပင် မလိုပေ၊ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာတင် ဤကဲ့သို့သော ပစ္စည်းများ၏ ဈေးနှုန်းမှာ လက်လှမ်းမမီနိုင်လောက်အောင် အဆမတန် မြင့်တက်သွားတော့မည်။
ချန်ချင်းယွီသည် သူမ၏ ပိုက်ဆံများကို အမြန်ရေတွက်လိုက်ပြီး၊ ပြတ်သားစွာဖြင့် အရောင်းဝန်ထမ်းထံသို့ ပြေးသွားကာ
"ရဲဘော်... ကျွန်မ အဲဒီ ပန်းအိုးကို ယူပါမယ်"
အကယ်၍ ၎င်းကို မဝယ်လိုက်ရပါက သူမ သေချာပေါက် အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ချေ။
ဝိုး…
အဘွားကြီးကျောက် : "နင့်မေကလွှား…"
ပန်းအိုးတစ်လုံးကို ယွမ်လေးရာ ဟုတ်လား။ သူမ ရူးသွားပြီလား။
ရှောင်ယွမ် : "ဝိုး"
မေမေက ငါ့ကို တကယ် ချစ်တာပဲ...
(T/N- ရှေ့ပိုင်းတွေမှာ မြန်မာမှုပြုခဲ့ပေမယ့် ခေါ်ရတာထောက်လို့ တရုတ်နာမည်ပဲ ရေးလိုက်ပါတယ်၊ အခုပါလာတဲ့ ဟွားချောင်တို့၊ နောက်ပိုင်းမှာပါတဲ့ ယိုယိ့တို့ အဲ့ဒီဆိုင်တွေက သမဝါယကုန်တိုက်တွေနဲ့မတူပါဘူး၊ သူတို့က နိုင်ငံခြားငွေနဲ့လဲလှယ်ပြီး ဝယ်ရတာပါ၊ သူတို့မှာက အစုံရှိတယ် နိုင်ငံခြားဖြစ် ပစ္စည်းတွေကိုလည်း တင်တယ်၊ ပြည်တွင်းမှာ မရနိုင်တာတွေရှိတယ် ဒါပေမဲ့ နိုင်ငံခြားငွေနဲ့ဝယ်ရတာမျိုး၊ တံခါးဖွင့်ဝါဒ စပြီးချိန် အဲ့ဆိုင်တွေက ပိုတွင်ကျယ်လာတာပါ ၁၉၈၀ နောက်ပိုင်းမှာက နိုင်ငံခြားပြန် တရုတ်တွေလည်း အရမ်းများပါတယ်၊ နိုင်ငံခြားထွက်ချင်တဲ့သူတွေလည်း အရမ်းများတယ်။)