အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) တီဗီ
ချန်ချင်းယွီ ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်၍ နကန်းတစ်လုံးမျှ နားမလည်သော်လည်း စာဖတ်တတ်ပေသည်။ ဆိုင်းဘုတ် (တံဆိပ်) ပေါ်တွင် ပန်းအိုးအကြောင်း ရှင်းရှင်းလင်းလင်း၊ ရိုးရိုးရှင်းရှင်း ရေးသားထား၏။ ထို ပန်းနုရောင် သန်းနေပုံလေးမှာ... အိုကွယ်... တကယ့်ကို ချစ်စရာကောင်းလွန်းလိုက်တာ…။
ချန်ချင်းယွီ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ ယွမ်လေးရာ... ယခုခေတ်ကာလတွင် ယွမ်လေးရာဆိုလျှင် သာမန်အိမ်တစ်လုံး ဝယ်ယူနိုင်သည်မှာ မှန်သော်လည်း~~~ ကြည့်ဦးလေ... ဝမ်မေ့လန်၏ အခန်းနှစ်ခန်းပါသော အိမ်ပင် ယွမ် ၁၂၀၀၀ သာ ပေးခဲ့ရ၏။ အနည်းငယ် ဝေးလံသော ဆင်ခြေဖုံးရပ်ကွက်တွင်ဆိုလျှင် ယွမ်လေးရာဖြင့် အခန်းတစ်ခန်း ဝယ်ယူနိုင်ပေသည်။
ထို့ကြောင့် ယွမ်လေးရာဟူသည် ကြားရုံနှင့် များပြားလှသည်ဟု ထင်ရပြီး သာမန်လူတစ်ယောက်၏ လစာမှာ ယွမ်လေးငါးဆယ်မျှသာ ရှိသောကြောင့် ယွမ်လေးရာတန် ပန်းအိုးတစ်လုံးမှာ တကယ့်ကို ဈေးကြီးလွန်းလှပေသည်။
ရှောင်ယွမ်၏ မျက်လုံးများမှာ ထိုပန်းအိုးပေါ်မှ ခွါမရတော့ကာ စိတ်
လှုပ်ရှားစွာဖြင့်
"မေမေ... ဒါက သမီးအတွက် ဝယ်ပေးတာလားဟင်"
ချန်ချင်းယွီ : "ဖယ်စမ်းပါ... ဒါ ငါ့ပစ္စည်း၊ နင်က ကြည့်ရုံပဲ ကြည့်လို့ရမယ်"
ရှောင်ယွမ်၏ မျက်နှာလေးမှာ ခဏမျှ ညှိုးငယ်သွားသော်လည်း ချက်ချင်းပင် ပြန်လည်ရွှင်လန်းလာကာ
"အင်းလေ... ကြည့်ရတာလည်း ကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက တို့မိသားစုပိုင် ဖြစ်သွားပြီပဲဥစ္စာ၊ ဟီးဟီး"
သူမသည် အကောင်းမြင်တတ်ပြီး ရွှင်လန်းတက်ကြွသော ကလေးတစ်ဦး ဖြစ်သဖြင့် မိနစ်ပိုင်းအတွင်းမှာပင် မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်နိုင်ခဲ့၏။
အဘွားကြီးကျောက် တွန့်ဆုတ်
တွန့်ဆုတ်ဖြင့် ဆိုရှာသည်။
"ချွေးမရေ... ဒီအရာကြီးက... တကယ်ကို မတန်ပါဘူးအေ..."
ချန်ချင်းယွီ ပြန်လည်ချေပကာ
"ဘာလို့ မတန်ရမှာလဲ၊ တကယ့်ကို တန်လွန်းလို့ပေါ့... အမေကတော့ နားလည်မှာ မဟုတ်ပါဘူး"
၎င်းမှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။ တန်ဖိုးတက်လာမည့်အရာဟု မျှော်လင့်မထားလျှင်ပင် ပိုက်ဆံရှိပါက ယခုအချိန်တွင် ဝယ်ယူထားခြင်းမှာ ဘယ်သို့မျှ အရှုံးမရှိနိုင်ပေ။
ချန်ချင်းယွီ ဆက်လက်၍
"ဒါက ရှေးဟောင်းပစ္စည်းစစ်စစ်၊ တကယ့် ပစ္စည်းကောင်းကြီးအမေရဲ့။ ယွမ်လေးရာဆိုတာ တကယ်မကြီးပါဘူး။ ကျွန်မမှာ ပိုက်ဆံမရှိတာမှ မဟုတ်ဘဲ"
အကယ်၍ သူမတွင် ပိုက်ဆံမရှိပါက ငြိမ်နေမိမည်ဖြစ်သော်လည်း ယခုမူ ပိုက်ဆံရှိနေသဖြင့် အဘယ်ကြောင့် မဝယ်ဘဲ နေရမည်နည်း။ သာမန်ဦးနှောက်ရှိသူ မည်သူမဆို သေချက်ပေါက် ဝယ်ယူကြပေလိမ့်မည်။ ချန်ချင်းယွီသည်လည်း ကွဲပြားခြားနားခြင်း မရှိပေ။ သို့သော် ဤနေရာသို့ မလာရောက်မီဟွားချောင်အထူးဆိုင်တွင် ရှေးဟောင်းပစ္စည်းများ ရှိနေလိမ့်မည်ဟု ချန်ချင်းယွီတစ်ယောက် တကယ်ပင် ထင်မှတ်မထားခဲ့မိချေ။ ဤနေရာတွင် ရှိနေလျှင် ယိုယိ့အထူးဆိုင်တွင်လည်း သေချာပေါက် ရှိနေပေလိမ့်မည်။
ချန်ချင်းယွီ နောက်ပိုင်းတွင် နိုင်ငံခြားငွေလဲလက်မှတ်အချို့ကို ထပ်မံလဲလှယ်ကာ ကောင်းမွန်သော ပစ္စည်းများကို လိုက်လံရှာဖွေရန် စိတ်ကူးလိုက်မိ၏။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းအခြေအနေများကို လူတိုင်း မှတ်မိနေကြဆဲ ဖြစ်သည်။ လူအများစုမှာ ဤအရာများသည် တန်ဖိုးရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိကြလျှင်ပင် ဝယ်ယူရန် မဝံ့မရဲ ဖြစ်နေကြပေလိမ့်မည်။ သူတို့တစ်စု ထိုနေရာတွင် တော်တော်ကြာအောင် လှည့်ပတ်ကြည့်ရှုခဲ့ကြသော်လည်း ဤကောင်တာ၏ အရောင်းအဝယ်မှာ အခြားကောင်တာများကဲ့သို့ ကောင်းမွန်ခြင်းမရှိချေ။ ထိုနေရာတွင် လူဟူ၍ တကယ်ကို မရှိသလောက်ပင် နည်းပါးလှသည်။
ပစ္စည်းကောင်းမှန်း လူတိုင်းသိကြသော်လည်း မူဝါဒများ ပြောင်းလဲသွားမည်ကိုလည်း ကြောက်ရွံ့နေကြ၏။ နောက်ထပ် နှစ်အနည်းငယ် ကြာ၍ လူမှုပတ်ဝန်းကျင် ပိုမိုတည်ငြိမ်လာသောအခါ ဤပစ္စည်းများသည် ယခုဈေးနှုန်းမျိုးဖြင့် သေချာပေါက် ရနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ ယခုအချိန်တွင် မဝယ်ယူပါက နောက်ပိုင်းတွင် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူနိုင်စွမ်း ရှိတော့မည် မဟုတ်ကြောင်း သေချာ၏။ ဟွားချောင်အထူးဆိုင်ဖြစ်စေ၊ ယိုယိ့အထူးဆိုင်ဖြစ်စေ သူတို့အနေဖြင့် ပစ္စည်းများ၏ တန်ဖိုးကို သိရှိသွားကြပါက ဈေးကွက်ထဲမှ သေချာပေါက် တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းသွားကြပေလိမ့်မည်။ ချန်ချင်းယွီသည် ၁၉၈၀ ပြည့်လွန်နှစ်များကို ကိုယ်တိုင်မဖြတ်သန်းခဲ့ဖူးသော်လည်း ဤအချက်ကိုမူ အနည်းငယ်မျှ သံသယမရှိပေ။
'ဖန်ကျားယွမ်' သို့ သွားခြင်းမှာမူ အလှည့်စားခံရခြင်းသာ ဖြစ်ပေလိမ့်မည်။ ချန်ချင်းယွီ ရှေးဟောင်းပစ္စည်းများကို နားမလည်သဖြင့် ဖန်ကျားယွမ်ကဲ့သို့သော နေရာမျိုးသို့ သွားပါက လူအနပ်ချခံရသည့် ငတုံးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သို့သော် ဤနေရာတွင်မူ ဈေးနှုန်း ပိုမိုမြင့်မားသော်လည်း ပစ္စည်းစစ်စစ် ဖြစ်ကြောင်း အာမခံချက် ရှိပေသည်။ ယခုခေတ်ကာလ၏ ဈေးနှုန်းများနှင့် ယှဉ်ကြည့်မည်ဆိုလျှင် ဈေးပေါပေါနှင့် အမြတ်ထုတ်နိုင်မည့် အခွင့်အရေးမျိုး မရှိဘဲ ဈေးနှုန်းမှာ မြင့်မားလှ၏။ သို့သော် ရေရှည်အတွက် ကြည့်မည်ဆိုလျှင်မူ တကယ့်ကို အမြတ်အစွန်းကြီးကြီးမားမား ရရှိခြင်း မဟုတ်လော့။
ချန်ချင်းယွီ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပြီး၊ တစ်ဖန်ပြန်လည်မွေးဖွားလာခြင်း၏ အကြီးမားဆုံးသော အားသာချက်မှာ "အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်း" ပင် ဖြစ်ပြီး အင်မတန် အသုံးဝင်လှကြောင်း စိတ်ထဲမှချီးကျူးမိတော့သည်။ အနာဂတ်ကို ကြိုတင်သိရှိနေခြင်းမှာ အခြားအရာအားလုံးထက် များစွာသာလွန်လှပေ၏။ မိုက်မဲပြီး ဆင်ခြင်တုံတရားမဲ့သော လုပ်ရပ်များကို မလုပ်မိသရွေ့ သူမအနေဖြင့် အခြေအနေကို ဖျက်ဆီးမိလိမ့်မည် မဟုတ်ပေ။
ချန်ချင်းယွီ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း
"ကဲ... သွားကြစို့၊ တို့တွေမှာ ပိုက်ဆံနည်းနည်း ကျန်သေးတယ်။ တခြားဘာဝယ်လို့ရဦးမလဲဆိုတာ ဆက်ကြည့်ရအောင်၊ ပြီးရင် ပိုက်ဆံရှင်းပြီး အိမ်ပြန်ကြမယ်"
"ဟုတ်ကဲ့ပါ..."
ယနေ့ သူတို့ရရှိခဲ့သော ပစ္စည်းများမှာ အလွန် ကောင်းမွန်လှပေသည်။ ချန်ချင်းယွီသည် ပန်းအိုးကို သေသေချာချာ ထုပ်ပိုးနေမှုကို စောင့်ကြည့်နေခဲ့ပြီး သူတို့ဘက်မှ သစ်သားသေတ္တာအသေးလေးတစ်လုံးပါ ထည့်ပေးခဲ့ကြ၏။ ထိုသေတ္တာမှာ တန်ဖိုးကြီးမားသော အရာမဟုတ်ဘဲ သာမန်သစ်သားသာ ဖြစ်သည်။ သို့သော် သေတ္တာများပါ စနစ်တကျ ထည့်ပေးထားသည်ကို မြင်တွေ့ရသောအခါ အဘွားကြီးကျောက် တိုးတိုးလေး ရေရွတ်လိုက်၏။
"ကြည့်ရတာ ဒါက တကယ့်ကို အဖိုးတန်ပစ္စည်း ထင်တယ်"
ချန်ချင်းယွီ သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း မှာကြားလိုက်သည်။
"အိမ်ပြန်ရောက်ရင် ဒီပန်းအိုးအကြောင်းကို သူများတွေကို လျှောက်မပြောကြနဲ့နော်"
သူမသည် သူတို့သုံးဦးကို ချက်ချင်းပင် သတိပေးလိုက်၏။ ထိုအဘွားကြီးနှင့် ကလေးနှစ်ယောက်စလုံး တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြကြရှာသည်။
ချန်ချင်းယွီ သစ်သားသေတ္တာအသေးလေးကို သယ်ဆောင်ခဲ့ပြီး၊ အဘွားကြီးကျောက်မှာ တီဗီသေတ္တာကို မကာ၊ ကလေးနှစ်ယောက်မှာမူ မုန့်အိတ်များကို အသီးသီး ကိုင်ဆောင်ထားခဲ့ကြသည်။ ထိုမိသားစုသည် တကယ့်ကို ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ဆိုင်တံခါးဝမှ လှမ်းထွက်လာခဲ့ကြ၏။
ဟွားချောင်အထူးဆိုင်ကြီးကတော့ တကယ့်ကို ခန့်ညားထည်ဝါလှပါဘိ…
၎င်းအပြင် သူတို့မှာ ပစ္စည်းများကိုပါ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးခဲ့ကြသေးသည်။ မိသားစုတစ်ခုလုံးသည် ကုန်တင်ဆိုက်ကားနောက်မှ လိုက်ပါကာ အိမ်သို့ ပြန်လာခဲ့ကြစဉ် အဘွားကြီးကျောက်တစ်ယောက် ပျော်ရွှင်မြူးတူးလျက်
"ကြည့်စမ်းဦး... ငါ့လို အဘွားကြီးတစ်ယောက်က အခုလို ကောင်းမွန်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
သူမ ဆက်လက်၍ မြိန်ရေယှက်ရေ ပြောဆိုနေခဲ့သည်။
"ငါတို့ ဝင်းကြီးထဲမှာ ငါတို့မိသားစုပဲ ရှိတာဟေ့... တီဗီကို ပထမဆုံး ဝယ်နိုင်တာ၊ အဲဒါတင်မကဘူး ကာလာတီဗီကြီးနော်... ဟားဟားဟား... တကယ့်ကို အဆင်ပြေလွန်းလို့ပဲ..."
နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်ဟု ဆိုလျှင်ပင် ညဘက်၌ ပြုံးပျော်ရွှင်ကာ ရယ်မောနေမိပေလိမ့်မည်။
အဘွားကြီးကျောက်တစ်ယောက် တကယ့်ကို ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ ဝင်းကြီးထဲရှိ သူမနှင့် ရွယ်တူတန်းတူ အဘွားကြီးအများစုမှာ အမြဲတမ်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နှိုင်းယှဉ်နေတတ်ကြသော်လည်း၊ ယခုမူ သူတို့ မည်မျှပင် ပြိုင်ဆိုင်ပါစေ... မည်သူမျှ သူမကို မမှီနိုင်တော့ချေ။ အဘွားကြီးကျောက်သည် သူမ၏ မေးစေ့ကို ဂုဏ်ယူစွာ ပင့်မြှောက်လိုက်ရင်း နှာခေါင်းတရှုံ့ရှုံ့ဖြင့်
"အခုဆိုရင် ငါက ဒီဝင်းထဲက အဘွားကြီးတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်သူလို့ ပြောလို့ရပြီ၊ ဟဲဟဲ... သူတို့တွေအားလုံးက ဘာမှမဟုတ်တော့ပါဘူး..."
အဘွားကြီးကျောက်၏ ပါးစပ်မှာ လမ်းခရီးတစ်လျှောက်လုံး တတွတ်တွတ်ဖြင့် မနားတမ်း ပြောဆိုနေခဲ့၏။
ချန်ချင်းယွီလည်း သူမကို တားဆီးခြင်းမပြုကာ၊ မိမိကိုယ်တိုင်လည်း ပါးစပ်မစိနိုင်အောင် ပြုံးပျော်နေခဲ့သည်။
ကိုယ်တိုင်က ပျော်ရွှင်နေတာပဲဟာ၊ ဘာလို့ အောင့်အီးထားရဦးမှာလဲ…
သုံးဘီးဆိုက်ကားလေးသည် ဝင်းထဲသို့ ဆိုက်ရောက်လာခဲ့စဉ် အဘွားကြီးကျောက်မှာ မည်သူမျှ မကြားဘဲနေမည်ကို စိုးရိမ်သည့်အလား ကျယ်လောင်သော အသံဖြင့် "ငါ ပြန်လာပြီဟေ့..." ဟု လှမ်းအော်လိုက်တော့သည်။
"အို... အဘွားကြီးကျောက် ပြန်လာပြီပဲ... တီဗီ ဝယ်ခဲ့ရဲ့လား။ ဘယ်လိုမျိုးလဲဟင်"
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ထွက်ခွာသွားသည်မှာ တော်တော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဝင်းထဲရှိ လူများမှာမူ ထိုယောက္ခမနှင့် ချွေးမအကြောင်းကိုသာ တတွတ်တွတ် ပြောဆိုနေကြဆဲ ဖြစ်၏။ သူတို့၏ စိတ်ထဲရှိ မနာလိုဝန်တိုမှုနှင့် မကျေနပ်မှုများမှာ အလွန်အမင်း ပြင်းထန်နေခဲ့ကြသည်။
လူတို့သည် သူတစ်ပါးအတင်းကို ပြောဆိုနေကြသည့်အခါ အချိန်ကုန်မှန်းပင် မသိကြချေ။
သို့သော် အဘွားကြီးကျောက်၏ အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး ဝုန်းခနဲ ပြေးထွက်လာကြတော့၏။
"ဒါက ဘယ်လိုတေီဗီမျိုးလဲ။ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရသလိုမျိုးပဲလား"
"ဘယ်သူသိမှာလဲ"
"အဖြူအမည်းလား၊ ကာလာလား။ ဘယ်နှလက်မလဲဟင်"
အဘွားကြီးကျောက် မေးခွန်းတစ်ခုချင်းစီကို ခေါင်းကို အမြင့်ဆုံးပင့်ကာ ပြန်လည်ဖြေကြားနေခဲ့ပြီး၊ သူမ၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာအမူအရာမှာ ကောင်းကင်ပေါ်သို့ပင် ရောက်ရှိလုမတတ် ဖြစ်နေသည်။
သူမသည် အလွန်အမင်း စိတ်ကျေနပ်အားရနေကာ တဟီးဟီးနှင့် မနားတမ်း ရယ်မောနေခဲ့၏။
"ငါ့မိသားစုက ပစ္စည်းဝယ်ပြီဆိုရင်တော့ အကောင်းဆုံးဖြစ်ရမယ်။ ပိုက်ဆံရှာတယ်ဆိုတာ သုံးဖို့အတွက် မဟုတ်ဘူးလား။ မသုံးဘဲနဲ့ စုနေရင်ကော ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဒီအရာက ကလေးမှ မမွေးပေးနိုင်တာ။ ဒါ့အပြင် ငါလည်း ဒီလောက်အသက်ကြီးနေပြီ၊ အခုအချိန်မှာ ကောင်းကောင်းမွန်မွန် မခံစားရရင် နောက်ဆို သိပ်ပြီး အချိန်အများကြီး ရှိတော့မှာ မဟုတ်ဘူး။ ငါ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ်၊ ပိုက်ဆံကို ဒီအတိုင်း အလဟဿ အဖြစ်မခံနိုင်ဘူး"
လူတိုင်း ဤစကားကို ကြားသောအခါ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ကြသည်။
သို့သော် အဘွားကြီးကျောက်မှာ ဂရုမစိုက်ချေ။ သူတို့မိသားစုသည် အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။
ရှီကျန့်ရှန်း သူမ၏ စူးရှသော မျက်လုံးများဖြင့် ကြည့်၍
"ရှောင်ချန်... နင် သယ်လာတာက ဘာလဲ။ တခြားပစ္စည်းတွေ ထပ်ဝယ်လာသေးတာလား"
ချန်ချင်းယွီ : "ပန်းအိုးတစ်လုံးပါ ဒေါ်လေး။ ကောင်းမွန်တဲ့ ပစ္စည်းတွေဝယ်ဖို့ လက်မှတ်က သိပ်မကျန်တော့လို့၊ ပန်းအိုးတစ်လုံးပဲ ရှာဝယ်ခဲ့တာ။ တကယ့်ကို လှပပြီး ကျွန်မ တကယ် သဘောကျလို့ပါ"
သူမသည် လူတိုင်း တစ်ချက်မျှ လှမ်းကြည့်နိုင်ရန် သေတ္တာကို အသာအယာ ဖွင့်ပြလိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ပိတ်လိုက်၏။
၎င်းမှာ ပန်းအိုးတစ်လုံးမျှသာဖြစ်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် စိတ်ဝင်စားမှု လျော့နည်းသွားကြတော့သည်။
တကယ့်ကို ဟာသပဲ... ကြီးမားလှတဲ့ ကာလာတီဗီကြီးနဲ့ ယှဉ်လိုက်ရင် ပန်းအိုးတစ်လုံးဆိုတာ ဘာမှမဟုတ်တော့ပါဘူး...
ဒါက စားစရာလည်း မဟုတ်၊ ဝတ်စရာလည်း မဟုတ်သလို ဘာမှလည်း အသုံးမဝင်ပါဘူး…
သူတို့အားလုံးသည် သာမန်လူတန်းစားများသာ ဖြစ်ကြသဖြင့် ၎င်းကို ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် လုံးဝ မတွေးမိကြချေ။ ချမ်းသာသော မိသားစုမှ လာသူများပင် ဖြစ်ပါစေ... အကယ်၍ ထိုပစ္စည်းအကြောင်းကို တကယ် နက်နက်နဲနဲ နားမလည်ပါက ဤကဲ့သို့ ချက်ချင်း တွေးမိလိမ့်မည် မဟုတ်ပေ။
မည်သူမျှ ဂရုမစိုက်ကြသည်ကို မြင်သောအခါ ချန်ချင်းယွီသည် ၎င်းကို မိမိ၏ အခန်းထဲသို့ သယ်ဆောင်သွားပြီး ဗီဒိုထဲတွင် သေသေချာချာ ထည့်သွင်းသိမ်းဆည်းကာ ပြန်လည်ထွက်လာခဲ့သည်။
အဘွားကြီးကျောက် : "ချွေးမရေ... ဒီဟာကြီးကို (တီဗီကို) ဘယ်လိုလုပ်ရမလဲ"
ချန်ချင်းယွီ : "ကျွန်မ လုပ်လိုက်ပါ့မယ်"
ရှောင်ကျားနှင့် ရှောင်ယွမ်ဟူသော လည်ပတ်ဖျတ်လတ်သည့် ကလေးနှစ်ယောက်စလုံးမှာ မိခင်ဖြစ်သူ ပစ္စည်းများကို အတွင်းခန်းထဲသို့ သယ်ဆောင်သွားသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ မုန့်အိတ်များကိုပါ အတွင်းထဲသို့ သွားရောက်ထားရှိပြီးနောက် တီဗီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုရန် ပြန်လည်
ထွက်လာခဲ့ကြ၏။ ချန်ချင်းယွီသည် တီဗီကို စနစ်တကျ နေရာချလိုက်ပြီး အင်တင်နာကို ချိန်ညှိကာ စက်ကို ဖွင့်လိုက်သည်။
အော်... ရီမုကွန်ထိုးတောင် မပါပါလား။
သို့သော် တီဗီပွင့်လာသည့်အခါ မျက်နှာပြင်ပေါ်တွင် လိုင်းမမိသည့် အဖြူအမည်း စာလုံးများသာ ပြသနေပြီး ဘာရုပ်မှ ပေါ်မလာခဲ့ချေ။
အဘွားကြီးဟွမ် မနာလိုစိတ်ဖြင့် စောင်းမြောင်းကာ
"ပျက်နေတာလား။ နင်တို့က တီဗီအပျက်ကြီးကို ဝယ်လာတာလား"
"သူတို့ဆီ ချက်ချင်း ပြန်သွားရမယ်... ဒါက ဈေးမနည်းဘူး မဟုတ်လား။ အလိမ်ခံလို့တော့ ဘယ်ဖြစ်မလဲ။"
"ဟုတ်တယ်၊ ဟုတ်တယ်"
အချို့လူများမှာ တကယ်ပင်စိုးရိမ်ပေးနေကြသော်လည်း အချို့မှာမူ လှောင်ပြောင် သရော်ချင်နေကြ၏။
ချန်ချင်းယွီ သူမ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိရင်း
"ငါ ဘယ်လိုဖြစ်ပြီး မေ့သွားရတာလဲ။ အခုအချိန်မှာ ဘယ်လိုပဲ ချိန်ညှိချိန်ညှိ အလကားပဲ၊ နေ့ခင်းဘက်မှာ လိုင်းလွှင့်တဲ့ အစီအစဉ် မရှိဘူးလေ"
ဤစကားကို ကြားလိုက်ရသည့်အခါမှသာ လူတိုင်း ငြိမ်ကျသွားကြတော့သည်။ ဟုတ်သားပဲ… နေ့ခင်းဘက်တွင် လိုင်းလွှင့်သည့် အစီအစဉ် မရှိသည်ကို သူတို့အားလုံး မေ့လျော့နေခဲ့ကြခြင်း ဖြစ်၏။
ချန်ချင်းယွီ : "ဒီညကျမှပဲ ဖွင့်ကြည့်ကြတာပေါ့"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဟိုတစ်နေ့က အိမ်နီးနားချင်းတွေ ဝယ်လာတဲ့ တီဗီကို ငါသွားကြည့်တော့လည်း ညဘက်ကျမှ အစီအစဉ်တွေ လွှင့်တာ။ တကယ့်ကို အဆင်ပြေလိုက်တာ။ ဒါနဲ့ ဒါက ကာလာတီဗီလား၊ ဈေးကော ဘယ်လောက်ပေးရလဲဟင်"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ၊ အဘွားကြီးကျောက်မှာ ကိုယ့်ပေါင်ကို တစ်ချက်ဖြန်းခနဲ ရိုက်လိုက်ရင်း
"ပြောရင် နင်တို့ ယုံမှာတောင် မဟုတ်ဘူး... တကယ့်ကို ဈေးကြီးလွန်းလို့၊ ယွမ်သုံးထောင်တောင် ပေးရတာ..."
တစ်ခန်းလုံး ချက်ချင်းပင် ရုတ်ချည်း အေးခဲတုန်လှုပ်သွားရတော့သည်။ လူတိုင်း အသက်ရှူမှားမတတ်ဖြစ်သွားပြီး ရေရွတ်လိုက်ကြသည်မှာ…
"ယွမ်သုံးထောင်.. အို ဘုရားရေ... သူတို့ ရူးသွားကြပြီလား"
"အဲဒီပိုက်ဆံဆိုရင် အခန်းပေါင်းများစွာတောင် ဝယ်လို့ရတယ်ဟ။ ဒါက အဆမတန် ဈေးကြီးလွန်းတယ်။ ငါမှတ်မိသလောက်တော့ ဒီအရွယ်အစားရှိတဲ့ အဖြူအမည်း တီဗီတစ်လုံးကို ယွမ်ငါးရာဝန်းကျင်ပဲ ရှိတာကို၊ ဒါက တကယ်ပဲ အဲဒီလောက်အထိ ဈေးကြီးတာလား"
အဘွားကြီးကျောက် : "ဟုတ်တယ်လေ၊ အဖြူအမည်း တီဗီတွေက အများကြီး ပိုပြီး သက်သာတာပေါ့။ ဒါက ကာလာတီဗီ၊ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းတဲ့ ပစ္စည်းအစစ်ကြီးဟဲ့၊ ဘယ်လိုလုပ်ပြီး ဈေးပေါနိုင်ပါ့မလဲ။ ဒါပေမဲ့ အဖြူအမည်း တီဗီအကြောင်း ပြောရမယ်ဆိုရင်တော့၊ ဟွားချောင်အထူးဆိုင်မှာရှိတဲ့ ဒီအရွယ်အစားတူ အဖြူအမည်း တီဗီဆိုရင် ယွမ်ငါးရာတောင် မပြည့်ဘူး၊ လေးရာလောက်ပဲ ရှိတာ။ ကုန်တိုက်ကြီးတွေထဲကထက်စာရင် ယွမ်ဆယ်ဂဏန်းလောက် ပိုပြီး သက်သာတယ်လို့ ထင်တာပဲ"
"အာ... ဒါဆိုရင် တကယ့်ကို ကောင်းတာပေါ့"
"ဒါဆိုရင် နောက်ကျလို့ ပိုက်ဆံချွေတာချင်တယ်ဆိုရင်တော့ ဟွားချောင်အထူးဆိုင်ကိုပဲ သွားရတော့မှာပဲ။"
အဒေါ်ကြီးမေ့တစ်ယောက် ထိုလူများမှာ မသိနားမလည်ကြကာ မိမိလောက်ပင် ဗဟုသုတမရှိကြဟု စိတ်ထဲမှ တွေးတောရင်း ထောက်ပြလိုက်၏။
"လက်မှတ်တွေ လဲလှယ်ဖို့အတွက်လည်း ပိုက်ဆံကုန်တယ်ဆိုတာ နင်တို့ မေ့နေကြပြီလား။ နိုင်ငံခြားငွေလဲလက်မှတ်တွေက တီဗီဝယ်တဲ့ လက်မှတ်တွေထက် ပိုပြီး ဈေးကြီးတယ်ဟဲ့"
သူမ၏ သားဖြစ်သူ ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်ကတည်းက သူမသည် ဤကဲ့သို့သော အကြောင်းအရာများကို အများကြီး ပိုမိုနားလည်လာခဲ့ခြင်း ဖြစ်သည်။
"တီဗီဈေးနှုန်းက သက်သာတယ်ဆိုပေမဲ့ နိုင်ငံခြားငွေလဲလက်မှတ်တွေက ကောင်းကင်ကနေ ဒီအတိုင်း ပြုတ်ကျလာတာမှ မဟုတ်တာ။"
"ကြည့်စမ်း... ငါတို့က အဲဒီအချက်ကို မေ့သွားကြတာပဲ။"
"အဘွားကြီးကျောက်... နင့်မိသားစုကတော့ တကယ့်ကို အံ့ဩစရာပဲနော်... အိမ်ဝယ်လိုက်၊ ပြန်ပြင်လိုက်၊ အခုကျတော့လည်း ဒီလောက်အထိ ဈေးကြီးတဲ့ တီဗီကြီးကို ဝယ်နိုင်လိုက်သေးတယ်... နင်တို့တွေ တကယ်ကို ချမ်းသာသွားကြပြီပဲ။"
အဘွားကြီးကျောက် : "ဟဲ့... ပိုက်ဆံရှာတယ်ဆိုတာ သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား။ နင်တို့အားလုံးလည်း ငါ့အကျင့်ကို သိကြတာပဲ။ ငါက ပိုက်ဆံကို ဒီအတိုင်း စုဆောင်းထားရတာမျိုးကို သဘောမကျဘူး။ ပိုက်ဆံရှိတုန်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာက ပိုကောင်းပါတယ်။ အခုလည်း လတ်တလောမှာ ပိုက်ဆံလေး နည်းနည်းပါးပါး ရလာတာနဲ့ သုံးပစ်လိုက်တာပဲ။ နောက်တစ်ခေါက် ပစ္စည်းဝယ်ယူမယ့် အရင်းအနှီးဖိုးကလွဲရင် ကျန်တာကို နည်းနည်းပါးပါး ပိုသုံးလိုက်တာ ဘာမှမဖြစ်ပါဘူး။ လူဆိုတာ ဘဝကို ပျော်ပျော်နေရမယ်အေ"
လူတိုင်း ဤစကားကို ကြားသောအခါ အဘွားကြီးကျောက်၏ ဖြုန်းတီးလွန်းသော အမူအရာကို ကြည့်ကာ စိတ်ထဲမှ တစ်ဖန် နှာခေါင်းရှုံ့လိုက်ကြပြန်၏။ တစ်ခါတစ်ရံတွင် အသက်ကြီးခြင်း၏ အားသာချက်မှာ ဤအရာပင် ဖြစ်ပေသည်၊ လူတို့သည် အသက်ကြီးသူများ၏ ဆန်းကြယ်ပြီး အတောမသတ်သော အပြုအမူများကို သည်းခံတတ်ကြသည်။ အကယ်၍ ဤစကားမျိုးကို ချန်ချင်းယွီသာ ပြောခဲ့မည်ဆိုပါက လူတို့သည် အဆုံးမရှိ အတင်းအဖျင်း ပြောဆိုကြပေလိမ့်မည်။ သို့သော် ၎င်းကို အဘွားကြီးကျောက် ပြောလိုက်သည့်အခါတွင်မူ မည်သူမျှ ကန့်ကွက်ခြင်း မပြုဝံ့ကြချေ။
"ငါက နင်တို့လိုမျိုး နွားလို၊ ကျွဲလို ပင်ပင်ပန်းပန်း လုပ်နေမယ့်လူမျိုး မဟုတ်ဘူး။ ငါက အငြိမ်းစားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တာ။ ပိုက်ဆံရှာတယ်ဆိုတာ ကောင်းမွန်တဲ့ ဘဝမျိုးနဲ့ နေထိုင်ဖို့ပဲ၊ မဟုတ်ရင် ငါ့သားကို တိုင်ပြောရလိမ့်မယ်"
အဘွားကြီးကျောက် ပြောဆိုကာ မေးစေ့ကို ပင့်မြှောက်လိုက်ရင်း၊ တကယ့်ကို နှုတ်သီးကောင်းလျှာပါးပြီး အပျော်အပါးမက်သည့် သဘာဝကို အပြည့်အဝ ဖော်ပြနေခဲ့၏။
ပိုင်ဖုန်းရှန်း၊ ရှီကျန့်ရှန်း၊ အစ်မကြီးဖန်၊ အဒေါ်ကြီးမေ့နှင့် အခြားအဘွားကြီးများမှာ သူတို့၏ စိတ်ခံစားချက်များကို မနည်း ထိန်းချုပ်ထားကြရသည်။ သူတို့သည် ချန်ချင်းယွီဘက်သို့ လှည့်ကာ သနားဂရုဏာ သက်နေကြတော့၏။
သနားစရာကောင်းလိုက်တဲ့ ကလေးမလေး... ဒီမိန်းမငယ်လေးထက် ပိုပြီး ဆိုးရွားတဲ့ ဘဝမျိုး ရှိနိုင်ပါဦးမလား…
သူမ ဘယ်လိုလူမျိုးနဲ့ လာပြီး ဆုံတွေ့ရတာလဲမသိဘူး၊ မကြာသေးခင် နှစ်တွေအတွင်းမှာ သူမကို ရိုက်နှက်ဆဲဆိုတာမျိုး မရှိတော့ဘူးဆိုပေမဲ့၊ ဒီအဘွားကြီးက တကယ့်ကို အသုံးစရိတ် ကြီးလွန်းလှချည်လား…
ဒီလိုအဘွားကြီးတစ်ယောက်ကို လုပ်ကျွေးပြုစုနေရတာ တကယ့်ကို ခေါင်းခဲစရာပဲ…
နှမောစရာ... တကယ့်ကို နှမြောစရာ ကောင်းလိုက်တာ…
ချန်ချင်းယွီသည် သူမ၏ မျက်ဝန်းများကို အနည်းငယ် အောက်ချလိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ပြုံးရွှင်လိုက်ကာ ညင်သာသော လေသံဖြင့်
"အမေ... ဘာမှ မစိုးရိမ်ပါနဲ့။ စားစရာ၊ ဝတ်စရာ ဒါမှမဟုတ် တခြားလိုအပ်တာတွေပဲဖြစ်ဖြစ် ဘာမှ ပူပန်မနေပါနဲ့။ ကျွန်မ အမေ့ကို ဒုက္ခမရောက်စေရပါဘူး။ အမေက ကျန့်ဝမ်ရဲ့ မိခင်ပဲဥစ္စာ၊ အခု သူ မရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မကပဲ အမေ့ကို သေချာပေါက် တာဝန်ယူ စောင့်ရှောက်ရမှာပေါ့"
"အာ..."
"ရှောင်ချန်... နင်ကတော့..."
လူတိုင်း ခဏမျှ စကားဆွံ့အသွားကြရတော့သည်။
ချန်ချင်းယွီ မော့ကြည့်လိုက်ရင်း နူးညံ့စွာ ပြုံးလျက်
"ကျွန်မရဲ့ ယောက္ခမက တကယ်ကို တကယ်ကို လူကောင်းတစ်ယောက်ပါ။ အမေက အိမ်ဝယ်ချင်တာ၊ အိမ်ပြင်ချင်တာနဲ့ တီဗီကြည့်ချင်တာတွေ ရှိတယ်ဆိုပေမဲ့၊ ဒါတွေအားလုံးက ကျွန်မတို့မိသားစုတစ်ခုလုံးအတွက် အကျိုးရှိစေမယ့် အရာတွေပဲဥစ္စာ။ သူမ ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ပါဘူး။ အကယ်၍ အမေက မိမိကိုယ်ကျိုးအတွက်ပဲ တကယ်အလိုရှိတယ်ဆိုရင် လွန်ခဲ့တဲ့ အချိန်ကတည်းက ရွှေတွေ၊ ငွေတွေကိုပဲ တောင်းဆိုနေမှာပေါ့။ အခု အမေအလိုရှိတဲ့အရာမှန်သမျှက ကျွန်မတို့မိသားစုတစ်ခုလုံး ပိုမိုကောင်းမွန်တဲ့ ဘဝနဲ့ နေထိုင်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကျွန်မ နားလည်ပါတယ်၊ ကျွန်မရဲ့ ယောက္ခမက တကယ့်ကို လူကောင်းတစ်ယောက်ပါ၊ ပါးစပ်ဆိုးပြီး စွာကျယ် စွာကျယ် လုပ်တတ်ပေမဲ့ စိတ်နှလုံးကတော့ တကယ့်ကို နူးညံ့ပါတယ်"
အဘွားကြီးကျောက်သည် မျက်နှာကို တင်းတင်းထားရန် မနည်း ကြိုးစားလိုက်ရ၏။
သူမရဲ့ ချွေးမကတော့ တကယ့်ကို သနားစရာကောင်းတဲ့ သားကောင်အဖြစ် ဟန်ဆောင်ရာမှာ ဆရာကျလွန်းလှပါဘိ…
သူမက ဒီမျက်နှာလေးကို သုံးပြီး လူတွေကို လှည့်စားနေတာပဲ... နင်က ဘာအပြစ်မှမရှိတဲ့ ပန်းပွင့်လေး မဟုတ်ပါဘူးနော်၊ နင် လူကိုရိုက်ရင် တကယ့်ကို နာအောင် ရိုက်တတ်တာ၊ ပြီးတော့ အပျော်အပါးလည်း မက်သေးတယ်၊ နင်... ထားလိုက်ပါတော့လေ…
သူမ၏ ချွေးမမှာ ယခုတစ်ခေါက် အဝတ်အထည်အသုတ် အားလုံး ရောင်းထွက်သွားပြီဟု ပြောထားပြီးဖြစ်ရာ သူမအနေဖြင့် ပါးစပ်
ပိတ်ထားခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။
အကျိုးအမြတ်တွေ ရရှိပြီးမှတော့ သူမ၏ ရိုးရာဂုဏ်သတင်းလေး ပျက်စီးသွားလည်း ဘာဖြစ်ဦးမှာလဲ… သူမ၏ ဂုဏ်သတင်းက အစကတည်းက ကောင်းမွန်ခဲ့တာမှ မဟုတ်ဘဲ၊ ဘာကို ဂရုစိုက်နေရဦးမှာလဲ…
သူမသည် ပိုမို၍ စောင်းချိတ်သော အမူအရာဖြင့်
"နင် အဲဒီလို သိရင်လည်း တော်ပါသေးတယ်။ ငါက ဒီလောက်အသက်ကြီးနေပြီ၊ အစာကြမ်းတာတွေကို ထပ်ပြီး မစားနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာပြီဆိုတော့၊ နောက်ဆိုရင် နင် ဆန်ချော၊ ဂျုံချောတွေကိုပဲ ဝယ်ရမယ်။ ပြောင်းဆန်တွေက ငါ့လည်ချောင်းကို နာစေတယ်၊ ငါနဲ့ မသင့်တော်ဘူး..."
တွေ့လား၊ တွေ့လား၊ ငါ့ရဲ့ ဉာဏ်ပြေးပုံကို တွေ့လား…
ငါ အခြေအနေကို ဘယ်လောက်တောင် ကောင်းကောင်း ကိုင်တွယ်နိုင်လဲဆိုတာ တွေ့လား…
နင်က ဆန်ကြမ်း၊ ပြောင်ဆန်းကြမ်းတွေကို မကြိုက်မှန်း ငါသိနေတာမလို့ ငါက လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်းပေးလိုက်တာ၊ ဟုတ်တယ်မလား….
ငါ့အပေါ်မှာ ပိုက်ဆံသုံးရတာက အကျိုးကျေးဇူးတွေ အများကြီး ရစေတယ်လေ…
တကယ့်ကို တန်ဖိုးရှိလှပါဘိ… ငါက စာမတတ်ပေမဲ့ အခြေအနေကိုတော့ တကယ့်ကို အကဲခတ် တတ်ပါတယ်အေ…
အလွန်အမင်း အကဲခတ် တတ်တာပါ…ဟဲဟဲ..
အဘွားကြီးကျောက် ထပ်လောင်း ပြောဆိုကာ
"နင်တို့အားလုံး ကြားတယ်မလား။ နောက်ဆိုရင် ဆန်ချောတွေကိုပဲ ဝယ်ရမယ်... ငါ ဆန်ကြမ်းတွေကို မစားတော့ဘူး"
ချန်ချင်းယွီ တိုးညှင်းသော လေသံဖြင့် တုံ့ပြန်လိာက်သည်။
"ဟုတ်ကဲ့ပါ အမေ~"
ကျန်တဲ့လူများ : "..."
တကယ့်ကို ဘဝင်မြင့်လွန်းလှတယ်၊ ဒါတင်မကသေးဘဲ အသံကိုပါ မြှင့်ပြီး ပြောနေသေးတယ်…
ဟိုးအရင် တကယ့်ကို ဆင်းရဲမွဲတေခဲ့စဉ်တုန်းကတော့ နင်က အပြင်က မြက်မြစ်တွေကိုတောင် ဒီအတိုင်း ကောက်စားခဲ့တာပဲဥစ္စာ… အခုကျမှ ဘာဖြစ်လို့ ဒီလောက်အထိ အထက်တန်းဆန်ချင်ယောင် ဆောင်နေရတာလဲ…သောက်ကျိုးနည်း…
လူတိုင်း စိတ်ထဲမှ အလွန်အမင်း အထင်သေး ရွံရှာနေကြသည်။
အဘွားကြီးကျောက် : "ငါ အဘွားကြီးကတော့ အရှိကိုအရှိအတိုင်း အလိုက်သိဆုံးပဲ"
အော့အန်ချင်စရာ~~~
လူတိုင်း တကယ့်ကို အန်ချင်စိတ် ပေါက်သွားကြရတော့၏။ အဘွားကြီးကျောက်၏ အရှက်မရှိပုံကို ကြည့်ပြီး လူတိုင်း အလွန်တရာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြရသော်လည်း၊ တစ်ဖန် ချန်ချင်းယွီကို လှမ်းကြည့်လိုက်သည့်အခါတွင်မူ... ဝိုး... ဤမိန်းမငယ်လေးမှာ သူမ၏ ယောက္ခမကို အမှန်ပင် ပြုံးပြုံးလေး ကြည့်နေဆဲတည်း။
သူမ ရူးသွားပြီလား… ပင်ပင်ပန်းပန်း လုပ်ကိုင်ထားသမျှ အားလုံးကို ဤအဘွားကြီး ခံစားနိုင်အောင် လုပ်ပေးနေတာပဲ… နင် တကယ်ပဲ အူကြောင်ကြောင်နိုင်လွန်းတာလား.....
သို့သော် လူတိုင်း ချန်ချင်းယွီအတွက် စိတ်မကောင်းဖြစ်ပြီး သနားနေကြသော်ငြား၊ မည်သူမျှ သွားရောက်၍ ဖျောင်းဖျ အကြံပေးခြင်း မပြုဝံ့ကြချေ။ အဘွားကြီးကျောက်မှာ တကယ့် လူမိုက်တစ်ယောက်၊ ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်၍ မရနိုင်သော အာဇာနည်မကြီးတစ်ဦး မဟုတ်လော့။ ၎င်းတို့ မတွေးမိကြသည့်အချက်မှာမူ လွန်ခဲ့သော နှစ်အနည်းငယ်၌ အဘွားကြီးကျောက်သည် ပွဲကြမ်းသူတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုလောက်အထိ မကြမ်းတမ်းခဲ့ပေ။ မကြာသေးခင် နှစ်များအတွင်း သူမ ဤမျှအထိ အောင်မြင်မှု ရရှိနေခြင်းမှာ ချန်ချင်းယွီ၏ နောက်ကွယ်မှ သိမ်မွေ့သော ကူညီပံ့ပိုးမှုများကြောင့်သာ ဖြစ်သည်။ လူအများ သိရှိထားသည်မှာ အဘွားကြီးကျောက် ရန်ပွဲများတွင် ဘယ်တော့မှ မရှုံးနိမ့်ဖူးသော ပွဲကြမ်းသူဖြစ်ပြီး မည်သူမျှ သွားရောက် မပတ်သက်ချင်သော လူမျိုး ဖြစ်နေခြင်းပင်။ အဘွားကြီးကျောက်၏ ဤကဲ့သို့သော ပုံရိပ်မှာ တကယ့်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး ဖြစ်၏။ ဤပုံရိပ်ကြောင့်ပင် သူတို့၏ မိသားစုမှာ ကြီးမားလှသော ဒုက္ခဆင်းရဲများစွာမှ ကင်းဝေးခဲ့ရပြီး၊ ချန်ချင်းယွီနှင့် ကလေးနှစ်ယောက်စလုံးမှာလည်း အလွန်အမင်း ချောမွေ့အဆင်ပြေသော လမ်းခရီးကို ဖြတ်သန်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ အကြောင်းမှာ မည်သူမျှ အဘွားကြီးကျောက်ကို လာရောက်၍ မရုန်းစိန်ရဲကြသောကြောင့်တည်း။ သူမသည် တိုက်ခိုက်ရာတွင် တော်ရုံတင်မက၊ အရှက်လည်းမရှိသည့်အပြင် ပြဿနာကိုပါ ရဲရဲဝံ့ဝံ့ ရှာတတ်သူပင်။ ထို့ကြောင့် လူတိုင်း ချန်ချင်းယွီကို သနားဂရုဏာ သက်နေကြသော်လည်း မည်သူမျှ ကြားထဲမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုကြပေ။
ချန်ချင်းယွီသည် ထိုလူများ စကားဦးသန်းလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူမနှင့် အဘွားကြီးကျောက်တို့မှာမူ တစ်ဦးကိုတစ်ဦး အပေးအယူမျှမျှဖြင့် တကယ့်ကို အတွဲညီလှပေသည်။
ချန်ချင်းယွီ ပြုံးလိုက်ရင်း
"အိမ်ထဲမှာ ထိုင်နေရတာ မွန်းကြပ်လွန်းလို့၊ အားလုံးပဲ တံခါးဝနားမှာ သွားထိုင်ကြရအောင်လေ"
"ကောင်းသားပဲ။"
"ဟုတ်ပတ်အေ... ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ တီဗီကြည့်လို့ရတာမှ မဟုတ်တာ။"
မိန်းမသားများတင်မက၊ ဝင်းထဲရှိ အမျိုးသားအချို့ပင်လျှင် တကယ့်ကို မနာလိုအားကျစိတ်များဖြင့် အလုအယက် လာရောက်ကြည့်ရှုကြနေကြ၏။ တီဗီကို မနှစ်သက်သူ မရှိပေ။
ယနေ့တွင်မူ လူတိုင်း ရှေ့ဝင်းထဲ၌ စုဝေးမနေကြဘဲ ဒုတိယဝင်းထဲတွင် စကားစမြည် ပြောဆိုနေကြသည်မှာ တော်တော်လေး ရှားပါးလှသည့် မြင်ကွင်းတည်း။ ချန်ချင်းယွီ ပြတင်းပေါက်အောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ပန်းအိုးများထဲရှိ ရှားစောင်းလက်ပတ်ပင်များကို လိုက်လံပြင်ဆင်နေခဲ့သည်။ မကြာသေးခင်၌ သူမသည် ပန်းအိုးအကြီးစား အများအပြားကို ဝယ်ယူခဲ့သဖြင့် သူမ၏ ပြတင်းပေါက်အောက်တွင် အစီအရီ တန်းနေခဲ့၏။
ရှီကျန့်ရှန်း မျက်မှောင်ကြုတ်လိုက်ရင်း
"ရှောင်ချန်... နင်က ရှားစောင်းလက်ပတ်ပင်တွေ ဒီလောက်အများကြီး စိုက်ထားတာကိုး။ ဒါတွေက စားလို့လည်းမရ၊ ဝတ်လို့လည်းမရတဲ့အပြင် ဆူးတွေလည်း ပါသေးတယ်။ တကယ့်ကို မလုံခြုံဘူးဟ... ငါ့ကလေးက ငယ်သေးတာ၊ အကယ်၍ ဆူး အထိုးခံရရင် ဘယ်လိုလုပ်မလဲ"
ချန်ချင်းယွီ စကားမဆိုရသေးမီမှာပင် အဘွားကြီးကျောက် ကြားမှ ချက်ချင်း ဝင်ရောက်ဟောက်ငေါက်တော့သည်။
"ငါ့ပြတင်းပေါက်အောက်မှာ ငါစိုက်တာ၊ နင်နဲ့ ဘာဆိုင်လို့လဲ။ နင့်မြေကွက်လေးကို နင်ပဲ ဂရုစိုက်စမ်းပါ။ ငါတို့ကိစ္စကို ဘာဖြစ်လို့ လာပြီး စွက်ဖက်ချင်နေရတာလဲ။ နင် အဲဒီလောက်အထိ အားနေရင် တီအန်းမင်ရင်ပြင်က အလံတင်အခမ်းအနား သွားကြည့်ပါလား။ တကယ့်ကို ဘဝင်မြင့်ပြီး နေရာတကာ လိုက်စွက်ဖက်ချင်နေတာပဲ။ အကယ်၍ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုရင်လည်း နင့်ကလေးကို သေသေချာချာ စောင့်ကြည့်လေ။ နင့်ကလေးက အသက်နှစ်နှစ်၊ သုံးနှစ်ပဲ ရှိသေးတာ၊ ဘာလဲ..."
အဘွားကြီးကျောက် ဆက်လက်၍ ဒေါသတကြီး စီးပိုးသည့် လေသံဖြင့် ပြောချလိုက်ရာ ရှီကျန့်ရှန်းတစ်ယောက် ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားရတော့သည်။
"နင်က ကလေးကို သေချာမကြည့်ဘဲ ဒီအတိုင်း ပစ်ထားချင်တာလား..... အဘွားဖြစ်တဲ့လူက အခြေအနေကို မျက်စိဒေါက်ထောက်ကြည့်ရမှာ မဟုတ်ဘူးလား..... နင်ကိုယ်တိုင်လည်း အဝေးရောက်နေတာမှ မဟုတ်ဘဲနဲ့။ အကယ်၍ ဒါတောင်မှ ဆူးစူးတယ်ဆိုရင် ဒါက နင့်အပြစ်ပဲ။ ကလေးကို သေသေချာချာ မကြည့်တဲ့သူက ဘယ်သူလဲ။ ဝင်းထဲက ကလေးအကြီးတွေကို ပြောရမယ်ဆိုရင်တော့ သူတို့အတွက် ပိုလို့တောင် စိုးရိမ်စရာ မလိုသေးတယ်။ ဘာလဲ... နင်က သူတို့ကို ငတုံးတွေလို့ ထင်နေတာလား။ ကလေးအကြီးတွေက ဒါက ရှားစောင်းလက်ပတ်ပင်၊ ကိုင်လို့မရဘူးဆိုတာကို မသိဘဲ နေမလား။ ငါပြောပြမယ်... ဒါကို ငါ့ပြတင်းပေါက်အောက်မှာ ငါထားတာ။ နင်တို့ဘာသာ သတိမထားလို့ ဆူးစူးရင် နင်တို့ကိစ္စပဲ၊ ငါတို့မိသားစုကိစ္စကို လာပြီး စွက်ဖက်ဖို့ လုံးဝ မတွေးနဲ့"
ဒီသေနာမ အဘွားကြီးကတော့...
အဘွားကြီးကျောက် မရပ်မနား ဆက်လက်၍ ထပ်လောင်းပြောဆိုလိုက်၏။
"ငါတို့မိသားစုမှာက အားနွဲ့တဲ့ မိန်းမသားတွေနဲ့ ကလေးတွေပဲ ရှိတာ။ ရှားစောင်းလက်ပတ်ပင်အချို့ စိုက်ထားတာက ဘေးကင်းလုံခြုံဖို့အတွက်ပဲဥစ္စာ။ ဘာလဲ... အဲဒါကော မရဘူးလား"
"ရပါပြီ၊ ရပါပြီ၊ ရပါပြီ... ဟုတ်ပြီလား။ နင်ကတော့ တကယ့်ကို ရန်တွေ့တာ ဆရာကြီးပဲ။"
ရှီကျန့်ရှန်းသည် ဆွံ့အသွားရပြီး ဤအဘွားကြီးနှင့် ထပ်မံ၍ အငြင်းပွားရန် လုံးဝ ဆန္ဒမရှိတော့ပေ။
ပိုင်ဖုန်းရှန်း အခြေအနေကို ပြေလည်စေရန်အတွက် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရင်း
"ဟေ့... ဒီနေ့က တနင်္ဂနွေနေ့ပဲဥစ္စာ၊ နင်တို့နှစ်ယောက် ဈေးသွားမခင်းကြဘူးလား။ တနင်္ဂနွေနေ့က အစည်ကားဆုံးနေ့ မဟုတ်ဘူးလား"
ချန်ချင်းယွီ : "ဒီနေ့ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်နေတာရယ်၊ ပြီးတော့ ကျွန်မတို့တွေကလည်း ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းရတော့မှာဆိုတော့ ဒီနေ့တစ်ရက်တော့ အနားယူလိုက်တာပါ။ မေဒေး အားလပ်ရက်က သဘက်ခါဆိုရင် စတော့မှာဆိုတော့ အဲဒီအချိန်ကျရင်တော့ လူတွေ တကယ့်ကို စည်ကားနေမှာ သေချာတယ်။ အော်... ဒါနဲ့၊ ဒီနေ့ လီလင်းလင်း အိမ်မှာ ရှိမနေဘူးလား"
ချန်ချင်းယွီသည် လီလင်းလင်းကို တကယ်ပင် နားမလည်နိုင်ချေ။ ထိုမိန်းကလေး၏ စိတ်ထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို သူမ လုံးဝ မသိရှိသည်တကား။ သူတို့နှစ်ဦး အတူတူ ဈေးခင်းရောင်းချကြသည့်အခါ တစ်ဖက်လူ၏ အရောင်းအဝယ်မှာ ထိုးဆင်းသွားခဲ့ပြီး၊ သူမနှင့် တကယ့်ကို ကွာခြားလှပေသည်။ သို့သော်လည်း လီလင်းလင်းသည် တစ်ပတ်ကျော်တိုင်အောင် ဇွတ်အတင်း ဇွဲနပဲဖြင့် ဆက်လက်လုပ်ကိုင်နေခဲ့၏။
ချန်ချင်းယွီ တကယ်ပင် အံ့ဩမိတော့သည်။
ဒီမိန်းကလေးက ပိုက်ဆံမရရင်နေပါစေ၊ အရှုံးမပေးဘဲ ငါနဲ့ ပြိုင်ဆိုင်ဖို့အတွက် တစ်ရက်တာ အားလပ်ရက်ကိုတောင် အလဟဿ အဖြစ်ခံတယ်ပေါ့…
ဤကဲ့သို့သော ပြိုင်ဆိုင်မှုမျိုးမှာ ဘာအဓိပ္ပာယ် ရှိမည်နည်း။ ချန်ချင်းယွီ စိတ်ရှုပ်ထွေးမိသလို အလွန်အမင်းလည်း အံ့အားသင့်မိ၏။
သို့သော်လည်း၊ မျက်နှာပျက်ပျက်ဖြင့် ဈေးနှုန်းလျှော့မပေးသည့်အပြင် သူမကိုပါ စူးစိုက်ကြည့်တတ်သော လီလင်းလင်းနှင့် ယှဉ်လျှင်၊ လတ်တလော၌ ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ များစွာ ပိုမိုကောင်းမွန်ခဲ့သည်။ လီလင်းလင်းသည် နေ့စဉ် နေ့တိုင်း ဘာမျှမရောင်းရသော်လည်း လာရောက်ရန် ဇွတ်အတင်း ဆုံးဖြတ်ထားဆဲ ဖြစ်၏။ သူမတွင် အလုပ်အကိုင် ရှိသော်လည်း နေ့တိုင်း ခွင့်တိုင်ကာ လာရောက်နေခဲ့ပြီး၊ ဇွဲအပြည့်ဖြင့် ဆက်လက်ကြိုးစားနေခဲ့သည်။ ထို့ပြင် သူမ၏ မျက်နှာအမူအရာမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့ပြီး မင်ရည်များ ကျဆင်းတော့မည့်အလား မည်းမှောင်နေကာ တကယ့်ကို စိတ်ပျက်အားလျော့နေပုံရ၏။ သူမ ဤကဲ့သို့ အမူအရာ ဖြစ်လေလေ၊ ပစ္စည်းများက ပို၍ မရောင်းရလေလေ ဖြစ်သည်။
ချန်ချင်းယွီသည် သူမကို ကြည့်ရင်း စိတ်ထဲမှ သနားဂရုဏာသက်မှုကို မထိန်းနိုင်ခဲ့ပေ။
သနားစရာကောင်းလိုက်တာ...
သို့သော် ဤအခြေအနေမှ အကျိုးအမြတ် ရရှိနေသူတစ်ဦးအနေဖြင့်မူ၊ ဤကဲ့သို့ ခေါင်းမာလှသော မိန်းကလေးကို သူမ သွားရောက်၍ တားဆီးမည် မဟုတ်ပေ။
မြင်ကြတယ်မလား… ယွမ်ဟောက်ဖုန်းကိုယ်တိုင်ပင်လျှင် သူမကို ဖျောင်းဖျ၍ မရခဲ့ချေ။ ယွမ်ဟောက်ဖုန်းတစ်ယောက် ဒေါသအိုး ပေါက်ကွဲနေသော်လည်း လီလင်းလင်းကို စည်းရုံး၍မရကြောင်း ချန်ချင်းယွီ သိရှိထားသည်၊ ၎င်းမှာ လီလင်းလင်း မည်မျှအထိ ခေါင်းမာသည်ကို သက်သေပြနေခြင်းပင် ဖြစ်၏။ သူမသည် ယွမ်ဟောက်ဖုန်းနှင့် အတူရှိရန် ဇွတ်အတင်း ခေါင်းမာခဲ့သလို၊ ချန်ချင်းယွီနှင့် ပြိုင်ဆိုင်ရန်အတွက်လည်း ဇွတ်အတင်း ခေါင်းမာနေခဲ့သည်။
"ဟေ့... ရှောင်ချန်၊ လင်းလင်းက နင်နဲ့အတူတူ ဈေးခင်းနေတာလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ်ပါတယ်"
သူမ ပွင့်ပွင့်လင်းလင်းဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
"ကျွန်မတို့ နှစ်ယောက်လုံး ရှီချာဟိုင်နားမှာ ဈေးခင်းကြတာပါ"
"အော်... ဟုတ်လား။ ဒါနဲ့ သူမရဲ့ အရောင်းအဝယ်ကော ဘယ်လိုလဲ။ ငါတော့ သူမကို နေ့တိုင်း မျက်နှာဆူပုပ်ပုပ်နဲ့ပဲ မြင်နေရတာ။"
အဒေါ်ကြီးမေ့ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပြီး
"ပြီးတော့ ဟောက်ဖုန်းကလည်း မကြာသေးခင်ကစလို့ နေ့တိုင်း စိတ်တိုနေပုံရပြီး ဘယ်တော့မှ မပျော်ရွှင်ဘူး ဖြစ်နေတာ"
"သူမရဲ့ အရောင်းအဝယ်က ကျွန်မလောက် မကောင်းပါဘူး"
"ကျွန်မက ဈေးအရင်စခင်းတာ ဖြစ်တဲ့အပြင်၊ ဖောက်သည်အဟောင်းတွေကလည်း ဖောက်သည်အသစ်တွေကို ခေါ်လာပေးကြတာဆိုတော့ ကျွန်မဆီကို လူတွေ ပိုပြီး လာကြတာပေါ့။ ဒါ့အပြင် ကျွန်မက ဘောင်းဘီတွေတင်မကဘဲ အင်္ကျီတွေကိုပါ တွဲပြီး ရောင်းတာကိုး။ လူတိုင်းက ဂျင်းဘောင်းဘီကို သဘောကျကြတာ မဟုတ်ဘူးလေ၊ တီရှပ်တွေကျတော့ တကယ့်ကို အသုံးဝင်တာလေ။ လူအများစုက ဘောင်းဘီမဝယ်ကြပေမဲ့ အင်္ကျီအတွက်ပဲ လာကြတာ။ တကယ်လို့ တစ်စုံလုံး ဝယ်မယ်ဆိုရင်လည်း ကျွန်မက ဆံပင်ကလစ် (ဆံပင်အသုံးအဆောင်) တစ်ခု လက်ဆောင်ပေးတာဆိုတော့ သူမထက် ပိုပြီး အရောင်းသွက်တာပေါ့"
ဤအရာများမှာ လျှို့ဝှက်ထား၍ရသော အရာများ မဟုတ်ချေ၊ သူမ ဘာမျှမပြောလျှင်ပင် အခြားလူများ သေချာပေါက် သိရှိကြမည်ဖြစ်သောကြောင့် ချန်ချင်းယွီသည် အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။
"ငါတော့ နင့်စကားကို ယုံတယ်။ ငါကတော့ အဲဒီ ဂျင်းဘောင်းဘီတွေကို တကယ်ကြည့်မရဘူးအေ။ တကယ့်ကို ကျပ်ကျပ်တည်းတည်းနဲ့ ထူးဆန်းလွန်းလှတယ်။ ဒါ့အပြင် အဲဒါက တကယ်ပဲ ခေတ်ဆန်လို့လား။ သက်သောင့်သက်သာလည်း ရှိပုံမရပါဘူး။"
"ဟုတ်တယ်အေ... နင်တို့လို လူငယ်တွေက တီဗီဇာတ်လမ်းတွဲတွေထဲက ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပြီး ဝယ်ကြတာ။ ငါလည်း အဲဒါတွေကို ကြည့်လို့ကောင်းတယ်လို့ မထင်ပါဘူး။ ဘာတွေမှန်းလည်း မသိဘူး၊ လုံးဝ စတိုင်မကျတဲ့အပြင် တကယ့်ကို ဟိုပြဒီပြ နိုင်လွန်းလှတယ်။"
"နင်တို့ အဲဒီလိုပြောတာကို ငါ တကယ် သဘောကျတယ်။ ငါလည်း ဂျင်းဘောင်းဘီတွေကို မကြိုက်ဘူး၊ ဒါပေမဲ့ ရှောင်ချန်ရဲ့ တီရှပ်တွေကတော့ တကယ့်ကို လှပပြီး အသုံးဝင်တာအမှန်ပဲ။"
"ဟုတ်တယ်၊ ဟုတ်တယ်။"
လူတိုင်း တတွတ်တွတ်ဖြင့် ဆွေးနွေးပြောဆိုလာကြတော့သည်။
ရှီကျန့်ရှန်း ချန်ချင်းယွီကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် လှမ်းကြည့်လိုက်ရင်း
"ရှောင်ချန်... နင် ဒီအသုတ်ကို ရောင်းပြီးသွားရင် တောင်ပိုင်းကို ထပ်သွားဦးမလား။ ဒါမှမဟုတ် ဂျင်းဘောင်းဘီတွေကိုပဲ ထပ်ပြီး ဝယ်ဦးမလား"
ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်ရင်း ပကတိပြတ် ပြောချလိုက်၏။
"ဒီအသုတ်ကို ရောင်းပြီးသွားရင်တော့ ကျွန်မ ဂျင်းဘောင်းဘီတွေကို ထပ်ပြီး ဝယ်ဖို့ အစီအစဉ် မရှိတော့ပါဘူး"
သူမသည် မိမိပစ္စည်း မည်မျှအထိ ရောင်းချထားပြီးကြောင်း အတိအကျ သိရှိနေသည့်အပြင် အခြားဆိုင်အချို့တွင်လည်း ဤပစ္စည်းများကို စတင်ရောင်းချနေကြပြီ ဖြစ်သည်။ မှောင်ခိုဈေးကွက်ထဲတွင်လည်း ဈေးနှုန်းများ စတင်ကျဆင်းနေပြီဟု ကြားသိရသဖြင့် ချန်ချင်းယွီအနေဖြင့် ပစ္စည်းအများကြီး မကျန်တော့ခြင်းမှာ တကယ့်ကို ကံကောင်းလှပေသည်။ ဤအသုတ်ကို ရောင်းချပြီးသွားပါက သူမအနေဖြင့် အခြားအရာတစ်ခုခုသို့ သေချာပေါက် ပြောင်းလဲလဲလှယ်ရတော့မည် ဖြစ်၏။
"ဒါဆိုရင် နင်က ဘာကို ဆက်ရောင်းမှာလဲ"
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့်
"ကျွန်မလည်း မဆုံးဖြတ်ရသေးပါဘူး"
ရှီကျန့်ရှန်းမှာ သူမ မဆုံးဖြတ်ရသေးဘူးဆိုသည်ကို လုံးဝမယုံကြည်ဘဲ မပြောချင်၍သာ ဟန်ဆောင်နေခြင်းဖြစ်သည်ဟု တွေးကာ ပါးစပ်ကို စူလိုက်မိသည်။
တကယ့်ကို လည်လိုက်တဲ့ မိန်းမ…
ချန်ချင်းယွီမှာ အခြားလူများ မည်သို့တွေးသည်ကို ဂရုမစိုက်ကာ၊ သူမတွင် ဘာမျှမသိနားမလည်သည့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦး၏ မျက်နှာအမူအရာသာ ရှိနေ၏။
သူမ ပန်းအိုးများကို နေရာတကျ စီစဉ်ပြီးနောက် လက်ကို ခါထုတ်ကာ ထရပ်လိုက်ရင်း လှမ်းမေးလိုက်သည်။
"ကျွန်မ ငါးမမျှားရတာ တော်တော်ကြာပြီဆိုတော့ ငါးသွားမျှားမလို့။ လိုက်ခဲ့ကြဦးမလား"
ကျန်လူများမှာ ခေါင်းကို ခါယမ်းလိုက်ကြသည်။ သူတို့ ဤအလုပ်တွင် တကယ်ကို မကျွမ်းကျင်ကြသဖြင့် ချန်ချင်းယွီတစ်ယောက်တည်းသာ အပြင်သို့ ထွက်လာခဲ့၏။
အဘွားကြီးကျောက်မှာ ချန်ချင်းယွီ ဘာလုပ်သည်ကို ဂရုမစိုက်ဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြွားဝါနေသည်။
"ငါ့မိသားစုရဲ့ ကောင်းမွန်တဲ့ ဘဝဆိုတာ အားလုံး ငါ့ကြောင့် ဖြစ်လာတာဟေ့။ ငါသာ မရှိရင် အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲတောင် မသိဘူး။ လူကြီးသူမ ရှိတဲ့အိမ်က ရတနာရှိတဲ့အိမ်နဲ့ တူတယ်လို့ ပြောကြတယ် မဟုတ်လား။ နင်တို့တွေကတော့ အလုပ်လုပ်ရတာ အဆင်မပြေသေးပါဘူးအေ။ ငါ့ကိုပဲ ကြည့်ဦး..."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာဖြင့် မျက်နှာလွှဲလိုက်ကြတော့သည်။
သူတို့အဘွားကတော့ တကယ့်ကို ကြွားလုံးထုတ်ရတာ ဝါသနာပါလွန်းလှပါဘိ… တကယ့်ကို အဆမတန် ကြွားတတ်လွန်းလှပေတယ်…။
ချန်ချင်းယွီ တစ်ဦးတည်း ငါးမျှားရန် ထွက်လာခဲ့သည်။ ဤနေရာသို့ မလာရောက်ဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် သူမအနေဖြင့် အနည်းငယ် လက်သားမကျနေသည့်နှယ် ခံစားရ၏။ သို့သော်လည်း လမ်းတွင် ရင်းနှီးနေသော လူအချို့နှင့် ဆုံတွေ့ခဲ့ရာ သူတို့မှာ လှမ်း၍ နှုတ်ဆက်ကြသည်။
"ရှောင်ချန်... နင် ဒီကို မလာတာ တော်တော်ကြာပြီနော်"
"ဘာလဲ... နင် ငါးမမျှားတော့ဘူးလို့ ငါတောင် ထင်နေတာ။ ဒီရက်ပိုင်း ဘာတွေ အလုပ်ရှုပ်နေတာလဲ"
"နင့်ကို မတွေ့ရတာ တကယ်ပဲ ကြာပြီပဲ။ နင့်ကလေးနှစ်ယောက်ကော... နင်နဲ့အတူ ပါမလာဘူးလား"
သူမအနေဖြင့် ထိုလူများ၏ နာမည်များကို မသိရှိသော်ငြား၊ သူတို့သည် ဤနေရာတွင် အမြဲတမ်း ငါးမျှားတတ်ကြသူများ ဖြစ်သောကြောင့် အားလုံးကို မှတ်မိနေခဲ့သည်။
ချန်ချင်းယွီ : "ဒီရက်ပိုင်း ကျွန်မ လမ်းဘေးမှာ ဆိုင်ခင်းပြီး နေ့တိုင်း ပစ္စည်းတွေ လိုက်ရောင်းနေလို့ပါ"
"တစ်ကိုယ်တော် ကိုယ်ပိုင်စီးပွားရေး လုပ်နေတာလား။ အဲဒါက သိပ်ပြီး အဆင်မပြေလှပါဘူး။"
"ဟုတ်တယ်ဟ.. နင်က ဘာဖြစ်လို့ ဒီလိုစိတ်ကူးမျိုး ပေါက်သွားရတာလဲ"
သက်ကြီးရွယ်အိုများမှာ အတွေ့အကြုံ ပိုမိုများပြားကြသဖြင့် ယေဘုယျအားဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို သဘောမတူတတ်ကြသော်လည်း၊ ချန်ချင်းယွီမှာ အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ သဘာဝကျကျဖြင့်ပင် ပြောဆိုလိုက်၏။
"ကျွန်မကလေးတွေလည်း ကြီးကုန်ကြပြီဆိုတော့ အိမ်အသုံးစရိတ်အတွက် ပိုက်ဆံလေး ဘာလေး ရှာရတာပေါ့။ အလုပ်အကိုင် ရှိတဲ့လူတွေကတော့ လမ်းဘေးမှာ ဆိုင်ခင်းစရာ မလိုဘူးဆိုပေမဲ့၊ ကျွန်မကကျတော့ အလုပ်မှ မရှိတာပဲဥစ္စာ၊ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်အားနဲ့ကိုယ် ပိုက်ဆံရှာတာ ဘာမှ အပြစ်ရှိတာမှ မဟုတ်ဘဲ"
"ရှောင်ချန်... နင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေသင့်တယ်လို့ ငါ နင့်ကို အမြဲတမ်း ပြောခဲ့သားပဲ။ နင်က အထက်တန်းအောင်ထားတဲ့လူ၊ ပြီးတော့ ငယ်လည်းငယ်သေးတော့ ဘွဲ့ရပြီးရင် အလုပ်ကောင်းကောင်း ရဖို့က ပိုပြီး အဆင်ပြေတာပေါ့။ အဲဒါကို နင်က နားမထောင်ဘူး"
ဆရာယွီသည် မဆိုင်းမတွ ရောက်ရှိလာခဲ့သည်။ သူသည် ချန်ချင်းယွီနှင့် အနည်းငယ် ပိုမိုရင်းနှီးသူဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် သူဖမ်းမိသော ငါးများကိုပင် သူမ၏ မိသားစုထံသို့ လာရောက်ပေးပို့တတ်သေး၏။ ချန်ချင်းယွီမှာလည်း ၎င်းတို့ကို ပိုက်ဆံပေး၍ ဝယ်ယူလေ့ရှိသည်။ ချန်ချင်းယွီမှာ အလွန်အမင်း ထက်မြက်သူဖြစ်ပြီး အကယ်၍ သေသေချာချာ ကြိုးစားပမ်းစား စာကျက်မည်ဆိုပါက စာမေးပွဲကို ဧကန်မုချ အောင်မြင်နိုင်လိမ့်မည်ဟု သူ တွေးတောနေခဲ့၏။
သို့သော်လည်း ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်ရင်း ပြုံးပြကာ
"ကျွန်မ မလုပ်နိုင်ပါဘူးဆရာရယ်၊ ကျွန်မ ကျောင်းပြီးခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အပြင် စာတွေကိုလည်း အကုန်မေ့ကုန်ပါပြီ။ ဒါ့အပြင် အဲဒီတုန်းက အထက်တန်းကျောင်းမှာလည်း ကျွန်မတို့ကို သေသေချာချာ သင်ပေးခဲ့တာမှ မဟုတ်တာ"
"အဲဒီတုန်းက သေသေချာချာ မသင်ပေးခဲ့ဘူးဆိုပေမဲ့ အခြားလူတွေလည်း နင်နဲ့ အတူတူပါပဲ။ နင်က ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းနေတာပါ"
ကျွန်မက အားကစားသမားတစ်ယောက်ပဲဥစ္စာ၊ ကျွန်မရဲ့ စာမေးပွဲအမှတ်တွေက ဘယ်လောက်အထိ ကောင်းနိုင်မှာမလို့လဲရှင်… ဒုက္ခပါပဲ…
ချန်ချင်းယွီ တွေးတောရင်း ပြုံးလိုက်မိသည်။
သူမ ဆက်လက်၍ ဆိုလိုက်ကာ
"ကျွန်မ တကယ် မလုပ်နိုင်ပါဘူး။ စာအုပ်တွေကို လက်လွှတ်ခဲ့တာ ကြာပြီမလို့ ဘာမှ မမှတ်မိတော့ဘူးဆရာ။ ဆရာယွီ... ငါးမျှားလို့ ရခဲ့ရဲ့လားဟင်။ ကျွန်မကို အချို့လောက် ခွဲပေးပါဦးလား။ ခဲရာခဲဆစ် လာရတာဆိုတော့ လက်ဗလာနဲ့တော့ အိမ်မပြန်ချင်ဘူးလေ"
ဆရာယွီ : "ငါလည်း အခုမှ ရောက်တာဆိုတော့ ဘာမှ မမိသေးဘူး။ နင် ခဏစောင့်ဦး၊ ငါ ငါးမိရင် နင့်ကို ခွဲပေးပါ့မယ်"
"ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့။"
"လာပါ ရှောင်ချန်... ငါ့ငါးတွေကို နင့်ကို ခွဲပေးပါ့မယ်"
အခြားလူတစ်ဦးလည်း လှမ်းပြောလေ၏။
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါ"
ဟိုးယခင်က ကုန်သွယ်မှု (မှောင်ခိုလုပ်ငန်း) များကို ခွင့်မပြုခဲ့သောကြောင့် လူတိုင်း ပစ္စည်းများကို တစ်ဦးနှင့်တစ်ဦး "လဲလှယ်" တတ်ကြပြီး၊ ယခုအချိန်တွင်မူ ပို၍ပင် ထိုသို့ လုပ်ဆောင်ကြ၏။ ဘယ်သို့မျှ မတတ်နိုင်ချေ၊ မည်သည့် ငါးမျှားသမားမျှ လက်ဗလာဖြင့် အိမ်မပြန်ချင်ကြသဖြင့် လူတိုင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လဲလှယ်နေကြခြင်း ဖြစ်သည်။
အချို့သော ငါးမျှားသမားများမှဋ ငါးကို ရိုးရိုးရှင်းရှင်း စားသုံးချင်ကြပြီး၊ အချို့မှာမူ ကြွားဝါချင်ကြကာ၊ အချို့မှာလည်း ပိုက်ဆံအနည်းငယ်နှင့် လဲလှယ်ချင်ကြသဖြင့် လူတိုင်း မိမိတို့ အလိုရှိရာကို အသီးသီး ရရှိကြ၏။
"အကောင်ကြီးကြီး... ဒီအကောင်ကြီးကို လိုချင်တယ်..."
"ရတယ်၊ ရတယ်... ဒီမှာ ယူလိုက်ပါ။ အမှန်တော့ အကောင်အသေးလေးတွေကလည်း အဆင်ပြေပါတယ်၊ ငါးအသေးလေးတွေကို ကြော်စားရင် ပိုပြီး အရသာရှိတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ့မိသားစု ချက်စားသေးတယ်၊ တကယ့်ကို ကောင်းမှကောင်း။ ဒါပေမဲ့ ဆီတွေ အများကြီး သုံးလိုက်ရလို့ တစ်လလုံးလုံး နှမြောလို့ မဆုံးဘူး ဖြစ်သွားတယ်"
ချန်ချင်းယွီ တဟီးဟီးနှင့် ရယ်မောမိတော့သည်။ သူမ ဤနေရာသို့ မလာရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ဤနေရာမှ ငါးမျှားသမားများမှာမူ တစ်ဦးနှင့်တစ်ဦး တော်တော်လေး ရင်းနှီးနေကြဆဲ ဖြစ်သည်။
"ရှောင်ချန်... ဒီကို ခဏလောက် လာပါဦး။"
ချန်ချင်းယွီသည် ထိုအသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ၊ ၎င်းမှာ ဒုတိယ စက်ရုံမှူးဟယ် ဖြစ်နေသည်ကို အံ့ဩစရာ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူမကို လှမ်းခေါ်လိုက်သူမှာ ဒုစက်ရုံမှူးဟယ် မဟုတ်ဘဲ၊ အသက်ခြောက်ဆယ်ကျော် သို့မဟုတ် ခုနစ်ဆယ်ဝန်းကျင်ခန့် ရှိပြီး ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်၏။ ချန်ချင်းယွီ သူ့ကို မှတ်မိသည်၊ သူသည် ဆောင်းရာသီတွင် ငါးဖမ်းရန်အတွက် ရေခဲပြင်ကို အပေါက်ဖောက်ဖို့ လူငှားလေ့ရှိသော ပုံမှန်ငါးမျှားသမားကြီး ဖြစ်သည်။ ထိုသူမှာ... ဒုစက်ရုံမှူး ဟယ်၏ ဖခင်ပင် ဖြစ်ပေသည်။
သူတို့သည် လွန်ခဲ့သောနှစ်အနည်းငယ်၌ သူ့ကို ကူညီကယ်ဆယ်ဖူးသောကြောင့် ထိုအဘိုးအိုသည် ရေခဲပြင်ကို အပေါက်ဖောက်သည့်အခါတိုင်း သူတို့ကို အမြဲတမ်း လှမ်းခေါ်လေ့ရှိသဖြင့် တကယ့်ကို ရင်းနှီးကျွမ်းဝင်သူတစ်ဦး ဖြစ်နေခဲ့၏။
ချန်ချင်းယွီ : "အဘိုး... ကျွန်မကို တစ်ခုခု ပြောမလို့လားဟင်"
အဘိုးဟယ် : "နင် လမ်းဘေးမှာ ဆိုင်ခင်းနေတယ်လို့ ငါကြားတယ်။ အဲဒါက ကောင်းတဲ့အလုပ် မဟုတ်ပါဘူး။ နင် စာအုပ်ဆိုင်မှာ သွားပြီး အလုပ်လုပ်ပါလား၊ ငါ နင့်ကို ထောက်ခံချက်ပေးပြီး သွင်းပေးလို့ရတယ်"
ချန်ချင်းယွီသည် ခဏမျှ ကြောင်အသွားပြီးနောက် ပြုံးပြ၍ ခေါင်းခါယမ်းကာ ငြင်းပယ်လိုက်သည်။
"မလိုပါဘူးအဘိုး၊ ကျွန်မက အလုပ်လုပ်ရတာကို သဘောမကျဘူး၊ တကယ့်ကို ချုပ်ချယ်လွန်းလို့ပါ။ ကျေးဇူးတင်ပါတယ်"
"နင်ကလည်း အားနာတတ်လိုက်တာ ကလေးရယ်..."
ချန်ချင်းယွီ : "ကျွန်မ တကယ်ပဲ အလုပ်မလုပ်ချင်လို့ပါ အဘိုး။ လမ်းဘေးမှာ ဆိုင်ခင်းရတာကို အထင်မသေးပါနဲ့ဦး၊ တကယ့်ကို အဆင်ပြေပါတယ်။ တစ်ခါတစ်ရံမှာ လူနပ်ကောင်အချို့နဲ့ ဆုံတွေ့ရတတ်တယ်ဆိုပေမဲ့ ကျွန်မကတော့ မကြောက်ပါဘူး။ ပြီးတော့ လမ်းဘေးဆိုင်ခင်းတာက ဝင်ငွေလည်း ကောင်းတယ်၊ ကိုယ်လုပ်ချင်တဲ့အချိန်လုပ်ပြီး နားချင်တဲ့အချိန် နားလို့ရတာဆိုတော့ ကျွန်မနဲ့ တကယ့်ကို အကိုက်ညီဆုံးပဲ"
ချန်ချင်းယွီသည် ဒုစက်ရုံမှူး ဟယ်နှင့် ဆက်ဆံသည်ထက် အဘိုးဟယ်နှင့် ဆက်ဆံရာတွင် ပိုမို၍ ရိုးသားဖြူစင်လှ၏။
"ကျွန်မ တောင်ပိုင်းကို နှစ်ခေါက်သွားခဲ့တယ် အဘိုး"
"အော်... တော်တော်လေး ဝေးဝေးလံလံ သွားခဲ့တာပဲ။ တောင်ပိုင်းက ဘယ်လိုလဲဟင်။"
ချန်ချင်းယွီ :"တကယ့်ကို ကောင်းတယ်အဘိုး။ ကျွန်မ ကွမ်ကျိုးကို သွားခဲ့တာ။ အဲဒီမှာ တကယ့်ကို စည်ကားပြီး လူတိုင်းက အလုပ်ရှုပ်နေကြတာပဲ၊ အထူးသဖြင့် လက်ကားဈေးကွက်ကြီးတွေပေါ့။ ဟောင်ကောင်က လူတွေတောင် ပစ္စည်းလာဝယ်ကြတာ အများကြီး တွေ့ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီမှာ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်လေး မြန်တယ်။ ပေကျင်းနဲ့ ခံစားချက်ချင်း မတူဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် တစ်နေရာစီမှာ သူ့အားသာချက်နဲ့သူ ရှိကြတာပါပဲ"
"ဒါဆိုရင် နင်က ဘယ်နေရာကို ပိုပြီး သဘောကျလဲ။"
ချန်ချင်းယွီ : "ဒါကတော့ ထင်ရှားပါတယ်၊ ကျွန်မကတော့ ကိုယ်ါရဲ့ ဇာတိအိမ်ကိုပဲ ပိုပြီး သဘောကျတာပေါ့"
"နင် ရှန်းကျန်းကိုကော မသွားခဲ့ဘူးလား။"
ချန်ချင်းယွီ ခေါင်းခါယမ်းလိုက်ရင်း
"မသွားဖြစ်ဘူးအဘိုး။ အမှန်တော့ ရှန်းကျန်း ဒါမှမဟုတ် ကွမ်ကျိုးကို လားဆိုပြီး စဉ်းစားခဲ့သေးတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကွမ်ကျိုးကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တာ။ ရှန်းကျန်းကကျတော့ ပိုပြီး အလုပ်ရှုပ်တယ်၊ လုပ်ထုံးလုပ်နည်းတွေလည်း ပိုများတယ်လေ။ အဲဒီမှာ စည်းကမ်းပို တင်းကျပ်တယ်လို့ ကြားတယ်၊ ပြီးတော့ နေရာသစ်ဆိုတော့ ပစ္စည်းဝယ်ဖို့အတွက် ကွမ်ကျိုးလောက် အဆင်မပြေလောက်ဘူး။ ကျွန်မက ဆိုင်ခင်းရောင်းတယ်ဆိုပေမဲ့ ပြဿနာတက်ရတာကို မကြိုက်ဘူးလေ။ ဟောင်ကောင်ကို သွားတဲ့လူတွေ အများကြီးရှိလို့ စည်းကမ်းတွေ ပိုပြီး တင်းကျပ်တာ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ပစ္စည်းဝယ်ရုံသက်သက်ပဲဆိုတော့ ပိုပြီး အဆင်ပြေမယ့် လမ်းကြောင်းကိုပဲ သေချာပေါက် ရွေးချယ်ခဲ့တာပါ"
"နင်က တကယ့်ကို ပွင့်လင်းတာပဲ။"
ချန်ချင်းယွီ ခပ်ဖွဖွလေး ပြုံးလိုက်ရင်း
"ဒါက ဒီအတိုင်း စကားစမြည် ပြောနေကြတာပဲဥစ္စာ... ဘာမှမဖြစ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်မူဝါဒကလည်း ခွင့်ပြုထားတာပဲလေ။ ကျွန်မက လမ်းဘေးဈေးသည် သက်သက်ပဲဟာ၊ အလုပ်ရုံအသေးစားလေးတောင် မဟုတ်တာကို စိုးရိမ်စရာ ဘာမှမရှိပါဘူး"
"ဒါကတော့ အမှန်ပဲ။ ငါ ကွမ်ကျိုးကို မရောက်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ။ နင် ငါ့ကို အဲဒီအကြောင်းလေး ပြောပြပါဦးလား။"
ချန်ချင်းယွီ : "ရတာပေါ့အဘိုး၊ ကျွန်မ ငါးမျှားတံလေး ချထားတုန်း ခဏစောင့်ဦးနော်"
"ကောင်းပြီ။"
ဒုစက်ရုံမှူး ဟယ်မှာ ချန်ချင်းယွီထံသို့ ကုလားထိုင်တစ်လုံး ကမ်းပေးလိုက်သည်။
ချန်ချင်းယွီ : "ကျေးဇူးတင်ပါတယ်၊ စက်ရုံမှူး ဟယ်"
ဒုစက်ရုံမှူး ဟယ် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း
"ငါ့ကို အစ်ကိုဟယ်လို့ပဲ ခေါ်ပါ၊ ဒါမှမဟုတ် ငါ့နာမည် ဟယ်မင်လို့ ခေါ်ရင်လည်း ရပါတယ်။ အခု တို့တွေက စက်ရုံထဲမှာ ရှိနေတာ မဟုတ်တော့ ရာထူးနာမည်နဲ့ ခေါ်နေရတာက သိပ်ပြီး မသင့်တော်လှဘူး"
ချန်ချင်းယွီ : "ကောင်းပါပြီ"
သူမသည် ထိုကုလားထိုင်ကို ယူလိုက်ပြီး လွယ်လွယ်ကူကူပင် သဘောတူလိုက်သော်လည်း နာမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူတို့က ရင်းနှီးလှသည်မဟုတ်ဘဲ ဆုံတွေ့ရခဲလှပေသည်။ ချန်ချင်းယွီ နောက်တစ်ကြိမ် သူ့ကို တွေ့သည့်အခါတွင်လည်း ဒုစက်ရုံမှူး ဟယ်ဟုသာ ဆက်လက်ခေါ်ဆိုရန် စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။
အစ်ကိုဟယ်.. ဟယ်မင်.. ဘယ်ဟာမှ သိပ်ပြီး မသင့်တော်ပါဘူးနော်…
သူမသည် ငါးစာကို ချိတ်လိုက်ပြီးနောက် မော့ကြည့်ကာ ဆရာယွီကို လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။ ဆရာယွီ အနားသို့ ပြေးလာရင်း "တစ်ယွမ်" ဟု ဆိုရာ၊
ချန်ချင်းယွီ ပိုက်ဆံကို ကမ်းပေးလိုက်၏။
ဟယ်မိသားစု သားအဖနှစ်ယောက် : "..."
နင်တို့တွေ အရောင်းအဝယ် ဖြစ်တာ တကယ့်ကို မြန်ဆန်လှချည်လား…
သို့သော်လည်း ဆရာယွီမှာ ငါးစာစပ်ရာတွင် ပိုမိုကျွမ်းကျင်ကြောင်း အဘိုးဟယ် သိရှိသည်။
"သူက သူ့ရဲ့ငါးစာက တမူထူးခြားတဲ့ လျှို့ဝှက်နည်းလို့ ပြောနေတာ၊ ငါ့ငါးစာထက် ဘာမျှ ပိုကောင်းနေတာလည်း မဟုတ်ဘဲနဲ့"
အဘိုးအို မကျေမနပ်ဖြင့် ဆိုလေ၏။
ချန်ချင်းယွီ : "..."
အဘိုးကတော့ ကြွားလုံးထုတ်နေပြန်ပြီ…
"ရှောင်ချန်... ငါ့ကို ကွမ်ကျိုးအကြောင်း ပြောပြပါဦး။"
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါ"
ထိုအဘိုးအိုနှင့် မိန်းမငယ်လေးတို့မှာ တတွတ်တွတ်ဖြင့် စကားစမြည် ပြောဆိုကြတော့သည်။
ဟယ်မင်သည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ခပ်ဖွဖွလေး ပြုံးလိုက်မိ၏။
အမျိုးသားဟူသည် မည်မျှပင် အသက်ကြီးပါစေ၊ အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် အလှအပကို အမြဲတမ်း သဘောကျတတ်ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီသည် လှပသူတစ်ဦး ဖြစ်သော်လည်း ယခင်၌ သူမအပေါ် မည်သည့်စိတ်ခံစားချက်မျှ မရှိခဲ့ချေ၊ မည်သို့ပင်ဖြစ်စေ သူမတွင် ကလေးပင် ရှိနေပြီ မဟုတ်လော့။ ၎င်းပြင် သူမသည် သူ၏ ဖခင်ကို ကယ်ဆယ်ဖူးသူဖြစ်ရာ သူသည် ထိုမျှအထိ အရှက်မရှိသူ မဟုတ်ပေ။ သူ၏ အချစ်ရေးဘဝမှာ ရှုပ်ထွေးလှသည်မှန်သော်လည်း အဓမ္မပြုကျင့်တတ်သူ မဟုတ်ဘဲ အပြန်အလှန် သဘောတူညီမှုကိုသာ အလေးထားသူ ဖြစ်၏။
သူသည် မူလ၌ ချန်ချင်းယွီအပေါ် စိတ်ဝင်စားခြင်း မရှိခဲ့သော်လည်း ယခုကဲ့သို့ အနီးကပ် ရှိနေသည့်အခါမှသာ... သူမမှာ အလွန်အမင်း ထူးခြားစွာ လှပနေသည်ကို သတိပြုမိတော့သည်။ ၎င်းမှာ ကြည့်လေလေ ပို၍ စွဲမက်စရာကောင်းလေလေဖြစ်သော အလှမျိုး ဖြစ်ပေ၏။ ပထမဆုံးတစ်ချက်ကြည့်လိုက်လျှင် လှပသည်ဟု ထင်ရသော်လည်း ၎င်းမှာ နူးညံ့သိမ်မွေ့ပြီး သန့်စင်သော အလှမျိုးဖြစ်ကာ စူးရှတောက်ပသော အလှမျိုး မဟုတ်ချေ။ သို့သော် သူမသည် ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်စေပြီး အနီးကပ်စိစစ်မှုကို ခံနိုင်ရည်ရှိလှသည်၊ ပိုမိုနီးကပ်စွာ ကြည့်လေလေ သူမသည် ပိုမိုတောက်ပကာ ပို၍ လှပလာလေလေ ဖြစ်သည်။
ဟယ်မင် ချန်ချင်းယွီကို နောက်ထပ် အနည်းငယ် စူးစိုက်ကြည့်မိရာ၊ ချန်ချင်းယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ ဤကဲ့သို့သော လူမျိုး၏ စူးစိုက်ကြည့်ခြင်းကို ခံရသည်မှာ မည်သို့ပင်ဖြစ်စေ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။ သူမ ပစ္စည်းများသိမ်းဆည်းကာ ချက်ချင်း ထွက်ခွာသွားချင်စိတ် ပေါက်လာခဲ့၏။
သို့သော်လည်း အဘိုးဟယ်မှာ တစ်ခုခုကို သတိပြုမိသွားပုံရပြီး သူ၏ သားဖြစ်သူကို စိုက်ကြည့်ကာ
"သွား... ငါ့အတွက် သစ်သီးအချို့ သွားဝယ်ပေးစမ်း"
ဟယ်မင် : "..."
ဒါက သူ့ကို တမင်သက်သက် မောင်းထုတ်လိုက်တာပဲဥစ္စာ…
"ကောင်းပါပြီ"
သို့သော် သူ ငြင်းပယ်ခြင်းမပြုဘဲ ထွက်ခွာသွားခဲ့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် အဘိုးဟယ်မှာ နှစ်သိမ့်စကားဆိုကာ
"ဒီကောင်လေးကို စိတ်ထဲမထားပါနဲ့ ကလေးရယ်၊ ဘာမှ မစိုးရိမ်ပါနဲ့၊ သူ မကောင်းတဲ့ စိတ်ရည်ရွယ်ချက် မရှိပါဘူး"
ချန်ချင်းယွီ တဟီးဟီးနှင့် ရယ်မောလိုက်သည်။
သူက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်မ မသိဘူးလို့ တွေးနေတာလား။…
ယွမ်ရှောင်ချွေ၏ အဖြစ်အပျက်မှာ စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်။ ယွမ်ရှောင်ချွေကိုယ်တိုင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ သူတို့သည် ကျောက်ရုံ၏ လှည့်စားခြင်းကို ခံခဲ့ရသည် ဖြစ်ပါစေ... သူမကို အတင်းအဓမ္မ အရက်တိုက်ခဲ့သူများမှာ သူတို့ကိုယ်တိုင်ပင် မဟုတ်လော့။ ၎င်းတင်မကသေးဘဲ ထိုသို့လုပ်ဆောင်ရန် လူအများအပြားပင် လိုအပ်ခဲ့သေးသည်။ ၎င်းမှာ သူတို့ တကယ်ပင် ဆန္ဒရှိရှိ လုပ်ဆောင်ခဲ့ကြသည့် အရာများတည်း။
အော့အန်ချင်စရာ...
မည်သည့်ဖခင်မျှ မိမိ၏ သားသမီးကို မကောင်းမပြောတတ်သဖြင့် ချန်ချင်းယွီလည်း အငြင်းပွါးမနေတော့ချေ။ သူမ အလိုက်သင့်လေး ရယ်မောလိုက်ရင်း
"အဘိုးဟယ်... အချိန်လည်း တော်တော်ရှိသွားပြီဆိုတော့ ကျွန်မ သွားရတော့မယ်"
အဘိုးဟယ် သူမကို နက်နက်နဲနဲ လှမ်းကြည့်လိုက်ရင်း
"ကောင်းပါပြီ ပြန်ချင်ပြန်တော့လေ၊ ပြီးတော့ နင့်ရဲ့ လမ်းဘေးဆိုင်လေးကိုပဲ အာရုံစိုက်မနေဘဲ ငါးမျှားဖို့လည်း လာခဲ့ဦးနော်။ တို့တွေရဲ့ ငါးမျှားဖော် အဘိုးကြီးတွေအားလုံး ဒီမှာ ရှိနေဆဲပဲဥစ္စာ"
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါအဘိုး"
အဘိုးဟယ် : "ဒီတစ်ဝိုက်မှာတော့ နင်နဲ့ငါက ကြွားလုံးအထုတ်နိုင်ဆုံးပဲ"
ချန်ချင်းယွီတစ်ယောက် ခဏမျှ ကြောင်အသွားပြီးနောက် ဗြုန်းခနဲ ကျယ်လောင်စွာ ရယ်မောမိတော့သည်။ ဟုတ်သားပဲ… သူတို့နှစ်ဦးစလုံးမှာ ငါးကို အများဆုံး ဝယ်ယူတတ်ကြသူများဖြစ်ပြီး မိမိတို့ဘာသာ ဖမ်းမိသည့်အလား အိမ်သို့ သယ်ဆောင်သွားတတ်ကြသူများ မဟုတ်လော့။ မည်သူမျှ သူတို့လောက် အသုံးအဖြုန်း မကြီးကြချေ။
"သွားတော့၊ သွားတော့... တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ဒီဘက်ကို လာရှာလှည့်ပါ"
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါအဘိုး"
သူမသည် မိမိ၏ ပစ္စည်းများကို သိမ်းဆည်းကာ ဘေးပတ်ပတ်လည်သို့ လျှောက်သွားလိုက်ပြီး မကြာမီမှာပင် ငါးပုံးလေးမှာ အပြည့်ဖြစ်သွားခဲ့ပြီးနောက် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။
အဘိုးဟယ်က တဟားဟားနှင့် ရယ်မောရင်း ခေါင်းကို ခါယမ်းလိုက်မိ၏။
"အဖေ..."
ဟယ်မင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ချန်ချင်းယွီကို မမြင်တွေ့ရသည့်အခါ အံ့ဩစွာဖြင့် လှမ်းမေးသည်။
"သူမ ဘယ်ရောက်သွားတာလဲ"
"သူမ သွားပြီ။"
အဘိုးဟယ်သည် အတွင်းရေးမှူး ကျန်းကဲ့သို့လူမျိုး မဟုတ်ပေ။ သူသည် သူ၏ သားဖြစ်သူကို သတိပေးလိုက်ကာ
"မင်းက အသက်တော်တော်ကြီးနေပြီ၊ မိန်းမငယ်လေးတွေကိုပဲ အမြဲတမ်း စူးစိုက်မကြည့်နေနဲ့တော့။"
ဟယ်မင် : "သူမက ဘယ်လို မိန်းမငယ်လေးမလို့လဲ။ သူမရဲ့ ကလေးတွေတောင် ကြီးကုန်ကြပြီ မဟုတ်ဘူးလား"
"သူမက မင်းထက် အများကြီး ငယ်သေးတယ်၊ ဒါကြောင့် ကိုယ့်ရဲ့ အပြုအမူကို ဆင်ခြင်စမ်း။"
ဟယ်မင် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း
"အဖေကလည်း ဘာတွေ ပြောနေတာလဲ။ တို့နှစ်ယောက်စလုံးက အိမ်ထောင်မရှိကြသေးတာပဲဟာ၊ ကျွန်တော်က စိတ်မဝင်စားဘူးလို့ မပြောပါနဲ့ဦး၊ တကယ်လို့ စိတ်ဝင်စားရင်တောင်မှ..."
"သူမက မင်းကို သဘောမကျပါဘူး။ သူမက မင်းအပေါ် သတိထားပြီး အကွာအဝေးတစ်ခု ထားနေတာကို မမြင်ဘူးလား။ မင်းရဲ့ ရှုပ်ထွေးလှတဲ့ အရှက်မရှိတဲ့ ကိစ္စတွေကို ငါ ထပ်ပြီး မပြောချင်တော့ဘူး။ ရှောင်ချန်က တကယ့် လူကောင်းတစ်ယောက်၊ ပြီးတော့ သူမ ဘဝကလည်း တော်တော်လေး ပင်ပန်းဆင်းရဲခဲ့တာ။ မင်း သူမနဲ့ ဝေးဝေးမှာ နေစမ်းပါ"
အဘိုးဟယ် ဆက်လက်၍ ပြတ်ပြတ်သားသား ပြောချလိုက်၏။
"သူမက စိတ်သဘောထား ရိုးဖြူလွန်းတယ်၊ မင်းလို လူမျိုးနဲ့ လုံးဝ မသင့်တော်ဘူး"
ဟယ်မင် : "..."
"အဖေကတော့ အမြဲတမ်း သူစိမ်းတွေကိုပဲ ကာကွယ်ပေးနေတာပဲ"
သူ တိုးညှင်းစွာ ညည်းတွားလိုက်မိသည်။
"ဘာဖြစ်လို့လဲဆိုတော့ ငါက မင်းအကြောင်းကို ကောင်းကောင်းကြီး သိနေလို့ပေါ့။ မင်းက အသက်လေးဆယ်ကျော်နေပြီ၊ လူငယ်လေး မဟုတ်တော့ဘူး။ စိတ်မချရတဲ့ အလုပ်မရှိ အလုပ်တွေကို လုပ်မနေနဲ့တော့"
အဘိုးအို ဆုံးမလိုက်လေသည်။
ဟယ်မင်မှာ အမြဲတမ်း ဤကဲ့သို့ပင် ဘဝင်မြင့်တတ်သူ ဖြစ်သည်၊ သူ့အဖေဖြစ်သူသာ သူ့ကို ဤကဲ့သို့ ပြောဝံ့ခြင်း ဖြစ်၏။ အခြားလူသာဆိုလျှင် ဒေါသထွက်သွားလောက်ပြီ ဖြစ်သည်။
"ငါ မင်းကို အဘိုးကြီးကျန်းနဲ့ ပေါင်းဖို့ ခွင့်မပြုခဲ့သင့်ဘူး၊ မင်း ကောင်းတာတစ်ခုမှ သင်မလာဘူး။"
ဟယ်မင် : "အဖေကလည်း ဘာဖြစ်လို့ ဒီလိုပြောရတာလဲ..."
အဘိုးဟယ် : "ဟိုတစ်နေ့က အဘိုးကြီးကျန်း ငါ့ဆီလာပြီး၊ သူ့သမီး ကျန်းယုံဟုန်နဲ့ နင့်ကို ပြန်ပြီး အိမ်ထောင်ပြုစေချင်တဲ့အကြောင်း ရိပ်ဖမ်းသံဖမ်း လာပြီး စကားကမ်းလှမ်းသွားတယ်။ မင်းကော ဘာတွေးလဲ။ ကျန်းယုံဟုန်ကလည်း လင်ကွာထားတဲ့လူ၊ မင်းကလည်း မုဆိုးဖိုဆိုတော့ နှစ်ယောက်စလုံး တစ်ကိုယ်ရေတည်း ဖြစ်နေတာပဲဥစ္စာ"
ဟယ်မင် : "တော်စမ်းပါဗျာ၊ သူက ဘယ်လိုအကြံကောင်းတွေ လာထုတ်နေတာလဲ။ သူ့မိသားစုက ပျက်စီးနေပြီဟာကို၊ ကျန်းယုံဟုန်ရဲ့ အရှုပ်ထုပ်ကို လာပြီး သိမ်းဆည်းပေးရအောင် ကျွန်တော်က ရူးနေလို့လား။ တကယ်လို့ ကျွန်တော်ကသာ ကျန်းယုံဟုန်နဲ့ ညားရင် လမ်းမပေါ်က ချောချောလှလှ လူငယ်လေးတွေထဲက ဆယ်ယောက်မှာ ရှစ်ယောက်က သူမနဲ့ အိပ်ဖူးတဲ့ လူတွေချည်းပဲ ဖြစ်နေလိမ့်မယ်၊ အဲဒီထဲမှာ ယောက်ဖတွေချည်းပဲ ဖြစ်နေမှာပေါ့။ ကျွန်တော်ကတော့ အဲဒီလို အရှက်ခွဲတာမျိုးကို မခံနိုင်ဘူး။ ကျွန်တော်က အောက်ကျို့ခံတတ်တဲ့ ချဲယုံဖုန်း မဟုတ်ဘူးဗျ။ သူတို့က တကယ်ကို အိပ်မက်ယဉ်နေကြတာပဲ၊ ကျွန်တော့်ကို လူအလို့ ထင်နေကြတာလား။ သူတို့သာ နောက်တစ်ခွန်း ထပ်ပြောရဲရင် ကျွန်တော် ကန်ချပစ်မယ်။ တကယ့်ကို အဓမ္မကောင်တွေ"
အခြားလူများ ကျန်းမိသားစု၏ နောက်ကြောင်းကို မသိရှိကြသော်လည်း သူသည်ကား အကုန်အစင်ကို ကောင်းကောင်းကြီး သိနေခဲ့၏။ ကျန်းယုံဟုန်မှာ သာမန်မိန်းမတစ်ဦး မဟုတ်ပေ။
အဘိုးဟယ် : "မင်း ပြောလိုက်တဲ့ စကားက..."
ဟယ်မင် : "ကျွန်တော်ပြောတာ အရှိကိုအရှိအတိုင်းပဲလေ။ ကျန်းယုံဟုန်က ကလေးမရတာကို ချဲယုံဖုန်းရဲ့ အပြစ်လို့ လာပြီး ပုံချနေတာကို ကျွန်တော် လုံးဝမယုံဘူး။ သူမက အပြင်မှာ လျှောက်ပြီး ပျော်ပါးနေတာ။ ကျွန်တော်ကတော့ ကိုယ့်ခေါင်းပေါ် အစိမ်းရောင်ဦးထုပ် အဆောင်းမခံနိုင်ဘူးဗျာ"
အဘိုးဟယ် : "ရပြီ၊ ရပြီ၊ ငါသိပြီ၊ စကားကို ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့"
"သူမကတော့ လုပ်ရဲပြီး၊ ကျွန်တော်က ဒီအတိုင်း ပြောလိုက်တာတင် ရိုင်းစိုင်းသွားတာလားဗျာ"
အဘိုးဟယ် : "တော်ပြီ၊ တော်ပြီ"
"ထားလိုက်ပါတော့၊ သူမအကြောင်းကို မပြောနဲ့တော့။ အဲဒီ ချန်ချင်းယွီကကျတော့..."
"ငါ ထပ်ပြီး သတိပေးမယ်နော်၊ သူမနဲ့ ဝေးဝေးမှာ နေစမ်းပါ။"
ဟယ်မင် မျက်မှောင်ကြုတ်လိုက်ရင်း
"ရပါပြီ၊ ရပါပြီ၊ အဖေကတော့ တကယ့်ကို ဘက်လိုက်လွန်းတယ်။ အဖေတို့နှစ်ယောက်က အဲဒီလောက်အထိ ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့..."
"သူမက ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ပဲဥစ္စာ၊ ငါက ကျေးဇူးကန်းတဲ့လူ မဖြစ်နိုင်ဘူး။ မင်းနဲ့ သူမက လုံးဝ မထိုက်တန်ဘူး"
ဟယ်မင် : "..."
ကျွန်တော်က သူမကို ယူမယ်လို့တောင် မပြောရသေးပါဘူးနော်… အဖေကတော့ တကယ့်ကို...
ဘာပဲဖြစ်ဖြစ်၊ ဤအဘိုးအိုမှာ ရှေးရိုးစွဲလွန်းလှပေသည်။
ချန်ချင်းယွီသည် သူမ ထွက်ခွာသွားပြီးနောက် နောက်ကွယ်တွင် ဤကဲ့သို့သော စကားဝိုင်းမျိုး ရှိခဲ့လိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ချန်ချင်းယွီအနေဖြင့် ဤအကြောင်းကို မသိရှိခြင်းမှာ ကံကောင်းလှပေသည်၊ မဟုတ်ပါက သူမ ထိုသူကို သွားရောက်၍ ထိုးနှက်ချင်စိတ် ပေါက်သွားပေလိမ့်မည်။ သူမသည် ဟယ်မင်ကို တကယ်ပင် ကြည့်မရပေ။
ဤကဲ့သို့သော လူမျိုးများမှာ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပြီး၊ အုပ်စုလိုက် စုဝေးကာ အတူတူ ကစားနိုင်ကြခြင်းမှာပင် သူတို့၏ စရိုက်လက္ခဏာ နိမ့်ကျပုံကို ဖော်ပြနေခြင်း ဖြစ်၏။ ချန်ချင်းယွီမှာ အကြိုက်နှင့် အမုန်း သေချာခွဲခြားသိပြီး ပြတ်သားသူတစ်ဦး ဖြစ်သည်၊ အကယ်၍ တစ်စုံတစ်ဦးကို မုန်းတီးပါက မုန်းတီးသည်သာဖြစ်ပြီး၊ ဘယ်တော့မှ ဟန်ဆောင်၍ ကောင်းမွန်စွာ ဆက်ဆံတတ်သူ မဟုတ်ပေ။ သို့သော်လည်း၊ သူမသည် ယခုအချိန်တွင် ဤအကြောင်းကို မသိရှိသေးသဖြင့် မိမိ၏ စက်ဘီးကို တက်ကြွစွာ နင်းနှင်ရင်း အိမ်သို့ ပြန်လာခဲ့တော့၏။
ယနေ့သည် သူမ၏ အိမ်တက်မင်္ဂလာနေ့ ဖြစ်သောကြောင့်၊ ချန်ချင်းယွီသည် ပုံမှန်ကဲ့သို့ အပြင်မှ ဟင်းဝယ်မစားတော့ဘဲ ကိုယ်တိုင်ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ အဘွားကြီးကျောက်သည် ချန်ချင်းယွီ ပြန်ရောက်လာသည်ကို မြင်သောအခါ အမြန်ပင် ဝင်ရောက်ကူညီပေးခဲ့ပြီး၊ ခဏချင်းအတွင်း ဝင်းတစ်ခုလုံးတွင် ဟင်းချက်သည့် မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှံသွား၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကိုမူ ဘေပင်းယန်ဆိုဒါရည် သွားဝယ်ရန် လွှတ်လိုက်သည်။
ချန်ချင်းယွီ ပြုံး၍
"တို့မိသားစုရဲ့ ဘဝကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းမွန်လာပြီနော်"
"ဒါပေါ့... သေချာတာပေါ့..."
အဘွားကြီးကျောက် ပြန်တုံ့ပြန်လိုက်၏။
ဟင်းခြောက်ခွက်နှင့် စွပ်ပြုတ်တစ်ခွက်၊ တကယ့်ကို မြိန်ယှက်ဖွယ် ဟင်းပွဲကောင်းများပင်…
အဘွားကြီးကျောက် ပျော်ရွှင်စွာဖြင့်
"နင် သိလား... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာဆိုရင်၊ ငါတို့ အခုလိုမျိုး ကောင်းမွန်တဲ့ ဘဝနဲ့ နေထိုင်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားမှာလဲ"
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။
"ခဏကျရင် တို့တွေ တစ်ခွက်လောက် သောက်ကြတာပေါ့။ ဒါကြောင့်မလို့ အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲဖို့အတွက် ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို ဘေပင်းယန် ဆိုဒါရည် သွားဝယ်ခိုင်းထားတာ။"
အဘွားကြီးကျောက် : "အဲဒီစိတ်ကူးက တကယ့်ကို ကောင်းတယ်။ ဟေး... အခု ဒီအခန်းက တော်တော်လေး ကျယ်ဝန်းသွားပြီဆိုတော့ ကလေးတွေ စကားကြားသွားမှာကို တို့တွေ ထပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
သူမ သက်ပြင်းချရင်း ဆိုလိုက်၏။
ဟိုးယခင်၌ နေရာကျဉ်းမြောင်းစဉ် သူမနှင့် သူမ၏ ချွေးမတို့သည် ကလေးများ ကြားသွားမည်ကို စိုးရိမ်သဖြင့် ကလေးများ အိပ်ပျော်သွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှသာ ကိစ္စရပ်များကို တိုးတိုးတိုးတိုး ဆွေးနွေးခဲ့ကြရသည်။ ယခုအခါတွင်မူ များစွာ ပိုမိုကောင်းမွန်သွားခဲ့ပြီ ဖြစ်၏။ တစ်ဦးစီတွင် ကိုယ်ပိုင်အခန်း ရှိကြပြီဖြစ်ရာ သူတို့ စိတ်ကြိုက် တီးတိုးစကား ပြောဆိုနိုင်ကြပြီ ဖြစ်သည်။
အဘွားကြီးကျောက် : "ဟေး... ဒါနဲ့ နင့်အဖေ ကိစ္စကကော..." ဟ
ချန်ချင်းယွီ : "မေဒေး အားလပ်ရက် ပြီးရင်တော့ တို့တွေ ပစ္စည်းအများကြီး မကျန်တော့ဘူး။ အားလပ်ရက်အတွင်းမှာ အကုန်လုံး ရောင်းထွက်သွားလိမ့်မယ်လို့ ထင်တာပဲ။ အားလပ်ရက်ပြီးရင်တော့ ကျွန်မ တောင်ပေါ်ကိုတက်ပြီး သင်္ချိုင်းမြေကို သွားရှင်းလင်းရင်း မြွေအချို့ သွားဖမ်းမလို့"
ဤအရာမှာ ထိုနေ့ တောင်ပေါ်မှဆင်းလာကတည်းက သူမ စဉ်းစားထားခဲ့သည့် အရာဖြစ်သော်လည်း လက်တွေ့တွင်မူ အကောင်အထည် မဖော်ရသေးပေ။
အဘွားကြီးကျောက် လန့်ဖျန့်သွားခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
"မြွေဖမ်းမလို့ ဟုတ်လား.. နင်... နင်... နင်... သူတို့ကို အဆိပ်ခတ်မလို့လား"
ချန်ချင်းယွီ : "ကျွန်မ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေကို မလုပ်ပါဘူး။ အမေ မတော်တရော်တွေ လျှောက်တွေးနေပြီ"
"ဒါဆိုရင် အဲဒီမြွေတွေက..."
ချန်ချင်းယွီ : "ကျွန်မ အဆိပ်ရှိတဲ့ မြွေတွေကို ဖမ်းမှာ မဟုတ်ပါဘူး။ သာမန်မြွေတွေကိုပဲ ဖမ်းမှာ။ သူတို့ကို နည်းနည်းလောက် ခြောက်လှန့်ရုံတင်ပါ"
အဘွားကြီးကျောက်တစ်ယောက် ဆွံ့အသွားရတော့သည်။
"အဲဒါက နာလည်းမနာ၊ ယားလည်းမယားဘဲနဲ့၊ ပြီးတော့ မြွေကိုတောင် ချက်စားလို့ရသေးတာပဲဥစ္စာ..."
ချန်ချင်းယွီ : "အဲဒီအကောင်တွေမှာ သန်ကောင်၊ ဗတ်တီးရီးယားတွေ အများကြီး ရှိတာမလို့ စားဖို့ မကောင်းပါဘူး။ အမေ ဒေါ်လေးဟွမ်ရဲ့ အစာဆိပ်သင့်တဲ့ အဖြစ်အပျက်ကို မေ့သွားပြီလား။ အို... ကျွန်မကလည်း ဘာဖြစ်လို့ ဒါတွေကို လာပြောနေမိတာလဲ။ အဓိက အချက်ကိုပဲ ပြောရအောင်၊ ကျွန်မ ပြောပြမယ်... အဲဒါက နာတာ၊ ယားတာတင် မဟုတ်ဘူးနော်။ ကျွန်မက အဆိပ်မရှိတဲ့ မြွေတွေကို ဖမ်းတယ်ဆိုပေမဲ့ သူတို့က အဆိပ်ရှိမရှိ သိတာမှ မဟုတ်ဘဲ။ ဒါ့အပြင် သူတို့တွေ ဒီလို သရဲတစ္ဆေ ပုံပြင်မျိုးကို မကြောက်ဘူးလို့ ကျွန်မ လုံးဝမယုံဘူး... ချန်ရိကျွင်းက မေဒေး အားလပ်ရက်ပြီးရင် ဆေးရုံက ဆင်းရတော့မှာဆိုတော့၊ အဲဒီအချိန်ကျရင် ကျွန်မ သူ့ဆီကို သွားပြီး လူမမာမေး လှည့်လည်ရတာပေါ့"
ခဏမျှ နားလိုက်ပြီးနောက်၊ ချန်ချင်းယွီ ဆက်လက်ပြောဆိုလိုက်သည်။
"ကျွန်မ သူ့ကို တကယ်ကို မုန်းတီးတာ၊ ဒါပေမဲ့ ဥပဒေနဲ့ မလွတ်ကင်းတာတွေကိုလည်း တကယ်ပဲ မလုပ်နိုင်ဘူးလေ။ ဒါကြောင့်မလို့ သူ့ကို ဒီလိုနည်းနဲ့ပဲ စိတ်အနှောင့်အယှက်ပေးပြီး၊ အမြဲတမ်း သရဲခြောက်နေတဲ့ သူ့ရဲ့အိမ်က အမှန်တရားကို ထုတ်ဖော်ပြသလာမလားဆိုတာ စောင့်ကြည့်ရမှာပဲ။ တကယ်လို့ အမှန်တရား ပေါ်မလာရင်တောင်မှ သူ့ကို ဒုက္ခအချို့ ပေးနိုင်တာကလည်း မဆိုးပါဘူး"
ကိစ္စရပ်များစွာမှာ ဤကဲ့သို့ပင် ဖြစ်သည်၊ သင် အစပျိုးပေးလိုက်သော်လည်း နောက်ဆုံးရလဒ်က မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရခက်ခဲလှပေ၏။ သို့သော်လည်း ချန်ချင်းယွီမှာ စမ်းသပ်ကြည့်ချင်ဆဲ ဖြစ်သည်။ သူမ၏ မိခင်မှာ တကယ်ပင် သနားစရာကောင်းလှ၍ သူမသည် ဤအရာကို မိခင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သလို၊ မိမိကိုယ်တိုင်အတွက်လည်း လုပ်ဆောင်နေခြင်း ဖြစ်၏။
ချန်ရိကျွင်း သူမကို တွန်းချခဲ့သည်ကို သူမ ထင်ထင်ရှားရှား မှတ်မိနေခဲ့သည်။ အကယ်၍ သူမသာ လဲကျပြီး အတိတ်မေ့မသွားခဲ့ဘူးဆိုလျှင်၊ သူမအနေဖြင့် အဘိုးနှင့် အဘွားတို့ကို ဤနိုင်ငံမှ ထွက်ခွာသွားရန် ဖျောင်းဖျနိုင်ခဲ့ပေလိမ့်မည်။ အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်မနေဘဲ စောစောစီးစီး ထွက်ခွာသွားခဲ့ကြမည်ဆိုပါက... ဖြစ်နိုင်သည်မှာ သူမ၏ အဘိုး၊ အဘွားနှင့် ဦးလေးတို့ သေဆုံးရလိမ့်မည် မဟုတ်ချေ။ ဤစကားမှာ အခြားလူအပေါ် အပြစ်ပုံချနေသလိုမျိုး ဖြစ်နိုင်သော်လည်း၊ ၎င်းမှာ အရှိတရားပင် ဖြစ်ပေသည်။
အကယ်၍ သူတို့ စောစော ထွက်သွားခဲ့လျှင်၊ သူမ၏ ဦးလေးသည် အခြားလူကို ကူညီကယ်ဆယ်ရင်း သေဆုံးရလိမ့်မည် မဟုတ်ချေ။ သူမ၏ အဘိုးနှင့် အဘွားတို့သည်လည်း မီးသွေးခဲများ ရှို့ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူမသာ ငယ်စဉ်မှ အမှတ်သညာများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မည်ဆိုပါက၊ ထိုဘေးဒုက္ခများကို ရှောင်ရှားနိုင်ရန် သူတို့ကို မည်ကဲ့သို့ မဖျောင်းဖျဘဲ နေမည်နည်း။
သို့သော် သူမ အတိတ်မေ့သွားခဲ့ရပြီး၊ အဘိုးနှင့် အဘွားတို့မှာ အခြေအနေကို သိရှိကြသော်လည်း မျှော်လင့်ချက်အလင်းရောင်ကို ဆက်လက်ဆုပ်ကိုင်ထားခဲ့ကြသဖြင့် နောက်ဆုံးတွင် မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမှတ်မိခဲ့ကြခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် ဤအရာအားလုံးအတွက် ချန်ရိကျွင်းကိုသာ အပြစ်တင်မိ၏။
နှလုံးသားမရှိသော သေနာကောင်…
"ကျွန်မရဲ့ ဦးလေးတွေနဲ့ ဒေါ်လေးတွေကလည်း အသုံးမကျတဲ့လူတွေပဲ။ အမေ... အမေ ကျွန်မကို အကူအညီတစ်ခုလောက် ပေးရမယ်။"
"ပြောစမ်းပါဦး။"
"ဒီကိစ္စ ပြီးသွားတဲ့နောက်ပိုင်းကျရင်၊ သူတို့အကြောင်းကို ကျွန်မအတွက် စုံစမ်းပေးပါ။ သူတို့အားလုံးက ကျွန်မအမေဘက်က မိသားစုရဲ့ မိတ်ဆက်ပေးမှုကြောင့် အလုပ်အကိုင်တွေ ရရှိခဲ့ကြတာ။ ဒါပေမဲ့ သူတို့က ချန်ရိကျွင်းနဲ့ ဝေရှူ့ဖန်းတို့ကို ကူညီပြီး ကျွန်မအမေဆီကနေ အမှန်တရားကို ဖုံးကွယ်ထားခဲ့ကြတယ်။ တကယ့်ကို ယုတ်မာလွန်းတဲ့လူတွေပဲ။ သူတို့မှာ ဘာအမှားအယွင်းတွေ (အားနည်းချက်တွေ) ရှိလဲဆိုတာ ကျွန်မ သိချင်တယ်။ တကယ်လို့ သူတို့ရဲ့ အားနည်းချက်ကို ဖမ်းမိရင်တော့ သူတို့ကို သေသေချာချာ သင်ခန်းစာ ပေးရမယ်။"
အဘွားကြီးကျောက် : "ကောင်းပြီ၊ အခု ငါလည်း အလုပ်မလုပ်တော့ဘူးဆိုတော့ ဒါက ဘာမှ ပြဿနာမရှိပါဘူး"
ချန်ချင်းယွီ : "သတိထားပါဦးနော်၊ ဘယ်သူ့ကိုမှ မသိစေနဲ့၊ ပြီးတော့ သင့်တော်သလိုလည်း ရုပ်ဖျက်သွားဦး"
"အဲဒီအတွက်တော့ မစိုးရိမ်စရာမလိုပါဘူးအေ၊ ငါက အတွေ့အကြုံများလွန်းလို့ အံတိုနေတဲ့သူပါအေ့၊ ဒီလိုအရှုံးမျိုးကိုတော့ လုံးဝ မဖြစ်စေရဘူး"
အဘွားကြီးကျောက် ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ပြောကြားလိုက်သည်။
ယွီမေကျွမ်းတစ်ယောက် ဤကိစ္စကို ပြောပြပြီးကတည်းက ချန်ချင်းယွီ ၎င်းကို စိတ်ထဲ၌ မှတ်သားထားခဲ့ပြီး ဖြစ်၏။ သူမသည် မူလ၌ ထိုသူများကို ကူညီစောင့်ကြည့်ပေးရန် ယွီမေကျွမ်းကို အကူအညီတောင်းခံဖို့ စဉ်းစားခဲ့သော်လည်း၊ ဤစိတ်ကူးမှာ သူမ၏ ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာပြီးနောက်တွင်မူ ပြန်လည်စွန့်လွှတ်လိုက်တော့သည်။ သူမ ယွီမေကျွမ်းကို လုံးဝ မယုံကြည်ချေ။
အမှန်အတိုင်း ပြောရလျှင်၊ အဘွားကြီးကျောက်နှင့် နေ့စဉ်ရက်ဆက် ရန်ဖြစ်ငြင်းခုံနေရသော်ငြား၊ သူမအနေဖြင့် အဘွားကြီးကျောက်ကိုမူ ယုံကြည်စိတ်ချလှ၏။
တစ်ခါတစ်ရံတွင် လူ့လောကကြီး၌ ဤကဲ့သို့ပင် ဖြစ်တတ်သည်၊ သံယောဇဉ်သက်သက် ရှိနေရုံနှင့် မလုံလောက်ဘဲ... တူညီသောအကျိုးစီးပွား (အပေးအယူ) ရှိနေရန် အလွန်အမင်း အရေးကြီးလှပေသည်။ သူတို့နှစ်ဦး၏ အကျိုးစီးပွါးချင်း တစ်ထပ်တည်း ကျနေသောကြောင့် အဘွားကြီးကျောက်သည် သူမအပေါ် ဘယ်တော့မှ လိမ်လည်လှည့်ဖြားလိမ့်မည် မဟုတ်ပေ။ သို့သော် ယွီမေကျွမ်းမှာ ထိုသို့မဟုတ်ဘဲ အခြေအနေတစ်မျိုး ဖြစ်နေ၏။
ထို့ကြောင့် ချန်ချင်းယွီ ယွီမေကျွမ်းကို ပြတ်ပြတ်သားသားပင် ပြန်လွှတ်လိုက်တော့သည်။
"တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့၊ မလောပါနဲ့"
အဘွားကြီးကျောက် : "ကောင်းပါပြီ၊ ဒါနဲ့... တကယ်လို့ သူတို့မှာ ဘာအမှားအယွင်းမှ ရှာမတွေ့ရင်ကော ဘယ်လိုလုပ်မလဲ"
ချန်ချင်းယွီ : "တကယ်လို့ မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့၊ ဒါပေမဲ့ သူတို့ရဲ့ စရိုက်လက္ခဏာမျိုးနဲ့ဆိုရင် ဘာအမှားမှ မလုပ်ဖူးဘူးဆိုတာကို ကျွန်မ လုံးဝမယုံဘူး။ တကယ်လို့ တစ်ခုခုသာ ရှိနေခဲ့ရင်တော့ ကျွန်မ သေချာပေါက် ဖော်ထုတ်ပစ်မှာ"
အဘွားကြီးကျောက် : "ကောင်းပြီ၊ ဒီကိစ္စကို ငါ့ကိုပဲ လွှဲထားလိုက်ပါ"
သူတို့နှစ်ဦး တိုင်ပင်ဆွေးနွေးပြီးနောက်တွင်မူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့သည် ဝင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လှမ်း၍ အော်ဟစ်လိုက်ကြ၏။
"အမေ... သားတို့တွေ ပြန်ရောက်ပြီ..."
ချန်ချင်းယွီ : "အေးအေး... ဟင်းတွေလည်း အကုန်အဆင်သင့်ဖြစ်နေပြီ၊ နင်တို့ကိုပဲ စောင့်နေတာ"
မိသားစုဝင်များမှာ ချက်ချင်းပင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြတော့သည်။
အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
"တီဗီကို စမ်းကြည့်ရအောင်၊ တီဗီကို မြန်မြန်စမ်းကြည့်ရအောင်"
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါ"
သူမသည် တီဗီကို အမြန်ပင် ဖွင့်လိုက်ရာ၊ ရှောင်ကျားမှာ
"ကျွန်တော် အင်တင်နာကို ချိန်ညှိရမယ်၊ ကျွန်တော့်ဘာသာ ကျွန်တော် လုပ်မယ်"
မကြာမီမှာပင် တီဗီစခရင်ပေါ်၌ ရုပ်ပုံများ ပေါ်ထွက်လာခဲ့ပြီး၊ ပုံရိပ်မှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာခဲ့တော့သည်။
"အာ... အစီအစဉ်တစ်ခု ပြနေပြီ..."
ရှောင်ယွမ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
အဘွားကြီးကျောက် : "ဘုရားရေ... ဘုရားရေ... ငါ့ဖြင့် မယုံနိုင်စရာပဲ..."
ဘာပြောရမှန်းမသိဘဲ မိမိ၏ လက်နှစ်ဖက်ကို အထပ်ထပ် ပွတ်သပ်နေမိလေသည်။
အခု သူတို့ နေထိုင်နေရတဲ့ ဘဝက ဘယ်လိုမျိုးကြီးလဲ…ဒါက တကယ့်ကို ကောင်းလွန်းလှချည်လား…မြေပိုင်ရှင်ကြီး တစ်ယောက်ဖြစ်ခွင့်နဲ့ လာလဲရင်တောင်မှ မလဲနိုင်ပါဘူးအေ...
တီဗီစခရင်မှာ မကြာမီပင် ပွင့်လာခဲ့ပြီး အစီအစဉ်၏ အသံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ညနေခင်းပိုင်းတွင် ပြသသော ကလေးအစီအစဉ်တစ်ခု ဖြစ်သောကြောင့် ကလေးနှစ်ဦးလုံးမှာ ချက်ချင်းပင် ကျောကိုမတ်၍ သေသေချာချာ ထိုင်ကြည့်ကြတော့၏။
ချန်ချင်းယွီ ခဏမျှ ကြည့်လိုက်ပြီးနောက်
"ဒါကို 'အက်စထရိုဘွိုင်း'လို့ ခေါ်တာ"
ဝိုး... ဒါက နိုင်ငံခြားကနေ တင်သွင်းလာတဲ့ ကာတွန်းကားပဲကိုး…
"အမေက တကယ့်ကို သိတာများတာပဲ..."
"ဒါပေါ့... သေချာတာပေါ့။"
ချန်ချင်းယွီ ရယ်မောလိုက်သည်။
တီဗီမှ ထွက်ပေါ်လာသော အသံများကြောင့် ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများမှာ ချက်ချင်းပင် ဆွဲဆောင်ခြင်း ခံလိုက်ရ၏။ အချိန်မှာ ညစာစားချိန် ဖြစ်နေသော်ငြားလည်း၊ တီဗီ၏ ဆွဲဆောင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် လူတိုင်း မနေနိုင်မထိုင်နိုင် လာရောက်ကြည့်ရှုကြတော့သည်။ ချန်ချင်းယွီမှာ မည်သူ့ကိုမျှ ဟင်းတစ်လုပ်၊ ထမင်းတစ်လုတ်ပင် စားရန် မဖိတ်ခေါ်ဘဲ မိမိဘာသာ စိတ်ကြိုက် စားသောက်နေခဲ့၏။
အဘွားကြီးကျောက် လာကြည့်သူများကို
"တို့တွေ ထမင်းစားနေတာကို လာပြီး မပိတ်ဆို့ကြနဲ့ဦးလေ"
"ဟေ့... တို့တွေက တီဗီပဲ ကြည့်နေတာပါ။ နင်တို့မိသားစုကတော့ တကယ့်ကို ဟင်းကောင်းတွေ စားနေတာပဲနော်။"
"ဒါပေါ့... ဒီနေ့က တို့တွေ အိမ်အသစ်ပြောင်းတဲ့နေ့ပဲဥစ္စာ၊ ဟင်းကောင်းကောင်း မစားလို့ ဘယ်ဖြစ်မလဲ။ နင်တို့တွေ မစားရပေမဲ့ အနံ့တော့ ရကြတယ် မဟုတ်လား။ ဒီဟင်းနံ့က တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတာကိုး"
အဘွားကြီးကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်၏။
အခြားလူများ : "..."
ညည်းကတော့ ကြွားနိုင်လွန်းပါတယ်အေ…
သူတို့အနေဖြင့် ဤကဲ့သို့သော ဟင်းကောင်း၊ သောက်စရာကောင်းများကို မြည်းစမ်းခွင့် မရရှိကြသော်လည်း အနည်းဆုံးတော့ တီဗီ ကြည့်ခွင့်ရသည် မဟုတ်လော့။
ကောင်းမွန်လှသော အစားအသောက်များမှာ ငြင်းပယ်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ လူတိုင်းသည် မိမိတို့ ဘဝ၏တစ်ချိန်ချိန်၌ ဤကဲ့သို့သော စားသောက်ပွဲများကို ကြုံတွေ့ဖူးကြသည်သာ ဖြစ်သည်။ ၎င်းမှာ ထူးဆန်းသော်လည်း လူတိုင်း မြင်ဖူးနေကျ အရာတစ်ခု ဖြစ်ပေ၏။
သို့သော်လည်း ရောင်စုံတီဗီဆိုသည်မှာမူ သူတို့အတွက် တကယ့်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ဒါက တကယ့်ကို ရောင်စုံကြီးပဲဟေ့... အဖြူအမည်း တီဗီတွေနဲ့ လုံးဝမတူဘူး။"
"ဈေးနှုန်းချင်းကလည်း ကွာတာကိုး... ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှတာ။"
"နင် ပြောတာ ဟုတ်တယ်။"
"ဟေ့... နင် သိလား၊ ဈေးကြီးတယ်ဆိုပေမဲ့ တကယ့်ကို ကောင်းတာအမှန်ပဲဥစ္စာ..."
"ဒေါ်လေးကျောက်... ဒေါ်လေးတို့သာ ဒီတီဗီကို မဝယ်ခဲ့ရင် တို့တစ်ဝင်းလုံးက လူတွေ ဘယ်အချိန်ကျမှ ရောင်စုံတီဗီကို ကြည့်ခွင့်ရမလဲတောင် မသိဘူး။ ဒေါ်လေးတို့ကြောင့် တို့တွေ တကယ့်ကို အမြင်ကျယ်သွားရတယ်..."
အချို့သော လူများမှာ သူမကို မြှောက်ပင့်ပြောဆိုနေကြခြင်း ဖြစ်သည်၊ အကယ်၍ သူမကို သေသေချာချာ မြှောက်ပင့်ပေးမည်ဆိုပါက နေ့တိုင်း လာရောက်ကြည့်ရှုခွင့် ရရှိမည် ဖြစ်၏။ အကယ်၍ အဘွားကြီးကျောက်ကို စိတ်ဆိုးအောင် လုပ်မိပါက ထိုအဘွားကြီးမှာ တကယ်ပင် လူမုန်းခံ၍ မောင်းထုတ်တတ်သူ ဖြစ်သည်။
အဘွားကြီးကျောက်မှာမူ ခါးကိုထောက်လျက် တဟားဟားဖြင့် အားရပါးရ ရယ်မောနေခဲ့၏။
ဘာမျှ လာမမေးကြပါနဲ့ သူမ တကယ့်ကို ဘဝင်ခိုက်နေတာပါ…
"တကယ်ကို ဈေးကြီးလွန်းပါတယ်အေ"
အဒေါ်ကြီးမေ့ တတွတ်တွတ်ဖြင့် ဆက်လက်ရေရွတ်နေဆဲ ဖြစ်သည်။
ဘေးနားတွင် နားထောင်နေသော ချန်ချင်းယွီသည်လည်း ခေါင်းညိတ်ကာ သဘောတူမိ၏။ ဤမျှအထိ ကြီးမားလှသော ဈေးနှုန်းကွာခြားချက် ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိချေ၊ ၎င်းမှာ သူမ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။ သို့သော်လည်း သူမအနေဖြင့် တတ်နိုင်သည့်အပြင် ဝယ်ယူပြီးသားလည်း ဖြစ်သောကြောင့် ထပ်ပြီး စဉ်းစားမနေတော့ပေ။
သို့သော် ဤကဲ့သို့သော အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူခြင်းမှာ တကယ်ပင် ရှုံးပါးလှပေသည်၊ အကယ်၍ ဤပိုက်ဆံဖြင့် အိမ်တစ်လုံးကိုသာ ဝယ်ယူမည်ဆိုပါက နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ၎င်း၏ တန်ဖိုးမှာ မည်မျှအထိ မြင့်တက်လာမည်ကို မည်သူ သိနိုင်မည်နည်း။ တီဗီကို ဝယ်ယူမည်ဆိုလျှင်မူ နောက်ထပ် နှစ်အနည်းငယ်ကြာသည့်အခါ တန်ဖိုးမှာ တဖြည်းဖြည်းနှင့် ကျဆင်းသွားမည်သာ ဖြစ်သည်။ သို့သော်လည်း လူ့ဘဝကို ဤကဲ့သို့သော အတွေးမျိုးသက်သက်ဖြင့်သာ ဖြတ်သန်း၍ မရနိုင်ပါချေ၊ မိမိတွင် ပိုက်ဆံရှိသည့်အခါ ပျော်ရွှင်နေဖို့လည်း အရေးကြီးလှပေ၏။ ယခုခေတ်တွင် ဖျော်ဖြေရေး ရွေးချယ်စရာများမှာ သိပ်ပြီး မများပြားလှသဖြင့် တီဗီတစ်လုံး ရှိနေခြင်းသည်ပင် လုံလောက်လှပြီ ဖြစ်သည်။
အိမ်ဝယ်ယူခြင်းသည်လည်း ကောင်းမွန်လှသည်မှာ အမှန်ပင် ဖြစ်သော်လည်း...
အခုခေတ်မှာ အိမ်တွေက ဈေးပေါလှပေမယ့်... ဝယ်လို့မှ မရနိုင်တာပဲ...
ယခုအချိန်မှာ အိမ်ရာပိုင်ဆိုင်ခွင့် တကယ့်ကို ရှားပါးလှ၏။
ချန်ချင်းယွီ ခဏမျှ အတွေးကမ္ဘာထဲတွင် နစ်မြောသွားခဲ့သော်လည်း အမြန်ပင် သတိပြန်ဝင်လာကာ ထမင်းကို ဆက်လက်စားသောက်နေခဲ့သည်။
"ဒါက ဘာကြီးလဲဟင်... ဒီအရာက..."
"ဒါကို ကာတွန်းရုပ်ရှင်လို့ ခေါ်တာ၊ ကလေးတွေအတွက် ဖန်တီးထားတာပေါ့။ ကြည့်စမ်း... ဒါက နိုင်ငံခြားကနေ လာတာ။"
"အော်... ကျုပ်အမြင်တော့ လူကြီးတွေကြည့်ရင်လည်း အဆင်ပြေပါတယ်၊ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ..."
"ဒီအရောင်တွေက တကယ့်ကို တောက်ပလွန်းလှတယ်..."
လာရောက်စုဝေးသူ လူအုပ်ကြီးမှာ တဖြည်းဖြည်းနှင့် ပိုမိုများပြားလာခဲ့ပြီး၊ အားလုံး ပြတင်းပေါက်အပြင်ဘက်တွင် ရပ်လျက် တိုးဝှေ့ကာ အလုအယက် ကြည့်ရှုနေကြတော့သည်။ မကြာမီမှာပင် သူတို့၏ အိမ်လေးမှာ ဝင်းတစ်ခုလုံးတွင် အစည်ကားဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပြီး၊ လူတိုင်းသည် တီဗီစခရင်ဆီသို့ မျက်စိမလွှဲတမ်း စူးစိုက်ကြည့်နေကြရင်းဖြင့်... တကယ့်ကို မနာလိုစိတ်များဖြင့် မျက်လုံးများပင် နီမြန်းနေကြတော့၏။
သူတို့ကော ဘယ်အချိန်ကျမှ ဒီလိုမျိုး ဝယ်ယူနိုင်ကြမှာလဲ...
လမ်းဘေးမှာ ဆိုင်ခင်းရောင်းတာက တကယ်ပဲ ပိုက်ဆံရတာကိုး...
တကယ့်ကို အားကျစရာ ကောင်းလွန်းလှပါဘိ…