← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) လျှို့ဝှက်ခန်းရှာပုံတော်

တွေ့လား... ၁၉၇၀ ပြည့်လွန်နှစ်တွေမှာပဲဖြစ်ဖြစ်၊ နောက်ထပ် အနှစ် လေးငါးဆယ် ကြာပြီးတဲ့နောက်မှာပဲဖြစ်ဖြစ်၊ အိမ်ရာပိုင်ဆိုင်ခွင့် ဆိုတာကတော့ ထာဝရ အဓိကအကြောင်းအရာကြီး ဖြစ်နေတုန်းပါပဲ…

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ဖြစ်တဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာစုနှစ်တွေတုန်းက အိမ်ကို စိတ်ကြိုက် လွယ်လွယ်ကူကူ ဝယ်လို့ရတယ်လို့တော့ သွားမထင်လိုက်နဲ့ဦး၊ အိမ်ဈေးက သက်သာတယ်ဆိုပေမဲ့ ညည်းတို့ ရှာနိုင်တဲ့ ဝင်ငွေကလည်း ပိုပြီး နည်းတာကိုး…

နိုင်ငံတော်က အိမ်ရာချပေးတာ (လူမှုဖူလုံရေးအိမ်ရာ) ရှိလားဆိုတော့... အဲဒါကတော့ တကယ်ရှိပါတယ်၊ ဒါပေမဲ့ လူတန်းစီပြီး စောင့်ရတယ် မဟုတ်လား… ဒါက အလုပ်သက်တမ်းနဲ့ ရာထူးအဆင့်ဆင့်ကို ကြည့်ပြီး ပေးတာလေ…

ဒါ့အပြင် ဒီခေတ်ကြီးထဲမှာကလည်း ကလေးတွေ တအားမွေးကြတာဆိုတော့ တကယ့်ကို အိမ်မဆံ့ဘဲ နေစရာ မလောက်မင ဖြစ်နေကြတာ…

အဲဒါကြောင့် အိမ်ဆိုတာက အရေးကြီးဆုံးအရာ ဖြစ်နေတာပေါ့…

အဘွားကြီးဟွမ်တို့အိမ်မှာ ကလေးနည်းတယ်ဆိုပေမဲ့ ဘယ်သူက အိမ်အပိုရှိတာကို ငြင်းမှာလဲ….

သူမ စိတ်လှုပ်ရှားသွားသည်ကို လူတိုင်း တန်းပြီး ရိပ်မိလိုက်ကြသည်။

ဟဲဟဲဟဲ...

အားလုံးက အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြေခွေးအိုကြီးတွေချည်းပဲ၊ ဘယ်သူ့ ဘယ်သူမှ လာပြီး ဟန်ဆောင်မနေကြနဲ့…

အဘွားကြီးဟွမ်သည် ထိုလူစုနှင့် အချေအတင် ဖြစ်ပွားနေစဉ်၊ ချန်ချင်းယွီမှာ ပေါက်ပြားကို ထမ်းကာ ထွက်ခွါလာခဲ့၏။

သူမ တောင်ပေါ်သို့ သွားရဦးမည် မဟုတ်ပါလော့။ ချန်ချင်းယွီသည် မြို့ပြင်ဘက်သို့ စက်ဘီးကို တောက်လျှောက် နင်းလာခဲ့သည်။

ဤရက်ပိုင်း ရာသီဥတုသည်လည်း တကယ့်ကို ခန့်မှန်းရခက်လှ၏။ လွန်ခဲ့တဲ့ ရက်ပိုင်း ဆိုင်ခင်းရောင်းစဉ်ဆိုလျှင် သိုးမွှေးအင်္ကျီအပွကြီး များပင် ဝတ်ထားရသေးသည်၊ ယခုရက်ပိုင်းရောက်သောအခါ ရုတ်တရက်ကြီး နွေးလာပြန်သည်။ လက်တိုတစ်ထည်တည်း ဝတ်လျှင်ပင် ရလောက်မည့် အနေအထား ဖြစ်သော်လည်း၊ တောင်ပေါ်တက်ရမည် ဖြစ်သောကြောင့် ချန်ချင်းယွီသည် လက်ရှည် အင်္ကျီဟောင်းတစ်ထည်ကိုသာ ရွေးချယ်ဝတ်ဆင်ထားခဲ့၏။

သူမ မြို့ပြင်ဘက်သို့ စက်ဘီးကို အရှိန်ပြင်းပြင်းဖြင့် နင်းလာခဲ့သည်။ ယနေ့မှာ ရုံးဖွင့်ရက် ဖြစ်သောကြောင့် မြို့ပြင်ဘက်သို့ စက်ဘီးနင်းလာသူ သိပ်မရှိလှပေ။ ချန်ချင်းယွီ လမ်းတစ်လျှောက် ခပ်သွက်သွက် နင်းလာခဲ့ရာ၊ မြို့ပြင်သို့ ရောက်ရှိချိန်တွင် မွန်းတည့်

ချိန်သို့ပင် မရောက်ရှိသေးပေ။ သူမစက်ဘီးကို တွန်းကာ တောင်ပေါ်သို့ တက်လာခဲ့၏။ တော်သေးသည်မှာ ဤအရာမှာ စက်ဘီးဖြစ်နေခြင်းပင်၊ လမ်းပြန့်သည့်နေရာတွင် စက်ဘီးစီးပြီး လမ်းမကောင်းသည့် တောင်တက်လမ်းရောက်လျှင် စက်ဘီးကို ပခုံးပေါ်ထမ်းကာ သွားရုံသာ…

သို့သော်လည်း လမ်းကြောင်းလေးတစ်ခု ရှိနေသဖြင့် ချန်ချင်းယွီ စက်ဘီးကို တွန်းကာ သွားရုံဖြင့် အဆင်ပြေလှပေသည်။ သူမ တောင်ပေါ်သို့ တွန်းတက်လာရင်း မျက်လုံးအစုံကို ခပ်သွက်သွက် ဝေ့ဝဲကြည့်ရှုနေမိ၏။ မျက်လုံးဝိုင်းကြီးများကို ကစားရင်း ကြည့်ရှုနေစဉ်၊ မကြာမီမှာပင် မြွေစိမ်းလေးတစ်ကောင်ကို ဗြုန်းခနဲ တွေ့ရှိလိုက်သည်။

ပြောသားပဲ၊ တောင်ပေါ်မှာ မြွေတွေ တအားများပါတယ်ဆို…

ချင်မင်းပွဲတော်၌ င်္သချိုင်းလာကန်တော့စဉ် တောင်ပေါ်တွင် မြွေများစွာ ရှိနေသည်ကို ချန်ချင်းယွီ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီ ဤအကောင်မျိုးကို မကြောက်တတ်သော်လည်း အလွန်တရာ စက်ဆုပ်ရွံရှာလှ၏။

တွားသွားတတ်သည့် အကောင်မှန်သမျှကို သူမ တကယ့်ကို ရွံရှာမိသည်။ မြွေတွေကော၊ ပိုးတုံးလုံးတွေကော၊ ခူကောင်တွေကော... မြင်လိုက်သည်နှင့် ဖိနပ်နှင့်တက်နင်းပြီး အရည်ထွက်အောင် လုပ်ပစ်ချင်သည့် စိတ်ပေါက်မိ၏။

သို့သော် ရွံစရာကောင်းသည်မှန်သော်လည်း အသုံးချရမည့်အရာ ဖြစ်သောကြောင့် ချန်ချင်းယွီသည် လက်အိတ်ကို စွပ်ကာ အပြည့်အစုံ ပြင်ဆင်လိုက်ပြီးနောက်၊ ရှေ့သို့ ဝုန်းခနဲ လှမ်းတက်လိုက်ရာ... မြွေစိမ်းလေးမှာ တစ်ခဏအတွင်း ဖမ်းဆီးခြင်း ခံလိုက်ရတော့သည်။ ချန်ချင်းယွီ မြွေကို အိတ်ထဲသို့ ပစ်ထည့်ကာ ကောင်းမွန်စွာ ချည်နှောင်လိုက်၏။ သူမသည် လမ်းတစ်လျှောက်တွင် အကြီးအသေး စုံလင်လှသော မြွေခြောက်ကောင်၊ ခုနစ်ကောင်ခန့်ကို ဆက်တိုက် ဖမ်းမိခဲ့သည်။

ချန်ချင်းယွီသည် မြွေအမျိုးအစားများကို သေသေချာချာ မသိရှိသဖြင့် မြင်ဖူးနေကျမဟုတ်သော အကောင်များကိုမူ မဖမ်းဘဲ၊ အန္တရာယ်မရှိသည့် ရိုးရိုး မြက်လျှောမြွေလေးများနှင့် မြွေမီးခိုးရောင်လေးများကိုသာ ဖမ်းဆီးခဲ့သည်။

ဘာပဲဖြစ်ဖြစ်၊ သူမက ဤမြွေတွေကို ချန်တို့အိမ်ထဲကို ပစ်ထည့်မှာလေ…။

ချန်တို့မိသားစုသည် တိုက်ခန်းမှာ နေကြသည်ဖြစ်၍ ဘေးလွတ်သွားပြီး အပြစ်မရှိသည့် အိမ်နီးနားချင်းများကို အဆိပ်ရှိမြွေ ကိုက်မိမှာ စိုးရိမ်ရသေးသည်။ ဤကဲ့သို့ အဆိပ်မရှိသော မြွေမျိုးဆိုလျှင်မူ ကိစ္စမရှိပါချေ၊ အကယ်၍ အပြင်ကို ပြေးထွက်သွားလျှငိ တချို့လူများအတွက် ဟင်းတစ်ခွက် တိုးသွားမည်သာ…

ဝေါ့... ရွံစရာကြီး...

ချန်ချင်းယွီ ထိုအရာကို စဉ်းစားမိရုံဖြင့်ပင် ရွံရှာမိသော်လည်း လက်ရဲဇက်ရဲ ဖမ်းဆီးခြင်းကိုမူ မရပ်တန့်ခဲ့ပေ။ အဆိပ်ရှိမြွေများကိုသေချာပေါက် ဖမ်းလို့မဖြစ်သလို၊ အဆိပ်ရှိမရှိ ခွဲခြားမရသော အကောင်များကိုလည်း သူမ မဖမ်းဝံ့ပေ။

သူမ တောင်ပေါ်သို့ ဆက်လက်တက်လှမ်းလာခဲ့ရာ တော်တော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိလာခဲ့သည်။ လမ်းကောင်းကောင်း မရှိတော့သည်ကို မြင်သောအခါ စက်ဘီးကို ပခုံးပေါ် ထမ်းလိုက်၏။သူမ စက်ဘီးကို တောင်အောက်တွင် ဝှက်ထားရန် မဝံ့ရဲပေ၊တစ်စုံတစ်ယောက် တွန်းယူသွားလျှင် တကယ့်ကို နစ်နာလှပေသည်။

သော့ခတ်ထားတယ် ဆိုရင်တောင်မှပေါ့….

အဲဒီသော့က တူနဲ့ထုလိုက်ရင် လွယ်လွယ်လေး ပွင့်သွားမှာပဲဟာ…

ချန်ချင်းယွီ စိတ်မချနိုင်သဖြင့် စက်ဘီးကို ထမ်းကာ တောင်ပေါ်သို့ တက်လာခဲ့ပြီး နာရီဝက်ခန့် ထပ်မံလျှောက်လှမ်းပြီးနောက်တွင်မူ သင်္ချိုင်းမြေသို့ ရောက်ရှိလာခဲ့တော့သည်။ သူမသည် သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း စက်ဘီးကို ချကာ နှုတ်ဆက်လိုက်၏။

"အစ်ကိုကျန့်ဝမ်... ကျွန်မ အစ်ကို့ဆီ လာလည်တာပါ"

ယခုတစ်ခေါက်တွင်မူ သူမ တစ်ယောက်တည်း ဖြစ်သောကြောင့် မည်သူ့ကိုမျှ သတိထား ဆင်ခြင်နေစရာ မလိုတော့ပေ။

သူမ အုတ်ဂူရှေ့တွင် မတ်တတ်ရပ်ရင်း

"ကျွန်မ အတိတ်မေ့နေတာတွေ ပြန်မှတ်မိသွားပြီ"

သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် တိုးညှင်းစွာ ဆိုလိုက်သည်။

"အရင်က အကြောင်းအရာတွေကို ကျွန်မ အကုန်လုံး ပြန်မှတ်မိသွားပြီ။ အမှန်တော့ ကျွန်မက အစကတည်းက တခြားကမ္ဘာကနေ ကူးပြောင်းလာခဲ့တာပဲ၊ ငယ်ငယ်ကတည်းကပေါ့။ အမှန်တော့ ဒီအရာကို ကျွန်မ စောစောကတည်းက သံသယဝင်ခဲ့ဖူးပါတယ်၊ အခုတော့ လုံးဝ သေချာသွားပြီပေါ့။ အစ်ကို ယုံနိုင်မလား.. ကျွန်မ ပထမဆုံးအကြိမ် အတိတ်မေ့သွားရတာက... ကျွန်မရဲ့ အဖေ လူယုတ်မာ ချန်ရိကျွင်းကြောင့်လေ၊ သူက ကျွန်မကို တွန်းချခဲ့တာ"

ချန်ချင်းယွီ စကားပြောနေရင်းဖြင့် လက်မှလည်း "အလုပ်" စလုပ်နေခဲ့သည်။ ဤနေရာတစ်ဝိုက်တွင် အုတ်ဂူများစွာ ရှိနေသဖြင့် ချန်ချင်းယွီသည် မြေကြီးများကို ပေါက်ပြားဖြင့် ကော်ကာ အုတ်ဂူပေါ်သို့ ဖို့ပေးရင်း အဆက်မပြတ် တတွတ်တွတ် ပြောနေမိ၏။

"ကျွန်မရဲ့ အမေကလည်း သူ့ကြောင့် ကွယ်လွန်သွားခဲ့ရတာ။ အရင်နှစ်တွေတုန်းက ကျွန်မအမေက လမစေ့ဘဲ မွေးဖွားရာကနေ မီးဖွားရခက်ပြီး ဆုံးသွားတာလို့ပဲ အမြဲကြားခဲ့ရတာ၊ အမှန်တော့ သူမက အဲဒီ ဖောက်ပြန်နေတဲ့ လူယုတ်မာနှစ်ယောက်ရဲ့ စိတ်ဆွပေးမှုကို ခံခဲ့ရတာပဲ။ တကယ့်ကို ခွေးတိရစ္ဆာန်ထက် ဆိုးတဲ့ လင်မယားတွေ။"

သူမ ခေါင်းကို မော့လိုက်ပြီး ညင်သာစွာ ဆိုလိုက်၏။

"ကျွန်မလည်း တတ်နိုင်သမျှ ကလဲ့စားချေမှာပါ၊ ဒါပေမဲ့ တကယ်ပဲ ခက်ခဲလွန်းတယ်။ ကလဲ့စားလည်း ချေချင်တယ်၊ ဥပဒေလည်း မချိုးဖောက်ချင်ဘူးဆိုတော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အဲဒါကြောင့် ဒီအတိုင်း သရဲတစ္ဆေလိုလို ဘာလိုလို ဟန်ဆောင်ပြီး လူတွေကို ခြောက်လှန့်နေရတာ။ အစ်ကိုလည်း ကျွန်မရဲ့ ဒီလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"

ချန်ချင်းယွီ ခပ်ဖွဖွလေး ရယ်မောလိုက်မိရင်း ချိုသာသော လေသံလေးဖြင့် တတွတ်တွတ် ပြောဆိုနေခဲ့သည်။

"လူဆိုတာကလေ... တကယ်ပဲ ပတ်ဝန်းကျင် မတူညီတဲ့အခါကျရင် မတူညီတဲ့ စရိုက်လက္ခဏာတွေ ဖြစ်တည်လာတတ်ကြတာပဲ။ အရင်တုန်းက အားနွဲ့လှတဲ့ မိန်းကလေးက ကျွန်မကိုယ်တိုင် ဖြစ်ခဲ့တယ်ဆိုတာကို အခု ပြန်တွေးကြည့်ရင်တောင် မယုံနိုင်စရာပဲ။ ကျွန်မ အတိတ်မေ့သွားတုန်းကတော့... လူမှုပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့ အခြေအနေအရ တကယ့်ကို နူးညံ့ပျော့ပြောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သွားခဲ့တာ၊ ဒါပေမဲ့ အစ်ကို စိတ်ချပါ၊ ကျွန်မ ငယ်ငယ်တုန်းက အကြောင်းအရာတွေကိုရော၊ ပြီးတော့ အရင်ဘဝက အကြောင်းအရာတွေကိုကော အကုန်လုံး ပြန်မှတ်မိသွားပါပြီ။ ကျွန်မက အခု ချန်ချင်းယွီတင် မကဘူး၊ အရင်ဘဝတုန်းက တော်တော်လေး စွမ်းဆောင်ရည်ရှိခဲ့တဲ့ ချင်းယွီလည်း ဟုတ်ပါတယ်။ ကျွန်မ ဘယ်တော့မှ အရှုံးခံမှာ မဟုတ်ဘူး။ အော်... ဒါနဲ့၊ ကျွန်မမှာ အခု ပိုက်ဆံတွေ အများကြီး ရှိနေပြီနော်၊ အခုတလော လမ်းဘေးဈေးဆိုင်ခင်းပြီး ပိုက်ဆံတွေ အများကြီး ရှာဖွေနိုင်ခဲ့တာ။ တခြားလူတွေက သောင်းတန်မိသားစု ဖြစ်ဖို့ ကြိုးစားနေကြချိန်မှာ ကျွန်မလက်ထဲမှာတော့ ယွမ်နှစ်သိန်းကျော်တောင် ရှိနေပြီ။ မထင်ထားဘူး မဟုတ်လား။ ဒါကြောင့်မလို့ ပိုက်ဆံရှိတဲ့လူတွေက မှားယွင်းမှုတွေကို ခုခံနိုင်စွမ်း ပိုမြင့်မားတယ်လို့ ပြောတာပေါ့။ ရှင်ကြည့်စမ်း... အတူတူ ဈေးဆိုင်ခင်းတာချင်း တူတူတောင် ကျွန်မက တခြားလူတွေထက် ပိုပြီး ပိုက်ဆံရတာက... အစကတည်းက ကျွန်မမှာ အရင်းအနှီး ပိုများနေခဲ့လို့ပဲ..."

အချို့စကားများကိုမူ သူမအနေဖြင့် အခြားလူများကို ပြောပြရန် အဆင်မပြေလှချေ၊ အဘွားကြီးကျောက်ကိုပင် သူမ မပြောဝံ့ပေ။

ဘာပဲဖြစ်ဖြစ် အသက်ရှင်နေတဲ့လူဆိုတာ တစ်နေ့နေ့ကျရင် စကားပေါက်ကြားသွားနိုင်တာကိုး..။

ဒါပေမဲ့ သေဆုံးသွားတဲ့လူနဲ့ကျတော့ မတူဘူးပေါ့…။

ချန်ချင်းယွီ စကားများကို မရပ်မနား ပြောဆိုနေခဲ့ပြီးနောက်၊ ပေါက်ပြားကို ထောက်လျက်

"ကျွန်မ အစ်ကို့အဖေရဲ့ အုတ်ဂူကိုလည်း နည်းနည်းလောက် ကူပြီး ပြုပြင်ပေးဦးမယ်၊ ကျွန်မက တကယ့် လူကောင်းမလေး မဟုတ်ဘူးလား"

သူမသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာ အသေးအဖွဲလေးမှအစ အကုန်လုံးကို အသေးစိတ် ရေရွတ်ပြောပြပြီးနောက်

"ကဲ... တော်တော်လေး စုံလင်သွားပြီဆိုတော့ ကျွန်မလည်း တောင်ထိပ်ဘက်ကို သွားရတော့မယ်။ ကျွန်မရဲ့ အဘိုးအဘွားတွေ၊ အမေနဲ့ ဦးလေးတို့ရဲ့ အုတ်ဂူတွေကိုလည်း သွားပြီး ပြုပြင်ပေးရဦးမှာမလို့"

ချန်ချင်းယွီ မျက်လုံးကို ပင့်ကာ ဝေ့ဝဲကြည့်လိုက်ရာ၊ ဤနေရာတစ်ဝိုက်တွင် အုတ်ဂူများစွာ ရှိနေသော်လည်း၊ လင်းကျန့်ဝမ် သားအဖနှစ်ဦး၏ အုတ်ဂူမှာမူ အသန့်ရှင်းဆုံးနှင့် အသေသပ်ဆုံး ပြုပြင်ထားခြင်း ခံရသည်ကို မြင်သောအခါ စိတ်ထဲ ကျေနပ်ပီတိ ဖြစ်မိသွား၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ မိမိကိုယ်ကိုယ် စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်သည် မဟုတ်လော့။

ချန်ချင်းယွီ : "ကျွန်မ သွားတော့မယ်နော်"

ထိုစဉ် လေပြေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်လာရာ ချန်ချင်းယွီ၏ ဆံနွယ်အချို့မှာ မျက်နှာပေါ်သို့ ကျရောက်လာခဲ့ပြီး၊ တစ်စုံတစ်ယောက် လက်ဖြင့် အသာအယာ လာရောက်သတ်ပုတ်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့်၊ သူမသည် ဆံပင်များကို လက်ဖြင့် ပြန်လည်

သိမ်းစည်းလိုက်ရင်း အလေးအနက် ဆိုကာ ထွက်ခွာလာခဲ့တော့သည်။

"ကဲ... ဒါဆိုရင် ကျွန်မ တကယ်သွားပြီနော် စည်းစည်းလုံးလုံးနဲ့ နေခဲ့ကြဦး~"

ချန်ချင်းယွီသည် စိတ်သဘောထား ပွင့်လင်းပြတ်သားသူ ဖြစ်သည့်အတွက် စက်ဘီးနှင့် ပေါက်ပြားကို ချက်ချင်းပြန်ထမ်းကာ ရှေ့သို့ ဆက်လက်လှမ်းတက်ခဲ့ပြန်သည်။

သူမ၏ အဘိုးနှင့် အဘွားတို့ကို င်္သဂြိုဟ်ထားသည့်နေရာမှာ ပိုမိုဝေးကွာသော်လည်း ကံကောင်းသည်မှာ လင်းကျန့်ဝမ်နှင့် တစ်တောင်တည်းမှာပင် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ သို့မဟုတ်ပါက တောတောင်တန်းများကို ထပ်မံကျော်ဖြတ်နေရဦးမည် ဖြစ်၏။ ချန်ချင်းယွီ တောနက်ထဲသို့ တောက်လျှောက် လျှောက်လှမ်းလာခဲ့ရာ၊ ယခုအချိန်တွင် တောင်ပေါ်၌ လူတစ်ယောက်မှ မရှိတော့ချေ။ လူအချို့ တောင်ပေါ်တက်ပြီး ထင်းခုတ်၊ ဟင်းရွက်တူး သို့မဟုတ် ယုန်ထောင်တတ်ကြသည် ဆိုသော်လည်း တအားနက်သည့်နေရာအထိ သွားလေ့မရှိကြပေ။ တောနက်လေလေ လူသူကင်းဝေးပြီး အန္တရာယ်များလေလေပင်…

ထို့အပြင် တောနက်ထဲ၌ အုတ်ဂူများတအားများသည့်အတွက် လူအတော်များများမှာ တော်တော်လေး အယူအဆရှိကြပြီး ရှောင်ကြဉ်တတ်ကြသည်။

ထို့ကြောင့် တောင်ပေါ်စတက်ခါစ ခပ်လှမ်းလှမ်းတွင် လူအနည်းငယ်ကို တွေ့မြင်နေရသေးသော်လည်း၊ တောထဲသို့ ဆက်လက်ဝင်ရောက်လာသည့်အခါတွင်မူ လုံးဝမမြင်ရတော့ချေ။ တောနက်လေလေ ပိုမိုခြောက်ကပ်ပြီး လူသူကင်းမဲ့လေလေ ဖြစ်၏။ ချန်ချင်းယွီသည် လမ်းတစ်လျှောက် တက်လာခဲ့ပြီး၊ ခရီးမှာလည်းမနီးသည့်အပြင် လမ်းမှာလည်း ကြမ်းတမ်းလှသော်လည်း သူမသည် မျက်နှာလေးပင်မနီ၊ အမောတစ်ချက်မဖောက်ဘဲ အေးဆေးပင် ရှိနေခဲ့သည်။

ချန်ချင်းယွီ တောအနက်ဆုံးနေရာအထိ လျှောက်လှမ်းလာခဲ့ရာ၊ ဒီနေရာကတော့ တကယ်ကိုပဲ... သာမန်လူဆိုလျှင် သင်္ဂြိုဟ်ဖို့အတွက် ဤနေရာမျိုးကို သေချာပေါက် ရွေးချယ်မှာမဟုတ်ပေ။ လမ်းလည်း တအားဆိုးသကဲ့သို့ တောလည်း အလွန်နက်လွန်းလှသည်။

အဲ့တုန်းကသာ ငါ ဇွတ်မှိတ်ပြီး အဘိုးနဲ့အဘွားကို ဒီမှာပဲ သင်္ဂြိုဟ်ရမယ်လို့ အတင်းမပြောခဲ့ရင်၊ ချန်ရိကျွင်းဆိုတဲ့လူက ဘယ်လိုနည်းနဲ့မှ သဘောတူမှာ မဟုတ်ဘူး…

ဤကိစ္စသည် သူမအနေဖြင့် ရှားရှားပါးပါး ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည့် အချိန်ပိုင်းလေးပင် ဖြစ်၏။

ချန်ချင်းယွီ အုတ်ဂူရှေ့တွင် ရပ်လိုက်ပြီး "အဘိုး၊ အဘွား... သမီး လာလည်တာပါ" ဟု တိုးညှင်းစွာ နှုတ်ဆက်လိုက်သည်။

သူမ ပစ္စည်းများကို ချထားလိုက်ပြီးနောက် ချက်ချင်းပင် လက်စွမ်းပြကာ အလုပ်စလုပ်တော့၏။ ဤနေရာမှာ လူသူအရောက်အပေါက် နည်းလွန်းလှသဖြင့် မြက်ပင်များပင် တော်တော်လေး မြင့်နေခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် မြက်အချို့ကို လာရောက်နှုတ်သွားခဲ့ဖူးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို မရှင်းလင်းနိုင်ခဲ့ချေ။ ယခုတစ်ခေါက်တွင်မူ ချန်ချင်းယွီသည် ပေါက်ပြားပါ ယူဆောင်လာခဲ့သဖြင့် အလုပ်လုပ်ရသည်မှာ များစွာ ပိုမိုအဆင်ပြေသွားခဲ့၏။

သူမ အလုပ်ကို အားသွန်ခွန်စိုက် လုပ်ကိုင်နေခဲ့သည်။ စောစောပိုင်း လင်းကျန့်ဝမ်ရဲ့ ဂူရှေ့မှာ တတွတ်တွတ် ပြောနေခဲ့သည်နှင့် မတူဘဲ၊ ယခုအချိန်တွင် ချန်ချင်းယွီသည် ဘာစကားမှမဆိုကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ သူမအာရုံစိုက်ပြီး အလုပ်လုပ်နေခဲ့ရာ၊ အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ၊ အုတ်ဂူပတ်ဝန်းကျင်ကို အနည်းငယ် သန့်ရှင်းသပ်ရပ်သွားအောင် ရှင်းလင်းနိုင်ခဲ့သည်။

ထိုအချိန်ကျမှသာ ချန်ချင်းယွီသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက်

"အဘိုးတို့ အဘွားတို့ သမီးကို စိတ်ဆိုးနေကြလားဟင်။ အဲဒီတုန်းက အကြောင်းအရာတွေကို သမီး အကြာကြီးအထိ ပြန်မမှတ်မိနိုင်ခဲ့လို့ စိတ်ဆိုးနေကြလား"

သို့သော်လည်း မကြာမီမှာပင် ချန်ချင်းယွီ၏ မျက်ဝန်းများ

ပြန်လည်ပြတ်သားသွားခဲ့ပြီး

"သမီး သိပါတယ်၊ အဘိုးတို့အဘွားတို့က သမီးကို စိတ်မဆိုးပါဘူး။ သမီးကို အဲဒီလောက်တောင် ချစ်ကြတာကို၊ ဘယ်လိုလုပ် စိတ်ဆိုးရက်မှာလဲ"

သူမ နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်လိုက်ရင်း နောင်တတရားများဖြင့် ဆိုရှာသည်။

"ဒါပေမဲ့ သမီးကတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်း စိတ်ဆိုးမိတယ်၊ ဘာလို့ အတိတ်မေ့သွားရတာလဲဆိုပြီးတော့ပေါ့။ အကယ်၍ သမီးသာ အတိတ်မေ့မသွားခဲ့ရင်၊ ချန်ရိကျွင်းတို့ ဖောက်ပြန်နေတဲ့ လူယုတ်မာ လင်မယားနှစ်ယောက်ရဲ့ အောက်တန်းကျတဲ့မျက်နှာဖုံးကို စောစောစီးစီး ခွာချပစ်လိုက်လို့ ရတာပေါ့။ အကယ်၍ သမီးသာ အတိတ်မေ့မသွားခဲ့ရင်၊ အဘိုးတို့ အဘွားတို့နဲ့ ဦးလေးတို့ကိုပါ ဒီကနေ အမြန်ဆုံး ထွက်သွားဖို့ ဖျောင်းဖျလို့ ရခဲ့မှာ။ ဒါဆိုရင် အားလုံးလည်း ဒီလိုမျိုး သေဆုံးသွားကြရမှာ မဟုတ်ဘူး"

သူမသည် ထိုစဉ်၌ အားနွဲ့ခဲ့သည့် မိမိကိုယ်ကိုယ် တကယ်ပင် အပြစ်တင်မိသော်လည်း၊ ချန်ရိကျွင်းကိုမူ ပိုမို၍ နာကျည်းမိ၏။

"သမီးရဲ့ အဖေဆိုတဲ့လူက တကယ်ကို တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ သမီးတစ်သက်မှာ ဒီလောက်အထိ အရှက်မရှိတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ မိန်းမအပေါ် မှီခိုစားသောက်နေပြီးတော့မှ လူကိုပါ လိုက်ပြီး အသက်အန္တရာယ်ပြုသေးတယ်။ ဘာလို့ ဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းတဲ့ အကောင်မျိုး ရှိနေရတာလဲ။ သမီး သူ့ကို ဘယ်လိုနည်းနဲ့မှ လွှတ်မပေးနိုင်ဘူး။"

ချန်ချင်းယွီ၏ စိတ်ကူးများ လုံးဝတည်ငြိမ်ပြတ်သားသွားခဲ့ပြီ ဖြစ်သည်။ သူမ တည်ကြည်လေးနက်စွာဖြင့် ကတိပြုလိုက်၏။

"အဘိုးတို့ အဘွားတို့ စိတ်ချပါ၊ သမီး သေချာပေါက် လုပ်ဆောင်

နိုင်ပါစေမယ်"

ချန်ချင်းယွီ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရင်း စိတ်လှုပ်ရှားမှုများကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူမသည် ဝမ်းနည်းပူဆွေးမှုများထဲ အမြဲနစ်မွန်းပြီး ကိုယ့်ကိုယ်ကိုယ် သနားနေမည့် လူစားမျိုး မဟုတ်ချေ။ စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေမည့်သူမျိုး ပို၍ပင် မဟုတ်ပေ။

"အဘိုးတို့ အဘွားတို့ ကြည့်ဦး၊ သမီး မြွေတွေ အများကြီး ဖမ်းလာတယ်နော်။ ဒီညကျရင် အဲဒီကောင်ရဲ့ အိမ်ထဲကို အကုန်ပစ်ထည့်ပြီး အဲဒီလူယုတ်မာကို လန့်သေအောင် လုပ်ပစ်မယ်။"

ချန်ချင်းယွီ ဆက်လက်၍

"သမီးရဲ့ ယောက္ခမက အခုတလော ချန်မိသားစုက လူတွေကို အမြဲ စောင့်ကြည့်ပေးနေတာ။ သူတို့က အပြင်ပန်းမှာတော့ ဘာမှ မလှုပ်ရှားကြဘူးဆိုပေမဲ့၊ အရင်တုန်းက တို့မိသားစုဆီကနေ အကျိုးအမြတ်တွေ အများကြီး ယူထားခဲ့ပြီးတော့မှ၊ ချန်ရိကျွင်းက အမေ့ကွယ်ရာမှာ အပြင်မှာ လျှောက်ရှုပ်နေတာကို အတူတူ ဝိုင်းဖုံးကွယ်ပေးကြတာလေ။ သူတို့က စိတ်ထဲကနေ အကုန်သိနေကြပြီးတော့မှ၊ ကျွန်မတို့ အမေကို အရူးတစ်ယောက်လိုမျိုး ဝိုင်းလိမ်ထားကြတာ။ ဒါကိုတောင်မှ နေ့တိုင်း တို့အိမ်ကနေ အကျိုးအမြတ်မျိုးစုံကို လာပြီး နှိုက်ယူနေကြသေးတယ်။ တကယ့်ကို ကျေးဇူးမသိတဲ့ ဝံပုလွေတွေပဲ။ သူတို့တွေ ဒီလောက်အကြာကြီး အလကား စားသောက်လာခဲ့တာတွေကို ပြန်ပြီး အန်ထုတ်ရမယ့်အချိန် ရောက်ပြီ။ သူတို့ရဲ့ နောက်ကြောင်းက သန့်မသန့် သမီးမသိပေမဲ့၊ သူတို့လို အောက်တန်းကျတဲ့ လူကျင့်ဝတ်မျိုးနဲ့ဆိုရင်တော့ သေချာပေါက် ပြဿနာတစ်ခုခု ရှိနေမှာပဲ။ ပြောရရင် တို့တွေဆီကနေ ဘယ်လောက်ပဲ ယူသွားယူသွား၊ သမီးက သူတို့ကို အဲဒါတွေ အကုန် ပြန်အန်ထုတ်ခိုင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သမီး ခံစားခဲ့ရတာထက် အဆပေါင်းများစွာ ဝဋ်ကြွေးတွေကိုတော့ ပြန်ပေးဆပ်ခိုင်းရမယ်။ ချန်ရိကျွင်းတို့ ဖောက်ပြန်တဲ့ လင်မယားနှစ်ယောက်က အမေ့ကို သေအောင် လုပ်ခဲ့တာဆိုတော့၊ နောင်လာမယ့်ရက်တွေက အရှည်ကြီး ရှိသေးတာပဲ။ အဘိုးတို့ အဘွားတို့ ရာနှုန်းပြည့် စိတ်ချလိုက်ပါ၊ သမီး သူတို့ကို လောလောဆယ် ထောင်ထဲ မပို့နိုင်သေးရင်တောင်မှ၊ အဲဒီကောင်ကို တစ်ဝက်သေဖြစ်အောင် နှိပ်စက်ပစ်ဦးမှာ"

သူမသည် ဘေးနားရှိ အိတ်ကို ကြည့်လိုက်ရင်း မျက်ခုံးကို ပင့်လိုက်ကာ

"မရသေးဘူး၊ ဒီမြွေအနည်းငယ်က နည်းလွန်းသေးတယ်။ သမီး ပတ်ပတ်လည်မှာ ထပ်ပြီး ရှာကြည့်ဦးမယ်..."

ချန်ချင်းယွီသည် လက်တွေ့သမား ဖြစ်သည့်အတွက် ပြောပြီးသည်နှင့် ချက်ချင်းပင် အုတ်ဂူပတ်ဝန်းကျင်တွင် သေသေချာချာ လိုက်လံရှာဖွေတော့သည်။ ထင်ထားသည့်အတိုင်းပင် ဤတောနက်ကြီးထဲတွင် မြွေများမှာ အပြင်ထက် များစွာ ပိုမိုများပြားလှပေ၏။ ချန်ချင်းယွီ တအားဝေးဝေး သွားစရာပင်မလိုဘဲ ပတ်ဝန်းကျင်ကို တစ်ပတ်ပတ်ကြည့်ရုံမျှဖြင့် အတော်များများ ထပ်မံဖမ်းမိခဲ့သည်။ သူမ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ အိတ်ထဲတွင် မြွေပေါင်း အကောင် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီ ဖြစ်၏။

တော်သေးသည်မှာ သူမသည် သတ္တိကောင်းပြီး အကြောခပ်ထူထူ မိန်းကလေး ဖြစ်နေ၍သာ၊ သာမန်

မိန်းကလေးဆိုလျှင် အိတ်ထဲမှာ စုပြုံပြီး လှုပ်စိလှုပ်စိ ဖြစ်နေသည့် အကောင်များကို မြင်ရရုံဖြင့်ပင် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာလောက်ပေသည်။

ချန်ချင်းယွီ အားမရသေးဘဲ မြက်တောထဲတွင် ခဏမျှ ထပ်မံမွှေနှောက်ရှာဖွေပြီးနောက်မှသာ ကျေနပ်အားရစွာဖြင့် အိတ်ဝကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်၏။ အိတ်တစ်ခုလုံး ပြည့်လျှံပြီး လေးလံနေခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယွီ ပြုံးလိုက်ရင်း ရေရွတ်လိုက်၏။

"အင်း... တော်တော်လေး အဆင်ပြေတယ်..."

သူမ ဤအဓိကအလုပ်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက်တွင်မူ ဘေးပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော သစ်ပင်များကို သေသေချာချာ အကဲခတ်ကြည့်ရှုနေမိပြန်သည်။ ယင်းမှာလည်း သူမ ဒီနေ့လာရခြင်း၏ အခြားအရေးကြီးသော ရည်ရွယ်ချက်တစ်ခု ဖြစ်၏။

ချန်ချင်းယွီ အုတ်ဂူကို ကြည့်ရင်း

"အဘိုး၊ အဘွား... အဘိုးတို့ သမီးအတွက် ချန်ထားပေးခဲ့တဲ့ ကိုယ်ပိုင်ပစ္စည်းသေတ္တာလေးနဲ့၊ ဟိုလမ်းကြားထဲက အိမ်ဟောင်းရဲ့ အိမ်သာရေမြောင်းအောက်မှာ ဝှက်ထားခဲ့တဲ့ စာအိတ်ကို သမီး ရှာတွေ့သွားပြီနော်။ သမီး ထင်တာတော့ သာမန်လူဆိုရင် ဦးနှောက် ပေါက်ထွက်အောင် စဉ်းစားရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး။ အဘိုးတို့ကလည်း ဘာလို့ အဲဒီလိုနေရာမျိုးမှာ သွားဝှက်ထားရတာလဲ၊ သမီး တကယ်ပဲ တစ်သက်လုံး ရှာမတွေ့တော့မှာကို မစိုးရိမ်ဘူးလား"

သို့သော်လည်း သူမ စိတ်ထဲ သိရှိနေခဲ့သည်မှာ၊ မိမိ ငယ်စဉ်ကတည်းက ပစ္စည်းများကို ထိုနေရာတွင် ဝှက်ထားချင်သည်ဟု ပြောခဲ့ဖူးသောကြောင့်သာ အဘိုးတို့ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ယခင်၌ သူမ အတိတ်မေ့နေစဉ် အရင်ဘဝမှ အကြောင်းအရာများကို မမှတ်မိခဲ့သော်လည်း၊ စိတ်ကူးထဲရှိ အမူအရာနှင့် အလေ့အကျင့် အတော်များများသည်ကား လုံးဝပြောင်းလဲမသွားခဲ့ချေ။ ထို့ကြောင့်ပင် ချန်ချင်းယွီအနေဖြင့် မိမိ၏ စစ်မှန်သော မူလလက္ခဏာကို စောစောစီးစီး သံသယဝင်ခဲ့သည့် အကြောင်းရင်း ဖြစ်၏။ သူမ ငယ်စဉ်မှ အကြောင်းအရာများကို ရုတ်တရက် ပြန်လည်အမှတ်ရမိသွားသည်။ ထိုစဉ် သူမ အသက် ဆယ်နှစ်ကျော်အရွယ်ခန့်သာ ရှိသေးပြီး၊ တစ်မိသားစုလုံး အတူတူ ရုပ်ရှင်သွားကြည့်ခဲ့ကြ၏။ ထိုရုပ်ရှင်မှာ ဂျပန်တော်လှန်ရေးခေတ် နောက်ခံရုပ်ရှင် ဖြစ်ပြီး၊ ဇာတ်လမ်းထဲတွင် မြေအောက်တော်လှန်ရေးသမား အချို့က အရေးကြီး သတင်းအချက်အလက်များကို ဝှက်ထားသည့် အခန်း ပါဝင်သည်။

ထိုစဉ် အဘိုးနှင့်အဘွားတို့မှာ နောက်ပြောင်ပြီး မေးမြန်းကြရာ၊ သူမ ခေါင်းလေးစောင်း၍ သဘာဝကျကျ ပြောခဲ့ဖူး၏။

"နောင်ကျရင် သမီးသာ အရေးကြီးတဲ့ ပစ္စည်းတစ်ခုခုကို ဝှက်ရမယ်ဆိုရင်၊ အိမ်သာရေမြောင်းအောက်မှာပဲ သွားဝှက်ထားလိုက်မယ်။ ဟိုအိမ်ရှေ့က ရေမြောင်းအဖုံးအောက်က ပိုက်လိုင်းအတွင်းဘက် အကွဲကြောင်းထဲမှာပေါ့။ ဘယ်သူမှလည်း ဒီလိုမျိုး ညစ်ပတ်စုတ်ပဲ့နေတဲ့နေရာမှာ ပစ္စည်းသွားဝှက်ထားလိမ့်မယ်လို့ ထင်မှာမဟုတ်ဘူး။ ပြီးတော့ စာချန်ထားခဲ့မယ်ဆိုရင်လည်း နာမည် လုံးဝမရေးနဲ့၊ တို့အချင်းချင်းပဲ နားလည်နိုင်မယ့် လျှို့ဝှက်ကုဒ်တွေပဲ ချန်ထားခဲ့ရမယ်၊ ဒါပေမဲ့ တအားကြီးတော့ ရှင်းလင်းမနေစေနဲ့ပေါ့..."

သူတို့မိသားစုမှာ တော်လှန်ရေး သတင်းအချက်အလက်ကို ဝှက်ထားခြင်း မဟုတ်ဘဲ၊ လူကြီးများမှ ကလေးအတွက် အသက်ကယ်စာတစ်စောင် ချန်ထားပေးခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထိုစဉ်ရှိ ခေတ်ကာလ အခြေအနေသည် တကယ့်ကို ရူးသွပ်ပြီး လှုပ်ခတ်နေခဲ့သည် မဟုတ်လော့။ အဆင့်မြင့် ပညာတတ် မိသားစုဝင်များ ဖြစ်ကြသည့် အဘိုးတို့နှစ်ဦးအနေဖြင့်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကိုသာ အားကိုးခဲ့ကြရရှာ၏။

ချန်ချင်းယွီ နှုတ်ခမ်းထောင့်လေးများ ကွေးသွားအောင် ပြုံးလိုက်ရင်း

"သမီး သိပါတယ်၊ တို့တွေအချင်းချင်းကြားမှာ ဒီလိုမျိုး နားလည်မှုတွေ အမြဲရှိနေခဲ့တာပဲ"

သူမ ညင်သာစွာ ပြုံးလိုက်ပြီးနောက် ပေါက်ပြားကို ကိုင်ကာ သစ်ပင်အချို့၏ အောက်ခြေတွင် သေသေချာချာ အကဲခတ်ကြည့်ရှုတော့သည်။

"အဘိုးတို့ရဲ့ ဆိုလိုရင်းကို သမီး သိပါတယ်။ အဘိုးတို့က တခြားပစ္စည်းတွေကိုလည်း သေချာပေါက် ဝှက်ထားခဲ့သေးတယ် မဟုတ်လား။ သမီးက အခုချက်ချင်းကြီး ဒါတွေကို တူးထုတ်ပြီး သုံးပစ်ဖို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့ တည်နေရာကို သေချာအောင် လာကြည့်ရတာပေါ့။"

ချန်ချင်းယွီ ဘာဖြစ်လို့ ဒီလောက်အထိ ရဲရဲကြီး ယုံကြည်နေရတာလဲ…ဘာဖြစ်လို့လဲဆိုတော့ သူမက တခြားကမ္ဘာကနေ ကူးပြောင်းလာခဲ့တာလေ…

သူမ ငယ်စဉ်၌ အမှတ်မထင်ဘဲ အိမ်မှမိသားစုကို ဤအကြောင်းအရာကို ပြောပြမိခဲ့မှာ သေချာသည်။ ထို့ကြောင့် အဘိုးတို့နှစ်ဦး အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပြီး၊ ထိုနှစ်အနည်းငယ်အတွင်းမှာပင် မိသားစုပိုင်ပစ္စည်း အတော်များများကို အပြင်သို့ အကုန်လုံး စွန့်ကြဲပစ်ခဲ့ကြ၏။ ဤသည်မှာပင် မိမိတို့ အသက်ဘေးကို ကာကွယ်ဖို့အတွက် ဖြစ်လာသည်။ သို့သော်လည်း ချန်ချင်းယွီသည် ဤမျှအထိ မြော်မြင်တတ်သော အဘိုးအဘွားနှစ်ဦးအနေဖြင့် နောက်ထပ် အရန်လှည့်ကွက်လေးတစ်ခုလောက် ချန်မထားခဲ့ဘူးဆိုသည်ကို လုံးဝမယုံကြည်ချေ။

ချန်ရိကျွင်းဆိုတဲ့ လူယုတ်မာကလည်း ဒီလိုမျိုးပဲ ရဲရဲကြီး ယုံကြည်နေခဲ့တာ မဟုတ်လား…

မဟုတ်ရင် အဲဒီဝက်ဝံကောင်က အခုနှစ်တွေအထိ အိမ်ဟောင်းဆီကို တိတ်တိတ်လေး လာပြီး နေရာအနှံ့ ဘာလို့ လိုက်နှိုက်နေရဦးမှာလဲ…

ဒါပေမဲ့ ဝဋ်လည်တာပဲ၊ သူ ဘယ်လောက်ပဲ အိမ်အနှံ့ လှန်လှောရှာရှာ ရှာတွေ့မှာ မဟုတ်ဘူး…

ဒီလိုမျိုး ကောက်ကျစ်ပြီး အရှက်မရှိတဲ့ လူယုတ်မာကို ကျန်းမိသားစုရဲ့ ဘိုးဘေးတွေက ကောင်းကင်ကနေ စောင့်ကြည့်ပြီး သေချာပေါက် အောင်မြင်ခွင့် ပေးမှာမဟုတ်ပါဘူး…

ချန်ချင်းယွီ ပေါက်ပြားဖြင့် ခဏမျှ တူးဆွကြည့်လိုက်သော်လည်း၊ မြေကြီးအောက်ခြေမှာ အလွန်မာကျောလှပြီး ဘာထူးခြားမှုမှ မရှိချေ။ ထင်ရှားသည်မှာ ဘာမှရှာမတွေ့ခြင်းပင်…

ယခုအချိန်တွင် ချန်ချင်းယွီ အသက်ကို ပြင်းပြင်းရှူနေရပြီ ဖြစ်သည်။ သစ်ပင်အောက်၌ တူးထားသည်မှာ တစ်မီတာနီးပါး ရှိနေပြီဖြစ်သော်လည်း အောက်ခြေကို မမြင်ရသေးချေ...

ဒါဆိုရင်တော့ သူမ ခန့်မှန်းချက် မှားသွားပုံပဲ…

ချန်ချင်းယွီ ညောင်းညာနေသော လည်ပင်းကို အသာအယာ နှိပ်လိုက်ရင်း နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်မိနေတော့၏။

ငါ တကယ်ပဲ မှားသွားတာလား။ ဒီသစ်ပင်အောက်မှာ ဝှက်ထားတာ မဟုတ်ဘူးလား…

သူမ စိတ်မလျှော့ဘဲ အခြားသစ်ပင်တစ်ပင်သို့ ပြောင်းရွှေ့ကာ တူညီသောနည်းလမ်းဖြင့် ထပ်မံတူးဆွကြည့်ပြန်သည်။

သို့သော်လည်း ရလဒ်မှာ မြေဝါကြီးများသာ ထွက်လာခဲ့ပြီး ဘာမှမရှိပါချေ။

ချန်ချင်းယွီ သက်ပြင်းတစ်ချက်ချရင်း ပေါက်ပြားကို အမှီပြုကာ၊ အနည်းငယ် ဝေခွဲမရဖြစ်စွာဖြင့် အုတ်ဂူဘက်သို့ လှည့်ကြည့်လိုက်ပြီး

"ငါ တကယ်ပဲ နေရာမှားသွားတာလား"

သို့သော်လည်း သူမ၏ အာရုံခံစားမှုအရ ပစ္စည်းများမှာ သေချာပေါက် ဒီအနီးအနား၌သာ ရှိနေရမည် ဖြစ်သည်။ ဤအချက်ကို ကွယ်လွန်သွားခဲ့ပြီဖြစ်သော မိသားစုဝင်များအကြားရှိ သံယောဇဉ် ဆက်နွယ်မှုအရ သိရှိနေခြင်း ဖြစ်၏။

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရင်း၊ ရုတ်တရက် အခြားဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။ သူမသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို သေချာစွာ တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ အခြားသစ်ပင်အမျိုးအစား၊ သစ်ပင်သက်တမ်းများနှင့် လုံးဝအံဝင်ခွင်ကျမဖြစ်ဘဲ ထူးခြားနေသည့် သစ်ပင်အချို့ကို စိတ်ထဲကနေ မှတ်သားလိုက်ပြီးနောက်၊ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ထိုသစ်ပင်များ၏ တည်နေရာ ဖြန့်ကျက်ပုံ ကို သစ်သားချောင်းလေးဖြင့် အကြမ်းဖျင်း ဆွဲလိုက်တော့သည်။

ဘုရားရေ...

၇၀ ပြည့်လွန်နှစ်တွေကို ရောက်လာခဲ့ရတာတောင်မှ၊ ဒီလိုမျိုး ဦးနှောက်သုံးရတဲ့ လျှို့ဝှက်ချက်ဖော်ထုတ်ရမယ့် အလုပ်မျိုးကို လုပ်နေရဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…

ဒီလိုမျိုး ဦးနှောက်စားရမယ့်အလုပ်က သူမလိုမျိုး စဉ်းစားရတာရိုးရှင်းပြီး အင်အားပဲရှိတဲ့ လူစားမျိုး လုပ်ရမယ့်အလုပ် ဟုတ်လို့လား..

တကယ့်ကိုပဲ သူမကို ဒုက္ခပေးလွန်းရာ ကျနေပြီ..

ချန်ချင်းယွီ စိတ်ထဲမှ ဗြစ်တောက်ဗြစ်တောက် ပြောနေရင်းဖြင့် သစ်ပင်တစ်ပင်ချင်းစီ၏ တည်နေရာကို မြေကြီးပေါ်တွင် တိကျစွာ လိုင်းဆွဲပြီး ဆက်လိုက်သည်။ ဤသို့ကြည့်လိုက်ရာ၊ ဟာ... ဒီသစ်ပင်တွေရဲ့ တည်နေရာ ဖြန့်ကျက်ပုံအရ လိုင်းတွေ ဆက်လိုက်တဲ့အခါကျတော့... အံ့ဩစရာကောင်းလောက်အောင်ပင် “青” (ချင်း) ဆိုတဲ့ စာလုံးပုံစံ ဖြစ်ပေါ်လာခဲ့၏။

ချန်ချင်းယွီရဲ့ “ချင်း” ဆိုတဲ့ စာလုံးလေးပေါ့..

ဟင်... မဟုတ်သေးဘူး… ပြန်ပြီး သေသေချာချာ ကြည့်လိုက်

သောအခါ… “ချင်း” ဆိုသော စာလုံးအောက်ခြေ “月” ယွဲ့ စာလုံးရဲ့ အပေါ်ဘက်နားမှာ အကြောင်းပြချက်မရှိဘဲ အစက်တစ်စက် ပိုနေခဲ့သည်။

ဒီပိုနေတဲ့ အစက်လေးက...

ထိုနေရာမှာ သစ်ပင်တစ်ပင် ရှိနေသည့် နေရာအတိအကျပင် ဖြစ်၏။ ချန်ချင်းယွီ ချက်ချင်းပင် မျက်လုံးများ လင်းလက်သွားခဲ့ပြီး၊ ပေါက်ပြားကို ကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့သည်။ ထိုနေရာတွင် ထူးခြားစွာ ပေါက်နေသည့် သစ်ပင်ကြီးကို မော့ကြည့်လိုက်ပြီးနောက်၊ အသက်ကို ပြင်းပြင်းရှူကာ၊ အောက်ကို ငုံ့ပြီး အားယူလျက် စတင်တူးဆွတော့၏။

ဒီအစက်လေးက ဒီလောက်အထိ ပိုနေတယ်ဆိုကတည်းက၊ ဒီနေရာမှာ တစ်ခုခုတော့ သေချာပေါက် ထူးခြားမှု ရှိနေရမယ်…

ချန်ချင်းယွီသည် အသက်ပြင်းပြင်းရှု၍ မြေကြီးကို စိုက်ထုတ်တူးနေခဲ့ရာ၊ ခေတ္တမျှအတွင်းမှာပင် တစ်ကိုယ်လုံးတွင် မြေကြီးများနှင့် ရွှံ့စွန်းကွက်များ ပေကျံသွားခဲ့ရသည်။ သို့သော်လည်း သူမ ဇွဲမလျှော့ဘဲ အားသွန်ခွန်စိုက် ဆက်လက်တူးနေခဲ့၏။

ချန်ချင်းယွီမှာ အမြဲတမ်း ဤကဲ့သို့ အားအင်အပြည့် ရှိနေစမြဲပင်…

ချန်ချင်းယွီမှာ ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး အဆီ လုံးဝမရှိချေ၊ ပုံမှန်အားဖြင့် စားသောက်မှုလည်း အလွန်များလှသဖြင့်၊ ထိုစွမ်းအင်များမှာ ဤကဲ့သို့သော ခွန်အားအဖြစ်သို့ သဘာဝကျကျ ပြောင်းလဲသွား၏။

သူမ ဟောဟဲဟောဟဲဖြင့် မြေကြီးကို အားရပါးရ တူးနေခဲ့သည်။

တစ်မီတာ... အင်း၊ ဘာမှ မရှိသေးဘူး။

ဆက်တူးမယ်...

ချန်ချင်းယွီသည် သစ်ပင်၏ တည်နေရာမှာ လုံးဝမရိုးရှင်းဘူးကြောင်းကို အပြည့်အဝ ယုံကြည်နေခဲ့သည်၊ ၎င်းမှာ တစ်ခုခုကို သေချာပေါက် ကိုယ်စားပြုနေရမည်။ သူမသည် အံကို တင်းတင်းကြိတ်ကာ၊ ပခုံးကို လွှဲလျက် ဆက်လက်၍ အားသွန်ခွန်စိုက် တူးဆွနေခဲ့၏။

တောင်ပေါ်ရှိ သစ်ပင်များသည် အခြေခံအားဖြင့် တောထဲမှာ မြင်ဖူးနေကျ သစ်ပင်အိုကြီးများဖြစ်ကြသော်လည်း၊ သူမ သီးသန့်ရွေးထုတ်လိုက်သည့် သစ်ပင်အချို့မှာမူ သဘာဝအလျောက် အလိုအလျောက် ပေါက်လာသည့် သစ်ပင်မျိုး မဟုတ်ဘဲ တမင်စိုက်ပျိုးထားသည့် မျိုးစိတ်များ ဖြစ်နေသည်မှာ သိသာလှပေသည်။

အနှစ်နှစ်ဆယ်၊ သုံးဆယ်သက်တမ်းရှိသည့် သစ်ပင်အိုကြီးများ ဖြစ်နေပြီဆိုသော်လည်း သစ်ပင်အမျိုးအစားချင်း လုံးဝမတူချေ။

သာမန်လူဆိုလျှင် ဤအရာကို မည်သို့မျှ သတိထားမိမည် မဟုတ်သော်လည်း၊ ချန်ချင်းယွီသည် သာမန်လူမှ မဟုတ်ဘဲ၊ ထိုလူကြီးနှစ်ဦး၏ မိသားစုဝင် ဖြစ်သည့်အပြင် စောစောကတည်းက သံသယဝင်နေခဲ့သူ ဖြစ်သဖြင့် ဤဘက်ကို ပိုမိုတွေးတောမိခြင်း ဖြစ်၏။ ထို့အပြင် သူမသည် ငယ်စဉ်မှ အကြောင်းအရာအချို့ကိုလည်း မှတ်မိနေခဲ့သေးသည်။

ယခင် မမှတ်မိခဲ့ရခြင်းမှာ ကြွက်သတ်ဆေး သောက်မိခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာပါ ပြင်းထန်သော ထိခိုက်မှုဒဏ်ကြောင့် အတိတ်မေ့သည့်နှယ် ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။ သို့သော်လည်း ပြီးခဲ့သည့်တစ်ခေါက် ခေါင်းကို တစ်ချက်ဆောင့်မိပြီးနောက်ပိုင်းတွင်မူ အတော်များများ ပြန်လည်မှတ်မိလာခဲ့ရာ၊ ငယ်စဉ်ဘဝနှင့် ပျိုဖော်ဝင်စအချိန်ရှိ အမှတ်သရုပ်များပါ တကယ့်ကို ရှင်းလင်းပြတ်သားနေခဲ့လေပြီ…

သူမ ငယ်စဉ်၌ ဤတောင်ပေါ်သို့ လာခဲ့ဖူးသည်ကို မှတ်မိနေကာ အဘိုးနှင့်အဘွားတို့မှ "ပစ္စည်းတွေကို ကိုယ့်မျက်စိအောက်မှာ ထားတာကမှ အစိတ်ချရဆုံးပဲ" ဟု ပြောခဲ့ဖူးသည်ကိုလည်း မှတ်မိနေခဲ့သည်။

ဒါက မျက်စိအောက်တည့်တည့် မဟုတ်ဘူးလား…

ဤ"အစက်" မှာ “ချင်း” စာလုံးထဲ၌ ထူးခြားစွာ ပိုနေရုံတင်မကဘဲ၊ အုတ်ဂူအချို့ရှိရာဘက်သို့လည်း တည့်တည့်ကြီး ဦးတည်နေခဲ့၏။

အနည်းငယ် ဝေးကွာသည်ဆိုသော်လည်း တကယ့်ကို တည့်တည့်မတ်မတ်ကြီး မျက်နှာမူနေခြင်း ဖြစ်သည်။

ချန်ချင်းယွီ ဆက်လက်၍ တူးဆွနေခဲ့၏။

မကြာမီမှာပင် ဆက်တူးလျှင် သူမကိုယ်တိုင် ကျင်းထဲသို့ ပြုတ်ကျတော့မည့် အနေအထားသို့ ရောက်ရှိလာသဖြင့်၊ ချန်ချင်းယွီသည် ဇွတ်မှိတ်ကာ ကျင်းထဲသို့ ခုန်ချလိုက်ပြီးမှ ဆက်တူးတော့သည်။

တောက်… အရပ်ပုတဲ့သူတွေက ဒီလိုနေရာမျိုးမှာ တကယ့်ကို အရှုံးပေါ်တာပဲ…

သူမသည် ဟောဟဲဟောဟဲဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်နေစဉ် …

ဒုန်း...

ခပ်အုပ်အုပ် အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ချန်ချင်းယွီ လက်ကို ချက်ချင်း ရပ်လိုက်မိပြီး

မထင်မှတ်ဘူး...

ဒီလောက်အထိ နက်အောင် တူးလိုက်ခါမှ အောက်ခြေက မြေကြီးမဟုတ်တော့ပါလား…

ချန်ချင်းယွီ မြေကြီးများကို ခပ်သွက်သွက် ဖယ်ရှားလိုက်ရာ၊ ကျောက်ပြားကြီးတစ်ခုကို ဗြုန်းခနဲ တွေ့ရှိလိုက်ရ၏။

ကျောက်ပြားပေါ်တွင် သံကွင်းလက်ကိုင်တစ်ခု ပါရှိနေပြီး သံချေးများပင် တက်နေခဲ့ပြီ ဖြစ်သည်။

ဒါကတော့... လျှို့ဝှက်ခန်းပဲ...

၎င်းကို ဖွင့်မကြည့်ရသေးသော်လည်း ဤအရာမှာ လျှို့ဝှက်ခန်းတစ်ခု ဖြစ်သည်ကို ချန်ချင်းယွီ အတပ်သိလိုက်သည်။

သူမသည် ၎င်းကို ဖွင့်ပြီး အောက်သို့ ဆင်းကြည့်ရမလားဆိုသည်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့၏။

တကယ်လို့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ရင်တောင်မှ သူမအနေနဲ့ သိုဝှက်ထားစရာ နေရာမရှိလို့ ဒီနေရာမှာပဲ ပြန်ထားခဲ့ရမှာလေ…

ဒါပေမဲ့ အကယ်၍ ဖွင့်လိုက်ရင် နောင်ကျရင် ပစ္စည်းတွေ သိမ်းဆည်းထားဖို့အတွက် အဆင်မပြေဖြစ်သွားနိုင်မလား…

လုံးဝပိတ်ဆို့ထားတာနဲ့ တစ်ခေါက်ဖွင့်ပြီးမှ ပြန်ပိတ်တာက သဘာဝချင်း မတူဘူး မဟုတ်လား…

ချန်ချင်းယွီ အကြာကြီး စဉ်းစားတွေးတောပြီးနောက်တွင်မူ နောက်ဆုံး၌ ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

အနည်းဆုံးတော့ စိတ်ထဲကနေ အတိအကျ သိထားရအောင်… ဖွင့်လိုက်မယ်…

ချန်ချင်းယွီသည် ရင်ခုန်သံမြန်စွာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ပတ်ဝန်းကျင်က မြေကြီးများကို ထပ်မံတူးဆွကာ၊ သံကွင်းကို ကိုင်လျက် အားကုန်သုံးကာ ဆွဲတင်လိုက်ရာ... ဂျိန်း...

ကျောက်ပြားမှာ တကယ့်ကို ထူထဲပြီး လေးလံလှသဖြင့် သာမန် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဆိုလျှင်ပင် တော်တော်လေး အားစိုက်ရလောက်၏။

ချန်ချင်းယွီကဲ့သို့ အားသန်သည့်သူပင် လက်မောင်းကြွက်သားများ တင်းမာသွားပြီး အကြောပြိုင်းပြိုင်း ထသွားခဲ့ရသည်။ သူမသည် အံကို တင်းတင်းကြိတ်၍ အားကုန်သုံးပြီး ဆွဲဖွင့်လိုက်ရာ ကျောက်ပြားဆီမှ အက်ကွဲသံ ခပ်အုပ်အုပ် ထွက်ပေါ်လာပြီး၊ ချန်ချင်းယွီ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မှောင်မည်းနေခဲ့၏။ အောက်ခြေမှာ တကယ့်ကို မှောင်အတိကျနေသဖြင့် ချန်ချင်းယွီပင် အောက်သို့ ဆင်းရန် မဝံ့မရဲ ဖြစ်သွားခဲ့သည်။

သူမတွင် လက်နှိပ်ဓာတ်မီး မပါလာခဲ့ပေ။

ထို့အပြင် “သရဲမီးမှုတ်ခြင်း” (Ghost Blows Out the Light - လျှို့ဝှက်ခန်းတူးသည့် ဝတ္ထု) ကို ဖတ်ဖူးထား၍ ဤကဲ့သို့ အနှစ်နှစ်ဆယ်ကျော် ပိတ်ဆို့ထားတဲ့နေရာမျိုးကို ချက်ချင်းကြီး ဆင်းသွားရန် မဖြစ်ကြောင်း သတိရမိသည်။ သူမအိတ်ကပ်ထဲကို စမ်းသပ်ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် မီးခြစ်တစ်ဗူးကို စမ်းမိခဲ့သည်။ ၎င်းမှာ မြက်ခြောက်ပင်များကို မီးရှို့ဖို့အတွက် အိတ်ထဲ ထည့်လာခဲ့ခြင်း ဖြစ်၏။

မြက်ပင်ရှင်းစဉ် အသုံးမဝင်ခဲ့သော်လည်း ယခုအချိန်တွင်မူ တကယ်ပင် အသုံးတည့်သွားခဲ့ရသည်။ ချန်ချင်းယွီ မီးခြစ်တစ်ချောင်းကို ခြစ်လိုက်စဉ် မီးတောက်လေး တစ်ခု ထွက်ပေါ်လာရာ၊ မီးရောင်လေးအတိုင်း သူမ အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း အောက်ခြေတွင် တွင်းနက်ကြီးတစ်ခုသာ ရှိနေပြီး ဘာမှမရှိချေ။ ကြည့်ရသည်မှာ ပိတ်ဆို့ထားသည့် ရေတွင်းဟောင်းတစ်ခုနှင့် တူလှ၏။

မီးတောက်လေး ငြိမ်းသွားသဖြင့် ချန်ချင်းယွီ ချက်ချင်းပင် နောက်တစ်ချောင်းကို ထပ်မံခြစ်လိုက်ပြန်သည်။ မီးခြစ်ဗူးဝက်ခန့် ကုန်ဆုံးသွားသည့်တိုင်အောင် ချန်ချင်းယွီအနေဖြင့် ဘာထူးခြားမှုကိုမျှ မတွေ့ရှိခဲ့ရချေ။ အောက်သို့ ဆင်းသွားလျှင် ရနိုင်ကောင်းရနိုင်သော်လည်း ပြန်တက်လာဖို့ရန်မှာ တော်တော်လေး မလွယ်ကူလှချေ။ ဤသည်မှာ ကိုယ်ခံပညာ တတ်ခြင်း မတတ်ခြင်းနှင့် မဆိုင်ဘဲ ဘေးပတ်ဝန်းကျင်တွင် တွယ်တက်စရာ ခြေကုတ်လက်ကုတ် လုံးဝမရှိခြင်းကြောင့် ဖြစ်၏။ ယခုအချိန်တွင် ကြိုးတစ်ချောင်း တကယ်ကို လိုအပ်နေခဲ့ပြီ…

ငါက မြွေတွေကို ကြိုးလိုမျိုး တစ်ကောင်နဲ့တစ်ကောင် ထုံးပြီးတော့ အဲဒါကို ကိုင်ပြီး ဆင်းသွားရမှာလား…

အန်... မလုပ်နိုင်ပါဘူး၊ ဖြစ်လည်း မဖြစ်နိုင်တာကို…

ချန်ချင်းယွီ ယခင်၌ ဂူသင်္ချိုင်းတူးသည့် ဝတ္ထုများ ဖတ်ဖူးစဉ် အဘယ်ကြောင့် ပစ္စည်းကိရိယာ အစုံအလင် ယူဆောင်လာကြသလဲဆိုသည်ကို ယခုမှပင် နားလည်သဘောပေါက်သွားခဲ့တော့၏။

ကြည့်စမ်း... ကိုယ့်အိမ်က မြေအောက်ခန်းထဲ ဝင်ဖို့တောင် ဒီလောက်အထိ ဒုက္ခများတာ…သောက်ကျိုးတည်းပါပဲ..

အင်း... ချန်ချင်းယွီ၏ အမြင်တွင် ဤအရာမှာ မိမိတို့အိမ်က မြေအောက်ခန်းသာ ဖြစ်၏။

ငါ့အဘိုးနဲ့အဘွားက ပစ္စည်းတွေ ဝှက်ဖို့အတွက် လုပ်ထားတာဆိုတော့ ငါတို့အိမ်က မြေအောက်ခန်း မဟုတ်လို့ ဘာလဲ…

ချန်ချင်းယွီ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ကြိုးမပါလျှင် လုံးဝအဆင်မပြေနိုင်မှန်း သေချာသွားသဖြင့် ဇွတ်မှိတ်ပြီး မလုပ်တော့ချေ။ မည်သို့ဖြစ်စေ ဤအရာကို မြင်လိုက်ရရုံဖြင့်ပင် ဤနေရာမှာ မိမိအဘိုးနှင့်အဘွားတို့ ပစ္စည်းဝှက်ထားခဲ့သည့်နေရာ ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသွားခဲ့ပြီ ဖြစ်သည်။

ဒီနေ့ ဖွင့်မကြည့်ရရင်တောင် နောင်ကျရင် သေချာပေါက် ပြန်လာဖွင့်လို့ ရတာပဲ မဟုတ်လား…

ချန်ချင်းယွီ ပြန်လည်စဉ်းစားကြည့်ပြီး ဇွတ်တရွတ် မလုပ်တော့ရန် ဆုံးဖြတ်လိုက်၏။

ရောက်တုန်းရောက်ခိုက် ဆိုပေမယ့်… လူက သေကြောင်းတော့ သွားရှာလို့ မဖြစ်ဘူး မဟုတ်လား…

အောက်ကို ဆင်းရတာ တကယ့်ကို အဆင်မပြေလှဘူး…

အဘိုးတို့ နှစ်ယောက်တုန်းက ဒါကို ဘယ်လိုများ တူးခဲ့ကြပါလိမ့်…

ထိုစဉ် ဦးလေး ရှိနေသေးသည်ဆိုသော်လည်း သူသည်လည်း ကလေးတစ်ယောက်သာ ဖြစ်သဖြင့် အားကိုးလို့ရမည် မဟုတ်ပေ။

ချန်ချင်းယွီ ကျောက်ပြားကြီးကို မူလအတိုင်း ပြန်လည်ပိတ်ဆို့လိုက်

ရင်း~~~ ဟူး... ဟူး... ဟူး...

တကယ်ကို လေးလံလှချေကော..

ခန့်မှန်းရသည်မှာ သူမကဲ့သို့ ခွန်အားကြီးမားသည့်သူမှလွဲ၍ သာမန်လူဆိုလျှင် တကယ်ကို မလွယ်ကူလှပေ။

ချန်ချင်းယွီ အချိန်ဆွဲမနေဘဲ ကျင်းထဲမှ ပြန်လည်တွားတက်လာခဲ့ပြီးနောက် မြေကြီးများကို ပြန်လည်ဖို့လိုက်သည်။

ကိုယ်တိုင်တူးခဲ့တဲ့ကျင်းမလို့ ငိုပြီးတော့ပဲ ဖြစ်ဖြစ် ပြန်ဖို့ရမှာပေါ့... ဟူး... ဟဲ…ဟိုး...

ကဲ... အလုပ်လုပ်ကြစို့...

ချန်ချင်းယွီမှာ အဘိုးနှင့်အဘွား ချန်ထားပေးခဲ့သည့် ပစ္စည်းများကို မမြင်တွေ့ခဲ့ရသော်လည်း စိတ်ထဲတွင်မူ များစွာ ပိုမိုတည်ငြိမ်သွားခဲ့ရ၏။

ဒီစကားကို ဘယ်လိုပြောရမလဲဆိုရင်... မိမိ၌ နောက်ခံအင်အား အရင်းအနှီး ရှိနေမှန်း သိရှိထားရခြင်းမှာ လောလောဆယ် အသုံးမပြုနိုင်သေးလျှင်ပင် စိတ်ထဲတွင် သေချာပေါက် အားကိုးအားထား ရှိနေသကဲ့သို့ ခံစားရစေသည် မဟုတ်လော့။ ချန်ချင်းယွီမှာ ယခုအချိန်တွင် ထိုသို့သော အခြေအနေမျိုး ဖြစ်နေခဲ့သည်။ သူမသည် ဟူးဟူး... ဟူး ဖြင့် အလုပ်ကို အားစိုက်လုပ်ကိုင်နေခဲ့၏။

ဤကျင်းအပြင် ယခင် တူးခဲ့သည့် ကျင်းနှစ်ကျင်းကိုပါ ချန်ချင်းယွီသည် အကုန်လုံး ပြန်လည်ဖို့ပေးလိုက်ရာ၊ တစ်ကိုယ်လုံးတွင် ညစ်ပတ်ပေကျံနေခဲ့ပြီ ဖြစ်သည်။

တူးဆွထားသည့်နေရာနှင့် မတူးရသေးသည့်နေရာမှာ သဘာဝချင်း မတူဘဲ ကွဲပြားနေသဖြင့်၊ ချန်ချင်းယွီသည် သစ်ရွက်ခြောက်အချို့ကို ယူဆောင်ကာ အပေါ်မှ ဖြန့်ကြဲလိုက်ပြီး ခြေထောက်ဖြင့် အားရပါးရ နင်းခြေပစ်လိုက်၏။ ထို့နောက် အခြားနေရာမှ မြေကြီးအချို့ကိုပါ ယူဆောင်ကာ အပေါ်မှ ထပ်မံဖုံးအုပ်၍ မရိပ်မိအောင် အသွင်ပြောင်းလိုက်သည်။ ဤနေရာကို လူတစ်ယောက်ယောက် တူးဆွထားခဲ့သည်ကို သူတပါး သိရှိသွား၍ မဖြစ်ပေ။

ဤတောနက်ထဲသို့ သာမန်အားဖြင့် လူသူအရောက်အပေါက် မရှိဟု ဆိုသော်လည်း၊ မတော်တဆဆိုသည့် အရာကိုတော့ ကြိုတင်ကာကွယ်ရမည်သာ…

ချန်ချင်းယွီ အလုပ်ရှုပ်နေခဲ့ပြီး ဤအလုပ်များအားလုံး ပြီးဆုံးသွားသည့်အခါတွင်မူ မိမိ၏ ရုပ်ရည်အသွင်အပြင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ဗြုန်းခနဲ ထိုင်ချလိုက်တော့သည်။

သူမ တကယ်ပဲ မောပန်းသွားခဲ့ရပြီ… အမယ်လေး…

ထင်ထားသည့်အတိုင်းပင် ဤအရာမှာ အမှန်တကယ်ကို ပင်ပန်းလှသော အလုပ်ကြီးတစ်ခုတည်း။

ချန်ချင်းယွီသည် အုတ်ဂူဗိမာန်ကို လက်ညှိုးထိုးပြလျက် မိမိဘာသာ တိုးညှင်းစွာ ရေရွတ်လိုက်၏။

"အဘိုး... သမီး ဒီနေ့တော့ အောက်ကို ဆင်းမကြည့်တော့ဘူးနော်။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားမှာလည်း မဟုတ်တာ၊ လောလောဆယ် ဒီမှာပဲ ခဏထားလိုက်ဦးမယ်။ သမီး အိမ်ဝယ်ပြီးမှပဲ ဒါတွေကို နေရာရွှေ့တော့မယ်"

သူမသည် သစ်ပင်တစ်ပင်ကို အသာအယာ မှီလိုက်ရင်း

"ဒါတွေလုပ်ရတာနဲ့တင် တော်တော်လေး မောနေပြီ။ အဘိုးတို့ ဒါတွေကို ပြင်ဆင်ဖို့ ဘယ်လောက်တောင် အချိန်ယူခဲ့ရလဲမသိဘူး၊ တကယ့်ကို ပင်ပန်းခဲ့မှာပဲနော်"

ချန်ချင်းယွီတစ်ယောက် တတွတ်တွတ် ပြောဆိုနေစဉ်မှာပင်၊ ဗြုန်းခနဲ ယုန်တစ်ကောင် ဖြတ်ပြေးသွားသည်ကို လှမ်းမြင်လိုက်ရသည်။ ယခုတင် ပင်ပန်းလှပြီဟု ညည်းတွားနေခဲ့သော ချန်ချင်းယွီသည် ချက်ချင်းပင် ဝုန်းခနဲ ထရပ်ကာ ယုန်ထက်ပင် မြန်ဆန်သော နှုန်းဖြင့် ပြေးထွက်သွားတော့၏။

"နင် ဘယ်ပြေးမလို့လဲ..."

သူမ၏ ဖျတ်လတ်သွက်လက်မှုမှာ နတ်ယုန်ဖြူကို ဖမ်းဆီးသည့် စွန်းဝူခုန်းအလားပင် ထင်မှတ်ရပေသည်။

ချန်ချင်းယွီ လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားကာ မျက်တောင်ခတ်အတွင်းမှာပင် ယုန်ကို ဖမ်းမိသွားခဲ့ပြီး "မထင်မှတ်ထားတဲ့ ဆုလာဘ်ပဲ..." ဟု အောင်နိုင်သူအပြုံးဖြင့် ဆိုလိုက်၏။

၎င်းမှာ သစ်ငုတ်တို၌ ယုန်လာတိုက်သည်ကို ထိုင်စောင့်ရင်း ကံထူးသွားခြင်းဟု ခေါ်ဆိုရမည်။

ချန်ချင်းယွီ သွားဖြဲပြုံးလိုက်ရင်း

"သမီးကို ကြည့်ဦး၊ တော်တယ်မလား"

သူမသည် ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ မော့လိုက်ပြီးနောက် ဝမ်းသာအားရ ရေရွတ်လိုက်ပြန်၏။

"ဒီညတော့ ယုန်သားဟင်း စားရပြီဟေ့"

ထို့နောက် သက်ပြင်းတစ်ချက်ချကာ

ခပ်နောက်နောက် ညည်းတွားမိသည်။

"အရင်က ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာတော့ ယုန်တွင်းတစ်တွင်း တွေ့ရင် မီးခိုးလေး တစ်ချက်မှိုင်းလိုက်တာနဲ့ ယုန်တစ်အုံလိုက်ကြီး ထွက်လာတတ်ကြတာ၊ တကယ့်ကို ကံကောင်းကြတာပဲ။ ကျွန်မမှာကျတော့ ဘာလို့ ဒီလိုကံမျိုး တစ်ခါမှမရှိရတာလဲ၊ အမြဲတမ်း အထီးကျန်နေတဲ့ ယုန်အပျိုကြီးတွေပဲ မိနေတယ်"

သို့သော်လည်း သူမ၏ နှုတ်ခမ်းထောင့်တွင်မူ ပျော်ရွှင်သော အပြုံးရိပ်တို့က ထင်ဟပ်နေခဲ့၏။

ချန်ချင်းယွီ အရင်ဘဝ ငယ်စဉ်အခါ၌ ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သဖြင့်၊ စားစရာ မြင်ရလျှင်ပင် အလိုလို စိတ်ချမ်းမြေ့သွားတတ်စမြဲ ဖြစ်သည်။

"မိုးလည်း ချုပ်တော့မယ်၊ ငါ တောင်ပေါ်ကနေ ဆင်းမှဖြစ်တော့မယ်။ အဘိုးတို့ အဘွားတို့ စိတ်မပူကြနဲ့နော်၊ ချန်ရိကျွင်းရဲ့ ကိစ္စကို သမီး သေသေချာချာ ကိုင်တွယ်ပစ်မှာ။ တစ်ခါတည်းနဲ့ မပြတ်ရင် နှစ်ခါ၊ သုံးခါပေါ့... ဘာပဲဖြစ်ဖြစ် ဖြစ်အောင် လုပ်မှာပါ"

ချန်ချင်းယွီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း

"သမီး သတိထားပါ့မယ်၊ ဘာသဲလွန်စမှ အထွက်မခံစေရဘူး"

ဤတစ်ခေါက် တောင်ပေါ်တက်ရခြင်းမှာ အခြားထူးခြားသော အကျိုးအမြတ် အများကြီး မရရှိခဲ့သော်လည်း အချည်းနှီး မဖြစ်ခဲ့ချေ။ အနည်းဆုံး မိမိအိမ်၏ မြေအောက်ခန်းကို ရှာဖွေတွေ့ရှိခဲ့ပြီ မဟုတ်လော့…

၎င်းကို လျှို့ဝှက်ခန်းဟု ခေါ်ဆိုလျှင် တအားကြီး လွန်လွန်းရာကျပြီး တရားဝင်ဆန်လွန်းလှသည်။

မြေအောက်ခန်း... သေချာပေါက် ဒါက မြေအောက်ခန်းပဲ

ချန်ချင်းယွီသည် ပစ္စည်းများကို သိမ်းဆည်းရင်း ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ နေရောင် တောက်ပနေသေးသည်ဆိုသော်လည်း အချိန်မစောတော့ပေ။ ညနေ လေးနာရီကျော်နေပြီ ဖြစ်သဖြင့် တောင်အောက်သို့ ဆင်းပြီး အိမ်ပြန်ရောက်သည့်အချိန်ဆိုလျှင် အနည်းဆုံး ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီခန့် ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ချန်ချင်းယွီသည် အချိန်ဆွဲမနေတော့ဘဲ စက်ဘီးကို အမြန်မကာ ထွက်ခွါခဲ့တော့၏။

"တောင်တက်ရတာထက် တောင်ဆင်းရတာက ပိုခက်တယ်" ဟူသော စကားကို မည်သူပြောခဲ့သည်မသိသော်လည်း တကယ်တမ်း အမှန်ပင် ဖြစ်သည်။ ချန်ချင်းယွီ တောင်ပေါ်မှ ဆင်းရသည့်အချိန်မှာ တက်ခဲ့စဉ်ထက်ပင် ပိုမိုကြာမြင့်ခဲ့ရ၏။ သူမ အိမ်ပြန်ရောက်သည့်အချိန်တွင် ခုနစ်နာရီကျော်နေပြီ ဖြစ်သည်။ အဘွားကြီးကျောက် အိမ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သော်လည်း ချန်ချင်းယွီ အိမ်သို့ မရောက်သေးချေ။

ချန်ချင်းယွီ ပြန်လည်ရောက်ရှိလာချိန်တွင် အဘွားကြီးကျောက်သည် အိမ်၌ ငါးကြော်နေခဲ့၏။ ဆီပူသံ တစီစီနှင့်အတူ လတ်ဆတ်သော ငါးကြော်နံ့မွှေးမွှေးလေးမှာ လေထုထဲတွင် ပျံ့လွင့်နေပြီး၊ ဝင်းတစ်ခုလုံးကို မွှေးကြိုင်သွားစေသဖြင့် အိမ်နီးနားချင်းများအားလုံးကို သွားရည်ကျ စိတ်ပျက်သွားစေတော့သည်။

"တို့တွေအားလုံး တစ်ဝင်းတည်းမှာ နေကြတာကို၊ နင်တို့ကျမှ ဘာလို့ ဒီလောက်တောင် အစားအသောက် ကောင်းနေရတာလဲ။ ဘာတွေ လာကြွားနေတာလဲမသိဘူး..."

လူအချို့ ဗြစ်တောက်ဗြစ်တောက် ပြောကြသည်။

အဘွားကြီးကျောက်တို့ မိသားစုသည် လွန်ခဲ့သည့် တစ်လကျော်ခန့်ကတည်းက တကယ်ပင် အဆင်ပြေချမ်းသာစွာ နေထိုင်လာနိုင်ခဲ့ကြ၏။

မဟုတ်သေးဘူး... ချန်ချင်းယွီ လမ်းဘေးဈေးဆိုင် စတင်ဖွင့်လှစ်ကတည်းက သူတို့မိသားစု၏ လူနေမှုဘဝ သိသိသာသာ မြင့်မားလာခဲ့ခြင်း ဖြစ်သည်။

ဒါကတော့ တကယ့်ကို အားကျစရာကောင်းလှပါဘိ…

စတုတ္ထဝင်း၏ နောက်ဘက်ခြံတွင် နေထိုင်ကြသူများမှာ အဆင်ပြေကြသော်လည်း၊ ဒုတိယဝင်းတွင် နေထိုင်ကြသူများကတော့ တကယ့် "ဓားစာခံ" များ ဖြစ်နေကြရရှာသည်။ အဘွားကြီးကျောက်တို့ နေ့တိုင်း အကောင်းစားများ စားသောက်နေကြပြီး၊ သူတို့မှာမူ တစ်နေ့လုံး အနံ့သာ ရှူနေရသဖြင့် တကယ့်ကို သနားစရာ ကောင်းလှ၏။ သို့သော်လည်း သူတို့ စိတ်ထဲ ဘယ်လောက်ပင် မကျေမနပ် ဖြစ်နေကြပါစေ၊ အဘွားကြီးကျောက်ကို မည်သူမျှ သွားရောက်၍ မပြောရဲကြချေ။

စကားလုံး သုံးလုံးတည်းဖြင့် အကျဉ်းချုပ်ရလျှင် …

"မဆွရဲဘူး"

အဘွားကြီးကျောက်သည် သူတပါးနှင့် အမြဲတမ်း အော်ဟစ်ရန်ဖြစ်တတ်ပြီး၊ ချန်ချင်းယွီမှာလည်း ကွယ်ရာမှ အကွက်ဆင်ကာ ပရိယာယ်ဆင်တတ်သူ ဖြစ်သည်။ ချန်ချင်းယွီ၏ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်မှုများကြောင့် ယခုအချိန်တွင် အဘွားကြီးကျောက်သည် တစ်ရပ်ကွက်လုံး၌ အစွမ်းအစအရှိဆုံးနှင့် အဆိုးဆုံး မိန်းမကြီးအဖြစ် နာမည်ကြီးနေခဲ့ပြီ ဖြစ်၏။

လူအများစုမှာ သူမကို တကယ်ကို မပတ်သက်ရဲကြချေ။

တစ်ခါတရံတွင် နာမည်ဆိုး အနည်းငယ် ထွက်ပေါ်နေခြင်းမှာ ကိစ္စမရှိသည့်အပြင် ဒုက္ခများစွာကိုပါ သက်သာစေတတ်ပေသည်။

ချန်ချင်းယွီ ပြန်ရောက်လာသည့်အခါ ရှေ့ဝင်းထဲတွင် လူအချို့ စုဝေးပြီး တိုးတိုးတိုးတိုးဖြင့် အတင်းပြောနေကြသည်ကို တွေ့လိုက်ရ၏။

"ရှောင်ချန်... ပြန်လာပြီလား။ တစ်ကိုယ်လုံးလည်း ဘာလို့ ဒီလောက်တောင် ပေကျံနေရတာလဲ။"

ချန်ချင်းယွီ : "ကျွန်မ အုတ်ဂူ သွားရှင်းလာလို့ပါ"

ယခုခေတ်ကာလ အခြေအနေမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်လောက် မတင်းကျပ်တော့သဖြင့်၊ အုန်းအုန်းထအောင် မလုပ်လျှင် မည်သူမျှ ဂရုမစိုက်ကြပေ။

ချန်ချင်းယွီသည် သင့်တော်မည့် စကားအချို့ကို ပြောဆိုလိုက်ပြီးနောက်၊ လက်ထဲရှိ ယုန်ကို လှုပ်ခါပြလျက်

"တကယ်တော့ ကျွန်မ ဒီလောက်အထိ ပေကျံသွားတာက ဒီယုန်ကို လိုက်ဖမ်းနေလို့ပါ"

မဟုတ်ပါဘူး... တို့မိသားစု ပိုင်ဆိုင်မှုတွေကို ရှာဖို့ မြေအောက်ခန်း တူးနေလို့ပါဟယ်… အဟမ်း… ဒါကတော့ ထုတ်ပြောမရဘူးပေါ့လေ…

"ဟာ... ဒီယုန်က တော်တော်လေး ဆူဖြိုးတာပဲ၊ ကြည့်ရတာ အသားများမယ့်ပုံပဲ။ ရှောင်ချန်... နင် တော်တော် လက်စွမ်းထက်တာပဲ..."

"ယုန်တွေက တအားမြန်တာကို၊ နင် တကယ်တော်တယ်..."

ချန်ချင်းယွီ ပြုံးလိုက်ရင်း နှိမ့်ချစွာ ဆိုလိုက်သည်။

"မဟုတ်ပါဘူးရှင်၊ ကျွန်မလည်း တော်တော်လေး ဒုက္ခခံပြီးမှ ဖမ်းမိတာပါ"

လူတိုင်းလည်း သဘောတူညီကြ၏။ ယုန်ဆိုသည်မှာ တကယ်ပင်အပြေးမြန်ပြီး ဖမ်းရခက်သည့် သတ္တဝါတည်း။ ထို့ကြောင့် ချန်ချင်းယွီတစ်ယောက် ယုန်ဖမ်းရင်း ဤမျှအထိ ဖရိုဖရဲ ပေကျံသွားခြင်းကို လူတိုင်း သဘာဝကျသည်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။ အကယ်၍ အေးဆေးသက်သာစွာဖြင့် ဖမ်းမိခဲ့သည်ဆိုလျှင်မှ ထူးဆန်းနေဦးမည် ဖြစ်၏။

ချန်ချင်းယွီ : "အနံ့က တအားမွှေးတာပဲ၊ ဘယ်အိမ်က ချက်နေတာလဲဟင်"

"ဘယ်သူ့အိမ် ဖြစ်ရဦးမှာလဲ၊ နင်တို့အိမ်ကပေါ့။"

"ဒါဆို ကျွန်မ အိမ်ထဲ ဝင်တော့မယ်နော်"

ချန်ချင်းယွီ ချက်ချင်းပင် ထွက်ခွာခဲ့ရာ၊ လူတိုင်း အားကျမနာလို ဖြစ်ကျန်ရစ်ခဲ့ကြသည်။

အားမကျဘဲ နေနိုင်ပါ့မလား၊ ဒါက ယုန်သားကြီးလေ...

ယုန်သားကြီးဟ…

သူတို့သာ ချန်ချင်းယွီ ဖမ်းလာခဲ့သည့် မြွေများကို မြင်လိုက်ရလျှင်တော့ ယခုထက်မက ပိုမိုလန့်ဖျန့်သွားကြပေလိမ့်မည်။

ချန်ချင်းယွီသည် မြွေများကို အိမ်သို့ တိုက်ရိုက်ယူမလာခဲ့ဘဲ၊ လမ်းခုလတ်တွင် သူမ၏ အဘိုးအဘွားများ၏ အိမ်ဟောင်းပျက်ဆီသို့ တစ်ပတ်လှည့်ကာ ထိုနေရာတွင် သွားရောက်ဝှက်ထားခဲ့သည်။

ထိုနေရာမှာ မူလကတည်းက "သရဲခြောက်သည့်အိမ်" ဟု နာမည်ကြီးပြီး ပျက်စီးယိုယွင်းနေခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ငလျင်လှုပ်ခတ်မှုကြောင့် အိမ်တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရသည်။ လုံးဝဥဿုံ ပြိုကျသွားခြင်း မဟုတ်ဟု ဆိုသော်လည်း၊ နေရာအတော်များများ ပြိုကျကုန်ပြီး အချို့နေရာများလည်း ပြိုလုပြိုခင် ဖြစ်နေကာ၊ အုတ်တံတိုင်းပျက်များနှင့် အပျက်အစီးများသာ ကျန်ရှိတော့၏။

ဤသို့ ဖော်ပြရလျှင် ပိုမိုမှန်ကန်ပေလိမ့်မည်။ အခြေအနေမှာ တကယ့်ကို ဆိုးဝါးလှသဖြင့် ရပ်ကွက်ကော်မတီမှလည်း ပြုပြင်ထိန်းသိမ်းဖို့အတွက် ငွေကြေးမသုံးစွဲချင်ကြချေ။ သရဲခြောက်သည်ဆိုသည့် ကောလာဟလများကြောင့် ပြုပြင်ပြီးလျှင်ပင် မည်သူ့ကိုမျှ ခွဲဝေပေးရန် မလွယ်ကူခြင်းကြောင့်တည်း။ ငွေကြေးအမြောက်အမြား ကုန်ကျမည့်အလုပ် ဖြစ်သဖြင့် မည်သူမျှ လာရောက်မထိတွေ့ကြပေ။ ထို့ကြောင့် ထိုအိမ်ဟောင်းကြီးသည် ယနေ့တိုင်အောင် ဤကဲ့သို့ ပျက်စီးမြဲ ပျက်စီးနေခဲ့ခြင်း ဖြစ်သည်။ ချန်ရိကျွင်းဆိုသည့်လူပင် ထိုနေရာ၌ ပစ္စည်းလာရောက်ရှာဖွေခြင်းကို လက်လျှော့သွားခဲ့ပြီ ဖြစ်ရာ၊ တကယ့်ကို စွန့်ပစ်ခံထားရသော နေရာဟောင်းကြီးတစ်ခု ဖြစ်နေ၏။

ချန်ချင်းယွီသည် မြွေများထည့်ထားသည့် အိတ်ကို ထိုနေရာတွင်ပင် သေသေချာချာ ဝှက်ထားလိုက်ပြီး၊ လောလောဆယ် ပြန်လည်ထုတ်ယူရန် စိတ်မကူးမရှိသေးပေ။ တစ်စုံတစ်ယောက်က မြင်သွားလျှင် မကောင်းပေ။

သို့သော်လည်း ချန်ချင်းယွီ ပြန်လည်တွေးတောကြည့်ပြီးနောက်၊ ဤည ချန်ရိကျွင်း၏ အိမ်ဘက်ကို မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမ တောင်ပေါ်တက်သွားကတည်းက မြင်သူများ ရှိနေခဲ့သည်ဖြစ်ရာ၊ မြွေအန္တရာယ်ကိစ္စ ဖြစ်ပွားပြီးနောက် ရဲများ သံသယဝင်သွားနိုင်ခြေ ရှိ၏။

သာမန်လူဆိုလျှင် အယူသီးပြီး နတ်ဆိုးဖန်တီးသည်ဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့မှာ ထိုသို့ ယုံကြည်မည်မဟုတ်ချေ။ ထို့အပြင် ပြီးခဲ့သည့်တစ်ခေါက် ကိစ္စမှာလည်း လုံးဝဥဿုံ ပြီးပြတ်သွားသေးသည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် ပိုမိုသတိထားရန်အတွက် ရက်အနည်းငယ်ခန့် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် မြွေဆိုတာက အလွယ်တကူ သေသွားမယ့်အရာမှ မဟုတ်ဘဲ…

ချန်ချင်းယွီ အိမ်ထဲသို့ လှမ်းဝင်

လိုက်ရင်း ဝမ်းသာအားရ အော်ပြောလိုက်၏။

"အမေ... ကျွန်မဘာဖမ်းလာလဲ ကြည့်ဦး..."

ငါးကြော်နေသည့် အဘွားကြီးကျောက် ခေါင်းပြူကြည့်လိုက်ပြီး

"ဟယ်... တကယ်ပဲ တစ်ခုခု မိလာတာပဲ... ယုန်ကြီးပါလား..."

"သမီးကြည့်ပါရစေ၊ သမီးကြည့်ပါရစေဦး..."

တီဗီကြည့်နေသည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်စလုံး ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဆူညံပွက်လောရိုက်သွားကြတော့သည်။

"အစပ်ဟင်း... အစပ်ဟင်း... ဒါကို သေချာပေါက် အစပ်ချက်စားရမယ်..."

ချန်ချင်းယွီ : "ကောင်းပြီလေ၊ ဒါဆို တို့တွေ ဒီနေ့ပဲ ချက်စားကြမလား၊ ဒါမှမဟုတ်..."

"ဒီနေ့ပဲ ချက်မယ်၊ အဘွားပဲ ချက်ပေးမယ်။"

အဘွားကြီးကျောက် ချက်ချင်းပင် စကားဖြတ်ပြောလိုက်ပြီး

"ကောင်းတဲ့အရာဆိုတာ စောင့်ရကျိုးနပ်စေရမယ်"

"ဟုတ်ကဲ့ပါရှင်..."

ချန်ချင်းယွီ : "ဒါဆို ကျွန်မ ရေချိုးဦးမယ်နော်"

အဘွားကြီးကျောက် ချန်ချင်းယွီ၏ တစ်ကိုယ်လုံး ပေကျံနေမှုကို အထက်အောက် ကြည့်ရှုလိုက်ရင်း

"အေးပါ... ဟုတ်သားပဲ၊ မြန်မြန်သွားလေ မြန်မြန်ပြန်ရောက်လေပေါ့"

ဟူး...

သူတို့နေထိုင်သည့် ဝင်းကြီးထဲတွင် ရေချိုးမည်ဆိုလျှင် ရေကို ကိုယ်တိုင်ခပ်ယူပြီးမှ ချိုးကြရခြင်း ဖြစ်သည်။ အပြင်ထွက်၍ ရေချိုးခန်းတွင် ချိုးခြင်းမှာ အိမ်ထဲ၌ ရေပတ်တိုက်ရုံ တိုက်ရခြင်းထက် များစွာ ပိုမိုအဆင်ပြေလှ၏။ စက်မှုစက်ရုံ ရေချိုးခန်းမှာလည်း သိပ်မဝေးလှသဖြင့် ချန်ချင်းယွီအနေဖြင့် ငွေအနည်းငယ် ကုန်ကျမည်ကို နှမြောတွန့်တိုမနေချေ။ သူမသည် ပစ္စည်းများကို အမြန်ပြင်ဆင်ပြီး ထွက်ခွာရန် ပြင်လိုက်၏။

"မေမေ... သမီးလည်း လိုက်ချင်တယ်..."

ရှောင်ယွမ် မျက်လုံးဝိုင်းလေးများပင့်၍ လှမ်းပြောလိုက်ရာ၊ သူမ၏ ပုံစံလေးက ချန်ချင်းယွီ၏ အသေးစား ဗားရှင်းလေးအလားပင်။

အမြွှာများ ဖြစ်ကြသော်လည်း ထူးခြားသည်မှာ ကလေးနှစ်ယောက်စလုံးသည် အခြားအမြွှာများကဲ့သို့ ရုပ်ချင်း တထေရာတည်း တူမနေခြင်း ဖြစ်ပြီး၊ တစ်ယောက်စီတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသည်။ ယခုအခါ ကလေးများ အနည်းငယ် အရွယ်ရောက်လာသည့်အခါတွင်မူ ကွဲပြားခြားနားမှုက ပိုမိုထင်ရှားလာခဲ့ပြီ ဖြစ်၏။ ရှောင်ယွမ်မှာ သူမ၏မိခင် ချန်ချင်းယွီနှင့် သိသိသာသာ တူညီပြီး၊ ရှောင်ကျားသည်ကာဍ သူ့ဖခင်နှင့် ပိုမိုတူလှပေသည်။

ကလေးနှစ်ယောက်စလုံး တကယ့်ကို အချိုးကျလှပစွာ ကြီးပြင်းလာကြရှာသည်။

ရှောင်ကျား : "သားလည်း လိုက်မယ်"

ချန်ချင်းယွီ : "ဒါဆိုရင် လဲမယ့် အဝတ်အစားအသန့်တွေ သွားယူကြ"

"ဟုတ်ကဲ့..."

အဘွားကြီးကျောက် : "တကယ့်ပဲ... အတူတူ ရေချိုးခန်း သွားကြတာကို… ငါ့နှယ်… အချိန်ဆွဲမနေကြနဲ့ဦး၊ ချိုးပြီးရင် မြန်မြန်ပြန်လာခဲ့ကြ၊ တို့တွေ ထမင်းစားရဦးမယ်"

"ဟုတ်ကဲ့ပါ"

ချန်ချင်းယွီ ပြန်လည်တုံ့ပြန်လိုက်ရင်း ကလေးနှစ်ယောက်ကို ဦးဆောင်ကာ ထွက်ခွာခဲ့တော့သည်။ ရေချိုးခန်းသို့ ရောက်သည့်အခါ ရှောင်ကျားမှာ အမျိုးသားဆောင်ဘက်သို့ ကိုယ်တိုင်ဝင်သွားခဲ့၏။ သူသည် ကလေးငယ်တစ်ယောက်သာ ဖြစ်သော်လည်း လမ်းကို သေသေချာချာ မှတ်မိနေခဲ့ပြီ ဖြစ်သည်။ အိမ်တွင် သူ့ကို လိုက်လံပို့ဆောင်ပေးမည့် အမျိုးသားလူကြီး မရှိသဖြင့်၊ ယခင်၌ ချန်ချင်းယွီသည် ဝင်းတာဝန်ခံဖြစ်သူ မာကျန့်ယီကို ကူညီစောင့်ရှောက်ပေးရန် အမြဲအကူအညီတောင်းရတတ်၏။ သူသည် ဝင်းထဲမှ အရေးကိစ္စများကို တာဝန်ယူထားသူ ဖြစ်သဖြင့် တစ်ခုခုဆိုလျှင် သူ့ထံသို့သာ အားကိုးတကြီး သွားရောက်ရစမြဲ ဖြစ်သည်။

သို့သော်လည်း ချန်ချင်းယွီ အလကားသက်သက် အကူအညီတောင်းခြင်းမျိုး မဟုတ်ဘဲ၊ တစ်ခေါက် အကူအညီတောင်းတိုင်း သူတို့မိသားစုအတွက် ငါးတစ်ကောင် အမြဲတမ်း ယူဆောင်သွားပေးတတ်၏။

အင်း... အခြားအရာတွေ ပေးရင်လည်း အဆင်မပြေလှဘူးလေ…

မာကျန့်ယီ ပထမတွင် ငြင်းပယ်သော်လည်း အိမ်နီးနားချင်း အချင်းချင်း ဆက်ဆံရေးကို ထိန်းသိမ်းရမည် ဖြစ်သဖြင့် အမြဲတမ်း မငြင်းဆန်ခဲ့ ပေ၊ ရံဖန်ရံခါတွင်မူ လက်ခံတတ်ပေသည်။

ယခုအခါ ရှောင်ကျားမှာ ကိုးနှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် တစ်ခါတရံတွင် ကိုယ်တိုင်လာရောက်နိုင်နေပြီ ဖြစ်၏။ သူတို့မိသားစု အပြင်ထွက်၍ ရေချိုးရခြင်းကို အသားကျနေပြီ ဖြစ်သဖြင့် ရှောင်ကျားမှာ လူကြီးများထက်ပင် ပိုမို၍ မကြာခဏ ရောက်ရှိတတ်ပေသည်။ သူသည် လမ်းကို ကောင်းစွာသိရှိနေသည့်အပြင် ရေချိုးခန်းရှိ အလုပ်သမားများနှင့်ပါ ရင်းနှီးနေခဲ့ပြီ ဖြစ်၏။

"လူပျိုကြီး... တစ်ယောက်တည်းလားကွ"

ရေချိုးခန်းဝန်ထမ်းမှာ စနောက်လိုက်ရင်း

"သူတို့က ပိတ်တော့မှာနော်"

ရှောင်ကျား : "တစ်ယောက်တည်း မဟုတ်ပါဘူး၊ သားမေမေနဲ့ ညီမလေးလည်း ပါတယ်လေ။ အဘိုး... သားကို ဂျီးတွန်းပေးမယ့်သူ တစ်ယောက်လောက် လိုချင်တယ်"

"ကောင်းပြီလေ၊ မင်း အရင်သွားစိမ်ထားလိုက်ဦး"

သူ့ကို ကလေးတစ်ယောက်အဖြစ် မြင်သဖြင့် ဝန်ထမ်းမှာ အနီးကပ် စောင့်ကြည့်ပေးရှာ၏။

"သတိထားဦးနော်၊ မင်းက တစ်ယောက်တည်းမလို့"

ရှောင်ကျား : "သားသိပါတယ်"

သူ့မိခင်သည်လည်း သူ့ကို အမြဲတမ်း ထိုသို့ပင် သတိပေးတတ်သည် မဟုတ်လော့။

အမျိုးသားဆောင်တွင် ဂျီးတွန်းပေးမည့် ဝန်ထမ်းများ ရှိကြသော်လည်း၊ အမျိုးသမီးဆောင်တွင်မူ ထိုသို့သော ဝန်ထမ်းများ မရှိကြချေ။

ထို့ကြောင့် ချန်ချင်းယွီနှင့် ရှောင်ယွမ်တို့ သားအမိနှစ်ယောက်မှာမူ တစ်ယောက်ကျောကို တစ်ယောက် ပြန်လည်ဂျီးတွန်းပေးနေကြရသည်။

ချန်ချင်းယွီ တတွတ်တွတ်ဖြင့်

"အမျိုးသားဆောင်မှာကျတော့ ဂျီးတွန်းပေးမည့်သူတွေ ရှိပြီးတော့၊ အမျိုးသမီးဆောင်ကျတော့ မရှိဘူး။ တကယ့်ကို မတရားတာပဲ"

ရှောင်ယွမ် တခိခိဖြင့် သဘောကျကာ ရယ်မောနေခဲ့၏။

ချန်ချင်းယွီ တတွတ်တွတ် ညည်းညူနေခဲ့သော်လည်း၊ တကယ်လို့ အမျိုးသမီးရေချိုးခန်းတွင် ဂျီးတွန်းခကို သီးသန့်ပေးရမည်ဆိုလျှင် အလုပ်ဖြစ်မှာမဟုတ်မှန်း သူမ အသိဆုံး ဖြစ်သည်။ ယခုခေတ်ကာလ အမျိုးသမီးများမှာ တော်တော်လေး ချွေတာတတ်ကြသဖြင့် ထိုကဲ့သို့ ငွေအပိုကုန်ခံမည့်သူ ရှားလှပေသည်။ လက်ရှိမှာ နောင်နှစ်အနည်းငယ်မှ အခြေအနေနှင့် မတူလှပေ။ နောင်အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာရင် အမျိုးသမီးများ ရှာဖွေနိုင်မယ့် ငွေပမာဏနှင့် လက်ရှိမှာ လုံးဝ ကွာခြားလှ၏။

"မေမေ... မေမေ့တစ်ကိုယ်လုံး တအားညစ်ပတ်နေတာပဲ..."

ချန်ချင်းယွီ : "တောင်ပေါ်တက်လာတာဆိုတော့ ညစ်ပတ်မှာပေါ့။ ပတ်ဝန်းကျင်ကလည်း တအားခြောက်သွေ့နေတာ။ မေမေ မြေကြီးတွေနဲ့ ဖုံးအုပ်လိုက်တာတောင်မှ ဖုန်တွေ အပြည့်တက်နေတုန်းပဲ"

"ဒါဆိုရင် သမီး မေမေ့ကျောကို ပိုပြီးတော့ အားစိုက်ပြီး တွန်းပေးမယ်နော်။"

ချန်ချင်းယွီ : "ကောင်းပြီလေ"

ရှောင်ယွမ် ဟောဟဲဟောဟဲဖြင့် အားစိုက် ဂျီးတွန်းပေးရင်း

"မေမေ... မေမေ သတင်းစာနဲ့ မဂ္ဂဇင်းတွေ မှာလိုက်ပြီလားဟင်"

ချန်ချင်းယွီ : "အင်း... သတင်းစာရော မဂ္ဂဇင်းရော အကုန်မှာလိုက်ပြီ။ နောက်လကစပြီး အိမ်ကို လာပို့လိမ့်မယ်"

"သမီးတို့ အဘွားအတွက် နွားနို့ဗူးမှာထားတာလည်း နောက်လကစပြီး ပို့မှာနော်"

သူမ ဆက်လက်၍ ထပ်လောင်းပြောကြားလိုက်ရာ၊ ရှောင်ယွမ်၏ မျက်လုံးလေးများ ပျော်ရွှင်လွန်းသဖြင့် မှေးစင်းသွားခဲ့ရရှာသည်။

ချန်ချင်းယွီ တစ်ချက်တွေးတောလိုက်ပြီးနောက်

"ဒါနဲ့... ဒီနေ့ ဘာလို့ သမီးတို့ မောင်နှမနှစ်ယောက်တည်း တီဗီထိုင်ကြည့်နေကြတာလဲ။ သာမန်ဆိုရင် ပြတင်းပေါက်နားမှာ လူတွေ အမြဲတမ်း အပြည့်ရှိနေကျ မဟုတ်ဘူးလား"

တီဗီ၏ ဆွဲဆောင်မှုမှာ တကယ့်ကို ကြီးမားလှပေသည်။ ရောင်စုံတီဗီကို မဆိုထားနှင့်… သာမန် အဖြူအမည်း တီဗီတစ်လုံးဆိုလျှင်ပင် မည်သည့် ဝင်းကြီးထဲမှာမဆို လူအုပ်ကြီးကို ဆွဲဆောင်နိုင်စမြဲ ဖြစ်၏။

ရှောင်ယွမ် တခိခိ ရယ်မောရင်း

"အဘွားက ငါးကြော်နေတာလေ၊ အဲဒါကို နောက်ဝင်းက အာကျွမ်းက လာပြီး ပူဆာနေတာ။ သူ့မိဘတွေက မသိချင်ယောင်ဆောင်နေလို့ အဘွားက စိတ်တိုပြီး အကုန်လုံးကို မောင်းထုတ်ပစ်လိုက်တာ"

ချန်ချင်းယွီ :"တို့အဘွားကတော့ တကယ့်ကို မခေဘူးပဲ"

ရှောင်ယွမ် : "မေမေ့လောက်တော့ မဆိုးပါဘူး"

ချန်ချင်းယွီ တဟားဟား ရယ်မောရင်း သူမ၏ ပါးဖောင်းဖောင်းလေးကို အသာအယာ ဆွဲဆိတ်လိုက်သည်။

ရှောင်ယွမ် : "မေမေက တကယ့်ကို ဆိုးတာပဲ"

ပြင်ပလူများ မသိနိုင်ကြသော်လည်း မိသားစုဝင်များမှာ အသိဆုံး ဖြစ်၏။ သူတို့အိမ်တွင် မိခင်ဖြစ်သူသာ အကြီးအကဲ ဖြစ်သည်။ အဘွားမှာ အပြင်လူတွေကိုသာ အော်ဟစ်ဆဲဆိုတတ်သော်လည်း အိမ်တွင်း၌မူ မလှန်ရဲပေ။

ချန်ချင်းယွီ : "ကဲပါ... မေမေ့ကို လာပြီး မြှောက်မနေနဲ့တော့၊ ဟိုဘက်လှည့်ဦး၊ မေမေ ကျောတိုက်ပေးမယ်"

"ဖြည်းဖြည်း တိုက်နော်~"

"သိပါတယ်ကွယ်၊ လိမ္မာတယ်..."

ရှောင်ယွမ် : "သမီးက လိမ္မာပါတယ်နော်။ မေမေ... ဒီနွေရာသီကျရင် သမီးကို ညှပ်ဖိနပ် အသစ်တစ်စုံ ဝယ်ပေးမလားဟင်"

အခြားကလေးများနှင့်မတူဘဲ ဤကောင်မလေးမှာ သူမ၏ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ပြီး ဝှက်ဖုံးထားလေ့မရှိချေ။

"သမီး အရပ်လည်း ပိုရှည်လာတယ်၊ ခြေထောက်လည်း နည်းနည်း ကြီးလာတယ်။ ဒီနေ့ မနှစ်က ဖိနပ်ကို စီးကြည့်တာ နည်းနည်း ကျပ်ပြီး တင်းနေသလိုပဲ။ စီးရတာ သိပ်မသက်သာဘူး၊ ကိုကိုလည်း အတူတူပဲတဲ့။ အဲဒါကြောင့် သမီးတို့ နှစ်ယောက်စလုံး ဖိနပ်အသစ် ဝယ်ချင်ကြတာ"

လတ်တလော ရာသီဥတုတဖြည်းဖြည်း ပူနွေးလာသဖြင့် ကလေးများမှာ ညှပ်ဖိနပ် စီးချင်နေကြခြင်း ဖြစ်သည်။

သို့သော် မနှစ်မှ ဖိနပ်ဟောင်းများမှာ မတော်တော့ပေ။

ချန်ချင်းယွီ : "ကောင်းပြီလေ၊ ဒါဆို သန်ဘက်ခါကျရင် ဘယ်လိုလဲ။ သန်ဘက်ခါက တနင်္ဂနွေနေ့ဆိုတော့ တို့တွေ ကုန်တိုက်ကို အတူတူ သွားကြတာပေါ့"

"ဟေး... ပျော်စရာကြီး..."

ချန်ချင်းယွီ : "သမီးမှာ သေးလို့ ဝတ်လို့မရတော့တဲ့ အဝတ်အစားတွေ ရှိသေးတယ်မလား၊ အဲဒါတွေကို ရွေးထုတ်ထားလိုက်ဦး၊ ကျပ်ညပ်နေရင် ဝတ်ရတာ သက်သောင့်သက်သာ မရှိဘူး"

"ဟုတ်ကဲ့ပါ"

ကောင်မလေးမှာ သွက်လက်စွာ ပြန်ပြော၏။

"မေမေ... သမီးက ဘာလို့ ဒီလောက်တောင် အကြီးမြန်ရတာလဲမသိဘူး၊ သမီးကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး... မနှစ်က နွေရာသီက အဝတ်အစား အတော်များများက အခုဆို တအားကျပ်နေပြီ"

ချန်ချင်းယွီ : "မနှစ်က အဝတ်အစား တချို့က မနှစ်ကတင် မဟုတ်ဘဲ အရင်နှစ်တုန်းက ဝယ်ထားတာလေ။ နှစ်နှစ်လောက် ဝတ်ပြီးပြီဆိုတော့ သေးသွားတာ သဘာဝကျပါတယ်"

သူမ၏ အတိတ်ဘဝ၌လည်း ဤအရွယ်၊ ဆိုလိုသည်မှာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အရွယ်လောက်တွင် အရပ် ဗြုန်းခနဲ ရှည်ထွက်လာခဲ့ဖူးသည်ကို ပြန်လည်မှတ်မိသွား၏။

ဟူး... ဒါပေမဲ့ ဒီဘဝမှာကျတော့ ဘာလို့ အရပ်ပုနေရတာလဲ…

၁.၆ မီတာ (၅ ပေ ၃ လက်မခန့်) ဆိုတာက တကယ်တော့ မဆိုးလှပါဘူး…

ဒါပေမဲ့ အရင်ဘဝတုန်းက ငါက တအားအရပ်ရှည်ခဲ့တာလေ…

တကယ့်ကို ကွာခြားချက်ကြီးပါပဲလား…

သို့သော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ တကယ့်ကို အကြီးမြန်နေပုံ ရပေသည်။

"သမီး ခြေထောက်တွေ ဘာတွေ နာတတ်လား"

"ခြေထောက်နာတာလား"

ရှောင်ယွမ် ခေါင်းလေးစောင်းကာ

"ဟင့်အင်း... မနာပါဘူး"

ချန်ချင်းယွီ : "ကလေးတွေက ဗြုန်းခနဲ အကြီးမြန်လာတဲ့အခါ ကယ်လ်စီယမ် (Calcium) ဓာတ်ချို့တဲ့ပြီး ခြေထောက်တွေ ကိုက်ခဲတတ်တယ်လေ"

"မေမေ မနက်ဖြန် ဆေးရုံသွားရင် ကလေးတွေ ကြီးထွားတဲ့အရွယ်မှာ ကယ်လ်စီယမ် အားဆေး တိုက်ဖို့ လို၊ မလို သွားမေးကြည့်ဦးမယ်"

ဟူး... ကလေးမွေးမြူရတာ တကယ့်ကို မလွယ်ကူပါလား…။

သူမ၏ ကလေးများမှာ တော်တော်လေး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး လွှတ်ထား၍ရသည်ဆိုသော်လည်း၊ အချို့သော အသေးစိတ်အချက်အလက်များကိုမူ သူမအနေဖြင့် သေသေချာချာ ဂရုစိုက်ပေးရမည် ဖြစ်သည်။

ရှောင်ယွမ်မှာ "ဆေးသောက်ရမှာလား..." ဟု ဆိုကာ မျက်နှာလေး ချက်ချင်းပင် ရှုံ့မဲ့သွားရှာ၏။

ချန်ချင်းယွီ : "ဆေးမဟုတ်ပါဘူး၊ ကယ်လ်စီယမ် အားဆေးပြားလေးတွေပါ။ မေမေ သွားမေးကြည့်ဦးမယ်လေ"

"...သြော်"

ရှောင်ယွမ် ညည်းတွားပြီး သိပ်တော့ မသောက်ချင်ပုံရပေသည်။

မိခင်နှင့်သမီးဖြစ်သူတို့ တတွတ်တွတ်ဖြင့် စကားစမြည် ပြောဆိုနေကြသော်လည်း၊ အိမ်ပြန်ပြီး ထမင်းစားရဦးမည် ဖြစ်သဖြင့် ခပ်သွက်သွက်ပင် ဆေးကြောသန့်စင်လိုက်ကြ၏။ သူတို့နှစ်ဦး အပြင်သို့ ထွက်လာသည့်အခါ ရှောင်ကျား အပြင်တွင် အဆင်သင့် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"သားက ပိုမြန်တယ်"

ချန်ချင်းယွီ : "သားက ဂျီးတွန်းပေးမယ့်သူ ရှိတာကိုး။ တို့ သားအမိကတော့ ကိုယ့်ဘာသာကိုယ် တိုက်နေရတာ၊ ဘယ်လိုလုပ် တူပါ့မလဲ"

သူတို့ သားအမိ သုံးယောက် အတူတူ အိမ်ပြန်လာကြရာ၊ အိမ်သို့ ရောက်ရှိချိန်တွင် ဟင်းများ အဆင်သင့် ကျက်ခါစ ဖြစ်နေသဖြင့် တကယ့်ကို အချိန်ကိုက်ပင်…. အချိန်မှာ ည ရှစ်နာရီခွဲကျော်နေပြီ ဖြစ်သော်လည်း ဝင်းထဲရှိ လူများမှာ ဝင်းထဲတွင် ထိုင်ရင်း စကားစမြည် ပြောနေကြဆဲပင်…။

သို့သော်လည်း သူတို့အားလုံး စိတ်လွင့်နေကြပုံ ရပေသည်။

ဒီလောက်အထိ ဟင်းနံ့မွှေးမွှေးလေးက ထွက်ပေါ်နေတာဆိုတော့ ဘယ်သူကကော စိတ်တည်ငြိမ်နိုင်ပါ့မလဲ…

ချန်ချင်းယွီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ လင်စန်းရှင်းနှင့် သူမ၏အမျိုးသားကိုလည်း မတွေ့ရသလို၊ လီလင်းလင်းကိုလည်း မတွေ့ရချေ။ သူမသည် လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်ကာ ထမင်းစားရန် ပြင်ဆင်တော့သည်။

အဘွားကြီးကျောက် : "နင်ကတော့ ထမင်းစားခါနီးမှ အချိန်ကိုက် ဝင်လာတာပဲ"

ချန်ချင်းယွီ တဟီးဟီး ရယ်မောရင်း

"ဟုတ်ပ၊ တကယ့်ကို ကွက်တိပဲ မဟုတ်ဘူးလား"

သူမသည် ထမင်းစားပွဲကို အုတ်ကုတင်ပေါ်သို့ တင်လိုက်ပြီး၊ တီဗီကြည့်ရင်း ထမင်းစားကြရာ အလွန် စိတ်ချမ်းမြေ့စရာ ကောင်းလှပေသည်။

ဤကဲ့သို့သော ဘဝမျိုးကို နတ်ပြည်နှင့်ပင် မလဲနိုင်ပေ။

ဟင်းများကို အများကြီး ချက်ပြုတ်ထားသည်ဆိုသော်လည်း၊ သူတို့အားလုံး အစားကောင်းကောင်း စားနိုင်ကြသူများ ဖြစ်သဖြင့် အိုးခွက် ပန်းကန်များအားလုံး ပြောင်စင်သွားခဲ့ရ၏။ ညဉ့်နက်လာခဲ့ပြီ ဖြစ်သလို ကလေးနှစ်ယောက်လည်း ရေချိုးထားပြီး တော်တော်လေး ပင်ပန်းနွမ်းနယ်နေကြရာ၊ စားထားသည့် အစားအစာများပင် မကြေညက်သေးခင်မှာပင် အခန်းထဲသို့ ဝင်၍ လှဲလျောင်းအိပ်စက်သွားကြတော့သည်။

ထိုအချိန်တွင် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ နှစ်ဦးတည်းသာ တီဗီကြည့်ရင်း စကားစမြည် ပြောဆိုနေကြ၏။

ချန်ချင်းယွီ : "ဒါနဲ့... အမေ့ကို စောင့်ကြည့်ခိုင်းထားတဲ့ ချန်မိသားစုရဲ့ အခြေအနေက ဘယ်လိုရှိလဲဟင်"

ဤစကားကို ကြားလျှင်ပင် အဘွားကြီးကျောက် စိတ်ဝင်တစားဖြင့်

"ညည်း ပြောတာ တကယ့်ကို မှန်တယ်အေ၊ ငါ့ကို စောင့်ကြည့်ခိုင်းထားတာ တကယ့်ကို အသုံးတည့်သွားတယ်။ သူတို့မိသားစုထဲမှာ ရှုပ်ပွနေတဲ့ ကိစ္စတွေ အများကြီးပဲ။ ညည်းသာ မမေးရင်တောင် နောက်တစ်ရက်လောက်ကျရင် ငါကပဲ အကုန်လုံးကို လာပြောပြတော့မလို့"

ချန်ချင်းယွီလည်း စိတ်ဝင်စားသွားကာ စပ်စုမိတော့သည်။

"ပြောပါဦး၊ ဘယ်လိုမျိုးလဲဟင်"

အဘွားကြီးကျောက် : "ချန်ရိကျွင်းမှာ မောင်နှမ အားလုံးပေါင်း ခြောက်ယောက် ရှိတာ၊ သားလေးယောက်နဲ့ သမီးနှစ်ယောက်ပေါ့။ ချန်ရိကျွင်းက တတိယမြောက်သား။ သူ့ရဲ့ အစ်မအကြီးဆုံးကတော့ အိမ်ထောင်စောစောကျသွားတာဆိုတော့ ညည်းအမေနဲ့ သိပ်ပြီး ပတ်သက်မှု ရှိမှာမဟုတ်ဘူး။ သူက မြို့ပေါ်ကို အိမ်ထောင်ကျသွားတာ၊ ဒါပေမဲ့ ဘဝက သိပ်မကောင်းရှာဘဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ။ အဲဒါကြောင့် သူ့အကြောင်းကိုတော့ ငါ သိပ်ပြီး မစုံစမ်းထားဘူး"

ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း

"သူနဲ့တော့ ဘာမှမပတ်သက်ပါဘူး။ ယွီမေကျွမ်းကလည်း ဒီအကြောင်း ပြောပြဖူးတယ်"

"သူ့ရဲ့ ဒုတိယအစ်ကို၊ ဆိုလိုတာက ချန်ရိကျွင်းရဲ့ အစ်ကိုအကြီးဆုံးက သိုးမွှေးစက်ရုံမှာ အလုပ်လုပ်တာ။ လူပုံစံကတော့ အမြင်အပြင်မှာ တကယ့်လူကြီးလူကောင်း ပုံစံပဲ၊ ဟန်ဆောင်ကောင်းတာ ဖြစ်လိမ့်မယ်။ ညည်းရဲ့ အဘိုးက ရှာပေးထားတဲ့ အလုပ်မလို့ အခုထက်ထိ လုပ်နေတုန်းပဲ။ သူ့မိသားစုမှာ လူကိုးယောက်တောင် ရှိတာ။ သူ့သားသမီးတွေအကြောင်းကိုတော့ ငါ မပြောတော့ပါဘူး၊ ဒါပေမဲ့ အဲဒီလူက လူပုံစံကောင်းသလောက် သူ့အိမ်နီးနားချင်းတွေကို ငါ စုံစမ်းကြည့်တော့ တကယ့်လူယုတ်မာပဲတဲ့။ ကောလာဟလတွေအရတော့ သူက မုဆိုးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ ကြားတယ်။ ငါ အသေးစိတ်ကိုတော့ ထပ်ပြီး မစုံစမ်းရသေးဘူး၊ တကယ်လို့ ညည်း သူ့ကို ကိုင်တွယ်ချင်တယ်ဆိုရင် အဲဒီအကွက်ကနေ စပြီး ကိုင်လို့ရတယ်။ ချန်ရိကျွင်းကတော့ တတိယမြောက်သားဆိုတော့ သူ့အကြောင်းကို ငါ မပြောတော့ဘူး။ စတုတ္ထသားကတော့ ညည်းရဲ့ စတုတ္ထဦးလေးပေါ့။ သူ့အလုပ်ကိုလည်း ညည်းရဲ့ အဘိုးအဘွားတွေကပဲ ရှာပေးခဲ့တာ။ ဟော... ဒါပေမဲ့ မပြောနဲ့ဦး၊ သူ့မိသားစုက..."

"တစ်မိသားစုလုံး တကယ့်လူမဆန်တဲ့သူတွေထဲမှာ အဲဒီ စတုတ္ထတစ်ယောက်ကတော့ တော်တော်လေး လူပီသတယ်လို့ ပြောရမယ်။ သူ့ရဲ့ နာမည်ကလည်း ကောင်းတယ်၊ ငါ ကြားဖူးတယ်။ ညည်းအမေ ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း သူက ချန်ရိကျွင်းနဲ့ စကားများ ရန်ဖြစ်ကြပြီးတော့၊ တော်တော်လေး အပြင်းအထန် အရိုက်ခံရလို့ ဆေးရုံမှာ တစ်လတောင် တက်လိုက်ရသေးတယ်။ အဲဒီနောက်ပိုင်း သူက ချန်ရိကျွင်းနဲ့ အဆက်အသွယ် လုံးဝဖြတ်လိုက်တာ။ အဲဒီမိသားစုထဲမှာ အသိတရားရှိတဲ့ တစ်ဦးတည်းသောသူပဲ။ သူ့ရဲ့ ပဉ္စမမြောက်ညီ၊ ဆိုလိုတာက ညည်းရဲ့ ပဉ္စမဦးလေးကတော့ ညည်းအမေရဲ့ အဆက်အသွယ်နဲ့ အလုပ်ရခဲ့တာ။ တကယ်ပါပဲ... ငါဖြင့် စကားတောင် မပြောချင်တော့ဘူး။ ညည်းအမေကလည်း တကယ့်ကို ငတုံးပဲ… ဘာတွေ တွေးနေခဲ့လဲမသိဘူး။ သူ့ယောက်ျားဘက်က မိသားစုကို အသည်းအသန် ကူညီပေးခဲ့ပြီးတော့၊ အဲဒီ ဆွေမျိုးတွေရဲ့ အလုပ်တွေအကုန်လုံးက ညည်းအမေက သူ့မိဘတွေကို အတင်းတောင်းဆိုပြီး ရှာပေးခဲ့တာချည်းပဲ။ ဒီလိုသမီးမျိုး ရှိတာ တကယ့်ကို ရင်လေးစရာပဲ"

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း တိတ်ဆိတ်နေခဲ့သည်။

"အဲဒီလူက ကားဝပ်ရှော့ (ကားပြင်ကွင်း) မှာ အလုပ်လုပ်တာ။ ငါ သူ့အကြောင်း နည်းနည်း ကြားမိသလောက်တော့ သူ့နာမည်ကလည်း သိပ်မကောင်းဘူး။ ကြည့်ရတာ သူက အခွင့်အရေးသမား ဖြစ်တဲ့အပြင်၊ ခိုးလည်း ခိုးတတ်တယ်လို့ ပြောကြတယ်"

ချန်ချင်းယွီ၏ မျက်လုံးများ ရုတ်ခြည်း ဝိုင်းစက်သွားခဲ့ပြီး

"ခိုးတတ်တယ် ဟုတ်လား။ သူခိုးလား...."

"ဟုတ်တယ်အေ၊ တချို့ကပြောတာတော့ သူက စက်ရုံထဲက ကြေးနီနဲ့ သံထည်တွေကို ခိုးထုတ်ပြီး ကွယ်ရာမှာ ခိုးရောင်းစားတယ်တဲ့။ ဒါပေမဲ့ တကယ် ဟုတ်၊ မဟုတ်တော့ တို့လည်း သေသေချာချာ မသိဘူးပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ သူ့ရဲ့ အငယ်ဆုံးညီမ၊ ညည်းရဲ့ အဒေါ်ပေါ့။ သူက ညည်းအဖေနဲ့ စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်တာ၊ ဒါပေမဲ့ အခုတော့ အဆက်အဆံ သိပ်မရှိကြတော့ပါဘူး။ သူ့မောင်နှမတွေအကုန်လုံးက အတ္တသမားတွေချည်းပဲ။ ညည်းအမေ ဆုံးပါးသွားလို့ ညည်းအဖေနဲ့ ရန်ဖြစ်ခဲ့တဲ့ စတုတ္ထသားကလွဲရင်ပေါ့။ ကျန်တဲ့လူတွေကတော့ သူတို့လိုချင်တာ မရကြလို့ စိတ်တိုနေကြတာပဲ။ သူတို့အိမ်နီးနားချင်းအဟောင်းတွေကို ငါမေးကြည့်တော့ အားလုံးက ဒီလိုပဲ ပြောကြတယ်"

ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်ရင်း

"ဒါဆို အဲ့အဒေါ်ကကော သူက ဘယ်လိုလူမျိုးလဲဟင်"

"သူလည်း လူကောင်းမဟုတ်ပါဘူးအေ။ နှုတ်သီးကောင်းလျှာပါးရှိပြီး အလွန်လောဘကြီးတဲ့အပြင် အတင်းအဖျင်း ပြောရတာကိုလည်း တအားဝါသနာပါတာ။ စက်ရုံထဲက ရုပ်ချောချော ကောင်မလေးတွေအကုန်လုံးကို သူက အတင်းလိုက်ပြောဖူးတယ်။ လူတွေက သူ့ကို လာပြီး ပညာပေးကြတာတောင်မှ အကျင့်က မပြင်ဘူး၊ တကယ့် ဂျာအေးပဲ။ လူတိုင်းက သူ့ကို မုန်းကြတာ။ ဒါပေမဲ့ သူ့သားကတော့ တက္ကသိုလ်ဝင်ခွင့် အောင်သွားတယ်လေ။ ကြားတာတော့ သူက နယ်ဘက်မှာ အိမ်ထောင်ကျဖူးပြီးတော့မှ မြို့ကိုပြန်ဖို့ သူ့မိန်းမနဲ့ ကလေးကို ပစ်ထားခဲ့တာတဲ့။ အဲဒီမိန်းမက တက္ကသိုလ်အထိတောင် လိုက်ရှာသေးတယ်။ အဲဒီတုန်းက သူ့အိမ်မှာ တကယ့်ကို ပွက်လောရိုက်သွားတာပဲလို့ လူတွေက ပြောကြတယ်"

ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားရကာ

"အမေက ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အများကြီး စုံစမ်းမိတာပဲလား"

အဘွားကြီးကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ဒါပေါ့... ငါက ဘယ်သူလဲဆိုတာ ညည်းမသိဘူးလား။ ငါက သာမန်လူမလို့လားအေ။ ငါက အရေးကြီးတဲ့ အလုပ်အကိုင်တွေမှာသာ အားမကိုးရတာ၊ ဒီလိုကိစ္စမျိုးမှာတော့ ငါ့အကြိုက်ပဲ။ အဲဒီဆွေမျိုးတွေရဲ့ အတင်းအဖျင်း အကုန်လုံးကို ငါ နှိုက်ထုတ်နိုင်တယ်။ သူတို့အားလုံးက နာမည်ဆိုးနဲ့ ကျော်ကြားနေကြတာဆိုတော့ လူကောင်းတွေမှ မဟုတ်တာ"

အဘွားကြီးကျောက် ဆက်လက်၍

"ညည်းက သူတို့အကျင့်တွေကို မဆက်ခံမိတာ တကယ်ပဲ ကံကောင်းတာ၊ မဟုတ်ရင်တော့..."

ချန်ချင်းယွီ ပြန်လည်တွေးတောကြည့်လိုက်ရာ တကယ်ပင် မှန်ကန်လှပေသည်။

ဒီလူတွေ ဘယ်လိုလူစားမျိုးတွေပါလိမ့်…

တစ်ယောက်ပြီးတစ်ယောက် တကယ့်ကို အတ္တကြီး ကိုယ်ကျိုးရှာ ဆိုးသွမ်းတဲ့သူတွေချည်းပဲ…

သို့သော်လည်း သူမ သက်ပြင်းတစ်ချက်ချကာ

"ဘာလို့ အမျိုးသမီး အတော်များများက အချစ်အတွက်နဲ့ ဒီလောက်တောင် အနစ်နာခံချင်ကြတာလဲမသိဘူး"

သူမ၏ မိခင်လည်း ထိုကဲ့သို့ပင် အနစ်နာခံခဲ့ပြီး နောက်ဆုံး၌ မိမိကိုယ်ကိုယ် သေကြောင်းကြံသကဲ့သို့ ဖြစ်သွားခဲ့ရ၏။

ဝင်းထဲရှိ လင်စန်းရှင်းလည်း ထိုနည်းအတိုင်းပင် ဖြစ်သလို... အစ်မကြီးဖန်လည်း ရှိသေးသည်။ အစ်မကြီးဖန် ရာထူးနှင့် အသံကျယ်ကျယ် အော်ဟစ်တတ်သည့် ပုံစံကို ကြည့်ပြီး အထင်မကြီး၍ မရပေ၊ သူမသည်လည်း ယောက်ျားတစ်ယောက်ကို ရှာကျွေးနေရဆဲ ဖြစ်၏။ ရှီရှန်း အလုပ်မလုပ်သည်မှာ အနှစ်နှစ်ဆယ်ကျော်နေပြီ ဖြစ်သလို အိမ်မှုကိစ္စလည်း ဘာမှမလုပ်ကာ အစ်မကြီးဖန်အပေါ်မှာသာ လုံးဝမှီခိုနေခြင်း ဖြစ်သည်။ အမျိုးသမီးဘက်ရှိ မိသားစုအပေါ် မှီခိုနေသည့် ချဲယုံဖုန်းနှင့် အလကားစားနေသည့် ယွမ်ဟောက်ဖုန်းတို့လည်း ရှိသေး၏။

"ဘယ်လိုကမ္ဘာကြီးလဲမသိဘူး..."

ချန်ချင်းယွီ ညည်းညူလိုက်သည်။

အဘွားကြီးကျောက်လည်း ထောက်ခံရှာ၏။

"ဟုတ်ပအေ... ယောက်ျားတွေအကုန်လုံးက ဖြတ်လမ်းနည်းနဲ့ အချောင်နှိုက်ဖို့ပဲ စဉ်းစားနေကြတာ၊ ဟူး..."

ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက်

"အမေ... အဲဒီဦးလေးကြီး ဖောက်ပြန်နေတာ ဟုတ်၊ မဟုတ်ကို သေသေချာချာလေး စောင့်ကြည့်ပေးပါဦး။ တကယ်လို့ ဟုတ်တယ်ဆိုရင် ကျွန်မ ဒါကို ကိစ္စအကြီးကြီး ဖြစ်အောင် လုပ်ပစ်မယ်။ ဒီအကြောင်းသာ လူသိရှင်ကြား ပေါက်ကြားသွားရင် စက်ရုံက သူ့ကို သေချာပေါက် အလုပ်ထုတ်လိမ့်မယ်။ သူ စက်ရုံအပေါ်မှာ မှီခိုစားသောက်လာတာ နှစ်တွေ အများကြီး ရှိနေပြီ၊ အိမ်ပြန်ရမယ့် အချိန်တန်ပြီပေါ့။ ကျွန်မက သူ့ကို အလုပ်ပြုတ်ရုံတင်မကဘူး၊ နာမည်ပါ လုံးဝပျက်စီးသွားအောင် လုပ်မှာ"

သူမသည် စက်ရုံ၏ စည်းမျဉ်းမူဝါဒများကို သိပ်ပြီး သေသေချာချာ နားမလည်သေးသဖြင့်

"ဒါနဲ့ ဖောက်ပြန်တာက ထောင်ကျနိုင်လားဟင်"

အဘွားကြီးကျောက် : "ဒါကတော့ ပြောရခက်တယ်အေ။ လူလေလူလွင့်အမှု ဖြစ်ပေမယ့်လည်း အဲဒီလောက်ကြီးတော့ မတင်းကျပ်ပါဘူး"

ချန်ချင်းယွီ မျက်လွှာချလိုက်ပြီး ခဏမျှ တွေးတောလိုက်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း၌ တရားဥပဒေ စိုးမိုးရေးအတွက် တင်းကျပ်စွာ နှိမ်နင်းမှုကြီး ရှိခဲ့ဖူးပြီး ထိုအချိန်၌ ကိစ္စရပ်များကို အလွန်ပြင်းထန်စွာ ကိုင်တွယ်ခဲ့ကြ၏။ ယခုအချိန်တွင်မူ ဤကဲ့သို့သော အကြောင်းအရာများမှာ အမှန်တကယ် ထိုမျှအထိ မတင်းကျပ်သေးချေ။ အကယ်၍ လျှော့ပေါ့ပေးနိုင်သည့် အခြေအနေရှိလျှင် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကိစ္စ ကြီးကျယ်သွားလျှင် အလုပ်ပြုတ်မည်မှာ သေချာပေါက် ဖြစ်သည်။

ချန်ချင်းယွီ : "ကောင်းပြီလေ၊ ဒါဆို သူ့အခြေအနေကို အရင်ကြည့်တာပေါ့"

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ထပ်လောင်းပြောလိုက်၏။

"ပြီးမှ ပဉ္စမဦးလေးနဲ့ အဒေါ်တို့ကို ဆက်ပြီး ကိုင်တွယ်မယ်"

"ဒါဆို ညည်းရဲ့ စတုတ္ထဦးလေးကျတော့ကော..."

ချန်ချင်းယွီ : "သူကတော့ အသိတရားလေး ရှိသေးတာမလို့ သူ့ကို လွှတ်ပေးလိုက်မယ်"

ချန်ချင်းယွီ ထိုလူများ

သူမအပေါ် အမြတ်ထုတ်ခဲ့ပြီးနောက် ပြန်လည်အနိုင်ကျင့်ခဲ့ကြသည့်အတွက်ကြောင့်သာ နာကျည်းနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့တွင် အသိတရား အနည်းငယ်မျှ ရှိခဲ့မည်ဆိုလျှင် သူမအနေဖြင့် လိုက်လံနှောင့်ယှက်နေမည် မဟုတ်ချေ။ သူမအနေဖြင့်လည်း စိတ်တိုတိုနှင့် ရန်ရှာမိခြင်း ဖြစ်သည်ကို ဝန်ခံသော်လည်း၊ သူတို့ သူမအပေါ် တကယ်ပင် အခွင့်ကောင်းယူခဲ့ကြသာ…

တစ်မိသားစုလုံး တကယ့်ကို ဆင်းရဲမွဲတေနေခဲ့ကြပြီး၊ သူမ၏ မိခင်ဖြစ်သူ၏ ကူညီစောင့်ရှောက်မှုကြောင့်သာ ယခုကဲ့သို့ ချမ်းသာလာနိုင်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် ရလဒ်က ဘာလဲ။

ဟဟ...

ချန်ချင်းယွီသည် အာဃာတကြီးပြီး ကလဲ့စားချေတတ်သူ ဖြစ်သည်။

သူမသည် လောလောဆယ်တွင် သူမ၏ ဖခင်ဖြစ်သူကို မကိုင်တွယ်နိုင်သေးသော်လည်း၊ ဤလူများကို သေချာပေါက် စာရင်းရှင်းပစ်မည် ဖြစ်၏။

"တို့တွေက သူတို့ကို မဟုတ်မမှန် စွပ်စွဲပြီး အကွက်ဆင်တာ မဟုတ်ဘူး။ တကယ်လို့ သူတို့က လူကောင်းတွေဆိုရင် ကျွန်မက အကွက်ဆင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က မစင်ကြယ်ကြတာဆိုတော့ သူတို့ရဲ့ ပုပ်စပ်နေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပစ်တာကို တို့တွေကို လာအပြစ်တင်လို့မရဘူး"

ချန်ချင်းယွီ ဆက်လက်၍

"ကျွန်မ မြွေတချို့လည်း ဖမ်းလာခဲ့သေးတယ်။ ကြည့်ရသေးတာပေါ့။ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် ချန်ရိကျွင်းရဲ့ အိမ်ကို သွားပြီး မြွေတွေ လွှတ်ပစ်မယ်"

အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ

"ကောင်းပြီလေ၊ ညည်း သဘောအတိုင်းပဲ လုပ်... ငါက ညည်းခိုင်းတဲ့အတိုင်း လုပ်ပေးမယ်"

ဤချွေးမဖြစ်သူမှာ သေချာပေါက် လွယ်လွယ်နှင့် စနောက်၍ရမည့်သူ မဟုတ်ပချေ။ သူမသည် မိမိ၏ ဖခင်ဖြစ်သူကိုပင် အလျော့ပေးတတ်သူ မဟုတ်ပေ။

ထို့ကြောင့် အဘွားကြီးကျောက်အနေဖြင့်လည်း ငြိမ်ငြိမ်သက်သက်နှင့် သတိထား နေထိုင်ရမည် ဖြစ်ပြီး သူမကို သွားရောက်ဆွမိရန် ရှောင်ရှားရမည်။ သူမမှာ အလွန်တရာ အာဃာတကြီးလှပေ၏။

သို့သော်လည်း အဘွားကြီးကျောက်အနေဖြင့် နားလည်ပေးနိုင်သည်။

အမှန်တကယ်တမ်း ယောက်ျားများ နားမလည်နိုင်ကြသော်လည်း၊ အမျိုးသမီးအချင်းချင်းမူ ဤအကြောင်းကို ကြားလျှင်ပင် စာနာနားလည်နိုင်ကြပေသည်။ ချန်ချင်းယွီ သူမအား ငယ်စဉ်ကလေးဘဝ၌ မှတ်မိခဲ့သည့် အကြောင်းအရာအချို့ကို ပြောပြခဲ့ဖူးပြီး၊ သူမ၏ မိခင်ဖြစ်သူမှာ ဖခင်ဖြစ်သူကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်၏။

သူမ၏ မိခင်သည် ဖခင်ဖြစ်သူ ဖောက်ပြန်နေသည်ကို သိရှိသွားခဲ့ရသဖြင့် လမစေ့ဘဲ မီးဖွားခဲ့ရခြင်း ဖြစ်ပြီး၊ ထိုအချိန်တွင် ဖခင်ဖြစ်သူမှာ ဆေးရုံသို့ ချက်ချင်းမပို့ဘဲ အချိန်ဆွဲနေခဲ့သဖြင့် မီးဖွားရခက်ခဲကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အဘွားကြီးကျောက် ဤအကြောင်းကို ကြားရသည့်အခါ တစ်ကိုယ်လုံး စိမ့်တက်သွားကာ ထိတ်လန့်တုန်လှုပ်မိသွားခဲ့၏။

ဒါက အတူတူ အိပ်ရာတစ်ခုတည်းမှာ အိပ်စက်ခဲ့တဲ့ အိမ်ထောင်ဖက်

တစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီလောက်အထိ ရက်စက်

ကြမ်းကြုတ်တဲ့ အလုပ်ကို လုပ်ရက်တယ်ဆိုတော့…

တွေးကြည့်ရုံနှင့်တင် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

အဘွားကြီးကျောက် မြင်ဖူးသမျှ အဆိုးဆုံးအရာဆိုသည်မှာ အလုပ်ကိစ္စတွေကို တွက်ကပ်တတ်ပြီး ကွယ်ရာမှာ တင်ပါးကို လာကိုင်တတ်သည့် လူစားမျိုးသာ ရှိခဲ့ဖူးပြီး၊ လူတစ်ယောက်ကို အသက်သေစေနိုင်သည့် ဤကဲ့သို့သော ရက်စက်မှုကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

၎င်းမှာလည်း ကလေးမီးဖွားရခက်ခဲနေသည့် တကယ့်ကို အရေးကြီးဆုံး အချိန်အခါမျိုးတွင် ဖြစ်နေခဲ့၏။

အဘွားကြီးကျောက် : "ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့၊ ငါကတော့ သေချာပေါက် ညည်းဘက်ကပဲ ရှိနေမှာပါ"

ချန်ချင်းယွီ : "အမေ အဲလိုသိတာ ကောင်းတာပေါ့"

အဘွားကြီးကျောက် : "ငါ သေချာပေါက် နားလည်တာပေါ့အေ။ ဟူး... ကလေးမွေးရတာက အမျိုးသမီးတွေအတွက် တကယ့်ကို အသက်အန္တရာယ်နား ကပ်ရတဲ့ အခိုက်အတန့်ပဲ၊ အမျိုးသမီးအချင်းချင်းပဲ အသိဆုံး ဖြစ်မှာပါ။ ညည်းသိလား... ငါ ဘာလို့ သားလေး ကျန့်ဝမ် တစ်ယောက်တည်းပဲ မွေးခဲ့ရလဲဆိုတော့ ကလေးမွေးတုန်းက ဒဏ်ရာရသွားခဲ့လို့ပဲ။ အဲဒီနောက်ပိုင်း ငါ ကလေးထပ်မရတော့ဘူး။ ကလေးမွေးရတာက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီးပါ၊ ညည်းအဖေကတော့ တကယ်ကို မကောင်းတဲ့ လူယုတ်မာပဲ"

"ဟုတ်တယ်"

သူမ တိုးညှင်းစွာ ထောက်ခံလိုက်သည်။

အဘွားကြီးကျောက် : "တအားကြီးလည်း စိတ်မကောင်းမဖြစ်ပါနဲ့တော့။ ကိုယ်ချစ်ရတဲ့သူတွေ ဆုံးပါးသွားခဲ့ပြီဆိုပေမယ့်လည်း သူတို့က ညည်းကို အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်ကြမှာပါ။ ညည်း အဆင်ပြေပြေ နေနိုင်ဖို့က အရာအားလုံးထက် ပိုပြီး အရေးကြီးပါတယ်"

ချန်ချင်းယွီ ထပ်မံ၍ ခေါင်းညိတ်ပြလိုက်၏။

"သြော်... ဒါနဲ့၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ယွီမေကျွမ်းက ညည်းဆီ စာရေးလိုက်တယ်မလား။ ညည်းတို့နှစ်ယောက်က အရင်က သဘောထားချင်း မတိုက်ဆိုင်ကြဘူး မဟုတ်လား။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာကျတော့ ပြန်ပြီး အဆက်အသွယ် ရှိနေကြတယ်နော်"

ချန်ချင်းယွီ : "ကျွန်မတို့ကြားမှာ ကြီးကြီးမားမား ပဋိပက္ခတော့ မရှိပါဘူး၊ အပြန်အလှန် အကျိုးအမြတ် ရှိလို့ ဆက်ဆံနေကြတာပါ။ ကျွန်မက သူ့ကို ပစ္စည်းတွေ သွားရှာခိုင်းတာက အမှန်တော့ အဲဒီနေရာကနေ ဖယ်ထုတ်ချင်လို့... ပြီးခဲ့တဲ့တစ်ခေါက် အဲဒီကို သွားတုန်းက သတိထားမိတာက သူတို့ မောင်နှမနှစ်ယောက်စလုံးက ဧည့်ခန်းထဲမှာပဲ နေကြတာ။ တကယ်လို့ ကျွန်မ တစ်ခုခု လုပ်မယ်ဆိုရင် သူတို့က ဧည့်ခန်းထဲမှာ အမြဲရှိနေတော့ အဆင်မပြေဘူးလေ။ တကယ်လို့ တစ်ယောက်ယောက်က သတ္တိကောင်းကောင်းနဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ကျွန်မရဲ့ လှည့်ကွက်တွေကို မိသွားနိုင်တယ်။ အခု သူတို့ မရှိတော့ဘူးဆိုတော့ စိတ်အေးလက်အေးနဲ့ အကွက်ဆင်လို့ရပြီပေါ့"

"ဒါလည်း ဟုတ်တာပဲ..."

သူမ တိုးညှင်းစွာ ရေရွတ်ရင်း

"ဟယ်... ဘာပဲဖြစ်ဖြစ်၊ ညည်း ဒါကိုလုပ်တဲ့အခါ တကယ့်ကို သတိထားရမယ်နော်။ သတိရပါဦး၊ ညည်းက တစ်ယောက်တည်း မဟုတ်ဘူး၊ ညည်းမှာ ကလေးတွေ ရှိသေးတယ်"

ချန်ချင်းယွီ ရယ်မောလိုက်ရင်း

"ကလေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေသေချာချာ သတိထားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်တော့ မလုပ်ပါဘူး"

"ဒါဆိုရင်လည်း ကောင်းတာပေါ့..."

…….

ထိုအချိန်တွင်၊ ဝေးလံလှသော မြောက်ပိုင်းဒေသက မြို့ငယ်လေးတစ်မြို့၌ ယွီမေကျွမ်းနှင့် ချန်ဒုနိယတို့ မောင်နှမနှစ်ယောက်သည် အိပ်ရာပေါ်တွင် ထိုင်နေကြပြီး၊ နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြသေးဘဲ လက်ထဲမှ ငွေများကို ထပ်ခါတလဲလဲ ရေတွက်နေကြသည်။ သူတို့တွင် ငွေစက္ကူ အနည်းငယ်သာ ရှိသော်လည်း အကြိမ်ပေါင်း ဒါဇင်ချီ၍ ရေတွက်နေခဲ့ကြခြင်း ဖြစ်၏။

ချန်ဒုတိယ ခေါင်းမော့ကြည့်လိုက်ရင်း

"အစ်မ... ဒါက တကယ်ပဲ ယွမ် ကိုးရာ ရှိတာပါ"

ယွီမေကျွမ်း : "ဟုတ်တယ်၊ ကျန်တဲ့ ယွမ် တစ်ရာကတော့ တို့တွေ အရေးပေါ် သုံးဖို့အတွက် ဖြစ်ရမယ်"

သူမ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ရင်း

"ချန်ချင်းယွီက တို့ကို ယုံကြည်ပြီး ငွေတွေကို တကယ်ပဲ ပို့ပေးခဲ့တာဆိုတော့၊ တို့တွေ မနက်ဖြန်ကျရင် ဟော်ဟွာရဲ့ နေရာကို သွားပြီး အရောင်းအဝယ် လုပ်လို့ရပြီ"

သူမ ဆက်လက်၍ ညည်းတွားကာ

"ဘုရားရေ... တခြားလူတွေသာ မြင်ရင် တို့တွေ အဖိုးတန်တာတွေ သွားဝယ်နေတာလို့ ထင်ကြမှာပဲ၊ အားလုံးက တအားကို စိတ်လှုပ်ရှားနေကြတာ။ ချန်ချင်းယွီ ရေးလိုက်တဲ့ ဒီစာကို ကြည့်ဦး၊ သူကိုယ်တိုင်လည်း စာရေးတဲ့အခါ တအား စိုးရိမ်ပူပန်နေတာဆိုတော့ ငါလည်း ဘာလုပ်ရမှန်းတောင် မသိတော့ဘူး"

ချန်ဒုတိယလည်း စာကို ထပ်မံဖတ်ရှုလိုက်ပြီး စိတ်ထဲမှ အနည်းငယ် သံသယဝင်မိသော်လည်း ‘အမျိုးသမီးတွေကတော့ ဒီလိုပဲ သတ္တိနည်းတတ်ကြတာပဲ’ဟု တွေးလိုက်၏။

သူ တိုးညှင်းစွာ ရေရွတ်ရင်း

"ဒီနေရာက ဆင်းရဲပြီး ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခု ဖြစ်နေရင်တောင်မှ ဒီလောက်အထိ စိုးရိမ်နေဖို့ မလိုပါဘူး မဟုတ်လား။ တို့တွေကလည်း အချင်းချင်း ကောင်းကောင်းသိကြတာပဲ၊ သူတို့ကလည်း လူကောင်းတွေပုံစံပဲဟာကို"

ယွီမေကျွမ်းက ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားပြီးနောက်

"တို့တွေ ချန်ချင်းယွီ ပြောတာကိုပဲ နားထောင်ကြရအောင်။ ဒါက တကယ့်ကို တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်နေတာဆိုတော့... ဘေးကင်းတာက စိတ်ချရဆုံးပဲလေ"

ဘေးကင်းတာက စိတ်ချရဆုံးပဲ…

All Chapters