အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇)
“အစ်မ၊ အစ်မ... သူတို့တွေ မရှိတော့ဘူး၊ မြန်မြန်လုပ်...”
ချန်ဒုတိယ ကပျာကယာ လှမ်းပြောလိုက်သည်။
သူ ဘေးဘီဝဲယာကို အကဲခတ်ကြည့်ပြီးနောက် လမ်းကြားထဲတွင် ပုန်းနေသော ၎င်း၏အစ်မဖြစ်သူ ယွီမေကျွမ်းကို လက်လှမ်းပြကာ
“မြန်မြန်... ငါတို့ ဘူတာရုံကို တန်းသွားကြစို့”
ယွီမေကျွမ်း၏ မျက်နှာမှာ ဖြူလျော်နေသော်လည်း မျက်ဝန်းများမှာမူ ပြတ်သားလှ၏။ သူမသည် ချန်ဒုတိယရှိရာသို့ ခပ်သွက်သွက်ပြေးလာပြီး နှစ်ဦးသား ဘူတာရုံဆီသို့ အပြေးအလွှား ဦးတည်ခဲ့ကြသည်။ သူတို့ လက်မှတ်အရောင်းကောင်တာသို့ မသွားတော့ဘဲ ပလက်ဖောင်းဆီသို့သာ တန်းစီတိုးဝင်သွားကြ၏။ ရထားဥသြဆွဲသံနှင့်အတူ တွဲထဲသို့ အသည်းအသန် တိုးဝှေ့ဝင်ရောက်ကာ ခုံများပေါ်သို့ အမောတကော ထိုင်ချလိုက်နိုင်ကြသည်။ မောဟိုက်လွန်း၍ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေစဉ် ချန်ဒုတိယ ရင်တထိတ်ထိတ်ဖြင့်
“အစ်မ... တော်သေးတာပေါ့၊ အစ်မ လက်မှတ်ကြိုဝယ်ထားလို့။ မဟုတ်ရင် ငါတို့ ဒီလောက်လွယ်လွယ်နဲ့ လွတ်လာပါ့မလား”
သူသည် လျှာတသပ်သပ်ဖြင့် အံ့သြချီးကျူးရင်း ပြတင်းပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်၏။ ထိုစဉ် အမျိုးကျွန်မတစ်ဦး အမျိုးသားအချို့ကို ဦးဆောင်ကာ ဘူတာရုံထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး ဟိုဟိုဒီဒီ လိုက်လံရှာဖွေနေသည်ကို လှမ်းမြင်လိုက်ရသည်။ ရထားတွဲ စတင်ရွေ့လျားနေပြီဖြစ်ရာ ချန်ဒုတိယသည် အားမလိုအားမရဖြစ်စွာဖြင့် ပြတင်းပေါက်မှ ခေါင်းပြူထွက်ပြီး
“မင်းတို့လို အမှိုက်ကောင်တွေ... မင်းတို့ဖေဖေကြီး သွားပြီကွ...”
ထိုအော်သံကြောင့် အောက်မှလူများ ချက်ချင်းမော့ကြည့်လာကြ၏။ ချန်ဒုတိယလည်း အလျှော့မပေးဘဲ ထပ်မံအော်ဆဲလိုက်တော့သည်။
“မင်းတို့က ခိုးရာပါပစ္စည်းလောက်ပဲ နှိုက်စားတတ်တဲ့ အောက်တန်းစားတွေပါကွာ၊ သွား... ချေးပဲသွားစားကြ...”
“ဒီကောင်စုတ်... ဒီခွေးစုတ်၊ ပြန်လာခဲ့စမ်း...”
“နင်...”
အောက်မှလူများ၏ အော်ဟစ်တုံ့ပြန်သံများသည် ဂျိန်းဂျိန်းဂျုန်းဂျုန်းဖြင့် ခပ်သွက်သွက်ခွာမောင်းနေသော ရထားသံစဉ်များအကြား ပျောက်ကွယ်သွားရလေသည်။
သူတို့ ဘာတွေပဲအော်အော် အပိုပဲ…
ချန်ဒုတိယသည် ထိုလူများ ဒေါသတကြီးဖြင့် ဝုန်းဒိုင်းကြဲကျန်ခဲ့သည်ကို ကြည့်ကာမှ ရင်ထဲတွင် အနည်းငယ် ကျေနပ်အနားရသွား၏။
“ဒီလို အသည်းနှလုံးမရှိတဲ့လူတွေ အနှေးနဲ့အမြန် ကံကြမ္မာရဲ့ ဒဏ်ခတ်တာကို ခံရမှာ”
ယွီမေကျွမ်းလည်း စိတ်နည်းနည်းငြိမ်သွားမှ နာကျည်းစွာဖြင့်
“ငါက အားလန်ကို သူငယ်ချင်းကောင်း ထင်နေတာ။ မပြန်သွားခင်တုန်းက ငါနဲ့အတူ သယ်မသွားနိုင်တဲ့ ပစ္စည်းတချို့ကိုတောင် ပေးခဲ့သေးတယ်။ ဒါကို သူက ငါ့ကို ဒီလိုမျိုး မလိမ့်တပတ်လုပ်ရတယ်လို့... တကယ့် ကောင်မစုတ်ပဲ”
ထို့နောက် သူမ ခေတ္တမျှ စဉ်းစားဟန်ဖြင့်
“ဒါနဲ့... အားလန်က ဒါတွေကို တကယ်ပဲ မသိတာများလားဟင်။ သူ့ခဲအိုက လူယုတ်မာမို့လို့ သူပါ အလိမ်ခံလိုက်ရတာလား”
သူမအနေဖြင့် မိမိသူငယ်ချင်းကို အဆိုးဆုံးတွေးရန် စိတ်အား မရှိပေ။
သို့သော် ချန်ဒုတိယ ခေါင်းခါယမ်းကာ မကျေမချမ်းဖြင့် ရှင်းပြလေသည်။
“သူ သေချာပေါက် သိတာပေါ့။ သူတို့ပြောနေတဲ့ စကားတွေကို အစ်မ မှတ်မိသေးရဲ့လား။ အားလန်က သူတို့ ဘာအကြံအစည်ရှိလဲဆိုတာကို သိရုံတင်မကဘူး၊ တစ်ဖွဲ့တည်း ပေါင်းလုပ်နေတာ။ သူ့ကို လူကောင်းလို့ မထင်နဲ့၊ အကုန်လုံးက ငါတို့ကို အကွက်ချနေကြတာ။ အိမ်တစ်မိုးတည်းအောက်မှာ နေပြီး သူက ဘာမှမသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြီးတော့ သူ ငါတို့ကို မိတ်ဆက်ပေးတုန်းက ဘယ်လောက်တောင် ရိုးသားဖြောင့်မတ်သလိုလို ပြောခဲ့လဲ။ တကယ်က အဲလို ဟုတ်လို့လား။ ငါတို့ကလည်း သူ့ကို ယုံမိသွားတာကိုး။ ဒါတင်မကသေးဘူး... ရွာထဲကို ပြန်ပြီး အရောင်းအဝယ်လုပ်ဖို့ သူပဲ တတွတ်တွတ် တိုက်တွန်းနေတာလေ။ တော်သေးတာပေါ့၊ ငါတို့ မသွားလို့... မဟုတ်ရင် လွတ်ဖို့တောင် လမ်းရှိမှာ မဟုတ်ဘူး”
သူ ဆက်လက်၍ ဒေါသတကြီး ဆို၏။
“ဒီလူတွေ တကယ် ယုတ်မာပက်စက်လွန်းတယ်”
ယွီမေကျွမ်းလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းညိတ်လိုက်မိတော့သည်။
အမှန်၌ အစပိုင်းတွင် သူတို့မောင်နှမနှစ်ယောက် ယခုမျှအထိ တွေးမထားခဲ့ကြချေ။ ဤနေရာသည် သူတို့ ကျေးလက်ဒေသသို့ ဆင်းပြီး လုပ်အားပေးခဲ့ဖူးသော နေရာဟောင်းဖြစ်၍ စိတ်အေးလက်အေး ရှိနေခဲ့ကြ၏။ သို့သော် ချန်ချင်းယွီ စာထဲတွင် ထပ်ခါတလဲလဲ သတိပေးထားသောကြောင့် ယွီမေကျွမ်း၏ စိတ်ထဲတွင် စိုးရိမ်စိတ် ဝင်နေခဲ့သည်။
‘ချင်းယွီပြောတာလည်း ဟုတ်တုတ်တုတ်ပဲ... ငါတို့မောင်နှမက ဘာမှပြဿနာမရှိဘူးလို့ ထင်ပေမယ့် သတိထားတော့ မပျက်စေနဲ့ပေါ့’
သူမ တွေးကာ စိတ်ထဲတွင် ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အချို့ ပြုလုပ်ထားခဲ့၏။
ထိုသို့ သတိရှိခဲ့ခြင်းသည်ပင် သူတို့ကို များစွာ အထောက်အကူပြုစေခဲ့သည်။
ယွီမေကျွမ်း တောရွာများသို့ သွားရောက်ကာ ဂျင်ဆင်းနှင့် အခြား တောထွက်ပစ္စည်းများ ဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း ခရီးစဉ်အစ၌ပင် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ရွာသားအားလုံး လူဆိုးများ ဖြစ်နေ၍ မဟုတ်သော်ငြား သူမကိုယ်တိုင်မှာ ဤနယ်ပယ်တွင် အတွေ့အကြုံမရှိသည့်အပြင် ‘ငါက သူတို့ကို ပိုက်ဆံရအောင် လာကူညီတာပဲ... သူတို့ ငါ့ကို ရိုရိုသေသေ ဆက်ဆံရမှာပေါ့’ ဟု တွေးကာ အစကတည်းက စည်းစိမ်ရှိဟန်ဖြင့် အထက်စီးဆန်ဆန် ပြုမူမိသောကြောင့်ဖြစ်၏။
ထိုသို့ ထင်ပေါ်ကျော်ကြားအောင် နေထိုင်မိခြင်းမှာ လူအချို့၏ မျက်စိကျခြင်းကို ခံလိုက်ရလေသည်။
ရွာသားအများစုသည် လူဆိုးများမဟုတ်ကြသော်လည်း အသိပညာနည်းပါးပြီး စရိုက်ကြမ်းတမ်းသော လူယုတ်မာအချို့မှာ ရှိနေမြဲတည်း။
မကြာမီပင် သူမနှင့် မောင်ဖြစ်သူတို့သည် ထိုလူများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ စုန်းပြူးဆိုသည်မှာ လူနည်းစုသာ ဖြစ်သော်လည်း အခြားရွာသားများသည် ပြင်ပလူနှစ်ယောက်အတွက်နှင့် မိမိတို့ ဒေသခံအချင်းချင်းကို ရန်သူမလုပ်လိုကြပေ။ ထို့ကြောင့် မောင်နှမနှစ်ယောက်အတွက် လုပ်ကိုင်ရသည်မှာ အလွန်ခက်ခဲလှသည်။ သို့သော် သူတို့သည် မည်သည့်လှည့်ကွက်ထဲသို့မျှ မဝင်ခဲ့သဖြင့် စိတ်အနှောင့်အယှက် ဖြစ်စရာ အနည်းငယ်ရှိရုံမှတစ်ပါး အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့၏။
ဗြောင်ကျကျ လုယက်ရန် မဝံ့ရဲကြသဖြင့် ရွာသားအချို့မှာ သူတို့ကို အမျိုးမျိုး လိမ်လည်လှည့်ဖြားရန်သာ ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း မအောင်မြင်ခဲ့ကြချေ။
ထို့နောက်တွင် ယွီမေကျွမ်းတို့ မောင်နှမသည် ပညာတတ်လူငယ်အဖြစ် ရှိစဉ်က ရင်းနှီးခဲ့ဖူးသော အားလန်နှင့် ဆက်သွယ်မိကြသည်။ အားလန်သည် ဒေသခံတစ်ဦးနှင့် အိမ်ထောင်ကျထားသူဖြစ်ပြီး ယွီမေကျွမ်းတို့ကို ‘ဒီရွာထဲကလူတွေ အကုန်လုံးက နင့်တို့ကို လိမ်ဖို့ပဲ ချောင်းနေကြတာ’ ဟု ပြောပြသဖြင့် မောင်နှမနှစ်ယောက်မှာ ပို၍ စိုးရိမ်ထိတ်လန့်သွားကြ၏။ ထို့နောက် အားလန်မှာ သူမ၏ခဲအိုဖြစ်သူ (စောစောက သူတို့ကို လိုက်လံဖမ်းဆီးသည့်အဖွဲ့ကို ဦးဆောင်လာသူ) နှင့် မိတ်ဆက်ပေးခဲ့သည်။
သူတို့သည် ဂျင်ဆင်းဝယ်ယူရန် သဘောတူညီခဲ့ကြပြီး ရောင်းချသူမှာလည်း တကယ်ပင် ပစ္စည်းအစစ်ကို ယူဆောင်လာခဲ့၏။ ချန်ဒုတိယ သတိကြီးစွာဖြင့် လူအချို့ကို ခေါ်ဆောင်ကာ ပစ္စည်းဝယ်ယူရေးစခန်းသို့ သွားရောက်ပြသပြီး ၎င်းမှာ ဂျင်ဆင်းအစစ်ဖြစ်ကြောင်း အတည်ပြုချက်ရယူ၍ ထိုအနီးအနား၌ပင် အရောင်းအဝယ်ကို အဆုံးသတ်ခဲ့သည်။
သို့သော်လည်း တစ်ဖက်မှ လူနှစ်ဦး
တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ‘ရွာထဲကို ပြန်ပြီးမှ အရောင်းအဝယ် အပြီးသတ်ရအောင်’ ဟု ဆိုကြသည်။ အမှန်တကယ်၌ အားလန်
သည်လည်း အကြံပြုခဲ့ဖူး၏။
‘ရွာထဲမှာပဲ တည်းခိုပါ... ငါ့အိမ်မှာ နေရင် အလကားပဲ၊ တခြားမှာ နေရင် ပိုက်ဆံကုန်လိမ့်မယ်’
သို့သော် ချန်ဒုတိယမှာ ‘ရွာထဲမှာ နေရတာ သိပ်အဆင်မပြေဘူး... တည်းခိုခန်းက ပိုသက်တောင့်သက်သာရှိတယ်’ ဟု ယူဆကာ ရွာသို့ မသွားခဲ့ချေ။
ဤဆုံးဖြတ်ချက်မှာ သူတို့ကို မထင်မှတ်ဘဲ ကယ်တင်လိုက်ခြင်း ဖြစ်သည်။
သူတို့သည် ရွာထဲသို့ မပြန်ခဲ့ကြသလို၊ ရွာတွင်လည်း အရောင်းအဝယ် မလုပ်ဘဲ အချိန်ဆွဲထားခဲ့ရာမှ နောက်ဆုံးတွင် ကိစ္စရပ်များ ပြီးမြောက်သွားခဲ့၏။
တစ်ဖက်မှ ဝယ်ယူသူ၊ တစ်ဖက်က ရောင်းချသူတို့မှာ ယွီမေကျွမ်းတို့ မောင်နှမနှင့် အားလန်၏ခဲအိုဖြစ်သူ၊ ၎င်း၏ဖခင်တို့ ဖြစ်ကြသည်။
အရောင်းအဝယ်ပြီးနောက် နှစ်ဦးနှစ်ဖက် လမ်းခွဲခဲ့ကြ၏။ အမှန်တွင် ယွီမေကျွမ်းသည် တည်းခိုခန်းမှ အခန်းအပ်ခဲ့ပြီးဖြစ်ရာ မောင်နှမနှစ်ယောက်မှာ ဘူတာရုံသို့ တန်းသွားရန်သာ ရှိတော့သည်။ သို့သော် သူတို့သည် မိမိတို့ကို လမ်းညွှန်ပေးခဲ့သော အားလန်ကို နှုတ်ဆက်သင့်၊ မနှုတ်ဆက်သင့် ဝေခွဲမရဘဲ တုံ့ဆိုင်းနေခဲ့ကြ၏။
ထိုသို့ မိုက်မဲစွာဖြင့် တွေဝေစဉ်းစားနေစဉ်အတွင်းမှာပင် အားလန်နှင့် သူမ၏ယောက္ခမဖြစ်သူတို့သည် လူမိုက်အချို့နှင့် လာရောက်ပူးပေါင်းသည်ကို လှမ်းမြင်လိုက်ရလေသည်။ ထိုအမျိုးကျွန်မမှာ စူးစူးဝါးဝါးအသံဖြင့်
“ရှင်တို့က ဘာလို့ ဒီလောက်တောင် အချိန်ဆွဲနေရတာလဲ။ သူတို့ ထွက်သွားပြီ...”
“မင်းပဲ... လူအများကြီး တစ်ခါတည်း မခေါ်လာနဲ့ဆို။ သူတို့ လန့်သွားရင် ပိုက်ဆံပေးမှာ မဟုတ်ဘူးလေ။ ပြီးတော့ ငါတို့ တည်းခိုခန်းနားမှာ စောင့်နေတာ... သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာမှာပဲဥစ္စာ”
“ကြည့်စမ်း... ဒီမှာ ယွမ် ရှစ်ရာ။ ငါတို့ ပိုက်ဆံရပြီ။ အခု သူတို့ကို ပိတ်ဆို့ပြီး ဂျင်ဆင်းကို ပြန်လုရုံပဲ...”
ထိုစကားသံများကို ကြားလိုက်ရချိန်တွင်မှ ယွီမေကျွမ်းတို့ မောင်နှမမှာ အဆိပ်ရှိသော မြွေဟောက်ကြီးတစ်ကောင်ကို လက်ဖြင့် ဆွဲကိုင်မိသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တုန်လှုပ်သွားရတော့သည်။
ထိုအမျိုးကျွန်မမှာ မောက်မာဝင့်ကြွားစွာဖြင့်
“တကယ့် ငတုံးတွေပဲ။ သူများပြောသမျှ အကုန်ယုံနေကြတာ။ ဒီဂျင်းဆင်းက ငါတို့မိသားစုရဲ့ အမွေအနှစ်ပစ္စည်းဟာကို…သူတို့ကို ရောင်းရမယ်တဲ့လား။ သူတို့က ဒါနဲ့တန်လို့လား…မြို့သားတွေဆိုရင်ရော ဘာဖြစ်လဲ၊ အမှိုက်တွေပါဟာ။ ကဲ... နင်တို့နှစ်ယောက် ခွဲသွားလိုက်ကြ။ တစ်ယောက်က တည်းခိုခန်းမှာ သွားစောင့်။ ကျန်တဲ့လူတွေက ငါနဲ့အတူ ဘူတာရုံဘက် လိုက်ခဲ့။ အားလန်က သူတို့ကို လန့်အောင် အမြဲခြောက်နေတာ၊ အကြောက်လွန်ပြီး ထွက်ပြေးသွားတာမျိုးတော့ မဖြစ်စေနဲ့”
“ဟုတ်လို့လား... သူတို့က အားလန်ကို အမြဲယုံနေတာ မဟုတ်လား”
“သတိထားတာတော့ အကောင်းဆုံးပဲ၊ ဒါက အဖေ့ရဲ့ ရတနာဟ။ အဲဒီငတုံးနှစ်ယောက်က ‘အနှစ်နှစ်ဆယ်’ လို့ ဘာလို့ပြောတာလဲ။ ဒါက တကယ့်ကို အနှစ်သုံးဆယ်နီးပါး သက်တမ်းရှိတဲ့ ရတနာအစစ်ဟ။ ယွမ် ရှစ်ရာတည်းနဲ့ ရမယ်များ မှတ်နေလား... စိတ်ကူးယဉ်နေလိုက်။ သူတို့ဆီမှာ ဒီထက်ပိုပြီး ပိုက်ဆံမရှိတော့တာ မြင်လို့သာပေါ့၊ မဟုတ်ရင် ဒီထက်ပိုတောင်းလိုက်မှာ။ မြန်မြန်လုပ်ကြ၊ သူတို့တကယ် ထွက်မသွားခင် ဒါကို ငါတို့လက်ထဲ ပြန်ယူထားရင် နောက်လည်း သူတို့လို ငတုံးတွေ လာဝယ်ဦးမှာပဲ။ ဒါကို ငါးစာအဖြစ် သုံးပြီး ငါတို့ ချမ်းသာနိုင်တယ်ဟ။ သူတို့ကို တွေ့ရင်လည်း ဘာမှမသိသလို နေကြ။ သူတို့ လုယက်ခံရရင်တောင် ငါတို့ကို သံသယဝင်မှာ မဟုတ်ဘူး။ ဘယ်သူသိမလဲ... အဲဒီငတုံးနှစ်ယောက်က နောက်တစ်ခါ ပြန်လာဝယ်ရင် ငါတို့က ဒီနည်းအတိုင်း ထပ်လုပ်ရုံပဲပေါ့”
“ဟားဟား... တကယ်ပဲ အဲဒီလောက်အထိ ဖြစ်နိုင်ပါ့မလား။ လုယက်ခံရရင်တောင် ပြန်လာဝယ်ဦးမယ် ဟုတ်လား”
“ပြောလို့မရဘူးလေ။ အဲဒီနှစ်ယောက်က တကယ့် ငတုံးအကြီးစားတွေပဲ။ ပြန်လာဝယ်ရင်လည်း ဝယ်ဦးမှာ”
“မမကတော့ တကယ့် လူလည်ပဲ။ သူတို့ဆီမှာ ပိုက်ဆံရှိမှန်းသိရင် ဗြောင်ပဲ လုလိုက်ရောပေါ့... ဘာလို့ ဒီလောက်အလုပ်ရှုပ်ခံနေလဲ...”
“ပေါက်ကရတွေ ပြောမနေနဲ့။ သူတို့ကိုယ်ပေါ်မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး။ သူတို့က တစ်ယောက်ယောက်ဆီက ပိုက်ဆံပို့လာမှာကို စောင့်နေကြတာ။ အားလန်က သူတို့ဆီကနေ သတင်းနှိုက်ထားလို့ သူတို့က တခြားလူအတွက် ပိုက်ဆံစုပေးနေတာကို သိပြီးသား။ ပိုက်ဆံက ဘယ်တော့ရောက်မလဲဆိုတာလည်း ငါတို့မသိဘူး။ ပြီးတော့ လူကို ဗြောင်လုဖို့ဆိုတာ စွန့်စားရလွန်းတယ်။ သူတို့က ရဲတိုင်လိုက်ရင် ငါတို့ ဒုက္ခရောက်ကုန်မယ်။ ငါတို့က ပိုက်ဆံကို လက်ထဲမှာပဲ ထားပြီး မသုံးဘဲနေလို့မှ မရတာ။ သုံးလိုက်ရင် အဖမ်းခံရနိုင်တယ်။ လူတွေက ဒီပိုက်ဆံ ဘယ်ကရလဲလို့ မေးကြလိမ့်မယ်။ ဒါပေမဲ့ ဂျင်းဆင်းကျတော့ မတူဘူးလေ။ ငါတို့က အရောင်းအဝယ် အပြီးသတ်ပြီးမှ သူတို့ရဲ့ ဂျင်းဆင်း ပျောက်သွားတယ်လို့ ပြောရင် ငါတို့က လိုက်ရှာပေးလို့ရတယ်။ ဂျင်းဆင်းဆိုတာ ပိုက်ဆံမှ မဟုတ်တာ။ ငါတို့က ထုတ်မပေးသရွေ့ သူတို့ ငါတို့ကို ဘာမှလုပ်လို့မရဘူး။ ပြီးတော့ စဉ်းစားကြည့်လေ... ယွမ် ရှစ်ရာ ပျောက်သွားတာက အရေးမကြီးဘူး။ ဂျင်းဆင်း ပျောက်သွားတာကျတော့ ငါတို့ လှည့်စားလို့ ရနိုင်တယ်”
“မမကြီးက တကယ့်ကို ပါးနပ်တာပဲ”
“မမကြီး... အဲဒီကောင်လေး ဝတ်ထားတဲ့ နာရီကို ငါလိုချင်တယ်။ တောက်... သူ့ရဲ့ အရင်အကျင့်တွေအရဆိုရင် မိသားစုကတောင် သူ့ကို ဂရုမစိုက်တော့တာ။ သူက ဘယ်လိုလုပ် နာရီတစ်လုံး ရလာတာလဲ မသိဘူး”
“ကိစ္စတွေ အားလုံးပြီးမှ ပြောကြတာပေါ့။ မြန်မြန်... အလုပ်ဖြစ်အောင် လုပ်ကြစို့”
“အေးပါ၊ အေးပါ... ပေါက်ကရတွေ ပြောမနေဘဲ မြန်မြန် လိုက်ရှာကြစို့။ အဲဒီငတုံးနှစ်ယောက် ပြန်မလာသေးဘူး၊ ဘယ်တွေ လျှောက်သွားနေလဲ မသိဘူး”
“တစ်နေရာရာမှာ သွားစားသောက်ပြီး ဆရာကြီးလုပ်နေကြတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီမောင်နှမနှစ်ယောက်စလုံးက ဉာဏ်မရှိတဲ့ အတုံးတွေပဲဟာ”
“ဟားဟား... နင်ပြောတာ ဟုတ်တယ်။ ကဲ... သွားကြစို့၊ သွားရှာရအောင်”
ထိုလူစုသည် တဟားဟားရယ်မောကာ မောက်မာဝင့်ကြွားစွာဖြင့် တိုင်ပင်နေကြလေသည်။ ခပ်သိမ်းသော အခြေအနေအရပ်ရပ်ကို မိမိတို့လက်ခုပ်တွင်း၌ ရှိနေသည်ဟု ထင်မှတ်ထားပုံရ၏။
မကြာမီ ထိုလူစုသည် လူခွဲကာ အသီးသီး ထွက်ခွာသွားကြရာ ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့ မောင်နှမမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
မိမိတို့သည် လုယက်ခြင်းကို ခံရတော့မည်ဟူသောအချက်ကို သူတို့ လုံးဝ မတွေးမိခဲ့ကြပေ။
ယွီမေကျွမ်း ကြောက်ရွံ့လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေပြီး မောင်ဖြစ်သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။ တော်သေးသည်မှာ သူတို့မောင်နှမနှစ်ယောက် အတူတူရှိနေခဲ့ခြင်းပင်။ အကယ်၍ သူမတစ်ဦးတည်းသာ ဖြစ်ပါက မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားလောက်ပြီ ဖြစ်၏။ သူမသည် တကယ်ပင် သေလုမတတ် ကြောက်လန့်နေခဲ့သည်။
“မောင်လေး... မောင်လေး၊ ငါတို့ ဘာလုပ်ကြမလဲ”
ချန်ဒုတိယလည်း ကြောက်ရွံ့လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူတို့သည် တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ကြပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် လက်မှတ်များကို ကြိုတင်ဝယ်ယူထားခဲ့မိ၏။
“ဘူတာရုံကို သွားကြစို့... ဘူတာရုံကို သွားပြီး ရထားကို စောင့်ရအောင်။ ဒါက နေ့လယ်ရထားပဲ၊ ဘူတာရုံကိုသွားပြီး စောင့်တာ ပိုကောင်းတယ်၊ တန်းသွားကြစို့”
ဤတစ်ကြိမ်တွင်မူ သူသည် လက်မှတ်များကို ကြိုတင်ဝယ်ယူထားခဲ့မိသည့်အတွက် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိတော့သည်။
ယွီမေကျွမ်း ကြောက်လန့်လွန်း၍ ခြေမခိုင်တော့သော်လည်း အားတင်းကာ တားမြစ်လိုက်၏။
“မဖြစ်ဘူး၊ မဖြစ်ဘူး... အနီးအနားက လမ်းကြားတစ်ခုခုမှာပဲ ခဏပုန်းပြီး စောင့်ရအောင်။ ဇွတ်တိုးမသွားနဲ့ဦး။ အကယ်၍ သူတို့က ဘူတာရုံထဲမှာ ငါတို့ကို ပိတ်ဆို့ထားရင် ငါတို့ ဒဏ်ရာရကုန်လိမ့်မယ်”
“ဘူတာရုံကြီး အလယ်ခေါင်မှာ သူတို့က...”
ယွီမေကျွမ်း ခေါင်းခါယမ်းလျက်
“မလုပ်နဲ့၊ မလုပ်နဲ့... ဒါက ဘူတာရုံအသေးလေး။ သူတို့က ဘူတာရုံဝန်ထမ်းတွေနဲ့ သိနေမလား ဘယ်သူသိလဲ။ မသိရင်တောင် သူတို့က ဒေသခံတွေပဲလေ။ အကယ်၍ သူတို့က ငါတို့ကို ခိုးမှုနဲ့ပဲဖြစ်ဖြစ် စွပ်စွဲပြီး ဆွဲထားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်။ ရထားထွက်ခါနီး အချိန်ကို ကွက်တိတွက်ပြီးမှ တွဲပေါ်တက်တာက ပိုပြီး စိတ်ချရတယ်...”
“အေးပါ... အစ်မပြောတဲ့အတိုင်းပဲ လုပ်ကြစို့”
“အု...”
ယွီမေကျွမ်းသည် ပါးစပ်ကို အုပ်လိုက်မိရင်း ထိုလူစု ပြန်လည်ရောက်ရှိလာသည်ကို လှမ်းကြည့်လိုက်သည်။ သူတို့သည် အချင်းချင်း ထပ်မံညွှန်ကြားချက်များ ပေးနေကြပြီး အမျိုးသားတစ်ဦးမှာ ညွှန်ကြားနေ၏။
“တစ်ယောက်ကတော့ ကားဂိတ်ဘက်ကို သွားလိုက်”
“လူလောက်ရဲ့လား”
“လောက်ပါတယ်၊ ငါတို့လူတစ်ယောက်က လက်မှတ်အရောင်းခန်းမထဲမှာ စောင့်နေတယ်။ သူတို့ လက်မှတ်ဝယ်ရင် သေချာပေါက် တွေ့လိမ့်မယ်။ စိတ်မပူနဲ့”
ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့သည် တစ်ဦးကိုတစ်ဦး တွဲကူလျက် ထိုနေရာမှ ခပ်သွက်သွက် ဖယ်ခွာခဲ့ကြသည်။
ကျေးဇူးတင်စရာကောင်းလှသည်မှာ သူတို့ လက်မှတ် ကြိုဝယ်ထားခဲ့ခြင်းပင်…
နှစ်ဦးသား အပြင်ဘက်တွင် ပုန်းခိုရန် နေရာရှာဖွေနေကြသော်လည်း ရထားလွတ်သွားမည်ကို စိုးရိမ်သဖြင့် လက်ပတ်နာရီကို ခဏခဏ ကြည့်နေမိကြသည်။
ချန်ဒုတိယ : “ဒီနာရီကို အဖေ့ဆီ ပို့ပေးလိုက်ရမှာ”
ယွီမေကျွမ်း :“အဖေတော့ ဒေါသတကြီး ဖြစ်တော့မှာပဲ”
“ဂရုစိုက်မနေပါနဲ့... ငါ စာတစ်စောင် ချန်ထားခဲ့တာပဲဥစ္စာ။ ဘာလဲ... သူတို့က မျက်နှာလိုက်ကြတာလား။ ငါ့ဘာသာငါ မတိုက်ပွဲဝင်ရဘူးလား”
မောင်နှမနှစ်ယောက်စလုံးသည် သူခိုးများကဲ့သို့ လမ်းကြားထဲတွင် ကုပ်ကုပ်လေး ပုန်းနေခဲ့ကြရ၏။ မိမိတို့၏ အဖြစ်သဏ္ဌာန်မှာ ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားအံ့နည်း။ သူတို့သည် ဂျင်းဆင်းအချို့ကို ဝယ်ယူရန်သာ ရည်ရွယ်ခဲ့သော်လည်း အခြေအနေများမှာ ဤမျှအထိ ရှုပ်ထွေးပွေလီသွားခဲ့ရလေသည်။
အမှန်စင်စစ် ထိုလူများသည် လူအများအလယ်တွင် ဗြောင်ကျကျ ရမ်းကားရန် ဝံ့ရဲကြမည်မဟုတ်သော်လည်း မောင်နှမနှစ်ယောက်မှာမူ အလွန်အမင်း ထိတ်လန့်နေခဲ့ကြသဖြင့် အစွမ်းကုန် သတိထားနေမိကြခြင်း ဖြစ်၏။ သူတို့သည် အချိန်နီးကပ်လာသည့်တိုင်အောင် အတူတူပူးကပ်ပုန်းအောင်းနေခဲ့ကြပြီး အချိန်ကျမှသာ လက်မှတ်စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်၍ သူခိုးများကဲ့သို့ ဘူတာရုံထဲသို့ သုတ်ခြေတင် ဝင်ရောက်ခဲ့ကြတော့သည်။
ဘုရားရေ... ဒီခရီးစဉ်က အလွန်ပင် ခက်ခဲ ပင်ပန်းလှချေတကား…
ရထားတွဲပေါ်သို့ ရောက်ရှိ၍ ရထားစတင်ထွက်ခွာခါနီးအချိန်ကျမှသာ ချန်ဒုတိယသည် ထိုလူများကို ရန်စဝံ့တော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်လူများသည် ဒေါသတကြီးဖြင့် ကျန်ရစ်ခဲ့ကြလေ၏။
မောင်နှမနှစ်ဦး ထိုင်ခုံပေါ်သို့ မှီချလိုက်ရင်း အမောတကော အသက်ရှူနေကြသည်။
ဘေးပတ်ဝန်းကျင်မှ ခရီးသည်များသည် သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကာ
“နင်တို့ ဘာဖြစ်လာကြတာလဲ”
သူတို့၏ အသံနေအသံထားအရ လူဆိုးအချို့နှင့် ကြုံတွေ့လာခဲ့ရမှန်း ရိပ်မိကြပုံရ၏။
ယခုအခါ ချန်ဒုတိယသည် ပို၍ သတိကြီးသွားခဲ့ပြီ ဖြစ်သည်။
တောက်... တကယ့်ကို ကံဆိုးတာပဲ။
ဤခရီးစဉ်တွင် လူဆိုးများနှင့် အမှန်တကယ်ပင် တိုးခဲ့ရလေသည်။
“ငါတို့က ကျေးလက်ဆင်းလုပ်အားပေးခဲ့တဲ့ ပညာတတ်လူငယ်တွေပါ။ ရွာသားတွေရဲ့ လိမ်တာကို ခံရတော့မလို့။ အခု ရထားပေါ်ရောက်ပြီဆိုတော့ ငါ သူတို့ကို မကြောက်တော့ဘူး၊ အဲဒါကြောင့် ဆဲပစ်လိုက်တာ”
“ငါလည်း ပညာတတ်လူငယ်ပဲ။ နင်တို့က ဘယ်ရွာကလဲ”
“ငါက...”
ထိုလူစုသည် အချင်းချင်း စကားစမြည် ပြောဆိုကြလေသည်။ ၁၉၇၆ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၇၇ ခုနှစ်အစောပိုင်းတွင် ပညာတတ်လူငယ်အချို့ မြို့သို့ ပြန်လာခွင့်ရခဲ့ကြသော်လည်း ၎င်းတို့မှာ တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့သူများသာ ဖြစ်ကြပြီး အများစုမှာမူ ပြန်ခွင့်မရသေးချေ။ ပညာတတ်လူငယ်များ အစုလိုက်အပြုံလိုက် မြို့သို့ အမှန်တကယ် ပြန်ခွင့်ရခဲ့ကြသည်မှာ လွန်ခဲ့သောနှစ်၏ ဒုတိယနှစ်ဝက်ပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်သည် ပညာတတ်လူငယ်များ မြို့သို့ အလုံးအရင်းဖြင့် ပြန်လာနေကြသည့် အချိန်အခါသမယ ဖြစ်၏။
ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေကြရသူများ ဖြစ်ကြသည်။ ချန်ဒုတိယ ရွာသားများ၏ လိမ်လည်လှည့်ဖြားမှုကို ခံရလုနီးပါးဖြစ်ခဲ့ရကြောင်း ကြားသိရသောအခါ မိမိတို့၏ ကိုယ်တွေ့အတွေ့အကြုံများကိုလည်း မချန်မလှပ် ပြောပြကြတော့၏။ သူတို့ သွားရောက်ခဲ့သော ဒေသများမှာ မကောင်း၍တော့ မဟုတ်ပေ။ သို့သော် ထိုခေတ်အခါ၌ မြို့ပြနှင့် ကျေးလက်ဒေသအကြား ကွာဟချက်မှာ အလွန်ကြီးမားလှပြီး လူနေမှုပုံစံများလည်း တထပ်တည်း မကျခဲ့ကြချေ။
ရွာသားများ၏အမြင်တွင် ပညာတတ်လူငယ်များသည် နုနယ်လွန်းပြီး အသုံးမကျသည့်အပြင် ဟန်ကြီးပန်ကြီး လုပ်တတ်ကြသည်ဟု ယူဆကြကာ ကိုယ့်ရိက္ခာကိုယ် စားရသည့်တိုင်အောင် ၎င်းတို့ကို အထင်သေးတတ်ကြသည်။
မြို့သားများ၏အမြင်တွင်မူ ရွာသားများသည် လူစိမ်းမဝင်ဆံ့ဘဲ သဘောထားကျဉ်းမြောင်းကာ သန့်ရှင်းမှုမရှိဟု ထင်မြင်ကြပြီး မိမိတို့ကို ခွဲခြားဆက်ဆံကာ နှိပ်စက်ကြသည်ဟု ယူဆကြ၏။
အချုပ်ဆိုရသော် သူတို့၏ လူနေမှုဘဝပုံစံများမှာ များစွာကွာခြားလှသဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် အထင်သေးနေခဲ့ကြခြင်း ဖြစ်၏။
“နင်တို့နှစ်ယောက်က ရည်းစားတွေလား”
ခရီးသည်တစ်ဦး မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ဒါ ငါ့အစ်မပါ”
“မျိုးရိုးအမည်လည်း မတူဘဲနဲ့...”
“အင်း... ငါတို့က အဖေတူအမေကွဲ မောင်နှမတွေမို့လို့ပါ”
“ဪ... အားနာလိုက်တာနော်”
“ရပါတယ်၊ ဘာမှမဖြစ်ပါဘူး”
လူတိုင်းသည် တတွတ်တွတ်ဖြင့် ကျေးလက်ဆင်းခဲ့ရသည့်အကြောင်းများကို စတင်မြည်တမ်းကြတော့သည်။ သို့သော် ရထားပေါ်တွင် ပညာတတ်လူငယ်များ အများအပြားရှိနေသဖြင့် မောင်နှမနှစ်ယောက်မှာ နောက်ဆုံး၌ စိတ်အနည်းငယ် ပို၍အေးသွားခဲ့ရသည်။
ယွီမေကျွမ်းတို့သည် မြို့သို့ပြန်ရန် ခရီးစတင်နေပြီဖြစ်ရာ ချန်ချင်းယွီ ပေးထားသော ပိုက်ဆံအချို့ကို ပြန်ပေးသင့်၊ မပေးသင့် တွေးတောနေမိကြ၏။ ကတိကဝတ်အရဆိုလျှင် ပိုလျှင်ပြန်ပေးရမည်ဖြစ်ပြီး လိုလျှင်ဖြည့်ပေးရမည်ဖြစ်သောကြောင့် သူတို့ သေချာပေါက် ပြန်ပေးရမည်သာ ဖြစ်သည်။ သို့သော် သူမအနေဖြင့် လက်ထဲရောက်နေသော ပိုက်ဆံကို နှမြော၍ မပေးချင်ဖြစ်နေမိသည်။
‘ငါတို့ ဒီတစ်ခေါက်ခရီးမှာ တကယ်ပဲ ဒုက္ခအများကြီး ခံခဲ့ရတာပဲဥစ္စာ’
‘မတတ်နိုင်ရင်တော့ ပြန်ရောက်မှ သနားစရာကောင်းအောင် မျက်ရည်ခံထိုးရမလား’
ယွီမေကျွမ်းသည် ထိုသို့ စတင်ကြံစည်နေတော့၏။
သူမ မည်သို့မျက်ရည်ခံထိုးရမည်ကို တွေးတောနေစဉ်အတွင်း ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို ခေါ်၍ ဈေးဝယ်ထွက်နေခဲ့သည်။ ဟုတ်ပါသည်၊ အဘွားကြီးကျောက်ကို ခေါ်၍ ဈေးဝယ်ထွက်နေခြင်း ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကျောင်းစတက်ကတည်းက ချန်ချင်းယွီသည် သူမ၏ယောက္ခမနှင့်အတူ သွားလာနေခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် လူကြီးတစ်ယောက်နှင့် ဈေးဝယ်ထွက်ရသည်မှာ တကယ့်ကို ပျင်းစရာကောင်းလှ၏။ သို့သော် ဘာတတ်နိုင်မည်နည်း။ မိမိမှာ အဘွားကြီးကျောက်ကို ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်လော့။
ထိုအဘွားကြီးသည် ဈေးဝယ်ထွက်ခြင်းအပါအဝင် အိမ်တွင်းမှုကိစ္စ အကြီးအငယ်အားလုံးကို အမြဲတစေ ကူညီလုပ်ကိုင်ပေးခဲ့သဖြင့် ချန်ချင်းယွီအနေဖြင့် ဤပိုက်ဆံကို အသုံးချရကျိုးနပ်သည်ဟု ခံစားရသည်။
လူတိုင်း ချန်ချင်းယွီ၏ ဘဝသည် ခက်ခဲပင်ပန်းလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း အလုပ်အများစုကို အဘွားကြီးကျောက် လုပ်ကိုင်ပေးသဖြင့် ချန်ချင်းယွီ၏ ဘဝမှာ အမှန်တကယ်တွင် အလွန်ပင် သက်တောင့်သက်သာ ရှိလှ၏။ သို့သော် ဤကဲ့သို့သော အခြေအနေကောင်းကို အပြင်လူများသိအောင် လိုက်လံကြေညာနေရန် မလိုပေ။ ချန်ချင်းယွီမှာ အလိုက်အထိုက် နေတတ်သူတစ်ဦး ဖြစ်သည်။
အဘွားကြီးကျောက်လည်း အလိုက်သိသူတစ်ဦးဖြစ်ရာ ချန်ချင်းယွီလည်း သူမအပေါ် မကောင်းဘဲ မနေချင်ပေ။
အဘွားကြီးကျောက် တွေဝေစွာဖြင့်
“ချွေးမ... ငါ့ကို တကယ်ပဲ ရွှေဆွဲကြိုး ဝယ်ပေးမလို့လား”
ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း
“အမေကလည်း... ကျွန်မက အမေ့ကို လိမ်မလို့လား။ ကျွန်မက အဲဒီလိုလူမျိုး မဟုတ်ပါဘူးနော်”
အဘွားကြီးကျောက် : “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ငါက ဒီအတိုင်း... ဘုရားရေ၊ ငါလို အဘွားကြီးက ဘာတွေလုပ်ခဲ့လို့ ဒီလိုမျိုး ခံစားခွင့်ရရတာလဲ မသိဘူး”
ချန်ချင်းယွီ : “မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးတာက တခြားအရာအားလုံးထက် ပိုအရေးကြီးပါတယ်”
အဘွားကြီးကျောက် မျက်လုံးများ ဝိုင်းစက်သွားပြီး
“ဒါကတော့ မလွဲမသွေ လုပ်ရမှာပေါ့၊ အဲဒါအတွက် စိတ်မပူနဲ့... ငါ သေချာပေါက် အစွမ်းကုန် လုပ်ပေးမယ်။ နင်ပေးတဲ့ အကျိုးခံစားခွင့်တွေကို ငါ အလဟဿ မဖြစ်စေရပါဘူး”
‘ငွေရှိရင် ဘာမဆို ဖြစ်နိုင်တယ်’ ဆိုရိုးစကားအတိုင်းပင် အဘွားကြီးကျောက် တက်ကြွမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူမ အငြိမ်းစား ယူပြီးချိန်မှစ၍ ချန်ချင်းယွီသည် သူမထံမှ အသုံးစရိတ် ပိုက်ဆံများကို ထပ်မံမတောင်းခံတော့ချေ။ ချန်ချင်းယွီသည် အလွန် စည်းကမ်းကြီးသူတစ်ဦး ဖြစ်၏။ လမ်းဘေးတွင် ဈေးရောင်း၍ ပိုက်ဆံအများကြီး ရနေချိန်တွင်ပင် လစဉ် အသုံးစရိတ်ဝေစုကို ပုံမှန်အပ်နှံခဲ့ရပြီး အဘွားကြီးကျောက်အနေဖြင့် တစ်ခွန်းမျှ မဟဝံ့ခဲ့ပေ။
သို့သော် ယခုအခါ သူမ အငြိမ်းစားယူလိုက်ပြီဖြစ်ရာ ထိုပိုက်ဆံများကို သူမဘာသာ သိမ်းဆည်းထားနိုင်ပြီ ဖြစ်သည်။
ယခင်၌ တစ်လလျှင် ယွမ်အနည်းငယ်သာ စုဆောင်းနိုင်ခဲ့သော်လည်း ယခုအခါ ယွမ်သုံးဆယ်ကျော်အထိ စုဆောင်းနိုင်ပြီဖြစ်၏။ ၎င်းမှာ အခိုင်အမာရရှိသော အငြိမ်းစားလစာဖြစ်ပြီး သူမက တစ်ပြားမျှ အလဟဿ မသုံးချေ။
ချန်ချင်းယွီ အိမ်တွင်းအသုံးစရိတ်အားလုံးကို တာဝန်ယူပေးထားသဖြင့် အဘွားကြီးကျောက်သည် ချန်ချင်းယွီ ပိုက်ဆံထပ်မသုံးဘဲ နေမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပြဿနာမျှ မရှာဝံ့ချေ။ ကောင်းမွန်သော လူနေမှုဘဝကို ကျင့်သားရနေပြီဖြစ်ရာ ယခင်ဘဝဟောင်းသို့ မည်သို့လျှင် ပြန်သွားနိုင်အံ့နည်း။
အမှန်စင်စစ် ဤနှစ်များအတွင်း အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ပိုက်ဆံများအပေါ် သံသယဝင်မိခဲ့၏။ သူမသည် ယွမ် ရာဂဏန်းအနည်းငယ်သာ ရရှိသော်လည်း သုံး၍မကုန်နိုင်အောင် ဖြစ်နေခဲ့ခြင်းကြောင့်တည်း။
ယခုမူ ထိုပဟေဠိသည် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အဘိုးအဘွားများမှ စုဆောင်းငွေများ ချန်ထားခဲ့ခြင်းကြောင့်ပင်။
စုဆောင်းငွေများရှိသည့်အပြင် ပိုက်ဆံလည်း ရှာဖွေနိုင်စွမ်းရှိသဖြင့် ချန်ချင်းယွီတွင် ငွေကြေးအမြောက်အမြား ရှိနေသည်ကို အဘွားကြီးကျောက် သိရှိထားသည်။
သို့သော် ချန်ချင်းယွီတွင် ပိုက်ဆံအများကြီးရှိနေသည့်တိုင်အောင် သူမသည် ပိုက်ဆံပိုတောင်းရန် သို့မဟုတ် အသုံးစရိတ်ကို ခိုးယူရန် မဝံ့ရဲပေ။
ဘုရားရေ... အဲ့ကောင်မလေးက ကိုယ်တိုင်မွေးပေးထားတဲ့ အဖေကိုတောင် လက်ရဲဇက်ရဲ ပြုမူဝံ့သူ မဟုတ်လား…
ကိုယ်က ဘယ်သူမို့လို့လဲ… မိမိကိုယ်ကို အဟုတ်ကြီး မထင်ဝံ့ပါဘူး…
ထို့အပြင် ယခင်၌ သူမသည် ချန်ချင်းယွီအပေါ် သိပ်ပြီး မကောင်းခဲ့ဖူးပေ၊ နောက်ပိုင်းတွင် ခပ်ပြင်းပြင်း ဆုံးမခြင်း ခံခဲ့ရသော်လည်း ချန်ချင်းယွီ ရန်ငြိုးမထားဟု မည်သူ အာမခံနိုင်အံ့နည်း။ ထို့ကြောင့် သူမသည် ထူးထူးခြားခြားပင် လိမ္မာရိုသေနေခဲ့ခြင်း ဖြစ်သည်။
“ဒါဆို ရွှေဆွဲကြိုးပဲ ဝယ်ကြစို့၊ အမျှင်သေးသေးလေးပဲနော်... အမျှင်ကြီးတာတွေက ဈေးကြီးလွန်းတယ်။ ငါ့မှာ တစ်ကုံးရှိရင် ရပါပြီ... ဆန်းပြားတာတွေ မလိုပါဘူး”
သူမ ဘယ်လောက် လက်တွေ့ကျလဲကို ကြည့်ပါဦး… ပါးနပ်လိုက်တဲ့ငါလေး…
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်လှမ်းကြည့်ပြီး
“အဲဒါက ပုံစံပေါ်လည်း မူတည်သေးတယ်... သေးလွန်းတဲ့အမျှင်တွေက ပြတ်လွယ်တယ်”
သူမက ဘယ်လောက် ဇီဇာကြောင်လဲကို ကြည့်ပါဦး…
နားလည်ပြီ မဟုတ်လား…
အလုပ်စကြစို့…
လူတိုင်းတွင် ကိုယ်စီအတွေးများ ရှိကြသော်လည်း တစ်ဦး၏ဆန္ဒကို တစ်ဦး အပြန်အလှန် နားလည်သဘောပေါက်ကြသည်။
ဤကုန်တိုက်ကြီးတွင် ရွှေထည်ရတနာများကို ရောင်းချခြင်းမရှိချေ။ ယခုခေတ်အချိန်တွင် မရောင်းသေးသဖြင့် ချန်ချင်းယွီနှင့် အဘွားကြီးကျောက်သည် ယိုယိ့အထူးဆိုင်သို့ ဦးတည်ခဲ့ကြသည်။
ယိုယိ့အထူးဆိုင်သည် ဟွားချောင် အထူးဆိုင်နှင့် ဆင်တူသော်လည်း အချို့သောအချက်များတွင် ကွာခြားမှုရှိ၏။
သို့သော် ထိုဆိုင်များအားလုံးတွင် နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ်ကို အသုံးပြုရပြီး ၎င်းလက်မှတ်မရှိပါက မည်သည့်အရာကိုမျှ ဝယ်ယူ၍မရနိုင်ပေ။
သူတို့သည် လက်မှတ်အချို့ကို ထပ်မံလဲလှယ်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင်မူ ရှောင်ထောင်းးထံတွင် လက်မှတ်မရှိတော့သောကြောင့် သူနှင့် မလဲလှယ်ခဲ့ကြပေ။ နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ်များသည် အလွန်ရှားပါးလှပြီး ပြီးခဲ့သည့်အကြိမ် အမြောက်အမြား လဲလှယ်ခဲ့ပြီးဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ သူတို့ထံ၌ အမှန်တကယ်ပင် ကုန်ခမ်းနေခဲ့ပြီဖြစ်၏။ သို့သော် ချန်ချင်းယွီတွင် နည်းလမ်းအချို့ ရှိနေသေးသည်။ အမှန်တကယ်တမ်း နည်းလမ်းရှိသည်ဆိုသည်ထက် သူမသည် ခေတ်ဟောင်းဝတ္ထုအချို့ကို ဖတ်ဖူးသဖြင့် အတွေ့အကြုံ အနည်းငယ်ရှိနေခြင်း ဖြစ်သည်။
တွေ့တယ် မဟုတ်လား... စာများများဖတ်ခြင်းသည် အရေးကြီးကြောင်း၊ အပျော်ဖတ်ခြင်းမျှသာ ဖြစ်သည့်တိုင်အောင် မည်သူက အသုံးမဝင်ဟု ပြောဝံ့သနည်း။
ချန်ချင်းယွီ သူမ၏ ဗဟုသုတကို အသုံးချလိုက်တော့သည်။
သူမသည် အဘွားကြီးကျောက်ကို ဟိုတယ်ဝင်ပေါက်ဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့ပြီး နိုင်ငံခြားဧည့်သည်များကို အဓိကဝန်ဆောင်မှုပေးသည့် အဆင့်မြင့်ဟိုတယ်များကို သီးသန့်ရှာဖွေခဲ့၏။ သေချာပေါက်ပင်… ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဇွတ်အတင်းသွားရောက် မေးမြန်းခိုင်းခြင်းမျိုး မဟုတ်ပေ။ နိုင်ငံခြားဘာသာစကား မတတ်သော ထိုကဲ့သို့သောအဘွားကြီးတစ်ယောက်အနေဖြင့် အဘယ်စကား သွားမေး၍ ရမည်နည်း။
သူမ၏ ပစ်မှတ်မှာ နိုင်ငံခြားဧည့်သည်များမဟုတ်ဘဲ ထိုနေရာများတွင် မရှိမဖြစ်ရှိနေတတ်သော ‘လက်မှတ်မှောင်ခိုသမားများ’ သာ ဖြစ်သည်။
ထိုကဲ့သို့သော နေရာများ၏ အနီးအနားတွင် များသောအားဖြင့် လက်မှတ်မှောင်ခိုသမားများ ရှိနေတတ်ကြစမြဲပင်။
ဤလက်မှတ်မှောင်ခိုသမားများ၏ လက်ဝယ်တွင်ရှိသော လက်မှတ်အရေအတွက်မှာ ရှောင်ထောင်းးထက် များစွာ ပိုမိုလှပေသည်။ အထူးသဖြင့် နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ်များနှင့် နိုင်ငံခြားငွေအချို့မှာ သူတို့၏ အဓိကဝင်ငွေရလမ်း ဖြစ်ကြ၏။ မျှော်လင့်ထားသည့်အတိုင်းပင် အဘွားကြီးကျောက်သည် မျက်စိလျှင်လှသဖြင့် လက်မှတ်မှောင်ခိုသမား အတော်များများကို ဖမ်းဆွဲနိုင်ခဲ့ပြီး အကယ်၍ သူတို့သာ ပိုက်ဆံအစစ်ကို လက်ဝယ်မအပ်နှံနိုင်ခဲ့ပါက ထိုလူများမှာ လန့်ဖျန့်သွားကြပေလိမ့်မည်။
ထိုမိန်းမကြီးမှာ စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်သည့် အလေ့အထ ရှိ၏။
သို့သော်ငြားလည်း အဘွားကြီးကျောက်သည် လက်မှတ်အမြောက်အမြားကို အတော်လေး ရရှိခဲ့ပြီးနောက် ချန်ချင်းယွီထံသို့ လွှဲပြောင်းပေးအပ်လိုက်၏။ သူမ စူးစမ်းလိုစိတ်ဖြင့်
“ချွေးမ... ဟွားချောင်နဲ့ ယိုယိ့စတိုးဆိုင်က ဘာကွာလို့လဲဟင်။ ကြည့်ရတာတော့ အတူတူပါပဲ”
ချန်ချင်းယွီ : “ကျွန်မလည်း သေသေချာချာတော့ မသိဘူး။ ကြားဖူးတာတော့ ယိုယိ့စတိုးဆိုင်က နိုင်ငံခြားသားရော ပြည်ပရောက်တရုတ်တွေကိုပါ ဝန်ဆောင်မှုပေးပြီး ဟွားချောင်စတိုးဆိုင်ကျတော့ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုမပေးဘူးတဲ့၊ ဟုတ်မဟုတ်တော့ မသိဘူး။ ကျွန်မလည်း ကြားဖူးနားဝပြောတာ”
သူမသည် ခေတ်ဟောင်းဝတ္ထုများထဲတွင် ဤကဲ့သို့ ရေးသားထားသည်ကို ဖတ်ရှုဖူးခြင်းဖြစ်ပြီး ကိုယ်တိုင်မူ အတည်မပြုဖူးချေ။
ဘာပဲဖြစ်ဖြစ် ထိုအချက်မှာ အရေးမကြီးပေ၊ ပစ္စည်းဝယ်ယူရန်အတွက် နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ် ရှိနေဖို့သာ အဓိက ဖြစ်သည်။
အဘွားကြီးကျောက် : “လာ... ငါတို့ သေချာပတ်ကြည့်ရအောင်”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။
နှစ်ဦးသား၏ ရည်ရွယ်ချက်မှာ ရွှေဆွဲကြိုးဝယ်ရန်ဖြစ်သဖြင့် ရတနာအရောင်းကောင်တာဆီသို့ သဘာဝကျကျပင် တန်းစီဦးတည်ခဲ့ကြသည်။ အဘွားကြီးကျောက်သည် ကောင်တာရှေ့သို့ ရောက်သည်နှင့် “ဘုရားရေ...” ဟု မျက်လုံးအဝိုင်းသားဖြင့် အံ့သြတုန်လှုပ်စွာ အော်ဟစ်မိတော့၏။
ရှစ်ဆက်မြောက်တိုင်အောင် ဆင်းရဲနွမ်းပါးခဲ့သော လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူပီပီ သူမသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ရှာပေ။
ချန်ချင်းယွီ : “အမေ ကြည့်ရှုပြီး ဘယ်တစ်ခုကို သဘောကျလဲ ရွေးလေ”
အဘွားကြီးကျောက် : “...”
‘ငါ အကုန်လုံးကို သဘောကျတယ်... အကုန်လုံးကို ယူသွားချင်တာ...’
‘ဒါပေမဲ့ ငါတို့မိသားစုပိုင် ပိုင်ဆိုင်မှုအားလုံးကို ထုတ်ရောင်းရင်တောင် ဒါတွေကို ဝယ်နိုင်ပါ့မလား မသိဘူး’
‘ချမ်းသာတဲ့ မိသားစုတွေ ရတနာတွေ ဘာလို့ဝယ်ကြလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး၊ ဒါတွေက တကယ့်ကို လှပလွန်းတာပဲ...’
သူမသည် စိတ်ထဲတွင် အလွန်တရာ အကုန်လိုချင်နေမိသော်လည်း ရိုးသားစွာဖြင့် အမျှင်အသေးဆုံးဟု ထင်ရသော ဆွဲကြိုးတစ်ကုံးကိုသာ ရွေးချယ်လိုက်ရင်း
“ဒီတစ်ခုပဲ”
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး
“ပိုက်ဆံသုံးရမှာချင်း အတူတူတော့ အသင့်အတင့်ကောင်းတာလေးပဲ ဝယ်ပါ အမေရယ်… အမေကြည့်နေတဲ့ အကုံးကတော့ ကိုယ်ခန္ဓာလှုပ်ရုံနဲ့တင် ပြတ်ထွက်သွားမယ့်ပုံမျိုး၊ မြေကြီးပေါ် ပြုတ်ကျရင်တောင် ရှာတွေ့ဖို့ မလွယ်ဘူး”
သူမအနေဖြင့် ပိုက်ဆံကို ပို၍ အကုန်အကျခံချင်လွန်း၍ မဟုတ်ဘဲ အဘွားကြီးကျောက် ရွေးချယ်လိုက်သော ဆွဲကြိုးမှာ အလွန်အမင်း သေးငယ်လွန်းနေသောကြောင့် ဖြစ်၏။
ပိုက်ဆံကို လုံးဝမသုံးလျှင်သာ နေမည်၊ သုံးမည်ဆိုပါကလည်း ကပ်စီးနည်း မလုပ်သင့်ပေ။
ချန်ချင်းယွီ : “ဒီတစ်ခု... ကျွန်မအမြင်တော့ ဒီတစ်ခုက တော်တော်လေး အဆင်ပြေတယ်”
သူမသည် အလွန်အမင်းလည်း မကြီး၊ မသေးလွန်းသော ဆွဲကြိုးတစ်ကုံးကို ရွေးချယ်လိုက်ပြီး ဆိုင်ဝန်ထမ်းအား တောင်းဆိုလိုက်၏။
“ညီမလေး... ကျွန်မတို့ကို ဒီဆွဲကြိုးလေး တစ်ချက်လောက် ထုတ်ပြပေးလို့ ရမလားရှင့်”
“ရပါတယ်ရှင့်၊ ခဏ စောင့်ပေးပါဦးနော်”
ဟွားချောင်စတိုးဆိုင်နှင့် ယိုယိ့စတိုးဆိုင်တို့၏ ဝန်ဆောင်မှုမှာ ပြင်ပထက် များစွာ ပိုမိုကောင်းမွန်လှသည်။
အဘွားကြီးကျောက်၏ ပုံစံမှာ ချမ်းသာကြွယ်ဝသူတစ်ဦးနှင့် မတူသော်လည်း ချန်ချင်းယွီမှာမူ ခေတ်မီဆန်းပြားစွာ ဝတ်ဆင်ထားသည့်အပြင် တည်ငြိမ်ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသဖြင့် မည်သည့်တုန်လှုပ်မှုကိုမျှ မပြသချေ။ သူမ၏ ပုံစံမှာ လောကအလယ်တွင် ကျင်လည်ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် မည်သူမျှ သူမကို အထင်သေးဝံ့မည်မဟုတ်ပေ။
ယိုယိ့စတိုးဆိုင်တွင် ဈေးဝယ်နိုင်သူများသည် ဆင်းရဲသားများ မဖြစ်နိုင်ပေ။
ဆိုင်ဝန်ထမ်းမှာ ယဉ်ကျေးစွာဖြင့်
“အဒေါ်... တစ်ချက်လောက် ဆင်မြန်းကြည့်မလားရှင့်၊ ဒီမှာ မှန်ရှိပါတယ်နော်”
အဘွားကြီးကျောက် အံ့ဩတသဖြင့်
“အလို... ဒါကို စမ်းဝတ်ကြည့်လို့လည်း ရတာလား။ ဒီယိုယိ့စတိုးဆိုင်ကတော့ တကယ်ကို ထူးခြားတာပဲ”
ပြင်ပရှိ ကုန်တိုက်ကြီးများတွင်မူ မေးခွန်းအနည်းငယ် မေးမြန်းမိရုံမျှဖြင့် ဝန်ထမ်းများ၏ ‘ရိုးသားလှသော’ မျက်စောင်းထိုးခြင်းကို ခံရတတ်သည်။
ဤနေရာတွင်မူ ပစ္စည်းကို စမ်းသပ်ဆင်မြန်းခွင့်ပင် ပေးထားသဖြင့် အမှန်တကယ်ကို ကွာခြားလှပေ၏။
သူမသည် စိတ်လှုပ်ရှားလွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေလျက် တိတ်ဆိတ်စွာပင် ဆွဲကြိုးကို ဆင်မြန်းလိုက်သည်။ လတ်တလော၌ အပြင်သို့ ခဏခဏ ထွက်ခဲ့ရသဖြင့် သူမ၏ အသားအရေမှာ အတော်အတန် ညိုမည်းနေခဲ့ပြီ ဖြစ်၏။ သို့သော် မှန်ထဲသို့ ကြည့်လိုက်ချိန်တွင်မူ အဘွားကြီးကျောက်သည် မိမိကိုယ်ကို အလွန်တရာ တင့်တယ်လှပနေသည်ဟု ထင်မြင်မိတော့သည်။
အမှန်စင်စစ်၊ အပိုအလွန် ပြောခြင်းမဟုတ်ဘဲ သူမသည် ဝင်းတစ်ခုလုံးတွင် အလှပဆုံး အဘွားကြီး ဖြစ်နေခဲ့ပြီဟု တွေးမိ၏။
အဘွားကြီးကျောက် : “လှလိုက်တာ... ကြည့်စမ်း... ကြည့်စမ်း၊ ငါလိုလူမျိုးမှပဲ ဒီဆွဲကြိုးနဲ့ လိုက်ဖက်ညီတာ”
“အို... ဝင်းပြောင်နေတာပဲ၊ ဒါ တကယ့် ရွှေစစ်စစ်ကြီးပဲ...”
“အခုခေတ်ကြီးက တကယ်ကို နေလို့ကောင်းတာပဲ၊ ငါတို့လို သာမန်လူတွေတောင် ရွှေဝယ်ဝတ်နိုင်ကြပြီ။ ငါက ဘာတွေလုပ်ခဲ့လို့ ဒီလို ကံထူးရတာလဲ မသိဘူး”
သူမ တတွတ်တွတ် ရေရွတ်နေတော့သည်။
ချန်ချင်းယွီ : “ဒါဆိုရင် ဒီတစ်ခုပဲ ယူလိုက်တော့မယ်လေ”
ချန်ချင်းယွီ ဆုံးဖြတ်ချက်ချလိုက်သည်။
အဘွားကြီးကျောက် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ကလေးတစ်ယောက်ကဲ့သို့ မေးရှာ၏။
“တကယ်လား... ဒါကို ငါ့အတွက် တကယ်ပဲ ဝယ်ပေးမလို့လား”
“တကယ်ပေါ့”
သူမ ဆက်လက်၍ အတည်ပြုကာ
“ဒီတစ်ခု အဆင်ပြေရဲ့လား အမေ”
“အဆင်ပြေတယ်၊ အဆင်ပြေတယ်... ဒါပေမဲ့... ဒါပေမဲ့...”
သူမသည် ချန်ချင်းယွီ၏ နားအနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ကပ်မေးသည်။
“ဒါကြီးက တအားဈေးကြီးမှာ မဟုတ်လားဟင်”
ချန်ချင်းယွီ : “ဝယ်မယ်ဆိုရင်လည်း စကားအပိုတွေ ပြောမနေပါနဲ့တော့။ အမေ တကယ် မလိုချင်ဘူးဆိုရင်လည်း အခုပဲ ပြန်ချထားလိုက်တော့”
အဘွားကြီးကျောက် ချက်ချင်းပင် တွေဝေခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်တော့၏။
“ယူမယ်၊ ယူမယ်...”
အမှန်တွင် သူမသည် အစပိုင်း၌ အလိုက်သိတတ်ဟန်ဖြင့် တွန့်ဆုတ်ပြချင်ယောင် ဆောင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချန်ချင်းယွီ၏ စကားကို ကြားလိုက်ရချိန်တွင်မူ ချန်ချင်းယွီ တကယ်ပင် မဝယ်ပေးဘဲ နေမည်ကို စိုးရိမ်သဖြင့် ကပျာကယာ ပြောလိုက်သည်။
“ဒီတစ်ခုပဲ... ငါ ဒါကိုပဲ ယူမယ်”
ချန်ချင်းယွီ ဆိုင်ဝန်ထမ်းအား
“ကျွန်မကို ဘေလ်စာရွက်လေး ပေးပါရှင့်”
ချန်ချင်းယွီ ဘေလ်ရှင်းလိုက်ပြီးနောက် အဘွားကြီးကျောက်သည် သူမ၏ ရွှေဆွဲကြိုးလေးကို သေတ္တာအသေးလေးထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။
‘ကြည့်စမ်း... ဒီယိုယိ့စတိုးဆိုင်ကတော့ တကယ့်ကို ထူးခြားတာပဲ၊ ဆွဲကြိုးဝယ်တာကို ကတ္တီပါသေတ္တာအိအိလေးပါ ပေးတယ်...’
သူမ စိတ်ထဲမှ ကျေနပ်အားရနေမိ၏။
သို့သော် အဘွားကြီးကျောက်သည် ဆွဲကြိုးကို ဇွတ်အတင်း မကိုင်ရဲချေ။
သူမ၏ ကြမ်းတမ်းလှသော လက်အိုကြီးများနှင့် ဤရွှေဆွဲကြိုးကို ကိုင်တွယ်ရန် မထိုက်တန်ဟု ခံစားနေရခြင်း ဖြစ်၏။
အဘွားကြီးကျောက်အနေဖြင့် တစ်နေ့သောအခါတွင် မိမိကိုယ်တိုင် ရွှေဆွဲကြိုးတစ်ကုံး ပိုင်ဆိုင်ရလိမ့်မည်ဟု တကယ်ပင် စိတ်ကူးမယဉ်ဖူးခဲ့ပေ။
သူမသည် စိတ်လှုပ်ရှားလွန်း၍ တုန်တုန်ရီရီဖြင့်
“ငါသာ သေသွားရင်တော့... ဒါကို ငါနဲ့အတူ တစ်ပါတည်း မြေမြှုပ်ပေးလိုက်ကြနော်...”
ချန်ချင်းယွီ : “...”
သောက်ကျိုးနည်း…
“စိတ်အေးအေးထားပါ အမေရယ်.. အမေက လွယ်လွယ်နဲ့ မသေနိုင်သေးပါဘူး။ ‘လူယုတ်မာ သက်ရှည်တယ်’ ဆိုတဲ့ စကားကို မကြားဖူးဘူးလား။ အမေလို နှုတ်သီးကောင်းလျှာပါးတဲ့လူက အသက်ရာကျော် ရှည်မှာပါ”
ဤစကားမှာ ချန်ချင်းယွီ ကောက်ကာငင်ကာ လျှောက်ပြောခြင်းမဟုတ်ဘဲ စိတ်ထဲမှ အမှန်အတိုင်း ယုံကြည်၍ ပြောခြင်းဖြစ်သည်။ အဘွားကြီးကျောက်သည် ခေတ်သစ်စကားဖြင့် ပြောရလျှင် စိတ်ဖိစီးမှု လုံးဝမရှိဘဲ မိမိကိုယ်မိမိ သက်တောင့်သက်သာရှိစေရန်သာ အစွမ်းကုန် အာရုံစိုက်တတ်သည့် အတ္တသမားတစ်ဦး ဖြစ်၏။ သူမသည် အခြားအရာများကို ဂရုမစိုက်ဘဲ မိမိအိုမင်းရင့်ရော်ချိန်တွင် ကောင်းမွန်စွာ အနားယူနိုင်ရေးအတွက်သာ အရာရာကို လုပ်ဆောင်တတ်သူ ဖြစ်၏။
ထို့ပြင် အကြောင်းကိစ္စတစ်ခုခု ကြုံလာလျှင်လည်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မိမိကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မရှာဘဲ သူတစ်ပါးကိုသာ အမြဲပုံချတတ်သေးသည်။
ဤကဲ့သို့သော စိတ်နေသဘောထားရှိသူ၊ စိတ်ဆင်းရဲအောင် မတွေးတတ်သူမျိုးသည် သေချာပေါက် အသက်ရှည်ကြမည်သာ ဖြစ်၏။
အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်ရင်း…
‘နင်လည်း အသက်ရှည်မှာပါအေ... နင်လည်း နှုတ်သီးကောင်းလျှာပါးတာပဲဥစ္စာ… လက်ပါလို့ နင်လိုဟာမလေး ပိုတောင် အသက်ရှည်ဦးမယ်’
သို့သော်လည်း အဘွားကြီးကျောက် ထိုစကားကို ဗြောင်မပြောရဲချေ။
အကျိုးခံစားခွင့်ကို ခုလေးတင်မှ ရရှိထားသူပီပီ သူမသည် လက်တွေ့ကျကျ နေတတ်သည်။
ချန်ချင်းယွီမှာ အဘွားကြီးကျောက် ဘာတွေတွေးနေသည်ကို ဂရုမစိုက်ဘဲ ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်ရှုပြီး ကလေးများအတွက် ကွတ်ကီးမုန့်အချို့ကို ထပ်မံဝယ်ယူလိုက်သည်။
အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်ကာ
“ဒီမုန့်တွေက ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။ ငါတို့ရဲ့ တောက်ရှန့်ချွင်းမုန့်ကမှ ပိုကောင်းဦးမယ်။ ဒီပိုက်ဆံနဲ့ဆို အဲဒီမုန့်တွေအများကြီး ဝယ်လို့ရတယ်”
ချန်ချင်းယွီ : “မြည်းစမ်းကြည့်ရုံပါပဲ၊ အဲဒီလောက်လည်း ဈေးမကြီးပါဘူး”
အဘွားကြီးကျောက် နှုတ်ဆိတ်သွားတော့သည်။
အေးလေ... နင်သဘောပဲပေါ့…
ချန်ချင်းယွီ ရှေးဟောင်းပစ္စည်း အရောင်းကောင်တာဘက်သို့ ခပ်သွက်သွက် လျှောက်လှမ်းခဲ့၏။ ထိုနေရာတွင် တကယ့် အဖိုးတန်ပစ္စည်းကောင်းများ ရှိနေသည်။ ချန်ချင်းယွီ ရှေးဟောင်းပစ္စည်းများအကြောင်း အသေးစိတ် မသိသော်လည်း စျေးနှုန်းများကိုမူ ကောင်းကောင်း နားလည်၏။
အဘွားကြီးကျောက် ချန်ချင်းယွီကို ခိုးကြည့်ရုံသာ ကြည့်နေပြီး တစ်ခွန်းမျှ မဟဝံ့ချေ။
ဝယ်ချင်ဝယ်ပေါ့... ဘာပဲဖြစ်ဖြစ် သူမပိုက်ဆံမှ မဟုတ်တာ…။
ချန်ချင်းယွီ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ ပိုမိုထူးခြားဆန်းပြားသော ပစ္စည်းအချို့ကိုမူ ဤနေရာတွင် မတွေ့ရကြောင်း သတိပြုမိသည်။ ပစ္စည်းအများစုမှာ လက်ရေးလှစာချွန်များ၊ ပန်းချီကားများနှင့် ပန်းအိုးများသာ ဖြစ်ကြ၏။ သမိုင်းဝင်တန်ဖိုး ပိုမိုကြီးမားသော သို့မဟုတ် အထူးအရေးပါသော ပစ္စည်းများကိုမူ ရောင်းချခြင်းမရှိပေ။
၎င်းမှာလည်း သဘာဝကျလှပေသည်၊ ဤကဲ့သို့သော အရာမျိုးကို လွယ်လွယ်ကူကူ ရောင်းချလေ့မရှိဘဲ ရှားပါးရတနာများအဖြစ် ပြတိုက်များ၌သာ အလေးအမြတ် ထားရှိတတ်ကြသည်သာ…
နောက်ထပ် နှစ်အနည်းငယ်ကြာလျှင်မူ ယခုရှိနေသော ပစ္စည်းများလည်း ရှိတော့မည်မဟုတ်ပေ။
ချန်ချင်းယွီသည် ခန်းရှီမင်းဆက်မှ ရွှေချထားသော အမွှေးတိုင်ထွန်းအိုးတစ်လုံးနှင့် စက္ကူဖိသော ကျောက်စိမ်းတုံးတစ်ခုကို ရွေးချယ်လိုက်သည်။
သူမသည် ရှေးဟောင်းပစ္စည်းများအကြောင်း ကောင်းကောင်းနားမလည်သဖြင့် မိမိ၏ စိတ်အကြိုက်အပေါ်တွင်သာ အခြေခံ၍ ဝယ်ယူနေခြင်း ဖြစ်၏။
အမှန်စင်စစ် ရှေးဟောင်းပစ္စည်း စုဆောင်းခြင်းတွင် မည်သည့်အရာက ပို၍ကောင်းမွန်သည်ဟု ပြောရန်ခက်ခဲလှရာ ချန်ချင်းယွီသည် မိမိနှစ်သက်ရာကိုသာ ရွေးချယ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမတွင် ပိုက်ဆံရှိနေသရွေ့ ဤပစ္စည်းများကို ငွေသားအဖြစ် ပြန်လည်လဲလှယ်ရောင်းချမည် မဟုတ်ပေ။ မိမိကိုယ်တိုင် စိတ်ကျေနပ်မှုရရှိရန်သာ အရေးကြီးသည် မဟုတ်လော့။
ယခုအချိန်တွင် ဝယ်ယူနေခြင်းမှာ သူမ၌ ငွေကြေးရှိနေပြီး အခွင့်အရေးလည်း ကြုံကြိုက်နေသောကြောင့်သာ ဖြစ်၏။
အဘွားကြီးကျောက် : “ချွေးမ... နင်က ဒါတွေအကြောင်း နားလည်လို့လား”
ချန်ချင်းယွီ ခေါင်းခါပြရင်း သဘာဝကျကျပင်
“ကျွန်မလည်း ဘာမှနားမလည်ပါဘူး။ နားလည်လို့ကတော့ ဖန်ကျားယွမ်ဈေးကွက်ကို သွားမှာပေါ့၊ ဘာလို့ ဒီဆိုင်မှာ ပိုက်ဆံအမြောက်အမြား အကုန်ခံနေမလဲ”
အဘွားကြီးကျောက် ဆွံ့အသွားရပြန်သည်။
“ဒါဆိုရင် နင်က ဒါကို ဘယ်လိုဖြစ်လို့ ရွေးလိုက်တာလဲ”
ချန်ချင်းယွီ : “ကျွန်မ ကြည့်လို့လှတာလေးတွေကိုပဲ ရွေးလိုက်တာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အမြင်မှာ လှဖို့ပဲ အဓိကလေ”
နန်းတွင်းသုံးပစ္စည်းဖြစ်ပြီး မိမိမျက်စိကျလျှင် ဝယ်ယူ၍ ရသည်သာ…
ဘာပဲဖြစ်ဖြစ် ဤခေတ်ကာလတွင် မည်သည့်အရာကိုမဆို ဝယ်ယူထားခြင်းသည် အကျိုးအမြတ်ရှိစေမည် မဟုတ်လော့။
ဆိုင်ဝန်ထမ်း ယဉ်ကျေးပျူငှါစွာဖြင့်
“ဒီစက္ကူဖိတုံးက အမှန်တော့ အတွဲလိုက်ရှိတာရှင့်။ နောက်ထပ်တစ်တုံးက ဂိုဒေါင်ထဲမှာ ရှိသေးတယ်။ အမ ဝယ်ချင်တယ်ဆိုရင် ညီမလေး သွားရှာပေးမယ်လေ”
ချန်ချင်းယွီ၏ မျက်ဝန်းများ ဝင်းပသွားပြီး
“ဟုတ်ကဲ့၊ ဝယ်ပါမယ်ရှင့်”
“ဟုတ်ကဲ့... ဒါဆို ညီမလေး သွားရှာပေးပါမယ်။ ဒီပစ္စည်းက တကယ့်ကို သင့်တော်ပါတယ်။ နန်းတွင်းသုံး ပစ္စည်းစစ်စစ်ဖြစ်ပြီး ဒီကောင်တာပေါ်က ပစ္စည်းအားလုံးက ဧကရာဇ်မင်းမြတ်တို့ အသုံးပြုခဲ့တဲ့ အရာတွေချည်းပါပဲ။ အမ ရွေးထားတဲ့ အမွှေးတိုင်ထွန်းအိုးကလည်း ခန်းရှီဧကရာဇ်မင်းမြတ် အသုံးပြုခဲ့တာပါရှင့်”
ချန်ချင်းယွီ ပြုံးလိုက်ကာ
“ငါက မျက်စိစူးရှတာကိုး”
ဆိုင်ဝန်ထမ်းလည်း ပြုံး၍ ထောက်ခံစကားဆိုပြီးနောက် လှည့်ထွက်ကာ ဂိုဒေါင်ဆီသို့ ဦးတည်သွားတော့သည်။
“ခန်းရှီဧကရာဇ်မင်းမြတ်တဲ့...”
အဘွားကြီးကျောက် လျှာတသပ်သပ် ဖြစ်နေမိ၏။
ချန်ချင်းယွီ : “အမေကလည်း... သူများပြောသမျှ အကုန်ယုံနေတာပဲ။ ဒါက ခန်းရှီမင်းဆက်က ပစ္စည်းဖြစ်တာ မှန်သလို နန်းတော်ထဲက ဖြစ်နိုင်တာလည်း မှန်ပေမယ့် ဧကရာဇ်ကိုယ်တိုင် သုံးမသုံးကတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ သဘောကျလို့ စိတ်ချမ်းသာတယ်”
ချင်မင်းဆက်မှာ ကာလအားဖြင့် ယခုနှင့် နှစ်ပရိစ္ဆေဒ မကွာခြားသေးဖြစ်သဖြင့် ဤနေရာတွင် ချင်မင်းဆက်လက်ထက်မှ ပစ္စည်းများ ပိုမိုအတွေ့ရများခြင်း ဖြစ်နိုင်သည်။
ချန်ချင်းယွီသည် လက်ရေးလှစာချွန်နှင့် ပန်းချီကားများအကြောင်းကို နားမလည်သည့်အပြင် ၎င်းတို့ကို ကာလရှည် ထိန်းသိမ်းရမည်ကို စိုးရိမ်သဖြင့် အခြားအကြမ်းခံသော ပစ္စည်းများကိုသာ ပိုမိုရွေးချယ်ခဲ့၏။ သူမသည် စက္ကူဖိတုံးနှစ်တုံးအပြင် အမွှေးတိုင်ထွန်းအိုးတစ်လုံးနှင့် ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာသေတ္တာတစ်လုံးတို့ကိုပါ ရွေးချယ်ခဲ့သည်။
ဤပစ္စည်းများအားလုံးတွင် ‘နန်းတွင်းသုံး’ ဟု ကပ်ထားသော်လည်း ချန်ချင်းယွီကိုယ်တိုင်မူ သေသေချာချာ မသိချေ၊ သို့သော်လည်း ဝယ်ယူခဲ့သည်သာ…
ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးမှာ အမြဲတစေ ကြီးမားလှရာ ပစ္စည်းလေးခုမျှနှင့်တင် သူမ၏ လက်မှတ်များနှင့် ပိုက်ဆံများမှာ ကုန်ခမ်းသွားခဲ့ရတော့သည်။ ချန်ချင်းယွီ မိမိ၏ပစ္စည်းများကို သေချာစွာ ထုပ်ပိုးပြီးနောက် ထိုနေရာမှ ထွက်ခွါခဲ့ကြ၏။
အဘွားကြီးကျောက် ချန်ချင်းယွီကို ခိုးကြည့်ပြန်ရာ ချန်ချင်းယွီမှာ
“မကြည့်နဲ့အမေ၊ ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မဘာသာ သိတယ်”
အဘွားကြီးကျောက် ပါးနပ်စွာဖြင့်
“ဒီပစ္စည်းတွေက နောက်ဆို တန်ဖိုးတက်လာလိမ့်မယ်လို့ နင်ထင်လို့မလား”
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း
“‘အေးချမ်းတဲ့ခေတ်မှာ ရှေးဟောင်းပစ္စည်းစု၊ အုပ်စိုးမှုပျက်ပြားတဲ့စစ်ခေတ်မှာ ရွှေစု’ ဆိုတဲ့စကားကို အမေမကြားဖူးဘူးလား”
“ကြားဖူးတာပေါ့”
“အဲဒါဆို ပြီးတာပါပဲ”
အဘွားကြီးကျောက် သက်ပြင်းတစ်ချက်ချရင်း
“ငါ့မိသားစုမှာ ဒီလိုပစ္စည်းမျိုး ရှိလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူးအေ။ ငါတို့အမျိုးက မျိုးဆက်ပေါင်းများစွာ ဆင်းရဲတဲ့ လယ်သမားတွေချည်းပဲဥစ္စာ”
ချန်ချင်းယွီ : “အဲဒါဆို ဘယ်သူကကော လယ်သမားမျိုးရိုး မဟုတ်လို့လဲ”
သူမ စကားဆုံးသည်နှင့် အဘွားကြီးကျောက်က သူမအား အပြစ်တင်သကဲ့သို့ စိုက်ကြည့်လာသည်ကို တွေ့လိုက်ရသဖြင့် ချန်ချင်းယွီမှာ
“ဘာဖြစ်လို့လဲ”
အဘွားကြီးကျောက် : “နင်က ပေါက်ကရတွေ ပြောနေပြန်ပြီ။ နင့်အဖေဘက်က အမျိုးတွေကသာ ဆင်းရဲတဲ့လယ်သမားတွေဖြစ်တာ၊ နင့်အမေဘက်က အမျိုးတွေကတော့ လုံးဝမဟုတ်ဘူးအေ။ ငါငယ်ငယ်က မြက်မြစ်တွေတူးစားနေရတဲ့အချိန်မှာ နင့်အဘိုးနဲ့အဘွားက နိုင်ငံခြားမှာ ပညာတော်သင် သွားနေလောက်ပြီ။ ငါအိမ်ထောင်ကျတုန်းက အရိုးပေါ်အရေတင်ဖြစ်နေတဲ့အချိန်မှာ နင့်အမေက သူ့ရဲ့ ဗီလာအိမ်လေးထဲမှာ ကောင်းကောင်းမွန်မွန် စားသောက်ပြီး နေနေလောက်ပြီ။ နင့်အဖေဘက်က အမျိုးတွေ ဆင်းရဲတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ နင့်အမေဘက်က အမျိုးတွေကတော့ သေချာပေါက် ဆင်းရဲတဲ့အထဲမပါဘူး”
ချန်ချင်းယွီ : “ဟုတ်တာမဟုတ်တာထက် ဒါတွေက အတိတ်ကအကြောင်းအရာတွေ ဖြစ်ကုန်ပါပြီ”
“ဒါလည်း ဟုတ်တာပါပဲ၊ အခုတော့ အားလုံးက တန်းတူတွေဖြစ်ကုန်ပါပြီ”
အဘွားကြီးကျောက် သက်ပြင်းချရင်း
“အတည့်ပြောရရင် နင့်အဘိုးနဲ့အဘွားက စောစောစီးစီး ကွယ်လွန်သွားလို့သာ ဒုက္ခမရောက်ခဲ့တာ။ မဟုတ်ရင် အဲဒီနှစ်တွေတုန်းက တော်တော်လေး အနှိပ်စက်ခံရမှာ။ နင်တွေ့တယ်မလား... ငါတို့လမ်းကြားထဲမှာ အိမ်သာဆေးတဲ့ အဘိုးကြီးဝမ်လေ။ သူ့မိသားစုက အရင်က ပညာတတ်မျိုးရိုးအေ့၊ အဲဒီနှစ်တွေတုန်းက နှိပ်ကွပ်ခံရတာ၊ တော်သေးတာက ‘အဓိကသမားတွေ’ ထဲမှာ မပါလို့ အလုပ်လေးတော့ ကျန်ခဲ့တာပေါ့။ အခုတော့ သူတို့ကို အပြစ်မရှိကြောင်း ကြေညာပေးလည်း ဘာထူးမှာလဲ။ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံး၊ မိသားစုလည်း ပျက်စီးပြီး ဒီအလုပ်ကိုပဲ ဆက်လုပ်နေရတုန်းပဲလေ”
သူမသည် မိမိစကားများ အလွန်အကျွံဖြစ်သွားသည်ကို ရိပ်မိသွားပြီး
“ကြည့်စမ်း... ငါကလည်း ဘာလို့ ဒီလောက်တောင် လျှာရှည်နေရတာလဲ။ ဒါတွေ ဆက်မပြောကြစို့နဲ့။ အော်... ဒါနဲ့၊ ဒီရက်ပိုင်း နင့်ဦးလေးကို ငါသေချာ စောင့်ကြည့်နေတာ တိုးတက်မှုအချို့ ရှိတယ်၊ နင် သူ့ကို ဘယ်တော့ ဖော်ကောင်လုပ်မလို့လဲ”
ချန်ချင်းယွီ : “ဒီရက်ပိုင်းအတွင်းမှာပဲ လုပ်မှာပါ၊ အရင်ဆုံး ချန်ရိကျွင်းရဲ့ ကိစ္စကို အရင်ရှင်းရမယ်။ ဒီည ချန်ရိကျွင်းအိမ်ထဲကို မြွေတွေ သွားလွှတ်ဖို့ ကျွန်မစီစဉ်ထားတယ်”
သူမဖမ်းထားသော မြွေများမှာ အိတ်ထဲတွင် ပိတ်မိနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး ယနေ့ဆိုလျှင် သုံးရက်မြောက်ရှိပြီဖြစ်ရာ ဆက်ထားလျှင် အခြေအနေမဟန်တော့သဖြင့် အမြန်လုပ်ရန် လိုအပ်သည်။
ချန်ချင်းယွီအနေဖြင့် မသွားချင်၍ မဟုတ်ဘဲ ဤရက်ပိုင်းအတွင်း သင့်တော်သော အခွင့်အရေး မရရှိသေးသောကြောင့်ပင်…
သို့သော် ယနေ့မှာ နေ့ကောင်းရက်သာ ဖြစ်ပုံရ၏။
ယနေ့သည် လဆန်းတစ်ရက်နေ့ ဖြစ်သည်။ လဆန်းတစ်ရက်နေ့နှင့် လပြည့်ဆယ့်ငါးရက်နေ့များသည် များသောအားဖြင့် ထူးခြားတတ်ကြမြဲ ဖြစ်၏။ ထို့အပြင် ယနေ့ ရာသီဥတုမှာ အုံ့မှိုင်းနေပြီး ကောင်းကင်ယံတွင် မည်းမှောင်သော မိုးတိမ်များ ဖုံးလွှမ်းနေကာ မိုးရွာတော့မည့်သဏ္ဌာန် ရှိနေသည်။
ချန်ချင်းယွီသည် မိုးရွာသောနေ့များတွင် ပြဿနာရှာရသည်ကို အလွန်သဘောကျ၏။ အဘယ်ကြောင့်ဆိုသော် မိုးရွာချလိုက်သည်နှင့် မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်မည်မဟုတ်သောကြောင့်တည်း။
သူမအနေဖြင့် နှစ်ရက်မျှ အချိန်ဆွဲ စောင့်ဆိုင်းနေခဲ့ခြင်းမှာလည်း မိုးလေဝသခန့်မှန်းချက်အရ ယနေ့ မိုးရွာမည်ဟု သိထားသောကြောင့်ပင် ဖြစ်သည်။
“အေးပါ... နင်လုပ်ချင်သလိုသာ လုပ်တော့”
အဘွားကြီးကျောက် စူးစမ်းလိုစိတ်ဖြင့်
“ဒါနဲ့... နင် မြွေဘယ်နှစ်ကောင်တောင် ဖမ်းထားတာလဲ”
ချန်ချင်းယွီ : “အကောင် နှစ်ဆယ်၊ သုံးဆယ်လောက် ရှိမယ်”
အဘွားကြီးကျောက် ကြက်သီးတဖြန်းဖြန်းထသွားပြီး လည်ပင်းကို ကျုံ့လိုက်မိသည်။ အမှန်တကယ်၌ သူမသည် မြွေကြောက်တတ်သူ မဟုတ်သော်လည်း… မကြောက်တတ်သည့်တိုင်အောင် ထိုမျှအကောင်ရေအများကြီးကို တစ်ပြိုင်နက်တည်း မြင်ရပါက ဦးရေပြားများပင် စိမ့်တက်သွားပေလိမ့်မည်။ ထိုအကောင်များသည် မြင်ရုံနှင့်တင် စိတ်ထဲမသိုးမသန့် ဖြစ်ရသည့်အရာများ ဖြစ်ရာ အုပ်စုလိုက်ကြီးဆိုလျှင်မူ ပို၍ပင် မခံစားနိုင်စရာ ဖြစ်ပေလိမ့်မည်။
“နင်ကတော့ တကယ်ပဲ...”
အဘွားကြီးကျောက် ခဏမျှ စဉ်းစားပြီးမှ
“တကယ်ကို အံ့သြစရာကောင်းတဲ့ ကောင်မလေးပဲ”
ချန်ချင်းယွီ ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောခဲ့ချေ။
ယောက္ခမနှင့် ချွေးမနှစ်ဦးသား အတူတူ အိမ်သို့ ပြန်လာခဲ့ကြသည်။ ချန်ချင်းယွီသည် မိမိဝယ်လာသော ပစ္စည်းများကို သေချာစွာ ပြန်လည်ထုပ်ပိုး သိမ်းဆည်းလိုက်၏။ ကံကောင်းသည်မှာ ပစ္စည်းအားလုံးတွင် ကိုယ်ပိုင်သေတ္တာအသီးသီး ပါရှိပြီးသားဖြစ်သဖြင့် ထပ်မံရှာဖွေနေရန် မလိုတော့ခြင်းပင်။ သူမ သံသေတ္တာကြီးကို သော့ခတ်လိုက်ရာ အဘွားကြီးကျောက် လျှာတသပ်သပ်ဖြင့်
“ဒီသံသေတ္တာကြီး ပြည့်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ ငါတို့ တကယ့် လျှို့ဝှက်အခန်းတစ်ခုလောက် လုပ်ပြီး ပစ္စည်းတွေ ဝှက်ထားသင့်တယ်”
ချန်ချင်းယွီ : “အမေကလည်း... လူတွေ လာခိုးမှာကို မကြောက်ဘူးလား။ ဒါက သာမန်အိမ်ထောင်စုဝင်းလေးတစ်ခုပဲဟာကို ဘာလို့ လျှို့ဝှက်အခန်း လုပ်နေမှာလဲ။ ပြီးတော့ ဒီလောက် ပစ္စည်းအနည်းအကျဉ်းလေးကို လာခိုးရတာ တန်မှာလည်း မဟုတ်ပါဘူး”
“ဘာလို့ မတန်ရမှာလဲ။ နင် ပစ္စည်းလေးခုတည်းကို ယွမ် သုံးထောင်ကျော်ဖိုး ဝယ်လာတာလေ၊ ယွမ် သုံးထောင်ကျော်ကြီးတောင်နော်...”
ချန်ချင်းယွီ : “ကဲပါ... အမေ ဆက်မပြောနဲ့တော့။ အပြင်သွားရင်လည်း လျှောက်ပြီး အတင်းမပြောနဲ့ဦး။ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်”
အဘွားကြီးကျောက် : “ငါက အဲဒါကို မသိဘူးမှတ်နေလား။ ကိုယ့်မှာ စည်းစိမ်ရှိတာကို လျှောက်မကြွားရဘူးဆိုတာ သိပါတယ်။ ပိုက်ဆံအနည်းအကျဉ်းဆိုရင် ကြွားလို့ရပေမယ့် အများကြီးဆိုရင်တော့ မဖြစ်ဘူးလေ။ ငါတို့ ဒီရက်ပိုင်း ငြိမ်ငြိမ်လေး နေကြရမယ်။ ငါ ဒီဆွဲကြိုးကို ကြွားပြီးသွားရင် နောက်ထပ် ဘာမှ ထပ်မကြွားတော့ဘူး”
အဘွားကြီးကျောက်မှာ ဝါရင့်သမာရင့် ပါးနပ်လှသည့် အဘွားကြီးပီပီ အရာရာကို အကွက်စေ့စေ့ တွေးတောတတ်ပေသည်။
ချန်ချင်းယွီ : “အင်းပါ”
“နင် တောင်ပိုင်းကို ဘယ်တော့ သွားမှာလဲ။ ချိုက်မင်မင်ကို စောင့်နေတာလား”
ချန်ချင်းယွီ ခေါင်းခါပြလျက်
“မဟုတ်ဘူး၊ ယွီမေကျွမ်းကို စောင့်နေတာ။ သူ ပြန်လာရင် ကျွန်မ ထွက်သွားတော့မယ်”
အဘွားကြီးကျောက် : “အဲဒီကောင်မလေးကော အဆင်ပြေပါ့မလား မသိဘူး”
ချန်ချင်းယွီ : “အဆင်ပြေလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ သူက ပြဿနာရှာတတ်တယ်ဆိုပေမယ့် သတ္တိက သိပ်ရှိတာမဟုတ်တော့ သတိတော့ ထားလိမ့်မယ်”
“ကျွန်မ စောစောက အပြင်သွားတုန်းက ဟင်းသီးဟင်းရွက် ဝယ်ဖို့ မေ့သွားတယ်။ အခု သွားဝယ်လိုက်ဦးမယ်”
အဘွားကြီးကျောက် : “နင်သွားလေ၊ ငါတော့ မလိုက်တော့ဘူး။ အိမ်ရှေ့ဝင်းထဲမှာ ခဏသွားထိုင်ဦးမယ်”
ချန်ချင်းယွီ မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
ဒင်းကတော့ သေချာပေါက် ပစ္စည်းသွားကြွားတော့မှာပဲ…
အဘွားကြီးကျောက် မောက်မာစွာ ပြုံးရင်း ရယ်လေ၏။
“ဟိဟိ”
နှစ်ဦးသား ချက်ချင်းပင် လူခွဲလိုက်ကြတော့သည်။
အဘွားကြီးကျောက် ဝင်းထဲသို့ ရောက်သည်နှင့်
“ရှီကျန့်ရှန်းရော၊ အဘွားကြီးမေ့ပါ ရှိနေကြတာကိုး...”
သူမသည် မေးကို အသာပင့်လျက် မောက်မာသောဟန်ဖြင့်
“အို... ဒီနေ့ ရာသီဥတုက တကယ်ကို ပူလွန်းတယ်နော်၊ သိကြလား။ ငါ ဘယ်သွားခဲ့လဲဆိုတော့... ယိုယိ့စတိုးဆိုင်ကို သွားခဲ့တာ...”
“ဟာ... နင်... နင် ရွှေဆွဲကြိုးကြီး ဝတ်ထားတာလား”
“ရွှေစစ်စစ်ကြီးပေါ့အေ။ ရွှေစစ်စစ်ကြီး မဟုတ်ရင် ဒီလိုအရောင်မျိုး ဘယ်ထွက်မလဲ။ ငါ ခုနတင်ပဲ ယိုယိ့စတိုးဆိုင်ကနေ ဝယ်လာတာ။ ဟူး... ငါ့ချွေးမက ဒီရက်ပိုင်း လမ်းဘေးမှာ ဆိုင်ထွက်ရောင်းနေတော့ ငါက အများကြီး ကူညီပေးထားရတာလေ။ ငါက သူ့အတွက် ဒီလောက်အလုပ်အကျွေးပြုပေးထားတာဆိုတော့ သူကလည်း ဒီအတိုင်း ကြည့်မနေရဲဘူးပေါ့။ အဲဒါကြောင့် ငါ့ကို ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးဖို့ ပြောလိုက်တာ၊ ငါ့ချွေးမက တစ်ခွန်းမှ မဟဘဲ ဝယ်ပေးရှာတယ်”
ဘေးလူများအားလုံး အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူမှားကုန်ကြတော့သည်။
“ငါ့ချွေးမကတော့ တကယ့်ကို လိမ္မာရေးခြားရှိပြီး အပြောရလွယ်ဆုံးပဲလို့ ဆိုရမယ်။ ငါဘာပြောပြော အကုန်လုပ်ပေးတာ၊ တခြားအိမ်တွေနဲ့ မတူဘူး”
“ပြပါဦး... နင့်ဆွဲကြိုးလေး ငါ့ကို ပေးကြည့်ပါဦး။ ငါ တစ်သက်နဲ့တစ်ကိုယ် ရွှေကို မမြင်ဖူးသေးဘူး...”
“ငါကတော့ မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်အနီးကပ် မြင်ရတာကတော့ ဒါပထမဆုံးပဲ။ တကယ်ကို လှတာပဲ။ နင်တို့ကတော့ တကယ့်ကို ရက်ရောနိုင်လွန်းတယ်... ဒါက စားဖို့သောက်ဖို့ ပစ္စည်းလည်း မဟုတ်ဘဲနဲ့...”
အဒေါ်ကြီးမေ့ သက်ပြင်းချရင်း
“ဒါနဲ့ ကျောက်တာ့ရာ... နင့်ချွေးမက မိုးလင်းကနေ မိုးချုပ်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ။ နင်ကလည်း ခဏခဏ ဒီလိုမျိုး မလုပ်ပါနဲ့ဦး။ ဘာလို့ ကလေးတွေရဲ့ အခြေအနေကို နားမလည်ပေးရတာလဲ”
အဘွားကြီးကျောက် ပက်ခနဲ ပြန်ပြောကာ
“ငါက ဘာလို့ နားမလည်ရမှာလဲ။ ငါက ဒီလောက်အသက်ကြီးနေပြီဥစ္စာ၊ အခုမှ စည်းစိမ်မခံစားရင် ဘယ်တော့ ခံစားရတော့မှာလဲ။ ငါသာ သေသွားရင် ခံစားဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ သူပိုက်ဆံရှိတုန်း ငါက မတောင်းရင် သူ့မှာ ပိုက်ဆံကုန်သွားတဲ့အခါ ငါ့ကို ဘာနဲ့ ဝယ်ပေးတော့မှာလဲ။ ငါက နင်တို့လို လူကောင်းကြီးတွေ မဟုတ်ဘူးအေ။ နင်တို့က ကလေးတွေအတွက်ပဲ တွေးကြပေမယ့် ငါကတော့ ငါ့ကိုယ်ငါအတွက်ပဲ တွေးတတ်တယ်”
သူမသည် ဘေးလူများ၏ အတင်းဖျင်းပြောဆိုသံများကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
သူမသည် ဝေဖန်တိုက်ခိုက်မှုဒဏ်ချက်များ၏ ဗဟိုချက်မတွင် တစ်ဦးတည်း မတ်မတ်ရပ်တည်ပေးခြင်းဖြင့် မိမိမိသားစုအတွက် ပြဿနာများစွာကို ကြိုတင်ရှင်းလင်းပေးထားခဲ့ခြင်း ဖြစ်၏။
သူမမှာ မိသားစုအတွက် အရာရာကို အဆင်ပြေအောင် ဖန်တီးပေးထားသဖြင့် ချန်ချင်းယွီလည်း သူမအပေါ် ပိုမိုရက်ရောပေးခြင်း ဖြစ်၏။
ဒါက တကယ့်ကို တန်တာပေါ့…
ဂုဏ်သိက္ခာဆိုသည်မှာ ဘာမှမဟုတ်ပေ...
“နင်ကတော့ တကယ်ကို...”
“ငါက ဘာဖြစ်လို့လဲ။ ငါ့ဘာသာငါ အဆင်ပြေပြေ နေနေတာပဲဥစ္စာ”
အဘွားကြီးကျောက် မောက်မာဝင့်ကြွားစွာဖြင့်
“နင်တို့အားလုံးက လူကောင်းကြီးတွေ လုပ်နေကြလို့ပဲ ဘာမှမရှိကြတာလေ။ ငါက နည်းနည်းအတ္တကြီးချင် ကြီးမယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ငါ့လည်ပင်းမှာ ရွှေဆွဲကြိုးကြီး ရှိနေတာပဲ”
ဝန်းကျင်ရှိလူများမှာ မနာလိုလည်း ဖြစ်၊ အထင်လည်းသေးကြသဖြင့် တစ်ယောက်တစ်လှည့် မျက်စောင်းထိုးနေကြတော့သည်။
“နင်တို့အိမ်က အိမ်လည်းဝယ်၊ ပြင်လည်းပြင်၊ ကားလည်းဝယ်၊ တီဗီလည်းဝယ်၊ အခုကျတော့ ရွှေဆွဲကြိုးပါ ထပ်ဝယ်တယ်နော်။ နင်တို့မှာရှိတဲ့ ပိုက်ဆံတွေ အကုန်နီးပါး သုံးပစ်လိုက်ပြီ မဟုတ်လား”
အဒေါ်ကြီးမေ့ မေးလိုက်၏။
သူတို့သည် လွန်ခဲ့သောရက်ပိုင်းမှလည်း စက်ဘီးအသစ်တစ်စီး ထပ်ဝယ်ထားသေးသဖြင့် ယခုအခါ မိသားစုဝင် လေးယောက်စလုံးတွင် စက်ဘီးတစ်စီးစီ ရှိနေကြပြီ ဖြစ်သည်။
ဤအနီးအနားတွင် ဤကဲ့သို့သော စည်းစိမ်မျိုးကို မည်သူမျှ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
အဒေါ်ကြီးမေ့မှာ တကယ့်ကို မနာလို တိုပွားနေခဲ့ရပြီ ဖြစ်၏။
အဘွားကြီးကျောက်မှာမူ သူမ၏ မေးခွန်းကြောင့် ပို၍ပင် စိတ်တက်ကြွသွားကာ ‘ကွက်တိပဲဟေ့...’ ဟု ဝမ်းသာသွားသည်။
ဟိဟိ...
ဘယ်သူကများ လာမေးမလဲလို့ စောင့်နေတာ။
“ပိုက်ဆံဆိုတာ ကတ်သီးကတ်သတ် သုံးမကုန်တဲ့အရာမှ မဟုတ်တာအေ၊ သုံးပြီးရင်လည်း ပြန်ရှာလို့ရတာပဲ... သုံးပစ်လိုက်တော့ ဘာဖြစ်လဲ။ လူငယ်တွေဆိုတာ ပိုက်ဆံရှာရမှာပဲလေ။ အော်... ဒါနဲ့ နင်တို့ပြောစမ်းပါဦး၊ ပိုက်ဆံက ဘာလို့ ဒီလောက်တောင် အကုန်မြန်ရတာလဲ မသိဘူး။ ဝယ်တာလည်း သိပ်မရှိသေးပါဘူး၊ အခုတော့ လက်ထဲမှာ ဘာမှမကျန်တော့သလောက်ပဲ။ ငါတို့က အဝတ်လျှော်စက်တစ်လုံးပါ ထပ်ဝယ်မလို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ပိုက်ဆံက မလောက်တော့ဘူးဖြစ်နေတယ်”
“ပိုက်ဆံက အကုန်မြန်တယ်လို့ နင်က ပြောသေးတယ်ပေါ့။ ဒီရက်ပိုင်း နင်တို့အိမ်က ဝယ်လိုက်ခြမ်းလိုက်တာတွေကိုပဲ ကြည့်ဦးလေ၊ ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးပစ်လိုက်လဲဆိုတာ အထင်အရှားကြီးပဲဥစ္စာ”
“ဟုတ်ပ...”
“နင်... နင်က အဝတ်လျှော်စက်ပါ ထပ်ဝယ်ချင်သေးတယ် ဟုတ်လား။ အပိုတွေလုပ်မနေပါနဲ့အေ။ ဘာလို့ ဒီလောက်တောင် ဖြုန်းတီးနေရတာလဲ”
“မဝယ်ရသေးပါဘူးအေ၊ ပိုက်ဆံမလောက်လို့ပါဆို”
အဘွားကြီးကျောက် စိတ်ပျက်လက်ပျက်ဟန်ဖြင့်
“ငါတို့က သိပ်လည်း မသုံးရသေးပါဘူး”
“ဒီလောက်ဆိုတာ နည်းတာမှ မဟုတ်တာ။ နင်တို့အိမ် ပိုက်ဆံပြတ်တော့မယ်ဆိုတာ ငါကြိုသိသားပဲ၊ အခုတော့ တကယ်ပဲ ပြတ်ပြီ မဟုတ်လား။ နင်တို့ ကုန်ပစ္စည်းတွေ ဆက်ရောင်းဦးမှာလား။ အရင်းအနှီးတွေအကုန်ပါ သုံးပစ်လိုက်တာလား”
အဘွားကြီးကျောက် : “မဟုတ်ရပါဘူးအေ၊ လုံးဝမဟုတ်ပါဘူး။ ငါ့ချွေးမက ကုန်ပစ္စည်းဖိုး အရင်းအနှီးတွေကို ဘဏ်ထဲမှာ သေချာအပ်ထားပြီးသား။ သူက ပိုက်ဆံတွေကို ကိုယ်ပေါ်မှာ ဆောင်မသွားဘူးလေ၊ တောင်ပိုင်းကို ရောက်မှပဲ အဲဒီကဘဏ်မှာ ပြန်ထုတ်မှာ။ ပိုက်ဆံအမြောက်အမြားကို ဒီအတိုင်း သယ်သွားဖို့လည်း မလုံခြုံဘူး၊ အိမ်မှာ ထားခဲ့ဖို့ကလည်း ပိုပြီး စိတ်မချရဘူးလေ။ ဘာပဲဖြစ်ဖြစ် ဘဏ်ရှိနေတာပဲ... ဒီမှာ အပ်ထားပြီး ဟိုရောက်မှ ထုတ်တာက ပိုပြီး စိတ်ချရတာပေါ့။ ဒါပေမဲ့ ကုန်ပစ္စည်းဖိုး အရင်းအနှီးကလွဲရင် ကျန်တဲ့ ပိုက်ဆံတွေကတော့ အကုန်နီးပါး ကုန်သွားပြီအေ”
အဘွားကြီးကျောက် သက်ပြင်းချရင်း
“ပိုက်ဆံဆိုတာ လက်ထဲမှာ ကြာကြာမခံပါဘူးအေ။ ဒါပေမဲ့ ငါ့ချွေးမကတော့ တောင်ပိုင်းကို သွားဖို့အတွက် ပစ္စည်းတွေ ထုပ်ပိုးပြီး ပြင်ဆင်နေပြီ။ ပိုက်ဆံကုန်သွားပြီဆိုတော့လည်း သူ အလုပ်ပြန်လုပ်ရတော့မှာပေါ့။ နင်တို့ စဉ်းစားကြည့်လေ... သူ တစ်လကျော်ကျော်လောက် ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေကို ရက်ပိုင်းလေးအတွင်းမှာတင် အကုန် သုံးပစ်လိုက်တာ”
“နင်တို့မိသားစုကတော့ တကယ့်ကို ချမ်းသာသွားတာပဲ။ ဒီလမ်းကြားထဲမှာ ဘယ်သူက နင်တို့ထက် ပိုအဆင်ပြေလို့လဲ။ နင်က ဒီလိုချွေးမမျိုးရတာ ကံကောင်းလွန်းလို့ပေါ့အေ၊ သူက စိတ်ပျော့လွန်းလို့သာ။ တခြားလူဆိုရင် နင့်ကို ဂရုတောင် စိုက်မှာမဟုတ်ဘူး။ ဒါတွေဟိုဟာတွေ လိုက်ဝယ်ပေးဖို့ဆိုတာ စိတ်ကူးယဉ်နေလိုက်...”
အဘွားကြီးကျောက် : “ငါတို့က မိသားစုတွေပဲဥစ္စာ၊ တစ်ဦးပေါ်တစ်ဦး မှီခိုနေကြရတာပဲ။ သူက ငါ့ကို မစောင့်ရှောက်လို့ ဘယ်သူ့ကို စောင့်ရှောက်ရမှာလဲ။ ငါ့မှာ အသက်ရှင်ဖို့ ဘယ်နှစ်နှစ်လောက် ကျန်သေးလို့လဲအေ။ သေချာပေါက် အခုကတည်းက စည်းစိမ်ခံစားရမှာပေါ့။ အမှန်တော့ ငါ့ချွေးမက မင်္ဂလာလက်ဆောင်အဖြစ် အဖြူအမည်း တီဗီတစ်လုံး ဝယ်ပေးမလို့ ကမ်းလှမ်းသေးတယ်၊ ဒါပေမဲ့ ငါက သဘောမတူခဲ့ဘူး။ ငါက အသက်ငယ်ငယ်လေး မဟုတ်တော့ဘူးလေ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ချက်ချင်း ခံစားပစ်ရမှာပေါ့”
သူမသည် မောက်မာဝင့်ကြွားနေခဲ့ရာ ဘေးလူများ၏ အထင်သေးမှုကို ပို၍ပင် မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်နေတော့သည်။
အဘွားကြီးကျောက် ဆက်လက်၍
“ဘာပဲဖြစ်ဖြစ်... ဒီချွေးမကတော့ ငါ့အပေါ် တော်တော်လေး ကောင်းရှာပါတယ်”
လူတိုင်း အချင်းချင်း မျက်စိမှိတ်ပြကြရင်း ‘နင်လို ယောက္ခမမျိုး ရထားတာကတော့ အဆိုးဆုံး ကံဇာတာပဲ’ ဟု စိတ်ထဲမှ ကျိတ်တွေးနေကြ၏။
ပိုင်ဖုန်းရှန်း : “ဒါနဲ့ နင့်ရဲ့ ရှောင်ချန် က ဘယ်တော့ သွားမှာလဲ။ ဘာလို့ ငါ့ရဲ့ မင်မင်ကို မမေးတာလဲ။ သူတို့နှစ်ယောက် အတူတူသွားရင် အဖော်ရတာပေါ့”
အဘွားကြီးကျောက် : “သူ မထွက်ရသေးဘူးအေ။ ငါတို့ ရက်မသတ်မှတ်ရသေးဘူး။ ရက်သေချာသွားပြီဆိုရင်တော့ တိုင်ပင်လို့ရတာပေါ့။ ငါက ဒီရက်ပိုင်း အလုပ်များနေတာရယ်၊ ပြီးတော့ ငါ့ချွေးမကိုလည်း သနားလို့... သူ့ကို နောက်ထပ် ရက်နည်းနည်းလောက် ပိုပြီး အနားယူစေချင်သေးတယ်”
“ဟိဟိ...”
“နင်ကတော့ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောဆိုတတ်လွန်းတယ်”
“ဟုတ်ပ... ငါတို့တော့ အဲဒါကို လုံးဝမယုံဘူး”
အဘွားကြီးကျောက် : “နင်တို့က ဘာကောင်တွေမို့လို့လဲ”
အဘွားကြီးကျောက်သည် ထိုအဘွားကြီးများနှင့် ရောနှောကာ ဟိုအကြောင်းဒီအကြောင်း လျှောက်ပြောရင်း မိန်းမသားတို့၏ နှုတ်သီးကောင်းလျှာပါးပြီး ကပ်သီးကတ်သတ်နိုင်လှသော စရိုက်သဘာဝကို အစွမ်းကုန် ထုတ်ဖော်ပြသခဲ့ရာ အခြားလူများကိုမူ ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားစေတော့သည်။
သူတို့အထဲမှ အချို့ဆိုလျှင် မျက်နှာကြီး သုန်မှုန်လျက်... တကယ့်ကို မျက်နှာပျက်ပျက်နှင့် အိမ်
ပြန်သွားကြရရှာ၏။
အားလုံးက ဝင်းတစ်ခုတည်းက အဘွားကြီးတွေချည်းပဲဟာကို ဘာဖြစ်လို့ ရရှိတဲ့အဆင့်အတန်းက ဒီလောက်တောင် ကွာခြားနေရတာလဲ…။
အဘွားကြီးကျောက်လို စရိုက်မကောင်းတဲ့ အဘွားကြီးကျမှ ဘာလို့ ဒီလောက် ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ထားရတာလဲ…။
သူတို့ခမျာ တစ်သက်လုံး ရုန်းကန်
လှုပ်ရှားခဲ့ရသော်ငြား ဘာမှမရှိကြပေ။
ဘယ်သူကကော ရင်ထဲမှာ မခံမရပ်နိုင်မဖြစ်ဘဲ နေမလဲ…။
အဘွားကြီးကျောက် မိမိတို့မှာ ပိုက်ဆံပြတ်သွားပြီဟု ပြောခဲ့သော်လည်း ထိုစကားမှာ လူတိုင်းကို စိတ်သက်သာရာ မရစေခဲ့ပေ။
သူတို့မှာ ပိုက်ဆံသာ ပြတ်သွားတာ... အဘွားကြီးကျောက်ကတော့ အကျိုးခံစားခွင့် ရရှိသွားပြီ မဟုတ်လား…။
အဲဒီရွှေဆွဲကြိုးကြီးကို ကြည့်ဦးလေ... အားးးး...
မနာလိုမှု၊ ဝန်တိုမှုနှင့် မုန်းတီးမှုတို့ အုန်းအုန်းထသွားတော့သည်။
အဘွားကြီးကျောက်သည် တစ်ဦးတည်းနှင့်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေ၏။
ယခုအခါ သူမ၏မိသားစုမှာ ထိုဝင်းတစ်ခုလုံးတွင် အသာစီးရဆုံး ဖြစ်နေခဲ့လေပြီ…။
အခြားလူများမှာမူ လိုက်ပင်မမီနိုင်တော့ချေ။
ညစာစားချိန်တွင် လူတိုင်း
ဤအကြောင်းကို မလွှဲမရှောင်သာ ပြောဖြစ်ကြသည်။
အဒေါ်ကြီးမေ့ပင်လျှင် အနည်းငယ် စိုးရိမ်ပူပန်နေပုံရပြီး
“သား... နောက်ကျရင် သား ပိုက်ဆံအများကြီး ရှာနိုင်တဲ့အခါ အမေ့ကို ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးမလားဟင်”
ရှောင်ထောင်းး :“......”
သူ စိတ်ရှုပ်ထွေးစွာဖြင့်
“ဘယ်သူက အမေ့ကို လာပြီး ဆွပေးလိုက်လို့လဲ။ ဘာလို့ ဒါတွေ လျှောက်ပြောနေရတာလဲ”
ရှောင်ထောင်းး၏ ညီမဖြစ်သူ ရှောင်ကျဲမှာ ခပ်သွက်သွက်ပင်
“အဘွားကြီးကျောက်လေ။ သူ ရွှေဆွဲကြိုးတစ်ကုံး ဝယ်လာတာဟ။ ဝင်းထဲက အဘွားကြီးတွေ၊ အန်တီတွေနဲ့ ဇနီးသည်ငယ်လေးတွေ အားလုံး မနာလိုဖြစ်နေကြတာ”
ရှောင်ထောင်း : “...”
သူ ပြုံးလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်
“အမေ စိတ်မပူပါနဲ့၊ သား ပိုက်ဆံရှိလာတဲ့အခါ အမေ့ကိုလည်း တစ်ကုံး ဝယ်ပေးပါ့မယ်”
အဒေါ်ကြီးမေ့ : “...ငါ့သားလေးကမှ အားကိုးရတာ။ ဒါပေမဲ့ အမေပြောတာကို စိတ်ထဲ သိပ်မထားပါနဲ့။ အမှန်တော့ အမေက နည်းနည်းလေး မနာလိုဖြစ်သွားရုံတင်ပါ။ ငါတို့လည်း ပိုက်ဆံရှိလာရင် ဘဝကို ဒီထက်မက မြှင့်တင်ရမှာပေါ့”
ရှောင်ထောင်း ; “သူတို့မိသားစုက ဒီရက်ပိုင်း ပစ္စည်းတွေ တော်တော်များများ ဝယ်နေတာပဲ”
“ဟုတ်ပ၊ အဘွားကြီးကျောက်က အဝတ်လျှော်စက်ပါ ထပ်ဝယ်ချင်သေးတာ၊ ဒါပေမဲ့ ပိုက်ဆံမရှိတော့ဘူးလို့ ပြောတာပဲ”
အဒေါ်ကြီးမေ့ ဆက်ပြီး
“ဟေး... သား၊ အမေထင်တာတော့ သားလည်း အဝတ်အထည်တွေ လိုက်ရောင်းသင့်တယ်…အဝတ်အထည်က အမြတ် ပိုများမယ် ထင်တယ်”
ရှောင်ထောင်း : “ဟုတ်ပါတယ်၊ အမြတ်ကတော့ ပိုများပါတယ်၊ ဒါပေမဲ့ အရင်းအနှီးလည်း ပိုကြီးသလို စွန့်စားရမှုလည်း ရှိတယ်လေ။ သားက အခု မြေပဲ၊ ဖရုံစေ့နဲ့ ကြက်ဥ၊ ဘဲဥ၊ ကြာစွယ်တို့လို အရာတွေကိုပဲ ရောင်းနေတာ။ ဒီလုပ်ငန်းက သေးငယ်ပေမယ့် အရင်းအနှီးနည်းပြီး ရှုံးဖို့လည်း မလွယ်ဘူး။ ကောင်းကောင်းမရောင်းရရင်တောင် ကိုယ်တိုင် ပြန်စားလို့ရသေးတယ်လေ။ ဒါပေမဲ့ အဝတ်အထည်တွေသာ မရောင်းရရင်တော့ အခက်တွေ့ရလိမ့်မယ်။ သားတို့မိသားစုက အဲဒီလို စွန့်စားမှုအကြီးကြီးကို မခံနိုင်ဘူး အမေ”
“သူတို့ကျတော့ တော်တော်လေး အရောင်းသွက်နေတာ မဟုတ်ဘူးလား။ ရှောင်ချန်ကို ကြည့်ဦးလေ... အဲဒီလောက် နူးနူးညံ့ညံ့ အေးဆေးတဲ့ စရိုက်မျိုးနဲ့တောင် သူ တော်တော်လေး အရောင်းသွက်နေတာပဲ”
ရှောင်ထောင်း : “...”
နေပါဦး... နူးနူးညံ့ညံ့ အေးဆေးဆေးဆေးနိုင်တယ် ဟုတ်လာ…။
ဒါကတော့ သူ မထင်မှတ်ထားတဲ့ အချက်ပဲ…။
ပြောရမည်ဆိုလျှင် ထိုဝင်းတစ်ခုလုံးတွင် ချန်ချင်းယွီ၏ သဘာဝအစစ်အမှန်ကို အစောဆုံး ရိပ်မိခဲ့ကြသူနှစ်ဦးမှာ မာကျန်းနှင့် ရှောင်ထောင်းတို့ ဖြစ်ကြသည်။
မာကျန်းသည် ချန်ချင်းယွီ၏ အားနွဲ့ဟန်ဆောင်သော အသွင်အပြင်ကို မမြင်ဖူးခဲ့သဖြင့် သူမ၏ အတိတ်နောက်ခံများကြောင့် လွှမ်းမိုးခြင်းမခံရပေ။ ရှောင်ထောင်းမှာမူ ချန်ချင်းယွီနှင့် အကြောင်းကိစ္စအချို့ကြောင့် အကြိမ်ကြိမ် ပတ်သက်ဖူးခဲ့၏။ ထို့အပြင် သူကိုယ်တိုင်လည်း လမ်းဘေးဈေးသည်တစ်ဦး ဖြစ်သဖြင့် ထိုအကြောင်းအရာများကို ကောင်းကောင်း နားလည်သည်။
သူတို့ ရောင်းချသည့် ပစ္စည်းချင်း မတူညီသော်လည်း လုပ်ငန်းသဘောတရားချင်း တူညီကြရာ ပြိုင်ဘက်များဟုပင် ဆိုနိုင်သည်။
အကယ်၍ ချန်ချင်းယွီသာ အရည်အချင်းမရှိပါက ဤမျှ ခပ်သွက်သွက်နှင့် အဆင်ပြေပြေ ရောင်းချနိုင်လိမ့်မည် မဟုတ်ချေ။
၎င်းအပြင် ချန်ချင်းယွီသည် ချိုက်မင်မင်ကို ဦးဆောင်ပြီး ကုန်ပစ္စည်းများကို ချောချောမွေ့မွေ့ သွားရောက်ယူဆောင်နိုင်ခဲ့ခြင်းမှာပင် သူမသည် အပြင်ပန်းကဲ့သို့ အားနွဲ့ပြီး အသုံးမကျသူတစ်ဦး မဟုတ်ကြောင်း သူ အသိဆုံး ဖြစ်၏။
“အမေ... လီလင်းလင်းကို ကြည့်ဦးလေ၊ သူကော အရောင်းသွက်ရဲ့လား”
အဒေါ်ကြီးမေ့ : “အော်...”
ရှောင်ထောင်း : “ဒါက လူအပေါ်မှာပဲ မူတည်တာပါ အမေ”
အဒေါ်ကြီးမေ့ : “ရှောင်ချန်က တကယ့်ကို ကံကောင်းလွန်းလို့ပါ”
ရှောင်ထောင်း : “...”
ဒါက ကံကောင်းတာမဟုတ်ဘူး၊ ဒါက သူမရဲ့ စွမ်းဆောင်ရည်စစ်စစ်... တကယ့်ကို အရည်အချင်းရှိလို့ပဲ။
ရှောင်ထောင်းသည် မိမိမိခင်ကို ထပ်မံ၍ အငြင်းမပွါးတော့ဘဲ
“သားတို့ ဒီကရတဲ့ ဝင်ငွေက တော်တော်လေး ကောင်းပါတယ်၊ တစ်လကို ယွမ် ရာဂဏန်းလောက် ရပြီး တော်တော်လေးလည်း တည်ငြိမ်တယ်။ သား လောလောဆယ် တခြားအလုပ်ကို မပြောင်းချင်သေးဘူး။ သားတို့မိသားစုက စွန့်စားမှုတွေကို မခံနိုင်ဘူးလေ”
အဒေါ်ကြီးမေ့ : “ဒါလည်း ဟုတ်တာပါပဲ”
“ဟို... ဟိုလေ...”
ရှောင်ထောင်း၏ ညီမဖြစ်သူ ရှောင်ကျဲ မော့ကြည့်ရင်း၊ နှုတ်ခမ်းကို ကိုက်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
“မေမေ... အစ်ကို၊ ညီမလေးလည်း တောင်ပိုင်းကို သွားပြီး လေ့လာကြည့်ချင်တယ်”
“ဟင်”
သူမ ဆက်လက်၍
“အစ်ကို့လုပ်ငန်းက ရှောင်ကွမ်းနဲ့ အဆင်ပြေပြေ လည်ပတ်နေတာဆိုတော့ အမှန်တော့ ညီမလေး သိပ်ပြီး မလိုအပ်တော့ပါဘူး။ ညီမလေး တောင်ပိုင်းကို သွားပြီး လေ့လာကြည့်ချင်တယ်။ အစ်မချင်းယွီနဲ့ အစ်မမင်မင်တို့တောင် သွားနိုင်တာပဲ၊ ညီမလေးလည်း သွားချင်တယ်”
သူမ ပြောဆိုကာ နှုတ်ခမ်းကို ကိုက်ရင်း ဂရုတစိုက်ဖြင့်
“အဆင်ပြေနိုင်မလားဟင်”
အဒေါ်ကြီးမေ့ သဘောမတူဘဲ
“သမီး တစ်ယောက်တည်း သွားမှာကို အမေ စိတ်မချပါဘူး။ ရှောင်ချန်နဲ့ အတူတူ သွားလို့ရမယ်လို့ ထင်နေတာလား။ သူ့မိသားစုက သမီးကို ခေါ်ချင်မှ ခေါ်မှာ။ သူက ချိုက်မင်မင်နဲ့ပဲ ရင်းနှီးတာ၊ ပြီးတော့ သူတို့က အိမ်နီးနားချင်းတွေလေ။ ဒါတွေအပြင် သမီးမှာ အရင်းအနှီးကော ရှိလို့လား”
ရှောင်ကျဲ : “ညီမလေး စုထားတာ အချို့ရှိပါတယ်၊ ပြီးတော့... ပြီးတော့ ထပ်ပြီး ချေးချင်သေးတယ်”
သူမ မိမိအစ်ကိုဖြစ်သူကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
အဒေါ်ကြီးမေ့ : “နင့်အစ်ကို့လုပ်ငန်းမှာလည်း လည်ပတ်ငွေ လိုအပ်တာပဲလေ။ သူက သမီးကို ချေးပေးလိုက်လို့ သမီးသာ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ နင့်အစ်ကိုပြောတာ မှန်တယ်၊ စွန့်စားရမှု ရှိတယ်။ သူကိုယ်တိုင်တောင် အဲဒီစွန့်စားမှုကို မလုပ်ရဲတာ။ သမီးကော ခံနိုင်ရည် ရှိလို့လား”
ရှောင်ကျဲ တွေဝေသွားရရှာ၏။
“အမေက သမီးကို ခွဲခြားဆက်ဆံနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ စဉ်းစားကြည့်လေ... သမီးကို ချေးပေးလိုက်တဲ့ ပိုက်ဆံသာ ရှုံးသွားရင် နင့်အစ်ကို့လုပ်ငန်းပါ ရပ်ဆိုင်းသွားလိမ့်မယ်။ ငါတို့မိသားစု အခုလို အဆင်ပြေနေတာက နင့်အစ်ကို့လုပ်ငန်းကြောင့်ပဲဥစ္စာ”
ရှောင်ကျဲ : “သမီး ထပ်ပြီး စဉ်းစားလိုက်ပါဦးမယ်”
ချန်ချင်းယွီ၏ မိသားစု ပိုက်ဆံရနေသည့် အချက်မှာ လူများစွာကို တကယ့်ကို တွန်းအားဖြစ်စေခဲ့ပြီး အဒေါ်ကြီးမေ့တို့ မိသားစုတင်မကဘဲ အဘွားကြီးဝမ်ပင်လျှင် ပျာပျာသလဲ ဖြစ်နေခဲ့ရသည်။ ဝမ်ကျန့်ကော် ပြန်ရောက်လာသည်နှင့် အဘွားကြီးဝမ် သူမ၏ သားဖြစ်သူကို လှမ်းဆွဲကာ
“သား... ဟို မုဆိုးမလေးက တောင်ပိုင်းကို ထပ်သွားတော့မလို့တဲ့”
ဝမ်ကျန့်ကော်၏ မျက်ခုံးများ ချက်ချင်းပင် တွန့်ချိုးသွားတော့၏။
သူလည်း ပိုက်ဆံရှာချင်တာပေါ့...
ဒါပေမဲ့ သူ့မှာ အရင်းအနှီး မကျန်တော့ဘူးလေ…အကြွေးတွေပါ ဆပ်ရဦးမယ် မဟုတ်လား…။
သို့သော်လည်း ထိုမုဆိုးမမိသားစု၏ ကောင်းမွန်လှသော ဘဝကို မြင်ရသောအခါ သူလည်း တကယ့်ကို စိတ်လှုပ်ရှားမိသည်။ သူတို့မှာ အမှန်တကယ်ကို ပိုက်ဆံရနေကြခြင်း ဖြစ်၏၊ မဟုတ်ရင် ဤကဲ့သို့ ပစ္စည်းမျိုးစုံကို မည်သို့ ဝယ်နိုင်မည်နည်း။
ဝင်းတစ်ခုလုံးမှာ တစ်အိမ်တည်းရှိတဲ့ တီဗီကိုတောင် ဝယ်နိုင်ကြတာလေ... တောက်…
အဘွားကြီးဝမ် : “သား... ဝမ်မေ့လန်ဆီကနေ ပိုက်ဆံ သွားချေးပါလား။ သူက ကွာရှင်းတုန်းက ပိုက်ဆံတွေ ရထားတာပဲ၊ အဲဒီမိန်းမယုတ်က မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အကုန်ယူသွားတာ။ သူ့ဆီက သွားချေး... သူ့ဆီက သွားချေးလိုက်စမ်းပါ။ ငါတို့မိသားစုလည်း လုပ်ငန်းလုပ်နေတာပဲ။ ဟိုမုဆိုးမမိသားစုတောင် ချမ်းသာနိုင်တာ၊ ငါတို့မိသားစုက ဘာလို့မချမ်းသာနိုင်ရမှာလဲ။ သားက အဲဒီမိန်းမတွေထက် အများကြီး ပိုတော်ပါတယ်။ သူတို့က ဘာမို့လို့လဲ။ သားကမှ အရည်အချင်းရှိတာ၊ အမေ သားကို ယုံတယ်... ဒါက ယောကျာ်းသားတွေ လုပ်ရမယ့် အလုပ်ပဲ...”
ဝမ်ကျန့်ကော် မိမိ၏ နားထင်ကို ပွတ်ရင်း
“ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်...”
ပိုက်ဆံသွားချေးရမယ် ဟုတ်လား…
ဝမ်မေ့လန်က သေချာပေါက် သဘောတူမှာ မဟုတ်ဘူး…။
ဘယ်လိုလုပ်ရပါ့မလဲ...