← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈)

ချန်ချင်းယွီတစ်ယောက် ခရီးမထွက်ရသေးခင်မှာပင် သူမအား ဝိုင်း၍ စောင့်ကြည့်နေသူ အများအပြား ရှိနေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ လူများ၏ လက်ထဲတွင် အရင်းအနှီးမရှိကြ၍သာ ဖြစ်ပြီး၊ သာမန်အားဖြင့် အရင်းအနှီးသာ ရှိပါက လိုက်လံလုပ်ကိုင်ကြမည့်သူများမှာ စောစီးစွာပင် ပေါ်ထွက်နေလောက်ပြီ ဖြစ်၏။ လူတိုင်း နှုတ်မှမူ တစ်ကိုယ်တော်စီးပွါးရေးသမားများကို အထင်သေးကြောင်း ပြောဆိုနေကြသော်လည်း ရင်ထဲ၌မူ မနာလိုစိတ်ကြောင့် သွေးမျက်ရည်ပင် ကျမတတ် ခံစားနေရသည်။

ပိုက်ဆံဆိုသည့်အရာကို မည်သူ

မက်မောဘဲ နေပါမည်နည်း။

သူတို့သည် တစ်ဖက်က ကြည့်မရဖြစ်နေကြသော်လည်း အခြားသူများ ပိုက်ဆံရနေသည်ကို မြင်သောအခါ စိတ်ထဲမှ တရွရွနှင့် လှုပ်ရှားလာကြပြန်သည်။

ယခုအခါ ချန်ချင်းယွီတို့ မိသားစုမှာ အသံအကျယ်ဆုံးနှင့် အကြွားဆုံး ဖြစ်နေသော်လည်း ၎င်းတို့ဝင်းအတွင်း စံနမူနာပြစရာမှာ သူတို့တစ်အိမ်တည်း မဟုတ်ချေ။

ရှောင်ထောင်း၏ အရောင်းအဝယ်မှာလည်း မီးဟုန်းဟုန်းတောက်သကဲ့သို့ အဆင်ပြေနေသလို၊ ချိုက်မင်မင်နှင့် ယွမ်ဟောက်ဖုန်းတို့လည်း ရှိနေသေး၏။ လူအများ၏ အမြင်တွင်မူ ထိုသူအားလုံးမှာ အသံတိတ် စည်းစိမ်ဖြစ်ထွန်းနေကြသူများ ဖြစ်၏။

ထို့ကြောင့် အခြားလူများ ထုတ်ဖော်၍ မကြွားကြသော်လည်း သူတို့အပေါ် အာရုံစိုက် စောင့်ကြည့်မှုများမှာ အနည်းငယ်မျှ လျော့နည်းခြင်း မရှိခဲ့ပေ။

သို့သော် ထိုမုဆိုးမ ယောက္ခမနှင့် ချွေးမနှစ်ယောက်ကိုမူ လူတိုင်းမှာ ‘ခွေးဝမ်းဗိုက်ထဲ အဆီနှစ်ပိဿာ မခံနိုင်သလိုမျိုး’ ပိုက်ဆံလေး အနည်းငယ် ရရုံနှင့် မိမိကိုယ်မိမိ ဘာကောင်မှန်းမသိတော့ဘဲ ပေါက်ကရလျှောက်ဝယ်ကာ လာရောက်ကြွားဝါ ပြသနေသည်ဟု သတ်မှတ်ထားကြသည်။

လူများ စိတ်ထဲတွင် အသေအလဲ မနာလိုဖြစ်နေကြသော်လည်း အပြုအမူများမှာ တကယ့်ကို ရိုးသားလှပေ၏။ ညနေစောင်းအချိန် ရောက်တိုင်း ၎င်းတို့အိမ်သို့ လာရောက်လည်ပတ်သူများဖြင့် အမြဲ စည်ကားလျက်ရှိသည်။ ၁၂ လက်မ ကာလာတီဗီအသစ်ကြီးမှာ ဤခေတ်ကာလတွင် တကယ့်ကို ရှားပါးပြီး ထူးခြားဆန်းပြားသည့် အရာဖြစ်ရာ တီဗီကြည့်ရခြင်းမှာ အလွန်ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ညနေခင်းအချိန် ရောက်သည်နှင့် သူတို့အိမ်တွင် လူများဖြင့် ပြည့်နှက်သွားတတ်သည်။ အိမ်ခန်းထဲတွင် ထိုင်စရာမရှိသဖြင့် ပြတင်းပေါက်အပြင်ဘက်မှ မတ်တတ်ရပ်၍ ချောင်းကြည့်ကြသူများနှင့်ပင် တကယ့်ကို စည်ကားသိုက်မြိုက်လှပေ၏။

ဤသို့ဖြင့် ယနေ့ညနေခင်းတွင်လည်း လူတိုင်း စုရုံးရောက်ရှိလာကြပြန်သည်။ ယခင်ဆိုလျှင် ဤအချိန်မျိုး၌ လူတိုင်း အိမ်ရှေ့ဝင်းထဲတွင် ထိုင်ကာ ဟိုအိမ်အကြောင်း ဒီအိမ်အကြောင်း အတင်းအဖျင်း ပြောလေ့ရှိကြသော်လည်း ယခုမူ ထိုသို့ပြောရန် စိတ်ကူးမရှိကြတော့ပေ။ တီဗီကြည့်ရန်သာ အဓိက ဖြစ်နေတော့၏။ အဘွားကြီးကျောက် လူအများကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်ရင်း မာန်ပါပါဖြင့် သတိပေးလိုက်သည်။

“အားလုံးက ဝင်းတစ်ခုတည်းက လူတွေချည်းပဲ၊ ငါ အဘွားကြီးကျောက်က ကပ်သီးကတ်သတ်နိုင်တဲ့လူ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမဆို တီဗီလာကြည့်တဲ့အကြောင်းပြချက်နဲ့ ငါ့အိမ်ကပစ္စည်းတွေကို လက်မြန်ခြေမြန် နှိုက်တာမျိုး၊ လျှောက်ပြီး ဖျက်ဆီးတာမျိုး လုပ်ရင်တော့ ငါ နင့်အိမ်အထိ လာပြီး ပြဿနာရှာမှာကို မကျေမနပ် မဖြစ်နဲ့...”

“မလုပ်ပါဘူး၊ မလုပ်ပါဘူး... ဒေါ်လေးကျောက် စိတ်ချပါ။ ဘယ်သူမှ အဲဒီလိုလူမျိုး မဟုတ်ကြပါဘူး”

“ဟုတ်ပ... ဘယ်သူကများ အဲဒီလို ယုတ်မာမလဲ”

“ဒါကိုတော့ စိတ်ချပါ၊ ကျွန်တော်တို့ သေချာပေါက် အဲဒီလို မလုပ်ပါဘူး”

လူတိုင်း တစာစာဖြင့် ပြန်ပြောကြသည်။ အဘွားကြီးကျောက် မည်သို့သော စရိုက်မျိုးရှိသည်ကို မည်သူ မသိဘဲ နေပါမည်နည်း။ ထို့ကြောင့် ၎င်းကိစ္စကို မည်သူမျှ ရန်စလိမ့်မည် မဟုတ်ပေ။

“အေး... ဒါနဲ့ ပြောရဦးမယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက ငါ ဘေးကဝင်းထဲကို သွားလည်တုန်းက အဲဒီဝင်းထဲမှာ အဖြူအမည်း တီဗီတစ်လုံး ရှိတယ်ဟ။ အဲဒီတုန်းက တီဗီထဲက မိန်းမဝတ်ထားတဲ့အင်္ကျီက အနီရောင်လို့ ငါပြောတာကို သူတို့အိမ်က လူတွေက မယုံကြဘူး။ အခု ကြည့်စမ်း... ကြည့်စမ်း... ငါပြောတာ လုံးဝမမှားဘူးမလား။ ဒီအဖြူအမည်းနဲ့ ကာလာ တီဗီက တကယ့်ကို မတူဘူးပဲ”

“ဟုတ်ပပ... ငါ့အမျိုးတစ်ယောက်အိမ်မှာလည်း အဖြူအမည်း တီဗီ ရှိတယ်၊ တကယ်ကို ကွာခြားချက်ကြီးတယ်။ ကာလာနဲ့ ကြည့်ရတာကမှ တကယ့်ကို အားရစရာကောင်းတာ”

“နင်တို့ပြောတာလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ကာလာတီဗီက ဘယ်လောက်စျေးကြီးပြီး၊ အဖြူအမည်းက ဘယ်လောက်စျေးရှိလဲ ဆိုတာလည်း တွက်ဦးလေ”

“အမှန်တော့ အဖြူအမည်း တီဗီတစ်လုံး ရှိရင်တောင် မဆိုးပါဘူး။ ကာလာနဲ့က အသေစျေးကြီးလွန်းတော့ အဖြူအမည်းက ပိုပြီး စျေးသက်သာတာပေါ့။ ပိုက်ဆံလေး စုလိုက်ရင် ဝယ်နိုင်ပါသေးတယ်၊ အိမ်မှာ တီဗီတစ်လုံးရှိတာကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတာပေါ့”

“နင်ပြောတာ ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ တွေးလို့ အရောင်းဆိုင်မှာ သွားကြည့်ခဲ့သေးတယ်။ ၉ လက်မ တီဗီက ယွမ် ၄၁၀ တဲ့။ အဘွားကြီးကျောက်တို့အိမ်ကလို တီဗီကတော့ ၁၂ လက်မဆိုတော့ ဆိုင်မှာ ယွမ် ၄၉၀ ရှိတယ်”

“ဟင်... ယွမ် ၄၉၀ တောင်လား။ ငါလည်း လွန်ခဲ့တဲ့ရက်ပိုင်းက သွားကြည့်တာ ယွမ် ၅၂၀ ပြနေတယ်”

“အဲဒါဆိုရင်တော့ တံဆိပ်ချင်း မတူလို့ ဖြစ်လိမ့်မယ်။ တံဆိပ်မတူရင် စျေးနှုန်းကလည်း ကွာခြားမှု ရှိတတ်တာပဲ...”

လူတိုင်း တစ်ယောက်တစ်ပေါက် ထပ်မံ၍ ဆွေးနွေးငြင်းခုံနေကြပြန်ရာ၊ သူတို့အားလုံး တကယ်ပင် စိတ်လှုပ်ရှားနေကြကြောင်း သိသာလှပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးချင်းစီမှာ စျေးနှုန်းများကို အလွတ်ရနေကြသောကြောင့်ပင်။

ချန်ချင်းယွီ ဘေးတွင်ထိုင်ကာ တီဗီကြည့်နေရင်း စိတ်ထဲမှ တိုးတိတ်စွာ သက်ပြင်းချမိ၏။

‘ယွမ် ၄၁၀ နဲ့ ၉ လက်မ တီဗီတစ်လုံး ဝယ်မယ့်အစား... ဒီပိုက်ဆံနဲ့ ဟွားချောင်အထူးဆိုင်မှာ သွားပြီး ယုံကျန်းမင်းဆက်က ပန်းအိုးတစ်လုံး ဝယ်တာက ပိုပြီး တန်ဖိုးရှိမှာပဲ။ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ သိသာနေတာပဲကော။’

ချန်ချင်းယွီ လတ်တလော၌ ဤအကြောင်းအရာများကို လေ့လာစုံစမ်းထားခဲ့ခြင်း ဖြစ်သည်။

ဟွားချောင်အထူးဆိုင်၊ ယိုယိ့အထူးဆိုင်၊ ရှင့်ထောအထူးဆိုင်စသည့် ရှေးဟောင်းပစ္စည်းများ ရောင်းချသည့် နေရာများစွာ ရှိနေပြီး၊ ထိုနေရာများရှိ ပစ္စည်းများအားလုံးမှာ စစ်မှန်သော အဖိုးတန်ပစ္စည်းများ ဖြစ်ကြ၏။

စျေးကြီးသည်မှာ မှန်သော်လည်း ပိုက်ဆံရှိ၍ ဝယ်ယူထားပါက ဘယ်တော့မှ အရှုံးမရှိနိုင်ချေ။

ချန်ချင်းယွီ၏ မျက်ဝန်းများ လျှပ်ခနဲ ဝင်းပသွားပြီး မိမိကိုယ်မိမိ ပိုက်ဆံ ပိုမိုရှာဖွေရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။

‘နောက်ထပ် နှစ်ပေါင်းများစွာ ကြာတဲ့အခါ... ငါ့မှာ ပိုက်ဆံမရှိတော့ရင် ဒါမှမဟုတ် ငွေလိုလာတဲ့အခါကျရင် တစ်ခုချင်းစီ ထုတ်ရောင်းလိုက်ရုံပဲ။ ဟဲဟဲ... အဲဒီကျရင် ဘဝက ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိပြီး ဂုဏ်သိက္ခာရှိလိုက်မလဲ။’

ချန်ချင်းယွီ မိမိဘာသာ တွေးတောကာ ပျော်ရွှင်နေမိ၏။ သို့သော် မကြာမီမှာပင် လက်ရှိချမှတ်ထားသော အစီအစဉ်များကို ပြန်လည်သုံးသပ်မိပြန်သည်။ ယွီမေကျွမ်း ပြန်မလာသေးသရွေ့ ချန်ချင်းယွီသည် သေချာပေါက် ခရီးထွက်မည် မဟုတ်ပေ။ သူမ ပြန်ရောက်လာသည်နှင့် ချန်ချင်းယွီသည် တောင်ပိုင်းသို့ ချက်ချင်းပင် ထပ်မံသွားရောက်ရန် စီစဉ်ထားပြီး ဖြစ်၏။

သူမကိုယ်တိုင် ဂျင်းဘောင်းဘီ မည်မျှအထိ ရောင်းချခဲ့ရသည်ကို မိမိစိတ်ထဲတွင် အသိဆုံးဖြစ်ရာ ဤတစ်ခေါက်တွင်မူ ထိုပစ္စည်းများကို ထပ်မံယူဆောင်ရန် မရည်ရွယ်တော့ချေ။ စျေးနှုန်းမှာ ယခင်ကဲ့သို့ ထပ်မံ မြင့်တက်လာရန် မလွယ်ကူတော့ပေ။

သို့သော်လည်း ဒီဇိုင်းပုံစံပါသော တီရှပ်များကိုမူ ဆက်လက်ရောင်းချရန်ရှိနေဆဲ ဖြစ်သည်။ ၎င်းပစ္စည်းမှာ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး အားလုံး ဝတ်ဆင်နိုင်သဖြင့် ကန့်သတ်ချက် လုံးဝမရှိဘဲ ဝတ်ဆင်ရသည်မှာလည်း အလွန်လိုက်ဖက်ပြီး လက်တွေ့ကျလှ၏။ ထို့ပြင် ယခုအချိန်တွင် အစိုးရဆိုင်များ၌ ပစ္စည်းဝယ်ယူရန် လက်မှတ်များ လိုအပ်နေသေးသဖြင့် ၎င်းအချက်သည်ပင် တစ်ကိုယ်တော်စီးပွားရေးသမားများအတွက် လွတ်လပ်စွာ ကြီးပွားတိုးတက်စေရန် အခွင့်ကောင်း ဖြစ်နေတော့သည်။

တကယ့်ကို ရာသီဥတု၊ မြေပြင်အနေအထားနှင့် လူသားတို့၏ စည်းလုံးမှုအားလုံး ကိုက်ညီနေခြင်း ဖြစ်၏။

၎င်းအပြင် တီရှပ်များတွင် မြို့ပြ၏ ထူးခြားသော အမှတ်အသားများကို ထည့်သွင်းထားပါက ပိုမိုအရောင်းသွက်နိုင်ပေလိမ့်မည်။

သူမကိုယ်တိုင်ပင်လျှင် ယခင်၌ ရှီချာဟိုင်တွင် ဆိုင်ဖွင့်စဉ်

ဂျင်းဘောင်းဘီနှင့် တီရှပ်အတော်များများကို နယ်မှလာသော ဧည့်သည်များထံ ရောင်းချခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် ခရီးသွားလာရေးလုပ်ငန်းမှာ အလွန်အမင်း ခေတ်မစားသေးသော်လည်း ဤနေရာမှာ မြို့တော်ဖြစ်နေသည် မဟုတ်လော့။

ထို့ကြောင့် ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ တကယ့်ကို ကောင်းမွန်နေခြင်း ဖြစ်၏။

မှောင်ခိုစျေးကွက်ပင်လျှင် သူမကို ယှဉ်နိုင်စွမ်းမရှိချေ။

ချန်ချင်းယွီ တီဗီကို ကြည့်နေသော်လည်း သူမ၏ စိတ်ကူးစိတ်သန်းများမှာမူ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ယခုတစ်ခေါက် တောင်ပိုင်းသို့ သွားရမည့် ခရီးတွင် သူမအနေဖြင့် မိမိစိတ်ကြိုက် တီရှပ်အုပ်စုတစ်စုကို သီးသန့် အော်ဒါမှာယူရန် စဉ်းစားနေမိသည်။ စျေးကွက်ထဲမှ ပစ္စည်းများမှာ အရောင်အသွေးနှင့် ဒီဇိုင်း အလွန်ရိုးရှင်းလွန်းလှရာ၊ မိမိတစ်ဦးတည်းသာ ရှိသည့် ထူးခြားသောပစ္စည်းအဖြစ် အရောင်းသွက်စေရန်အတွက် ကိုယ်ပိုင်အမှတ်အသား ရှိရန် လိုအပ်၏။ ထို့ပြင် အကယ်၍ ကောင်းကောင်းရောင်းရပါက အခြားလူများ လိုက်လံတုပကြလိမ့်မည်ကိုလည်း သူမ သိရှိထားသည်။ သို့သော် ဤခေတ်ကာလတွင် ၎င်းမှာ သဘာဝပင် ဖြစ်၏။ အကယ်၍ ၎င်းမှာ မိမိ၏ ကိုယ်ပိုင်ဒီဇိုင်းဖြစ်သည်ဟု ဆိုကာ သွားရောက်ပြဿနာရှာပါက အပြန်အလှန် အငြင်းပွားမှုများသာ ကြုံတွေ့ရပေလိမ့်မည်။

‘ငါကသာ သူတို့ထက် ပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ကို လျှောက်လှမ်းနိုင်ရင်... အခြားလူတွေက ငါ့ကို ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး။’

“ရှောင်ချန်... နင်က ဘာလို့ မျက်တောင်မခတ်တမ်း ငေးကြည့်နေရတာလဲ”

ချန်ချင်းယွီ : “ကျွန်မ နောက်ရက်ပိုင်းကျရင် ခရီးထွက်မယ့် ကိစ္စကို စဉ်းစားနေတာပါ”

“ရှောင်ချန်ရာ... နင်လည်း မင်းဘာသာမင်း ချမ်းသာအောင် လုပ်မနေပါနဲ့ဦး၊ ဒီက အိမ်နီးနားချင်းတွေကိုလည်း နည်းနည်းပါးပါး လမ်းပြပေးပါဦး၊ ငါတို့လည်း...”

“နင် မျက်နှာပြောင်လှချည်လား။ နင့်ကို လမ်းပြရမယ် ဟုတ်လား။ ဘာလို့ လမ်းပြရမှာလဲ။ နင်က ဘာကောင်မို့လို့လဲ။ နင် လုပ်ချင်ရင် ကိုယ့်ဘာသာကိုယ် မလုပ်တတ်ဘူးလား။ ငါ့ချွေးမက မိုးလင်းကနေ မိုးချုပ်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာဟ။ ဘာဖြစ်လို့ နင်တို့လို ဝန်ထုပ်ဝန်ပိုးတွေကိုပါ လိုက်ပြီး ဆွဲခေါ်ပေးနေရမှာလဲ။ နင် ဘာအိမ်မက်တွေ မက်နေတာလဲ။ ဘယ်သူမဆို စလုပ်တုန်းက ကိုယ့်ဘာသာကိုယ် လမ်းစရှာခဲ့ကြတာချည်းပဲဥစ္စာ။ ငါ့ချွေးမတောင် လုပ်နိုင်တာပဲ၊ နင်တို့လည်း ကိုယ့်ဘာသာကိုယ် လေ့လာစုံစမ်းကြပေါ့”

အဘွားကြီးကျောက်မှာ အနည်းငယ်မျှ အားနာခြင်းမရှိဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း

“ငါ့ချွေးမကို အိမ်ဖော်မလေးလိုမျိုး လာပြီး အမိန့်မပေးကြနဲ့၊ ငါ အဘွားကြီးတောင် သူမကို ဘာမှ အမိန့်မပေးရသေးဘူး၊ နင်တို့က ဘာကောင်မို့လို့လဲ”

“နင်က အမိန့်မပေးတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ နင်က သူ့ပိုက်ဆံတွေကိုပဲ သုံးနေတာလေ”

မည်သူမှန်းမသိသော လူတစ်

ယောက် တိုးတိတ်စွာ ရေရွတ်လိုက်ရာ အဘွားကြီးကျောက်၏ မျက်ခုံးများ ချက်ချင်းပင် ထောင်သွားတော့သည်။

ပိုင်ဖုန်းရှန်း ကြားဖြတ်၍

“ကဲပါ... တော်ကြပါတော့၊ တီဗီပဲ ဆက်ကြည့်ကြရအောင်”

“ဒီနိုင်ငံခြားကားက တော်တော်လေး ကြည့်ကောင်းတာပဲ”

“နိုင်ငံခြားက တကယ့်ကို ဒီလောက်တောင် ချမ်းသာတာကိုး...”

“ဟွန်း... ဒါတွေအားလုံးက ငါတို့ဆီကနေ...”

“ဒီနိုင်ငံခြားသားတွေက တကယ့်ကို လူကောင်းတွေ မဟုတ်ဘူး...”

လူတိုင်း ခေါင်းစဉ်ကို အလျင်အမြန်ပင် ပြောင်းလဲလိုက်ကြတော့သည်။

ယခုအခါ ကဏ္ဍအသီးသီးတွင် လုပ်ငန်းခွင်များ ပြန်လည်လည်ပတ်နေပြီဖြစ်ပြီး စာပေနှင့် အနုပညာကဏ္ဍမှာလည်း ထို့အတူပင် ဖြစ်သော်လည်း၊ အစပျိုးကာစ ဖြစ်သဖြင့် ရုပ်မြင်သံကြားအစီအစဉ်များမှာမူ မှန်းဆထားသလောက် အရှိန်အဟုန်မမြန်ဘဲ အလွန်ရိုးရှင်းလွန်း၏။ ကိုယ်တိုင်ရိုက်ကူးသည့် ဇာတ်လမ်းတွဲများမှာ အလွန်နည်းပါးပြီး ရုပ်ရှင်အချို့ ပြသခြင်းမှအပ နိုင်ငံခြားမှ တင်သွင်းကာ ဘာသာပြန်အသံသွင်းထားသည့် ဇာတ်လမ်းများကိုသာ အဓိက ပြသလေ့ရှိသည်။

ချန်ချင်းယွီ ခေါင်းလေးစောင်းကာ ထိုမြင်ကွင်းကို စိတ်ဝင်တစား လိုက်ကြည့်နေရင်း စိတ်ထဲတွေးကာ ရယ်ချင်ပတ်ကျိ ဖြစ်နေမိ၏။

‘ဟေး... ကြည့်စမ်းဦး၊ ဒီနိုင်ငံခြားသားကြီးက စကားပြောတာ အရှေ့မြောက်ပိုင်း လေယူလေသိမ်းကြီးနဲ့ပါလား။ သေချာပေါက် အရှေ့မြောက်ပိုင်းက ရဲဘော်တွေ အသံသွင်းထားတာပဲ ဖြစ်ရမယ်။’

တီဗီထဲမှ ရွှေဝါရောင်ဆံပင်နှင့် မျက်လုံးပြာပြာရှိသည့် ချောမောလှသော နိုင်ငံခြားသား လူငယ်လေးမှာ နောက်တစ်ဆင့်တွင် “ငါ့မှာ ဝဲသံမပါပါဘူး...” ဟု အရှေ့မြောက်ပိုင်း လေယူလေသိမ်းဖြင့် ထပြောတော့မည့်အတိုင်း ချန်ချင်းယွီ ခံစားနေရသည်။

အမှန်စင်စစ် ယခုခေတ်ကာလတွင် အရှေ့မြောက်ပိုင်းဒေသမှာ အလွန်ချမ်းသာကြွယ်ဝပြီး အဓိက စက်မှုအခြေစိုက်စခန်းကြီးတစ်ခု ဖြစ်၏။ ထိုဒေသ၏ ဆုတ်ယုတ်ပျက်စီးမှုမှာ ကိုးဆယ်ကျော်ကာလ အလုပ်ထုတ်ခံရသည့် လှိုင်းလုံးကြီးများ စတင်ချိန်မှသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်မူ အခြေအနေ အလွန်ကောင်းမွန်နေဆဲ ဖြစ်၏။ သူမ မှတ်မိသလောက်ဆိုလျှင်... ရုတ်တရက်ပင် ချန်ချင်းယွီသည် ခေတ်ဟောင်းနောက်ခံဝတ္ထုများတွင် ပါဝင်လေ့ရှိသည့် မရှိမဖြစ် ချမ်းသာကြွယ်ဝကြောင်း ပြကွက်တစ်ခုကို သတိရသွားတော့သည်။

၎င်းမှာ... ‘ကျွင်းကျစ်လန် ပန်းလှိုင်းလုံးကြီး’ ပင် ဖြစ်၏။

(T/N - 君子兰 လို့ခေါ်ပါတယ် တရုတ်လို နာမည်ပဲထည့်ပေးလိုက်တာ Clivia ပန်းလို့ခေါ်တယ် Brush Lily လို့လည်းခေါ်ကြတယ် မြန်မာနာမည်တော့ မရှိဘူး)

မှန်ပေသည်၊ ကျွင်းကျစ်လန်ပန်းပင် ဖြစ်သည်။

၎င်းမှာ အမျိုးသားဗဟိုပြု ဝတ္ထုများတွင် နာမည်ကြီး ဒါရိုက်တာ နင်ဟောက်ကို မိမိ၏ တပည့်အဖြစ် သေချာပေါက် သိမ်းသွင်းရသကဲ့သို့ပင် ခေတ်ဟောင်းနောက်ခံဝတ္ထုများ၌ အချိန်တိုအတွင်း ပိုက်ဆံအမြန်ရှာလိုပါက ရှစ်ဆယ်စုနှစ်အစောပိုင်းမှ ကျွင်းကျစ်လန်ပန်းကို ချန်လှပ်ထား၍ မရပေ။

သူမ ဝေဝါးဝါး မှတ်မိသလောက်ဆိုလျှင် ထိုလှိုင်းလုံးကြီးမှာ ရှစ်ဆယ်စုနှစ်အစောပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ရှစ်ဆယ်စုနှစ် မတိုင်မီကပင် ကျွင်းကျစ်လန်ပန်းမှာ တော်တော်လေး ရေပန်းစားနေခဲ့ပြီး ဖြစ်သော်လည်း စျေးနှုန်းမှာမူ အလွန်အမင်း ထိုးတက်သွားခြင်း မရှိသေးဟု ဆိုကြသည်။ အကြမ်းဖျင်းအားဖြင့် ၁၉၈၁ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ရမည်။ ထိုအချိန်တွင် အဆင့်မြင့် ကျွင်းကျစ်လန်ပန်းတစ်ပင်လျှင် ယွမ်သောင်းချီအထိ စျေးခေါ်ရဲကြ၏။ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပင် ယွမ်သောင်းဂဏန်းအထိ ရှိလာခြင်းမှာ အဆန်းမဟုတ်တော့ချေ။ စျေးနှုန်းများမှာ တဟုန်ထိုး မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရူးသွပ်မှုလှိုင်းလုံးကြီးတစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အရာရာသည် အထွတ်အထိပ်သို့ ရောက်ပြီးနောက် ဆုတ်ယုတ်ပျက်စီးရမြဲ ဓမ္မတာအတိုင်း၊ ကြီးမားလှသော ပေါက်ကွဲမှုကြီးပြီးနောက် မကြာမီမှာပင် စျေးကွက်ပူဖောင်းကြီး ကွဲအက်သွားကာ ချက်ချင်းပင် ပြန်လည်ညှိုးနွမ်းသွားခဲ့ရ၏။

ချန်ချင်းယွီ ထိုအကြောင်းကို အနည်းနှင့်အများ မှတ်မိနေသည်။ ခေတ်ဟောင်းနောက်ခံဝတ္ထု အတော်များများတွင် ဤကဲ့သို့သော ပြကွက်များ ပါဝင်လေ့ရှိပြီး၊ ကျွင်းကျစ်လန်ပန်းဖြင့် ချမ်းသာကြွယ်ဝလာကြသော်လည်း ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင်မူ ၎င်းပန်းပင်ကို လက်ဖျားနှင့်ပင် မတို့ရဲကြတော့ပေ။

သို့သော် ရှစ်ဆယ်စုနှစ်အစပိုင်း ဤနှစ်အနည်းငယ်အတွင်းမှာမူ သေချာပေါက် အခြေအနေ အလွန်ကောင်းမွန်နေဦးမည် ဖြစ်သည်။

ဤအရာသည် တကယ့်ကို အဆမတန် အမြတ်အစွန်း ကြီးမားလှသော အရာ မဟုတ်လော့။

လူတစ်ဦးချင်းစီ၏ ပျမ်းမျှလစာမှာ မည်မျှသာ ရှိသနည်း၊ ကျွင်းကျစ်လန်ပန်း ဤမျှအထိ စျေးကြီးနေခြင်းမှာ စဉ်းစားကြည့်ရုံနှင့်တင် ကြောက်စရာကောင်းလှ၏။ ၎င်းမှာ ရှေးဟောင်းပစ္စည်းကဲ့သို့ သမိုင်းဝင်အနှစ်သာရ အခြေခံရှိသည်မဟုတ်ရာ၊ စျေးကွက်ပူဖောင်းကြီး ကွဲအက်သွားသည်နှင့် အားလုံး ကုန်ဆုံးသွားမည်သာ ဖြစ်၏။

သို့သော်လည်း ချန်ချင်းယွီ ဤအချက်ကို စဉ်းစားမိသွားသောအခါ စိတ်အားထက်သန်လာမိသည်။ ဤကဲ့သို့သော ပိုက်ဆံရှာရန် အခွင့်အရေးမျိုးကို သေချာပေါက် ဆုပ်ကိုင်ထားရပေမည်။

‘ပိုက်ဆံရမယ့် အခွင့်အရေးရှိနေတာကို မရှာတဲ့လူက အရူးပဲဥစ္စာ။’

မှန်ရုံတင်မကသေး... ရှစ်ဆယ်စုနှစ် နှောင်းပိုင်းတွင် နိုင်ငံတကာ ကုန်သည်များလည်း ရှိသေးသည်။

ရှစ်ဆယ်စုနှစ်နှောင်းပိုင်းမှ ကိုးဆယ်စုနှစ်အစောပိုင်းအထိ နိုင်ငံတကာ ကုန်သည်များ၏ လုပ်ငန်းမှာလည်း တကယ့်ကို အမြတ်အစွန်း ကြီးမားလှပြီး၊ ရုရှားနိုင်ငံဘက်သို့ ပစ္စည်းများကို သယ်ယူပို့ဆောင်ကာ အရောင်းအဝယ် ပြုလုပ်ကြခြင်း ဖြစ်သည်။ နာမည်ကျော်လှသော ‘ပစ္စည်းများနှင့် လေယာဉ်ပျံကို လဲလှယ်ခဲ့သည့် ဖြစ်ရပ်’ ကို လူတိုင်း ကောင်းကောင်း သိကြပေလိမ့်မည်။

သို့သော် ဤအလုပ်မှာ ကျွင်းကျစ်လန်ပန်းနှင့် မတူညီချေ။ ကျွင်းကျစ်လန်ပန်းတွင် စွန့်စားရမှု ရှိသည်ဆိုသော်လည်း ထိုမျှအထိ မကြီးမားလှပေ။ သို့သော် နိုင်ငံတကာ ကုန်သည် လုပ်ရခြင်းမှာမူ စွန့်စားရမှု အလွန်ကြီးမားလှပြီး၊ တရုတ်-ရုရှား ရထားလမ်းပေါ်မှ ဓားပြတိုက်မှုကြီးမှာလည်း ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်ပင် ရိုက်ကူးခြင်း ခံခဲ့ရဖူးသည်။

၎င်းမှာ တကယ့်ကို အန္တရာယ်ကြီးမားလှ၏။

ဤကဲ့သို့သော ပိုက်ဆံမျိုးကိုမူ လက်တွေ့အခြေအနေအပေါ်တွင်သာ မူတည်၍ စဉ်းစားရပေလိမ့်မည်။

သို့သော် ကျွင်းကျစ်လန်ပန်း ကိစ္စကိုမူ သေချာပေါက် လက်လွတ်ခံ၍ မဖြစ်ပေ။

သူမသည် မိမိကိုယ်မိမိ ပါရမီထူးချွန်လှသော ကောင်းကင်ဘုံက ရွေးချယ်ထားသည့်လူတစ်ဦးဟု မသတ်မှတ်ထားချေ။ အချိန်ခရီးသွားပြီး ရောက်ရှိလာသူဖြစ်သည့်တိုင်အောင်၊ တစ်နိုင်ငံလုံးတွင် အမည်စာရင်း ပေါက်လောက်သည့် သူဌေးကြီးတစ်ဦး ဖြစ်လာရန်မှာ မိမိအနေဖြင့် မစွမ်းဆောင်နိုင်ကြောင်း ကောင်းကောင်း သိရှိထားသည်။ လူဆိုသည်မှာ မိမိကိုယ်မိမိ သိနားလည်မှုရှိနေပါက ဘဝကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်သည်သာ…

သူမသည် မိမိကိုယ်မိမိ အလွန်အမင်း ဖိအားပေးရန် မရည်ရွယ်ချေ။ ဘာပဲဖြစ်ဖြစ် ခေတ်ကာလ၏ အခွင့်အရေးကို အမှီပြုပြီး၊ ခေတ်ရေစီးကြောင်း၏ အကျိုးအမြတ်လေးအချို့ကို ခံစားကာ ပိုက်ဆံအနည်းငယ် ရှာဖွေနိုင်ပြီး စားဝတ်နေရေးအတွက် ပူပန်စရာမလိုလျှင်ပင် အလွန်ပျော်ရွှင်စရာ ကောင်းနေခဲ့ပြီ ဖြစ်၏။ မဟုတ်ပါက သူမအနေဖြင့် နောက်ခံအင်အားလည်းမရှိ၊ ထူးကဲလှသော ကိုယ်ပိုင်အရည်အချင်းလည်း မရှိပါဘဲနှင့် မည်သည့်အကြောင်းကြောင့် စီးပွားရေးလောက၏ လှိုင်းတံပိုးများကြားတွင် အပြင်းအထန် ရုန်းကန်နေမည်နည်း။

ထို့ကြောင့် အကျိုးအမြတ်ရှိလျှင် အမြန်ဆုံး ဆုပ်ကိုင်ထားရန်သာ လိုအပ်သည်။

ချန်ချင်းယွီ နှုတ်ခမ်းကို အသာသပ်ရင်း စိတ်ထဲမှ အကြမ်းဖျင်း ဆုံးဖြတ်ချက်ချလိုက်၏။

ဤကျွင်းကျစ်လန်ပန်း လှိုင်းလုံးကြီးတွင် သူမ သေချာပေါက် ခြေတစ်ဖက် ဝင်လှမ်းရပေမည်။

ချန်ချင်းယွီသည် မျက်လွှာချလိုက်မိသည်။ လူတိုင်း တီဗီကို အာရုံစိုက်ကာ အသည်းအသန် ကြည့်နေကြသော်လည်း ချန်ချင်းယွီမှာ စိတ်အာရုံ လုံးဝမရချေ။ သူမသည် နောင်တွင် လုပ်ဆောင်မည့် အစီအစဉ်များကို သေချာစွာ တွေးတောပြီးနောက် စိတ်ထဲတွင် တည်ငြိမ်သွားခဲ့ရ၏။ သူမ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြင်တွင် မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဤကဲ့သို့သော သန်းခေါင်ယံအချိန်မှာ အက်ရှင်ဝင်ရန် တကယ့်ကို အသင့်တော်ဆုံး အချိန်ပင် ဖြစ်၏။

ယနေ့ညတွင် သူမ၌ လုပ်ဆောင်ရမည့် ကိစ္စကြီး ရှိနေသေးသည် မဟုတ်လော့။

ချန်ချင်းယွီ တီဗီကို အလွန်အာရုံစိုက်၍ ကြည့်နေပုံရသော်လည်း ဇာတ်လမ်းအသွားအလာမှာ မည်သို့ရှိသနည်းဆိုသည်ကို

သူမ တစ်ခုမျှ မှတ်မိခြင်း မရှိခဲ့ချေ။

သို့သော်လည်း ရုပ်မြင်သံကြားအစီအစဉ်များ ပြီးဆုံးသွားသည်နှင့်အမျှ လူတိုင်း တစ်ယောက်တစ်လှည့်ဖြင့် ပြန်လည်ထွက်ခွာသွားကြပြီး၊ ဇာတ်လမ်းအကြောင်းအရာများကို မြိန်ရေရှက်ရေ ပြောဆိုရင်း မိမိတို့အိမ်များလည်း ပိုက်ဆံလေး ချွေတာပြီး တီဗီတစ်လုံး ဝယ်နိုင်မလားဟု တွေးတောနေကြတော့သည်။

အထူးသဖြင့် မာနကြီးကြသည့် မိသားစုအချို့ဆိုလျှင် မူလ၌ မိမိတို့မှာ ဝင်းအတွင်း အထက်တန်းလွာများ ဖြစ်ကြသော်လည်း၊ ယခုအခါတွင်မူ အဘွားကြီးကျောက်ကဲ့သို့သော အဘွားကြီးအိုထက်ပင် မသာလွန်နိုင်တော့သဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြရ၏။

‘ငါတို့က ဒီအဘွားကြီးရဲ့ အောက်ကို အကျခံရတော့မှာလား။’

ထို့ကြောင့် အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ဦးချင်းစီက စတင်၍ တွက်ချက်ကြတော့သည်။

ရွှီကောင်းမင် လှမ်းမေးကာ

“မိန်းမ... ငါတို့အိမ်မှာ စုငွေ ဘယ်လောက် ကျန်သေးလဲ”

ရှီကျန့်ရှန်း :“ဘာဖြစ်လို့လဲ။ ရှင် ဘာလုပ်မလို့လဲ။ အိမ်မှာ ယွမ် ရာဂဏန်းအချို့ ရှိတယ်၊ ကျန်တာတွေကိုတော့ ဘဏ်ထဲမှာ အပ်ထားတယ်”

ရွှီကောင်းမင်သည် အဆင့်ရှစ် အလုပ်သမားတစ်ဦးဖြစ်ရာ၊ လစာနှင့် အခြားသော ထောက်ပံ့ကြေးမျိုးစုံ ပေါင်းလိုက်ပါက တစ်လလျှင် ဝင်ငွေ ယွမ် ရာကျော် ရှိနေပြီ ဖြစ်သည်။ သူသည် ဝင်းတစ်ခုလုံးတွင် အခြေအနေ အကောင်းဆုံး မိသားစု ဖြစ်၏။ သားအငယ်ဆုံး မိသားစုနှင့် အတူတူ နေထိုင်ကြသော်လည်း သားဖြစ်သူဇနီးမောင်နှံနှစ်ဦးစလုံးမှာ အလုပ်ရှိကြသဖြင့် ရွှီကောင်းမင်ဘက်မှ ငွေကြေး ထောက်ပံ့ပေးရန် သိပ်မလိုအပ်ချေ။

ရွှီကောင်းမင်တို့ မိသားစုသည် အဘွားကြီးကျောက်တို့ မိသားစုကဲ့သို့ ကောင်းကောင်းမွန်မွန် စားသောက်လေ့မရှိသဖြင့် လစဉ် ပိုက်ဆံအတော်များများ စုမိကြသည်။

“ငါ တီဗီတစ်လုံး ဝယ်ချင်လို့”

“ဘာပြောတယ်... ဒါ... ဒါက...”

ရှီကျန့်ရှန်းတစ်ယောက် စိတ်လှုပ်ရှားသွားတော့သည်။ သားအငယ်ဆုံး ရှောင်စန်းလည်း ဝူးခနဲ ပြေးဝင်လာပြီး

“အဖေ... အဖေက တီဗီဝယ်မလို့လား၊ တကယ်လား။ တကယ်ကြီးလားအဖေ။ ကျွန်တော်တို့အိမ်ကလည်း ကာလာတီဗီ ဝယ်မှာလား။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့အိမ်က စောစောစီးစီး ဝယ်သင့်တာ။ အဖေက အဆင့်ရှစ်အလုပ်သမားပဲ၊ ဒီဝင်းထဲမှာ အတော်ဆုံးထဲက တစ်ယောက်လေ၊ ဘာဖြစ်လို့ အဘွားကြီးကျောက်ကို အသာစီး ပေးထားရမှာလဲ။ ကျွန်တော့်အထင်တော့ အိမ်က...”

“တော်စမ်း... တော်စမ်း၊ မင်းက ဘယ်နေရာမဆို ပါတာပဲ။ တီဗီဝယ်မယ်ဆိုရင်တောင် ငါတို့အိမ်က အဖြူအမည်းပဲ ဝယ်မှာ။ သူ့ရဲ့ အဲဒီကာလာ တီဗီက ယွမ် သုံးထောနီးပါးလောက် ပေးရတာဟ။ မင်း ရူးနေလို့လား။ ဒီလောက် စျေးကြီးတာကို ဝယ်ရအောင်.. ငါတို့ ဘဝကို ဆက်ပြီး မရှင်သန်တော့ဘူးလား”

“အော်...”

“ဒါပေမဲ့ အဖြူအမည်းဆိုရင်လည်း ကောင်းတာပါပဲ၊ ကျွန်မတို့အိမ်မှာ တီဗီတစ်လုံးရှိရင် သူများအိမ်ကို သွားပြီး မျက်နှာငယ်ခံ ကြည့်နေစရာ မလိုတော့ဘူးပေါ့”

သားအငယ်ဆုံး၏ ဇနီးလည်း လက်ကလေးပွတ်ရင်း ဆိုသည်။

ရွှီကောင်းမင် : “နင်ပြောတာ ဟုတ်တယ်။ ငါလည်း အဲဒီလိုပဲ တွေးထားတာ။ ငါတို့ ပထမဆုံး မဖြစ်နိုင်ရင်တောင် ဒုတိယမြောက်တော့ ဖြစ်နိုင်တာပဲ”

“ဟုတ်ပါ့ ဟုတ်ပါ့”

ရွှီကောင်းမင် : “ရှောင်စန်း... မင်းသွားပြီး တီဗီဝယ်ဖို့ လက်မှတ်အကြောင်း စုံစမ်းလိုက်ဦး၊ အမြန်ဆုံး ဝယ်နိုင်အောင် လုပ်ရမယ်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါအဖေ... အော်... ကျွန်တော် သိတယ်၊ ဟို အိမ်ရှေ့ဝင်းက ရှောင်ထောင်းလေ၊ သူက လက်မှတ်တွေကို အရောင်းအဝယ် လုပ်နေတာ။ သူ့ကို သွားမေးလိုက်မယ်”

ရှောင်စန်း အသံကို တိုးလိုက်ရင်း

“ကျွန်တော် သိထားတာတော့... အဘွားကြီးကျောက်တို့ရဲ့ လက်မှတ်အချို့ကလည်း ရှောင်ထောင်းဆီကနေ ဝယ်တာ”

ရှီကျန့်ရှန်း ငေါက်ငမ်းလိုက်ကာ

“နင်က ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက် ပုံစံမျိုး လုပ်နေရတာလဲ။ အဲဒါကို ငါလည်း သိတယ်၊ လူတော်တော်များများလည်း သိကြတာပဲဥစ္စာ”

ရှောင်စန်း မျက်လုံးအပြူးသားဖြင့်

“အမေတို့ အကုန်လုံး သိနေကြပြီလား”

ရှီကျန့်ရှန်း : “အဲဒါ ဘာဆန်းလို့လဲ။ အဒေါ်ကြီးမေ့ကလည်း ဖုံးကွယ်ထားတာမှ မဟုတ်တာ”

ရှောင်စန်း : “...”

လူပြက်က ငါကိုယ်တိုင် ဖြစ်နေပါလား...

ရှီကျန့်ရှန်း : “တီဗီလက်မှတ်အကြောင်းကို ငါလည်း စုံစမ်းထားလိုက်မယ်၊ ငါတို့အိမ်လည်း အမြန်ဆုံး ဝယ်ကြတာပေါ့”

သူမအနေဖြင့်လည်း အဘွားကြီးကျောက်၏ နောက်တွင် အလွန်အမင်း ကျန်ရစ်ခဲ့၍ မဖြစ်ပေ။

တန်းတူ အဘွားကြီးတွေချည်းပဲဟာကို ဘာဖြစ်လို့လဲ…သူမမှာ ရွှေဆွဲကြိုး မရှိတာကို ထားလိုက်ပါတော့... တီဗီတောင် မရှိဘဲ သူများမျက်နှာကြည့်ပြီး သွားကြည့်နေရတာက…

စဉ်းစားကြည့်ရုံနှင့်တင် စိတ်ဆင်းရဲစရာ ဖြစ်၏။ မိမိအိမ်မှာ တစ်လုံးရှိနေလျှင် အဖြူအမည်းဖြစ်ပါစေဦးအလွန်ကောင်းမွန်လှပေသည်။

“ငါတို့အိမ်လည်း ၁၂ လက်မပဲ ဝယ်မယ်”

“ဒါပေါ့၊ ၉ လက်မကတော့ အရမ်းသေးလွန်းတယ်”

မိသားစုတစ်ခုလုံးသည် စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးနေကြတော့၏။

ထို့အတူပင် မာကျန့်ယီတို့ မိသားစုအတွင်း၌လည်း ဤအကြောင်းအရာကို ဆွေးနွေးနေကြသည်။ ဝင်းတစ်ခုလုံးတွင် အစောဆုံး ဆိုင်ထွက်ခဲ့ကြသည့် မိသားစုများထဲမှ တစ်ခုဖြစ်သလို၊ စတင်ချိန်တွင်လည်း မိဘများ တခဲနက် ထောက်ခံအားပေးကာ ငွေကြေးအရင်းအနှီးပါ ကူညီပေးခဲ့ကြသဖြင့် ချိုက်မင်မင်သည်လည်း မိမိတို့မိသားစုအတွက် မျက်နှာပန်းလှစေချင်သည်။

“ကျွန်မတို့လည်း တီဗီတစ်လုံးလောက် ဝယ်ရအောင်၊ ပိုက်ဆံကို ကျွန်မ စိုက်ထုတ်မယ်”

“ဘာပြောတယ်”

မိသားစုတစ်ခုလုံး အကြည့်များမှာ တစ်ပြိုင်နက်တည်း ချိုက်မင်မင်

ထံသို့ ရောက်သွားကြ၏။

ချိုက်မင်မင် ထပ်လောင်းပြောလိုက်ကာ

“ကျွန်မတို့လည်း တစ်လုံးလောက် ဝယ်ရအောင်လေ။ ကျွန်မတို့ ပိုက်ဆံရှာတယ်ဆိုတာ ကောင်းကောင်းမွန်မွန် နေထိုင်ဖြတ်သန်းချင်လို့ပဲဥစ္စာ။ အခြားအိမ်တွေ ဝယ်နိုင်ရင် ကျွန်မတို့လည်း ဝယ်ရမှာပေါ့။ ပိုက်ဆံကို ကျွန်မ ပေးမယ်၊ ကာလာ တီဗီတစ်လုံးပဲ ဝယ်လိုက်ရအောင်”

“မဖြစ်ပါဘူး၊ မဖြစ်ပါဘူး... အဲဒါက အရမ်းစျေးကြီးလွန်းတယ်။ ညည်းရဲ့ ပိုက်ဆံတွေကို အဲဒီလို အကုန်အကျ မခံခိုင်းနိုင်ပါဘူး”

“ဟုတ်တယ် ယောင်းမရယ်၊ ကာလာ တီဗီတစ်လုံးကို ယွမ် သုံးထောင်ကျော်တောင် ပေးရတာ။ ကျွန်မအမြင်တော့ တကယ်ကို မလိုအပ်ပါဘူး။ ဝယ်မယ်ဆိုရင်တောင် အဖြူအမည်းတစ်လုံးပဲ ဝယ်ကြတာပေါ့။ ယောင်းမခမျာ ပင်ပင်ပန်းပန်း လုပ်ကိုင်ထားရတာကို၊ ယွမ် သုံးထောင်ဆိုတာ တကယ့်ကို မတွေးရဲစရာပဲ။ ရှာသမျှ ပိုက်ဆံတွေကို တီဗီတစ်လုံးတည်းနဲ့ အကုန်မခံပါနဲ့ဦး”

ပိုင်ဖုန်းရှန်းရော သူမ၏ သမီးဖြစ်သူပါ လုံးဝသဘောမတူကြပေ။

ချိုက်မင်မင် : “ဒါပေမဲ့ ကျွန်မကတော့ အကောင်းဆုံးဖြစ်အောင် တစ်ခါတည်း အပြတ်အသတ် လုပ်ချင်တာ”

“အဲဒီလို လုပ်ဖို့ မလိုပါဘူး”

မာကျန့်ယီ ကြားဖြတ်ကာ

“ယွမ် ထောင်ဂဏန်းဆိုတာ တခြားနေရာတွေမှာ အများကြီး အသုံးချလို့ရသေးတာ။ ငါ့အမြင်တော့ တကယ်ကို မလိုအပ်ပါဘူး။ ဝယ်ချင်တယ်ဆိုရင်လည်း အဖြူအမည်းတစ်လုံးပဲ ဝယ်ကြတာပေါ့။ အဓိကက အပန်းဖြေဖို့ပဲဟာ၊ ကြွားဝါဖို့မှ မဟုတ်တာ။ ပိုက်ဆံကို နောက်တစ်ခေါက် ပစ္စည်းသွင်းဖို့အတွက် စုထားလိုက်ပါ။ ဒီအရောင်းအဝယ်က ဆက်လုပ်သွားရဦးမှာ။ ဒီလိုအရာမျိုးပေါ်မှာ ပိုက်ဆံတွေကို အလဟဿ အကုန်မခံပါနဲ့”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ၊ အဖေ့စကားအတိုင်းပဲ လုပ်ပါ့မယ်”

မာကျန့်ယီ : “ငါတို့အတွက် အဖြူအမည်းတစ်လုံးဆိုရင်ပဲ လုံလောက်ပါပြီ”

ထိုစဉ် မာကျန်း မိသားစုဝင်များကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ညီမဖြစ်သူဘက်သို့ လှည့်ကာ

“တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ တစ်လလောက်ပဲ လိုတော့တယ်၊ နင် ယုံကြည်မှု ရှိရဲ့လား”

မာရှောင်မေ့ နှုတ်ခမ်းကို အသာစေ့ရင်း၊ အနေခက်သလို တစ်ချက်ပြုံးလိုက်ပြီး တိုးတိတ်စွာ“သမီး... သမီး...” ဟု ဆိုကာ စကားအစရှာမရ ဖြစ်နေသည်။

“အမှန်အတိုင်းပဲ ပြောစမ်းပါ”

မာရှောင်မေ့ : “သမီး ရဲ့ ကျောင်းကအမှတ်တွေက သာမန်ပါပဲ။ အောင်မှာမဟုတ်ဘူးလို့ ထင်တယ်”

သူမသည် အမှန်တကယ်ပင် ကြိုးစားအားထုတ်ခဲ့သော်လည်း ဒုတိယ အစ်မနှင့်မူ ယှဉ်နိုင်စွမ်းမရှိချေ။

သူမ၏ ဒုတိယ အစ်မတစ်ဦးတည်းသာလျှင် မွေးရာပါ ဉာဏ်ပညာထက်မြက်ပြီး စာပေထူးချွန်သူ ဖြစ်သည်။ အခြားလူများမှာမူ တစ်ဆင့်နိမ့်သည်ဟု ဆိုရမည်ဖြစ်ရာ၊ ပြင်ပလူများနှင့် ယှဉ်လျှင် တော်သည်ဟု သတ်မှတ်နိုင်သော်လည်း လက်တွေ့တွင်မူ ထူးထူးချွန်ချွန်ကြီး မဟုတ်ကြချေ။

“သမီး စာမေးပွဲမအောင်ရင်လည်း နောက်တစ်နှစ် ထပ်ဖြေဖို့ စိတ်ကူးမရှိတော့ဘူး။ သမီး အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ တကယ်ကို ခက်ခဲလွန်းလို့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်။ အကယ်၍ မအောင်ခဲ့ရင် အလုပ်တစ်ခုခု ရှာမယ်၊ ဒါမှမဟုတ် ဘာမှအဆင်မပြေရင်လည်း တစ်ကိုယ်တော်စီးပွားရေးပဲ လုပ်တော့မယ်။ ယောင်းမ... သမီးကိုပါ ခေါ်ပြီး လမ်းပြပေးလို့ရမလား”

မာရှောင်မေ့ မျှော်လင့်တကြီး မေးလိုက်သည်။

“ရတာပေါ့”

ချိုက်မင်မင် ချက်ချင်းပင် သဘောတူလိုက်၏။

“ဘာရတာပေါ့လဲ၊ နင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်”

မာကျန်း ဝင်ပြောကာ

“နင်က နင့်ယောင်းမလိုမျိုး ပင်ပန်းခံနိုင်ပြီး အားကိုးရတဲ့လူလည်း မဟုတ်ဘူး၊ ပြီးတော့ သူမလိုမျိုး အရေထူတာမျိုးလည်း မရှိဘူး... ငါ့ကို အဲဒီလို လာမကြည့်နဲ့၊ ငါက နင့်ကို နှိမ်တာမဟုတ်ဘူး၊ အမှန်အတိုင်း ပြောပြနေတာ။ လမ်းဘေးမှာ ဆိုင်ဖွင့်ဖို့ဆိုတာ တကယ့်ကို သံမဏိလို စိတ်ဓာတ်မျိုး ရှိဖို့လိုတယ်၊ မဟုတ်ရင် နေ့တိုင်း ဒုက္ခရောက်လိမ့်မယ်။ နင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး”

မာကျန်း တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်၍

“အဖေနဲ့ အမေ... အမှန်တော့ အငယ်လေး ဒီတစ်ခေါက် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်ခဲ့ရင်၊ အငယ်လေးကို ကျွန်တော့်ရဲ့ အလုပ်နေရာမှာ အစားဝင်ခိုင်းဖို့ စဉ်းစားထားတာ ရှိပါတယ်။ ဒီနေ့ စကားစပ်မိတာနဲ့ပဲ အားလုံးကို မဖုံးကွယ်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာပါ”

“ဘာပြောတယ်...”

ချိုက်မင်မင်မှအပ အားလုံး ထိတ်လန့်အံ့ဩသွားကြပြီး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ချိုက်မင်မင်မှာ အလွန်အမင်း အံ့ဩပုံမပြရာ၊ သူတို့နှစ်ဦး ကြိုတင်တိုင်ပင်ထားပြီးဖြစ်ကြောင်း ထင်ရှားလှပေ၏။

မာကျန်း : “ကျွန်တော့်ရဲ့ လက်ရှိအလုပ်က တကယ်ကို ပျင်းစရာကောင်းလှချေရဲ့။ ပြီးတော့ ကျွန်တော့်လို ယောက်ျားရင့်မကြီးတစ်ယောက်က ကျောင်းမှာပဲ တစ်နေကုန် အောင်းနေရတာက တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် ဇနီးနဲ့အတူတူ ဆိုင်ထွက်ချင်တယ်။ အခုအချိန်မှာ သူမ တစ်ယောက်တည်း ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာဆိုတော့ နှစ်ယောက်အတူတူ ရှိနေရင် အချင်းချင်း အားကိုးလို့ရပြီး ပိုကောင်းတာပေါ့။ အကယ်၍ ညီမလေးက ကျွန်တော့်ရဲ့ အလုပ်နေရာကို ဆက်ခံလိုက်ရင် သူမအတွက်လည်း အတည်တကျ အလုပ်တစ်ခု ရသွားမယ်၊ ကျွန်တော်လည်း မိမိဝါသနာပါတာကို လုပ်ခွင့်ရမယ်။ တစ်ဖက်ကလည်း မိန်းမရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီလျှော့ချပေးရာ ရောက်တာပေါ့”

“နင်... နင်ကတော့လေ”

မာကျန့်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။

“မဖြစ်ပါဘူး... မဖြစ်ပါဘူး အစ်ကို၊ ညီမက ဘယ်လိုလုပ်ပြီး အစ်ကို့ရဲ့ အလုပ်နေရာကို ယူရမှာလဲ။ ညီမ...”

“ငါပြောတာကိုပဲ နားထောင်စမ်းပါ။ ငါ ဒါကို လုပ်တာက နင့်အတွက်ချည်းပဲ မဟုတ်ပါဘူး။ ငါကိုယ်တိုင်လည်း လမ်းဘေးမှာ ဆိုင်ထွက်ရတာကို သဘောကျလို့ပါ၊ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဥစ္စာ...”

ကျန်ရှိသော မိသားစုဝင်များ : “...”

မာကျန်း :“နင်လို မိန်းကလေးတစ်ယောက်အတွက် ဒီအလုပ်ကို ဆက်ခံတာက တကယ့်ကို ကောင်းပါတယ်။ ဆရာမလုပ်ရတာက အခြေအနေ အတည်တကျ ရှိတယ်လေ။ မဟုတ်ရင် နင် တခြားဘယ်နေရာမှာ အလုပ်သွားရှာမလဲ။ အခုခေတ်မှာ အလုပ်ရှာရတာ လွယ်ကူတယ်လို့ ထင်နေလို့လား”

သူ ထပ်လောင်းပြောဆိုလိုက်သည်။

“ဒါပေမဲ့... ဒါပေမဲ့ သမီးက ကျောင်းသားတွေကို လမ်းမှားအောင် သွန်သင်မိမှာ စိုးရိမ်လို့ပါ...”

“ငါတို့ကျောင်းက ဆရာ၊ ဆရာမ အတော်များများကလည်း အထက်တန်းအောင်ရုံနဲ့ လုပ်နေကြတာပဲ၊ တက္ကသိုလ်ဘွဲ့ရ ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ ဒါက အတိတ်က အစဉ်အဆက် လာခဲ့တဲ့ ကိစ္စမို့လို့ပါ။ နောက်ပိုင်းဝင်မယ့်သူတွေကတော့ ဘွဲ့တစ်ခုခု လိုအပ်မှာ သေချာပေမဲ့၊ အခုလောလောဆယ်တော့ နင့်ရဲ့ ပညာအရည်အချင်းနဲ့တင် လုံလောက်ပါတယ်။ ဒါ့အပြင် နင်က သီချင်းလည်း ကောင်းကောင်းဆိုတတ်တာပဲ၊ ဂီတဆရာမ လုပ်လို့ရတာပေါ့။ အကယ်၍ နင် အစားဝင်မယ်ဆိုရင် ငါ ကျောင်းအုပ်ကြီးနဲ့ သွားရောက်စကားပြောပေးပါ့မယ်။ အကယ်၍ အဓိကဘာသာရပ်တွေကို မသင်ကြားနိုင်ရင်တောင် အရန်ဘာသာရပ်တစ်ခုခုကို သင်ကြားလို့ရတာပဲ၊ ဒါက ဘာမှ ပြဿနာမရှိပါဘူး”

“အော်...”

“ဒါဆိုရင် ဒီအတိုင်းပဲ အတည်ပြုလိုက်ပြီနော်”

မာကျန်းသည် အစီအစဉ် အောင်မြင်သွားသဖြင့် ဝမ်းသာအားရ ဖြစ်နေတော့၏။

မာကျန့်ယီသည် မိမိ၏ သားဖြစ်သူ ဤမျှအထိ စိတ်လိုက်မာန်ပါ လုပ်တတ်သည်ကို ကြည့်ရင်း၊ ယခင်၌ ကျေးလက်ဒေသသို့ သွားရောက်ရန် ဇွတ်အတင်း အော်ဟစ်ခဲ့ဖူးသည့် အတိတ်ကို မတွေးဘဲ မနေနိုင်တော့ချေ။ သူ၏ နှုတ်ခမ်းများ အသာအယာ တွန့်လိမ်သွားမိသော်လည်း မကြာမီမှာပင် ထပ်မံ၍ ကန့်ကွက်ခြင်း မပြုတော့ပေ။

“မင်းတို့က ကလေးတွေ မဟုတ်ကြတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ တိုင်ပင်ပြီး ဆုံးဖြတ်ကြပေါ့”

“ဟဲဟဲ”

“ကဲ... ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီနော်။ အော်... ဒါနဲ့ အဖေ၊ အဖေ့ရဲ့ လုပ်ငန်းခွင်ကနေ တီဗီလက်မှတ် တစ်စောင်လောက် သွားတောင်းပေးလို့ရမလား။ ကျွန်တော်တို့ ကာလာ တီဗီ မလိုပါဘူး၊ အနည်းဆုံးတော့ ၁၂ လက်မ အဖြူအမည်းတစ်လုံးလောက် ဆိုရင်ပဲ...”

“ရတာပေါ့...”

ထို့အတူပင် ယွမ်မိသားစုအတွင်း၌လည်း တီဗီဝယ်ယူမည့်ကိစ္စကို ဆွေးနွေးနေကြသည်။

ကွမ်ထင်းထင်း : “ကျွန်မတော့ ဂရုမစိုက်ဘူး၊ ဝယ်ရင်လည်း ကာလာ တီဗီပဲ ဝယ်မယ်၊ မဝယ်ရင်လည်း နေလိုက်တော့။ အဖြူအမည်းက ဘာလုပ်ဖို့လဲ”

“အရမ်းစျေးကြီးလွန်းတယ်...”

ယွမ်ဟောက်ဖုန်း ဆိုရင်း မိဘများကို လှမ်းကြည့်လိုက်သည်။

“ငါတို့မိသားစုမှာ အလုပ်လုပ်တဲ့လူတွေ အများကြီးရှိတာပဲ၊ ဝင်ငွေလည်း မနည်းဘူး။ အဖြူအမည်းဝယ်ရင် မျက်နှာပန်းမလှဖြစ်လိမ့်မယ်။ ငါလည်း ထင်းထင်းပြောတာကို သဘောတူတယ်၊ အဖြူအမည်းဝယ်တာက နည်းနည်း ရှက်စရာကောင်းတယ်။ ကာလာ တီဗီပဲ ဝယ်ကြစို့။ အခု ငါတို့အိမ်ကလူတွေ အားလုံး အလုပ်လုပ်နေကြတာပဲ၊ အားလုံး ဝိုင်းထည့်ကြပေါ့။ ငါနဲ့ နင့်အဖေက အချို့စိုက်ထုတ်မယ်၊ ဟောက်ဖုန်းနဲ့ ဟောက်ရွှယ်တို့ကလည်း တစ်ယောက်နည်းနည်းစီ ဝိုင်းစိုက်ကြ”

ကျောက်ရုံ အဆိုပြုလိုက်သည်။

“ဟင်...”

“မေမေ... သမီးက ဘယ်ကနေ ပိုက်ဆံရမှာလဲ...”

ယွမ်ဟောက်ရွှယ်သည် ပိုက်ဆံမထည့်ချင်သဖြင့် ငြင်းဆန်လိုနေ၏။

“လာပြီး ဆင်ခြေမပေးနဲ့... ညည်းဆီကနေ အိမ်လစာစရိတ် ယွမ်အနည်းငယ်ပဲ တောင်းတာ။ အိမ်မှာ တီဗီရှိလာရင် ညည်းက မကြည့်ဘဲ နေမှာမို့လို့လား။ ညည်း ယွမ်ငါးရာ စိုက်ထုတ်ရမယ်...”

ယွမ်ဟောက်ရွှယ် : “ဟင်... သမီးမှာမှ မရှိ...”

“ဘာလို့မရှိရမှာလဲ... တစ်လကို အိမ်စရိတ် ယွမ်တစ်ဆယ့်ငါးပဲ ပေးရတာ၊ တခြားဘယ်အိမ်က ညည်းထက် သက်တောင့်သက်သာ နေရလို့လဲ။ မိန်းကလေးတွေဆိုတာ ဝင်ငွေရှိရင် အိမ်ကို အကုန်အပ်ရတာပဲ၊ ငါက ညည်းဆီကနေ ဘာတွေများ အပိုတောင်းဖူးလို့လဲ”

“ယွမ်တစ်ဆယ့်ငါးဆိုတာလည်း နည်းတာမှ မဟုတ်တာ...”

မိသားစုတစ်ခုလုံး အပြင်းအထန် ငြင်းခုံဆွေးနွေးကြတော့၏။

၎င်းညသည် မိုးဖွဲဖွဲလေးများ ရွာသွန်းလျက် လေပြင်းထန်နေသည့် မှောင်မိုက်သော ညတစ်ည ဖြစ်သည်။ ချန်ချင်းယွီသည် ဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်အထိ စောင့်ကြည့်ပြီးနောက်၊ ခြေဖွဖွနင်း၍ အပြင်သို့ ထွက်လာခဲ့ကာ ထောင့်ချိုးမှတစ်ဆင့် အမိုးကြီးအတိုင်း ဆင်းသွားခဲ့၏။ ယခုတစ်ခေါက်တွင်မူ သူမသည် စွန့်စားမှုကို လျှော့ချရန်အတွက် တံခါးကို လုံးဝအသုံးမပြုခဲ့ပေ။

အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သော ချန်ချင်းယွီသည် တံခါးမကြီးကို လျင်မြန်စွာ ကျော်ဖြတ်၍ အပြင်သို့ လျှို့ဝှက်စွာ ထွက်ခွာလာခဲ့သည်။ သူမသည် ဆာလာအိတ်မိုးကာကို လွှမ်းခြုံလိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။

‘ဟူး... မိုးကလည်း ရွာနေတယ်...’

သူမအနေဖြင့် သရဲတစ္ဆေအဖြစ် ဟန်ဆောင်မကစားခဲ့ရသည်မှာ ရက်အနည်းငယ်ခန့် ရှိပြီဖြစ်သည်။ ချန်ချင်းယွီ အိမ်ဟောင်းရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ပြီး သူမ၏ မြွေအိတ်ကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထိုမြွေများသည် တကယ့်ကို ဇွဲကောင်းလှရာ ဘာမှမဖြစ်ဘဲ အကောင်းပကတိ ရှိနေဆဲ ဖြစ်၏။ ချန်ချင်းယွီ အိတ်ကိုထမ်းကာ ချန်ရိကျွင်းတို့ မိသားစုဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ညနက်သန်းခေါင်အချိန် ဖြစ်သဖြင့် လူတိုင်း မီးပိတ်ကာ အိပ်မောကျနေကြပြီ ဖြစ်၏။ ချန်ချင်းယွီသည် နံရံကို လှမ်းကြည့်လိုက်ရာ မိုးရေကြောင့် အနည်းငယ် ချောနေသော်လည်း ဂရုစိုက်ပါက အဆင်ပြေနိုင်မည်ဟု တွေးတောလိုက်သည်။ သူမ တွန့်ဆုတ်မနေဘဲ အပေါ်သို့ လျင်မြန်စွာ ပြန်လည်

တွယ်တက်သွားခဲ့၏။

‘စပိုက်ဒါမန်း လုပ်ရတာ တကယ့်ကို မလွယ်ကူပါလား...’

သူမသည် ရေပိုက်လိုင်းများကို မြဲမြံစွာ ကိုင်လှုပ်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်လိုက်ပြီးနောက်၊ လက်တစ်ဖက်မှ မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်သော အိတ်ကြီးကို ဖြေလွှတ်လိုက်သည်။ ထို့နောက် ၎င်းအိတ်ဖြင့် မှန်ပြတင်းပေါက်ကို အရှိန်အဟုန်ဖြင့် လွှဲရိုက်လိုက်ရာ… ‘ခွမ်း...’ ဟူသော အသံကြီး ပေါ်ထွက်လာတော့၏။ မှန်ကွဲသွားသည့် အသံနှင့်အတူ ချန်ချင်းယွီသည် ပွင့်သွားသော အိတ်ကို အခန်းထဲသို့ ပစ်သွင်းလိုက်ရာ၊ အထဲ၌ ရှိနေသော တစ်ဝက်သေလုနီးပါး ဖြစ်နေသည့် မြွေငယ်လေးများသည် တစ်ခဏချင်းအတွင်းမှာပင် ဘေးပတ်ပတ်လည်သို့ ပါးစပ်ဟ၍ လျင်မြန်စွာ ထွက်ပြေးသွားကြတော့သည်။

မိုးအုံ့၍ ရွာသွန်းနေသော နေ့တစ်နေ့ ဖြစ်သဖြင့် ကောင်းကင်တွင် လနှင့် ကြယ်တာရာများ လုံးဝမရှိသလောက်ပင် ဖြစ်၏။ မှန်ပြတင်းပေါက် ကွဲအက်သွားချိန်တွင် ချန်ရိကျွင်းနှင့် သူ၏ ဇနီးဖြစ်သူတို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။ ချန်ချင်းယွီ မြွေများကို အခန်းထဲသို့ အမြန်ဆုံး ပစ်သွင်းလိုက်ပြီးနောက် စူးရှလွန်းလှသောအသံဖြင့် အော်ဟစ်ကာ

“ချန်ရိကျွင်း... ချန်ရိကျွင်း၊ ငါ့အသက်ကို ပြန်ပေးစမ်း... ချန်ရိကျွင်း၊ ငါ့အသက်ကို ပြန်ပေးစမ်း...”

ညနက်သန်းခေါင်အချိန်တွင် ချန်ရိကျွင်းသည် လန့်နိုးလာခဲ့ပြီး ကြောက်လန့်တကြားဖြစ်ကာ အသက်ပင် ရပ်မတတ် ခံစားလိုက်ရသည်။ သူ ဆေးရုံမှ ဆင်းလာသည်မှာ မကြာသေးမီက ဖြစ်သော်လည်း ယခုအခါ ထိုသရဲမသည် ထပ်မံ၍ ရောက်ရှိလာပြန်ပြီ ဖြစ်၏။

သူမ တကယ်ကြီး ပြန်လာခဲ့ပြီ.........

ယခုတစ်ခေါက်တွင်မူ သူသည် အိပ်ရာမှ မထဝံ့တော့ဘဲ စောင်ကိုသာ မြဲမြံစွာ ဆုပ်ကိုင်လျက် စောင်ပုံထဲသို့ တိုးဝင်ကာ ပုန်းအောင်းနေမိတော့သည်။

“ချန်ရိကျွင်း... ချန်ရိကျွင်း...”

ချန်ချင်းယွီ သူမ၏ လည်ချောင်းကွဲမတတ် အော်ဟစ်နေခဲ့၏။ သူမသည်လည်း သရဲရုပ်ရှင်များကို ကြည့်ဖူးထားသူဖြစ်ရာ၊ တမင်တကာပင် အသံကို ပိုမိုစူးရှ၍ ထူးဆန်းစက်ဆုပ်ဖွယ်ကောင်းအောင် ပြုလုပ်လျက်

“ငါ့အသက်ကို ပြန်ပေး၊ ငါ့အသက်ကို ပြန်ပေး... ချန်ရိကျွင်း၊ ဝေရှု့ဖန်း နင်တို့ လင်မယား ခွေးတိရစ္ဆာန်နှစ်ကောင်... ငါ့အသက်ကို ပြန်ပေးစမ်း... ပြန်ပေးစမ်း...”

ချန်ချင်းယွီ လက်ကို မြှောက်လိုက်ပြီး အိပ်ခန်းအတွင်း ကျန်ရှိနေသေးသော မှန်အစအနများကို ဆက်တိုက် ရိုက်ခွဲပစ်လိုက်ရာ၊ အပြင်ဘက်မှ လေပြင်းများနှင့် မိုးရေစက်များသည် အခန်းထဲသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။ ချန်ရိကျွင်းသည် ဝေရှု့ဖန်းကို မြဲမြံစွာ ဖက်ထားလျက် တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။ ဝေရှု့ဖန်းသည်လည်း မျက်လုံးများကို အတင်းမှိတ်ထားကာ အပြင်သို့ လုံးဝမကြည့်ရဲပေ။

“မယ်တော်ကွမ်ယင်၊ မြတ်စွာဘုရား၊ သိကြားမင်းနဲ့ နတ်ဗြဟ္မာအပေါင်းတို့... ကျွန်တော့်ကို ကယ်တော်မူပါ၊ ကယ်တော်မူပါ၊ ကယ်တော်မူပါ...”

ချန်ရိကျွင်း ဘုရားပေါင်းစုံတ၍ ညည်းတွားနေမိသည်။ ထိုစဉ် ချန်ရိကျွင်းသည် မိမိ၏ စောင်ပေါ်တွင် တစ်စုံတစ်ခု တွားသွားလှုပ်ရှားနေသည်ကို ခံစားလိုက်ရသဖြင့်

“သရဲ... သရဲကြီး... အား...”

“ငါ့အသက်ကို ပြန်ပေး၊ ငါ့အသက်ကို ပြန်ပေး...”

ချန်ချင်းယွီသည် ဘေးပတ်ဝန်းကျင်မှ လူများ မကြားရမည်ကို စိုးရိမ်နေသည့်အတိုင်း ပိုမိုစူးရှစွာဖြင့်

“နင်တို့ ဖောက်ပြန်တဲ့ လင်မယားနှစ်ယောက်... ငါ့အသက်ကို ပြန်ပေးစမ်း...”

သူမသည် အော်ဟစ်ရင်း အောက်သို့ လျင်မြန်စွာ လျှောဆင်းလာခဲ့၏။

‘ငါ အမြန်ဆုံး ထွက်ခွာမှ ဖြစ်မယ်၊ မဟုတ်လို့ တစ်ယောက်ယောက်က ဒါဟာ ဟန်ဆောင်ထားတာကို ရိပ်မိသွားပြီး သက်သေရှာတွေ့သွားရင် ပြဿနာတက်လိမ့်မယ်။’

သူမ တွေးတောရင်း လည်ချောင်းကွဲမတတ် အော်ဟစ်ပြန်ကာ

“ချန်ရိကျွင်း... ငါ့အသက်ကို ပြန်ပေး...”

သူမ ထို့ထက်ပို၍ စကားများများမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စကားများများပြောလေလေ အမှားပါလေလေ ဖြစ်နိုင်သောကြောင့်ပင်။ ဤကဲ့သို့ ရူးသွပ်ဆိုးသွမ်းသော ပုံစံမျိုးသည်သာ အပီပြင်ဆုံး ဖြစ်ပေသည်။

သူမ၏ အော်ဟစ်သံမှာ အလွန်စူးရှလှသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး သေချာပေါက် ကြားနိုင်သော်လည်း၊ ထိုအသံမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသဖြင့် မည်သူမျှ အိပ်ရာမှထကာ အပြင်သို့ ထွက်မကြည့်ရဲကြချေ။ ၎င်းမှာ သူတို့နှင့် မသက်ဆိုင်သည့် ကိစ္စပင်…

၎င်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်၏... ဒုတိယအကြိမ်မြောက်...

အကယ်၍ လူတစ်ယောက် တမင်တကာ ဟန်ဆောင်နေခြင်းဖြစ်ပါက၊ လွန်ခဲ့သည့်အကြိမ် ရဲများပင် ရောက်ရှိလာခဲ့ဖူးသဖြင့် ယခုတစ်ခေါက်တွင်မူ ဤမျှအထိ လုပ်ရဲလိမ့်မည် မဟုတ်ပေ။

ရဲများ ၎င်းတို့အား ဆက်လက်စောင့်ကြည့်နေမနေကို မည်သူမျှ မသိနိုင်သောကြောင့် စွန့်စားဝံ့မည် မဟုတ်ပေ။ သို့သော် ယခုမူ ထပ်မံ၍ ရောက်ရှိလာပြန်ပြီ… လူသားတစ်ဦးအနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို သေချာပေါက် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရာ၊ ဤနေရာတွင် တကယ့်ကို ထူးဆန်းသောအရာတစ်ခု ရှိနေရမည်တည်း။ ဤသို့ဆိုလျှင် မည်သူများ ထွက်ကြည့်ရဲပါမည်နည်း။

ချန်ချင်းယွီ သတိကြီးစွာဖြင့် အောက်သို့ လျှောဆင်းလာရင်း “အား......” ဟု ထပ်မံ၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူမသည် နံရံဘက်သို့ လျင်မြန်စွာ ပတ်ပြေးသွားခဲ့ပြီး၊ နံရံကို ကျော်တက်ကာ တစ်ဟုန်ထိုး ထွက်ပြေးသွားခဲ့တော့၏။

မှန်ပေသည်... သူမ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၏။ ဤမျှဖြင့်ပင် လုံလောက်လှပြီ ဖြစ်သည်။ သရဲဂိမ်းကို မည်မျှကြာအောင် ကစားသည်မှာ အဓိကမဟုတ်ဘဲ၊ ရရှိလာမည့် ရလဒ်နှင့် သက်ရောက်မှုသည်သာ အဓိက ဖြစ်သည်။

ချန်ချင်းယွီသည် သတိကြီးစွာဖြင့် အပြင်သို့ ထွက်လာခဲ့ပြီး လမ်းမအတိုင်း အသည်းအသန် ပြေးသွားခဲ့၏။

ရုတ်တရက်ပင် ထိုစူးရှလှသော အော်ဟစ်သံကြီးမှာ ဆတ်ခနဲ ရပ်တန့်သွားခဲ့သည်။ သို့သော် ၎င်းမှာ လူများကို စိတ်သက်သာရာရစေမည့်အစား ပိုမို၍ စိုးရိမ်ထိတ်လန့်သွားစေခဲ့၏။ ၎င်းမှာ မုန်တိုင်းမလာခင် ဖြစ်ပေါ်တတ်သည့် တိတ်ဆိတ်ခြင်းမျိုး ဖြစ်ရာ၊ အထူးသဖြင့် ချန်ရိကျွင်းတို့ အိမ်၏ အပေါ်ထပ်နှင့် အောက်ထပ်တွင် နေထိုင်ကြသူများမှာ ထိုအသံကို အတိုင်းသား ပြတ်ပြတ်သားသား ကြားလိုက်ရသဖြင့် မည်သူမျှပင် မလှုပ်ဝံ့ကြချေ။ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ ဇနီးမောင်နှံမှာမူ သစ်ရွက်လှုပ်ရုံမျှနှင့်ပင် လန့်တတ်သည့်အလား တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။

အခန်းထဲတွင် မည်သည့်အသံမျှ မရှိတော့သော်လည်း၊ တစ်စုံတစ်ခုသော အရာများ မိမိတို့၏ စောင်ပေါ်တွင် ညင်သာစွာ တွားသွားလျက် ခြေထောက်မှတစ်ဆင့် ခြေသလုံးဆီသို့ တရွရွ တက်လာနေကြောင်း သူတို့ ခံစားလိုက်ရ၏။ ထိုအချိန်တွင် ဝေရှု့ဖန်း၏ စိတ်ထဲ၌ သရဲတစ္ဆေပုံပြင်ပေါင်းများစွာနှင့် လူသားစားတတ်သည့် သရဲဇာတ်လမ်းပေါင်းများစွာ အစီအရီ ပေါ်လာတော့သည်။

သူမသည် နောက်ဆုံးတွင် အောင့်အီးမထားနိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်ရင်း

“အား...... သရဲကြီး... သရဲကြီး... ငါ့ကို လာမထိနဲ့...”

ချန်ရိကျွင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် ဝေရှု့ဖန်းကို မြဲမြံစွာ ဖက်ထားမိပြီး တစ်ချက်မျှပင် မလှုပ်ရဲပေ။

သို့သော်လည်း ဝေရှု့ဖန်းမှာမူ စေးကပ်ကပ် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသဖြင့် ခြေစုံပစ်ကာ အသည်းအသန် ကန်ကျောက်ရင်း မီးကုန်ယမ်းကုန် အော်ဟစ်နေမိ၏။

“ထွက်သွား... ထွက်သွားစမ်း... သရဲကြီး... အား......”

ထိုစဉ် ဝေရှု့ဖန်းသည် မိမိ၏ခြေထောက်ဖြင့် တစ်စုံတစ်ခုကို အားပြင်းပြင်း ကန်မိလိုက်သည့်နှယ် ခံစားလိုက်ရပြီး၊ ထိုအရာမှာ အပေါ်သို့ ဝဲပျံတက်သွားကာ ချန်ရိကျွင်း၏ မျက်နှာပေါ်သို့ ဘုန်းခနဲ ကျရောက်သွားခဲ့သည်။

ချန်ရိကျွင်းလည်း “အား......” ခနဲ အသံကုန် အော်ချလိုက်၏။

ထိုအသံမှာ တကယ့်ကို နားကွဲမတတ် စူးရှလှသဖြင့် တိုက်ခန်းတွဲလုံးရှိ လူများပင် ကြားနိုင်လောက်ပေသည်။

သူသည် လက်ဖြင့် အလျင်အမြန် ဆွဲဖယ်လိုက်ရာ၊ ၎င်းမှာ မြွေတစ်ကောင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။ ထိုမြွေသည်လည်း လန့်ဖျန့်သွားခဲ့သဖြင့် သူ့ကို ဆတ်ခနဲ ပြန်လည်ကိုက်ခဲလိုက်တော့သည်။

“အား......”

အတိအကျပင် ထိုအချိန်၌ပင် လျှပ်စီးတစ်ချက် လျှပ်ခနဲ လက်သွားခဲ့ရာ အခန်းတွင်းရှိ မြင်ကွင်းကို အတိုင်းသား လင်းထိန်သွားစေခဲ့သည်။ ချန်ရိကျွင်းသည် အခန်းတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်ပင် ထွက်မတတ် ထိတ်လန့်သွားခဲ့ရ၏။ ၎င်းအိပ်ခန်းငယ်လေးအတွင်းရှိ ကုတင်ပေါ်၊ ကြမ်းပြင်ပေါ်နှင့် ဗီရိုများပေါ်တွင် မြွေများမှာ အစုအပြုံလိုက် တရွရွနှင့် ပြည့်နှက်နေခဲ့သည်။

တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ယောက်ျားရင့်မကြီး ဖြစ်သည့် ချန်ရိကျွင်းပင်လျှင် ဤမျှအထိ ကြောက်စရာကောင်းသော မြင်ကွင်းကို ဆက်လက်၍ မတောင့်ခံနိုင်တော့ချေ။

နားကွဲမတတ် ပေါ်ထွက်လာသော မိုးခြိမ်းသံကြီးနှင့်အတူ ချန်ရိကျွင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး၊ မျက်လုံးအိမ်ကြီး ဗြုန်းခနဲ လန်တက်သွားကာ ခေါင်းအုံးပေါ်သို့ ပစ်လဲကျလျက် သတိလစ်မေ့မြောသွားခဲ့တော့သည်။

ဝေရှုဖ့န်းသည်လည်း စိတ်ဖောက်ပြန်မတတ် ထိတ်လန့်တကြားဖြင့် ဟစ်အော်ရင်း သူမပါ ထပ်မံ၍ သတိလစ်သွားခဲ့ပြန်၏။

“မြွေတွေ...... မြွေတွေ...... ငါ့ယောက်ျား အဘိုးကြီးချန်ကို မြွေကိုက်လို့ သေပြီ......”

အိမ်တွင်း၌ တိတ်ဆိတ်ခြင်း လှိုင်းလုံးကြီး ပြန်လည် လွှမ်းမိုးသွားခဲ့ပြီး၊ အပြင်ဘက်မှ ဝုန်းဒိုင်းကြဲ ရွာသွန်းနေသော မိုးသံကိုသာ ကြားရတော့သည်။ ပြတင်းပေါက်မှန်များမှာ အစအနများအဖြစ် ကြေမွသွားခဲ့ပြီဖြစ်ရာ မိုးရေစက်များသည် အခန်းတွင်းသို့ တဖြောက်ဖြောက် တိုးဝင်လာနေ၏။

ထိုဇနီးမောင်နှံနှစ်ဦးစလုံး သတိလစ်သွားခဲ့ကြသော်လည်း၊ သူတို့၏ သားကြီးနှစ်ယောက်မှာမူ မိမိတို့၏ အခန်းအသီးသီးရှိ စောင်ပုံကြီးထဲ တိုးဝင်ကာ မလှုပ်မယှက် ပုန်းအောင်းနေကြဆဲ ဖြစ်သည်။ သားကြီးဖြစ်သူမှာ ဇနီးကို မြဲမြံစွာ ဖက်ထားပြီး၊ သားငယ်ဖြစ်သူမှာ ခေါင်းအုံးကို တင်းတင်းဆုပ်ကိုင်လျက်၊ ထိုသရဲမ၏ အာရုံစိုက်မှုကို ခံရမည်စိုးသဖြင့် အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ငြိမ်သက်နေကြ၏။

အချိန်အတော်ကြာ ဖြတ်သန်းသွားပြီးနောက်…

‘ဒေါက်... ဒေါက်... ဒေါက်...’

တံခါးခေါက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူတို့ လုံးဝမလှုပ်ရဲကြချေ။

ထို “သိတတ်လှသော” သားကြီးဖြစ်သူမှာ ဇနီးဖြစ်သူအား တိုးတိတ်စွာ ကပ်ပြောလိုက်၏။

“ဒါ သရဲ... သရဲက ငါတို့ကို တံခါးဖွင့်အောင် လှည့်စားနေတာ။ အပြင်ကို လုံးဝမထွက်နဲ့၊ လုံးဝမထွက်နဲ့...”

သူ့ဇနီးသည်လည်း တုန်တုန်ရီရီဖြင့် ခေါင်းညိတ်ပြရှာသည်။

‘ဒေါက်... ဒေါက်... ဒေါက်...’

“တံခါးဖွင့်စမ်း... အပေါ်ထပ်က ဦးလေးရွှီ ကွ...”

သူတို့ လုံးဝမလှုပ်ရှားရဲကြသေးချေ။

“တံခါးဖွင့်စမ်း... တံခါးဖွင့်ကြစမ်း...”

သူတို့ တံခါးကို လုံးဝမဖွင့်ပေးခဲ့ကြပေ။

ဦးလေးရွှီ : “သူတို့ တစ်ခုခုဖြစ်သွားပြီလား မသိဘူး။ စောစောက တစ်ယောက်ယောက် မြွေကိုက်ခံရလို့ သေပြီလို့ အော်သံကြားလိုက်ရတယ်...”

အပြင်ဘက်ရှိ လူများအားလုံး တံတွေးကို အနိုင်နိုင် မျိုချရင်း ခေါင်းခါပြကြရာ၊ ဦးလေးရွှီမှာ

“တံခါးကိုပဲ ရိုက်ချိုးပြီး ဝင်ကြရအောင်။ တကယ်လို့ တစ်ခုခု ဖြစ်ပွားနေရင် ဒုက္ခ။ အားလုံးက တိုက်ခန်းတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲဟာကို၊ ဒီအတိုင်း ပစ်ထားလို့မဖြစ်ဘူး”

“ဒါပေမဲ့...”

“ရိုက်ချိုးလိုက်...”

ထိုစဉ် တံခါးမကြီး ကျွိခနဲ ပွင့်ဟလာခဲ့သည်။

ချန်အငယ်ကောင်သည် တုန်တုန်ရီရီဖြင့် တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး၊ အပြင်ဘက်တွင် အပေါ်ထပ်အောက်ထပ်မှ လာကြသော အိမ်နီးနားချင်း ယောက်ျားရင့်မကြီး အများအပြားကို မြင်လိုက်ရသောအခါ ဝမ်းနည်းပက်လက်ဖြင့် အော်ငိုတော့၏။

“ဦးလေးရွှီ... ကယ်ပါဦး... ကယ်ပါဦး...”

ဦးလေးရွှီသည် တရုတ်- ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့ဖူးသော စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။ စစ်တပ်မှ အငြိမ်းစားယူပြီးနောက် စက်ရုံ၏ လုံခြုံရေးဌာန သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၏။ သူ၏ မိသားစုမှာ ထိပ်ဆုံးထပ်၏ အခြားတစ်ဖက်ခြမ်းတွင် နေထိုင်ကြသဖြင့် ချန်မိသားစုနှင့် တစ်ဖက်စီ ဖြစ်နေသည်။ သူသည် လုံခြုံရေးပိုင်းတွင် လုပ်ကိုင်နေသူဖြစ်ပြီး ရဲစခန်းနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ရာ၊ လွန်ခဲ့သည့်အကြိမ် သရဲဖြစ်ရပ်၌လည်း အတွေ့အကြုံများ ဖလှယ်ခဲ့ဖူးပြီး ချန်မိသားစုကို ကူညီစောင့်ကြည့်ပေးမည်ဟု ကတိပြုထားခဲ့သူ ဖြစ်၏။

ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူ အပြင်သို့ ထွက်လာဝံ့ခြင်း ဖြစ်၏။

ဦးလေးရွှီသည် သူ၏ သားနှစ်ယောက်ကိုပါ အတူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး၊ အမျိုးသား သုံးဦး တူတူရှိနေသဖြင့် ကျန်ရှိသောလူများမှာလည်း သဘာဝကျစွာပင် စိတ်သက်သာရာရကာ နောက်မှ လိုက်ပါလာကြတော့သည်။

အဆောင်အတွင်းမှ အသံများကို ကြားရသောအခါ အောက်ထပ်မှ လူများသည်လည်း သတ္တိမွေးကာ တံခါးများကို ဖွင့်လျက် အနားသို့ တိုးကပ်လာကြ၏။ သူတို့အားလုံးမှာ အမျိုးသားများ ဖြစ်ကြသဖြင့် ၎င်းတို့၏ ယောင်္ကျားသားစွမ်းအား မှာ သရဲတစ္ဆေများကို မောင်းထုတ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသလို၊ အခြေအနေကိုလည်း သိရှိလိုကြပေသည်။

ချန်အငယ်ကောင်သည် ယောက်ျားရင့်မကြီး ဖြစ်ပါလျက် ကြောက်လန့်တကြားဖြင့် တစာစာ ငိုယိုကာ

“တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်... ကြောက်ဖို့ကောင်းလွန်းတယ်... သရဲမက ပြန်လာပြန်ပြီ... သူမက ဆက်တိုက်ကို အော်နေတာ... ဝါး... အော်... ဟုတ်သားပဲ၊ ကျွန်တော့် မိဘတွေ... ကျွန်တော့် မိဘတွေ အထဲမှာ ရှိနေသေးတယ်... သူတို့ လုံးဝမလှုပ်တော့ဘူး။ အမေက အဖေ မြွေကိုက်ခံရလို့ သေပြီလို့ အော်ခဲ့တယ်...”

ဦးလေးရွှီသည် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းကာ

“မင်းတို့အိမ်က မီးခလုတ် ပျက်နေလို့လား”

“မ... မဟုတ်ပါဘူး၊ ကျွန်တော်လည်း မသိဘူး”

ဦးလေးရွှီသည် ချက်ချင်းပင် မီးခလုတ်ကို နှိပ်လိုက်သည်။

‘ကလစ်’ ဟူသော အသံနှင့်အတူ ဧည့်ခန်းအတွင်း လင်းထိန်သွားခဲ့၏။

ဧည့်ခန်းမှာမူ ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။

လူတိုင်း ထပ်မံ၍ စဉ်းစားမနေတော့ဘဲ အိပ်ခန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

“ငါ မှန်ကွဲသံ ကြားလိုက်ရတယ်”

“ငါလည်း ကြားတယ်၊ လွန်ခဲ့တဲ့အကြိမ်ကအတိုင်းပဲ ‘ငါ့အသက်ကို ပြန်ပေး’ လို့ အော်တဲ့အသံကြီး။ အဲဒီအသံက တကယ့်ကို ကြောက်စရာကောင်းလှတယ်...”

“နင်တို့ ထင်လား... ဒီမကျွတ်မလွတ်သေးတဲ့ သရဲမက တကယ်ပဲ ချန်ရိကျွင်းက သူတို့ကို ဒုက္ခပေးခဲ့လို့ ရောက်လာတာလား မသိဘူးနော်”

“ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့၊ အဲဒါတွေက ပဒေသရာဇ်ခေတ် အယူသီးမှုတွေပဲ၊ ကမ္ဘာပေါ်မှာ သရဲမရှိပါဘူး။ ဒါတွေက သရဲပုံပြင်တွေပဲ ဥစ္စာ”

“အော်...”

ဦးလေးရွှီသည် အခြားလူများ ပြောဆိုနေသည်ကို ဂရုမစိုက်ဘဲ၊ အိပ်ခန်းတံခါးဝသို့ သွားကာ အသက်ကို ပြင်းပြင်းရှူလျက် တံခါးကို ဆတ်ခနဲ တွန်းဖွင့်လိုက်သည်။ ဧည့်ခန်းမှ မီးရောင်ခြည်ဖြင့် အိပ်ခန်းအတွင်းသို့ လှမ်းကြည့်လိုက်သောအခါ၊ သူသည် စူးစူးဝါးဝါး အော်ဟစ်လိုက်မိ၏။

ဒါ... ဒါ... ဒါက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချည်လား…

အခန်းတွင်းရှိ နေရာအနှံ့တွင် မြွေများမှာ တရွရွနှင့် တွားသွားနေကြသည်။ ချန်ရိကျွင်းနှင့် သူ၏ ဇနီးဖြစ်သူတို့မှာ ကုတင်ပေါ်တွင် လူသေများကဲ့သို့ လဲလျောင်းနေကြပြီး၊ ၎င်းတို့၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် မြွေများမှာ တွားသွားလျက် ရှိနေကြ၏။

“အား......”

“ဘုရားရေ...”

“ကယ်ကြပါဦး...”

ဦးလေးရွှီ စိတ်ကို တင်းထားလျက် အိပ်ခန်းမီးကို ဖွင့်လိုက်၏၌

မီးလင်းလာသောအခါ မြင်တွေ့ရသည့် မြင်ကွင်းက ပိုမို၍ ကြောက်စရာကောင်းလှပေသည်။ အခန်းတွင်းရှိ နေရာလွတ်မကျန် မြွေများဖြင့် ပြည့်နှက်နေ၏။

“ဘုရားရေ... ဘာဖြစ်လို့ ဒီလောက်တောင် မြွေတွေ အများကြီး ရှိနေရတာလဲ။ ငါတို့တွေ မြွေတွင်းကို သွားပြီး ဆွမိလိုက်တာလား”

“သူတို့ မြွေကိုက်ခံရလို့ သေသွားတာလား။ အဆိပ်မိသွားတာလား”

“ဒါ... ဒါ... ဒါက သရဲခြောက်တာပဲ... သေချာပေါက် သရဲခြောက်တာ... တကယ့်ကို မယုံနိုင်စရာပဲ...”

လူတိုင်း၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ကြသည်။ မည်သူများ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကြုံတွေ့ဖူးပါမည်နည်း။

အမျိုးသားအတော်များများမှာ မြွေကို မကြောက်ကြသော်လည်း၊ ဤမျှများပြားလှသော မြွေများ အခန်းတစ်ခုတည်းတွင် စုရုံးနေသည်ကို မြင်ရခြင်းမှာ တကယ့်ကို ရင်ထိတ်စရာ ဖြစ်၏။ ထို့ပြင် သရဲခြောက်သည့် အငွေ့အသက်များလည်း ရှိနေသေးသည် မဟုတ်လော့။

“ဒါက တကယ့်ကို ကြောက်စရာကြီး... ဘေးကို ဖယ်ကြဦး၊ ဒါတွေက အဆိပ်ရှိတဲ့ မြွေတွေလား မသိဘူး...”

ဦးလေးရွှီ : “မကြောက်ကြနဲ့၊ မကြောက်ကြနဲ့... ငါ့အမြင်တော့ ဒါတွေက သာမန်မြက်လျှောမြွေတွေပဲ ဖြစ်ရမယ်၊ အဆိပ်မရှိပါဘူး။ မကြောက်ကြနဲ့”

“အာ... သာမန်မြက်လျှောမြွေတွေလား။ တကယ်ပဲ ဟုတ်သားပဲ”

“ဒါပေမဲ့... အဆိပ်ရှိတဲ့မြွေတွေကော ပါမနေဘူးလား။ အဆိပ်မရှိရင် သူတို့က ဘာလို့ ဒီလိုဖြစ်သွားရတာလဲ”

ဦးလေးရွှီ အမိန့်ပေးလိုက်ကာ

“သားကြီး... သားငယ်၊ မင်းတို့နှစ်ယောက် လူနှစ်ယောက်၊ သုံးယောက်ခေါ်ပြီး ရဲစခန်းကို မြန်မြန်သွားလိုက်။ ငါတို့ ဒါကို မဖြေရှင်းနိုင်ဘူး”

“ဟုတ်ကဲ့ပါ”

“ကျန်တဲ့လူတွေကတော့ မြွေတွေကို ဝိုင်းဖမ်းပေးကြဦး။ မြက်လျှေဋမြွေဆိုရင်တော့ ကိစ္စမရှိပါဘူး၊ အဆိပ်မရှိဘူးလေ။ ဒါပေမဲ့ အားလုံး သတိထားကြဦး၊ မြွေအားလုံးက မြက်လျှောမြွေချည်းပဲ ဟုတ်မဟုတ် ငါတို့ မသိနိုင်ဘူး။ အရင်ဆုံး အချို့ကို ဖမ်းထားလိုက်ကြရအောင်”

“အော်...”

မည်သူမျှ ရှေ့သို့ တိုး၍ မဖမ်းဝံ့ကြချေ။

ထိုစဉ် ပထမထပ်တွင် တစ်ကိုယ်တည်း နေထိုင်သော အဘိုးအိုမှာ ဝမ်းသာအားရဖြင့်

“ငါ ကူညီမယ်... ငါ ကူညီမယ်...”

“ဒီမြက်လျှောမြွေလေးတွေက အဆိပ်မရှိဘူးဟ၊ စွပ်ပြုတ်လုပ်သောက်ဖို့ တကယ့်ကို အကောင်းဆုံးပဲ”

“ဟင်...”

လူတိုင်း ဆွံ့အသွားကြသည်။

ခင်များ ငတ်ကြီးကျချက်ကတော့… ခင်များကို သရဲမ ဂုတ်လာချိုးလိမ့်မယ်…

သို့သော် သေချာစွာ ပြန်လည်တွက်ချက်ကြည့်သောအခါ ၎င်းမှာ တကယ်ပင် အဓိပ္ပာယ်ရှိလှပေသည်။

“ဟုတ်သားပဲ၊ မြက်လျှောမြွေက အဆိပ်မှ မရှိတာ၊ ငါလည်း ကူညီပြီး ဖမ်းပေးမယ်”

“ငါလည်း ကူညီမယ်၊ ငါက အများအကျိုးကို အလိုလားဆုံးပဲဥစ္စာ”

“ဒီကောင်က စွပ်ပြုတ်လုပ်သောက်ရင် တကယ့်ကို အရသာရှိတာဟ”

“ငါတော့ မလုပ်နိုင်ဘူး၊ ကြည့်ရုံနဲ့တင် ကြက်သီးထလှပြီ။ ဒီကောင်တွေမှာ သန်ကောင်၊ ဗက်တီးရီးယားတွေ အများကြီး ရှိတတ်တာမို့လို့ နည်းနည်းပဲ စားသင့်တယ်...”

အချို့လူများ တားဆီးရန် ကြိုးပမ်းကြသော်လည်း မည်သူမျှ နားမထောင်ကြတော့ပေ။

မကြာမီအချိန်အတွင်းမှာပင် တာဝန်ကျရဲအရာရှိအချို့မှာ အမောတကောဖြင့် ပြေးလွှားရောက်ရှိလာကြသည်။ အိမ်နီးနားချင်းများ၏ စိတ်ထဲ၌…

‘ဘုရားရေ... အဲဒီအိမ်မှာ တကယ်ကြီး သရဲထပ်ခြောက်ပြန်ပြီပေါ့။ ဘယ်လိုလုပ်ပြီး ဒီလို ထပ်ဖြစ်ရတာလဲ...’

၎င်းညသည် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ထိုတိုက်ခန်းတွဲသာမက ပတ်ဝန်းကျင်ရှိ တိုက်အဆောက်အအုံ အတော်များများတွင်ပါ မီးများ ဝင်းပစွာ လင်းထိန်နေခဲ့၏။ ဤမျှကြီးမားသော ဖြစ်ရပ်ဆန်းမျိုးမှာ ကြုံတောင့်ကြုံခဲ ဖြစ်သဖြင့် မည်သူမျှပင် မျက်စိမမှိတ်ဝံ့ကြချေ။ သူတို့တစ်သက်တွင် ဤကဲ့သို့သော ထူးဆန်းထိတ်လန့်ဖွယ်ရာမျိုးကို တစ်ခါမျှ မမြင်ဘူးခဲ့ကြသဖြင့် အစွမ်းကုန် စပ်စုနေကြ၏။

ဤမျှ ကြီးကျယ်လှသော အဖြစ်အပျက်ကြီး၊ ၎င်းပြင် ပထမအကြိမ်လည်း မဟုတ်သဖြင့် ဤသတင်းမှာ တစ်ခဏချင်းအတွင်းပင် အလျင်အမြန် ပျံ့နှံ့သွားခဲ့တော့သည်။

ချန်ရိကျွင်းသည် သာမန်မြက်လျှောမြွေ ကိုက်ခံရခြင်းဖြစ်ပြီး အဆိပ်မမိခဲ့သော်လည်း၊ ကြောက်လန့်တကြားဖြစ်ကာ သတိလစ်သွားခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟူသော အချက်မှာ ဤဖြစ်ရပ်ကို ပိုမို၍ ခြောက်ခြားဖွယ်ကောင်းအောင် ပံ့ပိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

“သရဲမက ကလဲ့စားချေဖို့အတွက် မြွေအုပ်ကြီးကို စေခိုင်းပြီး လုပ်လိုက်တာတဲ့...”

လူအများ ပြောဆိုနေကြသော ဤသတင်းစကားကို ကြားရရုံမျှဖြင့်ပင် မည်မျှအထိ ထိတ်လန့်စရာကောင်းနေပြီလဲ ဆိုသည်ကို ခန့်မှန်းနိုင်ပေသည်။

ဤကိစ္စမှာ ဒုတိယအကြိမ်မြောက် ထပ်မံဖြစ်ပွားလာခြင်း ဖြစ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့်လည်း ယခင်ထက် ပိုမို၍ အလေးထားကာ အာရုံစိုက်လာခဲ့ကြ၏။

အမှန်စင်စစ် ဤကိစ္စနှင့် ပတ်သက်၍ ယခင်ကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ ချန်ရိကျွင်းမှာ မိမိတွင် မည်သည့်အပြစ်မျှမရှိကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပြီး တစ်စုံတစ်ယောက် မိမိကို တမင်တကာ လုပ်ကြံအားထုတ်နေခြင်း ဖြစ်သည်ဟု သံသယဝင်နေခဲ့၏။ သို့သော်လည်း မည်သည့်သဲလွန်စမျှ မရှိခဲ့သဖြင့် ၎င်းမှာ သူ၏ ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်ခဲ့ရ၏။

ပုံမှန်အားဖြင့် လူအများစုသည် သရဲတစ္ဆေများကို မယုံကြည်ကြသဖြင့် တစ်စုံတစ်ယောက် လာရောက်ကလဲ့စားချေခြင်း ဖြစ်နိုင်သည်ဟု တွေးတောကြသော်လည်း၊ ‘ဘယ်သူကများ ဤသို့ လုပ်နိုင်ပါမည်နည်း’ ဟူသောအချက်မှာ ခေါင်းခဲစရာ ဖြစ်နေသည်။

ဤအခြေအနေမှာ တကယ့်ကို ထူးဆန်းလွန်းလှပေသည်။

လွန်ခဲ့သည့်အကြိမ် အဖြစ်အပျက်ဖြစ်ပွားပြီးကတည်းက တစ်လခန့် အချိန်ကုန်လွန်ခဲ့ပြီ ဖြစ်ရာ လူများ၏ စိတ်ထဲမှပင် တဖြည်းဖြည်း မေ့ပျောက်လုနီးပါး ဖြစ်နေခဲ့ပြီ။ သို့သော် မည်သူ ထင်မှတ်ထားပါမည်နည်း၊ မိုးအုံ့မှိုင်းနေသော နေ့တစ်နေ့တွင် ထိုသရဲမ ထပ်မံပေါ်လာပြန်သည်။ ယခုတစ်ခေါက်တွင်မူ မြွေအုပ်ကြီးပါ ပါဝင်လာခဲ့သေး၏။ မြို့ပြကြီးအတွင်း၌ ဤမျှများပြားလှသော မြွေများကို ရှာဖွေရန်ဆိုသည်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။

ကံကောင်းထောက်မစွာဖြင့် ၎င်းမြွေများမှာ မြက်လျှောမြွေများဖြစ်ပြီး အဆိပ်မရှိကြသဖြင့်သာ တော်တော့၏။ မဟုတ်ပါက ပြဿနာကြီးကြီးမားမား ဖြစ်ပွားသွားနိုင်ပေသည်။

ချန်ရိကျွင်းနှင့် သူ၏ဇနီးဖြစ်သူတို့မှာ ဘာမှမဖြစ်တော့သော်လည်း၊ သူတို့မှာ ဆေးရုံမှ ဆင်းရန် အပြတ်အသတ် ငြင်းဆန်နေခဲ့ကြပြီး ဆေးရုံတွင်ပင် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြသော်လည်း မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ကြချေ။ မိုးလည်း ဆက်တိုက်ရွာသွန်းနေခဲ့သဖြင့်၊ တစ်စုံတစ်ယောက် လှည့်စားလုပ်ဆောင်ခဲ့သည်ဖြစ်စေ ထိုသူမှာ အိမ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမျိုး မဟုတ်သဖြင့် မည်သည့်အရာကိုမျှ ရှာဖွေနိုင်ခြင်း မရှိခဲ့ကြပေ။

ထို့ပြင် ရွာသွန်းနေသော မိုးရေများမှာ သက်သေအထောက်အထား မှန်သမျှကို ဆေးကြောဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သဖြင့် ရဲများအတွက် သက်သေရှာရန် ပိုမိုခက်ခဲသွားခဲ့ရ၏။

ရဲအရာရှိများမှာ တကယ့်ကို ဇဝေဇဝါ ဖြစ်နေကြရရှာသည်။ စခန်းအတွင်း ဆွေးနွေးပွဲ၌ အရာရှိတစ်ဦး စတင်၍ ဆိုလိုက်၏။

“ကဲ... အားလုံးပဲ ဒီကိစ္စကို ဆွေးနွေးကြရအောင်။ ပထမအချက်အနေနဲ့ ငါကတော့ သရဲရှိတယ်ဆိုတာကို လုံးဝမယုံဘူး။ ဒုတိယအချက်ကတော့ ဒီအခြေအနေက နောက်ထပ် ပိုပြီး ပြင်းထန်လာဦးမှာလား။ ပထမတစ်ခေါက်တုန်းက သရဲခြောက်တယ်၊ ဒုတိယတစ်ခေါက်ကျတော့ မြွေတွေပါ ပါလာပြီ၊ နောက်တစ်ခေါက်ဆိုရင် ဘာတွေဖြစ်လာဦးမလဲ”

အခြားရဲတစ်ဦးမှာ တိုးတိတ်စွာ ညည်းတွားလိုက်ကာ

“တကယ်ပဲ သရဲခြောက်နေတာများလား...”

“လျှောက်ပြီး ပေါက်ကရတွေ မပြောစမ်းနဲ့၊ သိပ္ပံပညာကိုပဲ ယုံကြည်စမ်းပါ”

ချက်ချင်းပင် ကန့်ကွက်ခြင်း ခံလိုက်ရသည်။

သို့သော် ထိုရဲမှာ ပြန်လည် ငြင်းခုန်ကာ

“ငါလည်း ယုံကြည်ပါတယ်၊ ဒါပေမဲ့ သိပ္ပံပညာကို ယုံကြည်တာနဲ့ သရဲရှိတယ်လို့ တွေးမိတာက ဆန့်ကျင်ဘက်ဖြစ်နေစရာ မလိုပါဘူး။ အခု ဖြစ်ပျက်သွားတာတွေကိုပဲ ကြည့်ဦးလေ၊ ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အလုပ်မျိုးနဲ့ တူလို့လား”

အခြားအရာရှိတစ်ဦးလည်း သုံးသပ်ပြကာ

“တူတူ၊ မတူတူ ဒါဟာ လူသားတစ်ယောက်ရဲ့ လက်ချက်ဆိုတာကတော့ သေချာတယ်။ ဘယ်သူလုပ်လဲဆိုတာကိုပဲ ငါတို့ မသိသေးတာ။ ဒါပေမဲ့ တစ်ခုသေချာတာကတော့ အဲဒီလူဟာ ချန်ရိကျွင်းအပေါ် ရန်ငြိုးထားပြီး ကလဲ့စားချေနေတာပဲ”

“အကြောင်းရင်းမရှိဘဲ သူ့ကို ကလဲ့စားချေစရာ အကြောင်းမရှိဘူး၊ ဒါဆိုရင်... သူက တကယ်ပဲ တစ်စုံတစ်ယောက်ကို လုပ်ကြံခဲ့တာများလား။ ဟိုးအရင်က အိမ်နီးနားချင်းအဟောင်းတွေ ပြောတာကို ငါကြားမိသလောက်ဆိုရင်တော့ အဲဒီသရဲမက ချန်ရိကျွင်းရဲ့ ဇနီးဟောင်း ဖြစ်နိုင်တယ်လို့ ပြောကြတယ်”

“သူ့ဇနီးဟောင်းက တကယ်ပဲ သူတို့လက်ချက်နဲ့ သေဆုံးသွားခဲ့တာလား”

“ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့ စုံစမ်းပြီးပြီလေ၊ သူမက ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့တာ။ ဆေးရုံမှာ တစ်ရက်၊ နှစ်ရက်လောက်တော့ အသည်းအသန် ကယ်တင်ခဲ့ကြသေးတယ်၊ ဒါပေမဲ့ မမှီတော့ဘူး။ ကြားရသလောက်တော့ ကလေးမွေးရခက်နေတာကို ဆေးရုံကို သိပ်နောက်ကျမှ ပို့လိုက်ကြလို့တဲ့”

“ကလေးမွေးရခက်တာ မှန်ပေမဲ့၊ ဘာလို့ ခက်ခဲရတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ဆေးရုံကို အဲဒီလောက်အထိ နောက်ကျမှ ပို့ရတာလဲ။ ငါကတော့ ဒါဟာ ချန်ရိကျွင်းနဲ့ ဆက်စပ်မှုရှိနေလိမ့်မယ်လို့ သံသယဝင်မိတယ်။ အခု လူက သူ့ကို ကလဲ့စားချေဖို့ လိုက်နေတာပဲ”

ရဲအရာရှိများသည် သာမန်အရပ်သားများနှင့် မတူဘဲ အခြေအနေအရပ်ရပ်ကို ပိုမို၍ ဆင်ခြင်တုံတရားရှိရှိ ခွဲခြမ်းစိတ်ဖြာတတ်ကြပေသည်။

“ဒါဆိုရင်တော့ ဒါဟာ သူ့ရဲ့ သမီးဖြစ်ရမယ်။ သမီးဖြစ်သူက မိခင်အတွက် ကလဲ့စားချေပေးနေတာ ဖြစ်လိမ့်မယ်”

“မင်း နောက်နေတာလား။ သူ့သမီးက အင်မတန် နုနယ်ပြီး အညံ့ခံတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ လူတိုင်းသိတာပဲ။ ဒါ့အပြင် သူမက နုနယ်တာပဲဖြစ်ဖြစ်၊ မနုနယ်တာပဲဖြစ်ဖြစ်၊ သူမရဲ့ မိသားစုနဲ့ ဘာအဆက်အသွယ်မှ မရှိသလောက်ပဲဥစ္စာ။ သူမကို မွေးဖွားချိန်မှာပဲ မိခင်ဖြစ်သူက ကွယ်လွန်သွားခဲ့တာဆိုတော့ အဲဒီတုန်းက သူမက ကလေးငယ်လေးပဲ ရှိသေးတာ၊ ဒီလို အတွင်းရေးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူမ မိခင်ဘက်က ဆွေမျိုးတွေအားလုံးလည်း သေဆုံးကုန်ကြပြီဆိုတော့ ဘယ်သူကမှလည်း သူမကို ရုတ်တရက် လာပြောပြမှာ မဟုတ်ဘူး။ သူမက ဘယ်လောက်ပဲ ဆိုးသွမ်းတဲ့ မိန်းမဖြစ်ပါစေဦးတော့၊ ဒီလို အတွင်းရေးကို မသိဘဲနဲ့တော့ ကိုယ့်ရဲ့ ဖခင်ဖြစ်သူကို လာပြီး ဒုက္ခပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဆိုးသွမ်းတဲ့မိန်းမ ဖြစ်ရင်တောင်မှ အခုလိုစွမ်းဆောင်ရည်မျိုး ရှိနိုင်ပါ့မလား။ ချန်မိသားစုက စတုတ္ထအထပ်မှာ နေတာနော်...”

အားလုံး အချက်အလက်များကို အခြေခံ၍ ဝိုင်းဝန်းဆွေးနွေးနေကြ၏။

“ဒါလည်း ဟုတ်တာပဲ၊ သူမ ဖြစ်ဖို့တော့ မဖြစ်နိုင်ဘူး။ အကယ်၍ သူမသာ သိနေခဲ့ရင် ဟိုးအရင်ကတည်းက သိနေမှာပေါ့။ အရင်ကတည်းက သိခဲ့ရင်လည်း ဒီနေ့အထိ စောင့်နေမှာ မဟုတ်ဘူး။ ဒါကြောင့် သူမကတော့ ဒါတွေကို မသိတာပဲ ဖြစ်ရမယ်”

“ဒါဆိုရင် ဘယ်သူဖြစ်နိုင်ဦးမလဲ။ ချန်ရိကျွင်း ဇနီးဟောင်းရဲ့ ဆွေမျိုးတွေလည်း အကုန် ကွယ်လွန်ကုန်ကြပြီပဲဟာကို”

ရဲငယ်တစ်ဦး ခေါင်းကုတ်ရင်း

“ကျွန်တော်ကတော့ ဒါဟာ ဘယ်သူ့လက်ချက်မှ မဟုတ်ဘဲ၊ သရဲ... တကယ် သရဲစင်စစ်ပဲလို့ ထင်မိတာပဲ”

“လျှောက်ပြီး ပေါက်ကရတွေ မပြောစမ်းနဲ့၊ မင်းလို လူငယ်တစ်ယောက်က ဘာလို့ ဒါတွေကို ယုံကြည်နေရတာလဲ”

အကြီးတန်းအရာရှိမှာ ငေါက်လိုက်သည်။

“ကျွန်တော်လည်း မယုံချင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်တုန်းက ဆေးရုံမှာ ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို ထူးဆန်းလွန်းလို့ပါ။ ချန်ရိကျွင်း တစ်ယောက်တည်း ရှိနေတုန်း ရုတ်တရက် ခြေချော်ပြီး လှေကားပေါ်ကနေ လိမ့်ကျသွားခဲ့တာလေ။ အဲဒါက တကယ့်ကို ထူးဆန်းမနေဘူးလား”

ရဲငယ်မှာ လေသံတိုးတိုးဖြင့် ပြန်လည်ရှင်းပြ၏။

“ကဲ... အဲဒီအကြောင်းတွေကို ဒီမှာတင် ရပ်ထားကြစို့။ ကမ္ဘာပေါ်မှာ သရဲဆိုတာ မရှိဘူး။ ဒီတစ်ခေါက်တော့ ငါတို့တွေ သေချာ စုံစမ်းစစ်ဆေးကြရမယ်။ အဲဒီဘက်က အခြေအနေကိုလည်း သေချာ စောင့်ကြည့်ထားကြ”

“ငါတို့တွေ နေ့တိုင်း စောင့်ကြည့်နေရမှာလား။ သရဲခြောက်တဲ့ ဖြစ်ရပ်နှစ်ခုကြားမှာ တစ်လလောက် ခြားနေတာနော်။ အကယ်၍ ငါတို့ရဲ့ အင်အားအားလုံးကို အဲဒီနေရာမှာပဲ ပုံအောထားလိုက်ရင်၊ နောက်တစ်လ၊ နှစ်လလောက်အထိ ဘာသဲလွန်စမှ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ”

“ဒါနဲ့... ထိန်းသိမ်းထားတဲ့ မြွေတွေကော.....”

“အဲဒါတွေက အဆိပ်မရှိတဲ့ မြက်လျှောမြွေတွေပဲလေ။ အိမ်နီးနားချင်းတွေက အကုန်ဝိုင်းဖမ်းသွားကြပြီး၊ ရဲစခန်းကို ပြန်မပေးနိုင်ဘူးတဲ့။ သူတို့ဘာသာသူတို့ပဲ သိမ်းထားချင်ကြတယ်လို့ ပြောတယ်”

ထိုစကားကို ကြားသောအခါ တာဝန်ခံရဲအရာရှိကြီးမှာ ဆွံ့အသွားခဲ့ရပြီး

“ငါတို့တွေ ဒီကိစ္စကို အလေးအနက်ထားပြီး ဆက်လက်စုံစမ်းရမယ်။ အော်... ဟုတ်သားပဲ။ မင်းတို့တွေ သူ့ရဲ့သမီးဆီကို သွားပြီးတော့ နောက်တစ်ခေါက် ထပ်မံ မေးမြန်းစုံစမ်းကြည့်ကြဦး”

“ဟုတ်ကဲ့ပါ...”

ရဲအရာရှိများသည် တစ်ယောက်တစ်မျိုး စိတ်ကူးတွေးတောရင်း အခြေအနေကို အပြင်းအထန် ခွဲခြမ်းစိတ်ဖြာနေကြသည်။ အချို့က သရဲရှိသည်ဟု တကယ်ယုံကြည်ကြပြီး၊ အချို့ကမူ... မယုံဟုပြောသော်လည်း သံသယတော့ ဝင်နေကြ၏။ အချို့သည်ကားတစ်စုံတစ်ယောက် တမင်သက်သက် ဟန်ဆောင်နေခြင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။

သို့သော်လည်း သာမန်အရပ်သားများတွင်မူ ဤမျှအထိ ထင်မြင်ချက်များစွာ မရှိကြချေ။ လူတိုင်း သရဲခြောက်ခြင်းဖြစ်သည်ဟုသာ တွေးတောကြပြီး၊ နာရီဝက်ခန့်အတွင်းမှာပင် တစ်မြို့လုံးနီးပါး သိရှိသွားခဲ့ကြသည်။

အပြင်သို့ လှမ်းကြည့်မိသူ၏ ပြောပြချက်အရ နေရာအနှံ့တွင် မြွေများ တရွရွတွားသွားနေပြီး သတိလစ်နေသူ နှစ်ဦးကို တွေ့လိုက်ရသဖြင့် အိမ်နီးနားချင်းများမှာ သေလုမတတ် ထိတ်လန့်သွားခဲ့ကြရသည်ဟု ဆို၏။

ကံကောင်းထောက်မစွာဖြင့် မိသားစုအတော်များများ မြွေများရရှိသွားခဲ့ကြသဖြင့် ခန္ဓာကိုယ်အားရှိစေရန် စွပ်ပြုတ်လုပ်သောက်နိုင်ခဲ့ကြ၏။

ဤသတင်းမှာ တောမီးပမာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ရာ ချန်ချင်းယွီတို့ နေထိုင်ရာ ဝင်းတစ်ခုလုံးလည်း သိရှိသွားခဲ့ကြသည်။

အမြဲတမ်း သတင်းဦးရှိသူ အဒေါ်ကြီးမေ့သည် ချက်ချင်းပင် ချန်ချင်းယွီထံ သွားရောက်ခဲ့၏။ ချန်ချင်းယွီ မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး ဝမ်းနည်းပူဆွေးဟန်ဖြင့်

“သူ့အိမ်က ထပ်ပြီး သရဲခြောက်ပြန်ပြီပေါ့လေ”

“ဒါပေါ့၊ နေရာအနှံ့ ပျံ့နေတာပဲ။ မြွေတွေအများကြီးပဲတဲ့၊ ကြောက်စရာမကောင်းဘူးလား”

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

“ကြောက်စရာကောင်းလိုက်တာ”

“ဒါဆို ညည်းက ဘာလို့ ညည်းအဖေဆီ သွားမကြည့်တာလဲ”

ချန်ချင်းယွီ ရုတ်တရက် လှောင်ပြုံးပြုံးလိုက်ရင်း ပြတ်ပြတ်သားသား ဆိုလိုက်သည်။

“သူ့ဆီ သွားကြည့်ရမယ် ဟုတ်လား။ သူက သွားကြည့်ဖို့ တန်လို့လား။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် သူက ကျွန်မအမေ သေဆုံးမှုနဲ့ ဆက်စပ်နေတာ သေချာတယ်။ သူ့ဆီ သွားကြည့်ဖို့ဆိုတာ ကျွန်မ စိတ်ကူးထဲမှာတောင် မရှိဘူး”

အဒေါ်ကြီးမေ့ ချန်ချင်းယွီကို သနားကရုဏာသက်စွာ ကြည့်လိုက်မိပြီး ဤမိန်းကလေးမှာ တကယ့်ကို ကံဆိုးလှချေတကားဟု တွေးတောမိ၏။

“ရှောင်ချန်၊ ညည်းကတော့...”

“ချန်ချင်းယွီ... ချန်ချင်းယွီ ရှိလား”

ချန်ချင်းယွီ : “ကျွန်မပါပဲ။ ဘာကိစ္စမို့လို့လဲဟင်။ အာ... ရှင်တို့ တစ်ခေါက်က လူတွေပဲ။ ချန်ရိကျွင်းအကြောင်း ထပ်မေးဖို့ ရောက်လာပြန်တာတော့ မဟုတ်ပါဘူးနော်”

ရဲအရာရှိနှစ်ဦး : “ဟုတ်ပါတယ်၊ သူ့အကြောင်းပါပဲ။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ကြားမိပြီးပြီ မဟုတ်လား”

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

“အားလုံး သိပြီးပါပြီ”

သူမ ဟန်ဆောင်ပန်ဆောင်ဖြင့်

“ကျွန်မ သူ့အကြောင်း ဘာမှမသိသလို၊ သိလည်းမသိချင်ပါဘူး။ ရှင်တို့တွေ ဟိုးအရင်တုန်းက ဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပေးပြီး သူ တကယ်ပဲ ကျွန်မအမေကို ဒုက္ခပေးခဲ့တာလားဆိုတာကိုပဲ သိချင်ပါတယ်။ အကယ်၍ သူ တကယ်လုပ်ခဲ့တာဆိုရင်တော့ သူ့ဝဋ်သူ့နောက် ပြန်လိုက်ပါစေလို့ပဲ မျှော်လင့်ပါတယ်”

“အာ...”

“ကျွန်မကို မွေးပြီးတာနဲ့ မေမေ ကွယ်လွန်သွားခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မကော၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အဘိုးအဘွားတွေကော၊ ဦးလေးကော သမီးဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ တစ်ခါမှ မတွေးမိခဲ့ကြဘူး။ သူမ မရှိတော့ပေမဲ့... သူမ သက်ရှိထင်ရှားရှိနေတာပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ်၊ ဝေဝေဝါးဝါးမရှိဘဲ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ မျှော်လင့်ပါတယ်”

သူမ နှုတ်ခမ်းကို ကိုက်လိုက်ရင်း

“ကျွန်မကတော့ သရဲရှိတယ်လို့ မယုံဘူး။ တစ်စုံတစ်ယောက်က ဒါကို သေချာပေါက် သိနေလိမ့်မယ်လို့ ထင်တယ်။ ရှင်တို့ သေသေချာချာ စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ဖော်ထုတ်ပေးရပါမယ်”

“စိတ်မလှုပ်ရှားပါနဲ့ဦး”

“ကျွန်မ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။ အဲဒါ ကျွန်မရဲ့ မိသားစုပဲဟာကို”

ထိုရဲအရာရှိနှစ်ဦးလည်း ချန်ချင်းယွီကို အတန်ကြာအောင် နှစ်သိမ့်ပေးခဲ့ကြသည်။ အမှန်အတိုင်းပြောရလျှင် သူတို့သည် ချန်ချင်းယွီအပေါ် မည်သည့်သံသယမျှ မရှိကြချေ။

၎င်းမှာ ချန်ချင်းယွီ သရုပ်ဆောင်ကောင်းလွန်း၍ သက်သက်သာမဟုတ်ဘဲ၊ အဓိကအားဖြင့် စတုတ္ထအထပ် ပြတင်းပေါက်တွင် သရဲဟန်ဆောင်ရန်မှာ အလွန်အမင်း ခက်ခဲလွန်းသောကြောင့်ပင် ဖြစ်၏။

သူတို့နှစ်ဦးသည် ချန်ချင်းယွီကို အတန်ကြာ မေးမြန်းခဲ့သော်လည်း မည်သည့်ရလဒ်မျှ မရရှိခဲ့ကြဘဲ နှစ်သိမ့်စကားများကိုသာ အများအပြား ပြောကြားခဲ့ရသည်။ သို့သော်လည်း မနေ့ညနေပိုင်း ထိုဝင်းအတွင်းရှိ လူများသည် သူမ၏အိမ်တွင် တီဗီကြည့်နေခဲ့ကြပြီး ညဆယ်နာရီနီးပါးမှ ပြန်သွားကြကြောင်း၊ ထို့နောက်တွင် ချန်ချင်းယွီမှာ အပြင်သို့ လုံးဝမထွက်ခဲ့ကြောင်းကိုမူ သိရှိခဲ့ကြရ၏။

လူဦးရေ ထူထပ်လှသော ဤကဲ့သို့သော ဝင်းကြီးများတွင် လူအဝင်အထွက်ရှိပါက အလွယ်တကူ သတိပြုမိတတ်ကြပေသည်။

ရဲတပ်ဖွဲ့မှာ မည်သည့်ရလဒ်မျှမရဘဲ ဆက်လက်စုံစမ်းနေစဉ်အတွင်း၊ ချန်ရိကျွင်းနှင့် သူ၏ ဇနီးဖြစ်သူတို့မှာမူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ကြပြီ ဖြစ်၏။

သူတို့သည် အလွန်အမင်း ထိတ်လန့်ချောက်ခြားနေကြပြီး၊ လူစည်ကားလှသော ဆေးရုံတွင်ပင် တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် အလွန်အမင်း ကြောက်ရွံ့နေကြရှာသည်။

ဝေရှု့ဖန်း တုန်ရီစွာဖြင့်

“သရဲရှိတယ်၊ တကယ်ကြီး သရဲရှိတာ... သူမ တကယ်ကြီး ပြန်လာတာ၊ ငါတို့ကို လာရှာတာပဲ...”

“ပါးစပ်ပိတ်စမ်း၊ ပါးစပ်ပိတ်ထား...”

ချန်ရိကျွင်း ငေါက်လိုက်ရင်း၊ စိတ်ကို တင်းထားလျက် အတင်းငြင်းဆိုနေမိသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး... ကမ္ဘာပေါ်မှာ သရဲဆိုတာ မရှိဘူး...”

“ကိုယ့်ကိုယ်ကိုယ် လိမ်မနေနဲ့တော့၊ ရှင်ကိုယ်တိုင်လည်း မြင်ခဲ့တာပဲ မဟုတ်လား။ သရဲရှိတယ်၊ တကယ်ကြီး သရဲရှိတာ... မဟုတ်ရင် မြွေတွေက ဘယ်ကနေ ရောက်လာမှာလဲ... တကယ်ကြီး သရဲရှိတာပဲ...”

“ပါးစပ်ပိတ်စမ်း၊ ပါးစပ်ပိတ်ထား...”

ဝေရှု့ဖန်း ရုတ်တရက် စိတ်ပေါက်ကွဲသွားပြီး

“ရှင်ကသာ ပါးစပ်ပိတ်ရမှာ... ဒါတွေအကုန်လုံးက ရှင့်အပြစ်တွေ၊ ရှင့်ကြောင့်ဖြစ်ရတာ... ကျွန်မက သူမကို ဆေးရုံကို ချက်ချင်းပို့ရအောင်လို့ ပြောခဲ့တာပဲ၊ ဒါပေမဲ့ ရှင်က မပို့ခိုင်းဘူး။ သူမက အဖောက်ပြန်ခံနိုင်တဲ့ မိန်းမစားမျိုး မဟုတ်ဘူး၊ သူမ စိတ်ကောင်းရှိရင် ရှင့်အပေါ် ကောင်းတတ်ပေမဲ့ ရှင် တခြားမိန်းမတစ်ယောက်နဲ့ ပတ်သက်နေတာကို တကယ်သိသွားရင် လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲ သေချာပေါက် ကွာရှင်းလိမ့်မယ်၊ အဲဒီကျရင် ရှင့်မှာ ဘာမှကျန်မှာမဟုတ်ဘူးလို့ ရှင်ပဲ ပြောခဲ့တာလေ။ ဒါကြောင့်ပဲ အချိန်ဆွဲထားတာ ပိုကောင်းတယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်လား။ ဒါတွေအကုန် ရှင့်အပြစ်တွေ၊ ရှင်ပဲ ကျွန်မကိုပါ ဒီကိစ္စထဲ ဆွဲသွင်းခဲ့တာ...”

ချန်ရိကျွင်း ပြန်လည် အော်ဟစ်ကာ

“ပါးစပ်ပိတ်စမ်း... လျှောက်ပြီး ပေါက်ကရတွေ မပြောနဲ့... မင်းကသာ တမင်သက်သက် သူမဆီမှာ သဲလွန်စတွေ ချန်ထားခဲ့လို့ ငါတို့ရဲ့ ဖောက်ပြန်မှုကို သူမ သိသွားရတာ မဟုတ်လား။ မဟုတ်ရင် သူမက ဘာလို့ ဒီလောက်အထိ ဒေါသထွက်ပြီး ကလေးစောမွေးရမှာလဲ”

“ကျွန်မက သူမကို လုပ်ကြံခဲ့တာ မဟုတ်ဘူး၊ ငါတို့ချင်း တွဲနေတာကို သိစေချင်ရုံသက်သက်ပဲ၊ ဒါမှ သူမက ငါတို့ ဆုံတာကို လာမတားမှာလေ။ ကျွန်မက ရှင်တို့နှစ်ယောက်ကို ဖျက်ဆီးဖို့ မရည်ရွယ်ခဲ့ဘူး၊ ကျွန်မက ဒီမိသားစုထဲ ဝင်လာချင်ရုံပဲ၊ ဖျက်ဆီးဖို့ မဟုတ်ဘူး... ပြီးတော့ ဒီမိသားစုကို ထောက်ပံ့ဖို့အတွက် သူမကိုပဲ အားကိုးနေရတာလေ”

“မင်း ပေါက်ကရတွေ ပြောနေတာပဲ၊ အိပ်မက်ယောင်နေတာလား၊ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ရှင်ပဲ၊ ရှင်ပဲ သူမကို ကယ်ဖို့ အချိန်ဆွဲခဲ့တာ၊ ဒါကြောင့်မို့လို့ ကလေးစောမွေးရတာကနေ မွေးရခက်တဲ့ ပြဿနာ ဖြစ်သွားရတာ၊ ရှင့်အပြစ်ပဲ။ အခု အဲဒီသရဲမက လာခြောက်နေပြီ၊ သူမက ရှင့်ကိုပဲ လာရှာသင့်တာ၊ ရှင့်ကိုပဲ လာရှာရမှာ၊ ကျွန်မကတော့ အပြစ်မရှိဘူး...”

သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင် စွပ်စွဲနေကြတော့သည်။

တံခါးဝရှိ ရဲအရာရှိမှာ…

‘ဘုရားရေ... သောက်ကျိုးနည်း...’

သူတို့နှစ်ဦးစလုံးသည် သေချာပေါက် သံသယဖြစ်ဖွယ်ကောင်းသည်ဟု သိထားကြသော်လည်း၊ ယခုကဲ့သို့ ကိုယ်တိုင် ဝန်ခံလာကြလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့ကြချေ။

ရဲအရာရှိ အခန်းထဲသို့ ဝင်လာပြီး

“မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ”

ချန်ရိကျွင်း ရုတ်တရတ် ဆွံ့အသွားခဲ့ပြီးနောက် ချက်ချင်းပင်

“ကျွန်တော်တို့တွေ ဒေါသထွက်ပြီး စကားအဖြစ် ပြောမိတာပါ ရဲအရာရှိမင်းရယ်၊ ကျွန်တော် တကယ်ပဲ ဘယ်သူ့ကိုမှ မလုပ်ကြံခဲ့ပါဘူး...”

“ငါက နားမကြားဘူးလို့ ထင်နေတာလား။ ငါ အကုန်လုံးကို ပြတ်ပြတ်သားသား ကြားလိုက်ရတယ်”

ရဲအရာရှိမှာ ချန်ရိကျွင်းကို ရွံရှာမုန်းတီးစွာဖြင့် ကြည့်လိုက်မိပြီး၊ ဤမျှအထိ စက်ဆုပ်ဖွယ်ကောင်းသော လူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ဝေရှု့ဖန်းသည်လည်း လူကောင်းတစ်ယောက်မဟုတ်သော်လည်း၊ ဤချန်ရိကျွင်းမှာ ထို့ထက်ပင် ပိုမို၍ ရွံရှာဖွယ် ကောင်းလှပေသည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ကျွန်တော် ကယ်တင်ဖို့ နည်းနည်း နှောင့်နှေးခဲ့တာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ တမင်သက်သက် လုပ်ခဲ့တာတော့ တကယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း အလွန်အမင်း ထိတ်လန့်သွားခဲ့လို့ပါ”

မိမိတွင် ရည်ရွယ်ချက်မရှိကြောင်းကိုသာ အတင်းအကြပ် ငြင်းဆိုနေခဲ့၏။

ဝေရှု့ဖန်းသည်လည်း သူ့ကို ဆက်လက်မဆဲဆိုတော့ဘဲ ချက်ချင်းပင်

“ကျွန်မယောက်ျားက တမင်လုပ်ခဲ့တာ တကယ်မဟုတ်ပါဘူး။ စောစောက ကျွန်မပြောခဲ့တာတွေက ဒေါသအလျောက် ပြောမိတာတွေပါ။ ကျွန်မတို့ကို ယုံကြည်ပေးပါ၊ ကျွန်မတို့တွေ ဘယ်သူ့ကိုမှ မနာကျင်စေချင်ပါဘူး”

“ရဲစခန်းကို လိုက်ခဲ့ကြ”

“ကျွန်တော်တို့တွေ အပြစ်မရှိပါဘူးဗျာ...”

သူတို့နှစ်ဦးစလုံး အော်ဟစ်ငိုယိုကြတော့သည်။

ချန်ရိကျွင်းသည် အလွန်တုန်လှုပ်ချောက်ခြားနေခဲ့သော်လည်း မိမိတွင် အပြစ်မရှိကြောင်းကိုမူ ဆက်လက်၍ မတ်တတ်ရပ် ငြင်းဆိုနိုင်ဆဲ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဤကိစ္စမှာ အနှစ်သုံးဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်သည့်သက်သေအထောက်အထားမျှ ရှိနိုင်တော့မည် မဟုတ်ပေ။

“ကျွန်မနဲ့ ကျွန်မယောက်ျားက ရန်ဖြစ်ရင်းနဲ့ စိတ်ထဲရှိရာတွေ လျှောက်ပြောမိတာပါ၊ အပြန်အလှန် စွပ်စွဲကျိန်ဆဲမိတာပဲ ရှိတာပါ၊ ဒါပေမဲ့ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး”

“မှန်ပါတယ်”

ဆေးရုံတွင် ပုန်းအောင်းနေသင့်သော ထိုလူနှစ်ဦးမှာ ယခုအခါတွင်မူ ရဲစခန်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ကြရပြီ ဖြစ်သည်။

ချန်ချင်းယွီထံသို့မူ ဤသတင်းမှာ ရောက်ရှိမလာသေးသဖြင့် သူတို့ နေရာပြောင်းရွှေ့သွားခြင်းကို သူမ မသိရှိသေးပေ။ သို့သော်လည်း သူမအနေဖြင့် ဆေးရုံသို့ သွားရောက်ကြည့်ရှုရန် စိတ်ကူး လုံးဝမရှိခဲ့ပေ။ သူမသည် ချန်ရိကျွင်းထံ သွားမကြည့်ခဲ့သော်လည်း၊ ယွီမေကျွမ်းကိုမူ ကြိုဆိုခဲ့ရ၏။

ယွီမေကျွမ်းနှင့် သူမ၏ မောင်ဖြစ်သူတို့သည် မွန်းလွဲပိုင်းတွင် ရထားပေါ်မှ ဆင်းခဲ့ကြခြင်း ဖြစ်ပြီး၊ အိမ်သို့ပင် မပြန်သေးဘဲ ချန်ချင်းယွီထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

သူတို့အားလုံး စားသောက်ဆိုင်ငယ်လေးတစ်ခုကို ရှာဖွေခဲ့ကြပြီး ချန်ချင်းယွီ ဧည့်ခံကျွေးမွေးခဲ့ရာ၊ ထိုမောင်နှမနှစ်ဦးမှာ အစားအစာများကို အငမ်းမရ ဝါးမြိုစားသောက်ကြတော့၏။

ယွီမေကျွမ်း : “ငါတို့တွေ ရထားပေါ်မှာ ဘာမှမစားခဲ့ရဘူး၊ ထမင်းဖိုးကို ချွေတာဖို့အတွက်လေ။ ဒီရက်ပိုင်းအတွင်း ငါတို့တွေ ဘယ်လောက်အထိ ဒုက္ခရောက်ခဲ့ရလဲဆိုတာ နင် သိမှာမဟုတ်ဘူး”

ချန်ချင်းယွီ : “အဆင်ပြေပြေ ပြီးဆုံးခဲ့ရဲ့လား”

“အဆင်ပြေပြေ ဟုတ်လား။ နင်

တကယ်ပဲ အကောင်းမြင် ပြောလိုက်တာပဲ... ပညာတတ်လူငယ်

ငါ့ရဲ့သူငယ်ချင်းက တကယ့်ကို လူယုတ်မာပဲအေ။ သူတို့က ငါတို့ကို လိမ်ဖို့ ကြိုးစားခဲ့တာ၊ တော်သေးတာပေါ့ ငါတို့ဘက်က ကြိုတင်ပြင်ဆင်ထားလို့၊ မဟုတ်ရင် အကုန်ဆုံးရှုံးရတော့မှာ”

သူမ ဆက်လက်၍

“ငါတို့ တကယ်ပဲ ကြောက်ခဲ့ရတာ၊ တကယ့်ကို ထိတ်လန့်စရာပဲ။ ကဲ... ဒါက နင့်အတွက်”

ဂျင်ဆင်းမြစ်တစ်ခုကို ထုတ်ယူလျက် ချန်ချင်းယွီထံသို့ ကမ်းပေးလိုက်ပြီး မြှောက်ပင့်သော အပြုံးဖြင့်

“အသားဟင်း တစ်ပွဲလောက် ထပ်မှာပေးပါဦးနော်”

“ဝက်သားနီချက်တစ်ပွဲ ထပ်ပေးပါဦး”

ချန်ချင်းယွီ မှာကြားပေးလိုက်သည်။

ယွီမေကျွမ်း ဝမ်းသာအားရဖြင့်

“တကယ့်ကို ကောင်းလိုက်တာ...”

ထိုမောင်နှမနှစ်ဦးသည် ဆက်လက်၍ အငမ်းမရ စားသောက်ကြရင်း

“နောက်တစ်ခေါက် ဒီလိုကိစ္စမျိုး ရှိဦးမယ်ဆိုရင် ငါတို့ကို ထပ်ပြီး လာရှာဦးနော်... ငါ ထပ်ပြီး လုပ်ပေးဦးမယ်”

သူမသည် လွန်ခဲ့သည့်ရက်များမှ ခံစားခဲ့ရသော ပင်ပန်းဆင်းရဲမှုများကို မေ့ပျောက်သွားခဲ့ပြီဖြစ်ရာ၊ ယခုအခါ မည်သည်ကိုမျှ မကြောက်ရွံ့တော့ပေ။

လောကမှာ ပိုက်ဆံလောက ဆွဲဆောင်မှုရှိတာ မရှိဘူး… ပိုက်ဆံသာရရင် ဘာဒုက္ခလဲ… သွားစမ်းပါ…

All Chapters