အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉)
ချန်ရိကျွင်းတို့ လင်မယားနှစ်ဦး ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။
ချန်ချင်းယွီ တစ်ယောက် ဒေါသပုန်ထသွားရ၏။ သို့သော်လည်း ဤအခြေအနေမှာ အံ့ဩစရာမရှိပေ။ ချန်ချင်းယွီပင် ယခုနှစ်တွင် အသက်နှစ်ဆယ့်ကိုးနှစ် ရှိနေပြီ ဖြစ်ရာ၊ ၎င်းနှစ်ပေါင်းသုံးဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ဖြစ်ရပ်အတွက် မည်သည့်သက်သေအထောက်အထားမျှ မရှိနိုင်တော့ပေ။ ထိုလင်မယားနှစ်ဦး အချင်းချင်း အပြန်အလှန် အပြစ်တင်စကားအချို့ ပြောဆိုခဲ့ကြသည်ဆိုသော်ငြား ၎င်းကို အထောက်အထားအဖြစ် အသုံးပြု၍မရနိုင်ကာ... သူတို့ပြောခဲ့သည်မှာလည်း ဆေးရုံသို့ ပို့ဆောင်ရန် အချိန်ဆွဲခဲ့သည်ဟူသော အချက်မျှသာ ဖြစ်သည်။
၎င်းကိစ္စသည် နှစ်ပေါင်းနှစ်ဆယ့်ကိုးနှစ်မှ မဟုတ်ဘဲ မနေ့ကမှ ဖြစ်ပျက်ခဲ့သည်ဆိုလျှင်ပင် ပြစ်မှုအဖြစ် သတ်မှတ်ရန် အလွန်ခက်ခဲလှပေ၏။
မည်သို့ပင်ဖြစ်စေ၊ သက်သေအထောက်အထား မရှိဘဲနှင့် လူကို ဖမ်းဆီးချုပ်နှောင်ထားရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ရဲစခန်းဘက်မှလည်း ချန်ရိကျွင်း၏ ဇနီးဟောင်း သေဆုံးမှုတွင် ဤလင်မယားနှစ်ဦး မသန့်ရှင်းကြောင်း ကောက်ချက်ချနိုင်ခဲ့သော်လည်း၊ သူတို့သာ လူသတ်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုရန် တကယ်ကို မစွမ်းသာခဲ့ပေ။ ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် သက်သေအထောက်အထားပေါ်တွင်သာ လုံးလုံးလျားလျား တည်မှီနေ၏။
ထိုလင်မယားနှစ်ဦးသည် ရင်တထိတ်ထိတ်ဖြင့် ရဲစခန်းမှ ထွက်ခွာလာခဲ့ကြသော်လည်း၊ စိတ်ထဲတွင်မူ အလွန်အမင်း ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။
သူတို့သည် ရဲများကို မကြောက်ကြချေ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ကိစ္စတွင် မည်သည့်သက်သေမျှ ရှိနိုင်မည်မဟုတ်ကြောင်း သိထားကြ၍တည်း။ သို့သော် သူတို့သည် သရဲတစ္ဆေကိုမူ တကယ်ကြီး ကြောက်ရွံ့နေကြ၏။ ရဲစခန်းမှ သံသယစိတ်ဖြင့်သာ ကြည့်ရှုနေချိန်တွင်၊ ချန်ရိကျွင်းတို့ လင်မယားမှာမူ ကမ္ဘာပေါ်တွင် သရဲတကယ်ရှိသည်ဟု တထိတ်ထိတ် ယုံကြည်နေကြပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် တုန်တုန်ရီရီဖြင့် ရဲစခန်းမှ ထွက်လာကြရာ၊ ချန်ရိကျွင်း ဒေါသတကြီးဖြင့်
“နင်က ပါးစပ်ဖွာလွန်းလို့ အခုတော့ ကြည့်စမ်း၊ ရဲစခန်းအထိ ရောက်သွားရပြီ မဟုတ်လား။ တကယ့်ကို မျက်နှာပျက်စရာ ကောင်းလိုက်တဲ့ မိန်းမ”
သူသည် မိမိ၏ စိတ်ထဲမှ ကြောက်ရွံ့တုန်လှုပ်မှုများကို ဖုံးကွယ်ရန်အတွက် ဟန်ကိုယ်ဖို့ လေသံအော်ကြီးဟစ်ကျယ်ဖြင့် ဆဲဆိုနေခြင်း ဖြစ်၏။
ဝေရှု့ဖန်းမှာမူ ယခင်ကဲ့သို့ စိတ်ဓာတ်တက်ကြွမနေတော့ဘဲ ပြန်လည်ချေပလိုက်သည်။
“ဒါကို ဘာလို့ ကျွန်မတစ်ယောက်တည်းကိုပဲ အပြစ်ပုံချနေရတာလဲ။ ရှင်ကိုယ်တိုင်လည်း ဆက်တိုက် ပြောနေခဲ့တာပဲ မဟုတ်လား၊ ဒါ့အပြင်...”
သူမသည် စကားပြောရင်း တစ်ချက် တုန်လှုပ်သွားခဲ့သည်။ ‘နွေဦးမိုးတစ်ပြိုက် ရွာသွန်းပြီးတိုင်း ရာသီဥတုက ပိုမိုနွေးထွေးလာတတ်သည်’ ဟု ဆိုကြသော်လည်း၊ ယနေ့တွင်မူ လုံးဝနွေးထွေးမနေဘဲ လေပြင်းများ တိုက်ခတ်လျက် အလွန်အမင်း အေးစိမ့်နေခဲ့၏။ အိမ်သို့ လျှောက်လှမ်းနေရသော လမ်းခရီးမှာ ငရဲဘုံသို့ သွားနေရသည့်အလား ပိုမို၍ မှောင်မိုက်လာခဲ့ရာ၊ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက်
“အခုချိန်မှာ ကျွန်မကို အပြစ်တင်နေလည်း ဘာမှမထူးတော့ဘူး။ အဲဒီတုန်းက ရှင် ကျွန်မနဲ့ သဘောတူခဲ့တုန်းကကျတော့ ဒါတွေကို ဘာလို့ မတွေးခဲ့တာလဲ”
ချန်ရိကျွင်း : “နင် ဒီလိုအကျင့်စရိုက်မျိုး ရှိမှန်းသာ ငါသိခဲ့ရင်၊ နင်နဲ့ လုံးဝ တွဲခဲ့မှာ မဟုတ်ဘူး”
ဝေရှု့ဖန်းသည် ချန်ရိကျွင်းကို ဆက်လက်၍ မငြင်းခုံတော့ဘဲ
“ရှင် ကျွန်မကို သဘောမကျရင် ကွာရှင်းလိုက်ပေါ့၊ ဒီအိမ်ထောင်စုတစ်ခုလုံးကို ကျွန်မပဲ လုပ်ကိုင်ကျွေးမွေးလာခဲ့တာ။ နေ့တိုင်း အဝတ်လျှော်၊ ထမင်းချက်တာတွေ အကုန်လုံး ကျွန်မပဲ လုပ်ခဲ့တာလေ...”
ထိုစဉ် လေပြင်းတစ်ချက် ဝူးခနဲ တိုက်ခတ်သွားခဲ့၍ ဝေရှု့ဖန်းသည် ချက်ချင်းပင် စကားစရပ်လိုက်ပြီး မိမိ၏ လက်မောင်းများကို ပွတ်သပ်ရင်း
“ရှင် ခံစားရလား... ပိုပြီး အေးလာသလိုပဲ”
ချန်ရိကျွင်းလည်း ကြောက်လန့်တကြားဖြင့် တုန်ရီစွာ ဆိုရှာသည်။
“နင်... နင်... နင် လျှောက်ပြီး ပေါက်ကရမပြောနဲ့၊ အခုက ဘာအချိန်မို့လို့လဲ၊ ရာသီဥတုက နွေးနေရမှာပေါ့”
ဝေရှု့ဖန်းသည် အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ သူမသည် စာပေအများအပြား မသင်ကြားဖူးသော သက်လယ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင်၊ ခေတ်ဟောင်းလူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့်၊ ယခုအခါ ဘဝအခြေအနေများ ကောင်းမွန်လာခဲ့ပြီဆိုသည့်တိုင် သူမ၏ ရိုးရာအယူအဆများမှာ ပြောင်းလဲမသွားခဲ့ချေ။ သူမသည် သရဲတစ္ဆေရှိသည်ကို တကယ်ကြီး ယုံကြည်နေခြင်း ဖြစ်၏။
ဤအခြေအနေတွင် မယုံကြည်ဘဲ မည်သို့နေနိုင်ပါမည်နည်း။ သူတို့အိမ်တွင် သရဲခြောက်သည်မှာ နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပြီ မဟုတ်လော့။
သူမအနေဖြင့် ချန်ရိကျွင်းနှင့် ရန်ဖြစ်ရန် စိတ်မပါတော့ကာ၊ လေပြင်းများ ပိုမိုတိုက်ခတ်လာသည်နှင့်အမျှ စိတ်ထဲတွင် ပိုမိုထိတ်လန့်လာခဲ့သဖြင့် ချန်ရိကျွင်း၏ လက်မောင်းကို လှမ်း၍ အတင်းဆွဲကိုင်လိုက်တော့သည်။
“အား......”
ချန်ရိကျွင်း အထိတ်တလန့် အော်ဟစ်လိုက်၏။
သူကိုယ်တိုင်လည်း ကြောက်ရွံ့နေလေသည်။ အပြင်ပန်းတွင်သာ တည်ငြိမ်ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ရာ၊ ဘာမှမဖြစ်သေးခင်မှာပင် ဤမျှအထိ လန့်ဖျတ်သွားခဲ့ရ၏။
“အား... အား... အား......”
ဝေရှု့ဖန်း ဆက်တိုက် အော်ဟစ်ပြန်သည်။ သူတို့နှစ်ဦး အော်ဟစ်ပြီးနောက် အသိပြန်ဝင်လာသောအခါ၊ ချန်ရိကျွင်း ဒေါသတကြီးဖြင့် အော်ငေါက်လိုက်၏။
“နင် တကယ့်အရူးမပဲ... ငါ့ကို ရုတ်တရက် ဘာလို့ လာဆွဲတာလဲ”
ဝေရှုဖန်း ပြန်လည်မချေပဝံ့တော့ဘဲ၊ ချန်ရိကျွင်းကို မြဲမြံစွာ ဖက်ထားလျက်
“ကလေးအဖေ... ကျွန်မ တကယ်ပဲ နည်းနည်းကြောက်လို့ပါ၊ ရှင် ပြောပါဦး... ရှင် ပြောပါဦး...”
“ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာမှမရှိဘူး၊ ဘာမှမဖြစ်ဘူး။ ကမ္ဘာပေါ်မှာ သရဲမရှိပါဘူး”
ဝေရှုဖန်း : “ဒါပေမဲ့...”
“မရှိဘူး... သရဲမရှိဘူးဆို...”
ချန်ရိကျွင်း ဆိုရင်း ဝေရှု့ဖန်း၏ လက်ကို အတင်းပြန်လည်ဆုပ်ကိုင်လိုက်ကာ၊ နှစ်ဦးသား အပြန်အလှန် အမှီသဟဲပြုလျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။
“ရှင် ပြော...”
“မပြောနဲ့တော့၊ သရဲမရှိဘူး...”
ချန်ရိကျွင်းသည် ဝေရှု့ဖန်းကို မည်သည့်စကားမျှ ဆက်မပြောခိုင်းတော့ဘဲ တုန်တုန်ရီရီဖြင့် အိမ်ပြန်လမ်းအတိုင်း လာခဲ့ကြ၏။ သူတို့ ဝင်းဝသို့ ရောက်ရှိခါနီးအချိန်တွင် လေပြင်းတစ်ချက် ဝူးခနဲ တိုက်ခတ်သွားခဲ့ပြီး၊ မည်သည့်အိမ်မှ လွင့်ထွက်လာသည်မသိသော အဖြူရောင်အိပ်ရာခင်းကြီးတစ်ခုမှာ သူတို့၏ ရှေ့မှောက်တွင် ဝှီးခနဲ ဖြတ်သန်းဝဲပျံသွားခဲ့သည်။
“အား... အား... အား...”
ချန်ရိကျွင်း အော်ဟစ်လိုက်ရင်း…
‘ဘုန်း...’
ကြမ်းပြင်ပေါ်သို့ ပစ်လဲကျကာ သတိလစ်မေ့မြောသွားခဲ့တော့သည်။
ဝေရှု့ဖန်းသည်လည်း မျက်လုံးအိမ်ကြီး လန်တက်သွားကာ ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့ပြန်၏။
လင်မယားနှစ်ဦးစလုံး ဘေးချင်းယှဉ်လျက် သေသေသပ်သပ်လေး လဲကျသွားခဲ့ကြလေသည်။
ပတ်ဝန်းကျင်မှ လူများ : “ဘုရားရေ... မြန်မြန် လာကယ်ကြပါဦး။”
“သူတို့နှစ်ယောက်ကတော့ တကယ့်ကိုပဲ...”
သူတို့နောက်မှ တိတ်တဆိတ် စောင့်ကြည့်လိုက်ပါလာသော ရဲအရာရှိနှစ်ဦးသည်လည်း ချက်ချင်းပင် ရှေ့သို့ ပြေးဝင်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ လူနေဝင်းဖြစ်သဖြင့် လူအများအပြား ရှိနေခဲ့ရာ၊ ချက်ချင်းပင် ဝိုင်းဝန်းကူညီပေးခဲ့ကြ၏၌ ထိုစဉ် ဝင်းအတွင်းရှိ အဒေါ်ကြီးတစ်ဦး ပြေးဝင်လာရင်း
“ကျွန်မရဲ့ အိပ်ရာခင်းကြီးပါရှင်... ဒီလေကတော့ တကယ့်ကိုပဲ...”
လူတိုင်း ဆွံ့အသွားကြကာ….
‘သောက်ကျိုးနည်း… နင့်အိမ်က အိပ်ရာခင်းက လူကို လန့်ပြီး သတိလစ်သွားစေတာပဲ’
သို့သော်လည်း ယခုအချိန်မှာ ၎င်းအကြောင်းကို ပြောဆိုနေရမည့်အချိန် မဟုတ်သဖြင့်၊ အားလုံး ဝိုင်းဝန်းလျက် ထိုလင်မယားနှစ်ဦးကို ဆေးရုံသို့ ထပ်မံ၍ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြရတော့သည်။
ထပ်မံ၍… ထပ်မံ၍… ထပ်မံ၍… ဘယ်နှစ်ခါပါလိမ့်…
ဆေးရုံမှ ဝန်ထမ်းများသည်လည်း ဤလင်မယားနှစ်ဦးကို ထပ်မံတွေ့ရှိရသောအခါ တကယ့်ကို ဆွံ့အသွားခဲ့ကြရသည်။
သူတို့သည်... ထပ်မံ၍ လန့်ဖျန့်ကာ သတိလစ်သွားခဲ့ကြခြင်း ဖြစ်ပေသည်။ သူတို့တွင် မည်မျှအထိ သတ္တိနည်းပါးသော စိတ်နှလုံး ရှိနေကြသနည်း။
လူစုကြီးသည် ထိုလူနှစ်ဦးကို ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြပြီးနောက်၊ ရဲအရာရှိနှစ်ဦးမှာမူ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။ သူတို့ တိတ်တဆိတ် စောင့်ကြည့်ခဲ့ကြခြင်းမှာ တစ်ချက်အနေဖြင့် သရဲခြောက်သည့်ကိစ္စကြောင့် ဖြစ်ပြီး၊ ဒုတိယအနေဖြင့်မူ ထိုစဉ်၌ သူတို့ တစ်စုံတစ်ခုကို ကျူးလွန်ခဲ့သလားဟူသော သံသယကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း သူတို့နှစ်ဦးစလုံး အတိအကျ မြင်တွေ့လိုက်ရသည်မှာ ကမ္ဘာပေါ်တွင် သရဲ လုံးဝမရှိဟူသောအချက်ပင်။ ယနေ့ ရာသီဥတု မကောင်းကာ သဲမုန်တိုင်းအနည်းငယ် ရှိနေခဲ့သော်လည်း အလွန်အမင်း ပြင်းထန်ခြင်းမျိုး မဟုတ်ချေ။ ပေကျင်းမြိုတွင် နေထိုင်သူများအနေဖြင့် နွေဦးရာသီတွင် ဤကဲ့သို့သော ရာသီဥတုမျိုးကို ကြုံတွေ့ရလေ့ရှိသဖြင့် လူတိုင်း ကျင့်သားရနေကြပြီ ဖြစ်သည်။
သို့သော် မည်သူ ထင်မှတ်ထားပါမည်နည်း၊ ထိုလူနှစ်ဦးမှာ ဤမျှအထိ ထိတ်လန့်ချောက်ခြားနေခဲ့ကြ၏။
သူတို့နှစ်ဦးစလုံး တကယ့်ကို ကြောက်ရွံ့နေခဲ့ကြသည်။
ဟုတ်ပေသည်... အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်၏။
တစ်လမ်းလုံးတွင် သူတို့သည် အော်ဟစ်ဆဲဆိုရင်း မိမိကိုယ်ကိုမိမိ ပြန်လည်ခြောက်လှန့်နေခဲ့ကြပြီး၊ နောက်ဆုံးတွင် မိမိဘာသာ လန့်ကာ သတိလစ်သွားခဲ့ကြရသည်။
ရဲအရာရှိနှစ်ဦးသည် ဘေးတွင် တိုးတိတ်စွာ ဆွေးနွေးလိုက်ကြရင်း
“ကမ္ဘာပေါ်မှာ သရဲဆိုတာ လုံးဝမရှိဘဲ၊ သူတို့ဘာသာသူတို့ ပြန်ပြီး ခြောက်လှန့်နေကြတာများလား”
အခြားရဲတစ်ဦး ပြန်သုံးသပ်ပြကာ
“ပြောရခက်တယ်၊ ဒါပေမဲ့ သူတို့ဘာသာ ပြန်ခြောက်တာ သက်သက်တော့လည်း မဟုတ်နိုင်ဘူးလေ၊ မဟုတ်ရင် ထိုမြွေတွေက ဘယ်ကနေ ရောက်လာမှာလဲ”
သူတို့နှစ်ဦးစလုံးမှာ လူငယ်များ ဖြစ်ကြသဖြင့် လူမှုရေးအတွေ့အကြုံ သိပ်မရှိကြသေးရာ၊ အခြေအနေကို ကောင်းစွာ သဘောမပေါက်နိုင်ကြသဖြင့် စခန်းသို့ ပြန်လည်၍ အစီရင်ခံရန်သာ ဆုံးဖြတ်လိုက်ကြတော့သည်။
ဒီလူနှစ်ယောက်ကတော့…မိမိကိုယ်ကိုမိမိ ခြောက်လှန်တဲ့နေရာမှာ တကယ့်ကို ဆရာကြီးတွေပဲ…
ချန်ရိကျွင်းတစ်ယောက် ထပ်မံ၍ နာမည်ကြီးသွား ပြန်၏…
ချန်ချင်းယွီသည် ဤအကြောင်းကို လုံးဝမသိရှိသော်လည်း၊ အိမ်ပြန်ရောက်လာသော ယွီမေကျွမ်းတို့ မောင်နှမနှစ်ဦးမှာမူ ကြားသိခဲ့ရလေသည်။ သူတို့နှစ်ဦးသည် ထမင်းစားသောက်ပြီးမှ ပြန်လာခဲ့ကြခြင်းဖြစ်ပြီး၊ တစ်လမ်းလုံး ခရီးပန်းလာခဲ့သဖြင့် အလွန်အမင်း နွမ်းလျပေရေနေကြသော်လည်း ဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တားဆီးခြင်းကို ခံလိုက်ရ၏။
“နင်တို့ ဘယ်တွေသွားနေကြတာလဲ။ ဒီရက်ပိုင်း အိမ်မှာမရှိကြဘူးနော်။”
“နင်တို့ မသိသေးဘူးမလား၊ နင်တို့အိမ်မှာ ကိစ္စအကြီးအကျယ်ဖြစ်လို့၊ ထပ်ပြီး သရဲခြောက်ပြန်ပြီ။ မနေ့ညက သရဲခြောက်တာလေ... အမလေး အမိရေ၊ အဲဒီသရဲမက အသံကုန်အော်ဟစ်တာ၊ နင်တို့အိမ်ကြီးလည်း မြွေအုံကြီးဖြစ်သွားတာပဲ။ တို့ဝင်းထဲက ယောကျာ်းတွေ သွားမကူညီရင် နင်တို့အဖေနဲ့အမေ မြွေကိုက်ခံရလောက်ပြီ။”
“ဟုတ်ပ၊ နင်တို့အိမ်ကလူတွေ တုန်လှုပ်ခြောက်ခြားကုန်ကြတာ။ အေး... နင်တို့အစ်ကိုကြီးတို့ လင်မယားလည်း ဒီနေ့အထိ ပြန်မလာသေးဘူး။”
“နင်တို့ မသိသေးဘူးမလား၊ နင်တို့အစ်ကိုတို့ လင်မယားကတော့ မနက်ကတည်းက ပြန်လာပြီး အထုပ်အပိုးတွေသိမ်းလို့ မိန်းမဘက်ကအိမ်မှာ သွားနေမယ်ဆိုပြီး ထွက်သွားကြပြီ။ တကယ်ပဲ လန့်သေတော့မလို့ ထင်ပါရဲ့။”
“အာ... သူတို့က ဒီအတိုင်းကြီး ထွက်သွားကြတာလား၊ ဒါဆို လူကြီးတွေကို ဘယ်လိုလုပ်မလဲ။”
“နင်ကလည်း ဘာမှမသိဘူးပဲ၊ ငါ့အမြင်တော့ သူတို့ကို ရှောင်နေကြတာ။ အဲဒီသရဲမက ချန်ရိကျွင်းနဲ့ ဝေရှု့ဖန်းကိုပဲ လာရှာတာလေ၊ သူတို့နဲ့ပတ်သက်ရင် သွားပြီပဲ။”
“နင်တို့အဖေနဲ့အမေ စောစောကတော့ ပြန်လာကြပါသေးတယ်။ ဒါပေမဲ့ အဘွားကြီးဝမ်ရဲ့ အိပ်ရာခင်းက လေထဲလွင့်လာတာကို သူတို့က လိပ်ပြာမလုံတော့ ရင်တုန်သွားတာလားမသိဘူး၊ အိပ်ရာခင်းကြီးကို မြင်ပြီး လန့်လို့ သတိလစ်သွားကြပြန်ရော။ ရဲတွေကပဲ ကူညီပြီး ဆေးရုံကို ထပ်ပို့ပေးလိုက်ကြတယ်။ နင်တို့လည်း မြန်မြန်သွားကြည့်ကြဦး။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဆေးရုံကို သွားကြ၊ ညဘက် လူနာစောင့်လို့ရမလား ကြည့်ပြီး အဲဒီမှာပဲ တစ်ညလောက် အိပ်လိုက်ကြတော့။ နင်တို့အိမ်က တကယ်ကြီး နေလို့မရတော့ဘူး။ အမလေး... မနေ့က ငါလည်း အနောက်က လိုက်ကြည့်မိတာ၊ တကယ်ပါပဲ... ရင်ဘတ်ထဲ တဒိန်းဒိန်းနဲ့ ထိတ်လန့်သွားတာပဲ၊ ညည်းတို့ ယုံချင်မှယုံ၊ နင်တို့အဖေနဲ့အမေ အခန်းထဲမှာ မြွေတွေ တရွရွနဲ့၊ အချို့မြွေတွေဆို ချန်ရိကျွင်းရဲ့မျက်နှာပေါ်မှာ ခွေနေတာ၊ အမလေး... ကြောက်စရာကြီး။”
“ဟုတ်ပ၊ နင်တို့မောင်လေးဆိုရင်လည်း ဘယ်သူ့အိမ်မှာ သွားအိပ်နေလဲမသိဘူး၊ အခုထိ ပြန်မလာသေးဘူး။ ငါ့အထင်တော့ သူလည်း အိမ်ပြန်မအိပ်ရဲဘူး ထင်တယ်။”
လူအများ ဝိုင်းဝန်းပြောဆိုနေကြသဖြင့် ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့မှာ ဆွံ့အလျက် မှင်သက်သွားကြသည်။ သူတို့ အပြင်သို့ ခရီးသွားနေခဲ့သည့် အချိန်တိုအတွင်း အိမ်တွင် ဤကဲ့သို့ သရဲခြောက်သည့်ကိစ္စ ထပ်မံဖြစ်ပွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ထို့ပြင်... သူတို့နှစ်ဦး တွေးမိရင်း စိတ်ထဲမှ တိတ်တဆိတ် ကံကောင်းသည်ဟု အောက်မေ့လိုက်မိကြသည်။ တစ်ရက်လေးသာ လိုသွားခြင်း ဖြစ်၏။ အကယ်၍ တစ်ရက်စောပြီး ပြန်လာခဲ့မိပါက သူတို့ပါ ကြုံတွေ့ရပေလိမ့်မည်။
'တစ်ရက်နောက်ကျပြီးမှ ပြန်လာမိတာ တော်သေးတာပေါ့၊ တကယ့်ကို ကံကောင်းတာပဲ...'
သူတို့နှစ်ဦးမှာ တကယ့်ကို ဝမ်းသာလုံးဆို့နေကြပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။ သို့သော် အခြေအနေကို အကဲခတ်လျက် ယွီမေကျွမ်း ချက်ချင်းပင်
“ငါတို့ အိမ်ထဲအရင်ဝင်ပြီး သွားကြည့်ရအောင်”
“နင်တို့မောင်နှမကလည်း ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ၊ နင်တို့အိမ်မှာ သရဲခြောက်နေတာကို။”
“ရပါတယ်၊ ကျွန်မက... ကျွန်မက သတ္တိကောင်းပါတယ်...”
သူမ ပြန်ပြောရင်း၊ ချန်ဒုတိယကို ဆွဲခေါ်ကာ လှေကားထစ်များအတိုင်း အမြန်ဆုံး တက်သွားခဲ့ကြသည်။ နောက်ကွယ်မှ “လူကြီးစကား နားမထောင်ရင်တော့ ဒုက္ခတွေ့ရလိမ့်မယ်” ဟု တိုးတိုးတိတ်တိတ် ညည်းတွားသံကို ခပ်ရေးရေး ကြားလိုက်ရသေး၏။
“အစ်မ... ငါတို့ ဒီလိုကြီး ပြန်လာတာ တကယ်ပဲ အဆင်ပြေပါ့မလား”
ချန်ဒုတိယ စိုးရိမ်တကြီး မေးလိုက်သည်။
ယွီမေကျွမ်း : “အဆင်ပြေတာပေါ့၊ အဲဒီသရဲမက ဦးလေးချန်နဲ့ အမေတို့ကိုပဲ လာရှာတာလေ။ သူတို့လည်း အိမ်မှာမရှိတော့ သရဲက သေချာပေါက် လာမှာမဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ ငါတို့သာ ဆေးရုံကို လိုက်သွားရင် အဲဒီသရဲမက ဆေးရုံအထိပါ လိုက်လာပြီး သူတို့ကို ရှာရင်ရှာနေမှာ။ သူတို့နားမှာ နေတာကမှ ပိုပြီး အန္တရာယ်ရှိတာ။”
သရဲခြောက်မှန်း သိနေသည့်အတွက် သူမအနေဖြင့် ထိုဘက်သို့ သွားပြီး မပတ်သက်ရဲပေ… သူမက အရူးမှ မဟုတ်ဘဲ…။ ချန်ဒုတိယလည်း စဉ်းစားကြည့်ရာ ယုတ္တိရှိသည်ဟု ထင်သဖြင့် ခေါင်းညိတ်ရင်း
“အစ်မပြောတာ မှန်တယ်”
“ငါပြောတာ မှန်တာပေါ့။”
ယွီမေကျွမ်း ဆက်လက်၍
“သူတို့လည်း အိမ်မှာမရှိတော့ ငါတို့ ဧည့်ခန်းမှာ အိပ်စရာမလိုတော့ဘူး၊ ကောင်းကောင်းကြီး အနားယူလို့ရပြီ”
“ဒါပေါ့။”
သူတို့နှစ်ဦးမှာ အခြားသူများထက် ပို၍ သတ္တိကောင်းပုံရသော်လည်း အမှန်တကယ် သတ္တိရှိမရှိကိုမူ ပြောရန်ခက်လှပေသည်။ သူတို့ သတ္တိရှိနေခြင်းမှာ မနေ့ညက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။ မမြင်ခဲ့ရသဖြင့် ထိုမျှအထိ မကြောက်ကြခြင်း ဖြစ်သည်။
အိမ်ထဲတွင် ဘယ်သူမှမရှိသော်လည်း အိမ်တွင်းတစ်ခုလုံးမှာမူ ဗရုပ်သုတ်ခ ဖြစ်နေခဲ့၏။
အထူးသဖြင့် အဓိကအိပ်ခန်းကြီး၏ ပြတင်းပေါက်မှန်များ ကွဲအက်နေသည့်အပြင် နေရာအနှံ့တွင် ဖရိုဖရဲ ဖြစ်နေလေသည်။ ၎င်းမှာ မြွေများကို လိုက်လံဖမ်းဆီးရာမှ ဖြစ်ပေါ်လာသော အခြေအနေပင်။
ယွီမေကျွမ်း ထိုအရာများကို ဂရုမစိုက်အားကာ အလုပ်လည်း မလုပ်ချင်သဖြင့်
“လာ... ငါတို့ ပိုက်ဆံခွဲကြရအောင်”
ချန်ဒုတိယမှာ လက်ကို ပွတ်သပ်ရင်း
ဝမ်းသာအားရဖြင့်
“တကယ်ကို ကောင်းတာပဲ”
ချန်ချင်းယွီသည် ဂျင်ဆင်းမြစ်ကို ယူဆောင်သွားခဲ့သော်လည်း ကျန်ရှိသော ငွေကြေးများကိုမူ လုံးဝမယူခဲ့သဖြင့် သူတို့အတွက် အမြတ်အစွန်းများစွာ ကျန်ရှိနေခဲ့၏။
ယွီမေကျွမ်း : “သူမက စစချင်းတုန်းက စရိတ်စကအတွက်ဆိုပြီး ယွမ်တစ်ရာ ပေးခဲ့တယ်၊ ငါလည်း စာရင်းသေချာမှတ်ထားတယ်။ လမ်းစရိတ်၊ တည်းခိုခနဲ့ စားစရိတ် အားလုံးပေါင်း ငါးဆယ့်ရှစ်ယွမ်ပဲ ကုန်တယ်။ နောက်ပိုင်းမှာ သူမက အရန်သင့်သုံးဖို့ဆိုပြီး ယွမ်တစ်ရာ ထပ်ပို့ပေးခဲ့သေးတယ်၊ အဲဒါက မသုံးလိုက်ရဘူး။ ဒါကြောင့် အခု ငါတို့ဆီမှာ စုစုပေါင်း တစ်ရာ့လေးဆယ့်နှစ်ယွမ် ကျန်တယ်။ ဟားဟားဟား... တော်သေးတာပေါ့၊ စစချင်းတုန်းက ငါက စားစရိတ်လေး ဘာလေး ဖြတ်စားမလို့ စာရင်းအတု လုပ်မလို့ပဲ။ အခုတော့ ငါတို့ သဘောတူထားတာထက် အများကြီး ပိုရသွားပြီ။ စားစရိတ် ငြိမ်း၊ တည်းခိုခ ငြိမ်းအပြင် တစ်ခေါက်ကို သုံးဆယ်စီပဲ ရရမှာကို၊ အခု လက်ထဲ ရောက်လာတာက တစ်ရာ့လေးဆယ့်နှစ်ယွမ်ကြီးတောင်။ ငါတော့ ချန်ချင်းယွီလို သဘောကောင်းပြီး လက်ဖွာတဲ့လူမျိုးကို အကြိုက်ဆုံးပဲ။”
ချန်ဒုတိယလည်း ဝမ်းမြောက်သွားခဲ့သည်။ သူတို့ ကျေးလက်ဒေသမှ ပြန်လာခဲ့ကြခြင်းဖြစ်ရာ လက်ထဲတွင် ပိုက်ဆံ သိပ်မရှိကြတော့ပေ။
“အသွားအပြန် ရထားလက်မှတ်က ဈေးကြီးလို့၊ မဟုတ်ရင် ဒီထက်မက ပိုကျန်ဦးမှာ”
ယွီမေကျွမ်း တိုးတိုးတိတ်တိတ် ရေရွတ်လိုက်၏။
“ဒီအလုပ်က တကယ်လုပ်လို့ရတယ်နော်၊ ငါတော့ နည်းနည်းမှ အန္တရာယ်မရှိဘူးလို့ ထင်လာပြီ။”
“အေးလေ၊ ဟုတ်ပ။”
“တစ်ခုခုလုပ်စားပြီး ရေမိုးချိုး အိပ်ကြရအောင်။ ရထားပေါ်မှာ ငါ မျက်စိတစ်မှိတ်တောင် မမှိတ်ရဲဘူး။”
“ငါလည်း တူတူပဲ။ နင် အစ်ကိုကြီးအခန်းမှာ အိပ်မလား၊ မောင်လေးအခန်းမှာ အိပ်မလား။”
“ရပါတယ်၊ ဘယ်အခန်းဖြစ်ဖြစ်။”
“ဒါဆို တစ်ယောက်တစ်ခန်းစီ အိပ်ကြတာပေါ့။”
“ကောင်းပြီ။”
သူတို့မောင်နှမနှစ်ဦးမှာ စိတ်ကူးကောင်းနေကြပြီး….
'ဒီလို သရဲခြောက်တာလည်း ကောင်းသားပဲ၊ သူတို့တွေ အိမ်မပြန်လာကြတော့ ငါတို့ ဧည့်ခန်းမှာ အိပ်စရာမလိုတော့ဘူး၊ နေရတာ တကယ့်ကို သက်တောင့်သက်သာ ရှိလှပေစွ'
“ဒါပေါ့။”
“ဒီလို သရဲခြောက်တာမျိုး ခဏခဏ ဖြစ်ရင် သိပ်ကောင်းမှာပဲ။”
“ဟားဟား...”
ဤမိုက်မဲသော မောင်နှမနှစ်ဦးသည် ဆေးရုံသို့သွား၍ လူနာစောင့်ရန် လုံးဝစိတ်ကူးမရှိကြချေ။ ထိုလင်မယားနှစ်ဦးစလုံးမှာပင် သူတို့ကို စွန့်ပစ်ထားခဲ့ကြပြီးဖြစ်ရာ သူတို့ကော အဘယ်ကြောင့် အတင်းအကြပ် သွားရမည်နည်း။ ထိုလင်မယား အချစ်ဆုံးမှာ အခြားသားနှစ်ယောက် မဟုတ်လော့။
ဟာသပဲ… သူတို့ကိုပဲ သွားခိုင်းလိုက်ပေါ့..။
ဟွန်း... နောက်ဆုံးတော့လည်း လန့်ပြီး ထွက်ပြေးကုန်ကြတာပဲ မဟုတ်လား…။
သူတို့နှစ်ဦးသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်တော့ဘဲ အိပ်ခန်းထဲသို့ ဝင်ရောက်အိပ်စက်ကြတော့သည်။ အိပ်ခန်းထဲတွင် အိပ်ရသည်မှာ တကယ်ကောင်းလှ၏။
သရဲခြောက်မည်ကို အနည်းငယ် စိုးရိမ်မိကြသော်လည်း ခရီးပန်းလာခဲ့ကြသဖြင့် အလွန်အမင်း နွမ်းလျနေကြရာ ခေါင်းနှင့်ခေါင်းအုံးထိသည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့ကြလေသည်။
တကယ်ကြီး အိပ်မပျော်နိုင်ကြသူများမှာမူ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ လင်မယား ဖြစ်ကြ၏။ မှန်ပေသည်... သူတို့ ဆေးရုံသို့ ရောက်ရှိပြီး မကြာမီမှာပင် ပြန်လည်နိုးလာခဲ့ကြသည်။ ပိုက်ဆံလည်း ကုန်ကျပြီးဖြစ်သဖြင့် သူတို့အနေဖြင့် မနက်ဖြန်အထိ ဆေးရုံတွင် ဆက်နေကြမည်ဖြစ်ပြီး၊ အဓိကအားဖြင့် အိမ်သို့ပြန်ရန် အလွန်တရာ ထိတ်လန့်နေကြသောကြောင့် ဖြစ်၏။
ချန်ရိကျွင်းမှာ အိမ်ထက်စာလျှင် ပြင်ပသည် ပိုမိုဘေးကင်းသည်ဟု ခံစားနေရသည်။ ပြီးခဲ့သည့်အကြိမ် ဆေးရုံတက်ခဲ့ရစဉ် မည်သည့်ပြဿနာမျှ မရှိခဲ့ဘဲ၊ ဆေးရုံမှဆင်း၍ အိမ်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ပြဿနာ ထပ်မံပေါ်ပေါက်လာခဲ့ရ၏။ ထို့ကြောင့် အဲဒီသရဲမသည် အိမ်ထဲတွင်သာ သူ့ကို လာရောက်ရှာဖွေနိုင်ခြင်းဖြစ်သည်ဟု သူ ထင်မြင်နေမိသည်။ ထို့ကြောင့် ပြင်ပတွင်နေခြင်းမှာ ပိုမို၍ ဘေးကင်းပေလိမ့်မည်။
သို့သော်လည်း ချန်ရိကျွင်း မိမိကိုယ်ကိုမိမိ အတင်းအကြပ် နှစ်သိမ့်နေသော်လည်း မကြောက်ဘဲ မနေနိုင်ချေ။ သူသည် စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် လုံးဝမလှုပ်ဝံ့ဘဲ ရှိနေသည်။
ဝေရှု့ဖန်းလည်း နိုးလာခဲ့ပြီး စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကာ ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်နေခဲ့၏။
“ကလေးတွေအဖေ... ရှင်ပြောစမ်းပါ... ငါတို့တွေ သရဲနှင်ဖို့အတွက် နတ်ဆရာမတစ်ယောက်လောက် ရှာသင့်လားဟင်”
ဝေရှု့ဖန်း စဉ်းစားဆင်ခြင်ရင်း ဤနည်းလမ်းမှာ ပိုမိုအဆင်ပြေနိုင်သည်ဟု ထင်သဖြင့် မေးလိုက်သည်။
သို့သော် ချန်ရိကျွင်း ဒေါသတကြီးဖြင့် ငေါက်ငမ်းကာ
“နင် ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ။ ဒီလိုမျိုး အယူသည်းတဲ့ကိစ္စတွေကို တိတ်တဆိတ်လုပ်ရင် လူတွေက တစ်ချက်လောက် ကြည့်ပြီး မျက်စိမှိတ်ပေးထားကြဦးမယ်။ နင်သာ အကျယ်အကျယ်လုပ်ရင်တော့ အဖမ်းခံရဖို့ စောင့်နေသလိုပဲ ဖြစ်သွားမယ်၊ နင် ရူးသွားပြီလား...”
“ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဟင်”
ဝေရှု့ဖန်းသည် ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိပြီး၊ သူမ၏ စိတ်ထဲတွင် ဖိအားများ အလွန်အမင်း များပြားနေခဲ့ကာ တွေးမိတိုင်း အသည်းထဲစိမ့်အောင် ကြောက်နေမိ၏။
သူမသည် ယခုအခါ မျက်လုံးမှိတ်လိုက်သည်နှင့် မြွေများစွာ တရွရွတွားသွားနေသည်ကိုသာ မြင်ယောင်နေမိပြီး၊ အိပ်မက်ထဲတွင်လည်း မြွေအုံကြီးထဲသို့ ကျရောက်ကာ မြွေကိုက်ခံရသည်ဟုသာ မက်နေမိသည်။
“ဘယ်လိုလုပ်ရမလဲ... အဲဒီသရဲမက ဝိညာဉ်မခွာဘဲ လိုက်ခြောက်နေတာပဲ”
“သရဲမရှိဘူး... မရှိဘူးဆို...”
“ကိုယ့်ကိုယ်ကိုယ် လိမ်မနေပါနဲ့တော့။ ရှင်လည်း သိတာပဲ... ရှိတယ်၊ သေချာပေါက် ရှိတယ်... အဲဒါ သူမပဲ... သူမ ငါတို့ကို ပြန်လာရှာတာ။ ရှင်လည်း သိသားပဲ... ငါတို့အိမ်က စတုတ္ထအထပ်မှာလေ၊ စတုတ္ထအထပ်ကြီးမှာ... အကယ်၍ လူတစ်ယောက်က တမင်သက်သက် သရဲဟန်ဆောင်တာဆိုရင် ရဲတွေက စောစောကတည်းက သိနေမှာပေါ့။ ဒါပေမဲ့ မသိဘူးလေ၊ မသိကြဘူး... စတုတ္ထအထပ်က ပြတင်းပေါက်မှာ ဘယ်လူကောင်းက လာပြီး ဝဲပျံနေမှာလဲ။ ပြီးတော့... အဲဒီလောက်များတဲ့ မြွေတွေကကော ဘယ်ကနေ ရောက်လာမှာလဲ... အဟင့်ဟင့်... သူမ ငါတို့ကို ကလဲ့စားချေဖို့ ပြန်လာတာပဲ”
“ကလဲ့စားချေတယ် ဟုတ်လား... သူမသာ ကလဲ့စားချေချင်ရင် စောစောကတည်းက လာရမှာပေါ့...”
“ဒါမှမဟုတ်... ဝိညာဉ်စွမ်းအား မပြည့်သေးလို့လားမသိဘူး”
“ပါးစပ်ပိတ်စမ်း။”
သူတို့လင်မယားနှစ်ဦးသည် အချင်းချင်း အငြင်းပွားနေခဲ့ကြသည်။
ထိုစဉ် ဘေးကုတင်မှ အဘိုးအိုတစ်ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ရင်း
“ဒီလူနာခန်းထဲမှာ မင်းတို့နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးနော်...”
“အား... သရဲကြီး...”
ဝုန်း… ဟူသောအသံနှင့်အတူ လင်မယားနှစ်ဦးစလုံး ထပ်မံ၍ သတိလစ်မေ့မြောသွားခဲ့ကြပြန်၏။
“အမလေး... သူနာပြုဆရာမ... သူနာပြုဆရာမရေ မြန်မြန်လာပါဦး...”
အဘိုးအိုသည် အမှန်ပင် ဝေခွဲမရဖြစ်သွားခဲ့ပြီး မျက်နှာချင်းဆိုင်ကုတင်မှ လူကို လှမ်းကြည့်ကာ မေးလိုက်သည်။
“ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား”
မျက်နှာချင်းဆိုင်ကုတင်မှ လူသည် စောင်ကို ကိုက်လျက် အကဲခတ်နေခဲ့
ကာ ၊ ခေါင်းကို ခါယမ်းပြရင်း
“သူတို့က... သတ္တိ အင်မတန် နည်းလွန်းလို့ပါ”
သူနာပြုဆရာမသည်လည်း ဝူးခနဲ ပြေးဝင်လာခဲ့ပြီး လူနာခန်းတစ်ခုလုံး ရှုပ်ယှက်ခတ်သွားခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးမှာ သတိလစ်သွားရုံမျှသာ ဖြစ်သဖြင့် ဘာမှမဖြစ်ခဲ့ချေ။
အဘိုးအိုလည်း ရှင်းပြကာ
“ဆရာမရေ... ဒါက ကျွန်တော့်အပြစ် မဟုတ်ဘူးနော်၊ ဒီခန်းထဲက တခြားလူတွေလည်း သက်သေခံပေးနိုင်ပါတယ်။ သူတို့ဘာသာသူတို့ ဘေးလူမရှိသလို တတွတ်တွတ် ပြောနေကြလို့ သတိပေးလိုက်တာကို၊ သူတို့ဘာသာ လန့်ပြီး သတိလစ်သွားကြတာပဲ။ ဘာလို့ ချက်ချင်းကြီး မေ့လဲသွားရတာလဲ၊ ကျွန်တော်က သရဲမှ မဟုတ်ဘဲ”
“ဟုတ်ပါတယ်၊ ကျွန်တော်လည်း အဘိုးအတွက် သက်သေခံပါတယ်။ ဒါက ခြောက်ယောက်အိပ်ခန်းလေ၊ ကျွန်တော်တို့ စကားပြောလို့တောင် မရတော့ဘူးလား”
သူနာပြုဆရာမ သူတို့ကို နှစ်သိမ့်ပေးရင်း
“ရှင်တို့ စိတ်ထဲမထားပါနဲ့၊ သူတို့တွေက မကောင်းမှုလုပ်ထားလို့ ဒီလောက်အထိ ကြောက်နေကြတာ။ မနေ့ညကတည်းက အခုထိ သုံးကြိမ်တောင် သတိလစ်သွားပြီးပြီ”
သူနာပြုဆရာမလည်း တကယ့်ကို အံ့ဩမိရသည်။
ချက်ချင်းကြီး မေ့လဲသွားလိုက်၊ ခဏနေတော့ ထပ်ပြီး မေ့လဲသွားလိုက်နှင့်… ဤလင်မယားနှစ်ဦးမှာ တကယ့်ကို အဆန်းတကြယ်တည်း။
“သူတို့က အိမ်မှာ သရဲခြောက်တယ်လို့ ပြောနေကြသေးတယ်၊ ကမ္ဘာပေါ်မှာ ဘယ်မှာ သရဲရှိလို့လဲ။”
“သူတို့လား... ကျွန်တော် ကြားမိသလောက်တော့ စောစောကတင် ပြောနေကြတာ...”
လူနာခန်းအတွင်းရှိ လူများ တတွတ်တွတ်နှင့် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
ချန်ရိကျွင်းတို့ လင်မယားမှာမူ ထပ်ခါတလဲလဲ သတိလစ်နေခဲ့ကြသဖြင့် မိမိတို့၏ နာမည်ကျော်ကြားမှုမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟိုးဟိုးကျော်သွားခဲ့ပြီ ဖြစ်ကြောင်းကိုမူ လုံးဝမသိရှိကြရှာချေ။
ဤအကြောင်းအရာမှာ ပေကျင်းမြို့ တစ်ခွင်တွင် ဟိုးဟိုးကျော်အောင် ပျံ့နှံ့သွားခဲ့ရာ၊ ထိုလင်မယားနှစ်ဦးမှာလည်း လုံးဝ နာမည်ကြီးသွားခဲ့ကြတော့သည်။ ဤကဲ့သို့သော သရဲခြောက်သည့် သတင်းမျိုးမှာ ဤတစ်နေရာတည်းတွင်သာ ရှိဖူးသည်မျိူး မဟုတ်ချေ။ သို့သော် အခြားသတင်းများမှာ လျှို့ဝှက်ဆန်းကြယ်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အရိပ်အယောင်များ လွှမ်းမိုးနေတတ်သော်လည်း၊ ချန်ရိကျွင်းတို့၏ ကိစ္စမှာမူ ထူးထူးခြားခြား ဖြစ်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အော်ဟစ်ငိုယိုသံများမှာ အလွန် ကျယ်လောင်လွန်းခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့်ပင် လူအတော်များများမှာ သရဲရှိသည်ကို မယုံကြည်ကြဘဲ၊ တစ်စုံတစ်ယောက် တမင်သက်သက် သရဲဟန်ဆောင်ကာ ဉာဏ်ဆင်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်မြင်ကြသည်။
ဘာပဲဖြစ်ဖြစ် ဖြစ်ရပ်၏ အဓိကအချက်များကို ကြည့်ပါက…
ပြတင်းပေါက်မှန် ခွဲခြင်း၊ အသံကုန် အော်ဟစ်ခြင်းနှင့် မြွေများ လွှတ်ခြင်းတို့သာ ဖြစ်သည် မဟုတ်လော့။
သို့သော်လည်း ချန်ရိကျွင်းတို့ အလုပ်လုပ်ရာ စက်ရုံဝင်းအတွင်းရှိ လူများနှင့် သူတို့ကိုယ်တိုင်သာလျှင် မည်မျှအထိ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်ကို ကောင်းစွာ သိရှိကြပေသည်။ ထိုကဲ့သို့သော အုံ့မှိုင်းမှိုင်း မိုးအုံ့ရက်တွင် ကြုံတွေ့ရသည့် အငွေ့အသက်မျိုး၊ ထို့ပြင် စတုတ္ထအထပ်တွင် ရုတ်တရက် ပေါ်လာပြီး ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားသည့် အချက်များက သူတို့အား သရဲတကယ်ရှိကြောင်း ခိုင်ခိုင်မာမာ ယုံကြည်သွားစေရန် လုံလောက်ခဲ့ပေသည်။
ပြင်ပမှ လူများ မယုံကြည်ကြသော်လည်း၊ ထိုလှုပ်ရှားသံများကို ကိုယ်တိုင်ကြားခဲ့ရသူများမှာမူ တကယ်ကြီး ယုံကြည်နေကြပြီ ဖြစ်၏။
တကယ့်ကို လုံးဝဥဿုံ ယုံကြည်နေကြခြင်းပင်…
ကိုယ်တိုင် ကြုံတွေ့ဖူးမှသာလျှင် ထိုကဲ့သို့သော ချောက်ချားဖွယ် အအေးဓာတ်ကို အမှန်တကယ် ခံစားမိနိုင်ပေသည်။
ဤသို့ဖြင့် သတင်းများမှာ တစ်စတစ်စ ပိုမိုပျံ့နှံ့သွားခဲ့တော့၏။
ချန်ချင်းယွီသည်လည်း ဤသတင်းကို ကြားသိခဲ့ရသော်လည်း၊ သူမမှာမူ ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်လျက် ရှိနေသည်။
အဘွားကြီးကျောက်မှာမူ အပြင်သို့ သွားရောက်စုံစမ်းခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြန်လာခဲ့ပြီး
“အေ... နင့်အဖေက လန့်ပြီး ဆေးရုံထပ်တက်ရပြန်ပြီတဲ့။ သူက ဒီလောက်အထိ ယုတ်မာတဲ့ကိစ္စမျိုးကိုတောင် လုပ်ဝံ့ခဲ့တာ၊ ဘာလို့ ဒီလောက်တောင် သတ္တိနည်းနေရတာလဲမသိဘူး”
ချန်ချင်းယွီ လှောင်ပြုံးပြုံးလျက် ဆိုလိုက်၏။
“ဟက်... အဲဒီနှစ်ခုက ဆန့်ကျင်ဘက်ဖြစ်နေတာမှ မဟုတ်တာ”
“ဒါဆို...”
ချန်ချင်းယွီ : “ဒီရက်ပိုင်း ချန်ရိကျွင်းကို ဆက်ပြီး စောင့်ကြည့်နေဖို့ မလိုတော့ဘူး။ ယွီမေကျွမ်းလည်း အဆင်ပြေပြေ ပြန်ရောက်လာပြီဆိုတော့၊ ကျွန်မလည်း တောင်ပိုင်းကို သွားဖို့ ပြင်ဆင်တော့မယ်”
အဘွားကြီးကျောက်သည် တစ်ချက်မှင်သက်သွားပြီး အံ့ဩတကြီးဖြင့် မေးလိုက်သည်။
“နင်က နင့်အဖေကို ဆက်ပြီး မခြောက်လှန့်တော့ဘူးလား”
သူမ ဆက်လက်၍ စိတ်ရင်းမှန်ဖြင့် မေးမြန်းရှာ၏။
“ဒီလိုကိစ္စမျိုးကို အရှိန်အဟုန်မပြတ် တစ်ခါတည်း ဆက်တိုက်လုပ်ရမှာ မဟုတ်ဘူးလား”
ချန်ချင်းယွီ : “မလိုပါဘူး၊ အရှိန်အဟုန်မပြတ် ဆက်တိုက်လုပ်ရင် သူက ဒီလောက်အထိ ကြောက်တော့မှာ မဟုတ်ဘူး။ ပြီးတော့ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ဖြစ်နေရင် သူ့ရဲ့ ဖိအားဒဏ်ခံနိုင်ရည်က ပိုမြင့်လာပြီး၊ ဒီလိုကိစ္စမျိုးက သူ့ကို လန့်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မဘက်က ထပ်ပြီး ပေါ်မလာတော့ဘူးဆိုရင် သူက အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ သံသယဝင်နေလိမ့်မယ်၊ အဲဒီအခါ သူတို့လင်မယားရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားက တဖြည်းဖြည်းနဲ့ ပိုပြီး ကြီးမားလာလိမ့်မယ်။ အဲဒီလိုအချိန်ကျမှ ကျွန်မက ထပ်ပြီး ပေါ်လာရင်တော့ သူက ပိုပြီး လန့်သွားမှာပဲ။ ကျွန်မက အချိန်မှန်မဟုတ်ဘဲ ရံဖန်ရံခါ ပေါ်လာပြီး သူ့ကို အဆက်မပြတ် နှိပ်စက်သွားမှာ။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး ပြင်းထန်လာမယ်၊ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး အဆင့်ဆင့် မြင့်တက်လာမယ်။ သူ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကျွန်မ စောင့်ကြည့်ချင်သေးတယ်”
အဘွားကြီးကျောက်မှာမူ ကောင်းစွာ သဘောမပေါက်ပေ။
“နင်က ဥပဒေလည်း မချိုးဖောက်ချင်ဘူးဆိုတော့၊ သူ့ကို ဒီလိုမျိုး ခဏခဏ ခြောက်လှန့်နေတာက ဘာထူးမှာလဲ”
ချန်ချင်းယွီ : “ဘာလို့ မထူးရမှာလဲ။ လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီဆိုရင် ဘာတွေ လုပ်မိမလဲဆိုတာ ပြောဖို့ခက်တယ်လေ”
သူမ တစ်ချက် ပြုံးလိုက်ရင်း
“ဒီနှစ်ရက် သုံးရက် ညဘက်တွေမှာ ကျွန်မ အပြင်ထွက်ရမယ်။ ကျွန်မရဲ့ ဦးလေးက စက်ရုံက ပစ္စည်းတွေကို ဘယ်လိုအချိန်တွေမှာ ခိုးထုတ်တတ်လဲဆိုတဲ့ အလေ့အထကို သွားပြီး စုံစမ်းရမယ်။ ကျွန်မတို့က နိုင်ငံသားကောင်းတွေပဲဟာ၊ ပြစ်မှုတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရမှာပေါ့”
အဘွားကြီးကျောက် : “ဒါဆိုရင်တော့ နင် သတိထားဦးနော်။ အာ... မဟုတ်သေးပါဘူး၊ မကြာသေးခင်က နင့်အဖေကိစ္စကြောင့် နင့်ကို စောင့်ကြည့်နေတဲ့လူတွေ ရှိနေနိုင်တယ်၊ နင် ဒီလိုလုပ်တာ တကယ်ပဲ အဆင်ပြေပါ့မလား”
ချန်ချင်းယွီ : “စိတ်ချပါ၊ ကျွန်မမှာ အစီအစဉ် ရှိပါတယ်”
“အေးပါလေ။”
ချန်ချင်းယွီတွင် အမှန်တကယ်တမ်း မသင်္ကာစရာ အချက်အလက်ကြီးကြီးမားမား မရှိချေ။ သို့သော် ကိစ္စအားလုံးမှာ ချန်ရိကျွင်းကိုသာ ဦးတည်နေသဖြင့် သူမအပေါ် အနည်းငယ် သံသယဝင်ကြခြင်းမှာ မထူးဆန်းလှပေ။ ထို့ကြောင့် ချန်ချင်းယွီသည် အလွန်အမင်း သတိထားခဲ့သည်။ သူမသည် တံခါးမကြီးမှ လုံးဝမထွက်ဘဲ၊ ဒုတိယအိမ်ဝင်းမှတစ်ဆင့် အိမ်ခေါင်မိုးပေါ်သို့ တိုက်ရိုက်တက်ကာ၊ နံရံအစွန်းများအတိုင်း လျှောက်လှမ်းလျက် နောက်ဖေးဝင်းသို့ ပတ်သွားပြီးမှ နောက်လမ်းကြားထဲသို့ ခုန်ချကာ ထွက်ခွါလေ့ရှိ၏။
ထို့ပြင် ချန်ချင်းယွီမှာ ပုံမှန်အားဖြင့် လူအများကြားတွင် တည်ငြိမ်အေးဆေးကာ လူရာမသွင်းခံရသကဲ့သို့ နေထိုင်တတ်သောကြောင့်လည်း ဖြစ်သည်။ ချန်ရိကျွင်း ဤကဲ့သို့ သရဲခြောက်သည့် ကိစ္စတွင်လည်း သူ၏ မိသားစုမှာ သူမထံ လာရောက်အကူအညီတောင်းခြင်း လုံးဝမရှိခဲ့ပေ။
မှန်ပေသည်... ချန်ရိကျွင်းမှာ ချန်ချင်းယွီသည် သူ့အား ကံဆိုးစေသည်ဟု ထင်မြင်နေသောကြောင့်လည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ၊ ချန်ချင်းယွီဘက်တွင်မူ ပထမဆုံးနေ့ ရဲအရာရှိများ လာရောက်မေးမြန်းခဲ့သည်မှလွဲ၍ သူမအား လာရောက်နှောင့်ယှက်သူ မရှိခဲ့ချေ။ သို့သော် ဝင်းအတွင်းရှိ လူများမှာ ဤအကြောင်းကို ပြောဆိုမိကြလျှင် ကွယ်ရာတွင် တတွတ်တွတ် ဆွေးနွေးတတ်ကြပြီး၊ အဘွားကြီးဟွမ်မှာလည်း မကောင်းသော ရည်ရွယ်ချက်ဖြင့်
“ရှောင်ချန်... နင့်အဖေရဲ့ ကိစ္စကို နင် ဘယ်လိုမြင်လဲ”
ချန်ချင်းယွီ အဘွားကြီးဟွမ်ကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ဆိုလိုက်သည်။
“အကယ်၍ ဒေါ်လေး နောက်နောင် ကျွန်မတို့အိမ်မှာ တီဗီလာမကြည့်ချင်တော့ဘူးဆိုရင် ဆက်ပြီး စကားများနေလို့ရတယ်”
ဤအဘွားကြီးသည် သူမ၏အိမ်တွင် တီဗီလာကြည့်နေပြီး စကားအများကြီး ပြောနေသဖြင့် ချန်ချင်းယွီ မျက်နှာသာ ပေးမနေနိုင်ပေ။
အဘွားကြီးဟွမ်၏ မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။
အခြားသူများလည်း ချက်ချင်းပင် ကြားထဲမှ ဝင်ရောက်ဖျန်ဖြေပေးကြပြီး၊ အဘွားကြီးဟွမ်အား မပြောသင့်သော စကားများကို လျှောက်ပြောရမလားဟု ဝိုင်းဝန်းအပြစ်တင်ကြတော့၏။
ချန်ချင်းယွီ သက်ပြင်းတစ်ချက်ချလိုက်ရင်း
“ကျွန်မကတော့ သရဲရှိတယ်လို့ မယုံပါဘူး။ အကယ်၍ ကျွန်မအဖေက မေမေကို တကယ်ပဲ ဒုက္ခပေးခဲ့တာဆိုရင်တော့ သူ့ဝဋ်သူ့နောက် ပြန်လိုက်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အခုတော့ အခြေအနေက မရှင်းလင်းသေးတော့ ကျွန်မလည်း ဘာမှပြောရခက်ပါတယ်။ ကျွန်မ သူ့ဆီ သွားမကြည့်ချင်တာကလည်း ဒါကြောင့်မို့လို့ပါ၊ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် တစ်ခုခုလုပ်မိသွားရင် မတန်ဘဲ ဖြစ်သွားလိမ့်မယ်။ ရဲဘက်က စုံစမ်းစစ်ဆေးတဲ့ ရလဒ်ကိုပဲ စောင့်ကြည့်တာ ပိုကောင်းပါတယ်။ ရလဒ်မထွက်မချင်း ကျွန်မ သူ့ဆီ သွားတွေ့မှာ မဟုတ်ဘူး။ သူလည်း ကျွန်မကို တွေ့ချင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်”
“ရှောင်ချန်... နင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦး...”
ချန်ချင်းယွီ : “ကျွန်မ သိပါတယ်။ ဒါကြောင့်မို့လို့ ဒီရက်ပိုင်းအတွင်း တောင်ပိုင်းကို သွားဖို့ စဉ်းစားနေတာ။ အိမ်မှာ ဆက်ပြီး မနေချင်တော့ဘူး၊ ဒီကိစ္စတွေ အားလုံးက စိတ်အနှောင့်အယှက်ဖြစ်စရာ တကယ့်ကို ကောင်းလွန်းလို့ပါ”
“နင် ဘယ်တော့သွားမှာလဲ”
ချိုက်မင်မင်လည်း စိုးရိမ်တကြီးဖြင့်
“နင် ခဏလောက် စောင့်ပါဦးလား၊ ငါ မိဘအိမ်ကို တစ်ခေါက် ပြန်သွားပြီးရင် နင်နဲ့အတူတူ လိုက်ခဲ့မယ်လေ”
မူလ၌ ချိုက်မင်မင်သည် ချန်ချင်းယွီနှင့်အတူ သွားရန် စိတ်ကူးထားခြင်း ဖြစ်သည်။ သူမတွင် ကုန်ပစ္စည်းအချို့ ကျန်ရှိနေသေးသည်ဆိုသော်လည်း အများကြီးမဟုတ်သဖြင့် သူမ၏ အမျိုးသား အလုပ်ဆင်းချိန်တွင် ကူညီရောင်းချပေးရုံမျှဖြင့် အဆင်ပြေပေသည်။ ဤပစ္စည်းများမှာလည်း ပုပ်သိုးသွားမည့်အရာများ မဟုတ်ချေ။ သို့သော် ယခုနှစ်တွင် သူမ၏ အဖိုးဖြစ်သူမှာ အသက်ရှစ်ဆယ်ပြည့် မွေးနေ့ဖြစ်သဖြင့် မိဘအိမ်သို့ တစ်ခေါက် ပြန်ရမည်ဖြစ်၏။ ထို့ကြောင့် အသွားအပြန် အချိန်အနည်းငယ် ကြာမြင့်နိုင်ပေသည်။
ချန်ချင်းယွီ : “ကျွန်မတစ်ယောက်တည်း သွားလည်း အဆင်ပြေပါတယ်။ မကြာသေးခင်က ကျွန်မအဖေဘက်က ကောလာဟလတွေက အရမ်းများနေတော့၊ ကျွန်မမှာလည်း ဘာကိစ္စမှမရှိဘဲ နေ့တိုင်း ဒါတွေကို ကြားနေရတာ စိတ်ညစ်စရာကြီး။ အပြင်ထွက်ပြီး လျှောက်လည်တာက ပိုကောင်းပါတယ်၊ စိတ်အပန်းပြေတာပေါ့။ မဟုတ်ရင် ကျွန်မရဲ့ စိတ်ထဲမှာလည်း ဖိအားတွေ အရမ်းများလာလိမ့်မယ်”
ချိုက်မင်မင် သက်ပြင်းချရင်း
“နင့်ဘဝကလည်း တကယ့်ကို ရုန်းကန်ရခက်ခဲလှပါတယ်”
ချန်ချင်းယွီ : “ဒါလည်း အဆင်ပြေပါတယ်။ ကျွန်မအနေနဲ့ ဒီကိစ္စတစ်ခုတည်းကိုပဲ နေ့တိုင်း အာရုံစိုက်နေလို့ မဖြစ်ဘူးလေ၊ အခြေအနေအတိုင်းပဲ ရှေ့ဆက်သွားရမှာပေါ့”
အမှန်အတိုင်းပြောရလျှင် ချန်အိမ်တွင် နှစ်ကြိမ်တိုင်တိုင် သရဲခြောက်ခဲ့သော်လည်း၊ ချန်ချင်းယွီကို အမြင်မကြည်ဆုံးသူများပင်လျှင် ဤကိစ္စမှာ သူမနှင့် ပတ်သက်နေလိမ့်မည်ဟု လုံးဝ သံသယမဝင်ခဲ့ကြပေ။
ရဲတွေကလွဲလို့ပေါ့…
သို့သော်လည်း ရဲအရာရှိများသည် သူမကို တိုက်ရိုက်သံသယဝင်ခြင်းမျိုး မဟုတ်ဘဲ၊ အကယ်၍ တစ်စုံတစ်ယောက် ချန်ရိကျွင်း၏ ဇနီးဟောင်းအတွက် ကလဲ့စားချေရန် ချန်ရိကျွင်းကို ခြောက်လှန့်နေခြင်းဖြစ်ပါက၊ သမီးဖြစ်သူ ချန်ချင်းယွီမှာ အဖြစ်နိုင်ဆုံး ဖြစ်နေ၍တည်း။ ဘာပဲဖြစ်ဖြစ် ထိုဘက်မိသားစုတွင် အခြားဆွေမျိုးသားချင်းလည်း မရှိတော့ပေ။
သို့သော် ချန်ချင်းယွီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်ရည်၊ အကျင့်စရိုက်နှင့် လက်တွေ့သက်သေများကို ကြည့်လျှင်လည်း သူမ မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့် အနည်းငယ် သံသယဝင်မိခြင်းမှာ ရဲတို့၏ ဗီဇအရသာဖြစ်ပြီး၊ အမှန်အတိုင်း ပြောရလျှင် မည်သူမျှ သူမ သရဲဟန်ဆောင်နေခြင်းဖြစ်သည်ဟု မထင်ကြပေ။
ချန်ချင်းယွီ၏ ဝမ်းနည်းပူဆွေးနေသော ပုံစံကို မြင်တွေ့ရသောအခါ လူတိုင်း သနားကရုဏာသက်စွာဖြင့် ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြ၏။
ချိုက်မင်မင်လည်း အထပ်ထပ် မှာကြားကာ
“နင် တစ်ယောက်တည်း ခရီးသွားရင် ဘေးကင်းအောင် သတိထားဦးနော်၊ လမ်းမှာ လုံးဝအိပ်မပျော်စေနဲ့။ ရထားပေါ်မှာ လူစုံတက်စုံရှိတာမို့၊ နိုးလာတဲ့အခါ ပိုက်ဆံအိတ် ပျောက်သွားတာမျိုး ဖြစ်တတ်တယ်။ ပြီးတော့ သူစိမ်းတွေကိုလည်း အလွယ်တကူ မယုံနဲ့ဦး၊ တချို့ မျက်နှာချိုသွေးနေတဲ့လူတွေကိုတောင် မယုံရဘူး၊ ဘယ်သူက ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”
“ကျွန်မ သိပါတယ်”
ချန်ချင်းယွီ ပြုံး၍ ချိုက်မင်မင်၏ ပခုံးကို ပုတ်ပေးရင်း
“စိတ်ချပါ၊ ကျွန်မ ဘာမှမဖြစ်စေရပါဘူး”
သူတို့ဝင်းအတွင်းရှိ မိသားစုအတော်များများ တီဗီဝယ်ရန် စိတ်ကူးထားကြသော်လည်း၊ တီဗီလက်မှတ် မရရှိကြသေးသဖြင့် အနည်းငယ် နှောင့်နှေးနေခဲ့ကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် လူတိုင်းမှာ သူမ၏အိမ်၌သာ စုဝေး၍ တီဗီကြည့်နေကြဆဲ ဖြစ်၏။ သို့သော် ၎င်းမှာ ချန်ချင်းယွီ၏ လှုပ်ရှားမှုများကို မထိခိုက်စေပေ။ ဘာပဲဖြစ်ဖြစ် မည်သည့်သူခိုးမျှ ညခုနစ်နာရီ၊ ရှစ်နာရီဝန်းကျင်တွင် ပစ္စည်းခိုးလေ့လည်း မရှိပေ။
ချန်ချင်းယွီတို့အိမ်တွင် တီဗီပြသမှုကို ညကိုးနာရီခွဲတွင် ပုံမှန်အဆုံးသတ်လေ့ရှိပြီး၊ သူမအနေဖြင့် အမြန်ဆုံးပြေးသွားပါက ညဆယ်နာရီဝန်းကျင်တွင် ရောက်ရှိနိုင်ပေသည်။ ဤအချိန်မှာ သူခိုးများ လှုပ်ရှားရန်အတွက် အလွန်အမင်း သင့်တော်သော အချိန်ပင် ဖြစ်၏။
ချန်ရိကျွင်း၏ ညီဖြစ်သူမှာ သူနှင့် သိပ်ပြီး ရုပ်ချင်းမဆင်လှပေ။ ချန်ရိကျွင်းသည် အနည်းငယ် ရုပ်ရည်ချောမောသည်ဟု ဆိုနိုင်သော်လည်း၊ ဤညီဖြစ်သူမှာမူ အလွန်အမင်း ရုပ်ဆိုးပြီး လျှပ်ပေါ်လော်လီသော ပုံစံ ရှိသည်။ သူသည် လက်နှစ်ဖက်ကို ပိုက်လျက် မျက်လုံးကစားနေတတ်ပြီး ကြည့်လိုက်သည်နှင့် လူကောင်းတစ်ယောက် မဟုတ်မှန်း သိသာလှပေ၏။ ချန်ချင်းယွီ သုံးရက်တိုင်တိုင် ဆက်တိုက် စောင့်ကြည့်ခဲ့ပြီးနောက် ဤလူများသည် တကယ့်ကို သတ္တိကောင်းလှကြောင်း တွေ့ရှိခဲ့ရသည်။
မှန်ပေသည်... ဤလူများပင်…
သူမ၏ ဦးလေးမှာ တစ်ယောက်တည်း ကျူးလွန်နေခြင်းမဟုတ်ဘဲ၊ ဂိုဏ်းဖွဲ့၍ အထဲအပြင် အချိတ်အဆက်ဖြင့် ငါးယောက်၊ ခြောက်ယောက်ခန့် ပူးပေါင်းလုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ခိုးထုတ်သည့် ပမာဏမှာ မများလှသော်လည်း နေ့တိုင်းလိုလို ပစ္စည်းအချို့ကို ခိုးထုတ်နေကြ၏။ ပုံမှန်အားဖြင့် ဆိုလျှင် သူတို့၏ လုပ်ရပ်ကို မည်သူမျှ မရိပ်မိဘဲ နေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူတို့တွင် စက်ရုံအတွင်း၌ အပေါင်းအပါများ ရှိနေရမည်ဖြစ်ပြီး၊ အနည်းဆုံးမူ ကိစ္စအဝဝကို လိုက်လံဖြေရှင်းပေးနိုင်သည့် လူကြီးပိုင်းတစ်ယောက် ပါဝင်နေလိမ့်မည်ဟု ချန်ချင်းယွီ ခန့်မှန်းလိုက်မိသည်။
ဤအချက်မှာပင် သူတို့အား မည်သည်ကိုမျှ မကြောက်ရွံ့ဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်စေနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ဤလူများသည် နေ့တိုင်းလိုလို ပစ္စည်းခိုးဝံ့ကြသည်အထိ သတ္တိကောင်းနေကြ၏။ တွေးကြည့်လျှင်လည်း ဟုတ်ပေသည်၊ အကယ်၍ သူတို့သာ သတ္တိမကောင်းဘဲ လုပ်ရပ်များ ပေါ်ထွက်မလာခဲ့ပါက၊ အဘွားကြီးကျောက် မည်သို့ စုံစမ်းသိရှိနိုင်ပါမည်နည်း။
ချန်ချင်းယွီ အခြေအနေကို အတည်ပြုပြီးနောက် ချက်ချင်းပင် တိုင်ကြားရန် ပြင်ဆင်လိုက်တော့သည်။
နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် ကိစ္စရှိပါက ရဲတပ်ဖွဲ့ထံသို့သာ သွားရမည် မဟုတ်လော့။
သူမသည်လည်း တကယ့်ကို စံပြ “မြောက်ပိုင်းသားကောင်းတစ်ဦး” ပင်…
သို့သော်လည်း ချန်ချင်းယွီ မိမိကိုယ်တိုင် သွားရောက်ရန် စိတ်ကူးမရှိချေ။ သူမသည် မိမိကိုယ်ကို အမျိုးသားတစ်ဦးနှင့် တူစေရန် သေချာစွာ ပြင်ဆင်လိုက်ပြီးနောက်၊ လမ်းပေါ်တွင် ဆော့ကစားနေကြသော ကလေးအချို့ကို ရှာဖွေခဲ့သည်။ ကလေးသုံးဦးမှာ ဖန်ခုန်ဆော့ကစားနေကြခြင်းဖြစ်ပြီး ချန်ချင်းယွီ ရှေ့သို့ လှမ်းသွားကာ ပြောလိုက်၏။
“ကလေးတို့... နင်တို့ ကြက်ကင် စားချင်ကြလား”
ကလေးများ : “စားချင်တာပေါ့...”
သူတို့ ချန်ချင်းယွီကို ကြည့်သည့် မျက်ဝန်းများမှာ လူအတစ်ယောက်ကို ကြည့်နေသည့်အလား ပင်။
ဘယ်လူက ကြက်ကင် မစားချင်ဘဲ နေမှာလဲ… လူကြီးတွေများနော်… အလိုက်ပါဘိ…
ချန်ချင်းယွီ ပြုံးလိုက်ပြီး
“စားချင်ရင်တော့... ငါ့ကို အလုပ်လေးတစ်ခု ကူလုပ်ပေးစမ်းပါ။ ငါ နင်တို့တွေကို ငါးယွမ်ပေးမယ်၊ အဲဒါဆိုရင် နင်တို့ ကြက်ကင်တစ်ကောင် ဝယ်ပြီး အတူတူ စားလို့ရပြီ။ လုပ်မလား”
“အာ... .....”
ကလေးများမှာ ဝေခွဲမရဖြစ်သွားကြ၏။
ထိုအထဲမှ မိန်းကလေးငယ်လေးမှာမူ တံတွေးပင် မျိုချလိုက်မိရှာသည်။
ရှေ့ဆုံးမှ ဦးဆောင်နေသော အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကောင်လေးမှာ“လုပ်မယ်...” ဟု ချက်ချင်း အော်ပြောလိုက်ပြီး၊ ကျန်ရှိသော ကလေးငယ်နှစ်ဦးမှာမူ ဘာမှမသိနားမလည်သေးဘဲ ဝိုင်းကြည့်နေကြလေသည်။
ချန်ချင်းယွီ ဤမျှအထိ ငယ်ရွယ်သော ကလေးများကို မခိုင်းစေချင်သော်လည်း၊ ထို့ထက် အသက်ကြီးသော ကလေးများ ဆိုပြန်လျှင်လည်း အဆင်မပြေချေ။ ဘာပဲဖြစ်ဖြစ် သူမ၏ ဝတ်စားဆင်ယင်မှုမှာ ကလေးများကိုသာ လှည့်စားရန် အကောင်းဆုံး ဖြစ်နေ၏။ အသက်ပိုကြီးပြီး ပိုမိုပါးနပ်သော ကလေးများဆိုလျှင် သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပေ။
ချန်ချင်းယွီ : “ကောင်းပြီလေ။ ဒါဆို ငါပြောသလို လိုက်ပြောကြ၊ အလွတ်ရပြီဆိုရင် ဟိုးဘက်ကို သွားလိုက်။ မြင်ရလား၊ အဲဒါ ရဲစခန်းပဲ။ အလွတ်ရသွားရင် ရဲဦးလေးကို သွားပြောပြလိုက်။ ဒါပေမဲ့ နင်တို့ ပိုက်ဆံယူပြီး ထွက်ပြေးရင်တော့ ငါ နင်တို့အိမ်အထိ လိုက်လာမှာနော်။ နင်တို့ ဘယ်မှာနေလဲဆိုတာ ငါသိတယ်။”
ချန်ချင်းယွီသည် ငါးယွမ်တန် တစ်ရွက်ကို ထုတ်ယူလိုက်ရင်း
“ငါပြောတာ သေချာနားထောင်၊ ဒီပိုက်ဆံက နင်တို့အတွက်ပဲ။”
ကလေးသုံးဦးစလုံး ခေါင်းကို ဆတ်ဆတ်ညိတ်ပြကြသည်။
ပိုက်ဆံသည် ကောင်းသောအရာဖြစ်ကြောင်း ကလေးများပင်လျှင် ကောင်းစွာသိကြ၏။
ငါးယွမ်တန်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် ကြက်ကင်ကြီးကိုသာ ပြေး၍ မြင်ယောင်မိကြတော့သည်။
“လာ... ငါ့နောက်က လိုက်ပြောကြစို့။”
သူတို့မှာ အလွန်အမင်း ငယ်ရွယ်လွန်းသဖြင့် ချန်ချင်းယွီအနေဖြင့် ကိစ္စအဝဝကို အသေးစိတ် ရှင်းမပြနိုင်ဘဲ၊ အဓိက သော့ချက်စကားလုံးများကိုသာ သင်ကြားပေးနိုင်ခဲ့သည်။ အကြိမ်ကြိမ် သင်ကြားပေးပြီးနောက်တွင် ကလေးများမှာ အဆင်ပြေပြေ ပြန်လည်ဖြေဆိုနိုင်ခဲ့ကြပြီ ဖြစ်၏။ ချန်ချင်းယွီ
ခေါင်းညိတ်ပြရင်း
“နင်တို့ထဲက တစ်ယောက်ယောက် မေ့သွားရင် အချင်းချင်း ပြန်သတိပေးကြနော်။”
ကလေးများ : “ဟုတ်ကဲ့ပါခင်ဗျာ~”
ချန်ချင်းယွီသည် ကလေးသုံးဦးကို ရဲစခန်းတံခါးဝအထိ ခေါ်ဆောင်လာခဲ့ပြီးနောက်
“ကဲ... ဒီပိုက်ဆံကို ယူထား၊ ပြီးရင် အထဲဝင်ပြီး ရဲအရာရှိကို သွားရှာလိုက်တော့။”
“ဟုတ်ကဲ့~”
ကလေးသုံးဦးမှာ ကြက်ကင်ကြီးကို တွေးတောလျက် ပါးလေးများ ဖောင်းတက်လာကြပြီး၊ ရဲစခန်းအတွင်းသို့ ရဲရဲဝံ့ဝံ့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားခဲ့ကြတော့၏။
ချန်ချင်းယွီ ထိုအခွင့်အရေးကို အသုံးချကာ လမ်းထောင့်တစ်ခုတွင် အမြန်ဆုံး သွားရောက်ပုန်းအောင်းလိုက်သည်။ ကလေးသုံးဦးသည် တံခါးစောင့်အဘိုးအိုနှင့် စကားပြောနေကြပုံရသည်။ အဘိုးအိုသည် အပြင်ဘက် လမ်းမဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ထိုကလေးသုံးဦးကို အထဲသို့ ခေါ်ဆောင်သွားခဲ့၏။
ရဲအရာရှိတစ်ဦး : “ဒီကလေးသုံးဦးက ပြစ်မှုလာတိုင်တာတဲ့၊ ဦးလေးတစ်ယောက်က ခိုင်းလိုက်တာလို့ ပြောတယ်။”
ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ ဆန်းကြယ်သည် မဟုတ်ချေ။
တံခါးစောင့်အဘိုးအိုအနေဖြင့်
လည်း ယခင်၌ မြင်တွေ့ဖူးပေသည်။
အချို့လူများသည် ပြစ်မှုလာတိုင်ချင်သော်လည်း ကိုယ်တိုင်တိုက်ရိုက်မလာဝံ့ကြသဖြင့် ရံဖန်ရံခါ ဤကဲ့သို့ လုပ်ဆောင်တတ်ကြ၏။
ကလေးများမှာ ရဲကို မြင်သောအခါ အလွတ်ကျက်ထားသည်များကို တတွတ်တွတ် ရွတ်ဆိုကြတော့သည်။
“ညဆယ်နာရီဝန်းကျင်... ကြေးနီနဲ့ သံတွေကို ခိုးထုတ်မှာ... ချန်ရိမန်တဲ့။”
“ဂိုဏ်းဖွဲ့ပြီးတော့ လုပ်တာ... အထဲအပြင် ချိတ်ဆက်ပြီးတော့... ပြီးတော့... ပြီးတော့...”
“မော်တော်ကား ပြင်တဲ့အလုပ်ရုံ...”
“ဟုတ်တယ်... ဟုတ်တယ်... ပြီးတော့... ပြီးတော့...”
“လူတွေ အများကြီးပဲ... သတိထားပါတဲ့။”
“တစ်စုံတစ်ယောက်က ကိစ္စတွေကို လိုက်လံဖြေရှင်းပေးလိမ့်မယ်တဲ့။”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲဒီစာကြောင်းလည်း ပါသေးတယ်။”
ကလေးများသည် အဓိက သော့ချက်စကားလုံးများအားလုံးကို ရွတ်ဆိုပြီးသွားသောအခါမှ အသက်ရဲရဲ ရှုနိုင်ကြတော့သည်။
ရဲအရာရှိများသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး စကားလုံးအချို့ကို အမြန်ဆုံး မှတ်သားလိုက်ကြ၏။ သူတို့အနေဖြင့် စာလုံးပေါင်းပြနေရန်ပင် မလိုဘဲ တစ်ချက်ကြည့်ရုံမျှဖြင့် အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။
တံခါးစောင့်အဘိုးအို : “သူတို့ကို ဦးလေးတစ်ယောက်က ခေါ်လာတာလို့ ပြောတယ်”
“အပြင်ထွက်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ဦး။”
“သူ အဝေးကြီးကို ထွက်သွားလောက်ပါပြီ။”
“ဒါပေမဲ့လည်း လိုက်ရှာကြည့်ရအောင်...”
ကလေးအချို့မှာမူ စုဝေးလျက် ယောင်တောင်တောင် ဖြစ်နေကြသည်။ ထိုစဉ် အမျိုးသမီးရဲအရာရှိတစ်ဦး ရှေ့သို့ လှမ်းလာပြီး ကိုယ်ကိုအနည်းငယ်ကိုင်းလျက် ချော့မေးလိုက်၏။
“ကျေးဇူးပါပဲ ကလေးတို့ရယ်၊ မင်ရတို့တွေ တကယ့်ကို တော်ကြတာပဲ... အဲဒီဦးလေးရဲ့ ပုံစံက ဘယ်လိုမျိုးလဲဆိုတာ တို့ကို ပြောပြလို့ရမလားဟင်”
ကလေးများ : “အရပ်ရှည်တယ်...”
“အသားမည်းမည်း...”
“ဆံပင်က ကောက်ကောက်ကြီး။”
အမျိုးသမီးရဲဘော် : “ဆံပင်က ကောက်တယ် ဟုတ်လား”
ကလေးမှာ ခေါင်းညိတ်ပြရင်း
“ဦးထုပ်ဆောင်းထားတာ၊ ဒါပေမဲ့ ဆံပင်အကောက်လေးတွေက အပြင်ကို နည်းနည်းထွက်နေတယ်”
အမျိုးသမီးရဲဘော်မှာ အခြားသူများကို လှမ်းကြည့်လိုက်ပြီး ၎င်းမှာ အမျိုးသမီးတစ်ဦး ယောက်ျားပုံစံ ဟန်ဆောင်ထားခြင်းများလားဟု သံသယဝင်မိသဖြင့် ထပ်မံမေးမြန်းလိုက်၏။
“သူ့ရဲ့ ဆံပင်က ဘယ်လောက်အထိ ရှည်လဲ”
ကလေးများမှာ ဝေခွဲမရဖြစ်သွားပြီး
“သမီးတို့ မမြင်ရဘူး၊ သူက အပေါ်အင်္ကျီအရှည်ကြီး ဝတ်ထားပြီး ဦးထုပ်ဆောင်းထားတာ။ ဒီနားလေးတင် ဆံပင်ကောက်နေတာပဲ မြင်ရတာ”
“သူ့ရဲ့ အရှေ့ဆံမြိတ်တွေက ကောက်နေတာပေါ့၊ အဲဒါ အမျိုးသမီးတစ်ဦးက ရုပ်ဖျက်ထားတာမျိုး ဖြစ်နိုင်မလား”
“သဘာဝအတိုင်း ဆံပင်ကောက်တဲ့ ယောက်ျားတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ”
“မိန်းမ မဟုတ်ဘူး။”
ကောင်လေးမှာ တည်တည်တံ့တံ့ဖြင့်
“အသံက အောအောကြီး၊ အရပ်လည်း အရှည်ကြီး၊ ပြီးတော့ အသားလည်း မည်းမည်းကြီး”
“အရပ်က ဘယ်လောက်အထိ ရှည်လဲ”
“အများကြီး... အများကြီး ရှည်တာ၊ ဟိုးဦးလေးထက်တောင် ပိုပြီး ရှည်သေးတယ်။”
“အော်ဝမ်... မင်းရဲ့အရပ်က ၁.၇၅ မီတာ ရှိတယ် မဟုတ်လား။ သူက ၁.၈ မီတာနီးပါး ရှိတယ်ဆိုတော့၊ ဒီအရပ်အမောင်းက အမျိုးသမီးတစ်ယောက်တော့ မဟုတ်လောက်ဘူး။”
“သူက ဝလား။”
“ဝတယ်...”
မှတ်တမ်းတင်နေသော ရဲအရာရှိမှာ စာရွက်ပေါ်တွင် အကျဉ်းချုပ် ရေးမှတ်လိုက်သည်။
“အသားမည်းမည်း၊ ဝဝနဲ့ ဆံပင်ကောက်တဲ့လူ၊ အရပ်က ၁.၈ မီတာနီးပါး ရှိတယ်ပေါ့”
ဆံပင်ကောက်သည်ဟူသော အချက်မှာ အမျိုးသမီးတစ်ဦးနှင့် တူညီနေသော်လည်း၊ ကျန်ရှိသော ဖော်ပြချက်များမှာ လုံးဝ ကိုက်ညီမှုမရှိသဖြင့်၊ အားလုံးမှာ ထိုလူသည် သဘာဝအတိုင်း ဆံပင်ကောက်သည်ကို ဖုံးကွယ်ရန် ဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ကြတော့၏။
အရာရှိမှာ အမိန့်ပေးလိုက်ကာ
“ပြစ်မှုလာတိုင်တဲ့လူက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ဒီအမှုကို ချက်ချင်းပဲ အကောင်အထည်ဖော် ကြစို့...”
“ဟုတ်ကဲ့ပါ။”
လူတိုင်း စိတ်လှုပ်ရှား တက်ကြွသွားခဲ့ကြသည်။ အလုပ်ရှိခြင်းမှာ တကယ့်ကို ကောင်းမွန်သောအရာ ဖြစ်ပြီး၊ အားလုံး မိမိတို့အတွက် အောင်မြင်မှုများ ဖြစ်လာကြမည် မဟုတ်လော့။ အောင်မြင်မှုများ ပိုရသည်ကို မည်သူ ငြင်းပယ်ပါမည်နည်း။
သူတို့ရဲစခန်းသည် ပုံမှန်အားဖြင့် နေ့စဉ်လူမှုရေးကိစ္စရပ်ငယ်များနှင့် ရန်ပွဲများကိုသာ ကိုင်တွယ်ဖြေရှင်းရလေ့ရှိပြီး ယင်းတို့မှာ ကိစ္စကြီးကြီးမားမား မဟုတ်ချေ။ သို့သော် ယခုကဲ့သို့ ဂိုဏ်းဖွဲ့ခိုးယူမှုမျိုးမှာမူ အမှုကြီးတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် လူတိုင်း စိတ်အားထက်သန်နေကြခြင်း ဖြစ်၏။ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ် စသည့် အချက်အလက်များမှာ တိကျလွန်းလှသဖြင့်၊ အကယ်၍ ၎င်းမှာ အမှန်တကယ်သာ ဖြစ်ပါက သူတို့အနေဖြင့် အမှန်တရားကို အလွယ်တကူ ဖော်ထုတ်နိုင်ပေလိမ့်မည်။
“ငါ ကလေးတွေကို အပြင်လိုက်ပို့ပေးလိုက်မယ်။”
“အေး... ကလေးတွေကို သကြားလုံး အချို့ ဝယ်ပေးလိုက်ပါဦး၊ ပြန်လာရင် ငါ့ဆီမှာ စာရင်းပြန်ရှင်းလိုက်။”
“ဟုတ်ကဲ့။”
ကလေးသုံးဦးစလုံးမှာ မျက်နှာလေးများ ပွင့်လန်းသွားခဲ့ကြပြီး ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ရဲဦးလေးနဲ့ ရဲအန်တီတို့ရယ်...”
အမယ်လေး ဘယ်လောက် သာယာတဲ့နေ့လေးလဲ…
သူတို့ တကယ့်ကို ကံကောင်းလှပါဘိ..ဟိဟိ..။
ရဲစခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး၊ ကလေးများ အထဲသို့ ရောက်ရှိသွားသည်ကို မြင်မှသာ ချန်ချင်းယွီလည်း စိတ်အေးနိုင်ခဲ့တော့သည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှသာ ဖြစ်သဖြင့် ကလေးများ မှားယွင်းပြောဆိုလိမ့်မည်မဟုတ်ဟု သူမ ယုံကြည်သည်။ သူမသည် ထိုနေရာတွင် ကြာမြင့်စွာ မနေဝံ့သဖြင့် ချက်ချင်းပင် ထွက်ခွာခဲ့ပြီး ဝတ်စုံကို အမြန်ဆုံး လဲလှယ်လိုက်၏။
အမှန်၌ သူမသည် ရုပ်ဖျက်ရန်အတွက် အတော်လေး ပြင်ဆင်ခဲ့ရသည်။ သူမသည် အရပ်ပုသူ ဖြစ်သဖြင့် ဖိနပ်ထဲတွင် အဝတ်များကို အများအပြား ထည့်သွင်းထားခဲ့ရ၏။ ထို့ပြင် ကလေးများနှင့် စကားပြောဆိုစဉ်လည်း လှေကားထစ်ပေါ်တွင် တမင်သက်သက် မတ်တပ်ရပ်နေခဲ့သဖြင့် ကလေးများအနေဖြင့် သူမ၏ အရပ်အမောင်းကို အလွယ်တကူ မှားယွင်းမှတ်သားသွားစေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကလေးများမှာ သူမကို အရပ်အလွန်ရှည်သောသူဟု ထင်မှတ်သွားကြခြင်း ဖြစ်၏။
ပထမဆုံး မြင်တွေ့လိုက်ရသည့် အထင်အမြင်မှာ အလွန်စွဲထင်သွားခဲ့သဖြင့်၊ နောက်ပိုင်းတွင် သူမ ကလေးများကို ဘေးချင်းယှဉ်လျက် ခေါ်ဆောင်လာခဲ့သော်လည်း ကလေးများ၏ အာရုံခံစားမှုမှာ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိခဲ့ပေ။ ၎င်းမှာ ကလေးငယ်များနှင့် အလုပ်လုပ်ရခြင်း၏ အားသာချက်ပင် ဖြစ်သည်။
လူကြီးများသည် ကလေးများအတွက် အလွန်အရပ်ရှည်သည်ဟု ထင်ရသဖြင့် အမြင်အာရုံကို အလွယ်တကူ လှည့်စားနိုင်ပေသည်။
သူမသည် သဘာဝအတိုင်း ဆံပင်ကောက်သူဖြစ်ပုံပေါ်စေရန် အရှေ့ဆံမြိတ်များကိုလည်း တမင်သက်သက် ကောက်ထားခဲ့သည်။ အခြားသော အချက်အလက်များတွင်လည်း သေချာစွာ ရုပ်ဖျက်ထားခဲ့သဖြင့် အမျိုးသမီးတစ်ဦးအဖြစ် ရိပ်မိသွားမည်ကို စိုးရိမ်ခြင်းမရှိချေ။ လူများမှာ သူမကို သဘာဝအတိုင်း ဆံပင်ကောက်နေသည့် အမျိုးသားတစ်ဦးဟုသာ ထင်မြင်ကြပေလိမ့်မည်။ ထို့ပြင် အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးကိုယ်ထည် ကောက်ကြောင်းများကို ဖုံးကွယ်ရန်အတွက် ဆောင်းတွင်းအင်္ကျီအပါအဝင် အဝတ်အစားများကို ထပ်ခါထပ်ခါ ဝတ်ဆင်ထားခဲ့သဖြင့် ပုံမှန်ထက် ပိုမိုဝနေသောပုံပေါက်စေ၏။
သူမ၏ မျက်နှာတွင် ညစ်ပတ်ပေရေနေသော အမဲကွက်များ သုတ်လိမ်းထားသည်မှာလည်း ပြောနေရန်ပင် မလိုတော့ချေ။
ချန်ချင်းယွီ ဤမျှအထိ သိသိသာသာ ရုပ်ဖျက်ခဲ့ခြင်းမှာ သူမနှင့် ချန်ရိကျွင်းတို့အကြား ဆက်စပ်မှုကို မည်သူ့ကိုမျှ မရိပ်မိစေချင်သောကြောင့် ဖြစ်၏။ သို့မဟုတ်ပါက သူမ ချန်ရိမန်ကို ကလဲ့စားချေသည့်အခါ ချန်ရိကျွင်း၏ ကိစ္စနှင့် အလွယ်တကူ ဆက်စပ်တွေးတောသွားနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ရုပ်ဖျက်ခြင်းကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ရာ၊ ချန်ချင်းယွီသည် မိမိကိုယ်ကို အရိပ်အယောင်မျှပင် အမိခံ၍ မဖြစ်ပေ။
သူမ ရုပ်ဖျက်ထားသည်များကို ဖယ်ရှားကာ ရေချိုးခန်းသို့ တိုက်ရိုက်သွားရောက်၍ ရေချိုးလိုက်ပြီးနောက်တွင်မူ သပ်ရပ်လှပပြီး ဆံပင်အရှည် ဖြောင့်စင်းသော၊ အရပ် ၁.၆ မီတာရှိသည့် အမျိုးသမီးလေးတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
ချန်ချင်းယွီသည် အိမ်ဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အရှေ့ဘက်ဝင်းတွင် လူအားလုံး စုဝေးကာ စကားစမြည် ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရ၏။
အဘွားကြီးတစ်ယောက်မှာ လှမ်းမေးကာ
“ရှောင်ချန်... နင် တစ်နေ့ခင်းလုံး ဘယ်တွေသွားနေတာလဲ၊ နင့်ကို တစ်နေ့လုံး မတွေ့မိပါလား”
ချန်ချင်းယွီ : “ကျွန်မ လမ်းထဲကို ခဏလျှောက်လည်ရုံပါပဲ။ တောင်ပိုင်းကို ထပ်သွားဖို့ စဉ်းစားနေတာဆိုတော့၊ လူတွေ ဘာတွေအဓိကရောင်းနေကြလဲ၊ ဘယ်လိုဖက်ရှင်မျိုးတွေက အရောင်းသွက်ပြီး ဘယ်လိုမျိုးတွေက ရှားပါးလဲဆိုတာ သွားပြီး လေ့လာကြည့်တာပါ။ ပိုပြီး နားလည်သွားအောင်လို့လေ”
လူတိုင်း ချက်ချင်းပင် သဘောပေါက်သွားကြပြီး၊ ချန်ချင်းယွီ ပိုက်ဆံရနေခြင်းမှာ မဆန်းတော့ကြောင်းနှင့် သူမသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေကြောင်း တွေးတောမိကြသည်။
ချန်ချင်းယွီ သက်ပြင်းတစ်ချက်ချလျက်
“ဒါနဲ့ လမ်းလျှောက်ရင်း စဉ်းစားနေတုန်း မတော်တဆ ခြေချော်ပြီး ရွှံ့ဗွက်အိုင်ထဲ ပြုတ်ကျသွားတာလေ၊ စိတ်တိုလိုက်တာရှင်... အဲဒါကြောင့် အနီးဆုံး ရေချိုးခန်းကို အမြန်သွားပြီး ရေချိုးလိုက်ရတယ်။ အခု အိမ်ပြန်ရောက်ရင် အဝတ်အစားတွေ လျှော်ရဦးမယ်”
ထိုနေရာတွင် စကားဝိုင်းဖွဲ့နေသော အဘွားကြီးကျောက်မှာလည်း ချက်ချင်းပင် ကြားဖြတ်၍
“တွေ့လား... ငါပြောသားပဲ၊ အဝတ်လျှော်စက်က တကယ့်ကို အသုံးဝင်တာ။ အစက ပိုက်ဆံရှိတုန်းက ဝယ်လိုက်ရမှာ။ အခုတော့ ပိုက်ဆံက သိပ်မလောက်တော့ဘူး မဟုတ်လား”
ချန်ချင်းယွီ စိတ်မပါလက်မပါ ပြုံးလိုက်ရင်း
“ကျွန်မ အထဲဝင်ပြီး အဝတ်အစားတွေ သွားသိမ်းလိုက်ဦးမယ်နော်”
လူများမှာလည်း
“အေးအေး... သွားသွား။”
“ဟေ့... ရှောင်ချန်၊ မသွားဦးနဲ့ဦး။ တို့ကို ပြောပြပါဦး၊ ဒီရက်ပိုင်း လမ်းထဲမှာ ဘာတွေက အရောင်းသွက်နေလဲ”
လူတစ်ဦး လှမ်းမေးရာ၊
ချန်ချင်းယွီမှာ ပြန်ဖြေလိုက်၏။
“စားစရာတွေပေါ့ရှင်”
သူမသည် သူတို့ ဘာမေးချင်သည်ကို ကောင်းစွာ သိရှိသဖြင့် တစ်ချက်ပြုံးလိုက်သော်လည်း အသေးစိတ်ကိုမူ ဆက်မပြောတော့ချေ။
ချန်ချင်းယွီ ဒုတိယဝင်းသို့ တိုက်ရိုက် ပြန်လာခဲ့သည်။ သူမသည် အိမ်ဝင်းအတွင်းတွင် ထင်ပေါ်သူတစ်ဦး မဟုတ်သော်လည်း၊ မကြာသေးခင်မှစ၍ လူတိုင်းက သူမကို စောင့်ကြည့်နေကြ၏။
၎င်းမှာ သရဲခြောက်သည့် သတင်းများနှင့် မသက်ဆိုင်ဘဲ၊ အဓိကအားဖြင့် ချန်ချင်းယွီ ပိုက်ဆံရှာနိုင်သောကြောင့် ဖြစ်သည်။ ပိုက်ဆံကို မည်သူက မကြိုက်ဘဲ နေမည်နည်း။ ထို့ကြောင့် လူတိုင်း သူမ၏နောက်သို့ လိုက်လံလုပ်ဆောင်ချင်ကြခြင်း ဖြစ်၏။
သူတို့အိမ်ဝင်းအတွင်းရှိ မိသားစုအတော်များများမှာ စီးပွားရေးအသေးစားလေးများ လုပ်ကိုင်ကြပြီး၊ ရှောင်ထောင်းတို့ မိသားစုလည်း အပါအဝင် ဖြစ်သည်။ သူတို့မှာ အခြောက်အခြမ်းများနှင့် အလှော်အစာမျိုးစုံကို ရောင်းချကြခြင်းဖြစ်ရာ လေ့လာအတုယူစရာ ဖြစ်သော်လည်း၊ လူအများစုသည် စားသောက်ကုန်လုပ်ငန်း၏ အမြတ်အစွန်းမှာ ထိုမျှအထိ မများလှဟု ထင်မြင်ကြ၏။ သူတို့အနေဖြင့် မိမိတို့၏ သိက္ခာကို အရင်းပြုကာ စီးပွားရေးအသေးစားလေးများလုပ်ပြီး ပိုက်ဆံရှာမည်ဆိုပါက သေချာပေါက် ပိုက်ဆံအမြောက်အမြားကိုသာ ရှာဖွေလိုကြပေသည်။
ထို့ကြောင့် အဒေါ်ကြီးမေ့တို့ မိသားစုသည် လွန်ခဲ့သော နှစ်အနည်းငယ်နှင့် မတူဘဲ သိသိသာသာ ကွဲပြားခြားနားသွားခဲ့သော်လည်း၊ ရှောင်ထောင်း၏ လုပ်ငန်းကို မည်သူမျှ အထင်ကြီးခြင်း မရှိကြချေ။
ရှောင်ထောင်းသည် တစ်လလျှင် ယွမ်နှစ်ရာ သုံးရာခန့် ရရှိသော်လည်း၊ ၎င်းမှာ ခွဲဝေပြီးနောက် ရရှိသည့် ပမာဏသာ ဖြစ်၏။ သူ၏ ဆိုင်ခန်းတွင် ရှီရှောင်ကွမ်းနှင့် သူ၏ ညီမတို့အတွက် အစုရှယ်ယာများ ပါဝင်နေသေးသဖြင့် စုစုပေါင်း ဝင်ငွေမှာ ထို့ထက်မက ပိုမိုများပြားပေသည်။
သို့သော်လည်း သူတို့က ချမ်းသာသည်ကို ထုတ်ဖော်မပြကြသဖြင့်၊ သူတို့ဘက်မှ မပြောပါက အခြားသူများလည်း အဆင်ပြေနေသည်ဟု မထင်ကြချေ။ အမြတ်အစွန်းအနည်းငယ်သာ ရရှိသည့် လုပ်ငန်းငယ်လေးဟု ထင်မှတ်ကာ အထင်မကြီးကြခြင်း ဖြစ်၏။ ထို့အတူ ချိုက်မင်မင်သည်လည်း ကုန်ပစ္စည်းအသေးအဖွဲလေးများကို ရောင်းချခြင်းဖြစ်ရာ လူတိုင်း သူမကိုလည်း အလားတူ အထင်သေးကြပေသည်။
အကယ်၍ တစ်ခုခုကို လုပ်မည်ဆိုပါက ကြီးကြီးမားမားနှင့် အောင်အောင်မြင်မြင် လုပ်ရမည် မဟုတ်လော့။
ထို့ကြောင့် ချန်ချင်းယွီ၏ အဝတ်အထည်ရောင်းချသော လုပ်ငန်းမှာ သူတို့ အတုယူရန်အတွက် အသင့်တော်ဆုံး ဖြစ်နေခဲ့သည်။ ယွမ်ဟောက်ဖုန်းပင်လျှင် သူမထံမှ စတင်အတုယူနေပြီ ဖြစ်၏။
“ဖယ်ကြပါ၊ ဖယ်ကြပါဦး။ ဆရာကြီး... ဒီအထဲကိုပဲ တိုက်ရိုက်သယ်လာခဲ့လိုက်ပါ”
တွေးနေတုန်းမှာတင် လူ ရောက်ရှိလာခဲ့တော့သည်။
ကျောက်ရုံသည် ယွမ်ဟောက်ဖုန်းနှင့် ပစ္စည်းပို့သမားကို ခေါ်ဆောင်ကာ အိမ်ထဲသို့ လှမ်းဝင်လာခဲ့ပြီး၊ မျက်နှာတစ်ခုလုံးလည်း ပျော်ရွှင်မှုများကြောင့် ဝင်းပနေခဲ့သည်။
အိမ်နီးနားချင်းတစ်ဦးမှာ
“ကျောက်ရုံ... ဒါက ဘာကြီးလဲ...”
ကျောက်ရုံ : “ကျွန်မတို့အိမ် တီဗီဝယ်လိုက်တာလေ။ ကြည့်လိုက်ပါဦး၊ ၁၂ လက်မ ကာလာတီဗီကြီးနော်”
သူမ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
သူမ ပြောဆိုနေစဉ် အဘွားကြီးကျောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ နှုတ်ခမ်းဖျားတွင်လည်း သိသာရုံမျှ ပြုံးလျက် ကျေနပ်အားရနေခဲ့၏။
သူမ၏ ပုံစံမှာ “တွေ့လား... ငါတို့အိမ်မှာလည်း ၁၂ လက်မ ကာလာတီဗီ ရှိနေပြီ” ဟု ကြွားဝါနေသည့်အလားပင်…
ဘေးကလူများ အံ့ဩတကြီးဆိုကြကာ
“အာ... နင်တို့လည်း တီဗီဝယ်လိုက်တာလား။ နင်တို့မိသားစုက တကယ်ပဲ ချမ်းသာတာပဲ”
ကျောက်ရုံ၏ အပြုံးများမှာ ပိုမိုပွင့်လန်းသွားခဲ့ပြီး
“အမြဲတမ်း အဘွားကြီးကျောက်တို့အိမ်မှာ သွားပြီး တီဗီကြည့်နေရတာ သိပ်ပြီး အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဒါတွေက အိမ်သုံးပစ္စည်းတွေပဲဟာ၊ အနှေးနဲ့အမြန် ဝယ်ရမှာပဲဆိုတော့ အခုကတည်းက ဝယ်လိုက်တာ ပိုကောင်းပါတယ်။ စောစောဝယ်ရင် စောစောခံစားရတာပေါ့”
“ယာဉ်မောင်းဆရာ... ဒီဘက်ကို လာခဲ့ပါဦး”
သူမ ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်၍
“ကျွန်မ စကားအများကြီး မပြောတော့ဘူးနော်၊ တီဗီကို အိမ်ထဲအထိ အရင်သယ်သွားလိုက်ဦးမယ်။ နင်တို့အားလုံးလည်း ညကျရင် တီဗီလာကြည့်ကြဦးလေ”
“သေချာပေါက် လာခဲ့မှာပေါ့...”
“အေးပါ... အေးပါ...”
သို့သော်လည်း အချို့လူများမှာ “ကြွားလှချည်လား” ဟု ကွယ်ရာတွင် တိုးတိုးတိတ်တိတ် မကျေမနပ် ညည်းတွားကြသည်။
လူတိုင်း၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ဖြစ်နေကြသော်လည်း၊ ကျောက်ရုံမှာမူ ပူပြင်းလှသော နွေရာသီတွင် ရေခဲချောင်း စားလိုက်ရသည့်အလား စိတ်ကျေနပ် လန်းဆန်းနေခဲ့၏။ ဤအချက်က သူမအား ဂုဏ်ယူဝင့်ကြွားခွင့် ပေးခဲ့ခြင်း ဖြစ်ပြီး၊ သူတို့မိသားစုသည် မျက်နှာပွင့်ရသည်။ ယွမ်ဟောက်ဖုန်း၏ မျက်နှာပေါ်တွင်လည်း ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေခဲ့၏။
အဘွားကြီးကျောက် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း
“သူများနောက်က လိုက်လုပ်တာပဲ”
အဘွားကြီးဟွမ် ခနဲ့တဲ့တဲ့ပုံစံဖြင့်
“သူများက ဝယ်နိုင်လို့ ဝယ်တာပဲဟာ။ ဘာပဲဖြစ်ဖြစ် ဟောက်ဖုန်းက ကိုယ်ပိုင်စီးပွားရေးလုပ်နေတာဆိုတော့ ပိုက်ဆံရှိတာပေါ့”
အခြားတစ်ဦး :“ဟက်... ဒါတွေအားလုံးက လီလင်းလင်းရဲ့ အလုပ်ကြောင့် မဟုတ်ဘူးလား။ ဒါနဲ့ နင်တို့ သိကြလား.. လီလင်းလင်းက မကြာသေးခင်က ခွင့်တွေ ခဏခဏယူလွန်းလို့ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရပြီတဲ့”
လူများ :“ဘာ...”
“ဘာဖြစ်လို့လဲ။”
လူတိုင်း ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။ အဘွားကြီးကျောက် ရှေ့သို့ လှမ်းလာပြီး
“ငါတောင် မသိပါလား... သူ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ခွင့်ရက်တွေ အများကြီး ရနေတာလဲလို့ ငါ စဉ်းစားနေတာ။ အခုတော့ အလုပ်က ထုတ်ခံလိုက်ရတာပေါ့ ဟုတ်လား”
အဘွားကြီးဟွမ်လည်း စိုးရိမ်တကြီး မေးမြန်းတော့သည်။
“မြန်မြန်ပြောပြပါဦး၊ ဒါဆို သူက အလုပ်လက်မဲ့ ဖြစ်သွားပြီပေါ့”
အဘွားကြီးဟွမ်သည် လီလင်းလင်းကို သူမ၏ သားဖြစ်သူနှင့် မကြာခဏ အောင်သွယ်ပေးရန် ကြိုးစားနေခဲ့ခြင်းဖြစ်ရာ၊ လီလင်းလင်း အလုပ်လက်မဲ့ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
အိုး... ဒါဆိုရင်တော့ အဆင်မပြေနိုင်တော့ဘူး..။
အဘွားကြီးကျောက် ဇွတ်အတင်း ထပ်မံမေးမြန်းလိုက်ကာ
“သူ့ရဲ့ မူလအလုပ်က ဘာဖြစ်သွားလို့လဲ”
သတင်းကို စတင်ဖော်ထုတ်လိုက်သူမှာ အရှေ့ဘက်ဝင်းတွင် နေထိုင်ပြီး လီလင်းလင်းနှင့် ရင်းနှီးသဖြင့် အတွင်းသိအစဉ်းသိဖြစ်သော အဘွားကြီးဝမ်ပင် ဖြစ်ပေသည်။
“သူက ယွမ်ဟောက်ဖုန်းရဲ့ ဆိုင်မှာ ကူညီပေးနေတာ မဟုတ်လား။ အဲဒါကို ခွင့်တွေ ခဏခဏ ယူနေတာလေ။ အမြဲတမ်းဝန်ထမ်းတွေတောင် သူလောက် အလုပ်မရှုပ်ဘူး၊ သူလို ယာယီဝန်ထမ်းဆိုရင်တော့ ပြောနေရော့မယ်။ ဒီရက်ပိုင်း လူတိုင်းမှာ ကျေးလက်က ပြန်လာတဲ့ ဆွေမျိုးတွေ ရှိကြတာဆိုတော့၊ သူ့ကို ဖယ်ပြီး သူတို့ဆွေမျိုးတွေအတွက် နေရာလုချင်နေကြတာ။ သူကလည်း အလုပ်ကို ပုံမှန်မဆင်းဘဲ တစ်ရက်ဆင်း တစ်ရက်ပျက် လုပ်နေတော့ စက်ရုံက သူ့ကို ဆက်မထားချင်တော့ဘဲ ထုတ်ပစ်လိုက်တာပေါ့။ အခန်းထဲမှာ လာပြီး ငိုယိုနေလို့ ငါလည်း တစ်ခုခုဖြစ်လို့လားလို့ စိုးရိမ်မိတာ၊ နောက်မှ ဒါကြောင့်မှန်း သိရတာ။ ယွမ်ဟောက်ဖုန်းကတော့ လာပြီး စကားကောင်းတွေနဲ့ နှစ်သိမ့်ပေးရှာပါတယ်။ ဒါပေမဲ့ ငါကြားတာတော့ လီလင်းလင်းက ဆိုင်ကရတဲ့ ပိုက်ဆံတစ်ပြားမှ မယူဘဲ ယွမ်ဟောက်ဖုန်းကို အကုန်အပ်တာတဲ့။ ဟင်း... ယွမ်ဟောက်ဖုန်းက တီဗီဝယ်နိုင်ပါ့မလားလို့ နင်တို့ ထင်နေတာမလား။ သေချာပေါက် ဝယ်နိုင်တာပေါ့၊ သူ့အတွက် ဘာမှမတောင်းဆိုဘဲ ပိုက်ဆံရှာပေးနေတဲ့ လူအတစ်ယောက် ရှိနေတာကိုး။”
“ဟင်... တစ်ပြားမှ မယူဘူး ဟုတ်လား။ အလကား လုပ်ပေးနေတာ၊ သူက ဘာရမှာမို့လို့လဲ။”
“အလုပ်တင် အလကား လုပ်ပေးတာ ဘယ်ကမလဲ၊ ကိုယ်ခန္ဓာပါ အလကား ပုံပေးထားတာလေ... အမလေး... နင်တို့ ယုံချင်မှယုံ၊ သူတို့နှစ်ယောက် တကယ်ကြီးကို...”
အဘွားကြီးဝမ်သည် အတော်များများ သိနားလည်ထားခဲ့၏။
အမှန်တကယ်တမ်း အရှေ့ဘက်ဝင်းတွင် နေထိုင်ပြီး အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသော အဒေါ်ကြီးမေ့လည်း သိရှိသော်လည်း၊ ဤကိစ္စမှာ အထိခိုက်မခံသဖြင့် ကြားထဲမှ ဝင်မပြောဘဲ နေလိုက်ခြင်း ဖြစ်သည်။
'တကယ့် လူအပဲ'
အဘွားကြီးဟွမ် စိတ်ထဲမှ တွေးတောရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။ မဖြစ်ချေ... မဖြစ်ချေ... အိမ်တစ်လုံးအတွက်နှင့် သူမ၏ သားကို မီးပုံထဲသို့ အတင်းမတွန်းပို့နိုင်ပေ။ ဤကဲ့သို့သော ငတုံးချွေးမ အမျိုးသမီးကို သူမ လုံးဝ လက်မခံနိုင်ပေ။
လီလင်းလင်း သူမ၏ သားထံသို့ ကိုယ်တိုင်လာရောက် ပုံအပ်လျှင်ပင် သူမ၏ သားမှာ လှည့်ကြည့်မည် မဟုတ်သည်ကိုမူ သူမ ထည့်မတွေးခဲ့ချေ။
သို့သော် လီလင်းလင်း ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်ဝံ့သည်ဟု တွေးမိသောအခါ လူတိုင်းနှာခေါင်းရှုံ့လျက် လှောင်ပြောင်ကြတော့သည်။
မကြာမီအချိန်အတွင်းမှာပင် လီလင်းလင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် သတင်းမှာ အိမ်ဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်သံမျိုးစုံ ထွက်ပေါ်လာခဲ့၏။ သို့သော် အမျိုးသားများအားလုံးမှာ ယွမ်ဟောက်ဖုန်းကို တကယ့်ကို အထင်ကြီးသွားကြပြီး၊ ထိုကဲ့သို့သော အမျိုးသမီး ငအတစ်ဦးကို ဘယ်လိုများ ပြုစားထားသလဲဟု အံ့ဩနေကြသည်။
တကယ့်ကို သစ္စာရှိလှပေစွ…
အမျိုးသမီးများအဖို့မူ ပြောရန်ခက်လှပေသည်။
သေချာသည်မှာ သူတို့အိမ်ဝင်းကြီးထဲတွင် အချစ်မူးနေသော လူအများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ အခြေအနေသာ ပေးမည်ဆိုပါက လူတိုင်းပင် ဤနေရာမှ ပြောင်းရွှေ့သွားချင်ကြပေလိမ့်မည်။
ယွမ်မိသားစုသည် တီဗီဝယ်ယူခဲ့ပြီး ယနေ့ညသည် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသသည့် ညဖြစ်၏။ ချန်ချင်းယွီတို့အိမ်တွင်မူ မည်သူမျှ လာရောက်ခြင်း မရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် တီဗီအသစ်စက်စက် ဖြစ်သဖြင့် လူတိုင်း ထိုဘက်သို့ သွားရောက်ကာ အုတ်အော်သောင်းနင်း ကြည့်ရှုနေကြ၏။ အဘွားကြီးကျောက် မကျေမနပ်ဖြင့်
“သူတို့တွေက တကယ့်ကို သူတော်ကောင်းယောင်ဆောင်တွေပဲ... အရင်တုန်းကတော့ တီဗီလာကြည့်ဖို့ ဒီလောက်တောင် အလုအယက် ဖြစ်နေကြတာကို”
ချန်ချင်းယွီ : “သူတို့ မလာတာကမှ ပိုကောင်းတာပေါ့။ ဆူညံလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာ”
“အကောင်းဆုံးကတော့ အိမ်တိုင်းအိမ်တိုင်း တီဗီတစ်လုံးစီ ဝယ်လိုက်ကြဖို့ပဲ၊ အဲဒါဆိုရင် တို့အိမ်လည်း အေးအေးဆေးဆေး ရှိသွားမှာ”
အဘွားကြီးကျောက်လည်း ထောက်ခံကာ
“ဒါလည်း ဟုတ်တာပဲ။ ဟူး... ငါ နေကြာစေ့လေး ဘာလေး ယူစားရမယ်။ အိမ်မှာ နေကြာစေ့စားတာတောင် ဘေးကလူတွေက စိုက်ကြည့်နေကြတာ။ ဟွန်း... ငါက ဘာလို့ သူတို့ကို ပေးရမှာလဲဆိုတာ သူတို့ ကိုယ်တိုင်တောင် ပြန်မတွေးကြဘူး”
ချန်ချင်းယွီ : “ရေနွေးကြမ်းလေးပါ တစ်ခါတည်း ဖျော်လိုက်လေ...”
“အေးပါ...”
အဘွားကြီးကျောက်၏ ပြတ်သားဆတ်ဆတ်ခါသော နှုတ်ထွက်စကားများနှင့် ယှဉ်လျှင်၊ ကျောက်ရုံမှာ နူးညံ့သိမ်မွေ့ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်သဖြင့် လူတိုင်း ယွမ်မိသားစုအိမ်သို့ သွားရောက်ရန် ပိုမိုနှစ်သက်ကြသည်။ ချန်ချင်းယွီမှာမူ သူတို့အားလုံး ထိုဘက်တွင်သာ ရှိနေကြရန် တိတ်တဆိတ် မျှော်လင့်နေခဲ့၏။
ညအချိန် ရောက်ရှိလာပြီဖြစ်သဖြင့် အဘွားကြီးကျောက်သည် တံခါးကို ရိုးရိုးရှင်းရှင်းပင် ပိတ်လိုက်တော့သည်။
မိသားစုလေးဦးသည် နေကြာစေ့စား၊ ရေနွေးကြမ်းသောက်ရင်း တီဗီကြည့်နေကြရသဖြင့် အတော်လေး စိတ်ကျေနပ်စရာ ကောင်းလှပေ၏။
“နင် ဘယ်တော့ ထွက်သွားမှာလဲ။”
“သန်ဘက်ခါကျရင်။”
“ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ။”
ချန်ချင်းယွီ ခေါင်းခါယမ်းပြရင်း
“မလိုတော့ပါဘူး၊ ပစ္စည်းတွေ အများကြီး သယ်မသွားတော့ဘူး”
ယခင်၌ ချိုက်မင်မင်နှင့်အတူ ရှိနေ၍ သတိထားခဲ့ရသော်လည်း၊ ယခုအခါ တစ်ယောက်တည်း သွားရမည်ဖြစ်သဖြင့် အလွန်အမင်း စိုးရိမ်စရာ မလိုတော့ချေ။
“တစ်နေ့ကျရင် ရထားခဏခဏ ပြောင်းစီးနေရတဲ့ ဒုက္ခကနေ ကင်းဝေးပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဒါနဲ့ စကားမစပ်...”
ချန်ချင်းယွီသည် ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ပြီး
“အမေ... ဒီရက်ပိုင်းအတွင်း ကျွန်မအတွက် ကျွင်းကျစ်လန်ပန်းအချို့ကို စုံစမ်းပြီး ရှာပေးထားလို့ ရမလားဟင်”
“ကျွင်းကျစ်လန်ပန်း ဟုတ်လား။”
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း
“ဟုတ်တယ်၊ အပွင့်နဲ့ အရွက်ပုံစံ ကောင်းကောင်းလေးတွေကို ရှာပေးပါ။ အကယ်၍ အမေ မသိရင် သိတဲ့လူကို မေးပြီး သင်ခိုင်းလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် အချို့ကို ဝယ်ပေးထားပါဦး”
အဘွားကြီးကျောက် : “ဒါတွေကို ဘာလို့ ဝယ်မှာလဲ။ စားလို့သောက်လို့လည်း မရဘူး၊ ပြီးတော့ ရှားစောင်းလက်ပတ်ပင်တွေလောက်လည်း ပြုစုရတာ မလွယ်ဘူးလေ”
သူမသည် ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို ကောင်းစွာ ခံစားဖူးခဲ့သည်။ ပြုစုရလွယ်ကူသည့်အပြင် ရန်ဖြစ်သည့်အခါတွင်လည်း လက်နက်အဖြစ် အသုံးပြုနိုင်၏။
ချန်ချင်းယွီ : “ဒါက တန်ဖိုးရှိလို့ပါ။”
သူမသည် မိမိကိုယ်ကို အနာဂတ်ကို ကြိုမြင်သူအဖြစ် ထုတ်မပြောချင်သဖြင့် ရိုးရှင်းစွာပင် ဆိုလိုက်၏။
“အမေလည်း ပုံမှန် သတင်းတွေကို စောင့်ကြည့်နေတာပဲ မဟုတ်လား၊ ဒီရက်ပိုင်း ဒီအပင်တွေက တော်တော်လေး ဈေးကောင်းရနေတာ။ ကျွန်မစကားကို နားထောင်ပြီး အချို့ကို ဝယ်ထားလိုက်ပါ။ ကျွန်မတို့ လက်ထဲမှာ ပိုက်ဆံရှိနေတာဆိုတော့ ရှုံးသွားရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ အကယ်၍ ဈေးနှုန်းက ဆက်ပြီး တက်နေမယ်ဆိုရင်တော့ တို့တွေ ချမ်းသာပြီပဲ”
အဘွားကြီးကျောက် : “အေးပါ... နင့်စကားကို ငါ နားထောင်ပါ့မယ်”
ပိုက်ဆံရှာသည့် ကိစ္စနှင့် ပတ်သက်လာလျှင် အဘွားကြီးကျောက်သည် ချန်ချင်းယွီကို လုံးဝ ယုံကြည်ကိုင်စွဲထားသည်။ သူမသည် သူမ၏ ချွေးမတွင် ဤကဲ့သို့သော ကံတရား ရှိသည်ဟု ခံစားမိသောကြောင့် ဖြစ်၏။
ကြည့်ပါဦး... သူတို့နှစ်ယောက်စလုံး ဂျင်းဘောင်းဘီ ရောင်းကြခြင်း အတူတူ၊ သူမ၏ ယွမ်သောင်းချီတန်သော ကုန်ပစ္စည်းများမှာ အလွယ်တကူ ကုန်စင်သွားခဲ့ပြီး၊ ယွမ်ဟောက်ဖုန်းတွင်မူ ယွမ်ထောင်ဂဏန်းမျှသာ ရှိသော်လည်း ယခုထက်ထိ ကုန်အောင် မရောင်းနိုင်သေးချေ။ ၎င်းကို ကြည့်ခြင်းဖြင့် အချို့လူများသည် သဘာဝအတိုင်း ကံကောင်းတတ်ကြသည်မှာ ထင်ရှားလှပေသည်။ ၎င်းကို ငြင်းပယ်၍ မရနိုင်ပေ။
“အရင်တုန်းက လူတိုင်းက နင့်ကို သူများအကျိုးဖျက်တဲ့ မိန်းမလို့ ပြောကြတာ၊ ငါ့အမြင်တော့ လုံးဝ မှားနေတာပဲ။ နင်က သေချာပေါက် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ လာဘ်နတ်သမီးလေးပဲ ဖြစ်ရမယ်။”
ချန်ချင်းယွီ တဟားဟား ရယ်မောလိုက်ရင်း
“အမေကလည်း... ကျွန်မကို မြှောက်မနေပါနဲ့တော့”
“ငါ အမှန်အတိုင်း ပြောတာပါ။”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ပြုံးစိစိဖြင့်
“မေမေက သေချာပေါက် နတ်သမီးလေးပဲ”
ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင်မူ ပျော်ရွှင်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
တစ်ဖက်တွင်မူ ယွမ်မိသားစုအိမ်၌ လူအများဖြင့် စည်ကားလှုပ်ရှားနေခဲ့သည်။ ကျောက်ရုံမှာမူ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေခဲ့ပြီး…
'မုဆိုးမအိမ်က ပထမဆုံး တီဗီဝယ်ခဲ့ရင်ကော ဘာဖြစ်လဲ၊ သူတို့က တို့အိမ်လောက် လူကြိုက်မများပါဘူး'
၎င်းမှာ လူမှုဆက်ဆံရေး အရည်အချင်း ကွာခြားခြင်း ဖြစ်၏။
သူမသည် ပြုံးရွှင်စွာဖြင့်
“နင်တို့ ရေနွေးကြမ်း သောက်ကြမလား။ ငါ လက်ဖက်ခြောက်အချို့ သွားယူပေးရမလား”
“အာ... နင့်ဆီမှာ လက်ဖက်ခြောက်တောင် ရှိသေးတာလား... ငါတို့က ဘယ်လိုလုပ်ပြီး အားနာစရာကြီး...”
ကျောက်ရုံ : “တို့တွေက အိမ်နီးနားချင်းတွေပဲဟာ၊ ငါက ကပ်စေးကုပ် မဟုတ်ပါဘူး။ ရေနွေးကြမ်းလေး သောက်တာ ဘာဖြစ်လို့လဲ။ သောက်ကြမလား”
“ကျေးဇူးအများကြီး တင်ပါတယ်ရှင်။”
“ကျွန်မလည်း တစ်ခွက်လောက် သောက်မယ်။”
“အမလေး... တို့အိမ်ကတော့ ဒါတွေကို ဝယ်မှာမဟုတ်ဘူး။”
လက်ဖက်ခြောက်ချင်း တူညီသည်ဆိုသော်ငြား သာမန်မိသားစုများမှာမူ ၎င်းတို့ကို ဝယ်ယူလေ့မရှိကြချေ။ ချက်စား၍လည်း မရကာ လက်တွေ့မကျသောကြောင့်တည်း။
အလကားရသည်ဖြစ်သဖြင့် သူတို့ သေချာပေါက် သောက်ချင်ကြပေသည်။ ရုတ်တရက်ဆိုသလို လူတိုင်း သောက်ချင်ကြသဖြင့် ဝိုင်းဝန်းတောင်းဆိုကြတော့၏။
ကျောက်ရုံ၏ အပြုံးများမှာ အနည်းငယ် ပျောက်ကွယ်သွားခဲ့ရသည်။ သူမသည် အနည်းငယ်မျှသာ ကြွားဝါချင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဤလူများ အဘယ်ကြောင့် ဤမျှအထိ အလိုက်ကန်းဆိုးမသိဘဲ အများကြီး တောင်းဆိုရဲကြသနည်း။
သို့သော်လည်း စကား ထွက်သွားပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်း၍ မရတော့ရာ၊ သူမက အတင်းအကြပ် ပြုံးလိုက်ရင်း
“ဒါဆို ငါ အခုပဲ ရေနွေးသွားတည်လိုက်ဦးမယ်”
လူအများမှာ ကွယ်ရာတွင်…
“ကျောက်ရုံကတော့ တကယ်ပဲ သဘောကောင်းတာပဲနော်။ အကယ်၍ အဘွားကြီးကျောက်သာဆိုရင် တို့ကို နေကြာစေ့တစ်စေ့တောင် ပေးမှာမဟုတ်ဘူး။”
“အမလေး... နေကြာစေ့ကို ထားလိုက်ပါဦး၊ ပြီးခဲ့တဲ့တုန်းက ငါ ကွမ်းတံတွေး ထွေးမိလို့ အော်ဟစ်ဆဲဆိုခံရတာ... ငါ့ကို စိန်ခေါ်ပြီး တံတွေးပြန်လျက်ခိုင်းတာလေ... အဲဒါ လူစိတ်ရှိတဲ့ အလုပ်လား။ တီဗီတစ်လုံးရှိတာနဲ့ မောက်မာလိုက်တာမှ လွန်ရော။”
“ဟုတ်ပ... ဒါကတော့ နင်မှပဲ ကျောက်ရုံရေ။”
“အဘွားကြီးကျောက်ကတော့ တို့တွေကို ပျော်ရုံသက်သက် လာကြည့်ခိုင်းသလိုမျိုး ကြွားနေတာ။ တီဗီရှိတာ သူတစ်ယောက်တည်း ကျနေတာပဲ။”
“ဟုတ်တယ်...”
လူတိုင်း အဘွားကြီးကျောက်ကို ဝိုင်းဝန်းအတင်းပြောကြသဖြင့် ကျောက်ရုံသည် ပိုမိုပျော်ရွှင်သွားခဲ့ပြီး၊ ဘာမှမဖြစ်သည့်အလား ဟန်ဆောင်ကာ
“အဲလိုလည်း မပြောပါနဲ့၊ သူက အရင်ကတည်းက ဒီလိုပုံစံပဲဟာ၊ နင်တို့လည်း ဒီနေ့မှ သိတာမှ မဟုတ်တာ”
“ဒါလည်း ဟုတ်တာပဲ။”
“အဲဒီအဘွားကြီးကတော့ တကယ်ကို အဆင်မပြေဘူး။”
“ငါ့အမြင်တော့ နင်တို့ တီဗီက သူတို့ထက် ပိုကောင်းတယ်၊ ပုံရိပ်က တကယ့်ကို ကြည်လင်တာပဲ။”
“ပုံရိပ်အရည်အသွေးကော အရောင်အသွေးကော ပိုကောင်းတယ်၊ ဒီအသစ်ကတော့ တကယ့်ကို ကွာခြားတာပဲ...”
...
ကျောက်ရုံသည် မြှောက်ပင့်ပြောဆိုသံများကြားတွင် သာယာနေခဲ့သည်။
ယွမ်မိသားစုသည် မိမိတို့ကိုယ်မိမိ တကယ့်ကို ကျေနပ်အားရနေကြ၏။ သူတို့သည် ကာလာတီဗီဝယ်ယူရာတွင် ဒုတိယမြောက်ဖြစ်ပြီး၊ အနည်းငယ် နောက်ကျခဲ့သည်ဆိုစေကာမူ ပိုမို၍ လူကြိုက်များလှပေသည်။
ကျောက်ရုံ အနည်းငယ် ပြုံးလိုက်ရင်း
“ကဲ... နောက်နောင် နင်တို့တွေ တို့အိမ်မှာပဲ လာပြီး တီဗီကြည့်ကြတော့။ ငါကတော့ နင်တို့တွေကို စည်းကမ်းတွေ အများကြီးနဲ့ လာပြီး မချုပ်ချယ်ပါဘူး”
ယွမ်ဟောက်မင်ကို သူမ လှမ်းကြည့်လိုက်သည်။ ယွမ်ဟောက်မင်လည်း ကျေနပ်အားရနေခဲ့ပြီး
“ဟုတ်တယ်... အမြဲတမ်း လာခဲ့ကြပါ။ ကျုပ်တို့အနေနဲ့ နေ့တိုင်း ရေနွေးကြမ်း အဆင့်သင့် မဖျော်ပေးနိုင်ရင်တောင်၊ ကပ်စေးကုပ်တော့ လုပ်မှာမဟုတ်ပါဘူး။ တို့တွေအားလုံးက အိမ်နီးနားချင်းတွေပဲဟာ၊ ဝေးကွာတဲ့ ဆွေမျိုးထက်စာရင် နီးစပ်တဲ့ အိမ်နီးနားချင်းက ပိုပြီး အားကိုးရတာပေါ့။ ဘာလို့ ကပ်စေးကုပ်နေရမှာလဲ... လာကြပါ... လူများလေလေ ပိုပြီး စည်ကားလေလေပေါ့၊ ကျုပ်ကတော့ လူအများကြီးရှိတာကို သဘောကျတယ်”
“ဒါဆိုရင်တော့ တို့တွေ သေချာပေါက် လာမှာပေါ့။”
“အဘိုးကြီးယွမ်... နင်က အကောင်းဆုံးပဲ။”
“နင်တို့မိသားစုက တကယ်ပဲ... သားနဲ့သမီးကလည်း တော်ကြသလို၊ ဘဝကလည်း တကယ့်ကို ပြည့်စုံတာပဲ။ တကယ့်ကို အားကျစရာကောင်းလှပါဘိ...”
လူတိုင်း သူတို့ကို ဝိုင်းဝန်းချီးမွမ်းနေကြတော့သည်။ အဘွားကြီးကျောက်တို့ဘက်တွင်မူ သူတို့မိသားစုသည် စိတ်အနှောင့်အယှက် လုံးဝမရှိဘဲ၊ အမှန်တကယ်ပင် စိတ်ချမ်းသာစွာဖြင့် အုတ်ကုတင်ပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းလျက် ခေါင်းအုံးများကို မှီထားကြ၏။ လူရှင်းနေသဖြင့် သူတို့ လုပ်ချင်ရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြလေသည်။
ထိုအချိန်တွင်... ရဲတပ်ဖွဲ့သည်လည်း လှုပ်ရှားမှုများကို စတင်နေပြီဖြစ်၏……။