← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀)

ညဉ့်နက်သန်းခေါင်ယံ အချိန်….

"ကျွိ..." ကနဲ တံခါးဖွင့်သံနှင့်အတူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသည် အိမ်ထဲမှ ခြေဖွဖွနင်းလျက် ထွက်လာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို ဘယ်ပြန်ညာပြန် အကဲခတ်ပြီး မည်သူမျှမရှိသည်ကို သေချာမှသာ ပြတင်းပေါက်တစ်ခုအောက်သို့ တိုးတိုးလေး ကပ်သွားပြီး အချက်ပေးသံပြုလိုက်၏။

“မြောင်... မြောင်... မြောင်...”

မကြာမီပင် အခန်းထဲမှ တုံ့ပြန်လှုပ်ရှားသံအနည်းငယ် ထွက်ပေါ်လာသည်။ ထိုအမျိုးသားသည် တုံ့ပြန်မှုကို သိရှိလိုက်သည်နှင့် အိမ်ဝင်းအတွင်းရှိ ဂိုဒေါင်ငယ်လေးဆီသို့ တိတ်တဆိတ် လှမ်းခဲ့တော့၏။ ခဏအကြာတွင် သက်လယ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည်လည်း ခါးလေးနွဲ့ကာ ဂိုဒေါင်ထဲသို့ အမြန်ဆုံး ဝင်ရောက်သွားခဲ့ပြီးနောက် ချက်ချင်းပင် အဝတ်အစားများမှာ လွင့်စင်ပျံဝဲကုန်ကြတော့သည်။

မှောင်မည်းနေသဖြင့် သူတို့နှစ်ဦးစလုံးမှာ အဝတ်အစားများကို ဝါးလုံးတစ်ချောင်းဖြင့် ကောက်ယူသွားသည်ကိုလည်းကောင်း၊ တံခါးကို သစ်သားတုတ်တစ်ချောင်းဖြင့် ကန့်လန့်ကာပိတ်လိုက်သည်ကိုလည်းကောင်း လုံးဝ သတိမပြုမိလိုက်ကြချေ။

ချန်ချင်းယွီသည် ထိုသို့ လွင့်စင်ကျလာသော အဝတ်အစားများကို တံခါးဝတွင် ပစ်ချလိုက်ပြီးနောက်၊ ရေဇလုံကို ကိုင်ကာ အင်တိုက်အားတိုက် လိုက်လံတီးခတ်လျက် အော်ဟစ်လိုက်၏။

“သူခိုးဖမ်းကြဟေ့... ဖောက်ပြန်နေကြပြီဟေ့...”

သူမသည် အိမ်ဝင်းအတွင်း၌ အဆက်မပြတ် လိုက်လံတီးခတ် အော်ဟစ်ပြီးနောက်၊ လမ်းကြိုလမ်းကြားထဲအထိပါ ပြေးထွက်ကာ

ဆူညံစွာ အော်ဟစ်လိုက်ပြန်သည်။

“ဖောက်ပြန်နေကြပြီဟေ့... လာကြည့်ကြပါဦး...”

သူမ၏ ပြေးလွှားအော်ဟစ်မှုကြောင့် ဤပတ်ဝန်းကျင်ရှိ အိမ်ဝင်းကြီးများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။ ထို့နောက်မှ သူမသည် ဇလုံကို ကိုင်လျက် နံရံပေါ်သို့ ခုန်တက်ကာ အိမ်ခေါင်မိုးပေါ်တွင် အမြန်ဆုံး ပုန်းကွယ်နေလိုက်၏။

ဤမျှ ဆူညံလှသော သတင်းကြောင့် လူတိုင်း ချက်ချင်းပင် ထွက်လာကြရာ မြေပြင်ပေါ်ရှိ အဝတ်အစားများကို မြင်တွေ့လိုက်ကြရသည်။ သူတို့အိမ်ဝင်းကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရုံမျှမက ပတ်ဝန်းကျင်မှ လူများပါ စုပြုံရောက်ရှိလာကြ၏။ ကာယကံရှင် နှစ်ဦးစလုံးလည်း မကြာမီမှာပင် ဆွဲထုတ်ခြင်းခံလိုက်ရသဖြင့် အခင်းဖြစ်ပွားရာနေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်တော့သည်။

ချန်ချင်းယွီ ဤမြင်ကွင်းကို ကြည့်ရှုရင်း အလွန်ပင် စိတ်ကျေနပ်သွားခဲ့ရသည်။

ယမန်နေ့ညတွင်လည်း သူမ၏ ပဉ္စမမြောက်ဦးလေးဖြစ်သူမှာ လက်ပူးလက်ကျပ် ဖမ်းဆီးခြင်းခံခဲ့ရသဖြင့် အနည်းဆုံး နှစ်အနည်းငယ်မျှ ထောင်နန်းစံရပေလိမ့်မည်။ သို့သော် ၎င်းမှာ ချန်ချင်းယွီကို အပြစ်ဆို၍မရချေ။ သူကိုယ်တိုင် နိုင်ငံပိုင်ပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်ရာ သူမအနေဖြင့် သတင်းပေးတိုင်ကြားခဲ့ခြင်းမှာ မှားယွင်းမှုမဟုတ်ပေ။

ယနေ့ညတွင်မူ အစီအစဉ်အသစ်ဖြင့် အောင်မြင်ခဲ့ပြန်သည်။ သူမ၏ အကြီးဆုံးဦးလေးဖြစ်သူမှာ ဖောက်ပြန်နေစဉ် လက်ပူးလက်ကျပ် အမိဖမ်းနိုင်ခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီသည် အိမ်ဝင်းတစ်ခုတည်းမှ လူများ သတင်းဖုံးကွယ်ထားမည်ကို စိုးရိမ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် အိမ်ဝင်းတိုင်းသည် သူမတို့အိမ်ဝင်းကဲ့သို့ ဒေါသထွက်ပြီး ပါးစပ်မလုံကြသူများ မဟုတ်ကြချေ။ အချို့သော အိမ်ဝင်းများမှာ သတင်းများကို ကောင်းစွာ ဖုံးကွယ်တတ်ကြ၏။

ထို့ကြောင့် ချန်ချင်းယွီသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ရုတ်ရုတ်သဲသဲဖြစ်အောင် တမင်ဖန်တီးခဲ့ခြင်းဖြစ်ရာ ထင်သည့်အတိုင်းပင် အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တော့သည်။

ယခုခေတ်ကာလသည် နောင်အနှစ်ဆယ်ကျော်ကာလများကဲ့သို့ မိမိအိမ်ရှေ့ နှင်းကိုသာ မိမိရှင်းသည့် ခေတ်မျိုး မဟုတ်ချေ။ ယခုမှာ စုပေါင်းစနစ် ခေတ်ကာလဖြစ်သဖြင့် ဤမျှကြီးမားသော ကိစ္စရပ်မျိုး ဖြစ်ပွားပါက စက်ရုံနှင့် အဖွဲ့အစည်းမှ သေချာပေါက် ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကိစ္စရပ်များမှာ လူမသိပါက ကိစ္စမရှိသော်လည်း၊ ယခုကဲ့သို့ လူသိရှင်ကြား ဖြစ်သွားပါက စက်ရုံဘက်မှလည်း မည်သို့မျှ လွှတ်ထားမည် မဟုတ်ပေ။

ကြည့်ရသည်မှာ ထိုလူကြီးသည် အလုပ်ထုတ်ခံရရုံမှတစ်ပါး အခြားမရှိနိုင်ချေ။ ဤအချက်ကို တွေးမိကာ ချန်ချင်းယွီ အတိုင်းထက်အလွန် ပျော်ရွှင်သွား၏။

ဤလူနှစ်ယောက်ကို ရှင်းလင်းပြီးနောက်တွင်မူ ချန်ချင်းယွီအဖို့ ချန်အဒေါ်ငယ်နှင့် ချန်ရိကျွင်းနှစ်ယောက်သာ ကျန်ရှိတော့သည်။

ချန်ချင်းယွီသည် မည်သူမျှ မသိစေဘဲ အိမ်သို့ အမြန်ဆုံး ပြန်လာခဲ့သည်။ မနက်ဖြန်တွင်မူ သူမ ကွမ်ကျိုးသို့ ထွက်ခွာရဦးမည် မဟုတ်လော့။

ချန်ချင်းယွီ၏ နေ့ရက်များမှာ အမှန်တကယ် တက်ကြွလှုပ်ရှားလွန်းလှပြီး နေ့စဉ်နှင့်အမျှ အလုပ်များနေသဖြင့် တစ်မိနစ်မျှပင် အနားမရသကဲ့သို့ ရှိနေခဲ့သည်။ ဦးလေးအကြီးဆုံးကိုပါ အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်၍ သူမ စိတ်လက်ပေါ့ပါးစွာဖြင့် အိပ်စက်နိုင်ခဲ့ပြီး၊ နောက်တစ်နေ့ ထွက်ခွာချိန်တွင်လည်း အားအင်ပြည့်ဝလန်းဆန်းနေခဲ့၏။

ပြောရမည်ဆိုပါက ယခုတစ်ခေါက် ခရီးစဉ်တွင်မူ ချန်ချင်းယွီ၏ နောက်သို့ လိုက်ပါမည့်သူ မည်သူမျှ မရှိတော့ပေ။

'ဟက်... ပြီးခဲ့တဲ့တစ်ခေါက်က သူတို့တွေ ကောင်းကောင်းကြီး မှတ်လောက်သားလောက် ဖြစ်သွားခဲ့ရတာကိုး။'

ဝမ်ကျန့်ကော်သည် စီးပွားရေးလုပ်ချင်သော်လည်း သူ့လက်ထဲတွင် အရင်းအနှီး မရှိပေ။ ယွမ်ဟောက်ဖုန်းမှာမူ ကုန်ပစ္စည်းများ မကုန်သေးသည့်အပြင်၊ မိမိကိုယ်ကိုယ် လမ်းကြောင်းရှာတွေ့သွားပြီဟု ထင်မှတ်နေသဖြင့် ချန်ချင်းယွီ၏ လမ်းပြမှုကို မလိုအပ်တော့ဟု ယူဆထားခြင်း ဖြစ်သည်။

ချန်ချင်းယွီ ကွမ်ကျိုးသို့ သွားမည့် ရထားပေါ်သို့ ထပ်မံခြေချလိုက်ပြန်၏။ ယခင်အတိုင်း လမ်းခုလတ်တွင် ရထားပြောင်းစီးရဦးမည်ဖြစ်ရာ ယခုတစ်ခေါက်တွင်မူ သိသိသာသာ ပိုမိုပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

၎င်းမှာ အဖော်မပါ၍ မဟုတ်ဘဲ... ရာသီဥတု ပူပြင်းလာသောကြောင့်ပင်…

ယခုအခါ မေလလယ်ပိုင်း ရောက်ရှိနေပြီဖြစ်ရာ မြို့တော်တွင်ပင် သိသိသာသာ ပူနွေးလာနေပြီ ဖြစ်သည်။ တောင်ပိုင်းဒေသဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ပေ။ ခရီးဝေးသွားလေလေ ပိုမိုပူပြင်းလာလေလေ ဖြစ်ပြီး၊ ရထားတွဲအတွင်း၌လည်း ရှူရခက်ခဲသော ချွေးနံ့၊ ခြေအိတ်နံ့များနှင့် ချဉ်စုတ်စုတ်အနံ့မျိုးစုံမှာ လှိုင်လှိုင်ထနေတော့သည်။ အခြားသူများကို မဆိုးထားနှင့်၊ ချန်ချင်းယွီကိုယ်တိုင်ပင် မိမိကိုယ်ကိုယ် စေးကပ်ညစ်ပတ်နေပြီဟု ခံစားနေရ၏။

တစ်လမ်းလုံး ခရီးနှင်ပြီးနောက် ကွမ်ကျိုးသို့ ရောက်ရှိချိန်တွင်မူ ချန်ချင်းယွီ မိမိကိုယ်ကိုယ် အနံ့အသက်ဆိုးများ ထွက်နေပြီဟု ထင်မှတ်မိတော့သည်။

ယခုနှစ်သည် ယခင်နှစ်များထက် ပိုမိုပူပြင်းသည်ဟု ကြားသိရ၏။ ချန်ချင်းယွီ ရထားပေါ်မှ ဆင်းလိုက်သည်နှင့် ပူပြင်းလှသော လေလှိုင်းကြီးမှာ ဝုန်းကနဲ တိုးဝှေ့လာသဖြင့် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။

'အာ... မေလလယ်ပဲ ရှိသေးတာကို ဒီလောက်တောင် ပူနေပြီလား။'

သူမသည် ချွေးများကို သုတ်လိုက်ရင်း တည်းခိုခန်းဆီသို့ တိုက်ရိုက် ဦးတည်ခဲ့၏။

မည်မျှပင် ဂရုမစိုက်တတ်သူဖြစ်ပါစေ ဤမျှအထိ စေးကပ်ညစ်ထေးနေသည်ကိုမူ သူမ မခံစားနိုင်တော့ပေ။

ရထားဘူတာရုံကြီးမှာ ယခင်အတိုင်း စည်ကားနေဆဲ ဖြစ်သည်။ မဟုတ်သေး... ယခင်ထက်ပင် ပိုမိုစည်ကားနေခြင်း ဖြစ်၏။

ဘူတာရုံအနီးတွင် လူခေါ်နေသူများစွာ ရှိနေဆဲ ဖြစ်သည်။ လွန်ခဲ့သောတစ်လခန့် ဝမ်ကျန့်ကော်တို့ ကိစ္စကြောင့် နှစ်ဖက်ရဲတပ်ဖွဲ့ ပူးပေါင်းနှိမ်နင်းမှု ပြုလုပ်ခဲ့ဖူးသော်လည်း၊ ယခုအခါ ထိုကဲ့သို့သော လိမ်လည်လှည့်ဖြားသူများနှင့် မရိုးမသားလုပ်ရပ်များ ရှိနေဆဲလားဆိုသည်ကိုမူ မသိရသေးပေ။

ပတ်ဝန်းကျင်ရှိ တရားမဝင် တည်းခိုခန်းငယ်လေးများကို ကြည့်ရှုရင်း ချန်ချင်းယွီ တွေးလိုက်မိ၏။

'ဒါတွေက တကယ်ပဲ မြက်ပင်တွေလိုပဲ၊ ရိတ်လေလေ ပြန်ပေါက်လေလေပါပဲလား။'

သို့သော် သူမသည် ထိုတည်းခိုခန်းငယ်လေးများကို စိတ်မဝင်စားချေ။ အစိုးရပိုင် တည်းခိုခန်းများ၏ ဝန်ဆောင်မှုမှာ သာမန်မျှသာဖြစ်ပြီး ဈေးနှုန်းအနည်းငယ် ကြီးမြင့်သော်လည်း၊ အစိုးရပိုင် ဖြစ်သဖြင့် ပိုမိုစိတ်ချရသည်သာ…။

ချန်ချင်းယွီသည် ပြီးခဲ့သည့်တစ်ခေါက်က တည်းခိုခဲ့သော နေရာသို့ပင် ပြန်လည်လာခဲ့သည်။ အမှန်၌ ခရီးသွားသည့်အခါ နေရာတစ်ခုတည်းတွင် အမြဲတမ်းတည်းခိုခြင်းမှာ သူတစ်ပါးကို မိမိ၏ အမူအကျင့် လမ်းကြောင်း သိရှိစေနိုင်သဖြင့် မသင့်တော်သော်လည်း၊ သူမအနေဖြင့် အကြိမ်အနည်းငယ်မျှသာ လာရောက်ခြင်းဖြစ်၍ ပြဿနာမရှိနိုင်ပေ။

သူမသည် အမြန်ဆုံး အခန်းယူကာ ရေမိုးချိုး သန့်စင်လိုက်မှသာ လန်းဆန်းသန့်ရှင်းသွားခဲ့တော့သည်။

ချန်ချင်းယွီ ယခုတစ်ခေါက်တွင် စက်ရုံတစ်ခုနှင့် တိုက်ရိုက်ချိတ်ဆက်၍ အထည်များကို မှာယူရန် ရည်ရွယ်ထားရာ အချိန်အနည်းငယ် ကြာမြင့်နိုင်သဖြင့်၊ သူမသည် မနားတော့ဘဲ လိုရာခရီးသို့ ချက်ချင်း ထွက်ခွါခဲ့၏။

ရာသီဥတု ပူနွေးလာသဖြင့် ခရီးသွားသူ ပိုမိုများပြားလာခြင်းလော သို့မဟုတ် လူများ၏ အတွေးအခေါ်များ ပြောင်းလဲလာခြင်းလော မသိရဘဲ၊ လက်ကားဈေးကွက်သို့ ရောက်ရှိသည့်အခါ လူများ ပိုမိုစည်ကားနေသည်ကို ခံစားလိုက်ရသည်။ ကုန်ပစ္စည်းအိတ်ကြီးများကို ထမ်းပိုးထားသော အမျိုးသား အမျိုးသမီးများစွာမှာ ဈေးကွက်အတွင်း၌ ရှုပ်ယှက်ခတ်နေကြ၏။

ဒေသန္တရ လေယူလေသိမ်းမျိုးစုံ ဆူညံနေသည့်ကြားမှ ချန်ချင်းယွီသည် ယခင် ဂျင်းဘောင်းဘီများ ဝယ်ယူခဲ့သည့် ဆိုင်သို့ တိုက်ရိုက် လျှောက်လှမ်းခဲ့သည်။

၎င်းမှာ သူမ ဈေးကွက်အသစ်မရှာချင်၍ ခေါင်းမာနေခြင်းမဟုတ်ဘဲ၊ ဆက်ဆံရေး အဆင်ပြေပြီး ဈေးနှုန်းလည်း သင့်တင့်မျှတနေသရွေ့ ရောင်းသူအသစ်ကို ထပ်မံရှာဖွေရန် မလိုအပ်သေးဟု ယူဆထားသောကြောင့် ဖြစ်၏။ အကယ်၍ တကယ်ကြီး အဆင်မပြေတော့မှသာ အခြားနည်းလမ်းကို စဉ်းစားရပေလိမ့်မည်။ ယခုမူ စောလွန်းနေသေးသည်။

ချန်ချင်းယွီ : “အစ်မကြီးလီ။”

သူမ ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင် ယနေ့လည်း ဆိုင်အတွင်း၌ ကုန်ပစ္စည်း လာရောက်ကြည့်ရှုနေသူ အချို့ ရှိနေခဲ့၏။

အစ်မကြီးလီတစ်ယောက် အလုပ်ရှုပ်နေရင်းမှ အသံကြား၍ လှည့်ကြည့်လိုက်ရာ ဝမ်းသာအားရ ဆိုသည်။

“အို... ရှောင်ချန် ရောက်လာတာလား၊ လာ လာ ထိုင်ပါဦး။ ရာသီဥတုက တော်တော်ပူတယ်၊ အစ်မ ရေတစ်ခွက် ခပ်ပေးမယ်နော်”

“မလိုပါဘူး... မလိုပါဘူး အစ်မကြီး။”

ချန်ချင်းယွီ ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။

သူမ ပြင်ပသို့ ရောက်ရှိနေချိန်တွင် သူတစ်ပါးပေးသော ရေကို လုံးဝ မသောက်သကဲ့သို့၊ မည်သည့် အစားအစာကိုမျှလည်း စားလေ့မရှိပေ။

အကြောင်းရင်းသည်ကား... ၎င်းမှာ သူမ၏ အလွန်အမင်း သတိကြီးစွာ ထားတတ်သော အမူအကျင့်ကြောင့်ဖြစ်သည်။

အစ်မကြီးလီသည်လည်း ချန်ချင်းယွီကို အမှတ်ရနေသည်မှာ အသေအချာပင် ဖြစ်၏။ ဆိုရသော် သူမသည် ကုန်ပစ္စည်း အမြောက်အမြား ဝယ်ယူလေ့ရှိသဖြင့် ဆိုင်အတွက် အရေးပါသော ဖောက်သည်ကြီးတစ်ဦး ဖြစ်

နေသည်။ အစ်မကြီးလီ ပြုံးလိုက်ရင်း

“ငါ့ဆီမှာ စက်ရုံထုတ် အချိုရည်ပုလင်းတွေ ရှိတယ်၊ ရေခဲသေတ္တာထဲ ထည့်ထားတာဆိုတော့ တကယ့်ကို အေးမြနေတာပဲ”

သူမသည်လည်း စီးပွားရေးလောကတွင် ကျင်လည်နေသူပီပီ ချန်ချင်းယွီ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ပြီး၊ တစ်ပါးသူ လောင်းထည့်ပေးသော ရေအစား စက်ရုံထုတ် အချိုရည်ပုလင်းကိုသာ တိုက်ရိုက် ကမ်းပေးလိုက်၏။

“ဒါလေး သောက်ကြည့်ပါဦး။”

ချန်ချင်းယွီ : “ကျေးဇူးအများကြီး တင်ပါတယ် အစ်မကြီး”

ထိုစဉ် ဆိုင်ထဲရှိ အခြားဖောက်သည်များက မကျေမနပ်ဖြင့်

“အမလေး အစ်မကြီးရာ... ဒါကတော့ ခွဲခြားဆက်ဆံလွန်းရာ မကျဘူးလား။”

“ဟုတ်ပ... တို့တွေလည်း ပူလို့ ရေငတ်နေတာပဲဟာကို။”

“ဒီညီမလေးက ချောလို့ဆိုပြီး ရေကို အလကား ပေးတာတော့ မဖြစ်သင့်ဘူးလေ။”

အစ်မကြီးလီ မျက်စောင်းထိုးလိုက်ရင်း

“သွားစမ်းပါ... နင်တို့ ငတ်ရင် အပြင်ထွက်ပြီး ကိုယ့်ဘာသာဝယ်သောက်ကြ။ ဒီဇိုင်းကတော့ ဒီဈေးပဲ၊ ထပ်ပြီး လျှော့ပေးလို့ မရတော့ဘူး။ အဆင်ပြေရင် ကုန်ပစ္စည်း စစ်ဆေးကြ၊ အဆင်မပြေရင်လည်း တခြားဆိုင်မှာပဲ သွားကြည့်ကြတော့”

ထို့နောက် အစ်မကြီးလီသည် ချန်ချင်းယွီဘက်သို့ လှည့်ကာ

“ရှောင်ချန်... ဒီဘက်ကို ကြည့်ပါဦး၊ ဒီရက်ပိုင်း ဂျင်းဘောင်းဘီ ဒီဇိုင်းတွေက နည်းနည်း ပြောင်းသွားတယ်ကွ။ ညီမလေး အခုတစ်ခေါက် ထပ်ယူမယ်ဆိုရင် အရင်တစ်ခေါက်ကနဲ့ တူမှာမဟုတ်ဘူးနော်”

သူမသည် ချန်ချင်းယွီ တစ်ခေါက်လျှင် ကုန်ပစ္စည်း မည်မျှအထိ ယူတတ်သည်ကို သိရှိထားသဖြင့်သာ မှတ်မိနေခြင်း ဖြစ်သည်။ သို့သော်လည်း ဤမျှအထိ ကုန်ပစ္စည်းများ အမြန်ဆုံး ပြတ်လပ်သွားလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ချေ။

တကယ့်ကို မြန်ဆန်လွန်းလှပေ၏။

ချန်ချင်းယွီ : “အခုတစ်ခေါက်တော့ ကျွန်မ ဂျင်းဘောင်းဘီ မယူတော့ဘူးအစ်မကြီး။ တခြားဟာလေး ပြောင်းချင်လို့၊ အစ်မကြီးလီ... ကျွန်မ မှတ်မိသလောက်ဆိုရင် အစ်မတို့ဆီမှာ ကိုယ်ပိုင် အထည်ချုပ်စက်ရုံ ရှိတယ် မဟုတ်လားဟင်”

“ဟယ်... စက်ရုံအကြီးကြီး မဟုတ်ပါဘူး၊ အလုပ်ရုံ အသေးစားလေးပါပဲအေ။”

အစ်မကြီးလီ ထိုသို့ နှိမ့်ချပြောဆိုလိုက်သော်လည်း မျက်နှာတွင်မူ ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။

သူတို့မိသားစု စတင်လုပ်ကိုင်စဉ်၌ လူခုနစ်ယောက်ထက် ပိုမိုငှားရမ်းရန် မဝံ့ရဲကြသဖြင့် အလုပ်ရုံအသေးစားဟုသာ ခေါ်ဆိုနိုင်ခဲ့သော်လည်း၊ စီးပွားရေးဟူသည် လုပ်ကိုင်ရင်းနှင့် သတ္တိများ ပိုမိုကောင်းမွန်လာတတ်သည်ဖြစ်ရာ၊ ယခုအခါ သူတို့၌ လုပ်သားနှစ်ဆယ်ကျော် ရှိနေသော စက်ရုံငယ်လေးတစ်ခု ဖြစ်နေပြီ ဖြစ်၏။

နိုင်ငံပိုင် စက်ရုံကြီးများနှင့်မူ နှိုင်းယှဉ်၍ မရနိုင်သော်လည်း ပုဂ္ဂလိကစက်ရုံမှ လုပ်သားနှစ်ဆယ်၏ စွမ်းဆောင်ရည်မှာ နိုင်ငံပိုင်စက်ရုံမှ လုပ်သားလေးဆယ်ထက် ပိုမိုထက်မြက်သည်ကိုမူ သိသူများ သိကြပေသည်။

ကိုယ်ပိုင်စီးပွားရေးဖြစ်သဖြင့် ပျင်းရိခြင်း သို့မဟုတ် ခိုကပ်ခြင်းများကို လုံးဝ ခွင့်ပြုထားမည် မဟုတ်ပေ။

“ညီမလေးက ကုန်ပစ္စည်း သီးသန့် အော်ဒါမှာချင်လို့လား”

တွေ့ကြုံရင့်ကျက်သော စီးပွားရေးသမားပီပီ ချန်ချင်းယွီ မေးခွန်းတစ်ခွန်း မေးရုံမျှဖြင့် သူမ ချက်ချင်း ရိပ်မိသွားခဲ့၏။ သူမ ဆက်လက်၍

“ညီမလေးက ဘာကို အော်ဒါမှာချင်တာလဲ။ တို့စက်ရုံက အဓိက ဂျင်းဘောင်းဘီ ချုပ်တာဆိုပေမဲ့ တခြားအထည်တွေကိုလည်း ချုပ်ပေးလို့ရပါတယ်။ ကြည့်ပါဦး... တို့ဆိုင်မှာ ဂျင်းဘောင်းဘီတင်မကဘူး၊ ရှပ်အင်္ကျီတွေလည်း အကုန်ရှိတယ်လေ”

ချန်ချင်းယွီ : “ကျွန်မက စာတန်းပါ တီရှပ်တွေ ချုပ်ချင်တာ၊ ဒါပေမဲ့ ပုံစံတွေကိုတော့ ကျွန်မ စိတ်ကြိုက် သတ်မှတ်မှာ။ အစ်မတို့ဘက်က ဘယ်လိုပုံစံမျိုးမဆို အကုန်ချုပ်ပေးနိုင်မလားဟင်”

“အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူးအေ။”

အစ်မကြီးလီ : “တို့ဆီမှာ နည်းပညာက အဲလောက်ထိ မပြည့်စုံသေးဘူး၊ စက်ပစ္စည်းတွေကလည်း မကောင်းသေးတော့ အရမ်းရှုပ်ထွေးတဲ့ ပုံစံတွေကိုတော့ ချုပ်ပေးလို့ မရဘူး။ ရိုးရိုးရှင်းရှင်း ပုံစံတွေကိုပဲ လုပ်ပေးနိုင်မှာ”

သူမ ပွင့်ပွင့်လင်းလင်း ပြောပြလာ၏။

ချန်ချင်းယွီ ထပ်မံမေးမြန်းကာ

“ဒါဆိုရင် အထည်သားကော ဘယ်လိုလဲဟင်”

“အထည်သားကတော့ စိတ်ချပါ။ တို့က အထည်လိပ်စက်ရုံနဲ့လည်း အကျွမ်းတဝင် ရှိပြီးသားဆိုတော့ ပြဿနာမရှိပါဘူး။ ဓာတုချည်သားကလွဲလို့ပေါ့၊ အဲဒါကတော့ ဈေးနှုန်းလည်း ကြီးသလို ပစ္စည်းရဖို့လည်း သေချာမပြောနိုင်ဘူး။ အဲဒါကလွဲရင် ညီမလေး လိုချင်တဲ့ အထည်သားကို ရအောင် ရှာပေးလို့ရတယ်”

အမှန်တကယ်တမ်း ချန်ချင်းယွီသည် ဓာတုချည်သားကို သဘောမကျဘဲ၊ ချည်သားစစ်စစ်ကိုသာ ပိုမိုနှစ်သက်သည်။ သို့သော်လည်း ယခုခေတ်ကာလတွင် ဓာတုချည်သား ရှပ်အင်္ကျီတစ်ထည် ဝတ်ဆင်နိုင်ခြင်းမှာ ဂုဏ်သရေရှိလှသည်ဟု ယူဆထားကြသဖြင့် ၎င်းသည်သာ ရေပန်းစားနေပြီး ဈေးနှုန်းလည်း ပိုမိုကြီးမြင့်နေခဲ့ခြင်း ဖြစ်၏။

ချန်ချင်းယွီ : “ကျွန်မက ရိုးရိုးတီရှပ်ပဲ ချုပ်မှာပါ၊ ဆိုဒ်ကိုတော့ နည်းနည်း ပွပွလေး ချုပ်ပေးပါ။ ပုံစံပိုင်းမှာလည်း အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေး မလိုပါဘူး၊ မြို့ပြရဲ့ ထူးခြားတဲ့ အမှတ်အသားတွေပါတဲ့ တီရှပ်မျိုး ချုပ်ချင်တာပါ”

“အော်... အဲဒါကို သိတာပေါ့၊ တို့ဆိုင်မှာလည်း အဲလိုမျိုးတွေ ရှိပါတယ်။ ဒါမျိုးက မခက်ပါဘူး၊ တို့ လက်ခံပေးလို့ရတယ်”

ချန်ချင်းယွီလည်း ၎င်းကို ကောင်းစွာသိရှိသည်။ သူမ ပြီးခဲ့သည့်တစ်ခေါက် ဝယ်ယူခဲ့သည်မှာလည်း ထိုကဲ့သို့သော အင်္ကျီများဖြစ်ပြီး၊ အများစုမှာ “ပေကျင်း” ၊ “တီအန်းမင်ရင်ပြင်” ၊ “မဟာတံတိုင်းကြီး” စသည့် စာတန်းများသာ ပါရှိတတ်ကြ၏။

ထိုထက်ပိုသော ဒီဇိုင်းများ မရှိကြချေ။

ချန်ချင်းယွီ ယခုတစ်ခေါက်တွင် ထိုကဲ့သို့သော ပုံစံများကို ချုပ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ အကယ်၍ ထိုပုံစံများကိုသာ လိုချင်ပါက အသင့်ရှိပြီးသားကိုသာ တိုက်ရိုက်ဝယ်ယူမည်ဖြစ်ရာ၊ သီးသန့် အပ်နေရန် မလိုပေ။ သူမတွင် အခြားသော အစီအစဉ်သစ် ရှိနေခဲ့၏။ ၎င်းမှာ အနာဂတ်ကို ကြိုတင်သိရှိခြင်းမှ ပေးစွမ်းသော စီးပွားရေး အခွင့်အလမ်းပင်…

“ကျွန်မက 'လုရှန်းတောင်တန်း'နဲ့ ပတ်သက်တဲ့ အင်္ကျီတွေကိုပဲ သီးသန့် လိုချင်တာ။”

“လုရှန်းတောင်တန်း ဟုတ်လား။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

မူလ၌ ချန်ချင်းယွီသည် မြို့ပြအမှတ်အသားပါသော တီရှပ်များ သို့မဟုတ် ကြောင်၊ ခွေး စသည့် ချစ်စနိုး တိရစ္ဆာန်ပုံစံလေးများ ပါရှိသည့် အင်္ကျီများကို ချုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပုံစံမျိုးမှာ ယခုခေတ်တွင် တွေ့ရခဲလှ၏။

သို့သော်လည်း အစီအစဉ်ဟူသည် အပြောင်းအလဲများ ရှိတတ်စမြဲဖြစ်ရာ၊ လွန်ခဲ့သောရက်ပိုင်းက အိမ်တွင် ရေဒီယိုနားထောင်ရင်း ယခုနွေရာသီတွင် “လုရှန်းတောင်တန်းမှ အချစ်ဇာတ်လမ်း” ဟူသော ရုပ်ရှင်တစ်ကား ပြသတော့မည်ဟူသော သတင်းကို ကြားသိခဲ့ရခြင်း ဖြစ်သည်။ ပြသမည့် အချိန်မှာ ယခုလ ကုန်ပိုင်းတွင် ဖြစ်၏။

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားမိသွားသည်။ သူမ မှတ်မိသလောက်ဆိုလျှင် ဤရုပ်ရှင်မှာ ရှစ်ဆယ်စုနှစ်များအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်ပြီး၊ မည်သည့်နှစ်အတိအကျဖြစ်သည်ကို မမှတ်မိတော့သော်လည်း ရှစ်ဆယ်စုနှစ် အစောပိုင်း၊ ၁၉၈၁ သို့မဟုတ် ၁၉၈၂ ခုနှစ်ဝန်းကျင် ဖြစ်ရပေမည်။

သို့သော် ယခုအခါ ၁၉၇၉ ခုနှစ်မှာတင် ပြသတော့မည်ဖြစ်ရာ ချန်ချင်းယွီ အနည်းငယ် အံ့ဩသွားခဲ့ရသည်။

သို့သော် သေချာပြန်တွေးကြည့်ပါက ၎င်းမှာ အံ့ဩစရာဟု မဆိုနိုင်ပေ။ သူမသည် အချိန်ခရီးသွားတစ်ဦး ဖြစ်နေခဲ့လျှင်ပင်၊ ကမ္ဘာပေါ်ရှိ အရာအားလုံး လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ပုံသေရှိနေလိမ့်မည်ဟု မဆိုနိုင်ချေ။

လိပ်ပြာတောင်ပံခတ် သက်ရောက်မှု ဟူသည် သေချာပေါက် ရှိနေနိုင်သည်သာ…

(T/N - butterfly effect ကို သိကြမယ်ထင်ပါတယ်..တည်ငြိမ်နေတဲ့အရာတစ်ခု၊ အစဉ်အတိုင်း ဖြစ်နေတဲ့အရာတစ်ခုပေါ်ကို တစ်ခုခု သက်ရောက်လာရင် အပြောင်းအလဲတွေ ဖြစ်ကုန်တာမျိုးကို ပြောတာပါ)

ထို့အပြင် ဤကမ္ဘာပေါ်တွင် အခြားသော ထူးခြားသည့် အဖြစ်အပျက်မျိုး ကြုံတွေ့ထားရသူများ ရှိမရှိကိုလည်း မည်သူ သိနိုင်မည်နည်း။

သို့မဟုတ်ပါကလည်း သေးငယ်သော အကြောင်းကိစ္စတစ်ခုကြောင့် ကြီးမားသော ကွာခြားမှုများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ၊ “လုရှန်းတောင်တန်းမှ အချစ်ဇာတ်လမ်း” ရုပ်ရှင်သည် ယခုလကုန်တွင် သေချာပေါက် ရုံတင်ပြသတော့မည် ဖြစ်၏။

ချန်ချင်းယွီ ထိုအကြောင်းအရာများကို အချိန်ကုန်ခံကာ တွေးတောမနေတော့ချေ။ သူမ သိရှိထားသည်မှာ မိမိ၏ မူလအစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းထားပြီး၊ လတ်တလော ခေတ်စားလာမည့် အရှိန်အဟုန်ကို အမိအရ ဆုပ်ကိုင်ရန်သာ ဖြစ်သည်။ အခြားသူများအဖို့ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိရန် မလွယ်ကူသော်လည်း၊ သူမတွင်မူ ထိုအခွင့်အလမ်း ရှိနေခဲ့၏။

သူမသည် ဤရုပ်ရှင် သေချာပေါက် အကြီးအကျယ် အောင်မြင်လိမ့်မည်ကို ကြိုတင်သိရှိနေခဲ့သည်။

ယခုခေတ်ကာလသည် နောင်အနှစ်ဆယ်ကျော်ကာလများနှင့် မတူညီဘဲ၊ ရုပ်ရှင်ဖြစ်စေ၊ ဇာတ်လမ်းတွဲဖြစ်စေ တစ်ခါခေတ်စားလာပါက ပျံ့နှံ့မှု အရှိန်အဟုန်မှာ အလွန်ပင် ပြင်းထန်လှ၏။ “လုရှန်းတောင်တန်းမှ အချစ်ဇာတ်လမ်း” ရုပ်ရှင်ဆိုလျှင် ဤခေတ်ကာလတွင် တကယ့်ကို နာမည်ကျော်ကြားလှသဖြင့် ချန်ချင်းယွီကိုယ်တိုင်ပင် အတော်များများ မှတ်မိနေခြင်း ဖြစ်သည်။

ဤရုပ်ရှင် အကြီးအကျယ် ရေပန်းစားလာမည်ကို သိရှိနေပါလျက်နှင့် ဝင်ရောက်လုပ်ကိုင်ခြင်း မရှိပါက မိမိကိုယ်ကိုယ် အားနာစရာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့်ပင် ချန်ချင်းယွီသည် မူလအစီအစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

“ကျွန်မ လိုချင်တဲ့ အင်္ကျီပုံစံတွေ အားလုံးက လုရှန်းတောင်တန်းနဲ့ပဲ သက်ဆိုင်တဲ့ အရာတွေ ဖြစ်ရမယ်”

အစ်မကြီးလီသည် ချန်ချင်းယွီကို အံ့ဩတကြီး စိုက်ကြည့်လိုက်မိပြီး၊ သူမ တစ်ခုခု မှားယွင်းနေပြီလားဟု ထင်မှတ်သွားကာ

“အားလုံးက လုရှန်းတောင်တန်း ချည်းပဲ ဟုတ်လား။ လုရှန်းတောင်တန်းက ဘယ်နားမှာလဲ။ အဲဒါက ရောင်းကောင်းပါ့မလားအေ။”

ချန်ချင်းယွီ ပြုံးလိုက်ရင်း

“စိတ်ချပါ အစ်မကြီး၊ ကျွန်မက သီးသန့် အော်ဒါမှာတာ ဖြစ်တဲ့အတွက် သေချာပေါက် ငွေအပြည့်အဝ ပေးချေမှာပါ”

အစ်မကြီးလီ : “ငါက ညီမလေး အရှုံးပေါ်သွားမှာ စိုးလို့ပါ၊ အကယ်၍ ညီမလေး ရှုံးသွားရင် နောက်နောင် ငါ့မှာ ဖောက်သည်ကောင်းတစ်ယောက် ဆုံးရှုံးသွားမှာ မဟုတ်လား”

သူမမှာ တစ်ဝက်အမှား တစ်ဝက်အမှန်စကားဖြင့် ဖျောင်းဖျလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ချန်ချင်းယွီသည် ပိုက်ဆံအနည်းငယ် ရရှိသွားပြီးနောက် ဦးနှောက်များ မွဲခြောက်သွားခဲ့ပြီဟု ထင်နေမိ၏။

လုရှန်းတောင်တန်းဆိုသည်မှာ လူအတော်များများက မည်သည့်နေရာတွင် ရှိမှန်းပင် မသိကြချေ။ သူမကိုယ်တိုင်ပင် မသိရှိရာ ဤကဲ့သို့သော အင်္ကျီမျိုးကို မည်သူ ဝယ်ယူလိုပါမည်နည်း။

ထို့အပြင် မြို့ပြအမှတ်အသားပါသော တီရှပ်ဆိုသည်မှာ လူတိုင်း ကောင်းစွာသိရှိသော အထင်ကရနေရာမျိုး ဖြစ်ရပေမည်။

ဥပမာအားဖြင့် မဟာတံတိုင်းကြီးဆိုလျှင် လူတိုင်း သိကြသဖြင့် မည်သူမဆို ဝယ်ယူချင်ကြသည်သာ..။

လုရှန်းတောင်တန်း ဆိုတာကတော့...

ကောင်းပြီလေ…သူမ သိရှိသွားပြီဆိုစေဦး ဝယ်ယူချင်စိတ် လုံးဝ ရှိလာမည် မဟုတ်ချေ။

“ဒါက တကယ်ပဲ မသေချာတဲ့ ကိစ္စကြီးပါပဲလား။”

ချန်ချင်းယွီ :“ကျွန်မက ဒါကိုပဲ အသေအချာ လိုချင်တာပါ။ အစ်မတို့ဘက်က လုပ်ပေးနိုင်မယ်ဆိုရင် တို့တွေ ဈေးနှုန်းအကြောင်း ဆွေးနွေးကြတာပေါ့...”

အစ်မကြီးလီသည် ချန်ချင်းယွီကို ဖျောင်းဖျ၍ မရနိုင်တော့သည်ကို မြင်တွေ့လိုက်ရသဖြင့်၊ သူမ တကယ်ကြီး ဘဝင်မြင့်နေခဲ့ပြီဟု ပိုမိုထင်မှတ်သွားခဲ့သည်။

သို့သော်လည်း သူမသည် ငြင်းပယ်ခြင်းမရှိဘဲ လက်ခံလိုက်၏။ တီရှပ်ချုပ်ရသည်မှာ မရှုပ်ထွေးလှသဖြင့် ပိုက်ဆံရမည့် အလုပ်ကို အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။

“ကဲ... ဒါဆိုရင် တို့တွေ...”

ဈေးနှုန်းညှိနှိုင်းရသည့် ကိစ္စသည်သာ အခက်ခဲဆုံး ဖြစ်ရာ၊ သူတို့နှစ်ဦးသည် အကြိတ်အနယ် ညှိနှိုင်းကြရပြီး၊ အပြန်အလှန် ဆွေးနွေးပြီးနောက်တွင်မူ နောက်ဆုံး၌ အင်္ကျီတစ်ထည်လျှင် ၁.၅ ယွမ်ဈေးဖြင့် သဘောတူညီမှု ရရှိသွားခဲ့ကြသည်။ ၎င်းမှာ အစ်မကြီးလီဘက်မှ အများဆုံး လျှော့ချပေးနိုင်သည့် ဈေးနှုန်းပင် ဖြစ်တော့၏။

ချန်ချင်းယွီသည်လည်း ထိုထက်ပို၍ ဈေးလျှော့ရန်မဖြစ်နိုင်တော့သည်ကို သိရှိသဖြင့် နောက်ဆုံးတွင် သဘောတူ လက်ခံလိုက်သည်။

အမှန်၌ ချန်ချင်းယွီသည် ရုပ်ရှင်ထဲမှ မင်းသမီး ဝတ်ဆင်ထားသော အဝတ်အစား ဒီဇိုင်းမျိုးကို ပိုမိုချုပ်လုပ်ချင်ခဲ့၏။ သို့သော်လည်း ဤရုပ်ရှင်ကို ရှန်ဟိုင်းရုပ်ရှင်စတူဒီယိုမှ ရိုက်ကူးခြင်းဖြစ်ရာ၊ သူမအနေဖြင့် ထိုသူများ မည်သည့်အင်္ကျီမျိုး ဝတ်ဆင်မည်ကို ကြိုတင်သိရှိနိုင်မည့် လမ်းကြောင်း မရှိချေ။ ဤကဲ့သို့သော ရုပ်ရှင်ဟောင်းမျိုးကို သူမသည် ယခင်ဘဝက ကြားဖူးရုံမျှသာရှိပြီး လုံးဝ ကြည့်ရှုဖူးခြင်း မရှိခဲ့ပေ။

ကြည့်ရှုဖူးသည်ဆိုလျှင်လည်း မည်သည့်အဝတ်အစား ဝတ်ဆင်ခဲ့သည်ကို မည်သို့မျှ မှတ်မိနေမည် မဟုတ်ပေ။ ထို့ကြောင့်သာ လုရှန်းတောင်တန်း ဟူသော အမှတ်အသားကိုသာ အဓိကထား၍ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ “လုရှန်းတောင်တန်းမှ အချစ်ဇာတ်လမ်း” ဖြစ်သဖြင့်၊ လုရှန်းတောင်တန်းသည်လည်း အလွန်ပင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေခဲ့၏။

“ကျွန်မက ဆိုဒ်တွေကို အရမ်းကြီး အသေးစိတ်ခွဲဖို့ မလိုပါဘူး၊ အကြီး၊ အလတ်၊ အသေး သုံးဆိုဒ်ဆိုရင် ရပါပြီ။ အမျိုးသားဝတ်ကော အမျိုးသမီးဝတ်ကော အတူတူပါပဲ။ အမျိုးသမီးဝတ်ဆိုရင် အသေးဆုံးဆိုဒ်ကို တစ်ရာ့ခြောက်ဆယ့်ငါး (၁၆၅) ကနေ စပေးပါ၊ ပြီးမှ အစဉ်လိုက် အပေါ်ကို တိုးသွားပေါ့။ အမျိုးသားဝတ်ဆိုရင်တော့ အသေးဆုံးဆိုဒ်ကို တစ်ရာ့ခုနစ်ဆယ် (၁၇၀) ကနေ စလုပ်ပေးပါ။ ဒီအင်္ကျီက ကိုယ်လုံးနဲ့ ကွက်တိဖြစ်နေဖို့ မလိုပါဘူး၊ လိုချင်တာက အဘိုးကြီးဝတ်တဲ့ အင်္ကျီပွပွကြီးတွေလို ခံစားချက်မျိုးပဲ။ ဒီဇိုင်းပိုင်းမှာတော့ လုရှန်းတောင်တန်းရဲ့ ထူးခြားတဲ့ အမှတ်အသား အချို့ကို လိုချင်တယ်၊ အစ်မကြီးအနေနဲ့ အဲဒီအချိန်ကျရင် ကျွန်မကို...”

ချန်ချင်းယွီ စီစဉ်ညွှန်ကြားနေတော့သည်။

အစ်မကြီးလီ : “…..”

'...နင်ကတော့ တကယ့်ကို လျှောက်လုပ်နေတာပဲ။ ငါ့အမြင်တော့ နင် သေချာပေါက် အရှုံးပေါ်တော့မှာပဲ'

သူမသည် ချန်ချင်းယွီကို ကြည့်သည့် အကြည့်များမှာ တကယ့် လူအ, အကြီးစားတစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်နေခဲ့သည်။

ထိုအချက်ကို ချန်ချင်းယွီ

မရိပ်မိခြင်း မဟုတ်ပေ၊ သူမ ကောင်းစွာ သိရှိ၏။ အစ်မကြီးလီ မိမိအပေါ် မည်သို့ တွေးတောနေသည်ကို သူမ အတိုင်းသား သိနေသော်လည်း၊ အနာဂတ်တွင် မည်သို့ ပြောင်းလဲတိုးတက်လာမည်ကို သူမသည်သာ ကြိုတင် သိရှိနေခြင်း ဖြစ်သည်။

ဆိုဒ်များနှင့် ပတ်သက်၍လည်း သူမသည် စိတ်ကူးပေါက်ရာ လျှောက်လုပ်ခြင်း မဟုတ်ချေ။ ၎င်းမှာ လွန်ခဲ့သော လအနည်းငယ်အတွင်း သူမ ရရှိခဲ့သော အတွေ့အကြုံများကြောင့် ဖြစ်၏။

လူတိုင်းအင်္ကျီဝယ်လျှင် မိမိကိုယ်လုံးထက် တစ်ဆိုဒ်ကြီးသည်ကိုသာ ပိုမိုရွေးချယ်ချင်ကြသည်ကို သူမ သတိပြုမိခဲ့သည်။ ဆိုဒ်ကြီးလေလေ အထည်သား ပိုမိုပါဝင်လေလေဖြစ်ရာ၊ သူတို့အဖို့ ပိုမိုတွက်ချေကိုက်သည်ဟု ခံစားရပုံပေါ်၏။ သို့ဖြစ်ရာ သူမ တီရှပ်များ ရောင်းချစဉ်ကတည်းက လူအချို့မှာ အမှန်တကယ်တမ်း တစ်ရာ့ခြောက်ဆယ် (၁၆၀) ဆိုဒ်နှင့် ကွက်တိဖြစ်သော်လည်း၊ တစ်ရာ့ခြောက်ဆယ့်ငါး (၁၆၅) ဆိုဒ်ကိုသာ တမင်ရွေးချယ်ကြသည်ကို တွေ့ရှိခဲ့ရသည်။

ရည်ရွယ်ချက်မှာ အနည်းငယ် ပိုကြီးသည်ကို လိုချင်ကြ၍ ဖြစ်၏။

အခြားတစ်ချက်မှာ ယခုခေတ်လူများသည် ခန္ဓာကိုယ်အကောက်အကွေ့ အလှအပကို သိပ်ပြီး ဂရုမစိုက်ကြသေးဘဲ၊ ကိုယ်လုံးပေါ်လွင်စေမည့် အဝတ်အစားများကို ဝတ်ဆင်ရန် ဝန်လေးကြသောကြောင့် ဖြစ်သည်။ နောင်ကိုးဆယ်စုနှစ်များအတွင်း ကြိုးတစ်ချောင်းအင်္ကျီများ ဝတ်ဆင်ကြသည့် ခေတ်အထိ ရောက်ရှိရန်မှာ ယခုခေတ်တွင် အရှိန်အဟုန် မပြင်းထန်သေးချေ။ ထို့ကြောင့် ဆိုဒ်အနည်းငယ် ပိုမိုပွနေခြင်းမှာ လုံးဝ ပြဿနာမရှိခြင်းပင်။

၎င်းမှာ သူမ လမ်းဘေးဈေးသည်ဘဝမှ ရရှိခဲ့သော အဖိုးတန် အတွေ့အကြုံပင် ဖြစ်သည်။

ချန်ချင်းယွီသည် ဤတစ်ခေါက်တွင် စုစုပေါင်း ယွမ်တစ်သိန်းခွဲ တန်ဖိုးရှိသော ကုန်ပစ္စည်းများ အော်ဒါမှာခဲ့ပြီး၊ အင်္ကျီအရေအတွက်မှာ စုစုပေါင်း အထည်တစ်သိန်း ဖြစ်၏၌

အစ်မကြီးလီမှာမူ ရင်တုန်ပန်းတုန်ဖြစ်သွားရပြီး၊ စိတ်မချသဖြင့် ထပ်ခါတလဲလဲ မေးမြန်းမိတော့သည်။

“ညီမလေးက တကယ်ကြီး ဒီလောက်အများကြီး မှာမလို့လား။”

'အမလေး ဘုရားရေ၊ ဒီကောင်မလေး ရူးသွားပြီလားမသိဘူး။'

သူမအနေဖြင့်မူ ဤမျှအထိ တွေးပင်မတွေးဝံ့ချေ။ မဟာတံတိုင်းကြီးပုံစံ တီရှပ်ဆိုလျှင်ပင် မြို့တစ်မြို့တည်းမှ အထည်တစ်သိန်းကို ကုန်အောင် ဝယ်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ သေချာပေါက် ဖင်ပြောင်အောင် ရှုံးမည့် ကိစ္စကြီး မဟုတ်လော့။

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ဒီလောက်အများကြီးပဲ ယူမှာပါ၊ စိတ်ချပါ အစ်မကြီး၊ ကျွန်မရဲ့ စိတ်ထဲမှာ အစီအစဉ် ရှိပြီးသားပါ”

“ဒါပေမဲ့ ငါကတော့... ငါကတော့ စိုးရိမ်လို့ပါအေ...”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ရင်း

“ကျွန်မက ဒီလောက်အထိ တည်ငြိမ်နေတာကို ကြည့်ရင်၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်အထိ ခိုင်မာတယ်ဆိုတာ အစ်မကြီး သိနိုင်ပါတယ်။ တကယ်လို့ ကောင်းကောင်းမရောင်းရရင်တောင် ဒီအန္တရာယ်က ကျွန်မကိုယ်တိုင် ခံရမှာပါ။ ပြီးတော့ ရှုံးသွားရင်လည်း ကိစ္စမရှိပါဘူး၊ အစကနေ ပြန်စရုံတင်ပေါ့”

အစ်မကြီးလီလည်း ဤအမှန်တရားကို သိရှိသဖြင့် လက်ခံလိုက်ရတော့၏။

“ကဲ... ဒါဆိုရင်လည်း ညီမလေး သဘောအတိုင်းပဲပေါ့”

သူမအနေဖြင့် ဤကဲ့သို့သော အူအူအအ အရူးမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မူလ၌ ရှောင်ချန်သည် အတော်လေး လည်ဝယ်ပြီး ထက်မြက်သည်ဟု ထင်ခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ထိုကောင်မလေး၏ ဦးနှောက်မှာ သိပ်ပြီး အလုပ်မလုပ်တော့ကာ၊ မျက်ဝန်းများထဲတွင်လည်း အပြစ်ကင်းစင်သော အအမျိုးသမီးတစ်ဦး၏ အရိပ်အယောင်များသာ ထင်ဟပ်နေသကဲ့သို့ ခံစားရ၏။

သူမ ဘာတွေ တွေးနေပါလိမ့်..။

မသိနိုင်ချေ... ဘယ်လိုမှ စဉ်းစား၍ မရနိုင်ချေ။ သူမသည် တကယ့်ကို ခေါင်းမာလွန်းလှပေသည်။

ချန်ချင်းယွီ : “ကျွန်မဆီကို ကုန်ပစ္စည်းတွေ ဘယ်လောက်ကြာရင် ရနိုင်မလဲဟင်။ ကျွန်မ တော်တော်လေး လောနေလို့ပါ”

အစ်မကြီးလီ : “ငါ့ဘက်က အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အမြန်ဆုံး လုပ်ခိုင်းပါ့မယ်၊ ပြီးတော့ ယာယီအလုပ်သမားတွေပါ ထပ်ငှားပြီး တစ်ပတ်အတွင်း ညီမလေးဆီ ကုန်ပစ္စည်းရောက်အောင် စီစဉ်ပေးမယ်၊ ဘယ်လိုလဲ”

ချန်ချင်းယွီ : “တစ်ပတ်တောင် ကြာမှာလားဟင်။”

အစ်မကြီးလီ သက်ပြင်းချလျက်

“ဒါက အမြန်ဆုံး ဖြစ်နေပါပြီအေ၊ ယာယီအလုပ်သမားတွေပါ ထပ်ငှားရမှာ မို့လို့ပါ။ မဟုတ်ရင် တစ်ပတ်နဲ့လည်း ရမှာမဟုတ်ဘူး၊ ညီမလေး မှာတာက အရမ်းများလွန်းတာကိုး။ ကံကောင်းတာက ညီမလေးအလိုရှိတဲ့ ပုံစံတွေက အရမ်းမရှုပ်ထွေးလို့ပေါ့၊ မဟုတ်ရင် ဒီထက်ပိုပြီး ကြာဦးမှာ။ ဒါပေမဲ့ စိတ်ချပါ၊ ငါ့အနေနဲ့ ညီမလေးရဲ့ အော်ဒါအတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

“ဒါဆိုရင်လည်း ကောင်းပါပြီ။”

ချန်ချင်းယွီ စရံငွေကို လွှဲအပ်လိုက်သည်။ နှစ်ဦးစလုံးသည် ပထမဆုံးအကြိမ် လက်တွဲခြင်း မဟုတ်သဖြင့် အပြန်အလှန် ယုံကြည်မှု အချို့ ရှိနေကြပြီ ဖြစ်၏။

အစ်မကြီးလီသည် ချန်ချင်းယွီ တစ်ယောက် ရူးသွပ်နေပြီဟု ထင်မှတ်နေသော်လည်း၊ ချန်ချင်းယွီကိုယ်တိုင်မှာ ဤမျှအထိ ယုံကြည်ချက်ရှိနေပြီး အရှုံးခံနိုင်သည်ဟု ဆိုနေသည့်အပြင်၊ မိမိကိုယ်တိုင်လည်း အမြတ်ရမည့် အလုပ်ဖြစ်သဖြင့် ထပ်မံ၍ ငြင်းခုံမနေတော့ချေ။ သူမသည် ကုန်ပစ္စည်းတန်ဖိုး၏ သုံးပုံတစ်ပုံကို စရံငွေအဖြစ် လက်ခံရရှိထားပြီးဖြစ်ရာ၊ ချန်ချင်းယွီ တစ်ယောက် တကယ်ကြီး မရူးသေးသရွေ့ ကုန်ပစ္စည်း လာမယူဘဲ နေမည်မဟုတ်ချေ။

ချန်ချင်းယွီ အစ်မကြီးလီနှင့် စာချုပ်ချုပ်ဆိုပြီးနောက်၊ သူတို့၏ စက်ရုံငယ်လေးသို့ သွားရောက်ကာ အထည်သားများကို ရွေးချယ်ပြီး ပုံစံများကို အတည်ပြုလိုက်၏။ အားလုံး ပြီးစီးသွားချိန်တွင်မူ မိုးပင်ချုပ်လုနီးနီး ဖြစ်သွားခဲ့ရသည်။

အစ်မကြီးလီဘက်မှလည်း အချိန်မီပြီးစီးရန် အလျင်စလို ပြင်ဆင်ရမည်ဖြစ်ပြီး၊ ချန်ချင်းယွီကိုယ်တိုင်လည်း ကုန်ပစ္စည်းကို အမြန်ဆုံး ရယူချင်နေသဖြင့်၊ သူတို့သည် ဟန်ဆောင်ပန်ဆောင် စကားများ ပြောမနေကြတော့ဘဲ ညနေစောင်းတွင်ပင် လမ်းခွဲခဲ့ကြကာ အတူတကွ စားသောက်ကြခြင်းမျိုးလည်း မရှိခဲ့ချေ။ ချန်ချင်းယွီသည် အစ်မကြီးလီ မိမိကို ရူးနေသည်ဟု ထင်နေသည်ကို ကောင်းစွာ သိရှိသော်လည်း၊ သူမ၏ စိတ်ထဲတွင်မူ အစီအစဉ် အသေအချာ ရှိပြီးသား ဖြစ်၏။

“လုရှန်းတောင်တန်းမှ အချစ်ဇာတ်လမ်း” ရုပ်ရှင်သည် အချိန်စော၍ ရုံတင်ခြင်းဖြစ်သော်လည်း၊ အချို့သော ဖြစ်ရပ်မှန်များမှာမူ လုံးဝ ပြောင်းလဲသွားမည် မဟုတ်ပေ။

ဤကဲ့သို့သော ရုပ်ရှင်အမျိုးအစားမျိုးမှာ ယခုခေတ်တွင် တကယ့်ကို တွေ့ရခဲလှသည်။

ထို့အပြင် ၎င်းမှ ပေးစွမ်းမည့် ခေတ်ရေစီးကြောင်း အရှိန်အဟုန်မှာလည်း လုံးဝ လျော့ပါးသွားမည် မဟုတ်ပေ။

ချန်ချင်းယွီအနေဖြင့် စွန့်စားရသည့် အပိုင်းအချို့ ရှိနေသည်ဆိုသော်ငြား ရှုံးနိမ့်နိုင်ခြေ ရာခိုင်နှုန်းမှာမူ အလွန်ပင် နည်းပါးလှပေသည်။

ယခင်၌ သူမ ဤနေရာသို့ လာရောက်သည့် အကြိမ်တိုင်းတွင် အလျင်စလိုနှင့် လာပြီး ချက်ချင်း ပြန်ရလေ့ရှိသော်လည်း၊ ယခုတစ်ခေါက်တွင်မူ ထိုသို့မဟုတ်ဘဲ ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး လှည့်လည်ကြည့်ရှုရန် အချိန်ရရှိခဲ့၏။ ချန်ချင်းယွီသည် ခဲခဲယဉ်ယဉ် ရရှိသော ဤအားလပ်ချိန်တွင် ဈေးဝယ်ထွက်ရင်း မိသားစုဝင်များအတွက် အရာရာမျိုးစုံကို ဝယ်ယူခဲ့တော့သည်။

သူမသည် အစ်မကြီးလီထံမှတစ်ဆင့် ရေဒီယိုအသစ်တစ်လုံးကိုလည်း သီးသန့် ဝယ်ယူခဲ့သေးသည်။ ၎င်းမှာ စားသောက်ဆိုင်ငယ်လေးမှ ကောင်မလေးအတွက် ကူညီ၍ ဝယ်ယူပေးခဲ့ခြင်း ဖြစ်၏။ အမှန်တကယ်၌ ချန်ချင်းယွီ သူတစ်ပါးအတွက် ပစ္စည်းသယ်ပေးရသည်ကို မနှစ်သက်ချေ။ ခရီးဝေးကြီးမှ သယ်ဆောင်ရသည်မှာ အလွန်ပင် မောပန်းလှသည်။ သို့သော်လည်း ထိုကောင်မလေးသည် မိမိကို ပစ္စည်းများ လွယ်လွယ်ကူကူ ငှားရမ်းပေးခဲ့ဖူးသဖြင့်၊ မိမိဘက်မှလည်း ကတိပေးခဲ့ပြီးဖြစ်ရာ သူတစ်ပါးကို လှည့်စား၍ မဖြစ်နိုင်ချေ။ ရေဒီယိုကိုမူ ပါဆယ်ပါး၍မရသော်လည်း၊ အခြားသော ပစ္စည်းများကိုမူ သူမသည် ပါဆယ်ထုပ်ကာ အိမ်သို့ ကြိုတင် ပေးပို့လိုက်တော့သည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ချန်ချင်းယွီသည် မှာယူထားသော အဝတ်အထည်များကိုပါ ပါဆယ်ဖြင့် ပေးပို့ချင်သော်လည်း ၎င်းမှာ လုံးဝ မဖြစ်နိုင်ချေ။ ကုန်ပစ္စည်း အရေအတွက်မှာ လွန်စွာ များပြားလွန်းသဖြင့် အခြေအနေခြင်း လုံးဝ ကွာခြားလှ၏။ ချန်ချင်းယွီ တောင်ပိုင်းဒေသတွင် အလုပ်ရှုပ်နေခဲ့သော်လည်း၊ မြို့တော်ကြီးရှိ သူမ၏ ရန်သူများမှာမူ အလွန်အမင်း ဒုက္ခရောက်ကာ ပူဆွေးသောက ရောက်နေကြရသည်ကိုမူ သူမ မသိရှိခဲ့ပေ။

လတ်တလောရက်ပိုင်းအတွင်း ချန်ရိကျွင်းသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသကဲ့သို့ ရှိနေသည်။ လင်မယားနှစ်ဦးစလုံးကို လာရောက် ခြောက်လှန့်သူ မရှိတော့သော်လည်း၊ သူတို့နှစ်ဦးမှာမူ အသေးအဖွဲကိစ္စလေး ရှိရုံမျှဖြင့် ထိတ်လန့်တုန်လှုပ်နေကြရသည်။ တကယ်ကြီး သရဲခြောက်သလားဆိုလျှင်လည်း ထိုသို့မဟုတ်ဘဲ၊ လင်မယားနှစ်ယောက်စလုံး ကိုယ့်စိတ်နှင့်ကိုယ် အလွန်အမင်း ကြောက်ရွံ့နေကြခြင်း ဖြစ်၏။

ဤသို့သော အဖြစ်အပျက်မျိုးနှင့် နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ မည်သို့လျှင် မကြောက်ဘဲ နေနိုင်မည်နည်း။

ဖိနပ်တစ်ဖက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးဖြစ်၍၊ ကျန်ရှိသော ဖိနပ်တစ်ဖက်မှာ မည်သည့်အချိန်တွင် ထပ်မံပြုတ်ကျလာမည်နည်းဟူသော ခံစားချက်မျိုးကို သူတို့ အမြဲတမ်း ခံစားနေရသည်။

ကျန်ရှိသော တစ်ဖက် မည်သည့်အချိန်တွင် ကျလာမည်ကို မသိရှိရသဖြင့်၊ သူတို့သည် နေ့စဉ်နှင့်အမျှ အလွန်အမင်း စိုးရိမ်ထိတ်လန့် နေကြရရှာ၏။

ချန်ရိကျွင်းတို့ လင်မယားသည် မူလကတည်းကပင် အလွန်အမင်း ထိတ်လန့်ခြောက်ခြားနေကြသည့်ကြားမှ၊ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အတင်းအဖျင်း သတင်းစကားများ တဟုန်ထိုး ပျံ့နှံ့နေခဲ့သဖြင့် သူတို့နှစ်ဦးစလုံးမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ပိုမိုပြင်းထန်လာခဲ့ရသည်။ ချန်ရိကျွင်းသည် နေ့စဉ်နှင့်အမျှ အလုပ်ဆင်းသည့်အခါတိုင်း စိတ်မပါလက်မပါ ဖြစ်နေတတ်ပြီး၊ မျက်ကွင်းများမှာလည်း ညိုမည်းကာ ချိုင့်ဝင်နေခဲ့တော့၏။

“ဟေ့... အဘိုးကြီးချန်၊ ချန်ရိကျွင်း။”

ထင်သည့်အတိုင်းပင်၊ ချန်ရိကျွင်း တစ်ယောက် အလုပ်ခွင်သို့ ရောက်ရှိလာသည်နှင့် အတင်းဆွဲခေါ်ခြင်း ခံလိုက်ရ၏။

ထိုသူမှာ သူနှင့် အလုပ်ရုံတစ်ခုတည်းဆင်းသူဖြစ်ပြီး စရိုက်ချင်းလည်း တူညီကြသဖြင့် ပုံမှန်အားဖြင့် အတော်လေး ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။

“အဘိုးကြီးချန်... မင့်မှာ ချန်ရိမန်ဆိုတဲ့ ညီတစ်ယောက် ရှိတယ် မဟုတ်လား။”

ချန်ရိကျွင်း တစ်ချက် မှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်ရင်း

“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ။ ငါတို့တွေ မဆက်သွယ်ဖြစ်ကြတာ တော်တော်ကြာပြီ”

သူတို့မိသားစုဝင်များမှာ အတ္တကြီးသူများဖြစ်ကြသဖြင့် အမြဲတမ်း မိမိကိုယ်ကျိုးကိုသာ ကြည့်လေ့ရှိကြသည်။ ယခင် သူတို့ အခြေအနေကောင်းစဉ်၌ သူကိုယ်တိုင် ပိုက်ဆံနှင့် အင်အား စိုက်ထုတ်ရန်မလိုဘဲ မိသားစုဝင်များကို အခွင့်အရေးအချို့ ပေးနိုင်ခဲ့သဖြင့်၊ သူတို့၏ “ကျေးဇူးရှင်” အဖြစ် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေခဲ့၏။

သို့သော်လည်း သူ၏ဇနီးဟောင်း သေဆုံးသွားခဲ့ပြီးနောက်၊ ထိုသူများမှာ သူ၏ထံမှ အကျိုးအမြတ်များ မရရှိနိုင်တော့သည့်အခါ မကျေမနပ် ဖြစ်လာကြတော့သည်။ ဤအချက်မှာ ချန်ရိကျွင်းကို အလွန်ပင် စိတ်ပျက်စေခဲ့သဖြင့် နှစ်ဖက်ဆက်ဆံရေးမှာ မကြာမီမှာပင် ပျက်ပြားသွားခဲ့ရ၏။ သူတို့ မောင်နှမတစ်စုမှာ ယခုအခါ လုံးဝ ဆက်သွယ်ခြင်း မရှိကြတော့ချေ။

“သူ အထဲရောက်သွားပြီ၊ မင်း သိလား။”

“ဘာ...”

ချန်ရိကျွင်း အလန့်တကြား ရေရွတ်မိသည်။

“မင်းညီ ချန်ရိမန်က လွန်ခဲ့တဲ့ရက်ပိုင်းက စက်ရုံကပစ္စည်းတွေကို ခိုးယူရာမှာ ပါဝင်ပတ်သက်လို့ အဖမ်းခံလိုက်ရတာ။”

ထိုသူ စကားပြောနေရင်း ချန်ရိကျွင်း၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ရာ၊ ချန်ရိကျွင်း တစ်ယောက် မှင်သက်အံ့ဩသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အားရပါးရဖြင့်

“မင်း မသိသေးဘူးပဲ... အမလေး... ဒီကိစ္စက တော်တော်လေးကို ဂယက်ရိုက်သွားတာ။ သူတို့စက်ရုံက လူတော်တော်များများ ပါဝင်ပတ်သက်နေတာလေ၊ စဉ်းစားကြည့်ဦး... ဒါ ရူးနေတာ မဟုတ်လား။ ဒီလိုကိစ္စမျိုးကိုတောင် လုပ်ဝံ့ကြတယ်၊ ငါတို့တွေကတော့ ဒါမျိုး လုံးဝ အတုမယူသင့်ဘူးနော်”

ချန်ရိကျွင်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့ပြီး

“ဘာတွေကို အတုယူရမှာလဲ၊ ငါတို့တွေက ပုံမှန်လည်း အဆက်အသွယ် မရှိကြဘူး။ သူ အဲလိုတွေ လုပ်နေတာကို ငါ လုံးဝမသိဘူး။ သူ ဘယ်တုန်းက အဖမ်းခံလိုက်ရတာလဲ”

“လွန်ခဲ့တဲ့ ရက်ပိုင်းတင်ပဲ။ ဟေ့... ဒါနဲ့ ပြောရဦးမယ်၊ မင်းတို့ မောင်နှမတွေကတော့ တကယ်ပဲ ကံဆိုးလွန်းကြတယ်။ မင်းက သရဲခြောက်တာနဲ့ ကြုံနေရပြီး၊ မင်းညီကတော့ ထောင်ထဲ ရောက်သွားပြီ။ ဟဲဟဲ... နမင်း တစ်ခုခု သွားလုပ်ဦးမလား (ယတြာချေတာဖြစ်စေ၊ မကောင်းဆိုးဝါးမောင်းထုတ်တာဖြစ်စေ)၊ အဆောင်အယောင်လေး ဘာလေးလုပ်ပြီး အနှောက်အယှက် ကင်းဝေးအောင်လို့လေ။”

ချန်ရိကျွင်း မျက်နှာကို တင်းမာထားလျက် အေးစက်စွာ ပြောလိုက်၏။

“မလိုပါဘူး။”

“ငါက သရဲရှိတယ်ဆိုတာကို လုံးဝ မယုံဘူး”

“ဟဲဟဲဟဲဟဲ...”

သူ၏ ထိုစကားကိုမူ မည်သူမျှ မယုံကြည်ကြချေ။

ချန်ရိကျွင်းလည်း ရှည်ရှည်ဝေးဝေး ဆက်မပြောချင်တော့သဖြင့် မိမိ၏ အလုပ်နေရာသို့ တိုက်ရိုက် ပြန်လာခဲ့သည်။ အကယ်၍ သေချာစွာ စောင့်ကြည့်မည်ဆိုပါက ထိုသူ၏ ကိုယ်လုံးတစ်ခုလုံး ပိုမိုတုန်ရီနေသည်ကို မြင်တွေ့နိုင်ပေ၏။

'ချန်ရိမန် ကံဆိုးသွားပြီ... သူ တကယ်ကြီး ဒုက္ခရောက်သွားပြီလား။'

ချန်ရိကျွင်းသည် ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့ မောင်နှမများမှာ အဆက်အသွယ် မရှိကြသဖြင့် ချန်ရိမန်တစ်ယောက် ပုံမှန်အားဖြင့် မည်သို့ နေထိုင်ဖြတ်သန်းနေသည်ကို သူ မသိရှိခဲ့ချေ။ သို့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ခိုင်လုံသော သက်သေမရှိဘဲ လူကို ဖမ်းဆီးလိမ့်မည်မဟုတ်ရာ၊ သူသည် ဤကိစ္စကြောင့် အထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ချန်ရိကျွင်းသည် တုန်တုန်ရီရီဖြစ်လာပြီး စိတ်ထဲမှလည်း ပိုမို၍ ပြိုလဲပျက်စီးလာခဲ့ရ၏။

'ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ၊ ဒီလို အချိန်အခါမျိုးကျမှ ချန်ရိမန်က ကံဆိုးရတာလဲ။'

'သူမ... သူမ ပြန်လာပြီး ကလဲ့စားချေနေတာပဲ...'

'သေချာတယ်... သူမပဲ...'

ချန်ရိကျွင်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး

“ငါ နေလို့မကောင်းလို့၊ ငါ့အတွက် ခွင့်တိုင်ပေးပါဦး”

သူသည် စကားအနည်းငယ် ဆိုပြီးသည်နှင့် အပြင်သို့ ဝုန်းကနဲ ပြေးထွက်သွားခဲ့တော့သည်။

သူ ထွက်ခွာသွားသည်နှင့် အလုပ်ရုံအတွင်းရှိ လူများ၏ တိုးတိုးတိတ်တိတ် ဝေဖန်သံများမှာ ပိုမို၍ ဆူညံလာခဲ့၏။

လူတိုင်း တိုးတိုးလေး ညည်းတွားကြသည်မှာ….

“မင်းတို့ မြင်လိုက်ကြလား၊ သူ ခြောက်ခြားသွားလိုက်တာ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး သရဲတစ်ကောင်လို ဖြစ်နေတာပဲ။”

“မကောင်းတာ မလုပ်ရင် မကောင်းဆိုးဝါး လာခေါက်တာကို မကြောက်ရဘူးလေ။ သူက မကောင်းတာတွေ လုပ်ထားလို့ပဲ ဖြစ်မှာပေါ့။ ဒါက ဝဋ်လည်တာပဲ။”

“သူ့အိမ်မှာ တကယ်ကြီး သရဲခြောက်နေတာ၊ ဘယ်လိုလုပ် ဝဋ်မလည်ဘဲ နေပါ့မလဲ။ ငါက သူ့အိမ်နဲ့ တစ်တိုက်တည်း နေတာလေ၊ အဲဒီ စူးရှတဲ့ အော်ဟစ်သံကြီးတွေက တကယ့်ကို ခြောက်ခြားစရာပဲ။ သူ့ရဲ့ သားကြီးလင်မယားဆိုရင် အိမ်ပြန်မအိပ်ရဲကြတော့ဘူး။ သားငယ်လေးကိုလည်း မတွေ့ရတာ ကြာပြီ၊ အိမ်မပြန်ရဲကြဘူး ထင်တယ်။ ကြောက်စရာကြီးနော်။”

“ဒီကမ္ဘာပေါ်မှာ တကယ်ပဲ သရဲ ရှိလို့လားဟ”

“ဘာလို့ မရှိရမှာလဲ၊ သူ့အိမ်မှာ ဖြစ်ပျက်နေတာတွေက အထင်အသားကြီးပဲဟာ။ အကယ်၍ လူတစ်ယောက်ယောက်က တမင်လုပ်တာဆိုရင် ရဲတွေက အဲဒီလူကို ဖမ်းမိတာ ကြာလှပေါ့ ဟုတ်လား။”

“ဒါလည်း ဟုတ်တာပဲ။”

“သူ့အိမ်ကတော့ တကယ်ကို ဘုရားကျောင်း သွားပြီး ယတြာချေသင့်တယ်။”

“ငါ့အမြင်တော့ မထူးပါဘူးကွာ၊ အကယ်၍ သူက သူ့ရဲ့ ဇနီးဦးကို တကယ်ကြီး ဒုက္ခပေးခဲ့တာဆိုရင်၊ ဘယ်လိုပဲ ယတြာချေချေ ဘာထူးမှာလဲ။”

“ဘာပဲဖြစ်ဖြစ် ငါကတော့ သေချာပေါက် ဆက်စပ်မှု ရှိတယ်လို့ ထင်တယ်။ မဟုတ်ရင် ဒီသရဲက ဒီလောက် ရက်စက်ပါ့မလား။ မင်းတို့ မမြင်ဖူးလို့ပါ၊ သူ့အိမ်က တကယ့်ကို မြွေတွင်းကြီး ဖြစ်နေတာ။ အား... တွေးမိတာနဲ့တင် တစ်ကိုယ်လုံး ကြက်သီးထတယ်”

……

စက်ရုံအတွင်း၌ ဝေဖန်ပြောဆိုသံများ ဆူညံနေခဲ့သည်။

ချန်ရိကျွင်း စက်ရုံထဲမှ အလောတကြီး ထွက်ခွာလာခဲ့ပြီးနောက်၊ အိမ်သို့ တိုက်ရိုက်မပြန်ဘဲ ချန်ရိမန်၏ အိမ်ဆီသို့သာ ဦးတည်ခဲ့တော့၏။ သူတို့ချင်း အဆက်အသွယ် မရှိကြသော်လည်း မည်သည့်နေရာတွင် နေထိုင်သည်ကိုမူ သူ ကောင်းစွာ သိရှိထားခဲ့သည်။ သူ ထိုအိမ်သို့ တိုက်ရိုက်မဝင်ဝံ့ချေ၊ အကြောင်းမှာ မိမိထံသို့ ပြဿနာများ ပတ်သက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး ပတ်ဝန်းကျင်အနီးအနားတွင်သာ လှည့်လည်စုံစမ်းကြည့်လိုက်၏။

ထင်သည့်အတိုင်းပင် ချန်ရိမန်တစ်ယောက် အထဲသို့ တကယ်ကြီး ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော နိုင်ငံပိုင်ပစ္စည်းများကို ခိုးယူသည့် အမှုမျိုးမှာ အနည်းဆုံး နှစ်အနည်းငယ်မျှ ထောင်ဒဏ်ကျခံရပေလိမ့်မည်။

ချန်ရိကျွင်း အခြေအနေကို စုံစမ်းသိရှိပြီးနောက်၊ ခြေလှမ်းများ ယိုင်တိုင်တိုင်ဖြင့် အိမ်သို့ ပြန်လာခဲ့ကာ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့၏။

“အဘိုးကြီး...”

ဝေရှု့ဖန်း ထိတ်လန့်တုန်လှုပ်သွားပြီး

“ရှင် ဒါ ဘာဖြစ်လာတာလဲ”

ချန်ရိကျွင်းမှာ “ငါ့ကို ကုတင်ပေါ် တွဲပို့ပေးဦး...” ဟု အားအင်ချိနဲ့စွာ ဆိုလိုက်သည်။

သူသည် ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီးနောက် တစ်ကိုယ်လုံး ခြောက်ကပ်နွမ်းလျနေဟန်ဖြင့်

“ချန်ရိမန် ဒုက္ခရောက်သွားပြီ။ တို့မိသားစု ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ။ သေချာတယ်... သူမ ပြန်လာပြီး ကလဲ့စားချေနေတာ၊ သူမပဲ...”

“ဘာဖြစ်တယ်...”

ဝေရှု့ဖန်း အလန့်တကြား အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပစ်ထိုင်မိသွားသည်။

မကြာမီမှာပင် ဝေရှု့ဖန်းသည် ကပျာကယာ ထရပ်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီး ရေဇလုံတစ်ခုကို ယူဆောင်လာခဲ့သည်။ ထို့နောက် “ဂလု... ဂလု...” နှင့် သောက်သုံးလိုက်ရာ ညှီစုတ်စုတ် သွေးညှီနံ့များ လှိုင်လှိုင်ထွက်ပေါ်လာတော့၏။

“နင် ဘာတွေလုပ်နေတာလဲ။”

“ငါ မကောင်းဆိုးဝါး မောင်းထုတ်ဖို့ခွေးနက်သွေး သောက်နေတာ။”

ဝေရှု့ဖန်း အလေးအနက်ပုံစံဖြင့်

“ဒါက ငါ ပိုက်ဆံအများကြီးပေးပြီး ဝယ်ထားတာ။ အဲဒီသရဲမက ဒါကို သေချာပေါက် ကြောက်တယ်။ အော့... အု...”

ပြင်းထန်လှသော သွေးညှီနံ့ကြောင့် ပျို့အန်ချင်လာသဖြင့် ဝေရှု့ဖန်းသည် မိမိ၏ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်မိသည်။ သို့သော်လည်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အန်ထုတ်လိုက်ရ၏။

“အော့... အော့... ဝေါ့...”

“နင်ကတော့ တကယ့်ကို ရွံစရာကောင်းလိုက်တာ...”

ချန်ရိကျွင်း ဆဲဆိုလိုက်သော်လည်း၊

မကြာမီမှာပင် သူသည် ကြောက်စိတ်ကြောင့် ကပျာကယာ တောင်းဆိုလိုက်တော့သည်။

“ငါ့ကိုလည်း တစ်ငုံလောက် ပေးဦး...”

လင်မယားနှစ်ဦးစလုံးသည် အိမ်ထဲတွင် ထူးထူးဆန်းဆန်းများ လုပ်ဆောင်ရင်း ခွေးနက်သွေးများကို သောက်သုံးနေကြသဖြင့် အိမ်တစ်အိမ်လုံးတွင် သေလုမတတ် အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်သွားခဲ့ရ၏။ သူတို့သည် သောက်ရင်းအန်၊ အန်ရင်းသောက်နှင့် သံသရာလည်နေကြတော့သည်။

ချန်ဒုတိယ : “ဒီအိမ်မှာတော့ ဆက်နေလို့ မရတော့ဘူး။ ဒါတွေက ဘာတွေလဲဗျာ...”

ယွီမေကျွမ်းလည်း ခေါင်းညိတ်ထောက်ခံရင်း စိတ်ထဲမှ ထိတ်လန့်နေမိသည်။

အကယ်၍ ပိုက်ဆံချွေတာချင်သည့် စိတ်သာမရှိပါက သူတို့ ဤနေရာမှ ထွက်ခွာသွားသည်မှာ ကြာလှပြီ ဖြစ်၏။ ဤအိမ်သည် တကယ့်ကို နေချင်စဖွယ် မရှိတော့ချေ။

ချန်ရိကျွင်း : “ခွေးနက်သွေးတစ်မျိုးတည်းနဲ့တော့ မရသေးဘူး။ နင် ဘုရားကျောင်း သွားပြီး အမွှေးတိုင်ပြာအချို့ သွားတောင်းဦး၊ တို့တွေ အမွှေးတိုင်ပြာနဲ့ ထမင်းနယ်စားကြမယ်”

သူသည် စက်ရုံတွင် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေခဲ့သော်လည်း၊ အိမ်သို့ ရောက်ရှိချိန်တွင်မူ အယူသီးမှုဖြင့် အတိုင်ခံရမည်ကို ကြောက်ရွံ့မနေတော့ပေ။

“ပြီးတော့ အဆောင်လက်ဖွဲ့ အချို့ပါ သွားတောင်းခဲ့ဦး၊ တို့အိမ်မှာ လိုက်ကပ်ထားရမယ်။”

ဝေရှု့ဖန်း : “အင်း... ဒါက အဆင်ပြေနိုင်တယ်”

ယွီမေကျွမ်းမှာ စေတနာဖြင့် သတိပေးလိုက်ကာ

“အိမ်ထဲမှာ ဒါတွေ လျှောက်ကပ်ထားရင် မျက်နှာချင်းဆိုင်တိုက်က မြင်ပြီး တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ”

ဝေရှု့ဖန်း မျက်မှောင်ကြုတ်လျက်

“နင် ပါးစပ်ပိတ်ထားစမ်း၊ ကောင်းတဲ့စကားတစ်ခွန်းမှ မပြောဘူး”

သူမ အော်ဟစ်လိုက်သော်လည်း၊

ထိုစကားမှာလည်း ယုတ္တိရှိနေသဖြင့် ဝေရှု့ဖန်းသည် မိမိ၏ အဘိုးကြီးဘက်သို့ လှည့်၍ ကြည့်လိုက်မိသည်။ ယခုအချိန်တွင် သူမ အားကိုးရာမှာ သူမ၏ အဘိုးကြီးသာ ရှိတော့သောကြောင့် ဖြစ်၏။

ချန်ရိကျွင်း : “ပြတင်းပေါက် လိုက်ကာတွေကို သေချာပိတ်ထားလိုက်ပေါ့၊ လိုက်ကာပိတ်ထားရင် ရပြီမဟုတ်လား”

“အဆောင်လက်ဖွဲ့တွေကို အိမ်ထဲမှာ အများကြီး ကပ်ထားရမယ်။ အော်... ဒါနဲ့၊ နင် မက်မွန်သားဓားမြှောင် တစ်လက်ပါ သွားရှာဦး။ အဲဒါက အသုံးဝင်တယ်လို့ ကြားဖူးတယ်”

ဝေရှု့ဖန်း :“ဒါဆို ကြက်ဖကြီးကော။ ကြက်ဖကြီးရဲ့ သွေးကလည်း အသုံးဝင်တယ်လို့ ကြားဖူးတယ်”

ချန်ရိကျွင်း ; “အဲဒါက တကယ်ပဲ အာနိသင်ရှိလို့လား”

“ရှိမှာပေါ့၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စက်မှုစက်ရုံက အိမ်တစ်အိမ်မှာ သရဲခြောက်တုန်းက ကြက်ဖကြီးရဲ့ ခေါင်းကို ဖြတ်ပြီး သရဲကို ခြောက်လှန့်မောင်းထုတ်ခဲ့တာတဲ့။”

ချန်ရိကျွင်း၏ မျက်လုံးများ တောက်ပသွားပြီး အားတက်သရော ဆိုလိုက်သည်။

“ဒါဆိုရင် တို့အိမ်မှာလည်း အဲဒါ သေချာပေါက် ရှိရမယ်”

လင်မယားနှစ်ဦးစလုံးသည် ကြောက်စိတ်ကို အတင်းအကြပ် ထိန်းချုပ်ကာ ကပျာကယာ ပြင်ဆင်ကြတော့၏။

တစ်ရက်မျှ အချိန်အတွင်းမှာပင် အိမ်တွင်းအပြင်အဆင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။

ချန်ဒုတိယနှင့် ယွီမေကျွမ်းတို့မှာမူ…

“......”

သောက်ကျိုးနည်း…. ဤအိမ်သည် တကယ့်ကို နေစရာ မရှိတော့ချေ။

မသိရင် နတ်ကွန်းကြီးလိုပဲရှင်…

သို့သော်လည်း အပြင်ထွက်နေပါက ပိုက်ဆံကုန်ကျမည်ဖြစ်သဖြင့် အောင့်အည်းသည်းခံနေကြရုံသာ ရှိတော့သည်။

သူတို့ သည်းခံနိုင်ကြသော်လည်း၊ မသည်းခံနိုင်သူမှာမူ ရှိနေစမြဲပင်။

အပြင်တွင် ရက်အနည်းငယ်မျှ သွားရောက်ပုန်းရှောင်နေခဲ့သော ချန်သားကြီးလင်မယားသည် နောက်ဆုံးတွင် အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့လည်း မပြန်ချင်ကြသော်လည်း၊ ဇနီးသည်၏ မိဘအိမ်တွင် အမြဲတမ်း သွားရောက်နေထိုင်ပါက ထိုဘက်မှလည်း မကြည်ဖြူကြချေ။ သူတို့လင်မယားသည် သူတစ်ပါး၏ မျက်နှာအကဲခတ်ရသည်ကို မလိုလားသဖြင့် အိမ်သို့ ပြန်လာခဲ့ကြခြင်း ဖြစ်၏။

သို့သော် လှေကားပေါ်သို့ တက်လာစဉ် ချန်ချွေးမကြီးမှာ တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

“အစ်ကို... အထဲရောက်ရင် ကျွန်မကို သေချာကာကွယ်ပေးပါနော်၊ အဲဒီ သရဲခြောက်တဲ့ ကိစ္စကို ကျွန်မ တကယ် မခံနိုင်ဘူး”

ချန်သားကြီး : “……”

'...ဒါကို ဘယ်သူကကော ကာကွယ်ပေးနိုင်မှာလဲ'

သူကိုယ်တိုင်လည်း သရဲကြောက်တတ်သည် မဟုတ်လော့။

“ကဲပါ... ငါ သိပါတယ်၊ ငါက ယောက်ျားရင့်မကြီးပဲဟာကို ဒါတွေကို ကြောက်နေမလား။ နင် စိတ်အေးအေးထားပါ၊ ငါက...”

သူသည် စကားပြောရင်း သော့ထုတ်ကာ တံခါးကို ဖွင့်လိုက်

သည်နှင့် “အား... အား... အား...” ဟု စူးရှစွာ အော်ဟစ်လိုက်တော့၏။

လင်မယားနှစ်ဦးစလုံးမြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး နောက်သို့ တုန်တုန်ရီရီဖြင့် ဆုတ်ခွာပြေးကြတော့သည်။

ဝေရှု့ဖန်း တံခါးဝသို့ လှမ်းကြည့်ရင်း

“သားကြီး... နင်တို့ ပြန်လာပြီလား။ မြန်မြန် ဝင်ခဲ့ကြလေ...”

“အား... အား... အား...”

လင်မယားနှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး ဖက်ထားကြရင်း အပြန်အလှန် စိုက်ကြည့်မိကာ၊ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှေကားအောက်ဆီသို့ သုတ်ခြေတင် ပြေးကြတော့သည်။

သူတို့သည် အခြားသူများ၏

မျက်စောင်းထိုး ခံရသည်ဖြစ်စေ၊ သူများ မျက်နှာကြည့်နေရသည်ဖြစ်စေ၊ ဤအိမ်သို့မူ လုံးဝ မဝင်ရဲကြတော့ပေ။

လုံးဝ မဖြစ်နိုင်ဘူး…

ဘုရားရေ... မည်သူ ထင်မှတ်ထားပါမည်နည်း၊ တံခါးကို ဖွင့်လိုက်သည်နှင့် အိမ်တွင်းတစ်ခုလုံးမှာ မှောင်မှောင်မှိုင်းမှိုင်းဖြစ်နေပြီး၊ လိုက်ကာများကိုလည်း ပိတ်ထားကာ နေရာအနှံ့တွင် အဝါရောင် အဆောင်လက်ဖွဲ့စက္ကူများ ကပ်ထားသည်ကို တွေ့လိုက်ရ၏။ ဧည့်ခန်းအလယ်ဗဟိုတွင်လည်း ယတြာပူဇော်စင်တစ်ခုကို ထားရှိထားပြီး၊ အပေါ်တွင် မက်မွန်သားဓားမြှောင်တစ်လက်နှင့် အမွှေးတိုင်အိုးတစ်လုံးကို တင်ထားခဲ့သည်။

မြေပြင်ပေါ်တွင်လည်း ကြက်ဖကြီးအချို့မှာ “ကတော်... ကတော်... ကတော်..” နှင့် လျှောက်သွားနေကြရာ ဤမြင်ကွင်းမှာ မည်သို့ပင်ကြည့်ကြည့် တကယ့်ကို ထိတ်လန့်ခြောက်ခြားစရာ ကောင်းလှပေသည်။

ထို့အပြင် ဝေရှု့ဖန်းကိုယ်တိုင်ပင် မျက်နှာတစ်ခုလုံး သွေးနီရောင်များ ပေကျံနေခဲ့၏။

ကြောက်စရာကောင်းလွန်းလှသည်... တကယ့်ကို ကြောက်စရာကောင်းလွန်းလှ၏…။

သူတို့နှစ်ဦးစလုံ ပြတ်ပြတ်သားသားပင်

“လာ... နင့်အမေအိမ်ဘက်ကိုပဲ ပြန်သွားကြစို့။”

“သွားစို့... သွားစို့။”

သူတို့နှစ်ဦးသည် ယုန်တစ်ကောင်ကဲ့သို့ အလွန်လျင်မြန်သော နှုန်းဖြင့် ပြေးထွက်သွားကြတော့သည်။

ဤကဲ့သို့သော အိမ်မျိုးသို့မူ မပြန်ခြင်းသည်သာ အေးချမ်းပေလိမ့်မည်။

ထိုဇနီးမောင်နှံနှစ်ဦး အလန့်တကြား ပြေးလွှားသွားသံကြောင့် အိမ်နီးနားချင်းများမှာ အသံကြား၍ တံခါးများဖွင့်ကာ အခြေအနေကို ထွက်ကြည့်ကြတော့သည်။ ဝေရှု့ဖန်း ထိုသူများကို ဂရုမစိုက်ဘဲ တံခါးကို ဗုန်းကနဲ ပြန်ပိတ်လိုက်၏။

အပြင်လူများ : “ဘာဖြစ်တာလဲဟ။”

“ခုနက ဘာဖြစ်လို့ အော်တာလဲ။ အဘိုးကြီးချန်တို့အိမ်က မဟုတ်လား။”

“ချန်သားကြီးတို့ လင်မယားနှစ်ယောက် ပြန်လာပြီး ဘာကြောင့်လဲမသိဘူး ပြန်ပြေးသွားကြပြန်ပြီ။ သူတို့အိမ် ဘာတွေဖြစ်နေတာလဲ မသိဘူး...”

လူအများ ဝိုင်းဝန်းဆွေးနွေးရင်း တံခါးကို သွားရောက် ခေါက်လိုက်ကြ၏။ သူတို့မှာ စိတ်မချ ဖြစ်နေကြသည်။

ဝေရှု့ဖန်း အော်ပြောကာ

“လာမခေါက်ကြနဲ့တော့အေ၊ တို့အိမ်မှာ ဘာကိစ္စမှမရှိဘူး၊ နင်တို့အားလုံး ပြန်ကြတော့”

“ဒါပေမဲ့လည်း...”

“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့။ သွားကြ... သွားကြ။”

ဝေရှု့ဖန်းက ပြတ်ပြတ်သားသား မောင်းထုတ်လိုက်သဖြင့် အခြားသူများလည်း တစ်ဦးကိုတစ်ဦး ကြည့်ရှုရင်း ဆက်လက်၍ ဝင်ရောက်စွက်ဖက်ရန် မတတ်နိုင်တော့ချေ။

သို့သော်လည်း ထိုအိမ်မှ ထွက်ပေါ်လာသောအနံ့မှာ မည်သည့်အနံ့ ဖြစ်သနည်း၊ အချုပ်ဆိုရသော် တကယ့်ကို ထူးဆန်းလှသော အနံ့ဆိုးကြီး ဖြစ်နေခဲ့သည်။

ချန်ရိကျွင်းလင်မယား အိမ်တွင် ထိုကဲ့သို့ အယူသီးမှုများ ပြုလုပ်နေကြသည်ကို ရဲစခန်းမှလည်း သိရှိထားသော်လည်း၊ ဤကိစ္စသည် အပြင်သို့ ကြီးကြီးမားမား ဂယက်ရိုက်ခတ်ခြင်း မရှိသရွေ့ ပုံမှန်အားဖြင့် လိုက်လံပိတ်ပင်တားဆီးလေ့ မရှိကြချေ။ သူတို့ အိမ်ထဲ၌သာ လုပ်ဆောင်နေကြခြင်းဖြစ်၍ လူတိုင်းလည်း ဘာမှမပြောကြတော့ဘဲ၊ မသိချင်ယောင်ဆောင်နေကြတော့၏။

သို့သော်လည်း ကွယ်ရာတွင်မူ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြဆဲ ဖြစ်သည်။

“သူတို့အိမ်ကတော့ တကယ်ပဲ အစွမ်းကုန် လုပ်နေကြတာပဲ။ ဟိုဟာလည်းလုပ်၊ ဒီဟာလည်းလုပ်နဲ့၊ ဗုဒ္ဓဘာသာလည်း ကိုးကွယ်လိုက်၊ တာအိုဘာသာလည်း ယုံကြည်လိုက်နဲ့၊ တခြား ရှုပ်ရှုပ်ထွေးထွေး အရာတွေလည်း အကုန်လုပ်နေတာ။ ငါတော့ တကယ်ကို လက်ဖျားခါမိတယ်...”

“ဒီတစ်ခေါက် သူတို့တွေ အလန့်တကြား အော်ဟစ်နေကြတာတွေက ကိုယ့်ဘာသာကိုယ် ပြန်ခြောက်နေကြတာပဲ။ သူတို့ တံခါးဖွင့်တုန်းက ငါ ချောင်းကြည့်လိုက်သေးတယ်၊ အမလေး... အိမ်ထဲမှာ မှောင်မှိုင်းနေတာ ငရဲပြည်ကျနေတာကျလို့။ သူတို့အိမ်က ဒါမျိုးတွေကို လုပ်နိုင်လွန်းတယ်၊ ငါ့အမြင်တော့ ရောဂါမရှိဘဲနဲ့တင် ကိုယ့်ဘာသာကိုယ် ခြောက်လှန့်ရင်း ရူးသွားကြတော့မှာပဲ။”

“သူတို့ဘာသာ လုပ်ပါစေအေ၊ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်တာပဲလေ၊ မကောင်းတာမှ မဟုတ်တာ။ စိတ်သက်သာရာရဖို့ လုပ်နေကြတာပဲဥစ္စာ။”

“အေ့... ဒါနဲ့ ငါကတော့ စဉ်းစားလို့မရဘူးဟ၊ သူတို့က ချန်ရိကျွင်းရဲ့ ဇနီးဟောင်း သရဲမက လာနှောင့်ယှက်တာလို့ ထင်ပြီး ဒါတွေအများကြီး လုပ်နေကြတာဆိုရင်၊ ဘာလို့ သင်္ချိုင်းကိုသွားပြီး ကန်တော့ပွဲမပေးကြတာလဲ။”

“ငါ့အမြင်တော့ မသွားရဲကြတာပဲ ဖြစ်မှာပါ။”

လူတိုင်း နှုတ်ခမ်းမဲ့လိုက်ကြသည်။ သူတို့အားလုံး ရိပ်မိနေကြပြီ ဖြစ်၏။ ချန်ရိကျွင်းသည် သေချာပေါက် အပြစ်မကင်းပေ။ သူ၏ ဇနီးဟောင်းကို တမင်တကာ လမစေ့ဘဲ ကလေးမွေးအောင်၊ မီးဖွားရခက်အောင် လုပ်ခဲ့သလားဆိုသည်မှာ ပြောရန်ခက်သော်လည်း၊ ဆေးရုံသို့ ပို့ဆောင်ရန် အချိန်ဆွဲခဲ့သည်မှာမူ အသေအချာပင် ဖြစ်သည်။

သူတို့တွင် အပြစ်ကင်းစင်မှု အနည်းငယ်မျှသာ ရှိနေခဲ့ပါက ဤမျှအထိ ကြောက်ရွံ့ခြောက်ခြားနေကြမည် မဟုတ်ပေ။

“သူတို့က သွားပြီး မကန်တော့ရဲကြတာပဲ။”

“အော်... ဒါနဲ့၊ သူတို့အိမ်က အဲဒီသမီးလေးကော။”

“လောင်ဝမ်ရာ... နင်ကလည်း ချန်ချင်းယွီ ဆိုတဲ့ မုဆိုးမလေးကိုပဲ ခဏခဏ စောင်းမြောင်းမနေပါနဲ့၊ သူမက ဒီကိစ္စတွေနဲ့ သေချာပေါက် မပတ်သက်ပါဘူး။”

“နင်တို့ သိကြလား။ ချန်ရိကျွင်းရဲ့ အစ်ကိုကြီးဖြစ်သူ ဖောက်ပြန်တာကို လက်ပူးလက်ကျပ် မိလို့ စက်ရုံက အလုပ်ထုတ်လိုက်ပြီတဲ့။ စက်ရုံဘက်က ကိစ္စကြီးကြီးမားမား မဖြစ်ချင်လို့သာပေါ့၊ မဟုတ်ရင် ရဲစခန်းကို ပို့ပြီး ကာမမှုနဲ့ တိုင်လို့ရတာ။ နောက်ဆုံးတော့ အဲလိုမလုပ်ခဲ့ပေမဲ့ အလုပ်တော့ ပြုတ်သွားပြီ။ ပြီးတော့ ချန်ရိကျွင်းရဲ့ ပဉ္စမမြောက်ညီလေးကလည်း နိုင်ငံပိုင်ပစ္စည်း ခိုးလို့ အထဲရောက်သွားပြီ။ အခုကျတော့ ချန်ရိကျွင်းက သရဲခြောက်ခံနေရပြန်ပြီ၊ နင်တို့ပြောကြည့်ဦး... ဒါ တိုက်ဆိုင်လွန်းရာ မကျဘူးလား...”

မည်သို့ပင်ဖြစ်စေ လည်ဝယ်သူများရှိနေစမြဲ ဖြစ်သည်။

“ခိုးလို့ မိတာက ပုံမှန်ပဲ မဟုတ်လား။ ဖောက်ပြန်လို့ မိတာကလည်း ပုံမှန်ပဲလေ။”

“ပုံမှန်တော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ အားလုံးက တစ်ချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကတော့...”

“ငါ့အိမ်ကလည်း အဲဒီပတ်ဝန်းကျင်မှာပဲ ရှိတာ၊ သူမက မြို့တော်မှာ မရှိပါဘူး၊ တောင်ပိုင်းကို ကုန်ပစ္စည်းသွားယူတယ်လို့ ကြားတယ်။ သူမက ပုဂ္ဂလိက အရောင်းအဝယ်သမား မဟုတ်လား၊ အဲဒီစီးပွားရေးလေးက တော်တော်လေး အဆင်ပြေနေတော့ တော်တော်လေးလည်း အလုပ်ရှုပ်နေတာ။ လောင်ဝမ်... ငါကတော့ နင် တကယ်ပဲ အတွေးလွန်နေတယ်လို့ ထင်တယ်။ နင့်စကားအတိုင်းဆိုရင် သူမက လမ်းဘေးဈေးရောင်းဖို့အတွက်လည်း အလုပ်ရှုပ်နေရသေးတယ်၊ ဆွေမျိုးတွေကို ဒုက္ခပေးဖို့အတွက်လည်း အချိန်ပေးနိုင်သေးတယ်ပေါ့။ သူမက ဘာတွေစားပြီး ကြီးလာတာလဲ၊ ဘက်ထရီတွေစားပြီး ကြီးလာလို့ ဒီလောက်တောင် အားအင်တွေ ပြည့်ဝနေရတာလား။ ပြီးတော့ ချန်ရိကျွင်းက ဘယ်လောက်ပဲ မကောင်းကောင်း သူမရဲ့ အဖေအရင်းပဲဥစ္စာ၊ ဘာပဲဖြစ်ဖြစ် နင် အတွေးလွန်နေတာပဲလို့ ငါ ထင်တယ်။”

“ဒါဆိုရင်လည်း အကောင်းပေါ့။”

“ဟူး... နင်တို့အားလုံး ရှိနေကြတာပဲ၊ ငါ့ကို ရေတစ်ခွက်လောက် တိုက်ကြပါဦး၊ ငါ အခုတင် ဆေးရုံက ပြန်လာတာ။”

“နင်က ချန်ရိကျွင်းကို စောင့်ကြည့်ဖို့ တာဝန်ကျနေတာ မဟုတ်လား။”

သူတို့ ထိုသို့ စောင့်ကြည့်နေကြသည်မှာ သစ်ပင်အောက်တွင် ယုန်စောင့်သည့်နှယ်၊ သရဲယောင်ဆောင်ပြီး ခြောက်လှန့်နေသူကို ဖမ်းမိမလားဟု မျှော်လင့်သောကြောင့် ဖြစ်သည်။

“ဟုတ်ပါတယ်.. ငါ အခုတင် အဲဒီလင်မယားနှစ်ယောက်ကို ဆေးရုံကို ပို့ပေးခဲ့တာ။ အဲဒီ စိတ်ဝေဒနာရှင် နှစ်ယောက်က အမွှေးတိုင်ပြာနဲ့ ထမင်းနယ်စားလို့ အစာအဆိပ်သင့်သွားကြတာလေ...”

လူတိုင်း : “......”

ကောင်းပြီလေ... ၎င်းမှာ သရဲခြောက်ခြင်း မဟုတ်ဘဲ၊ ကိုယ့်ဘာသာကိုယ် ဒုက္ခရှာခြင်းသာ ဖြစ်ပေတော့သည်။

ဤသည်မှာ တကယ့်ကို...

တကယ့်ကို ထူးဆန်းအံ့ဩစရာ ကောင်းလွန်းလှပေ၏။

“ဒီလူနှစ်ယောက်ကို ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ အမွှေးတိုင်ပြာကော ခွေးနက်သွေးကောပဲ။ ငါကြည့်ရသလောက်တော့ အဲဒါက ကြက်သွေးတွေပါ၊ သူတို့တွေကပဲ ယုံနေကြတာ၊ ဘယ်မှာ ခွေးနက်သွေးတွေ အများကြီး ရှိပါ့မလဲ။ ပြီးတော့ အဲဒါတွေက ရက်အတော်ကြာအောင် ထားထားတာဆိုတော့ ညှီစုတ်စုတ် အနံ့တွေ ထွက်နေတာကို သူတို့က သောက်နေကြသေးတယ်... သောက်ရုံတင်မကဘူး၊ ဝေရှု့ဖန်းက မျက်နှာပေါ်မှာပါ လိုက်လံ ပွတ်သပ်နေသေးတာ၊ နင်တို့ပြောဦး... ကြောက်စရာမကောင်းဘူးလား... ငါ အိမ်ထဲဝင်သွားတုန်းက ငရဲပြည်ကို ရောက်သွားတယ်လို့တောင် ထင်မိတယ်...”

အခြားသူများ :“......”

“အိမ်ထဲမှာ ကြက်ဖကြီးတွေကို မကောင်းဆိုးဝါးမောင်းထုတ်ဖို့ မွေးထားပြီး ကြက်ချေးတွေကိုလည်း မရှင်းဘူး၊ ငါ အထဲဝင်လိုက်တာနဲ့ အနံ့ကြောင့် မေ့လဲလုနီးနီး ဖြစ်သွားတာပဲ... အခုတော့ ငါ သရဲမရှိဘူးလို့ သံသယဝင်လာပြီ၊ သူတို့တွေ ကိုယ့်ဘာသာကိုယ် စိတ်ရူးပေါက်နေကြတာပဲ ဖြစ်ရမယ်...”

ချန်ရိကျွင်းလင်မယားသည် ထပ်မံ၍ ကံဆိုးမိုးမှောင်ကျပြန်ပြီ ဖြစ်သည်။

ဤသတင်းမှာ မကြာမီမှာပင် ပြင်ပသို့ ထပ်မံပျံ့နှံ့သွားခဲ့ရ၏။

အထက်အောက် အိမ်နီးနားချင်းများ ရှိနေကြပြီး၊ တိုက်တန်းလျားအိမ်ရာတွင် လျှို့ဝှက်ချက်ဟူသည် မရှိရာ၊ ရှည်ရှည်ဝေးဝေး ပြောနေရန်မလိုဘဲ သတင်းမှာ တဟုန်ထိုး ပျံ့နှံ့သွားခဲ့တော့သည်။

ဤသတင်းမှာ အဘွားကြီးကျောက်ထံသို့ပင် ရောက်ရှိသွားခဲ့၏။

အဘွားကြီးကျောက် : “ငါ့ရဲ့ ခမည်းခမက်တွေက ဦးနှောက်ထဲမှာ ရောဂါတစ်ခုခု ရှိနေတာလားမသိဘူး။”

ကြည့်ရသည်မှာ ယခုအခါ လူတိုင်း သရဲရှိသည်ဟု မပြောကြတော့ချေ။ သရဲရှိမရှိကိုမူ မသိရသော်လည်း၊ ထိုလင်မယားနှစ်ဦးမှာမူ တကယ်ကြီး စိတ်မမှန်ကြတော့ဟု ထင်မှတ်နေကြပြီ ဖြစ်၏။

သူမ သက်ပြင်းချရင်း

“နှမြောစရာပဲ၊ ငါ့ရဲ့ ချွေးမလေးက အိမ်မှာ မရှိဘူး၊ မဟုတ်ရင် သူမလည်း သွားပြီး ဂရုစိုက်ပေးလို့ ရတာပေါ့။”

အင်း...

သွားပြီး ဝမ်းမြောက်ဝမ်းသာ ကြည့်ရှုလို့ ရတာပေါ့…

“ဒါဆိုရင် အဘွားကြီးက ဆေးရုံကို သွားမကြည့်ဘူးလား။”

အဘွားကြီးကျောက် : “ငါက ဘာသွားကြည့်ရမှာလဲ၊ သူတို့က ငါ့ကို ခမည်းခမက်လို့တောင် သဘောမထားကြတာပဲဥစ္စာ။ အစတုန်းက လက်ထပ်ကတည်းက ငါ့ချွေးမလေးနဲ့ အပြတ်ဖြတ်မယ်လို့ ပြောထားတာလေ။ ငါလို အမျိုးမတော်စပ်တဲ့ ယောက္ခမဆိုရင်တော့ ပြောနေရန်ပင် မလိုတော့ပါဘူး။ တို့တွေက ကိုယ့်အခြေအနေကိုယ် သိရမယ်လေ”

“ငါ့အယူအဆက မမှားပါဘူး၊ တို့တွေက သွားပြီး မပတ်သက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ကံဆိုးတာတွေက ငါ့အပေါ် လွှဲချလာရင် ဘယ်လိုလုပ်မလဲ။”

“ဒါလည်း ဟုတ်တာပဲ။”

အဘွားကြီးကျောက်သည် အလွန်ပင် စိတ်လှုပ်ရှားစွာ နားထောင်နေခဲ့ပြီး၊ ချန်ချင်းယွီတစ်ယောက် အဘယ်ကြောင့် အခုထိ ပြန်မလာသေးတာလဲဟု ပိုမိုတွေးတောမိသည်။ ဤပြင်ပလူများနှင့် စကားပြောရသည်မှာ ချန်ချင်းယွီနှင့် ပြောရသလောက် အဆင်မပြေဘဲ ပျင်းစရာကောင်းလှ၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ချန်ချင်းယွီနှင့် ပြောဆိုရမှသာ တကယ့်ကို အကြိုက်တွေ့ဆုံး ဖြစ်ပေလိမ့်မည်။

“အော်... ဒါနဲ့ အဘွားကြီးကျောက်၊ ရှောင်ချန် သွားတာ ရက်အနည်းငယ် ရှိပြီနော်။ မကြာခင် ပြန်လာတော့မှာ မဟုတ်လား။”

အဘွားကြီးကျောက် ခေါင်းခါပြလိုက်ရင်း

“သူမက အခုတစ်ခေါက်တော့ နည်းနည်း ကြာလိမ့်မယ်၊ အခုတစ်ခေါက်က ကုန်ပစ္စည်း သွားယူရုံတင် မဟုတ်ဘူး၊ သူမက စက်ရုံတစ်ခုခုကို သွားပြီး သီးသန့် အော်ဒါမှာဖို့ ရည်ရွယ်ထားတာလေ။ စက်ရုံက အခုမှ စချုပ်ရမှာဆိုတော့ သေချာပေါက် ပိုပြီး ကြာမှာပေါ့”

“စက်ရုံမှာ သီးသန့် အော်ဒါမှာဖို့ ဟုတ်လား။”

ကျောက်ရုံသည် ယနေ့တွင် ထိုနေရာ၌ ရှိနေခဲ့သဖြင့် ချက်ချင်းပင် စိတ်ဝင်စားသွားကာ

“ဘာဖြစ်လို့ စက်ရုံမှာ သီးသန့် အော်ဒါသွားမှာရတာလဲဟင်”

အဘွားကြီးကျောက် : “ကိုယ်လိုချင်တဲ့ ဒီဇိုင်းက ဈေးကွက်ထဲမှာ မရှိတော့ စက်ရုံကိုသွားပြီး အော်ဒါမှာတာပေါ့။ တခြား ဘာအကြောင်း ရှိဦးမှာလဲ”

ကျောက်ရုံ ထိုစကားကို သိပ်ပြီးမယုံကြည်ဘဲ ခေါင်းငုံ့ကာ တွေးတောနေမိပြီးနောက်၊ ပြုံးလျက် စမ်းသပ်မေးမြန်းလိုက်ပြန်၏။

“ဒါဆို စက်ရုံမှာ အော်ဒါမှာရင် ဈေးနှုန်းက ပိုပြီး သက်သာလို့လားဟင်။”

အဘွားကြီးကျောက် မျက်စောင်းထိုးလိုက်ရင်း

“ငါက ဘယ်လိုလုပ် သိမှာလဲ”

“ငါကိုယ်တိုင် သွားတာမှ မဟုတ်တာ၊ ဘယ်ကနေ သွားသိရမှာလဲ”

ဈေးသက်သာခြင်း ရှိမရှိကိုမူ အဘွားကြီးကျောက် တကယ်မသိရှိချေ။ သို့သော်လည်း သူမသည် ချန်ချင်းယွီ ပြောဖူးသည်ကိုမူ ကြားသိခဲ့ရသည်။ ကုန်ပစ္စည်းယူသည်ဖြစ်စေ၊ အော်ဒါမှာသည်ဖြစ်စေ အမြောက်အမြား ယူခြင်းနှင့် အနည်းငယ်သာယူခြင်း၏ အရင်းအနှီးမှာ သေချာပေါက် ကွာခြားလှပေ၏။ ချန်ချင်းယွီ အကြိမ်တိုင်းတွင် ကုန်ပစ္စည်း အလွန်အမင်း အများအပြား ယူလေ့ရှိသဖြင့်သာ သက်သာသောဈေးနှုန်းကို ရရှိခြင်း ဖြစ်သည်။

အကယ်၍ အနည်းငယ်သာ ယူမည်ဆိုပါက မည်သည့်နေရာသို့ သွားသွား အတူတူပင် ဖြစ်လိမ့်မည်၊ စက်ရုံသို့ သွားလျှင်ပင် ထိုသူများသည် ဂရုစိုက်မည် မဟုတ်ပေ။

ကျောက်ရုံသည် အဘွားကြီးကျောက်၏ စကားကို လုံးဝ မယုံကြည်သော်လည်း၊ ဤအကြောင်းအရာများကို မိမိ၏ သားဖြစ်သူအား သေချာပေါက် ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ဤအဘွားကြီးကျောက်နှင့် ထိုချန်ချင်းယွီတို့နှစ်ဦးမှာ တကယ့်ကို ကောက်ကျစ်လွန်းလှ၏။ သူတို့သည် စက်ရုံသို့ သွားရောက်၍ ကုန်ပစ္စည်းယူခြင်းကိုပင် လျှို့ဝှက်ထားကြပြီး၊ အကယ်၍ ယခုတစ်ခေါက် စကားမလွန်ခဲ့ပါက သူမ လုံးဝ သိရှိရမည် မဟုတ်ပေ။

ကျောက်ရုံ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ရင်း၊ အဘွားကြီးကျောက်တို့ မိသားစု၏ အတ္တကြီးမှုကို စိတ်ထဲမှ မကျေမနပ် ဖြစ်နေမိသည်။

ပိုက်ဆံရှိရင် အားလုံး အတူတူ ရှာကြရင် မကောင်းဘူးလား…

ဘယ်လိုလူတွေလဲ မသိဘူး...

“ရှောင်ချန်က ယခုတစ်ခေါက်လည်း ဂျင်းဘောင်းဘီတွေပဲ ထပ်ယူမှာလားဟင်။”

အဘွားကြီးကျောက် : “မယူတော့ဘူး ထင်တယ်”

ဤတစ်ချက်ကိုမူ အဘွားကြီးကျောက် ဖုံးကွယ်မထားချေ၊ ဘာပဲဖြစ်ဖြစ် သူမ ပြန်လာသည့်အခါ လူတိုင်း သိရှိကြမည်သာ…

သို့သော် ကျောက်ရုံမှာ သေချာပေါက် မယုံကြည်ချေ။ သူမသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း အဘွားကြီးကျောက်၏ ဟန်ဆောင်မှုကို သိရှိသွားပြီဟု ယူဆလိုက်၏။

'ဂျင်းဘောင်းဘီက ဒီလောက်အထိ ပိုက်ဆံရနေတာကို သူတို့က မယူတော့ဘူး ဟုတ်လား၊ ဘယ်သူ့ကို လာလိမ်နေတာလဲ။ တကယ်ပဲ အမှန်စကားတစ်ခွန်းမှ မရှိဘူး'

အဘွားကြီးဝမ်သည်လည်း မျက်ဝန်းများ လှုပ်ရှားသွားကာ တစ်ခုခုကို တွေးတောနေမိသည်။

သူမသည်လည်း မိမိ၏ သားဖြစ်သူ နောင်တွင် ပိုက်ဆံအမြောက်အမြား ရှာဖွေနိုင်ရန်အတွက် အချက်အလက်များကို တက်ကြွစွာ စုဆောင်းနေခြင်း ဖြစ်၏။

အရာရာ တည်းဖြတ်ပြီးပြီ ဖြစ်၍ အရင်းအနှီးသာ လိုတော့သည်။

သူမသည် အဘွားကြီးကျောက်ကို ကြည့်ရင်း၊ ပိုက်ဆံချေးရန် စဉ်းစားမိသွားသော်လည်း ထိုအတွေးကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်၏။ သူမ အဘွားကြီးဝမ်သည် ဤအိမ်ဝင်းကြီးအတွင်း၌ အမြဲတမ်း ဂုဏ်သရေရှိလှသူဖြစ်ရာ၊ မည်သည့်အချိန်တွင် ဤမျှအထိ နိမ့်ကျသွားခဲ့ရပါသနည်း၊ မဖြစ်နိုင်ချေ... လုံးဝ မဖြစ်နိုင်ပါချေ။

ထို့အပြင် ကျောက်တာ့ရာသည် အလွန်ပင် အတ္တကြီးသူဖြစ်ရာ ပိုက်ဆံချေးရန် သဘောတူလိမ့်မည်လည်း မဟုတ်ပေ။

သူမသည် နှုတ်ခမ်းကို တင်းတင်းပိတ်ထားလျက် ဘာမှမပြောဘဲ နေလိုက်တော့သည်။

ထိုစဉ် အဘွားကြီးဟွမ် စကားစလာခဲ့၏။

“ဒါတွေပြောနေလို့ ဘာထူးမှာလဲ၊ လမ်းဘေးဈေးသည် အလုပ်တွေက ဂုဏ်သရေမရှိပါဘူးအေ။ ဟေ့... နင်တို့ထဲက ဘယ်သူက အပျိုစင်ကောင်မလေးတွေကို သိလဲဟင်၊ ငါ့သားအတွက် မိတ်ဆက်ပေးကြပါဦး။ ငါ့သားမှာက အမြဲတမ်း အလုပ်အကိုင် အတည်အကျ ရှိတာလေ။”

အဘွားကြီးကျောက် မျက်စောင်းထိုးလျက်

“နင်က လီလင်းလင်းကို သဘောကျနေတာ မဟုတ်ဘူးလား”

အဘွားကြီးဟွမ်မှာ အမြီးကို နင်းမိလိုက်သည့်အလား အလန့်တကြား အော်ဟစ်တော့သည်။

“မရှိပါဘူးအေ၊ ငါက ဘယ်လိုလုပ် သူမကို သဘောကျရမှာလဲ။ နင် လျှောက်မပြောနဲ့၊ မရှိပါဘူး... လုံးဝ မရှိပါဘူး...”

အဘွားကြီးကျောက် : “ဟဲဟဲ...”

လူစုကြီးသည် အရပ်ထဲမှ အတင်းအဖျင်းများကို ဆက်လက်ပြောဆိုနေကြသော်လည်း၊ ချန်ရိကျွင်း သရဲခြောက်သည့် ကိစ္စကိုမူ သိပ်ပြီး စိတ်မဝင်စားကြတော့ပေ။ ဘာပဲဖြစ်ဖြစ် ချန်ရိကျွင်းသည် ဤပတ်ဝန်းကျင်တွင် နေထိုင်သူမဟုတ်သကဲ့သို့၊ ချန်ချင်းယွီ၏ ဆွေမျိုးဖြစ်သော်လည်း လုံးဝ အဆက်အသွယ် မရှိကြ၍ပင်။ ထို့အပြင် လူတိုင်းလည်း အခင်းဖြစ်ပွားရာနေရာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိသဖြင့် ထိုမျှအထိ စိတ်လှုပ်ရှားမှု မရှိကြချေ။ ထို့ကြောင့် ကြားရုံမျှဖြင့် ဆွေးနွေးပြီးနောက် မေ့ပျောက်သွားကြတော့သည်။

သူတို့အိမ်ဝင်းကြီး၏ အဓိက ခေါင်းစဉ်မှာ မိမိတို့ အိမ်ဝင်းအတွင်းရှိ လူများသာ ဖြစ်၏။

မိမိလူများအပြင် အဓိက စိတ်ဝင်စားသည်မှာ ပိုက်ဆံရှာသည့် ကိစ္စပင် ဖြစ်၏။

လူတိုင်း နှုတ်ခမ်းဖျားတွင်မူ အတည်တကျ အလုပ်အကိုင်ရှိခြင်းက ကောင်းမွန်သည်ဟု ပြောဆိုနေကြသော်လည်း၊ ပိုက်ဆံရှာသည့် ကိစ္စတွင်မူ အားလုံး တက်ကြွနေကြဆဲ ဖြစ်ရာ၊ မည်သူ ပိုက်ဆံမလိုချင်ဘဲ နေမည်နည်း။

ဤခေါင်းစဉ်၏ ဗဟိုချက်မှာ အဘွားကြီးကျောက်၊ အဒေါ်ကြီးမေ့နှင့် ပိုင်ဖုန်းရှန်းတို့ ဖြစ်ကြသည်။

သူတို့သုံးမိသားစုမှာ အများဆုံး လုပ်ကိုင်နေကြခြင်း ဖြစ်သောကြောင့်တည်း။

အော်... နောက်ပိုင်းမှ အမီလိုက်လာသော ယွမ်မိသားစုလည်း ရှိသေးသည်။

“ရှောင်ချန် ပြန်လာရင် ဘယ်နားမှာ သွားပြီး ဈေးရောင်းဖို့ ရည်ရွယ်ထားလဲဟင်။”

အဘွားကြီးကျောက်က— “ရှီချာဟိုင်မှာ ထင်တယ်၊ ငါလည်း သေချာမသိသေးဘူး၊ သူမ ပြန်မလာသေးတော့ မဆုံးဖြတ်ရသေးဘူး...”

အဘွားကြီးကျောက်သည်လည်း လောကဓံကို ကြုံတွေ့ဖူးသော မြေခွေးအိုကြီးပီပီ လူတိုင်း မိမိကို ဝိုင်းဝန်း၍ စုံစမ်းနေကြသည့် အကြောင်းအရင်းကို ကောင်းစွာ သိရှိထားသဖြင့်၊ စိတ်ထဲတွင် အလွန်ပင် မကျေမနပ်ဖြစ်ကာ နှုတ်ဖျားမှလည်း ပိုမို၍ ဝေဝါးစွာသာ ပြန်လည်ဖြေကြားလိုက်၏။

ဟွန်း... ငါတို့မိသားစုရဲ့ စီးပွားရေး လမ်းကြောင်းကို လုချင်ကြတာလား။

ဝေးသေးတယ်... အိပ်မက်မက်နေလိုက်…သေချင်းဆိုးတွေ…။

All Chapters