← Chapters

အခန်း ၉၄၁

Vol. 90 Ch. 941

အခန်း ၉၄၁

Vol. 90 Ch. 941

အခန်း (၉၄၁) - သတ္တမအဆင့် အိပ်မက်ဝိညာဉ်ကူ၊ ကူပိုးကောင်များ၏ နက်နဲသောလျှို့ဝှက်ချက်၊ ကူပိုးကောင်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသပင် (၃)

"အရမ်းစွမ်းတာပဲ..."

ကျိုးစွေ့မှာ အံ့အားသင့်ကာ ရေရွတ်လိုက်မိလေသည်။

ဤဝိညာဉ်လက်တံ ရောက်ရှိနိုင်သည့် အကွာအဝေးမှာ သူ၏ နတ်ဘုရားအာရုံ လွှမ်းခြုံထားနိုင်သော အကွာအဝေးပင် ဖြစ်၏။ သူ၏ နတ်ဘုရားအာရုံ ခံစားသိရှိနိုင်သော မည်သည့်နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်ပေသည်။

တစ်နည်းအားဖြင့် သူ စိတ်ဆန္ဒရှိလိုက်သည်နှင့် ဝိညာဉ်လက်ဝါးကြီးတစ်ခုက ရန်သူ၏ ဝိညာဉ်ကို လွယ်ကူစွာဖြင့် ညှစ်ခြေဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။ အများအားဖြင့် ရန်သူများမှာ မည်သည့်အရာဖြစ်ပျက်သွားမှန်း လုံးဝမသိလိုက်ဘဲ ချက်ချင်းအသတ်ခံရကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပျက်စီးသွားရမည်ပင်။

ထင်ရှားလှသည်မှာ ဤသည်က အလွန်စွမ်းအားကြီးမားသော ဝိညာဉ်ရေးရာ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်နေခြင်းပင်။ ဝိညာဉ်လက်တံစွမ်းရည်ကို အနည်းငယ် နားလည်သဘောပေါက်သွားပြီးနောက် ကျိုးစွေ့ တည်ငြိမ်သွားလေသည်။

သူ အသစ်ရရှိထားသော ဤမွေးရာပါစွမ်းရည်က အမှန်တကယ်ပင် အစွမ်းထက်လှသည်ဟု ဝန်ခံရပေမည်။

သို့သော်ငြား သူ၏အာရုံစိုက်မှုက ‘အိပ်မက်ဝိညာဉ်ကူ’ အပေါ်တွင်သာ ကျရောက်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘အိပ်မက်ဝိညာဉ်ကူ’ ၏ ပြောင်းလဲမှုကသာ အလွန်တရာ အံ့ဩဖွယ်ကောင်းနေသောကြောင့်ပင်။

ယခု ၎င်းမွေးဖွားပေးလိုက်သော စွမ်းရည်များကို သူ့အနေဖြင့် ဆက်လက်တူးဖော်နေဆဲဖြစ်ပြီး ဤသည်မှာ ဧရာမရတနာသိုက်ကြီးတစ်ခုနှင့်ပင် တူနေလေတော့သည်။

'ဒါ့အပြင် သတ္တမအဆင့်ကို တက်လှမ်းသွားပြီးနောက်မှာ ‘အိပ်မက်ဝိညာဉ်ကူ’ ရဲ့ ဝိညာဉ်ဝါးမြိုခြင်း စည်းမျဉ်းတွေကလည်း ပြောင်းလဲသွားခဲ့ပြီ...'

'လက်ခံသူကိုယ်တိုင် သတ်ဖြတ်တဲ့ သက်ရှိတွေကိုမှ ဝါးမြိုနိုင်တာမျိုး မဟုတ်တော့ဘူး...'

'အိပ်မက်ကမ္ဘာလွှမ်းခြုံထားတဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ သေဆုံးသွားတဲ့ ဝိညာဉ်မှန်သမျှကို ‘အိပ်မက်ဝိညာဉ်ကူ’ က ဝါးမြိုနိုင်သွားပြီ...'

'တစ်နည်းအားဖြင့် အိပ်မက်ကမ္ဘာက ဆက်တိုက် ကျယ်ပြန့်လာနေသရွေ့...'

'ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားဖို့ မလိုဘူး... ခွန်ဖန်ပင်လယ်ပြင် တစ်ခုတည်းဆိုရင်တောင် ရတယ်...'

'ဒါဆိုရင် ခွန်ဖန်ပင်လယ်ပြင်ထဲမှာ သေဆုံးသွားတဲ့ ဝိညာဉ်များစွာကို ‘အိပ်မက်ဝိညာဉ်ကူ’ က ဝါးမြိုသွားနိုင်မှာ သေချာတယ်...'

'အဲဒီကနေတစ်ဆင့် အိပ်မက်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပဲ...'

ကျိုးစွေ့မှာ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။ ထင်ရှားလှသည်မှာ ဤသည်က ‘အိပ်မက်ဝိညာဉ်ကူ’ အတွက် အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသောပြောင်းလဲမှု ဖြစ်ပေါ်သွားခြင်းပင်။

‘အိပ်မက်ဝိညာဉ်ကူ’ သည်လည်း လွတ်လပ်စွာဖြင့် ကြီးထွားလာနိုင်တော့ပေမည်။

ယခုအချိန်က ကပ်ဘေးကြီးကျရောက်နေသော အချိန်ကာလဖြစ်သည်ကို သိထားရပေမည်။ ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ ကျူးကျော်လာမှုကြောင့် ပင်လယ်ပြင်အတွင်း၌ မရေမတွက်နိုင်သော သတ်ဖြတ်မှုများ ဖြစ်ပေါ်နေပြီး နေ့စဉ် သေဆုံးနေသော သက်ရှိများမှာ ရေတွက်၍ပင် မရနိုင်ပေ။

သို့သော်ငြား သက်ရှိအများစု၏ ဝိညာဉ်များမှာ သေဆုံးပြီးနောက်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ သဘာဝအတိုင်း ပျောက်ကွယ်သွားကာ ဤကမ္ဘာလောကအတွင်းသို့ ပေါင်းစပ်သွားကြလေသည်။

ဤသည်က အမှန်တကယ်ပင် အလွန်နှမြောစရာကောင်းလှ၏။ ၎င်းအစား အိပ်မက်ဝိညာဉ်ကူ၏ အစာအာဟာရအဖြစ် ပြောင်းလဲပေးကာ အိပ်မက်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခြင်းက ပို၍ကောင်းမွန်သည် မဟုတ်ပါလော။

'နေပါဦး... ဒီလိုဆိုရင် ဝိညာဉ်ကမ္ဘာရဲ့ အကျိုးအမြတ်တွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်နေတာနဲ့ မတူဘူးလား...'

'ဝိညာဉ်ကမ္ဘာရဲ့ အကျိုးစီးပွားကို လုယူတာနဲ့ တူညီနေတော့ ဝိညာဉ်ကမ္ဘာ ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားတာကိုများ ခံရနိုင်မလား...'

'အကယ်လို့ ဒီလိုသာဆိုရင်တော့ ဧရာမပြဿနာကြီးပဲ...'

ကျိုးစွေ့မှာ မနေနိုင်တော့ဘဲ စိုးရိမ်ပူပန်လာမိလေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ပုစွန်ဆိတ်လေးတစ်ကောင်မျှသာ ဖြစ်ပြီး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။

မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်က လှုပ်ရှားလာမည်ဆိုလျှင် သူသည် ပြိုင်ဘက်ပင် ဖြစ်မည်မဟုတ်ပေ။ အကယ်၍ ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်တာအိုကသာ ပစ်မှတ်ထားလာပြီး ကောင်းကင်နှင့် မြေကြီး၏ စွန့်ပယ်ခြင်းကို ခံရသောတည်ရှိမှုမျိုး ဖြစ်သွားပါက သေလမ်းကို ကိုယ်တိုင်ရှာနေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

ထိုအခါမျိုးတွင် သူ၏အသက်လေးကို ကာကွယ်နိုင်ရန်အတွက် သူ့အနေဖြင့် ချက်ချင်းဆိုသလို ထွက်ပြေးပြီး ဝိညာဉ်ကမ္ဘာမှ ထွက်ခွာသွားရန် လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက သူသည်လည်း ပထမဆုံးအချိန်မှာပင် ကောင်းကင်ကပ်ဘေးနှင့် ကြုံတွေ့ရပြီး သေချာပေါက် သေဆုံးရပေမည်။

ဝုန်း...

ဤအချိန်မှာပင် ‘အိပ်မက်ဝိညာဉ်ကူ’ သည် ကျိုးစွေ့၏ စိုးရိမ်ပူပန်မှုကို ခံစားသိရှိသွားဟန်ဖြင့် အခြားသော သတင်းအချက်အလက်တစ်ခုကို ပေးပို့လာရာ သူ၏ သိစိတ်ပင်လယ်အတွင်းပိုင်းသို့ ချက်ချင်းဝင်ရောက်သွားလေသည်။

'ကြည့်ရတာ ‘အိပ်မက်ဝိညာဉ်ကူ’ က ဒီလိုလုပ်လိုက်လို့ ဝိညာဉ်ကမ္ဘာ ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားတာကို ခံရမှာမဟုတ်ဘူးပဲ...'

'ဒါ့အပြင် ဝိညာဉ်ကမ္ဘာ ကောင်းကင်တာအိုရဲ့ ဆုချီးမြှင့်မှုကိုတောင် ရနိုင်သေးပြီး ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ရရှိနိုင်လိမ့်မယ်...'

'ဒါက ကောင်းကင်တာအိုနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ လုပ်ရပ်ပဲ...'

ကျိုးစွေ့မှာ ချက်ချင်း နားလည်သဘောပေါက်သွားလေသည်။

အမှန်တကယ်တွင် အိပ်မက်ကမ္ဘာသည် ဝိညာဉ်ကမ္ဘာ၏ အတိုင်းအတာနယ်ပယ်အတွင်း၌ စောစီးစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း မည်သည့်ကျင့်ကြံသူကမျှ အမှန်တကယ် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ခြင်းသာ ဖြစ်၏။

အလွန်ဆုံးဆိုရလျှင် အချို့သော ထူးခြားသည့် ကျင့်ကြံသူများကသာ အိပ်မက်ကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ပြီး သတင်းအချက်အလက်အချို့ကို သိရှိနိုင်ခြင်းသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ အိပ်မက်ကမ္ဘာသည် မည်မျှပင် ကြီးမားပြီး အစွမ်းထက်လှပါသနည်း။

မဟာယာနအဆင့် ကျင့်ကြံသူကိုပင် မဆိုထားနှင့်၊ အစစ်အမှန်အင်မော်တယ်များ လူ့ပြည်သို့ ဆင်းသက်လာလျှင်ပင် အိပ်မက်ကမ္ဘာကို ထိန်းချုပ်ချင်ခြင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယုံကြည်နိုင်ဖွယ်မရှိသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ‘အိပ်မက်ဝိညာဉ်ကူ’ ကဲ့သို့သော ကောင်းကင်နှင့်မြေကြီး ကူပိုးကောင်မှသာ ဤအရာကို လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။

၎င်း၏စွမ်းအားက ဝိညာဉ်ကမ္ဘာတစ်ခုလုံး၏ အိပ်မက်ကမ္ဘာကို လွှမ်းခြုံနိုင်ပြီး ထိုမှတစ်ဆင့် အိပ်မက်ကမ္ဘာ၏ ထိန်းချုပ်ခွင့်ကို လုယူနိုင်ပေသည်။ ဤသို့ဖြင့် ဝိညာဉ်ကမ္ဘာ၏ အိပ်မက်ကမ္ဘာသခင် ဖြစ်လာပေမည်။

ထို့အပြင် ဤသည်က ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်တာအိုအတွက် အမှန်တကယ်တမ်း မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကမ္ဘာအတွင်းရှိ ဝိညာဉ်များနှင့် စွမ်းအင်ပေါင်းများစွာသည် ဝိညာဉ်ကမ္ဘာအတွင်းမှ ထွက်ခွာမသွားသရွေ့ အမှန်တကယ်တမ်း ဝိညာဉ်ကမ္ဘာ၏ မူလရင်းမြစ်စွမ်းအားကို ထိခိုက်နစ်နာစေသည်ဟု မမှတ်ယူနိုင်သောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ အရာအားလုံးက ဝိညာဉ်ကမ္ဘာအတွင်း၌သာ လည်ပတ်နေခြင်း ဖြစ်လေသည်။

‘အိပ်မက်ဝိညာဉ်ကူ’ ၏ ဤလုပ်ရပ်က ဝိညာဉ်ကမ္ဘာ၏ ငွေကြေးအချို့ကို မိမိလက်ထဲ၌ သိမ်းဆည်းထားခြင်းနှင့်သာ တူညီနေပေသည်။ ၎င်းသည် နိုင်ငံတစ်နိုင်ငံ၏ အကျင့်ပျက်ခြစားသော အရာရှိတစ်ဦးနှင့်ပင် ဆင်တူနေ၏။

တစ်ဖက်လူက ငွေကြေးများစွာကို အလွဲသုံးစားလုပ်ထားလျှင်ပင် ထိုအကျင့်ပျက်အရာရှိက ငွေများကို ပြင်ပသို့ထုတ်ယူကာ နိုင်ငံခြားသို့ မပြောင်းရွှေ့သရွေ့ လက်တွေ့တွင် ထိုငွေကြေးများက နိုင်ငံအတွင်း၌သာ လည်ပတ်နေဆဲ ဖြစ်လေသည်။ နိုင်ငံ၏ စီးပွားရေးအတွက်လည်း ကြီးမားသော ဆုံးရှုံးမှု မရှိပေ။

အကယ်၍ ဤအကျင့်ပျက်အရာရှိကိုသာ ပိုင်ဆိုင်မှုများ သိမ်းဆည်းလိုက်ပါက အလွဲသုံးစားလုပ်ထားသော ငွေကြေးများက နိုင်ငံတော်ဘဏ္ဍာတိုက်ထဲသို့ ပြန်လည်ရောက်ရှိသွားမည် မဟုတ်ပါလော။

မှန်ပေသည်၊ အကျင့်ပျက်အရာရှိကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကမူ အခြားကိစ္စတစ်ရပ် ဖြစ်ပေသည်။ အမှန်တကယ်တွင် ဤသည်ကလည်း တူညီသော သဘောတရားပင် ဖြစ်၏။

‘အိပ်မက်ဝိညာဉ်ကူ’ ထိန်းချုပ်ထားသော အိပ်မက်ကမ္ဘာရှိ အရာအားလုံးသည် ဝိညာဉ်ကမ္ဘာ၏ အတွင်းပိုင်း၌သာ ရှိနေလေသည်။ ထို့ကြောင့် ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်တာအိုကလည်း မည်သည့်ခြိမ်းခြောက်မှုကိုမျှ ရိပ်မိမည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကမောက်ကမဖြစ်နေသော အိပ်မက်ကမ္ဘာကို ကူညီစီမံခန့်ခွဲပေးမည့်သူ ရှိနေခြင်းက အိပ်မက်ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ပြီး ဝိညာဉ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှုကိုလည်း အားပေးကူညီနိုင်သေးသည်။

မှန်ပေသည်၊ အကယ်၍ ‘အိပ်မက်ဝိညာဉ်ကူ’ သာ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားပြီး ဝိညာဉ်ကမ္ဘာတစ်ခုလုံး၏ အိပ်မက်ကမ္ဘာကို သယ်ဆောင်သွားမည်ဆိုပါက ထိုအရာက လုံးဝကွဲပြားခြားနားသွားမည် ဖြစ်လေသည်။ သို့သော်လည်း ကျိုးစွေ့က ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် ‘အိပ်မက်ဝိညာဉ်ကူ’ ကို ကိုယ်ပွားတစ်ခု ချန်ထားခဲ့စေကာ ဤကမ္ဘာ၏ အိပ်မက်ကမ္ဘာကို ထိန်းချုပ်စေမည် ဖြစ်၏။ ဤသို့ဆိုလျှင် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားလျှင်ပင် အောက်ဘုံမှ ဝိညာဉ်များကို အဆက်မပြတ် ရိတ်သိမ်းနိုင်ဦးမည် မဟုတ်ပါလော။

ကျိုးစွေ့အနေဖြင့် ရေကုန်အောင်ခပ်၍ ငါးဖမ်းသည့် လုပ်ရပ်မျိုးကို သဘာဝကျကျ လုပ်ဆောင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ဆိုရသော် ‘အိပ်မက်ဝိညာဉ်ကူ’ သည် အမှန်တကယ်တမ်း အင်ပါယာဧကရာဇ်၏ အာဏာကို လုယူရန် ကြိုးစားနေသော တန်ခိုးထွားသည့် အမတ်တစ်ဦးနှင့် တူညီနေလေသည်။

ဧကရာဇ်ကို ရုပ်သေးရုပ်အဖြစ်ပင် သတ်မှတ်ချင်နေပြီး ဧကရာဇ်ကို အသုံးချကာ လက်အောက်ခံများကို အမိန့်ပေးရန် ကြံရွယ်နေခြင်းပင်။

'ဝိညာဉ်ကမ္ဘာတစ်ခုတည်းတင် မဟုတ်ဘူး... ဒီလေဟာနယ်ထဲက မရေမတွက်နိုင်တဲ့ ကမ္ဘာတွေအားလုံးကလည်း ‘အိပ်မက်ဝိညာဉ်ကူ’ ရဲ့ ထိန်းချုပ်ရာနေရာတွေ ဖြစ်လာနိုင်လောက်တယ်...'

'အကယ်လို့ ဒီကမ္ဘာတွေရဲ့ အိပ်မက်ကမ္ဘာတွေ အားလုံးကိုပါ ထိန်းချုပ်လိုက်နိုင်မယ်ဆိုရင် ‘အိပ်မက်ဝိညာဉ်ကူ’ ရဲ့ စွမ်းအားက ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာတောင် မသိနိုင်တော့ဘူး...'

'ဘာပဲဖြစ်ဖြစ် အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားရင်တောင် ဒီလောက်များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေကို ရနိုင်ဖို့ မသေချာဘူး...'

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

‘အိပ်မက်ဝိညာဉ်ကူ’ ၏ အစွမ်းထက်မှုကို သူ ခံစားသိရှိနိုင်ပြီး ၎င်းက သာမန်သက်ရှိများနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။

ဥပမာအားဖြင့် အင်မော်တယ်ကမ္ဘာမှ အပင်ဖြစ်သော ထာဝရစိမ်းလန်းနွယ်ပင်က အမှန်တကယ်ပင် အစွမ်းထက်လှပြီး ကမ္ဘာတစ်ခုပြီးတစ်ခုကို ဖမ်းယူကာ ကမ္ဘာများ၏ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်၏။

သို့သော်ငြား ‘အိပ်မက်ဝိညာဉ်ကူ’ ကမူ အသံတိတ်အစအနမကျန် ကမ္ဘာတစ်ခုပြီးတစ်ခုကို ထိန်းချုပ်နိုင်လေသည်။ အများအားဖြင့် တစ်ဖက်လူက မည်သည့်အရာဖြစ်ပျက်သွားမှန်း မသိလိုက်ခင်မှာပင် ကမ္ဘာတစ်ခုလုံးက ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်၏။

ဤစွမ်းအားမျိုးက ဥပဒေသတစ်ခုနှင့်ပင် တူညီနေခဲ့ပြီ မဟုတ်ပါလော။

All Chapters