အခန်း ၉၄၃
Vol. 90 Ch. 943
အခန်း (၉၄၃) - သတ္တမအဆင့် အိပ်မက်ဝိညာဉ်ကူ၊ ကူပိုးကောင်များ၏ နက်နဲသောလျှို့ဝှက်ချက်၊ ကူပိုးကောင်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသပင် (၅)
မှန်ပေသည်၊ ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၌ အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။
၎င်းတို့သည် ကောင်းကင်မိုးကြိုးများကို ကြောက်ရွံ့ကြပြီး သန့်စင်သော ယန်စွမ်းအား၊ မီးတောက်စွမ်းအား စသည့် စွမ်းအားများကိုလည်း ကြောက်ရွံ့တတ်ကြသည်။
ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုများကိုလည်း ကြောက်ရွံ့ကြသေး၏။
အချုပ်အားဖြင့်ဆိုရသော် ၎င်းတို့သည်လည်း ပြိုင်ဘက်ကင်းသော တည်ရှိမှုများ မဟုတ်ကြပေ။ ကိုက်ညီသည့် စွမ်းအားများကို ဆုပ်ကိုင်ထားနိုင်ပါက ကောင်းကင်မိစ္ဆာများကို ချေမှုန်းသတ်ဖြတ်နိုင်မည်သာ ဖြစ်လေသည်။
'’အိပ်မက်ဝိညာဉ်ကူ’ သတ္တမအဆင့်ကို တက်လှမ်းသွားတာနဲ့ အတော်ပဲ...'
'သူတို့ ဖုန်းရှီးကျွန်းကို လာတာကလည်း ကောင်းတဲ့ကိစ္စပါပဲ။ ‘အိပ်မက်ဝိညာဉ်ကူ’ အတွက် အစားအစာ ဖြစ်သွားတာပေါ့...'
'’အိပ်မက်ဝိညာဉ်ကူ’ ကို တစ်ဝကြီး စားခိုင်းလိုက်ရမယ်...'
ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
ထင်ရှားလှသည်မှာ သတ္တမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားသော 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားက အဆမည်မျှအထိ တိုးတက်လာမှန်း မသိနိုင်ခြင်းပင်။
အဆင့်အတန်းအရ ကြည့်မည်ဆိုပါက ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်နှင့် ညီမျှပေသည်။
သို့သော် ၎င်းဆုပ်ကိုင်ထားသည့် ဝိညာဉ်စွမ်းအား၊ စိတ်ယောင်ချောက်ချားပညာရပ် စွမ်းအားတို့က သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ နှိုင်းယှဉ်နိုင်မည့်အရာများ လုံးဝမဟုတ်ချေ။
ပြောနေရန်ပင်မလိုချေ၊ ၎င်းဆုပ်ကိုင်ထားသော စွမ်းအားက ဝိညာဉ်အမျိုးအစား သက်ရှိများ၏ မွေးရာပါရန်သူပင် ဖြစ်လေသည်။
အသေးအဖွဲ ကောင်းကင်မိစ္ဆာများက ဖုန်းရှီးကျွန်းသို့ လာရောက်သောင်းကျန်းဝံ့ခြင်းမှာ သေလမ်းကို ကိုယ်တိုင်ရှာနေခြင်း သက်သက်သာ ဖြစ်၏။
‘ကံကြမ္မာကူ’ က အသက်အန္တရာယ်ရှိသော ကပ်ဘေးမဟုတ်ဘဲ သေးငယ်သော ကပ်ဘေးအဖြစ်သာ ဖော်ပြနေခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
...
တစ်ချိန်တည်းမှာပင် မြူခိုးပင်လယ်နယ်မြေ၏ အပြင်ဘက်၌။
သောင်းနှင့်ချီသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများက လေပေါ်တွင် ပေါ်ထွက်လာကြပြီး ကောင်းကင်ကို ဖုံးကွယ်သွားသော မြူမည်းကြီးတစ်ခု ဖြစ်ပေါ်လာကာ မိစ္ဆာချီများ လှိမ့်တက်လာလေသည်။
ဦးဆောင်လာသူမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကောင်းကင်မိစ္ဆာတစ်ကောင်ပင် ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေပြီး ခေါင်းပေါ်တွင် မိစ္ဆာဦးချိုနှစ်ချောင်း ပေါက်နေကာ အပေါ်တွင် ခရုပတ်ပုံစံ အက္ခရာများ ပေါ်လွင်နေသည်။
အရပ်က ငါးမီတာရှိပြီး လူပုံစံ ခန္ဓာကိုယ်ဖြစ်ကာ မျက်နှာက နတ်ဆိုးတစ်ကောင်နှင့် တူလေသည်။ ကိုယ်ပေါ်တွင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သုံးမီတာရှည်လျားသော အမြီးနက်ကြီး ပါရှိပေသည်။
၎င်းသည် ကောင်းကင်မိစ္ဆာမျိုးနွယ်စုများအကြားတွင် မိစ္ဆာအရှင်သခင်နှင့် ညီမျှပြီး ခန္ဓာပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကာ ဇီယွင်မိစ္ဆာအရှင်သခင်ဟု အမည်ရသည်။
ကျန်ရှိသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများမှာ အခြေခံအားဖြင့် ငရဲမိစ္ဆာကမ္ဘာမှ ၎င်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်အောက်ငယ်သားများနှင့် ညီမျှပေသည်။
"သခင်ဇီယွင်... ရှေ့က မြူခိုးပင်လယ်နယ်မြေကို ကျွန်တော်တို့ စုံစမ်းကြည့်တဲ့အခါ အားနည်းတဲ့ မျိုးနွယ်စုတစ်ခု ရှိနေတာတော့ အမှန်ပါပဲ..."
"မြူခိုးပင်လယ်နယ်မြေ ဖြစ်ပေါ်လာတာက သတ္တမအဆင့် အစီအရင်ကြီးတစ်ခုရဲ့ စွမ်းအားတစ်ခုတည်းကြောင့်ပါ..."
"အဲဒီသတ္တမအဆင့် အစီအရင်ကြီးကို ဖျက်ဆီးလိုက်နိုင်တာနဲ့ အထဲမှာရှိတဲ့ အားနည်းတဲ့ မျိုးနွယ်စုကို ကျွန်တော်တို့ စိတ်ကြိုက် သတ်ဖြတ်နိုင်ပါပြီ..."
"မြူခိုးပင်လယ်နယ်မြေထဲက သက်ရှိတွေထဲမှာလည်း ခန္ဓာပေါင်းစည်းခြင်းအဆင့်က တစ်ယောက်တည်းပဲ ရှိတာပါ..."
"ကျွန်တော်တို့ အထဲကို ဝင်သွားနိုင်တာနဲ့ ဒီအားနည်းတဲ့ မျိုးနွယ်စုက သေချာပေါက် သေရတော့မှာပါပဲ..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်မိစ္ဆာတစ်ကောင်က ပြောလိုက်သည်။
၎င်းသည် အမည်းရောင်မြူခိုးအစုအဝေးတစ်ခုအလား ဖြစ်နေပြီး သွေးသားခန္ဓာကိုယ် မရှိချေ။
သို့သော်ငြား ဤသို့ဖြစ်နေခြင်းကပင် ၎င်း၏ လှုပ်ရှားမှုကို ပိုမို လျှို့ဝှက်သွားစေကာ သာမန်သက်ရှိများအနေဖြင့် ၎င်း၏သဲလွန်စကို သတိပြုမိရန် ခက်ခဲလှပေသည်။
များသောအားဖြင့် ဝိညာဉ်အမျိုးအစား ကောင်းကင်မိစ္ဆာများက အကောင်းဆုံးသော သူလျှိုများဖြစ်ကြပြီး သတင်းအချက်အလက် အမျိုးမျိုးကို စုံစမ်းနိုင်ကြလေသည်။
၎င်းအနေဖြင့် ဤမြူခိုးပင်လယ်နယ်မြေ၏ အခြေအနေကို သိရှိသွားရခြင်းမှာ မတော်တဆပင်။ ၎င်း၏ ဝိညာဉ်ခွဲတစ်မျှင်သည် သားရဲရိုင်းတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ထိုသားရဲရိုင်းနှင့်အတူ မြူခိုးပင်လယ်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သောကြောင့်သာ ဖြစ်လေသည်။
ရလဒ်အနေဖြင့် ထိုဝိညာဉ်ခွဲတစ်မျှင်သည် မြူခိုးပင်လယ်နယ်မြေအတွင်းရှိ လူသားမျိုးနွယ် ကျင့်ကြံသူမြောက်မြားစွာကို သတိပြုမိသွားခဲ့ပြီး ဤနေရာ၏ အခြေအနေကို သိရှိသွားခဲ့ခြင်း ဖြစ်၏။
ဇီယွင်မိစ္ဆာအရှင်က အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"ဒီလို အားနည်းတဲ့ မျိုးနွယ်စုက လူသားမျိုးနွယ်လား..."
"နာမည်ကျော်ကြားလှတဲ့ လူသားမျိုးနွယ်က ဝိညာဉ်ကမ္ဘာမှာတော့ အားနည်းတဲ့ မျိုးနွယ်စု ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."
"တကယ်လို့ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင်တော့ ဒါက ဟာသတစ်ခု ဖြစ်သွားမှာပဲ... ဟားဟား…"
ဤစကားကို ကြားသောအခါ ဇီယွင်မိစ္ဆာအရှင်က ဟားတိုက်ရယ်မောလိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ချက်ချင်းပင် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် အင်မော်တယ်ကမ္ဘာထဲတွင်ပင်လျှင် ကျော်ကြားလှသော အမှန်တကယ် စွမ်းအားကြီးမားသည့် မျိုးနွယ်စုတစ်ခု ဖြစ်သောကြောင့်ပင်။
ထို့အပြင် မဟာကမ္ဘာသုံးထောင်တွင် အဆင့်တစ်နေရာ၌ ရှိသော မြေကမ္ဘာအင်မော်တယ်ကမ္ဘာ၌လည်း လူသားမျိုးနွယ်သည် အလွန်တရာ နက်ရှိုင်းသော အင်အားရှိသည့် ထိပ်တန်းမျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်ပေသည်။
သို့သော်ငြား ဝိညာဉ်ကမ္ဘာထဲတွင်မူ လူသားမျိုးနွယ်သည် ဖော်ပြရန်ပင် မတန်သကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်မိစ္ဆာက ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဒါကလည်း တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာပဲ... ဘာပဲဖြစ်ဖြစ် ဒီနေရာက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေ အုပ်စိုးတဲ့ အစစ်အမှန်ဝိညာဉ်ကမ္ဘာလေ..."
"လူသားမျိုးနွယ်တွေ ဒီကမ္ဘာမှာ မတိုးတက်နိုင်တာကလည်း သဘာဝကျပါတယ်..."
၎င်းအနေဖြင့် ဤသည်မှာ ထူးဆန်းသော ကိစ္စတစ်ရပ်ဟု မခံစားရပေ။ လူသားမျိုးနွယ်သည် နာမည်ကျော်ကြားသည် ဆိုသော်ငြား နဂါးမျိုးနွယ်စုကဲ့သို့ပင် ကမ္ဘာတိုင်း၌ အင်အားကြီးမားနေရန်မှာ မဖြစ်နိုင်ချေ။
နဂါးမျိုးနွယ်စု၏ စွမ်းအားကြီးမားမှုကို လူတိုင်း သိရှိကြသော်လည်း ကမ္ဘာတိုင်းတွင် နဂါးမျိုးနွယ်စု ကျင့်ကြံသူများ ရှိနေသည်တော့ မဟုတ်ပေ။
အချို့သော ကမ္ဘာများရှိ နဂါးမျိုးနွယ်စု ကျင့်ကြံသူများဆိုလျှင် အခြားသူများ၏ အမဲလိုက်သတ်ဖြတ်ခြင်းကိုပင် ခံရတတ်ပြီး မျိုးတုံးသည်အထိ သတ်ဖြတ်ခံရကာ အမျိုးစုံလင်သော လက်နက်ဖန်တီးခြင်း ပစ္စည်းများနှင့် ဆေးလုံးဖော်စပ်ခြင်း ပစ္စည်းများအဖြစ်သို့ပင် ရောက်ရှိသွားတတ်ကြသည်။
သို့ရာတွင် ယင်းက နဂါးမျိုးနွယ်စု အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဇီယွင်မိစ္ဆာအရှင်က အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်၏။
"ဒီလိုဆိုမှတော့ ဒါက ငါတို့အတွက် အမှန်တကယ်ကို ကောင်းမွန်တဲ့ ကိစ္စရပ်တစ်ခုပဲ..."
"လူသားမျိုးနွယ်ရဲ့ သွေးသားနဲ့ ဝိညာဉ်က အရမ်းကို အရသာရှိတာ..."
"ဒီနေရာက လူသားတွေ အကုန်လုံးကို ဝါးမြိုလိုက်မယ်ဆိုရင် ငါရဲ့ ကျင့်ကြံမှုက သေချာပေါက် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ အသေအချာပဲ..."
အကယ်၍ မြေကမ္ဘာအင်မော်တယ်ကမ္ဘာ၌သာဆိုလျှင် ၎င်းအနေဖြင့် လူသားမျိုးနွယ်ကို မည်သို့လျှင် ရန်စဝံ့ပါမည်နည်း။ လူသားမျိုးနွယ်မှ ထိုစွမ်းအားကြီးပုဂ္ဂိုလ်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို စောစီးစွာကပင် ခံရပြီးလောက်ချေပြီ။
သို့သော် ဝိညာဉ်ကမ္ဘာတွင်မူ လုံးဝကို ကွာခြားသွားခဲ့ပြီ ဖြစ်၏။
ဤကမ္ဘာရှိ လူသားမျိုးနွယ်မှာ အားနည်းလှသဖြင့် ၎င်းတို့အတွက် အနိုင်ကျင့်ဗိုလ်ကျရန် အကွက်ဝင်လှပေသည်။
ထို့အပြင် ဤကမ္ဘာရှိ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်စားချေရန် အစွမ်းအစ လုံးဝမရှိသောကြောင့် လူသားမျိုးနွယ်ဘက်မှ လက်စားချေလာမည်ကိုလည်း စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။
ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူမြောက်မြားစွာက ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်ကြသည်။
"ဟုတ်တယ်... အဲ့ဒီ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေက အရမ်းကို စွမ်းအားကြီးလွန်းတယ်... ကျုပ်တို့သာ ရမ်းသမ်းပြီး ချဉ်းကပ်သွားမယ်ဆိုရင် သေချာပေါက် သေလမ်းပဲ..."
"ဒါကြောင့် ကျုပ်တို့ရဲ့ ပစ်မှတ်က အဲ့ဒီ အားနည်းတဲ့ မျိုးနွယ်စုတွေပဲ ဖြစ်ရမယ်..."
"ဘာပဲဖြစ်ဖြစ် သူတို့ကို သတ်လိုက်ရင်တောင်မှ ဘယ်သူကမှ သူတို့အတွက် လက်စားချေပေးမှာ မဟုတ်ဘူး..."
"အဲ့ဒီ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ ပတ်သက်လို့ကတော့ ကမ္ဘာတံခါးပေါက် လုံးဝ ရင့်ကျက်လာတဲ့အချိန်ကို စောင့်ရမယ်... အဲ့ဒီအခါကျရင် မိစ္ဆာဧကရာဇ်တွေက တပ်မတော်ကြီးကို ဦးဆောင်ပြီး ဝိညာဉ်ကမ္ဘာထဲကို ဝင်ရောက်တိုက်ခိုက်ကြလိမ့်မယ်... အဲ့ဒီအချိန်ကျမှ ကျုပ်တို့အတွက် ခေတ်ကောင်းပဲ..."
၎င်းတို့၏ ခန္ဓာကိုယ်များထံမှ ကြီးမားလှသော ကောင်းကင်မိစ္ဆာချီအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတိမ်တိုက်ကြီးတစ်ခု ဖြစ်တည်သွားကာ ကောင်းကင်ယံကိုပင် ဖုံးကွယ်သွားလေတော့သည်။
ကမ္ဘာတံခါးပေါက်မှတစ်ဆင့် ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ဝိညာဉ်ကမ္ဘာကို ကိုယ်ပိုင်အမဲလိုက်ကွင်းအဖြစ် သတ်မှတ်ထားခဲ့ကြ၏။
အားနည်းသော မျိုးနွယ်စုအချို့၏ သွေးသားနှင့် ဝိညာဉ်များကို အလွယ်တကူ ဝါးမြိုလိုက်ရုံဖြင့် ၎င်းတို့၏ ကျင့်ကြံမှုများသည် ကြီးမားသော တိုးတက်မှုကို ရရှိနိုင်လေသည်။
သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ထိုအစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများကို မိုက်မဲစွာ သွားရောက်ရန်စမည် မဟုတ်သည်မှာ သဘာဝပင်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဝိညာဉ်ကမ္ဘာသို့ လာရောက်ရခြင်းမှာ ကျင့်ကြံမှုတိုးတက်စေရန် အရင်းအမြစ်များကို ရှာဖွေဖို့သာဖြစ်ပြီး ကိုယ့်သေတွင်းကိုယ်တူးရန် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
ကောင်းကင်မိစ္ဆာများသည် သေရမည်ကို မကြောက်ရွံ့ကြဟု ဆိုသော်ငြား ၎င်းတို့ကိုယ်တိုင် သေလမ်းကို ရှာဖွေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အကယ်၍ ရန်သူက အလွန်အမင်း စွမ်းအားကြီးမားနေပါက ထိုအရှိန်အဝါကို ရှောင်ရှားကြမည်သာ ဖြစ်၏။
ဤအကြောင်းကြောင့်ပင် ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့သည် ထိုအားနည်းသော မျိုးနွယ်စုများကိုသာ မကြာခဏ ရှာဖွေ၍ အမဲလိုက် သတ်ဖြတ်လေ့ရှိကြသည်။
ဤကာလအတွင်း ၎င်းတို့သည် ကျွန်းတစ်ကျွန်းပြီးတစ်ကျွန်းမှ သက်ရှိများကို ဖျက်ဆီးခဲ့ကြရာ ၎င်းတို့၏ ကျင့်ကြံမှုများကိုလည်း လျင်မြန်စွာ တိုးတက်လာစေခဲ့လေသည်။
ငရဲမိစ္ဆာကမ္ဘာ၌ ရှိနေစဉ်အချိန်နှင့် နှိုင်းယှဉ်ပါက အကျိုးသက်ရောက်မှုမှာ မည်မျှတိုင်အောင် မြင့်မားနေသည်ကိုပင် မသိနိုင်တော့ချေ။