အခန်း ၉၄၈
Vol. 90 Ch. 948
အခန်း (၉၄၈) - ညတွင်းချင်း ချမ်းသာကြွယ်ဝလာခြင်း၊ အင်မော်တယ်သလင်းကျောက် သုံးသိန်း၊ သတ္တမအဆင့်အဆိပ် ကောင်းကင်မီးလောင်ကျွမ်းခြင်း (၅)
ဝှမ်...
ဤနေရာသို့ တွေးမိလိုက်သောအခါ သူသည် ရရှိထားသော သိုလှောင်အိတ်များကို တစ်လုံးချင်းစီ စတင် ဖွင့်ကြည့်လိုက်လေသည်။
ထိုခဏတွင်ပင် အတွင်းရှိ ရတနာများအားလုံးက ထွက်ပေါ်လာခဲ့ချေပြီ။
"ဘုရားရေ... ဒါက တကယ်ကို မယုံနိုင်စရာပဲ..."
"ဒီကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေ ဘယ်နေရာကို သွားလုယက်လာကြတာလဲ... အင်မော်တယ်သလင်းကျောက်တွေ ဒီလောက်တောင် အများကြီး ရလာအောင်လို့..."
ချက်ချင်းပင် ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးဦးလုံးမှာ ဆွံ့အလျက် မျက်လုံးအပြူးသား ဖြစ်သွးရလေသည်။
သိုလှောင်အိတ်ပွင့်သွားသည့် တစ်ပြိုင်နက် သူတို့အားလုံးမှာ ဆွံ့အအံ့ဩသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ဤမျှများပြားသော အင်မော်တယ်သလင်းကျောက်များကို တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့် ဖြစ်ပေသည်။
အိတ်အတွင်းရှိ အင်မော်တယ်သလင်းကျောက် အရေအတွက်မှာ သုံးသိန်းပင် ကျော်လွန်နေချေပြီ။
ဤသည်မှာ အမှန်တကယ်ပင် အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်။
သိုလှောင်အိတ်အတွင်းမှ သိပ်သည်းလှသော အင်မော်တယ်မူလချီစွမ်းအင်များ ထွက်ပေါ်လာရာ လူကို စိတ်ဝိညာဉ်တုန်ဟီးသွားစေပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားစေ၏။
ဤအင်မော်တယ်သလင်းကျောက်များ အနီးအနားတွင် နေထိုင်ရုံမျှဖြင့်ပင် သူတို့၏ ကျင့်ကြံခြင်းနှုန်းမှာ မည်မျှအထိ မြန်ဆန်သွားမည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။
"ဒီအင်မော်တယ်သလင်းကျောက်တွေက သူတို့ ဝိညာဉ်လောကရဲ့ နေရာအနှံ့အပြားကနေ လုယက်တိုက်ခိုက်လာခဲ့တာတွေပဲ..."
"သူတို့လက်ထဲမှာ ပျက်စီးသွားရတဲ့ ကျွန်းတွေကလည်း မနည်းမနောပဲ..."
ကျိုးစွေ့က လေးနက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
မကြာသေးမီက ‘အိပ်မက်ဝိညာဉ်ကူ’သည် ထိုကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ဝိညဉ်မှတ်ဉာဏ်များကို ဝါးမြိုခဲ့သဖြင့် ကျိုးစွေ့သည် ဤအင်မော်တယ်သလင်းကျောက်များ၏ ဇာတ်မြစ်ကို သိရှိခဲ့ခြင်း ဖြစ်၏။
ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတစ်အုပ်မှာ နယ်မြေတံခါးမှတစ်ဆင့် ဝိညာဉ်လောကသို့ ရောက်ရှိလာပြီးနောက် နေရာအနှံ့အပြားသို့ လှည့်လည်သွားလာကာ ဝိညာဉ်လောက ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်ခဲ့ကြသည်။
နှစ်ပေါင်းရာချီအတွင်း ၎င်းတို့လက်ထဲတွင် သေဆုံးခဲ့ရသည့် ဝိညာဉ်လောက ကျင့်ကြံသူများမှာ ရေတွက်၍ပင် မကုန်နိုင်တော့ပေ။
ထိုဝိညာဉ်လောက ကျင့်ကြံသူများ၏ ကိုယ်ပေါ်ရှိ ရတနာများမှာလည်း သဘာဝကျကျပင် ၎င်းတို့၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။
တစ်စစနှင့် စုဆောင်းမိလာသောအခါ အင်မော်တယ်သလင်းကျောက် အရေအတွက်မှာ သုံးသိန်းကျော်အထိပင် ရှိလာခဲ့တော့သည်။
ဤသည်မှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ကြီးမားသည့် စည်းစိမ်ချမ်းသာတစ်ခု ဖြစ်သည်။
ဤမျှများပြားလှသော အင်မော်တယ်သလင်းကျောက်များဖြင့် မည်မျှလောက်သော ရတနာများကို ဝယ်ယူနိုင်မည်ကိုပင် မသိနိုင်တော့ချေ။
"အင်မော်တယ်သလင်းကျောက်တွေတင် မကသေးဘူးပဲ..."
"အဆင့်နိမ့် ဆေးလုံးတွေ၊ ပဉ္စမအဆင့် ဆေးလုံးတွေ၊ ဆဋ္ဌမအဆင့် ဆေးလုံးတွေလည်း အများကြီး ရှိသေးတယ်..."
"ကျင့်ကြံခြင်းဆိုင်ရာ ဆေးဘက်ဝင်အပင်တွေလည်း အများကြီးပဲ..."
"သူတို့တွေများ တစ်စုံတစ်ယောက်ရဲ့ မျိုးနွယ်စုရတနာတိုက်ကို လုယက်လာခဲ့ကြတာလား..."
ပိုင်စုကျဲ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
သူမသည် သိုလှောင်အိတ်အတွင်း၌ များပြားလှသော အဆင့်နိမ့်ဆေးလုံးများ သိုလှောင်ထားသည်ကို တွေ့ရှိခဲ့ရာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ဤအရာများသည် ဘာမှမဟုတ်သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများအတွက်မူ စိတ်ကူးပင်မယဉ်ဝံ့စရာ ရတနာများ ဖြစ်ကြပေသည်။
ဤဆေးလုံးများသက်သက်ဖြင့်ပင် ဖုန်းရှီးကျွန်းရှိ လူသားမျိုးနွယ် ကျင့်ကြံသူများထဲမှ မည်မျှလောက်သော ဝိညာဉ်သန္ဓေသားအဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာစေနိုင်မည်ကိုပင် မခန့်မှန်းနိုင်ချေ။
"ဟုတ်တယ်... သူတို့ အရင်က အားနည်းတဲ့ မျိုးနွယ်စုတစ်ခုဖြစ်တဲ့ ကျောက်ငါးမျိုးနွယ်စုကို လုယက်ခဲ့ပုံရတယ်..."
"အဲဒီမျိုးနွယ်စု တစ်စုလုံးကို သတ်ဖြတ်ပစ်ပြီးတဲ့နောက်မှာ မျိုးနွယ်စုရတနာတိုက်ကိုလည်း လုံးဝပြောင်သလင်းခါအောင် သမသွားခဲ့ကြတာ..."
"ဒါကြောင့် အဲဒီမျိုးနွယ်စု စုဆောင်းထားတဲ့ ဆေးလုံးတွေနဲ့ ကိရိယာတွေ၊ မန္တန်စာရွက်တွေ လုပ်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ အကုန်လုံး သိုလှောင်အိတ်ထဲမှာ ရှိနေတာပဲ..."
ကျိုးစွေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
ထင်ရှားလှသည်မှာ ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် မျိုးနွယ်စုများတွင် ကောင်းသော အဆုံးသတ်ရှိသူဟူ၍ မရှိသလောက်ပင်။
ကံကောင်းထောက်မစွာဖြင့် သူ၏စွမ်းအားမှာ တော်တော်လေး ကောင်းမွန်နေသေး၏။
ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ တစ်စုံတစ်ရာ ဖျက်ဆီးမှု မပြုလုပ်နိုင်သေးမီတွင်ပင် ၎င်းတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ခဲ့ချေသည်။
သို့မဟုတ်ပါက ယခုအကြိမ်တွင် ဖုန်းရှီးကျွန်းသည် သေချာပေါက် အထိနာပြီး သေကြေပျက်စီးမှု အမြောက်အမြား ရှိနိုင်ကာ မည်မျှအထိ စည်းစိမ်ဥစ္စာများ ဆုံးရှုံးရမည်ကို မတွေးဝံ့စရာပင်။
"တကယ်ကို လာဘ်ကြီးမပွင့်ရင် မချမ်းသာနိုင်ဘူးဆိုတာ ဒါမျိုးပဲ..."
"ဒီလောက်တောင် များပြားလှတဲ့ ရတနာတွေက ဖုန်းရှီးမြို့တော် မိုးကြိုးတောင်တန်းမှာ နှစ်ပေါင်းတစ်ထောင်လုံး စုဆောင်းခဲ့ရင်တောင် ဒီလောက် ရှိမှာမဟုတ်ဘူး..."
ထောင်ချီလီတစ်ယောက် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
ယခင်က ဖုန်းရှီးမြို့တော်သည် မိုးကြိုးတောင်တန်းအနီးတွင် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ရှိခဲ့လေသည်။
သို့သော်လည်း စုဆောင်းမိခဲ့သည့် စည်းစိမ်ချမ်းသာမှာ မပြောပလောက်ချေ။
ယခု ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများထံမှ ရရှိသော ပစ္စည်းများ၏ ထက်ဝက်ကိုပင် မမီနိုင်ချေ။
ကြယ်ကွဲပင်လယ်သည် အမှန်တကယ်ပင် အရင်းအမြစ် ပေါကြွယ်ဝလှသဖြင့် မိုးကြိုးတောင်တန်းနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
သက်တမ်းအနည်းငယ် ရှည်ကြာသော မည်သည့်မျိုးနွယ်စုမဆို ကြီးမားလှသော စည်းစိမ်ချမ်းသာများကို စုဆောင်းနိုင်စွမ်း ရှိကြသည်။
သို့သော်ငြား စည်းစိမ်များကို စုဆောင်းနိုင်ခဲ့သော်လည်း ကာကွယ်နိုင်စွမ်း မရှိပါက နောက်ဆုံးတွင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားရပေမည်။
ကျောက်ငါးမျိုးနွယ်စုမှာ ဤသို့ပင် ဖြစ်၏။
မျိုးနွယ်စုအတွင်း၌ စောင့်ရှောက်မည့် အားကိုးရသော ကျင့်ကြံသူမရှိသဖြင့် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှ စည်းစိမ်များမှာ ချက်ချင်းပင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုအခါတွင် သူတို့အတွက် အကျိုးအမြတ် ဖြစ်သွားခဲ့ရချေသည်။
ကြယ်ကွဲပင်လယ်ထဲတွင် စွမ်းအားသာလျှင် အရေးကြီးဆုံး ဖြစ်ပေသည်။
အကယ်၍ လုံလောက်သော စွမ်းအားရှိပါက အရင်းအမြစ်နှင့် စည်းစိမ်ချမ်းသာများကို စုဆောင်းနိုင်သည့်နှုန်းမှာ အလွန်ပင် လျင်မြန်လှသည်။
"အကယ်လို့ ငါတို့ကို စောင့်ရှောက်ပေးမယ့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိမယ်ဆိုရင် အရမ်းကောင်းမှာပဲ... အနည်းဆုံးတော့ ဒီလောက်အထိ စိုးရိမ်နေစရာ မလိုတော့ဘူး..."
ဟွားစစ်ချင်ကလည်း သက်ပြင်းချရင်း ရေရွတ်လိုက်မိ၏။
သူမသည်လည်း လက်ရှိ ဖုန်းရှီးကျွန်းမှာ အလွန်အန္တရာယ်များနေဆဲဖြစ်ကြောင်း ခံစားမိနေ၏။ ကံကောင်းသည်မှာ ဤနေရာသည် ဝေးလံခေါင်သီလှပြီး ပတ်ဝန်းကျင်၌လည်း မည်သည့်အရင်းအမြစ်မျှ မရှိခြင်းပင်။
ထို့ကြောင့် ပတ်ဝန်းကျင်တွင် အားကောင်းလွန်းသော မျိုးနွယ်စုများ မရှိကြပေ။
ထို့ကြောင့် မဟာယာနအဆင့် ကျင့်ကြံသူများသည်လည်း ဤကဲ့သို့သော ခေါင်ဖျားသည့် အရပ်ဒေသသို့ ရောက်လာမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ မဟာယာနအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် လူတိုင်းသည် တာအိုကျင့်ကြံကာ အင်မော်တယ်ဖြစ်ရန်သာ ဦးတည်နေကြသဖြင့် အားနည်းသော မျိုးနွယ်စုငယ်လေးများကို စိတ်ဝင်စားစရာ အကြောင်းမရှိပေ။
သို့သော်ငြား မည်သူက သိနိုင်ပါမည်နည်း။ စိတ်ရူးဖောက်ပြီး သွေးဆာနေသော မဟာယာနအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးဦး ရောက်ရှိလာပါက မည်သူက တားဆီးနိုင်မည်နည်း။
အတိုချုပ်ဆိုရသော် လုံလောက်သော စွမ်းအားကို ရရှိမှသာလျှင် အတိုင်းအတာတစ်ခုအထိ လုံခြုံမှုရှိသည်ဟု ခံစားရပေမည်။
"အချိန်တိုအတွင်းမှာ မဟာယာနအဆင့် ကျင့်ကြံသူဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်သေးဘူး..."
"ဒါပေမဲ့ မဟာယာနအဆင့် ကျင့်ကြံသူ မဖြစ်နိုင်သေးရင်တောင် မဟာယာနအဆင့်ရဲ့ ကာကွယ်ရေးစွမ်းအားကို မရနိုင်ဘူးလို့ မဆိုလိုဘူး..."
ကျိုးစွေ့က အသာအယာပြုံးလျက် ပြောလိုက်သည်။
"ယောက်ျား... ယောက်ျားရဲ့ ဆိုလိုရင်းက အဋ္ဌမအဆင့် အစီအရင်ကို ခင်းကျင်းဖို့လား..."
ဟွားစစ်ချင်၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး ဤဖြစ်နိုင်ခြေကို ချက်ချင်းပင် တွေးတောမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရမူ အဋ္ဌမအဆင့် အစီအရင်ကို ခင်းကျင်းနိုင်မှသာ မဟာယာနအဆင့်၏အစွမ်းကို ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် အဋ္ဌမအဆင့် အစီအရင်သည် သာမန်မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် မည်မျှအထိ ကောင်းမွန်ကြောင်း သိသာပေသည်။
သို့ရာတွင် ပြဿနာမှာ အဋ္ဌမအဆင့် အစီအရင်ကို ခင်းကျင်းရန်မှာ မည်မျှအထိ ခက်ခဲလှသည်ကို တွေးကြည့်နိုင်သည်။
လူသားမျိုးနွယ်စုသည် ဝိညာဉ်လောကသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း လူသားဧကရာဇ်မြို့တော်တစ်ခုတည်းတွင်သာ အဋ္ဌမအဆင့် အစီအရင်တစ်ခုတည်း ရှိပေသည်။
ဒုတိယမြောက် ဧကရာဇ်မြို့တော်တစ်ခုကို တည်ဆောက်ရန်မှာ စိတ်ကူးပင် မယဉ်နိုင်စရာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အဋ္ဌမအဆင့် အစီအရင်ကို ခင်းကျင်းရန်အတွက် အဋ္ဌမအဆင့် အစီအရင်ပညာရှင် လိုအပ်သောကြောင့်ပင်။
လူသားမျိုးနွယ်တစ်ရပ်လုံးတွင် လူသားဧကရာဇ်တစ်ဦးတည်းသာလျှင် အဋ္ဌမအဆင့် အစီအရင်ပညာရှင် ဖြစ်သည်။
ထို့အပြင် အဋ္ဌမအဆင့် အစီအရင်အတွက် လိုအပ်သော ကုန်ကြမ်းများမှာလည်း အလွန်ပင် ဈေးကြီးလှသဖြင့် သာမန်ကျင့်ကြံသူများ မတတ်နိုင်ချေ။
မျိုးနွယ်စုတစ်ခုလုံး၏ စုဆောင်းမှုများပင် ပြောင်သလင်းခါသွားနိုင်သည်။
သို့သော်ငြား တစ်ကြိမ်တစ်ခါ အောင်မြင်သွားခဲ့ပါက ၎င်းသည် မျိုးနွယ်စု၏ နောင်လာနောက်သား မျိုးဆက်ပေါင်းများစွာအထိ သက်ရောက်မှု ရှိစေမည်ဖြစ်၏။
အကယ်၍ တတ်နိုင်ခဲ့ပါက အရာအားလုံးကို ပုံအောရလျှင်ပင် ဤအရာကို အောင်မြင်အောင် လုပ်ဆောင်ရပေမည်။
"မှန်တာပေါ့..."
ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်သည်။
လက်ရှိ တိုးတက်မှုအခြေအနေအရ ‘အစီအရင်နှလုံးသားကူ’ သည် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်အစီအရင်များကို အပြည့်အဝ ဝါးမြိုပြီးသည်နှင့် သူ အဋ္ဌမအဆင့် အစီအရင်ပညာရှင် ဖြစ်လာရန်မှာ သေချာပေါက်ပင် ဖြစ်၏။
ထိုအချိန်ကျပါက သူသည် ဖုန်းရှီးကျွန်းတွင် အဋ္ဌမအဆင့် ကန့်သတ်ချက်အစီအရင်ကို ခင်းကျင်းနိုင်ပေမည်။
ဤသို့ဖြင့် သူ၏အသိုက်အမြုံမှာ တောင်မဟာကဲ့သို့ ခိုင်ခံ့မြဲမြံသွားပေလိမ့်မည်။
မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး လာရောက်တိုက်ခိုက်လျှင်ပင် သူ့အနေဖြင့် စိုးရိမ်စရာ မလိုတော့ချေ။
"ဒါဆိုရင် ယောက်ျားက မကြာခင်မှာ အဋ္ဌမအဆင့် အစီအရင်ပညာရှင် ဖြစ်လာတော့မှာပေါ့..."
ထောင်ချီလီက အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်၏။
သူမသည် သတ္တမအဆင့် အစီအရင်ပညာရှင်တစ်ဦးဖြစ်ပြီး ပါရမီအလွန်ထူးချွန်သူ ဖြစ်သဖြင့် အဋ္ဌမအဆင့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်လာရန် မည်မျှအထိ ခက်ခဲကြောင်းကို သဘာဝကျကျ သိရှိထားသည် မဟုတ်ပါလော။