အခန်း ၉၅၀
Vol. 90 Ch. 950
အခန်း (၉၅၀) - အိပ်မက်ကမ္ဘာကို မိတ်ဆက်ခြင်း၊ လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာ၊ လူတိုင်းအဆင့်တက်ခြင်း (၂)
အမှန်စင်စစ်အားဖြင့် အားနည်းသော မျိုးနွယ်စုအများစုသည် အောက်ကမ္ဘာများမှ တက်လှမ်းလာကြခြင်း ဖြစ်၏။
အားနည်းသော မျိုးနွယ်စုများမှ သက်ရှိအနည်းငယ် တက်လှမ်းလာနိုင်သရွေ့ နှစ်ပေါင်းများစွာ ကြာလာသောအခါ လူဦးရေ အမြောက်အမြားကို မွေးဖွားလာကြမည် မဟုတ်ပါလော။
ဤသည်ကပင် အားနည်းသော မျိုးနွယ်စုများ၏ ဇာတ်မြစ်ဖြစ်ပေသည်။
ကောင်းကင်နှင့်မြေကြီးက သဘာဝအတိုင်း သီးသန့်မွေးဖွားပေးလိုက်သော မျိုးနွယ်စုများမှာမူ အမှန်တကယ်တွင် အလွန်နည်းပါးလှ၏။
ထို့ကြောင့် အားနည်းသော မျိုးနွယ်စုများသည် အမြဲတမ်း အဆက်မပြတ် ပေါ်ထွက်နေပြီး ရေတွက်၍မရနိုင်လောက်အောင် ဝိညာဉ်ကမ္ဘာတစ်ခွင်တွင် ပြန့်ကျဲနေကြသည်။
မည်သို့ပင် သတ်ဖြတ်စေကာမူ ၎င်းတို့မှာ အမြစ်ပြတ်သွားမည်မဟုတ်ဘဲ မျိုးတုံးသတ်ဖြတ်၍ရမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အောက်ကမ္ဘာသို့သွား၍ အမြစ်ပြတ်သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။
"အင်း... ငရဲမိစ္ဆာကမ္ဘာရဲ့ အထူးပစ္စည်းတွေက အများကြီးရှိသေးတယ်... ဥပဒေသဖျက်ရွှေစင်အပြင် အသံလှိုင်းပုံဆောင်သံမဏိ ဆိုတာလည်း ရှိသေးတယ်... အဲဒီအသံလှိုင်းပုံဆောင်သံမဏိက အစွမ်းထက်တဲ့ အသံလှိုင်းစွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်ပြီး ဒြပ်ရှိအဖြစ် စုစည်းနိုင်တယ်လို့ ဆိုကြတယ်... သူ့ရဲ့စွမ်းအားက သာမန်မှော်ရတနာတွေထက် မနိမ့်ကျဘူး... သာမန်လူတစ်ယောက် ရခဲ့ရင်တောင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထက် မနိမ့်ကျတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ်..."
"ပြီးတော့ မိစ္ဆာအသံခရုခွံဆိုတာ ရှိသေးတယ်... အဲဒါက ထူးခြားတဲ့ သဘာဝခရုခွံတစ်မျိုးပဲ... ခရုခွံကို ခေါက်တဲ့အသံကနေတစ်ဆင့် လူတွေရဲ့စိတ်ကို တွေဝေသွားစေတဲ့ မိစ္ဆာအသံလှိုင်းတွေကို ထုတ်လွှတ်ပေးနိုင်ပြီး တခြားသူတွေကို ကျေးကျွန်အဖြစ် ခိုင်းစေနိုင်သလို သူတို့ရဲ့စိတ်ကိုလည်း လုယူနိုင်တယ်..."
"ဆွဲငင်အားကျောက်တုံး... ဒါက ထူးခြားတဲ့ ဆွဲငင်အားတွေ ပါဝင်နေတဲ့ ကျောက်တုံးပဲ... ကျောက်တုံးတွေ များများပုံလေလေ ဆွဲငင်အားက ပိုကြောက်စရာကောင်းလေလေပဲ... ငရဲမိစ္ဆာကမ္ဘာက ကျင့်ကြံသူတွေဟာ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ဆွဲငင်အားအခန်းတွေကို တည်ဆောက်တဲ့နေရာမှာ ဒီကျောက်တုံးကို မကြာခဏ အသုံးပြုကြတယ်..."
ကျိုးစွေ့က ငရဲမိစ္ဆာကမ္ဘာ၌ သီးသန့်ရှိသော သတ္တုရိုင်းအချို့အကြောင်းကို လေးနက်သောအသံဖြင့် ရှင်းပြလိုက်သည်။
သူသိထားသောအရာများသည် ဖုန်းရှီးကျွန်း၏ ကျမ်းစာတိုက်ထက် ပိုမိုများပြားကြောင်း ထင်ရှားလှပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ဝိညာဉ်မှတ်ဉာဏ်များကို ဝါးမြိုပြီးနောက်တွင် သူသည် ငရဲမိစ္ဆာကမ္ဘာနှင့် ပတ်သက်၍ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
အနည်းဆုံး လူသားမျိုးနွယ်ထက် ပို၍ နားလည်ထားပေသည်။
ငရဲမိစ္ဆာကမ္ဘာသည်လည်း အစစ်အမှန်ဝိညာဉ်ကမ္ဘာထက် လုံးဝမနိမ့်ကျသော ဧရိယာပမာဏရှိသည့် အဆုံးအစမရှိ ကျယ်ပြောလှသော မဟာကမ္ဘာကြီးတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။
ထို့အပြင် ၎င်းသည် ငရဲကဲ့သို့သော ကမ္ဘာမျိုး မဟုတ်ပေ။ သို့ရာတွင် အမှန်တကယ်ပင် အလွန်ထူးဆန်းပြီး အန္တရာယ်များသော နေရာများစွာ ရှိနေလေသည်။
၎င်းကပင် ထိုအန္တရာယ်များသော နေရာများမှ ထူးခြားသော သတ္တုရိုင်းများနှင့် အဖိုးတန်ရတနာများကို ဖြစ်တည်လာစေပြီး ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများကို ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာစေခြင်း ဖြစ်လေသည်။
"ကြည့်ရတာ ငရဲမိစ္ဆာကမ္ဘာကလည်း စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ ကမ္ဘာတစ်ခုပဲ..."
ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးယောက်က သူတို့၏ လှပသောမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကြသည်။
ငရဲမိစ္ဆာကမ္ဘာနှင့် ဝိညာဉ်ကမ္ဘာတို့သည် မတူညီဘဲ ကွဲပြားသော မျိုးနွယ်စုများ ရှင်သန်နေထိုင်ကြသော်လည်း တောက်ပသော ယဉ်ကျေးမှုနှင့် ကြွယ်ဝသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း သူတို့ သတိထားမိလိုက်ကြသည်။ သို့မဟုတ်ပါက မိစ္ဆာမျိုးနွယ်နှင့် ငရဲမျိုးနွယ်စုများကဲ့သို့ ထူးခြားသော မျိုးနွယ်စုများကို မွေးဖွားပေးနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ထိုသို့ဖြစ်နေလျှင်ပင် ရန်သူက ရန်သူသာဖြစ်ပြီး မိမိမျိုးနွယ် မဟုတ်ပါက သူတို့၏ စိတ်နေသဘောထားမှာ မလွဲမသွေ ကွဲပြားနေမည်သာ ဖြစ်၏။
ကမ္ဘာကြီးနှစ်ခု ပေါင်းစည်းနေရခြင်းအကြောင်းကို ပြောနေစရာပင်မလိုဘဲ ယင်းက ပို၍ပင် ကွဲပြားနေဦးမည်သာ ဖြစ်လေသည်။
နှစ်ဦးနှစ်ဖက်၏ စိတ်နေစိတ်ထားနှင့် လောကအမြင်များသည် လုံးဝကို ကွဲပြားခြားနားနေပြီး အတူယှဉ်တွဲနေထိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
သူသေကိုယ်သေ တိုက်ခိုက်ရုံသာ ရှိတော့သည်။
"ဒါနဲ့... မင်းတို့ကို ပြောစရာကိစ္စတစ်ခု ရှိသေးတယ်..."
"မကြာသေးခင်က ငါ အိပ်မက်ကမ္ဘာလို့ခေါ်တဲ့ လျှို့ဝှက်ရတနာတစ်ခုကို ရထားတယ်..."
"မင်းတို့က အိပ်မက်ဆိုးအမှတ်အသားကနေတစ်ဆင့် အိပ်မက်ကမ္ဘာထဲကို တိုက်ရိုက် ဝင်ရောက်လို့ရတယ်..."
ကျိုးစွေ့က ရုတ်တရက် အိပ်မက်ကမ္ဘာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောပြလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဖုန်းရှီးကျွန်းတွင် အိပ်မက်ကမ္ဘာကို အစွမ်းကုန် မိတ်ဆက်ရန် လိုအပ်နေသည်။
ဤသို့ဆိုလျှင် သူ၏တာအိုလက်တွဲဖော်များ၏ ထောက်ခံမှုကို လိုအပ်သည်မှာ သဘာဝပင် ဖြစ်၏။
"အိပ်မက်ကမ္ဘာလား... အဲဒါက ဘယ်လို လျှို့ဝှက်ရတနာမျိုးလဲ..."
ထိုစကားကို ကြားသောအခါ ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးယောက်လုံးက အလွန် သိချင်သွားကြလေသည်။
ကျိုးစွေ့သည် နဂိုကတည်းက လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ဖြစ်ပြီး အပြင်တွင် သွားလာလှုပ်ရှားနေသော ကိုယ်ပွားများစွာရှိကြောင်းကိုလည်း သူတို့သိထားကြသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ရတနာအချို့ ရရှိလာခြင်းမှာလည်း အလွန်ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။
ယခု သူတို့ သိချင်နေသည်မှာ အိပ်မက်ကမ္ဘာဆိုသည်က အတိအကျ ဘယ်အရာဖြစ်သနည်း ဆိုသည်ကိုသာ ဖြစ်၏။
"အင်း... အိပ်မက်ကမ္ဘာဆိုတာက အိပ်မက်ထဲက ကမ္ဘာ... ပုံရိပ်ယောင်ကမ္ဘာကို ပြောတာပဲ..."
"သေဆုံးသွားတာမျိုး မရှိတာကလွဲရင် အဲဒါက အစစ်အမှန်ကမ္ဘာနဲ့ အခြေခံအားဖြင့် အတူတူပဲ..."
ကျိုးစွေ့က ရှင်းပြလိုက်သည်။
"ဒီလိုထူးခြားတဲ့ ကမ္ဘာမျိုး ရှိနေသေးတာလား..."
"ဒါပေမဲ့ ဒီလိုပုံရိပ်ယောင်ကမ္ဘာမျိုးက ဘာအတွက် အသုံးဝင်မှာလဲ..."
ပိုင်စုကျဲ့က သိချင်စိတ်ဖြင့် မေးလိုက်၏။
"အသုံးဝင်မှုကတော့ သေချာပေါက် အများကြီးပဲ..."
"အိပ်မက်ကမ္ဘာဖြစ်ပေမဲ့လည်း တကယ်တမ်းမှာ ကွဲပြားတဲ့ အိပ်မက်ကမ္ဘာ အမျိုးအစားတွေ ရှိနေတယ်..."
"ဥပမာပြောရရင် ပင်မကမ္ဘာပေါ့... ဒါက သက်ရှိတွေ အဓိကဝင်ရောက်ရတဲ့ အိပ်မက်ကမ္ဘာဖြစ်ပြီး ဒီပင်မကမ္ဘာက လက်တွေ့နဲ့ သိပ်မကွာဘူး... တိုက်ခိုက်လို့မရပေမဲ့ အချင်းချင်း ဆက်သွယ်လို့တော့ ရတယ်..."
"ဒါ့အပြင် တိုက်ခိုက်ရေးအမျိုးအစား ကမ္ဘာတွေလည်း ရှိသေးတယ်... အဲဒီကမ္ဘာထဲကို ဝင်သွားရင် မင်းက မျိုးနွယ်စုအသီးသီးက သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်နိုင်ပြီး ကိုယ့်ရဲ့ နတ်ဘုရားစွမ်းရည် မန္တန်တွေ၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေကို သွေးတိုးစမ်း လေ့ကျင့်နိုင်တယ်..."
"ပြီးတော့ သင်ယူရေးအမျိုးအစား ကမ္ဘာတွေလည်း ရှိသေးတယ်... အဲဒီကမ္ဘာထဲ ဝင်သွားရင် မင်းက ကျင့်ကြံမှုကို ပုံတူကူး လေ့ကျင့်နိုင်တယ်... ဥပမာ ဆေးလုံးဖော်စပ်တာ၊ အင်းကွက်ဆွဲတာ စတာတွေကို သင်ယူနိုင်တယ်... အဲဒီလိုကမ္ဘာမျိုးမှာ နေရင် ကိုယ့်ရဲ့ ဝိညာဉ်ကသာ တောင့်ခံနိုင်မယ်ဆိုရင် ပစ္စည်းတွေ အများကြီး ကုန်ကျစရာမလိုဘဲ ကိုယ့်ရဲ့ ကျင့်ကြံခြင်း အတတ်ပညာတွေကို အကြိမ်ရေ ရေတွက်လို့မရအောင် လေ့ကျင့်နိုင်တယ်..."
"ဖျော်ဖြေရေးအမျိုးအစား ကမ္ဘာတွေလည်း ရှိသေးတယ်... အဲဒီကမ္ဘာကို ဝင်သွားရင် ဖျော်ဖြေရေး အစီအစဉ်အမျိုးမျိုး ရှိပြီး ကိုယ့်ရဲ့ စိတ်ကို အပန်းဖြေနိုင်သလို ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့စေနိုင်တယ်..."
ကျိုးစွေ့က အိပ်မက်ကမ္ဘာ၏ အလုပ်လုပ်ပုံကို သေချာစွာ ရှင်းပြနေခြင်းပင်။
'ဘာ...'
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟွားစစ်ချင်နှင့် ထောင်ချီလီတို့၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာလေသည်။ သူတို့သည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့ကြသော လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် အိပ်မက်ကမ္ဘာ၏ အသုံးဝင်ပုံကို သဘာဝကျကျပင် အလွန်ရှင်းလင်းစွာ သိရှိထားကြသည်။
ပထမဆုံးနှင့် အကြီးမားဆုံး အကျိုးကျေးဇူးမှာ ဆက်သွယ်ရေးပင် ဖြစ်၏။ မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ ကျင့်ကြံသူအချင်းချင်း ချက်ချင်း ဆက်သွယ်နိုင်မည်ဖြစ်ရာ ဤသည်က ကျင့်ကြံသူများ၏ ဆက်သွယ်ရေးအတွက် များစွာ အဆင်ပြေစေလေသည်။
ဒုတိယအချက်မှာ ကျင့်ကြံခြင်းအတွက် အထောက်အကူပြုခြင်း ဖြစ်ပေသည်။
အဆောင်ပညာရှင်များ၊ အစီအရင်ပညာရှင်များနှင့် ဆေးဖော်စပ်ပညာရှင်များ စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အကြီးမားဆုံး ကုန်ကျစရိတ်မှာ လေ့ကျင့်ချိန်တွင် ကုန်ဆုံးသွားမည့် ပစ္စည်းများပင် ဖြစ်၏။
အကယ်၍ ဩဇာကြီးမားသော မိသားစုမှ ဆင်းသက်လာသူများ မဟုတ်ပါက ထိုမျှလောက် များပြားသော ပစ္စည်းများကို မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ အလွန်ချမ်းသာကြွယ်ဝသော ကျင့်ကြံသူများသာလျှင် ကျင့်ကြံခြင်း အတတ်ပညာများကို ဆက်လက်သင်ယူနိုင်ကြပေသည်။ ထို့ထက် ပိုမိုတိုးတက်ရန် စဉ်းစားပါက အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုပင် ဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်နှင့် အမျိုးမျိုးသော ကျင့်ကြံခြင်း အတတ်ပညာများကို ပုံတူကူး လေ့ကျင့်နိုင်မည်ဆိုရာ ဤသည်မှာ ကျင့်ကြံသူတိုင်းအတွက် ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ရပ်ပင် ဖြစ်နေချေပြီ။
ဤသည်မှာ ၎င်းတို့အနေဖြင့် အိပ်မက်ကမ္ဘာထဲတွင် မိမိတို့၏ ကျင့်ကြံခြင်း အတတ်ပညာများကို ပြည့်စုံခြင်းအဆင့်သို့ ရောက်သည်အထိ လေ့ကျင့်စမ်းသပ်နိုင်ပြီးနောက်မှ ပြင်ပလက်တွေ့ကမ္ဘာထဲ၌ စမ်းသပ်နိုင်မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
ဤသို့ဆိုလျှင် ၎င်းတို့အနေဖြင့် ဝိညာဉ်ကျောက်တုံးများ၊ ငွေကြေးဓနများ မည်မျှအထိ သက်သာသွားမည်ကိုပင် ခန့်မှန်း၍ရမည် မဟုတ်ပေ။
လူသားမျိုးနွယ် ကျင့်ကြံသူတိုင်းအတွက် ကြီးမားလှသော ကောင်းချီးမင်္ဂလာပင် ဖြစ်၏။ ၎င်း၏ အကျိုးကျေးဇူးများကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
"ယောက်ျား... ဒါက အရမ်းချဲ့ကားလွန်းနေပြီ မဟုတ်ဘူးလား... တကယ်ပဲ အဲဒီလို လုပ်နိုင်မှာလား..."
ထောင်ချီလီက လှပသော မျက်လုံးများကို ပြူးကျယ်ထားပြီး ကျိုးစွေ့ကို အလွန်အံ့ဩစွာ ကြည့်လိုက်သည်။
သံသယဖြစ်ဖွယ်မရှိ၊ အကယ်၍ အိပ်မက်ကမ္ဘာကိစ္စသာ အမှန်တကယ် ဖြစ်ခဲ့ပါက လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးများမှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှပြီး လူသားများ၏ တိုးတက်မှုကို အလွန်အမင်း တွန်းအားပေးနိုင်မည်မှာ အသေအချာပင် ဖြစ်လေသည်။
အချိန်အတိုင်းအတာ တစ်ခုသာ ပေးလိုက်ပါက လူသားမျိုးနွယ်ထဲမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ မည်မျှပင် ထွက်ပေါ်လာမည်ကို မသိနိုင်တော့ပေ။
"သေချာပေါက် အစစ်အမှန်ပေါ့..."
"အိပ်မက်ကမ္ဘာရဲ့ စွမ်းအားက အဲဒီလောက်အထိ အံ့မခန်း ဖြစ်နေတာပဲ..."
ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်တော့၏။