အခန်း ၂
Vol. 1 Ch. 2
ဒွိဟချစ်သံယောဇဉ်:
Chapter 2-မုန့်ကုကိုလိုက်ခြင်း
ချန်းရို့ယွီနဲ့မုန့်ကုက သူမရဲ့ သူငယ်ချင်းကောင်း ကောင်းယွီလန်ကြောင့် တွေ့ဆုံခဲ့တာဖြစ်သည်။မုန့်ကုက ကောင်းယွီလန်ရဲ့ခင်ပွန်း ရင်းဇယ်ရဲ့ သူငယ်ချင်းဖြစ်သည်။တစ်ရက်မှာ ရင်းဇယ်နဲ့သူ့သူငယ်ချင်းက ရန်ပွဲထဲပါသွားပြီး မုန့်ကုအလုပ်လုပ်နေတဲ့ ဆေးရုံဆီရောက်လာခဲ့ကာ သူတို့ရဲ့ဒဏ်ရာတွေ ကုသပေးဖို့အတွက် ပြင်ပလူနာဆရာဝန်ကို ရှာဖွေခဲ့သည်။ချန်းရို့ယွီက သူတို့နောက်ကို လိုက်သွားခဲ့ပြီး သူ့နာမည် ဒါမှမဟုတ် အကျင့်စရိုက်က ဘာပဲဖြစ်ဖြစ် ဆရာဝန်တစ်ယောက်နဲ့ နည်းနည်းမှမတူတဲ့ ဒီဒေါက်တာမုန့်ကုနဲ့ ဆုံခဲ့သည်။
သူ့အဖေရဲ့မျိူးရိုးနာမည်က "မုန့်" ဖြစ်ပြီး သူ့အမေရဲ့ မျိုးရိုးနာမည်က "ကု" ဖြစ်တာကြောင့် သူ့နာမည်က မုန့်ကုဖြစ်ကြောင်း ပြောပြခဲ့သည်။
ချန်းရို့ယွီက ဒါကိုကြားတဲ့အချိန် သူမ ရယ်ချင်သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ မုန့်ကုဆိုတဲ့နာမည်နဲ့ လူတစ်ယောက်ကလည်း ဆရာဝန်ဖြစ်လာနိုင်လို့ပဲ။
သူ့နာမည်ကို ပေါင်းစပ်ပြီးတော့ သူ့ကို ဒေါက်တာမုန့်ကုလို့ခေါ်တယ်(တရုတ်မှာ ၎င်းက မွန်ဂိုလီယန်ဆရာဝန်လို့ အဓိပ္ပာယ်ရသည်) ဆရာဝန်တစ်ယောက်က ဒီလိုနာမည်မျိုးနဲ့ဆိုတာ ကံဆိုးတာပဲ မဟုတ်ဘူးလား?
(တရုတ်သမိုင်းတွင် မုန့်ကုက နောက်ပိုင်း jinမင်းဆက်၏ တည်ထောင်သူ Nurhachi၏ဇနီးဖြစ်သည်။သူမက 1575ခုနစ်တွင် မွေးဖွားခဲ့ပြီး အသက်28နှစ်အရွယ် 1603ခုနစ်တွင် ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးခဲ့သည်)
ဒီမွန်ဂိုလီယန်ဒေါက်တာအပေါ် သူမရဲ့ ပထမဆုံးအမြင်က ......သူက ချောမောပြီးတော့ ဟာသဉာဏ်ရွှင်တယ်။
သူမက သတ္တိရှိပြီးတော့ ဘာကိုမှဂရုမစိုက်ဘဲနေတတ်ကာ အနည်းငယ်ကြမ်းတမ်းတဲ့ လူဖြစ်တာကြောင့် တက်ကြွပြီးတော့ ရယ်စရာကောင်းတဲ့ ယောကျာ်းတွေကို သဘောကျတယ်။ဒါကြောင့် သူမက နူးညံ့ပြီးတော့အထိခိုက်မခံတဲ့ ယောကျာ်းမျိုးကို စိတ်မဝင်စားပေ။
ဒါပေမယ့် သူမ မှားသွားခဲ့တယ်။တက်ကြွပြီးတော့ ရယ်မောပျော်ရွှင်နေတဲ့လူနဲ့...အရေထူပြီးရိုင်းစိုင်းတဲ့ပါးစပ်ရှိတဲ့လူကို မခွဲခြားနိုင်ခဲ့ဘူး။
အဲ့ဒီအချိန်တုန်းက သူမက အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်ကို ရောက်နေတာဖြစ်သည်။သူမက လက်ထပ်ရမယ့် အသက်အရွယ်ရောက်နေပြီးတော့ ကောင်လေးမရှိကာ နိုင်ငံခြားမှာ တစ်ယောက်တည်း ရုန်းကန်အလုပ်လုပ်နေတာကြောင့် ဂရုစိုက်မှုနဲ့ချစ်ခြင်းမေတ္တာ လိုအပ်ခဲ့သည်။
အဲ့ဒီနောက် သူမ ပြန်ကြည့်မိတဲ့အခါ တစ်ခါတစ်ရံမှာ အဲ့ဒီအရွယ် အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုရရှိဖို့ စိတ်အားထက်သန်ပြီး လွယ်လွယ်ကူကူပဲ အမှားလုပ်မိတယ်ဆိုတာကို သူမဝန်ခံရမယ်။ထိုအချိန်တုန်းက သူမလည်း ဒီလိုမျိုး ဖြစ်ခဲ့တာပဲ။
သူမက သူ့ရဲ့ မယဉ်ကျေးတဲ့ပါးစပ်ကို ဟာသအဖြစ် မှတ်ယူခဲ့ခြင်းကနေ မှားယွင်းသွားခဲ့ပြီး သူမရဲ့ဘဝက အဲ့ဒီအမှားကြောင့် ပုံသွင်းခံခဲ့ရသည်။
ထိုအချိန်တုန်းက သူမမှာ ရွေးချယ်စရာ လူနှစ်ယောက်ရှိခဲ့တယ်။တစ်ယောက်က ရင်းဇယ်ရဲ့ သူငယ်ချင်းကောင်း လဲ့ဖုန်းဖြစ်ပြီး သူက ရဲတစ်ယောက်ဖြစ်ကာ တည်ငြိမ်တယ်၊ရက်ရောတယ်၊ယဉ်ကျေးပြီးတော့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်တယ်။အခြားတစ်ယောက်ကတော့ မွန်ဂိုလီယန် ဆရာဝန် မုန့်ကုပဲ။
၎င်းက ရွေးချယ်စရာနှစ်ခုလို့ပြောပေမယ့် တစ်ကယ်တော့ ချန်းရို့ယွီက အခြားတစ်ယောက်နဲ့ မြင်မြင်ချင်း ချစ်မိသွားတာ မဟုတ်ခဲ့ပေ။ထိုအချိန်တုန်းက သူမက အရည်အသွေးကောင်းတဲ့ ယောကျာ်းနှစ်ယောက်ကို တစ်ပြိုင်နက် တွေ့ခဲ့တာသာ ဖြစ်သည်။သူမက သူမစိတ်ထဲ အမဲလိုက်တဲ့ခံစားချက်ကို ချုပ်နှောင်ထားပြီး ပြတ်သားစွာ မဆုံးဖြတ်နိုင်ခဲ့ပေ။ဒါက သာမန်မိန်းမတစ်ယောက်ရဲ့ ပြဿနာတစ်ခုပဲ။သူမမှာ ပြဿနာတွေ အများကြီးရှိပြီးတော့ သူမက အရမ်းသာမန်ဆန်တဲ့ အမျိုးသမီးတစ်ဉီးဆိုတာ ဝန်ခံတယ်။
အတိုချုပ်ပြောရရင် ထိုအချိန်တုန်းက ဘယ်သူ့ကို ရွေးချယ်သင့်လဲဆိုတာ မသိခဲ့ဘူး။ဒါကြောင့် သူမ နောက်ထပ် အမှားတစ်ခု လုပ်ခဲ့မိတယ်။သူမက သူမရဲ့သူငယ်ချင်း ကောင်းယွီလန်ကို အကူအညီတောင်းပြီး ရင်းဇယ်ဆီကနေ အဲ့ဒီအမျိုးသားနှစ်ယောက်ရဲ့ အချက်အလက်တွေ တောင်းခဲ့တယ်။သူမက သူတို့တွေက ဆင်ဂယ်လား၊သူတို့ရဲ့ စိတ်ဝင်စားတဲ့အရာတွေ၊ဝါသနာတွေ အစရှိတာတွေကိုသာ သိချင်ခဲ့တာဖြစ်သည်။လက်တွေ့ကျပြီး ခေတ်မှီတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒါက ပိုပြီးလုံခြုံမယ်လို့ ခံစားရပြီး အချက်အလက်တွေသိပြီးမှ သူမဘယ်သူ့ကို လိုက်မလဲဆိုတာ ဆုံးဖြတ်တာပိုကောင်းတယ်လို့ တွေးခဲ့တာဖြစ်တယ်။
ဟုတ်တယ် သူမက အစပြုတဲ့လူဖြစ်ရတာကို ဂရုမစိုက်ဘူး။သူမက အမျိုးသမီးဝါဒီသမားမဟုတ်သလို မေးခွန်းတွေမထုတ်ဘဲ နာခံတတ်တဲ့ အားနည်းတဲ့အမျိုးသမီးလည်း မဟုတ်ပေ။သူမက ယောကျာ်းတစ်ယောက်နဲ ကောင်းမွန်တဲ့ အချစ်ရေးရှိပြီးတော့ အလုပ်ကောင်းကောင်းတစ်ခုရှိကာ အေးချမ်းတဲ့နေ့ရက်တွေနဲ့ပဲနေထိုင်ချင်တဲ့ သာမန်အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။
သူမက ပြည့်စုံတဲ့ဘဝတစ်ခုနေရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီး သူမအလုပ်ကို ကြိုးကြိုးစားစားလုပ်တာကြောင့် ပါတနာရှာဖို့အတွက် သူမကအရင် စတင်ရတာကို ဂရုမစိုက်ပေ။
ဒါကြောင့် လဲ့ဖုန်းမှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာ သိပြီးတဲ့နောက် ချန်းရို့ယွီက အလိုအလျောက်ပဲ မုန့်ကုက သူမရဲ့ ပစ်မှတ်ဖြစ်လာခဲ့သည်။
ဒါက သူမလုပ်ခဲ့တဲ့ အကြီးမားဆုံး အမှားတစ်ခုပဲ။
အမှားတစ်ခုကနေ နောက်ထပ်အမှားတစ်ခု လိုက်လာခဲ့တယ်။
သူမက မုန့်ကုရဲ့ ပထမဆုံးထင်မြင်ချက်ကို ယုံကြည်ခြင်းဖြင့် အမှားတစ်ခု ကျူးလွန်မိခဲ့သည်။သူမက ဒီမုန်းစရာကောင်းတဲ့ယောကျာ်းရဲ့ ပုံစံအစစ်အမှန်ကို လုံးဝမသိခဲ့တာကြောင့် အနာဂတ်မှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပြီး သူမအတွက် ကံဆိုးမှုတွေ ဖြစ်စေခဲ့သည်။
ရင်းဇယ်က သူမ ယောကျာ်းနှစ်ယောက်ကို တစ်ပြိုင်တည်း စိတ်ဝင်စားနေတယ်ဆိုတာ သိသွားတဲ့အချိန်ကတည်းက မုန့်ကုလည်း သိတယ်လို့ အဓိပ္ပာယ်ရသည်။ဒါကြောင့် မုန့်ကုက သူမကို လှောင်ရယ်ဖို့အတွက် ဒီကိစ္စကို အသုံးချခဲ့သည်။
သူမရဲ့ အကြီးမားဆုံး အမှားက မှားယွင်းတဲ့ပစ်မှတ်ထားမိပြီး မှားယွင်းတဲ့ဦးတည်ချက်ကို ပြေးခဲ့မိတာပဲဖြစ်တယ်။နောက်ကျ သူမနောက်ပြန်ဆုတ်ချင်တဲ့အချိန်မှာ ၎င်းက အတော်လေး နောက်ကျသွားပြီ ဖြစ်တယ်။
ချန်းရို့ယွီက စဉ်းတီတုံးပေါ်က လှီးထားတဲ့ ကြက်သွန်မြိတ်တွေကို ကြည့်လိုက်သည်။အဲ့ဒီနောက် သူမ ကြက်သွန်မြိတ်တွေ မလှီးဖြတ်ခင် ဆေးဖို့မေ့သွားတယ်ဆိုတာ သတိရသွားသည်။သူမ ဝယ်လာတဲ့အချိန်တုန်းက ကြက်သွန်မြိတ်တွေမှာ ရွှံတွေကပ်နေတာကို သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြောင်းကိုလည်း သတိရသွားသည်။
အခု ဘာလုပ်ကြမလဲ?
ဒီညစ်ပတ်တဲ့ အစားအစာကို စားပြီးတော့ သူနေမကောင်းဖြစ်မှာ မဟုတ်ဘူးဆိုတာ ဘယ်လောက်သေချာလဲ?ဒါပေမယ့် လူနာတစ်ယောက်အတွက် ဒါက တကယ့်ကို ပြဿနာမဟုတ်ဘူးလား?
ချန်းရို့ယွီ တွေဝေသွားတယ်။ကြက်သွန်မြိတ်တွေအားလုံးကို လွှင့်ပစ်လိုက်ရမလား?ဒါပေမယ့် မုန့်ကုက ကြက်သွန်မြိတ်စားရတာ ကြိုက်တယ်။ကြက်သွန်မြိတ်မပါတဲ့ အသားဆန်ပြုတ်က အနံ့မွှေးတော့မှာ မဟုတ်ဘူး။
သူမရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားပြီး တွေဝေနေခဲ့သည်။ဒါက ကိစ္စအသေးလေးဆိုတာ သိသာနေတာကို သူမက ဘာလို့ တွေဝေတွန့်ဆုတ်နေရတာလဲ?
သူမ ခေါင်းတွေပူလာပြီးတော့ ဇလုံးတစ်လုံးယူကာ ၎င်းထဲကို ရေဖြည့်လိုက်ပြီး အဲ့ဒီနောက် ကြက်သွန်မြိတ်တွေအားလုံးကို ဇလုံထဲ ထည့်လိုက်သည်။အနည်းဆုံးတော့ ၎င်းက သူမ ကြက်သွန်မြိတ်တွေကို ရေဆေးတယ်လို့ မှတ်ယူလို့ ရတယ်လေ။ကြက်သွန်မြိတ်တွေက ရေထဲနစ်မြုပ်သွားပြီး အညစ်အကြေးတွေက အောက်ခြေအထိနစ်မြှုပ်သွားပြီးတဲ့နောက် သူမလက်တွေသုံးကာ ကြက်သွန်မြိတ်တွေကို ဆယ်လိုက်သည်။
မိုက်မဲလိုက်တာ!
သူမက ဇလုံကို တစ်ချက်ရိုက်လိုက်ပြီး သူမအရမ်းနာခံနေတာကို နောင်တရမိတယ်။
သူမက သူနဲ့ ဒေါသထွက်နေတုန်းဖြစ်ပြီး သူ့ကို လျစ်လျှုရှုဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် သူ့ဆီက ဖုန်းလေးတစ်ကောနဲ့တင် သူမက သူ့ဆီ ရောက်လာခဲ့တယ်။
တကယ်တော့ ဒါတွေအားလုံး ဘယ်လိုဖြစ်သွားတာလဲ?သူမက စားပွဲခုံပေါ်မှီပြီးတော့ မီးဖိုပေါ်က ဆန်ပြုတ်အိုးကို စိုက်ကြည့်ကာ လေးလေးနက်နက် တွေးလိုက်တယ်။
အစတုန်းက သူမ မုန့်ကုကို လိုက်ဖို့ ဆုံးဖြတ်ချက်ချဲ့တဲ့အချိန်တုန်းက ၎င်းအတွက် အလေးအနက်ထားပြီး စီစဉ်ခဲ့သည်။
ပထမအဆင့်မှာ တိုက်ဆိုင်တဲ့ဆုံတွေ့မှုတစ်ခုဖန်တီးပြီး အဲ့ဒီနောက် အပြန်အလှန် နားလည်မှူ တိုးတက်စေရန်အတွက် ရင်းနှီးဖို့ ဖြစ်သည်။
ဒုတိယအဆင့်မှာ သူ့ရဲစိတ်ဝင်စားမှုနဲ့ လိုက်ဖက်အောင်ပြင်ဆင်ပြီး သူ့အချစ်ကို ဖမ်းဆုပ်ဖို့ပဲ ဖြစ်သည်။
တတိယအဆင့်ကတော့ ချဉ်းကပ်မှုကို တည်ငြိမ်အောင်လုပ်ပြီး သူတို့ရဲ့ခံစားချက်တွေကို တစ်စုတစ်စည်းတည်း ပေါင်းစည်းရန်ဖြစ်သည်။
အားလုံးသာ အဆင်ပြေပြေဖြစ်သွားရင် စတုတ္ထအဆင့်က လက်ထပ်စာချုပ်ယူ၊လက်ထပ်ပြီးတော့ ပျော်ရွှင်တဲ့ဘဝကို နေသွားဖို့ပဲဖြစ်သည်။
ပြီးတော့ ၎င်းသာ နည်းနည်းလောက် ပိုပြီးတော့ ချောချောမွေ့မွေ့ဖြစ်သွားရင် ပဉ္စမအဆင့်က ကလေးတစ်ယောက်မွေးဖို့ပဲ ဖြစ်တယ် ပြီးရင် သူမဘဝရဲ့ နေ့စဉ်လိုအပ်ချက်တွေအတွက် စိတ်ပူစရာမလိုတော့ဘူး။
ကြည့်လေ ဒါက ဘဝပဲ။
ဒါပေမယ့် ချန်းရို့ယွီက မုန့်ကုအတွက် သူမလုပ်ထားတဲ့ အစီအစဉ်ထဲက ပထမအဆင့်မှာတင် ကျရှုံးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
မုန့်ကုက အပြင်ဆေးခန်းတွင် တစ်ပတ်မှာတစ်ရက် ဂျူတီရှိပြီးတော့ အခြားအချိန်တွေမှာ ဆေးရုံဆောင်တွေထဲမှာ ဂျူတီရှိတာဖြစ်သည်။သူ့ကို လိုက်ရန်အတွက် ချန်းရို့ယွီက အချိန်ကို တွက်ချက်ခဲ့ပြီး ဖြစ်နိုင်သမျှ လုပ်ဆောင်ခဲ့တယ်။ဖျားနာချင်ယောင်ဆောင်ပြီးတော့ ကုသမှုအတွက် စာရင်းပေးခဲ့တယ်။အဲ့ဒီနောက် သူမရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့အနေနဲ့ သူ့ကို ပန်းတွေ ပို့ခဲ့တယ်။သူနဲ့ဒိတ်ဖို့အတွက် သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကောင်းယွီလန်နဲ့ရင်းဇယ်ရဲ့ နာမည်တွေကို သုံးခဲ့တယ်။
သူမက အရမ်းသိသာပြီးတော့ သူက သူမရဲ့ အဓိပ္ပာယ်ကို သိမယ်လို့ ထင်ခဲ့တာ။ဒါပေမယ့် သူက လက်မခံသလို မငြင်းပယ်ခဲ့ဘူး။သူက ဘာတွေဖြစ်နေလဲဆိုတာ နားမလည်ဘဲနဲ့ ဖြူစင်ပြီးတော့ အန္တရာယ်ကင်းတဲ့အတိုင်းပင်။
ထိုအချိန်တုန်းက ချန်းရို့ယွီက တုံးအခဲ့ပြီးတော့ ဒီလိုဂိမ်းမျိုးမှာ ဝါရင့်တဲ့သူ မဟုတ်ပေ။တကယ်တမ်းပြောရရင် ဒါက သူမ ယောကျာ်းတစ်ယောက်နောက်ကိုလိုက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ဒါကြောင့် ဘာတွေဖြစ်နေလဲဆိုတာ သူမ မသိခဲ့ဘူး။ဖြစ်နိုင်တာက သူမက သူမကိုယ်သူမ မှားယွင်းတဲ့နည်းလမ်းနဲ့ ဖော်ပြမိခဲ့ပုံရပြီး သူက ၎င်းကို လုံးဝ မခံစားခဲ့ပေ။ဒါမှမဟုတ် သူတို့က ကောင်းယွီလန်နဲ့ရင်းဇယ်ရဲ့ ပတ်သက်မှုကြောင့် ဝေးကွာသွားခဲ့ပြီး သူက သူမနဲ့ ချစ်သူတစ်ယောက်လို ဆက်ဆံရေးမျိုး မစဉ်းစားခဲ့တာ ဖြစ်နိုင်သည်။
အတိုချုပ်ပြောရရင် အဲ့ဒီအချိန်တုန်းက ချန်းရို့ယွီက တုံးအခဲ့ပြီးတော့ အနည်းငယ် ရှက်ခဲ့တယ်။သူမက အနည်းငယ် ရှက်ရွံပြီးတော့ သီးသန့်ထားတတ်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မုန့်ကုကို ပြတ်ပြတ်သားသား ဖွင့်မပြောရဲပေ။ဒါပေမယ့် သူမ ပိုပြီးတော့ မချင့်မရဲဖြစ်လေ ပိုပြီးတော့ သတ္တိရှိလာလေ ဖြစ်သည်။နေ့တိုင်း သူမကိုယ်သူမ မုန့်ကုကို ဘယ်လိုဖွင့်ပြောရမလဲဆိုတာ နည်းလမ်းတွေစဉ်းစားနေခဲ့တာ ဆေးရုံက သူနာပြုတွေရဲ့ စကားဝိုင်းကို မကြားမိခင် ရက်အထိဖြစ်သည်။
"နင်ပြောကြည့်လေ အဲ့ဒီ ချန်းရို့ယွီက ဘာလို့ ဒီလောက် အရှက်မရှိရတာလဲ?ဒေါက်တာမုန့်ကုက သူမကို စိတ်မဝင်စားဘူးဆိုတာ အရှင်းကြီးကို တွယ်ကပ်နေသေးတယ်"
"သူမရဲ့ အရည်အချင်းတွေကို အခြေခံလိုက်ရင် ကောင်လေးတစ်ယောက်ရှာဖို့ဆိုတာ မလွယ်ဘူးလေဟယ်။သူမက မလှဘူး။ပြီးတော့ အာမခံရောင်းတာလေ။ဒီလိုပြောရတာကိုက အရမ်းရှက်ဖို့ကောင်းနေပြီ။ငါထင်တာတော့ သူမက ဒေါက်တာမုန့်ကုရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးလို့ သူက လွယ်တဲ့ပစ်မှတ်ဖြစ်သွားတာ။သူမကိုယ်သူမ သူနဲ့လိုက်ဖက်ပါ့မလားဆိုတာကို တစ်ချက်လောက် ပြန်ကြည့်သင့်တယ်"
"ဟုတ်တယ်။ငါထင်တာတော့ ဒေါက်တာမုန့်က သူနာပြုထန်ကို ကြိုက်နေတာပဲ ဖြစ်ရမယ်။သူတို့တွေက ခဏခဏ စကားပြောပြီးတော့ အချင်းချင်း ရယ်မောနေကြတာလေ"
"အဲ့ဒါ ဖြစ်သင့်တာပေါ့ဟ။အဲ့ဒီနေ့တုန်းက သူနာပြုထန်ကလည်း ငါ့ကို ချန်းရို့ယွီအကြောင်း ငြီးတွားပြီး ပြောသေးတယ်။ဒေါက်တာမုန့်က သူမကို တစ်ခုခုပြောလိုက်တာပဲ ဖြစ်ရမယ်။ထားပါတော့လေ ငါက အတင်းအဖျင်းတွေ စိတ်မဝင်စားလို့ပေါ့ မဟုတ်လို့ကတော့ ငါ သေချာပေါက် ချန်းရို့ယွီကို နောက်ထပ်မလာတော့ဖို့ ပြောပစ်တယ်။မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်နောက်ကို လိုက်နေပြီးတော့ အဲ့ဒီယောကျာ်းက အခြားမိန်းမဆီမှာ ခါးခါးသီးသီး ငြီးငြူတာ ရှက်စရာပဲလေ။ကမ္ဘာကြီးရဲ့ ဘယ်နေရာကများ မြက်မရှိဘဲနေလို့လဲ*ဘာအဖုံးပဲဖြစ်ဖြစ် အိုးနဲ့ကိုက်ရမှာပဲလေ*ကိုယ့်ကိုကိုယ် ရှက်ဖို့ကောင်းတဲ့ အခြေအနေကနေ ကယ်တင်ရမယ်ဆိုတာ နားလည်သင့်တယ် မဟုတ်ဘူးလား"
(ကမ္ဘာကြီးရဲ့ဘယ်နေရာမဆို မြက်တွေရှိတယ်ဆိုတာက နေရာတိုင်းမှာ ယောကျာ်းတွေအများကြီးရှိတယ်လို့ ဆိုလိုပါတယ်)
(ဘယ်အဖုံးမဆို အိုးနဲ့အံကိုက်ဖြစ်ရတယ်ဆိုတာက မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့ လိုက်ဖက်တဲ့အဆင့်အတန်းရှိရမယ်)
"မှန်တယ်။ချန်းရို့ယွီ သူ့ကို ဘာပစ္စည်းတွေပဲပေးပေး သူက သိမ်းမထားဘဲနဲ့ တစ်ခြားလူတွေကို ပေးပစ်တာပဲလေ။ငါတော့ ပန်းစည်းကို သူနာပြုထန်ကိုပေးလိုက်ပြီး အဲ့ဒီ ဒူးရင်းချိုချဉ်တွေအားလုံးကို တစ်ခြားသူနာပြုတွေကို ပေးလိုက်တယ်လို့ ထင်တယ်။ငါသာ ချန်းရို့ယွီဆိုရင် နောက်တစ်ကြိမ် ထပ်လာရဲမှာ မဟုတ်ဘူး"
ချန်းရို့ယွီက ထောင့်မှာကျုံ့သွားပြီးတော့ သူမအတွက် သူတို့ရဲ့ အဆုံးမရှိတဲ့ သနားမှူတွေနဲ့ ဝေဖန်တာတွေ အရှက်ခွဲတာတွေကို နားထောင်နေခဲ့တယ်။သူမမှာ အမှန်တကယ်ကို သူတို့ရှေ့လျှောက်သွားဖို့ အင်အားမရှိပေ။သူမရဲ့ အိတ်ကို ဆုပ်ကိုင်လိုက်ပြီး ဒီတစ်ခေါက် သူမဝယ်လာတဲ့ ဒူးရင်းချိုချဉ်တွေကို ကိုင်လိုက်သည်။ဒါက သူမအကြိုက်ဆုံးချိုချဉ်တွေဖြစ်ပြီးတော့ သူမအတွက်တော့ ဒါတွေက အရမ်းတန်ဖိုးရှိတယ်။မုန့်ကု သူမဆီကနေ ချိုချဉ်တွေ လက်ခံလိုက်တဲ့အချိန်တုန်းက သူက ပြုံးနေခဲ့တာကြောင့် သူလည်းပဲ ၎င်းကို ကြိုက်နှစ်သက်တယ်လို့ သူမထင်ခဲ့တာ။ဒါပေမယ့် တကယ့်အမှန်တရားကတော့ သူမကြိုက်ခဲ့ဘူး။
တကယ်တော့ သူမကြိုက်ဘူးဆိုရင်တောင်မှ သူ သူမကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တယ်။သူ ဘာလို့ ဘာမှမပြောခဲ့ရတာလဲ?သူသာ သူမကို မျက်နှာပေးချင်ခဲ့ရင် သူမကို အရိပ်အယောင်အချို့ ပေးခဲ့သင့်တယ် ဒါဆိုရင် သူမ သဘောပေါက်သွားမှာ။ဒါပေမယ့် သူက သူမရှေ့မှာတော့ ဘာမှမပြောခဲ့ဘဲနဲ့ အခြားလူတွေကို ငြီးတွားပြောဆိုခဲ့တယ်။ဒါတွေအားလုံးက ဘာလဲ,
ချန်းရို့ယွီရဲ့ စိတ်က ဗလာဖြစ်သွားပြီး ရှက်ရွံ့ကာ မလှုပ်ရှားနိုင်တော့တဲ့အထိ အလွန် အရှက်ရသွားသည်။။ရုတ်တရက် သူနာပြုတွေရဲ့ စကားဝိုင်းက ရပ်တန့်သွားတာကို သူမ သတိထားမိပြီး မော့ကြည့်လိုက်တဲ့အချိန် သူတို့က လျှောက်လမ်းထောင့်ကို လျှောက်လာပြီး သူမရဲ့ရှေ့မှာ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။
သူနာပြုတွေရဲ့မျက်နှာက မတင်မကျဖြစ်နေခဲ့တယ်။သူတို့တွေ ဒီအမျိုးသမီးအကြောင်းကို အချိန်အကြာကြီး ပြောနေခဲ့ပြီး သူမက အမှန်တကယ်ကို သူတို့နားလေးမှာ ရပ်နေပြီး သူတို့ရဲ့ စကားဝိုင်းကို နားထောင်နေလိမ့်မယ်လို့ မထင်ထားတာ သိသာသည်။ချန်းရို့ယွီရဲ့ မျက်လုံးဝိုင်းကြီးတွေက သူတို့ရဲ့ကျဉ်းမြောင်းတဲ့မျက်လုံးတွေနဲ့ ခဏလောက် ဆုံတွေ့သွားပြီး ချန်းရို့ယွီ အတွေးတွေ စုစည်းလိုက်တဲ့အချိန် သူနာပြုတွေက တစ်ခုခုပြောမလို့ ပြင်လိုက်သည်။သူမမျက်နှာက ကြည့်မကောင်းဘူးဆိုတာ သူမသိတယ်။ဒါပေမယ့် သူမက သူတို့ကို ခေါင်းငြိမ့်ပြပြီး
"ကျေးဇူးတင်ပါတယ်" ဟုပြောကာ လှည့်ထွက်သွားခဲ့သည်။
ကျေးဇူးတင်တာလား?
တကယ်တော့ သူမဘာကြောင့် အဲ့လိုပြောခဲ့မိလဲဆိုတာ မသိပေ။ဘာပဲဖြစ်ဖြစ် သူမ မုန့်ကုကို ထပ်ပြီးတော့ မတွေ့တော့ဘူးလို့ တွေးထားခဲ့သည်။
########