အခန်း ၇
Vol. 1 Ch. 7
ဒွိဟချစ်သံယောဇဉ်:
Chapter 7- In the hospital
ချန်းရို့ယွီ ရှက်သွားပြီးတော့ သူမရဲ့ စကားထဲမှာ အမှားတစ်ခု လုပ်မိသွားတယ်ဆိုတာ သတိထားမိသွားတယ်။ **? သူမ တကယ်ကြီး ပြောတဲ့အဓိပ္ပာယ်က......ညီလေး? ညီငယ်လေး? ဒုတိယညီလေး?.......
သူမရဲ့မျက်နှာ နီရဲလာခဲ့ပြီး သွေးတွေ ယိုစီးကျတော့မယ့်အတိုင်း ခံစားနေရသည်။
ယောကျာ်းခန္ဓာဗေဒရဲ့ အဲ့ဒီအပိုင်းအကြောင်းကို သူမ ဘာလို့ ရှက်စရာကောင်းတဲ့မှတ်ချက် လုပ်ခဲ့ရတာလဲ?မိန်းမတစ်ယောက်ရဲ့သိက္ခာက အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ?အောက်တန်းကျတယ်....အားး.....အရမ်း အောက်တန်းကျတာပဲ!! သူမ နောင်တရနေပြီ။သူမ ဦးနှောက်က အမှန်တကယ် ထိခိုက်ထားတာပဲ။
အဲ့ဒါတွေအကုန်လုံး သူ့အပြစ်ပဲ။သူက ယောကျာ်းတစ်ယောက်ရဲ့သိက္ခာနဲ့ မိန်းမတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို နှိုင်းယှဉ်ပြခဲ့လို့ သူမကလည်း ဆင်တူတဲ့ နှိုင်းယှဉ်ပြမှု လုပ်ခဲ့တာလေ။
မကောင်းတဲ့လူ! သူ သူမကို လှည့်စားခဲ့တာပဲ! သူမက ယဉ်ကျေးတဲ့ လူတစ်ယောက်လေ အဲ့လို မကောင်းတဲ့စကားတွေကို သေချာပေါက် ပြောမှာ မဟုတ်ဘူး။
ချန်းရို့ယွီက ရေနွေးဘူးကို ကောက်ယူ၍ မုန့်ကုကို တွန်းတိုက်ကာ အမြန်ပြေးထွက်သွားသည်။
"ဟေ့ ငါတို့ပြောနေတာ အခုထိ မပြီးသေးဘူး။မင်းမှာ အခြား ဘာဉပမာတွေ ရှိသေးလဲ? ငါ့ကို ပြောလေ!"
မုန့်ကုက သူမနောက်တွင် ကျယ်လောင်စွာ ရယ်မောနေခဲ့သည်
ရယ်တယ်ပေါ့လေ? ဘာ ရယ်စရာ ရှိလို့လဲ?
သူမရဲ့ ခြေထောက်တွေ ဆီသုတ်ထားသကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။သူမ သူ့ဆီကနေ အဝေး.......အဝေးကြီး.....အဝေးကြီး....မှာနေချင်တယ်။
ဒါပေမဲ့ ဘဝမှာ မင်း ကြောက်ရွံ့တဲ့ အချို့ကိစ္စတွေက မင်းဆီကို ရောက်လာကြတယ်။
ချန်းရို့ယွီက သူနဲ့ဝေးဝေး မနေနိုင်ရုံတင်မကဘူး။ဒါပေမဲ့ သူမ ဆေးရုံလည်း တက်ခဲ့ရပြီး သူမရဲ့ တက်ရောက်နေတဲ့ဆရာဝန်က တိုက်ဆိုင်စွာပဲ မုန့်ကုလို့ခေါ်ပါသတဲ့။
ဒီကိစ္စက ဒီလို ဖြစ်တာ ဖြစ်၏။
ချန်းရို့ယွီဆီကနေ အာမခံဝယ်ယူထားတဲ့ သူမရဲ့ ဖောက်သည်က ကားတိုက်မှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည်။အမှန်တော့ အာမခံဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့် လျော်ကြေးရရှိခဲ့ပေမယ့်လည်း ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ပြဿနာအချို့ ရှိနေခဲ့သည်။ယာဉ်တိုက်မှုအတွက် တာဝန်ရှိမှုကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားဘဲ လျော်ကြေးက မျှော်လင့်ထားတာထက် အရမ်းနည်းပါးနေခဲ့သည်။ပေါ်လစီကိုင်ဆောင်ထားတဲ့လူက single parent တစ်ယောက်ဖြစ်ပြီး ချန်းရို့ယွီက သူမရဲ့ဖောက်သည်က သူမကို ယုံကြည်တာကြောင့် သူမဆီကနေ အာမခံဝယ်ခဲ့တယ်လို့ ခံစားရသည်။အခု ပြဿနာရှိလာပြီဆိုမှတော့ သူမ သူ့ကို လာပြီး ကူညီပေးသင့်တာက အမှန်ဖြစ်သည်။ဒါကြောင့် သူမ အပြေးသွားခဲ့ပြီး ကုမ္ပဏီကိုရှာ၊ယာဉ်ထိန်းရဲကိုရှာကာ သက်ဆိုင်ရာဌာနအားလုံးကို ရှာဖွေခဲ့၏။သူမ အမျိုးမျိုးသော လုပ်ငန်းစဉ်များကို ဖြတ်သန်းခဲ့ရပြီး ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ပြီးတဲ့နောက် ဒါတွေအားလုံးက လွယ်ကူတဲ့တာဝန်များ မဟုတ်ချေ။နှစ်ဖက်လုံးက တင်ပြလာတဲ့ တင်ပြချက်တွေက တသမတ်တည်းမရှိသည့်အပြင် အခင်းဖြစ်ပွားရာနေရာတွင် cctv တပ်ဆင်ထားခြင်း မရှိတာကြောင့် ယာဉ်ထိန်းရဲများကလည်း မသေမချာ ဖြစ်နေ၏။
လဝက်ကျော်ကြာ ပြေးလွှားပြီးတဲ့နောက် နောက်ဆုံးမှာတော့ အာရုံစိုက်မှုက ပါဝင်ပတ်သက်တဲ့ အဓိကလူအပေါ်ကို ကျရောက်သွားသည်။ဒါပေမဲ့ ထိုလူက ၎င်းက သူ့အမှားဖြစ်ကြောင်းကို ထက်သန်စွာ ငြင်းပယ်ခဲ့ပြီး ယာဉ်စည်းကမ်းဖောက်ဖျက်၍ သူ့ကို ဝင်တိုက်ခဲ့တာက ချန်းရို့ယွီရဲ့ဖောက်သည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
ချန်းရို့ယွီက အမှန်တရားရရှိရေးအတွက် လုပ်ငန်းစဉ်တွင် ဆိုးဝါးစွာ နာကျင်ခဲ့ရသည်။လူတွေကို အမှန်တရားပြောပြရန်အတွက် သူမ ကြိုးစားနေတဲ့အချိန်မှာပဲ တစ်လျှောက်လုံးပြေးလွှားပြီး သူမရဲ့ခြေထောက် ကျိုးလုနီးပါး ဖြစ်ခဲ့သည်။ပြီးနောက် တိုက်ဆိုင်စွာဖြင့် ဒီရက်အနည်းငယ်အတွင်း သူမရဲ့အမေက သူမကို နေ့တိုင်းဖုန်းခေါ်ပြီးတော့ သူမရဲ့အလုပ်အကြောင်းနဲ့ သူမရဲ့သူငယ်ချင်းတွေအကြောင်းကို မေးမြန်းနေခဲ့သည်။
"ရို့ယွီ အမေ သမီးရဲ့ဦးလေးဆီက ကြားတာတော့ ကုမ္ပဏီကြီးတွေက နှစ်တိုင်းလစာတိုးပေးတယ်ဆို။သမီးရဲ့ကုမ္ပဏီကလည်း ကုမ္ပဏီကြီးဆိုမှတော့ သမီးရဲ့ကုမ္ပဏီလည်း အတူတူပဲ လုပ်လား?သမီးသွားတာ တစ်နှစ်ကျော်သွားပြီလေ၊သမီးလည်း နှစ်တိုးလစာ ရပြီလား?ပြီးတော့လည်း အမေတို့ရဲ့ ဘေးအိမ်က ပညာအရည်အချင်းကောင်းကောင်းမရှိတဲ့ အားယန်ရဲ့သမီးလေ သူ(မ)ရဲ့ ကုမ္ပဏီနဲ့ နှစ်နှစ်လောက် လုပ်ပြီးတော့ အခုတလောမှ မန်နေဂျာအဖြစ် ရာထူးတိုးသွားပြီတဲ့။အမေကလည်း သူတို့ကို သမီးက ကုန်သွယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာလုပ်နေတာဆိုပြီး ပြောလိုက်တယ်။ကုမ္ပဏီကြီးက စီးပွားရေးမန်နေဂျာလေ ဟုတ်တယ်မလား"
ချန်းရို့ယွီရဲ့စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။သူမရဲ့အမေကို သူမ ဘယ်လိုပြောရမလဲ?ဒီလောကရဲ့လိုက်စားမှု........အလုပ်သမားဆယ်ယောက်ရှိတယ်ဆိုရင် ငါးယောက်က မန်နေဂျာတွေပဲ။ငါးယောက်ထဲက သုံးယောက်က မန်နေဂျာအဖြစ် ကြေညာခံထားရပြီး ကျန်နှစ်ယောက်က မန်နေဂျာဖြစ်ချင်ကြတာ။မန်နေဂျာဆိုတဲ့ ခေါင်းစဉ်က တကယ်တော့ တန်ဖိုးမရှိဘူး။
အပြင်ပန်းတွင် လူတော်တော်များများက ကြည့်ကောင်းပြီး လိုက်ဖက်ပေမယ့် လက်တွေ့မှာတော့ သူတို့က ငှားရမ်းထားတဲ့အခန်းတွေမှာ နေကြရပြီး ခေါက်ဆွဲခြောက်ပဲ စားရကာ သူမက သူတို့ထဲက တစ်ယောက်ဖြစ်သည်။ဒါပေမဲ့ သူမရဲ့အမေကို မပြောပြရဲပေ။ဘာကြောင့်လဲဆိုတော့ သူမ ကြောက်တယ်.......သေမတတ်စိတ်အနှောင့်အယှက်ဖြစ်ရမှာကို ကြောက်တယ်။သူမသာ သူမရဲ့အမေဆီကနေ စိတ်အနှောင့်အယှက်ပေးမခံရဘူးဆိုရင် သူမရဲ့အဖေ ဒါမှမဟုတ် ဖြတ်သွားဖြတ်လာ'ဆွေမျိုး' တွေဆီကနေ စိတ်အနှောင့်အယှက်ပေးခံရလိမ့်မယ်။ပြီးတော့ အဲ့ဒီဖြတ်သွားဖြတ်လာ ဆွေမျိုးတွေက သူမနဲ့ပတ်သက်မှုကို ပုံဖော်လို့တောင်မရတဲ့ အခြားဆွေမျိုးတွေကို ခေါ်လာဦးမယ်။
(ဖြတ်သွားဖြတ်လာဆွေမျိုးဆိုတဲ့ အဓိပ္ပာယ်က သူမနဲ့မပတ်သက်ဘူး ဒါပေမဲ့ သူမရဲ့မိဘတွေနဲ့အချိန်အကြာကြီး မိတ်ဆွေဖြစ်လာကြတဲ့လူတွေ ဒါမှမဟုတ် အိမ်နီးနားချင်းတွေကို ပြောတာဖြစ်သည်။ဒီဇာတ်ကွက်မှာ ပြောထားတာက ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေက အတင်းအဖျင်းသမားတွေ ဖြစ်ပြီးတော့ သူတို့နဲ့ ဘာမှမသက်ဆိုင်ရင်တောင်မှ သူတို့က အရာအားလုံးပြောချင်နေကြတယ်လို့ ပြောပြထားတာပါ)
ဒါကြောင့် သူမ နောက်တစ်ကြိမ် ထပ်ပြီး လိမ်ခဲ့သည်။သူမက အာမခံအရောင်းသမားတစ်ဦး မဟုတ်ဘဲ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ အဖြူရောင်ကော်လံ အလုပ်သမားတစ်ဦးဖြစ်သည်။
ဒီလိုအရာမျိုးက ချန်းရို့ယွီ၏ စိတ်ခံစားချက်ကို အလွန်အမင်း ဆိုးဝါးစေခဲ့သည်။သူမအမေရဲ့ ဖုန်းခေါ်ဆိုမှုကို ချလိုက်ပြီးတော့ ကားတိုက်မှုမှာပါဝင်တဲ့ တစ်ဖက်လူရဲ့ အိမ်အပြင်ဘက်တွင် မပျော်ရွှင်စွာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
သူမကိုယ်သူမ အရမ်း ဒေါသထွက်နေတယ်။လူလိမ်! ဒီလိုဘဝမျိုးက ဘာအသုံးဝင်လို့လဲ? သူမက ကားတိုက်မှုမှာ တာဝန်မယူချင်တဲ့ တစ်ဖက်လူကိုလည်း စိတ်တိုနေတယ်။သူက အမှန်အတိုင်းမပြောဘူး တစ်ချိန်တည်းမှာပဲ အခြားလူတွေကို နာကျင်စေခဲ့ပြီး ပိုက်ဆံလည်း ဆုံးရှုံးစေခဲ့တယ်။သူ့မှာ အသိတရားရော ရှိရဲ့လား?
ချန်းရို့ယွီရဲ့စိတ်ကို မှုန်ဝါးစေတဲ့ နေမင်းကြီးကြောင့် ဖြစ်နိုင်တယ် ဒါမှမဟုတ် သူမရဲ့လုပ်ရပ်တွေကို နှိုးဆွခဲ့တဲ့ သူမအမေရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ဖြစ်နိုင်တယ်။ဒါ့အပြင် နဂိုတုန်းက ချန်းရို့ယွီက တစ်ဖက်လူကို ကောင်းကောင်းမွန်မွန် စကားပြောပြီးတော့ အမှန်တရားကို သက်သေအဖြင့် တိတ်တဆိတ် အသံသွင်းရန် စီစဉ်ထားခဲ့သည်။စကားဝိုင်းကို အမှန်တကယ် အသံသွင်းထားခဲ့ပြီး သူမက တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပစ်သည်။
တစ်ဖက်လူက သူ့ရဲ့သူငယ်ချင်း ယောကျာ်းကြီးနှစ်ယောက်နှင့် ရှိနေသည်။နဂိုကတည်းက သူတို့က ယဉ်ကျေးတဲ့လူတွေ မဟုတ်ကြဘဲ ချန်းရို့ယွီက သူတို့ဆီကနေ တွန်းတိုက်ခြင်းခံရ၏။ဆူပူကြိမ်းမောင်းခြင်းခံရပြီးတဲ့နောက် သူတို့က ပိုပြီးတော့ စိတ်တိုလာကြပြီး စတင်၍ ရန်မူတော့သည်။သူမရဲ့ စိတ်လှုပ်ရှားမှုများကြားတွင် သတိလက်လွတ်ဖြစ်သွားခဲ့ပြီး ရုန်းရင်းကန်ရင်း သူမရဲ့အိတ်ကပ်ထဲက အသံဖမ်းစက်က အောက်ပြုတ်ကျသွားသည်။သူမ လက်ပူးလက်ကြပ် ဖမ်းမိခံလိုက်ရပြီး အခြေအနေက ပိုပြီးတော့တောင် အထိန်းအကွပ်မဲ့လာခဲ့သည်။
တစ်ဖက်လူက အသံဖမ်းစက်ကို ဆွဲယူချင်ပေမယ့် သူမက ၎င်းကို ကာကွယ်ချင်တယ်။ဒါကြောင့် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သူမက ယောကျာ်းကြီးနှစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။
၎င်းက အမှန်တကယ် တိုက်ခိုက်မှုပင်။
ပြီးတော့ သူမ အရိုက်ခံလိုက်ရတယ်!
ချန်းရို့ယွီရဲ့ နောက်ဆုံးအသိစိတ်တွင် သူမက mp3အသံဖမ်းစက်ကို သူမရဲ့လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး ၎င်းကို သူမရင်ဘတ်ရှေ့တွင် ဆုပ်ကိုင်ထားခဲ့သည်။သူမ ကြမ်းပြင်ပေါ်လဲကျသွားပြီး အသံဖမ်းစက်ကို ကာကွယ်ရန်အတွက် ပုစွန်ခြောက်လေးလို ဝပ်နေခဲ့သည်။သူတို့က သူမရဲ့လက်မောင်းကို ဆွဲ၍ သူမရဲ့ ဗိုက်ကို ကန်ကြပြီး သူမ အလွန်အမင်း နာကျင်မှုကို ခံစားရသည်။အဝေးကနေ တစ်စုံတစ်ယောက်က အော်ပြီးတော့
"မင်းတို့ ဘာလုပ်နေကြတာလဲ! ရပ်ကြစမ်း ! ငါ ရဲခေါ်ပြီးသွားပြီ"
သူမ အနည်းငယ် မှိန်းမောနေခဲ့ပြီး အလွန်ကြောက်ရွံ့၏။သူမ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ အရိုက်မခံရဖူးပေ။သူမ ငိုချင်နေပေမယ့် သူမ အဲ့လိုလုပ်နိုင်ပုံ မပေါက်ချေ။အဲ့ဒီနောက် သူမ ရဲကားသံတွေကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က သူမကို ဆေးရုံပို့ရန် ပြောနေသံကြားကာ အဲ့ဒီနောက် နောက်ဆုံး သူမ သတိရလာတဲ့အချိန်တွင် သူမက တကယ်ကြီး ဆေးရုံမှာ ရှိနေသည်။
သူမကို စစ်ဆေးခြင်း၊အဝတ်အစားနဲ့ သူမရဲ့ဒဏ်ရာတွေကိုချုပ်ပြီး ဆေးထိုးရန်အတွက် အရေးပေါ်ခန်းသို့ ပို့ဆောင်ခဲ့ကြသည်။အချိန်အကြာကြီး ကိုင်တွယ်ပြီးတဲ့နောက် သူမ နောက်ဆုံးတွင် အိပ်ပျော်သွားသည်။သူမရဲ့မျက်လုံးတွေ နောက်တစ်ကြိမ် ပြန်ဖွင့်လာတဲ့အချိန် သူမကိုယ်သူမ ဆေးရုံလူနာဆောင်ထဲတွင် ရှိနေတာ သိလိုက်ရသည်။
ရဲတွေရောက်လာကြတယ်၊သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာကြတယ်၊ပြီးတော့ သူမရဲ့ အာမခံဖောက်သည်လည်း ရောက်လာတယ်။ဒီအဖြစ်အပျက်ပြီးတဲ့နောက် အာမခံလျော်ကြေးလုပ်ငန်းစဉ်က ရှေ့ဆက်သွားနေခဲ့ပြီး သူမမျှော်လင့်တဲ့ ဦးတည်ချက်ပင်။သူမကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ယောကျာ်းနှစ်ယောက်ကို ဖမ်းဆီးထားခဲ့ပြီး သူမ ဖမ်းယူခဲ့တဲ့ စကားဝိုင်းက ရှိနေဆဲပင်။သူ့ကိုယ်သူကာကွယ်ရန်အတွက် တစ်ဖက်လူက ကားတိုက်မှုအတွက် တာဝန်ရှိမှုကို
လိုလိုလားလား လက်ခံခဲ့သည်။သူက ချန်းရို့ယွီရဲ့ဆေးရုံစရိတ်နှင့် အခြားသက်ဆိုင်တဲ့ ကုန်ကျစရိတ်တွေကို ပေးဆောင်ဖို့လည်း သဘောတူခဲ့သည်။
ဒီကိစ္စတွေအားလုံးကို သူမ တစ်ခုပြီးတစ်ခု သိခဲ့ရသည်။သူမ ဆေးရုံကို ပထမဆုံး ရောက်လာတဲ့အချိန်တုန်းက သူမရဲ့အခြေအနေက အတော်လေး ပြင်းထန်နေခဲ့ပြီး သူမမှာ အဖျားရှိနေခဲ့သည်။သူမရဲ့လူနာဖော်တွေ ပြောကြားချက်အရ သူမက တစ်ညလုံး အဓိပ္ပာယ်မရှိတာတွေ ပြောနေခဲ့သည်။
၎င်းကို ကြားပြီးတဲ့နောက် ချန်းရို့ယွီ အရမ်းရှက်သွားတယ်။သူမ အရမ်းဆူညံနေခဲ့ပြီးတော့ အခြားလူနာတွေရဲ့ အိပ်စက်မှုကို နှောင့်ယှက်ခဲ့နိုင်တယ်။
လူနာဖော်တစ်ဦးက သူမရဲ့လက်ကို ဝှေ့ရမ်းပြပြီး ပြောလိုက်သည်။
"အဆင်ပြေတယ် ကိစ္စမရှိဘူး။ဆေးရုံမှာ အဲ့ဒါက ပုံမှန်ပဲလေ။အိမ်နဲ့တော့ ဘယ်လိုလုပ် အတူတူဖြစ်ပါ့မလဲ?ဒါပေမဲ့ အဲ့ဒါဆို ရှင်က ဆရာဝန်နဲ့ အသိတွေ ဖြစ်ရမယ်။ဘာလို့လဲဆိုတော့ ကျွန်မ ဒီဆေးရုံမှာ နေတာ ရက်နည်းနည်းကြာနေပြီ။အဲ့ဆရာဝန်က နေ့တိုင်း သူ့ဂျူတီကျတဲ့အချိန်ပဲ ရောက်လာတာ မြင်နေရတာ။ဒါပေမဲ့ ရှင် မနေ့ညက ရောက်လာတော့ သူက အမြဲတမ်း အနားမှာရှိနေပြီး ရှင့်ကို ခဏခဏ လာကြည့်နေတာ"
"အာ......ကျွန်မက အဖျားကြီးပြီးတော့ ပြင်းထန်တဲ့အခြေအနေရှိတာကြောင့် ဖြစ်ပါလိမ့်မယ်။ကျွန်မကို ပြုစုစောင့်ရှောက်မယ့်လူ မရှိတော့ ဂျူတီကျတဲ့ဆရာဝန်က ကျွန်မ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့နေမယ်"
ချန်းရို့ယွီက သူမရဲ့ခေါင်းကို ထိကြည့်လိုက်ပြီး ၎င်းက မူးဝေနေဆဲပင်။မနေ့ညက တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?သူမ ဘာမှ မမှတ်မိဘူး။သူမ ဝိုးတိုးဝါးတား မှတ်မိတာကတော့ သူမက တစ်ယောက်ယောက်ရဲ့လက်ကို ကိုင်ထားပြီး အများကြီး ပြောနေတာပဲ။
"ဟုတ်တယ် ရှင် တကယ်ပဲ အဖျားကြီးနေခဲ့တာ။ကျွန်မကြားတာတော့ အဲ့ဒါက ၃၉ဒီဂရီတောင် ရှိတယ်။သူနာပြုက ရှင့်ကို ဆေးနှစ်လုံးထိုးပေးသွားသေးတယ်"
ချန်းရို့ယွီက ခေါင်းရမ်း၍ ပြောလိုက်သည်။
"ကျွန်မ ဆေးထိုးခံရတာ လုံးဝ မမှတ်မိဘူး"
"ရှင်က ဆရာဝန်ရဲ့လက်ကို ကိုင်ထားပြီးတော့လည်း စကားတွေအများကြီး ပြောသေးတယ်"
အဲ့ဒါ တကယ့်ကို ရှက်စရာကောင်းတယ်။ချန်းရို့ယွီ သက်ပြင်းချလိုက်တယ်။ဒါပေမဲ့ အဖျားကြီးနေတဲ့လူနာက စိတ်ရောဂါရှိနေတဲ့လူနာနဲ့ ဆင်တူတယ်။ဆရာဝန်တစ်ယောက်အဖြစ် သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိလို့ ၎င်းကို ဂရုမစိုက်သင့်ပါဘူး။
"ရှင် ဆရာဝန်ကို သိရမယ် ဟုတ်တယ်မလား"
လူနာဖော်က ဒီကိစ္စအကြောင်းကို ပြောနေတုန်းပင်။
"လိုက်ကာတွေ ချထားပြီး ကျွန်မ သေချာမကြားရပေမယ့် ရှင်က သူ့ကို ဒေါက်တာမုန့်ကုဆိုပြီး ဆက်တိုက်ခေါ်နေတာတော့ ကျွန်မ ကြားတယ်"
ဘယ်လို??? သူမက ဆရာဝန်ကို ထပ်ပြီး စော်ကားမိပြန်ပြီလား???
သူမရဲ့ ပါးစပ်ကိုဖွင့်၍ မျက်လုံးပြူးသွားသည်။
"အဲ့ဒီဆရာဝန်က စိတ်မဆိုးပါဘူးနော်။သူ စိတ်ဆိုးသွားသေးလား"
"ကျွန်မတော့ အဲ့လို မထင်ပါဘူး။ကျွန်မ သူ့အမူအရာကို မတွေ့ရဘူး။သူက ရှင်နဲ့ဆက်တိုက်စကားပြောနေတာပဲ ကြားရတာ။ရှင်က ဒေါက်တာမုန့်.......တစ်ခုခု....တစ်ခုခု ပြောတယ်၊အဲ့နောက် ဒေါက်တာမုန့်ကလည်း ရှင့်ကို ပြန်ဖြေတယ်"
သူမရဲ့ ပါးစပ်ဟသွားပြီး အံ့အားသင့်သွား၏။
"ကျွန်မ သူ့ကို ဒေါက်တာမုန့်လို့ ခေါ်ခဲ့တာလား"
သူမ အဆုံးသတ်ပြီ!!!! သူမ အဓိပ္ပာယ်မရှိလျှောက်ပြောနေတဲ့အချိန်တုန်းက ဘယ်ဆရာဝန်လက်ကို ကိုင်ထားခဲ့လဲဆိုတာ သိချင်နေတာ။သူမ ဘာပြောခဲ့တာလဲ???သူမက အခြားဆရာဝန်တစ်ယောက်ကို မုန့်ကုဆိုပြီး သဘောထားနေခဲ့တာ အရမ်းရှက်ဖို့ကောင်းတာပဲ။ သူမ တကယ်ပဲ ဘာပြောခဲ့တာလဲ!!
ချန်းရို့ယွီက သေသေချာချာ မေးလိုက်ပြီးတော့ လူနာဖော်က ခေါင်းရမ်းပြသည်။
"ရှင် ဘာပြောလိုက်တာလဲဆိုတာ ကျွန်မ သေချာမကြားလိုက်ရဘူး။ကျွန်မလည်း အဲ့ဒီအချိန်တုန်းက နည်းနည်းမှိန်းနေပြီး အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတာ။ရှင် ဒေါက်တာမုန့်ကို မေးလို့ရတယ်လေ။သူ ဒီနေ့ round လှည့်လာမှာ"
"ဒေါက်တာမုန့်ကုကို မေးရမှာလား"
"အင်း ဒေါက်တာမုန့်ကု"
လုံးဝ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ပဲ!! ဒီတစ်ကြိမ်တော့ ချန်းရို့ယွီရဲ့ပါးစပ်က အရမ်းဟသွားပြီး ဘဲဉတစ်လုံးတောင် အဲ့ထဲ ထည့်လို့ရသည်။
"ကျွန်မ တကယ်ပဲ မနေ့ညက ဒေါက်တာမုန့်နဲ့စကားပြောပြီး သူ့လက်ကို ကိုင်ခဲ့တာလား" ဟု သူမ မေးလိုက်သည်။
"ဟုတ်တယ်။မင်းက အဓိပ္ပာယ်မရှိတာတွေကို ဆက်တိုက်ပြောနေခဲ့တာ။မင်း ဘာပြောနေတာလဲဆိုတာ နားလည်ဖို့ ငါအများကြီး ကြိုးစားလိုက်ရတယ်"
ပြန်ဖြေလိုက်တဲ့လူက လူနာဆောင်တံခါးရှေ့မှာ ရပ်နေသည်။
ချန်းရို့ယွီ ရုတ်တရက် သူမခေါင်းကို လှည့်ကြည့်လိုက်ပြီး မုန့်ကုနှင့် အကြည့်ချင်းဆုံသွားသည်။
သူ့ကိုယ်ပေါ်က ကြီးမားတဲ့ အဖြူရောင်ကုတ်အင်္ကျီက သူ့ကိုအလွန်ချောမောစေသည်။
ချန်းရို့ယွီက သတိလစ်သွားတဲ့ပုံစံ ဟန်ဆောင်ချင်ပေမယ့် ထိုအခိုက်အတန့်တွင် မိန်းမသိက္ခာရဲ့မာကျောမှုက သူမမျက်နှာပေါ်မှာရှိတဲ့ အမူအရာကို ခိုင်မာစွာ ထိန်းသိမ်းထားခဲ့သည်။
သူမ အပြစ်မရှိဘူး! သူမ အရမ်း စိတ်အေးလက်အေး ဖြစ်နေတယ်!
မုန့်ကုက ဂျူနီယာဆရာဝန်နှစ်ယောက်နှင့် အထဲဝင်လာခဲ့ပြီး ပုံမှန်စစ်ဆေးမှုနှင့် ရောဂါစမ်းသပ်မှုများ ပြုလုပ်သည်။
သူမရဲ့မျက်လုံးတွေကို ပိတ်ထားလိုက်ပြီး နောက်ဆုံးတော့ သူမရောက်နေတဲ့ အခြေအနေကို သဘောပေါက်သွားတယ်။
သူမ အရမ်းရှက်တယ်။သူမ ကိုယ်ထိလက်ရောက် ကျူးလွန်မှုခံခဲ့ရပြီး ဆေးရုံတက်ခဲ့ရတယ်။ကမ္ဘာကြီးက အရမ်းကောင်းတာပဲ။တာဝန်ကျတဲ့ ဆရာဝန်က ရုပ်ချောပြီးတော့ သူ့နာမည်က မုန့်ကုတဲ့။
သူမ နှုတ်ခမ်းတွေကို ကိုက်လိုက်တယ်။ဒီလို သေချင်တဲ့ခံစားချက်ကို ဘယ်သူက အမှန်တကယ် နားလည်နိုင်မှာလဲ?သူမက အရှင်းကြီးကို သူနဲ့ ပတ်သက်မှုတွေအားလုံး ဖြတ်တောက်ဖို့ စိတ်ဆုံးဖြတ်ထားပြီးပြီလေ။ဒါပေမဲ့ ဘာလို့ သူတို့က ဒီလိုမျိုး ရှက်စရာကောင်းတဲ့အခြေအနေမှာ အမြဲတမ်း တွေ့နေရတာလဲ?
သူမရဲ့ နုနယ်တဲ့ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုက ယောက်ျားတစ်ယောက်ရဲ့......တစ်စုံတစ်ခုလိုပဲ......ရုတ်တရက် အကန်ခံလိုက်ရတယ်.....မဟုတ်ဘူး........မဟုတ်သေးဘူး......သူမက ယဉ်ကျေးတဲ့လူလေ။သူမ သူ့လို ဖြစ်လို့ မရဘူး........မကောင်းတဲ့စကားတွေပြောတာ.......မကောင်းတဲ့ ဉပမာတွေပေးတာ....မဖြစ်ဘူး။
သူမက ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးပဲ။
ချန်းရို့ယွီ ရှက်ပြီးတော့ သူမရဲ့မျက်လုံးတွေပြူးကာ မုန့်ကုကို ကြည့်လိုက်သည်။သူက ကပ်လျက်ကုတင်ပေါ်မှ လူနာအား ဆေးသောက်နည်း ရှင်းပြနေသည်။သူ လှည့်လာတဲ့အချိန် သူမ သူ့ကို ကြည့်နေတာတွေ့တော့ သူမကို ခပ်ဖျော့ဖျော့ ပြုံးပြလာခဲ့သည်။
သူမရဲ့ ခေါင်းကို အဝေးလှည့်ပြီးတော့ သူမကိုယ်သူမ သူမဟာ ယဉ်ကျေးတဲ့လူတစ်ယောက်ဖြစ်ကြောင်း ဖိအားပေးပြောနေခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူမ သူ့ကို နှစ်ချက်လောက် ကန်ပစ်လိုက်ချင်တယ်။
#########################