အခန်း ၁၀
Vol. 1 Ch. 10
ဒွိဟချစ်သံယောဇဉ်:
Chapter 10-ငါ့ကိုညစာလိုက်ကျွေး
ချန်းရို့ယွီ ပျောက်နေတယ်!!!
ချန်းရို့ယွီက ဒီအကြောင်းကို ကောင်းယွီလန် သူမကို ဆေးရုံမှာ ရှာတွေ့ပြီးတဲ့နောက်မှသာလျှင် သိရတာဖြစ်သည်။
မျှော်လင့်ထားသလိုပဲ သူမရဲ့ မွေးရပ်မြေ Cမြို့တွင် ချီနာက အမှန်တကယ်ပဲ သူမ(ချန်းရို့ယွီ)ရဲ့ အကြောင်းတွေကို ထပ်တိုးအချက်အလက်များဖြင့် အရည်ရွှမ်းရွှမ်း ကောလဟာလများ ဖြန့်ခဲ့သည်။ကောလဟာလထဲတွင် သူမကို သေရေးရှင်ရေး အကျပ်အတည်းဖြစ်နေတဲ့ အာမခံအရောင်းသမတစ်ဦးအဖြစ် ပုံဖော်ထားပြီး သူမက အခြားလူတွေကို မျက်နှာလိုမျက်နှာရလုပ်ကာ အကူအညီရရန်အတွက် ဖားနေသည်ဟုလည်း အားလုံးဆီ သတင်းများ ပျံ့နှံ့နေခဲ့သည်။အဖေချန်းနှင့်အမေချန်းတို့က ဒါကို ကြားတဲ့အချိန် သေချာပေါက် အံ့ဩတုန်လှုပ်သွားကြ၏။သူတို့တွေ သူမကို ဖုန်းခေါ်ရန် ကြိုးစားပေမယ့် သူမရဲ့ဖုန်းက ရက်ပေါင်းများစွာ ဆိုင်းငံ့ထားခဲ့သည်။ထို့နောက် ဖုန်းနံပါတ်က ဆက်သွယ်မရတဲ့နံပါတ်ဖြစ်လာခဲ့သည်။ဒါကြောင့် အဖေချန်းနှင့်အမေချန်း ကြောက်လန့်တကြား ဖြစ်သွားကြ၏။
လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့သမီးကို ဆက်သွယ်လို့မရတာကြောင့် သူမသူငယ်ချင်းတွေကို အကူအညီတောင်းခံခဲ့ကြသည်။ထို့နောက် ရန်ရန်က သူမရဲ့တည်နေရာကို သိနိုင်မယ့် နည်းလမ်းပေါင်းများစွာကို စဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ သတ္တိစုကာ ကောင်းယွီလန်ရဲ့ မိသားစုကို ဆက်သွယ်ခဲ့သည်။ ကောင်းမိသားစုဆီကနေ ဖုန်းနံပါတ်ရရှိပြီးတဲ့နောက် သူမ(ရန်ရန်) နောက်ဆုံးတွင် ကောင်းယွီလန်ကို ရှာတွေ့ခဲ့သည်။ရန်ရန်က Aမြို့တွင် နေထိုင်တဲ့နေတဲ့ ကောင်းယွီလန်ကလည်း ချန်းရို့ယွီကို ရှာရန်အတွက် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်၏။
ကောင်းယွီလန်က ထိုသတင်းကို သိရတဲ့အချိန် သူမလည်းပဲ ထိတ်လန့်အံ့ဩသွားသည်။သူမတို့ အချိန်တစ်ခုကြာတဲ့အထိ မတွေ့ဖြစ်ကြပေ။ချန်းရို့ယွီက ဘယ်လိုလုပ် ပျောက်နေရတာလဲ?ဒါကြောင့် ရင်းဇယ်၊လဲ့ဖုန်း နှင့် မုန့်ကုတို့လည်း ဒီသတင်းကို အသိပေးခံလိုက်ရသည်။လူတိုင်းက အဆက်အသွယ်မျိုးစုံကနေ ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ ချန်းရို့ယွီကို ဆေးရုံတွင် တွေ့ရှိခဲ့ကြသည်။
"ငါ ဖုန်းနံပါတ်အသစ် ပြောင်းထားတာ။အားလုံးကို အသိပေးဖို့တောင် အချိန်မရှိလိုက်ဘူး"
ချန်းရို့ယွီ ဒါကို ပြောတဲ့အချိန် သူမ အရမ်း အပြစ်ရှိသလို ခံစားရသည်။အမှန်တော့ သူမက ဒီကိစ္စကို အချိန်အကြာကြီးဆွဲထားခဲ့ပြီး သူမ ဖုန်းနံပါတ်အသစ်တစ်ခုရရန် မဆုံးဖြတ်ခင် သူမရဲ့ကုမ္ပဏီက စိုးရိမ်လာခဲ့သည်။သူတို့က ဖုန်းမရှိဘဲနဲ့ သူမက စီးပွားရေးကို ဘယ်လိုလုပ်ဆောင်မှာလဲဆိုပြီး ပြောခဲ့ကြသည်။သူမ အပြစ်တင်ဆုံးမခံခဲ့ရပြီး နောက်ဆုံးမှာတော့ တမင်အချိန်ဆွဲပြီးတဲ့နောင် ဖုန်းနံပါတ်အသစ်အတွက် မှတ်ပုံတင်ခဲ့သည်။သူမမှာ ဖုန်းမြည်သံကြောက်ရွံ့ခြင်း ရှိနေတာကြောင့် ဖုန်းတစ်လုံး မကိုင်ချင်တဲ့အကြောင်းကို သူတို့ကို မပြောနိုင်ခဲ့ပေ။အဆုံးတွင် သူမ အစာအိမ်ရောဂါဖောက်၍ ဆက်သွယ်ရေးလုပ်ငန်း၏ ဧည့်ခန်းမတွင် လဲကျသွားခဲ့သည်။
(Phone-ring phobia လို့ရေးထားတာပါ။phobiaကျထည့်ရေးရမှာ အဆင်မပြေလို့ သူက မြန်မာလိုဆိုရင် ကြောက်စိတ်လွန်တာမလို့ ကြောက်ရွံ့ခြင်းလို့ပဲ ရေးလိုက်ပါတယ်)
ချန်းရို့ယွီ အလွန်စိတ်မကောင်းဖြစ်မိတယ်။သူမ လူတိုင်းနဲ့အဆက်အသွယ်ဖြတ်လိုက်တာက အလွန်တာဝန်မဲ့ကြောင်း သိပေမယ့်လည်း ဒီလောက်အထိ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်သွားလိမ့်မယ်လို့ သူမ မထင်ခဲ့ပေ။
ဒီကိစ္စက ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့တယ်ဆိုရင်တောင် ၎င်းကို လျစ်လျှူရှုလို့ ရနိုင်သေး၏။ဒါပေမဲ့ ဒီထဲမှာ မုန့်ကုက ပါဝင်ပတ်သက်လာခဲ့ပြီး သူ့ကိုလည်း ရောက်လာစေတာကြောင့် ၎င်းက အမှန်တကယ်ပဲ သူမကို အထူး အနေခက်စေသည်။
ဒီတစ်ခေါက်တော့ သူ့စိတ်ထဲက သူမရဲ့ပုံရိပ်က သေချာပေါက် အဆင့်နှစ်ဆင့်လောက်ပိုပြီး ကျဆင်းသွားပြီ။
မဆင်မခြင်လုပ်တယ်၊ကျိုးကြောင်းမစဉ်းစားတတ်ဘူး၊ကလေးဆန်တယ်၊သားသမီးဝတ်ကင်းမဲ့တယ်၊ဦးနှောက်ထိခိုက်ထားတယ်........အား..........
မုန့်ကုရဲ့ အမူအရာက မကောင်းပေမယ့် ရင်းဇယ် နှင့် ကောင်းယွီလန်၏ ရှေ့တွင် သူမကို ကြမ်းတမ်းတဲ့စကားများ မပြောချေ။သူက ချန်းရို့ယွီရဲ့ဆရာဝန်ကိုသာ သွားရှာ၍ ဆွေးနွေးပြောဆိုခဲ့ပြီး သူ ပြန်ရောက်လာတဲ့အချိန် သူမ ဆေးရုံဆင်းနိုင်ပြီဖြစ်ကြောင်း ချန်းရို့ယွီကို ပြောသည်။
"အစတုန်းက ကျွန်မ ဒီနေ့ ဆရာဝန်ကို မေးတော့ သူက 'မရဘူး' လို့ ပြောတယ်။မနက်ဖြန်အထိ စောင့်ရဦးမယ်တဲ့"
"မင်းက ဆရာဝန်လား၊ငါက ဆရာဝန်လား"
"ဒါပေါ့ ရှင်က ဆရာဝန်လေ"
ချန်းရို့ယွီ သွားဖြီးပြီး ပြုံးပြလိုက်တယ်။သူမ သဘောမတူခဲ့ပေမယ့်လည်း သူမက မှားတဲ့လူလေ။ဒါကြောင့် သူမ အပြစ်ရှိသလို ခံစားရပြီး သူ့ကို ရန်စဖို့ကို အနည်းငယ် ကြောက်လာတယ်။
"ဆရာဝန်နှစ်ယောက်ကြားမှာ ဆေးပညာနဲ့ပတ်သက်တဲ့ စကားဝိုင်းပြောခဲ့ပြီး နိဂုံးအနေနဲ့ကတော့ အဲ့ဒါပဲ။အကယ်၍ မင်း ဆေးရုံမှာ ဆက်နေချင်သေးတယ်ဆိုရင် မင်း ပိုက်ဆံပိုပေးရမယ်။ဒါကြောင့် မင်း ဒီနေ့ ဆေးရုံဆင်းမယ်ဆို ဆင်းလို့ရပြီ။မင်း ဆေးရုံဆင်းချင်ရဲ့လား"
"အင်း....ဆင်းချင်တယ်"
ဒါပေါ့ သူမ ဆင်းချင်တယ်လေ။အခုဆို သူမက အရမ်းဆင်းရဲနေပြီဖြစ်လို့ ငိုချင်နေတာ။သူမ နည်းနည်းလောက် စုနိုင်ရင်လည်း အဲ့ဒါ နည်းနည်း စုမိတာပဲလေ။
ဒါကြောင့် ချန်းရို့ယွီ ဆေးရုံဆင်းလာခဲ့သည်။
မုန့်ကုက ကားမောင်းပြီးတော့ ချန်းရို့ယွီကို လိုက်မပို့ခင် ကောင်းယွီလန်နှင့်ရင်းဇယ်ကို အရင်ဆုံး အိမ်ပြန်ပို့ပေးသည်။
ချန်းရို့ယွီက အလွန်ကြောက်ရွံ့စိတ်လှုပ်ရှားနေခဲ့ပြီး ကောင်းယွီလန်နှင့်ရင်းဇယ်ကို အိမ်ပြန်မပို့ခင် သူမကို အရင်ဆုံးအိမ်ပြန်ပို့ပေးသင့်တယ်ဆိုတဲ့အကြောင်းကို သူ့အား အကြံမပေးရဲပေ။
သူမက ဒီသူငယ်ချင်းတွေကို ပင်ပင်ပန်းပန်း ပြေးလွှားစေခဲ့ပြီး သူမအတွက် စိုးရိမ်ပူပန်စေခဲ့တယ်။သူမ အပြစ်ရှိသလို ခံစားရတယ်။ဒါကြောင့် လမ်းတစ်လျှောက်တွင် သူမ ငြင်းပယ်တဲ့အသံတစ်သံ မထွက်ရဲပေ။
ကံကောင်းစွာဖြင့် ကောင်းယွီလန်က သူမနှင့် တစ်လမ်းလုံး စကားပြောပေးနေခဲ့သည်။အမျိုးသမီးနှစ်ဦးဟာ သူတို့ရဲ့အလုပ်မှာ တိုးတက်စေဖို့အတွက် အလုပ်ကြိုးစားမယ်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။တစ်ဖက်တွင် ရင်းဇယ်က ကောင်းယွီလန်အား လျစ်လျှူမရှုရန် အပြင်းအထန် တောင်းဆိုနေလေသည်။ငယ်ရွယ်တဲ့စုံတွဲက စတင်စကားများကြပြီးတော့ ပရောပရည်လုပ်ကာ ချန်းရို့ယွီကို ပြုံးသွားစေသည်။သူမ ပြုံးနေရင်း နောက်ကြည့်မှန်ထဲတွင် မုန့်ကုနှင့် မတော်တဆ အကြည့်ချင်းဆုံသွားပြီး မသိစိတ်ကနေ အလိုလိုကျုံ့သွားသည်။
အဲ့ဒီနောက် မုန့်ကုက တည်ငြိမ်စွာဖြင့် အကြည့်လွှဲသွားပေမယ့် ချန်းရို့ယွီရဲ့နှလုံးသားကတော့ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေလေတော့သည်။
မုန့်ကုက ကောင်းယွီလန်နှင့်ရင်းဇယ်ကို သူတို့နေရာဆီ လိုက်ပို့ပြီးတဲ့နောက် ကားမမောင်းဘဲ ကားထဲမှာ ထိုင်နေသည်။သူ ဘာစောင့်နေတာလဲဆိုတာ သူမ မေးချင်ပေမယ့် ခဏလောက် စဉ်းစားပြီးတဲ့နောက် သူမ တိတ်တိတ်လေးပဲနေ၍ သူနဲ့စောင့်နေလိုက်၏။
အချိန်တော်ကြာ စောင့်ပြီးတဲ့နောက် မုန့်ကုက ရုတ်တရက် ပြောလာသည်။
"ရှေ့လာထိုင်လေ! ဘာလဲ? မင်းက ငါ့ကို မင်းရဲ့ဒရိုင်ဘာလို့ သဘောထားနေတာလား"
ရုတ်တရက် သူမ သဘောပေါက်ပြီး ရှက်သွားသည်။လျင်မြန်စွာပဲ ကားတံခါးဖွင့်၍ ရှေ့က ခရီးသည်ခုံပေါ် ပြောင်းထိုင်လိုက်သည်။
သူမ ထိုင်ပြီးတော့ အချိန်အကြာကြီး စောင့်ပြီးတဲ့နောက် ဒေါက်တာမုန့်က သူ့ကားကို မရွှေ့သေးပေ။
ချန်းရို့ယွီ အနည်းငယ် မသက်မသာ ခံစားရပြီးတော့ သူ့ကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။သူက သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရပြီး
"မင်းရဲ့ လုံခြုံရေးခါးပတ်ကို မချိတ်တော့ဘူးလား"
"ဟမ်...........အော်........"
လျင်မြန်စွာပဲ လုံခြုံရေးခါးပတ်ကို ချိတ်လိုက်တယ်။
ဒါပေမဲ့ မုန့်ကုက မသွားသေးပေ။သူ့ရဲ့ဖုန်းကို ထုတ်ယူ၍ သူမဆီ ပေးလာခဲ့သည်။
သူမက ဖုန်းကို သံသယဝင်စွာ ကြည့်လိုက်သည်။အဲ့ဒါကို ယူတာက မမှန်ဘူးလို့ ထင်ပေမယ့် မယူတာကလည်း မမှန်ပြန်ဘူး။နောက်ဆုံးမှာတော့ သူမ ပြောလိုက်သည်။
"ကျွန်မမှာ ကျွန်မဖုန်းရှိပါတယ်"
မုန့်ကုက သူမကို စိုက်ကြည့်၍
"ငါ မင်းကို ဖုန်း ပေးနေတာလို့ ပြောမိလို့လား"
သူမ ရှက်သွားပြီး ပြောလိုက်တယ်။
"ဒေါက်တာမုန့်ရဲ့ဖုန်းက တကယ့်ကို တန်ဖိုးကြီးပစ္စည်းပဲနော်"
သူက ဖုန်းပေးလိုက်ပြီး ဘာမှမပြောချေ။သူ ဘာလိုချင်နေတာလဲဆိုတာ သရဲပဲသိလိမ့်မယ်။ဒါကြောင့် သူမက သူ့ကို မြှောက်ပင့်ပြောဆိုတော့သည်။
"ကျေးဇူးပဲ"
မုန့်ကုက စိတ်ကောင်းဝင်နေတာ မဟုတ်ပေ။
"မင်းရဲ့ ဖုန်းနံပါတ်အသစ်ကို ဒီတန်ဖိုးကြီးတဲ့ဖုန်းထဲ ရိုက်ထည့်လိုက်"
"ကျွန်မ ထပ်ပြီးတော့ မပျောက်သွားတော့ပါဘူး"
"ကောင်းတယ် ဒါပေမဲ့ အဲ့ဒါက ငါ မင်းရဲ့ဖုန်းနံပါတ်တောင်းတာနဲ့ ဘာမှမဆိုင်ဘူး"
သူက သူ့ရဲ့ဖုန်းကို သူမပေါင်ပေါ် ချလိုက်သည်။
ချန်းရို့ယွီက နှုတ်ခမ်းကိုက်ပြီးတော့ သူမရဲ့ခေါင်းကိုငုံ့ကာ သူမလက်ထဲက ဖုန်းကို စိုက်ကြည့်နေသည်။အချိန်တော်ကြာပြီးတဲ့နောက် သူမ နောက်ဆုံးတော့ ဝန်ခံလိုက်သည်။
"ဖုန်းနံပါတ်အသစ်အတွက် ကျွန်မ မှတ်ပုံမတင်ရသေးဘူး"
"မင်းရဲ့ဖရဲသီးခေါင်းထဲမှာ တကယ်ပဲ ဘာတွေသိမ်းထားတာလဲ!"
သူ့ရဲ့ ကြမ်းတမ်းတဲ့အပြုအမူက ချန်းရို့ယွီကို ကသိကအောက်ဖြစ်စေပြီးတော့ သူမကို ဒေါသထွက်သွားစေသည်။
"ဦးနှောက်ရှေ့ပိုင်း.........ဦးနှောက်ရှေ့ပိုင်းနဲ့ ဦးနှောက်ပင်စည်"
မုန့်ကုက သူမကို တစ်ချက်ကြည့်၍
"အရမ်းကျွမ်းကျင်တာပဲ"
"ဒါက သာမန်ပါပဲ"
"မင်းရဲ့ သာမန်အသိဉာဏ်ကို အသုံးချပြီးတော့ ကိစ္စတွေလုပ်ရင် အများကြီး ပိုကောင်းတယ်"
မုန့်ကုက ကားစက်နှိုး၍ လျင်မြန်စွာပဲ လမ်းမကြီးပေါ် မောင်းသွားသည်။
ချန်းရို့ယွီက နှုတ်ခမ်းကိုက်၍ ပြန်လည်ငြင်းခုံချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။သူမ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုကို လေ့ကျင့်ရမယ်။အဲ့ဒါဆိုရင် ဘဝမှာ မျှော်လင့်ချက် ရှိနေသေးတယ်။
မုန့်ကုက သူမကို နောက်တစ်ကြိမ် ကြည့်လာခဲ့ပြီး သူမ သူ့ကို ပြန်စိုက်ကြည့်လိုက်ချင်တယ်။သည်းခံရမယ်.........ကိုယ့်ကိုကိုယ်ထိန်းချုပ်......
မုန့်ကု ဆက်သွယ်ရေးရုံးကို ကားမောင်းသွားတာ တွေ့ရတဲ့အချိန် သူမ ကြက်သေ,သေသွားတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှု ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။
"ကျွန်မ......."
သူမ ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာပဲ စူးစူးရဲရဲ စိုက်ကြည့်ခံလိုက်ရသည်။
မုန့်ကုက ကားရပ်၍ သူမဘက်ကို လှည့်ကာ သူမဘက်က တံခါးကို ဖွင့်လိုက်သည်။
"ဆင်း......မင်း ဖုန်းနံပါတ်ကို မှတ်ပုံသွားတင်ချည်။ဆင်ခြေမပေးနဲ့..အချိန်မဆွဲနဲ့။ဆင်းတော့........"
သူမ ကားပေါ်ကနေ ဆင်းပြီးနေပြီဖြစ်ပေမယ့် သူကတော့ သူမကို ဆူနေဆဲပင်။
"မင်းရဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်တာ အဆင်ပြေတယ်။မင်းက မင်းရဲ့မိသားစုနဲ့လည်း အဆက်အသွယ် ဖြတ်ရဲတယ်။မင်းမိဘတွေအကြောင်း စဉ်းစားရဲ့လား? မင်း တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ဆီကနေ ပုန်းချင်တယ်ဆိုရင်တောင် မင်းရဲ့ဖုန်းနံပါတ်ကို ဖျက်ပစ်တာက အသုံးဝင်ရဲ့လား? မင်းက လူကြီးတစ်ယောက် ဖြစ်နေပြီ၊ကလေး မဟုတ်တော့ဘူး။မင်း ဘာတွေတွေးနေတာလဲ? မင်းက ဒီလိုမျိုး နုံအတဲ့ကိစ္စတွေကိုတောင် လုပ်ခဲ့တယ်။မင်း မိသားစုပဲ မင်းကို စိုးရိမ်တာ မဟုတ်ဘူး၊မင်း သူငယ်ချင်းတွေကလည်း စိုးရိမ်နေကြတာ။မင်းက လူတိုင်းကို အရမ်းကြောက်လန့်အောင်လုပ်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ မင်း စိတ်မကောင်းမဖြစ်မိဘူးလား?"
"ကျွန်မ စိတ်မကောင်းလို့ပဲ ဒီနေရာမှာ ရှင့်ရှေ့ရပ်နေပြီးတော့ ရှင် ကျွန်မကို ဆူတာကို စောင့်နေတာလေ။မဟုတ်ရင် ကျွန်မ လှည့်ထွက်သွားတာ ကြာလှပြီ"
သူမရဲ့အသံက တိုးပြီးတော့ ကျယ်လောင်စွာ ထုတ်မပြောရဲပေ။
"မင်း ဘာပြောလိုက်တာလဲ"
"ဘာမှမပြောပါဘူး"
"ချန်း ရို့ ယွီ!"
"ကျွန်မပြောတာက ဒေါက်တာမုန့်က တကယ့်ကို လူကောင်းတစ်ယောက်ပဲလို့။မိဘတွေရဲ့နှလုံးသားရှိတဲ့ ဆရာဝန်တစ်ယောက်ပဲ* အခု ကျွန်မ အမှန်တကယ် နားလည်သွားပြီ"
(မိဘတွေရဲ့နှလုံးသားရှိတဲ့ ဆရာဝန်တစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်က သူ့ရဲ့လူနာတွေကို မိဘတွေက သူတို့ရဲ့ကလေးတွေကို ပြုစုစောင့်ရှောက်သလိုမျိုး ဂရုစိုက်တဲ့ဆရာဝန်တစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်။)
ချန်းရို့ယွီ မော့မကြည့်ရဲပေ။မုန့်ကုက သူမကို ခေါင်းပေါ်ကနေ စိုက်ကြည့်နေတာ ခံစားမိ၏။သူ လုံလုံလောက်လောက် စိုက်ကြည့်ပြီးတဲ့နောက် ဖုန်းကဒ်အသစ် မှတ်ပုံတင်ရန်အတွက် သူမကို ရုံးခန်းသို့ ခေါ်ဆောင်သွားလေသည်။
သူမ ဝန်ဆောင်မှုကောင်တာရှေ့မှာ ရပ်နေပြီးတော့ မုန့်ကုက သူကိုယ်တိုင် လက်ဦးမှုရယူပြီးတော့ သူမအတွက် ဖုန်းနံပါတ်အသစ်တစ်ခု မှတ်ပုံတင်ရန် အရောင်းစာရေးအား ပြောနေသည်ကို နားထောင်နေသည်။သူမ စကားမပြောဘဲ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။အဲ့ဒီနောက် အရောင်းစာရေးကို မျက်နှာချင်းဆိုင်၍ သူမရဲ့ ပိုက်ဆံအိတ်ထဲက 21.50ယွမ်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။အရောင်းစာရေးရဲ့မျက်နှာ တောင့်တင်းသွားပြီး မုန့်ကုကို လှမ်းကြည့်လိုက်သည်။မုန့်ကုလည်းပဲ စကားမပြောဘဲနဲ့ ချန်းရို့ယွီ၏ ရှေ့တွင် ခရက်ဒစ်ကတ်တစ်ကတ် တိတ်တဆိတ် ထုတ်လာခဲ့သည်။
"မင်း ငါ့ကို ဒီပိုက်ဆံ အကြွေးတင်တယ်နော်"
မုန့်ကုက ကြေညာလိုက်သည်။သူမ ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာ မသိတာကြောင့် သူ့ကို ဘယ်လိုတုံ့ပြန်မှုမျိုးမှ မပေးခဲ့ချေ။
နောက်ဆုံးမှာတော့ ဖုန်းနံပါတ်အသစ် မှတ်ပုံတင်ခဲ့ပြီး ဒေါက်တာမုန့်ရဲ့ တန်ဖိုးကြီးလှတဲ့ဖုန်းကလည်း နံပါတ်ကို သိမ်းဆည်းသွား၏။အဲ့ဒီနောက် သူက သူမကို ကားဆီ နောက်တစ်ခါ ခေါ်သွားပြန်သည်။
"မင်း အိမ်ပြန်ရောက်တဲ့အခါကျရင် မင်း မိသားစုကို ဖုန်းခေါ်လိုက်ဦး။နားလည်လား?"
"အမ်း........"
ချန်းရို့ယွီက မျက်နှာအောက်သိုးသိုး ဖြစ်နေသည်။အမှန်တကယ်တော့ သူမ ဒီဖုန်းခေါ်မှုကို အိမ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိချေ။သူမ မိသားစုရဲ့ တုံ့ပြန်မှုကို စဉ်းစားမိပြီးတော့ သူတို့တွေ သူမကို ဗုံးကြဲမှာကို စဉ်းစားမိတဲ့အခါ သူမရဲ့ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားတော့မယ်လို့ ခံစားရ၏။
"မနက်ဖြန်ကျရင် ငါ့ကို ညစာလိုက်ကျွေး။ခြောက်နာရီဆို ဂျူတီပြီးပြီ"
သူမရဲ့မျက်နှာက ချက်ချင်းပဲ စိုးရိမ်ပူပန်မှုကနေ ထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်
"ဘာလဲ? မကျွေးချင်ဘူးလား? စဉ်းစားကြည့်စမ်းပါဦး ငါက မင်းကို ကြင်ကြင်နာနာ ဆက်ဆံပြီးတဲ့နောက် မင်းက ဆေးရုံကနေ ခိုးထွက်သွားတယ်။ငါ ဆရာဝန်လုပ်လာတာ ကြာပြီ။ငါ့လူနာတွေထဲက ဘယ်သူမှ ခိုးမထွက်ဖူးဘူး။မင်းကြောင့် ငါ မျက်နှာပျက်ခဲ့ရတယ်။ရှင်က ကျွန်မရဲ့သူငယ်ချင်းပါလို့ မင်း ပြောခဲ့ပြီးတော့ မင်း သူငယ်ချင်းတွေကို ဒီလိုဆက်ဆံတာလား? အဲ့နောက်ကျတော့ မင်းက ငါဖုန်းခေါ်တာတွေကို မကိုင်ဘူး။မင်း ဘယ်လမ်းမှာ သေသွားလဲဆိုတာတောင် ငါ သိရမှာ မဟုတ်ဘူး။အဲ့ဒီနောက် မင်း ပျောက်သွားပြီး ငါက မင်းကို ကူရှာပေးရသေးတယ်။မင်းဘာသာမင်း တွက်ကြည့်လို့ရပါတယ်။မင်း ငါ့ကို ဘယ်လောက် အကြွေးတင်ထားလဲ? ငါ့ကို ညစာကျွေးရတာက မင်းအတွက် နစ်နာလို့လား?"
ချန်းရို့ယွီက သူမ နစ်နာတယ်လို့ မပြောရဲပေ။ဒါကြောင့်
"ဒေါက်တာမုန့် အခုလောလောဆယ်တော့ ကျွန်မ ဆင်းရဲနေတယ်" ဟု ပြောလိုက်သည်။
"မင်းက ဘာလို့ ဆင်းရဲနေတာလဲ"
"ကျွန်မ ဆေးရုံနှစ်ကြိမ် တက်လိုက်ရပြီး ပိုက်ဆံတွေအများကြီး ကုန်သွားပြီ။ထပ်ပြောရရင် ကျွန်မဖောက်သည်ရဲ့ မတော်တဆမှုကြောင့် ဒီနှစ်လအတွင်း ကျွန်မအာမခံတွေ မရောင်းနိုင်ခဲ့ဘူး။ကျွန်မရဲ့ အခြေခံလစာတောင် မရနိုင်လုနီးပါးပဲ။ကျွန်မမှာ စုထားတာတွေ အများကြီး မရှိဘူး။ပြီးတော့ ကျွန်မ လူတစ်ယောက်ကို အကြွေးတင်နေသေးတယ်။အခု ကျွန်မမှာ တကယ်ပိုက်ဆံမရှိဘူး။ညဆိုရင် ကျွန်မအိမ်ပြန်ရောက်ရင် ခေါက်ဆွဲခြောက်ပဲစားတာ။ကျွန်မ တကယ့်ကို ဆင်းရဲနေတာပါ။ဒါ့အပြင် ကျွန်မ ဖုန်းနံပါတ်အသစ် ပြောင်းထားတာဆိုတော့ ကျွန်မရဲ့ဖောက်သည်တွေ အားလုံးနဲ့ Contact ထဲက လူတွေကို ဆက်သွယ်ရဦးမယ်။ကျွန်မ အရမ်းအလုပ်များနေမှာ"
"ဆင်းရဲတာလား?အလုပ်ရှုပ်တာလား? ဒါတွေအားလုံး မင်းလုပ်ရပ်တွေရဲ့ ရလဒ်ပဲလေ။သနားစရာမကောင်းဘူး"
ချန်းရို့ယွီ သက်ပြင်းချပြီး သူနဲ့ စတင်ဆွေးနွေးသည်။
"ဒါမှမဟုတ် ကျွန်မပိုက်ဆံ ရှိလာတဲ့အချိန်ထိ စောင့်ရင်ရော.....အဲ့ဒီအခါကျရင် ကျွန်မ ဒေါက်တာမုန့်ကို စားကောင်းတာ ဝယ်ကျွေးမယ်လေ"
"မင်းမှာ ပိုက်ဆံရှိလာတဲ့ အချိန်ထိ စောင့်ရမှာပေါ့လေ? ဒီဘဝမှာ မင်းရဲ့မျှော်လင့်ချက် အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ထင်လို့လား?"
"ကျွန်မ........"
ချန်းရို့ယွီ သူ့ကို စိုက်ကြည့်လိုက်တယ်။
ကိုယ့်ကိုကိုယ်ထိန်းချုပ်...........ထိန်းချုပ်ထား.........
"မင်း အိမ်မှာစောင့်နေလိုက်။ငါ မင်းကို မနက်ဖြန် ညနေ၆နာရီကျရင် လာကြိုမယ်"
"ကျွန်မမှာ အစာအိမ်ရောဂါရှိတယ်။ကျွန်မ ဘာမှမစားနိုင်ဘူး။ကျွန်မတို့ နောက်တစ်နေ့ကို ပြောင်းရင်ရော........"
"မင်း စားဖို့မလိုဘူး။မင်းက ငါ့ကို ညစာဖိတ်ကျွေးတာလေ။မင်းရဲ့ဝမ်းဗိုက်က မကောင်းသေးရင် လျှော့စားပေါ့"
သူပြောတာ နားထောင်!! နားထောင်!! သူ ဒီထက်ပိုပြီးတော့ သည်းခံနိုင်ပါ့မလား?
"အဲ့ဒါ.....၆နာရီက လူအရှုပ်ဆုံးအချိန်လေ။ကားပိတ်တာလည်း အဆိုးဆုံးပဲ။ကျွန်မကို လာကြိုတာ ဒေါက်တာမုန့်အတွက် အဆင်မပြေပါဘူး။ကျွန်မတို့ အဲ့ဒါကို ပိတ်ရက်ပြောင်းပြီးတော့ နောက်ကျမှ နောက်ထပ်ချိန်းကြမယ်လေ"
"ကားမောင်းဖို့ အဆင်မပြေတာလား? မင်း အရမ်း ထောက်ထားညှာတာတတ်တယ်ဆိုတာ ငါ မသိခဲ့ဘူး။ကောင်းပြီလေ....အဲ့လိုဆိုရင် မင်း ငါ့ကို လာကြိုလိုက်။စောစောလာပြီးတော့ ၆ နာရီကျရင် လူနာဆောင်ဘေးက ရုံးခန်းမှာ ငါ့ကို စောင့်နေ"
ဒါ သူမကို သတ်နေတာပဲ!!!!!!!
မဟုတ်ဘူး! သူ့ကို သတ်ပစ်!!!!
ဒါ ဘယ်လိုလူမျိုးလဲ?
ချန်းရို့ယွီ စိတ်ဆင်းရဲသွားတယ်။
သူမ ဘာလုပ်သင့်လဲ?သူမ ဒီညစာကို ဘယ်လိုစားရမှာလဲ?
##########################