အခန်း ၁၂
Vol. 2 Ch. 12
ဒွိဟချစ်သံယောဇဉ်:
Chapter 12-စိတ်ခံစားမှုပြဿနာများ
ချန်းရို့ယွီက ပေါင်မုန့်စားပြီးတဲ့နောက် နည်းနည်းလောက် အချိန်ကြာကြာ ထိုင်နေခဲ့ပြီး ထိုအချိန်တွင် ကောင်းကင်က မှောင်နေပြီ ဖြစ်၏။ပန်းခြံဝင်းထဲမှာ ခြင်တွေအများကြီးရှိပြီး သူမကို အကြိမ်ပေါင်းများစွာ အကိုက်ခံထားရသည်။သူမရဲ့နာရီကို ကြည့်လိုက်တဲ့အချိန် ၎င်းက ၇နာရီထိုးလုနီးပါးပင်။
မုန့်ကုက သူမရဲ့မက်ဆေ့ခ်ျကို စာမပြန်သလို သူမကို ဖုန်းခေါ်ခြင်းလည်းမရှိ၊သူမရှေ့ ပေါ်လာခြင်းလည်း မရှိချေ။
ဒီအခြေအနေက သူမနိုင်သွားပြီလို့ ယူဆလို့ရလား?
ချန်းရို့ယွီက ဆေးရုံထဲသို့ ဖြည်းဖြည်းချင်းဝင်၍ အိမ်သာမသွားခင် ပလတ်စတစ်အိတ်နှင့်ရေဘူးအခွံတို့ကို အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့သည်။သူမ ဆေးရုံဂိတ်တံခါးကနေ ထွက်လာပြီးတဲ့နောက် ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။လမ်းတစ်လျှောက်တွင် သူမနှင့် ရင်းနှီးတဲ့မျက်နှာများကို မတွေ့ခဲ့ရပေ။သူမ စိတ်သက်သာသွားပေမယ့် သူမရဲ့စိတ်ခံစားချက်နှင့်ပတ်သက်၍ အနည်းငယ် ရှုပ်ထွေးနေသည်။
သူမ အမှန်တကယ်ပဲ အဲ့ဒီမွန်ဂိုဆရာဝန်ကို ခြောက်လှန့်လိုက်နိုင်လား?အဲ့ဒါဆိုရင် ဒါပြီးတဲ့နောက် သူက သူမကို ပေါ့ပေါ့ပါးပါး ရန်စရဲတော့မှာ မဟုတ်ဘူး ဟုတ်တယ်မလား? သူမက မှန်ကန်တဲ့ဗျူဟာကို အသုံးပြုခဲ့ပြီး ချက်ကောင်းကို ထိုးနှက်ခဲ့တာပဲ။သူမရဲ့ အစီအစဉ်က အရမ်းထိရောက်မှုရှိတယ်၊အရမ်းကျေနပ်ဖို့ကောင်းတယ် ဒါပေမဲ့ သူမက ဘာလို့ ဝမ်းနည်းနေရတာလဲ? သူမမှာ ဘာကိစ္စရှိနေတာလဲ?
သူမ ခဏလောက်စဉ်းစားနေခဲ့ပြီး အဲ့ဒီနောက် သူနာပြုထန်က ရန်စခဲ့လို့ပဲဆိုပြီး ဆုံးဖြတ်လိုက်တယ်။အဲ့ဒါ တကယ်ကတော့ မုန့်ကုဆိုတဲ့ မကောင်းတဲ့လူကြောင့်ပဲ။ယောကျာ်းကြီးတစ်ယောက်ဖြစ်ပြီးတော့ သူမနဲ့ရင်ဆိုင်ဖို့ မိန်းမတစ်ယောက်ကို လွှတ်ခဲ့တယ်။အဲ့ဒါက မထင်မှတ်ထားတာဖြစ်တာကြောင့် သူမ ဒေါသထွက်သွားတာ။
ဒါပေမဲ့ အခု သူမ ဒေါသထွက်မနေဘူး။သူမ ထင်တာ..........အာ.......သူမ ဘာပြောသင့်လဲ? ဆုံးရှုံးသွားတဲ့ခံစားချက် ဒါမှမဟုတ် အရှက်ရတာလား?
သူမ မှန်ကန်တဲ့ဖော်ပြချက်ကို အသုံးပြုခဲ့လား?
သူမ အိမ်ပြန်ရောက်တဲ့အချိန် ချန်းရို့ယွီက အင်တာနက် အသုံးပြုခဲ့သည်။
/ဆုံးရှုံးမှုခံစားမှု/ .....ဒီစကားလုံးတွေက စိတ်ပိုင်းဆိုင်ရာလစ်ဟာမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ဆုံးရှုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ရပြီး
[စိတ်ကျရောဂါ] ဆိုတဲ့ စကားလုံးက စိတ်ပျက်ခြင်း၊စိတ်ထိခိုက်ခြင်း ဒါမှမဟုတ် လုပ်ဆောင်သမျှအရာအားလုံး အချည်းနှီးဖြစ်ခြင်းတို့ကြောင့် ဝမ်းနည်းအားငယ်ပြီး စိတ်ဓာတ်ကျတာဟု ရည်ညွှန်းဖော်ပြထားသည်။
ဒါ ထူးဆန်းတယ်........ချန်းရို့ယွီ မျက်မှောင်ကြုတ်ပြီးတော့ ကွန်ပျူတာမှန်သားပြင်ကို ကြည့်နေလိုက်တယ်။သူမ လစ်ဟာနေတယ်လို့ မခံစားရပါဘူး.....အာ......သူမ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။သူမ အရမ်းကို ငိုချလုနီးပါး ခံစားချက်တွေ တိုးလာတယ်လို့ ခံစားရတယ်။
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့? စိတ်ပျက်ခြင်း? ဘယ်ဟာက ဘယ်ဟာလဲ?
သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့က မွန်ဂိုဆရာဝန်ဆီက မဟုတ်ဘူးလေ။ဒါဆိုရင် သူမက ဘာကိုမျှော်လင့်နေတာလဲ? သိသိသာသာပဲ သူမက ရန်သူကို ရှုံးနိမ့်အောင်လုပ်ခဲ့ပြီးတော့ စစ်ပွဲကို နိုင်ခဲ့တာလေ။
လျန်စီးစီးက ပန်းကန်လုံးကြီးတစ်လုံးဖြင့် အထဲဝင်လာခဲ့ပြီး ချန်းရို့ယွီ ဘေးနားထိုင်ကာ ကွန်ပျူတာမှန်သားပြင်ကို ကြည့်လိုက်သည်။အဲ့ဒီနောက် သူမရဲ့ပါးစပ်ထဲသို့ ပါးစပ်အပြည့် ခေါက်ဆွဲတွေထည့်၍ ဗလုံးဗထွေး ပြောလာသည်။
"ရို့ယွီ နင့်ပုံစံအရဆိုရင် နင်က စိတ်ကျရောဂါဖြစ်နေတာ မဟုတ်ဘူး။နင့်ရဲ့အချစ်ကို ဆုံးရှုံးလိုက်ရတာ"
ချန်းရို့ယွီ တောင့်တင်းသွားပြီး လျင်မြန်စွာပဲ လက်ခါပြလိုက်သည်။
"သွား သွား သွား...နင့်ခေါက်ဆွဲကို စားစမ်းပါ။ငါ့ကို နင့်ခေါက်ဆွဲတွေနဲ့ စင်အောင် မလုပ်နဲ့"
သူမရဲ့အချစ်ကို ဆုံးရှုံးတာလား? သူမရဲ့အချစ်ကို ထပ်ပြီး ဆုံးရှုံးတယ်ပေါ့လေ?
မှားတယ်!မှားတယ်! သူမ အချစ်ကို စွန့်လွှတ်ထားတာ ကြာလှပြီ။
လျန်စီးစီးက သူမရဲ့ခေါက်ဆွဲတွေကို မျိုချလိုက်သည်။ဒီတစ်ခေါက်တော့ သူမရဲ့ ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်သည်။
"ဒါက နင့်အချစ်ကို ဆုံးရှုံးတာ မဟုတ်ဘူးဆိုရင် နောက်ထပ်ရှင်းပြချက်တစ်ခုရှိတယ်......နွေဦးခံစားချက်ပဲ*"
(နွေဦးခံစားချက်ဆိုတာ တစ်စုံတစ်ယောက်အတွက် အချစ်ခံစားချက်ကို ဆိုလိုတာပါ)
ချန်းရို့ယွီ နောက်တစ်ကြိမ် တောင့်တင်းသွားတယ်။ဒါက သူမရဲ့အချစ်ကို ဆုံးရှုံးတာထက် ပိုဆိုးတယ်။
"ရို့ယွီ ဘာကိစ္စရှိလို့လဲ? အခုတလော နင့်ရဲ့အပြုအမူက တကယ့်ကို ထူးဆန်းတယ်။နင့်မှာ အချစ်နဲ့ပတ်သက်ပြီး မေးစရာရှိတယ်ဆိုရင် ငါ့ကိုမေးလို့ရတယ်နော်။ငါ့ရဲ့ အတွေ့အကြုံအရ အချစ်စွယ်စုံကျမ်းကြီးတစ်ခု ရေးဖို့တောင် လုံလောက်တယ်။ငါ သိသမျှ အရာအားလုံး နင့်ကို ပြောပြမယ်။ပြီးရင် ငါ နင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြမှာနော်"
ချန်းရို့ယွီက ပြင်းပြင်းထန်ထန် ခေါင်းရမ်းပြီးတော့
"ငါ့မှာ အချစ်အကြောင်း မေးစရာမရှိဘူး"
"အဲ့လိုလား"
လျန်စီးစီးက အနည်းငယ် စိတ်ပျက်သွားပုံပင်။
"နင့်မှာ စိတ်ခံစားချက်ပြဿနာတွေ ရှိတယ်ဆိုရင်လည်း ငါ့ကိုမေးလို့ရတယ်နော်"
"ငါ့မှာ ဘာစိတ်ခံစားချက် ပြဿနာမှလည်း မရှိဘူး"
သူမရဲ့ခေါင်းကို အဆက်မပြတ် ခါရမ်းနေခဲ့သည်။
"အဲ့ဆိုလည်း ကောင်းပြီလေ"
လျန်စီးစီးက အလွန်စာနာစိတ်ဖြင့် သူမ မထွက်သွားခင် ချန်းရို့ယွီကို အကြာကြီး ကြည့်နေခဲ့သည်။
ချန်းရို့ယွီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။သူမက [စိတ်ကျရောဂါ]ဆိုတဲ့ စကားလုံးတွေကို စိုက်ကြည့်ပြီး သူမရဲ့သွားတွေကို တင်းတင်းစေ့ကာ ကွန်ပျူတာကို ပိတ်လိုက်သည်။
တစ်ညလုံး မုန့်ကုက သူမရဲ့မက်ဆေ့ခ်ျကို စာမပြန်သလို သူမကိုလည်း ဖုန်းပြန်မခေါ်ခဲ့ပေ။ချန်းရို့ယွီက ဒီအကြောင်းကို ဆက်တိုက်စဉ်းစားမိနေပြီး တစ်ချိန်တည်းမှာပဲ အိမ်ကိုဖုန်းခေါ်ဖို့လည်း စဉ်းစားနေခဲ့သည်။သူမ ထပ်ခါ၊ထပ်ခါ စဉ်းစားနေခဲ့ပေမယ့် သူမရဲ့မိသားစုကို ဘယ်လိုစကားပြောရမလဲဆိုတာ မသိပေ။သူမက အိပ်ရာဝင်တဲ့အထိ ဆက်တိုက်စဉ်းစားနေခဲ့ပြီး နောက်ဆုံးမှာတော့ အိမ်ကိုဖုန်းခေါ်ရန် မနက်ဖြန်အထိ စောင့်မယ်ဟု ဆုံးဖြတ်လိုက်သည်။
ညလယ်ခေါင်တွင် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန် ဖုန်းမြည်လာခဲ့သည်။
အိပ်ချင်မူးတူးဖြင့် သူမရဲ့ပတ်ဝန်းကျင်ကို ကောင်းကောင်းသတိထားမိခြင်းမရှိဘဲ မသိစိတ်ကနေ ဖုန်းဆွဲထုတ်၍ ဖုန်းဖြေတဲ့ခလုတ်ကို နှိပ်လိုက်သည်။
"ချန်းရို့ယွီ! မင်းမှာ ဘာပြဿနာရှိနေတာလဲ!"
ဖုန်း၏ အခြားတစ်ဖက်ကနေ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။သူမ ထိတ်လန့်သွားပြီး ချက်ချင်း နိုးလာခဲ့၏။
အိုး....အမေရေ!!! အဲ့ဒီ မုန့်ကုဆိုတဲ့မိစ္ဆာကြီးက သတ်ဖို့အတွက် ဒီရောက်လာပြီ!
"ဒေါက်တာမုန့် ဘာကိစ္စရှိလို့လဲ"
အရင်ဆုံး သူမ မသိချင်ယောင်ဆောင်ရမယ်။
"မင်း ငါ့ဆီကို နောက်ဆုံးပို့ထားတဲ့ မက်ဆေ့ခ်ျက ဘာအဓိပ္ပာယ်လဲ? မြေခွေးဝိညာဉ်က မင်းခန္ဓာကိုယ်ကို ယူသွားလို့လား"
"အာ.....ဘာလဲဟင်? ခဏစောင့်ဦး ကျွန်မအရင်ဆုံး ဘယ်အချိန်ရှိနေပြီလဲဆိုတာ ကြည့်ပါရစေ"
သူမက တန်ပြန်တိုက်ခိုက်မှုများကို စဉ်းစားရန်အတွက် ခဏလောက် အချိန်ဆွဲဖို့ ကြိုးစားသည်။
ဒါပေမဲ့ အချိန်ကို တစ်ချက်လောက် ကြည့်လိုက်တော့......မနက် ၂ နာရီ ၄၅ မိနစ်!!!
နင့် အဖွားပဲဟေ့! တစ်ယောက်ယောက်က ဒါက သူ့ရဲ့ကလဲ့စားချေတဲ့ပုံစံ မဟုတ်ပါဘူးလို့ ပြောရင်တောင် သူမ မယုံဘူး။
"မင်း ဘာလို့အချိန်ကို စိတ်ပူနေတာလဲ? ငါ အရမ်းအလုပ်များနေခဲ့တာ။အခုချိန်ထိ ငါ အသက်ရှူဖို့တောင် အချိန်မရခဲ့ဘူး။ငါ့ရဲ့အစာတောင် အခုထိ မကြေသေးတာကို မင်းမက်ဆေ့ခ်ျကို တွေ့လိုက်ရတယ်။မင်းခေါင်းကို မြည်းကန်သွားလို့လား?"
[သူမက သူ့ကိုတောင် ကျီစယ်ရဲတယ်! သူမက အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ!]
အရမ်းပြင်းထန်တာပဲ!!
ညလယ်ခေါင်ကြီးတွင် ချန်းရို့ယွီ၏ဦးနှောက်က အရမ်းမထက်မြက်တာကြောင့် မုန့်ကုရဲ့ တင်စီးတဲ့အပြုအမူဖြင့် လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။အခုလေးတင် သူမနာရီကြည့်လိုက်တဲ့အချိန်တုန်းက ထွက်လာတဲ့ ဒေါသသေးသေးလေးကိုတောင် ထုတ်မပြရဲပေ။
သူမ တိတ်တိတ်လေးပဲ နေလိုက်တယ်။
"စကားပြောလေ!"
ဖုန်းတစ်ဖက်က မုန့်ကုက ကြမ်းတမ်းစွာ ပြောလာသည်။
"ဒေါက်တာမုန့် အခုက အရမ်းနောက်ကျနေပြီ။ဒီလိုလေးနက်တဲ့ အကြောင်းအရာတွေကို နောက်တစ်ရက်မှ ဆုံပြီးတော့ ဆွေးနွေးကြမယ်လေ။အနားယူကြရအောင်ပါ။ရှင် ဘယ်လိုထင်လဲ?"
"မနက်ဖြန် ငါ ဂျူတီမရှိဘူး။အဲ့ဒါကြောင့် ငါ အိပ်လို့ရတယ်။အခု စကားပြောဖို့ အချိန်ရှိတယ်!"
ကြည့်လေ ဒါ တကယ်ကလဲ့စားချေနေတာပဲ။သူနာပြုထန်က သူ့ကို ဘာပြောလိုက်လို့လဲ?
ချန်းရို့ယွီ တိတ်သွားပြီးတော့ သူမ ဘယ်လိုစကားဆက်ပြောရမလဲဆိုတာ မသိတော့ချေ။ဒါကြောင့် သူမက ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။
"ခဏစောင့်ဦး"
သူမရဲ့ဖုန်းကို ဘေးပစ်ချလိုက်ပြီးတော့ အိမ်တွင်းစီးဖိနပ်စီးကာ လျန်စီးစီးရဲ့အခန်းထဲ ပြေးသွားလိုက်သည်။
"စီးစီး....စီးစီး အခု ငါ နင့်ကိုမေးရမယ့် ခံစားချက်ပြဿနာတစ်ခုရှိနေတယ်"
"အာ.."
လျန်စီးစီးက သူမနိုးလာတဲ့အထိ လှုပ်နှိုးခံလိုက်ရပြီး အိပ်ချင်မူးတူးဖြစ်နေသည်။
"ဘာကြီးလဲ"
"အရေးပေါ်ပဲ! မေးခွန်းက.....ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို ညလယ်ခေါင်မှာ ဖုန်းခေါ်ပြီးတော့ အဲ့ဒီမိန်းကလေး မဖြေနိုင်တဲ့မေးခွန်းတွေမေးတယ်။ပြီးတော့ မိန်းကလေးက သူနဲ့မပတ်သက်ချင်ဘူးဆိုရင် သူ(မ) ဘာလုပ်သင့်လဲ"
"ဖုန်းပိတ်ပြီး အိပ်လိုက်"
လျန်စီးစီးက အလွန်ရိုးရှင်းစွာ ဖြေလိုက်သည်။
ချန်းရို့ယွီ တွန့်ဆုတ်သွားတယ်။
"ဒါပေမဲ့ ငါ ဒီလိုလုပ်လိုက်ရင် အဲ့ဒီယောကျာ်းရဲ့ အမုန်းကို နှိုးဆွမိသွားပြီး သူနဲ့ မလူးသာမလွန့်သာ ပတ်သက်ရလိမ့်မယ်။ငါ နောက်ကျရင် ဘာလုပ်သင့်လဲ?"
"နင် နိုးလာတဲ့အချိန်ကျမှ ဘာလုပ်ရမလဲဆိုတာ စဉ်းစားလေ"
အဲ့ဒါ အဓိပ္ပာယ်ရှိတယ်!
ချန်းရို့ယွီက သူမရဲ့အခန်းထဲ အမြန်ပြန်သွားပြီး သူမရဲ့ဖုန်းကို ညင်သာစွာကောက်ယူကာ နားထောင်လိုက်သည်။မုန့်ကုက တကယ်ကြီး ဖုန်းမချဘဲနဲ့ သူမကို စောင့်နေလေသည်။
အဲ့ဒါ အရမ်းကြောက်ဖို့ကောင်းတယ်။
ဖုန်းကိုပိတ်ပြီး အိပ်လိုက်တော့။
ချန်းရို့ယွီက ပြတ်ပြတ်သားသား လုပ်ဆောင်၍ အရာအားလုံးကို ဖြေရှင်းလိုက်သည်။ကမ္ဘာကြီးက တစ်ဖန်ပြန်ပြီးတော့ တိတ်ဆိတ်သွား၏။
သူမရဲ့ဖုန်းကို ခေါင်းအုံးအောက်ထိုးထည့်၍ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေသည်။သူမ ကောင်းကောင်းလုပ်ခဲ့ပြီးတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။
သူမ ဖုန်းပေါ်တွင် အိပ်နေခဲ့သည်။သူမက အများကြီး စဉ်းစားမနေတော့ဘဲ မကြာခင်မှာပဲ အိပ်ပျော်သွားသည်။
ဒါပေါ့ သတ္တိရှိရှိ ပြုမူတာအတွက် ပေးဆပ်ရမယ့် တန်ကြေးရှိတယ်။
★★★★★★★★★★★★★★★
နောက်နေ့မနက်တွင် ချန်းရို့ယွီ အိပ်ရာကနေထပြီးတော့ အလုပ်သွားရန် ပြင်ဆင်သည်။သူမရဲ့ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာပဲ မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိ၏။
~ငါ့အချစ်လေး! မင်း သေသွားပြီပေါ့! ငါ့ကို လွမ်းဖို့ သတိရနော်!~
ထိုစကားလုံး(၉)လုံး*က မုန့်ကုရဲ့ စူးရှမှုကို ထင်ရှားစေပြီး အာမေဋိတ်(!)ကိုလည်း ထည့်သွင်းထား၏။
(၉လုံးဆိုပေမယ့် မြန်မာလိုဘာသာပြန်တော့ ၉လုံးမက ရှိသွားပါတယ်)
ချန်းရို့ယွီက သူ အံကြိတ်ထားပြီးတော့ သူ့မျက်နှာထက်တွင် လှောင်ပြောင်သရော်မှုရှိနေပုံကို မြင်နိုင်သည်။
"ဝါး......"
(အား မဟုတ်ဘူးနော် သိတယ်မလား ရုတ်တရက် ဝါးဆိုပြီး အော်တာမျိုး)
သူမ ကျယ်လောင်စွာ အော်ဟစ်ပြီးတော့ လက်ထဲက ဖုန်းကို လွှတ်ချလုနီးပါးပင်။
မနေ့ညတုန်းက သူမ သေချာပေါက် အိပ်ငိုက်ပြီးတော့ ခေါင်းထဲမှာ ဝေဝါးနေခဲ့တာ။သူမ ဘာဆက်လုပ်သင့်လဲ?
####################