← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

ဒွိဟချစ်သံယောဇဉ်:

Chapter 13-တွေ့ဆုံပွဲ

ချန်းရို့ယွီ တစ်နေ့လုံး ကြောက်ရွံ့စွာ ဖြတ်သန်းခဲ့ရသည်။အဆုံးတွင် ဘာမှမဖြစ်ခဲ့ပေ။

မွန်ဂိုဆရာဝန်က ရုတ်တရက် ပျောက်ကွယ်သွား၏။မက်ဆေ့ခ်ျမရှိ၊ဖုန်းခေါ်ခြင်းမရှိနှင့် သူက ရုတ်တရက် သူမရှေ့ မပေါ်လာတော့ပေ။ဒါက သူမကို တစ်နေ့လုံး သူမရဲ့ဖုန်းကို ကြည့်စေပြီးတော့ နောက်ဆုံးတစ်ခေါက် သူမရဲ့အိမ်လိပ်စာကို ပေါက်ကြားစေခဲ့တာတွေအကုန်လုံးက အချည်းနှီးပင်။

ဧကန္တ သူ တစ်ညလောက် ကောင်းကောင်းအိပ်ပြီးတော့ အပြစ်ရှိစိတ်ဖြစ်သွားတာများလား?အိပ်ရာကနေ နိုးလာပြီးတဲ့နောက် သူ့အပြုအမူက ရှက်စရာကောင်းပြီး မုန်းစရာကောင်းတယ်ဆိုတာကို သူ သဘောပေါက်တာ‌ကြောင့် သူမနဲ့ စာရင်းမရှင်းဖို့ ဆုံးဖြတ်လိုက်တာလား?

လျန်စီးစီးက မနက်ခင်းတွင် ချန်းရို့ယွီသည် အလုပ်သွားတဲ့အခါ သူမအာရုံပျံ့လွင့်နေပြီး ညဘက်အလုပ်ပြန်လာတဲ့အခါမှာလည်း သူမဟာ မိန်းမောနေပုံပေါက်သည်။နောက်ဆုံးတော့ လျန်းစီးစီးက မနေနိုင်တော့ဘဲ မေးလိုက်၏။

"နင် အခုတလော ဘာဖြစ်နေတာလဲ"

ချန်းရို့ယွီသည် သူမ ဘာ‌ပြောသင့်လဲဆိုတာ အချိန်တော်ကြာ စဉ်းစားနေခဲ့သည်။

"ငါ ရန်မစသင့်တဲ့လူတစ်ယောက်ကို ရန်စမိသွားတယ်"

လျန်စီးစီးက သူမကို ခဏလောက် နက်ရှိုင်းစွာ ကြည့်နေခဲ့ပြီး ပြောလိုက်သည်။

"ရို့ယွီ နင့်ပုံစံက နင်မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုပြီး ငါ့ကိုပြောနေတယ်"

"အာ?"

ဒီလူမှာ ဘယ်လိုမျက်လုံးမျိုးရှိနေတာလဲ? ချန်းရို့ယွီက ခေါင်းရမ်းပြီးတော့

"မဟုတ်ပါဘူးဟ.....မဟုတ်ဘူး ငါ ချစ်မိသွားတာမျိုးမရှိဘူး"

လွန်ခဲ့တဲ့နှစ်8ရာတည်းက သူမ သူ့ကိုချစ်နေတာ ရပ်လိုက်ပြီ။ဟင့်အင်း......အဲ့ဒါမှားတယ်.......ဖြစ်သင့်တာက...သူမ မချစ်မိသွားခင်ထဲက သူမ သူ့ကို ချစ်ဖို့မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ။

"ဒါပေမဲ့ ဒီတစ်ခေါက် နင့်ရဲ့စိုးရိမ်စိတ်က နင့်ကိုရိုက်နှက်ခဲ့တဲ့ လူယုတ်မာနှစ်ယောက်အတွက် ကြောက်စိတ်နဲ့ လုံးဝ မတူဘူးနော်"

အာ......ဟုတ်သားပဲ အဲ့ဒီလူယုတ်မာနှစ်‌ယောက်နဲ့ကိစ္စက အခုထိ မဖြေရှင်းရသေးဘူး။သူမ ဆေးရုံဆင်းလာတာ နှစ်ရက်ရှိပြီဖြစ်ပြီး အဲ့ဒီအ‌ကြောင်းကို မေ့လုနီးပါးပင်။

"အဲ့တော့ နင်ရန်စမိလိုက်တဲ့လူနဲ့ ဆက်ဆံရေးက ဘယ်လိုပတ်သက်မှုလဲ"

ချန်းရို့ယွီသည် ဒီမေးခွန်းအမေးခံလိုက်ရတဲ့အချိန် သူမရဲ့အတွေးတွေကနေ ရုန်းထွက်လာခဲ့၏။သူမက ခဏလောက်စဉ်းစားပြီးတော့ ပြောလိုက်သည်။

"အဲ့ဒါက သူငယ်ချင်းတစ်ယောက်ရဲ့သူငယ်ချင်း။အစတုန်းက ငါတို့မှာ နားလည်မှုလွဲနေတာ ရှိပြီးတော့ ငါတို့နှစ်‌‌ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သဘောမကျကြဘူး။သူက ငါ့ကို ခဏခဏ ပြဿနာဖြစ်စေတယ်။ မဟုတ်ဘူး....သူက ပြဿနာရှာတာတော့ မဟုတ်ဘူးဟာ။ နင်သိပါတယ်........နည်းနည်းလေးတော့ စိတ်တိုစရာကောင်းတယ်ဟာ"

"ငါ မသိဘူးလေ။ငါက ဘာသိရမှာလဲ"

လျန်စီးစီးက ခေါင်းရမ်းလိုက်သည်။

"စီးစီး!"

"အိုင်း..!"

လျန်စီးစီးက သူမကို လေးလေးနက်နက် ဖြေလိုက်သည်။

ချန်းရို့ယွီ အနည်းငယ် ရူးသွပ်သွားတယ်။သူမက မတ်တပ်ရပ်ပြီးတော့ ရှေ့ကို နှစ်လှမ်းတိုး လျှောက်သွားကာ သူမလက်ကို ဝှေ့ရမ်း၍ သူမရဲ့စကားတွေကို ပြန်ပြောင်းပြောလိုက်သည်။

"ဆိုလိုတာက နင့်ကိုအမြဲတမ်း လိုက်နှောင့်ယှက်ပြီးတော့ ရန်စတဲ့လူရှိတယ်ဆိုရင် နင်ဘာလုပ်မလဲ"

"သူက နင့်ကို လိုက်ချင်နေတာလား"

"မဟုတ်ဘူး......လုံးဝ မဟုတ်ဘူး"

"သူက နင့်ကို လိုက်ချင်တာ မဟုတ်ဘူးဆိုရင် နင့်ကို ရန်စတာက ဘာကြောင့်လဲ"

ချန်းရို့ယွီ ကြောင်သွားတယ်။

ဒါက ဘာတွေးခေါ်မှုလဲ?

"နင့်ကို မလိုက်ချင်ဘဲနဲ့ နင့်နားကိုလာပြီး နှောင့်ယှက်တဲ့ယောကျာ်းမျိုး ငါမတွေ့ဖူးဘူး။သူက နေမကောင်းနေတာလည်း မဟုတ်ဘူးလေ"

လျန်စီးစီးရဲ့လေသံက ဆရာတစ်ယောက်အတိုင်းပင်။

"အဲ့တော့ ချန်းရို့ယွီ နင် သေချာရဲ့လား"

ချန်းရို့ယွီ ခေါင်းညိတ်လိုက်၏။

"သူ ငါ့ကို မလိုက်ချင်ဘူးဆိုတာ ‌သေချာတယ်"

"နင်ကရော"

"ဘာကိုလဲ"

"နင်က ဘာကိုစိတ်ပူနေတာလဲ"

သူမက ဘာကိုစိတ်ပူနေတာလဲ? သူမ ပြောပြပြီးပြီလေ မဟုတ်ဘူးလား?

ချန်းရို့ယွီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။သူမက ဘာလို့ စီးစီးကို ရေရေလည်လည် ရှင်းပြဖို့ အခက်အခဲရှိနေရတာလဲ?

လျန်စီးစီးသည် ချန်းရို့ယွီရဲ့ ခေါက်တုံ့ခေါက်ပြန် ယိမ်းထိုးနေတဲ့ပုံရိပ်ကိုကြည့်ကာ အဲ့ဒီနောက် ရုတ်တရက် သူမ စိတ်လှုပ်ရှားလာသည်။

"ရို့ယွီ ရို့ယွီ နင်ကအခု ပျော်ရွှင်စရာကောင်းတဲ့ရန်သူတွေရဲ့ လမ်းကြောင်းကို လျှောက်နေတာလား"(欢喜冤)

(ပျော်စရာကောင်းတဲ့ရန်သူတွေဆိုတာက ခဏခဏ ရန်ဖြစ်ပေမယ့်လည်း ချစ်ခင်နေကြတဲ့ စုံတွဲတွေကို ဆိုလိုပါတယ်)

"ဟမ်?"

ရန်သူတွေဆိုတာက မှန်ပေမယ့် ပျော်ရွှင်စရာကောင်းတာကတော့ သေချာပေါက် မဟုတ်ဘူး။

"ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်၊သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သဘောမကျကြဘူး။နားလည်မှုတွေလွဲပြီး အရှုပ်အထွေးတွေ ဆက်တိုက်ဖြစ်ပြီးသွားတဲ့နောက် သူတို့က နောက်ဆုံးတော့ တစ်ဖက်လူက သူတို့ရဲ့ အချစ်စစ်ဆိုတာ သဘောပေါက်သွားကြတယ်။ဒါက အချစ်ဇာတ်လမ်းတွေထဲမှာဆိုရင် ဖြစ်ရိုးဖြစ်စဉ် နိယာမပဲလေ"

လျန်စီးစီးက သူမရဲ့ပုခုံးကို တွန့်လိုက်ပြီး

"ငါအရင်တုန်းက ဒီလိုရင်ခုန်စရာကောင်းတဲ့ပုံစံနဲ့ အချစ်ရေးနှစ်ခုရှိဖူးတယ်"

"မဟုတ်ဘူး ငါက နူးညံ့ကြင်နာပြီးတော့ ညှာတာတတ်တဲ့ ယောကျာ်းတွေကိုပဲ သဘောကျတာ"

သူမဟာ တက်ကြွပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ယောကျာ်းတွေကြောင့် စိတ်ပျက်ပြီးနေပြီ။နူးညံ့ကြင်နာပြီး ညှာတာတတ်တဲ့ ယောကျာ်းတွေက ပိုပြီးတော့ ယုံကြည်စိတ်ချလို့ရတယ်လို့ သူမ ခံစားမိတယ်။

"သူက သိမ်မွေ့ပြီးတော့ လှတဲ့မိန်းကလေးတွေကိုပဲ သဘောကျတာ"

သူနာပြုထန်လိုမျိုးပေါ့........

လျန်စီးစီးက သုံးစက္ကန့်လောက် တိတ်ဆိတ်သွားပြီး အဲ့ဒီနောက် မေးလာခဲ့သည်။

"သူက ဘယ်လိုယောကျာ်းမျိုးလဲ"

ချန်းရို့ယွီ ခက်ခက်ခဲခဲ စဉ်းစားပြီးတော့ နောက်ဆုံးပြောလိုက်သည်။

"လူမဆန်တဲ့အမျိုးအစားပဲ"

လျန်စီးစီး ခေါင်းညိတ်လိုက်၏။

"သူက တော်တော်ယောကျာ်းဆန်တာပဲ"

ချန်းရို့ယွီရဲ့မျက်နှာမှာ အနက်ရောင်မျဉ်းတွေဖြင့် ပြည့်နှက်သွားတယ်။ဒီအကဲဖြတ်ချက်က ဘယ်လိုဖြစ်လာတာလဲ?

"အကြီး(၅)ခု၊အကြမ်း(၃)ခုလား"

လျန်စီးစီးက ဆက်မေးလိုက်တယ်။

(အကြီး(၅)ခုဆိုတာက ကြီးမားတဲ့ နားရွက်တွေ၊ပုခုံးတွေ၊လက်တွေ၊တင်ပါးနဲ့ ခြေဖဝါးတွေကို ရည်ညွှန်းတာပါ။အကြမ်း(၃)ခုဆိုတာက ထူထဲတဲ့ခြေထောက်၊ခါးနဲ့ လည်ပင်းကို ရည်ညွှန်းတာပါ။အတိုချုပ်ပြောရမယ်ဆိုရင် ဒါက အရပ်ရှည်ပြီးတော့ အလွန်ကြီးထွားသန်မာတဲ့ ယောကျာ်းတစ်ယောက်ကို ရည်ညွှန်းတာပါ)

"မဟုတ်ဘူး အရပ်ရှည်ပြီးဖြောင့်တယ်"

"ချောလား.."

"အမ်....နည်းနည်းလေးပေါ့"

အမှန်တော့ သူမရဲ့စိတ်အောက်ခြေမှာ ချန်းရို့ယွီက မုန့်ကုဟာ အလွန်ချောတယ်လို့ ထင်တယ်။မဟုတ်ရင် သူမက သူ့ကိုလိုက်ဖို့ အရမ်းခေါင်းပူနေခဲ့မှာ မဟုတ်ဘူး။ဒါကို စဉ်းစားမိတော့ သူမ သူ့ကို စွဲလမ်းခဲ့တဲ့ အ‌ကြောင်းရင်းက အမှန်တော့ သူ့ရဲ့ ချောမောတဲ့အသွင်အပြင်ကြောင့်ပဲ။

"ဘာအလုပ်လုပ်တာလဲ"

"ဆရာဝန်"

လျန်စီးစီးက ဆက်တိုက်မေးနေခဲ့ပြီး ချန်းရို့ယွီက အလိုလို ဆက်တိုက်ဖြေနေခဲ့သည်။

"အမ်း......"

လျန်စီးစီးက ငါးစက္ကန့်လောက် စဉ်းစားပြီးတော့

"ရို့ယွီ သူက အရမ်းစိတ်တိုစရာကောင်းတယ်လို့ နင် ထင်တယ် ဟုတ်တယ်မလား"

"မှန်တယ်"

"ဒီကိစ္စက ကိုင်တွယ်ဖို့ လွယ်လွယ်လေးပါ"

"ဘယ်လိုလဲ"

"ငါက သိမ်မွေ့ပြီးတော့လှတဲ့ မိန်းကလေးမျိုးလေ"

လျန်စီးစီးက ရိုးသားမှုအပြည့်ဖြင့် ပြောလိုက်၏။

ချန်းရို့ယွီ အလန့်တကြားဖြစ်သွားတယ်။သူမက လျန်စီးစီးကို ခေါင်းအစခြေအဆုံး ကြည့်လိုက်တယ်။

လျန်စီးစီးက အမှန်တကယ် လှပတဲ့မိန်းကလေးတစ်ယောက်နဲ့တူတယ်။သူမက သူနာပြုထန်လိုမျိုး အရပ်မရှည်ပေမယ့် သူမရဲ့ စိတ်နေစိတ်ထားက သူနာပြုထန်ထက် သိမ်မွေ့ပြီးတော့ လှပတဲ့ မျက်နှာအစိတ်အပိုင်းတွေက မငြင်းပယ်နိုင်ပေ။အဲ့ဒါကြောင့် သူမက အမြဲတမ်း အချစ်ရေးမှာ ကံကောင်းပြီးတော့ အမြဲလိုလို အဆုံးမရှိ ချစ်ကျွမ်းဝင်နေတာ။သူမကသာ ရုပ်ဆိုးတဲ့ မိန်းမတစ်ယောက်ဆိုရင် ဘယ်လိုလုပ် ချစ်ခြင်းမေတ္တာကို ဆွဲဆောင်ဖို့အတွက် ကြုံဆုံတဲ့အခွင့်အရေးတွေ အများကြီး ရှိပါ့မလဲ။

ချန်းရို့ယွီ အနည်းငယ် စိတ်ပျံ့လွင့်နေသည်။လျန်စီးစီးက ဆက်ပြောနေဆဲပင်။

"ငါက ကောင်လေးမရှိတဲ့အချိန်ကို ရောက်နေတာလေ။ပြီးတော့ အသည်းမာပြီး ရုပ်ကလည်းချော၊အရပ်ရှည်ရှည်နဲ့ဖြောင့်တဲ့ဆရာဝန်မျိုးကို ငါအရင်က တစ်ခါမှ မတွဲဖူးဘူး။အဲ့ဒါကြောင့် နင် ငါ့ကို သူနဲ့ မိတ်ဆက်ပေးလိုက်။ငါ သူ့ကို အချစ်နဲ့ ယဉ်ကျေးအောင် လုပ်ပြီးတော့ နင့်ကို ပြဿနာရှာဖို့ အားလပ်ချိန်မရှိအောင် သေချာလေးလုပ်ပေးမယ်"

ချန်းရို့ယွီက သူမရဲ့ပါးစပ်ကို ဖွင့်လိုက်ပြီး အဲ့ဒီနောက် ဒါက သူမစိတ်ကူးထားတဲ့ အစီအစဉ်ရဲ့ ဘောင်အတွင်းမှာ မဟုတ်ဘူးဆိုတာ သေချာသည်။

"ဒါ.....သူက တကယ်ပဲ နေမကောင်းတာများလား"

သူမကို မလိုက်ချင်ဘဲနဲ့ ပြဿနာလည်းပေးတဲ့ ယောကျာ်းက သေချာပေါက် နေမကောင်းတဲ့လူလို့ စီးစီး မပြောခဲ့ဘူးလား?ဒါဟာ ဒီ‌ယောကျာ်းကို စီးစီးနဲ့မိတ်ဆက်‌ပေးရန် သူမရဲ့ငြင်းဆိုမှုအတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ရဲ့လား?

"သူက ဆရာဝန်လေ။သူ့မှာ ဘာရောဂါရှိနိုင်မှာလဲ"

လျန်စီးစီးက သူမရဲ့လက်ကို ရဲရင့်စွာ ဝှေ့ယမ်းပြလိုက်သည်။

"ဆရာဝန်တွေက ကြီးမားတဲ့ စိတ်ဖိစီးမှုအောက်မှာရှိပြီးတော့ တစ်ခါတစ်လေကျရင် သူတို့ရဲ့ စိတ်အခြေအနေ မကောင်းနိုင်ဘူးလေ။ဘယ်သူသိမှာလဲ နင်က သူ့ကို စိတ်တိုအောင်လုပ်မိလို့လည်းဖြစ်နိုင်တာပဲ။နင် စိတ်ချထားလိုက်ပါ။ငါ သူ့စိတ်ကို သိမ်းပိုက်နိုင်လိမ့်မယ်။သူက ဘာလို့ နင်နဲ့စိတ်ဆိုးနေတာလဲဆိုတာ ငါ သူ့ကို မေးလိုက်မယ်။အဲ့ဒါဆိုရင် နင်တို့နှစ်ယောက်လုံး ညှိနှိုင်းပြီးတော့ နင်တို့ရဲ့ အငြိုးအတေးတွေကို ရှင်းလိုက်ရင် နင်လည်း စိတ်အနှောင့်အယှက်ပေးခံရတော့မှာ မဟုတ်ဘူး"

သဘာဝကျစွာဖြင့် အဲ့ဒါက အမှားအယွင်း မရှိပေမယ့် သူမကတော့ တစ်ခုခုမှားနေတယ်လို့ ခံစားနေရဆဲပင်။ချန်းရို့ယွီက သူမရဲ့ နှုတ်ခမ်းတွေကို ကိုက်၍ နက်နက်ရှိုင်းရှိုင်း တွေးနေခဲ့တယ်။တကယ်တော့ ၎င်းက သူမရဲ့ကောင်းကျိုးအတွက်လို့ ထင်ရရင်တောင် အဲ့ဒါကိုလုပ်ရမှာ သူမ မပျော်ဘူး။

"ရိုယွီ အဲ့ဒါကို ဖြေရှင်းပြီးသွားပြီနော်။အခွင့်အရေးတစ်ခုရှာပြီးတော့ ငါတို့တွေ သူနဲ့ဆုံအောင် စီစဉ်လို့ ရနိုင်တယ်။နင်က ငါတို့ကို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ဖို့ ကူညီပေးရုံပဲ။ကျန်တာကို နင်စိတ်ပူစရာမလိုဘူး။ငါ အဲ့ဒါကို ဂရုစိုက်လိုက်မယ်"

'အဲ့ဒါကို ဂရုစိုက်လိုက်မယ်' ဆိုတဲ့ စကားတွေက အလွန်အားကောင်းပေမယ့် ချန်းရို့ယွီကတော့ ထိုခရီးက မှုန်ဝါးဝါးဖြင့် အလွန်အန္တရာယ်များပြီး အသက်အန္တရာယ်ရှိတယ်လို့ ခံစားရသည်။

စီးစီးကို ဘယ်လို ပြန်ဖြေပြီးတော့ ရင်ဆိုင်ရမလဲဆိုတာ သူမ မသိဖြစ်နေတဲ့အချိန်မှာပဲ သူမရဲ့ဖုန်းမြည်လာသည်။ချန်းရို့ယွီက ပြောလိုက်၏။

"ငါ ဖုန်းဖြေလိုက်ဦးမယ်"

အဲ့ဒီနောက် သူမ ထွက်ပြေးလာသည်။

ဖုန်းခေါ်ဆိုမှုက ကောင်းယွီလန်ဆီက ဖြစ်သည်။သူမ ပြောခဲ့တာက လဲ့ဖုန်းရဲ့ စေ့စပ်ထားတဲ့ကောင်မလေး ပြန်ရောက်လာပြီဖြစ်ပြီး ရင်းဇယ်က သူတို့ကို ညစာနှင့်တွေ့ဆုံပွဲအတွက် ဖိတ်ကြားထားသည်။ကောင်းယွီလန်က ချန်းရို့ယွီ သူတို့နဲ့ ပါဝင်ချင်ရဲ့လားဆိုတာ မေးတာဖြစ်သည်။

"ရဲအရာရှိလဲ့ရဲ့ စေ့စပ်ထားတဲ့ ကောင်မလေးလား"

ချန်းရို့ယွီရဲ့ မျက်လုံးတွေ တောက်ပသွားတယ်။

"ငါ သွားမယ်! ငါ သွားမယ်! ငါ့အတွက် ထိုင်ခုံနေရာ ဖယ်ထားဦး!"

ကောင်းယွီလန်က ရယ်ပြီးတော့

"ငါ သိသားပဲ။အဲ့ဒါကြောင့် ငါ နင့်ကို မြန်မြန်မေးလိုက်တာ။မြန်မြန်လာခဲ့တော့။ငါတို့တွေ ရင်းဇယ်ရဲ့ဆိုင်မှာ ရောက်နေပြီ"

ရင်းဇယ်ရဲ့ ဆိုင်နာမည်က "FOOD"ဟု ခေါ်ပြီးတော့ ဇာတ်ကောင်စရိုက်နှင့်စတိုင်ကျတဲ့ စားသောက်ဆိုင်မျိုးပင်။ချန်းရို့ယွီသည် သူမရဲ့ အဝတ်အစားတွေ လဲပြီးတဲ့နောက် သူမရဲ့အိတ်ကိုကောက်ယူ၍ အမြန်ထွက်လာခဲ့သည်။ဧည့်ခန်းထဲတွင် လျန်စီးစီးက ကြုံဆုံနိုင်မယ့်အခွင့်အရေးကို အတူတကွဆွေးနွေးရန်အတွက် သူမကို စောင့်နေလေသည်။ချန်းရို့ယွီက သူမမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ ရှိတယ်ဟုပြောပြီးတော့ အဲ့ဒီနောက် ချက်ချင်းပျောက်ကွယ်သွားသည်။

ကောင်းယွီလန်ရဲ့ဖုန်းခေါ်ဆိုမှုက အချိန်ကွက်တိရောက်လာတာဖြစ်သည်။ကောင်းယွီလန်က အခုချိန်မှာ သူမရဲ့ ခက်ခဲနေတဲ့အခြေအနေကို ကူညီဖြေရှင်းပေးခဲ့ရုံသာမက တစ်ချိန်တည်းမှာပဲ ချန်းရို့ယွီရဲ့ အချိန်တော်ကြာ ချုပ်နှောင်ထားတဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။နောက်ဆုံးမှာတော့ သူမ ရဲအရာရှိလဲ့ရဲ့ချစ်လှစွာသော သတို့သမီးလောင်းကို တွေ့နိုင်ပြီ။

ဒီအတင်းအဖျင်းသတင်းက သူမနဲ့ကောင်းယွီလန် နှစ်ယောက်လုံးကို စိတ်ဝင်စားစေသည်။လဲ့ဖုန်းရဲ့မိသားစုက ပိုက်ဆံနှင့်အာဏာရှိတယ်ဟု ‌ပြောကြ၏။သူ့အဖေက ပြည်သူ့လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး သူ့အမေက အခွန်ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သည်။သူက စည်းစိမ်ချမ်းသာမှုအပြည့်ဘဝဖြင့် နေလာခဲ့ပေမယ့်လည်း ငယ်စဉ်ကတည်းက သူ့ကို တင်းကြပ်တဲ့ မိဘစည်းကမ်းများဖြင့် သင်ကြားထားခဲ့သည်။သူ့မိဘများက သူ့ကိုချစ်ကြပေမယ့် ထိန်းချုပ်ထားခြင်း မရှိပေ။သူ၊ရင်းဇယ်နှင့် မုန့်ကုတို့က အလယ်တန်းကျောင်းတစ်ခုတည်းမှာ ပညာသင်ကြားခဲ့ကြပြီး သူက ကျောင်းတွင် အလွန်သိုဝှက်နေတတ်သည်။ဒါပေမဲ့ အေးစက်ပြီးတိတ်ဆိတ်တဲ့လူငယ်လေးက နတ်ဆိုးတစ်ကောင်ပင်။ရင်းဇယ်နှင့်မုန့်ကုဟာ သူ့ကို သူနှင့်ရန်ပွဲများကတစ်ဆင့်သိခဲ့ကြပြီး သူတို့တွေဟာ တဖြည်းဖြည်းနှင့် ခိုင်မာတဲ့အပေါင်းအသင်းများ ဖြစ်လာခဲ့ကြသည်။

လဲ့ဖုန်းရဲ့အချစ်ဇာတ်လမ်းကို ရင်းဇယ်ရဲ့ စကားတွေဖြင့် ဖော်ပြနိုင်သည်။

"ငယ်ငယ်တည်းက သူက အေးစက်ပြီးတော့ သတ္တိရှိတယ်။မဆင်မခြင်နဲ့ အရှက်လည်းလုံးဝမရှိဘူး။သူ အရမ်းငယ်ငယ်လေးတုန်းက ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်လေ။မူကြိုကတည်းက သူက အဲ့ဒီကောင်မလေးကို သူ့အပိုင်လို သဘောထားတာ။ဒါပေမဲ့ ကောင်မလေးက တကယ်တော့ မိန်းမကောင်းလေး။လဲ့ဖုန်းရဲ့ ချုပ်ချယ်ထားတဲ့ဖိအားအောက်မှာတောင် သူ(မ)က သူ(မ)ရဲ့ စိတ်ကူးတွေအတိုင်း ဆက်ရပ်တည်ပြီးတော့ ပန်းချီ လေ့လာဖို့ နိုင်ငံခြား ထွက်သွားတယ်လေ။ဒါပေါ့ လဲ့ဖုန်းဆိုတဲ့ အဖွဲ့ဝင်ကျောင်းသားက အရမ်းအရှက်မဲ့စွာနဲ့ ကြီးမားတဲ့စိတ်ဆုံးဖြတ်ချက်ချပြီး သူ(မ)ရဲ့ ပညာသင်တာကို ပံ့ပိုးပေးတယ်လေ။ရလဒ်ကတော့ သူ(မ)က သူ့ကို ပြန်ပေးဆပ်တဲ့အနေနဲ့ သူ(မ)ရဲ့နှလုံးသားကိုပေးလိုက်တယ်'

ဒီဇာတ်လမ်းက ကောင်းယွီလန်နဲ့ချန်းရို့ယွီ နှစ်ယောက်လုံးကို သိချင်စိတ်ဖြင့် ပြည့်နှက်စေသည်။

သူမက ဘယ်လို မိန်းကလေးမျိုးလဲ?လဲ့ဖုန်းကို အရမ်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်တဲ့ မိန်းကလေး!

အခု အဲ့ဒီကောင်မလေး ပြန်ရောက်လာပြီ။

ချန်းရို့ယွီရဲ့ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုလေး ရှိနေသည်။သူမ ဘတ်စ်ကားပေါ် တက်ပြီးတဲ့နောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။သူမက ကောင်းယွီလန်ကို ဖုန်းခေါ်လိုက်ပြီး

"လန်လန် ငါ လမ်းရောက်နေပြီ။အဲ့ဒါ........ဒီည အဲ့မှာ ဘယ်‌သူတွေ ရှိမှာလဲ"

"ရဲအရာရှိလဲ့နဲ့ သူ့ကောင်မလေး၊ရင်းဇယ်နဲ့ငါ၊ပြီးရင် အစ်မရင်းနင်နဲ့ နျှိုနျှိုတို့ပါပဲ။ဒေါက်တာမုန့်က လုပ်စရာတစ်ခုခုရှိတဲ့ပုံပဲ။ရင်းဇယ် သူ့ကို ဖုန်းဆက်နေတာ ငါကြားတယ်"

ချန်းရို့ယွီ စိတ်အေးသွားတယ်။ရင်းနင်က ရင်းဇယ်ရဲ့အစ်မဖြစ်ပြီး နျှိုနျှိုက ရင်းနင်၏ သမီးဖြစ်သည်။သူမ ဒီလူတွေအားလုံးကို သိပြီးတော့ သူတို့နဲ့လည်း ကောင်းကောင်းအဆင်ပြေသည်။အရေးကြီးဆုံးကတော့ အဲ့ဒီဒေါက်တာမုန့် ထိုနေရာမှာ မရှိတာပဲ။အဲ့ဒါဆိုရင် လုံခြုံပြီ။သူမက ကောင်းယွီလန်ကို ခဏလောက်ကြာကြာ စကားဆက်ပြောနေခဲ့ပြီး အဲ့ဒီနောက် ဖုန်းချလိုက်သည်။

သူမ ရောက်တဲ့အချိန် သူမက ရင်းဇယ်၏စားသောက်ဆိုင်ရဲ့ တတိယအထပ်ကို ပြေးတက်သွားသည်။စားပွဲဝိုင်းတစ်ခုတွင် လူများက စိတ်အားထက်သန်စွာ စကားပြောနေကြသည်။

လဲ့ဖုန်းက အလွန်ချိုမြိန်ပြီးတော့ နာခံမှုရှိတဲ့ ကောင်မလေးတစ်‌ယောက်နှင့် အတူတူ ထိုင်နေသည်။သူ့မျက်နှာက ပျော်ရွှင်တဲ့အပြုံးတွေ ပြသနေပြီး မကြာခဏဆိုသလို သူ့ခေါင်းကို လှည့်ကာ ထိုကောင်မလေးကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်နေသည်။

ချန်းရို့ယွီ အားကျမိသွားတယ်။အဲ့ဒါကို လူကြီးလူကောင်းလို့ ခေါ်တယ်လေ။

လူတိုင်းက ချန်းရို့ယွီ ရောက်ရှိလာတာကို မြင်တဲ့အခါ သူတို့က ချက်ချင်းပဲ သူမအတွက် ထိုင်ခုံတစ်ခုံ စီစဉ်ပေးပြီး သူမကိုလည်း မိတ်ဆက်ပေးသည်။လဲ့ဖုန်း၏ သတို့သမီးလောင်းနာမည်က တင်းရှောင်ယွင် ဟုခေါ်ပြီးတော့ ထိုနူးညံ့သိမ်မွေ့တဲ့နာမည်က သူမနှင့် အမှန်တကယ် လိုက်ဖက်သည်။အခန်းထဲမှာ စည်ကားသက်ဝင်ပြီးတော့ ပျော်ရွှင်စရာ စကားဝိုင်းဖြင့် ပြည့်နှက်နေတဲ့အချိန် ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးကနေ ဝင်လာခဲ့သည်။ကျယ်လောင်တဲ့အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး

"ငါ့အချစ်လေး မင်း ပြန်လာပြီလား? လာပါဦး ငါ မင်းကို ဖက်ပါရစေ!"

ချန်းရို့ယွီက သူ့အသံကို ကြားတဲ့အချိန် သူမ ချက်ချင်းတောင့်တင်းသွား၏။သောက်ကျိုးနည်း! သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ?

ထိုခြိမ်းခြောက်ထားတဲ့မက်ဆေ့ခ်ျထဲက အကြောင်းအရာများ‌ကြောင့် ဒီ"ငါ့အချစ်လေး"ဆိုတာက တကယ်တော့ သူမကို ခေါ်နေတာပင်။ပြီးတော့ ထို 'ငါ မင်းကို ဖက်ပါရစေ' ဆိုတာက အမှန်တကယ်ပဲ သူမရဲ့ ဦးရေပြားကို စပ်ဖျဉ်းဖျဉ်း ဖြစ်သွားစေသည်။

ကံကောင်းစွာဖြင့် လဲ့ဖုန်းက သူ့ကို ချက်ချင်း တုံ့ပြန်မှုတစ်ခုပေးခဲ့ပြီး ချန်းရို့ယွီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

လဲ့ဖုန်းက ပြောလိုက်၏။

"သောက်ကျိုးနည်း! မင်းက ရင်းဇယ်အတိုင်းပဲ"

တကယ်တော့ သူ့သတို့သမီးလောင်း ရှောင်ယွင် ပြန်ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အတူတူ ချစ်ကြည်နူးစွာ နေ,နေသင့်ပေမယ့် အဆုံးမှာတော့ ရင်းဇယ်က ရှောင်ယွင်ရဲ့ အိမ်ပြန်လာမှုအတွက် တွေ့ဆုံပွဲတစ်ခု ကျင်းပချင်ခဲ့တယ်။အမှန်တော့ တွေ့ဆုံပွဲတွေက အချိန်မရွေး ကျင်းပလို့ရပေမယ့် သူတို့တွေက သူ့ကို နှောင့်ယှက်ချင်တာကြောင့်ပင်။

မုန့်ကုက ပြုံးလိုက်ပြီးတော့ လဲ့ဖုန်းကို လျစ်လျှူရှုထားသည်။သူက အမှန်တကယ်ပဲ ရှောင်ယွင်ဆီ ပြေးသွား၍ သူမကို ဖက်လိုက်သည်။အဲ့ဒီနောက် လဲ့ဖုန်းက သူ့ကို အဝေးတွန်းထုတ်ပြီးတော့

"ထွက်သွား" ဟု ပြောလိုက်သည်။

ရင်းဇယ်က ဘေးနားမှာ ရပ်နေပြီးတော့ အေးစက်စက် ပြောလိုက်၏။

"အိုင်းယား.....ဒေါသကတိုပြီးတော့ တစ်စုံတစ်ယောက်က ကြမ်းတမ်း‌နေတယ်"

လဲ့ဖုန်းက ဖြေလိုက်၏။

"ငါအားတဲ့အချိန်ထိစောင့်နေ။အဲ့ဒီအချိန်ကျရင် ငါ့ရဲ့အကြမ်းဖက်မှုကို မင်းတို့နှစ်ယောက်ကို ပြပေးမယ်"

ရင်းဇယ်နှင့်မုန့်ကုက သူတို့ရဲ့လက်တွေကို သူတို့နှလုံးပေါ်တင်၍ အတူတကွပြောလိုက်သည်။

"ငါတို့အရမ်း‌ကြောက်တာပဲ!"

လူနှစ်ယောက်က ချန်းရို့ယွီကို ရယ်မော‌စေပြီးတော့ သူမနှုတ်ခမ်းတွေ ကွေးတက်သွားသည်။အဲ့ဒီနောက် မုန့်ကုက သူမနှင့် ဆန့်ကျင်ဘက်မှာ ထိုင်၍ သူမကို အကြည့်တစ်ချက်ပေးလာတာ တွေ့လိုက်ရသည်။သူမရဲ့အမူအရာကို ထိန်းချုပ်လိုက်ပြီး ခေါင်းငုံ့ကာ သူမရဲ့ခွက်ကိုရှာ၍ ရေနည်းနည်း သောက်လိုက်၏။

အခြားတစ်ဖက်တွင် ရင်းဇယ်က မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်ပြီးတော့ သူတို့တွေ ကျင်းပနေတဲ့ ဒီပွဲကြီးကို ဂုဏ်ပြုချင်နေသည်။မုန့်ကုက သူ့ကို ထောက်ခံပြီးတော့ စတင်ဝင်ရောက်လာတော့သည်။လဲ့ဖုန်းက သူတို့ကို စိုက်ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ ဒီလူယုတ်မာနှစ်ကောင်က သူ့ကို မူးအောင်တိုက်ပြီး သူ**လုပ်လို့မရနိုင်အောင် ကြိုးစား‌နေတယ်ဆိုတာ သူ သိ၏။

"ငါ မသောက်ဘူး။ငါ ကားမောင်းရဦးမယ်"

"ရှောင်ယွင်ကို မောင်းခိုင်းလိုက်"

"သူ(မ)က အခုမှ ပြန်ရောက်ခါစရှိသေးတယ်။မလုံခြုံဘူး။"

"တက္ကစီငှားပြီး အိမ်ပြန်လေ"

"ငါ့ကားကို မထားခဲ့နိုင်ဘူး"

"မင်းမှာ ခံနိုင်ရည်မရှိပါဘူးကွာ"

"အဲ့ဒါ မင်းကို သက်သေပြစရာမလိုဘူး၊သိမ်းထားလိုက်"

တင်းရှောင်ယွင်က တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး သူတို့ကို ကြည့်ကာ ရယ်နေခဲ့ပြီး နောက်ဆုံးမှာတော့ စကားပြောလာခဲ့သည်။

"အားလုံး မသောက်ကြနဲ့လေ။ရင်းဇယ် မုန့်ကု နင်တို့နှစ်ယောက်လည်း ကားမောင်းရဦးမှာလေ။လုံခြုံရေးက အရေးကြီးတယ်"

"အိုင်းယိုး.......ယောကျာ်းက သီချင်းဆိုပြီး မိန်းမက နောက်ကလိုက်တယ်*ငါ ကားမောင်းစရာမလိုဘူး။ငါ့အစ်မ မောင်းနိုင်တယ်"

ရင်းဇယ်က အဲ့ဒီနောက် ရင်းနင်ကို သူ့ရဲ့ဒိုင်းကာအဖြစ် အသုံးပြုလိုက်သည်။

(ယောကျာ်းက သီချင်းဆိုပြီး မိန်းမက နောက်ကလိုက်တယ်ဆိုတာက အိမ်ထောင်ရေးသဟဇာတဖြစ်မှုကို ဆိုလိုတာပါ)

"ငါလည်း ‌ကားမောင်းစရာမလိုဘူး။ချန်းရို့ယွီက ငါ့ကို ပြန်ပို့ပေးလိမ့်မယ်"

ချန်းရို့ယွီက သူမရဲ့ခွက်ကို ကိုင်ထားရင်း တက်ကြွတဲ့ကျီစယ်မှုကို ကြည့်နေကာ မုန့်ကုရဲ့စကားကို ကြားတဲ့အချိန် သူမ သီးသွား၏။သူမ မွန်ဂိုဆရာဝန်ကို အိမ်ပြန်ပို့ပေးပါမယ်လို့ ဘယ်တုန်းက ပြောလိုက်လို့လဲ?သူတို့မှာ ဒီလိုပတ်သက်မှုမျိုး မရှိပါဘူးနော် အိုခေလား?သူမက မုန့်ကုကို တိတ်တိတ်လေး ချောင်းကြည့်လိုက်ပြီး သူက ရင်းဇယ်နှင့်စကားပြောနေကာ သူတို့ရဲ့ လဲ့ဖုန်းအပေါ် စနောက်မှုမှာ စိတ်ပါဝင်စားနေပြီး သူမကို မကြည့်ချေ။

ချန်းရို့ယွီ ရေတစ်ငုံ သောက်လိုက်၏။

ကောင်းပြီလေ မွန်ဂိုဆရာဝန်က အဲ့ဒါကို ပေါ့ပေါ့ပါးပါး ထုတ်ပြောမှတော့ သူမကလည်း အဲ့ဒါကို အတည်တကျ မမှတ်ယူသင့်ဘူး။

#################################

All Chapters