အခန်း ၁၇
Vol. 2 Ch. 17
ဒွိဟချစ်သံယောဇဉ်:
Chapter 17- ဆွေမျိုးတစ်ယောက်ထက်ပိုတယ်
(ဤအပိုင်းတွင် ပါဝင်သော ဆေးပညာအသုံးအနှုန်းများနှင့်ပတ်သက်၍ လွဲမှားမှုတစ်စုံတစ်ရာရှိပါက ဘာသာပြန်သူ၏ အမှားဖြစ်ပါသည်။)
ရွေးချယ်မှု?ဘာ ရွေးချယ်မှုလဲ?
အဲ့ဒါက သူမရဲ့ရွေးချယ်မှုလို့ သူပြောတယ်
သူမက သူစိမ်းတစ်ယောက်ကို သူမရဲ့ အဝတ်အစားတွေ ချွတ်ပေးခိုင်းပြီးတော့ စစ်ဆေးမှု လုပ်စေချင်တာလား ဒါမှမဟုတ် သူ့ကို လုပ်ခိုင်းရမှာလား?
သူမက မုန့်ကုကိုစိုက်ကြည့်လိုက်ပြီး သူရဲ့မခန့်မှန်းနိုင်တဲ့ မျက်နှာအမူအရာကိုကြည့်နေမိသည်။နောက်ဆုံးမှာတော့ သူမရဲ့ဦးနှောက်ကအမှန်ကိုသိရှိသွား၏။
သူမ နှောင့်ယှက်စော်ကားခံနေရတာပဲ!!!
သူမရဲ့ နှလုံးခုန်နှုန်းက ထူးခြားစွာ မြန်နေတယ်ဆိုပေမယ့် ဒီလိုအခြေအနေမျိုးမှာ သူမ အမှန်တကယ် စစ်ဆေးမှု လုပ်သင့်တယ်ဆိုပေမယ့်လည်း သူက တကယ်ကြီး သူ့ရဲ့ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီးတော့ သူမကို စော်ကားလိုက်တာပဲ!
ကလဲ့စားချေတာ အဲ့ဒါက သူရဲ့ လုံးဝကလဲ့စားချေမှုပဲ!
ဒါကိုဘယ်လိုခေါ်တာလဲ?သူမကို စိတ်ထင်တိုင်းလုပ်တာ ဒါမှမဟုတ် ဘာလဲ? အဲ့ဒါမဟုတ်ရင် အရင်ကရန်စတွေကြောင့် အခြေအနေကို အခွင့်အလမ်းယူပြီး ပြန်လုပ်နေတာလား?
အရမ်းလည်တာပဲ!အရမ်းကိုအရှက်မရှိတာပဲ!
သူမ ဆက်ပြီးတော့ သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူကတော့ သူမ၏အကြည့်ကို ရှောင်ခြင်းရှားခြင်းမရှိဘဲ သူမ၏ မျက်လုံးများကို တည်ငြိမ်စွာ ပြန်ကြည့်နေလေသည်။
ချန်းရို့ယွီက ရုတ်တရက် မေးလိုက်သည်။
"ဒေါက်တာမုန့် တကယ်လို့ ကျွန်မစစ်ဆေးမှုမလုပ်ရင် ကျွန်မသေနိုင်လား?"
မုန့်ကုက တည်ကြည်လေးနက်စွာ ပြန်ပြောလိုက်သည်။
"မင်း ချက်ချင်းဆိုသလို ကိုမာဖြစ်နိုင်တယ် ပြီးတော့ အခုတောင် မင်းမှာ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေရှိတယ်။မင်း တကယ်လို့ စစ်ဆေးမှုမလုပ်ရင် ရောဂါအမှန်မရပဲ ဘယ်လိုပြဿနာတွေ ပေါ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ ငါကတော့ မင်းကို စစ်ဆေးမှုဆက်လုပ်ဖို့ပဲ အကြံပေးချင်တယ်။မပေါ့ဆနဲ့"
"အဲ့ဒါဆိုရင် သူငယ်ချင်းတစ်ယောက်အနေနဲ့ ရှင် ဘာအကြံပေးမလဲ"
"ငါ မင်းကို အများကြီး အတွေးမလွန်ဖို့ အကြံပေးလိုက်မယ်။ပြီးတော့ ငါ့ကို ဆရာဝန်တစ်ယောက်အနေနဲ့ သဘောထား။ဒါမှမဟုတ် မင်းက တခြားဆရာဝန်တွေ မင်းကို ကုပေးမှ စိတ်သက်သာရာရတယ်လို့ ခံစားရတယ်ဆိုရင် ငါ တခြားဆရာဝန်တစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်"
"ကျွန်မ လိုက်ချင်တဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ဆိုရင်ရော"
ချန်းရို့ယွီက မျက်တောင်ခတ်ပြီးတော့ သူမရဲ့ မျက်နှာက နီရဲနေဆဲဖြစ်တယ်ဆိုပေမယ့် သူမကသူ့ကိုလည်း တည့်တည့်စိုက်ကြည့်နေလေသည်။
ဘယ်လိုမျိုး အရှက်မရှိပြုမူရမလဲဆိုတာ ဘယ်သူက မသိလို့လဲ?သူမလည်း အဲ့ဒါကို လုပ်နိုင်တယ်!
မုန့်ကုက ချက်ချင်းပြန်မဖြေပေ။သူက သူမကို စိုက်ကြည့်နေပြီးတော့ သူမကလည်း သူ့ကို ပြန်စိုက်ကြည့်နေလိုက်သည်။
"မင်းလိုက်နေတဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ဆိုရင်......"
မုန့်ကုကပြောပြီး နောက်ဆုံးစကားလုံးကို သံရှည်ဆွဲထားသည်။သူက ပြုံးလိုက်ပြီး ထိုအပြုံးက ချန်းရို့ယွီကို နှလုံးခုန်မြန်စေယုံသာမက နှလုံးဖောက်ခြင်းပါ ဖြစ်ပွားစေနိုင်သည်။
"ငါ မင်းကို ECG(နှလုံးစစ်ဆေးမှု)နဲ့CT(ဓာတ်မှန်ရိုက်)စစ်ဖို့ရယ် ဆေးရုံမှာ ၃ရက်နေဖို့ကို ဆေးစာရေးပေးလိုက်မယ်။ဒီည အစာမစားဖို့လိုအပ်တယ် ပြီးတော့ ရေမသောက်မိအောင်လည်း ရှောင်ရမယ်။မနက်ဖြန်ကြရင် ဆီးစစ်ရမယ်။သူနာပြုကနေပြီးတော့ သွေးစစ်ဖို့ သွေးပုလင်း ၈လုံးလာယူပြီး အခန်းဘီ အန်ထရာဆောင်းစစ်ဆေးခန်းထဲကို ယူသွားပေးလိမ့်မယ်။မင်း နယူးကလီးယားသံလိုက်ဓာတ်နဲ့ ရုပ်ပုံရိုက်တဲ့စမ်းသပ်မှုကိုလည်း လုပ်ရမယ် ပြီးတော့ စိတ်ကျန်းမာရေးအထူးကု,အတွင်းအင်္ဂါရောဂါအထူးကု,မီးယပ်အထူးကုတွေဆီကနေ တချိန်တည်း စစ်ဆေးမှုတွေခံရမယ်။ပြသာနာတစ်ခုခု ရှာတွေ့ခဲ့ရင်........"
သူ့ရဲ့ လက်မနှင့်လက်ညိုးဖြင့် အနည်းငယ်အကွာအဝေးလုပ်ပြ၍ ပြသာနာအသေးလေးပုံစံ ပုံဖော်ပြသကာ
"ငါ မင်းကို စစ်ဆေးမှုတွေပိုလုပ်ခိုင်းပြီး မင်းမြန်မြန်သက်သာအောင် ဆေးစာရေးပေးမယ် ပြိီးတော့ မင်းကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေမှာလားဆိုတာ အတည်ပြုမယ်။ဒီလိုနည်းလမ်းနဲ့ဆိုရင် မင်း ကြံ့ခိုင်သန်မာပြီးတော့ ငါ့ကို အာရုံစူးစိုက်ပြီး လိုက်နိုင်မှာလေ။ သဘောတူတယ်မလား?
ချန်းရို့ယွီ ကြက်သေ,သေသွားပေမယ့် သွားတွေတင်းတင်းစေ့ကာ ပြောလိုက်သည်။
"မှန်တာပေါ့! ဒေါက်တာမုန့် မှန်တယ်။ ကျွန်မရဲ့ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပြီး ဒေါက်တာမုန့်ကို လိုက်ဖို့ ကျွန်မရဲ့ ရိုးသားမှုတွေကို ဖော်ပြသွားမယ်!"
မုန့်ကုက သူ့ရဲ့ နှင်းလိုဖြူဖွေးနေတဲ့ သွားများပေါ်အောင် ပြုံးရယ်လိုက်သည်။။
" အဲ့ဒါဆိုရင် ငါသွားပြီးတော့ ဆေးစာရေးလိုက်ဦးမယ်။ဒီည မင်းဆေးရုံတက်ရမယ်"
"ဒေါက်တာမုန့်......" ချန်းရို့ယွီက မုန့်ကုလက်ကို ဆွဲထားလိုက်၏။
မုန့်ကုက ပြုံးပြီးတော့ သူမကို ကြည့်လာတယ်။သူက သူမကို သူမရဲ့စကားတွေ ပြန်ရုတ်သိမ်းပြီးတော့ သူမမှာ ပိုက်ဆံမရှိကြောင်း၊နေမကောင်းဖြစ်တာမျိုး မရှိကြောင်း ပြီးတော့ ဆေးရုံမှာနေဖို့ မလိုအပ်ကြောင်း ပြောလာမှာကို စောင့်နေတယ်။သူမသာ အားနည်းချက်ကို ပြသလိုက်ရင် သူက ပိုပြီးတော့ မောက်မာလာမှာ မဟုတ်ဘူးလား?
"ဒေါက်တာမုန့် ကျေးဇူးပြုပြီး ကျွန်မကို ရှင့်လူနာဆောင်ထဲ သေချာထည့်ပေးနော်။ဒါဆိုရင် ကျွန်မ ရှင့်ကို နေ့တိုင်းတွေ့ရတယ်။ကျွန်မက ရှင့်ကို နေ့တိုင်းတွေ့နေရမှ ပျော်နေမှာ ပြီးတော့ ရှင့်ကို ဒုက္ခမပေးချင်ဘူး"
သူမ အံကြိတ်ပြီးတော့ ပြောလိုက်သည်။
"မင်း စိတ်ချထားပါ......."
မုန့်ကုက ဆက်ပြီးတော့ ပြုံးနေသည်။
"မင်းက သေချာပေါက် ငါ့ရဲ့လူနာဆောင်ထဲ အထည့်ခံရမှာ။အဲ့ဒါမှ ငါက မင်း ဘာစစ်ဆေးမှုတွေ လုပ်သင့်တယ်၊မင်းရဲ့ဝင်ငွေနဲ့ ဘာဆေးတွေသောက်ရမလဲဆိုတာ ဆုံးဖြတ်ခွင့်ရှိမှာလေ။ပြီးတော့ မင်းကို အကြွေးမှတ်ထားပေးလို့ရတယ်"
"အဲ့ဒါဆိုရင် ကျွန်မ ဒေါက်တာမုန့်ကို ဒုက္ခပေးရတော့မှာပဲ!"
သူမ ပြန်ပြောလိုက်ပေမယ့် မုန့်ကုကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားတုန်း ဖြစ်သည်။
မုန့်ကုက ပြုံးနေပြီးတော့ စိုးရိမ်ကြောင့်ကြမှုတစ်စုံတစ်ရာ မပြသလို သူ့လက်ကိုလည်း ဆွဲထုတ်မသွားချေ။
"ငါ ပြောခဲ့သလိုပဲ.......မင်းက ငါ့လက်ကိုဆွဲရတာ ကြိုက်တယ်နော်"
"ဒေါက်တာမုန့် ရှင့်မှာ တကယ်စူးရှတဲ့ မျက်လုံးတွေရှိတာပဲ"
သူမက သူ့လက်ကို ဆက်ကိုင်ထားပြီးတော့ မလွှတ်ပေးချေ။
သူ ဆေးစာရေးတာကို တားဆီးနိုင်အောင် သူမ အခြားဘာလုပ်နိုင်သေးလဲ?
"ကျွန်မကြားဖူးတယ် တကယ်လို့ ဆရာဝန်က မဆင်မခြင်ဘဲ ဆေးစာရေးပေးမယ်ဆိုရင် မဆင်ခြင်မှုကရောဂါဖြစ်နေနိုင်ပြီး မလိုလားအပ်တဲ့ စစ်ဆေးမှုတွေပါ လုပ်ရတတ်တယ်။ လူနာကလည်း တိုင်ကြားနိုင်တယ်တဲ့လေ"
"မင်းကငါ့ကိုအရမ်းချစ်ပြီးတော့ လိုက်ပိုးချင်နေတာလေ။ငါ့ကို တိုင်ကြားနိုင်တဲ့စိတ် ရှိလို့လား"
လူပါးဝတဲ့ကောင်! အရေထူတဲ့ကောင်!
"ကျွန်မက အမြဲတမ်း ပတ်သက်မှုတွေကို ဂရုမစိုက်ပဲ အမှန်တရားဘက်က ရပ်တည်တယ်လေ။ဒေါက်တာမုန့်က မှားနေတယ်ဆိုရင် ကျွန်မက သေချာပေါက် ဒေါက်တာမုန့်ရဲ့ မှားနေတာတွေကို ပြင်ပေးရမှာပေါ့"
"မင်းနဲ့ငါ ရင်းနှီးသွားတာ အရမ်းမြန်တယ်နော်"
မုန့်ကုက ပေါ့ပြက်ပြက် ရယ်မောလိုက်ပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ သူမရဲ့ လက်ကို ငုံ့ကြည့်လိုက်သည်။
မကောင်းတဲ့ လူယုတ်မာပဲ နင်က!!!!
ချန်းရို့ယွီက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီးတော့ သူမ ဖြေရှင်းနည်းတစ်ခု မစဉ်းစားနိုင်ခင်အထိ လွှတ်ပေးလို့ မဖြစ်ပေ။
"ရှင်က ကျွန်မနဲ့ သွေးသားတော်စပ်တဲ့ ဆွေမျိုးမဟုတ်ပေမယ့် ဆွေမျိုးတစ်ယောက်ထက်ပိုတယ်"
သူမ ဘာကိုဆိုလိုချင်တာလဲ? သူမပြောလိုက်တာကို သူမကိုယ်တိုင်လည်း နားမလည်နိုင်ဘူး။
အမှန်ဆိုရင် သူက သူမကို ဆေးရုံမှာ အတင်းအကြပ်နေဖို့ မပြောလောက်ဘူး ဟုတ်တယ်မလား? ဒါပေမယ့် ကောင်းယွီလန် တစ်ခါပြောဘူးတာကတော့ ရင်းဇယ် သူ့ရဲ့ခြေထောက်ခေါက်သွားတဲ့အချိန်တုန်းက အဲ့ဒီမွန်ဂိုဆရာဝန်က သူ့ဆီကနေ ပိုက်ဆံတွေအများကြီး တောင်းတယ်တဲ့
။သူက သူမကို ဒီထက်မကပိုပြီးတော့ အကြင်နာတရားကင်းမဲ့မှာဘဲ!
မဟုတ်ရင်လည်း သူမ သူထွက်သွားတာကိုစောင့်ပြီး ထွက်ပြေးလို့ရတာပဲ! တကယ်လို့ တစ်စုံတစ်ယောက်က သူမကိုတားရင် သူမ အိမ်သာခဏသွားချင်လို့ ဆိုပြီး အမြဲပြောလို့ရတယ်။ ပြီးတော့ သူမက လူနာအဝတ်အစားဝတ်ဆင်ထားပေမယ့်လည်း အဲ့ဒါက ပြသာနာမဟုတ်ပေ။ထိုသို့ပြုမူပုံမှာ ရှက်စရာဖြစ်နေသော်လည်း ပြသာနာမရှိပါ။ သူမ ပထမဆုံးအကြိမ် ထွက်ပြေးခြင်းမှ မဟုတ်တာ။ဒီတစ်ကြိမ်မှာတော့ သူမ ဆေးရုံမှာ ပိုက်ဆံအကြွေးမတင်ခဲ့ဘူး။ ဒါကြောင့် သူမ ရဲဝင့်စွာသတ္တိရှိရှိနှင့် ထွက်ပြေးရဲတယ်။တကယ်လို့ သူမရဲ့ နှလုံးပြသာနာက ဒီညဆက်ဖြစ်နေရင် သူမ တခြားဆေးရုံကိုသွားပြီးတော့ မနက်ဖြန်မှ ဆွေးနွေးကုသမှုတွေ လုပ်လို့ရတယ်။
သူမ ဒီလိုမျိုး စဥ်းစားနေခိုက်တွင် အခန်းအပြင်မှ တစ်စုံတစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသည်။ထိုအသံများအား ရင်းရင်းနှီးနှိီးကြားဖူးသည်။ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က အခန်းထဲကိုဝင်လာသည်။ ထို့နောက် ရင်းနှီးသောအသံပိုင်ရှင်မှာ လျန်စီးစီးဖြစ်သည်။
"ရို့ယွီ! ရို့ယွီ!"
မုန့်ကုက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး အားနေတဲ့ လက်တစ်ဖက်ဖြင့် ကုတင်လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ချန်းရို့ယွီ လန့်သွားပြီး သူ့လက်ကို အမြန်လွှတ်လိုက်သည်။
လျန်စီးစီး ချန်းရို့ယွီကို တွေ့ရှိသွားပြီဖြစ်သည်။ပထမဆုံးအကြည့်တွင် သူမက သူတို့နှစ်ယောက် လက်ချင်းဖြုတ်လိုက်တာကို တွေ့သည်။သူမက သူ့ကို ကြည့်လိုက်ပြီး အဲ့ဒီနောက် သူမ(ချန်းရို့ယွီ)ကို ကြည့်ကာ ပြုံးပြလိုက်သည်။
"ရှင်က ဒေါက်တာမုန့်ကုဖြစ်မယ်။ ကျွန်မက ရို့ယွီရဲ့ အခန်းဖော် လျန်စီးစီးပါ"
မုန့်ကုက နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် မုန့်ကုပါ"
"ကျွန်မ ရှင့်အကြောင်းတွေကို ရို့ယွီဆီကနေ အမြဲကြားဖူးတယ်။ဒီနေ့ ကျွန်မတို့ နှီးနွှယ်မှုရှိပြီးတော့ လူချင်းဆုံခဲ့ပြီ"
လျန်စီးစီးက ပန်းလေးတစ်ပွင့်လိုမျိုး လှပပြီး သဘာဝကျစွာ ပြုံးလိုက်သည်။
"စီးစီး!'
ချန်းရို့ယွီ အလန့်တကြားဖြစ်သွားတယ်။ သူမဘယ်တုန်းက မုန့်ကုအကြောင်းကို အမြဲတမ်းပြောနေလို့လဲ? သူမက အမြဲတမ်း သူမရဲ့အတွေးတွေကိုစိတ်ရဲ့အောက်ခြေမှာဘဲ ဖွက်ထားခဲ့တာ။သူမ သူ့အကြောင်းကို မသိစိတ်ကနေ ပြောခဲ့မိပေမယ့် အဲ့ဒါကလည်း အဲ့ဒီအချိန်တစ်ခါတည်းလေ။
ခဏနေဦး! ဘယ်လိုဖြစ်ပြီး စီးစီးကရောက်လာပြီးတော့ မုန့်ကုရဲ့နာမည်ကိုလည်း သိနေရတာလဲ?
"မင်း သတိမေ့နေတဲ့ အချိန်တုန်းက မိန်းကလေးလျန်က ဖုန်းဆက်လို့ ငါ မင်းအတွက် ဖုန်းကိုင်ပေးလိုက်တာ"
"ဒေါက်တာမုန့်ပြောတာ နင်က ဆေးရုံရောက်နေတယ်ဆိုလို့ ငါ အမြန်လာခဲ့လိုက်တာ"
ဒီလူနှစ်ယောက်က တကယ်လိုက်ဖက်လွန်းလှတယ်။တစ်ယောက်စကားကို တစ်ယောက်ဆက်ပြီး ပြောနေကြတယ်။
အဆုံးတွင် သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။ထို့နောက် သူတို့က တစ်ပြိုင်တည်းပြောလာ၏။
"ဒုက္ခပေးမိလို့တောင်းပန်ပါတယ်"
ဝါးးးး ဒါကြီးကတော့တကယ်ပဲ.........
ချန်းရို့ယွီ သူတို့ကိုကြည့်လိုက်သည်။ချောမောသောယောကျာ်းလေးနှင့် လှပသောအမျိုးသမီးတို့ တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းကပ်ရပ်နေကြသည်။တစ်ယောက်က ဖြောင့်မတ်ပြီးရုပ်ချော၍ တခြားတစ်ယောက်မှာ နှစ်လိုဖွယ်ကောင်း၍ ချစ်စရာကောင်းသည်။လေထုမှာ လိုက်ဖက်ညီလှပြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ရသည့်အတွက် အလွန်ကိုပျော်နေကြသည်။သူမ၏စိတ်ထဲတွင် စိတ်ကူးယဥ်ဆန်သော ယောကျာ်းနှင့်မိန်းကလေးကြား ဆက်နွယ်မှုကို မြင်ရသည်။
ကောင်းပြီ သူမ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မှုလုပ်ရမယ်။သူမရဲ့နှလုံးသားက မဲနက်နေပြီးတော့ သူမကနတ်ဆိုးတစ်ကောင်ပဲ။အမှန်တော့ သူမ ကိုယ့်ဘာသာ ဝန်ခံရရင် သူတို့နှစ်ယောက် အတူတူ မတ်တပ်ရပ်နေတာက တကယ် လိုက်ဖက်လွန်းတယ်။
"နင် အခု အဆင်ပြေပြီလား?"
လျန်စီးစီးက သူမဆီ လျှောက်လာ၍ မေးလိုက်သည်။
"ဟမ် တော်တော်ကောင်းနေပြီ။အိမ်ပြန်ကြရအောင်"
လျန်စီးစီးက မတုံ့ပြန်ဘဲ အဲ့ဒီအစား မုန့်ကုဘက်ကို လှည့်၍ မေးလိုက်သည်။
"ဒေါက်တာမုန့် ရို့ယွီက သူ(မ)ရဲ့အခု အခြေအနေနဲ့အိမ်ပြန်လို့ရပြီလား?"
"သူ(မ)ရဲ့နှလုံးခုန်နှုန်းက နည်းနည်းမြန်နေတယ်။ကျွန်တော်ကတော့ သူ(မ)ကို စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ အကြံပေးတယ်။နှလုံးစစ်ဆေးမှုကိုလုပ်လိုက်ပါ။အဲ့ဒါက ပိုပြီးစိတ်ချရတယ်။"
"ကောင်းပြီလေ ဒါဆိုလည်းလုပ်ကြတာပေါ့"
လျန်စီးစီးက လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်မ ဒေါက်တာမုန့်ကို ဒုက္ခပေးမိပါပြီ"
ချန်းရို့ယွီ သက်ပြင်းချလိုက်၏။မုန့်ကုသည် သူမကို ကြည့်လိုက်ပြီးတဲ့နောက် ထွက်သွားသည်။
လျန်စီးစီးက တံခါးနောက်မှာ ပျောက်ကွယ်သွားတဲ့သူ့ကျောပြင်ကို လိုက်ကြည့်နေသည်။ချက်ချင်းပင် သူမ လှည့်လာပြီးတော့ ချန်းရို့ယွီရဲ့လက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်ကာ
"အဲ့ဒါသူပဲ ဟုတ်တယ်မလား?? အဲ့ဒီသူငယ်ချင်းရဲ့သူငယ်ချင်း စိတ်ရှုပ်စရာကောင်းတဲ့တစ်ယောက်လေ။ဝါးးးးးးး ရို့ယွီ နင် သူ့အကြောင်းကို ပြောတုန်းက အရမ်းသာမာန်ဖော်ပြတာပဲ။ဒါက နည်းနည်းလေးပဲချောတာမဟုတ်ဘူး အရမ်းချောတာဟ။သူရဲ့အဖြူရောင်ကုတ်ဝတ်ထားတာက အထက်တန်းဆန်တာပဲ ဟုတ်တယ်မလား"
[အင်း....... သူကအဆင့်အတန်းတော့ရှိပါတယ်ဘယ်လိုပြောရမလဲ ဝတ်တတ်စားတတ်တယ် ဒါပေမဲ့ အဲ့ဒီ..........]
"နင် သူ့ရဲ့မျက်လုံးတွေကိုမြင်လိုက်လား? အရမ်းနက်ရှိုင်းတယ် အရမ်း ဆွဲဆောင်မှုရှိတာပဲ~~~"
[အာ.... အဲ့ဒါကနတ်ဆိုးပုံစံကြီး သိသိသာသာဖြစ်နေတာပါ။]
"သူရယ်လိုက်တဲ့အချိန်တုန်းက သူရဲ့သွားလေးတွေက ဖြူဖွေးပြီး ညီနေတာပဲ"
[နင်ကမြင်းဝယ်မှာမှမဟုတ်တာ ဘာလို့သူရဲ့သွားတွေကို သဘောကျနေတာလဲ?]
"သူ့လက်ချောင်းလေးတွေကလည်းကြည့်လို့ကောင်းတယ် ပြီးတော့ သူရဲ့ လက်မောင်းတွေကလည်း သန်မာတဲ့ပုံပဲ"
[လက်မောင်းတွေကသန်မှာပဲ။သူကခြေထောက်ဖြတ်တဲ့နေရာမှာ တော်တယ်လေ]
"ရို့ယွီ နင်ဘာလို့ စိတ်ဓာတ်ကျနေတာလဲ?"
လျန်စီးစီးက နောက်ဆုံးမှာတော့ ချန်းရို့ယွီရဲ့ မူမမှန်တဲ့ အသွင်အပြင်ကို သတိထားမိသွားသည်။
"နင်နေလို့မကောင်းလို့လား?"
"ဘာမှမဖြစ်ပါဘူး။ငါ အများကြီး သက်သာနေပြီ"
လျန်စီးစီးက ခေါင်းငုံ့၍ ချက်ချင်းပင် အသံတိုးကာမေးလိုက်သည်။
"နင် သူ့ကို မကြိုက်တာ သေချာလား?။သူ့အပေါ်မှာဘာခံစားချက်မှ မရှိဘူးလား?"
"သူက ငါ့ကိုစိတ်မဝင်စားဘူး။အဲ့ဒါကြောင့် ငါကလည်း သူ့ကို စိတ်မဝင်စားဘူး။"
"ငါနားလည်ပြီ"
လျန်စီးစီးက ချန်းရို့ယွီရဲ့လက်မောင်းကို ပုတ်လိုက်ပြီး
"ဒါဆိုရင် ငါ သူ့ကို လိုက်မယ်။နင် မတားဘူးမလား? ငါ သူ့ပုံစံကို ကြိုက်တယ်"
ချန်းရို့ယွီ တခဏမျှ စဥ်စားလိုက်သည်။ ထို့နောက်မှတ်မိတာကတော့ သူမလည်း အဲ့လိုမျိုးပဲ အစပိုင်းမှာ တွေးခဲ့၏။ဤကဲသို့ပုံမျိုးက ချောမောတယ်၊ဟာသဉာဏ်ရွှင်တယ် ပြီးတော့ဆရာဝန်ပါဖြစ်သေးသည်။
"နင် ဘာမှမပြောခင် သူ့အကြောင်း အရင်သိအောင်လုပ်ဦး။"
သူရဲ့အဆိပ်ပြင်းတဲ့လျှာ သူ့ဒေါသ သူ့အကျင့်စရိုက်တွေကို အရင် ကြုံတွေ့ကြည့်ပါဦး။
"ဒါပေါ့"
လျန်းစီးစီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ယောကျာ်းလေးတွေမှာလည်း ညှိယူစရာတွေရှိမှာဘဲ။ငါ ပြင်ဆင်ပြီးသားပါ။ အား!!!ငါ ဒါကို စဥ်းစားလိုက်ရင် အလိုလို အင်အားတွေ အများကြီးရှိလာတယ်။ငါ သူ့ကို သွားရှာပြီး နင့်အခြေအနေအကြောင်း မေးလိုက်ဦးမယ်"
သူမက မျက်စိတစ်ဖက်မှိတ်ပြကာထွက်ပြေးသွားသည်။
လျန်စီးစီး ထွက်သွားတဲ့အချိန် လူငယ်တစ်ယောက်မှ နှလုံးစစ်ရန် စက်အသေးလေးယူ၍ ရောက်လာသည်။သူက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားသော်လည်း ကျောင်းသားတစ်ယောက်နှင့် တူသည်။သူနာပြုတစ်ယောက် သူ့နောက်က လိုက်ပါလာသည်။
ဆရာဝန်အငယ်လေးက ချန်းရို့ယွီ၏ နာမည်ကို မေးကာ သူ့လက်ထဲမှ မှတ်တမ်းကို ကြည့်လိုက်သည်။ထို့နောက် သူက ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကျွန်တော် နှလုံးစစ်ဆေးမှု လုပ်တော့မယ်နော်။ဘောင်းဘီအဖျားကို ခေါက်လိုက်ပြီး အင်္ကျီကိုဆွဲတင်လိုက်ပါ။ပြီးရင် ခင်ဗျားရဲ့ အတွင်းခံ(bra)ကိုလည်း ချွတ်လိုက်ပါ။"
သူ၏စကားလုံးများမှာ စေ့စပ်သေချာသည်။ သို့သော် ဆရာဝန်အငယ်လေး ကြည့်ရတာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။၎င်းက ချန်းရို့ယွီကို စိတ်ငြိမ်စေပြီး ဖိအားမဖြစ်စေပေ။သူမက မေးလိုက်သည်။
"ရှင် အခုမှ ဘွဲ့ရထားတာလား ဒါမှမဟုတ် အလုပ်သင်လား?"
ဆရာဝန်အငယ်လေးက
"နှလုံးစစ်ဆေးမှုက အရမ်းလွယ်ကူပါတယ်။ကျွန်တော် အဲ့ဒါကို မှားမှာ မဟုတ်ဘူး။အဖြေကို ကျွန်တော့် ဆရာဆီပေးရမှာ" ဟုသာ ပြောလာခဲ့သည်။
သံသယဝင်စရာ မလိုဘဲ သူ့ဆရာက အရည်အချင်း ပြည့်မှီပြီး အတွေ့အကြုံရှိတဲ့ ဒေါက်တာမုန့်ကုဖြစ်လိမ့်မယ်။ချန်းရို့ယွီ သိနေခဲ့သည်မှာ အရင်တစ်ခေါက်က သူမ ဆေးရုံတတ်ခဲ့ရစဥ်ကဖြစ်သည်။
"ဒီည တာဝန်ကျတဲ့ ဆရာဝန်တွေအားလုံးကယောကျာ်းလေးတွေလား?"
ဆရာဝန်ငယ်လေးမှာ သူမက သူ့ကို စစ်ဆေးမှုမလုပ်ခိုင်းစေချင်ဘူးဟု ထင်သွားသည်။သူက သူနာပြုကို ကြည့်လိုက်ပြိီး ထစ်ငေါ့စွာဖြင့်
"မိန်းကလေး ဆရာဝန် မရှိဘူး။ကျွန်တော်....ကောင်းပြီ.....တကယ်လို့ခင်ဗျားအဆင်မပြေရင် ကျွန်တော့်ဆရာကိုခေါ်ပေးလို့ရပါတယ်"
ဘေးမှာရပ်နေသော သူနာပြုလေးက ချန်းရို့ယွီ၏ ဘောင်းဘီကို ကူဆွဲတင်ပေးနေသည်။
"အဆင်ပြေပါတယ်။ စစ်ဆေးမှုကခဏလေးနဲ့ပြီးတယ်။ရှင် ရှက်နေရင်လည်း ကျွန်မရှိပါတယ်။"
ချန်းရို့ယွီသည် သက်ပြင်းခိုးချလိုက်ကာသူမ၏ အင်္ကျီကို ဆွဲတင်သည်။
"ဘာမှမဖြစ်ပါဘူး ကျွန်မ ဒီတိုင်းပဲမေးကြည့်တာ"
သူ့ဆရာကို လာဖို့ခေါ်တဲ့အချိန် အဲ့ဒါက အမှန်တကယ်ပဲ မုန့်ကုဖြစ်နေမယ်ဆိုရင် သူမထပ်ပြီး မျက်နှာပျက်ရလိမ့်မယ်။
သေချင်းဆိုးမုန့်ကု!! အဲ့ဒါအကုန်လုံး သူရဲ့အပြစ်တွေပဲ!!!
စစ်ဆေးမှုမှာ မြန်ဆန်စွာ ပြီးသွားသည်။ချန်းရို့ယွီ အဖြေမေးကြည့်တဲ့အခါ ဆရာဝန်ငယ်လေးက သူမရဲ့နှလုံးခုန်နှုန်း မြန်တာကလွဲလို့ တခြားပြသာနာမရှိကြောင်း ပြောလေသည်။
"အဖြေက မကြာခင် ထွက်လာပါလိမ့်မယ်။ကျွန်တော်ရဲ့ဆရာအတည်ပြုတာကို စောင့်ဖို့လိုတယ်။အကယ်၍ တစ်ခုခု မှားနေတယ်ဆိုရင် ကျွန်တော့်ဆရာက ခင်ဗျားကို အသိပေးပါလိမ့်မယ်"
ဆရာဝန်ငယ်လေးသည် တွန်းလှည်းလေးကို တွန်းကာ ထွက်သွားသည်။ထို့နောက် သူနာပြုကလည်း ချန်းရို့ယွီအား အဝတ်အစား ပြန်ဝတ်သည်ကို ကူညီပေးကာ ထွက်သွား၏။
ချန်းရို့ယွီ ထိုင်လိုက်ပြီးတော့ ပါးစပ်အပြည့် ရေအနည်းငယ် သောက်လိုက်သည်။သူမ တွေဝေငေးမောနေတဲ့အချိန် လျန်စီးစီး ပြေးဝင်လာသည်။
"ငါ သူ့ဖုန်းနံပါတ် ရခဲ့ပြီ!"
"အိုးး"
သူမက မုန့်ကုရဲ့ ဖုန်းနံပါတ်အကြောင်း
ပြောနေတာ ဖြစ်ရမယ်။အဲ့ဒီလူမှာ သမာဓိအားပြည့်ဝခြင်းမရှိဘူး။သူ့ကို ကောင်မလေးချောချောလေးက ဖုန်းနံပါတ် တောင်းနေသရွေ့တော့ ပေးနေဦးမှာဘဲ။တကယ်ကို ရိုးသားဖြောင့်မတ်မှု မရှိဘူးဘဲ! အချိန်ကြာလာတာနဲ့ ချဥ်စရာကောင်းလာတယ်!
"ငါ့ဖုန်းနံပါတ်ကိုလည်း သူ့ကိုပေးခဲ့လိုက်တယ်"
လျန်စီးစိီးက စိတ်ခံစားချက်ကောင်းနေသည်။
"ငါ ပထမခြေလှမ်းတော့ ပြီးသွားပြီ"
"နင့်အတွက်ဂုဏ်ယူပါတယ်"
ငါ ဒီနှစ်ယောက်ကို အကြိမ်သန်းနဲ့ချီပြီး တစ်ခါချဥ်လာပြီ။
"ရို့ယွီ စစ်ဆေးမှုရယရလဒ်ကဘာတဲ့လဲ?။နင်ဆေးကုသဖို့ လိုအပ်သေးလား? နင်သာ ဆေးကုသရရင် ဒေါက်တာမုန့်ရဲ့ လူနာဖြစ်မှာလား? ငါ နင့်ကို အကြောင်းပြချက်အနေနဲ့ လာလည်ပြီး သူ့ကိုနေ့တိုင်းတွေ့လို့ရပြီ"
ချန်းရို့ယွီမှာ အင်အားမရှိတော့ချေ။
သူမ စိတ်ထဲက အလိုမကျမှုလည်းပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်က တကယ့်ကို အရမ်းလိုက်ဖက်တာပဲ မဟုတ်ဘူးလား?
########################