← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

ဒွိဟချစ်သံယောဇဉ်:

Chapter 20-ပုခုံးတစ်ဖက်ငှားပေးမယ်

ချန်းရို့ယွီသည် လဲ့ဖုန်းကို ဖုန်းခေါ်၍ ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်၏။သူမရဲ့ ညစာဖိတ်ကြားမှုကိုတော့ လဲ့ဖုန်းက ငြင်းပယ်ခဲ့ပြီး အဲ့ဒါက သူ့အတွက် သေးငယ်တဲ့ အားထုတ်မှုတစ်ခုသာဖြစ်တယ်လို့ ပြောခဲ့သည်။ဒါ့အပြင် ဒီကိစ္စက နဂိုတည်းက ရဲဌာနက သေချာကိုင်တွယ်သင့်တာဖြစ်တာကြောင့် သူတို့အလုပ်ဖြစ်ကြောင်း ပြောသည်။

ဒီလိုဆိုပေမယ့်လည်း ချန်းရို့ယွီ စိတ်မအေးသေးချေ။အကယ်၍ ရဲတွေကသာ ဖိအားပေးမခံရရင် ဒီကိစ္စက အလွယ်တကူ ဖြေရှင်းပြီးသွားမှာ မဟုတ်ပေ။အရင်တုန်းက သူမ ခြေကုန်လက်ပန်းကျတဲ့အထိ ပြေးလွှားနေခဲ့ပေမယ့် အဆုံးမှာတော့ ဒီကိစ္စက အကြာကြီး အချိန်ဆွဲနေခဲ့တယ်လေ။

လဲ့ဖုန်းက သူတို့က သူငယ်ချင်းတွေ ဖြစ်တာကြောင့် နောက်ပိုင်းမှာ အတူတူ လုပ်ဆောင်ရမယ့် ကိစ္စတွေရှိလာဦးမှာဖြစ်တယ်ဆိုတာလည်း ပြောခဲ့ပြီး နောက်ဆုံးမှာတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ မုန့်ကုက တောင်းဆိုခဲ့တဲ့အကြောင်း ပြောပြခဲ့သည်။အကယ်၍ ချန်းရို့ယွီကသာ ကျေးဇူးတင်ဖို့ လူရှာချင်နေသေးတယ်ဆိုရင် သူမ မုန့်ကုကိုသာ ကျေးဇူးတင်သင့်၏။

သူ့စကားတွေက ချန်းရို့ယွီကို အချိန်အတော်ကြာ စဉ်းစားစေခဲ့တယ်။သူမ မုန့်ကုကို ကျေးဇူးတင်သင့်တယ်ဆိုတာ သိပေမယ့် ဘယ်လိုကျေးဇူးတင်ရမှာလဲ?ဒါက သူမအတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့၏။

သူ့ကို ရန်စရင် သူစိတ်အနှောင့်အယှက်ဖြစ်မယ်။သူ့ဆီကနေ ရန်စခံရရင် သူမကိုယ်တိုင် စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်။

ချန်းရို့ယွီ ဒါကို စဉ်းစားကြည့်လိုက်တယ်။ထားလိုက်တော့ လျန်စီးစီးနဲ့တိုင်ပင်တာ ပိုကောင်းတယ်။သူမကို နောက်ထပ် အခြားနည်းလမ်း ပြောင်းခိုင်းပြီး ကိုထရန်နာဒိုင်နိုဆောကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတာကို ရှောင်ခိုင်းရမယ်။ဒီနည်းလမ်းနဲ့ဆိုရင် ဒါက သူ့ကို ကူညီတယ်လို့ ယူဆလို့ရတယ်လေ ဟုတ်တယ်မလား?အဲ့နောက်ကျမှ သူမ သူ့ကိုဖုန်းဆက်ပြီး ကျေးဇူးတင်လိုက်မယ်။

*#*#*#*#*#*#*#*#*#*#*#"#*#*

ညပိုင်းတွင် သူမတို့ အတူတူ တီဗီကြည့်နေတာကို အခွင့်ကောင်းယူ၍ သူမ လျန်စီးစီးကို စမ်းသပ်လိုက်သည်။

"အခုတလော နင်နဲ့ဒေါက်တာမုန့် ဘယ်လိုအခြေအနေရှိလဲ"

"ဘာလဲ? ဒေါက်တာမုန့်က နင့်ကို မကျေမနပ် ပြောလို့လား"

ချန်းရို့ယွီ အံ့ဩသွားတယ်။နင် အရမ်းပါးနပ်ဖို့ လိုလို့လားဟင်?သူမ အခုထိ ဘာမှမပြောရသေးဘူးလေ။

လျန်စီးစီးက ပြုံးလိုက်၏။သူမရဲ့ခြေထောက်ကို လိုးရှင်းလူးနေကာ မျက်လုံးများက တီဗီကို စိုက်ကြည့်နေသည်။

"သူနာပြုတွေက ငါ့ကိုပြောပြတယ်လေ။ဒေါက်တာမုန့်က သူတို့မေးတာတွေနဲ့ပတ်သက်ပြီး နည်းနည်းစိတ်မပျော်ဘူး ဖြစ်‌နေတယ်တဲ့"

"ဪ....အဲ့တော့ သူမပျော်ဘူးကိုး....အာ...."

ချန်းရို့ယွီက အ,ချင်ယောင်ဆောင်‌နေလိုက်ပြီး သူ့ရဲ့ 'နည်းနည်းစိတ်မပျော်ဘူး' ဆိုတာကို သူမဘာသာ စဉ်းစားကြည့်လိုက်တယ်။အသိသာကြီးကို သူက ကြမ်းကြုတ်ပြီး ဆက်ဆံရခက်နေခဲ့တာပါနော်။

"အဲ့တော့ သူ နင့်ကို မကျေမနပ်ပြောတာလား ဟုတ်လား"

"အာ.....အဲ့ဒါက မကျေမနပ်ပြောတာလို့ ပြောလို့မရဘူး"

ခြယ်လှယ်လွန်းတာလို့ ဖော်ပြတာက ပိုပြီးသင့်တော်တယ်။

ချန်းရို့ယွီက စကားလမ်းကြောင်းလွှဲ၍ မေးလိုက်၏

" နင် ဘာလုပ်ဖို့ ကြံထားလဲ"

"ဘာမှမလုပ်ဘူး"

လျန်စီးစီးက အမှုမထားသလို ဖြေလိုက်၏။

"အဲ့ဒါကို လွယ်လွယ်နဲ့ဖြည်းဖြည်းချင်း စိမ့်ဝင်အောင်လုပ်ရမယ်လေ။ဒါက အချစ်ကိစ္စလေ ရန်ဖြစ်တဲ့ပွဲမှ မဟုတ်တာ။ပြီးတော့ အဲ့ဒါမျိုးက အချိန်တိုတိုလေးနဲ့ ဖြေရှင်းလို့ရတာ မဟုတ်ဘူး။နင်သိတဲ့အတိုင်းပဲ ရင်းနှီးမှုက ချစ်ခြင်းမေတ္တာကို မွေးထုတ်ပေးတယ်လို့ ပြောကြတာ ရှိတယ်လေ"

ချန်းရို့ယွီ ခေါင်းညိတ်လိုက်၏။သူမ ဒီအသုံးအနှုန်းကိုသိတယ်။ရင်းနှီးမှုက ချစ်ခြင်းမေတ္တာကို မွေးထုတ်ပေးတယ် ဒါပေမဲ့ အဲ့ဒါက ရှေးအသုံးအနှုန်းပဲ။သူမရဲ့စိတ်ထဲမှာ စကားလုံးအသစ်တစ်လုံးရှိ‌‌နေပြီး အဲ့ဒါကို "အမှန်အတိုင်းသိမြင်လာခြင်း" လို့ ခေါ်တယ်။

"အဲ့တော့ နင်က သူ့ကို လောလောဆယ် ဒီအတိုင်း လွှတ်ထားဖို့ စီစဉ်ထားတာလား"

သူမ မေးလိုက်၏။

လျန်စီးစီးက သူမကို စိုက်ကြည့်၍

"သူ့ကို ဒီအတိုင်းလွှတ်ထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?ငါက အဲ့ဒီအကြံသမားလိုမိန်းမ မဟုတ်ဘူး။သူကလည်း လူကောင်းမဟုတ်ဘူး။ငါတို့ရဲ့ ပေါင်းစပ်မှုက စံပြစုံတွဲလို့ ခေါ်လို့ရတယ်"

ချန်းရို့ယွီသည် ခေါင်းညိတ်၍ နောက်ထပ်မေးလိုက်၏။

"အဲ့တော့ နင် သူ့ကို လောလောဆယ် ဒီအတိုင်း လွှတ်ထားဖို့ စိတ်ကူးထားတာလား"

အကယ်၍ လျန်စီးစီးက သူမ သူ့ကို လွှတ်ထားမယ်လို့ပြောခဲ့ရင် အဲ့ဒါဆိုရင် ကိုထရန်နာဒိုင်နိုဆောတော့ အချိန်ခဏလောက် တစ်ယောက်တည်း နေနိုင်လိမ့်မယ်။နောက်ပိုင်း သူမ သူ့ကို ဖုန်းဆက်တဲ့အချိန်ကျ သူမဘက်က အပိုင်းကို လုပ်ဆောင်ပေးခဲ့တဲ့အတွက် နည်းနည်းဂုဏ်ယူနိုင်ပြီး 'ကျေးဇူးတင်ပါတယ်'လို့ တွဲပြောနိုင်လိမ့်မယ်။အဲ့ဆိုရင် ကိစ္စတွေက ကျေနပ်စရာကောင်းတဲ့ပုံစံနဲ့ ဖြေရှင်းနိုင်သွားပြီ။

သူမတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်တော့သလို ပတ်သက်စရာလည်း မလိုတော့ဘူး။

"ဟုတ်တယ်"

လျန်စီးစီးက အများကြီး ဂရုစိုက်ပုံမပေါက်ဘဲ ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။

ချန်းရို့ယွီ ပျော်သွားတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါကလည်း ရက်နည်းနည်းလောက် အလုပ်ခရီးသွားရဦးမှာဆိုတော့ ငါ ပြန်လာမှပဲ ဆက်လုပ်တော့မယ်"

အာ! ရက်နည်းနည်းပဲလား?အဲ့ဒါဆိုရင် သူမရဲ့အကူအညီအတွက် အမှတ်ရဖို့ တတ်နိုင်သမျှ မြန်မြန်လုပ်ရမယ်။ဒီရက်နည်းနည်းလေးကို အခွင့်ကောင်းယူပြီး သူနဲ့ဖြေရှင်းရမယ်။အဲ့ဒါဆိုရင် သူ သူမကို ထပ်ပြီး နှောင့်ယှက်တော့မှာ မဟုတ်ဘူး။

"ငါ အခု သူနာပြုတွေကို အားကိုးလို့မရတော့ဘူးဆိုတော့ ငါ့ဘာသာငါပဲ အားကိုးရတော့မယ်"

လျန်စီးစီးက သူမရဲ့အနာဂတ်အစီအစဉ်များကို သူမဘာသာ ရေရွတ်နေလေသည်။

"ငါ အလုပ်ခရီးက ပြန်လာတဲ့အချိန်ကျရင် သူ့ကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်တစ်ခု ဝယ်ပေးလိုက်မယ်။ပြီးရင် သူ့ရဲ့အာရုံစိုက်မှုကို ဆွဲဆောင်ဖို့အတွက် ငါ့ကိုယ်ငါ သင့်တော်တဲ့ပုံစံ ဖော်ပြပြီး နောင်ကျရင် ငါ့အတွက် နောက်ဆုတ်ဖို့ လမ်းတစ်လမ်းချန်ထားရမယ်။ပြီးရင်တော့ နောက်ဆက်တွဲတွေက ဖြည်းဖြည်းချင်း ကိုင်တွယ်ရမှာပေါ့"

ချန်းရို့ယွီက ခေါင်းရမ်းလိုက်ပြီး

"ဒေါက်တာမုန့်က လက်ဆောင်တွေ မကြိုက်ဘူး"

"လူတိုင်းက လက်ဆောင်တွေကို ကြိုက်တယ်။အဲ့ဒါက လက်ဆောင်ပေးတဲ့လူက ဘယ်သူလဲဆိုတာနဲ့ ပေးတဲ့လက်ဆောင်က ဘာလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာဟ"

လျန်စီးစီးက ပြောလိုက်၏။

"အခုချိန်မှာ သူက ငါ့အတွက် ခံစားချက်တွေမရှိဘူးလေ။အဲ့တော့ အခြေအနေမကောင်းဘူး။ဒါပေမဲ့ အကယ်၍ လက်ဆောင်က သင့်တော်တဲ့ဟာဆိုရင် အခြေအနေပိုကောင်းလာလိမ့်မယ်။ရို့ယွီ ခွဲစိတ်ဆရာဝန်တစ်ယောက်အတွက် အသင့်တော်ဆုံးလက်ဆောင်က ဘာလဲဆိုတာ နင် သိလား"

ချန်းရို့ယွီက သူမရဲ့သူငယ်ချင်းကို ကြည့်ကာ မှင်သက်နေသည်။ ရုတ်တရက် သူမရဲ့မျက်လုံး‌တွေ တောက်ပသွား၏။

"အာမခံ! စီးစီး ငါ နင့်ကိုပြောမယ် အာမခံက သူတို့အတွက် လက်တွေ့အကျဆုံးပဲ။သူတို့က ဖိအားတွေအများကြီးအောက်မှာ ရှိပြီး‌တော့ နာရီတွေအကြာကြီး အလုပ်လုပ်ကြရတယ်လေ။သူတို့ရဲ့ ရောဂါတွေနဲ့ ထိတွေ့ရတဲ့ဟာနဲ့ အလုပ်က အရမ်းအန္တရာယ်များတယ်။နင် သူ့အတွက် အာမခံဝယ်ပေးသင့်တယ်။ဒါက အရမ်းလက်တွေ့ကျပြီးတော့ သူ ငြင်းမှာကို နင် စိုးရိမ်စရာမလိုတော့ဘူး။သူက မငြင်းပဲနဲ့ အကယ်၍ သူတစ်ခုခုဖြစ်ရင်တောင် နင့်ကို သတိရလိမ့်မယ်။ခဲတစ်လုံးနဲ့ ငှက်တွေအများကြီး ပစ်လိုက်နိုင်တာပဲလေ ဟုတ်တယ်မလား? ငါ နင့်ကို ကူညီပေးလို့ရတယ်။ နင် ငါ့ဆီက ဝယ်ရမယ်နော်!"

လျန်စီးစီးက ချန်းရို့ယွီရဲ့နဖူးကို လက်ညှိုးဖြင့်ထိုး၍ ပြောလိုက်၏။

"နင် အရမ်းဆင်းရဲလွန်းလို့ ရူးသွားတာလား ဒါမှမဟုတ် နင် သူ့ကို အရမ်းမုန်း‌နေလို့ သူ မကောင်းတာတစ်ခုခုဖြစ်သွားဖို့ကို မျှော်လင့်နေတာလား?နင် ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ"

" ငါ အတည်ပြောနေတာ"

"သွားလိုက်ပါတော့ ပြဿနာအိုးရယ်!"

လျန်စီးစီးက သူမရဲ့လက်ကို ဝှေ့ရမ်းပြီး

"နင် သူ့ကို လက်လိမ်းခရင်မ် ဝယ်ပေးလို့ရတယ်"

"လက်လိမ်းခရင်မ်လား"

"ဟုတ်တယ်။သူနာပြုတွေ ငါ့ကို ပြောထားတာရှိတယ်။သူတို့က အမြဲတမ်း ခွဲစိတ်ခန်းဝင်နေရတာမလို့ သူတို့လက်တွေကို ခဏခဏဆေးပြီး ပိုးသတ်ရတယ်တဲ့။အဲ့ဒါ‌ကြောင့် သူတို့အရေပြားတွေ အတော်လေးပျက်ဆီးလို့ ခွဲစိတ်ဆရာဝန်တွေက လက်လိမ်းခရင်မ်တွေ သုံးကြတယ်တဲ့လေ။ယောကျာ်းလေးဆရာဝန်တွေ ကိုယ်တိုင်လည်း သုံးတယ်တဲ့။အဲ့ဒါ‌ကြောင့် လက်လိမ်းခရင်မ် လက်ဆောင်ပေးတာက အရမ်းလည်း ဈေးမကြီးဘူး ဒါပေမဲ့ ဂရုစိုက်ရာလည်းရောက်ပြီး ဖိအားလည်း မရှိတော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက နင့်ရဲ့ အာမခံထက်တော့ အများကြီး ပိုပြီး Romantic ဆန်တယ်!"

သူမမှာ တကယ်တော့ ဒီလှည့်ကွက်လည်း ရှိနေတာပဲဟ!!!

ချန်းရို့ယွီ ခံစားလိုက်ရတယ် တကယ်တော့ သူမက အဲ့ဒီချိုချဉ်တွေပို့ခဲ့တာ တကယ်တုံးတာပဲ။စီးစီးကတော့ တကယ့်ကို အဆင့်မြင့်မာစတာပဲ!!အား!!

အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ တစ်နေ့ကျရင် ကိုထရန်နာဒိုင်‌နိုဆောက စီးစီး လက်အောက်ကိုရောက်ပြီး ချိုးနှိမ်ခံရတော့မယ်။သူမဆီမှာ ရှုံးနိမ့်သွားလိမ့်မယ်။

"စီးစီး နင် တကယ်ပဲ ဒေါက်တာမုန့်ကို စိတ်ရင်းနဲ့လား

"ဘာလို့လဲ"

"ဒေါက်တာမုန့်က အရမ်းကောင်းတဲ့ ယောကျာ်းတစ်ယောက်လေ။နောက်ပိုင်း နင်တို့နှစ်ယောက် အတူတူရှိတဲ့အချိန်ကျရင် နင့်ရဲ့ ထိန်းရခက်တဲ့အကျင့်ကို သေချာထိန်းချုပ်ထားရမယ်နော်။သူ့ကို စိတ်မပျက်စေနဲ့"

လျန်စီးစီးရဲ့ အချစ်ရေးတစ်ခုစတင်ပြီး အဆုံးသတ်တဲ့ စံနှုန်းနဲ့ဆိုရင် ချန်းရို့ယွီ ရုတ်တရက် မုန့်ကုအတွက် စိုးရိမ်သွား၏။

" နင် ဘာလို့ ဒီနေ့ အရမ်းထူးဆန်းနေတာလဲ?ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့ဆိုတာက ငါတစ်ယောက်ထဲအပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။ငါ ရည်းစားနဲ့ပြတ်တဲ့အချိန်တိုင်း ငါက စဖြတ်တဲ့သူလို့ နင်က ထင်လို့လား?ငါလည်း အကြိမ်ပေါင်းများစွာ အထားခံခဲ့ရတဲ့သူပါနော် အိုခေလား?အဲ့ဒါကြောင့် နင် ဒေါက်တာမုန့်အတွက် စိတ်မပူခင် ငါ့အတွက် အရင်စိတ်ပူသင့်တယ်"

"ငါက နင်တို့နှစ်ယောက် ကောင်းကောင်းမွန်မွန်ရှိဖို့ပဲ မျှော်လင့်တာပါ။ဒေါက်တာမုန့်ရဲ့ ဒေါသက ဆိုးတယ်လေ ပြီးရင် နင့်ရဲ့အကျင့်ကလည်း အရမ်းသန်မာတယ်။အဲ့ဒါကြောင့် ငါက အဲ့လို ပြောလိုက်တာ။နင်တို့ထဲက တစ်ယောက်ကတော့ နည်းနည်း ပိုပြီး သည်းခံရမှာပဲလေ ဟုတ်တယ်မလား?"

"ငါက ဘာလို့ သည်းခံရမယ့်သူဖြစ်ရမှာလဲ?သူ ငါ့ကို ချစ်တယ်ဆိုရင် သူကပဲ ငါ့ကို သည်းခံရမယ့်သူ မဖြစ်သင့်ဘူးလား"

ချန်းရို့ယွီ ပါးစပ်ဟသွားပြီး ဘာပြောရမလဲ မသိတော့ချေ။

ဒီညတော့ ဆွေးနွေးမှုအတွက် အဖြေမထွက်လာပေ။

နောက်တစ်ရက်တွင် လျန်စီးစီး အလုပ်ခရီးထွက်သွား၏။

*#*#*#*#*#*#*#*#*#*#*#*#*#*

နေ့လယ်ခင်း၌ ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံမှုပြီးတဲ့‌‌နောက် ချန်းရို့ယွီသည် ကုန်စုံဆိုင်ကြီးတစ်ခုရှေ့က ဖြတ်သွားပြီး ပြတင်းပေါက်မှာ ပြသထားတဲ့ အမျိုးသား skin-care ကြော်ငြာကို တွေ့သွား၏။သူမ စိတ်ဝင်စားသွားပြီး အထဲဝင်ကာ ပတ်ကြည့်လိုက်သည်။

ကောင်တာက အရောင်းမိန်းကလေးက ထုတ်ကုန်များကို မိတ်ဆက်ဖို့နဲ့ ပစ္စည်းဘယ်လောက်ကောင်းကြောင်း အမွှမ်းတင်ဖို့ အစွမ်းကုန်ကြိုးစားလေသည်။သူမက ချန်းရို့ယွီကို ထုတ်ကုန်ရဲ့ လက်ကမ်းစာစောင်ကိုလည်း ပေးပြီးတော့ ထုတ်ကုန်ရဲ့ကောင်းကျိုးတွေသိရအောင် ဖတ်ခိုင်း၏။အရောင်းမိန်းကလေးဆီကနေ လက်ကမ်းစာစောင် ယူပြီးတဲ့နောက် တစ်ပြိုင်နက်တည်း လက်လိမ်းခရင်မ်ရဲ့ဈေးနှုန်းကို ချောင်းကြည့်လိုက်ပြီး ချဲ့ကားထားတဲ့ ကိန်းဂဏန်းတွေက သူမကို ဆွံ့အသွားစေသည်။အဲ့ဒီနောက် သူမ ပြန်လှည့်ထွက်လာလိုက်သည်။

လမ်းဘေးမှာ ရပ်နေပြီး ခဏလောက် စဉ်းစားပြီးတဲ့နောက် သူမ မုန့်ကုကို ဖုန်းခေါ်လိုက်သည်။

မုန့်ကုက ဖုန်းကိုင်လိုက်၏။

ချန်းရို့ယွီက သူ့ရဲ့အကူအညီအတွက် သူ့ကို ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်လိုက်သည်။ဖုန်းရဲ့ အခြားတစ်ဖက်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့ပြီး သူမက ဒီအချိန်မှာ နှုတ်ဆက်စကားပြောမလို့လုပ်နေချိန်မှာပဲ မုန့်ကုက စကားပြောလာသည်။

"ဒါ ချန်းရို့ယွီလား?"

"အင်းလေ"

"မင်းက ရုတ်တရက် ငါ့ကို အဲ့လိုလေသံနဲ့‌ပြောတော့ ငါ အမှတ်မှားတယ် ထင်သွားတာ"

သူမရဲ့မျက်နှာမှာ အနက်ရောင်မျဉ်းတွေနဲ့ ပြည့်နှက်သွားပြီ။သူမက သူ့ကို တကယ့်ကို ယဉ်ယဉ်ကျေးကျေးလေး စကားပြောခဲ့တာကို သူကတော့ သေစေနိုင်လောက်တဲ့ အဆိပ်ပြင်းတဲ့လျှာနဲ့ပဲ။

"ဒေါက်တာမုန့် ရှင်ပင်ပန်းနေတာကြောင့် ရှင့်အကြားအာရုံကို ထိခိုက်သွားတာနေမယ်။ကောင်းကောင်း အနားယူလိုက်ဦး။ကျွန်မ အခု ဖုန်းချတော့မယ်"

"အွန်း....ဒီတစ်ခါကမှ တကယ့်ချန်းရို့ယွီအစစ်နဲ့တူတာ"

မုန့်ကုက သူမ ဖုန်းချတော့မယ်လို့ပြောတာကို ကြားပုံမရဘဲ စကားဆက်ပြောလာသည်။

"မင်းရဲ့ ကျေးဇူးတင်တာက ဖုန်းထဲကနေ ကျေးဇူးတင်လိုက်ရုံနဲ့ ပြီးသွားပြီလား"

သူမ ခဏလောက် တိတ်သွားပြီး

"ဒီရက်ပိုင်းထဲက တစ်ရက်ရက်ကျရင် ကျွန်မ ရှင်နဲ့ရဲအရာရှိလဲ့တို့ကို အတူတူ ထမင်းဖိတ်ကျွေးပြီး သေချာကျေးဇူးတင်ပါ့မယ်"

"ဒီနေ့က ငါနားတဲ့နေ့ပဲ"

"အော် အဲ့ဒါဆိုရင်လည်း ကျွန်မ......."

သူမ လဲ့ဖုန်းကို ဖုန်းခေါ်ပြီး သူ ဘယ်အချိန်အားမလဲဆိုတာ မေးလိုက်မယ်လို့ ပြောချင်ပေမယ့် မုန့်ကုက ဆက်ပြောလာခဲ့၏။

" မင်း ငါ့ကို နောက်ဆုံးအကြိမ်တုန်းက ထမင်းတစ်နပ် အကြွေးရှိတာ မှတ်မိသေးလား"

သူမ ပြောချင်တဲ့ စကားတွေကို မျိုချလိုက်တယ်။

"အဲ့ဒီ ဉယျာဉ်လှလှထဲမှာ ငှက်တွေက သီချင်းဆို ပန်းနံ့တွေကမွှေးနေတယ်ဆိုတဲ့ ချိုမြိန်တဲ့ညစာလေ....အဲ့ဒီဉယျာဉ်စားသောက်ဆိုင်"

သူက တကယ်တော့ သူမ သူ့ကို ပို့ခဲ့တဲ့ ရူးရူးနှမ်းနှမ်းမက်ဆေ့ခ်ျကို သတိပေးလိုက်တာပဲ။

"အခု ညစာအတွက် အချိန်ပဲ"

ဒီလို သိသာတဲ့သဲလွန်စတွေနဲ့ ချန်းရို့ယွီ သူ့ကို လျစ်လျှူရှုမထားနိုင်တော့ဘဲ သက်ပြင်းချလိုက်၏။

"အဲ့ဒါဆိုရင် ကျွန်မ ဒေါက်တာမုန့်ကို ညစာစားဖို့ ဖိတ်ပါ့မယ်"

သူက တကယ်လည်း သူမကို ကြီးကြီးမားမား ကူညီခဲ့တာဆိုတော့ သူစားချင်တယ်ဆိုရင် စားခိုင်းလိုက်တာပေါ့။

" မင်း အခု ဘယ်မှာလဲ"

ချန်းရို့ယွီက သူ့ကို လိပ်စာပြောပြလိုက်သည်။မုန့်ကုက သူမကို စောင့်နေဖို့ပြောပြီး သူကလည်း သိပ်မဝေးတဲ့နေရာမှာ ရောက်နေတာကြောင့် သူမကို လာကြိုမှာဖြစ်သည်။

ချန်းရို့ယွီသည် ကုန်စုံဆိုင်အပြင်ဘက်က ခုံတန်းပေါ်တွင်ထိုင်၍ စောင့်နေလိုက်သည်။သူမ စောင့်နေရင်းဖြင့် မုန့်ကုကို ဘာဝယ်ကျွေးရမလဲဆိုတာ စဉ်းစားနေသည်။သူမမှာ ငွေသားအများကြီး မရှိပေမယ့် သူမ သုံးလို့ရတဲ့ ခရက်ဒစ်ကတ်ရှိသည်။ဒါပေမဲ့ ခရက်ဒစ်ကတ် ပွတ်ဆွဲလို့ရတဲ့နေရာကို သွားဖို့ဆိုရင် လမ်းဘေးဆိုင်ထက် အများကြီးပိုဈေးကြီးမှာ သေချာ၏။

သူမရဲ့ ပိုက်ဆံအိတ်ကို ကြည့်လိုက်ပြီး အဲ့ဒီနောက် သနားစရာကောင်းတဲ့ ငွေစက္ကူများကို ကြည့်ကာ သူမရဲ့ ခရက်ဒစ်ကတ်ကို ပွတ်ဆွဲနိုင်ပြီး အရမ်းဈေးမကြီးတဲ့ စားသောက်ဆိုင်တစ်ခုရှာရန် ကြိုးစားနေသည်။ဒီအချိန်မှာပဲ သူမရဲ့ဖုန်း မြည်လာသည်။သူမက ၎င်းကို မုန့်ကုလို့ ထင်ခဲ့ပေမယ့် သူမဖုန်းကို ထုတ်ကြည့်လိုက်တဲ့အချိန်မှာ ၎င်းက သူမမိသားစုရဲ့နံပါတ်ဖြစ်နေသည်။

ချန်းရို့ယွီ အနည်းငယ် စိတ်လှုပ်ရှားသွား၏။သူမရဲ့အတွေးများကို ရှင်းထုတ်ကာ လည်ချောင်းရှင်း၍ ဖုန်းဖြေလိုက်သည်။ဖုန်း၏အခြားတစ်ဖက်တွင် သူမအမေရဲ့အသံ ထွက်ပေါ်လာသည်။

"ရို့ယွီ ဒီရက်တွေထဲ အခြေအနေဘယ်လိုရှိလဲ"

"ကောင်းပါတယ်" ချန်းရို့ယွီသည် သူမနှုတ်ခမ်းကို ကိုက်ထားပြီး သူမရဲ့ နှလုံးခုန်နှုန်းများက အနည်းငယ် မြန်နေသည်။

"သမီး ဘာလို့ ဒီလ အိမ်ကိုပိုက်ဆံမပို့တာလဲ? ပိုက်ဆံကြပ်နေလို့လား"

ချန်းရို့ယွီ အလိုလို မတ်မတ်ထိုင်မိသွားပြီး

"သမီး....သမီး သိပ်မကြာသေးခင်တုန်းက ဆေးရုံတက်လိုက်ရသေးတယ်။အဲ့ဒါကြောင့် သမီး ဒီလ ပိုက်ဆံက နည်းနည်းကြပ်လို့......"

သူမ အိမ်ကို ပိုက်ဆံမပို့နိုင်ဘူးလို့ ပြောချင်ပေမယ့် စဉ်းစားပြီးတဲ့နောက် သူမရဲ့စကားတွေကို ပြောင်းပြောလိုက်သည်။

"သမီး ရက်ပိုင်းအတွင်း အမေတို့ဆီ ပိုက်ဆံပို့ပေးလိုက်မယ်။ သမီး အမေတို့ကို လုပ်ပေးပါ့မယ်"

အမေချန်းက စကားမပြောပေ။ချန်းရို့ယွီ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေ၏။သူမ စိတ်ထဲမှာ အကယ်၍ သူမအမေက ပိုက်ဆံဘယ်အချိန်ပို့မှာလဲ၊ ဘယ်လောက်ပို့မှာလဲဆိုပြီး မေးလာခဲ့ရင် ဘယ်လိုဖြေရမလဲဆိုတာ အလျင်အမြန် စဉ်းစားနေသည်။သူမ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်ဆိုတဲ့အကြောင်း သူမအမေကို မပြောပြနိုင်ပေ။သူမရဲ့အမေကို သူမအတွက်ကြောင့် မစိုးရိမ်စေချင်တာ ဖြစ်သည်။

ဒါပေမဲ့ အမေချန်းက ထိုမေးခွန်းတွေ တစ်ခုမှ မမေးလာခဲ့ပေ။သူမက ခဏလောက် တိတ်နေပြီး ပြောလာခဲ့၏။

"Cမြို့ကို ပြန်လာခဲ့တော့။ နင် Aမြို့မှာ အသက်မွေးဝမ်း‌ကြောင်းပြုနိုင်တဲ့ အလားအလာမရှိဘူး"

သူမရဲ့ တင်းမာတဲ့လေသံနဲ့ ထိုရိုးရှင်းတဲ့သာမန်စကားလုံး‌တွေက ချန်းရို့ယွီရဲ့စိတ်ကို နာကျင်စေသည်။။

"သမီး ပြန်မလာချင်ဘူး။ဒီမှာနေရတာ ကြိုက်တယ်"

"ကြိုက်တယ်ပေါ့လေ"

အမေချန်းရဲ့အသံက စူးရှတင်းမာနေပြီး

"နင်က အာမခံရောင်းရတာကို ကြိုက်နေတာလား?နင်က ငါတို့ကို လိမ်ရတာကို ကြိုက်တာလား?နင်က ဒီနေရာက နင့်မိသားစုကို အရှက်ရအောင်လုပ်ရတာကို ကြိုက်တာလား? နင့်မှာ လုပ်နိုင်စွမ်းမရှိဘူးဆိုရင် အဲ့ဒါအဆင်ပြေတယ်။နင့်အမေနဲ့အဖေကို ရိုးသားစမ်းပါ။ငါ့သမီးအကြောင်း ငါသိတာပေါ့။နင့်မှာ လုပ်နိုင်စွမ်းမရှိဘူးဆိုတာ ငါ သိတယ် ဒါပေမဲ့ နင်က ငါတို့ကို လိမ်ပြီးတော့ လူတွေကို လှည့်စားထားတာ နင်က နင့်ရဲ့ဒီအမေအိုကြီးကိုပါ မျက်နှာပျက်စေတာဟဲ့!

နင်က နင့်အဖေနဲ့ငါ့ကို ငါတို့ရဲ့ မိတ်ဆွေတွေနဲ့ဆွေမျိုးတွေကို ဘယ်လိုပြောစေချင်တာလဲ? အခု ငါတံခါးအပြင်ကို ထွက်လို့ အသိတစ်ယောက် တွေ့တာနဲ့ သူတို့က ငါ့ကို ငါ့ရဲ့သမီးရို့ယွီက အာမခံရောင်းနေတယ်ဆိုတာ အမှန်ဟုတ်မဟုတ် မေးနေကြတာ။

နင် ငါ့ကို ပြောစမ်းပါ......နင် ငါ့ကို ပြောစမ်းပါဦး....နင်က လူတွေကို ကုမ္ပဏီကြီးမှာ အလုပ်လုပ်ပြီး လစာတွေအများကြီးရတဲ့ မန်နေဂျာဆိုပြီး လိမ်ထားတာ အခု ရလဒ်က ဘာဖြစ်သွားလဲ"

ချန်းရို့ယွီ စကားမပြောနိုင်ပေ။သူမရဲ့ လက်ထဲက ဖုန်းကိုသာ တင်းတင်းဆုပ်ကိုင်၍ တိတ်တဆိတ် နားထောင်နေသည်။

"ဘာပဲဖြစ်ဖြစ် ငါ နင့်အဖေနဲ့ စကားပြောပြီးသွားပြီ။ဒီလိုဆိုရင် နင်လည်းပြန်လာနိုင်တယ်။နင့်အဖေက သူ့သူငယ်ချင်းကို ရှာပြီးတော့ နင့်အတွက် အရောင်းဝန်ထမ်းအလုပ် ရှာပေးထားတယ်။ပိုက်ဆံက အများကြီး မဟုတ်ပေမယ့် အနည်းဆုံးတော့ တည်ငြိမ်သေးတယ်။အလုပ်ကောင်းရှာဖို့ စဉ်းစားမနေနဲ့။ပြန်လာခဲ့ ပြီးရင် ငါတို့နင့်အတွက် အိမ်ထောင်ဖက်ရှာပေးမယ်။နင်သာ တည်ကြည်ပြီး စိတ်ချရတဲ့ ယောကျာ်းတစ်ယောက်ကို လက်ထပ်နိုင်ရင် နင်က ကံကောင်းတယ်လို့ ယူဆလို့ရသွားပြီ။ငါတို့ လူအိုနှစ်ယောက်က နင့်အပေါ် ဆက်ပြီး မမှီခိုနိုင်တော့ဘူး။နင့်မောင် ကောလိပ်ကနေဘွဲ့ရတာစောင့်ပြီး သူအောင်မြင်မလားဆိုတာ ကြည့်ရမှာပဲ"

ချန်းရို့ယွီသည် အံကြိတ်၍ သူမအမေရဲ့ နားပူနားဆာလုပ်ခြင်းကို အကြာကြီး နားထောင်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူမ ကြေညာလိုက်၏။

"အမေ သမီး ဒီနေရာမှာ နေချင်သေးတယ်။သမီးအလုပ်က မဆိုးပါဘူး ပိုက်ဆံရှာနိုင်ပါတယ်။ဒီနေရာမှာနေရတဲ့ သမီးဘဝက ကောင်းတယ် တကယ်ပြောတာ။သမီး အဲ့ကို ပြန်မလာချင်ဘူး"

အမေချန်းက သူမပြောတာ နားထောင်ပြီး အံ့ဩသွား၏။အဲ့ဒီနောက် စိတ်တိုပြီးတော့ သူမကို အော်တော့သည်။

" နင် ကြိုက်သလိုသာ လုပ်ဟေ့!!"

အဲ့ဒီနောက် သူမက ဖုန်းချသွားသည်။

ကျယ်လောင်တဲ့ ဖုန်းချသံက ချန်းရို့ယွီကို အံ့ဩထိတ်လန့်စေသည်။သူမက ဖုန်းသံကို မှင်သက်စွာ နားထောင်နေမိပြီး ဖြည်းဖြည်းချင်း ဖုန်းချလိုက်ကာ ဖုန်းကို သူမအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။

သူမသည် နေရောင်အောက်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့၏။သူမ အေးစက်မှုကို ခံစားနေရဆဲပင်။

"ဘာဖြစ်နေတာလဲ"

တစ်ယောက်ယောက်က သူမဘေးနားတွင်ထိုင်၍ မေးလာခဲ့သည်။

သူမလှည့်ကြည့်လိုက်ပြီး မုန့်ကုရဲ့ချောမောတဲ့မျက်နှာကို တွေ့လိုက်ရသည်။သူမ ခေါင်းကိုရမ်းလိုက်ပြီး ဘာပြောရမလဲဆိုတာ မသိချေ။

"မင်း ငိုချင်လို့လား"

မုန့်ကုက မျက်မှောင်ကြုတ်၍ သူမကို စိုက်ကြည့်လိုက်သည်။

"အဲ့ဖုန်းက ဘယ်သူလဲ? ဘာဖြစ်လို့လဲ"

သူမက နောက်တစ်ကြိမ် ခေါင်းရမ်း၍ ခေါင်းငုံ့ထားလိုက်သည်။

သူမက သူမလက်ရဲ့ဘေးနားမှာ ထားထားတဲ့ ထိုင်ခုံပေါ်က မုန့်ကုရဲ့လက်ကို ကြည့်နေသည်။သူ့လက်ဖဝါးက အရမ်းကြီးမားပြီး သူမလက်တစ်ခုလုံးကိုတောင် ဖုံးအုပ်လို့ရနိုင်သည်။သူမ ဘာတွေ စဉ်းစားနေမိတာလဲဆိုတာ မသိတော့ပေ။သူမလက်ကို ဆန့်တန်း၍ သူ့လက်ထဲ ထည့်လိုက်၏။သူ့လက်က အလွန်နွေးထွေးကာ သူမရဲ့မျက်ခမ်းစပ်တွေက အမှန်တကယ် ပူနေပေမယ့် သူမ မငိုချင်ပေ။

မုန့်ကုသည် အနည်းငယ် မသက်မသာ ခံစားရပေမယ့် သူမကို မရှောင်ရှားချေ။သူက သူ့ဘာသာသူ ရေရွတ်‌နေပြီးတော့ ဘာလို့ သူမနဲ့တွေ့ဖို့ ဒီရက်ကို ရွေးလိုက်ရတာလဲဆိုတာ ပြောနေသည်။အဲ့ဒါ အရမ်းကံဆိုးတာပဲ။

ချန်းရို့ယွီသည် မျက်တောင်ခတ်၍ သူမမျက်လုံးထဲက ပူနေတဲ့ခံစားချက်ကို တွန်းပို့ထားလိုက်သည်။မုန့်ကုက လည်ချောင်းရှင်း၍ သူမကို စကားပြောလာသည်။

"မင်း တကယ် ဝမ်းနည်း‌‌နေတယ်ဆိုရင် ခဏလောက်တော့ မင်းကို ငါ့ပုခုံးငှားပေးလို့ရတယ်နော်"

ဒီတစ်ကြိမ်တော့ ချန်းရို့ယွီ ခေါင်းမရမ်းချေ။သူမရဲ့နှုတ်ခမ်းတွေကို ကိုက်၍ လှည့်ကာ မုန့်ကုကို ဖက်ထားလိုက်ပြီး သူမခေါင်းကို သူ့လက်မောင်းတွေထဲ မြှုပ်ထားလိုက်သည်။သူမရဲ့မျက်လုံးကနေ မျက်ရည်များ စီးကျလာပေမယ့် သူ မြင်နိုင်မှာ မဟုတ်ပေ။အခြားလူများလည်း မြင်နိုင်မှာ မဟုတ်ဘဲ အဲ့ဒါက သူမကို သက်သာရာရစေသည်။

သူမက သူ့ကိုဖက်ထားပြီး တိတ်တိတ်လေး ငိုနေလိုက်သည်။သူ့ရဲ့ ညည်းညူမှုနဲ့ မကျေမနပ်ပြောတာကို ကြားလိုက်ရ၏။သူ့ပုခုံးကိုပဲ ငှားပေးမယ်လို့ ကတိပေးခဲ့ပြီး သူမ သူ့ကို ဖက်လို့ရတယ်လို့ ပြောခဲ့တာမဟုတ်ဘူးဆိုပြီး သူပြောနေတာကို ကြားရသည်။

#######################

All Chapters