အခန်း ၂၂
Vol. 3 Ch. 22
ဒွိဟချစ်သံယောဇဉ်:
Chapter 22- ချိုမြိန်တဲ့ညစာ
အဲ့ဒီနေရာတွင် ကျေးငှက်များ တေးဆိုခြင်းမရှိသော်လည်း ပန်းရနံ့အနည်းငယ်ရှိ၏။
ညနေခင်းတွင် ရွှေရောင်တောက်ပနေတဲ့ နေရောင်ခြည်က ဉယျာဉ်ထဲကို ကျရောက်နေပြီး ထူးခြားပြီး နွေးထွေးတဲ့လေထု ဖြစ်ပေါ်စေသည်။
ချန်းရို့ယွီနှင့်မုန့်ကုက ခုံတန်းပေါ်တွင် အတူတူထိုင်၍ သူတို့ရဲ့ပေါင်မုန့်များကို စားနေကြသည်။သူတို့စားနေချိန်မှာပဲ ချန်းရို့ယွီက ရုတ်တရက် ဒီအခြေအနေက ရယ်စရာကောင်းတယ်လို့ ခံစားမိတယ်။အစပိုင်း သူမ မုန့်ကုကို လိုက်ခဲ့တဲ့အချိန်တုန်းက သူနဲ့အတူတူ အပြင်ထွက်ပြီး ထမင်းအတူတူစားနိုင်ဖို့ နည်းလမ်းပေါင်းများစွာ ကြိုးစားခဲ့ရတယ်။အဲ့ဒီအချိန်တုန်းက သူမမှာ သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ဖို့ အခွင့်အရေးရှိပြီး ပေါင်မုန့်အတူတူ စားခဲ့ရမယ်ဆိုရင် သူမ အပျော်လွန်ပြီး သေသွားနိုင်တယ်။
သို့ပေမယ့် သူမ အခု အမှန်တကယ်ပဲ သူနဲ့အတူတူထိုင်နေရပြီး သူတို့က ချိန်းတွေ့နေတဲ့အတိုင်းပင်။ဆန့်ကျင်ဘက်အနေနဲ့ ယခု သူမက ပျာယာခတ်ခြင်း ဒါမှမဟုတ် ရှက်ရွံ့ခြင်းမရှိပဲ ဘယ်လိုခံစားချက်မျိုးမှ လုံးဝမခံစားရချေ။
မုန့်ကုက စကားမပြောပေ။ပဲနီပေါင်မုန့်စားပြီးတဲ့နောက် တွင်းထွက်ရေဘူးထဲက ရေတွေအကုန် မော့သောက်လိုက်သည်။
သူ့အပြုအမူများက ကြော့ရှင်းနေပြီး သူ့ရဲ့ဘေးဘက်ပုံစံက ကြည့်ရတာ ကျေနပ်စရာကောင်း၍ နေရောင်ခြည်ကလည်း သူ့အပေါ်ဖြာကျနေသည်။
သူမက သူ့ကို အကြာကြီးချောင်းကြည့်နေခဲ့ပြီး မတတ်နိုင်ဘဲ မေးလိုက်၏။
"ဒေါက်တာမုန့် ရှင်ဘာလို့ စီးစီးကို မကြိုက်တာလဲ"
သူမ သူ့ကို ဒီမေးခွန်းမေးချင်နေတာ တော်တော်ကြာပြီဖြစ်ပေမယ့် အခွင့်အရေး မရရှိခဲ့ပေ။အခု လေထုက ကောင်းမွန်နေပြီး သူတို့က ရင်းနှီးတဲ့ သူငယ်ချင်းဟောင်းများအတိုင်းပင်။၎င်းက စကားစမြည်ပြောရန်အတွက် အချိန်ကောင်းဖြစ်၏။
အဲ့ဒါဆို ချိုမြိန်တဲ့အစားအသောက်တွေက လူတွေကို စိတ်သက်သောင့်သက်သာဖြစ်စေတယ်ဆိုတာ အမှန်ပဲလား?
"ငါ မင်းကို ဘာလို့မကြိုက်တာလဲလို့ ဘာလို့ မမေးတာလဲ?"
"............"
သူမ မှားသွားတယ်။ပျားရည်ပဲနီပေါင်မုန့်တောင် သူ့အဆိပ်ကို မကုသနိုင်ဘူး။
"မင်း ငါ့ကို မကြိုက်ဘူးလား? ငါက မင်း ငါ့ကို အရမ်းကြိုက်တယ်လို့ ထင်ထားတာ"
သူမ သူ့ကို ငေးကြောင်ကြောင် ကြည့်လိုက်တယ်။ဒီယောကျာ်းက တကယ့်ကို အရမ်းလွန်လွန်းနေပြီ!သူ ဘာလို့ ပိုပြီးတော့ ယဉ်ကျေးတဲ့ပုံစံနဲ့ မပြောနိုင်ရတာလဲ?သူမ သူ့ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်အရှက်မရှိတဲ့ ကိုထရန်နာဒိုင်နိုဆောရဲ့ပုံစံကို တုပလိုက်တယ်။
"အော်....အဲ့လိုလား။ဒါဆိုရင် ငါ မင်းကို ကြိုက်တယ်။ဒါကြောင့် လျန်စီးစီးကို မကြိုက်ဘူး"
ဖြတ်စမ်း! ဒီရှောင်လွှဲတဲ့ လှည့်ကွက်က အရမ်းမိုက်လွန်းတယ်။
"ကျွန်မ အလေးအနက် ပြောနေတာ" သူမက သူ့ပုခုံးကို ရိုက်လိုက်၏။
"ဘာလို့ ငါနဲ့ အလေးအနက်ပြောတာလဲ"
သူမ သူ့ကို တစ်ချက်လောက် အသာလေး ကန်လိုက်တယ်။
သူ လေးလေးနက်နက်ပြောရင် သေသွားမှာမလို့လား?
"သူ(မ)က ငါနဲ့ မလိုက်ဖက်ဘူး" ဟု သူက ပြောလာသည်။
မလိုက်ဖက်တာလား? ချန်းရို့ယွီ မျက်တောင်ခတ်၍ ဒီအကြောင်းကို စဉ်းစားလိုက်တယ်။
"ဒါပေမဲ့ ကျွန်မက ဘာလို့ သူ(မ)က ရှင်နဲ့ အရမ်းလိုက်ဖက်တယ်လို့ ခံစားနေရတာလဲ? ရှင်တို့နှစ်ယောက်က တူညီကြတဲ့လူတွေလေ။ယောကျာ်းလေးကချောပြီးတော့ မိန်းကလေးက လှတယ်။ရှင်တို့နှစ်ယောက်လုံးက ထက်မြက်ကြတယ်၊ဖက်ရှင်ကျတယ်၊သတ္တိရှိပြီးတော့ ရှင်တို့နှစ်ယောက်က တူညီတဲ့အကြောင်းအရာ တော်တော်များများကို ဆွေးနွေးနိုင်တယ်လေ"
"တူညီတဲ့ပုံစံရှိတဲ့လူနှစ်ယောက်က လိုက်ဖက်တယ်လို့ မင်းက ထင်တာလား?ဘုံအကြောင်းအရာကို ဆွေနွေးစကားပြောနိုင်တဲ့လူတွေက လိုက်ဖက်တယ်ပေါ့လေ။"
မုန့်ကုက ပြုံးလိုက်ပြီး ထိုင်ခုံကိုမှီကာ သူ့ရဲ့ခြေထောက်ရှည်ကြီးတွေကို ဆန့်ထုတ်လာသည်။
"ချန်းရို့ယွီ မင်းရည်းစား ထားဖူးလား"
"ဒါပေါ့!"
ချန်းရို့ယွီ သူမကျောကို မတ်မတ်ထားလိုက်တယ်။သူမက အဲ့လောက်လည်း မဆိုးပါဘူးနော်။ဒါပေါ့ သူမကို အရင်တုန်းက လိုက်တဲ့လူရှိတယ်လေ။
"သူက မင်းလိုမျိုး တူညီတဲ့ပုံစံပဲလား။မင်းတို့တွေ တူညီတဲ့အကြောင်းအရာတွေကို ပြောကြလား"
သူမ ထိုအကြောင်းကို လေးလေးနက်နက် စဉ်းစား၍ ခေါင်းညိတ်လိုက်သည်။
"မင်းတို့ဘာလို့ပြတ်သွားတာလဲ"
"သူက ကျွန်မက ပျင်းစရာကောင်းတယ်လို့ ခံစားရလို့တဲ့လေ"
သူမ ဘဲပစ်ခံခဲ့ရတဲ့အကြောင်းအရင်းကို စဉ်းစားမိပြီး သူမလက်ထဲက ပေါင်မုန့်ကို အားနဲ့မညှစ်ပဲ မနေနိုင်ပေ။
"သူကပဲ ကျွန်မကို လိုက်ခဲ့တာ။ကျွန်မတို့ တစ်နှစ်လောက်တွဲကြသေးတယ်။ကျွန်မတို့က ခရိုင်တစ်ခုတည်းမှာနေပြီး သူက စာရင်းကိုင်လုပ်တာလေ။ကျွန်မ ပြည်တွင်းတက္ကသိုလ်မှာ စတုတ္ထနှစ်အတွက် စာသင်နေတဲ့အချိန် အလုပ်သင်ဆင်းရတော့ သူ့မြို့ကိုသွားရတယ်။ကျွန်မက ဘွဲ့ရပြီးရင်လည်း အဲ့မှာပဲ အလုပ်လုပ်ဖို့ စီစဉ်ထားခဲ့တာ။ကျွန်မတို့ရဲ့ အရည်အချင်းတွေက အတူတူလောက်ပဲ။ပြီးတော့ ကျွန်မတို့ရဲ့အလုပ်ကလည်း အရမ်းအလုပ်မများဘူးလေ။မိသားစုတွေကလည်း အခြေအနေအတူတူပဲဆိုတော့ သူ ကျွန်မကို လိုက်တဲ့အချိန်တုန်းက လက်ခံခဲ့လိုက်တာ။သူက အရမ်းလက်တွေ့ကျပြီးတော့ အလုပ်ကြိုးစားတယ်လို့ ကျွန်မခံစားခဲ့ရတယ်။သူက လူအေးတစ်ယောက်ဆိုပေမယ့် ကျွန်မတို့တွေ အချင်းချင်း စကားပြောနိုင်ပြီး အတူတူကောင်းကောင်းမွန်မွန် နေနိုင်တာက ကျွန်မအတွက်
လုံလောက်နေပြီ"
"အဲ့ဒီတော့ ရလဒ်က လက်တွေ့ကျပြီး၊အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့ယောကျာ်းတစ်ယောက်က မင်းကို သဘောမကျဖြစ်သွားတယ်ပေါ့လေ"
မုန့်ကုက ကျယ်လောင်စွာ ရယ်မော၍
"သူက မင်းရဲ့ ရွစိရွစိဆူးတွေကို မကြိုက်တာ မဟုတ်ဘဲ အဲ့ဒီအစား မင်းက ပျင်းစရာကောင်းလို့ မကြိုက်တာပဲ! ဟားဟား..ဟားဟား.."
ချန်းရို့ယွီ သူ့ကို စိုက်ကြည့်လိုက်ပြီး
"ဘာက အရမ်းရယ်စရာကောင်းနေလို့လဲ?၊ယောကျာ်းတစ်ယောက်က လမ်းခွဲချင်တဲ့အချိန်ကျရင် အကြောင်းပြချက်မျိုးစုံပေးတာပဲလေ။ ရှင်ကရော ဘာထူးလို့လဲ?ရှင့်ရည်းစားနဲ့ လမ်းခွဲချင်တဲ့အချိန်တုန်းက ဘာအကြောင်းပြချက်ပေးခဲ့တာလဲ"
သူ့မှာ အဆိပ်လိုလျှာရှိတယ်ဆိုတော့ သူ့စကားတွေက သေချာပေါက် ကြမ်းတမ်းမှာပဲ။
"ငါ မလုပ်ဘူး။ ငါက အထားခံခဲ့ရတဲ့လူ"
မုန့်ကုက သူ့ခြေထောက်တွေကို ရွှေ့၍ သက်သောင့်သက်သာဖြင့် ကျေကျေနပ်နပ်ပြောကာ ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။
"ရှင်က အထားခံခဲ့ရတယ်ပေါ့လေ! တကယ် အထားခံရတာလား!"
ချန်းရို့ယွီ အံ့ဩသွားပြီး စိတ်လှုပ်ရှားကာ
"ဘယ်လိုမိန်းကလေးမျိုးက ဒီလောက် အမြော်အမြင်ရှိတာလဲ"
"င့ါကို ထားသွားတဲ့လူက အမြော်အမြင်ရှိတယ်။အဲ့ဒါဆိုရင် ငါ့ကိုလိုက်တဲ့လူက မျက်စိမမြင်တာပေါ့ ဟုတ်တယ်မလား?........မမျက်မမြင်?"
"ဟွန့်......." ချန်းရို့ယွီက ခေါင်းရမ်းလိုက်သည်။
"နောက်ကျ ကျွန်မ အချိန်မီ နိုးထပြီးတော့ ကျွန်မစိတ်ထဲကနေ ရှင့်ကို မလွှင့်ပစ်လိုက်ဘူးလား"
သူမက မေးစေ့ကိုမော့၍ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားတဲ့အမူအရာဖော်ပြထား၏။ဟား...ဟား....ဒါက ငါ့အမုန်းတွေကို ချေဖျောက်ဖို့ပဲ။
မုန့်ကုက ပြုံးပြီးတော့ သူမကို လျစ်လျှူရှုထားသည်။
ချန်းရို့ယွီသည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
"ဒေါက်တာမုန့် သူ(မ)ရှင့်ကို ထားခဲ့ရတဲ့ အကြောင်းပြချက်က ဘာတဲ့လဲ"
ရိုင်းစိုင်းတဲ့ပါးစပ်လား? မယဉ်ကျေးတာလား? စဉ်းစားမပေးတတ်လို့လား? လွှမ်းမိုးခြယ်လှယ်လို့လား? သူ(မ)ကို အဖော်မပြုပေးလို့လား?
မုန့်ကုက အနည်းငယ်ခေါင်းစောင်း၍ အကြာကြီး စဉ်းစားနေခဲ့သည်။ချန်းရို့ယွီသည် သူ့ကို အကြာကြီး စောင့်နေခဲ့ပြီး သူ့အတွက် ရှင်းပြဖို့ ခက်ခဲနေတယ်လို့ ထင်လိုက်တဲ့အချိန်မှာပဲ သူက ရုတ်တရက် မေးလာခဲ့သည်။
"မင်းက သူတို့ထဲက ဘယ်တစ်ယောက်ကို ပြောတာလဲ"
ချန်းရို့ယွီ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး မေးလိုက်တယ်။
"ဘယ်လောက်တောင်ရှိလို့လဲဟင်"
"သုံးယောက်"
"ရှင်က သုံးကြိမ်တိတိ ချစ်မိသွားတာလား ဒါမှမဟုတ် ထားခဲ့ခံရတာလား"
"နှစ်ခုလုံးပဲ"
"အဲ့တော့ ရှင် ချစ်မိသွားတဲ့အချိန်တိုင်း ထားခဲ့ခံရတာပေါ့လေ"
ချန်းရို့ယွီက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်မောင်းကို ဆွဲလိုက်ပြီး သူမရဲ့မျက်ဝန်းများက တောက်ပနေ၏။အဲ့ဒါကြောင့် သူမ ပြောသားပဲ အကယ်၍ မိန်းကလေးတစ်ယောက်က သူနဲ့ အကြာကြီးရှိရင် နောက်ဆုံးမှာ သူ့ပုံစံအစစ်အမှန်ကို ဖြည်းဖြည်းချင်း သိသွားမှာပါလို့။တကယ်လို့ သူမက သူ့ကို သည်းခံနိုင်တယ်ဆိုရင်တော့ သူမရဲ့ သည်းခံနိုင်စွမ်းက ထူးခြားလောက်အောင်ကို မြင့်မားတာ ဖြစ်ရမယ်။
"မင်း ငါ့ရဲ့ နာကျင်မှုကို နှစ်ထောင်းအားရဖြစ်ချင်တယ်ဆိုရင်တောင် နည်းနည်းတော့ ထိန်းထားပါဦး အိုကေလား?"
"နိုး"
"မင်း လက်တွေက ထောပတ်ပေါင်မုန့်က ဆီတွေပေနေတာ ငါ့အင်္ကျီလက်တွေ ပေကုန်ပြီ။ငါ နောက်ထပ် အင်္ကျီတစ်ထည် ထပ်ဝယ်ရလိမ့်ဦးမယ်။ဒီတစ်ခေါက်တော့ မင်း ပိုက်ဆံပေးရမှာ"
သူမလက်တွေကို ပြန်ရုတ်ပြီးတော့ ပြောလိုက်တယ်။
"ကျွန်မက ရှင်အထားခံခဲ့ရတဲ့ သုံးကြိမ်အကြောင်း သိချင်လို့ပါ"
"ငါက ဘာလို့မင်းကို ပြောပြရမှာလဲ"
"ကျွန်မတို့ကသူငယ်ချင်းတွေလို့ ရှင်ပဲပြောထားတယ်လေ"
ချန်းရို့ယွီက ပျော်ရွှင်တောက်ပစွာ ပြုံးလိုက်သည်။
"ကြည့်လေ ကျွန်မတို့က သူငယ်ချင်းတွေပဲ။ရှင် အင်္ကျီဝယ်ဖို့အတွက် ဈေးဝယ်လည်း အတူတူလိုက်ပေးတယ်။ရှင့်ကို မုန့်လည်းဝယ်ကျွေးတယ် ပြီးတော့ အခု ကျွန်မက ရှင်နဲ့ စကားစမြည် ပြောပေးနေတယ်လေ။ကျွန်မက ရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းမှုတွေ ဖြေလျော့သွားအောင်လည်း ကူညီပေးနေတာ"
မုန့်ကုက သူမကို ဘေးစောင်းကြည့်ကာ ရယ်လိုက်ပြီး
"ချန်းရို့ယွီ အတင်းအဖျင်းကလေ တကယ်ပဲ လူတစ်ယောက်ကို ချက်ချင်းအရေထူသွားစေတယ်နော် ငါ ပြောတာ ဟုတ်တယ်မလား"
"တခြားလူတွေကိုတော့ ကျွန်မ မသိဘူး။ဒါပေမဲ့ ကျွန်မကတော့ ရိုးသားစစ်မှန်တဲ့စိတ်ထားနဲ့ နားထောင်ပေးမှာပါ"
"မင်းက နားထောင်ပြီးရင် ဘာလုပ်မှာလဲ"
"ဘာမှမလုပ်ပါဘူး။ကျွန်မက ရှင့်ကို ကူပြီးတော့ အခြေအနေကို ခွဲခြမ်းလေ့လာပေးပြီး ရှင်နဲ့စီးစီးက တစ်ယောက်နဲ့တစ်ယောက် သင့်တော်ရဲ့လားဆိုတာ ကြည့်ပေးမှာ။ရှင်တို့နှစ်ယောက်လုံးက ကျွန်မသူငယ်ချင်းတွေလေ။အကယ်၍ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ကျွန်မက ဒီအလယ်မှာ ကြားညှပ်နေတာက ကျွန်မအတွက် အရမ်းဒုက္ခများလိမ့်မယ်"
"မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူဖို့ မလိုဘူး။အခု မင်း သူ(မ)ရဲ့ အတွေးတွေအားလုံးကို ချက်ချင်းချေဖျက်လို့ရပြီ။လူတိုင်းရဲ့အချိန်ကို ဖြုန်းမနေနဲ့"
ချန်းရို့ယွီ မျက်မှောင်ကြုတ်သွားပြီး
"ဒေါက်တာမုန့် ရှင် ဘာလို့ အရမ်းသေချာနေတာလဲ?ကျွန်မ ထင်တာတော့ စီးစီးက ရှင့်ကို တကယ်ဂရုစိုက်တယ်နော်။ကြည့်လေ....သူ(မ)က ရှင့်အကြောင်းသိရဖို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးကြိုးစားပြီး ရှင့်ရဲ့ စိတ်နေစိတ်ထားကို နားလည်နိုင်ဖို့ ကြိုးစားနေတာ။ သူ(မ)က ရှင့်ကို တိုက်ရိုက်ချဉ်းကပ်လို့ မရနိုင်ဘူးဆိုတာသိတော့ ရှင့် သူနာပြုတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရှင့်အကြောင်းကို အများကြီးသိအောင် လုပ်တယ်လေ။သူ(မ)က အရမ်းလည်း စဉ်းစားပေးတတ်သေးတယ်။ခွဲစိတ်ဆရာဝန်တွေက လက်လိမ်းခရင်မ် လိုအပ်တယ်ဆိုတာသိလို့ သူ(မ)က ရှင့်အတွက် ဝယ်ပေးချင်နေတာ။ကျွန်မကတော့ တစ်ယောက်ယောက်က ကျွန်မအတွက် အဲ့လောက်အများကြီး လုပ်လာပေးရင် စိတ်ထဲ ထိသွားမှာပဲ။ဒေါက်တာမုန့် ရှင် သူ(မ)ကို တကယ်မသိသေးဘူး အဲ့ဒါကြောင့် ရှင် သူ(မ)ကို နားမလည်တာ။သူ(မ)က တကယ်တော့ အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးနော်။ပြီးတော့ ရှင့်မှာ အခု ရည်းစားရှိတာလည်း မဟုတ်ဘဲနဲ့ သူ(မ)ကို ဘာလို့ ငြင်းနေတာလဲ?သူ(မ)က ကျွန်မသူငယ်ချင်းဖြစ်နေလို့ ရှင်က ကျွန်မ ဒီကိစ္စမှာ ဝင်ပတ်သက်နေမှာကို မလိုချင်တာလား? ရှင် စိတ်ချထားလို့ရတယ်။ကျွန်မ ဒါကို စဉ်းစားပြီးသွားပြီ.....ကျွန်မတို့နှစ်ယောက် အခုလိုမျိုး သူငယ်ချင်းတွေလိုနေတာကလည်း မဆိုးပါဘူး"
မုန့်ကုက ခေါင်းရမ်းလိုက်ပြီး
"မင်း အရမ်းတွေးနေပြီ။ဒါက မင်းနဲ့မဆိုင်ဘူး"
"အဲ့ဒါဆိုရင် ရှင်က ဘာလို့ သူ(မ)ကို အဲ့လောက်မြန်မြန် ငြင်းနေတာလဲ။ကျွန်မ ဆိုလိုချင်တာက ရှင်တို့ အရင်ဆုံး တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် လုပ်သင့်တယ်လေ"
"ဘာကိုနားလည်ရမှာလဲ"
သူ အတည်ကြီး ထပ်မေးနေတာလား? ချန်းရို့ယွီက ခေါင်းစောင်း၍ သူ့ကို စိုက်ကြည့်လိုက်တယ်။
"သူ(မ)ရဲ့ နောက်ခံကို နားလည်ရမယ်။သူ(မ)ရဲ့ အကျင့်စရိုက်၊သူ(မ) နှစ်သက်တာတွေ၊သူ(မ)ရဲ့ အလုပ်အကိုင်နဲ့ ရှင်တို့နှစ်ယောက်က တူညီတဲ့လမ်းကြောင်းပေါ်မှာ ရှိမရှိ သိရမယ်လေ။ကျွန်မဆိုရင် ကျွန်မ ဒေါက်တာမုန့်ကို မလိုက်ခင်တုန်းက လိုအပ်တဲ့ရှင့်ရဲ့အခြေခံအချက်တွေကို စုံစမ်းတာပဲ။အဲ့နောက် ရှင့်အကြောင်းကို ပိုပြီးသိလာတော့ ကျွန်မတို့က မလိုက်ဖက်ဘူး မသင့်တော်ဘူးဆိုတာ နားလည်သွားတယ်လေ။အဲ့တော့ ကျွန်မ လက်လျှော့လိုက်တယ်။ဒေါက်တာမုန့်လည်း အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့အခြေအနေကို သိတာပဲလေ ရှင်ပဲ ရှင့်ကိုယ်ပိုင်ခန့်မှန်းချက်တွေ လုပ်ခဲ့တာပဲလေ ဟုတ်တယ်မလား?ကျွန်မ ဆိုလိုချင်တာက ကျွန်မရဲ့အသွင်အပြင်အပါအဝင် ပြင်ပအရည်အချင်းတွေပေါ့။စီးစီးက ကျွန်မနဲ့မတူဘူး။သူ(မ)က လှတယ်၊စိတ်ထားကောင်းကောင်းရှိတယ်၊ရည်မွန်ပြီးတော့ ပွင့်လင်းတယ်။ဒီပြင်ပအရည်အချင်းတွေအားလုံးက ပြဿနာမဟုတ်ဘူး။ဒါကြောင့် ရှင် သူ(မ)ရဲ့ အတွင်းစိတ်၊အရည်အချင်းတွေကို နားလည်အောင် ကြိုးစားသင့်တယ်လေ မမှန်ဘူးလား"
"ငါ အဲ့လောက်အများကြီး နားလည်ဖို့ မလိုအပ်ဘူး။ငါ လိုအပ်တာ တစ်ခုပဲ"
"အဲ့ဒါက ဘာလဲ"
"ချန်းရို့ယွီ သူ(မ)ကငါ့ကို ကြိုက်တယ်လို့ မင်း တကယ်ထင်တာလား"
"သူ(မ)သာ ရှင့်ကို မကြိုက်ရင် ဘာလို့ ရှင့်အပေါ်မှာ အများကြီး ကြိုးစားအားထုတ်နေမလဲ? ကျွန်မ သူ(မ)ကို သိတာပေါ့။သူ(မ)က သူ(မ)အတွက် အရေးမကြီးတဲ့ လူတွေဆိုရင် အချိန်မဖြုန်းဘူး"
"ငါတော့ အဲ့ဒါကို မခံစားမိပါဘူး"
"ရှင်က သူ(မ) ရှင့်အတွက် အားထုတ်တာတွေကို မခံစားမိဘူးပေါ့လေ။အဲ့ဒါဆိုရင် ဘာလို့ ကျွန်မကိုခေါ်ပြီး သူ(မ)ကို တားခိုင်းတာလဲ"
"ငါ ပြောတဲ့အဓိပ္ပာယ်က သူ(မ) ငါ့ကို ကြိုက်တယ်ဆိုတာကို မခံစားမိဘူး"
ချန်းရို့ယွီ အံ့ဩသွား၏။
"တစ်ယောက်ယောက်က မင်းကို ချစ်တယ်ဆိုရင် မင်း အဲ့ဒါကို သိလိမ့်မယ်"
မုန့်ကုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"သူ(မ)က ငါ့ကို တကယ် စိတ်ဝင်စားတယ်လို့ မခံစားမိဘူး အဲ့ဒါကြောင့် ငါ သူ(မ)နဲ့ မကစားချင်ဘူး။ငါက အမွေးပေါက်ခါစ ချာတိတ်လေး မဟုတ်တော့ဘူး။သူ(မ)နဲ့ ဒီလိုဂိမ်းမျိုး ကစားဖို့ အချိန်မရှိသလို စိတ်လည်းမဝင်စားဘူး"
ချန်းရို့ယွီ မှင်သက်သွားပြီး မတ်မတ်လှည့်ထိုင်ကာ အကြာကြီး စဉ်းစားနေခဲ့တယ်။သူမရဲ့ နှလုံးသားအောက်ခြေကနေ တစ်စုံတစ်ခု စတင်လှုပ်ခတ်လာတာကို ခံစားမိတယ်။သူ ပြောတာ အဓိပ္ပာယ်ရှိတယ်။ရုတ်တရက် သူမ ရှက်သွား၏။ကြည့်ရတာ အစတုန်းက သူမလည်း ဒီလိုမျိုးဖြစ်ခဲ့ပုံပဲ။သူမက ချစ်မိသွားတာမဟုတ်ဘဲ သူ့ရဲ့အသွင်အပြင်နဲ့ ပြင်ပအရည်အချင်းတွေကြောင့် သူ့ကို လိုက်ဖို့ဆုံးဖြတ်ခဲ့တာပဲ။
သူကလည်း ဒါကို သတိထားမိတာ ဖြစ်ရမယ်။
ဒါကြောင့် အမျိုးသမီးတစ်ယောက်က သူနဲ့လိုက်ဖက်တဲ့ အရည်အချင်းတွေ ရှိလား မရှိဘူးလားဆိုတာ မစဉ်းစားခင် အရင်ဆုံး စစ်မှန်တဲ့ခံစားချက်ရှိရမယ်။မဟုတ်ရင် ရင်းဇယ်နဲ့လဲ့ဖုန်းက သူ့မှာ မက်မွန်ပွင့်ပုပ်တွေ အများကြီးရှိတယ်လို့ ပြောလိမ့်မယ်။ဒီယောကျာ်းက အပြင်ပန်းမှာ အေးစက်တဲ့ပုံပေါက်ပေမယ့် ဒါကိုလည်း အထူးသတိထားပြီး သူ့ကို ရိုးရိုးသားသား ဆက်ဆံဖို့ကိုလည်း မျှော်လင့်သေးတယ်။
(မက်မွန်ပွင့်ဆိုတာက အချစ်ရေးအချစ်ရာကိစ္စတွေကို ဆိုလိုတာပါ)
"ဒေါက်တာမုန့် တကယ်တော့ မက်မွန်ပွင့်တောကို ဖြတ်တဲ့လမ်းကလည်း ခက်ခဲတဲ့လမ်းပဲ၊ ဟုတ်တယ်မလား?"
သူမက မိန်းမောစွာနဲ့ သူ့တောထဲကို ဝင်သွားမိပြီး သူမ သတိထားမိတဲ့အချိန်ကျ သူမက ပန်းပွင့်တစ်ပွင့်မဟုတ်ဘဲ သစ်ကိုင်းတစ်ခုသာ ဖြစ်နေခဲ့တယ်။အဲ့ဒါက အတော်လေး နောက်ကျသွားပြီ။သူမ သက်ပြင်းချလိုက်ပြီး အနည်းငယ် ဝမ်းနည်းသွားတယ်။
"ချန်းရို့ယွီ ငါတို့က အကြောင်းအရာတစ်ခုတည်းကို ပြောနေတယ်ဆိုတာ မင်း သေချာရဲ့လား"
"အင်းလေ ကျွန်မတို့က ရှင့်ရဲ့မက်မွန်ပွင့်တွေအကြောင်း ပြောနေတာ မဟုတ်ဘူးလား"
သူက သူမကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။
"ဘာလို့များ ကိစ္စတစ်ခုခုက မင်းဆီကိုရောက်သွားရင် ပြောင်းလဲသွားတာလဲ"
"အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာက မဖြစ်နိုင်ရမှာလဲ" မုန့်ကုရဲ့ ပါးစပ်ထောင့်တွေ ကွေးတက်သွားပြီး
"မအောင်မြင်တဲ့ ပိုးပန်းမှုကြောင့် ဝုန်းဒိုင်းကြဲတဲ့လူတွေအများကြီး ငါ တွေ့ဖူးပေမယ့် မင်းဆီရောက်သွားတော့ အဲ့ဒါက ရယ်စရာဟာသဖြစ်သွားတယ်။အသဲကွဲပြီးတော့ ဝမ်းနည်းနေတဲ့လူတွေကို ငါ နေ့တိုင်းတွေ့ရပေမယ့် မင်းကတော့ လူရွှင်တော်လိုပဲ။အဲ့ဒီ ဉယျာဉ်ထဲကချိုမြိန်တဲ့ညစာကိစ္စ ငါက အဲ့ဒါကို အရမ်းသိချင်ပြီးတော့ မင်း ဘယ်လိုလုပ်လာမလဲဆိုတာ အချိန်အကြာကြီး ခန့်မှန်းနေခဲ့တာ။အဆုံးကျတော့ မင်းက ခံ့ခံ့ညားညားမရှိဘဲ လေထုကလည်း ဟင်းလင်းပြင်ဖြစ်နေတဲ့ ဒီလိုညစာပုံစံကို လုပ်နိုင်ခဲ့တယ်။ဒါက တကယ်တော့ မလွယ်ဘူး။အမှန်တော့ ချန်းရို့ယွီ မင်းကလေ အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ"
သူမ အရမ်းအံ့ဩလွန်းတာကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတယ်။သူက လူတွေကို ပါးပါးနပ်နပ် ချီးကျူးပြီးတော့လည်း အရှက်ခွဲနိုင်တယ်။သူက အမှန်တကယ် အရည်အချင်းရှိတဲ့လူပဲ။
"ဒေါက်တာမုန့် ကျွန်မ ရှင့်အကူအညီကို တကယ်လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်"
သူက မျက်ခုံးပင့်သွားပြီး "ဘာကိစ္စလဲ"
"အကယ်၍ တစ်ရက်ရက်မှာ ကျွန်မ ဆေးရုံတက်ရပြီး ခွဲစိတ်ဖို့ လိုအပ်တယ်ဆိုရင် ခွဲစိတ်မှုကို ရှင်ကိုယ်တိုင်မလုပ်ဖို့ ကျွန်မ ဒေါက်တာမုန့်ကို တောင်းဆိုပါတယ်"
"ဘာလို့လဲ? ငါ လက်စားချေမှာ ကြောက်လို့လား"
"မဟုတ်ဘူး။ကျွန်မ ကြောက်တာက ဒေါက်တာမုန့်က ခွဲစိတ်နေတဲ့အချိန် ကျွန်မရဲ့ ရယ်စရာကောင်းတဲ့အတိတ်ကို ခွဲစိတ်ခုံပေါ်မှာ သတိရသွားပြီး ရယ်မှာကိုပဲ။ရယ်နေရင်း ရှင့်ဓားက ဘေးကို မတော်တဆ ထိုးမိသွားနိုင်တယ်လေ။ဒေါက်တာမုန့်လည်း ခွဲစိတ်မှုအပေါ်မှာ သူတို့အသက်တွေကို မှီခိုထားရတဲ့ လူနာတွေအများကြီး တွေ့ဖူးမှာပါ။ကျွန်မကတော့ ဆရာဝန်က ခွဲစိတ်ခုံပေါ်မှာ မတော်တဆ ဓားနဲ့ထိုးမိပြီး သေသွားရတဲ့ တစ်ဦးတည်းသောလူ မဖြစ်ချင်ဘူး"
မုန့်ကုက သူမကို စိုက်ကြည့်ပြီးရင် စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမလည်း ရဲရင့်စွာ ပြန်စိုက်ကြည့်လိုက်၏။
အချိန်တော်ကြာပြီးတဲ့နောက် မုန့်ကုက ရယ်တာရပ်သွားပေမယ့် သူ့မျက်လုံးများက ရယ်မြူးရိပ်သန်းနေဆဲ ဖြစ်သည်။သူမ ပါးစပ်တွန့်သွားပြီး သူ့အပြုအမူကို မကျေနပ်ချေ။
သူတို့နှစ်ယောက် မျက်လုံးချင်းဆုံပြီး အချိန်တော်ကြာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေခဲ့သည်။မုန့်ကု၏မျက်လုံးများက ကြည်လင်နက်နဲ၏။ရုတ်တရက် ချန်းရို့ယွီ စိတ်ထဲကမောက်ကမ ဖြစ်လာပြီး သူမရဲ့နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်တော့ဘဲ သူမ စကားပြောမယ့်အချိန်မှာပဲ လူအိုကြီးတစ်ယောက်ရဲ့ "မုန့်ကု!" ဟု အော်သံကို ကြားလိုက်ရသည်။
မုန့်ကုနှင့်ချန်းရို့ယွီက အတူတူ လှည့်ကြည့်လိုက်၏။
ထိုနေရာမှာရပ်နေတာက ဆရာဝန်ကြီးတစ်ဦး ဖြစ်သည်။
မုန့်ကုက မတ်တပ်ရပ်ပြီး အဲ့ဒီနောက် သူ့ဆီလျှောက်သွားကာ နှုတ်ဆက်၍ စကားပြောနေကြသည်။ချန်းရို့ယွီက အဲ့ဒါက နောက်ထပ် ဆရာဝန်တွေကြားထဲက ဆွေးနွေးဝိုင်းလို့သာ ထင်လိုက်၏။သူမက စိတ်အနှောင့်အယှက်မဖြစ်သွားဘဲ နောက်ဆုံးကျန်တဲ့ ပေါင်မုန့်တစ်လုံးကို စားရန်ထုတ်လိုက်သည်။သူမ ပေါင်မုန့်ကို အကြီးကြီးကိုက်ပြီးတဲ့အချိန်မှာပဲ မုန့်ကုက သူမဘက်ကိုလှည့်၍ ပြောလာ၏။
"ချန်းရို့ယွီ ဒါငါ့အဖေပဲ"
သူ့အဖေ!!!
ချန်းရို့ယွီ လန့်သွားတယ်။ကိုက်ထားတဲ့ ပေါင်မုန့်ပိုင်းအကြီးကြီးက သူမ ပါးစပ်ထဲမှာ တစ်နေပြီး အဲ့ဒါကို မြိုချလို့လည်းမရ ထွေးထုတ်လို့လည်းမရပေ။
#################