← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

ဒွိဟချစ်သံယောဇဉ်:

Chapter 23 - အကူအညီ ရှာဖွေခြင်း

ချန်းရို့ယွီသည် နောက်ဆုံးတစ်ကြိမ် တင်းရှောင်ယွင်နှင့်ဆုံခဲ့စဉ်က မုန့်ကု၏ မိသားစုအကြောင်း ကြားခဲ့ဖူးသည်။ထိုအချိန်တုန်းက သူ့အဖေဟာ ဆေးရုံရဲ့ဒုဌာနမှူးဖြစ်တယ်လို့ သူမ ကြားခဲ့ရ၏။

စောနလေးတုန်းကအထိ သူမ စိတ်မဝင်စားခဲ့ပေမယ့် အခု သူမ မတ်တပ်ရပ်ပြီး ပေါင်မုန့်ကို မြိုချဖို့ ကြိုးစားနေရတယ်။သူမက အသက်ကြီးကြီး အမျိုးသားကို တိတ်တိတ်လေး ချောင်းကြည့်ပြီး သူ့ကို သေချာလေ့လာလိုက်တယ်။မုန့်ကုရဲ့အဖေက တကယ့်ကို ဌာနမှူးတစ်ယောက်ရဲ့ အသွင်အပြင်ရှိပြီး မျက်ခုံးထူထူ၊နှုတ်ခမ်းပါးပါးနဲ့ လေးထောင့်ပုံစံ မေးစေ့ရှိတယ်။

သူက သူမကို ခဏလောက်ကြည့်ပြီးတော့ အသာလေး ခေါင်းညိတ်ပြလာခဲ့သည်။သူက အခြားကြီးမားတဲ့ တုံ့ပြန်မှု မပြချေ။ဒါပေမဲ့ ချန်းရို့ယွီကတော့ အမြဲတမ်း အသက်ကြီးသူတွေကို ကြောက်ရွံ့တာကြောင့် အထိတ်တလန့် ခံစားနေရသည်။သူမက ပေါင်မုန့်ကို ကြိုးစား၍ မြိုချပြီးတဲ့နောက် အမြန်နှုတ်ဆက်လိုက်၏။

"ဦးလေး........"

မဟုတ်သေးဘူး သူမက သူနဲ့မရင်းနှီးဘူးလေ။သူ့ကို ဦးလေးလို့ခေါ်တာက အရမ်းပေါ့ပေါ့ပါးပါး ဖြစ်လွန်းတယ်။သူ့ကို ဒုဌာနမှူးလို့ နှုတ်ဆက်သင့်တာ ဟုတ်တယ်မလား? သူမ အမှတ်မှားတာဆိုရင် ဘယ်လိုလုပ်မလဲ?

သူမ နောက်တစ်ကြိမ် အာစေးမိသွားပြန်တယ်။သူမက အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးမှာတော့ ပြောလိုက်၏။

"ဒေါက်တာမုန့် ‌နေကောင်းရဲ့လား"

ဟုတ်တယ် သူ့မှာ ဘယ်လိုဂုဏ်ထူးတွေပဲ ရှိနေပါစေ သူ့ကို ဆရာဝန်တစ်ယောက်အနေနဲ့ နှုတ်ဆက်တာက သေချာပေါက် မှန်တယ်။

ဆရာဝန်နှစ်ယောက်.......တစ်ယောက်က အသက်ကြီးပြီး တစ်ယောက်က အသက်ငယ်တယ်......နှစ်ယောက်လုံးက ကြီးမားတဲ့ တုံ့ပြန်မှု မပြခဲ့ပေ။သူမ သူ့ကို နှုတ်ဆက်ပြီးတဲ့နောက် ယောကျာ်းနှစ်ယောက်လုံးက လှည့်သွားကြပြီး အချင်းချင်း စကားပြန်ပြောနေကြသည်။သူတို့တွေ စကားအနည်းငယ် ပြောပြီးတဲ့နောက် အသက်ကြီးတဲ့ ဒေါက်တာမုန့်က ထွက်သွားပြီး အသက်ငယ်တဲ့ ဒေါက်တာမုန့်က သူမဆီ ပြန်လျှောက်လာသည်။

ချန်းရို့ယွီသည် သူမရဲ့ရင်ဘတ်ကို အတင်းထု၍ ရေအနည်းငယ် သောက်လိုက်၏။နောက်ဆုံးမှာတော့ သူမ ပေါင်မုန့်ကို မျိုချနိုင်ခဲ့ပြီး သူမရဲ့ အသက်ရှုနှုန်းက ပုံမှန်ပြန်ဖြစ်လာသည်။

"အဲ့ဒါ......အဲ့ဒါ ရှင့်အဖေလား"

"ဟုတ်တယ်"

"ဆေးရုံရဲ့ဌာနမှူးလေ"

"လက်ထောက်"

ချန်းရို့ယွီက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမရဲ့ ထိတ်လန့်မှုကနေ မကျော်လွှားနိုင်သေးပေ။

"ရှင့်အဖေလိုမျိုး အဆင့်အတန်းမြင့်တဲ့လူတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးဖို့ မလိုဘူး"

"ငါက မင်းကို သူနဲ့မိတ်ဆက်ပေးချင်တယ်လို့ ထင်လို့လား? မင်းက ဘယ်သူလဲဆိုပြီး သူက ငါ့ကို မေးနေတာ။ငါသာ ဖုံးကွယ်လိုက်ရင် သူက သေချာပေါက် မင်းက အရေးပါတဲ့လူလို့ ထင်တော့မှာ။အဲ့တော့ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်တာ ပိုကောင်းတယ်။မင်းရော အဲ့လိုမထင်ဘူးလား?"

"အော်....."

သူမက ဘယ်သူမလို့လဲ? သူမက တကယ်ပဲ အရေးမပါတဲ့လူတစ်ယောက်ပဲလေ။သူ ပြောတာမှန်တယ်။ဒီကိစ္စက ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်လိုက်တာ ပိုကောင်းတယ်။

"မင်းက ဘာလို့အရမ်း လိပ်ပြာမလုံ ဖြစ်နေတာလဲ"ဟု သူက မေးလိုက်၏။

"ဟင့်အင်း မဟုတ်ပါဘူး" သူမရဲ့ လက်တွေကို ဝှေ့ရမ်းလိုက်ပြီး "ကျွန်မမှာ လူကြီးတွေကိုကြောက်တဲ့ရောဂါရှိတယ်။ကျွန်မက အသက်ကြီးတဲ့လူတွေနဲ့ တွေ့ပြီဆိုရင် အမြဲတမ်း ကြောက်နေတာ"

"လူကြီးတွေကို ကြောက်တဲ့ရောဂါလား?"

မုန့်ကုက ရယ်လိုက်ပြီး "မင်းရဲ့ပြဿနာတွေက တကယ့်ကို ထူးခြားတာပဲ"

ချန်းရို့ယွီရဲ့မျက်နှာအောက်သိုးသိုးဖြစ်သွားပြီး နောက်ဆုံးမှာတော့ သူမကိုယ်သူမ မတားထားနိုင်တော့ဘဲ ပြောလိုက်၏။

"ဒေါက်တာမုန့် ရှင်ဘာလို့ စကားကို ကောင်းကောင်းမပြောနိုင်တာလဲ?"

"ငါ့စကားတွေက ဘာမှားနေလို့လဲ"

"ရှင့်ရဲ့ဇောက်ထိုးစကားတွေက ကျွန်မကို မသက်မသာ ဖြစ်စေတယ်"

"အများကြီး မတွေးပါနဲ့"

"အဲ့ဒါ ရှင့်ရဲ့စကားပြောတဲ့ပုံစံက ‌ကြောက်စရာကောင်းတယ်။ဒေါက်တာမုန့် ဒါက ရှင့်အားနည်းချက်ပဲ။ရှင့်စကားတွေက သာယာနာပျော်ဖွယ် မရှိယုံတင်မကဘူး ရှင့်ရဲ့ ဒေါသကလည်း ဆိုးသေးတယ်။ရှင် ပြောင်းလဲဖို့ အစီအစဉ် မရှိဘူးလား"

"ငါက ဘယ်သူ့အတွက် ပြောင်းလဲပေးရမှာလဲ"

ချန်းရို့ယွီ အံ့ဩသွားတယ်။ဒီကောင်က တကယ် အရူးလားဟ? သူက ဘယ်သူ့အတွက် ပြောင်းလဲရမှာလဲ? ဒါက သူကောင်းဖို့အတွက်ပဲ မဟုတ်ဘူးလား? ပြောင်းလဲမှုတွေက သူ့ရဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပြီး သူ့ရဲ့အဆင့်အတန်းကို မြှင့်တင်ပေးနိုင်တယ်။အဲ့ဒါ လုံလောက်အောင် မကောင်းဘူးလား?

"လူတစ်ယောက်ရဲ့အကျင့်စရိုက်က ပြောင်းလဲဖို့ခက်တယ်။ပြီးတော့ ငါ့ပုံစံအတိုင်း ငါနေရတာက သက်သောင့်သက်သာရှိတယ်။ငါ ပြောင်းလဲဖို့အတွက် ထိုက်တန်တဲ့လူ တစ်ယောက်မှ မတွေ့သေးဘူး။အဲ့တော့ ပြောင်းလဲဖို့ မလိုအပ်ဘူး။ငါတို့ တွေ့တဲ့အချိန်ကျရင်တော့ ‌ငါက အလိုလို ပြောင်းလဲမှာပေါ့"

မုန့်ကုက ချန်းရို့ယွီ အပြည့်အစုံ နားမလည်နိုင်တဲ့ အရာတွေကို နောက်တစ်ကြိမ် ပြောပြန်ပြီ။

"ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မကို ယဉ်ကျေးမှုမရှိဘူး"

ချန်းရို့ယွီသည် သူ့ကို တစ်ချက်စောင်းကြည့်၍ သူမလက်ထဲက ပေါင်မုန့်ကို အနည်းငယ်ကိုက်ကာ အပြီးသတ်လိုက်သည်။

မုန့်ကုသည် သူမကို ကြည့်၍ ရယ်ရမလား ငိုရမလား မသိတော့ချေ။သူမက သူ့ကို အပြစ်တင် ဝေဖန်နေတဲ့အချိန် စားသောက်နေပြီးတော့ သူ့ကိုလည်း မျက်စောင်းထိုးလိုက်သေးတယ်။အဲ့ဒါက မယဉ်ကျေးတာ မဟုတ်ရင် ဘာလဲ?

သူမက မုန့်ကု ထိုင်ခုံပေါ်မှာ ထားခဲ့တဲ့ အိတ်အပါအဝင် ပလတ်စတစ်အိတ်တွေကိုစု၍ ဉယျာဉ်ထဲက အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။

မုန့်ကုသည် ခုံတန်းပေါ်တွင် မှီနေတဲ့ အနေအထားကို ပြုပြင်၍ သူ့ခြေထောက်ရှည်တွေကို ဆန့်ထုတ်လိုက်သည်။သူက ချန်းရို့ယွီ ဉယျာဉ်အလယ်ကို။ပြေးသွားပြီး ပြန်ပြေးလာတာကို စောင့်ကြည့်‌နေခဲ့သည်။သူမက သူမရဲ့ဘောင်းဘီပေါ်ကို ပေါ့ပေါ့ပါးပါး လက်ပွတ်သပ်လိုက်တာကြည့်ပြီး သူ မျက်မှောင်ကြုတ်သွားသည်။

"ရှင်ကဘာလို့ မျက်မှောင်ကြုတ်နေတာလဲ"

ချန်းရို့ယွီက သူ့ကို စိုက်ကြည့်လိုက်ပြီး

"ကျွန်မက ရှင့်ဘောင်းဘီပေါ် သုတ်တာမှ မဟုတ်တာ"

မုန့်ကုက ဆက်ပြီးတော့ မျက်မှောင်ကြုတ်နေကာ

"မင်းကဘာလို့ မင်းရဲ့ဖြူကောင်ရပ်တည်ချက်ကို ပြောင်းလိုက်တာလဲ?"

"ရှင်က ကျွန်မကို အရှက်ရစေတယ်"

"မင်းကငါ့အဖေကို ပြောနေတာလား?" မုန့်ကု အံ့ဩသွားတယ်။

"ဒီနေရာကို ရွေးတဲ့လူက မင်းလေ ဟုတ်တယ်မလား?ငါက ကြီးကြီးကျယ်ကျယ် စားဖို့ ‌တွေးထားပေမယ့် မင်းကတော့ ငါ့ကို ပေါင်မုန့်တစ်လုံးပဲ ကျွေးခဲ့တယ်။အရှက်ရတဲ့အကြောင်းပြောမယ်ဆိုရင် ငါက ပိုပြီးတော့တောင် မရှက်ဘူးလို့ မင်းက ထင်နေတာလား?မင်းစားတဲ့ပုံစံနဲ့ မင်းရဲ့စကားထစ်နေတာကို ကြည့်ပြီး အခြားလူတွေက ငါက မင်းနဲ့ သိတယ်ဆိုတာ သိသွားကြရင် ငါ့အတွက် ပိုပြီး ရှက်ဖို့မကောင်းဘူးလား"

သူက သူမကို လှောင်နေတုန်းပဲ။

ချန်းရို့ယွီရဲ့ဒေါသက အလျင်အမြန် မြင့်တက်လာတယ်။သူမက ဒီနေရာကို ရွေးချယ်တဲ့လူဖြစ်ပြီး သူ့ကို ညစာဖိတ်ကျွေးတဲ့လူ ဖြစ်တယ် ဒါပေမဲ့ ဒါတွေအားလုံးက သူ့ဆီကနေ အတင်းဖိအားပေးခံရလို့လေ မဟုတ်ဘူးလား?သူမ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဖို့တောင် မစဉ်းစားခဲ့တာ သူ့အဖေနဲ့ ဒီနေရာမှာ တွေ့ဖို့ဆိုတာ ဘယ်လိုလုပ် စဉ်းစားနိုင်မှာလဲ?

ရုတ်ခနဲ သူမက သူ့ဆီ ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးသွားပြီး မုန့်ကု၏ လက်ကိုဆွဲကာ သူ့ကို အကြီးကြီး ကိုက်ပစ်လိုက်သည်။

သူမက သူ့ကို စကားဖြင့် အနိုင်မယူနိုင်သလို ရန်ဖြစ်ရာတွင်လည်း အနိုင်မယူနိုင်ပေ။အဲ့ဒါကြောင့် သူမက ဘာလို့ သူ့ကို မကိုက်နိုင်ရမှာလဲ?

ကြည့်ရတာတော့ မုန့်ကုက ချန်းရို့ယွီက ဖြူကောင်ကနေ ကြောင်ရိုင်းတစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းသွားလိမ့်မယ်ဟု မထင်ထားခဲ့ပေ။သူက အလွန်လန့်သွားတာကြောင့် အော်လိုက်၏။

"အား!!"

ချန်းရို့ယွီက သူမ ကိုက်တာကို လွှတ်ပေးလိုက်ပြီး သူ့လက်ပေါ်က သွားရာများကို ‌တွေ့ပေမယ့် ၎င်းက သွေးထွက်ခြင်း မရှိပေ။

အင်အားက အနေတော်ပဲ!!!!ဒါက သူမရဲ့ မုန်းတီးမှုကို ဖြေဖျောက်တဲ့ နည်းလမ်းပဲ!

အဲ့ဒီနောက် သူမရဲ့အိတ်ကို ဆွဲယူ၍ လှည့်ပြေးတော့သည်။

"ချန်းရို့ယွီ!"

မုန့်ကုက သူမရဲ့နောက်ကနေ ကျယ်လောင်စွာ အော်ခေါ်နေသည်။သူမ အဲ့ဒါကို ကြားတဲ့အချိန် ပိုပြီးတော့တောင် မြန်မြန်ပြေးလိုက်၏။

အသက်တစ်ချက်ရှူပြီး ဆေးရုံဂိတ်တံခါးဝကနေ အမြန်ပြေးကာ ဘတ်စ်ကားမှတ်တိုင်သို့ ပြေးသွားသည်။ဘတ်စ်ကားမှတ်တိုင်သင်္ကေတနောက်တွင်ရပ်၍ သူမ နောက်ကို ကြည့်လိုက်သည်။ကံကောင်းစွာဖြင့် သူက သူမနောက်ကနေ မလိုက်လာခဲ့ပေ။သူမက စတင်ရှက်ရွံ့လာပြီး ဘာကြောင့်လဲဆိုတာ မသိပေ။ဒီရှေ့တုန်းက သူမ အဆင်ပြေနေပေမယ့် ရုတ်တရက်ကြီး သူ့ကို စိတ်တိုလာခဲ့တယ်။

ဘတ်စ်ကားရောက်လာပြီး သူမသည် ခြေလှမ်းကျဲကြီးများဖြင့် အမြန်တက်ခဲ့သည်။ဒီအချိန်မှာပဲ သူမရဲ့ ဖုန်းမြည်သံကို ကြားလိုက်ရ၏။သူမက အဲ့ဒါကို ထုတ်ကြည့်လိုက်သည်။၎င်းက သူမ အခုလေးတင် ကိုက်ခဲ့တဲ့ ယောကျာ််းဆီက ဖြစ်နေသည်။သူမက အဲ့ဒါကို မကိုင်ဘဲ အဲ့ဒီအစား ဖုန်းကို ချပစ်လိုက်၏။

ဘတ်စ်ကားက စတင်ရွေ့လျားပြီး သူမဖုန်းက နောက်တစ်ကြိမ် မြည်လာပြန်သည်။မုန့်ကုဆီက နောက်ထပ် ဖုန်းခေါ်ဆိုမှုကို မြင်တဲ့အခါ သူမရဲ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။သူမက ရှက်သွားပြီး ဖုန်းချလိုက်၏။

ခဏကြာပြီးနောက်တွင် သူမ မက်ဆေ့ခ်ျတစ်စောင် ရရှိ၏။

~တကယ်တော့ ငါက မင်းကို ပြန်ပို့ပေးမလို့ ဒါပေမဲ့ မင်းက ဘတ်စ်ကား စီးချင်တာဆိုတော့ ထားလိုက်ပါတော့~

ကြောင်သူတော်!သူမကို ပြန်လိုက်မပို့ခင် သူက လက်တုံ့ပြန်မှာ သေချာတယ်။

သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်ချောင်းများက ဖုန်းပေါ်တွင် ရစ်ဝဲနေသည်။

သူမ သူ့စာကို တကယ်ပဲ ပြန်ပြောချင်ပေမယ့် သူမဘာရေးသင့်လဲ? ဒီအချိန်မှာ သူမ ဘာမှ မစဉ်းစားနိုင်ပေ။

သိပ်မကြာခင်မှာပဲ ဒုတိယမက်ဆေ့ခ်ျက ထပ်ဝင်လာ၏။

~ချန်းရို့ယွီ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ လက်တွေက အလေးအမြတ်ဖြစ်ပြီး ချိုးဖောက်လို့မရဘူးဆိုတာ မင်းသိလား?!~

"ဖွီး....."

ချန်းရို့ယွီ အကျယ်ကြီး အော်ရယ်မိလုနီးပါးပင်။သူက ချိုးဖောက်လို့မရနိုင်ဘူးလို့ ပြောတယ်ပေါ့လေ။

~ကျွန်မ ချိုးဖောက်ပြီးသွားပြီ....အဲ့တော့ အခု ဘာလုပ်မလဲ~

သူမက ဒီတစ်ကြိမ်မှာတော့ အများကြီး စဉ်းစားမနေဘဲ မြန်မြန် ပြန်ပြောလိုက်သည်။

သူမ အချိန်တော်ကြာ စောင့်နေခဲ့ပေမယ့် မုန့်ကုက သူမရဲ့စာကို ပြန်မပြောချေ။

ချန်းရို့ယွီက စောင့်ပြီးရင်းစောင့်နေခဲ့ပြီး သူမရဲ့နှလုံးသားကို ကြောင်တစ်ကောင်က လက်သည်းဖြင့် ကုတ်ခြစ်နေသလို ခံစားရသည်။သူမက အမှန်တော့ နောက်ထပ်စာတစ်စောင် ထပ်ပို့ချင်ပေမယ့် ဘာပြောရမလဲဆိုတာ စဉ်းစားမရပေ။သူမက အချိန်ခဏလောက် စဉ်းစားနေခဲ့ပြီး ရုတ်တရက် သူမက တုံးအပြီးတော့ သူ့ဆီကို အဲ့လို နောက်ဆုံးမက်ဆေ့ခ်ျပို့ခဲ့တာအတွက် အရှက်ကင်းမဲ့တယ်လို့ ခံစားရသည်။

သူမက ဘာလို့ ယောင်ချာချာနဲ့ အဲ့လိုစကားတွေ ပြောခဲ့တာလဲ?

အိမ်ပြန်လမ်းတစ်လျှောက်တွင် သူမ နောင်တကြီးစွာ ရရှိနေခဲ့သည်။သူမ အိမ်ကို ပြန်ရောက်တဲ့အချိန် သီချင်းတစ်ပုဒ် ငြီးနေတာ ဖြစ်သည်။ဒါပေမဲ့ သူမ တံခါးဖွင့်လိုက်တဲ့ အချိန်မှာပဲ တစ်ပတ်လောက် အလုပ်ခရီးသွားနေသင့်တဲ့ လျန်စီးစီးက တကယ်တော့ ပြန်ရောက်နေတာကို တွေ့လိုက်ရသည်။

"နင် ဒီနေ့ အောင်ပွဲရလာတာလား? ဘာလို့ အရမ်းပျော်နေတာလဲ"

လျန်စီးစီးက ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ face bowl* ကို ကိုင်ထားပြီး လမ်းလျှောက်ဝင်လာတဲ့ ချန်းရို့ယွီကို မေးလိုက်သည်။

(Face Bowlဆိုတာက မျက်နှာသစ်ရင် အသုံးပြုတဲ့ဟာလို ပုံစံမျိုးပါ။)

ပျော်တာလား? ချန်းရို့ယွီက သူမမျက်နှာကို လက်နဲ့စမ်းကြည့်လိုက်တယ်။အဲ့ဒါ မဖြစ်နိုင်ပါဘူး။သူမက ဒေါသထွက်ပြီး နောင်တရနေရမှာလေ မဟုတ်ဘူးလား?

လျန်စီးစီးက မျက်ခုံးပင့်၍ ချန်းရို့ယွီ၏ မျက်နှာကို ကြည့်လိုက်ပြီး အဲ့ဒီနောက် မေးလိုက်သည်။

"နင် ဒီနေ့ ဒေါက်တာမုန့်နဲ့ တွေ့သေးလား"

"အာ.......အမ်း......."

ချန်းရို့ယွီ၏ အဖြေက မပြတ်မသားဖြစ်ပြီး သူမက အလိုလို စကားလမ်းကြောင်း လွှဲလိုက်သည်။

"နင် ဘာလို့ အစောကြီး ပြန်ရောက်လာတာလဲ"

"ပွဲစီစဉ်တဲ့သူနဲ့ လုပ်ထုံးလုပ်နည်း ပြဿနာလေးတွေ နည်းနည်းရှိသွားလို့ ရွှေ့ဆိုင်းလိုက်ရတယ်လေ။အဲ့မှာနေလည်း အလကားပဲဆိုတော့ ငါတို့ ပြန်လာခဲ့လိုက်တာ။ငါတို့ နောက်တစ်ခေါက် ပြန်သွားရဦးမှာ"

"အော် အဲ့လိုကိုး........ငါ့အခန်းထဲ အရင်ပြန်နှင့်တော့မယ်"

ချန်းရို့ယွီသည် သူမအိတ်ကိုဆွဲ၍ ပုန်းရှောင်ရန် အခန်းထဲ ဝင်သွားသည်။

စီးစီး ပြန်ရောက်လာပြီ။

ချန်းရို့ယွီသည် သူမကိုယ်သူမ အိပ်ရာပေါ် လှဲချလိုက်ပြီး မုန့်ကုရဲ့ စကားများကို စဉ်းစားနေသည်။

'ငါ သူ(မ)နဲ့ ဂိမ်း မကစားချင်ဘူး'

ရုတ်တရက် သူမ စိတ်ရှုပ်သွားတယ်။သူမ စီးစီးကို ပြောပြသင့်လား?သူမက တကယ်ပဲ စီးစီးရဲ့ မုန့်ကုအတွက် ခံစားချက်တွေကို သိချင်တယ်။စီးစီးက တကယ် အလေးအနက်ထား‌နေတာဆိုရင် ဘယ်လိုလုပ်မလဲ?အကယ်၍ စီးစီးက မုန့်ကုရဲ့ နှလုံးသားကို ဖြည်းဖြည်းချင်း လှုပ်ရှားအောင် လုပ်နိုင်ရင်ရော?ဒါပေမဲ့ စီးစီးက ဒီအတိုင်း ကစားပြီးတော့ သူနဲ့ အချစ်ဂိမ်းတစ်ခု ကစားချင်တာပဲဆိုရင် ဘယ်လိုလုပ်မလဲ?

သူမ ဘာလုပ်သင့်လဲ?

ချန်းရို့ယွီသည် သူမရဲ့ဖုန်းကို ထုတ်ယူ၍ နောက်တစ်ကြိမ် ကြည့်လိုက်၏။မုန့်ကုက သူမရဲ့ မက်ဆေ့ခ်ျကို စာမပြန်သေးပေ။

သူမ သက်ပြင်းချလိုက်တယ်။လျန်စီးစီးက ဧည့်ခန်းထဲမှာ တီဗီရှိုးကြည့်နေရင်း ကျယ်လောင်စွာ ရယ်မောနေတဲ့အသံကို ကြားရတော့ သူမ စိတ်ရှုပ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေ၏။

နောက်ရက်အနည်းငယ်တွင် ချန်းရို့ယွီ၏ စိတ်ခံစားချက် မကောင်းပေ။

ဒီအချိန်အတောအတွင်း ကိစ္စတွေအများကြီး ဖြစ်ပျက်သွား၏။

သူမအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် လျော်ကြေးငွေ ရရှိခဲ့သည်။အဲ့ဒီနောက် သူမရဲ့ မိသားစုထံ ငွေပြန်လွှဲခဲ့ပြီး မိသားစုနှင့် မပျော်မရွှင် ဖုန်းပြောခဲ့ရ၏။သူမရဲ့အဖေက သူမကို အလုပ်ကနေထွက်ပြီး အိမ်ပြန်လာဖို့ ပြောသည်။သူမက ငြင်းပယ်ခဲ့ပြီး ဖုန်းတစ်ဖက်က သူမရဲ့အဖေက အချိန်တော်ကြာတဲ့အထိ ဘာမှမပြောပေ။နောက်ဆုံးမှာတော့ သူမ ‌အဖေဆီကနေ သက်ပြင်းချသံတစ်ခု ကြားလိုက်ရပြီး သူက "ဒါကို စဉ်းစားထား" ဟု ပြောလာခဲ့သည်။ဒါက သူမရဲ့အဖေ သူမကို ဖုန်းထဲမှာ ပြောခဲ့တဲ့ နောက်ဆုံးစကားပင်။

ချန်းရို့ယွီတွင် စဉ်းစားစရာ ဘာအကြောင်းမှ မရှိပေ။သူမ Cမြို့ကို မပြန်ချင်ဘူး ။ အဲ့လိုနေရာမျိုးမှာ ပျော်ရွှင်တဲ့ဘဝ ရရှိနိုင်လိမ့်မယ်လို့ သူမကိုယ်သူမ စိတ်ကူးမယဉ်ချင်ဘူး။ရုတ်တရက် သူမ မုန့်ကုကို ဖုန်းခေါ်ချင်သွားတယ်။သူမ အမှန်တကယ်ကို တစ်ယောက်ယောက်နဲ့ စကားပြောပြီး သူမစိတ်ထဲက မပျော်ရွှင်မှုတွေကို စွန့်ထုတ်ပစ်ဖို့ လိုအပ်နေတယ်။သူမ မုန့်ကုရဲ့နံပါတ်ကိုယူကာ အကြာကြီး ကြည့်နေခဲ့ပြီး အဲ့ဒီနောက် ဖုန်းကို သူမအိတ်ထဲ ပြန်ထည့်ထားလိုက်တယ်။

ဒီရက်အနည်းငယ်အတွင်း မုန့်ကုက သူမကို မဆက်သွယ်ခဲ့ပေ။သူ့ဆီကနေ ဖုန်းခေါ်ဆိုခြင်းမရှိသလို မက်ဆေ့ခ်ျလည်း မရှိချေ။လျန်စီးစီးကလည်း မုန့်ကုအကြောင်း ဘာမှမပြောပေ။သူမ(လျန်စီးစီး)က အမြဲတမ်း အလုပ်ကို စောစောသွား၍ နောက်ကျမှ ပြန်လာ၏။သူမတွင် အချိန်ပိုလုပ်စရာများရှိပြီး အလွန်အမင်း အလုပ်များ‌နေတယ်ဟု ချန်းရို့ယွီကို ပြောခဲ့သည်။

ချန်းရို့ယွီ စဉ်းစားလိုက်တယ်......ဧကန္တ သူမ အနေနဲ့ ဒီလူနှစ်ယောက်ကြားက အခြေအနေတိုးတက်မှုကို စိုးရိမ်ဖို့မလိုတာ ဖြစ်နိုင်တယ်။သူမက သူတို့နှစ်ယောက်လိုမျိုး ရုပ်ချောပြီး လိမ္မာပါးနပ်မှု မရှိတဲ့အပြင် သူတို့က သူတို့ရဲ့ လှည့်စားမှုတွေမှာ သူမထက်ပိုပြီး တော်ကြတယ်။သူမက ရူးရူးမိုက်မိုက်နဲ့ ဒီကိစ္စထဲကို ဝင်မပါသင့်ဘူး။အဲ့ဒါက သူတို့အတွက် ပိုရှုပ်ထွေးစေလိမ့်မယ်။

ဒီရက်အနည်းငယ်တွင် သူငယ်ချင်းတစ်ယောက်က သူမကို ပါတနာတစ်ဦးနဲ့ မိတ်ဆက်ပေးချင်၏။သူမ၏ နာမည်က ကျောက်ရှဖြစ်ပြီး ချန်းရို့ယွီနဲ့အတူတူ ကွန်ဒုံးကိုယ်စားလှယ်လုပ်နေသူတစ်ဦး ဖြစ်သည်။ထို‌နေ့တုန်းက ကျောက်ရှနှင့်ချန်းရို့ယွီတို့ ဈေးဝယ်စင်တာထဲတွင် လှည့်ပတ်သွားလာနေသည့်အချိန် ကျောက်ရှက သူမကို ပြောပြခဲ့သည်။သူမကို ကုန်စည်ဖြန့်ဖြူးရေးတွင် ကူညီပေးနေသည့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်ကာ အသက်၂၉နှစ်အရွယ် ရိုးသားတဲ့ ယောကျာ်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် လက်တွဲဖော်မရှိသူတစ်ဦး ဖြစ်သည်။သူတို့ဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်အဖြစ် အချိန်တော်ကြာ လုပ်လာခဲ့တာဖြစ်ပြီး သူမက သူ့ကို ယောကျာ်းကောင်းတစ်ဦးဟု ခံစားရတာကြောင့် ချန်းရို့ယွီ သူနဲ့‌တွေ့ဖို့ စိတ်ဝင်စားခြင်းရှိမရှိ မေးခဲ့သည်။

ချန်းရို့ယွီ သဘောတူလိုက်၏။

သူတို့ ပထမဆုံး တွေ့တဲ့အချိန်တွင် သူက ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့ လူတစ်ယောက်ဟု သူမ ခံစားမိသည်။

သူ့နာမည်က ထန်ကျင်းချိုင် ဖြစ်ပြီး သူ့မိဘတွေက ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ပိုင်ဆိုင်သည်။သူတို့ရဲ့ စီးပွားရေးက သေးငယ်ပေမယ့် ကောင်းမွန်တယ်လို့ ယူဆလို့ရနိုင်သည်။သူက သာမန်အသွင်အပြင်ရှိတဲ့ အလယ်အလတ်တန်းစား ယောကျာ်းတစ်ဦးဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် သူက တည်ကြည်ပြီး အလုပ်ကြိုးစားတဲ့လူမျိုးဆိုတာ ပြောနိုင်သည်။

ကျောက်ရှက သူတို့အတွက် ဘလိုင်းဒိတ် စီစဉ်ပေးခဲ့တာ မဟုတ်ဘဲ အဲ့ဒီအစား ထန်ကျင်းချိုင်က သူတို့ကို ကူညီ၍ ပစ္စည်းတွေ ပို့ပေးတဲ့အချိန်တွင် သူမက ချန်းရို့ယွီနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ချန်းရို့ယွီဟာလည်း သူမလိုပဲ ကွန်ဒုံးကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း ပြောပြခဲ့သည်။

တကယ်တော့ ထန်ကျင်းချိုင်သည် အရင်တုန်းက ကျောက်ရှ၏ ရုံးခန်းတွင် ချန်းရို့ယွီကို တစ်ခါမြင်ဖူး၏။သူက သူမကို အမြင်တစ်ခု ရှိနေပြီးသားပင် ။ ကျောက်ရှက ချန်းရို့ယွီကို သူနဲ့ မိတ်ဆက်ပေးလာတဲ့အချိန် ရည်ရွယ်ချက်ကို သူ သဘောပေါက်သည်။

ဤနည်းဖြင့် ချန်းရို့ယွီနှင့်ထန်ကျင်းချိုင် တွေ့ဆုံခဲ့သည်ဟု ယူဆလို့ရသည်။ထိုနေ့တွင် ကုန်ပစ္စည်းများ ပေးပို့ပြီးတဲ့နောက် ထန်ကျင်းချိုင်က ချန်းရို့ယွီနှင့်ကျောက်ရှကို နေ့လယ်စာ ဖိတ်ကျွေးခဲ့သည်။သူက ယဉ်ကျေးစွာ တောင်းဆိုခဲ့ပြီး ၎င်းက အရမ်းစိတ်အားထက်သန်လွန်းတယ်ဟု ယူဆမရပေ။ချန်းရို့ယွီသည် သူတို့တွေ တူညီတဲ့ခံစားချက် မျှဝေနိုင်တယ်လို့ ခံစားရသည်။

တစ်ပတ်ကြာပြီးတဲ့နောက် ထန်ကျင်းချိုင်က ချန်းရို့ယွီကို ဖုန်းခေါ်၍ သူမနဲ့ ကော်ဖီဆိုင်တွင် တွေ့ရန် ချိန်းဆိုသည်။ချန်းရို့ယွီက ၎င်းဟာ သာမန်ချိန်း‌တွေ့တာလို့ ထင်ခဲ့ပြီး အများကြီး မစဉ်းစားဘဲ သဘောတူခဲ့သည်။

အဆုံးတွင် ချန်းရို့ယွီ ကော်ဖီဆိုင်သို့ သွားတဲ့အချိန် အံ့ဩလွန်း၍ စကားမပြောနိုင်ပေ။ထန်ကျင်းချိုင်က တကယ်ကြီး သူ့အမေကိုပါ အတူခေါ်လာခဲ့တယ်။

"မိန်းကလေးချန်း ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော် မင်းနဲ့တွေ့မယ်ဆိုတာ ကျွန်တော့်အမေ ကြားသွားတော့ သူ(မ)က လိုက်လာချင်နေတာ။ကျွန်တော် သူ(မ)ကို မဖျောင်းဖျနိုင်ခဲ့ဘူး"

ထန်ကျင်းချိုင်က သူ့အမေ ခုံကနေ ထွက်သွားတဲ့အချိန် ချန်းရို့ယွီကို တိုးတိုးလေးပြော၍ တောင်းပန်လိုက်သည်။

ချန်းရို့ယွီ ဘာလုပ်နိုင်မှာလဲ?ရုတ်တရက် သူမခန္ဓာကိုယ်တစ်ခုလုံး မသက်မသာ ဖြစ်လာတယ်။

သူမက အပ်တွေပြည့်နှက်နေတဲ့ ကုတင်ပေါ်မှာ ထိုင်နေရသလိုမျိုး ဦးနှောက်တစ်ခုလုံး မူးဝေနာကျင်လာ၏။

သူမက ခဏလောက် သည်းခံနေခဲ့ပြီး အဲ့ဒီနောက် အိမ်သာသွားရန် အကြောင်းပြ၍ ထွက်လာခဲ့သည်။အဲ့ဒီနောက် သူမရဲ့ဖုန်းကို ထုတ်၍ သူမကို ကူညီနိုင်မယ့်သူ တစ်ယောက်ယောက်ကို ရှာဖွေတော့သည်။

"ဘယ်လို? နင်က အခု လေဆိပ်မှာလား?စီးစီး နင် ဘာလို့ ဒီနေ့ အလုပ်ခရီးထွက်ရတာလဲ?အော်.......အဲ့ဒါ နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်တစ်ခုပဲ......အော်.....အဲ့ဒီပွဲလား......ဒါဆို ငါသိပြီ။နင်က လေဆိပ်ရောက်နေပြီဆိုမှတော့ အဆင်ပြေပါတယ်။နင့် ခရီးမှာ ကံကောင်းပါစေ။အပြင်မှာ သေချာဂရုစိုက်နော်"

"လန်လန် နင် အခု ဘာလုပ်နေတာလဲ?အာ.......နင်က အစ်မရင်းနင်ကိုကူပြီး သူ့သမီးကို ထိန်းပေးနေတာလား?ဒါဆိုရင် အစ်မရင်းနင်နဲ့ရင်းဇယ်က ဘယ်အချိန် ပြန်ရောက်မှာလဲ? လေးနာရီ ငါးနာရီလောက်? အဲ့ဒါဆိုလည်း ကောင်းပါပြီ...ဘာမှမဖြစ်ဘူး ငါ ဘာမှမဖြစ်ဘူး! နျှိုနျှိုကို ငါ နှုတ်ဆက်တယ်လို့ ပြောလိုက်ဦး"

ချန်းရို့ယွီက ဖုန်းခေါ်ဆိုမှု နှစ်ခုပြီးတဲ့နောက် ငိုချင်သွားတယ်။သူမ အဲ့လောက်တော့ ကံမဆိုးလောက်ပါဘူးနော် ဟုတ်တယ်မလား?

အမျိုးသမီးတစ်ဦးက အိမ်သာခန်းထဲက ထွက်လာပြီး ဘေစင်တွက် လက်ဆေးသည်။ချန်းရို့ယွီက သူမကို ပိတ်ထားတာကြောင့် သူမက ပြုံးပြပြီး ရှက်ရွံ့စွာဖြင့် အမြန်ထွက်သွားသည်။

ချန်းရို့ယွီက သူမ ကျောက်ရှကို ရှာလို့မဖြစ်ဘူးဆိုတာ သိတယ်။သူမက သူမကြောင့် ကျောက်ရှနဲ့ထန်ကျင်းချိုင်တို့ရဲ့ ဆက်ဆံရေးပျက်သွားမှာ မလိုလားပေ။ဒါပေမဲ့ သူမ အခြားဘယ်သူ့ကို ရှာနိုင်သေးလဲ?သူမ အလွန်စိုးရိမ်ပူပန်နေပြီး အံတင်းတင်းစေ့ကာ အဲ့ဒီ‌နောက် သူမ အချိန်တော်ကြာ မဆက်သွယ်ဖြစ်တဲ့ နံပါတ်ကို နှိပ်လိုက်သည်။

"ဒေါက်တာမုန့် ရှင် ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ရမလား"

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားတာနဲ့ ချန်းရို့ယွီက ယဉ်ကျေးပျူငှာမှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်မေးလိုက်၏။

"ချန်းရို့ယွီလား?" မုန့်ကု၏အသံက သူမရဲ့ဦးနှောက်ကို သူ့ရဲ့အဆိပ်ပြင်းတဲ့လျှာဖြင့် အမူအရာ ပုံရိပ်ကို ပုံဖော်စေသည်။

"မင်းလက်တွေ ဆေးပြီးပြီလား"

"အာ?"

ချန်းရို့ယွီ ဘေစင်ကို ကြည့်လိုက်တယ်။စောနတုန်းက အမျိုးသမီးက သူမလက်ထဲက ဆပ်ပြာနဲ့ လက်ဆေးနေတုန်းပင်။လက်ဆေးတာက ဘာအကြောင်းလဲ?

"ကျွန်မ အိမ်သာထဲမှာ ဒါပေမဲ့ လက်မဆေးရသေးဘူး"

အခြားတစ်ဖက်တွင် နှစ်စက္ကန့်လောက် တိတ်သွား၏။

"ငါ မင်းကို ပို့ထားတဲ့ နောက်ဆုံးမက်ဆေ့ခ်ျမှာ မင်း အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် မင်း လက်တွေကို ဆေးပြီး ‌မင်း ငါ့ကို ကိုက်ခဲ့တာအတွက် ပြန်ပေးရမယ်။အဲ့ဒါမှ မင်း ငါ့ကို ဖုန်းခေါ်ဆိုပြီး ငါ ပြောထားတယ်"

ချန်းရို့ယွီ ပါးစပ်ဟသွားပြီး ပြောလိုက်၏။

"ကျွန်မ ရှင့်မက်ဆေ့ခ်ျကို မရပါဘူး"

ဒီ ဆိုးဝါးပြီး မတည်ငြိမ်တဲ့ တယ်လီကွန်းအချက်ပြမှုတွေက လူတွေကို တကယ်ပဲ ပြဿနာတက်စေတယ်။ပြီးတော့ သူမရဲ့ ပေါ့ပေါ့ပါးပါးလေသံ မက်ဆေ့ခ်ျက မုန့်ကုကို စိတ်အနှောင့်အယှက်ဖြစ်‌စေတယ်လို့ ထင်ခဲ့တယ်။သူမက နောက်ဆုံးတွင် သူ သူမအပေါ် ဖြည်းဖြည်းချင်း ကလဲ့စားချေလိမ့်မယ်ဆိုတာ ကြိုတွေးထားပြီးသားပင်။ဒီတစ်လျှောက်လုံး သူ သူမကို မဆက်သွယ်ခဲ့တာ မထူးဆန်းတော့ဘူး။အဲ့ဒါတွေအားလုံးက ဒါ‌ကြောင့် ဖြစ်နေတာပဲ။

ဒါပေမဲ့ ဒီအချိန်တွင် ဒီကိစ္စက အရေးမကြီးပေ။ချန်းရို့ယွီက သူမရဲ့မာနကို ဂရုမစိုက်နိုင်တော့ပေ။

"ဒေါက်တာမုန့်..........ဒေါက်တာမုန့်ကု.........ကျွန်မရဲ့ သခင်ကြီးမုန့်ကု......ကျွန်မတို့ ဒီကိစ္စကို နောက်မှစာရင်းရှင်းလို့ရတယ် ဒါပေမဲ့ အရင်ဆုံး ရှင် ကျွန်မကို လာပြီး ကယ်မှရမယ်!"

#####################

All Chapters