အခန်း ၂၆
Vol. 3 Ch. 26
ဒွိဟချစ်သံယောဇဉ်:
Chapter 26- သူ့ကို သတိရခြင်း
ချန်းရို့ယွီတစ်ယောက် သူမရဲ့မျက်နှာ တောင့်တင်းသွားပြီး မုန့်ကုကို အကူအညီတောင်းရန် ကြည့်လိုက်သည်။အမေမုန့်က သူတို့စားပွဲမှာ လာထိုင်ဖို့ အလွန်ပျော်ရွှင်နေသည်။
"အမေ ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
မုန့်ကုက ချန်းရို့ယွီနှင့် မျက်လုံးချင်းဆုံရန် ငြင်းပယ်ပြီး ပုံမှန်အတိုင်း သူ့အမေနှင့်သာ စကားပြောနေသည်။
"သူငယ်ချင်းတွေနဲ့ အပြင်ထွက်လာတာ"
"အမေ့သူငယ်ချင်းတွေက ဘယ်မှာလဲ"
"သူတို့ပြန်သွားပြီ"
"ဒါဆို အမေကဘာလို့ ဒီမှာနေ နေသေးတာလဲ"
"တကယ်တော့ အမေလည်း ပြန်တော့မလို့ပဲ။ ဒါပေမဲ့ အိမ်သာသွားရင်းနဲ့ ရှောင်ယွီ ဖုန်းပြောနေတာ တွေ့လိုက်တယ်လေ။သူ(မ)က ဖုန်းထဲကလူကို ဒေါက်တာမုန့်လို့ ခေါ်နေတာတွေ့တော့ သူ(မ)လည်း ဒေါက်တာမုန့်ဆိုတဲ့ နာမည်နဲ့ ဆရာဝန်တစ်ယောက်ကို သိတယ်ဆိုတော့ သူ(မ)နဲ့ အရမ်း ရင်းနှီးသလို ခံစားလိုက်ရတယ်လေ။ သူ(မ)က ဒေါက်တာမုန့်ကု၊ သခင်မုန့်ကုလို့ ခေါ်နေတော့ ဒီဆရာဝန်နာမည်ကလည်း ငါ့သားနာမည် မုန့်ကုနဲ့အတူတူပဲလို့ တွေးလိုက်ပြီး ဆက်နေလိုက်တာ။"
သူမက တမင်တကာ ကောလာဟလကို နားထောင်ဖို့ နေခဲ့တယ်လို့ ပြောလို့ရတယ်။
သူ့အမေကလည်း သူမကို ရှောင်ယွီလို့ ရည်ညွှန်းလိုက်သေးတယ်။ အိုး၊ ဘုရားရေ! သူမ မြေကြီးထဲ အပေါက်တူးပြီး တိုးဝင်ထွက်ပြေးချင်စိတ် ပေါက်သွားတယ်။အမေမုန့်က သူမရဲ့ ဘလိုင်းဒိတ် ပတ်သက်တဲ့ အရာအားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှုကနေ နားစွန်နားဖျား ကြားမိသွားတာ ဖြစ်ရမယ်။
"အိုင်း... သမီး အကူအညီတောင်းတဲ့သူက အန်တီ့သား ဟုတ်၊ မဟုတ် မသေချာခဲ့လို့ပေါ့။ တကယ်လို့ သူမှန်းသာ သိခဲ့ရင် သမီးဘေးမှာ ထိုင်ပြီး သမီးဘက်ကနေ ကူပြောပေးမှာ။"
ချန်းရို့ယွီက သူမရဲ့ တောင့်တင်းနေတဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။ သူမစိတ်ထဲမှာ မြည်တမ်းလိုက်တယ်...... အန်တီရယ်၊ ခုနက အခြေအနေက ရှုပ်ထွေးမှု မလုံလောက်သေးဘူးလို့ ထင်နေတာလား?
ဒီအချိန်မှာပဲ အမေမုန့်က မုန့်ကုရဲ့ ပခုံးကို တိုက်လိုက်ပြီး ပြောလိုက်၏။
"သား၊ အမေတို့ကို မိတ်မဆက်ပေးတော့ဘူးလား"
တိုက်ရိုက်ထုတ်လွှင့်မှုကို နားထောင်ပြီးမှတော့ မိတ်ဆက်ပေးဖို့က ဘာလိုသေးလဲ?
"ဒါ ငါ့အမေ... ဒါက ချန်းရို့ယွီ"
မုန့်ကုရဲ့မျက်နှာမှာ ဘာအမူအရာမှမရှိဘဲ ချန်းရို့ယွီရဲ့ စိတ်ထဲက ခံစားချက်များကို အစအနမျှ မသိလိုက်ပေ။
"အဆင်ပြေရဲ့လား၊ ရှောင်ယွီ"
အမေမုန့်က ကြင်နာစွာ ပြောလိုက်သည်။
"အန်တီ၊ တွေ့ရတာ ဝမ်းသာပါတယ်ရှင်"
ချန်းရို့ယွီ စိတ်လှုပ်ရှားသွားတယ်။ ဒီအန်တီများ သူမကို မေးခွန်းတွေ အများကြီး ထပ်မေးတော့မလား? ဒီနေ့တော့ သူမ ဘယ်လို နှိပ်စက်မှုမျိုးကိုမှ ထပ်ပြီး မခံနိုင်တော့ဘူးနော်!!!!?
"ရှောင်ယွီ၊ သမီးက တကယ်ပဲ လူကြီးတွေကို ကြောက်တဲ့ ရောဂါရှိတာလား။"
အဲ့ဒါလာပြီ......လာပြီ...... သူမက မေးခွန်းတွေ စမေးနေပြီ။ပြီးတော့ ပထမဆုံး သူမလုပ်တဲ့အရာက... သူမက ငါ့ကို လှောင်ပြောင်ပြီး နောက်ပြောင်စရာ လုပ်တော့မယ်!
ချန်းရို့ယွီ နောက်ထပ်လုပ်တဲ့အရာကတော့ မုန့်ကုကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တာပဲ။ သူ စကားပြောဖို့ အချိန်မရခင်မှာပဲ အမေမုန့်က ထပ်ပြောလာတယ်။
"လူကြီးတွေနဲ့အတူရှိရင် စိတ်လှုပ်ရှားတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အန်တီက အရမ်းငယ်တော့ အန်တီနဲ့ရှိရင်တော့ မလိုပါဘူး"
အမေမုန့်က စကားဆုံးတော့ သူမလက်တွေကို သူမမျက်နှာနားကပ်ပြီး အမူအရာနဲ့ အလေးပေး ပြောဆိုလိုက်၏။
ချန်းရို့ယွီ ကြောင်တောင်တောင် ကြည့်နေမိပြီး
"ဒေါက်တာမုန့်ကို အန်တီက ဆယ်ကျော်သက်အရွယ်မှာ မွေးခဲ့တာလား" လို့ မေးလိုက်တယ်။
အမေမုန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မုန့်ကုက မကျေမနပ်ဖြစ်စွာနဲ့ ပြောလိုက်၏။
"ချန်းရို့ယွီ၊ မင်းမြှောက်ပြောတာ ရပ်တော့"
ချန်းရို့ယွီက အမေမုန့်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်တယ်။ သူမ မြှောက်ပြောနေတာ မဟုတ်ပါဘူး။ သူ့အမေက တကယ့်ကိုပဲ အရမ်းနုနေတာ။
"သူ့ကို လျစ်လျှူရှုထားလိုက်။ အန်တီက ဒီလို စိတ်ရင်းအမှန်နဲ့ ရိုးရိုးသားသား မြှောက်ပြောတာမျိုးကို ကြိုက်တယ်"
အမေမုန့်က မျက်လုံးများမှေးပြီး ပြုံးလိုက်ကာ သူမက တက်ကြွလန်းဆန်းနေသည်။
"မုန့်ကုက အန်တီ့သားအရင်းပါ။ သူ့ကို ဘယ်ကမှ ကောက်လာတာ မဟုတ်ဘူး"
"အမေ၊ အမေ လူကြီးတစ်ယောက်အနေနဲ့ အမေ့ရဲ့ပုံရိပ်ကို ပိုပြီး ဂရုစိုက်လို့ မရဘူးလား။"
"ငါ ဂရုစိုက်ပါတယ်။သား နင်နဲ့ရှောင်ယွီနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ"
"သူ(မ)က ရင်းဇယ်ရဲ့ ရည်းစားရဲ့ သူငယ်ချင်း။"
"ရင်းဇယ်က ရည်းစားရနေပြီလား။ အိုက်ယား...... အဲဒီကလေးကို မတွေ့ရတာ ကြာလှပြီ။ သူ့ကို ညစာဖိတ်ပြီး ငါ့ကို သူ့ရည်းစားနဲ့ တွေ့ပေးဖို့ ပြောလိုက်ဦး။"
"အမေ အဲဒီလိုပြောရင် ရင်းဇယ်က သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။"
"ဒါဆို ပြောပုံပြောနည်းကို ပြောင်းလိုက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ရည်းစားကို ကြည့်ချင်တယ်။"
"ကျွန်တော်က ကျွန်တော့်စကားပြောနည်းနဲ့ ပြောရင်တော့ သူက ပိုပြီး မလာချင် ဖြစ်သွားလိမ့်မယ်။"
"ဒါဆို နင်က စကားပြော မတတ်လို့ပေါ့။ စကားပြောတဲ့အခါ ပိုပြီး နူးညံ့သိမ်မွေ့ပြီး လိမ္မာပါးနပ်ရမယ်။"
ချန်းရို့ယွီက ထိုင်ခုံမှာ တည့်တည့်မတ်မတ် ငြိမ်ငြိမ်လေး ထိုင်နေပြီး အမေနဲ့သားကို သေချာကြည့်နေတယ်။ သူတို့က ရင်းဇယ်အကြောင်း အတင်းအဖျင်း ပြောနေတာကို သတိထားမိတော့ သူမက အခွင့်အရေးယူပြီး ချက်ချင်း ဝင်ပြောလိုက်တယ်။
"ဒါဆို...... ဒေါက်တာမုန့်၊ အန်တီ... ဆက်ပြောကြပါ။ ကျွန်မ အနှောင့်အယှက် မပေးတော့ဘူး၊ အရင်ပြန်လိုက်ပါဦးမယ်။"
မုန့်ကု ခေါင်းညိတ်ပြပြီး အမေမုန့်ကလည်း ခေါင်းညိတ်ပြသည်။ ချန်းရို့ယွီက သက်ပြင်းချကာ ထဖို့ပြင်တုန်း အမေမုန့်က
"အန်တီတို့လည်း ပြန်တော့မှာ။ အတူတူ ပြန်ကြရအောင်လေ" လို့ ပြောလာခဲ့သည်။
ချန်းရို့ယွီသည် မုန့်ကုကို လှမ်းကြည့်လိုက်ပေမယ့် သူ့ဆီက ဘာတုံ့ပြန်မှုမှ မရှိပေ။ သူက သူ့အမေအပေါ် အရမ်းကို နာခံပုံရ၏။ သူ့ဆီက ဒီလိုအပြုအမူမျိုးက ချန်းရို့ယွီကို တကယ်ပဲ အံ့အားသင့်စေသည်။
"ရှောင်ယွီ၊ ခုနက မုန့်ကုပြောတဲ့ စကားတွေက ရိုင်းသွားတယ်။ အန်တီ တကယ်ပဲ တောင်းပန်ပါတယ်။ သူ့ကိုယ်စား အန်တီ တောင်းပန်ပါတယ်နော်။"
"ဘာမှမဟုတ်ပါဘူး၊ ကျွန်မ အဆင်ပြေပါတယ်။"
ချန်းရို့ယွီက သူမလက်ကို အပြင်းအထန် ဝှေ့ယမ်းလိုက်တယ်။
"ဒါက ဒေါက်တာမုန့်ရဲ့ ပုံစံပဲလေ"
ပုံစံလား?သူမ နည်းနည်း ရှက်သွားတယ်။ ဒီတစ်ခါတော့ သူမ တကယ်ကို မြှောက်ပြောနေသလို ခံစားရတယ်။
ကံကောင်းစွာနဲ့ပဲ အမေမုန့်က ပြုံးနေပြီး သူမစကားတွေကို သိပ်အလေးထားပုံမရပေ။
"မုန့်ကုအဖေက သူ့အတွက် နောက်မှ ဘလိုင်းဒိတ်တွေ့ဖို့ စီစဉ်ထားတယ်။ သမီးလည်း လာပြီး သူ့ကို ပြန်ကလဲ့စားချေလိုက်ပါလား။"
ချန်းရို့ယွီ ခေါင်းခါပြီး လက်ကို အပြင်းအထန် ဝှေ့ယမ်းလိုက်တယ်။
"ဟင့်အင်း မလုပ်ပါဘူး။"
အိုး ဘုရားရေ! နောက်ဘာလုပ်မလဲ ခန့်မှန်းလို့မရတဲ့ ဒီလိုလူကြီးမျိုးက ပိုတောင် ကြောက်ဖို့ကောင်းသေးတယ်!
"အဲ့ဒါ ကိစ္စမရှိပါဘူး။သမီး စားပွဲကို မှောက်ပစ်စရာမလိုဘူး။ သူ ဒီနေ့လုပ်သလိုပဲ၊ လမ်းတစ်ဝက်လောက် လျှောက်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်ရုံပဲ။"
သူမကို စိတ်မနှံ့ဘူးလို့ ပြောတာက စိတ်ဝင်စားစရာကောင်းတဲ့ စကားအဖြစ် သတ်မှတ်လို့ရလား?
"ဒီလှည့်ကွက်ကတော့ ဒေါက်တာမုန့်ကို သုံးလို့မရဘူးလေ။သူ့ကို စိတ်ရောဂါကုဌာနကို ဘာလို့မသွားတာလဲလို့ မေးလိုက်ရင် တခြားသူတွေက သူက ခွဲစိတ်ဖို့သွားတာပဲလို့ ထင်သွားကြမှာ။အဲ့လိုဆိုရင် ဖြစ်ချင်တဲ့ရလဒ်က ထွက်လာမှာ မဟုတ်ဘူး"
ပြီးတော့ ဘာလို့များ သူ့ဘလိုင်းဒိတ်ကို သွားနှောင့်ယှက်ရမှာလဲ။ သူမက သူ့ကို အသည်းအသန်ချစ်နေဆဲလို့ ထင်သွားပြီး သူ့အချစ်ကို လုယူဖို့ ရည်ရွယ်တယ်လို့ ထင်သွားလိမ့်မယ်။
သူက ဒီလို နားလည်မှုလွဲတာဆိုရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူမ အကြောက်ဆုံးက နောက်မှ သူ့ရဲ့လက်စားချေတာကိုပဲ။ သူမ သူ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ သိတယ်။
"ဒါပေါ့၊ အန်တီတို့ တခြားဆင်ခြေတစ်ခုပြောင်းသုံးရမယ်။ တူညီတဲ့ဆင်ခြေကို သုံးရင် ဘာမှ ဆန်းသစ်မှုရှိမှာ မဟုတ်ဘူး။ ဒါကို အန်တီ ကူစဉ်းစားပေးမယ်။ အော်၊ ဟုတ်ပြီ... သမီး ပြောလို့ရတယ်လေ... 'မုန့်ကု ရှင် မကြာခဏသုံးတဲ့ လိပ်ခေါင်းလိမ်းဆေး အမှတ်တံဆိပ်ကို ကျွန်မ နောက်ဆုံးတော့ ရှာတွေ့ပြီး။အဲ့ဒါနဲ့ ရှင့်အတွက် ဝယ်လာခဲ့လိုက်တယ်' လို့ ပြောလိုက်"
"ဖူး.!!!......."
ချန်းရို့ယွီ သူမရဲ့ တံတွေးနဲ့ သူမကိုယ်တိုင် သီးသွားတယ်။
ဒါက တကယ်ပဲ ဒေါက်တာမုန့်ကုရဲ့ အမေအရင်းလား?
"ဒါက ကောင်းတဲ့လှည့်ကွက်ပဲလို့ သမီးလည်း ထင်တယ်ဟုတ်?"
"အန်တီ၊ အန်တီ... အန်တီက တကယ်ကို ဟာသဉာဏ်ရှိတာပဲ။"
"ကံကောင်းစွာနဲ့ပဲ မုန့်ကုရဲ့ စိတ်တိုဒေါသထွက်လွယ်တာနဲ့ သည်းမခံနိုင်တာတွေက သူ့အဖေဆီကနေ အမွေရထားတာလေ။ သူ့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ဟာသဉာဏ်ကတော့ အန်တီ့ဆီကနေ အမွေရတာ"
တိုတိုပြောရရင် ကောင်းတဲ့အချက်တွေ အားလုံးက သူမဆီကလာပြီး မကောင်းတဲ့အချက်တွေ အားလုံးက မုန့်ကုရဲ့အဖေဆီက ဖြစ်တယ်။
ချန်းရိူ့ယွီက သူမရဲ့ပြုံးနေတဲ့ မျက်လုံးများကို ကြည့်ကာ မုန့်ကုကို အနည်းငယ် မနာလိုစိတ် ဝင်လာတယ်။ သူမမှာသာ ဒီလိုချစ်စရာကောင်းတဲ့ မိခင်မျိုး ရှိမယ်ဆိုရင် C-မြို့ကို ပြန်ပြောင်းလာဖို့ အလွန်ဆန္ဒရှိနေမှာ။
မုန့်ကုက ကားကို မောင်းလာပြီး ချန်းရို့ယွီကို ပြောလိုက်သည်။
"အမေ့ကို အိမ်လိုက်ပို့ပြီးရင် ငါ ဆေးရုံပြန်ရဦးမယ်။ ဒါကြောင့် မင်းကိုတော့ လိုက်မပို့တော့ဘူး။"
ချန်းရို့ယွီက ခေါင်းညိတ်လိုက်ပြီး မုန့်ကုက တကယ်ကို မိဘအပေါ် သိတတ်တယ်လို့ ခံစားရတယ်။ အနည်းဆုံးတော့ သူ့အမေရှေ့မှာတော့ လူပီသစွာ ပြုမူတယ်။ အမေမုန့်က ဘာမှ ယဉ်ကျေးပြခြင်းမရှိဘဲ ချန်းရို့ယွီကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။
ချန်းရို့ယွီက သူတို့ကား လမ်းမပေါ် ကွေ့ဝင်သွားတာကို ကြည့်ပြီးမှ သူမကလှည့်ကာ လမ်းမတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူမ ကိုယ့်ဘာသာ စဉ်းစားမိတယ်... သူမ ဘာကို အမွေဆက်ခံခဲ့လဲ။ သူမ အကြာကြီး စဉ်းစားလိုက်တယ်... ကောင်းပြီ၊ သူမရဲ့ စိတ်ဓာတ်သေးသိမ်မှုက သူမအမေဆီကနေ အမွေရတာဖြစ်ပြီး သူမရဲ့ ကြောက်ရွံ့တတ်မှုကတော့ သူမအဖေဆီကနေ အမွေရတာပဲ။
★★★★★★★★★★
ဒီညမှာပဲ ချန်းရို့ယွီက ဖုန်းနဲ့ ကျောက်ရှကို ပြောဆိုခဲ့ပြီး ထန်ကျင်းချိုင်နဲ့ သူ့အမေနဲ့ ဒီနေ့တွေ့ဆုံခဲ့တဲ့အကြောင်းကို ကျောက်ရှကို ပြောပြခဲ့သည်။ကျောက်ရှသည်် အမေထန်က နည်းနည်းလေး ချဲ့ကားပြောဆိုနေတာဖြစ်ပြီး ချန်းရို့ယွီကို ဒီကိစ္စကြောင့် စိတ်ထိခိုက်မခံဖို့ အသံကျယ်ကျယ်နဲ့ ပြောခဲ့သည်။ သူမကို နောက်ပိုင်း ဖုန်းခေါ်လာခဲ့ရင် ထန်မိသားစုကို ဘာပြောရမယ်ဆိုတာ သိတယ်လို့လည်း ချန်းရို့ယွီကို အာမခံခဲ့၏။
ဖုန်းချပြီးတဲ့နောက် ချန်းရို့ယွီက ရုတ်တရက် သူမအမေကို လွမ်းလာပြီး အမေ သူမကို အခုထိ စိတ်ဆိုးနေတုန်းပဲလားလို့ တွေးမိတယ်။ သူမအမေက အရမ်းခေါင်းမာပြီး တစ်ခုခုကို ဆုံးဖြတ်ပြီးတာနဲ့ စိတ်ပြောင်းဖို့ ခက်တယ်။ အိမ်ပြန်ပြီး အသက်မမွေးချင်ဘူးဆိုတဲ့ သူမရဲ့ဆုံးဖြတ်ချက်ကို မိသားစုကို ဘယ်လိုပြောပြရပါ့မလဲ?
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မုန့်ကုမှာ နွေးထွေးကြင်နာတတ်တဲ့ မိခင်နဲ့ တင်းမာတဲ့ ဖခင်ရှိတယ်။ သူ့မိသားစုအခြေအနေက ကောင်းမွန်ပြီး အလုပ်အကိုင်လည်း အောင်မြင်ကာ အနာဂတ်ကလည်း ဖြောင့်ဖြူးတယ်။ ရင်းဇယ်နဲ့ လဲ့ဖုန်းတို့လို ခိုင်မာတဲ့ ငယ်သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ သူမမှာတော့ သူငယ်ချင်းအများကြီး မရှိဘူး၊ လစာလည်း မများဘူး၊ အနာဂတ်ကလည်း မရေရာဘူး...
ချန်းရို့ယွီ သက်ပြင်းချလိုက်တယ်။ သူမ မုန့်ကုကို တကယ်ပဲ အားကျမိတယ်...
သူမက အင်တာနက်ကြည့်ရင်း မတော်တဆ ရှေးခေတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။ သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ ပန်းပွင့်လေးတွေ ပွင့်ကျနေတဲ့ မက်မွန်ပန်းတောထဲတွင် အဖြူရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ယုံကြည်မှုရှိရှိနဲ့ လွတ်လပ်ပေါ့ပါးစွာ ရပ်နေသည်။
ချန်းရို့ယွီသည် ကြည့်ပြီးတော့ ဘာလို့မှန်းမသိ ဒီပုံက မုန့်ကုနဲ့ ဆင်တူတယ်လို့ သူမထင်၏။ သူမက ပုံကို သိမ်းဆည်းပြီး သူမရဲ့ဖုန်းထဲကို ပို့ကာ ဖုန်းရဲ့ စခရင်ဆေ့ဗ်ဘာအဖြစ် သတ်မှတ်လိုက်သည်။
စခရင်ဆေ့ဗ်ဘာကို ပြီးစီးပြီးနောက် သူမ ဖုန်းကို ကိုင်မြှောက်ကာ ဘယ်ညာကြည့်ရင်း သူမ၏ လက်ရာကို အလွန်ကျေနပ်နေသည်။ မုန့်ကုက သူ့ကို သုံးကြိမ်တိုင်တိုင် စွန့်ပစ်ခဲ့တယ်လို့ ပြောခဲ့ရာ သူမက အမှန်တကယ်ပဲ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိရှိရန် အလွန်စိတ်ဝင်စားနေ၏။ နောင်တစ်ချိန်တွင် သူမ ဒါကို သိခွင့်ရပါဦးမလားဟု တွေးတောမိသည်။
ထိုညမှာပင် ချန်းရို့ယွီ မျက်လုံးမှိတ် အိပ်စက်ပြီး မက်မွန်ပန်းတောထဲတွင် ရပ်နေသည့် အရပ်ရှည်ရှည် သွယ်လျတဲ့ ပုံရိပ်က သူမ၏ စိတ်ထဲတွင် စွဲမြဲစွာ ကျန်ရှိနေခဲ့သည်။
★★★★★★★★★★
နောက်ရက်အနည်းငယ်ကြာတော့ ထူးခြားသည့်အရာ ဘာမှ မဖြစ်ခဲ့ပေ။
ထန်ကျင်းချိုင်က ချန်းရို့ယွီကို မရှာသလို ချန်းရို့ယွီနဲ့ပတ်သက်တဲ့ ကိစ္စအတွက် ကျောက်ရှကိုလည်း မရှာခဲ့ပေ။ ဒီရက်အနည်းငယ်အတွင်း မုန့်ကုဆီက ဘာအဆက်အသွယ်မှ မရှိခဲ့ပဲ ဖုန်းခေါ်တာ
ရော၊ စာပို့တာရော မရှိပေ။ သူမက မက်မွန်ပန်းတောထဲက အမျိုးသားပုံကို ကြည့်လိုက်၏။
ဒါက ပုံမှန်ပါပဲ။သူတို့ သူငယ်ချင်းတွေဖြစ်ရင်တောင် အမြဲတမ်း ဖုန်းပြောနေလို့ မရဘူးလေ။ ပြီးတော့ သူတို့နှစ်ယောက်ကြားမှာလည်း ဘာမှ မရှိဘူး။ သူမက ရုတ်တရက် သူ့ကို ရှာလိုက်ရင် ပြဿနာရှာရာ ရောက်သွားမှာ သေချာတယ်၊ ဒါကြောင့် သူ့ကို မရှာတာက ပိုကောင်းပါတယ်။
ဒီနေ့ ချန်းရို့ယွီ အိမ်ကို ဖုန်းခေါ်ပြီး မိဘနှစ်ပါးရဲ့ ကျန်းမာရေးကို မေးမြန်းခဲ့သည်။ မကြာသေးခင်ကတော့ အိမ်ကို ဖုန်းခေါ်တိုင်း စိတ်လှုပ်ရှားမိပေမဲ့ မိဘတွေကိုတော့ မခေါ်ဘဲ နေလို့မရခဲ့ပေ။
အမေချန်းက ဘယ်တော့အိမ်ပြန်လာမှာလဲလို့ ထပ်မေးတော့ ချန်းရို့ယွီက အိမ်မပြန်ချင်သေးဘူးလို့ ထပ်ဖြေခဲ့သည်။ ဒီတစ်ခါတော့ သူမရဲ့အမေက ဖုန်းချမပစ်ဘဲ သမီးဘာတွေစဉ်းစားနေလဲ မသိဘူးဆိုပြီး မကျေမနပ်ပြောလာခဲ့သည်။ အမေချန်းက ချန်းရို့ယွီ ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းလို့ သူမကို ပြုစုရတာ အခက်ခဲဆုံးအလုပ်ဖြစ်ခဲ့ကြောင်း ပြော၏။ နောက်ဆုံးတော့ သူမက သူမရဲ့မောင်လေးထက်တောင် မိဘအပေါ် သိတတ်မှု နည်းနေပြီး သူမကို ပြုစုပျိုးထောင်ခဲ့တာ မှားတယ်လို့ ပြောခဲ့သည်။
ချန်းရို့ယွီက ဘာမှပြန်မဖြေခဲ့ပေမယ့် ရင်ထဲမှာတော့ အလွန်ဝမ်းနည်းမိတယ်။သူမ ငယ်ငယ်က ကျန်းမာရေးမကောင်းဘဲ အမြဲဖျားနာခဲ့တယ်။ သူမလို နာမကျန်းတဲ့ကလေးကို သူမရဲ့အမေက ပြုစုဖို့ အားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒါပေမဲ့ သူမ အိမ်မှာရှိတုန်းကတော့ အိမ်အလုပ်တွေ အကုန်လုပ်ခဲ့တယ်။ဈေးဝယ်တာ၊ ထမင်းချက်တာ၊ ပန်းကန်ဆေးတာနဲ့ သန့်ရှင်းရေးလုပ်တာတွေ အကုန်လုပ်ခဲ့တယ်။ သူမက အဲဒီအလုပ်တွေအားလုံးကို အမြဲတမ်း ဦးဆောင်လုပ်ခဲ့ပြီး သူမရဲ့မောင်လေးကတော့ အိမ်အလုပ်ကို ဘယ်တုန်းကမှ မကူညီခဲ့ဘူး။ သူမက အိမ်အလုပ်တွေ ကူလုပ်ခဲ့တယ်၊ မိဘတွေအတွက် ဆေးဝယ်ပေးခဲ့တယ်၊ ထမင်းချက်ဖို့ ရေခပ်ပေးခဲ့တယ်၊ ဒီအလုပ်တွေအားလုံးကို သူမလုပ်ခဲ့ပြီး သူမရဲ့မောင်လေးကတော့ အပြင်ထွက်ဆော့တာ ဒါမှမဟုတ် အိမ်မှာ ဂိမ်းဆော့တာပဲ လုပ်ခဲ့တယ်။
အလုပ်ဝင်ပြီးတဲ့အခါ ဘယ်လောက်ပဲရရ အိမ်ကို ငွေပို့ပြီး မိသားစုကို ကူညီခဲ့တယ်။သူမက မိဘတွေကို ပိုကောင်းကောင်းစားရစေချင်ပြီး ပင်ပင်ပန်းပန်း မလုပ်စေချင်ဘူး။ သူမရဲ့အမေက မျက်နှာသာရချင်မှန်း သူမသိတယ်။ သူမရဲ့အမေက ဆွေမျိုးမိတ်ဆွေတွေရှေ့မှာလည်း ဂုဏ်ယူဝံ့ကြွားနိုင်တာကို သူမ လိုချင်တယ်။ ဒီလူကြီးတွေ စုမိကြတဲ့အခါတိုင်း သားသမီးတွေရဲ့ ဝင်ငွေနဲ့ သူတို့မိသားစုတွေကို ဘယ်လောက်ငွေပို့လဲဆိုတာကို မေးမြန်းရတာကို သူတို့ကြိုက်ကြတယ်။ ဒါကြောင့် သူမက သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ပြီး ချွေတာသုံးစွဲကာ အိမ်ကို ငွေပို့ဖို့ ကြိုးစားခဲ့တယ်။
တက္ကသိုလ်တက်နေသေးတဲ့ သူမမောင်လေးရဲ့ ကျောင်းစရိတ်တစ်ဝက်ကိုတောင် သူမကပဲ ထောက်ပံ့ရတာ ဖြစ်၏။ သူမရဲ့အမေက သူမမောင်လေးကို ပြုစုရတာ အရမ်ူခက်ခဲဘူးတယ်လို့ မထင်ခဲ့ပေ။ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက သူမရဲ့မောင်လေးကို ပြုစုဖို့ သူမအမေကို သူမကူညီခဲ့တာကြောင့်ပင်။ မိသားစုအတွက်လည်း သူမ အများကြီး ပံ့ပိုးပေးခဲ့၏။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့မောင်လေးလောက် မိဘအပေါ် သိတတ်မှုမရှိဘူးဆိုတဲ့ မှတ်ချက်ပဲ သူမ ရခဲ့သည်။
ချန်းရို့ယွီ စကားမပြောဘဲ အမေချန်းက ဆက်ပြောနေသည်။ အာမခံကို ဘယ်လိုရောင်းလဲလို့ သူမက မေးစ။ ချန်းရို့ယွီက ခေါင်းငုံ့ပြီး ခါးကိုင်းကာ ပြုံးပြုံးရွှင်ရွှင်နဲ့ လူတိုင်းကို ဝယ်ဖို့ တောင်းပန်နေရသလား?သူမအမေ ပြောလိုက်တဲ့ပုံစံက နားထောင်လို့ မကောင်းတော့ ချန်းရို့ယွီမှာ ရှင်းပြဖို့ အားအင်တောင် မရှိတော့ချေ။
ချန်းရို့ယွီက အရမ်းပင်ပန်းနေလို့ အနားယူဖို့လိုတယ်ဆိုတဲ့ ဆင်ခြေနဲ့ နောက်ဆုံးတော့ ဖုန်းပြောတာ ပြီးဆုံးသွားသည်။
ဖုန်းချပြီးတဲ့နောက် ချန်းရို့ယွီသည် ကုတင်ပေါ်မှာ စိတ်ပျံ့လွင့်စွာ ထိုင်နေ၏။ သူမက အရမ်းဝမ်းနည်းနေပေမဲ့ မငိုပေ။ ငိုတာနဲ့ ရင်းနှီးသွားရင် ထိန်းချုပ်ရခက်မယ်လို့ သူမ အမြဲခံစားရတယ်။ လူတစ်ယောက်က ပိုပြီးတော့ ငိုလေလေ၊ ပိုအားနည်းလာလေလေ ဖြစ်တာကြောင့် သူမ မငိုဖို့ ကြိုးစားခဲ့တယ်။
အမှန်တော့ သူမက မိသားစုကို ဘယ်လိုပျော်ရွှင်ကျေနပ်အောင် လုပ်ပေးရမလဲဆိုတာကို အမြဲစဉ်းစားနေခဲ့တာ ဖြစ်၏။ ဒါပေမဲ့ အချိန်အကြာကြီးစဉ်းစားခဲ့ပေမဲ့ အဖြေတစ်ခုကို ရှာမတွေ့ခဲ့ပေ။ သူမ မိဘတွေရဲ့ လုပ်ဆောင်ပုံအချို့ကို မကြိုက်သလို မိဘတွေက သူမကို ဘယ်လိုနေထိုင်စေချင်လဲဆိုတာကိုလည်း လက်မခံနိုင်ချေ။ ဒါပေမဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင်တော့ အိမ်ပြန်ပြီး သူတို့စီစဉ်ထားတဲ့ဘဝကို နေထိုင်ဖို့ အတင်းအကျပ် ခိုင်းခံရမှာဖြစ်သည်။သို့ပေမဲ့ သူတို့အခုနေထိုင်နေတဲ့ဘဝမျိုးကိုတော့ သူမ လုံးဝလက်မခံနိုင်ပေ။
ရုတ်တရက် ချန်းရို့ယွီ မုန့်ကုကို သတိရသွားတယ်။ သူ့ရဲ့ ပေါ့ပေါ့ဆဆပုံစံ၊ သူ့ရဲ့ အဆိပ်ပြင်းတဲ့စကားလုံးတွေနဲ့ သူမကို ပြင်းပြင်းထန်ထန် ဆူပူတဲ့ပုံစံကို သူမ သတိရတယ်။
သူ ဒီမှာရှိနေရင် ဒီလောက်ဝမ်းနည်းနေမှာ မဟုတ်ဘူး။ သူက အမြဲတမ်း သူမကို ဒေါသထွက်အောင် လုပ်ပေမဲ့ သူမ အဆင်ပြေသွားပြီး နောက်ဆုံးတော့ စိတ်ကြည်လင်လာတယ်။
သူမ သူ့ကို သတိရတယ် ။
သူ ဘလိုင်းဒိတ် တွေ့ပြီးပြီလား? သူ့ရဲ့ ဘလိုင်းဒိတ်ပါတနာက ဘယ်လိုပုံစံလဲ? သူမက ပါမောက္ခချုပ်ရဲ့ သမီးလား။ အာ... ဒါဆို သူတို့ကလေးကို ပါမောက္ခမုန့်လို့ နာမည်ပေးသင့်တယ်။ ချန်းရို့ယွီ ဒါကို တွေးမိတော့ ကိုယ့်ဘာသာ ရယ်မောမိတယ်။ ဒါမှမဟုတ်ရင်တော့ သူတို့က ဆရာဝန်မိသားစုဖြစ်လို့ ဒေါက်တာမုန့်လို့ပဲ ဆက်ခေါ်လို့ရတာပေါ့။
သူမ လက်ထဲက ဖုန်းကို ကြည့်လိုက်သည်။ မက်မွန်ပန်းတောထဲက အမျိုးသားက စခရင်ပေါ်မှာ ယုံကြည်မှုရှိရှိနဲ့ ပေါ့ပေါ့ပါးပါး ရပ်နေတုန်းပင်။ သူ့ကို သတိရပေမဲ့ ဖုန်းတော့ မခေါ်ချင်ပေ။ သူ့ကို ပြောစရာ ဘာမှမရှိတာကြောင့်၊ ဘယ်လိုခေါ်ရမှာလဲ? သူက ထပ်ပြီးပြောလာရင်ရော.......
"ချန်းရို့ယွီ၊ မင်း အလုပ်မရှိလို့ ငါနဲ့ ထပ်ရန်ဖြစ်ချင်တာလား၊ မင်း သေချင်လို့လား" လို့များ ပြောလာရင်ရော ဘယ်လိုလုပ်မလဲ?
ချန်းရို့ယွီ သူ့အသံကို စိတ်ကူးနဲ့ မြင်ယောင်ပြီး သူမဘာသာ ပြုံးလိုက်မိတယ်။
ပါမောက္ခချုပ်သမီးက သူ့ကို အော်ပါစေလို့ သူမ မျှော်လင့်မိတယ်။
[မုန့်ကု ရှင် ကလေးအနှီးတွေ မလျှော်ရသေးဘူးလား၊ သေချင်နေပြီလား!]
သူမက ဖုန်းကို ဘေးချပြီး လက်ပိုက်ကာ ကုတင်ပေါ် လှဲချလိုက်သည်။
သူလည်း ပျော်ရွှင်တဲ့ဘဝ ရှိမှာဖြစ်ပြီး သူမလည်း ပျော်ရွှင်တဲ့ဘဝ ရှိမှာပဲ။ သူမမှာ အဆိုးမြင်စိတ် မရှိရဘူး၊ ဝမ်းနည်းလို့ မဖြစ်ဘူး။ သူမက အခုမှ ငယ်ငယ်လေးရှိသေးတယ်၊ ရှေ့မှာ လမ်းတွေ အများကြီး ရှိနေသေးတယ်။
သူမအမေရဲ့ စကားလုံးတွေက ကြမ်းတမ်းပေမဲ့ သူမကို စိတ်ပူနေတုန်းပဲ။ သူမအဖေက သူမအမေရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဘာသဘောထားမှ မပြောရဲပေမဲ့ သူမကိုတော့ ထောက်ခံနေဆဲပင်။ သူမရဲ့မောင်လေးက နည်းနည်းဆိုးတယ်ဆိုပေမဲ့ သူမကိုတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
ဒါကြောင့် သူမ စိတ်ခွန်အားတွေ ပြန်ထုတ်ပြီး ဘဝမှာ ပိုပြီး တက်ကြွရမယ်။
သူမက စိတ်ခံစားချက်တွေ အများကြီး ကောင်းလာတယ်လို့ ခံစားရစ။သူမက မအိပ်ပျော်သွားခင် သူမစိတ်ထဲက နောက်ဆုံးအတွေးကတော့ မနက်ဖြန် ကောင်းယွီလန်ကို ဖုန်းခေါ်ပြီး သူမနဲ့ ရင်းဇယ်တို့ ဘယ်လိုအခြေအနေရှိလဲလို့ မေးဖို့ပင်။ တစ်ခါတစ်လေ သူတို့နဲ့အတူ ဆုံဖို့ အခွင့်အရေးရှာပြီး အဲ့ဒီမှာ မုန့်ကုလည်း ရှိကောင်းရှိနိုင်သည်။
သူမ တကယ်ပဲ အဲ့လိုလုပ်ခဲ့ပေမဲ့ မုန့်ကုကတော့ ပေါ်မလာခဲ့ပေ။ သူတို့စုဝေးတဲ့နေ့မှာ မုန့်ကုက တာဝန်ကျနေခဲ့၏။သူမက စုဝေးပွဲကို ရွှေ့ဆိုင်းပြီး မုန့်ကု အားတဲ့အထိ စောင့်မလားလို့ မေးဖို့ ရှက်နေခဲ့တယ်။ ဒါကြောင့် မုန့်ကုမပါဘဲ ပျော်ရွှင်တဲ့ ညနေခင်းတစ်ခုကို ကုန်ဆုံးခဲ့ပေမဲ့ နည်းနည်းတော့ လစ်ဟာသလို ခံစားခဲ့ရ၏။
နောက်တစ်ရက်မှာတော့ သူမက ဖုန်းကို အချိန်တိုင်း ထုတ်ကြည့်နေပြီး စိတ်နှစ်ခွဖြစ်နေသည်။ မနေ့က သူတို့အနည်းငယ် စုဝေးခဲ့ကြကြောင်း ဒါပေမဲ့ သူ မပါဝင်ခဲ့ကြောင်းနှင့် တစ်ချိန်တည်းမှာပဲ သူ ဘယ်လိုအခြေအနေရှိလဲဆိုတာကို မန်ဂူကို ဖုန်းဆက်ပြောသင့်၊ မပြောသင့် စဉ်းစားနေသည်။ ဒီလိုလုပ်ရင် အဆင်ပြေပါ့မလား။ ဒါပေမဲ့ ဒါက တမင်တကာ လုပ်ဆောင်နေသလို ဖြစ်နေတယ်။
သူမက ထပ်ခါတလဲလဲ စဉ်းစားနေတယ်.. တွေဝေနေတယ်......သူမရဲ့ အလုပ်ပင် ပျက်ကွက်လာတယ်။
သူမ အဲ့လိုမျိုး ထပ်ခါတလဲလဲ တွေးတောနေစဉ်မှာပဲ ဖုန်းဝင်လာတယ်။၎င်းက ထန်ကျင်းချိုင်ဆီက ဖြစ်၏။
သူ ပထမဆုံး လုပ်တာကတော့ ထိုနေ့က သူ့အမေ၏ လုပ်ရပ်များအတွက် တောင်းပန်ခြင်းပင်။ သူ့အမေ၏ လုပ်ရပ်များက မကောင်းတဲ့စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သူမရဲ့ စရိုက်ကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။ သူမက အရာအားလုံးကို ထိန်းချုပ်လိုပြီး အမြဲစိုးရိမ်ပူပန်ကာ အရာအားလုံးကို လျင်မြန်စွာ ပြီးစီးလိုကြောင်း ပြောခဲ့၏။
သူမ(ချန်းရို့ယွီ)က ယဉ်ကျေးစွာ ပြန်ဖြေခဲ့ပြီး ဒီစိတ်မနှံ့တဲ့အမျိုးသမီးကို သူ အရှုံးမပေးမှာကို စိုးရိမ်ခဲ့တယ်။
ထန်ကျင်းချိုင်က ဘလိုင်းဒိတ်အကြောင်း ဘာမှမပြောဘဲ ယဉ်ကျေးတဲ့စကားအချို့ ပြောပြီးနောက် မမျှော်လင့်ထားတဲ့ စကားတစ်ခွန်းကို ပြောလိုက်သည်။ သူ့ဦးလေးက စိတ်ထိခိုက်မှုခံစားခဲ့ရပြီး အချိန်အတန်ကြာ စိတ်ဓာတ်ကျနေကြောင်း ပြောခဲ့၏။သူ့ဦးလေးဟာ ဆရာဝန်အများအပြားနှင့် တိုင်ပင်ခဲ့သော်လည်း တိုးတက်မှု မရှိပုံရကြောင်း ပြောခဲ့သည်။ ဒီမြို့မှာ အကျော်ကြားဆုံး စိတ်ရောဂါအထူးကုဆရာဝန်ကတော့ ဆေးရုံတစ်ခုမှ ဒါရိုက်တာလျှို့ ဖြစ်ပြီး၊ ချန်းရို့ယွီ ထိုနေ့က ချိန်းဆိုခဲ့သည့် ဆရာဝန်က သူ ခုနက ပြောခဲ့တဲ့ ဆရာဝန်နှင့် တူညီသူဟုတ်၊ မဟုတ်ကို မေးလေသည်။
ချန်းရို့ယွီ မှင်သက်သွားတယ်။ သူမက ဆရာဝန်နဲ့ ချိန်းထားတာမျိုး တစ်ခါမှ မရှိခဲ့ဖူးတော့ ဘယ်လိုသိမှာလဲ? ဒါပေမဲ့ သူပြောတဲ့ ဆေးရုံကတော့ မုန့်ကု အလုပ်လုပ်တဲ့ ဆေးရုံဆိုတာ သူမ သေချာသိတယ်။
"ဒါရိုက်တာလျှို့က တစ်နိုင်ငံလုံးမှာ အရမ်းနာမည်ကြီးတယ်။ သူ့နဲ့ ပြဖို့ ချိန်းဆိုဖို့လည်း အရမ်းခက်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျွန်တော့်အဒေါ်က ကျွန်တော့်အိမ်ကို လာပြီး ဒီအကြောင်း ပြောသွားတယ်လေ။ သူ(မ)က လပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ချိန်းလို့ မရသေးဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော့်အမေက မင်း သူ့နဲ့ ချိန်းထားတာကို ရုတ်တရက် သတိရသွားတာ။ အဲဒီနေ့က မင်းကို လာကြိုတဲ့ မင်းသူငယ်ချင်းက ဒါရိုက်တာလျှို့နဲ့ သိတာလား။ သူက ဒါရိုက်တာလျှို့က မင်းချိန်းထားတာကို မလာဘူးလို့ ပြောတယ်လေ"
"အော်၊ ဒါဆို သူတို့ တစ်ယောက်နဲ့တစ်ယောက် သိကြမှာပေါ့။"
"ဒါဆို ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပြီး မင်းသူငယ်ချင်းကို ကျွန်တော်တို့အတွက် ချိန်းပေးလို့ ရမလား။ ကျွန်တော်တို့မိသားစုတစ်ခုလုံး ကျွန်တော့်ဦးလေးရဲ့ ရောဂါကို အရမ်းစိတ်ပူနေကြတာ။ အဲ့ဒါကြောင့် ဘာဆုကြေးလိုလို ဘာလိုလိုဆိုရင် ပြဿနာမရှိဘူး။"
အဲ့ဒီအချိန်တွင် ချန်းရို့ယွီက သူမမှာ လုံးဝ ကြင်နာတတ်တဲ့စိတ်ထား မရှိဘူးလို့ ခံစားလိုက်ရတယ်။ သူမ ပထမဆုံး တွေးမိတာက လူနာကို သနားတာ မဟုတ်ဘဲ မုန့်ကုကို ဖုန်းခေါ်ဖို့ တရားဝင်အကြောင်းပြချက်တစ်ခု ရပြီဆိုတဲ့ အတွေးပဲ။
#################