← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

ဒွိဟချစ်သံယောဇဉ်:

Chapter 27- အကူအညီတောင်းခံခြင်း

ထိုညတွင် ချန်းရို့ယွီက မုန့်ကုကို ဖုန်းခေါ်လိုက်၏။

ဖုန်းတစ်ဖက်က မုန့်ကုရဲ့အသံကို ကြားလိုက်ရတဲ့အခါ သူမရဲ့ ရင်ခုန်သံတွေ ပိုမြန်လာတာကို သတိထားမိသည်။

မုန့်ကုနဲ့ စကားပြောဖူးတဲ့ သူမရဲ့ အတွေ့အကြုံအရ သူ့ကို ယဉ်ယဉ်ကျေးကျေးပြောဆိုတာ အလကားပဲဆိုတာ သူမသိတယ်။ ဒါကြောင့် နှုတ်ဆက်ပြီးတာနဲ့ သူမသူငယ်ချင်းအတွက် ဒါရိုက်တာလျှို့ နဲ့ ရက်ချိန်းစီစဉ်ပေးဖို့ တိုက်ရိုက်ပြောလိုက်တယ်။

မုန့်ကုဘက်မှာတော့ သူမက ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး သူ့ကိုခေါ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့‌ပေ။သူက တစ်ဖက်မှာ တိတ်ဆိတ်နေခဲ့၏။ ချန်းရို့ယွီက ဒါဟာ သူ့အတွက် အရမ်းခက်ခဲနေလား၊ အဆင်မပြေဘူးလားလို့ တွေးနေမိသည်။သူသာ ကူညီဖို့ ငြင်းဆန်ခဲ့ရင် သူ့ကို ဘာဆက်ပြောရမလဲဆိုတာကို သူမစဉ်းစားနေခဲ့ပြီး သူနဲ့နည်းနည်းကြာကြာ စကားပြောချင်နေခဲ့သည်။

အဲ့ဒီနောက် မုန့်ကုက စကားစပြော၏။

“ချန်းရို့ယွီ မင်းက ငါ့အကူအညီလိုမှပဲ ဖုန်းခေါ်တတ်တာလား?”

“အာ…?”

အကယ်၍ သူမက ရည်ရွယ်ချက်မရှိဘဲ သူ့ကိုခေါ်ရင် သူ့ဆီကနေ အဆူခံရမှာ မဟုတ်ဘူးလား?

“မင်းဘာသာမင်း ပျော်နေပြီးတော့ ရင်းဇယ်တို့နဲ့ စားသောက်ပျော်ပါးနေတုန်းက ငါ့ကိုဖုန်းခေါ်ဖို့ ဘာလို့မမှတ်မိတာလဲ?မင်းက အကူအညီလိုမှပဲ ငါ့ကို သတိရတာပေါ့"

“အာ…?”

သူမက သူ့သူငယ်ချင်းတွေနဲ့အတူ စုဝေးစားသောက်ခဲ့တာကို သူဘယ်လိုသိတာလဲ?

“ဘာလို့ ‘အာ’ လို့ပြောတာလဲ"

“ဪ...."

မုန့်ကုက ထပ်မပြောတော့ပေ။

သူမရုတ်တရက် စိုးရိမ်သွား၏။

“ဒေါက်တာမုန့်......ဒေါက်တာမုန့်.....… ဖုန်းမချနဲ့ဦးနော်"

“ဖုန်းချမယ်လို့ ငါမပြောပါဘူး”

“ရှင်က အမြဲတမ်း ဖုန်းမချခင် ဘာမှမပြောဘဲ ချပစ်နေကျကို”

“အဲဒါ မင်းလေ"

“အွန်း......"

မှန်တယ်… သူမအရင်တုန်းက သူ့ကို ညလယ်ခေါင်ကြီးမှာ ဖုန်းချပစ်ဖူးတယ်…

“ဒီနေ့ ငါနဲ့ ‘အာ’ တွေ ‘ဪ’ တွေပဲ သုံးပြီး ဂြိုလ်သားဘာသာစကားနဲ့ ပြောတော့မှာလား?မင်းဦးနှောက်က ဘာသာစကားချို့ယွင်းနေပြီး ရံဖန်ရံခါ ရောဂါဖြစ်နေတာလား?"

“မဟုတ်ပါဘူး.....မဟုတ်ဘူး…”

သူမက နှုတ်ခမ်း ကိုက်လိုက်တယ်။ သိသာထင်ရှားတာက သူကပဲ မစ္စတာဒိုင်နို‌ဆောရဲ့ ကြမ်းတမ်းတဲ့ဂြိုလ်က ဘာသာစကားနဲ့ ပြောနေတာလေ။

“ဒါဆိုရင် ဒေါက်တာမုန့်က ဒါရိုက်တာလျှို ကို သိလား။ ကျွန်မကို ကူညီပေးဖို့ ရှင့်အတွက် အဆင်ပြေရဲ့လား?"

တကယ်တော့ သူ ကူညီနိုင်သည်ဖြစ်စေ၊ မကူညီနိုင်သည်ဖြစ်စေ သူမစိတ်မပူပါဘူး။ သူမက ဘယ်တုန်းကမှ ကြင်နာတတ်တဲ့သူ မဟုတ်ပေ။

“ဘယ်သူငယ်ချင်းလဲ။ ဒီသူငယ်ချင်းရဲ့ အခြေအနေက ဘယ်လိုလဲ။”

သူက တကယ်ကြီး မေးလာခဲ့တယ်။

“အဲဒါ… အဲဒါက ကျွန်မ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဘလိုင်းဒိတ်လုပ်ခဲ့တဲ့ မစ္စတာထန်‌လေ။ကျွန်မရဲ့ သူငယ်ချင်း မိတ်ဆက်ပေးခဲ့တဲ့သူ။”

သူမက သူ့ကို ထန်ကျင်းချိုင် ပြောပြထားတဲ့ ဦးလေးဖြစ်သူရဲ့ ဖျားနာမှုအကြောင်းကို ပြောပြလိုက်ပြီး လအတော်ကြာ ကြိုးစားခဲ့ပေမဲ့ ဒါရိုက်တာလျှို နဲ့ ရက်ချိန်းမရခဲ့တဲ့အကြောင်းကိုလည်း ထည့်ပြောခဲ့သည်။ အဲ့ဒီနောက် သူမက မုန့်ကုရဲ့ အဖြေကို သူမစောင့်နေလိုက်၏။

“ဒီကိစ္စက ဒါရိုက်တာလျှိုနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ ဒါပေမဲ့ အဲ့ဒီလူက မင်းသူငယ်ချင်းလို့ ယူဆလို့ရတာလား။ နောက်ဆုံးတစ်ခေါက်တုန်းက မင်းပဲ အကူအညီတောင်းပြီး အော်ဟစ်နေခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ သူ့ကိုယ်စား အကူအညီတောင်းပေးနေရတာလဲ”

သူမ နည်းနည်းတော့ အပြစ်ရှိသလို ခံစားရပြီး သူတို့တွေက ဖုန်းနဲ့ပြောနေတာဖြစ်လို့ သူမရဲ့ရှက်ရွံ့မှုကို သူ မမြင်ရတာကို တိတ်တိတ်လေး ဝမ်းသာနေခဲ့တယ်။

"နောက်ဆုံးတစ်ခေါက်က နောက်ဆုံးတစ်ခေါက်ပဲလေ… သူ့မိသားစုထဲက တစ်ယောက်က အရမ်းနေမကောင်းဖြစ်နေတာ မကူညီဘဲ ငြင်းလို့ မကောင်းဘူးလေ။ အဲ့ဒါက…..."

သူမ ဒီအကြောင်းကို စဉ်းစားပြီးတော့ အဲ့ဒါက တကယ်ရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ်။ သူမက သတိမထားမိဘဲ သူ့အကူအညီကို တောင်းခဲ့မိတာ၊ သူ့အတွက် အဆင်ပြေရဲ့လားဆိုတာတောင် သူမ မေးမကြည့်မိဘူး။

“ဒါက ဒုက္ခများလား မများဘူးလားဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမဲ့ အရမ်းခက်ခဲတယ်ဆိုရင်တော့ မေ့လိုက်ပါတော့။”

“ဒါက ဒုက္ခမများပါဘူး။ ဒါရိုက်တာလျှို က သူ့ဆေးခန်းကို တစ်ပတ်တစ်ခါပဲ လာတယ်၊ ရက်ချိန်းယူထားတဲ့လူနာတွေကိုပဲ ကြည့်တယ်။ ဒါကြောင့် ရက်ချိန်းနေရာတွေက အရမ်းနည်းပြီး ရဖို့ခက်တယ်။ ငါ သူ့ကို မှတ်စုထုတ်ခိုင်းပြီး အဲ့ဒီနေ့မှာ နောက်ထပ်နေရာတစ်ခု ထပ်ထည့်ခိုင်းလိုက်မယ်။ အဆင်ပြေတယ်။”

“ဪ...… ရှင့်အတွက် ဒုက္ခမများဘူးဆိုတော့ ကောင်းတာပေါ့"

အဲ့ဒီတော့ ဒီအကူအညီနဲ့ဆို အရာရာတိုင်းကို လုပ်ဆောင်နိုင်တယ်ဆိုတာ မှန်ကန်တယ်လို့ ခံစားရတယ်။ သူမ ဘာပြောရမလဲလို့ ခေါင်းထဲမှာ အသည်းအသန်စဉ်းစားနေတုန်း မုန့်ကုက ပြောတာကို ကြားလိုက်ရ၏။

“ငါ့အတွက်တော့ ဒုက္ခမများဘူး၊ ဒါပေမဲ့ မင်းအတွက်တော့ ပိုပြီးဒုက္ခများလိမ့်မယ်လို့ ငါစိုးရိမ်တယ်။”

ချန်းရို့ယွီ အံ့သြသွားသည်။

“ဘာလို့လဲ"

“ဘာလို့လဲဆိုတော့ မင်းငါ့ကို ကြီးမားတဲ့ အကူအညီတစ်ခု အကြွေးတင်သွားပြီလေ။ ဒီလိုကိစ္စမျိုးက ခက်ခဲတယ်လို့ ပြောရင် တကယ်တော့ မခက်ခဲပါဘူး… အရမ်းခက်ခဲတယ်လို့ ပြောရင်တော့ တကယ်အရမ်းခက်ခဲတယ်။ မင်း ငါ့ကို သိတဲ့အတိုင်းပဲ မင်းမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။”

“အဲဒါ… မစ္စတာထန်က ဆုချဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်။ သူ့အတွက် ပြဿနာမရှိဘူး။”

“ချန်းရို့ယွီ..…”

“အာ?”

သူ့လေသံက… သူ မပျော်တော့ဘူးလား?

“မင်းငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။”

ဒီတစ်ခါတော့ သူ တကယ်မပျော်ဘူးထင်တယ်။

ချန်းရို့ယွီ စဉ်းစားကြည့်လိုက်တော့ သူ့ကို ပိုက်ဆံပေးတာက သူ့ကို စော်ကားတာနဲ့တူတယ်လို့ ထင်တယ်။

“လာဘ်ပေးလာဘ်ယူလုပ်တာက ရာဇဝတ်မှုပဲ။”

“တောင်းပန်ပါတယ်”

“ငါ မင်းကို ဘာပြောသင့်လဲ။”

"ကျွန်မတောင်းပန်တယ်လို့ ပြောပြီးပြီလေ"

“မင်းကို ငါကယ်ခဲ့ရင် ငါပြောသမျှကို လက်ခံမယ်လို့ မင်း နောက်ဆုံးတစ်ခေါက်တုန်းက ပြောခဲ့တာကို ငါ မှတ်မိတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း မင်းက ငါ့ကို မင်းအကြောင်း ဘာမှပြောခွင့်မပေးခဲ့ဘူး ထင်တာပဲ။”

“ဒါဆို ရှင်ဘာပြောချင်တာလဲ။"

တကယ်ပဲ ဒီလူကတော့! မူလတုန်းက သူမက သူ့ကို စကားပြောဖို့ ခေါင်းစဉ်ရှာချင်ခဲ့ပေမဲ့ အခုတော့ လိုမယ်မထင်တော့ဘူးနော်!

“ချန်းရို့ယွီ ငါတို့နှစ်ယောက်ကြားမှာ ဒီစကားပြောဆိုမှုက အဓိပ္ပာယ်မရှိတော့ဘူးလို့ မင်းမထင်ဘူးလား။”

သူက ဒါကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ရင် ဘာလို့ အဆုံးမရှိ ဆက်ပြောနေသေးတာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက တစ်ဖက်သတ် စကားဝိုင်းမဟုတ်ဘူးလေ။ ဒါက အဓိပ္ပာယ်မရှိဘူးဆိုရင် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဒါပေမဲ့ သူမ သူနဲ့ စကားပြောတိုင်း အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပြန်တယ်။ ဒီကိစ္စကို အလေးအနက် စဉ်းစားပြီးတဲ့နောက် တကယ်တော့ သူမတို့နှစ်ယောက်ဟာ အဓိပ္ပာယ်ရှိတဲ့ ခေါင်းစဉ်တွေအကြောင်း ဘယ်တုန်းကမှ မပြောခဲ့ကြပေ။

“ဒါဆို ဘယ်ကိစ္စကို အဓိပ္ပာယ်ရှိတယ်လို့ ရှင်ယူဆလဲ။”

သူမ သူ့ကို မေးလိုက်၏။

မုန့်ကုက တစ်ဖက်က‌နေ ဘာမှမပြောဘဲ ရုတ်တရက် သူမလည်း ဘာပြောရမှန်းမသိတော့‌ပေ။ ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တကယ်တော့ ဆွေးနွေးစရာ ဘုံခေါင်းစဉ်တွေ နည်းပါးနေတာပေါ့။

ချန်းရို့ယွီက ဖုန်းကိုင်ထားရင်း ဝမ်းနည်းနေတုန်း ရုတ်တရက် မုန့်ကု ပြောတာကို သူမ ကြားလိုက်ရသည်။

“ချန်းရို့ယွီ မင်းငါ့ဆီ ဘယ်တော့လာတွေ့မှာလဲ”

“အာ?”

“‘အာ’ လို့ ထပ်ပြောပြန်ပြီလား။ မင်းဒီနေ့ ငါ့ကို တမင်သက်သက် ဒေါသထွက်အောင် လုပ်နေတာလား။”

“ဒီနေ့ စိတ်မရှည်တာ ရှင်ပဲဥစ္စာ”

ချန်းရို့ယွီက မျက်မှောင်ကြုတ်လိုက်၏။

“ကျွန်မ ရှင့်ကို ဘာလို့ လာတွေ့သင့်လဲဆိုတာ စဉ်းစားနေတာ။”

“မင်းငါ့ဆီမလာရင် ဒါရိုက်တာလျှိုဆီက မှတ်စုကို ဘယ်လိုရမှာလဲ။ ငါက မှတ်စုကို မင်းဆီ ပို့ပေးရမယ်လို့ မျှော်လင့်နေတာလား။”

“ဪ၊ ဟုတ်သားပဲ၊ အဲဒါကို ကျွန်မ မေ့သွားတယ်။ တောင်းပန်ပါတယ်။ ကျွန်မ လာတွေ့ပါ့မယ်။ ရှင် ဘယ်တော့ အဆင်ပြေမလဲ။”

“ငါ မှတ်စုရတာနဲ့ မင်းကို ထပ်ခေါ်လိုက်မယ်။ မင်းသူငယ်ချင်း မစ္စတာထန်ကို ပြောလိုက် ဒါက လုပ်ဖို့ခက်ခဲတဲ့ကိစ္စ ပြီးတော့ ငါ တစ်ခါပဲ ကူညီပေးမယ်လို့။ နောက်တစ်ခါ မင်းကို မရှာခိုင်းနဲ့လို့ ပြောလိုက်”

“ဪ။”

ခုနတုန်းကတော့ ပြဿနာမရှိဘူးလို့ ပြောခဲ့ပြီး ဘာလို့ အခုကျမှ လုပ်ဖို့ခက်ခဲတယ်လို့ ပြောတာလဲ? ဒါပေမဲ့ တခြားသူဆီက‌နေ အမြဲတမ်း အကူအညီတောင်းတာက လုံးဝ မကောင်းဘူးဆိုတော့ ချန်းရို့ယွီက ဆက်မမေးရဲတော့ဘဲ အမြန်ပဲ ကတိပေးလိုက်သည်။

“ငါ အတည်ပြောတာ။ မင်းဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေစရာမလိုဘူး၊ မင်း သူ့ကို ရှင်းရှင်းလင်းလင်း ပြောရမယ်။ မင်းတို့နှစ်ယောက်က ရင်းနှီးရုံသက်သက်ပဲ၊ တစ်ယောက်နဲ့တစ်ယောက် သိပ်မသိကြဘူး။ သူက အကူအညီလာတောင်းတာ အရမ်းမျက်နှာပြောင်တိုက်တယ်၊ မင်းကလည်း သူ့ကို ကူညီဖို့ ဆန္ဒရှိတယ်။ အခုတော့ အားလုံးပြီးသွားပြီ။ နောက်ပိုင်း သူ့မိသားစုက ဒီကိစ္စကို လွယ်လွယ်ကူကူ လုပ်လို့ရတယ်လို့ ထင်ပြီး ကိစ္စအကြီးအသေးမရွေး အမြဲတမ်း မင်းဆီ လာနေလိမ့်မယ်၊ အဲ့ဒီအခါကျရင် ဒုက္ခရောက်လိမ့်မယ်။ ရောဂါအားလုံးကို အထူးကုဆရာဝန်တွေ ကုသဖို့ မလိုအပ်ပေမဲ့ လူနာအများစုက နားမလည်ကြဘူး။ ရှင်းလား။”

“ကျွန်မ သိပါပြီ”

“ဒါဆို ငါ့ဖုန်းကို စောင့်နေ”

“ကောင်းပြီ”

ဖုန်းခေါ်ဆိုမှုက ဒီမှာပဲ ပြီးဆုံးသင့်ပြီး နှစ်ဖက်စလုံးက ခဏတာ တိတ်ဆိတ်သွားသည်။ သူမက တစ်ခုခု ထပ်ပြောချင်ပေမဲ့ အခုအချိန်မှာ ဘာပြောရမှန်း မသိပေ။

ဒီအချိန်မှာပဲ မုန့်ကုက “ချန်းရို့ယွီ ” ဟု ခေါ်လိုက်၏။

“အင်း… ဘာကိစ္စလဲ”

“…ထားလိုက်တော့ ဘာမှမဟုတ်ဘူး”

ဘာမှမဟုတ်ဘူးဆိုတာ သူ ဘာကိုဆိုလိုတာလဲ?

ချန်းရို့ယွီက နှုတ်ခမ်းကိုက်လိုက်ပြီး သူ့ကို ထပ်မေးချင်စိတ် ပေါက်သွားသည်။

ဒါပေမဲ့ မုန့်ကုမှာ တကယ်ပဲ ဘာမှပြောစရာ မရှိတော့ဘူး ထင်ရ၏။

“ကောင်းပြီ၊ ဖုန်းချလိုက်တော့မယ်"

“ခဏလေး”

သူမက သူ့ကို လှမ်းခေါ်လိုက်တယ်။

“ဘာကိစ္စလဲ”

“အဲဒါ… ရှင်အကူအညီကို အမြဲတမ်းတောင်းနေရတာ မကောင်းဘူးလေ”

“မှန်တယ်။ မင်းကို အမြဲတမ်း ကူညီနေရတာလည်း မတရားဘူး”

ရုတ်တရက် ချန်းရို့ယွိက ၎င်းဟာ ထင်ယောင်ထင်မှားဖြစ်တာလားဆိုတာ မသိပေမယ့် မုန့်ကုရဲ့အသံက ပိုပြီး ပေါ့ပါးလာတယ်လို့ ခံစားရသည်။

“ဒါဆို မင်းငါ့ကို ဘယ်လိုပြန်ဆပ်မလဲ။”

သူ့ကို ပြန်ဆပ်ရမှာလား?

“ဒါဆို ရှင်ကို ညစာစားဖို့ ဖိတ်မယ်လေ"

“မင်း နောက်ဆုံးတစ်ခေါက် ငါ့ကို ညစာဖိတ်တုန်းက မင်းငါ့ကို ကိုက်တာနဲ့ ပြီးသွားတယ်။ ဒီအကြွေးက မကျေသေးဘူး။ အခု မင်းငါ့ကို ညစာထပ်ဖိတ်ချင်ပြန်ပြီလား။”

“…......"

သူမသာ အဲဒီစကားတွေ မပြောခဲ့ရင် ကောင်းသား? ဒါက ကိုယ့်ဘာသာကိုယ် တွင်းတူးပြီး ကိုယ့်ဘာသာကိုယ် မြှုပ်တာ မဟုတ်လား?သူမ အဲလိုပြောလိုက်တာ စိတ်မှမှန်သေးရဲ့လား?ဘာလို့ ယဉ်ကျေးချင်ယောင်ဆောင်ရတာလဲ?မစ္စတာ ဒိုင်နိုဆောတောင် ဒါကို သူကိုယ်တိုင် မပြောခဲ့ဘူး။ ဘာလို့ သူမက ပြဿနာရှာမိတာလဲ?

“ဒါဆို ဒေါက်တာမုန့်က ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။”

“ဒါကို မင်းကိုယ်တိုင် စဉ်းစား‌လေ။ မင်းကိုယ်တိုင် စဉ်းစားတာက ပိုပြီးရိုးသားတယ်။”

သူ့လေသံက သူမရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည်။ အခုအချိန်မှာ သူ့စိတ်ခံစားချက်က အကောင်းဆုံးဖြစ်နေ၏။

သူမကိုယ်တိုင် စဉ်းစားရမယ်တဲ့။ ဘယ်လိုစဉ်းစားရမှာလဲ?ဒီလိုကိစ္စမျိုးက စဉ်းစားရအခက်ဆုံးပဲ။

နောက်ဆုံးတော့ ဖုန်းချပြီးတဲ့နောက် ချန်းရို့ယွီက တစ်အိမ်လုံး လျှောက်သွားနေခဲ့တယ်။ အခု သူမမှာ ပြဿနာတစ်ခု ရှိနေပြီ။

ဒါပေမဲ့ ဒီနေ့တော့ မစ္စတာ ဒိုင်နိုဆောက နည်းနည်းထူးဆန်းနေတယ်။ သူ့စိတ်ခံစားချက်က ပိုပြီးတော့ စိတ်ခံစားမှုပြင်းထန်တဲ့ဘက်ကို ရောက်သွားတယ်။ အစပိုင်းမှာ သူက နည်းနည်းကြမ်းတမ်းခဲ့ပေမဲ့ အနည်းငယ် တည်ငြိမ်လာပြီး နောက်ဆုံးတော့ ပေါ့ပါးရွှင်လန်းသွားတယ်။ ဒီလို ရှင်းပြလို့မရတဲ့ စိတ်ခံစားချက်ပြောင်းလဲမှုက ခန့်မှန်းဖို့ ခက်တယ်။ ချန်းရို့ယွီက သူမကို ဒုက္ခပေးနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတုန်းမှာပဲ လျန်စီးစီး ပြန်ရောက်လာတယ်။ သူမက ဝင်လာတာနဲ့ မေးလိုက်တယ်။

"နင် ဘာလို့ ရေခဲသေတ္တာတံခါးကို ဖက်ထားတာလဲ"

အမ်၊ ငါ ဘာလို့ ရေခဲသေတ္တာတံခါးကို ဖက်ထားတာလဲ။ ဪ၊ သူမဘာလုပ်ဖို့ စဉ်းစားထားတာလဲ? အိုး....ဟုတ်သားပဲ သူမက ရေခဲသေတ္တာထဲက အချိုရည်တစ်ဘူးလောက်ယူမလို့လေ။

သူမက ရေခဲသေတ္တာထဲက အချိုရည်ကို ယူပြီးတဲ့နောက် အိမ်ထဲမှာ နောက်တစ်ပတ် ထပ်လျှောက်ပြန်ပေမဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုမှ မရသေးပေ။ သူမက လျန်စီးစီးကို လူတစ်ယောက်ကို တောင်းပန်ဖို့နဲ့ ကျေးဇူးတင်ဖို့ အကောင်းဆုံးနည်းလမ်းကို မေးချင်နေခဲ့တယ်။ အရေးအကြီးဆုံးကတော့ တစ်ဖက်လူကို သူ့ရဲ့ မုန်းတီးမှုကို မေ့သွားအောင် လုပ်ပြီးတော့ သူမကို ဒေါသမထွက်အောင် လုပ်ဖို့ပဲ။

ဒါပေမဲ့ သူမ ပါးစပ်မဖွင့်ခင်မှာပဲ လျန်စီးစီးက အရင်စပြောလာတယ်။

“ဒီနေ့ ငါ ဆေးရုံသွားပြီး‌တော့ ဒေါက်တာမုန့်ကို ထမင်းစားဖို့ အောင်အောင်မြင်မြင် ဖိတ်ခေါ်နိုင်ခဲ့တယ်”

ချန်းရို့ယွီရဲ့ နားတွေ ချက်ချင်း ထောင်လာသည်။သူမက အချိုရည်ပုလင်းကို ကိုင်ရင်း လျန်စီးစီး ဘေးနားက ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။

“နင်က ဒေါက်တာမုန့်ကို ဘာလို့ သွားရှာတာလဲ။”

“ပရဟိတဖောင်ဒေးရှင်း လှုပ်ရှားမှုတစ်ခုရှိတယ်လေ။အဲ့ဒီမှာ လိုအပ်တဲ့ အချက်အလက်တချို့ကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်လိုတယ်။ ဒါကြောင့် ဒေါက်တာမုန့်ဆီ သွားပြီး အကြံတောင်းတာ”

သူနဲ့ ရင်းနှီးဖို့ ဒီအကြောင်းပြချက်က တကယ်ကို ပြီးပြည့်စုံသည်။ချန်းရို့ယွီက လျန်စီးစီးကို တကယ်ပဲ သဘောကျမိ၏။ သူမက အမြဲတမ်း ဒီလိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရှာတွေ့နိုင်စွမ်းရှိသည်။

“ဒါဆို ဒေါက်တာမုန့်က ဘာပြောသေးလဲ။”

“ငါတို့ ပရောဂျက်အကြောင်း ဆွေးနွေးခဲ့ကြတာ၊ သူက တကယ်တော်တယ်ဟ။ သူကလေ သူ့ရဲ့အမြင်တွေကို အများကြီး ပေးခဲ့ပြီး ငါတောင် မစဉ်းစားမိတဲ့ တချို့အရာ‌တွေကိုလည်း ပြောပြခဲ့တယ်။ နောက်တော့ သူ့အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြောပြီး ညစာစားဖို့ ဖိတ်လိုက်တယ်‌လေ။သူက သဘောတူလိုက်တယ်"

“ညစာကို အဲ့ဒီလောက်နောက်ကျမှ စားခဲ့ကြတာလား။”

ဒါဆို သူမ ခုနက ဖုန်းခေါ်တုန်းက သူက စီးစီးနဲ့ ညစာစားနေတာလား?

“မဟုတ်ဘူး၊ ငါတို့ အစောကြီး ပြီးခဲ့တာ။ငါ အချက်အလက်တွေ စုစည်းဖို့ ကုမ္ပဏီကို ပြန်ရဦးမယ်။အဲ့ဒါနဲ့ပတ်သက်တဲ့ အားလုံးမေ့သွားမှာကို စိုးရိမ်လို့"

ချန်းရို့ယွီက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် စိတ်ဓာတ်တွေ ကျသွားတယ်။ ခုနက ဖုန်းပြောတုန်းက သူက သူမကို ဒီအကြောင်း မပြောခဲ့ဘူး။စီးစီးက သူ့ကို ညစာဖိတ်တော့ သူသွားခဲ့ပေမဲ့ သူမက သူ့ကို ညစာဖိတ်တော့ သူငြင်းခဲ့တယ်။ အရမ်းကွာခြားတာပဲ! ဟွန်း!

“သူက နင့်အကြောင်းလည်း မေးတယ်”

စီးစီးက ပြောလိုက်၏။

“သူက ငါ့အကြောင်း ဘာတွေမေးတာလဲ။”

“ နင် ဒီရက်ပိုင်း ဘာတွေလုပ်နေလဲလို့ မေးတယ်။ပြီးတော့ ဘလိုင်းဒိတ်တွေ သွားနေတုန်းပဲလားလို့ မေးတယ်။”

“နင် ဘာပြန်ဖြေခဲ့လဲ။”

"နင့်အကြောင်း အမှန်အတိုင်း ပြောလိုက်တယ်လေ.. နင် အလုပ်မရှုပ်ဘူး ပြီးတော့ နေ့တိုင်း အိမ်မှာ တီဗီကြည့်နေတယ်၊ မနေ့ညကမှ ကောင်းယွီလန်နဲ့ သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်ခဲ့တယ်လို့ ပြောလိုက်တယ်"

သူမက ပြောပြီး‌တော့ လက်သည်းတွေကို ကြည့်ဖို့ လက်ကို မြှောက်လိုက်တယ်။ ကြည့်ရတာ သူမ လက်သည်းပြန်လုပ်ရမယ့်အချိန် ရောက်ပြီထင်တယ်။

"အဲ့တော့ သူက ဘာပြောလဲ"

" ဘာမှမပြောဘူး။"

ဘာမှမပြောဘူးလား။ ဒီမကောင်းတဲ့ ဒိုင်နိုဆောက တကယ်ကို ဘက်လိုက်တာပဲ!

ချန်းရို့ယွီက လျန်စီးစီးရဲ့လက်တွေကို ကြည့်လိုက်ပြီး ရုတ်တရက် သူမမှာ အကြံတစ်ခု ရလာခဲ့သည်။

မုန့်ကုကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတဲ့ အကြံတစ်ခု သူမ ရသွားပြီ!

###################

All Chapters