← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

Chapter 29- စပရိုက်စ်(2)

(ချန်းရို့ယွီကို 'ချန်းရော့ယွီလို့ ပြောင်းသုံးသွားပါမယ်။)

ချန်းရော့ယွီက ခေါင်းငုံ့ကာ ပစ္စည်းများ သိမ်းဆည်းရင်း သူပြောတာကို မကြားချင်ယောင် ဆောင်နေသည်။

ဒီလူက တကယ်ကို မုန်းစရာကောင်းတယ်။ ဘာလို့ လူကြီးနှစ်ယောက် ပြန်သွားတဲ့အထိ မစောင့်နိုင်ရတာလဲ။ အခုလိုဆိုတော့ သူမက ဘယ်လိုလုပ် ရှေ့ဆက်ရမှာလဲ။ သူက တကယ့်ကို အခြေအနေနားမလည်တဲ့သူပဲ။

သူမက ပစ္စည်းအားလုံးကို ကျွမ်းကျင်စွာ အမြန်ထုပ်ပိုးပြီး အရိုးများပါတဲ့ ပလတ်စတစ်အိတ်ကို ချည်နှောင်ကာ အမှိုက်ပုံးဆီ အပြေးသွားပစ်လိုက်သည်။ သူမ လှည့်ပြန်လာတဲ့အချိန် ခုံတန်းလျားနား ရောက်သည်နှင့် ဒုဌာနမှူးက သူ့ဇနီးကို တိုးတိုးလေး ကပ်ပြောနေသည်ကို ကြားလိုက်ရ၏။

“ခဏစောင့်ဦးလို့ မင်းကို ငါမပြောဘူးလား။ ဘာလို့ ထမင်းကို ကောက်စားလိုက်ရတာလဲ။”

အမေမုန့်က ပြန်ဖြေလိုက်တယ်။

“ကျွန်မက ခွေးမှမဟုတ်တာ။”

ချန်းရော့ယွီကလည်း ပြောလိုက်၏။

“အဲ့ဒါက လတ်ဆတ်ပြီး သန့်ရှင်းပါတယ်။”

ဒေါက်တာမုန့် အကြီးရော၊အငယ်‌ရောနှစ်ယောက်စလုံးက သူမကို ကြည့်နေကြတယ်။ ချန်းရော့ယွီက သူမနှာခေါင်းကို ပွတ်သပ်ပြီး ခေါင်းငုံ့ကာ သူမအိတ်ကို ကောက်ယူလိုက်တယ်။ ကောင်းပြီ၊ သူမဆိုလိုတာက သူမပြင်ဆင်ထားတဲ့ အစားအစာကလတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေဖြင့် ပြုလုပ်ထားပြီး အရသာကောင်းမွန်တယ်ဆိုတာပဲ။ ဒေါက်တာမုန့်အကြီးက အစားအစာအကြောင်း ပြောဆိုပုံက သူမအစားအစာကို စော်ကားလိုက်တာပဲ။

အမေမုန့်က ပြုံးလိုက်သော်လည်း အဖေမုန့်၏ မျက်နှာအမူအရာက မကောင်းလှပေ။ ချန်းရော့ယွီသည် သူမကို မတရားပြုသည်ဟု ခံစားရ၏။ အမေမုန့်ကို အစားအစာ ကမ်းလှမ်းခဲ့သူက သူမ မဟုတ်ပေ။ သူမ မုန့်ကုကို ပေးချင်တဲ့ လက်ဆောင်က အခုတော့ အကုန်အစားခံလိုက်ရပြီ။ သူမလည်း နစ်နာသူတစ်ယောက်ပဲ။

ရုတ်တရက် အဲ့ဒီအချိန်မှာ မုန့်ကုရဲ့ အသိတရား ထွက်ပေါ်လာသည်။

“အဖေ၊ အမေ၊ ထမင်းမြန်မြန်သွားစားကြပါ။ ကျွန်တော် ချန်းရော့ယွီနဲ့ လုပ်စရာလေးတွေ ရှိသေးတယ်။”

ချန်းရော့ယွီက ပျော်ရွှင်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ လူကြီးနှစ်ဦးလည်း ဘာမှ ထပ်မပြောတော့ဘဲ နောက်ဆုံးတော့ လက်ချင်းတွဲကာ ထွက်သွားကြသည်။

သူမက လူကြီးနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း အနည်းငယ် မနာလိုစိတ် ဖြစ်မိတယ်။ သူမ အသက်ကြီးလာတဲ့အချိန် သူတို့လိုပဲ ခင်ပွန်းသည်ရဲ့ လက်ကို ဆွဲကိုင်နိုင်ရင် ပြည့်စုံပြီ။

“ဒေါက်တာမုန့် ရှင့်မိဘတွေက အရမ်းချစ်ကြတာပဲနော်။"

“အင်း၊ သူတို့ ကောင်းပါတယ်။”

မုန့်ကုက လှည့်ထွက်သွားပြီး ချန်းရော့ယွီလည်း အလျင်အမြန် နောက်ကနေ လိုက်သွားသည်။

“သူတို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ။”

“ဘလိုင်းဒိတ်(Blind-date)။”

“ဪ။”

ဒါဆိုရင် ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိ၊ ခေတ်အလိုက်လည်း မဟုတ်ဘဲ စကြာဝဠာမှာ နာမည်ကြီးတာပေါ့။ ချန်းရော့ယွီ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်။ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ တခြားသူတွေလည်း ဒီလိုချစ်ခင်ကြင်နာတတ်တဲ့သူကို တစ်သက်တာလုံးအတွက် ရှာတွေ့နိုင်ကြတာပဲ။ သူမလည်း ဒီလိုကံမျိုး ရနိုင်ပါတယ်။ ဒါဆို စိတ်မပျက်ဘဲ ဘလိုင်းဒိတ်တွေကို ဆက်လုပ်သင့်တယ်လို့ ထင်တယ်။

“မင်း မစ္စတာထန်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလား။”

မု့န်ကု ရုတ်တရက် မေးလိုက်သည်။

“ဘာလဲ။ ဪ၊ ကျွန်မ သူ့ကို ပြောပြီးပြီ။ မှတ်စုရတာနဲ့ ဖုန်းဆက်မယ်လို့ ပြောထားတယ်”

မုန့်ကုက ခြေလှမ်းရပ်လိုက်သည်။

“ငါဆိုလိုတာက သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးပြီလား… ဒါက နောက်ဆုံးအကြိမ်ပဲ၊ နောက်တစ်ခါဆိုတာ မရှိတော့ဘူးလို့။”

သူမက ခေါင်းကို အမြန်ညိတ်ပြီး ပြောလိုက်သည်။

“ကျွန်မ သူ့ကို ပြောပြီးပြီ၊ သူက ကျေးဇူးတင်ကြောင်းနဲ့ ညစာ ဖိတ်ချင်တယ်လို့ ပြောတယ်”

“စားတာကလွဲလို့ အသစ်အဆန်း ဘာမှမရှိတော့ဘူးလား”

မုန့်ကုက စိတ်ပျက်စွာဖြင့် ပြောလိုက်၏။

သူမ လက်ထဲက ထမင်းဘူးကို ငုံ့ကြည့်လိုက်ပြီး သူမဟာ အသစ်အဆန်း တစ်ခုခုကို ယူလာတယ်လို့ ခံစားခဲ့ရတယ်။သူမတို့ အတူတူ ထမင်းမစားရပေမယ့် သူမက သူ့ကို ဧည့်ခံကျွေးမွေးလိုက်သလို ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ တောင်းပန်စကားကိုလည်း ဖော်ပြနိုင်ခဲ့ပြီး သူ့အပေါ် လှည့်စားဖို့ ကြံရွယ်ချက်လည်း အောင်မြင်သွားနိုင်တယ်။

ဒါပေမယ့် သူမရဲ့ အစီအစဉ်အားလုံး အချည်းနှီး ဖြစ်သွားတာ ဝမ်းနည်းစရာပဲ။

မုန့်ကုက သူမကြည့်နေတဲ့ဘက်ကို လိုက်ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်ကို မဲ့ပြုံး ပြုံးပြလိုက်သည်။

“ဒါက တကယ် စပရိုက်စ်ပဲ။ ချန်းရော့ယွီ၊ မင်းက တကယ်ကို ဖန်တီးနိုင်တာပဲ။ ပြောပါဦး၊ ဒီလူက ဒီကနေ ပျော်ရွှင်မှုကို ဘယ်လောက်တောင် ရှာတွေ့နိုင်မလဲ။”

“အန်တီ ခုနက အရမ်းပျော်နေခဲ့တယ်”

သူမရဲ့ ခြေသည်းအစားအစာကို ကာကွယ်ဖို့ လိုအပ်တယ်လို့ သူမခံစားလိုက်ရတယ်။

မုန့်ကုက ပြုံးစိစိလုပ်ပြီး လှည့်ထွက်သွားသည်။

သူမ သူ့နောက်ကို ပြေးလိုက်သွားရင်း ပြောလိုက်တယ်။

“ရှင် ဘာရယ်တာလဲ။ တကယ်ပြောနေတာ အန်တီ ခုနက စားတုန်းက အရမ်းပျော်နေတာ၊ အရသာလည်း ကောင်းတယ်လို့ ချီးကျူးသေးတယ်”

“ချန်းရော့ယွီ၊ ငါ ခြေသည်းလက်သည်း‌တွေ စားရတာ မကြိုက်ဘူးဆိုတာ မင်းသိလား”

မုန့်ကုက ပြောလိုက်၏။

“မသိဘူး”

သူမက ခဏရပ်သွားတဲ့ပြီးနောက် စဉ်းစားကာ ပြောလိုက်တယ်။

“ဒီတစ်ခါ ကျွန်မ တကယ် စေတနာထားတာပါ။ မနေ့ကပဲ စျေးသွားပြီး ပါဝင်ပစ္စည်းတွေ ဝယ်ပြီး ဒါကို ပြင်ဆင်ထားတာ။ အပြင်စာတွေက ဆိုးဆေးတွေ၊ အမွှေးအကြိုင်တွေ ထည့်ထားတာဆိုတော့ ကျန်းမာရေးနဲ့ မညီဘူးလေ”

“အပြင်စာက ဈေးကြီးလို့ ကိုယ်တိုင်ချက်စားတာ ပိုသက်သာလို့ မဟုတ်ဘူးလား”

မုန့်ကုက သူမကို လှည့်ကြည့်ကာ ပါးစပ်တင်းတင်းစေ့လိုက်သည်။ ကံမကောင်းစွာဖြင့် သူ့မျက်လုံးထဲက အပြုံးက သူမကို လှောင်ပြောင်လိုသည့်အချက်ကို ဖော်ပြနေသည်။

“ဒါပေါ့၊ အဲဒါလည်း တစ်ချက်ပဲ”

သူမ အနည်းငယ် ဒေါသထွက်သွားတယ်။ ဒီလောက်ကြာအောင် ရုန်းကန်နေရတာတောင် သူမရဲ့ လုပ်ငန်းတာဝန် မပြီးသေးဘဲ အလှောင်ခံနေရတုန်းပဲ။

မုန့်ကုက ပြန်မပြောဘဲ ရှေ့ဆက်လျှောက်သွား‌ပေမယ့် သူမက သူ့ကျောပြင်ကို ကြည့်ရင်း သူက သူမကို ဆက်ပြီး လှောင်ပြောင်နေတယ်လို့ ခံစားနေရတယ်။ သူမ စိတ်မပျော်တော့ဘဲ ရုတ်တရက် ဘာလို့ သူ့နောက်လိုက်နေရမှာလဲလို့ တွေးမိတယ်။ ရှင်းရှင်းပြောရရင် မှတ်စုရတာနဲ့ သူမ ထွက်သွားလို့ရနေတာပဲလေ။

“ဒေါက်တာမုန့်၊ ရှင် ဘယ်သွားမလို့လဲ။ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး။ကျွန်မကို မှတ်စုသာ ပေးလိုက်တော့။ပြီးရင် ကျွန်မ သွားတော့မယ်”

မုန့်ကုလည်း ရပ်လိုက်ပြီး သူမဘက်လှည့်လိုက်သည်။

“မြစ်ကူးပြီးရင် တံတားဖြိုတာလား။ ဒါက အသုံးချပြီး ပစ်ပယ်တာလား"

ချန်းရော့ယွီ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး အံ့သြသွားတယ်။ ခဏကြာမှ သူမက တိုးတိုးလေး ပြန်ပြောလိုက်တယ်။

“အဲဒါ ထပ်ပြီး အပြစ်ဖြစ်သွားတာလား”

မုန့်ကုက သူမကို အကြာကြီး စိုက်ကြည့်နေပြီး ရုတ်တရက် သက်ပြင်းချလိုက်၏။ သူက လှည့်ပြီး ဆက်လျှောက်သွားသည်။

“ငါ့နောက် လိုက်ခဲ့၊ မှတ်စု ပေးမယ်”

သူမ မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဘာမှ မမှားဘဲ သူက ဘာလို့ သက်ပြင်းချတာလဲ။ ဒီနေ့ သူမရဲ့ ပြောဆိုနိုင်စွမ်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာလား။ သူမက ခြေလှမ်းတွေကို အမြန်လှမ်းပြီး သူ့နောက်လိုက်ရင်း သူ့ကားအထိ ရောက်သွားသည်။

“ရှင် ဘယ်သွားမလို့လဲ"

“ညစာစားမလို့”

သူက ကားတံခါးဖွင့်ပြီး သူမကို ကားထဲ ထိုးထည့်လိုက်သည်။

မုန့်ကု ကားထဲ ရောက်သွားတဲ့အချိန် ခေါင်းလှည့်ကြည့်လိုက်တော့ သူမမျက်လုံးထဲက ရွံရှာမှုကို တွေ့လိုက်ရသည်။

“မင်း အခု ဘာဖြစ်ပြန်ပြီလဲ”

“ရှင်ပဲ ခုနက ထမင်းစားတာ အသစ်အဆန်း မဟုတ်ဘူးလို့ ပြောထားတာလေ”

“ငါဆိုလိုတာက ကျေးဇူးတင်တာ၊ တောင်းပန်တာ၊ လူတွေနဲ့တွေ့ဆုံတာ အားလုံးက စားသောက်တာပဲ ပါဝင်နေတာ အသစ်အဆန်း မဟုတ်ဘူးလေ။ ငါ အခုစားနေတာက ငါ့ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ကို ဖြည့်ဖို့ပဲ။ ဗိုက်ဆာရင် စားရမှာပဲ။ ဒါက အသစ်အဆန်း အတွေးအခေါ်တွေ မလိုဘူး၊ လက်တွေ့ကျဖို့ လိုတာ”

“အားလုံးက ရှင်ပြောတာပဲလေ"

မုန့်ကုက သူမအသံထဲက မကျေနပ်မှုကို မကြားပုံရသည်။ သူက သူမဆီ လက်ကမ်းလိုက်ပြီး ပြောလာ၏။

“ပေးဦး၊ ကြည့်ရအောင်”

“ဘာကိုလဲ”

“မင်း ငါ့ကို ပေးချင်တဲ့ စပရိုက်စ်”

“မရှိတော့ဘူး။ နှစ်ခုပဲ ကျန်တော့တယ်”

သူမက ထမင်းဘူးကို ဖက်ထားလိုက်သည်။

သူက ကမ်းထားတဲ့လက်ကို မရုပ်သေးဘဲ ခဏစောင့်နေလိုက်တော့မှ ချန်းရော့ယွီ မဲ့ပြုံးပြုံးဖြင့် ထမင်းဘူးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

သူ့အပြုံးကို ထိန်းချုပ်ရင်း ဗူးကို ဖွင့်လိုက်ပြီး ခြေသည်းနှစ်ခုကို စိုက်ကြည့်ကာ နောက်ဆုံးတော့ ရယ်မောလိုက်တော့သည်။

“ဘာရယ်စရာကောင်းလို့လဲ။ အစတုန်းက ဗူးအပြည့်ပဲ၊ ကြည့်လို့လည်း အရမ်းကောင်းတယ်။ အခုတော့ ကုန်ခါနီးပြီဆိုတော့ နည်းနည်း ဆိုးဆိုးဝါးဝါး ဖြစ်သွားတာပေါ့"

ချန်းရော့ယွီက ရုတ်တရက် အတွေးတစ်ခု ရသွားတယ်။

“ရှင်က ကြက်ခြေထောက်၊ ဝက်ခွါ (ဝက်ခြေထောက်) လိုမျိုး အစားအစာတွေ မစားချင်လို့ ရှင့်အမေက အကုန် မြန်မြန် စားပစ်လိုက်တာလား”

“မဟုတ်ဘူး။ သူ(မ)က ဒီလိုအစားအစာမျိုးကို ကြိုက်တယ်”

“ဪ"

ချန်းရော့ယွီ သက်ပြင်းချလိုက်တယ်။

“ဒါဆို ဘာလို့ ရှင်က ဒီအစားအစာကို မစားတာလဲ။ အချိုချက်က အရသာရှိတာပဲ”

“ဒုက္ခများလို့”

သူကပြောရင်း ထမင်းဘူးအဖုံးကို ပြန်ဖုံးပြီး ဘေးချထားလိုက်သည်။

သူ သူမကို ထမင်းဘူး ပြန်မပေးတော့ဘူးလား။ ဒါက သူလက်ခံလိုက်တာလို့ သတ်မှတ်ရမှာလား။ သူမ နှုတ်ခမ်းကို ကိုက်ရင်း ဒီခြေသည်းနှစ်ခုက အရေးပါကြောင်း သူ့ကို ပြောသင့်မပြောသင့် စဉ်းစားနေမိတယ်။ သူ့လက်ခံမှုက သူမ သူ့ကို ကိုက်ခဲ့တဲ့ကိစ္စ ပြီးဆုံးသွားတာကို ကိုယ်စားပြုသလို၊ သူမကို နှစ်ခါ ကူညီပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်းလည်း ကိုယ်စားပြုတယ်။

သူမ ဘာပြောရမယ်မှန်း မစဉ်းစားရသေးဘဲ မုန့်ကုက ကားကို လမ်းပေါ် မောင်းထွက်သွား၏။ သူက ကားမောင်းရင်းနဲ့ မေးလိုက်သည်။

“ငါ့အမေ မင်းကို ဘာတွေပြောလဲ”

“ရှင် ဘလိုင်းဒိတ် သွားခဲ့တယ်လို့ ပြောတယ်”

သူမက ဒီလိုပြောလိုက်ရင်း သူ့ကို ခိုးကြည့်လိုက်သည်။

မုန့်ကုက ခေါင်းညိတ်လိုက်၏။

“သူ(မ)က ရှင့်အဖေက အဲဒီမိန်းကလေးကို သဘောကျတယ်လို့လည်း ပြောတယ်”

သူမ ဆက်ပြီး သူ့ကို ခိုးကြည့်နေတယ်။သူက ထပ်ပြီး ခေါင်းညိတ်လိုက်ပြန်တယ်။

ချန်းရော့ယွီက အဲ့ဒီမိန်းကလေးကို သူကြိုက်လားလို့ မေးရန် မကောင်းဘူးဟု ခံစားမိပြီး အံ့သြစရာကောင်းတာက မုန့်ကုကလည်း သူမကို စတင်ပြောပြခြင်း မရှိခဲ့ပေ။

ကားထဲတွင် စက္ကန့်အနည်းငယ်ကြာမျှ တိတ်ဆိတ်သွားသည်။

ချန်းရော့ယွီ၏ စူးစမ်းလိုစိတ်ဟာ ပွန်းပဲ့ထိခိုက်နေပြီး သူမစိတ်ထဲတွင် သူဒီလောက် လည်ပတ်လှည့်ဖြားနိုင်တာကို တိတ်တဆိတ် ကျိန်ဆဲနေမိတယ်။အဲ့ဒီအချိန်တွင် မုန့်ကုက သူမဘက်လှည့်ကာ ပြုံးရင်း မေးလိုက်၏။

“ပြီးတော့ ဘာဖြစ်လဲ……”

“ပြီးတော့……”

ချန်းရော့ယွီ မတ်မတ်ထိုင်လိုက်ပြီး ရှေ့မှာရှိတဲ့ လမ်းကို အလေးအနက်ထား ကြည့်လိုက်သည်။

“ပြီးတော့ အမေမုန့်က ကျွန်မလုပ်ထားတဲ့ ဘဲခြေထောက်ဟင်းက အရသာရှိတယ်လို့ ချီးကျူးတယ်”

ဒီတစ်ကြိမ်တော့ မုန့်ကုက သူမကို ကြည့်ရန် အလှည့်ကျပြီး ချန်းရော့ယွီက မသိချင်ယောင် ဆောင်နေလိုက်သည်။

ခဏအကြာတွင် မုန့်ကု ချောင်းဟန့်လိုက်ပြီး မေးလာသည်။

“မင်းကော ဘယ်လိုလဲ။ မကြာသေးခင်က ဘလိုင်းဒိတ်တွေ သွားခဲ့သေးလား”

သူမက အင်္ကျီစကို တိတ်တိတ်လေး လိမ်နေပြီး လိမ်ပြောသင့် မပြောသင့် တွေဝေနေတယ်။ သူမလည်း ဘလိုင်းဒိတ်တွေ သွားခဲ့တယ်လို့ ပြောလိုက်ရင် နည်းနည်းတော့ မျက်နှာပွင့်လောက်မလား။

“ဟမ်?”

သူ သူမအဖြေကို မစောင့်နိုင်တော့ဘဲ ထပ်မေးလိုက်သည်။

“မသွားပါဘူး”

သူမ သက်ပြင်းချလိုက်တယ်။ ထားလိုက်ပါတော့၊ ဘာလို့ မျက်နှာပွင့်ချင်ရတာလဲ။ အမှန်အတိုင်းပြောတာ ပိုကောင်းတယ်။ မဟုတ်ရင် လိမ်တာမိရင် ပိုပြီး ရှက်ရမှာ။

“အဲဒီ မစ္စတာထန်က မင်းရဲ့ ရည်းစားဟောင်းနဲ့ ပုံစံအတူတူပဲလား”

အီး၊တကယ်ပဲ... ချန်းရော့ယွီ အခုမှ သဘောပေါက်သွားတာက သူတို့နှစ်ယောက်ဟာ ဘဝကို ပုံမှန်ချဉ်းကပ်တဲ့ အမျိုးအစားတူ ယောက်ျားတွေဖြစ်တယ်ဆိုတာပါပဲ။

“နည်းနည်းတော့ ဆင်တယ်”

“ဒါဆို မင်းက ဒီလိုယောက်ျားမျိုးကိုပဲ ကြိုက်နေသေးတယ်လို့ တွေ့ရတာပေါ့”

ဒီမေးခွန်းက နည်းနည်း နက်ရှိုင်းတယ်။ သူမ သေချာစဉ်းစားရမယ်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ အတိတ်က ဆိုးရွားတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာက ရှင့်လိုလူမျိုးက ကျွန်မနဲ့ မသင့်တော်ဘူးဆိုတာ သက်သေပြခဲ့ပြီးပါပြီ”

ချန်းရော့ယွီက လက်ဝှေ့ယမ်းပြီး ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။

“ဒါကြောင့် ကျွန်မ တခြားအမျိုးအစားတွေကို ဆက်ကြိုးစားလို့ ရသေးတယ်”

ဒီလိုပြောလိုက်တာက အဆင်ပြေသင့်တယ်။ ဒါက သူ့ကို စိတ်အေးစေလိမ့်မယ်။ သူတို့နှစ်ယောက်စလုံး သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်သလို၊ သူမရဲ့ အနာဂတ်အတွက် ဖြစ်နိုင်ခြေ အများကြီးရှိကြောင်းလည်း ပြသနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ကိုယ်ပိုင်တန်ဖိုးကိုလည်း မဆုံးရှုံးစေဘူး။

ကောင်းတယ်။ အရမ်းကောင်းတယ်။

ချန်းရော့ယွီ သူမရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေမိသည်။

မုန့်ကုက ဘာမှ ထပ်မပြောတော့ဘဲ ကားမောင်းတာကို အာရုံစိုက်နေပုံရသည်။

ကားစီးနေရင်း ချန်းရော့ယွီက လမ်းကြောင်းကို ရုတ်တရက် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ ခဏအကြာမှာ သူမအိမ်ကို ပြန်သွားသည့်လမ်းကြောင်းပေါ် ရောက်နေတာကို သတိပြုမိသည်။ သူမ မုန့်ကုဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ဘေးတိုက် မြင်ကွင်းက ချောမောပေမယ့် ဘာအမူအရာမှ မပြပေ။

သူမကို ဘယ်ခေါ်သွားတာလဲ?

အဖြေကတော့... သူမကို အိမ်ပြန်ပို့တာပဲ။

သူက သူမကို တိတ်တိတ်လေး အိမ်ပြန်ပို့နေတာ!

ချန်းရော့ယွီ အံ့အားသင့်သွားတယ်။

သူတို့ ညစာစားဖို့ သွားကြတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် သူ ညစာစားဖို့ သွားတာဖြစ်ပေမယ့် သူမနဲ့မဟုတ်ဘူးလား။ သူ ခုနက ညစာစားမယ်လို့ ပြောတုန်းက သူတစ်ယောက်တည်း စားမယ်လို့ ဆိုလိုတာလား။

ကားက ချန်းရော့ယွီရဲ့ အိမ်အောက်မှာ ရပ်လိုက်ပြီး မုန့်ကုက သူမကို ဘေးတိုက်ကြည့်ကာ သူမဆင်းရန် စောင့်နေသလိုပင်။

ချန်းရော့ယွီ စိတ်ထဲမှာ ဒေါသထွက်လာတယ်။ သူ သူမကို ထပ်ပြီး ကစားနေတာလား။ သူမ မျက်နှာကို တင်းထားပြီးတော့ သူမအိတ်ကို ကောက်ယူပြီး တံခါးကို အားကုန်ဖွင့်လိုက်သည်။

“ဒေါက်တာမုန့် နောက်မှတွေ့မယ်!”

သူမ ဒီလူကို ထပ်တွေ့ရတာထက် နတ်ဆိုးကို တွေ့ရရင်တောင် ပိုကြိုက် လိမ့်မယ်။ ဒီလို ဆုံးဖြတ်ချက်မပြတ်သားတဲ့၊ စိတ်ဆိုးလွယ်တဲ့ လူယုတ်မာ!

ဒုန်း ခနဲ အသံကြီးနဲ့ သူမ ကားတံခါးကို အားကုန်ပိတ်ချလိုက်တယ်။ တံခါးသာ ကျွတ်သွားရင် အကောင်းဆုံးပဲ၊ သူ ပိုက်ဆံကုန်ခံပြီး ပြင်ရပါစေ၊ ကုန်ကျစရိတ်အတွက် ရင်ဘတ်ထဲက နာကျင်ပါစေ။

သူမ ကားရှေ့ဘက်ကနေ ပတ်သွားပြီး အဆောက်အအုံဘက် လျှောက်လာတုန်း မုန့်ကုက သူမကို ခေါ်လိုက်တာ ကြားလိုက်ရသည်။

“ချန်းရော့ယွီ!”

“ဘာလဲ?!”

သူမ ပြင်းပြင်းထန်ထန် လှည့်ကြည့်လိုက်တယ်။

“ဒီကိုလာ!”

“ဘာလို့လဲ?”

သူမ မလှုပ်မယှက် ရပ်နေတယ်။ ဒီလူ သူမ ကားတံခါးကို ဆောင့်ပိတ်လို့ စိတ်ဆိုးနေတာ ဖြစ်ရမယ်။

သူမ သွားဖို့ ငြင်းဆိုလိုက်တော့ သူက ကားထဲက ဆင်းလာသည်။

မုန့်ကုက ချန်းရော့ယွီဆီ လျှောက်လာပြီး သူ့ရဲ့ ချောမောတဲ့ မျက်ခုံးတွေကို သူမဆီ တွန့်ချိုးပြလိုက်သည်။သူမလည်း မျက်မှောင်ကြုတ်ပြီး သူ့ကို ပြန်စိုက်ကြည့်နေလိုက်သည်။

ရုတ်တရက် သူက သူမရဲ့ လက်ကို ဆွဲပြီး ပြင်းပြင်းထန်ထန် ကိုက်ချလိုက်တယ်။

“အား!”

ချန်းရော့ယွီ တုန်လှုပ်သွားပြီး အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရတယ်။

မုန့်ကုက ဘာမှမပြော‌ပေ။ သူ သူမကို ကိုက်ပြီးတာနဲ့ လက်ကို လွှတ်ပေးလိုက်ပြီး လှည့်ထွက်သွား၏။ သူက ကားထဲ ပြန်ဝင်ပြီး မြှားတစ်စင်းလို ပြန်ထွက်သွားတယ်။

ချန်းရော့ယွီ အတော်ကြာမှ ထိတ်လန့်နေရာကနေ ရုန်းထွက်နိုင်ခဲ့တယ်။ သူမလက်က နာနေတုန်းပဲ၊ သူ့သွားရာတွေက လက်ပေါ်မှာ ရှင်းရှင်းလင်းလင်း ထင်ကျန်နေတယ်။

အား!.......!

ချန်းရော့ယွီ တကယ်ကို အော်ချင်စိတ်ပေါက်သွားတယ်။ ဒီလူကြီးက သူမရဲ့ ဘဲခြေထောက်ဟင်းကို ယူသွားပြီး သူမကို ပြန်ကိုက်သေးတယ်! သူ ညစာစားဖို့ သွားမယ်လို့ လိမ်ပြောပြီး အိမ်ကို ပြန်ပစ်ချသွားတာပဲ!

ခဏလေး!

အဲဒီမှတ်စု! ဒါရိုက်တာလျှိုရဲ့ မှတ်စုကို သူမကို ပေးရမှာလေ! သူ မပေးရသေးဘူး!

ချန်းရော့ယွီ အဆောက်အအုံရှေ့က ကားလမ်းကို စိုက်ကြည့်ရင်း မုန့်ကုကို အကြိမ်တစ်သိန်းတစ်သောင်းလောက် ဆဲရေးလိုက်တယ်။

လူယုတ်မာ!

All Chapters