အခန်း ၃၁
Vol. 4 Ch. 31
ဒွိဟချစ်သံယောဇဉ်:
Chapter 31- မုန့်ကု၏ရည်းစားဟောင်း
ချန်းရော့ယွီ သူမမျက်နှာ အနည်းငယ် နီသွားတာကို ခံစားလိုက်ရသည်။ သူ့ရှေ့ကနေ သွားဖို့ ခြေလှမ်းတွေကို မြန်လိုက်ပေမယ့် သူမလက်ကို မုန့်ကုရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတာ တွေ့လိုက်ရ၏။ သူမလက်ကို ပြန်ရုန်းတဲ့အချိန် သူ့ကို ခိုးကြည့်လိုက်သည်။ သူက အရက်နည်းနည်းသောက်ထားတာကြောင့်ဖြစ်နိုင်ပြီး သူ့မျက်နှာပေါ်မှာ ပျင်းရိတဲ့အပြုံးတစ်ခု ရှိနေကာ အနည်းငယ် စိတ်အေးလက်အေး ဖြစ်နေပုံရသည်။
ဒေါသထွက်စွာဖြင့် သူမ ပြောလိုက်၏။
“ရှင် တကယ် လွန်တယ်နော်။ ကျွန်မသာဆိုရင်၊ ကျွန်မသူငယ်ချင်း ကျွန်မအတွက် စိတ်ပူနေတာမြင်ရင် အရမ်းပဲ အပြစ်ရှိသလို ခံစားရမှာ၊ ရှင့်လို ဒီလောက် ဂုဏ်ယူနေမှာ မဟုတ်ဘူး။ ဘာလို့ အဲဒီလောက် ဂုဏ်ယူနေရတာလဲ”
သူမ အရမ်းဒေါသထွက်နေတယ်။ မုန့်ကုကတော့ ဂရုစိုက်ပုံမပေါက်ဘဲ ဟွန့် ဆိုပြီး ပြန်ပြောလိုက်တယ်။
“မင်း ဖုန်းနံပါတ်တွေ ဖျက်ပြီး ဆေးရုံမှာ ပုန်းနေခဲ့တဲ့ အချိန်ကို ပြောတာလား။ အဲဒီတုန်းက ဘယ်သူမှ မင်းကို ရှာမတွေ့တော့ မင်းသူငယ်ချင်းတွေကို စိတ်ပူအောင် လုပ်ခဲ့တုန်းက… မင်း အပြစ်ရှိသလို ခံစားရလား”
သူမ နင်သွားတယ်။ ဒီလူက တကယ့်ကို အရင်က အကြွေးဟောင်းတွေ ပြန်တောင်းတဲ့နေရာမှာ စံထားလောက်ပါပေတယ်။
“ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ကျွန်မ ရှင့်ဆီ ဖုန်းတွေခေါ်ထားတာက ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတယ်။”
“အွန်း”
သူက ခေါင်းညိတ်ပြီး သူမဘေးနားမှာ ပျင်းရိစွာ လျှောက်လာသည်။
“ဒါရိုက်တာလျိုရဲ့ မှတ်စုကို ရှင် ကျွန်မကို ပေးဖို့ မေ့နေတယ်လေ"
မုန့်ကုက အံ့သြသွားပုံရပြီး အဲ့ဒီနောက် ခေါင်းညိတ်လိုက်သည်။
“ဪ… အဲဒါလား။”
“ဟုတ်တယ်၊ အဲဒါပဲ”
ချန်းရော့ယွီ နောက်ဆုံးတော့ ကောင်းမွန်တဲ့ စကားပြောဆိုစရာ ခေါင်းစဉ်တစ်ခုကို တွေ့လိုက်ရပြီ။
“မြန်မြန် ပေး၊ မဟုတ်ရင် ရှင် ထပ်မေ့သွားလိမ့်မယ်။ ကျွန်မ မစ္စတာထန်ကို ပြောထားပြီးသား၊ မှတ်စုကို မထုတ်နိုင်ရင် မကောင်းဘူးလေ။”
ရုတ်တရက် မုန့်ကုက သူ့ခြေလှမ်းတွေကို မြန်လိုက်၏။ ခြေတိုလေး ချန်းရော့ယွီက သူ့နောက်ကို လိုက်ဖို့ ခြေလှမ်းတွေ အမြန်လှမ်းရတော့သည်။
“ဒေါက်တာမုန့် အခုပဲ မှတ်စုကို ပေးတော့။”
“ကားထဲမှာ။ နောက်မှ ပေးမယ်။”
ချန်းရော့ယွီက နှုတ်ခမ်းစူလိုက်တော့ မုန့်ကုက သူမရဲ့ အမူအရာကို မြင်တော့ သူတို့လာခဲ့တဲ့လမ်းအတိုင်း ပြန်လှည့်ဖို့ လုပ်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ… မစားတော့ဘူး။ အခု ပြန်သွားပြီး ငါ ယူပေးမယ်။”
“အိုက်ယား...……”
သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူမတို့ အတော်လေး ဝေးဝေးလျှောက်လာပြီဆိုတာ သတိထားမိတယ်။ သူ့ကို ဗိုက်ဆာခံခိုင်းတာ မကောင်းတာကြောင့် သူမ သူ့ကို အမြန် ပြန်ဆွဲထားလိုက်တယ်။
“နေဦး၊ ရှင် ဘာလို့ ဒီလောက် သဘောထားသေးရတာလဲ။ ကျွန်မတို့ ပြန်မသွားခင် အရင်စားရအောင်။"
“ဒါဆို မင်းကိုယ်မင်း သတိပေးထားပေါ့။”
သူက မေ့သွားရင် ငါ့ကို မပြောနဲ့ ဆိုတဲ့ ပုံစံမျိုးနဲ့ အမူအရာပြလိုက်တော့ သူမ သူ့ကို ထပ်ပြီး လက်သီးနဲ့ ထိုးချင်စိတ်ပေါက်သွားတယ်။
သူတို့တွေ ဈေးဆိုင်ငယ်လေးဆီ ရောက်တဲ့အခါ ဆိုင်ပိတ်ထားတာကို တွေ့လိုက်ရ၏။
ချန်းရော့ယွီ ကြောင်အသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်တယ်။ မုန့်ကုက သူမကို စကားမပြောဘဲ ကြည့်နေလေသည်။
“ဒီနေ့ ပိတ်ထားတာ ကျွန်မ မသိဘူး။ ပုံမှန်ဆိုရင် နေ့တိုင်း ဖွင့်တယ်လေ။”
“ငါ့ကံက အရမ်းကောင်းတာပဲ”
မုန့်ကုက မျက်ခုံးပင့်ပြီး သူ့ဗိုက်ကို ပွတ်လိုက်၏။
“လမ်းထောင့်မှာ McDonald's ရှိတယ်။ ၂၄ နာရီ ဖွင့်တယ်။ကျွန်မတို့ နည်းနည်းပဲ ထပ်သွားရုံပဲ။”
“ငါ ဗိုက်နာနေတယ်။ ခေါက်ဆွဲဟင်းပူပူ စားချင်တယ်။”
“ရှင် ဗိုက်နာနေတာကို အရက်သောက်ချင်သေးတယ်ပေါ့။”
သူမ သူ့ကို ဆူပူပြီး ခံသင့်တယ်လို့ ပြောချင်ပေမဲ့ စဉ်းစားပြီးမှ စကားတွေကို ပြန်မျိုချလိုက်တယ်။
မုန့်ကုက သူမကို ဘယ်လိုမှ အပြစ်ရှိစိတ်မရှိသလို ကြည့်နေ၏။ ချန်းရော့ယွီ ဒီည စိတ်ပူခဲ့ရတာတွေကို ပြန်သတိရပြီး သူ့ကို တကယ်ပဲ ဆက်စိတ်ဆိုးလို့ မရတော့ပေ။ သူမက သူ့အတွက် ခေါက်ဆွဲဟင်းပူပူစားလို့ရမယ့် နေရာကို စိတ်ရင်းမှန်နဲ့ ဆက်စဉ်းစားပေးနေပေမဲ့ အတန်ကြာသည်အထိ ဘယ်နေရာမှ မတွေးမိချေ။
“အခုက အရမ်းနောက်ကျနေပြီ။ ဒီနားတစ်ဝိုက်မှာ ခေါက်ဆွဲဟင်းပူပူ ဘယ်နားရနိုင်လဲ ကျွန်မ တကယ်မသိဘူး။ ဒါမှမဟုတ်ရင် ပြန်သွားပြီး ကျွန်မ ခေါက်ဆွဲပြုတ်ပေးမယ်လေ။ စီးစီးကိုတော့ အရင်ပြောရမှာပေါ့။ ရှင် အဆင်ပြေလား”
“ဟင့်အင်း။ ညဘက်ကြီး သူ(မ)အိမ်ကို ငါသွားရင် သူ(မ) ဘယ်လိုထင်မလဲ။ သူ(မ)က ညအိပ်ဝတ်စုံပါးပါးလေးဝတ်ပြီး ငါ့ရှေ့မှာ လျှောက်သွားနေရင် ဘယ်လိုလုပ်မလဲ။ ငါက ခေါက်ဆွဲကို မျိုချရမှာလား၊ ဒါမှမဟုတ် အန်ချရမှာလား။ ငါ မသွားချင်ပါဘူး!”
ဒီလူရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ မနှစ်မြို့ဖွယ် စကားလုံးတွေက ချန်းရော့ယွီကို ဘာလုပ်ရမှန်းမသိအောင် ဖြစ်စေတယ်။ စီးစီးက အိမ်မှာ ညအိပ်ဝတ်စုံပါးပါးလေးတွေ ဝတ်ရတာ ကြိုက်ပေမယ့် မသင့်လျော်တဲ့ အပြုအမူတွေတော့ မလုပ်ပါဘူး၊ ပြီးတော့...
ကောင်းပြီ၊ ချန်းရော့ယွီ စိတ်ထဲမှာ မုန့်ကုနဲ့ လျန်စီးစီးတို့က ညအိပ်ဝတ်စုံပါးပါးလေးနဲ့ စကားပြောရင်း ခေါက်ဆွဲစားနေတာကို မြင်ယောင်နေမိတယ်။ သူမကတော့ သူတို့ဘေးမှာ ရှက်ရွံ့တဲ့ မျက်နှာထားနဲ့ ရပ်နေတာပေါ့..........
ကောင်းပြီ၊ ကောင်းပြီ... သူ့သဘောပဲ။
“ဒါဆို ရှင် အိမ်ပြန်ပြီး ကိုယ့်ဘာသာ ခေါက်ဆွဲချက်စားတော့။”
ချန်းရော့ယွီ စကားမဆုံးခင်မှာပဲ တက္ကစီတစ်စီး ဖြတ်သွားတော့ မုန့်ကုက လက်မြှောက်ပြီး တက္ကစီကို တားလိုက်သည်။သူက သူမလက်ကို ဆွဲပြီး
“ငါ ခေါက်ဆွဲရနိုင်တဲ့နေရာ သိတယ်။ လာ၊ မင်းကို ခေါ်သွားမယ်”
သူက ဘာစကားမှ ထပ်မပြောဘဲ သူမကို တက္ကစီထဲ ထိုးထည့်လိုက်ပြီး သူတို့ ထွက်ခွာသွားကြတော့သည်။
သူမ ပြန်ပေးဆွဲခံရတယ်ဆိုတာ သတိထားမိဖို့ အချိန်အတော်ကြာသွားတယ်။
သူက ချန်းရော့ယွီကို ဂျပန်စတိုင် စားသောက်ဆိုင်ငယ်လေးဆီ ခေါ်သွားသည်။ ဆိုင်က ရာမင်ခေါက်ဆွဲနဲ့ ပုံစံမျိုးစုံ ဟင်းလျာတွေ ကောင်းတယ်ဟု သူက ပြော၏။ ဒါပေမဲ့ သူက အဲဒါတွေပဲ မှာတာ မဟုတ်ဘဲ ဆူရှီနဲ့ ဆာကေးပါ မှာလိုက်သည်။
“ရှင် အရက် ထပ်သောက်ဦးမလို့လား?!”
သူမက အသံတိုးတိုးနဲ့ ဆူလိုက်သည်။
“ဆာကေးက အရက် မဟုတ်ဘူး။”
(ဆာကေးဆိုတာ စိမ်ထားတဲ့ဆန်ကနေလုပ်တဲ့ အရက်တစ်မျိုးဖြစ်ပြီး ဆာကေးအမျိုးအစားအလိုက် အရက်ဒီဂရီတွေ ကွာခြားပါတယ်။ ဒီအခြေအနေက ပုံမှန်အားဖြင့် အရက်ဆက်သောက်မယ်လို့ အတင်းအကြပ်ပြောနေတဲ့ မူးနေသူတစ်ယောက်နဲ့ စကားပြောတဲ့အခါ ဖြစ်တတ်ပါတယ်။)
“အရက်ဆိုတဲ့ စကားလုံး ပါနေသရွေ့... အရက်ပဲ။”
“Long Island Iced Tea မှာ tea ဆိုတဲ့ စကားလုံး ပါပေမဲ့... လက်ဖက်ရည် မဟုတ်ဘူး။”
“Long Island Iced Tea ကို ဖယ်ထားလိုက်စမ်းပါ။ အခု ကျွန်မတို့ ဆာကေးအကြောင်း ပြောနေတာ! အဲ့ဒါ အရက်ပဲ!”
ချန်းရော့ယွီက ဒေါသတကြီး ပြောလိုက်၏။
“ဟုတ်ပြီ၊ အရက်ပဲ။”
မုန့်ကုက ကုလားထိုင်ကို မှီပြီး ပြောလိုက်တယ်။
“ဒါပေမဲ့၊ ငါ သောက်ချင်နေတုန်းပဲ....”
ချန်းရော့ယွီက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတော့ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်တယ်။
“နောက်ပြီးကျရင် အိမ်ကို ကားနဲ့မပြန်နဲ့တော့။ တက္ကစီပဲ စီးပြန်”
သူက ခေါင်းစောင်းပြီး သူမကို ကြည့်ကာ
“ကောင်းပြီ”
“ကျွန်မကို ကားသော့ပေး”
သူမ သူ့ဆီ လက်ကမ်းလိုက်တယ်။ ဒါက သူမ အိမ်ပြန်ပြီးတဲ့နောက် သူ ခိုးပြီး ကားမမောင်းသွားအောင် တားဆီးဖို့ပဲ။
ဒီတစ်ကြိမ်မှာတော့ မုန့်ကုသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက ကားသော့ကို ထုတ်ပြီး သူမလက်ဖဝါးထဲ ထည့်ပေးလိုက်သည်။
သူမက နှုတ်ခမ်းကိုမဲ့ကာ ကားသော့ကို သိမ်းလိုက်၏။ ပြီးနောက် လက်ကို ထပ်ကမ်းလိုက်၏။
“ကျွန်မ အိမ်ပြန်ဖို့ တက္ကစီခ ပေးဦး၊ မဟုတ်ရင် နောက်ပြီးကျ ရှင် ထွက်ပြေးသွားရင် ကျွန်မ ပြန်စရာ ပိုက်ဆံမရှိဘူး”
မုန့်ကုသည် ထပ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဒီတစ်ခါတော့ သူက ပိုက်ဆံအိတ်ကို ရိုးရိုးလေး ထုတ်ပြီး သူမလက်ထဲ ထည့်ပေးလိုက်သည်။
သူမက ပိုက်ဆံအိတ်ကိုယူ၍ ပိုက်ဆံတစ်ရွက်ထုတ်ယူကာ သူ့ကိုပြန်ပေးလိုက်သည်။
"ကျွန်မ ရှင့်ကို ဒါအကြွေးမတင်ဘူးနော်။ကျွန်မကို ဒီနေရာခေါ်လာတာရှင်ဆိုတော့ ကျွန်မကို ပြန်ပို့ပေးဖို့အတွက် ရှင့်မှာတာဝန်ရှိတယ်။ရှင် ကျွန်မရဲ့တက္ကစီခကို ပေးရမှာပဲ"
"အမ်း.....ဟုတ်ပါတယ်"
မုန့်ကုက ပြုံးနေပြီးတော့ မငြင်းပယ်ချေ။
သူ ပြန်ဖြေလာတဲ့အခါ ချန်းရော့ယွီရှက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒီလိုဖြစ်သင့်တာပဲကို"
"ငါကလည်း မဟုတ်ဘူးလို့ မပြောပါဘူး"
ချန်းရော့ယွီ သူ့ကို စိုက်ကြည့်လိုက်ပြီး ဒီနေ့ သူ့နဲ့ပတ်သက်ပြီးစိုးရိမ်မိတာကို အမှန်တကယ် နောင်တရမိတယ်။
သူမမှာ ဘာမှပြောစရာမရှိတော့တာကို မြင်တဲ့အခါ မုန့်ကု ပြုံးလိုက်ပြီး ရုတ်တရက် တိတ်ဆိတ်သွား၏။
၎င်းဟာ နေရခက်တဲ့အခြေအနေကို ရောက်ရှိတော့မယ့်အချိန်မှာပဲ ဆာကေးက ရောက်ရှိလာသည်။
မုန့်ကုသည် နှစ်ခွက်လောင်းထည့်လိုက်ပြီး တစ်ခွက်ကို သူမဆီ တွန်းပေးလိုက်သည်။
သူမ ပြောလိုက်တယ်။
“ရှင် ဗိုက်နာနေတုန်းပဲဆိုရင် ဗိုက်ထဲ ဘာမှမရှိဘဲ မသောက်နဲ့လေ။ ခေါက်ဆွဲလာမှ စားပြီးမှ သောက်လေ"
“ချန်းရော့ယွီ၊ မင်းမှာ မောင်နှမ ရှိလား”
သူမ အံ့သြသွားတယ်။
“ရှင် ဘယ်လိုလုပ် သိတာလဲ”
“မင်းက အရမ်း ထိန်းချုပ်တယ်လေ။”
သူမ မျက်နှာနီရဲသွားပြီး ဘာမှ ထပ်မပြောတော့ပေ။ မုန့်ကုက အရမ်း နာခံပြီး ဆာကေးခွက်ကို မထိချေ။
သူက ဆာကေးမသောက်ဘဲ ထိုင်ပြီးတော့ သူမကို ကြည့်နေသည်။ ချန်းရော့ယွီရဲ့ မျက်နှာက ပိုနီလာသလို ခံစားရပြီး သူမ သူ့ကို မသောက်ခိုင်းတာကို နောင်တရနေမိသည်။
ဘာဖြစ်နေတာလဲ။ ဘာလို့ ဝန်ဆောင်မှုက ဒီလောက် နှေးနေရတာလဲ?
အခြေအနေကို ရှောင်ရှားဖို့အတွက် သူမ အိမ်သာသွားဖို့ ဆင်ခြေပေးရန် စဉ်းစားနေတုန်းမှာပဲ မုန့်ကုက စကားစလိုက်၏။
“ချန်းရော့ယွီ၊ မင်းရဲ့ ရည်းစားဟောင်းက မင်းကို ထားသွားပြီးတဲ့နောက်ပိုင်း မင်း သူ့ကို မုန်းလား။”
သူမ အကြာကြီး စဉ်းစားလိုက်တယ်။
“မမုန်းဘူးလို့ ထင်တယ်။ အဲ့ဒါက အရေးမကြီးတော့လေ။ သူ့ကို မုန်းဖို့ ဘာလို့ အားထုတ်နေရမှာလဲ။”
“သူ မင်းဆီ ပြန်လာရှာရင် ဘာလုပ်မလဲ”
“ကျွန်မ မစဉ်းစားရသေးဘူး။”
“အခု ဘာလို့ မစဉ်းစားတာလဲ။”
သူမ ခဏစဉ်းစားပြီး ဖြေလိုက်၏။
“ကျွန်မ မသိဘူး။ မဖြစ်သေးတာကို မစဉ်းစားနိုင်ဘူး။”
“အဲဒီအချိန်တုန်းက သူ့ရဲ့ ဘယ်အချက်ကို မင်းကြိုက်ခဲ့တာလဲ”
“တကယ်တော့ သူက အရမ်းကောင်းတယ်။ လူတိုင်းအပေါ် ယဉ်ကျေးတယ်။ သူ့အလုပ်မှာလည်း သမာသမတ်ကျတယ်။ အရမ်းလည်း စိတ်ရှည်တယ်။”
“မင်းက ဒီလိုလူမျိုးကို ကြိုက်တာလား။”
“မကြိုက်ဘူးဆိုရင် သူ့နဲ့ ဘာလို့ အတူနေမှာလဲ။ အဲဒီတုန်းက ကျွန်မ သူ့ကို လက်ထပ်ဖို့တောင် ဆုံးဖြတ်ခဲ့တာ။”
“သူ မင်းကို မလိုချင်တော့တဲ့အချိန်တုန်းက မင်း သူ့ကို ဆဲဆိုခဲ့သေးလား။”
“မလုပ်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်မ တကယ်ကို အရမ်းဝမ်းနည်းခဲ့တယ်။ ဒါ့အပြင် တခြားကိစ္စတစ်ခုလည်း ဖြစ်ခဲ့သေးတယ်လေ။ နောက်မှ ကျွန်မ မဝမ်းနည်းတော့တဲ့အချိန်ကျ သူ့ကို လုံးဝစိတ်မဝင်စားတော့ဘူး။ ပြီးတော့ ကျွန်မ ထွက်လာပြီး ဒီကို ရောက်လာခဲ့တာပဲ"
ခေါက်ဆွဲ ရောက်လာပြီး ဆူရှီနဲ့ အရံဟင်းလျာတွေလည်း ရောက်လာသည်။ သူမက သူ့ကို မြန်မြန်စားဖို့ တိုက်တွန်းလိုက်တော့ မုန့်ကုက သူမကိုလည်း ဆူရှီနဲ့ အရံဟင်းလျာတွေ စားနိုင်အောင် တူတစ်စုံ ကမ်းပေးလိုက်သည်။
အဲဒီဟင်းတွေက သူမအတွက် မှာထားတာဆိုတာ မမျှော်လင့်ထားဘဲ သူမ နည်းနည်းပျော်သွားတယ်။ ဒီလိုတွေးလိုက်တော့ ဒါက သူမရဲ့ညစာအတွက် လျော်ကြေးပေးလိုက်တာလို့ သတ်မှတ်လို့ရပါတယ်လေ။
“မင်းက တစ်ခုခုစားစရာရှိရုံနဲ့ ပျော်နေတာလား”
မုန့်ကုက သူမရဲ့ ပျော်ရွှင်တဲ့အမူအရာကို ကြည့်လိုက်၏။
“မင်း ညက ဘာစားခဲ့လဲ”
“ကျွန်မ ကိုယ့်ဘာသာ ခေါက်ဆွဲတစ်ပန်းကန် ချက်စားပြီးတော့ ရှင့်ကို အိမ်ရှေ့မှာ နှစ်မိနစ်လောက် ကြိမ်းမောင်းနေခဲ့တယ်"
မုန့်ကုက ရယ်မောလိုက်ပြီး သူ့ခေါက်ဆွဲ နင်လုနီးပါး ဖြစ်သွားသည်။
“မင်းက ငါ့ကို ဘာလို့ ကြိမ်းမောင်းတာလဲ”
“မပြောဘူး”
သူမက ဆူရှီနှစ်ဖဲ့ကို မျိုချလိုက်ပြီး စိတ်ထဲမှာ ပျော်နေတယ်။ ဆာကေးကို ရှူကြည့်လိုက်တော့ ၎င်းက မွှေးရနံ့ သင်းသင်းလေးရတယ်။ မဆိုးဘူး… ပြီးတော့ သူမ ဆာကေးကို တစ်ခွက်လုံး သောက်ချလိုက်၏။
မုန့်ကုက တကယ်ကို ဗိုက်ဆာနေတာဖြစ်ရမယ်။သူက ခဏလေးအတွင်းမှာပဲ ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင်စားပြီး ကျန်တဲ့ဟင်းတွေနဲ့ ဆာကေးကို စသောက်တော့သည်။
“ရှင်ရော ဘယ်လိုလဲ။ ရှင့် ရည်းစားဟောင်း ပြန်လာရှာရင် ဘာပြောမှာလဲ”
“ပြောစရာတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် နောက်ဆုံးတော့ ဘာမှ မပြောခဲ့ဘူး။”
ချန်းရော့ယွီ အံ့သြသွားတယ်။ သူ ဘာကို ဆိုလိုတာလဲ။ သူ ရင်းဇယ်နဲ့ ချိန်းထားတာကို မလာတာ၊ပြီးတော့ သူ့ဖုန်းကိုမေ့နေခဲ့တာတွေအားလုံးက သူ့ရည်းစားဟောင်းနဲ့ တွေ့နေခဲ့လို့ပေါ့လေ။
ချန်းရော့ယွီ ဆာကေးတစ်ငုံသောက်ပြီး စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။
“သူ(မ)က ရှင်နဲ့ ပြန်တွဲချင်တာလား”
“သူ(မ)မှာ ဒီလိုရည်ရွယ်ချက် ရှိခဲ့ပေမယ့် တိုက်ရိုက်တော့ မပြောခဲ့ဘူး။ ငါနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့ပဲ ပြောခဲ့တာ။”
မုန့်ကုက သူ ဒီည ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာ သူမ ခန့်မှန်းမိသွားပြီဆိုတာ သိပြီး သူမကလည်း ဒီအကြောင်းအရာကို ရှောင်လွှဲခြင်းမရှိချေ။
“ဒါဆို ရှင် သူ့ကို ဘာပြောလိုက်လဲ”
ချန်းရော့ယွီ နားတွေ ထောင်မတ်နေပြီ။
မုန့်ကုက ရုတ်တရက် ပြုံးလိုက်၏။
“မင်းကို မပြောဘူး။”
“ချီး!”
ချန်းရော့ယွီ သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်တယ်။
(ချယ် - ရွံရှာခြင်း၊ စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်းကို ဖော်ပြသည့် အာမေဍိတ်စကားလုံး။)
ဒါပေမဲ့ သူမ တကယ်ကို သိချင်နေတယ်လေ။သူမ မေးလိုက်ရတာကို မထိန်းချုပ်နိုင်ဘူး။
“ဘာလို့ သူ(မ)က ရှင်နဲ့ အရင်ဆုံး လမ်းခွဲခဲ့တာလဲ”
သူက 'မပြောဘူး' လို့ ဖြေလိမ့်မယ်လို့ သူမ ထင်ခဲ့ပေမဲ့ သူက ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ဖြေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
“သူ(မ)ရဲ့ မိသားစု အခြေအနေက ငါ့မိသားစုနဲ့ မတူဘူး။ သူ(မ)က အကာအကွယ် မရှိဘူးလို့ ခံစားခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါတို့ ဆေးကျောင်းတူတူ တက်ခဲ့ကြတာ။ သူ(မ)မှာက ကျောင်းစရိတ်ကြွေးတွေ ရှိနေပြီး အလုပ်နှစ်ခု လုပ်နေခဲ့ရတယ်။သူ(မ)က ကျောင်းပိတ်ရက်တွေမှာ ခရီးစရိတ်ချွေတာဖို့ အိမ်ကို တစ်ခါမှ မပြန်ဘဲ ပိုက်ဆံစုဖို့ အလုပ်လုပ်ခဲ့တယ်။ အဲ့လိုနဲ့ သူ(မ)က ပညာသင်ကြားမှုကို အဆင်ပြေပြေ ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။ ငါ သူ(မ)ကို အရမ်းချစ်ခဲ့တယ်။ သူ(မ)က ငါ တွေ့ဖူးသမျှထဲမှာ အသန်မာဆုံးနဲ့ အလှဆုံး မိန်းကလေးပဲ။ ငါ သူ(မ)ကို ပိုက်ဆံပေးရင် သူ(မ) မယူဘူး။ အစားအစာအတွက် ပိုက်ဆံချွေတာဖို့ နေ့တိုင်း ငါနဲ့ ထမင်းစားဖို့ပဲ သဘောတူခဲ့တာ။ သူ(မ)က အရမ်းကြိုးစားတယ်။ နှစ်တိုင်း ပညာသင်ဆုတွေအတွက် ကြိုးစားခဲ့တယ်။ ငါ့ရဲ့ ငွေကြေးအကူအညီ ကမ်းလှမ်းမှုတွေ အားလုံးကို သူ ငြင်းပယ်ခဲ့တယ်။ ငါနဲ့ တွဲတာက ငါ့ရဲ့ ငွေကြေးအခြေအနေ ကောင်းမွန်လို့ မဟုတ်ဘူးလို့ သူ(မ)က ပြောခဲ့တယ်။”
ချန်းရော့ယွီ သူ့စကားကို အလေးအနက် နားထောင်နေခဲ့သည်။ မုန့်ကုက သူ့ရဲ့ ရုပ်ရည်ကြောင့် သက်သက် နောက်ကလိုက်တဲ့ မိန်းကလေးတွေအပေါ် အရမ်းစိုးရိမ်ကြောင်း သူမ သတိရမိတယ်။ ဒီကိစ္စကြောင့် သူ လွှမ်းမိုးခံရတာများလား?
“သူ(မ)က နောက်ပိုင်း ငါ့ကို လမ်းခွဲခဲ့တာ သူ(မ)သဘောထား ဖြောင့်မတ်တယ်ဆိုပြီး သက်သေပြချင်လို့ ထင်တယ်။ သူ(မ)က ငါတို့ မိသားစုနှစ်ခုကြားက ကွာဟမှုက အရမ်းကြီးတယ်၊ သူ(မ)မိသားစု ဝန်ထုပ်ဝန်ပိုးကလည်း အရမ်းလေးတယ်လို့ ပြောခဲ့တယ်။ ငါတို့ အတူတူနေရင်တောင် ဆက်ဆံရေးက ကြာရှည်ခံမှာ မဟုတ်ဘူးလို့ သူ(မ)က ထင်ခဲ့တယ်။ အဲဒီတုန်းက ငါတို့အကြောင်း ကောလာဟလတွေ အများကြီး ထွက်ခဲ့တာ။ သူ(မ)ငါနဲ့ တွဲတာ ငါ့မိသားစုရဲ့ ကောင်းမွန်တဲ့ လူမှုအဆင့်အတန်းကြောင့်လို့ ပြောကြတယ်လေ။ သူ(မ)က ဒီကိစ္စကို အရမ်းစိုးရိမ်ခဲ့ပြီးတော့ ငါက သူ(မ)ရဲ့ စိုးရိမ်မှုကို မပျော်ခဲ့ဘူး၊ ဒါကြောင့် ငါတို့ ခဏခဏ ရန်ဖြစ်ခဲ့ကြတယ်”
ဒီလူနှစ်ယောက်က စိတ်ဓာတ်ပြင်းထန်ကြပုံရတယ်။ ချန်းရော့ယွီ စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ တကယ်တော့ လူမှုအဆင့်အတန်း တူညီတဲ့ မိသားစုချင်း သင့်တော်တယ်ဆိုတဲ့ စကားမှာ အမှန်တရားတွေ ရှိတယ်။ ချစ်လေလေ၊ နိမ့်ကျတယ်လို့ ခံစားရလေလေ ဖြစ်တာများလား။ တီဗွီဒရာမာတွေမှာလည်း အဲဒီလိုပဲ ပုံဖော်ထားတာပဲ။ ဘယ်သူက ဘယ်သူနဲ့ ထိုက်တန်လဲ၊ ဘယ်သူက ဘယ်သူနဲ့ လိုက်ဖက်လဲ၊ ပြီးတော့ ကန့်ကွက်တဲ့ မိဘတွေရော.....
“ဒေါက်တာမုန့် ရှင့်မိသားစုက ချက်လက်မှတ် ထုတ်ပြီး သူ(မ)ကို 'ငါ့သားကို ဘယ်လောက်ပေးရင် ထားသွားမလဲ' လို့ မေးခဲ့လား”
သူမက တီဗွီဖန်သားပြင်က သရုပ်ဆောင်တွေလို ဟန်ပန်လုပ်ပြီး စိတ်ကူးနဲ့ ချက်လက်မှတ်တစ်ခုကို ရှေ့တွန်းပေးလိုက်သည်။
“မင်း တီဗီတွေ အရမ်းအကြည့်များနေပြီ။”
“ဖြစ်နိုင်ခြေ ရှိတယ်။ ဝတ္ထုတွေထဲမှာလည်း ဒီလိုဖြစ်တတ်တယ်လို့ ရေးထားတာပဲ။ ရှင် သူ(မ)ဆီက မသိရဘူးလား။ သူများ ပြဿနာရှိနေတာလား။”
“ငါ့မိဘတွေမှာ ချက်လက်မှတ်တွေ ထုတ်ပေးဖို့ အချိန်အလဟဿ သိပ်မရှိဘူး။ ဒီလိုမျိုး လက်တွေ့ကျကျ တစ်စုံတစ်ယောက်ကို ထိခိုက်စေတဲ့ ပြဿနာက ပြဿနာလို့ မယူဆဘူး။ သနားစရာလည်း မလိုဘူး။”
ချန်းရော့ယွီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို သဘောမတူဘူးလို့ ခံစားလိုက်ရတယ်။
“အဲဒီနှစ်က သူ(မ)က ငါ့ဘေးမှာ ရပ်တည်ဖို့ အရည်အချင်းပြည့်မီလာတဲ့အချိန်မှ ငါတို့ တကယ် အတူတူနေနိုင်မယ်လို့ ပြောခဲ့တယ်။”
မုန့်ကုက ပြတင်းပေါက်ကို ကြည့်ရင်း အတွေးများစွာနဲ့ နစ်မြောနေပုံပေါက်သည််။
“ငါက ပြဿနာကို သေချာဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ(မ)က ငါတို့ရဲ့ ခံစားချက်တွေထက် သူ(မ)ရဲ့ မာနကို ပိုဦးစားပေးခဲ့တယ်။ ငါ့ခံစားချက်တွေကို မြေကြီးထဲ နင်းချေခဲ့ပြီး သူ(မ)ပြောတဲ့ပုံစံက အရမ်းကို မကျေနပ်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ နောက်ပိုင်း ဘွဲ့ရတော့ သူ(မ)က သူ့ဇာတိမြို့က ဆေးရုံမှာ ဆရာဝန်အဖြစ် ပြန်သွားပြီး ငါကတော့ ဒီမှာပဲ နေခဲ့တယ်။အဲ့လိုနဲ့ ငါတို့ လမ်းခွဲခဲ့ကြတာပဲ…”
မုန့်ကုသည် သူ့ကိုယ်သူ တစ်ခွက်ထပ်လောင်းပြီး တစ်ဂွတ်တည်း မော့ချလိုက်၏။
“ချန်းရော့ယွီ၊ အဲဒီအချိန်တုန်းက ငါ တစ်ခုခုကို သဘောပေါက်ခဲ့တယ်။”
“ဘာလဲ။”
“ငိုတဲ့သူက ပိုသနားစရာကောင်းတဲ့သူ မဟုတ်ဘူး။”
သူ့ကိုယ်သူ ဆာကေးတစ်ခွက် ထပ်လောင်းလိုက်တော့ ချန်းရော့ယွီလည်း သူ့နဲ့အတူ သောက်ဖို့ သူမခွက်ကို မြှောက်လိုက်သည်။
“ဒီနေ့ ငါ ရင်းဇယ်ဆီ ကားမောင်းသွားဖို့ လုပ်ခဲ့တာ။ မင်း ဖုန်းခေါ်တုန်းက ငါ လမ်းထောင့်ကို ကွေ့နေတာမလို့ မကိုင်လိုက်ဘူး။ လမ်းထောင့်ကို ကျော်ပြီးတော့ ကားကို ဘေးမှာ ရပ်ပြီး မင်းကို ပြန်ခေါ်မလို့ လုပ်တုန်း လမ်းဘေးမှာ သူ(မ)ကို တွေ့လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ သူ(မ)ကလည်း ငါ့ကို မြင်သွားပြီး ကားမှန်ကို လာခေါက်တယ်။”
မုန့်ကုက ခဏရပ်လိုက်၏။
“သူ(မ)က မပြောင်းလဲဘူး၊ အခုထိ လှတုန်းပဲ။”
“ပြီးတော့ ရှင် သွားသောက်ခဲ့တာလား။”
“မှန်တယ်။”
မုန့်ကုက ခေါင်းညိတ်လိုက်၏။
“သူ(မ) ကားထဲဝင်လာပြီး ဘားတစ်ခုကို လမ်းညွှန်တယ်လေ။ ဒီလောက်ကြာမှ ပြန်ဆုံတာကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်ရအောင်လို့ ပြောတယ်။”
“ဒါဆို ရှင် သွားခဲ့တာလား။”
ချန်းရော့ယွီရဲ့ အသံက စည်းကမ်းမရှိတဲ့သူကို ရွံရှာသလို အသံမျိုး ထွက်နေသည်။
မုန့်ကုက ပြုံးလိုက်၏။
“ဘာလို့ မသွားရမှာလဲ။ သူ(မ) ဘာပြောချင်လဲဆိုတာ ငါ နားထောင်ချင်တယ်လေ"
“ဒါဆို သူ(မ)က ဘာပြောခဲ့လဲ။”
“သူ(မ)အဖေ ဆုံးသွားပြီးတော့ မိသားစုရဲ့ ဆေးကုသစရိတ်အားလုံးကိုလည်း ရှင်းပြီးပြီလို့ ပြောတယ်။သူ(မ)က မာစတာဘွဲ့လည်း ပြီးသွားပြီး အခု A-မြို့မှာ အလုပ်လုပ်နေတယ်တဲ့။ သူ(မ)အမေကိုလည်း ခေါ်ထားတယ်လို့ ပြောတယ်။ သူ(မ) ပြောင်းလဲသွားပြီဖြစ်ပြီး အခု ငါ့ဘေးမှာ ရပ်တည်ဖို့ အရည်အချင်းပြည့်မီပြီလို့ ပြောခဲ့တယ်”
ဒါကတော့ သိသာထင်ရှားတဲ့ အရိပ်အမြွက်တစ်ခုပင်။
ချန်းရော့ယွီ အရမ်းစိတ်မသက်မသာ ဖြစ်သွား၏။
“ဒါဆို ရှင် သူ(မ)ကို ဘာပြောလိုက်လဲ”
“ငါ သူ(မ)ကို ပြောလိုက်တာက… မင်း ပြောင်းလဲသွားပြီဆိုပေမဲ့ ငါလည်း ပြောင်းလဲသွားပြီလို့ မင်းမထင်ဘူးလား။ မင်း ငါနဲ့ ပုခုံးချင်းယှဉ်ဖို့ ပြန်လာပေမဲ့ ငါကတော့ အများကြီး ရှေ့ကို ရောက်နေပြီလို့ ထင်တယ်လို့ ပြောခဲ့လိုက်တယ်"
“သူ(မ)က ဘာပြောလဲ”
“သူ(မ) ဘာမှ မပြောဘူး။ မျက်ရည်တွေဝဲပြီး အရမ်းသနားစရာကောင်းတဲ့ ပုံစံနဲ့ပဲ ငါ့ကို ကြည့်နေခဲ့တာပဲ”
“ယောက်ျားတွေက တကယ်စိတ်ပျက်စရာပဲ။ လှတဲ့မိန်းမတွေ မျက်ရည်ကျတာ မြင်ရင် သနားစရာကောင်းတယ်လို့ ခံစားကြတယ်”
သူမ နှုတ်ခမ်းကို မဲ့လိုက်တယ်။
သူ ပြန်ဖြေဖို့ပြင်နေတုန်း ရုတ်တရက် ချန်းရော့ယွီက အသံကျယ်ကျယ်နဲ့ ပြောလိုက်၏။
“ခဏလေး၊ ခဏလေး!”
“ဘာလဲ”
“သူမက ရှင် ကားမောင်းနေတာကို သိသိနဲ့၊ ရှင်နဲ့ ပြန်ပေါင်းချင်လို့ ရှင့်ကို အရက်သောက်ခိုင်းတယ်ပေါ့လေ။ဒါ အရက်မူးပြီး ကားမောင်းမှုနဲ့ အရေးယူခံရအောင် လုပ်တာ! သူက ရှင့်ကို သေစေချင်တာလား၊ ဒါမှမဟုတ် ထောင်ကျစေချင်တာလား”
ချန်းရော့ယွီ အရမ်းဒေါသထွက်သွားတယ်။
မုန့်ကုက ခဏလောက်ကြောင်သွားပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ချန်းရော့ယွီ၊ အရေးကြီးတဲ့အချက်ကို ကြည့်ဦး!”
“ဒါက အရမ်းအရေးကြီးတဲ့အချက်ပဲ! အရေးကြီးတဲ့အချက်တွေထဲမှာ အရေးအကြီးဆုံးအချက်ပဲ!”
#######################