← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

ဒွိဟချစ်သံယောဇဉ်:

Chapter 32- ရင်ဖွင့်စကား

မုန့်ကုက ချန်းရော့ယွီကို အကြာကြီး စိုက်ကြည့်နေသည်။

သူမက သူမဘာသာ တစ်ခွက်လောင်းထည့်ပြီး တစ်ကျိုက်တည်း မော့ချလိုက်၏။ သူမက ပြောလိုက်တယ်။

“ဒါဆို ရှင့်အတွက် အရေးကြီးတဲ့အချက်က ဘာလို့ ထင်လဲ”

“အရေးကြီးတဲ့အချက်က ငါ့ရဲ့ အချစ်ဦး ပြန်ရောက်လာပြီး ငါနဲ့ ပြန်ပေါင်းချင်တယ်လို့ အရိပ်အမြွက် ပြောနေတာပဲ"

မုန့်ကုက သူ့ရဲ့ ဝိုင်ခွက်သေးသေးလေးကို လှုပ်ယမ်းနေပြီး ဘာစဉ်းစားရမှန်း မသိတော့ပေ။

“ဪ... ဟုတ်တယ်၊ ဒါဆို ရှင်နဲ့ ဘလိုင်းဒိတ်တွေ့ခဲ့တဲ့အမျိုးသမီးမှာ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူးပေါ့”

“ချန်းရော့ယွီ၊ မင်း စကားလမ်းကြောင်း ပြောင်းနေပြန်ပြီလား”

“ကျွန်မ ဘယ်တုန်းက စကားလမ်းကြောင်း ပြောင်းလို့လဲ။ ဒါက အဓိကအကြောင်းအရာရဲ့ အရေးကြီးတဲ့ အချက်ပဲလေ။ ရှင်က ရှင့်ရဲ့ အချစ်ဦးကို မမေ့နိုင်သေးဘူး ပြီးတော့ ဘလိုင်းဒိတ်တွေ့ရာကနေလည်း အချစ်သစ်တစ်ခုကို ရချင်နေတာလား”

ချန်းရော့ယွီရဲ့ အသံက နည်းနည်း မြင့်လာပြီး သူ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

“ငါ့ အချစ်ဦးကို မမေ့နိုင်ဘူးလို့ မပြောပါဘူး”

“ဒါဆို ရှင်ဆိုလိုတာက ဘလိုင်းဒိတ်ကရတဲ့ ရှင့်ရဲ့ အချစ်သစ်က အနိုင်ရတဲ့သူလား”

“ငါက ဘလိုင်းဒိတ်က ရတဲ့သူကို စိတ်ဝင်စားတယ်လို့ မပြောပါဘူး”

“ကျစ်! ရှင်က တကယ့်ကို စိတ်ကျေနပ်စေဖို့ခက်တဲ့သူပဲ”

“မင်းကမှ တစ်နေကုန် အတွေးတွေ ရှုပ်နေပြီး စိတ်ကျေနပ်ဖို့ခက်တဲ့သူပဲ”

မုန့်ကုက ဆူရှီတစ်ဖဲ့ကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး မျိုချပြီးတဲ့နောက် သူမကို မေးလိုက်သည်။

“ချန်းရော့ယွီ၊ အဲဒီအချိန်တုန်းက မင်း ဘာလို့ ငါ့ကို လိုက်ခဲ့တာလဲ”

“ရှင်က ချောတော့ ကျွန်မက ရှင့်ရဲ့ ဆွဲဆောင်မှုတွေနဲ့ ဆွဲဆောင်ခံခဲ့ရတာလေ"

သူမက ဆူရှီတစ်ဖဲ့ကို ယူလိုက်ပြီး သူ့ကို ဒီလောက် အေးဆေး တည်ငြိမ်စွာနဲ့ စကားပြောနိုင်တာကို ပျော်နေမိတယ်။ ကြည့်လေ သူမလည်း သူမဘဝမှာ ယုံကြည်မှုရှိရှိနဲ့ ပေါ့ပေါ့ပါးပါး နေနိုင်တာပဲ။

“ငါက မင်းရဲ့ ရည်းစားဟောင်းထက် ပိုချောလား”

"အင်း၊ ဒေါက်တာမုန့်က သူ့ထက် နည်းနည်း ပိုအရပ်ရှည်တယ်၊ သူ့ထက် အရည်အချင်းပိုကောင်းတယ်၊ ပြီးတော့ ရှင်က သူ့ထက် ပိုဝင်ငွေကောင်းမယ်လို့လည်း ကျွန်မ ယုံတယ်‌လေ။ ခြုံပြောရရင်တော့ ဒေါက်တာမုန့်က သေချာပေါက် ပိုသာမှာပေါ့"

သူမက စကားလုံးတွေကို ရိုးရိုးလေး ပြောလိုက်တာက နည်းနည်းတော့ မြှောက်ပင့်သလို ဖြစ်နေပေမဲ့ မုန့်ကုကတော့ သူ့နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်တုန်းပင်။

“ဒီတစ်ခါတော့ မင်းက အကြောင်းအရာကို ပိုပြီး အာရုံစိုက်လာတာပဲ"

“ကျစ်!”

သူမ သူ့ကို မထီမဲ့မြင် ထပ်ကြည့်လိုက်တယ်။

“အရေးကြီးတဲ့အချက်က ကျွန်မ သူ့ကို ချစ်ခဲ့တယ် ဒါပေမဲ့ ရှင့်ကို မဟုတ်ဘူး”

သူမရဲ့ လေသံက မုန့်ကုအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သလိုမျိုး ထွက်နေသည်။

သူ မျက်ခုံးပင့်ပြီး တစ်ခုခုပြောဖို့ ပြင်လိုက်ပေမဲ့ သူမက တားလိုက်၏။

“ခဏလေး၊ ခဏလေး! ကျွန်မတို့ ဘာလို့ အချစ်ရေးမှာ ကံမကောင်းခဲ့ရလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင် ပြောစရာမလိုပါဘူး။ ဒီကိစ္စက နက်နဲလွန်းတယ်၊ ဆွေးနွေးစရာ မလိုဘူး။”

“မင်းက အားမကိုးရလောက်အောင်ကို အသုံးမကျတာပဲ”

ဒီတစ်ကြိမ်တော့ မုန့်ကုက သူမကို မထီမဲ့မြင် ပြန်လုပ်လိုက်သည်။

“ဘာလို့ ပိုပြီး သတ္တိရှိရှိနဲ့ ကိုယ်လိုချင်တာကို ဆက်ပြီး မတိုက်ခိုက်တာလဲ”

“ကျွန်မကို အားပေးမနေနဲ့”

ချန်းရော့ယွီက ဆာကေးတစ်ခွက် ထည့်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

“ကျွန်မက အရမ်း လွယ်လွယ်ကူကူ လွှမ်းမိုးခံရတတ်တယ်။ကျွန်မ သတ္တိရှိတယ်လို့ ခံစားလိုက်ရတာနဲ့ ရှင် ကျွန်မကို မကာကွယ်နိုင်မှာ စိုးတယ်။ အဲဒီအချိန်ကျရင် ရှင့်ရဲ့ ရည်းစားဟောင်းက ပြင်းထန်တဲ့ အချစ်ပြိုင်ဘက်နဲ့ တွေ့ရလို့ဆိုပြီး ရှင့်ကို အပြစ်တင်နေလိမ့်မယ်၊ ပြီးရင် ရှင် အခြေအနေကို ကိုင်တွယ်ရတာ အရမ်း အလုပ်များသွားမှာ စိုးရိမ်ရတယ်"

မုန့်ကုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မျက်ရည်တွေတောင် ကျလာတဲ့အထိ ရယ်မောလိုက်သည်။

“ချန်းရော့ယွီ၊ ငါ မင်းနဲ့တွေ့ရတာ တကယ့်ကို ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်"

“ဟုတ်တယ်၊ မှန်တယ်လေ။ရှင် ကိုယ့်ကံကို ထောက်ထားပြီး ကျွန်မကို ပိုကောင်းအောင် ဆက်ဆံရမယ်။ ကျွန်မနဲ့ မနှစ်မြို့စရာ ပြင်းပြင်းထန်ထန် စကားတွေ အမြဲ မပြောနဲ့။ ကျွန်မလို သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးသွားရင် ရှင် နောင်တရလိမ့်မယ်‌နော်။အဲဒီအခါကျရင် ရှင့်ရင်ထဲက အမှိုက်တွေကို ဘယ်သူက နားထောင်ပေးမှာလဲ၊ အရေးကြီးတဲ့ အချက်တွေကို ရှာဖို့ ဘယ်သူက ရှင်နဲ့ အတူ လိုက်ပေးမှာလဲ”

မုန့်ကုက ထပ်ပြုံးလိုက်ပြီး ပန်းကန်တွေထဲကနေ နှစ်လုတ်စားပြီးတဲ့နောက် မေးလိုက်၏။

“မင်းရည်းစားဟောင်းက နောင်တတွေဘာတွေရခဲ့လား”

“အင်း....ကျွန်မ အရမ်းသေချာတယ်”

ချန်းရော့ယွီက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်၏။

“ညတိုင်း သူ့အိမ်မှာ ရင်ဘတ်ထုပြီး ထိုင်နေရမှာပဲ။ ကံကောင်းရင်တော့ အဲဒီအကျိုးဆက်ကြောင့် ရင်ဘတ်အောင့်တာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရပါစေလို့ ဆုတောင်းတယ်”

သူက ထပ်ရယ်ပြန်သည်။

“မင်းက သူ့ကို ကျိန်ဆဲပြီး မမုန်းဘူးလို့ ပြောနေသေးတာလား”

“ဒါဆို ရှင်လည်း ကျွန်မကို အချိန်တိုင်း ကျိန်ဆဲနေတာပဲ၊ ရှင်လည်း ကျွန်မကို မုန်းတာလား”

ဒီတစ်ခါတော့ ချန်းရော့ယွီရဲ့ တုံ့ပြန်မှုက အရမ်းမြန်ပြီး ပြတ်သားသည်။

မုန့်ကု သူမကို မော့ကြည့်လိုက်တော့ မျက်လုံးတွေက တောက်ပနေပြီး ပါးတွေက ရဲနေတာကို တွေ့လိုက်ရသည်။ သူ မနေနိုင်တော့ဘဲ မေးလိုက်၏

“ချန်းရော့ယွီ၊ မင်း မူးနေတာလား”

“မမူးပါဘူး။ ဆာကေးက အရက်မှမဟုတ်တာ။ ဘယ်လိုလုပ် မူးမှာလဲ”

သူမက ရဲရဲဝံ့ဝံ့နဲ့ အခိုင်အမာ ပြန်ဖြေလိုက်သည်။

“အရက်ဆိုတဲ့ စကားလုံး ပါနေသရွေ့... အရက်ပဲ။”

“Long Island Iced Tea က လက်ဖက်ရည် မဟုတ်တုန်းပဲလေ"

မုန့်ကုက ဘာမှမပြောဘဲ ခဏစောင့်ပြီးမှ ပြောလိုက်သည်။

“ငါတို့ စကားပြောတာ အဓိပ္ပာယ်မဲ့လာပြီ။”

“မဟုတ်ပါဘူး၊ ကျွန်မကတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တယ်”

ချန်းရော့ယွီက သူမမေးစေ့ကို လက်နဲ့ထောက်ပြီး ဆာကေးတစ်ခွက် ထည့်လိုက်သည်။

“ဒေါက်တာမုန့် ပျင်းတယ်လို့ ထင်ရင် ခေါင်းစဉ်ပြောင်းရအောင်။ ဒေါက်တာမုန့်ရဲ့ အမေက ဒေါက်တာမုန့်ရဲ့ ပထမဆုံးချစ်သူကို သဘောကျလား”

“သူ(မ)[မုန့်ကုအမေ]က သူ(မ)က အရမ်းသန်မာတယ်၊ ငါ့အတွက် ခက်လိမ့်မယ်လို့ ပြောတယ်”

“ရှင့်အမေက ရှင့်ကို တကယ်ချစ်တာပဲ‌နော်"

ချန်းရော့ယွီ အရမ်းမနာလိုစိတ် ဖြစ်သွားတယ်။

“မသန်မာတဲ့ မိန်းကလေးဆိုရင် ဒုက္ခမခံနိုင်မှာစိုးလို့ ရှင် ဒုက္ခရောက်မှာကို စိုးရိမ်တယ်။ အရမ်းသန်မာတဲ့ မိန်းကလေးဆိုရင် အရမ်းသန်မာလွန်းလို့ ရှင် ဒုက္ခရောက်မှာကို စိုးရိမ်တယ်။ ဘာလို့ အဲဒီမိန်းကလေးတွေ ရှင့်ကြောင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှာကို မစိုးရိမ်တာလဲ။ သူတို့လည်း အရမ်းသနားစရာကောင်းမှာပဲလေ။ ဒေါက်တာမုန့် ရှင့်အမေက တကယ်ကို ဘက်လိုက်တာပဲ”

“သူက ငါ့အမေပဲလေ။ငါ့ဘက် မလိုက်ရင် ဘယ်သူ့ဘက် လိုက်ရမှာလဲ”

“ကျွန်မလည်း ကျွန်မဘက်ကို ဘက်လိုက်တဲ့သူမျိုး လိုချင်လိုက်တာ။ အကြောင်းပြချက် မခိုင်လုံရင်တောင် ကိစ္စမရှိဘူး၊ ဘာဖြစ်ဖြစ်ပေါ့၊ ဘယ်သူပဲ ကျွန်မကို ဆိုးဆိုး… ဒီလောက်ဆို လုံလောက်ပြီ။ ကျွန်မအကြောင်း မကောင်းပြောတဲ့သူတွေကို သူ(မ)က — သူ(မ)က ငါ့သမီးပဲ။ ငါ သူ့ဘက်မလိုက်ရင် ဘယ်သူ့ဘက် လိုက်ရမှာလဲလို့ ပြောလိမ့်မယ်”

မုန့်ကုက သူမကို ကြည့်ပြီး မေးလိုက်သည်။

"မင်းက မိသားစုနဲ့ ဆက်ဆံရေး မကောင်းဘူးလား”

သူမ ခေါင်းခါလိုက်တယ်။

“ကျွန်မက အသုံးမကျလို့ပါ။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီဘူး။ သူတို့ကိုလည်း လိမ်ခဲ့တယ်၊ စိတ်ပျက်အောင် လုပ်ခဲ့မိတယ်။ ဒေါက်တာမုန့် ကျွန်မကလေ တကယ့်ကို ဆိုးတဲ့သူပဲ။

ကျွန်မက သူတို့အတွက် ဂုဏ်ယူစရာ ဘာတစ်ခုမှ လုပ်ခဲ့ဖူးပုံမရဘူး၊ မိသားစုကို ဂုဏ်ယူစေမယ့် ဘာတစ်ခုမှလည်း မလုပ်ခဲ့ဘူး”

မုန့်ကု ဘာမှမပြောဘဲ လက်လှမ်းပြီး နောက်ဆုံး ဆူရှီတစ်ဖဲ့ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီးတော့ သူမက သူ့ကို စူးစူးဝါးဝါး ကြည့်နေတာကို တွေ့လိုက်ရသည်။

ချန်းရော့ယွီက နောက်ဆုံး ဆူရှီတစ်ဖဲ့ကို လှမ်းယူဖို့ နောက်ကျသွားခဲ့လို့ ကျန်တဲ့ ဆာကေးအစက်အနည်းငယ်ကို သူမခွက်ထဲ ထည့်လိုက်သည်။

“ဒေါက်တာမုန့် သူနာပြုထန်နဲ့ရှင့်ရဲ့ ဆက်ဆံရေးက ဘာလဲ”

“ဆရာဝန်နဲ့ သူနာပြုကြားက ဆက်ဆံရေးပဲလေ"

“အဲဒါ ဆက်ဆံရေးကောင်းတစ်ခုပဲ"

မုန့်ကုက သူမခေါင်းကို တစ်ချက် ခေါက်လိုက်၏။

“မင်းရဲ့ အဲ့ဒီခေါင်းထဲမှာ ဘာတွေရှိနေတာလဲ”

“နာတယ်!”

“မင်း စကားတွေကို ပြင်ဦး။ ဆရာဝန်နဲ့ သူနာပြုကြားက ဆက်ဆံရေးဆိုတာ ဘာလဲ”

“ဒါက ဒေါက်တာမုန့်နဲ့ သူနာပြုထန်ကြားက ဆက်ဆံရေးပေါ့။”

“ဆာကေးသောက်တာကို ဆင်ခြေပေးပြီး အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

မုန့်ကုက သူမကို သတိပေးလိုက်သည်။

ချန်းရော့ယွီသည် စားပွဲကို မှီရင်း ပြုံးပြီး ရိုးသားစွာ ပြောလိုက်၏။

“လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးပေါ့။ ဒါပေမဲ့ လူတိုင်းက ရှင်တို့ နှစ်ယောက် အရမ်းလိုက်ဖက်တယ်လို့လည်း ပြောကြတယ်။”

“လိုက်ဖက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“ခန့်ညားတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီး၊ လူမှုအဆင့်အတန်း ကောင်းမွန်တာချင်း တူတာ၊ ဆရာဝန်နဲ့ ဆရာဝန်၊ ဆရာဝန်နဲ့ သူနာပြု၊ Mr. Perfect နဲ့ Ms. Perfect……”

မုန့်ကုကဘာမှမပြောဘဲ တိတ်ဆိတ်စွာ စားသောက်နေ၏။

တကယ်တော့ လူနှစ်ယောက် လိုက်ဖက်တယ် မလိုက်ဖက်ဘူးဆိုတာကို ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ…

“ဒေါက်တာမုန့် အခု ကျွန်မတို့က သူငယ်ချင်းကောင်းတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားပြီဆိုတော့ စိတ်ရင်းမှန်နဲ့ ရင်ဖွင့်စကားပြောလို့ရပြီ..... တစ်ယောက်ယောက်က ကျွန်မကို ဒုက္ခပေးရင် ရှင် ကျွန်မကို ကူညီရမယ်နော်။ရှင့်ရဲ့ ပါးစပ်က အရမ်းကြမ်းတယ်၊ စကားပြောတာလည်း မနှစ်မြို့စရာကောင်းတယ်ဆိုတော့ ရှင်က ဘယ်လိုငြင်းခုံမှုမှာမဆို အနိုင်ရမှာ သေချာတယ်။”

"ချန်းရော့ယွီ၊ မင်း တစ်ယောက်ယောက်ရဲ့အကူအညီကို တောင်းချင်တယ်ဆိုရင်၊ ဒီလောက်ထိ မြှောက်ပင့်ပြောနေစရာမလိုပါဘူး။"

"ကျွန်မက အကူအညီတောင်းနေတာမဟုတ်ဘူး၊ တောင်းဆိုနေတာ။ သူငယ်ချင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ကူညီတာက တာဝန်ပဲလေ။ ဒေါက်တာမုန့်၊ ကျွန်မ အရမ်းပျော်တယ်။ ဒီမတိုင်ခင်က ရှင့်ကို မုန်းခဲ့ဖူးပေမဲ့ အခုတော့ ရှင်နဲ့ သူငယ်ချင်းဖြစ်ရတာ တကယ် ကောင်းပါတယ်။ ကျွန်မ တကယ်ပျော်တယ်။"

"မင်း ပျော်နေတာက အတင်းအဖျင်းတွေ နားထောင်ရလို့ပဲလို့ ငါ ထင်တယ်။"

"အဲလိုပြောလဲ မှန်တာပဲ။ ဒေါက်တာမုန့် ရှင်တို့နှစ်ယောက် ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့သေးလား။ နောက်တစ်ခါတွေ့ဖို့ စီစဉ်ထားလား။ နောက်ဆက်တွဲရှိရင် ကျွန်မကို သေချာပြောပြနော်။"

မုန့်ကုက ဘာမှမပြောပေ။

"နေဦး၊ ရှင့်မှာ ရည်းစားဟောင်း နှစ်ယောက် ထပ်ရှိသေးတယ်ဆိုတော့ သူတို့က ပြန်လာပြီး ပြန်ပေါင်းဖို့ တောင်းဆိုကြမှာလား။ဒါဆို သုံးယောက်နဲ့ ရှင်ဆိုရင် လေးယောက်ပေါင်းပြီး မာကျောက်ကစားလို့ရတယ်။ မှားပြီ..........သူနာပြုထန်လည်း ရှိသေးတယ်။ သူ(မ)လည်း ရှင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ ရှင် သိမှာသေချာတယ်။ ဒါဆို လေးယောက်လုံး မာကျောက်စားပွဲမှာ ထိုင်ကြပြီး ရှင်က ရပ်နေရုံပဲ။ အိုက်ယားးး… ဘလိုင်းဒိတ်က ရတဲ့ အချစ်သစ်အကြောင်း မေ့သွားတယ်။ ဘာလုပ်ရမလဲ… ရှင်တို့နှစ်ယောက်ပဲ ရပ်ကြည့်နေလို့ရမယ်။ ဒါမှမဟုတ် ရှင့်မိဘတွေကို ပါခိုင်းပြီး မာကျောက်စားပွဲ နှစ်ခု ထားလို့ရတယ်။ ဖြစ်နိုင်တာကတော့ ဘလိုင်းဒိတ်နှစ်ခု ထပ်လုပ်ပြီး မာကျောက်စားပွဲ နှစ်ခုစာ လူအင်အား ပြည့်အောင် လုပ်လို့ရတာပဲ…”

ချန်းရော့ယွီ ရယ်မောလိုက်၏။

"ဒေါက်တာမုန့်၊ ဒေါက်တာမုန့်၊ ရှင့်ကို စောစောစီးစီး လက်လျှော့လိုက်တာ ဘယ်လောက် လိမ္မာပါးနပ်လဲဆိုတာ ကြည့်ဦး။ ကျွန်မက မာကျောက်ကစားရတာ တကယ် မုန်းတယ်"

(မာကျောက်ဆိုတာက လူလေးဦး ဒါမှမဟုတ် သုံးဦးနဲ့ ကစားလေ့ရှိတဲ့ ကြွေပြားအခြေခံ ဗျူဟာဂိမ်းတစ်ခုဖြစ်ပါတယ်။ဒီဂိမ်းကို တရုတ်နိုင်ငံ ချင်မင်းဆက်ခေတ်က စတင်တီထွင်ခဲ့ပြီး အနောက်တိုင်း ဖဲဂိမ်း Rummy နှင့် ဆင်တူပါတယ်။)

မုန့်ကုက သူမ စကားဆက်ပြောနေတာ ကြည့်ပြီး နှုတ်ခမ်းတင်းတင်း စေ့လိုက်ကာ စားပွဲထိုးမလေးကို ဘေလ်တောင်းဖို့ လက်ပြလိုက်သည်။ ချန်းရော့ယွီက မျက်လုံးတွေ မှေးစင်းပြီး ပြုံးရင်း ပြောလိုက်၏။

"ဒေါက်တာမုန့် နောက်တစ်ခါ ရှင် ကျွန်မကို အရက်တိုက်ဖို့ ဖိတ်ရမယ်နော်။ ရှင်နဲ့ စကားပြောရတာ တကယ် ပျော်တယ်"

"မင်းလို အရက်မခံနိုင်တဲ့သူနဲ့ ငါက ဘယ်လိုလုပ် သောက်ရမှာလဲ"

"ကျွန်မ အရက်သောက်ကောင်းပါတယ်"

ချန်းရော့ယွီက ဆက်ပြုံးနေတယ်။ မုန့်ကု စားပွဲထိုးမလေးကို ပိုက်ဆံပေးနေတာကို ကြည့်ရင်း သူမ ပြောလိုက်တယ်။

"ဒေါက်တာမုန့် ပိုက်ဆံပေးတဲ့အခါကျရင် ရှင်က အရမ်း ချောတယ်"

စားပွဲထိုးမလေးက ချန်းရော့ယွီရဲ့ စကားကို ကြားတဲ့အခါ မုန့်ကုကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းကို တင်းတင်းစေ့၍ အပြုံးကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။

မုန့်ကုလည်း ပြုံးလိုက်ပေမဲ့ လှည့်လာတဲ့အခါ သူ့မျက်နှာကို တင်းထားပြီး ချန်းရော့ယွီကို ထရပ်စေတယ်။

"ပြန်ကြမယ်"

"အိုကေ"

သူမက အလွယ်တကူ သဘောတူလိုက်သည်။

မုန့်ကုသည် သူမကို အပြင် ခေါ်ထုတ်လာပြီး တက္ကစီတားရန် လက်ဆန့်တားလိုက်သည်။ ချန်းရော့ယွီက ထပ်ဖြည့်ပြောလိုက်တယ်။

"ဒေါက်တာမုန့် ရှင်က ပိုက်ဆံသုံးတဲ့အခါ ချောတယ်ဆိုပေမဲ့၊ ပိုက်ဆံရှာတဲ့အချိန်ကျရင် ပိုပြီး ချောတယ်။ အဲ့ဒါကြောင့် ပိုက်ဆံသုံးတဲ့အခါကျ သတိထားသင့်တုန်းပဲ။လန်ကျိုးခေါက်ဆွဲတွေက ဂျပန်ခေါက်ဆွဲတွေနဲ့ ယှဉ်နိုင်တယ်။ သူတို့က ပန်းကန်အကြီးကြီးနဲ့ လာပြီး ဈေးလည်း ပိုသက်သာတယ်။ ပြီးတော့ လက်လိမ်းခရင်မ်တွေ ဝယ်တဲ့အခါကျရင်လည်း ပိုက်ဆံနည်းနည်းပဲတန်တာတွေလည်း သုံးလို့ရပါတယ်။ Brand ပစ္စည်းတွေ ဝယ်စရာ မလိုပါဘူး။ နောက်တစ်ခါ တစ်ယောက်ယောက်က ရှင့်ကို အရက်သောက်ပြီး ကားမောင်းခိုင်းရင် သူ့ကို လက်သီးနဲ့ ထိုးချပစ်လိုက်။ ရှင်က Mr. Tyrannosaurus မဟုတ်ဘူးလား။ ကြမ်းတမ်းပြီး ဆိုးဝါးတဲ့ စိတ်နေစိတ်ထား ရှိတယ်ဆိုတော့ အဲဒါကို သုံးသင့်တဲ့အခါ သုံးလိုက်။ မလုပ်သင့်တဲ့အခါ၊ ဥပမာ ကျွန်မနဲ့ရှိနေတဲ့အခါမျိုးဆိုရင်တော့ ထိန်းချုပ်ရမယ်။ ကိုယ့်စရိုက်မှာ ချို့ယွင်းချက်တွေ ရှိရင် နောက်ပိုင်းရရှိတဲ့ ထိန်းချုပ်မှုနဲ့ပဲ ဖြည့်ဆည်းနိုင်တယ်၊ကျွန်မပြောတာ သဘောမတူဘူးလား"

သူမက စကားတွေ မရပ်မနား ပြောနေခဲ့သည်

တက္ကစီရောက်လာတဲ့အခါ သူက သူမကို ကားထဲ ထိုးထည့်လိုက်၏။ ကားထဲမှာတော့ သူမ ကိုယ်ခန္ဓာပျော့ခွေပြီး အရမ်းသက်တောင့်သက်သာ ရှိတယ်လို့ ခံစားလိုက်ရသည်။။ သူမက ဆက်ပြီးစကားပြောနေလေသည်။သူမ ပင်ပန်းလာတော့ သူ့ပခုံးကို လက်နဲ့ချိတ်ပြီး ဆက်ပြောနေ၏။

ချန်းရော့ယွီ နောက်ကြည့်မှန်ထဲကနေ ပြန်ကြည့်ပြီး ပြုံးနေတဲ့ တက္ကစီသမားကို မြင်တော့ သူမလည်း ယဉ်ကျေးစွာ ပြန်ပြုံးပြလိုက်တယ်။

တက္ကစီသမားက အရမ်းမြန်မြန် မောင်းနေတယ်လို့ သူမ ခံစားရ၏။ သူမ ပါးစပ်တောင် မဟရသေးခင်မှာပဲ သူမတို့ ရပ်ကွက်အဝင်ကို ရောက်သွားကြပြီ။ မုန့်ကုက သူမကို တက္ကစီထဲက ဆွဲထုတ်ပြီးတဲ့နောက် သူမက ဘေးနားမှာရပ်နေကာ သူ့ကို ပြုံးပြလိုက်တယ်။

မုန့်ကုလည်း သူမကို ပြုံးပြလိုက်ပြီးတော့ ရုတ်တရက် သူမလက်ကို ဆွဲယူပြီး ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည်။

“အား!”

သူမ ကျယ်လောင်စွာ အော်လိုက်ပြီးတော့ ဘာမှတောင် မတုံ့ပြန်နိုင်ခင်မှာပဲ သူ ပြောတာကို ကြားလိုက်ရ၏။

“မင်း နိုးပြီလား”

“ကျွန်မ မမူးဘူး!”

သူမက အရမ်းဒေါသထွက်ပြီး သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်တယ်။

“မင်း အိမ်ပြန်နိုင်ပြီလား”

“သေချာတာပေါ့”

သူမက လှည့်ပြီး ခေါင်းမော့ ရင်ကော့ကာ အိမ်ရှေ့တံခါးဆီ လျှောက်သွားသည်။

“ကြည့်ဦး၊ ကျွန်မ အိမ်ပြန်တဲ့လမ်းကို သိတယ်။ ကျွန်မ မမူးဘူး”

မုန့်ကုက သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ ခေါင်းခေါက်လိုက်၏။

“ဒါဆို မြန်မြန် အိမ်ပြန်တော့။ ငါ ပြန်တော့မယ်”

“အိုကေ။ တက္ကစီစီးတဲ့အခါ သတိထားနော်။ အရမ်းနောက်ကျနေပြီ။ မကောင်းတဲ့ တက္ကစီသမားနဲ့ မတွေ့စေနဲ့”

မုန့်ကုသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ခုခုပြောဖို့ ပြင်လိုက်ပေမဲ့ နောက်ဆုံးတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။သူက သူမကို မြန်မြန်အပေါ်တက်ဖို့ လက်ဟန်ပြလိုက်ပြီး သူမက "ဘိုင့်ဘိုင်" လို့ ပြောကာ အဆောက်အအုံထဲ ဝင်သွားသည်။

မုန့်ကု လှည့်ပြီး လှမ်းထွက်သွားပေမဲ့ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးတဲ့အချိန်မှာပဲ ချန်းရော့ယွီက သူ့နောက်ကနေ ပြေးလိုက်လာပြီး လှမ်းခေါ်တာကို ရုတ်တရက် ကြားလိုက်ရသည်။

သူက ရပ်လိုက်ပြီး "ဘာဖြစ်တာလဲ" လို့ မေးဖို့ ပြင်တုန်းမှာ သူမက သူ့ကို ပြေးအုပ်ပြီး သူ့လက်ကို ဖမ်းဆွဲကာ ပြင်းပြင်းထန်ထန် ကိုက်တော့သည်။ သူ အရမ်းနာကျင်သွားလို့ အသက်ရှူတောင် ရပ်တော့မလိုပင်။သူမက သူ့လက်ကို လွှတ်လိုက်ပြီး

"သွေးကြွေးကို သွေးနဲ့ဆပ်တာ!ဘိုင့်ဘိုင် !"

သူမက ပြောကာ လှည့်ပြီး ပြေးသွားသည်။

သူ့မျက်လုံးတွေက ထက်မြက်ပြီး လှုပ်ရှားမှုတွေကလည်း လျင်မြန်၏။သူ လှုပ်ရှားလိုက်တာနဲ့ သူမလက်ကို ဆွဲကိုင်လိုက်သည်။

"ရှင် ကျွန်မကို ကိုက်ရင် ကျွန်မ ရှင့်ကို ပြန်ကိုက်မယ်"

သူမ သူ့ကို သတိပေးလိုက်တယ်။

"ထားလိုက်တော့။ ငါ မင်းကို အပေါ်ထိ လိုက်ပို့ပေးမယ်"

မုန့်ကု သူမကို ပြောလိုက်တဲ့စကားက လုံးဝကို မတူညီတဲ့ အကြောင်းအရာ နှစ်ခုပင်။ သူမ သူ့ကို ကြည့်လိုက်တယ်။ တကယ်ပဲ သူတို့ရဲ့ အတွေးအခေါ်ချင်းက ဘယ်တော့မှ မတူညီဘူး၊ သူတို့ အာရုံစိုက်တဲ့အရာတွေလည်း အကြီးအကျယ် ကွာခြားနေတယ်။

ဒါပေမဲ့ သူက သူမကို အိမ်လိုက်ပို့ပေးနေတာမလို့ သူမ တော်တော်ပျော်နေဆဲပင်။

သူတို့နှစ်ယောက် ချန်းရော့ယွီရဲ့ တံခါးဝကို ရောက်တဲ့အချိန် ရုတ်တရက် သူမ အတွေးတစ်ခု ဝင်လာသည်။

"အိုက်ယား... မှတ်စုအကြောင်း မေ့သွားပြီ"

"ငါ မနက်ဖြန် ကားပြန်လာယူတဲ့အခါ မင်းကို ပေးမယ်"

“အိုကေလေ"

သူမ အမြန် ခေါင်းညိတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမ တကယ် ပင်ပန်းနေပြီဖြစ်လို့ ထပ်ပြီး အောက်ဆင်းဖို့ကို ပျင်းနေပြီ။

“မနက်ဖြန် ငါနဲ့ ညစာစားမလား”

“အင်း”

သူမ အမြန် ခေါင်းညိတ်လိုက်တယ်။

“မနက်ဖြန် ညစာစားရင်း ဒေါက်တာမုန့် ရှင့်ရဲ့ နောက်ထပ် ရည်းစားဟောင်း နှစ်ယောက်အကြောင်း ကျွန်မကို ပြောပြရမယ်နော်။ အတင်းအဖျင်းတွေ နားထောင်ရတာ တကယ် ကောင်းတယ်”

မုန့်ကုက သူမကို လျစ်လျူရှုထားပြီး သူမ တံခါးဖွင့်ဖို့ကိုပဲ စောင့်နေသည်။သူမက အထဲဝင်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ဒေါက်တာမုန့် ဘိုင့်ဘိုင်;"

မုန့်ကု ထွက်သွားတော့ သူမက သူ့ရဲ့ ထွက်သွားတဲ့ နောက်ကျောကို ကြည့်ပြီး ရုတ်တရက် အရမ်း စိတ်မကောင်းဖြစ်သွားသည်။ သူ လက်လှမ်းပြီး ဓာတ်လှေကားခလုတ်ကို နှိပ်တာကို သူမ ကြည့်နေရင်း ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူမ အော်လိုက်သည်။

“ဒေါက်တာမုန့်!……”

သူမ သူ့ဆီ ပြေးသွားပြီး ဖက်လိုက်တယ်။

“ဒေါက်တာမုန့် ရှင် စိတ်မကောင်းမဖြစ်ပါနဲ့။ ရှင် မျှော်လင့်ထားတဲ့ ရိုးသားပြီးစိတ်ရင်းမှန်ရှိတဲ့၊ ရှင့်ကို စိတ်ရင်းအပြည့်နဲ့ ဆက်ဆံမယ့် မိန်းကလေးတစ်ယောက် ရှိလာမှာပါ။သူ(မ)က တခြားအချက်တွေကို ဂရုမစိုက်ဘဲ ရှင့်ကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုပဲ ပေးလိမ့်မယ်”

မုန့်ကုက ဘာမှမပြောပေ။သူက သူမကိုလည်း တွန်းထုတ်မပစ်ချေ။

သူမ သူ့ကို ခဏလောက် ဖက်ထားပြီး အိပ်ငိုက်လာသလို ခံစားရသည်။ ပြီးတော့မှ သူ့ကို လွှတ်ပေးလိုက်ပြီး နှုတ်ဆက်ကာ ခြေလှမ်းမမှန်ဘဲ အိမ်ထဲကို ပြန်ဝင်သွား၏။

သူမ အိမ်ထဲရောက်တော့ အရမ်းအိပ်ချင်လာပြီး အဝတ်တောင် မလဲနိုင်ဘဲ ကုတင်ပေါ် လဲကျသွားသည်။သူမ အိပ်ပျော်ခါနီးမှာ ရုတ်တရက် သူမ တွေးမိတာက… ခုနက ဘာပြောလိုက်တာလဲ?

အိုင်းးးး… ဒီအတိုင်း အိပ်တော့မယ်.......

All Chapters