← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

ဒွိဟချစ်သံယောဇဉ်:

Chapter 33-သွားတစ်ချောင်းအတွက် သွားတစ်ချောင်း

ချန်းရော့ယွီ အိပ်ရာနိုးလာတဲ့အခါ လန်းဆန်းတက်ကြွနေသည်။

အရင်ညက ဖြစ်ခဲ့တာတွေ သူမစိတ်ထဲ ပြန်ပေါ်လာပြီး အားလုံးကို ပြန်အမှတ်ရနေသည်။

မုန့်ကုနဲ့ သူမရဲ့ ဆက်ဆံရေးက အကြီးအကျယ် တိုးတက်လာခဲ့ပြီး သူမတို့ စိတ်ချင်းရင်ဖွင့်ပြီး စကားပြောနိုင်တယ်၊ အတင်းအဖျင်းတွေ အတူတူပြောနိုင်တယ်၊ ပြီးတော့ သူမက သူ့ကို စိတ်ပိုင်းဆိုင်ရာနဲ့ ဒဿနပိုင်းဆိုင်ရာတွေပါ အားပေးခဲ့ပုံရတယ်။ တကယ်ကို အံ့မခန်းပဲ!

သူမ အရမ်းပျော်နေတယ်။ သူမအမြင်အရတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်လို့မရတဲ့သူတွေဆိုပေမဲ့ သူငယ်ချင်းတွေတော့ ဖြစ်နိုင်တယ်။

သူမက ကုတင်ပေါ်ကနေ ခုန်ထပြီး သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်လိုက်သည်။ မှန်ထဲကြည့်လိုက်တော့ ပြီးခဲ့တဲ့ညက အဝတ်မလဲဘဲ အိပ်ခဲ့တာကို သတိထားမိလိုက်၏။ ဘရာစီယာသေးသေးလေးက သူမကို တအားကျပ်နေတာကြောင့် အဲဒါကို အမြန်ချွတ်လိုက်ပြီး တင်းကျပ်မှုကနေ လွတ်မြောက်လိုက်သည်။ အံ့သြစရာကောင်းတာက ပြီးခဲ့တဲ့ညက ဘာမှ မသက်မသာ မခံစားရဘဲ အခုမှ ကျပ်နေတဲ့နေရာတွေက အမှတ်တွေ ထင်ကျန်နေခဲ့၏။

သွားတိုက်နေတုန်းမှာပဲ ကိုယ်အလေးချိန် လျှော့ဖို့ အချိန်တန်ပြီလို့ သူမဘာသာ တွေးမိတယါ။သူမက ပိန်တယ်လို့ သတ်မှတ်လို့ရပေမဲ့ အရင်ကထက် ကိုယ်အလေးချိန် ပိုတက်လာတာကို သတိထားမိတယ်။ သူမ မှန်ထဲကြည့်လိုက်တဲ့အချိန် အရင်ကလောက် အသားအရေက မကောင်းတော့‌ချေ။သူမ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်နေပြီ။ ဒါဆိုလည်း ခေါင်းမာမာနဲ့ အစားအစာဖိုးထဲကနေ ပိုက်ဆံချွေတာပြီး အသားအရေထိန်းသိမ်းရေး ပစ္စည်းကောင်းလေးတွေ ဝယ်သင့်လား?

သူမရဲ့ မျက်ခုံးမွှေးတွေကလည်း အချိန်အကြာကြီး မရှင်းရသေးဘူး။ စီးစီးကို အကူအညီတောင်းဖို့ အချိန်တန်ပြီပဲ။ သူမ သွားတွေကို သေချာကြည့်ဖို့ မှန်ထဲကိုကြည့်လိုက်တယ်။ အဆင်ပြေတယ်။ သူမရဲ့ သွားတွေက ဖြူနေတုန်းပဲ၊ ဆက်ပြီး တိုက်ဖို့ပဲလိုမယ်။

နောက်ဆုံးတော့ ချန်းရော့ယွီ သန့်ရှင်းရေးလုပ်တာ ပြီးသွားပြီး ရေချိုးခန်းထဲကနေ လှည့်ထွက်လာတဲ့အချိန် တံခါးမှာရပ်ပြီး သူမကို စိုက်ကြည့်နေတဲ့ လျန်စီးစီးကို မြင်လိုက်ရတော့ ထိတ်လန့်သွား၏။

“နင် ဘာလုပ်နေတာလဲ"

“ငါက နင့်ကို ပြန်မေးရမှာ။ နင် ဘာဖြစ်နေတာလဲ။ သုံးမိနစ်လောက် ရေချိုးပြီး မှန်ထဲ ဆယ်မိနစ်လောက် ကြည့်နေတယ်”

လျန်စီးစီးက နက်နဲတဲ့အပြုံးနဲ့ ပြောပြီး သူမကို တံတောင်နဲ့တွတ်လိုက်သည်။

“ချန်းရော့ယွီ၊ နင့်ရဲ့ 'နွေဦး' ရောက်လာပြီ မဟုတ်လား။ နင် မနေ့ညက တစ်ညလုံး ချိန်းတွေ့နေခဲ့တာလား။ အခု ဘယ်အဆင့် ရောက်ပြီလဲ”

“'ဘယ်အဆင့်' ဆိုတာ ဘာကိုဆိုလိုတာလဲ”

“အချစ်ရဲ့ လှုံ့ဆော်မှု။ ဒီလှုံ့ဆော်မှုက ဘယ်အတိုင်းအတာအထိ ရှိလဲလို့ ပြောတာ"

“စီးစီး!”

ချန်းရော့ယွီက သူမကို လက်ညိုးထိုးပြီး ဖြောင့်မတ်စွာ ပြောလိုက်၏။

“နင့်ရဲ့ အတွေးတွေက မဖြူစင်ဘူး။ နင် အရမ်းတွေးနေပြီ"

“ဒီလောက်တောင် အရေးကြီးတာလား”

လျန်စီးစီး ရယ်လိုက်သည်။

“ဒါဆို နင် လှုံ့ဆော်မှုခံလိုက်ရပြီ၊ အရမ်းကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံလိုက်ရပြီ”

ချန်းရော့ယွီရဲ့မျက်နှာနီရဲသွားပြီး လျန်စီးစီးကို လျစ်လျူရှုကာ သူမအခန်းထဲ ပြန်ဝင်သွားသည်။

နင့်ခေါင်းကို လှုံ့ဆော်ရမှာ!!

သူမမျက်နှာကို လိုးရှင်းလိမ်းနေရင်း သူမ ဘာသာ တွေးနေမိတယ်။ မစ္စတာ တိုင်ရန်နိုဆောနဲ့ အဆင်ပြေဖို့က ခက်တယ်။ သူမအတွက်တော့ သူငယ်ချင်းဖြစ်တာက ပိုအရေးကြီးတယ်၊ ဒီကိစ္စကို စီးစီး ထပ်ပြီး ရှုပ်ထွေးအောင် မလုပ်မိစေရဘူး။

သူမ စဉ်းစားနေတာက စီးစီးနဲ့ ဒေါက်တာမုန့်တို့ ဘယ်လိုအခြေအနေရှိနေလဲဆိုတာပဲ။ ဒေါက်တာမုန့်က စီးစီးနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလား။ ပြီးခဲ့တဲ့တစ်ခါတုန်းက သူတို့ ညစာ အတူတူမစားခဲ့ကြဘူးလား?ပြီးတော့ အခု အခြေအနေက ဘယ်လိုလဲ။ ဒေါက်တာမုန့်က ဘလိုင်းဒိတ်တွေ့ခဲ့တယ်ဆိုတော့ သူ့ရဲ့ကိစ္စတွေ ကိုင်တွယ်ပုံအရဆိုရင် စီးစီးနဲ့ ရှုပ်ထွေးနေမှာမဟုတ်ဘူး။အခုတ‌လော စီးစီးက သူ့အကြောင်း ဘာမှမပြောတော့တာကို ကြည့်ရင် တကယ်ပဲ သူ့ကို လက်လျှော့လိုက်တာလား?

သူမ အပြင်ထွက်ပြီး စီးစီးကို မေးမလို့ လုပ်တုန်းမှာပဲ စီးစီးက သူမကို လှမ်းအော်တာကို ကြားလိုက်ရသည်။

“ငါ အလုပ်သွားပြီ!”

ပြီးနောက် တံခါးသော့ဖွင့်သံနဲ့ ပိတ်သံကို ကြားလိုက်ရသည်။

ထားလိုက်တော့… ဒီညမှ သူမကို မေးတော့မယ်။

ချန်းရော့ယွီ စဉ်းစားနေမိတယ်။ ဒေါက်တာမုန့်ရဲ့ အချစ်ရေးက အခု နည်းနည်း ရှုပ်ထွေးနေပြီ။ သူ့ရဲ့ အချစ်သစ်နဲ့ အချစ်ဟောင်း ရောက်လာပြီ။ပြီးတော့ မက်မွန်ပွင့်အန္တရာယ်တွေက လေးဘက်လေးတန်မှာ ချောင်းမြောင်းနေကြတယ်။ သူမ စီးစီးနဲ့ စကားပြောပြီး သူမကို အတိအလင်း ရှင်းပြသင့်တယ်။ ဒါမှ စီးစီး ဒဏ်ရာမရတော့မှာ။

ဪ ဟုတ်သားပဲ.... ဒီည ဒေါက်တာမုန့်နဲ့ ညစာ ထပ်သွားစားရဦးမယ်။ ဘာစားရမလဲဆိုတာ သူမ စဉ်းစားမိတယ်။ ရုတ်တရက် သူမမှာ မကောင်းတဲ့ အတွေးတစ်ခု ဝင်လာတယ်။... သူ ညစာနဲ့အတူ ထမင်းစားနိုင်အောင် ကြက်ခြေထောက်ပေါင်းတစ်ဘူး ထပ်ပြင်ဆင်ပေးသင့်သလား။ မနေ့က သူ ကြက်ခြေထောက်ပေါင်း မစားလိုက်ရဘူးလေ…

ခဏလေး! ကြက်ခြေထောက်!

ရုတ်တရက် သူမ သတိရလိုက်တာက မနေ့က မုန့်ကုရဲ့ကားထဲမှာ ကျန်နေခဲ့တဲ့ လက်ကျန်ကြက်ခြေထောက်နှစ်ချောင်းပင်။ အဲဒါကို တစ်ညလုံး ထားခဲ့တာဆိုတော့ အခုဆို အနံ့ဆိုးတွေ ထွက်နေလောက်ပြီ။ အိုင်းယာ… မဟုတ်ဘူး၊ မဖြစ်ဘူး... ဒီည အလုပ်ပြီးလို့ မုန့်ကုက သူ့ကားကို ပြန်လာယူတဲ့အချိန်ကျရင် ကားထဲမှာ သေချာပေါက် အနံ့ဆိုးတွေ ရှိနေတော့မှာ။ သူမ ဘာလုပ်ရမလဲ။

သူမ အဝတ်အစား အမြန်လဲပြီး ကားပြတင်းပေါက်ကနေ ကြည့်ဖို့ အောက်ဆင်းသွားသည်။ သူမရဲ့ ကြက်ခြေထောက်ပါတဲ့ ထမင်းဘူးက ယာဉ်မောင်းထိုင်ခုံဘေးက ခုံလွတ်မှာ တကယ်ပဲ ရှိနေ၏။ သူမ တံခါးဖွင့်ပြီး အဲဒီဘူးကို ယူချင်ပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ကားထဲကို ခွင့်ပြုချက်မရဘဲ ဝင်တာ မသင့်လျော်ဘူးလို့ ခံစားလိုက်ရသည်။ သူမ ခဏလောက် စဉ်းစားပြီး အဲ့ဒီနောက်မုန့်ကုကို ဖုန်းခေါ်လိုက်သည်။

သူ ဖုန်းကိုင်တဲ့အခါ သူမ ဘာမှမပြောရသေးခင်မှာပဲ ဟိုဘက်က လူအများအပြား စကားပြောနေတာကို ကြားလိုက်ရပြီး သူတို့က ရောဂါတစ်ခုအကြောင်း ဆွေးနွေးနေကြပုံပင်။ ပြီးတော့ မုန့်ကုရဲ့အသံ ထွက်ပေါ်လာသည်။

“ချန်းရော့ယွီ၊ အရေးကြီး ကိစ္စရှိလို့လား”

“အဲ… အရေးတကြီး မဟုတ်ပါဘူး”

~ ရှင့်ကားထဲက ကြက်ခြေထောက်တွေ ယူချင်လို့ပါ ~ ဒီလိုမျိုးကိစ္စကို အရေးတကြီးလို့ သတ်မှတ်လို့မရဘူးလေနော်။

“ဒါဆို နောက်မှ ဖုန်းပြန်ခေါ်လိုက်။ ငါ အခု ဆေးရုံပတ်နေလို့”

“ဪ၊အင်းပါ…”

သူမ အနည်းငယ် ရှက်ရွံ့စွာနဲ့ ဖုန်းကို အမြန်ချလိုက်တယ်။ သူ အလုပ်လုပ်နေတုန်း သူမ နှောင့်ယှက်မိသွားပြီ။ သူ ဆေးရုံပတ်ပြီး လူနာတွေရဲ့ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ဟာသနှောပြီး ရှင်းပြပေးနေတဲ့ ပုံစံကို သူမ သတိရမိတယ်။ သူ့ရဲ့အလုပ်အပေါ် သမာသမတ်ကျမှုကို မနေနိုင်ဘဲ သဘောကျမိတယ်။

သူမ ကိုယ်ကိုင်းပြီး ပြတင်းပေါက်ကနေ ထပ်ကြည့်လိုက်၏။ဒီလို သမာသမတ်ကျတဲ့လူရဲ့ ကားထဲမှာ နောက်မှ ကြက်ခြေထောက်နံ့ နံနေမှာ မဟုတ်ရင် အကောင်းဆုံးပင်။ သူမ အလုပ်သွားဖို့ မကြာခင် ထွက်ရတော့မှာမှာဖြစ်လို့ အခု မယူရင် နေ့လယ်ကျမှ ပြန်လာပြီး ယူရတော့မှာ။

သူမ ဒီအကြောင်းကို စဉ်းစားကြည့်လိုက်တယ်။ ကောင်းပြီလေ သူမတို့နှစ်ယောက်က သိနေကြတာပဲ၊ သူ့ကားထဲ ဝင်တာကို စိတ်ထဲရှိမှာမဟုတ်ပါဘူး။

သူမ တံခါးဖွင့်ပြီး ကားထဲဝင်ထိုင်လိုက်၏။ ထမင်းဘူးကို ယူနေရင်း ဘေးနားမှာ စီးကရက်ဗူးတစ်ဗူးကို တွေ့လိုက်ရသည်။

ချန်းရော့ယွီ မုန့်ကု ဆေးလိပ်သောက်တာကို တစ်ကြိမ်ပဲ မြင်ဖူးသည်။ အဲဒီအချိန်တုန်းက သူမ အိမ်ကို ဖုန်းခေါ်နိုင်ဖို့ ကားထဲမှာ တစ်ယောက်တည်း ထားခဲ့ပြီး ဆေးလိပ်တစ်ဗူး သွားဝယ်မယ်လို့ ပြောခဲ့တာဖြစ်၏။ မုန့်ကုက ဆေးလိပ်စွဲနေတဲ့သူ မဟုတ်ဘူးလို့ သူမ ထင်ခဲ့ပေမဲ့ ရံဖန်ရံခါ ဆေးလိပ်သောက်တာကလည်း ကျန်းမာရေးအတွက် မကောင်းပေ။ သူမ စီးကရက်တွေကို မူလနေရာမှာ ပြန်ထားလိုက်ပြီး အမြီးနားတောင် မကျန်တော့တဲ့ တစ်ရှူးဗူးကို ကြည့်လိုက်သည်။ နောက်ဗူးတစ်ဗူး ထပ်ဝယ်ဖို့ သူ မှတ်မိပါ့မလားလို့ သူမ တွေးမိသွား၏။အကယ်၍ သူ တစ်ရှူးသုံးဖို့ လိုအပ်လာရင် အဆင်မပြေနိုင်ချေ။

သူမ တွေးနေတုန်းမှာပဲ ရုတ်တရက် တစ်စုံတစ်ယောက်က ကားတံခါးဖွင့်ထားတဲ့ ဘေးနားမှာ ရပ်နေ၏။ ချန်းရော့ယွီ တုန်လှုပ်သွားပြီး သူမ ခေါင်းလှည့်ကြည့်လိုက်တော့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

“အစ်မ၊ ကားကို နည်းနည်း ရှေ့ရွှေ့ပေးလို့ရမလား။ ကျွန်တော့်ကား ထွက်လို့မရလို့။”

“အာ…”

ချန်းရော့ယွီ ရှက်သွားပြီး ပြန်ဖြေလိုက်တယ်။

“ကျွန်မ ကားမမောင်းတတ်ဘူး။”

အဲဒီလူလည်း ရှက်သွားပြီး အံ့သြသွားတယ်။

“ဒါ အစ်မကား မဟုတ်ဘူးလား။”

“ဒါက ကျွန်မသူငယ်ချင်းရဲ့ ကားပါ။ ကျွန်မ ပစ္စည်းယူနေတာ”

သူမ ပြန်ဖြေရင်း ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ တကယ်တော့ သူမ ကားမောင်းသင်ယူခဲ့ဖူးပေမဲ့ ကားမမောင်းဖူးဘူး‌ပေ။လမ်းမပေါ်မှာတောင် ကားမမောင်းဖူးသေးချေ။

“ညာဘက်က စက်နှိုးခလုတ်လား”

သူမ တကယ့်ကို မမှတ်မိတော့ဘူး။

အဲဒီလူရဲ့ မျက်နှာမှာ အနက်ရောင်လိုင်းတွေ ပြည့်နှက်သွားသည်။

“ဟုတ်တယ်၊ ကျွန်တော်သိတယ်။ အစ်မ ကားမမောင်းတတ်ဘူးဆိုတော့ အဲဒါကို မထိပါနဲ့တော့။ ရွှေ့စရာမလိုပါဘူး။”

“အော်”

သူမ ခေါင်းညိတ်လိုက်တယ်။ ကိစ္စမရှိဘူး၊ သူသိရင်ပြီးတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ရွှေ့ဖို့ ရည်ရွယ်ချက် မရှိဘူး။ သော့တောင် မထိုးထားသေးတာ... ဒါကို ထိမိရင် ဘာထူးမှာလဲ။

“ဒါဆို… အစ်မ၊ ကျွန်တော် ကားထဲဝင်ပြီး ရှေ့ကို နည်းနည်းရွှေ့လို့ရမလား”

အဲဒီလူက သူမကို မေးလိုက်သည်။

“မရပါဘူး။ ရှင် ကားကို မောင်းသွားရင် ကျွန်မ ဘယ်သူ့ကို ရှာရမလဲ”

အဲဒီလူက ချန်းရော့ယွီရဲ့ သတိထားမှုက ဒီလောက် မြင့်မားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူမရဲ့စကားတွေကြောင့် သူ ဒေါသထွက်သင့်လား၊ ရယ်သင့်လား မသိတော့ဘဲ သူမကို စိုက်ကြည့်နေတုန်း သူမကလည်း သူ့ကို ပြန်စိုက်ကြည့်နေလိုက်တယ်။

ခဏအကြာမှာ အဲဒီလူက ပြောလိုက်၏။

“ကောင်းပြီ၊ တခြားနည်းလမ်း စဉ်းစားကြည့်ပါဦးမယ်။”

သူမ ခေါင်းညိတ်လိုက်တယ်… သူ တခြားနည်းလမ်း စဉ်းစားသင့်တာ မှန်တယ်။

သူမ ထမင်းဘူးကို ကိုင်ပြီး ကားထဲက ထွက်လိုက်ကာ ကားတံခါးကို ပိတ်လိုက်သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ အဲဒီလူက သူ့နောက်က အဖြူရောင်ကားကို ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက ကားကို နောက်ပြန်ဆုတ်လို့ရမလားဆိုတာ စဉ်းစားနေပုံပင်။

ချန်းရော့ယွီ အဲဒီမှာ ရပ်ပြီး စောင့်ကြည့်နေတုန်းမှာပဲ သူ့နောက်က ကားပိုင်ရှင် ပေါ်လာပြီး နောက်က ကားထွက်သွားတော့မှ အဲဒီလူရဲ့ အဖြူရောင်ကားလည်း ထွက်သွားနိုင်တော့သည်။သူက ကားတံခါးဖွင့်ပြီး သူ့ကို ရပ်ကြည့်နေတဲ့ ချန်းရော့ယွီကို ကြည့်ပြီး ပြုံးပြလိုက်သည်

သူမလည်း နည်းနည်း ပြုံးပြလိုက်သည်။ တကယ်တော့ သူမ စိတ်ထဲမှာ နည်းနည်း ရှက်နေမိ၏။စောနတုန်းက သူ ဘာလုပ်နေလဲဆိုတာ သေချာမသိတာကြောင့် မုန့်ကုရဲ့ကားကို သူ့ကို မထိခိုင်းရဲခဲ့ပေ။ အခု သူ တကယ်ပဲ ပိတ်မိနေတာကို မြင်လိုက်ရတော့ သူမကိုယ်သူမ သေချာမစဉ်းစားတတ်ဘူးလို့ ခံစားလိုက်ရသည်။

ဒါပေမဲ့ ဒီလူရဲ့ စိတ်က တကယ်ကို ကောင်းတယ်။သူက သူမကို ဒေါသမထွက်တဲ့အပြင် အရမ်းယဉ်ကျေးစွာ နှုတ်ဆက်သွားသေးတယ်။ ချန်းရော့ယွီ သူ့ကား ထွက်သွားတာကို ကြည့်ပြီး သူမနဲ့ဆိုင်တဲ့ကိစ္စ ဘာမှမရှိတော့တာကြောင့် ထမင်းဘူးကို ကိုင်ကာ သူမအိမ်ဆီ လျှောက်သွားသည်။

သူမ ခြေလှမ်းအနည်းငယ် လှမ်းအပြီးမှာပဲ အဲဒီလူငယ်လေးက လှမ်းခေါ်တာကို ကြားလိုက်ရသည်။

"အိုင်း.......အဲ့ဒီ"

ချန်းရော့ယွီ နောက်လှည့်ကြည့်လိုက်တော့ သူက ကားပြတင်းပေါက်ကနေ ခေါင်းပြူပြီး သူမကို လှမ်းအော်နေတာ တွေ့လိုက်ရသည်။

"ကျွန်တော် အစ်မကို ရင်းနှီးသလို ခံစားရတယ်။ ကားမတော်တဆမှုတုန်းက သတိလစ်နေခဲ့တဲ့သူ မဟုတ်လား"

သူမ မျက်လုံးတွေ အံ့သြစွာ ပြူးသွားပြီး ဒီတစ်ခါတော့ သူမလည်း ဒီလူကို ရင်းနှီးသလို ခံစားလိုက်ရတယ်။

"ရှေးဦးသူနာပြုအိတ်… ကားနောက်ခန်း… ကားသော့…"

သူက ပြုံးပြီး သူမကို အရိပ်အမြွက်ပြလိုက်သည်။

"အာ… ရှင်ပဲ!"

"မှန်တယ်"

သူက ရယ်လိုက်တယ်။

"တိုက်ဆိုင်လိုက်တာ။ အစ်မ ဒီရပ်ကွက်မှာ နေတာလား။ ကျွန်တော် အရင်က မမြင်ဖူးဘူး။ အိုင်းယာ… ကျွန်တော် အလုပ်နောက်ကျတော့မယ်။ ကျွန်တော် သွားတော့မယ်… Bye!"

သူက လက်လှမ်းပြပြီး ကားမောင်းထွက်သွားသည်။

ချန်းရော့ယွီ အရမ်းရှက်သွားတယ်။ ခုနကမှ သူမက အရမ်းကို ကလိမ်ကကျစ်နိုင်ပြီး စက်ဆုပ်ဖွယ်ကောင်းအောင် ပြုမူခဲ့တာ။ မမျှော်လင့်ဘဲ သူက သူမကို ကူညီခဲ့ဖူးတဲ့ စိတ်အားထက်သန်တဲ့ လမ်းသွားလမ်းလာဖြစ်နေတယ်။ သူမက သူ့ကို ဒီလိုရိုင်းစိုင်းတဲ့ အမူအရာနဲ့ ပြန်ဆပ်မိခဲ့တယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်က တိုက်ဆိုင်မှုတစ်ခုပဲဖြစ်တာကြောင့် ချန်းရော့ယွီက နှစ်ခါ ပြန်မတွေးတော့ပေ။ သူမက အိမ်ပြန်ပြီး အနံ့ဆိုးတွေထွက်နေတဲ့ လက်ကျန်ကြက်ခြေထောက်နှစ်ချောင်းကို လွှင့်ပစ်ကာ ထမင်းဘူးကို ဆေးကြောပြီး အဲ့ဒီနောက် အလုပ်သွားသည်။

မနက်ခင်းတစ်လျှောက်လုံး ချနရော့ယွီ အလုပ်ကို အာရုံမစိုက်နိုင်ခဲ့ပေ။ မုန့်ကုလည်း သူမကို ဖုန်းမခေါ်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ညနေကျရင် တွေ့ရမှာဆိုတော့ သူမမှာလည်း အရေးကြီးတဲ့ကိစ္စ မရှိတာကြောင့် သူ့ကို ဖုန်းမခေါ်တော့ဘူး၊သူ အလုပ်လုပ်နေတုန်းလည်း နှောင့်ယှက်ချင်စိတ် မရှိတာကြောင့်ဖြစ်သည်။

အလုပ်လုပ်နေရင်းနဲ့တောင် သူမအတွေးတွေက လွင့်မျောနေပြီး သူ့အတွက် တစ်ခုခု လုပ်ပေးချင်စိတ် ဖြစ်နေသည်။ ပြီးခဲ့တဲ့တစ်ခါက ကြက်ခြေထောက်ပေါင်းပေးတာ နည်းနည်းတော့ ဆိုးတယ်လို့ ဆိုနိုင်ပေမဲ့ နောက်ဆုံးတော့ သူ စားလိုက်ရတာ မဟုတ်ပေ။ သူမ သူ့အတွက် ဝက်ပုခုံးသားပေါင်း ချက်ပေးဖို့ စဉ်းစားလိုက်သည်။ရင်းဇယ်ရဲ့စုဝေးပွဲမှာ စားနေတုန်းက သူ အသားစားတာ ကြိုက်တယ်ဆိုတာကို သူမ သတိထားမိခဲ့သည်။

သူမက ဆုံးဖြတ်ချက်ချပြီးတာနဲ့ နေ့လယ်ပိုင်း အမြန်ရောက်လာဖို့ မျှော်လင့်နေသည်။ နေ့လယ်အလုပ်ပြီးတာနဲ့ ချန်းရော့ယွီက အပြင်ကို အမြန်ပြေးထွက်သွားသည်။ သူမရဲ့မန်နေဂျာကိုလည်း နေ့လယ်ပိုင်းမှာ သူမ ဖောက်သည်နဲ့ တွေ့ဖို့သွားပြီး နောက်ကျမှ ပြန်လာမယ်လို့ ကြိုပြောထားခဲ့လိုက်၏။

သူမ ဈေးကို အလျင်အမြန်သွားပြီး လတ်ဆတ်ပြီး ဝက်ပုခုံးသားကြီးကို ရွေးလိုက်သည်။ပြီးနောက်မှာတော့ သူမ တစ်ရှူးတစ်ဘူး ဝယ်လိုက်သည်။သူမက ခဏစဉ်းစားပြီးမှ ပီကေတစ်ထုပ်လည်း ဝယ်ဖို့ ဆုံးဖြတ်လိုက်၏။ သူ့စီးကရက်ဗူးဘေးမှာ ပီကေကို ထားပေးဖို့ သူမ စီစဉ်ထားသည်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ သူ ဆေးလိပ်သောက်ချင်တဲ့အခါ အဲဒီအစား ပီကေ ဝါးပြီး ဆေးလိပ်လျှော့သောက်နိုင်ဖို့ပင်။

ဒါကို စိတ်ထဲမှာ မှတ်ထားပြီး သူမ သကြားလုံးဆိုင်ဘေးကနေ လမ်းလျှောက်သွားတော့ သူမ အကြိုက်ဆုံး ဒူးရင်းသီး သကြားလုံးကို ဝယ်ဖို့ တုံ့ဆိုင်းနေမိတယ်။ ပိုက်ဆံချွေတာဖို့နဲ့ ဒီလောက်အများကြီး မသုံးဖို့ သူမ ဆုံးဖြတ်လိုက်တယ်။

ပစ္စည်းအားလုံး ဝယ်ပြီးတာနဲ့ သူမက ဝက်ပုခုံးသားပေါင်းဖို့ အိမ်ကို အမြန်ပြန်လာခဲ့သည်။ မီးဖိုပေါ်မှာ ပေါင်းထားတဲ့ အသားတွေက မွှေးရနံ့တွေ ထွက်နေတဲ့အချိန်မှာပဲ သူမက ဘေးမှာ ခေါက်ဆွဲနဲ့ ကြက်ဥပါတဲ့ ပန်းကန်လုံးကို ကိုင်ပြီး အရသာရှိရှိ စားနေကာ အရမ်းပျော်နေသည်။

ညဘက်၊ အလုပ်ပြီးတဲ့အခါ မုန့်ကု ထပ်နောက်ကျပြန်၏။

ဒီလိုမျိုး အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးတဲ့ ချန်းရော့ယွီက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသားမို့ ဂရုမစိုက်တော့ပေ။

ဒီညမှာတော့ သူမ ပျော်ရွှင်စရာ အချိန်ကောင်းတစ်ခု ရခဲ့သည်။ မုန့်ကုက သူမကို Steak ညစာ ကျွေးပြီးတော့ သူမရဲ့ သိလိုစိတ်ကိုလည်း ဖြည့်ဆည်းပေးကာ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေကို ပြောပြခဲ့သည်။။ သူ့ရဲ့ နောက်ဆုံးရည်းစားဟောင်း နှစ်ယောက်ထဲက တစ်ယောက်ကို သူက လိုက်ခဲ့တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့နောက်ကို လိုက်ခဲ့တာဖြစ်သည်။။ မိသားစုရဲ့ လူမှုအဆင့်အတန်းက သူ့မိသားစုနဲ့ ဆင်တူတဲ့ မိန်းကလေး နှစ်ယောက်လုံးက နူးညံ့ပြီး ပွင့်လင်းရိုးသားကြသည်။

ချန်းရော့ယွီရဲ့အမြင်အရဆိုရင် အဲဒီအချိန်တုန်းက မုန့်ကုက သူ့ကို "ကျွန်မတို့ မိသားစုချင်း ကွာခြားမှု အရမ်းကြီးလွန်းတယ်၊ အတူတူနေရင်တောင် ဆက်ဆံရေးက ကြာရှည်ခံမှာမဟုတ်ဘူး" လို့ ခေါင်းမာမာနဲ့ ပြောမယ့် တခြားမိန်းမတစ်ယောက်နဲ့ တွေ့ဖို့ကို ကြောက်နေတုန်းပဲဖြစ်ရမယ်။

သူ့မိသားစုနဲ့ လူမှုအဆင့်အတန်း တူညီတဲ့ မိသားစုက လာရင်တောင် ဘာထူးမှာလဲ။ တစ်နှစ်ခွဲလား။ လေးလလား။ ဆက်ဆံရေးကို ထိန်းထားနိုင်တဲ့အချိန်က ပိုတောင် တိုတောင်းနိုင်သေးတယ်။

ရုတ်တရက် ချန်းရော့ယွီ အရက်ထပ်သောက်ချင်လာပေမဲ့ မုန့်ကုက ငြင်းလိုက်သည်။ သူမ မူးသွားရင် အကျယ်ကြီး သီချင်းဆိုပြီး စကားတွေ အကျယ်ကြီးပြောမှာကို သူကြောက်တယ်လို့ ပြောလေသည်။

စားသောက်ဆိုင်က ဂုဏ်ရှိန်မြင့်တဲ့နေရာဖြစ်လို့ သူက သူမ ရှက်ရမှာကို စိုးရိမ်နေ၏။

သူမ ရယ်လိုက်တယ်။ သူ သူ့ရဲ့ အဆိပ်ပြင်းတဲ့စကားလုံးတွေကို စသုံးနေပြီ၊ ဒါပေမဲ့ သူမကတော့ အရမ်းရယ်စရာကောင်းတယ်လို့ ခံစားရတယ်။

စားသောက်ဆိုင်က ထွက်လာပြီးတဲ့နောက် သူမ တကယ်ပဲ သူ့အတွက် သီချင်းဆိုပြလိုက်တယ်။

"ကျီလီ ကွားလာ၊ ကွာလာ ကျီလီ… ကျီလီ ကွားလာ၊ ကွာလာ ကျီလီ…'

(ဒီအပိုင်းက သီချင်းတစ်ပုဒ်ဖြစ်သင့်ပေမဲ့ စကားလုံးတွေမှာ အဓိပ္ပာယ်မရှိပါဘူး။ အဓိပ္ပာယ်ကတော့ ချန်းရော့ယွီက မုန့်ကုကို ဒေါသထွက်အောင် ဒီလိုပုံစံနဲ့ သီချင်းဆိုတာလို့ ယူဆရပါတယ်။)

“ချန်းရော့ယွီ၊ မင်း ငါနဲ့ နည်းနည်းဝေးဝေးမှာနေ။ တခြားသူတွေ ငါ မင်းကို သိတယ်လို့ မထင်စေနဲ့”

သူမ ရယ်လိုက်ပြီး သူ့လက်ကို အတင်းဆွဲကိုင်လိုက်သည် သူက သူမလက်ကို ပုတ်ထုတ်ပြီး ခြေလှမ်းနှစ်လှမ်း ပိုမြန်မြန် လျှောက်သွားသည်။ သူမက ပြေးလိုက်ပြီးတော့ သူ့လက်ကို ထပ်ဆွဲကာ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ပြီးတော့ ရုတ်တရက် သီချင်းတစ်ပုဒ်ကို သတိရသွားပြီး အရမ်းဆိုချင်စိတ်ဖြစ်လာပြီး ဒီတစ်ခါတော့ သူမ သီချင်းကို အလေးအနက် ဆိုလိုက်သည်။

'ငါ နင့်ကို မချစ်ဘူးဆိုရင်၊ ဘယ်လိုလုပ် စိတ်မသက်မသာ ဖြစ်ရမှာလဲ.....

အဓိပ္ပာယ်မရှိတဲ့ နေ့ရက်တိုင်းမှာ ငါ နင့်ကို လွမ်းတယ်.... လွမ်းတယ်....အရမ်းပဲ လွမ်းတယ်

အချစ်ဆိုတာ ညှဉ်းပန်းနှိပ်စက်တဲ့အရာတစ်ခုဖြစ်ပေမဲ့၊ စွန့်လွှတ်ဖို့လည်း သည်းမခံနိုင်စရာတစ်ခုပဲ

ငါ့နာမည် နင့်ရင်ထဲမှာ ရှိမရှိ ဆက်ပြီး စိတ်ကူးနဲ့ ခန့်မှန်းနေမိတယ

နင် ငါ့ကို မချစ်ဘူးဆိုရင်၊ ဘယ်လိုလုပ် အလိုလို သက်ပြင်းချမိမှာလဲ

နင့်ကို ချစ်တယ်..... ချစ်တယ်၊ ချစ်တာမှာ မပြည့်စုံတဲ့ ခံစားချက်တစ်ခုရှိနေတယ်'

သူမက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့ကို မျက်စောင်းထိုးလိုက်တယ်။

“အိပ်မက်မက်နေလိုက်!"

ရုတ်တရက် သူမ သူ့လက်ကို လှုပ်လိုက်သည်။

“ဒေါက်တာမုန့်၊ တကယ်လို့ အဲဒီအမျိုးသမီးက ရှင့်ဆီ နောက်တစ်ခါ လာပြီး ပြန်ပေါင်းဖို့ တောင်းဆိုရင် ရှင် သူ(မ)ကို ‘အိပ်မက်မက်‌နေလိုက်’ လို့ ပြောရမယ်နော်။ ဒီလိုလုပ်ရင် ရှင့်ရဲ့ ဒေါသတွေကို ဖောက်ထုတ်နိုင်တယ်”

သူက ခဏလောက် သူမကို ကြည့်နေပြီး ရုတ်တရက် သူမရဲ့ ခေါင်းကို တစ်ချက် ခေါက်လိုက်သည်။

သူမ နှုတ်ခမ်းကို မဲ့လိုက်ပြီး ခေါင်းကို ပွတ်လိုက်တယ်။

“ရှင် သူ(မ)ကို လက်လွှတ်ရမှာ စိုးရိမ်နေရင်တောင် ကျွန်မခေါင်းကို မခေါက်သင့်ဘူး။ ဒေါက်တာမုန့် ကျွန်မ ရှင့်ကို အလေးအနက် ပြောနေတာ။ ရှင်က စိတ်တိုတတ်တယ်၊ စကားပြောရင် အဆိပ်ပြင်းတယ်၊ ပြီးတော့ စိတ်မရှည်ဘူးဆိုပေမဲ့ ရှင့်ရဲ့ ချစ်သူဖြစ်တာထက် ရှင့်လူနာဖြစ်တာက ပိုကောင်းတယ်။ ဒါပေမဲ့ ရှင်နဲ့သင့်တော်တဲ့ တစ်ယောက်ယောက်ကိုတော့ သေချာပေါက် တွေ့မှာပါ။”

“မင်းက ဘယ်လို နှစ်သိမ့်ပေးရမယ်ဆိုတာ တကယ်သိတာပဲ။ မင်းရဲ့ ချီးကျူးစကားတွေက အရမ်းကောင်းလွန်းလို့ ငါ စိတ်ဓာတ်ကျတယ်။”

ချန်းရော့ယွီက ရယ်လိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ပုတ်လိုက်တယ်။

“ရှင်လည်း ရင်းဇယ်လို ရင်ဘတ်ကို ဖိပြီး ဟန်ဆောင်ချင်တာလား။”

“မဟုတ်ဘူး၊ အဲလိုပုံစံက အရမ်း နိမ့်ကျတယ်။ ငါက အဆင့်မြင့်နည်းလမ်းကိုပဲ သွားတာ”

သူ သူမ အရင်ပြောခဲ့တာကို ပြန်ပြောတော့ သူမ ရယ်မောမိသွားသည်။

သူတို့နှစ်ယောက် ချန်းရော့ယွီရဲ့ အိမ်ကို ရောက်တဲ့အခါ သူမ ကားပေါ်ကဆင်းပြီး သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမ အဆောက်အအုံအဝင်ကို ရောက်တော့ ရုတ်တရက် အမှတ်ရပြီး စိတ်ပူစွာဖြင့် ကားဆီ ပြန်ပြေးသွားပြီး သူ့ပြတင်းပေါက်ကို ခေါက်လိုက်သည်။

မုန့်ကုက ပြတင်းပေါက်ကို အောက်ချလိုက်ပြီး မျက်မှောင်ကြုတ်‌နေကာ သူ့လက်ထဲမှာ ပီကေထုပ် ရှိနေသည်။ ချန်းရော့ယွီက သူ့ကားထဲမှာ လျှို့ဝှက် ပစ္စည်းတွေ ထည့်ထားခဲ့တာကို သူအခုမှ ရှာတွေ့တာ ဖြစ်နိုင်တယ်။

ချန်းရော့ယွီ အလျင်အမြန် ပြောလိုက်တယ်။

“ဒေါက်တာမုန့် ရှင် ဒါရိုက်တာလျိုရဲ့ မှတ်စု ပေးဖို့ ထပ်မေ့နေတယ်။”

မုန့်ကုက သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သိုလှောင်ခန်းကို ဖွင့်လိုက်သည်။ အတွင်းကနေ လုပ်ငန်းသုံးကဒ်ထည့်တဲ့ folder တစ်ခုကို ထုတ်ယူပြီး မှတ်စုကို ဆွဲထုတ်လိုက်သည်။ ပြီးတော့ သူက ပီကေထုပ်ကို လှုပ်ယမ်းပြီး မေးခွန်းထုတ်တဲ့ အမူအရာနဲ့ သူမကို ကြည့်လာသည်။

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရုတ်တရက် ရှက်သွားတယ်။သူမ ထမင်းဘူးကို ဟင်းပွဲအသစ်နဲ့ လဲခဲ့တာကိုရော၊ တစ်ရှူးဗူးကိုလည်း အသစ်လဲခဲ့တာကိုရော သူ့ကို မပြောရဲဘူး။ သူက သူမကို လူတိုင်းရဲ့ကိစ္စ ဝင်ပါတတ်တဲ့သူလို့ အပြစ်တင်မှာလား?

“အာ… အဲဒါ… ဒေါက်တာမုန့်၊ နောက်ကျနေပြီဆိုတော့ သွားပြီနော်!”

သူမ ခိုးထွက်သွားချင်တယ်။

“ချန်းရော့ယွီ!”

သူမ အဝင်ဝကို ပြေးသွားတုန်း လမ်းမှာ တားဆီးခံလိုက်ရသည်။

“မင်းပြောချင်တာက ငါ ဆေးလိပ်သောက်ရင် ငါ့ပါးစပ်က နံတယ်ပေါ့”

“မဟုတ်… မဟုတ်ပါဘူး!”

ကျွန်မကို မမှန်မကန် စွပ်စွဲနေတာ… အရှင်မင်းကြီး!

“ငါ ဆေးလိပ်သိပ်မသောက်ဘူး။”

သူမ ခေါင်းညိတ်လိုက်တယ်။… သိပါတယ်၊ သိတယ်။ သူမသာ သိခဲ့ရင် ဝယ်ခဲ့မှာမဟုတ်ဘူး။

“ငါ မနံဘူး။”

“ကျွန်မ ပြောချင်တာ အဲ့လိုမဟုတ်ဘူး။ လုံးဝမဟုတ်ဘူး!”

သူမ လက်ဝှေ့ယမ်းပြီး စိုးရိမ်စိတ်ဖြစ်သွားတယ်။ သူက အရှက်ရတယ်လို့ ခံစားသွားတာလား။ ပီကေတစ်ထုပ်လေးပဲကို၊ ဒီလောက်တောင် အရေးကြီးတာလား။ သူမ သူ့ကို ဘယ်လို ရှင်းပြရမလဲ။

“ကျွန်မ ပြောချင်တာက တကယ် အဲဒါမဟုတ်ဘူး။ ဒေါက်တာမုန့်ကို ကျွန်မ နမ်းစရာမလိုဘူး၊ ဒါကြောင့် ဒီလိုအတွေးလည်း မရှိဘူး။”

သူမ စကားပြောပြီးတာနဲ့ မျက်လုံးထဲမှာ အမှောင်ရိပ်တစ်ခု ပျက်ပြယ်သွားတယ်။သူမ မေးစေ့ကို အတင်းဆွဲကိုင်ခံလိုက်ရပြီး နှုတ်ခမ်းတွေ တင်းကျပ်သွားသလို ခံစားရပြီး နူးညံ့တဲ့ ထိတွေ့မှုက သူမရဲ့ ဦးနှောက်ထဲကို 'ဘန်း' ဆိုတဲ့အသံနဲ့အတူ လွင့်ဝင်သွားတယ်။

“ငါ မနံဘူးဆိုတာ သက်သေပြမယ်။”

ချန်းရော့ယွီရဲ့စိတ်က လုံးဝ ဗလာဖြစ်သွားပြီး ဘယ်လိုပြန်တုံ့ပြန်ရမှန်း မသိတော့ပေ။ ပြီးတော့ သူမက မိုက်မဲစွာပဲ ပြန်ဖြေလိုက်တယ်။

“ကျွန်မ ပြန်ရမယ်”

ပြီးတော့ သူမ လှည့်ပြီး ထွက်သွားလိုက်သည်။ ဓာတ်လှေကားကို ရောက်တော့ ခဏလောက် ရပ်နေပြီးမှ ရုတ်တရက် သတိပြန်ဝင်လာတယ်။

တောက်! သူ သူမကို အခွင့်ကောင်းယူသွားတာပဲ!

အဲဒီ လူသေ! အဲဒီ လူသေ တိုင်ရန်နိုဆော! သူ မနံဘူးဆိုတာ သက်သေပြဖို့အတွက် အဲလိုလုပ်ခဲ့တာ!

တကယ် အနိုင်ကျင့်တဲ့သူ!

သူမ ဒေါသတကြီး ပြေးထွက်သွားတော့ မုန့်ကုက မထွက်သွားသေးတာကို တွေ့လိုက်ရသည်။ သူက ကားကို မှီပြီး အတွေးထဲ နစ်မြောနေ၏။

သူမ သူ့ဆီ ပြေးသွားပြီး သူ့ကို ကားနဲ့ တွန်းကပ်လိုက်ကာ သူ့နှုတ်ခမ်းကို အားနဲ့ နမ်းပစ်လိုက်တယ်။

"သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ!”

သူမ တကယ်ပဲ သွားတွေကို သုံးလိုက်တယ်! သူမရဲ့ သွားတွေက သူ့နှုတ်ခမ်းက အရေပြားကို ဖောက်သွားတယ်။

သွေးတွေထွက်နေတယ်!

သတ်ဖြတ်မလို ဒေါသထွက်နေတဲ့ ချန်းရော့ယွီက ဒီလိုအကျိုးရလဒ်မျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။ သူမ ကြောက်လန့်သွားပြီး လှည့်ကာ အဆောက်အအုံထဲကို ပြန်ပြေးဝင်သွားလိုက်သည်။

သူမ အသက်ရှူတောင်မရှူနိုင်ဘဲ လှေကားကနေ ပြေးတက်ပြီး အိမ်ထဲကို ဝင်သွားတော့သည်။

Translator Xiao Peng 🦋

All Chapters