← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

ဒွိဟချစ်သံယောဇဉ်:

Chapter 35- ချီယောင်ရဲ့ရောက်ရှိလာမှု

ချန်းရော့ယွီစိတ်ထဲ ဒေါသဖြင့် လောင်ကျွမ်းနေသည်။

သူမရဲ့ "လာမယ်" ဆိုတဲ့အဖြေက ပြင်းထန်ပြီး လေးနက်နေခဲ့၏။သူမ သွားပြီးတော့ သူ့မျက်နှာကိုသာ ပိတ်ရိုက်ပစ်ချင်တော့တယ်။သူမရဲ့ ထမင်းဘူးနဲ့အဲ့ဒီဝက်ပုခုံးသားပေါင်းကို ပြန်သွားယူရမယ်။

သူမက သူ့ကို စားခွင့်လည်းပြုမှာမဟုတ်သလို အနံ့လည်း ပေးရှူခိုင်းမှာ မဟုတ်ဘူး!

ကောင်းမွန်တဲ့ဆက်ဆံမှုကို မခံစားသင့်တဲ့လူတွေရှိပြီး မစ္စတာတိုင်ရန်နိုဆောရပ်စ်က သက်ရှိဉပမာပင်။

သူက သူမကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ရုံမကဘဲ အခွင့်အရေးပါ ယူသွားသေးတယ်.....

ပြီးတော့ သူမ သူ့ကို ကောင်းကောင်းဆက်ဆံတဲ့အချိန်မှာ အခွင့်အရေးဆုပ်ကိုင်ပြီး သူမကို အနိုင်ကျင့်သွားတာ!!သူမက ဉာဏ်မကောင်းဘူးဆိုတာ မှန်ပေမယ့် တကယ်ပဲ တုံးအတယ်လို့ သူက ထင်နေတာလား?

သူမ ဘတ်စ်ကားပေါ်တက်ပြီး မုန့်ကု သူမဆီ ပို့ပေးလာခဲ့တဲ့ လိပ်စာဆီသို့ ဦးတည်သွားသည်။ဘတ်စ်ကားနဲ့သွားနေရင်းလမ်းမှာ ရုတ်တရက် သူမရဲ့သွေးကြောတွေ ပိတ်ဆို့ခံထားရတာကနေ ပွင့်သွားသလို စိတ်တွေ ကြည်လင်နေပြီး ပိုပြီးသတိရှိကာ ဉာဏ်ကောင်းနေသည်။

သူမက တုံးအတယ်....ဒါပေါ့ အဲ့ဒီလူလည်း တုံးအတာပဲ ဒါပေမဲ့ သူ တကယ် မတုံးအဘူးဆိုတာ သူမ သေချာသိတယ်။

သူက တမင်တကာ သူမကို စနောက်ခဲ့တာ။သူမက စိတ်တွေရှုပ်ပြီး စိတ်ဖိစီးလာခဲ့ပြီး အဲ့ဒါ‌ကြောင့် ထုံထိုင်းသွားကာ ကိစ္စတွေကို သေချာမစဉ်းစားနိုင်ခဲ့တာပင်။တကယ်တော့ အားလုံးက သူ့အမှားတွေပဲ။သူ ထိခိုက်သွားရင်တောင်မှ တကယ်ပဲ အဲ့ဒါနဲ့ ထိုက်တန်တယ်!!

သူမ စဉ်းစားလေလေ ဒေါသထွက်လာလေလေပဲ။သူမရဲ့ပစ္စည်းတွေပြန်ယူပြီးသွားတဲ့အခါကျရင် သူ သူ့အမှားကို သဘောပေါက်တဲ့အထိ သူမ သူ့ကိုတစ်လလောက် လျစ်လျှူရှုထားမယ်လို့ ဆုံးဖြတ်လိုက်သည်။သူ သူမကို တောင်းပန်လာမှာကို စောင့်ပြီးတော့ သူမ သူနဲ့ ပြန်ပြီးမပြေလည်ခင် သူမကိုထပ်ပြီးတော့ စနောက်ကျီစယ်တာ မလုပ်ဖို့ သူ့ဆီက ကတိတောင်းရမယ်။

သူမရဲ့ ခန့်ညားတဲ့အပြုအမူကို ပြသဖို့လိုအပ်ပြီး သူမရဲ့စည်းမျဉ်း‌တွေ ပြသရန် လိုအပ်သည်။သူမက ဆက်ပြီးတော့ အားနည်းတဲ့ပုံပေါက်မှာ မဟုတ်တော့ပေ။

ချန်းရော့ယွီသည် မုန့်ကုရဲ့အိမ်သို့ အမြန်ပဲသွားလိုက်သည်။၎င်းက သူ့ဆေးရုံကနေ သိပ်မဝေးတဲ့ အဆင့်မြင့်တိုက်ခန်းတစ်ခုဖြစ်ပြီး သန့်ရှင်းလှပ၏။

သူမ ဘေးပတ်ဝန်းကျင်ကို ရှုစားဖို့ စိတ်မဝင်စားဘဲ မုန့်ကုရဲ့တိုက်ခန်းအဆောက်အအုံကိုတွေ့တာနဲ့ ဓာတ်လှေကားကို တက်သွားလိုက်သည်။

သူမ ဓာတ်လှေကားထဲကနေ ထွက်လာတဲ့အချိန်မှာပဲ မုန့်ကုရဲ့အသံကို ကြားလိုက်ရသည်။ဒီတစ်ကြိမ်တော့ သူ့တိုက်ခန်းကို ရှာစရာမလိုဘဲနဲ့တောင် သူ့အသံနောက်ကိုလိုက်ပြီးတော့ သူ့ကို ရှာတွေ့နိုင်သည်။

သူမ ရှေ့တိုးသွားတဲ့အချိန်မှာပဲ မုန့်ကုအသံကို ကြားလိုက်ရသည်။

"ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့...."

သူမ အံ့ဩသွားသည်။သူက ဘယ်သူ့ကို ဒီလိုလေသံမျိုးနဲ့ ပြောနေတာလဲ?

သူမခြေလှမ်းတွေကို မြန်လိုက်ပြီးတော့ မကြာခင်မှာပဲ မုန့်ကု၏တိုက်ခန်းတံခါးဆီ ရောက်သွားသည်။တံခါးက ပွင့်နေပြီးတော့ မုန့်ကုက အဲ့ဒီနေရာမှာ မိန်းကလေးတစ်ဦးနှင့်မတ်တပ်ရပ်နေသည်။

"ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့......"

ထိုစကားလုံးများကို မိန်းကလေးကို ထပ်ပြောလိုက်ပြန်၏။

"မုန့်ကု ကျွန်မ ငယ်သူငယ်ချင်းတွေနဲ့အတန်းဖော်ဟောင်းတွေနဲ့ ဆုံခဲ့တယ်။သူတို့ပြောတာ ရှင်......"

မိန်းကလေး စကားပြောလို့ မပြီးသေးခင်မှာပဲ မုန့်ကုက ဖြတ်ပြောလိုက်သည်။

"သူတို့ ဘာတွေပဲပြောပြော အဲ့ဒါ ငါ ပြောတာမဟုတ်ဘူး။ပြီးတော့ မင်း အချိန်အကြာကြီးပျောက်သွားပြီးတော့မှ သူတို့နဲ့ပြောတဲ့ အတင်းအဖျင်းတွေကိုလည်း ငါ စိတ်မဝင်စားဘူး"

သူ ဒါကိုပြောတဲ့အချိန် မော့ကြည့်လိုက်ပြီးတော့ ချန်းရော့ယွီကို တွေ့သွားသည်။အဲ့ဒီနောက် သူက ထပ်ပြောလိုက်၏။

"ငါ့သူငယ်ချင်းရောက်နေပြီ။မင်းကို ဖျော်ဖြေပေးဖို့ မသင့်တော်တော့ဘူး။ထွက်သွားလိုက်ပါတော့"

မိန်းကလေးက ဒါကိုကြားတဲ့အချိန် သူမခေါင်းကို လှည့်ကြည့်လိုက်၏။သူမတို့ မျက်လုံးချင်းဆုံသွားတဲ့အချိန် ချန်းရော့ယွီ သက်ပြင်းချမိသွားသည်။အဲ့ဒီမိန်းကလေးက အရမ်းလှပတယ်။

သူမရဲ့ပုံစံက အရပ်ရှည်ပြီး သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ တောက်ပတဲ့ အနက်ရောင်မျက်လုံးတွေရှိကာ အနက်ရောင်ဆံပင်ကောက်ကောက်များက သူမမျက်နှာကို ပုံဖော်ထားသည်။သူမက စတိုင်ကျပြီးတော့ သူမမှာ လုပ်နိုင်စွမ်းရှိပြီး အတွေ့အကြုံရှိတယ်ဆိုတဲ့ခံစားချက် ပေးစွမ်းသည်။

ချန်းရော့ယွီ ဘာကြောင့်မှန်းမသိပေမယ့် ဒီမိန်းကလေးက မုန့်ကုရဲ့ အချစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်ရနေသည်။သူမက ဒီမိန်းကလေးအကြောင်းကို မုန့်ကုနဲ့ ဟာသလုပ်ခဲ့ပေမယ့်လည်း အပြင်မှာ တကယ်မြင်လိုက်ရတော့ သူမစိတ််‌ထဲမှာ မဖော်ပြနိုင်တဲ့ခံစားချက်တစ်ခု ခံစားနေရ၏။

မိန်းကလေးက ချန်းရော့ယွီကို တွေ့တဲ့အခါ သူမကို အပေါ်အောက်တစ်ချက် ကြည့်လိုက်သည်။ရုတ်တရက် ထိုမိန်းကလေးက ပြုံးလိုက်ပြီးတော့ သဘောထားကြီးစွာနဲ့ လက်ဆန့်တန်းကာ ပြောလာခဲ့သည်။

"ဟယ်လို...ကျွန်မနာမည်က ချီယောင်ပါ။ကျွန်မက ဆေးကျောင်းတက်တုန်းက မုန့်ကုရဲ့အတန်းဖော်ဟောင်း ပြီးတော့.....သူငယ်ချင်းပါ"

သူမ(ချီယောင်)က 'သူငယ်ချင်း' ဆိုတဲ့စကားလုံးကို ဖော်ထုတ်ဖို့ တမင်တကာ ဖိပြီးတော့ ပြောလေသည်။

အဲ့တော့ သူမ(ချီယောင်)က တကယ်ပဲ ဒဏ္ဍာရီလာ အချစ်ဦးဖြစ်နေတာပဲ.......သူမက တကယ်လှပပြီးတော့ မာနကြီးတဲ့ပုံရိပ်လည်းရှိတယ်။

ချန်းရော့ယွီ ခေါင်းညိတ်၍ သူမနာမည် ပြောပြလိုက်သည်။

ချီယောင်သည် သူမ(ချန်းရော့ယွီ)ကို ကြည့်ကာ တစ်ချက်ပြုံးပြလိုက်၏။အဲ့ဒီနောက် မုန့်ကုကိုလှည့်ပြီးတော့ ပြောလိုက်သည်။

"သူတို့က ရှင့်မှာ ကောင်မလေးမရှိသေးဘူးလို့ ပြောတယ်"

မုန့်ကုက ချန်းရော့ယွီကို အဓိပ္ပာယ်ရှိတဲ့အကြည့်တစ်ချက် ကြည့်ပြီးတော့ ပြောလိုက်သည်။

"ငါ့မှာ ကောင်မလေးရှိ၊မရှိဆိုတာကို သူတို့ကို တင်ပြနေစရာ မလိုဘူး"

"သူတို့ကပြောသေးတယ်.....ရှင့်ရဲ့အရင်ကောင်မလေးနှစ်ယောက်က လုံးဝ ကျွန်မနဲ့ ကွဲပြားတယ်တဲ့"

တစ်ချိန်တည်းမှာပဲ ချီယောင်က ချန်းရော့ယွီကို တစ်ချက်ကြည့်လိုက်ပြီး အဲ့ဒါက အဓိပ္ပာယ်ပါတဲ့အကြည့်ပင်။

ချန်းရော့ယွီ နားထောင်လေ သူမစိတ်ထဲ ပိုပြီးတော့ ဒေါသထွက်လာလေပဲ။အသိသာကြီး သူမက အပြင်လူတစ်ယောက်ဖြစ်နေပေမယ့် ဒီလူနှစ်ယောက်က ဘာလို့ သူမကို သူတို့ကြားထဲ ဆွဲထည့်နေကြတာလဲ?

ဒီ 'ချီယောင်' သူမပြောတဲ့ စကားတိုင်းက 'သူတို့ကပြောတယ်'....'သူတို့ကပြောတယ်'နဲ့။မုန့်ကုက သူမကို ချစ်နေသေးတယ်ဆိုတာ လူတိုင်းဆီက အတည်ပြုချက်ရထားပြီးပြီလို့ သူမက ပြောချင်နေတာလား?ပြီးတော့ အခု သူမပြန်လာတော့ သူတို့က ရိုးရိုးရှင်းရှင်းပဲ သူတို့နှစ်ယောက်ရဲ့အချစ်ကို ပြန်ထွေးပွေ့ကြတော့မယ်ပေါ့လေ?ဒီလောက်အထိ စက်ဝိုင်းကြီးတစ်ခုလို ကွေ့ပတ်ပြောနေပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် မပြောဘူး....တကယ်စိတ်ရှုပ်စရာကောင်းတယ်။

"ငါ ပြောပြီးပြီ။သူတို့ဘာပဲပြောပြော ငါနဲ့မဆိုင်ဘူး..ပြီးတော့ ငါ ဘယ်လိုကောင်မလေးမျိုးထားလဲဆိုတာကလည်း မင်းနဲ့ ဘာမှမဆိုင်ဘူး။မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ် ဒါပေမဲ့ မင်း တကယ်ပဲ မင်းရဲ့တံပိုးကို မှုတ်စရာမလိုဘူး။ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့"

မုန့်ကုက စကားပြောနေရင်း ချန်းရော့ယွီကို သူ့တိုက်ခန်းထဲ ဆွဲခေါ်ကာ သူမကို သူ့ဘးနား ရပ်နေစေသည်။သူ့ရဲ့အပြုအမူတွေက ~မြင်လား..အခု ငါ့မှာကောင်မလေးရှိနေပြီ ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့~ဆိုပြီး ပြောနေတဲ့ပုံပင်။

ဒါက ချန်းရော့ယွီ "ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့" ဆိုတဲ့စကားကို မုန့်ကု ‌ပြောတာ ကြားရတာ သုံးကြိမ်မြောက်ဖြစ်ပေမယ့် ထင်ရှားစွာနဲ့ပဲ ချီယောင်က ထွက်သွားရန် ရည်ရွယ်ချက်မရှိချေ။သူမ(ချီယောင်)ပါးစပ်ကိုဖွင့်ပြီးတော့ တစ်ခုခု ပြောတော့မယ့်အချိန်မှာပဲ ချန်းရော့ယွီ အဲ့ဒါကိုဆက်ပြီး သည်းမခံနိုင်ဖြစ်လာ၏။

"မိန်းကလေးချီ ကျွန်မ ကြားဖြတ်ပြောရလို့ တောင်းပန်ပါတယ်။ရှင် 'အနာဂတ်မှာ နေ့ရက်တွေအများကြီးရှိတယ်' ဆိုတဲ့ စကားကို နားလည်လားမသိဘူး။အခု ဒီလိုအခြေအနေမျိုးအောက်မှာ ရှင် နောက်ထပ် ဆက်ပြောနေလည်း အပိုပဲ။သူ ဘယ်နေရာမှာနေလဲဆိုတာ ရှင် သိနေမှတော့ ရှင် နေ့တိုင်းလာပြီးတော့ သူ့ကို ကြိုစောင့်နေလို့ရတယ်လေ။ဒါပေမဲ့ အခု ကျွန်မ ဒီနေရာမှာရှိနေတယ်။ကျွန်မရှေ့မှာ ရှင့်ကိုယ်ရှင် ရည်းစားဟောင်း၊အတန်းဖော်ဟောင်းလို့ ဆက်တိုက်ရည်ညွှန်းနေတာက အရမ်းရိုင်းတယ်လို့ မခံစားမိဘူးလား?အခုက ညစာစားချိန်ရောက်နေပြီ ရှင် မစားချင်ရင်တောင် ကျွန်မက ဗိုက်ဆာနေပြီ။ရှင်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဆက်ပြီးဆွေးနွေးပြီး ရှင့်ခံစားချက်တွေကို ပြောချင်သေးတယ်ဆိုရင် ရှင် ကျေးဇူးပြုပြီး နောက်ထပ်တစ်ချိန်ကို စီစဉ်လိုက်လို့ရမလားဟင်?"

မုန့်ကုနဲ့ချီယောင်က သူမကို လှည့်ကြည့်လာကြသည်။သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေပေါ်မှာ အကျည်းတန်တဲ့အမူအရာတွေ ရှိနေကြ၏။

ချန်းရော့ယွီ သူတို့ကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း သူမစိတ်ထဲမှာတော့ ကျိန်ဆဲနေပြီ။

ကြည့်တယ်ပေါ့လေ?ဘာကြည့်စရာရှိလို့လဲ?သူမရဲ့ စိတ်ခံစားချက်ကလည်း အရမ်းမကောင်းနေတာကြောင့် ပြောလိုက်၏။

"ကျွန်မရဲ့အကြံပြုချက်က လုံလောက်အောင် မကောင်းလို့လား"

ချီယောင်က သူမနှုတ်ခမ်းကိုကိုက်၍ ချန်းရော့ယွီကို လျစ်လျှူရှုထားလေသည်။သူမက မုန့်ကုဘက်ကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။

"ကျွန်မ နောက်ပြီးကျမှ ရှင့်ကို ဖုန်းဆက်လိုက်မယ်"

"ဘာလို့ ဖုန်းဘေလ်တွေ ဖြုန်းတီးနေမှာလဲ" မုန့်ကုသည် အေးစက်စွာ ပြန်ပြောလိုက်၏။

ချီယောင်က ဘာမှမပြောဘဲ မုန့်ကုကို တိတ်တိတ်လေး ကြည့်လိုက်သည်။အဲ့ဒီနောက် ချန်းရော့ယွီကို ဘာမှမပြောဘဲ လှည့်ထွက်သွား၏။

သူ တံခါးကိုပိတ်ပြီးတာနဲ့ မုန့်ကုက ချန်းရော့ယွီကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

"~သူ ဘယ်နေရာမှာနေလဲဆိုတာ ရှင် သိနေမှတော့ ရှင် နေ့တိုင်းလာပြီးတော့ သူ့ကို ကြိုစောင့်နေလို့ရတယ်လေ~ဆိုတာက မင်း ဘာကိုဆိုလိုတာလဲ?ဘာလို့အဲ့လို တုံးအတဲ့စိတ်ကူးမျိုး အကြံပေးလိုက်တာလဲ"

ချန်းရော့ယွီ မျက်မှောင်ကြုတ်သွားသည်။သူမ သူ့ပါးစပ်ကို စိုက်ကြည့်လိုက်ပြီးတော့ သူ့နှုတ်ခမ်းပေါ်ကဒဏ်ရာဟာ အရမ်းထင်ရှားနေတာကို တွေ့ရသည်။ရုပ်ပျက်ဆင်းပျက်ပဲ.........

"ကျွန်မ အဲ့လိုအကြံမျိုးမပေးရင်တောင် သူ(မ)က ဒီကို သူ(မ)ဘာသာသူ မလာဘူးလို့ ရှင်က ထင်လို့လား?ကျွန်မ သူ(မ)ကို ဒီနေ့လာပါလို့ မပြောခဲ့ဘူးလေ။အဲ့ဒါဆို သူ(မ)က ဘာလို့ ဒီရောက်နေတာလဲ?အဲ့ဒါကြောင့် အနာဂတ်ကျရင် သူ(မ)တကယ် လာခဲ့ရင်တောင် ရှင်က ဆင်ခြင်ပြီးတော့ ဆန်းစစ်ရမယ်။ဒါ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး!"

မုန့်ကုရဲ့တွန့်ချိုးထားသောမျက်ခုံးများ ပို၍ တင်းကြပ်သွားသည်။

"ငါတို့နှစ်ယောက်ကြားမှာ တကယ် ဘာမှမရှိဘူး။ငါတို့ နောက်ဆုံးတစ်ခေါက်တွေ့တုန်းက သူ(မ)ကို ငါ့ဖုန်းနံပါတ်တောင် မပေးခဲ့ဘူး။သူ(မ)က ငါ့ဖုန်းနံပါတ်ကို အတန်းဖော်ဟောင်းတွေဆီက တောင်းပြီးတော့ သူ(မ)ဖုန်းဆက်တာ ငါမကိုင်တော့ ဒီကိုရောက်လာတာပဲ"

ချန်းရော့ယွီက ဒါတွေအားလုံးကို လုံးဝဂရုမစိုက်ဘဲ မေးလိုက်၏။

"သူ(မ)က ရှင့်ပါးစပ် ဘာလို့ဒဏ်ရာရထားတာလဲလို့ မမေးဘူးလား"

သူမလေသံက အနည်းငယ်ဆိုးဝါးနေပြီး မုန့်ကုရဲ့လေသံကလည်း ကောင်းမွန်နေတာ မဟုတ်ချေ။

"တကယ် နောင်တရစရာပဲ။သူ(မ) မမေးခဲ့ဘူး'

"အဲ့ဒါ တကယ် နောင်တရဖို့ကောင်းတယ်။ရှင် ကျွန်မကို စီစဉ်ပေးတဲ့နေရာက ဘာသက်ရောက်မှုမှ မရှိသွားဘူးလေ!'

နောက်ဆုံးမှာတော့ မုန့်ကု အဲ့ဒါကို သည်းမခံနိုင်တော့ဘဲ မေးလိုက်၏။

" မင်း ဘာလို့ ဒေါသထွက်နေတာလဲ"

ချန်းရော့ယွီ သူ့ကိုလျစ်လျှူရှုပြီးတော့ လှည့်ကာ မီးဖိုချောင်ထဲ ဝင်သွားသည်။သူမ ဟိုဟိုဒီဒီ ရှာကြည့်ပေမယ့် ဝက်ပုခုံးသားပေါင်းကို မတွေ့ချေ။အဲ့ဒီနောက် သူမ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ပြီး သူမရဲ့ဝက်ပုခုံးသားနဲ့ထမင်းဘူးက အထဲမှာရှိနေတာ ‌‌‌တွေ့လိုက်ရသည်။ရေခဲသေတ္တာထဲတွင် အခြားဟင်းများစွာလည်း ရှိနေသည်။

သူမရဲ့ထမင်းဘူးကို ထုတ်ယူပြီးတော့ လှည့်လိုက်တဲ့အချိန် မီးဖိုချောင်စင်ပေါ်က အိတ်တစ်လုံး တွေ့လိုက်ရသည်။တစ်ချက်မှ ဂရုစိုက်မနေဘဲ သူမက အိတ်ကိုယူကာ ထမင်းဘူးကို အိတ်ထဲထည့်လိုက်သည်။အဲ့ဒီနောက် ထွက်သွားဖို့ ပြင်လိုက်၏။

သူမ လှည့်လိုက်တဲ့အချိန် မုန့်ကုရဲ့မျက်နှာထက်က အံ့ဩမှုကို မြင်လိုက်ရသည်။သူက သူမရောက်ရှိလာတဲ့အကြောင်းရင်းက ထမင်းဘူးကို ယူသွားရုံသာဖြစ်လိမ့်မယ်လို့ မထင်မှတ်ထားချေ။

"ဒေါက်တာမုန့် ကျွန်မက ရှင့်ကို တကယ်ပဲ စိတ်ရင်းအပြည့်နဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။အတိတ်တုန်းက ကျွန်မက ကိုယ့်နေရာကိုယ်မသိဘဲ ရှင့်ကိုလိုက်ခဲ့မိတယ်။ဖြစ်နိုင်တာက အဲ့ဒီအချိန်တုန်းက ကျွန်မက စိတ်ရင်းအမှန်နဲ့ မဟုတ်ဘဲနဲ့ ရှင့်ရဲ့အပြင်ဘက်အရည်အချင်းတွေကိုပဲ သဘောကျသွားခဲ့ပြီး ကျွန်မတို့က အမှန်ပဲ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ရဲ့လားဆိုတာ မစဉ်းစားမိခဲ့ဘူး။ဒါပေမဲ့ ရှင်နဲ့သိပြီးတဲ့နောက်ကျတော့ ရှင်က အရမ်းကောင်းတယ်၊နွေးထွေးကြင်နာပြီး တာဝန်ယူတတ်တယ်ဆိုတာ ကျွန်မ စပြီးတော့ သတိထားမိလာတယ်။အဲ့ဒါကြောင့် ကျွန်မက ရှင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ တကယ် တန်ဖိုးထားတယ်။ရှင်က ရင်းဇယ်တို့၊လဲ့ဖုန်းတို့နဲ့ သူငယ်ချင်းကောင်းတွေဆိုတာ ကျွန်မ သိပါတယ်။ပြီးတော့ ရှင်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ဖော်ပြတဲ့ပုံစံက နည်းနည်းကြောက်စရာကောင်းတယ်။ဒါပေမဲ့ ကျွန်မက သူတို့လို မဟုတ်ဘူး။ကျွန်မမှာ ကျွန်မရဲ့သူငယ်ချင်းဆက်ဆံရေးကို ပျိုးထောင်တဲ့ကိုယ်ပိုင်နည်းလမ်းရှိပြီးသား။ရှင်ကတော့ ကျွန်မလုပ်တဲ့အရာတွေက ရယ်စရာကောင်းတယ်လို့ ထင်နိုင်တယ်။ရှင်က အဲ့ဒါကို ဟာသအနေနဲ့ မှတ်ယူတဲ့အချိန်ကျရင် ကျွန်မလည်း ဝမ်းနည်းပြီးစိတ်တိုရတယ်။ရှင် တခြားလူတွေကို ဒီအကြောင်း ပြောပြတဲ့အခါကျရင် ကျွန်မ ရှက်ပြီးတော့ နေရထိုင်ရခက်တယ်။ဒေါက်တာမုန့်.....ကျွန်မက ဉာဏ်မကောင်းဘူး ဒါပေမဲ့ ကျွန်မမှာ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုရှိတယ်။ရှင်က ကျွန်မကို တကယ်စနောက်နေတာ ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ဒါမှမဟုတ် ရှင့်ဘာသာရှင် သဘောကျနေတဲ့အချိန်ကျရင် ကျေးဇူးပြုပြီး ကျွန်မရဲ့ခံစားချက်တွေကို စဉ်းစားပေးပါ"

"ချန်းရော့ယွီ........."

မုန့်ကု စကားပြောချင်ပေမယ့် သူမက လက်မြှောက်၍ သူ့ကို တားလိုက်သည်။

"ဒေါက်တာမုန့် ကျွန်မ ရှင်နဲ့ပြောဆိုဆက်ဆံရတာ အရမ်းပျော်ပါတယ်။ကျွန်မ လိုက်ပြီးပိုးပန်းတုန်းက မအောင်မြင်ခဲ့ပေမယ့်လည်း ကျွန်မ ပျော်နေသေးပြီးတော့ အဆုံးကျတော့ ကျွန်မတို့ သူငယ်ချင်းတွေ ဖြစ်နေတာပဲလေ။ဒါပေမဲ့ သူငယ်ချင်းဆက်ဆံရေးဆိုတာက အချစ်လိုပဲ......ပြီးတော့ စိတ်ရင်းအမှန်နဲ့ရိုးသားမှု လိုအပ်တယ်။တကယ်တော့ ရှင် ကျွန်မအကူအညီလိုရင် ကျွန်မ ရှင့်ကို ပျော်ပျော်ကြီး ကူညီပေးမှာပါ။ဒါပေမဲ့ ရှင်က ရှင့်အချစ်ဦးကို ပြယုံသက်သက်နဲ့ ကျွန်မကို အရေးမကြီးတဲ့အကြောင်းရင်းတွေနဲ့ ရောက်လာအောင် လုပ်တာကတော့ ကျွန်မကို အရမ်းဆိုးဝါးတဲ့ခံစားချက်ပေးတယ်"

"ငါ မဟုတ်......"

နောက်တစ်ကြိမ် မုန့်ကု စကားပြောချင်ပေမယ့် သူမက ဖြတ်ပြောလိုက်သည်။

"ဒေါက်တာမုန့်က ရှင် လုပ်တဲ့ကိစ္စက မှန်တယ်လို့ ထင်နေတာလား"

မုန့်ကု သူ့ပါးစပ်ကိုဖွင့်ပြီး သူ ဘာမှမပြောရသေးခင်မှာပဲ ချန်းရော့ယွီက သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒေါက်တာမုန့် ရှင် ကျွန်မကို တောင်းပန်သင့်တယ်!"

သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာစကားမှ မထွက်လာချေ။ချန်းရော့ယွီက ထပ်ပြီးတော့ ဆက်ပြောသည်။

"ကျွန်မ ဝက်ပုခုံးသားပေါင်းကို ပြန်ယူသွားတော့မယ်။ဘာပဲဖြစ်ဖြစ် ရှင်လည်း စိတ်ရင်းအမှန်နဲ့ အဲ့ဒါကို စားချင်နေတာမှ မဟုတ်တာ။နောက်ကျရင် ကျွန်မ ဒေါက်တာမုန့် စားဖို့အတွက်ဆိုပြီး ဘာမှထပ်ပြီး မပြင်ပေးတော့ဘူး။တကယ်လို့ ဒေါက်တာမုန့်က ကိုယ့်ကိုကိုယ် ပြန်မသုံးသပ်ဘဲနဲ့ မတောင်းပန်ဘူးဆိုရင် ကျွန်မတို့ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဖို့ ခက်ခဲသွားပြီ။မဟုတ်ရင် ကျွန်မတို့ ခဏခဏ သဘောထားကွဲလွဲတာတွေ၊အဆင်မပြေတာတွေ ဖြစ်လာတော့မှာပဲ။ရှင်

သဘောတူရဲ့လား ဒေါက်တာမုန့်?"

သူမ 'ရှင် သဘောတူရဲ့လား' လို့ သူ့ကို မေးတဲ့အချိန် သူ့ကို ဖြေဆိုဖို့ အခွင့်အရေး မပေးချေ။သူမ စကားပြောလို့ပြီးတာနဲ့ လှည့်ထွက်သွားလိုက်သည်။

တံခါးကိုဖွင့်ပြီးတော့ ဓာတ်လှေကားဆီလျှောက်သွားကာ ခလုတ်ကိုနှိပ်လိုက်၍ လှုပ်ရှားမှုအားလုံးက ချောချောမွေ့မွေ့ပင်။တစ်ချိန်တည်းမှာပဲ သူမ အနည်းငယ် ရွှင်ပျနေ၏။သူမက သူမရဲ့ဝက်ပုခုံးသားပေါင်းကို လက်နက်တွေကိုင်ဆောင်ထားသည့်အတိုင်း ကိုင်ထားသည်။သူမရဲ့ အတွေးတွေကို ထုတ်ပြောပြီးသွားတဲ့နောက် သူမက ပေါ့ပေါ့ပါးပါးနဲ့ မိမိုက်နေတယ်ဟုသာ သူမ ခံစားရသည်။

"ချန်းရော့ယွီ!"

မုန့်ကုက တကယ်ပဲ သူမနောက်ကို ပြေးလိုက်လာသည်။

သူမက ဓာတ်လှေကားတံခါးပွင့်လာတဲ့အချိန် ဓာတ်လှေကားထဲဝင်သွားလိုက်ပြီး သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

"ငါ တခြားမိန်းမတွေကို ငြင်းချင်ရင် မင်းကို ဒိုင်းကာတစ်ခုအနေနဲ့ မလိုဘူး။ငါ အမျိုးသမီးတွေကို ဟာသလုပ်ချင်ရင် မင်းကို ပစ်မှတ်အနေနဲ့ ထားစရာမလိုဘူး"

သူက ခဏလောက် စဉ်းစားပြီးတော့ သူ တစ်ခုခု မှားပြောမိသွားတယ်လို့ ခံစားရကာ အမြန်ပဲ သူ့ဘာသာသူ အမှန်ပြင်လိုက်သည်။

"ငါက အမျိုးသမီးတွေကို ဟာသလုပ်ရတာ သဘောကျတဲ့လူမျိုး မဟုတ်ဘူး"

သူမ ပါးစပ်တွန့်ချိုးသွားပြီး ပြောလိုက်၏။

"ဒါက ဖြေရှင်းချက်တစ်ခုသာသာလို့ ယူဆလို့ရတယ်။ဒါပေမဲ့ သေချာပေါက် တောင်းပန်တာတော့ မဟုတ်ဘူး"

"ဟေး......" မုန့်ကု ထပ်ပြီး မျက်မှောင်ကြုတ်သွားသည်။

သူမ သူ့ကိုကြည့်ပြီးတော့ ဓာတ်လှေကားတံခါးကို ပိတ်လိုက်သည်။

ဓာတ်လှေကားအောက်ဆင်းတာနဲ့ သူမ စောနတုန်းက သူ့ရဲ့မျက်နှာအမူအရာကို သတိရသွားပြီးတော့ ပြုံးလိုက်သည်။

ဟာ့.....ဟ....သူလည်း စိုးရိမ်တတ်သေးတာပဲ!သူ တကယ်ကြီး စိုးရိမ်နေတာလား?

သူမရဲ့ ထမင်းဘူးကို ဖက်ထားရင်း သူမစိတ်ထဲမှာ အနည်းငယ် ချိုမြိန်နေသည်။

သူမစိတ်ထဲမှာတော့ ဒါက သူမအောင်မြင်မှုအတွက် ပျော်ရွှင်တဲ့ခံစားချက်ဟု ယူဆသည်။

#########################

All Chapters