အခန်း ၃၆
Vol. 4 Ch. 36
ဒွိဟချစ်သံယောဇဉ်:
Chapter 36- သူက ချစ်စရာကောင်းတယ်။
သူမ အိမ်ပြန်ရောက်တဲ့အချိန် ထမင်းဖြူတစ်အိုး ချက်လိုက်ပြီး ဝက်ပုခုံးသားပေါင်းနဲ့ထမင်းနှစ်ပန်းကန် စားပစ်လိုက်သည်။စားပြီးတဲ့နောက် သူမ အရမ်း အားရကျေနပ်သွား၏။
ညဘက်တွင် သူမအိပ်ရာပေါ်မှာလှဲနေရင်း မုန့်ကုရဲ့ရေခဲသေတ္တာထဲက ဟင်းတွေအကြောင်း စဉ်းစားနေမိသည်။ကြည့်ရတာ သူက အများကြီး ပြင်ဆင်ထားပုံပင်။သူက ဘယ်လိုလုပ် အလုပ်ပြီးတာနဲ့ ဒီလောက်အများကြီး ဝယ်နိုင်ဖို့ စီမံနိုင်ရတာလဲ?အကယ်၍ သူမသာဆိုရင် အိမ်ကို နေ့ခင်းဘက် တိတ်တဆိတ် ပြန်လာပြီး ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်၏။
ပြီးတော့ အဲ့ဒီ ချီယောင် ဆိုတဲ့ မိန်းမလည်းရှိသေးတယ်။အဲ့ဒီအမျိုးသမီးက သူမနဲ့ ဘာမှမဆိုင်ပေမယ့်လည်း သူမ တကယ်ပဲ ချီယောင်ကို သဘောမကျဘူး။ပြီးတော့ မုန့်ကုရဲ့လက်ရှိအတွေးတွေက ဘာလဲဆိုတာ သိချင်မိတယ်။အစပိုင်းမှာတော့ သူက သူမ(ချီယောင်)ကို အရမ်း နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာပဲ ဖြစ်ရမယ်။မဟုတ်ရင် သူ ဒီလောက် ဆိုးဆိုးဝါးဝါး ခံစားရမှာ မဟုတ်ဘူး။ချီယောင်ရဲ့နောက်ပိုင်း သူ့ရဲ့အခြားရည်းစားနှစ်ယောက်က လုံးဝကွဲပြားပြီးတော့ သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကလည်း အချိန်မကြာလိုက်ပေ။ပြီးတော့ သူက အခုထိ မချစ်မိသွားသေးဘူး.......ကြည့်ရတာ သူက တကယ်ပဲ သူ့အချစ်ဟောင်းကို မမေ့ဘူးနဲ့တူတယ်။
အဲ့ဒါကြောင့် ချီယောင် ယုံကြည်မှုအပြည့်ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ပေ။သူမ(ချီယောင်)က သူ့ကို ကောင်းကောင်းသိထားတာ ဖြစ်နိုင်ပြီး အဲ့ဒီအချိန်တုန်းက သူမ(ချီယောင်)လည်း သူနဲ့တူညီတဲ့ ခံစားချက်တွေ ရှိခဲ့ပေမယ့် သူ့ကို ဆိုးဆိုးဝါးဝါး ထိခိုက်အောင် လုပ်ခဲ့မိတာ ဖြစ်နိုင်သည်။ချီယောင် သူ့ဆီကို ပြန်လာဖို့ဆိုတာက မုန့်ကုအတွက် လက်ခံဖို့ခက်ခဲတဲ့ကိစ္စပင်။
မုန့်ကုက ချီယောင်ကို ကြိုက်နေတုန်းပဲလား?ဒီကိစ္စက ချန်းရော့ယွီကို စိုးရိမ်သွားစေတယ်။
သူမ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတော့ ဒီနေ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့မြင်ကွင်းတွေကို မှတ်မိရန် ကြိုးစားသည်။တံခါးကပွင့်နေပြီးတော့ သူတို့က တံခါးပေါက်ဝမှာ စကားပြောနေခဲ့ကြသည်။ချီယောင်လည်း ရောက်ခါစ ဖြစ်နိုင်လား?ပြီးတော့ မုန့်ကု သူမကို သူ့တိုက်ခန်းထဲ အဝင်မခံတာလား?
သူမ အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်ပြီးတော့ အိပ်ချင်လာသည်။မုန့်ကုက သူမကို ပြောခဲ့တယ်.....သူ တခြားမိန်းမတွေကို ငြင်းချင်ရင် သူမကို ဒိုင်းကာအနေနဲ့ သုံးမှာမဟုတ်ဘူး။အဲ့ဒီအကြောင်းကို စဉ်းစားကြည့်ပြီးတော့......သူမကို ဆွဲထုတ်လိုက်ခြင်းက ချီယောင်ရဲ့ယုံကြည်မှုကို တိုးမြှင့်သွားစေတယ်။
သူက မိန်းမတွေကို ဟာသလုပ်တတ်တဲ့သူ မဟုတ်ဘူးလို့လည်း ပြောသေးတယ်။တကယ်တော့ သူမ သူ့ကို ယုံပေမယ့် သူ သူမကို ဟာသလုပ်ခဲ့တာတွေက ပိုများတယ်!
နောက်ဆုံးမှာတော့ အိပ်ချင်စိတ်က သူမကို လွှမ်းမိုးလာတဲ့အခါ ငြင်းဆန်ရန် ခဲယဉ်းသွား၏။သူမ ဒီကိစ္စကို စဉ်းစားလိုမပြီးသေးတာကြောင့် စောစောမအိပ်ချင်ပေမယ့် သူမ အိပ်ပျော်သွားတုန်းပဲ။သူမ အိပ်မပျော်သွားခင် နောက်ဆုံးအတွေးကတော့........ဘယ်လိုလုပ် သိသာထင်ရှားတဲ့ အားသာချက်တွေရော၊အားနည်းချက်တွေရောရှိတဲ့ မုန့်ကုလို ယောကျာ်းမျိုး ရှိနေရတာလဲ?
သူက လူတွေ သူ့ကို ချစ်အောင်၊မုန်းအောင် လုပ်နိုင်တယ်......သူ အဲ့ဒါကို ဘယ်လိုစီမံပြီးတော့လုပ်လဲ?
-------------------------------
နောက်တစ်ရက်တွင်၊ချန်းရော့ယွီ အလွန်အလုပ်များနေ၏။
သူမ အဆုံးမရှိတဲ့ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ရပြီး မပြီးဆုံးနိုင်တဲ့ မူဝါဒအသေးစိတ်ကို လုပ်ဆောင်ရသည်။သူမ အစည်းအဝေး တစ်ကြိမ်တက်ရပြီးတော့ လေ့ကျင့်ရေးလည်း နှစ်ကြိမ်သွားရသေး၏။အဲ့ဒါပြီးတဲ့နောက် ဖောက်သည်တစ်ဦးရဲ့ ရွေးဖယ်ပေးရသည်။
တစ်ရက်လုံး သူမပြုလုပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ မရေတွက်နိုင်လောက်အောင် ငြင်းဆန်ခံခဲ့ရပြီး ဖုန်းခေါ်ဆိုမှုတွေထဲက တစ်ခုဆိုရင် သူမကို တစ်ဖက်လူက ရိုင်းစိုင်းတဲ့စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းခဲ့သည်။သူမက အဲ့လိုမျိုး အရည်အသွေးနိမ့်တဲ့ ဖောက်သည်မျိုးတွေနဲ့ ကြုံတွေ့ရခဲပြီး သူမ၏စိတ်ထဲ အလွန်မသက်မသာ ခံစားရသည်။ဒုတိယနေ့ဝက်မှာတော့ သူမ စိတ်အခြေအနေ သိပ်မကောင်းတော့ချေ။
ညနေလေးနာရီထိုးအချိန်တွင် ပစ္စည်းပို့သမားတစ်ဦး ရောက်ရှိလာပြီး ချန်းရော့ယွီအတွက် ပါဆယ်ရှိတယ်ဟု ပြောလာသည်။ရှေ့စားပွဲကလူက သူမကို ကိုယ်တိုင်ပါဆယ်လက်ခံဖို့ ပြောပြီး သူမ အံ့ဩသွားရသည်။သူမ နာမည်နဲ့လိပ်စာကို ကြည့်လိုက်တဲ့အခါ တကယ့်ကို သူမဖြစ်နေ၏။ ပဟေဠိဖြစ်စွာဖြင့် သူမက ပါဆယ်ထုပ်ကို လက်ခံကာ သူမခုံကို ပြန်လာပြီးတော့ ဖွင့်ကြည့်လိုက်ရာတွင် အထဲမှာ သူမ အကြိုက်ဆုံး ဒူးရင်းသီးချိုချဉ်ကို တွေ့လိုက်ရသည်။
ဒါက တကယ့်ကို surprise ပင်။
ဘယ်သူက ဒါကိုပို့လိုက်တာလဲဆိုတာ သူမ မသိပေမယ့် သူမ အရမ်းပျော်ရွှင်နေဆဲဖြစ်၏။သူမ ချိုချဉ်နှစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ပုံးရဲ့အောက်ခြေမှာ စာတစ်စောင်ရှိနေတာ မြင်လိုက်ရသည်။သူမ အဲ့ဒါကို ဖွင့်ကြည့်လိုက်တဲ့အချိန် ၎င်းက ဆေးရုံကဆေးစာနဲ့ တူနေသည်။
အပေါ်မှာ ရေးထားတာက ~ ဒီချိုချဉ်ကို ဝယ်ဖို့ တကယ်မလွယ်ဘူး~
အဲ့ဒီ ဟိတ်ဟန်များလှတဲ့လက်ရေးသာ ရေးထားတဲ့စာလုံးတွေကို ဖတ်ဖို့ တကယ့်ကို သေသေချာချာ ဖတ်ရသည်။ဒါက တကယ့်ကိုပဲ ဆရာဝန်တစ်ယောက်ရဲ့လက်ရေးအစစ်ဆိုတဲ့ တံဆိပ်ပင်။
သူမ နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး မနေနိုင်ဘဲ ပြုံးမိသွားသည်။သူမ ပါးစပ်ထဲကို သကြားလုံးတစ်လုံးကို အမြန်ထည့်လိုက်၏။ ဒူးရင်းသီးရနံ့သည် သူမရဲ့ခံစားချက်များကို ချက်ချင်း အရည်ပျော်သွားစေသည်။ တစ်နေ့လုံး ညိုးငယ်နေခဲ့တဲ့ သူမ၏ စိတ်သည်လည်း ချက်ချင်း ပေါ့ပါးလာခဲ့သည်။
သူမရဲ့ဆဲလ်ဖုန်းကို ထုတ်ယူပြီး မုန့်ကုဆီကို စာတစ်စောင်ပို့လိုက်သည်။
~ စာလုံးတွေက အရမ်းရုပ်ဆိုးတယ်~
ခဏအကြာမှာတော့ မုန့်ကုက သူမကို ဖုန်းခေါ်လာတာကြောင့် သူမ ပြန်ဖြေလိုက်သည်။
“ချန်းရော့ယွီ မင်းက တကယ့်ကို ဇီဇာကြောင်တာပဲ”
“ကျွန်မ အမှန်အတိုင်းပဲ ပြောတာပါ”
သူမ ပါးစပ်ထဲမှာ သကြားလုံးရှိနေတာကြောင့် သူမရဲ့ အသံက ကျယ်လောင်ပြီး အသံက မပီမသ ဖြစ်နေသည်။
ဒါပေမဲ့ မုန့်ကုက နားလည်သွားဟန်ရပြီး မေးလိုက်သည်။
“သကြားလုံးက စားလို့ကောင်းလား။”
“ကောင်းတယ်။”
“ဒါဆိုရင် ငါတို့နှစ်ယောက် ပြန်သင့်မြတ်ပြီလို့ သတ်မှတ်လို့ရပြီလား”
“မရဘူး။”
သူမ အလျင်အမြန် ပြန်ဖြေလိုက်တာကြောင့် မုန့်ကု ဆို့နင့်သွားသည်။ဖုန်းထဲမှာ အသံတိတ်သွားပြီး ခဏတာမျှ ငြိမ်သက်နေပြီးတဲ့နောက် မုန့်ကု၏ အသံကို ကြားလိုက်ရသည်။
“ချန်းရော့ယွီ မင်း ဒါက ‘သူများပေးတာစားပြီး ပါးစပ်တို’ တာ မဟုတ်ဘူးလား။ မင်းက သကြားလုံးစားရင်းနဲ့ မာနတွေထောင်နေသေးတယ်။ မင်း ဒါဘာကို ဆိုလိုတာလဲ”
T/N-(သူများပေးတာစားပြီး ပါးစပ်တိုတာ ဆိုတဲ့အဓိပ္ပာယ်က တစ်စုံတစ်ယောက်ထံမှ အကျိုးကျေးဇူးများ ရယူပြီးနောက် ထိုသူအားမျက်နှာသာပေးရန် သို့မဟုတ် ကျေးဇူးဆပ်ရန် သို့မဟုတ် ကူညီပေးရန်ဖြစ်သည်။)
“ဒါကို ‘မာနထောင်တယ်’ လို့ မခေါ်ဘူး။ ‘စည်းမျဉ်းစည်းကမ်းရှိတယ်’ လို့ ခေါ်တယ်။ ရှင်က အခုထိတောင်းပန်ရသေးတာ မဟုတ်ဘူး၊ ဘာလို့ ရှင်နဲ့ ပြန်သင့်မြတ်ရမှာလဲ။ ဒါ့အပြင် ကျွန်မကလည်း ရှင့်ကို အစကတည်းက သကြားလုံးတွေ ပေးခဲ့တာပဲ။ကျွန်မ ရှင့်ကို ဝက်ခြေထောက်၊ ကြက်ခြေထောက်၊ ဘဲခြေထောက်နဲ့ ဝက်ပုခုံးသားတွေကိုလည်း ပေးခဲ့တယ်လေ"
“ဒါပေမဲ့ ငါ တစ်ကိုက်တောင် မစားလိုက်ရဘူးလေ”
“ဒါဆို ဘယ်သူ့ကို အပြစ်တင်သင့်လဲ။”
သကြားလုံးကို စုပ်ရင်း သူမရဲ့ ဦးနှောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ပြီး သူမက စကားကို ထိထိမိမိပြောနိုင်ခဲ့သည်။ သူမရဲ့စိတ်လည်း အလွန်ပင် ပျော်ရွှင်နေသည်။
သူမရဲ့ မေးခွန်းကြောင့် သူ စကားလုံးတွေ ဆွံ့အသွား၏။သူက နှစ်ချက်လောက် ချောင်းဟန့်ပြီး ပြန်ချောင်းဟန့်ကာ ညင်သာစွာ ပြောလိုက်သည်။
“ကောင်းပြီ၊ အတိတ်တုန်းကတော့ ငါ ယဉ်ကျေးမှုမရှိခဲ့တာ အမှန်ပါ”
“တောင်းပန်တယ်ဆိုတဲ့ စကားလုံးက သုံးလုံးပဲ ရှိတယ်။ အဲ့ဒါက ပိုပြီးတော့ ယဉ်ကျေးတယ်”
“ချန်းရော့ယွီ!"
“ဘာလဲ”
“မင်း ငါ့ကို စကားပြောဖို့ အခွင့်အရေးပေးမလား”
"ကျွန်မ ရှင့်ကို မတားပါဘူး"
ဖုန်းထဲမှာ ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် မုန့်ကုက ရုတ်တရက် ပြောလာသည်။
"ငါ အလုပ်များနေတယ်။သွားရတော့မယ်။ဖုန်းချလိုက်တော့မယ်"
ရှင် ချချရင် ချပေါ့! ချန်းရော့ယွီ သူမနှုတ်ခမ်းကို ကိုက်၍ ဖုန်းချတဲ့ခလုတ်ကို နှိပ်လိုက်သည်။ ပါးစပ်ထဲက သကြားလုံးကို ဝါးရင်း သူမ စားပွဲပေါ်က အမြန်ချောပို့ဘူးကို ကြည့်လိုက်သည်။ ရုတ်တရက် သူမ မုန့်ကုက နည်းနည်း ချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ ကြောက်စရာကောင်းတဲ့ ဒိုင်နိုဆောကြီးတောင်မှ ရှက်တတ်သေးတယ်၊... သူက တကယ်ချစ်စရာကောင်းတယ်။
အဲ့ဒီနေ့မှာ မုန့်ကုက ဖုန်းထပ်မခေါ်တော့ချေ။ ချန်းရော့ယွီလည်း ဂရုမစိုက်ခဲ့ပေ။
နောက်တစ်နေ့လည်း မုန့်ကုက ဖုန်းထပ်မခေါ်တာကြောင့် ချန်းရော့ယွီတစ်ယောက် စိတ်နည်းနည်း ပူပန်လာသည်။
တတိယမြောက်နေ့တွင် သူမရဲ့ ဖုန်းကို အချိန်တိုင်းကြည့်နေမိ၏။မုန့်ကုဆီက အခုထိ သတင်းအစအန မရသေးဘူး။ သူ ဘာလုပ်နေလဲဆိုတာ သူမ မသိစိတ်နဲ့ ခန့်မှန်းကြည့်နေမိသည်။ သူမ သူ့ကို အခြေအနေဆိုးထဲ တွန်းပို့ခဲ့လို့ သူမကို စိတ်ဆိုးနေတာလား။ ဒါပေမဲ့ သူမက သူမကိုယ်သူမ မှားတယ်လို့ မခံစားရဘူး။ သူက အလွန်အကျွံ လုပ်ခဲ့တာပဲ၊ သူမက သူ့ကို အမြဲတမ်း အလျှော့ပေးလို့ မရဘူးလေ၊ ဟုတ်တယ်မလား? သူက သူ့သူငယ်ချင်းဆိုတဲ့ သစ္စာကို ပြသမှသာ သူမတို့ သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိနိုင်မှာ မဟုတ်ဘူးလား။
ရုတ်တရက်၊ သူမ သူ့ကို တစ်လလောက် လျစ်လျူရှုထားမယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးခဲ့တာကို သတိရသွားတယ်။ ဒါပေမဲ့ အဲ့ဒီကတိက မနေ့က ပျက်သွားပြီ။ ဒါကြောင့် အခု သူမ အရမ်းစိတ်ပူနေလို့ မရဘူး။ သူက သူမကို မရှာရင် သူမလည်း ဂရုစိုက်နေလို့မရဘူး။
ဒီနေ့က စနေ၊ တနင်္ဂနွေပိတ်ရက်ဖြစ်ပြီး တစ်နေ့လုံး ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပေ။ လူတိုင်းက ပျော်ရွှင်စွာ အလုပ်ဆင်းခဲ့ပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမကို ကာရာအိုကေ သွားဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူမက ငြင်းလိုက်သည်။ အလုပ်ဆင်းပြီးတဲ့နောက် ချန်းရော့ယွီက ပုံမှန်အတိုင်း အိမ်ပြန်လာသည်။ သူမက ရပ်ကွက်ထဲကို လျှောက်လာရင်းနဲ့ သူမရဲ့ အခန်းရှေ့ အပေါက်ဝကို ရောက်ခါနီးမှာ သူမကို အရင်က ကူညီခဲ့တဲ့ နွေးထွေးတဲ့ စိတ်ထားရှိတဲ့ မစ္စတာလမ်းသွားလမ်းလာကို မြင်လိုက်ရသည်။ မစ္စတာ လမ်းသွားလမ်းလာ အနီရောင် ကားတစ်စီးရဲ့ ရှေ့ဖုံးအောက်ကို ကိုင်းညွတ်ပြီး ကားပြင်နေပုံရသည်။ ချန်းရော့ယွီ လျှောက်လာတဲ့ အချိန်မှာပဲ သူက မတ်တတ်ရပ်လိုက်ပြီး ကားထဲက လူကို ပြောလိုက်သည်။
“ရပြီ၊ အခု စမ်းကြည့်လို့ရပြီ”
ကားထဲက လူက ကားကို စက်နှိုးလိုက်ရာ အင်ဂျင်က စတင်သွားသည်။ ထို့နောက် ကားထဲက လူက ဝမ်းသာအားရ ပြောလိုက်သည်။
“ရပြီ! ကျေးဇူးအများကြီးတင်ပါတယ်ဗျာ!”
နွေးထွေးတဲ့ စိတ်ထားရှိတဲ့ မစ္စတာလမ်းသွားလမ်းလာ ပြုံးပြပြီး ကားရှေ့ဖုံးကို ပိတ်လိုက်သည်။ ကားထဲက လူက ကားပေါ်ကနေ ဆင်းလာပြီး သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေသည်။ ချန်းရော့ယွီက မစ္စတာလမ်းသွားလမ်းလာ ကောင်းမှုတစ်ခု ပြုလုပ်နေတာကို တွေ့လိုက်ရပြီး အဲ့ဒါက ကားပိုင်ရှင်ကို ကားပြင်ရာမှာ ကူညီပေးနေတာ ဖြစ်သည်။
“ဟိုင်း!”
ဒီအချိန်မှာ မစ္စတာလမ်းသွားလမ်းလာကလည်း ချန်းရော့ယွီကို မြင်လိုက်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လာသည်။
သူမက ခြေလှမ်းမရပ်ဘဲ ပြန်ပြုံးပြလိုက်ပြီး မစ္စတာလမ်းသွားလမ်းလာက သူမနဲ့အတူ စတင်လမ်းလျှောက်လာခဲ့သည်။
“ဒီတိုက်မှာ နေတာလား”
မစ္စတာလမ်းသွားလမ်းလာက ချန်းရော့ယွီ အဆောက်အအုံထဲ ဝင်တော့မယ်ဆိုတာကို သတိထားမိတော့ သူက ပြုံးပြီး အဆောက်အအုံကို လက်ညိုးထိုးပြလိုက်သည်။
“ကျွန်တော်တို့ကြားမှာ အဆောက်အအုံတစ်ခုပဲ ခြားနေတာကိုး။ ကျွန်တော်တို့ ဒီလောက်နီးနေမှန်း မသိခဲ့ဘူး။ ကျွန်တော် မင်းကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး”
“ဟုတ်တယ်နော် ဒီလောက်သေးငယ်တဲ့ ရပ်ကွက်လေးမှာပဲ။ ကျွန်မတို့က လမ်းမကြီးပေါ်မှာပဲ တွေ့ဖူးတာကိုး”
မစ္စတာလမ်းသွားလမ်းလာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ရဲ့သွားဖြူဖြူတွေကို မြင်လိုက်ရသည်။ အဲ့ဒါက မုန့်ကု ရယ်တဲ့ပုံစံနဲ့ ဆင်တူနေသည်။
မသိစိတ်ကပင် ချန်းရော့ယွီ သူ့အပေါ် အကောင်းမြင်စိတ် ရှိသွားသည်။ သူက သူ့လက်ကို ဆန့်တန်းပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ဟယ်လို၊ ကျွန်တော့်နာမည် ကျိုးကျယ်ပါ”
“ကျိုးကျယ်လား”
သူမ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ရယ်မောမိသည်။ သူမက ယဉ်ကျေးစွာ သူ့လက်ကို ပြန်ဆွဲချင်ပေမဲ့ ရုတ်တရက် ကျိုးကျယ် သတိရသွားပြီး သူ့လက်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်သည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ကျွန်တော် မေ့သွားလို့၊ ကားထိပြီးတဲ့နောက် ကျွန်တော့်လက်တွေက ညစ်ပတ်နေတယ်။”
(T/N-ကျိုးကျယ်- ကျိုး မှာ အပတ်လို့ အဓိပ္ပါယ်ရပြီး ကျယ်မှာ ကွေ့ကောက်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာသားအတိုင်း ဘာသာပြန်ရင် ‘ကွေ့ကောက်တဲ့ အပတ်’ လို့ အဓိပ္ပါယ်ရတာကြောင့် ချန်းရော့ယွီက ရယ်လိုက်တာ။)
“ရပါတယ်”
သူမ သူ့မျက်နှာပေါ်က ရှက်နေတဲ့အမူအရာကို ကြည့်ပြီး ရယ်လိုက်သည်။
“ကျွန်မနာမည် ချန်းရော့ယွီပါ။”
“ဟယ်လို...ခင်ဗျားနာမည်က ကျွန်တော့်နာမည်ထက် အများကြီး ပိုကောင်းတယ်။ ကျွန်တော့်နာမည် ကျယ်က ကျယ်ရွှယ် (哲学) (ဒဿနိကဗေဒ) ကနေ လာတာဖြစ်ပြီး ချူကျယ် 曲折 (ကွေ့ကောက်ခြင်း) ကနေ လာတာ မဟုတ်ပါဘူး။ ကျွန်တော့်မိဘတွေ ကျွန်တော့်ကို နာမည်ပေးတဲ့အချိန်က ဘဝဒဿနိကဗေဒကိုပဲ တွေးခဲ့တာကြောင့် အခုချိန်ထိ ကျွန်တော်က ကျွန်တော့်နာမည် ကျိုးကျယ်ကို ရုန်းကန်နေရတုန်းပဲ။"
ချန်းရော့ယွီ ရယ်လိုက်သည်။
“ကျွန်မမှာ နာမည်မကောင်းတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက ဆရာဝန်တစ်ယောက် ဖြစ်ပေမဲ့ မုန့်ကုလို့ နာမည်ပေးထားတယ်”
(T/N- မုန့်ကုက နာမည်ကျော် မွန်ဂိုလီးယားဆရာဝန်တစ်ဦးရဲ့ နာမည်ဖြစ်ပြီး အသက် ၁၄ နှစ်တွင် Nurhaci နှင့် လက်ထပ်ခဲ့ပြီး ၎င်းရဲ့ ကြင်ယာတော် ဖြစ်လာခဲ့တယ်။ သူမက အထီးကျန်ဘဝကို နေထိုင်ခဲ့ရပြီး အသက် ၂၉ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့တယ်။ သူမရဲ့ ဘဝဇာတ်ကြောင်းကို Google မှာ Empress Xiaocigao (Qing Dynasty) လို့ ရိုက်ပြီး ရှာကြည့်နိုင်ပါတယ်။ သူမက Xiao Chi Gao Empress, Qing Dynasty ရဲ့ ဘုရင်မအဖြစ်လည်း လူသိများပါတယ်)
ကျိုးကျယ်က အံ့အားသင့်သွားပြီး အဓိပ္ပါယ်ကို နားလည်ပြီးတဲ့နောက် သူလည်း ရယ်လိုက်သည်။
“သူက အဲ့ဒီနေ့က ကြောက်စရာကောင်းတဲ့ ဆရာဝန်လား။”
“ရှင် သူ့ရဲ့ ဆေးပညာကျွမ်းကျင်မှုကို ပြောတာလား၊ ဒါမှမဟုတ် သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောတာလား”
“ကောင်းပြီ၊ နှစ်ခုစလုံးက ကြောက်စရာကောင်းတယ်”
ကျိုးကျယ်က ရယ်လိုက်သည်။
“အဲ့ဒီနေ့က ခင်ဗျား မူးလဲသွားလို့ မသိခဲ့ဘူး။ သူက အဲ့ဒီလူနှစ်ယောက်ကို ရက်ရက်စက်စက် ပြုပြင်ခဲ့တာနော်။အဲ့ဒီလူနှစ်ယောက်က သူ့ကို ကယ်ဆယ်ခွင့် မရစေချင်လောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်"
ချက်ချင်းပဲ ချန်းရော့ယွီက မုန့်ကု အတွက် ဝင်ပြောလိုက်သည်။
“ဒေါက်တာမုန့်ကို အပြစ်မတင်ပါနဲ့။ အဲ့ဒီလူနှစ်ယောက်က သူတို့ရဲ့ ကားကို ပေါ့တီးပေါ့ဆ မောင်းပြီးတော့ ဒေါက်တာမုန့်ရဲ့ ကားကို တိုက်မိလုနီးပါး ဖြစ်ခဲ့တာ။ ဒေါက်တာမုန့်က သူတို့ကို ရပ်ဖို့ပြောပေမဲ့ သူတို့က ဆက်သွားပြီး အရမ်းလည်း မြန်မြန်မောင်းခဲ့တယ်လေ။ ဒါကြောင့် မတော်တဆမှု ဖြစ်ခဲ့ပြီး သူတို့က တခြားလူတွေကို တိုက်မိလုနီးပါး ဖြစ်ခဲ့တာ"
“ကျွန်တော်သိပါတယ်၊ ကျွန်တော်သိတယ်။ အဲ့ဒီနေ့က ကျွန်တော်လည်း မြင်ခဲ့ရတယ်”
ကျိုးကျယ်က ပြောလိုက်သည်။
“ကျွန်တော်ထင်တယ်။ ဆရာဝန်က သူ့ဒေါသကို ဖြေဖို့အတွက် သူတို့ကို ပြုပြင်ခဲ့တာ။ အဲ့ဒီလူနှစ်ယောက်က အရက်မူးပြီး ကားမောင်းခဲ့ပြီး တခြားလူတွေကို မထိခိုက်ခဲ့တာက ကံကောင်းတာပဲ။ သူတို့ သင်ခန်းစာယူဖို့ ထိုက်တန်တယ်”
“အဲ့ဒီနေ့က ဒေါက်တာမုန့်က သူတို့ကို ဘာလုပ်ခဲ့တာလဲ”
ချန်းရော့ယွီ အရမ်းကို သိချင်စိတ်ပြင်းပြနေသည်။ ဒါကြောင့် ကျိုးကျယ်က မုန့်ကု အဲ့ဒီလူနှစ်ယောက်ကို ဘယ်လို တိတ်တိတ်လေး ပြုပြင်ခဲ့လဲဆိုတာကို သူမကို စပြောပြသည်။ မုန့်ကု ဘယ်လိုပဲ ဆူဆူ၊ အဲ့ဒီလူနှစ်ယောက်က ဘာမှ မပြောရဲခဲ့ကြပေ။ သူတို့က အရမ်းကြောက်နေတာကြောင့် ဆေးရုံကို ရောက်တဲ့အခါ သူတို့က ဆရာဝန်ပြောင်းဖို့ တောင်းဆိုခဲ့သည်။ နောက်ဆုံးမှာ သူတို့က မုန့်ကုဆီကနေ နောက်ထပ် သင်ခန်းစာတစ်ခုကို ထပ်ရခဲ့သည်။
သူမက စိတ်ဝင်တစား နားထောင်နေပြီး သူမရဲ့ မျက်လုံးတွေက တောက်ပနေသည်။ ကျိုးကျယ်ကလည်း အဲ့ဒီနေ့က အဖြစ်အပျက်ကို အမြဲတမ်း မှတ်မိနေပြီး အဲ့ဒါကို ပြောရတာ အရမ်းပျော်နေသည်။ သူတို့နှစ်ယောက် စကားပြောရတာ အလွန်ပျော်စရာကောင်းသည်။ နောက်ဆုံးမှာ သူတို့နှစ်ယောက် စကားပြောတာကို ရပ်လိုက်ပြီး အိမ်ပြန်ဖို့ နှုတ်ဆက်တဲ့အခါမှသာ သူမက သူစိမ်းတစ်ယောက်လို့ သတ်မှတ်သင့်တဲ့ လူတစ်ယောက်နဲ့ တိုက်ရှေ့မှာ မုန့်ကုအကြောင်းကို မိနစ် ၂၀ လောက် ပြောခဲ့မိတယ်ဆိုတာကို သဘောပေါက်သွားသည်။
ဖိနပ်ချွတ်ပြီး အိတ်ကို အောက်ချလိုက်ပြီးနောက် သူမ ရေတစ်ခွက် ငှဲ့လိုက်သည်။ သူမက အဲ့ဒီရယ်စရာ အခြေအနေကို တွေးနေတုန်း ရုတ်တရက် သူမရဲ့ ဖုန်းမြည်လာ၏။သူမက ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုမှုက မုန့်ကုဆီက ဖြစ်နေသည်။
“ချန်းရော့ယွီ ငါ မင်းအိမ်အောက်မှာ ရှိတယ်”
"......."
အဲ့ဒီအချိန်မှာ ရေမသောက်မိတာကိုပဲ သူမ တိတ်တိတ်လေး ကျေးဇူးတင်နေမိတယ်။ မဟုတ်ရင်တော့ ရေတွေ တတွတ်တွတ်နဲ့ ထွေးထုတ်မိမှာ သေချာတယ်။
"ချန်းရော့ယွီ"
"ရှင်က ကျွန်မအိမ်အောက်မှာ ဘာလုပ်နေတာလဲ။"
သူမ ပြောနေရင်း ဝရံတာဆီ လှမ်းသွားကာ ပြတင်းပေါက်ကနေ အောက်ကို ငုံ့ကြည့်လိုက်သည်။ တကယ်ပဲ မုန့်ကုရဲ့ ကားက အောက်မှာ ရပ်ထား၏။
"ဒါ အားလုံး မင်းအပြစ်ပဲ။ တစ်ယောက်ယောက်က ငါ့ကို အိမ်ပြန်လို့မရအောင် ကြိုစောင့်နေတယ်လေ"
သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အရမ်းအံ့ဩသွားတယ်။ ဒါ မဟုတ်နိုင်ဘူး...သူမ ပေါက်ကရ ပြောလိုက်တဲ့ စကားက တကယ် ဖြစ်လာတာလား?
"ဒေါက်တာမုန့်၊ ရှင်က ကျွန်မမိဘတွေကြောင့် အိမ်ထောင်ပြုဖို့ အတင်းအကျပ် အခိုင်းခံရရင် အဲ့ဒါ ကျွန်မအမှားလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခု ရှင်က ရှင့်ရဲ့ ရည်းစားဟောင်းကြောင့် အိမ်ပြန်လို့မရအောင် အတားခံရတာ... အဲ့ဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ"
မုန့်ကုက သူမနဲ့ အငြင်းမပွားချင်တာကြောင့် "ဆင်းလာခဲ့" လို့ပဲ ပြောလိုက်သည်။
"ဘာလို့ ဆင်းရမှာလဲ"
သူမက ဝရံတာကနေ ကားကို စိုက်ကြည့်နေပေမဲ့ ကားရဲ့ခေါင်မိုးကို ဖြတ်ပြီး မမြင်နိုင်တာကြောင့် သူ့မျက်နှာအမူအရာကို မမြင်ရပေ။
"မင်းကို ပြောစရာရှိလို့"
"တောင်းပန်ဖို့လား။ ရှင် တောင်းပန်ပြီးမှ ကျွန်မဆင်းလာမယ်"
"ချန်းရော့ယွီ၊ မင်း အရေပြား ယားနေလား?"
"ဒေါက်တာမုန့် ရှင် အခုလို စိတ်အားထက်သန်နေတယ်ဆိုရင် အိမ်ပြန်ပြီးတော့ သူ(မ)ကို မောင်းထုတ်တာ ပိုကောင်းမယ်။ ဒါမှမဟုတ် ပြောရမယ်ဆိုရင် ရှင်က သူ(မ)ကို မရိုက်ရက်လို့ ကျွန်မကို လာအနိုင်ကျင့်တာလား။ ကျွန်မကတော့ အခုလို ဆက်ဆံတာမျိုးကို လက်မခံနိုင်ဘူး။ ရှင်က သူ(မ/နဲ့ နှစ်ယောက်တည်းဆို အဆင်မပြေဘူးလို့ ထင်ရင် ရှင့်ရဲ့ ရည်းစားဟောင်း နှစ်ယောက်ကိုပါ ဖုန်းဆက်ပြီး ဖိတ်လိုက်ပါလား။ ရှင်တို့ လေးယောက် အတူတူ ဖဲရိုက်ကြပေါ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်တို့အားလုံးကြားက မကျေနပ်မှုတွေ၊ ချစ်ခြင်းမုန်းခြင်းတွေပါ ပြေလည်သွားလိမ့်မယ်။ ဒါက ကျွန်မကို လာအော်တာထက် ပိုထိရောက်မယ်လို့ မထင်ဘူးလား"
"မင်းရဲ့ မာနကို အခုလိုပဲ ဆက်ပြီး သာယာနေတာက ရေရှည်အတွက် ကောင်းတဲ့ အစီအစဉ်လို့ ငါ မထင်ဘူး"
"ဒေါက်တာမုန့် ရှင် အများကြီး တွေးနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ကျွန်မနဲ့ လက်ထပ်စရာ မလိုဘူးဆိုတော့ ကျွန်မက ရှင့်ကို နိုင်ထက်စီးနင်း လုပ်မှာကို စိတ်ပူစရာ မလိုဘူးလေ။ ကျွန်မက စိတ်ထားလည်း အရမ်းကောင်းတယ်။ သူငယ်ချင်းတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဒေါက်တာမုန့် ရှင်က ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ပြီးပြီလား"
"အင်း။ ငါ အရမ်းတွေးမိတဲ့အခါကျရင် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တယ်"
သူမ ပါးစပ်ကို မဲ့လိုက်တယ်။
"ကျွန်မတော့ မမြင်ပါဘူး။"
"ချန်းရော့ယွီ မင်း ဘာပဲကြားချင်ကြားချင် ငါ့ကို မျက်နှာချင်းဆိုင် ပြောခွင့်ပေးသင့်တယ် မဟုတ်ဘူးလား"
"ကျွန်မက ရှင် ပိုပြီး ရိုးသားလာတဲ့အထိ စောင့်ချင်တယ်"
ရုတ်တရက် မုန့်ကု တိတ်ဆိတ်သွားသည်။
သူမ အကြာကြီး စောင့်နေခဲ့ပြီးတဲ့နောက် သူ့ကို မခေါ်ဘဲ မနေနိုင်ပေ။
"ဒေါက်တာမုန့်!"
ရုတ်တရက် မုန့်ကု သက်ပြင်းချလိုက်၏။
"ချန်းရော့ယွီ တကယ်တော့ မင်းက ငါနဲ့ တူတူပဲ"
"ကျွန်မက ရှင်နဲ့ လုံးဝ မတူဘူး"
ရှင်းနေတာပဲလေ။ သူမတို့နှစ်ယောက်က လုံးဝမတူတဲ့ လူနှစ်ယောက်။ ဘယ်လိုလုပ် တူနိုင်မှာလဲ?
"ဟိုဘက်လူက အနည်းငယ်လေးဖြစ်စေ မသေချာမှု ရှိနေသရွေ့ မင်း ခံစားမိမှာပဲ၊ ဟုတ်တယ် မဟုတ်လား"
ချန်းရော့ယွီ နားမလည်ဘူး။ သူမ မျက်မှောင်ကြုတ်ပြီး အချိန်အကြာကြီး စဉ်းစားပေမဲ့ မေးဖို့ လိုနေသေး၏။
"ဘာမသေချာမှုလဲ"
########################