အခန်း ၃၈
Vol. 4 Ch. 38
ဒွိဟချစ်သံယောဇဉ်:
Chapter 38-အမေချန်း
ချန်းရော့ယွီ စီမြို့မှာရှိတဲ့ သူမအိမ်ကို ရောက်သည့်အချိန်တွင် ညသန်းခေါင်၁၂နာရီကျော်နေပြီဖြစ်သည်။သူမမိဘတွေကို နှောင့်ယှက်မိမှာ စိုးရိမ်သည့်အတွက်ကြောင့် သူမက သော့တွေထုတ်ယူ၍ တံခါးကို တိတ်တိတ်လေး ဖွင့်လိုက်သည်။မထင်မှတ်ထားစွာဖြင့် သူမ တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ လူပေါင်းများစွာ၏ အသံတွေကို ကြားလိုက်ရသည်။
"ဒီနေ့တော့ ဒီလောက်ပဲ"
"နင် ပျော်နေတာကို ကြည့်စမ်းပါဦး။နင်က လူတိုင်းကို နိုင်သွားတာ"
"ဒီအတိုင်း ငါ ကံကောင်းသွားလို့ပါ"
"ငါတို့တွေ မနက်ဖြန် ထပ်ကစားကြဦးမှာလား?"
"မကစားဘူး။မနက်ဖြန် ငါ့သမီး အိမ်ပြန်လာမှာ။ငါ နင်တို့ကို ခေါ်လိုက်မယ်လေ"
ချန်းရော့ယွီသည် နောက်ဆုံးစကားကို ပြောလိုက်တာဟာ သူမအမေရဲ့အသံဖြစ်ကြောင်း မှတ်မိ၏။သူမ ဧည့်ခန်းထဲ ဝင်သွားတဲ့အခါ မာကျောက်စားပွဲကို မြင်လိုက်ရပြီး နှုတ်ဆက်စကားတွေ ပြောနေကြတဲ့ အမေများကို တွေ့လိုက်ရသည်။
ချန်းရော့ယွီ ကြက်သေ,သေသွား၏။သူမ ဒေါသထွက်ပြီးတော့ ငိုချင်လာသည်။
"ယိုးး ဒါ ရှောင်ယွီ မဟုတ်လား?နင့်အမေက အခုလေးတင် နင် မနက်ဖြန်ပြန်လာမှာလို့ ပြောနေတာ။အရမ်းနောက်ကျနေပြီလေ အလောတကြီး ပြန်လာတာလား"
အမေချန်းသည် သူမသမီးကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွား၏။ဧည့်ခန်းထဲက ပွက်လောရိုက်သံကို ကြားတဲ့အခါ အဖေချန်းသည် အိပ်ခန်းထဲကနေ အမြန်ပြေးထွက်လာခဲ့ပြီး ချန်းရော့ယွီ ပြန်ရောက်နေတာကို မြင်ရတော့ သူ အံ့ဩသွားသည်။သူက အရမ်းပျော်ရွှင်သွားပြီး အမြန်ပဲ သူမကို ခဏလောက် ထိုင်နားဖို့ ပြောလိုက်သည်။
အမေချန်းသည် သူမသမီးရဲ့မျက်နှာအမူအရာ မကောင်းတာကို မြင်တဲ့အခါ သူမစိတ်ထဲမှာ အကြောင်းရင်းကို သိနေတာကြောင့် သူမသူငယ်ချင်းတွေအားလုံးကို ပြန်လွှတ်လိုက်၏။ချန်းရော့ယွီသည် သူမကို အေးစက်စွာကြည့်၍ အံကြိတ်ထားကာ ဘာမှမပြောပေ။
အဖေချန်းလည်းပဲ အနည်းငယ် အပြစ်ရှိသည်ဟု ခံစားရ၏။သူသည် သူ့သမီးအတွက် ရေတစ်ခွက် လောင်းထည့်ပေးကာ ပြောလိုက်၏။
"သမီး မနက်ဖြန်မှ ပြန်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
အမေချန်းသည် တံခါးကနေ ပြန်လှည့်လာပြီး ဧည့်ခန်းသို့ ဝင်လာသည်။အဲ့ဒီနောက် သူမသည် စားပွဲပေါ်က မာကျောက်ကျောက်ပြားတွေကို စတင်သိမ်းဆည်းကာ သူမသမီးကို လျစ်လျှူရှုထားသည်။
ချန်းရော့ယွီသည် သူမ တွေးလေလေ ပိုပြီးတော့ ဒေါသထွက်လာလေလေဖြစ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ပြောတော့ အမေ့နှလုံး မကောင်းဘူးဆို?တစ်ခုခု အပြင်းအထန်ဖြစ်မှာ စိုးရိမ်ပြီးတော့ သမီး ညဘက်ကြီးကို အမြန်ပြန်လာခဲ့တာ။အမေက နေမကောင်းဖြစ်နေတာတောင် မာကျောက်ကစားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး!"
အမေချန်းသည် မာကျောက်ကျောက်ပြားများကို ဘေးသို့ဝုန်းခနဲ တွန်းချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လာသည်။
"နင် အိမ်ကို ညဘက်ကြီး အလောတကြီး ပြန်လာတာကို ဘာလို့ အရမ်းဂုဏ်ယူနေတာလဲ?ဒီအမေအိုကြီးက နင့်ကို ပြုစုပျိုးထောင်လာခဲ့ရတာကို နင်က ညကားလေး စီးရယုံနဲ့ မကျေမနပ် ဖြစ်နေတာလား!"
"အဲ့ဒါဆို အမေ သမီးကို မလိမ်သင့်ဘူးလေ!"
ချန်းရော့ယွီ၏ဒေါသ မြှင့်တက်လာသည်။
"သမီးဘယ်လောက် စိတ်ပူသွားလဲဆိုတာ အမေသိလား!"
"နင်လည်း လိမ်တာက မကောင်းဘူးဆိုတာ သိသေးတယ်ပေါ့လေ?နင်လည်း ဘယ်လိုစိတ်ပူရမလဲဆိုတာ သိသေးတယ်ပေါ့!"
အမေချန်း၏အသံသည် ပိုပြီးကျယ်လောင်လာသည်။သူမသည် ချန်းရော့ယွီကို လက်ညှိုးထိုး၍
"နင် ဘယ်လိုကိစ္စကောင်းတွေ လုပ်ခဲ့လဲဆိုတာကိုပဲ စဉ်းစားကြည့်လိုက်စမ်းပါ!ဘာကို ကုန်သွယ်ရေးကုမ္ပဏီရဲ့ မန်နေဂျာလဲ?ဘာကို နှစ်စဉ်ပရိုမိုးရှင်းလဲ?နင်က ငါတို့ကို အဲ့လိုဇာတ်လမ်းတောင် ပေးလိုက်သေးတယ်။အဲ့ဒီအချိန်တုန်းက ငါတို့တွေ တစ်ခုခု လွဲနေတာတွေ့တော့ နင့်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် နင့်ဖုန်းက လိုင်းဖြတ်ထားတယ်။နင် ဘယ်နေရာမှာနေလဲဆိုတာတောင် ငါတို့ မသိရသလို နင့်ကို မရှာနိုင်ဘူး။နင်က သူစိမ်းမြို့မှာ ဘယ်သူမှ ဘေးနားမရှိဘဲ တစ်ယောက်တည်းနေနေတဲ့ မိန်းကလေးတစ်ယောက်။ညတွေအများကြီး ငါနဲ့နင့်အဖေ အိပ်မပျော်ခဲ့ဘူး။အဲ့ဒါ နင့်ကို စိုးရိမ်လို့ပဲ မဟုတ်ဘူးလား?ငါ နင့်ကို ဆူခဲ့မိလား?ဒီမိန်းမအိုကြီးက ထိန်းထားပြီးတော့ နင့်ကို အခုထိတောင် သင်ခန်းစာမပေးရသေးဘူး။နင်ကတော့ အခု အရမ်းအံ့ဩစရာကောင်းနေပြီး နင် ပြန်ရောက်တာနဲ့ အကျယ်ကြီး အော်ဟစ်နေတယ်။စိတ်ပူတာပေါ့လေ?နင်က စိတ်ပူရမယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့?"
ချန်းရော့ယွီ၏မျက်လုံးတွေ ပူနွေးလာပြီး သူမနှာခေါင်းထဲချဉ်စူးလာကာ သူမမျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။သူမ ရှက်ရွံ့ခြင်းနှင့်ဝမ်းနည်းမှုကိုသာ ခံစားရ၏။
ဘေးနားက အဖေချန်းသည် စိုးရိမ်တကြီးဖြင့် သူတို့ကို ဖြောင်းဖြဖို့ ကြိုးစားသည်။
"အိုင်း.....အိုင်း...အခု အရမ်းနောက်ကျနေပြီ။ဒီအကြောင်းကို ဆက်မပြောကြနဲ့တော့။ငါတို့သမီးက အခုလေးမှ အိမ်ပြန်ရောက်တာလေ။သူ(မ)ပင်ပန်းနေပြီ။သူ(မ)ကို အရင်ဆုံး နားခိုင်းလိုက်ပါဦး။မနက်ဖြန်ကျမှ ဒီအကြောင်း ပြောကြတာပေါ့"
အမေချန်းက စကားဆက်ပြောဖို့ ကြိုးစားပေမယ့် အဖေချန်းက သမီးဖြစ်သူကို အခန်းထဲ အမြန်တွန်းပို့လိုက်၏။
ချန်းရော့ယွီ၏ အခန်းသည် ၇ စတုရန်းမီတာပင် မပြည့်သော အခန်းကျဉ်းလေးဖြစ်ပြီး ကုတင်၊ စားပွဲနှင့် ဗီရိုတို့ဖြင့် ပြည့်နှက်နေသည်။ သူမ အခန်းကို မပြန်ဖြစ်တာ နှစ်နှစ်ရှိပြီဖြစ်သော်လည်း အခန်းမှာ သန့်ရှင်းနေဆဲပင်။ အဖေချန်းက သူမကို ကုတင်အစွန်းတွင် ထိုင်စေပြီး ပြောလိုက်၏။
“သမီး အိမ်ပြန်ရောက်ကာစပဲ ရှိသေးတယ်။ အမေနဲ့ စကားများမနေနဲ့”
ချန်းရော့ယွီသည် နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ဗိုက်ဆာလား”
အဖေချန်းက ထပ်မေးလာသည်။
သူမ ခေါင်းခါပြလိုက်၏။
“တစ်ခုခု စားလိုက်တာ ပိုကောင်းမယ်။ အဖေ ခေါက်ဆွဲပြုတ်ပေးမယ်။ ခရီးပန်းလာတာဆိုတော့ စားပြီးရင် နားလိုက်တော့”
“မစားချင်ဘူး”
သူမ ဖွင့်ပြောလိုက်တဲ့အခါ သူမ၏ အသံတို့က လည်ချောင်းထဲတွင် နစ်မြုပ်နေသည်ကို တွေ့ရသည်။
အဖေချန်းသည် သက်ပြင်းချကာ သူမပခုံးကို ပုတ်၍ ပြောလိုက်သည်။
“အနားယူလိုက်နော်။ အဖေ သမီးအမေကို သွားကြည့်လိုက်ဦးမယ်”
ချန်းရော့ယွီ ခေါင်းညိတ်ပြလိုက်တဲ့အခါ အဖေချန်းလည်း အခန်းထဲမှ ထွက်သွားသည်။ အခန်းအပြင်ဘက်မှ စားပွဲရိုက်သံများနှင့် သူမအမေ၏ အော်ဟစ်ဆဲဆိုသံအချို့ကို သူမ ကြားနေရသည်။ ထို့နောက် သူမအဖေရဲ့ တိုးလျတဲ့ ချော့မော့သံများကို ကြားနေရပြီး ခဏအကြာတွင်တော့ အားလုံး တိတ်ဆိတ်သွားတော့လေသည်။
ချန်းရော့ယွီသည် ကုတင်ပေါ်တွင် ထိုင်နေရင်း ငူငူငိုင်ငိုင်ဖြင့် သူမအမေ၏ စကားများကို ပြန်တွေးနေမိသည်။ သူမ အရမ်းဝမ်းနည်းမိ၏။သူမအမေက အိပ်မပျော်တဲ့ ညအများအပြားကို ကုန်ဆုံးခဲ့ရတယ်လို့ ပြောတော့ ချန်းရော့ယွီ စိတ်ထဲတွင် မြင်ယောင်လာသည်။ အဲ့ဒီနောက် ဒီနေ့တွင် သူမခံစားခဲ့ရတဲ့ ခံစားချက်များကို ပြန်တွေးမိပြီး အပြစ်ရှိသလို ခံစားရသည်။
ဒါပေမဲ့ သူမကို အိမ်ပြန်လာအောင် လိမ်ခဲ့တာကို ပြန်စဉ်းစားမိတဲ့အခါ ဒေါသထွက်လာပြန်သည်။ သူမ ဖုန်းကို ထုတ်ပြီး ဖုန်းစခရင်ပေါ်မှ မစ္စတာမက်မွန်ပွင့်တောအုပ်၏ ပုံကို အသံတိတ် ငေးကြည့်နေမိသည်။
မုန့်ကုကို ဖုန်းခေါ်ချင်စိတ် ပြင်းပြနေပေမယ့်လည်း အချိန်နောက်ကျနေပြီဖြစ်တာကြောင့် သူ့ကို နှိုးလိုက်မိမှာ မလိုလားပေ။ ဒါပေမဲ့ သူကရော သူမကို စောင့်နေမှာလား။ သူက ဘယ်လောက်ပဲ။ နောက်ကျနေပါစေ သူ့ကို ဖုန်းခေါ်ဖို့ မှာထားခဲ့တယ်လေ။ သူ့ကို သူမကြောင့် စိတ်မပူစေချင်ဘူး။
အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက် သူ့ဆီ ဖုန်းခေါ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူမအခန်းတံခါးကို တံခါးခေါက်သံနှစ်ချက် ကြားလိုက်ရသည်။
အခန်းတံခါးကို ခေါက်သံနှစ်ချက် ကြားလိုက်ရသဖြင့် သူမက ဝင်ရန်ပြောလိုက်သည်။ အဲ့ဒီနောက် တံခါးပွင့်လာပြီး အဖေချန်း ဝင်လာကာ သူက တိုးတိုးလေး ပြောလိုက်၏။
"သမီး မီးဖွင့်ထားတာတွေ့လို့ သမီးနဲ့ စကားပြောရအောင် အဖေ လာခဲ့တာ"
သူမက အဖေချန်းအတွက် ထိုင်ခုံကို အလျင်အမြန် ဆွဲပေးလိုက်ပြီး အဖေချန်းသည် ထိုင်ကာ ချန်းရော့ယွီကို ဆေးမှတ်တမ်းစာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
"အဖေ သမီးကို လိမ်ခဲ့တာ မှားပေမဲ့ အကုန်လုံး လိမ်ခဲ့တာတော့ မဟုတ်ဘူး။ အရင်အပတ်တုန်းက သမီးအမေ နှလုံးမကောင်းလို့ ဆေးရုံမှာ နှစ်ရက်လောက်တက်ခဲ့ရတယ်။ နှစ်ရက်လောက် ဆေးစစ်တာတောင် ဘာမှ မတွေ့ဘူး။ ဆရာဝန်က အနားယူတာများများလုပ် ပျော်ပျော်နေပြီး အလုပ်မများဖို့ပဲ အကြံပေးနိုင်တယ်။ သမီးလည်း သမီးအမေရဲ့ အကျင့်ကို သိတာပဲ။ စကားပြောရင် ကြမ်းတမ်းပြီး နားဝင်မချိုတာ မှန်ပေမဲ့ သူ(မ) သမီးကို ချစ်တယ်။ သမီး အာမခံ ရောင်းနေတာ သိသွားတော့ အတော် ဒေါသဖြစ်သွားတာ။ ပြီးတော့ သမီးကိုလည်း ရှာမတွေ့တော့ သူ(မ) အရမ်းစိတ်ပူနေတာ။ နေ့တိုင်း စားမဝင်၊ အိပ်မပျော်နဲ့ နောက်ဆုံး ဖျားသွားတာပဲ။ အခု သူ(မ) ဒီမှာ အလုပ်ပြန်လုပ်စေချင်လို့ ပြောတာက သမီးကို နာကျင်အောင် ပြောတာမဟုတ်ပါဘူး။ တကယ်တော့ သမီး အိမ်နဲ့ ဝေးတဲ့နေရာမှာ အလုပ်လုပ်ပြီး အခွင့်အရေးကောင်းတွေ ရလိမ့်မယ်လို့ အဖေတို့ ထင်ခဲ့ပေမဲ့ သမီး အပြင်မှာ အဆင်မပြေဘူးဆိုရင် အိမ်ပြန်လာတာ ပိုမကောင်းဘူးလား"
ချန်းရော့ယွီ နှုတ်ခမ်းကို ဖိကိုက်ထားပြီး စကားမပြောနိုင်ပေ။
"ဖုန်းနဲ့ပြောရင် အဆင်မပြေတဲ့ စကားတွေရှိတယ်။ သမီးအမေက ဖုန်းပြောတိုင်း ဒေါသထွက်နေတတ်တယ်။ သမီးလည်း ဒီကိစ္စကြောင့် မပျော်ဘူးဆိုတာ အဖေ သိပါတယ်။ ဒါကို ပိုပြီး နားလည်ပေးလိုက်ပါ။အဖေတို့အပေါ်လည်း ဒေါသမထွက်နဲ့။ ဒီရက်ပိုင်း သူ(မ)ကျန်းမာရေးမကောင်းပေမဲ့ သမီးအတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးဖို့ လိုက်ရှာနေတာ။ အခုမှ သင့်တော်တဲ့သူတစ်ယောက် တွေ့လို့ အိမ်ပြန်လာပြီး ကြည့်စေချင်တာ။ သမီးက အငြိုးအတေးနဲ့ ပြန်မလာမှာကို စိုးရိမ်တာကြောင့် အဖေ့ကို သမီးကို လိမ်ခိုင်းတာ။ ဒီဆေးမှတ်တမ်းကို ကြည့်လိုက်။ ဒါက လိမ်တာ မဟုတ်ဘူး၊ သူ(မ) တကယ် နေမကောင်းဖြစ်နေတာ။ အဲ့ဒါကြောင့် သမီး အိမ်ပြန်လာတာ မှန်တယ်။ သူ(မ) စိတ်ဓာတ်ကျနေတာ ကြာပြီ၊ ဒီနှစ်ရက်လောက်မှ မာကျောက်ကစားတာ"
“သူ(မ) ကျန်းမာရေးမကောင်းရင် ညဉ့်နက်တဲ့အထိ မနေသင့်ဘူးလေ။ ဘယ်လိုလုပ်ပြီး မာကျောက်ကစားဖို့ ညဉ့်နက်တဲ့အထိ နေရတာလဲ”
ချန်းရော့ယွီက သူမအမေအတွက် စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။
“ဆယ်နာရီအထိပဲ ရိုက်ဖို့ သဘောတူထားတာပါ။ ဒါပေမဲ့ အားလုံးက ပျော်နေကြတာဆိုတော့ အဖေက ဘယ်လိုတားလို့ရမှာလဲ။ သမီးအမေရဲ့ အကျင့်ကို သမီးသိတာပဲ၊ သူ့ကို ဆွယ်ဖို့ဆိုတာ မလွယ်ဘူး။ အဖေ စကားများရင် အပြင်လူတွေရှေ့မှာ သူ(မ)မျက်နှာမကြည့်ရာ ရောက်သွားမှာစိုးလို့ အချိန်က သိပ်မနောက်ကျသေးတာကြောင့် အဖေ ဒီအတိုင်းပဲ ထားလိုက်တာ။ အရင်က သမီးရှိတုန်းက ညလုံးပေါက် ဆော့တာ သမီးတွေ့ဖူးတာပဲ။ ဒီတစ်ခါတော့ သန်းခေါင်ကျော်ရုံလေးပဲ ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ခဏခဏလည်း မကစားကြဘူး”
ချန်းရော့ယွီ ဘာမှမပြောတော့ပေ။ သူမရဲ့ မိသားစုမှာ သူမအမေက အဓိကဖြစ်ကြောင်း သိသည်။ သူမအဖေကလည်း မျက်နှာပုဂ္ဂိုလ်ဖြစ်ပြီး အပြင်လူများ ရှိနေပါက ဇနီးဖြစ်သူကို မျက်နှာမငယ်အောင် လုပ်လေ့ရှိသည်။
“သမီးအမေက တကယ်တော့ မနက်ဖြန်ညကျရင် သမီးကို ဘလိုင်းဒိတ်သွားတွေ့စေချင်တာ။ အဲ့ဒါပဲ။ အဖေတို့က သမီးကို အတင်းအကျပ် လက်ထပ်ခိုင်းတာ မဟုတ်ဘူး။ နှစ်ဖက်မိသားစု ဆုံပြီး အချင်းချင်း သိကျွမ်း၊ မိတ်ဆွေဖွဲ့ဖို့ပဲလေ။ သူတို့မိဘနဲ့တော့ အဖေတို့ တွေ့ပြီးပြီ၊ မနက်ဖြန်မှ သမီးနဲ့ သူတို့ရဲ့ သားကို ခေါ်ပြီး တွေ့ပေးမှာ။ သမီးစိတ်ထဲမှာ အငြိုးအတေးတွေ မထားဘဲ သမီးအမေရဲ့ ဆန္ဒကို လိုက်လျောပေးလိုက်ပါ။ သွားတွေ့လိုက်ရုံပဲ၊ ဘာမှ မဟုတ်ဘူး”
“ဒါပေမဲ့ အဖေ၊ သမီးက အေမြို့မှာ အလုပ်ရှိတယ်လေ။ ဘလိုင်းဒိတ်တွေ့ဖို့ ပြန်လာရင်တောင် သမီးက ပြန်သွားရဦးမှာပဲလေ။ အဲ့ဒါဆို ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
“သမီးက ကြည့်ပါဦး၊ ဒီလူနဲ့ မတွေ့ရသေးခင်ကတည်းက သမီးက စပြီး ဆန့်ကျင်နေပြီ။ သမီးအမေက ဒီကိစ္စကို အတော်လေး စိတ်အားထက်သန်နေတာ။ အဖေနဲ့ သမီးအမေကြားရတာ ဒီလူလေးကလည်း အေမြို့မှာ အလုပ်လုပ်နေတာလို့ သိရတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒီကို ပြန်လာပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာပါ။ အဲ့ဒါကြောင့် သမီးအမေက သူ့ကို အရမ်းသဘောကျနေတာ။ အရင်ဆုံး အချင်းချင်း သိအောင်လုပ်ကြပေါ့။ သမီး သူ့အပေါ် ကောင်းတဲ့ အမြင်ရှိတယ်လို့ ခံစားရရင် အေမြို့မှာ ဆက်ပြီး အဆက်အသွယ်လုပ်လို့ရတယ်။ သူ့ကို ပိုသိလာပြီဆိုရင်တော့ သူ့နဲ့အတူ ပြန်လာလို့ရတာပေါ့။ အဖေ သမီးအတွက် စီစဉ်ပေးထားတဲ့ အလုပ်ကို သဘောမကျဘူးဆိုရင် သူ့စီးပွားရေးမှာ ဝင်ပြီး လုပ်လို့ရတယ်။ သမီးတို့နှစ်ယောက်စလုံး အေမြို့မှာ အလုပ်လုပ်နေတာဆိုတော့ အပြင်လောကကို မြင်ဖူးတာပဲ၊ စကားပြောကြရင်လည်း အဆင်ပြေမှာပါ"
ချန်းရော့ယွီ၏ မျက်နှာထက်တွင် အနက်ရောင်မျဉ်းများ ပြည့်နေသည်။ သူမ၏ မိဘများသည် ထိုသို့သော ထူးခြားသည့် ပုဂ္ဂိုလ်ကို ဘယ်နေရာမှ ရှာတွေ့ခဲ့ပါသလဲ။ သူက အေမြို့မှာ အလုပ်လုပ်နေပြီး စီးပွားရေးစတင်ဖို့ စီမြို့ကို ပြန်ဖို့လည်း ပြင်ဆင်နေတယ်။ အလုပ်ဧရိယာသာမက အနာဂတ်အတွက် သူမရဲ့ အလုပ်အကိုင်ပါ စီစဉ်ပြီးသား ဖြစ်နေတယ်။ ဒီလူက သူမမိဘတွေရဲ့ ဆန္ဒအတိုင်း တိကျသေချာစွာ ဖန်တီးထားတဲ့ လူတစ်ယောက်ပင်။
“သမီးကို အဖေက ဒါတွေ ပြောပြတာက မနက်ဖြန်ကျရင် သမီးအမေနဲ့သမီးကို ရန်မဖြစ်စေချင်လို့။ သူ(မ)အကျင့်က မကောင်းဘူး၊ ဒါကြောင့် သူ(မ)ဆန္ဒကို လိုက်လျောပေးလိုက်ပါ။ မနက်ဖြန်ကျရင် အဲ့ဒီလူငယ်လေးနဲ့ အရင်တွေ့ကြည့်လိုက်။ သမီးတို့ အဆင်ပြေကောင်း ပြေနိုင်တာပဲ။ အမေနဲ့ အဖေလည်း အသက်ကြီးလာပြီဆိုတော့ သားသမီးတွေနဲ့ အတူရှိနေချင်တယ်။ သမီးက လတိုင်း ပိုက်ဆံပြန်ပို့ပေးနေရင်တောင် အပြင်မှာ သမီး အဆင်မပြေဘူးဆိုရင် အဖေတို့ မပျော်နိုင်ဘူး။ အာမခံ ရောင်းတာက ဂုဏ်ရှိတဲ့ အလုပ်တစ်ခု မဟုတ်ဘူးဆိုပေမဲ့ သမီးအမေက ဒီအတွက် သမီးကို ဒေါသထွက်တာ မဟုတ်ဘူး။ သူ(မ)က သမီးအတွက် စိတ်မကောင်းဖြစ်တာပါ"
ထိုစကားများကလည်း ကျိုးကြောင်းဆီလျော်နေသဖြင့် ချန်းရော့ယွီ ဘာမှ ဆက်မပြောနိုင်တော့ဘဲ ခေါင်းသာ ညိတ်ပြနိုင်တော့သည်။
“သမီး နားလည်တာ ကောင်းတယ်”
အဖေချန်းသည် စကားဆက်ပြောရန် ကြိုးစားပေမယ့် အဲ့ဒီအချိန်မှာပဲ ချန်းရော့ယွီ၏ ဖုန်းမြည်လာသည်။ သူမ ဖုန်းကိုထုတ်ကြည့်လိုက်သောအခါ မုန့်ကုဆီမှ ဖြစ်နေ၏။
“သမီး ဖုန်းပြောလိုက်ဦးမယ်”
အဖေချန်းလည်း အချိန်နောက်ကျနေပြီဖြစ်ကြောင်း သတိရသွားကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ဖုန်းပြောပြီးရင် အနားယူလိုက်တော့။ အဖေ ဘာမှ ထပ်မပြောတော့ဘူး၊ ဒီတစ်ခုပဲ မှာချင်တယ်။ မနက်ဖြန် သမီးအမေနဲ့ စကားမများနဲ့၊ သူ(မ)စကား နားထောင်ပြီး ပျော်အောင်ထားလိုက်ပါ။ အဖေ သွားပြီ... စောစောနားတော့”
အဖေချန်းသည် အခန်းအပြင်သို့ ထွက်သွားပြီးနောက် တံခါးပိတ်လိုက်၏။ သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ ဖခင်သည် စိတ်ခံစားမှုလှုပ်ရှားစေခြင်း နည်းဗျူဟာကို အပြစ်ဆိုစရာမရှိအောင် ကောင်းစွာ အသုံးချသွားခဲ့သည်။ သူမရင်ထဲမှာ ပြည့်နှက်နေတဲ့ မကျေနပ်မှုများဟာ လုံးဝ ဖိနှိပ်ခံလိုက်ရပြီး သူမရဲ့မိဘများအပေါ် နားမလည်ပေးသလို ခံစားနေရသည်။
သူမဖုန်းကိုင်လိုက်ပြီး မုန့်ကုက မေးလာသည်။
“အိမ်ရောက်ပြီလား”
“အင်း”
“ဘာလို့ ဖုန်းပြန်ဖြေဖို့ အကြာကြီး စောင့်နေရတာလဲ”
“ခုနက ကျွန်မအဖေရှိနေလို့”
“မိသားစု အဆင်ပြေရဲ့လား”
“အင်း... ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး။ အမေက ပြီးခဲ့တဲ့အပတ်က စောင့်ကြည့်ဖို့အတွက် ဆေးရုံမှာ နှစ်ရက်တက်ခဲ့ရတယ်”
“ပြဿနာက ဘာတဲ့လဲ”
မုန့်ကု၏ မေးခွန်းများက အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုလို ထွက်ပေါ်လာသော်လည်း သူ့ရဲ့စိုးရိမ်ပူပန်မှုက ချန်းရော့ယွီကို ပျော်ရွှင်စေသည်။
“အာ၊ ကျွန်မမှာ ဆေးမှတ်တမ်းစာအုပ်ရှိတယ်။ ကြည့်လိုက်ဦးမယ်”
သူမက ပြောပြီးတော့ ဆေးမှတ်တမ်းကို လှန်ကြည့်ပြီး ဆရာဝန်၏ ရောဂါရှာဖွေမှုနှင့် မှတ်ချက်များကို ဖတ်ပြရန် ကြိုးစားသည်။ ဒါပေမဲ့ သူမ အချိန်အကြာကြီး ကြည့်နေပေမယ့် စာလုံးများကို ဖတ်မရပေ။
“ဆရာဝန်တွေရဲ့ လက်ရေးက တကယ် ဆိုးတာပဲ။ ဒီဆေးမှတ်တမ်းကိုတောင် ဖတ်လို့မရဘူး”
“ဒီထက် ပိုအဓိပ္ပာယ်ရှိတဲ့နေရာမှာ မင်းရဲ့ မနှစ်မြို့မှုကို သုံးလို့မရဘူးလား”
“ဒါက လူမှုရေးအရ အရေးမပါဘူးလား။ ဆရာဝန်တစ်ယောက်ရဲ့ လက်ရေးက သပ်ရပ်လှပနေမယ်ဆိုရင် လူနာတွေက ဘာရေးထားလဲဆိုတာကို နားလည်နိုင်ပြီး လူတိုင်း စိတ်အေးချမ်းသာ ရှိနိုင်မှာပေါ့။ အခုလိုဆို ကျွန်မအမေရဲ့ ရောဂါအခြေအနေကို ကျွန်မတကယ် မသိရဘူး”
“စာရွက်မိတ္တူကူးပြီး မင်းပြန်လာတဲ့အခါကျရင် ငါ့ကို ပြ!”
မစ္စတာ တိုင်ရန်နိုဆောရပ်စ်၏ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“အင်းပါ”
သူမ သက်ပြင်းချကာ ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ သူမစိတ်ထဲတွင် တည်ဆောက်ထားတဲ့ ဒေါသများဟာ သိသိသာသာ လွင့်ပျယ်သွားသည်ကို ခံစားရ၏။
“ဒေါက်တာမုန့် ဖတ်နိုင်မယ်ဆိုတာ သေချာရဲ့လား။ သူ့လက်ရေးက ရှင့်လက်ရေးထက်တောင် ပိုဆိုးနေတယ်”
“ငါ့လက်ရေးက မဆိုးဘူး”
“အော်”
သူမက လေးတိလေးကန်နှင့် ပြန်ဖြေပြီး မေးလိုက်သည်။
“ဒေါက်တာမုန့် ရှင်တို့ ဆေးကျောင်းမှာ လက်ရေးပညာရပ်ဆိုင်ရာ သင်တန်းရှိလား။ လက်ရေးကိုရော စာလုံးတွေကိုရော မှတ်သားနိုင်အောင် အထူးလေ့ကျင့်ပေးတာမျိုးလေ”
“ချန်းရော့ယွီ၊ မင်း အိမ်တကယ်ရောက်တာ သေချာလား။ မင်း အရေပြားက ယားနေတယ်မလား”
သူ့လေသံက သူမကို ရယ်မောသွားစေသည်။
“ဒေါက်တာမုန့် ရှင်ပြောပါဦး။ ကျွန်မတို့ စကားပြောလိုက်တာနဲ့ ဘာမှ အဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာတွေ ဖြစ်သွားရတာလဲ”
“အဲ့ဒါ မင်းလေ"
“မဟုတ်ဘူး၊ ကျွန်မ မဟုတ်ဘူး။ ကျွန်မ ခုနကမှ အဖေနဲ့ အဓိပ္ပာယ်ရှိတဲ့ စကားတွေ ပြောဖြစ်ခဲ့သေးတယ်”
“အဲ့ဒါ မင်းအဖေက ပြောနေပြီး မင်းက ဘေးကနေ ခေါင်းညိတ်ပြီး ကိုယ့်ကိုကိုယ် ပြန်တွေးနေတာ ဖြစ်ရမယ်”
“ရှင် ဘယ်လိုလုပ် သိတာလဲ”
“သိပ်လွယ်ပါတယ်။ လေးနက်တဲ့ အဓိပ္ပာယ်ရှိတဲ့ ဘာအကြောင်းအရာမှ မင်းနဲ့ ဘာမှမဆိုင်ဘူး”
“အဲ့ဒါ မဟုတ်ဘူး။ ကျွန်မလည်း အဓိပ္ပာယ်ရှိတဲ့ စကားတွေ ပြောနိုင်တယ်”
“ဥပမာ?"
“ဒေါက်တာမုန့် ရှင့်ရဲ့ အချစ်ဦးက ရှင်နဲ့ ပြန်ပေါင်းဖို့ မျှော်လင့်ပြီး ရှင့်ကို မမေ့နိုင်၊ နက်နက်ရှိုင်းရှိုင်း ချစ်နေသေးတဲ့အခါ… သူ(မ)က ရှင့်ရဲ့ ဘယ်အချက်ကို ချစ်တာလဲလို့ တွေးဖူးလား”
“‘သူ(မ)က ရှင့်ရဲ့ ဘယ်အချက်ကို ချစ်တာလဲ’ ဆိုတဲ့ စကားကို မင်းက ဒီလောက် မထီမဲ့မြင်မဖြစ်ဘဲ ပြောခဲ့မယ်ဆိုရင် မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး အတင်းအဖျင်းတွေ မျှော်လင့်နေတာ မဟုတ်ဘူးလို့ ငါ ထင်မိမှာ”
“ဒီနေ့ အပြန်ခရီးမှာ ဘာမှ မလုပ်ရတာနဲ့ ရှင့် အကြောင်းကို အလေးအနက်ထားပြီး စဉ်းစားပေးခဲ့တယ်”
“ကောက်ချက်တစ်ခုရခဲ့လား”
“မရခဲ့ဘူး”
“ကြည့်ရတာ မင်းက တကယ့်ကို အရမ်းအားနေပုံပဲ”
မုန့်ကုက အလားတူ မနှစ်မြို့ဟန်ဖြင့် ပြန်ပြောသည်။ အဲ့ဒီနောက် သူက ပြောလိုက်၏။
“ချန်းရော့ယွီ၊ ဒါဆိုရင် မင်းကရော ငါ့ရဲ့ ဘယ်အချက်ကို ချစ်တာလဲ”
“ဒီခေါင်းစဉ်က အသစ်အဆန်း မဟုတ်တော့ဘူး။ ကျွန်မ ရှင့်ကို အရင်က မရှင်းပြခဲ့ဖူးဘူးလား။ အဓိကအချက်က ကျွန်မ လမ်းပျောက်ပြီး နောက်ပြန်လှည့်လာခဲ့တာ။ ဒေါက်တာမုန့် တခါတရံကျရင်လေ ကျွန်မ အသက်ရှင်နေရတဲ့ အဓိပ္ပာယ်ကိုလည်း ဆင်ခြင်မိတယ်”
ဖုန်းတစ်ဖက်မှ ခဏတာ တိတ်ဆိတ်သွားသည်။ အဲ့ဒီနောက် မစ္စတာ တိုင်ရန်နိုဆောရပ်စ်၏ ကြမ်းတမ်းသော အသံ ထွက်ပေါ်လာသည်။
"ချန်းရော့ယွီ၊ မင်း အိပ်တာ ပိုကောင်းမယ်။ ငါ မင်းနဲ့ စကားမပြောချင်တော့ဘူး။ မနက်ဖြန် အလုပ်သွားရဦးမယ်”
သူက ပြောပြီးတဲ့နောက် ဖုန်းချသွားတော့သည်။
သူမကလည်း ဂရုမစိုက်တော့ဘဲ အိပ်ရာဝင်ရန် ပြင်ဆင်လိုက်၏
မနက်ဖြန်မှာ သူမ အလုပ်လုပ်တာထက် ပိုခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မယ်။ သူမက ဖုန်းကို ခေါင်းအုံးဘေးတွင် ထားကာ မစ္စတာမက်မွန်ပွင့်တောအုပ်၏ ပုံကို ကြည့်နေလိုက်သည်။
သူမရဲ့စိတ်ထဲကနေ သူ့ကို "ဂွတ်နိုက်" ဟု ဆုတောင်းလိုက်မိတော့သည်။
################
(T/N-မုန့်ကုက ချန်းရော့ယွီ သူ့ရဲ့ဘယ်အချက်ကို ကြိုက်တာလဲဆိုပြီး မြောင်းဖောက်ပေး၊ကံဆိုးချင်တော့ ချန်းရော့ယွီဆိုတဲ့ ရေလေးက သူ့ဆီ အလိုက်တသိ စီးမလာ🤣ဒေါက်တာမုန့်တစ်ယောက် စိတ်ကောက်ပြီး ဖုန်းချသွားပါတယ်🤣)