← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

ဒွိဟချစ်သံယောဇဉ်:

Chapter 39-ဘလိုင်းဒိတ်(2)

နောက်တစ်ရက်မှာတော့ ချန်းရော့ယွီကို ဘလိုင်းဒိတ်တွေ့ရန် ခေါ်သွားလေတော့သည်။

ဒီနေ့ ချန်းရော့ယွီနဲ့ အမေချန်း နှစ်ယောက်စလုံး သူတို့ရဲ့ဒေါသများကို ထိန်းချုပ်ထားကြသည်။သူတို့တွေ စကားအများကြီး မပြောကြပေမယ့် ချန်းရော့ယွီက တက်တက်ကြွကြွဖြင့် အိမ်အလုပ်တွေအားလုံး ပြီးအောင်လုပ်ထားသည်။အမေချန်းက ချန်းရော့ယွီ စားရတာကြိုက်တဲ့မုန့်ကို တိတ်တဆိတ် ဝယ်လာပြီး ထမင်းစားပွဲပေါ် တင်ထားပေးကာ နှစ်ယောက်လုံးကလည်း တစ်ယောက်ကိုတစ်ယောက် အစားအစာထည့်ပေးခြင်း*ပြုလုပ်ကြသေး၏။

T/N(အစားအစာထည့်ပေးခြင်းဆိုတာက တူကိုအသုံးပြုပြီးတော့ ဟင်းပွဲကြီးကနေ အစားအစာကောက်ယူပြီး အခြားလူတစ်ယောက်ရဲ့ ထမင်းပန်းကန်ပြား ဒါမှမဟုတ် ပန်းကန်လုံးထဲကို ထည့်ပေးတာပါ။ဒီအပြုအမူက အစာစားတဲ့အချိန်မှာ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်က သူ့ရဲ့ ဂရုစိုက်မှုနဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့အခါ ပြုလုပ်လေ့ရှိပါတယ်။တကယ်လို့ ၎င်းက စီးပွားရေးညစာစားပွဲလိုမျိုး နေရာမျိုးမှာဆိုရင် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူဖြစ်ပြီး သာမန်ဇွန်းတစ်ချောင်း၊ဒါမှမဟုတ် သာမန်တူတစ်စုံအသုံးပြုလို့ရပါတယ်)

အမေချန်းသည် ချန်းရော့ယွီ၏သဘောထား ကောင်းမွန်နေတာကို မြင်သည့်အခါ သူမကို ထပ်မဆူတော့ပေ။အမေချန်းက ညနေခင်းမှာ ညစာစားပွဲတစ်ခုရှိတဲ့အကြောင်းသာ ပြောပြပြီးတော့ ချန်းရော့ယွီကို ခေါ်သွားပြီး လူငယ်လေးနဲ့ ပေးတွေ့မှာဖြစ်ကာ သူ့မျက်လုံးထဲမှာ သူမဟာ အဆင်ပြေမပြေ ကြည့်မှာဖြစ်သည်။

အဖေချန်းက ချက်ချင်းပဲ အမေချန်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး သူ့စိတ်ထဲမှာတော့ သူမရဲ့စကားတွေကို ဒီလိုပုံစံဖြင့်ပြောတာ သဘောမတူချေ။သူတို့သမီးက တစ်ဖက်လူကို သဘောကျ၊မကျ ကြည့်ရအောင် သူတို့တွေ ခေါ်သွားမှာလို့ ပြောသင့်တာဖြစ်၏။သူတို့က ဘယ်လိုလုပ် အရမ်းသဘောထားကြီးပြီးတော့ မိသားစုကို နှိမ့်ချလို့ဖြစ်မလဲ?

ချန်းရော့ယွီ သက်ပြင်းချလိုက်၏။သူမအမေရဲ့ပုံစံက အမြဲတမ်း အတူတူပင်။သူမအဖေက ဘာလို့ သူမအမေရဲ့စကားတွေကို စိတ်ထဲထည့်နေတာလဲ?

အတိုချုပ်အားဖြင့် အမေချန်းသည် ထိုညတွင် သူမသမီးကို ညစာစားရန် ခေါ်သွား၏။

သူတို့ စားသောက်ဆိုင်ကို ရောက်သည့်အချိန် သူမအမေ အရွယ်လောက်ရှိမည့် အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့ဆုံသည်။အမေချန်းက သူမကို လက်ဖြင့်ထိုး၍ ပြောလာ၏။

"သူ(မ)ကို အန်တီလို့ခေါ်လိုက်"

"အန်တီ မင်္ဂလာပါ" သူမ ယဉ်ကျေးစွာပဲ နှုတ်ဆက်လိုက်သည်။

အမျိုးသမီးကြီးက ပြုံးပြီးတော့ ချန်းရော့ယွီကို အပေါ်ကနေအောက်အထိ ကြည့်လေသည်။အဲ့ဒီနောက် သူမကို ချီးမွမ်းလာ၏။

"ရှောင်ယွီက လှပတဲ့မျက်နှာလေးနဲ့ စတိုင်ကျပြီး ကြည့်လို့ကောင်းတယ်။သမီးအမေကတော့ သမီးကိုရတာ တကယ်ကံကောင်းတာပဲ"

"အိုး...သူ(မ)က ကံကောင်းသွားယုံလေးတင်။သူ(မ)က သူ(မ)အဖေနဲ့ကျွန်မဆီက ကောင်းတဲ့အရာအားလုံးကို ရသွားတာလေ"

အမေချန်းသည် သိသိသာသာ ပျော်ရွှင်သွားပြီး လျင်မြန်စွာပဲ ပြန်ဖြေလာသည်။

ချန်းရော့ယွီ ဘေးနားမှာ ထိုင်ပြီးတော့ ပြုံးနေကာ သူမအမေရဲ့စကားတွေထဲမှာ တစ်ခုခု မှားနေသလားလို့ စဉ်းစားမိနေ၏။သူမ ဘာပြောလိုက်တာလဲ။

သူတို့သုံးယောက် ထိုင်လိုက်ကြ၏။ချန်းရော့ယွီ၏ လူကြီးတွေကိုကြောက်ရွံ့ခြင်းက စတင်လာပြီး သူမရဲ့လှုပ်ရှားမှုတွေဟာ အနည်းငယ် တောင့်တင်းနေသည်။

အမျိုးသမီးကြီးက ဟင်းပွဲအချို့မှာယူ၍ သူမက ပြောလာသည်။

"ကျွန်မသားက အလုပ်များနေပြီးတော့ ဒီနေ့လယ်ကမှ ပြန်ရောက်လာနိုင်တယ်။သူ ခဏတောင် မထိုင်ရသေးဘူး အဝေးက သူ့မိတ်ဆွေတွေက အလုပ်နည်းနည်းလုပ်ဖို့ဆိုပြီး ခေါ်သွားတာခံရတယ်လေ။သူက ဒီမှာ ကားမောင်းသင်တန်း ဖွင့်ချင်တာဆိုတော့ သူ ကိုင်တွယ်ရမယ့် အဆက်အသွယ် နည်းနည်းပါးပါး ရှိလို့။သူ လာတာ နောက်ကျလိမ့်မယ် ရှင်တို့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်နော်"

"ကိစ္စမရှိဘူး။အဆင်ပြေတယ်"

အမေချန်း၏ သဘောထားက အထူးကောင်းမွန်နေပြီး ပုံမှန် အိမ်မှာနေချိန် သူမ၏သဘောထားနှင့် ကွာခြားလှသည်။

ချန်းရော့ယွီသည် သူမဘေးနားမှာ ထိုင်နေပြီး ဝင်ဖြတ်မပြောနိုင်ကာ အမေနှစ်ယောက်ရဲ့ လက်ရှိရာသီဉတုအကြောင်း၊ဈေးရဲ့ရေပန်းစားနေသည့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ၊သက်လတ်ပိုင်းအရွယ်တွေအတွက် ဈေးချိုပြီး ဖက်ရှင်ကျသည့် အဝတ်အစားများ ရောင်းချပေးနေတဲ့ဆိုင်၊ဈေးချိုပြီး ကောင်းမွန်သည့် Skincare ပစ္စည်းတွေအကြောင်း၊ကျန်းမာရေးပစ္စည်းမျိုးစုံနှင့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေ........စသဖြင့် ပြောတာကို နားထောင်နေရသည်။

ချန်းရော့ယွီသည် အမျိုးသမီးကြီးနှစ်ယောက်အတွက် တိတ်တဆိတ် လက်ဖက်ရည် လောင်းထည့်ပေး၍ စားပွဲထိုးကို ရေပြန်ဖြည့်ပေးဖို့ တိတ်တိတ်လေး လက်ယပ်ခေါ်လိုက်သည်။ဟင်းပွဲတွေ ရောက်ရှိလာသည့်အခါ သူမက ဟင်းပွဲတွေ ကူ၍ ချပေးပြီး ကျန်တဲ့အချိန်တစ်လျှောက်လုံးမှာတော့ အမေနှစ်ယောက် စကားပြောတာကိုပဲ တိတ်တိတ်လေး ထိုင်နားထောင်နေသည်။

ဒီအခြေအနေကလည်း ကောင်းတာပဲဟု သူမဘာသာ တိတ်တိတ်လေး တွေးလိုက်၏။ထိုယောကျာ်းက အလုပ်အရမ်းများပြီး မလာနိုင်ရင် ပိုပြီးတော့တောင် အဆင်ပြေသေးတယ်။အဲ့ဒီနောက် အမေနှစ်ယောက်က သူတို့အတင်းအဖျင်းတွေ ပြောတာ အဆုံးသတ်သွားပြီး သူမလည်း လွတ်မြောက်သွားလိမ့်မည်။

အဆုံးမှာတော့ သူမ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်တောင် မချရသေးခင်မှာပင် အမျိုးသမီးကြီးက သူမဘက်ကိုလှည့်၍ အာရုံစိုက်လာသည်။

"ရှောင်ယွီက အရမ်းလိမ္မာတာပဲ။တိတ်တိတ်လေးနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေတာ"

"အိုး ဟုတ်တယ်။တကယ်တော့ ကျွန်မတို့မိသားစုရဲ့ရှောင်ယွီက အရမ်းလုပ်နိုင်စွမ်းရှိတယ်"

အိုး မဟုတ်ဘူး!ချန်းရော့ယွီ စတင်ပြီးတော့ စိတ်လှုပ်ရှားလာပြီ။အဲ့ဒါက အခု စတော့မှာလား?

"ကျွန်မ သူ(မ)ကို မြှောက်ပြောတာတော့ မဟုတ်ဘူး။ကျွန်မရဲ့ရှောင်ယွီက ဧည့်ခန်းနဲ့မီးဖိုချောင်မှာ*လုပ်နိုင်စွမ်းရှိတယ်။သူ(မ)က အရသာရှိတဲ့ ဟင်းတွေအားလုံး ချက်နိုင်တယ်။ပြီးတော့ အိမ်မှုကိစ္စတွေအားလုံးလည်း ကျွမ်းကျင်တယ်။သူ(မ)အလုပ်မှာလည်း တော်သေးတယ်။အစတုန်းက သူ(မ)က ကုန်သွယ်ရေးကုမ္ပဏီရဲ့ မန်နေဂျာလုပ်နေတာလေ။နောက်ကျတော့ သူ(မ)အရည်အချင်းတွေကို သွေးချင်တယ်ဆိုပြီး အလုပ်ပြောင်းလိုက်တော့တာပဲ။သူ(မ)က စီးပွားရေးလုပ်တဲ့နေရာမှာလည်း တော်တော့ သူ(မ)သူဌေးက သူ(မ)ကို တော်တော်အရေးပါတဲ့နေရာ ပေးထားတယ်လေ"

(T/N-ဧည့်ခန်းနဲ့မီးဖိုချောင်မှာ နေတယ်ဆိုတာက အိမ်မှုကိစ္စထိန်းသိမ်းခြင်း၊ချက်ပြုတ်ခြင်းနဲ့ လူမှုဆက်ဆံရေးတို့မှာ ကောင်းမွန်သော တရုတ်စံပြဇနီးသည်တစ်ဦးအကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်)

အမေချန်းသည် အဆက်မပြတ် စကားဆက်ပြောနေပြီး ချန်းရော့ယွီက သူမရဲ့စိတ်အားထက်သန်မှုကို ထိန်းရန် ကြိုးစားကာ သက်ပြင်းချ၍ သူမကိုယ်သူမအတွက် နောက်ထပ် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။

အခြားအမေကလည်း သူမသားကို ချီးမွမ်းပြောဆိုပြီး၊သူမသားက ယာဉ်မောင်းသင်တန်း၏ စီမံခန့်ခွဲရေးဘက်တွင် အလုပ်လုပ်နေကာ သူက သားသမီးကျင့်ဝတ် ကျေပွန်သည့် သားတစ်ယောက်ဖြစ်ကြောင်း ပြောလေသည်။သူက အိမ်ပြန်လာချင်ပြီးတော့ ဒီလိုဆိုရင် လူကြီးနှစ်ယောက်နှင့် နေနိုင်ကာ သူတို့ကို အဖော်ပြုစောင့်ရှောက်ချင်တာ ဖြစ်သည်။အဲ့ဒါကြောင့် သူ အိမ်ပြန်လာရင်တောင်မှ သူက ယာဉ်မောင်းသင်တန်းတစ်ခုလည်း စတင်တော့မှာ ဖြစ်သည်။အဆက်အသွယ်များနှင့် ငွေကြေးမတည်မှုများကြောင့် ဘာပြဿနာမှရှိမှာ မဟုတ်ပေမယ့် ဒါတွေအားလုံးက အချိန်ယူရမှာဖြစ်ပြီး အေမြို့မှာရှိသည့် သူ့အလုပ်ကလည်း ချက်ချင်း လွှတ်ချခဲ့လို့မရပေ။ဒါကြောင့် သူ အေမြို့မှာ ခဏလောက် နေရန်လိုအပ်ပြီး သူ ပြန်မလာနိုင်ခင်အထိ အရာအားလုံး ပြေလည်သွားအောင် စောင့်ရမှာဖြစ်သည်။

အမေချန်းက သူ့ကို ချီးမွမ်းပြီးတော့ သူတို့တွေဟာ ကံပါကြောင်းလည်း ပြောလာ၏။ဘာကြောင့်လဲဆိုတော့ သူမမိသားစုရဲ့ရော့ယွီကလည်း တူညီသည့်အခြေအနေရှိကာ အချိန်ခဏအတွင်း အေမြို့ကနေ ထွက်မလာနိုင်ပေ။ ဒါပေမဲ့ အဆုံးမှာတော့ သူမက အိမ်ပြန်လာရဆဲပင်။ဒါကြောင့် လူနှစ်ယောက်ဟာ တစ်ယောက်အတွက်တစ်ယောက် အမှန်တကယ် သင့်တော်ကြပြီး သူတို့က သေချာပေါက် တူညီသည့် ဆွေးနွေးစရာ အကြောင်းအရာတွေ အများကြီး ရှိမှာဖြစ်သည်။

အမေနှစ်ယောက်လုံးဟာ ဒါကကိစ္စဖြစ်ကြောင်း ခံစားရပြီးတော့ သူတို့ရဲ့စကားဝိုင်းဟာ ပို၍တက်ကြွလာသည်။သူတို့က စတင်ပြီးတော့ အကယ်၍ သူမတို့နှစ်ယောက် လက်ထပ်တဲ့အချိန်ကျရင် ဘယ်ပွဲခန်းမက ကောင်းမွန်လဲ၊စားပွဲဈေးတွေ၊ကြိုတင်စာရင်းသွင်းဖို့ ခက်တဲ့ရာသီတွေ၊အိမ်ယာကိစ္စနဲ့ ကလေးရှိလာခဲ့ရင် ဘယ်မိသားစုက ကလေးကို ပြုစုပျိုးထောင်မလဲဆိုတဲ့ ကိစ္စတွေ ပြောဆိုကြတော့သည်။

ချန်းရော့ယွီသည် ချွေးအေးတွေ စတင်ထွက်လာ၏။သူမက ဆက်မထိုင်နိုင်တော့ဘဲ အိမ်သာသွားချင်သည်ဟု အကြောင်းပြချက်ပေးကာ လစ်ထွက်လာခဲ့သည်။

အိမ်သာထဲတွင် သူမ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး တစ်‌ယောက်ယောက် ဝင်လာပြီးတဲ့နောက် သူမက ရိုးရိုးလေးပဲ အိမ်သာခန်းထဲမှာ ပုန်းနေလိုက်သည်။သူမ ကြောက်လန့်လာ၏။အခြေအနေကို ကြည့်ရတာတော့ အမေနှစ်ယောက်က ကိစ္စတွေကို အခြေချပြီးနေပြီလား?ဒီဘလိုင်းဒိတ်ဟာ ထန်ကျင်းချိုင်နှင့် ဘလိုင်းဒိတ်တွေ့ခြင်းထက် ပိုဆိုးနေ၏။အဲ့ဒီအချိန်က အမေထန်က သူမဘာသာ တစ်‌ယောက်တည်း စကား‌ပြောနေခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့ အမေနှစ်ယောက် အတူတူ စီစဉ်နေကြတာ ဖြစ်သည်။

သူမ မတတ်နိုင်ဘဲ အမျိုးသမီးကြီးရဲ့သား မြန်မြန်ရောက်လာဖို့ မျှော်လင့်မိ၏။ဒါဆိုရင် သူ မရှိတဲ့အချိန်မှာ သူ့အမေအရင်းဆီကနေ ရောင်းစားခံရတော့မှာ မဟုတ်ချေ။ဒါပေမဲ့ သူ ရောက်လာပြီးတော့ ပြီးရင် ဒီကိစ္စကို အတည်ပြုလိုက်မယ့်အကြောင်း သူမ စဉ်းစားမိတော့......သူမ ဘာလုပ်သင့်လဲ?သူမက သေချာပေါက် စားပွဲကို လှန်ပစ်ပြီးတော့ ဒီလိုတွေ့ဆုံပွဲမျိုးကို ဆန္ဒပြလို့ မရဘူးလေ ဟုတ်တယ်မလား?တကယ်လို့ သူမ အခု မဆန့်ကျင်ရင် အိမ်ပြန်ရောက်တဲ့အချိန်ကျ သူမအမေနဲ့ ရန်ပွဲကြီး ဆင်နွှဲရတော့မှာလား?

သူမ အသက်ရှူမဝ ဖြစ်လာပြီး သူမရဲ့ဝမ်းဗိုက်ဟာ စတင်ပြီးတော့ နာလာသည်။ဒီကိစ္စဟာ သူမစိတ်ကူးထားတာထက် ပိုပြီးတော့ ကိုင်တွယ်ရန် ခက်ခဲ၏။သူမအဖေကလည်း သူတို့တွေ ဒီအတိုင်း တွေ့ယုံပဲဖြစ်ကြောင်းသာ ပြောခဲ့ပြီး အဲ့ဒါအကုန်ပင်။ပထမဆုံးအကြိမ်တွေ့တာကို သူတို့ စေ့စပ်ရတော့မယ်။အကယ်၍ သူတို့ ဒုတိယအကြိမ် တွေ့တဲ့အခါကျရင် သူတို့ကလေးတောင် မူကြိုရောက်နေလောက်ပြီ။အရမ်း ကြောက်ဖို့ကောင်းတယ်!

ချန်းရော့ယွီ အသက်ပြင်းပြင်းရှူ၍ အရေးပေါ်အချိန်ကို ကြည့်ကာ သူမ လူတစ်ယောက်ကိုသာလျှင် စဉ်းစားနိုင်သည်။

မုန့်ကု!

သူမ အလျင်အမြန်ပဲ မုန့်ကုကို ဖုန်းခေါ်လိုက်၏။

ဒါပေမယ့် မုန့်ကုက မဖြေပေ။သူက မ‌ဖြေယုံတင်မကဘဲ ဖုန်းချပစ်တယ်!!!

သူမ အရမ်းဒေါသထွက်သွား၏။ဒီယောကျာ်း......ဒီယောကျာ်းက ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်လိုလုပ် သူမကို စွန့်ပစ်နိုင်ရတာလဲ?

ဒါပေမဲ့ ချန်းရော့ယွီ၏စိတ်ထဲမှာ ညီးတွားလို့ မပြီးသေးခင်မှာပဲ မုန့်ကု၏ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည်။သူမ လျင်မြန်စွာပဲ ဖုန်းကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ဟယ်လို......."

မုန့်ကု သူမကို မေးလာသည်။

"မင်း ဘာဖြစ်နေတာလဲ?ဘာလို့ သူခိုးတစ်ယောက်လိုမျိုး တိုးတိုးလေး ပြောနေတာလဲ?"

"ဒေါက်တာမုန့် ကျွန်မရဲ့ လူကြီးကြောက်တဲ့ရောဂါက ပြန်ပြီးတော့ စနေပြီ။ကျွန်မ အားပေးမှု လိုအပ်နေတယ်"

"လူကြီးကြောက်ရောဂါလား?မင်း ထပ်ပြီးတော့ ဘလိုင်းဒိတ် ရောက်နေပြန်ပြီလား"

"ဟုတ်တယ်.......ဟုတ်တယ်"

သူက တကယ် ထက်မြက်တာပဲ။

"ဒီတစ်ခေါက် အခြေအနေက ဘာလဲ"

"ဒီတစ်ခေါက်က ပိုပြီးတော့တောင် မယုံနိုင်စရာကောင်းသေးတယ်။ကျွန်မအမေလည်း ဒီမှာရှိနေတာ။သူ(မ)က ဟိုဘက်ကအမေနဲ့ မြင်မြင်ချင်း ချစ်သွားတယ်လေ။သူတို့က လက်ထပ်ပွဲအကြောင်း ပြောနေတဲ့အချိန် ကျွန်မ လစ်ထွက်လာခဲ့တာ။သူတို့က ဘယ်မိသားစုက ကလေးကို ပြုစုပျိုးထောင်မလဲဆိုတာတောင် စဉ်းစားပြီးနေကြပြီ။တကယ်လို့ ကျွန်မထိုင်ခုံကို အခု ပြန်သွားမယ်ဆိုရင် ကလေးက အထက်တန်းကျောင်းကနေ ဘွဲ့ယူဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ။ဒေါက်တာမုန့် ကျွန်မကို ပြောပါဦး....ကျွန်မ ဘာလို့ အမြဲတမ်း ဒီလိုရူးစရာကောင်းတဲ့ လက်ဦးမှုရယူပြီး စိတ်ဓာတ်တက်ကြွတဲ့လူတွေနဲ့ ကြုံနေရတာလဲဟင်"

"ချန်းရော့ယွီ မင်း အခု ဘယ်မှာလဲ"

"စားသောက်ဆိုင်က အိမ်သာထဲမှာ။ကျွန်မ ဒီထဲမှာပဲ အသက်ရှူနိုင်တယ်"

"မင်း ဘာလို့ အဲ့လောက်အသုံးမကျရတာလဲ"

"ကျွန်မ ဘာလုပ်နိုင်မှာမလို့လဲ?ကျွန်မကိုယ်ကျွန်မ နည်းနည်းလေးတော့ စိတ်သက်သာရာရအောင် လုပ်ရဦးမယ်လေ။ကျွန်မရဲ့ဗိုက်က စနာလာပြီးတော့ ချွေးအေးတွေက ထွက်နေပြီ။ဒီလက္ခဏာတွေအားလုံးက ပြန်ဖြစ်နေပြန်ပြီ"

"အဲ့ဒါ ငါ့ကိုဖုန်းခေါ်လို့ အသုံးမဝင်ဘူး။မင်းက အေမြို့မှာမှ မရှိတာ။ငါ မင်းကို မကယ်နိုင်ဘူး"

"မလိုဘူး။တကယ်လို့ ကျွန်မ အေမြို့မှာ ရှိနေရင်တောင် ရှင် ကျွန်မကို လာမကယ်နိုင်ဘူး။ရှင်သာ ကျွန်မအမေရဲ့ မျက်နှာရှေ့မှာ ကျွန်မက စိတ်ရောဂါပညာရှင်နဲ့ပြဖို့ စာရင်းပေးထားတယ်လို့ ပြောလိုက်ရင် ကျွန်မအမေက ကျွန်မကို သေချာပေါက် သတ်လိမ့်မယ်"

"ဒါပေါ့ တူညီတဲ့လှည့်စားမှုကို ထပ်သုံးလို့ မရဘူးလေ"

"ဒါဆို တခြားဘာအကြံတွေ ကျွန်မ သုံးနိုင်သေးလဲ?"

သူမ အမေမုန့်ပြောခဲ့တာကို ကိုးကားလို့ရလား? /နောက်ဆုံးတော့ သွေးလိပ်ခေါင်းရောဂါလိမ်းဆေး ဝယ်လာခဲ့ပြီ/ အဲ့ဒါ တကယ် အလုပ်ဖြစ်ပါ့မလား?

"ငါ ပြောနိုင်တာကတော့......ကလေးက ဗိုက်ဆာနေပြီ။အခု မင်း ပြန်ပြီးတော့ သူ့ကို နို့တိုက်ဖို့ အချိန်ပဲ"

ဘန်းခနဲ သူမခေါင်းဟာ အိမ်သာတံခါးရဲ့အကန့်ကို ရိုက်မိသွားသည်။

မာမားမီယာ!ကံကောင်းလို့ သူမ သူနဲ့တစ်မြို့တည်းမှာ ရှိမနေဘူး။မဟုတ်ရင် တစ်ယောက်ယောက်ကတော့ သေရလိမ့်မယ်။

"ဒေါက်တာမုန့် ကျေးဇူးပဲ။ကျွန်မရဲ့စိတ်အခြေအနေ အခုအရမ်းကောင်းသွားပြီ"

"မလိုပါဘူး။ မြင်မြင်ချင်း ချစ်မိသွားတဲ့ အမေနှစ်ယောက်နဲ့ လက်ထပ်ဖို့ စောင့်နေတဲ့ အမျိုးသားကို ဘယ်လို တွန်းလှန်ဖို့ စီစဉ်ထားလဲ"

"အဟမ်း....ဒီကိစ္စ....အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်ရမှာပေါ့"

"အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်မယ်ဆိုတဲ့ ဒီလို အဆင့်မြင့် လိုအပ်ချက်မျိုးကို မင်းရဲ့ IQ က ကိုင်တွယ်နိုင်စွမ်း ရှိရဲ့လား"

"ဒေါက်တာမုန့်!"

သူမက အံကြိတ်ပြီး ပြောလိုက်သည်။

"ကျွန်မ စိတ်အခြေအနေ တကယ် ပိုကောင်းလာတယ်။ ဒေါက်တာမုန့်နဲ့ စကားပြောတိုင်း နွေဦးလေညှင်းတွေ ဝန်းရံနေသလို ခံစားရပြီး စွမ်းအင်တွေ အပြည့်အဝ ရရှိနေတာပဲ"

"မင်းက ယဉ်ကျေးနေတာပါ"

ဒီလို မောက်မာမှုမျိုး! သူမ မကျေနပ်သေးဘဲ မေးလိုက်၏။

"ရှင် အခု ဘာလုပ်နေတာလဲ?စောနက ကျွန်မ ဖုန်းခေါ်တာကို ဘာလို့ ချပစ်တာလဲ"

"ငါ ညစာစားနေလို့"

"ဘလိုင်းဒိတ်လား"

"အလွယ်လေး မခန့်မှန်းနဲ့"

မုန့်ကု၏အသံက အနည်းငယ် သိမ်မွေ့နေပြီး ချန်းရော့ယွီက ၎င်းကို သိရှိနိုင်လောက်အောင် ခံစားလွယ်သည်။

"ရှင် ဘလိုင်းဒိတ် တွေ့နေတာပဲ ဖြစ်ရမယ်"

"မဟုတ်ဘူး"

"ကျွန်မ လုံးဝ သေချာတယ်။အဲ့ဒါကို ခံစားနိုင်တယ်"

"မင်းမှာ အပိုအာရုံခံစားမှုလည်း ရှိတာလား"

"လိုအပ်ရင်ပေါ့။ကျွန်မ သေချာတယ်နော်"

"အဲ့ဒါ မင်း ထင်သလို မဟုတ်ဘူး။ဒီအတိုင်း ငါနဲ့ ဘလိုင်းဒိတ် တွေ့ခဲ့တဲ့ ကောင်မလေးက ငါ့မိဘတွေနဲ့ သိပြီးတော့ ငါတို့မိသားစုတွေ ထမင်းအတူတူ စားနေကြတာပဲရှိတာ"

"အဲ့ဒါ ဘလိုင်းဒိတ်ပဲလေ"

"မဟုတ်ဘူး။ငါ့အဖေကို ငါ သူ(မ)ကို စိတ်မဝင်စားဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။အဲ့ဒါကြောင့် မဖြစ်နိုင်ဘူး။ဒီအတိုင်း မိသားစုနှစ်ခု အတူတူ ညစာစားရုံပဲ"

"မိသားစုနှစ်ခု အတူတူ ထမင်းစားတယ်ဆိုတာက ဘလိုင်းဒိတ်လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပဲလေ"

သူမက ဒီအချက်ကို အမိအရ တိုက်တွန်းပြောဆိုနေ၏။

"ချန်းရော့ယွီ!"

"အဲ့ဒါဆို ဒေါက်တာမုန့် ရှင်လည်း အခု အိမ်သာထဲမှာလား?"

"......."

ဖုန်း၏အခြားတစ်ဖက်က တိတ်ဆိတ်သွားသည်။

"ဒေါက်တာမုန့် ရှင် တကယ်ပဲ ကျွန်မကို နှစ်သိမ့်နိုင်ပါတယ်။ရှင့်ကို ဖုန်းခေါ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။အဲ့ဒါက ကျွန်မစိတ်ကို ကုစားပေးနိုင်တယ်!ကျွန်မစိတ်အခြေအနေ တကယ့်ကို အများကြီးကောင်းသွားပြီး အခု အပြင်ထွက်လို့ရပြီ"

"ချန်းရော့ယွီ မင်း တစ်ဖက်လူကို ရှင်းရှင်းလင်းလင်းနဲ့ သပ်သပ်ရပ်ရပ် ငြင်းလိုက်တာ ပိုကောင်းမယ်....."

"ဒါပေါ့!ဒါပေါ့!"

"မင်းလုပ်နိုင်မယ်ဆိုတာ သေချာရဲ့လား"

"ပြဿနာမရှိဘူး!ပြဿနာမရှိဘူး!"

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"ဒေါက်တာမုန့် အိမ်သာထဲမှာ အကြာကြီး ပုန်းနေတာ မကောင်းဘူးနော်။ကျွန်မတို့ မိန်းကလေးတွေအတွက်က ကျွန်မတို့ မိတ်ကပ်ပြန်ပြင်နေတာ ဘာညာအကြောင်းပြလို့ရတယ်။ရှင်တို့ ယောကျာ်းလေးတွေအတွက်ကျတော့ အိမ်သာထဲမှာ အဲ့လောက် အကြာကြီးနေနေရင် ဝမ်းချုပ်တာ ဒါမှမဟုတ် ကျောက်ကပ်ပျက်တာ ဖြစ်သွားလိမ့်မယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရှင့်ပုံရိပ် ထိခိုက်လွန်းပါတယ်။ရှင် မြန်မြန် အပြင်ထွက်တာ ပိုကောင်းမယ်နော်။ကျွန်မလည်း အပြင်ထွက်ပြီးတော့ ဒီတိုက်ပွဲကို တိုက်ရဦးမယ်။ဒီနေ့ည ကျွန်မတို့ အချင်းချင်း ဖုန်းခေါ်ပြီး တိုက်ပွဲရလဒ်အခြေအနေကို တင်ပြကြတာပေါ့။ဟုတ်ပြီလား ကျွန်မအခု ဖုန်းချပြီနော်"

"ချန်းရော့ယွီ!"

ကံမကောင်းစွာဖြင့် သူမ သူ ပြောတာကို နားမထောင်တော့ဘဲ တကယ်ပဲ ဖုန်းချပစ်သည်။

ဒီတစ်ကြိမ်မှာတော့ သူမရဲ့ စိတ်အခြေအနေဟာ အလွန်တရာ တိုးတက်လာသည်။သူမ အိမ်သာခန်းထဲကနေ ထွက်လာပြီး သူမလက်တွေကိုဆေးကာ အဲ့ဒီနောက် အသက်ပြင်းပြင်းရှူ၍ မှန်ထဲကို ကြည့်လိုက်သည်။သူမကိုယ်သူမ အားပေးပြီး အပြင်ထွက်လာခဲ့လိုက်သည်။

သူမ ထိုင်ခုံဆီ ပြန်လျှောက်လာခဲ့ပြီး အိမ်ပြန်လာ၍ သူ့စီးပွားရေးကို စတင်ချင်တဲ့အမျိုးသားက ထိုနေရာမှာ ထိုင်နေပြီဖြစ်တာ မြင်လိုက်ရသည်။

"မင်းပဲ"

"ကျိုးကျယ်?"

###################

All Chapters