အခန်း ၄၁
Vol. 5 Ch. 41
ဒွိဟချစ်သံယောဇဉ်:
Chapter 41- အိမ်ပြန်လာပါ
ချန်းရော့ယွီ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။နောက်တစ်ရက်တွင် အမေချန်းက စောစောထ၍ သူမကို မျက်နှာအမူအရာကောင်းကောင်း မပေးချေ။အဖေချန်းသည် စကားပြောရန်အတွက် အခွင့်အရေးတစ်ခုရှာပြီး ချန်းရော့ယွီကို တိတ်တဆိတ် သူမအခန်းထဲ ပြန်ဆွဲခေါ်လာသည်။
"သမီးက အိမ်ပြန်မလာချင်ဘူးဆိုတော့ တစ်သက်လုံး အပြင်မှာပဲနေသွားဖို့ စဉ်းစားထားတာလား?ရှောင်ယွီ ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်။အပြင်က တကယ်ပဲ သမီးရဲ့အိမ်ထက်ပိုကောင်းလို့လား?"
"သမီးက အပြင်မှာ ကောင်းကောင်းမွန်မွန်နေနေတယ် ဒါမှမဟုတ် အပြင်မှာ မိသားစုတစ်စု တည်ထောင်ပြီးသွားပြီဆိုရင် အဖေနဲ့သမီးအမေက ဘာမှမပြောပါဘူး။အခု သမီးမှာက အလုပ်ကောင်းကောင်းမရှိဘူး။သမီး အချိန်ဘယ်လောက်ကြာတဲ့အထိ လုပ်နိုင်မလဲဆိုတာတောင် မသိဘူးလေ။သမီးမှာ ပိုက်ဆံလည်း မရှိဘူး။သမီး အသက်မငယ်တော့ဘူးနော်။နှစ်အနည်းငယ်အတွင်း သမီး အိမ်ပြန်လာပြီးတော့ ဒီမှာအလုပ်ရှာဖို့ဆိုတာ မလွယ်တော့ဘူး။သမီး အသက်ကြီးလာတာနဲ့အမျှ လက်တွဲဖော်ရှာဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲလိမ့်ဦးမယ်။အခုဆို အဖေတို့ ဧည့်သည်တွေ ဒါမှမဟုတ် မိတ်ဆွေတွေ၊ဆွေမျိုးတွေ အဖေတို့ဆီ လာလည်တဲ့အချိန်ကျရင် သူတို့သမီးအကြောင်းမေးရင် အဖေတို့က သူတို့ကို ဘာပြောရမလဲတောင် မသိဘူး"
"နောက်နှစ်နည်းနည်းဆိုရင် အဖေက အငြိမ်းစားယူရတော့မှာ။အဲ့ဒီအခါကျရင် အဖေသမီးအတွက် တစ်ယောက်ယောက်ရှာပေးချင်ရင်တောင် ခက်ခဲသွားပြီ။အခု သမီးအမေရဲ့ကျန်းမာရေးက မကောင်းဘူး။သူ(မ)က သမီးကို နေ့တိုင်းစိတ်ပူနေတာ။မတော်လို့ တစ်ခုခုဖြစ်သွားရင် သမီးလည်း စိတ်ထဲနေလို့ကောင်းမှာ မဟုတ်ဘူး။သမီးက ငယ်ငယ်လေးထဲက သားသမီးကျင့်ဝတ် ကျေပွန်ပြီး စဉ်းစားပေးတတ်တယ်ဆိုတာ အဖေ သိပါတယ်။ဒါပေမဲ့ သမီးက ဒီကိစ္စမှာ ဘာလို့ အဲ့လောက်ခေါင်းမာပြီးတော့ သဘောမပေါက်ရတာလဲဆိုတာ အဖေ မသိတော့ဘူး"
"သမီးက အပြင်မှာနေနေတာမလို့ သိမှာတော့ မဟုတ်ဘူး ဒါပေမဲ့ သမီးအမေက ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး ပြေးလွှားပြီး အားစိုက်ထုတ်ထားတာ။သူ(မ)က သူ(မ)မျက်နှာကို တန်ဖိုးအထားဆုံးပဲ။သူ(မ)က မင်းအတွက် လက်တွဲဖော်တစ်ယောက် ရှာပေးဖို့ တခြားလူတွေကို အကူအညီတောင်းဖို့ဆိုရင် သူ(မ)မျက်နှာကိုလည်း ပစ်ပယ်ထားနိုင်တယ်။သူ(မ)က အရမ်းလည်း ချေးများသေးတာ။သူ(မ)ကို တခြားလူတွေက လိုက်ဖက်မယ့်လူတွေ အများကြီး ရှာပေးရင်တောင် သူ(မ)က မလုံလောက်ဘူးလို့ ပြောတယ်။သူ(မ) ပြန်လာပြီးတော့ သူ(မ)က ရှက်ပြီးမပျော်မရွှင်နဲ့ မစားနိုင်၊မအိပ်နိုင်တော့ဘူး။သူ(မ)စိတ်ကျေနပ်တဲ့လူ ရှာတွေ့ဖို့ဆိုတာ သူ(မ)အတွက် လွယ်တာမဟုတ်ဘူး။ဒီတစ်ခေါက် သူ(မ)က သမီး အခွင့်အရေးလွဲချော်သွားမှာကို စိုးရိမ်နေတာ။အဲ့ဒါကြောင့် အဖေက သမီးကို မြန်မြန်အိမ်ပြန်လာဖို့ ဖုန်းခေါ်လိုက်တာ"
"ဒီလူက လုံလုံလောက်လောက် မကောင်းဘူးဆိုတာက အဆင်ပြေတယ်။ဒါပေမဲ့ ဒီတစ်ယောက်နဲ့သူ့မိသားစုအခြေအနေတွေက အဖေတို့နဲ့တကယ်ပဲ ယှဉ်နိုင်တယ်။သူကလည်း သားသမီးကျင့်ဝတ်သိတတ်တဲ့ ကလေးတစ်ယောက်ပဲ။သူက ကြည့်ကောင်းပြီးတော့ စိတ်နေစိတ်ထားကောင်းတယ်လို့ အဖေကြားပါတယ်။သမီးအမေက သမီး အေမြို့မှာ အကြာကြီးနေပြီးတော့ သဘောကျစရာမကောင်းတဲ့ ယောကျာ်းကို ဒီပြန်ခေါ်လာမှာ စိုးရိမ်နေတာ။အမှန်ဆိုရင် ကျိုးကျယ်က အေမြို့မှာ အချိန်တစ်ခုအထိ နေဖူးတာပဲ။ပြီးတော့ သူက အတွေ့အကြုံရှိပြီး သမီး မကြိုက်စရာ ဘာမှမရှိတဲ့ ထက်မြက်တဲ့ယောကျာ်းတစ်ယောက်လေ။သူ့မိသားစုကလည်း သမီးကို သဘောကျတာ ကောင်းတာပဲ။သမီးတို့နှစ်ယောက်လည်း အေမြို့မှာ အချင်းချင်းပိုပြီး အချိန်ဖြုန်းလို့ရတယ်။နောက်ပိုင်းကျရင် အိမ်ကို အတူတူပြန်လာလို့ရတာပေါ့။ဒါ မကောင်းဘူးလား?"
အဖေချန်းသည် ဆက်ပြီးစကားပြောရာ သူ့အသံက တဖြည်းဖြည်းဖြင့် မကျေမချမ်းဖြစ်လာသည်။
"မနေ့တုန်းက အဖေ သမီးအမေကို ဖြောင်းဖြပြီးတော့ သူ(မ)စိတ်နောက်ကိုမလိုက်ဖို့ ပြောတယ်။ငါတို့ကလေးတွေက အရွယ်ရောက်နေပြီ။သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်တယ်လို့ သူ(မ)ကို ပြောလိုက်တယ်။ဒါပေမဲ့ ဒီကိစ္စမှာတော့ သမီး တကယ်မှားတယ်။ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့် နင့်ကိုယ်နင် အေမြို့မှာ ချည်နှောင်ထားရအောင် ဘာအကြောင်းပြချက်တွေ ရှိနေလို့လဲ?အဲ့ဒီနေရာက ဘာတွေအရမ်းကောင်းနေလို့လဲ?ဒီနေရာမှာ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ အဖေ သိတယ်။သမီးက သမီးသူငယ်ချင်းတွေနဲ့ အဆင်မပြေဘူး။နင် လောင်ကျန်းရဲ့သားနဲ့လည်း လမ်းခွဲပြီးတော့ မကျေမနပ် ခံစားခဲ့ရတယ်ဆိုတာလည်း သိတယ်။ဒါပေမဲ့ ဘယ်သူက ဘဝမှာ နှောင့်နှေးတဲ့ကိစ္စ မကြုံရတာရှိလို့လဲ? ငါ့ကို ပြောပါဦး။မကောင်းတဲ့ကိစ္စ နည်းနည်းပါးပါး ကြုံရတာနဲ့ပဲ နင့်မိဘတွေကို ရှောင်တော့မှာလား?နင်က အပြင်မှာ ခက်ခဲတဲ့ဘဝကို ရင်ဆိုင်နေရတယ်ဆိုရင် ဒါက ကိုယ့်ကိုကိုယ်ဒဏ်ခတ်နေတာပဲမလား?"
အဖေချန်းသည် ဒါတွေအားလုံးကို အသက်တစ်ချက်မရှူဘဲ ပြောသွားပြီး ချန်းရော့ယွီ တိတ်ဆိတ်နေသည်။ဒါပေမဲ့ ဒီအချက်ကို ရောက်တဲ့အခါမှာတော့ သူမ မတတ်နိုင်တော့ဘဲ သူမကိုယ်သူမ ခုခံလိုက်၏။
"အဖေ သမီး အေမြို့မှာ ဒုက္ခခံနေရတာ မဟုတ်ပါဘူး။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး မစဉ်းစားပါနဲ့။သမီး အဲ့နေရာမှာ တကယ်အဆင်ပြေတယ်။သမီးအလုပ်ကိုလုပ်ရတာလည်း ပျော်တယ်။အဲ့ဒါက နှိမ့်ချရပြီးတော့ အောက်ကျို့ခံရတဲ့အလုပ်မျိုး မဟုတ်ပါဘူး။သမီးရဲ့ဖောက်သည်အတော်များများက သမီးမိတ်ဆွေတွေ ဖြစ်လာကြတယ်။သမီး ပိုက်ဆံလည်း ရှာနိုင်ပြီးတော့ ဘဝက အဆင်ပြေပါတယ်။အဲ့ဒီနေရာမှာလည်း သမီးအတွက် သူငယ်ချင်းကောင်းတွေရှိတယ်........."
သူမ ပြောလိုက်၏။သူမ မျက်တောင်ခတ်ရင်း မုန့်ကုအကြောင်း စဉ်းစားမိတော့ နည်းနည်းဝမ်းနည်းသွားသည်။
"နင် ဒီမှာ သူငယ်ချင်း မရှိလို့လား?ဒီနေရာမှာ အလုပ်ကောင်းကောင်း မရှာနိုင်လို့လား?နင့်မိဘတွေက ဒီနေရာမှာ ရှိနေသေးတယ်!!!"
အဖေချန်းလည်းပဲ ဒေါသထွက်လာသည်။
"အဖေ၊ အဖေ ဘာကိုဆိုလိုလဲဆိုတာ သမီး သိတယ်။အဖေတို့က သမီးနဲ့ပတ်သက်ပြီး တကယ်ပဲအရမ်းစိတ်ပူနေတယ်ဆိုတာ နားလည်တယ်။ဒါပေမဲ့ အဖေတို့လည်း သမီးကို နားလည်ပေးရမယ်လေ။သမီး အဲ့နေရာကို တကယ့်ကို အရမ်းကြိုက်တယ်။အဲ့ဒီမှာနေရတာ အရမ်းပျော်တယ်"
အဖေချန်းက စကားမပြောပေ။သူ့သမီးကို အချိန်တော်ကြာ ကြည့်နေပြီးတော့ သူ့အသံကို တင်းမာလိုက်၏။
"ဘာပဲဖြစ်ဖြစ် ငါနဲ့နင့်အမေကတော့ အတွေးအတူတူပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်ဘာသာနင် သေချာစဉ်းစားကြည့်။တခြားဘာကိစ္စမှာ မပြောပဲ နေကြရအောင်။ကျိုးကျယ်က နင့်အတွက် လုံလောက်အောင် မကောင်းနေလို့လား?နင် သူ့ကို မကြိုက်ဘူးလား?အဖေ ပြောသလိုပဲ နင့်စိတ်ထဲက ဆန့်ကျင်ဘက်ခံစားချက်တွေကို ချုပ်နှောင်မထားနဲ့။သူက ကောင်းတယ်လို့ ထင်တယ်ဆိုရင် အခွင့်အရေးကို ဆုပ်ကိုင်ရမယ်။အဖေနဲ့အမေက ဒီနေရာမှာပဲ အမြဲတမ်းရှိနေမှာ။ငါတို့ ထွက်မပြေးနိုင်ဘူး ဒါပေမဲ့ ယောကျာ်းကောင်းတစ်ယောက်ကတော့ ရှာဖို့လွယ်တာမဟုတ်ဘူး။ဒါပြီးရင် နောက်ထပ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး"
အဖေချန်းသည် သူ့ရဲ့ ခါးသီးသည့်ပို့ချချက် ပြီးဆုံးတဲ့နောက် ထွက်သွားသည်။
သူမဟာ အချိန်တော်ကြာတဲ့အထိ အခန်းထဲမှာ စိတ်ပျံ့လွင့်စွာ ထိုင်နေခဲ့ပြီး နောက်ဆုံးမှာတော့ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမရဲ့သူငယ်ချင်း ရန်ရန်ကို သွားရှာ၏။သူမ ဖုန်းနံပါတ်ကို ဖျက်ပစ်ပြီး အဆက်အသွယ်အားလုံး ဖြတ်တောက်ပစ်ခဲ့သည့် အချိန်တုန်းက ရန်ရန်ကလည်း သူမကို နေရာအနှံ့လိုက်ရှာပြီး ကူညီပေးခဲ့သည်။အဆုံးမှာတော့ ရန်ရန်ဟာ ကောင်းယွီလန်ရဲ့အိမ်ကို သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ကောင်းယွီလန်က နောက်ဆုံးတွင် သူမကို ရှာတွေ့ခဲ့တာ ဖြစ်သည်။
ထိုအချိန်တုန်းက သူမက ရန်ရန်တစ်ယောက်တည်းကိုပဲ ဖုန်းခေါ်ပြီးတော့ သူမ အဆင်ပြေကြောင်းနှင့်ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။အခု သူမ ပြန်ရောက်နေပြီတော့ ရန်ရန်ကို တကယ်ပဲ သွားရှာသင့်ပြီး စကားကောင်းကောင်း ပြောရမည်။
ရန်ရန်သည် ချန်းရော့ယွီကို မြင်တဲ့အခါ အရမ်းပျော်ရွှင်သွား၏။သူတို့တွေ အတန်းဖော်ဟောင်းများအကြောင်း ပြောကြသည်။ရန်ရန်က ချီနာဟာ ကြွားဝါပြီးတော့ အရမ်းမောက်မာနေတဲ့အကြောင်းလည်း ချန်းရော့ယွီကို ပြောပြသည်။အခုဆို သူတို့ရဲ့ကျောင်းနေဖက်တော်တော်များများက ချီနာကို မကျေမနပ် ဖြစ်နေကြပြီး အဲ့ဒီနှစ်တုန်းက ကောင်းယွီလန် သူမရည်းစားအပေါ် ဖောက်ပြန်သည့်ကိစ္စကလည်း တကယ်ထူးဆန်းကြောင်း ပြောနေကြပြီဖြစ်သည်။သူမက ချန်းရော့ယွီကို ဒီကိစ္စထဲ ဆွဲသွင်းမိတဲ့အတွက် မတရားသလို ခံစားနေရ၏။
"ရော့ယွီ အိမ်ပြန်လာခဲ့ပါ။ဒီကိစ္စကြောင့် ထပ်ပြီး ပုန်းနေစရာ မလိုတော့ဘူး။ချီနာက ပြောတယ် ငါတို့ကျောင်းသားဟောင်းတွေအတွက် တွေ့ဆုံပွဲတစ်ခု ကျင်းပချင်တယ်တဲ့။သူ(မ)ရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာ ငါ တကယ်မသိဘူး။ငါတို့လည်း ဒီကိစ္စကို ရှင်းလင်းပြီးတော့ နင်တို့နှစ်ယောက်အတွက် တရားမျှတမှု ယူပေးချင်တယ်။ဒီကိစ္စဖြစ်ခဲ့တာ အချိန်
အရမ်းကြာသွားပါပြီ။ဒီနာကျည်းမှုကြောင့် နင့်ကိုယ်နင် ဒုက္ခခံခိုင်းထားစရာ မလိုတော့ဘူး။အိမ်ပြန်လာခဲ့ပါဟာ"
"ဒါပေမဲ့ ငါ နာကျည်းနေတာ မဟုတ်ဘူး"
ချန်းရော့ယွီသည် မဖော်ပြနိုင်သည့် ခံစားချက်ဖြင့် ပြောလိုက်သည်။
"ငါ ထွက်သွားတဲ့အချိန်တုန်းက ငါ တကယ် အရမ်းဝမ်းနည်းနေခဲ့တာ။ဒါပေမဲ့ အခု ငါ တကယ်ပဲ အရမ်းကောင်းကောင်းမွန်မွန် ရှိနေပြီ။ငါ့ကို စိတ်မပူပါနဲ့"
ရန်ရန်သည် သူမကို ကြည့်လာပြီး သူမ(ရန်ရန်)ရဲ့ အမူအရာကို ကြည့်ကာ ချန်းရော့ယွီ သူမ ငိုရမလား၊ရယ်ရမလားဆိုတာ မသိတော့ချေ။ချန်းရော့ယွီ ထပ်ပြီးတော့ စိတ်ဖိစီးသွား၏။
"တကယ်ပြောတာ။ငါ တကယ် ကောင်းကောင်းမွန်မွန် ရှိနေတယ်"
ရန်ရန်သည် သက်ပြင်းချ၍ သူမကို ပွေ့ဖက်လာသည်။
"ရော့ယွီ နင် သန်မာတဲ့ပုံစံ ဟန်ဆောင်ပြတဲ့ အကြိမ်တွေအများကြီးရှိတယ်။အဲ့ဒီနေရာက တကယ်ပဲ ဘာတွေ အရမ်းကောင်းနေလို့လဲ?နင် အဲ့မှာ မပျော်တော့ဘူးဆိုရင် အိမ်ကိုသာ ပြန်လာခဲ့........တကယ်ပြောတာ။ငါတို့အားလုံး နင့်ကို သတိရနေကြတယ်"
*★★★*★★★***
ချန်းရော့ယွီ စိတ်ဓာတ်ကျစွာဖြင့် အိမ်ပြန်လာသည်။
ဘာလို့ လူတိုင်းက ရုတ်တရက်ကြီး သူမကို အိမ်ပြန်လာဖို့ ပြောနေကြတာလဲ?သူမက အရမ်းကိုအခြေအနေဆိုးနေတယ်လို့ သူတို့က ဘာလို့ ထင်နေကြတာလဲ?တကယ်ပြောတာ သူမအခြေအနေ ဆိုးဆိုးဝါးဝါး မဟုတ်ဘူးလေ။သူမ အရမ်းကို ကောင်းကောင်းလုပ်နေတာ။သူတို့က သူမကို ဘာလို့ မယုံကြတာလဲ?
ပြီးတော့ သူမက ဘာလို့ အရမ်းမဆုတ်မနစ်ဖြစ်နေရတာလဲ?သူမ တကယ့်....တကယ်ကြီးကို အိမ်ပြန်လာရမယ့်စိတ်ကူးကို မုန်းတယ်။သူမ အေမြို့ကို သဘောကျတယ်......အမှန်တကယ်ကို အရမ်း.....အရမ်း....သဘောကျတယ်။
သူမ ခရိုင်ထဲ လမ်းလျှောက်နေတုန်းမှာပဲ မျက်လုံးတွေ မော့ကြည့်လိုက်တော့ ကျန်းဇီချွမ်းက ဗိုက်ကြီးကြီးမိန်းမတစ်ယောက်နဲ့ လမ်းလျှောက်နေတာ မြင်လိုက်ရသည်။ဒါ သူမက ပျင်းစရာကောင်းတယ်ပြောပြီး လမ်းခွဲဖို့ တောင်းဆိုခဲ့တဲ့ ယောကျာ်းပဲ။သူက အခု လက်ထပ်ပြီးပြီပေါ့လေ?
ချန်းရော့ယွီသည် အနည်းငယ် နေရခက်သွားပြီး မျက်တောင်ခတ်လိုက်၏။သူမမိဘတွေက ဒီသတင်းကို သူမဆီကနေ တမင်တကာ ဖုံးကွယ်ထားဝာာပဲ ဖြစ်ရမယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒါက သူမကို နာကျင်စေမှာ စိုးရိမ်လို့ ဒါမှမဟုတ် သူမက လမ်းခွဲတာကြောင့် နာကျင်သွားရပြီး စီမြို့က ထွက်သွားတယ်လို့ သူတို့ထင်နေတာ ဖြစ်နိုင်တယ်။
ဒီအချိန်မှာပဲ ခရိုင်တစ်ခုတည်းက အဘွားကြီးတစ်ယောက် ရောက်လာပြီး ချန်းရော့ယွီကို တိုးတိုးလေး ပြောလာသည်။
"ရှောင်ယွီ အဘိုးကြီးကျန်းရဲ့သားက လက်ထပ်ပြီးသွားပြီ။သူ့ကလေးက မကြာခင် လောကကြီးထဲ ရောက်လာတော့မှာ။သမီးစိတ်ထဲက အဲ့ဒီခံစားချက်ဟောင်းတွေ သိမ်းထားမနေနဲ့တော့။ပိုပြီး သဘောထားကြီးလိုက်စမ်းပါကွယ်။သူ့မိန်းမက ကြက်ဟင်းခါးသီးလိုပဲ။စကားပြောရတာ မကြိုက်ဘူး။သမီးလိုလည်း မတက်ကြွဘူး။အဲ့ဒါကြောင့် သမီးဝမ်းနည်းနေဖို့ မလိုဘူးနော်"
ချန်းရော့ယွီ သူမကို ရှင်းမပြနိုင်စွာ ကြည့်လိုက်၏။ဒီကအဒေါ်ရေ အဒေါ်ဘာတွေတွေးနေတာလဲဟင်?
သူမ ဘာမှမပြောခဲ့ချေ။ပြုံးပြီးတော့သာ အပေါ်တက်သွားလိုက်၏။
သူမ အေမြို့ကို လွမ်းနေပြီ........သူမ ပြန်ချင်နေပြီ.........
*★★★*★★★***
ကျိုးကျယ်က သူမကို ဖုန်းခေါ်ပြီးတော့ နေ့လယ်ခင်းမှာ အတူတူ ပြန်ဖို့ လာကြိုမယ့်အကြောင်း ဖုန်းဆက်လာသည့်အချိန်ထိ စောင့်ရတာ မလွယ်ကူချေ။ချန်းရော့ယွီ အိမ်ကိုပြန်လာဖို့ ကတိမပေးတာကြောင့် အဖေချန်းနှင့်အမေချန်းသည် မပျော်မရွှင်ဖြစ်နေကြပြီး သူမက ကျိုးကျယ်နဲ့အတူတူ အေမြို့ကို ပြန်ဖို့ စီစဉ်ထားကြောင်း သိရတဲ့အချိန်မှသာ သူတို့တွေ အနည်းငယ် ပြုံးပျော်လာကြသည်။
သူတို့ မထွက်သွားခင် လင်မယားနှစ်ယောက်ဟာ ကျိုးကျယ်ကို သစ်သီးတစ်ခြင်းပေး၍ သူ ဖြည်းဖြည်းချင်းစားဖို့ ပြောလိုက်သည်။သူတို့က သူတို့ရဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့နေရာမှာ အရမ်းအာရုံစိုက်ထားကြပြီး သူတို့စကားများမှတစ်ဆင့် သူတို့ခံစားချက်တွေကို ထုတ်ပြနေကြသည်။ချန်းရော့ယွီ အကူအညီမဲ့ပြီးတော့ ဘာမှမပြောနိုင်ခဲ့ချေ။
အဝေးပြေးလမ်းမပေါ် ကားရောက်သည့်အခါမှသာ သူမ နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွား၏။
အိမ်ကတကယ့်ကို ထူးဆန်းတဲ့နေရာပင်။သူမ တကယ်ပဲ အိမ်ပြန်လာချင်ပေမယ့် တစ်ဖန်ပြန်ပြီးတော့ ထွက်ပြေးရန် မစောင့်နိုင်တော့ပေ။တကယ်ပဲ ဘာကပြဿနာလဲ?
"မစ္စတာကျိုး ရှင် စီမြို့ကို ပြန်လာရမယ်လို့ ဘာကဆုံးဖြတ်စေခဲ့တာလဲ?"
"ကျွန်တော် ပြန်လာရမှာပေါ့"
ကျိုးကျယ်သည် ပြုံးလိုက်၏။
"ကျွန်တော့်မိဘတွေက ဒီနေရာမှာ ရှိတယ်။ကျွန်တော့်အိမ်က ဒီမှာလေ။အေမြို့မှာဆိုရင် ကျွန်တော့်မှာ အိမ်မရှိဘူး။နေထိုင်ဖို့အတွက် ရုန်းကန်ရတယ်။နေထိုင်ဖို့အတွက် ရုန်းကန်ရတာ သေချာသွားပြီ*ဆိုတာနဲ့ အဲ့ဒါက အိမ်ပြန်ဖို့အချိန်ပဲ"
(ဒီနေရာမှာ ကျိုးကျယ်က သူ ဘာလုပ်ချင်လဲဆိုတာ သိတယ်၊သူ လုံလောက်တဲ့ပိုက်ဆံ စုပြီးသွားပြီ၊သူ့အလုပ်မှာလည်း ကျွမ်းကျင်သွားပြီ၊အဲ့ဒါကြောင့် သူ အိမ်ပြန်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။သူက တစ်ဦးတည်းသောသားဆိုတော့ သူ့မိဘတွေက သူ့တာဝန်ပဲလေ။အဲ့ဒါကြောင့် သူက အိမ်ပြန်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ)
ချန်းရော့ယွီ နက်နက်နဲနဲ စဉ်းစားနေ၏။
သူမလည်း အေမြို့မှာ အိမ်မရှိဘူး။သူမလည်း အသက်ရှင်နေထိုင်ဖို့အတွက် ရုန်းကန်နေရတယ်။
ဒါပေမဲ့ သူမကတော့ အိမ်ပြန်မသွားချင်ဘူး။သူမ တကယ်ပဲ အိမ်မပြန်နိုင်တာလား?
သူတို့က သူမကို အေမြို့မှာ နေရအောင် ဘာကောင်းလို့လဲလို့ မေးကြတယ်။
သူမ မဖြေနိုင်ဘူး။
သူမစိတ်ထဲတွင် မုန့်ကုရဲ့မျက်နှာပေါ်လာပြီး ရုတ်တရက် သူမ သူ့ကို အရမ်းလွမ်းသွားတယ်!!!!
##############
စာရေးသူ၏မှတ်ချက်- ဒီအခန်းက နည်းနည်းလေးနက်ပြီးတော့ ရှုပ်ထွေးပါတယ်။ဒါပေမဲ့ လူတစ်ယောက်ရဲ့အတွင်းစိတ်ခံစားချက်တွေကို ပြောပြဖို့ လိုအပ်တယ်လို့ ငါ ထင်တယ်။တစ်ခါတစ်လေမှာ မိသားစုက နှလုံးသားထဲကဒဏ်ရာလိုပဲ။ဘယ်နေရာက မကောင်းဘူးဆိုတာ ပြောဖို့မဖြစ်နိုင်ဘူး ဒါပေမဲ့ ကိုယ်တိုင်ပဲ နာကျင်မှုကို ခံစားရတယ်။ဒါကို မျိုးဆက်ကွာဟချက်လို့ ခေါ်တာဖြစ်နိုင်တယ်။အမှန်နဲ့အမှားကြားမှ တင်းကြပ်တဲ့စည်းမျဉ်းဘောင်မရှိဘဲ လိုက်နာရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုပဲရှိတယ်။ပတ်ဝန်းကျင်ကြီးတစ်ခုက လူတစ်ယောက်က တကယ်ပဲ သာယာမှုကို ခံစားနိုင်ပါ့မလား?တကယ်တော့ ဒါက ပျော်ရွှင်မှုခံစားခြင်းလေ။
ဘာသာပြန်သူ၏မှတ်ချက်- စာရေးသူရေ ဒေါက်တာမုန့်အခန်း မြန်မြန်ထည့်ပေးပါတော့။