← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

ဒွိဟချစ်သံယောဇဉ်:

Chapter 44- ငါ မင်းရဲ့ကောင်လေး ဖြစ်ချင်တယ်

ချန်းရော့ယွီ လုံးဝ လှုပ်ရှားမရနိုင်ပေ။

သူမက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပေမယ့် သူကတော့ ကြောက်စရာကောင်းတဲ့ ဆွဲယူမှုဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

သူမ ရှိသမျှ ခွန်အားအားလုံးကို စုစည်းလိုက်ပေမယ့် မုန့်ကုရဲ့လက်အောက်မှာ တင်းတင်းကြပ်ကြပ် ဖိကပ်ခံထားရဆဲပင်။ သူမ အသက် ၂၆ နှစ်အတွင်း ယောကျာ်းနဲ့မိန်းမကြားက ကြီးမားတဲ့ ခွန်အားကွာခြားချက်ကို ပထမဆုံးအကြိမ်အဖြစ် တကယ်ကိုယ်တွေ့ခံစားလိုက်ရသည်။ တကယ်လို့ တစ်ယောက်ယောက်က လူရမ်းကားဓားပြတစ်ဦးနှင့် တကယ်တွေ့ဆုံရပါက... မဟုတ်ဘူး၊ သူမ မျက်စိရှေ့ကလူကပဲ လူရမ်းကားဓားပြ!

သူမ တွေးနေမိတယ်... သူ လွှတ်ပေးတာနဲ့ သူမ ပထမဆုံး လုပ်မယ့်အရာက သူ့မျက်လုံးတွေကို ကုတ်ဖဲ့ထုတ်ပစ်ဖို့ပဲ။ ပြီးရင် သူ့ဖင်ကို ကန်ရမယ်၊ ပြီးတဲ့နောက် ရိုက်ပစ်ပြီးမှ သူတို့ဆက်ဆံရေးကို အဆုံးသတ်ရမယ်။

သူမရဲ့မကျေမနပ်ခံစားချက်များက အလွန် ပြင်းထန်နေသည့်အတွက် မုန့်ကုက ခံစားမိလိုက်ခြင်းလားတော့ မသိ၊ သူက သူမကို စိုက်ကြည့်လာသည်။

အဲ့ဒီနောက် သူက သူမနှုတ်ခမ်းကို ကိုက်ချလိုက်၏။

သူမ တကယ်ပဲ ဒေါသထွက်သွားပြီး ပြန်ကိုက်ရန် ကြံလိုက်သည်။ သူ့ကို လက်စားချေရန် ကြံရွယ်လိုက်တဲ့အချိန်မှာပဲ သူမနှုတ်ခမ်းပေါ်မှာ ပိုမိုပြင်းထန်သည့် ကိုက်ချက်ကို ခံလိုက်ရပြန်၏။

သူမ အော်ဟစ်ရင်း အသက်ရှူလိုက်ရသည်။ သူမက အားသာချက်မရှိတဲ့ အခြေအနေမှာ ရှိနေတာ သိရတာကြောင့် ဆုတ်ခွာလိုက်ခြင်းကသာ ပိုကောင်းမယ်လို့ သဘောပေါက်ပြီး သူ့ကို ပြန်မတိုက်ခိုက်တော့ပေ။ ဒါပေမဲ့ သူကတော့ မာနထောင်လွှားစွာ ပြုမူရင်း သူမနှုတ်ခမ်းများကို အဆုံးမရှိ ကိုက်နေသည်။ အဲ့ဒီနောက် သူမလျှာကိုတောင် ကိုက်လိုက်သေး၏။

ချန်းရော့ယွီ တကယ်ပဲ ဆက်သည်းမခံနိုင်တော့ဘဲ ရုန်းကန်လိုက်တော့သည်။

သူမ ရုန်းကန်လိုက်တာနဲ့ သူက နူးညံ့သွား၏။ သူမလက်တွေနဲ့ ခြေထောက်တွေကို သူက တင်းတင်းကြပ်ကြပ် ဖိကပ်ထားဆဲဖြစ်ပေမယ့်လည်း သူတို့လျှာနှစ်ခု ယှက်နွယ်နေပုံမှာ ပျော့ပျောင်းပြီး ညင်သာလာသည်။

သူရဲ့အပြုအမူ ပြောင်းလဲမှုကြောင့် သူမ အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်‌သွား၏။ သူမရဲ့ပျော့ပြောင်းတဲ့ အနေအထားက သူ့ဆီကနေ ပိုမိုညင်သာသည့် ဆက်ဆံမှုကို ဖြစ်စေခဲ့သည်။ အဲ့ဒီနောက် သူမ ပြန်ရဲတင်းလာပြီး သူ့ကို ပြန်ကိုက်လိုက်၏။

သူမရဲ့ကိုက်ချက်က မပြင်းပေမယ့် မုန့်ကုက အသံပြုလိုက်ပြီး အဲ့ဒီနောက် သူမကို ပြန်ကိုက်လာသည်။သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ပြန်ကိုက်တော့၏။

မုန့်ကုလည်း မျက်မှောင်ကြုတ်သွားပြီး သူမကို ပြင်းပြင်းထန်ထန် နမ်းရှိုက်ကာ နောက်ဆုံးမှာတော့ သူမနှုတ်ခမ်းကို လွှတ်ပေးလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် သူမ လွတ်မြောက်သွားသည်ကို ခံစားလိုက်ရပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေ၏။ သူမ မောဟိုက်နေရင်းပင် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

သူက သူမကို ဆက်လက်ဖိထားပြီး သူမရဲ့ဒေါသထုတ်ဖော်မှုကို ကျေနပ်မှုမရှိသေးပေ။ သူ မျက်မှောင်ကြုတ်ပြီးတော့ ကြမ်းတမ်းစွာ ပြောလာသည်။

“နောက်ဆိုရင် မင်းကို တွေ့တိုင်း ငါ နမ်းမယ်!”

ဘာ! ဘာ?! ချန်းရော့ယွီ ကြက်သေသေသွားတယ်။ သူက ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောထွက်ရတာလဲ?!

လူယုတ်မာ ကောင်စုတ်!

ချန်းရော့ယွီ အော်ဟစ်လိုက်၏။

“လူယုတ်မာ! ကျွန်မကို လွှတ်ပေး!"

“မလွှတ်ဘူး”

သူက လူရမ်းကားဆန်တဲ့ ပြတ်သားမှုဖြင့် ပြန်ဖြေလိုက်သည်။

လူယုတ်မာ!!!

“လွှတ်လို့ ပြောနေတယ်လေ!!”

သူမ အော်ဟစ်လိုက်၏။ သူမ အရမ်းဒေါသထွက်နေပြီ။ သူက ဘာလို့ ဒီလောက်တောင် အရူးလို ပြုမူနေရတာလဲ?

“ငါ့ကို တောင်းပန်လိုက်၊ ပြီးတော့ ငါ့ကို ပျော်အောင် လုပ်ပေးရင် ငါ လွှတ်ပေးမယ်"

သူမက တောင်းပန်ရမယ်ဟုတ်လား? သူမက ဘာလို့ တောင်းပန်ရမှာလဲ? သူ့အမေ! သူမ တကယ်ပဲ သူ့ကို ကိုက်သတ်ပစ်ချင်နေပြီ!

သူမ သူ့ကို ဆူပူကြိမ်းမောင်းတော့မယ့်အချိန်မှာပဲ ဘေးနားက ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

“ဟေ့၊ သူ(မ)ကို လွှတ်လိုက်!"

မုန့်ကုနှင့် ချန်းရော့ယွီတို့သည် ခေါင်းများကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းတွင် ခန့်ညားထွားကြိုင်းသည့် အမျိုးသားနှစ်ဦး ရပ်နေပြီး သူတို့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

အမျိုးသားနှစ်ဦးက မုန့်ကု သူတို့ကို လှမ်းကြည့်တာကို မြင်တဲ့အခါ ထပ်ပြောလာကြသည်။

“ဟေ့၊ မင်းကို ပြောနေတာ! မင်း ဘာလုပ်နေတာလဲ? ဒီမိန်းကလေးကို လွှတ်ပေးလိုက်!”

ချန်းရော့ယွီ ထိတ်လန့်သွားပြီး မုန့်ကုကို ကြည့်လိုက်သည်။ မုန့်ကုက သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မျက်နှာပေါ်တွင် ဆိုးဝါးသည့် အမူအရာ ရှိနေသည်။ သူ့ခန္ဓာကိုယ် တင်းမာသွားပြီး ချန်းရော့ယွီကို လွှတ်ပေးလိုက်ကာ သူမကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်သည်။

စိုးရိမ်ပူပန်မှုက သူမကို လွှမ်းမိုးသွား၏။ ထွားကြိုင်းတဲ့ အဲ့ဒီအမျိုးသားနှစ်ယောက်က ခင်မင်ဖွယ်ရာ ရုပ်ရည်မျိုး မရှိကြပေမယ့် သူတို့ပြောလိုက်တဲ့ စကားများအရ အားနည်းသူကို ကူညီနေတယ်ဆိုတာ ရှင်းနေတာပဲ။ ရှင်းပြလိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားမှာကို ဒီသားရိုင်းတိရစ္ဆာန်ကြီးက ဘာလို့ ရန်စနေတဲ့အတိုင်း ရန်ဖြစ်မယ့် အနေအထားမျိုး ယူနေရတာလဲ? သူ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ?

ဒီလိုအချိန်မျိုးမှာ စိတ်လှုပ်ရှားသွားတဲ့သူ ရှိလာရင် ဘာမဆို ဖြစ်လာနိုင်တယ်။

အရက်မူးနေတဲ့သူတွေ ရန်ဖြစ်ဖို့က တကယ်ပဲ ပိုလွယ်တာလား?

သူမ ဆက်တွေးမနေတော့ဘဲ အမြန်ဆုံး အော်ဟစ်လိုက်တော့သည်။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ဒါ အထင်လွဲတာပါရှင်”

ဒီအချိန်မှာ ထိုအမျိုးသားနှစ်ဦးသည် မုန့်ကုရှေ့သို့ ပြေးဝင်လာကာ ရန်ပွဲ စတင်တော့မယ့်အချိန်မှာပဲ ချန်းရော့ယွီ၏ အော်ဟစ်သံကြောင့် အာရုံပျက်သွားကြသည်။

သူမ မုန့်ကုကို တွန်းထုတ်လိုက်ချင်ပေမယ့် သူက မလှုပ်ပေ။ သူမ ဒေါသတကြီး သူ့ကျောကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်ရာ နာကျင်သွားသည့်အတွက် သူ သူမဘက်ကို လှည့်ကြည့်လာသည်။

သူမက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် တွန်းလိုက်ပြန်၏။ ဒီတစ်ကြိမ်မှာတော့ သူ ရွေ့သွားပြီး သူမရှေ့တိုးကာ ထွားကြိုင်းတဲ့ အမျိုးသားနှစ်ဦးကို မျက်နှာချင်းဆိုင်ပြီး ရှင်းပြလိုက်သည်။

“တကယ်ကို စိတ်မကောင်းပါဘူးရှင်၊ ကျွန်မ အဆင်ပြေပါတယ်။ ဒါက အထင်လွဲတာပါ”

အမျိုးသားနှစ်ဦးသည် သူမကို တစ်ချက်၊ မုန့်ကု တစ်ချက် ကြည့်လိုက်ကြသည်။ သူတို့က အနည်းငယ် မကျေမနပ် ဖြစ်နေပုံရ၏။

“ပိုပြီး သတိထားပါ။ ခင်ဗျားတို့ လမ်းပေါ်မှာရှိနေတာ၊ ဒါက လူမြင်ကွင်းပဲ"

သူတို့ပြောသံကို ကြားတဲ့အခါ သူမ မျက်နှာရဲသွားပြီး အဲ့ဒီအချိန်မှာပဲ သူမနောက်ကျောက မုန့်ကုက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

“ငါက ငါ့ကောင်မလေးနဲ့ ချစ်နေတာ၊ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ?”

ဝင်ပါမိသည့်အတွက် မှားသွားပြီလို့ ထင်နေတဲ့ အမျိုးသားနှစ်ဦးဟာ ပိုပြီးတောင် မကျေမနပ် ဖြစ်သွားကြသည်။ မုန့်ကုရဲ့စကားကြောင့် ဒေါသထွက်သွားတဲ့ တစ်ယောက်က ခုန်အုပ်ပြီး ရန်စဖို့ ကြိုးစားတော့၏။ ကျန်တစ်ယောက်က သူ့သူငယ်ချင်းကို အမြန် ဆွဲပြန်လိုက်ချိန်တွင် ကြောက်လန့်နေတဲ့ ချန်းရော့ယွီလည်း မုန့်ကုကို အမြန် လှည့်ဖက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ကို နောက်တွန်းပို့လိုက်သည်။

“ပြဿနာ မရှာနဲ့!”

သူမ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

မုန့်ကုက သူမကို ငုံ့ကြည့်လိုက်ပြီး သူမသည် သူ့မျက်လုံးများ အရောင်တောက်နေသည်ကို မြင်လိုက်ရသည်။သူမ သူ ဘယ်လောက်မူးနေလဲဆိုတာကို တကယ်တမ်း မသိရသေးဘဲ သူ့ကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

တစ်ဖက်မှာတော့ ထိုအမျိုးသားက ရန်စရန် ကြိုးစားနေသည့် သူငယ်ချင်းကို ဆွဲခေါ်၍ ပြန်သွားပြီး သူတို့ ဆက်၍ပြေးမလာတော့ပေ။ ချန်းရော့ယွီသည် သူတို့ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ သူ အရက်မူးနေလို့ပါ။ တကယ် စိတ်မကောင်းပါဘူးရှင်"

မုန့်ကုကတော့ မကျေမနပ် ဖြစ်နေပြီး သူက အနှောင့်အယှက်ခံရသူဖြစ်ကြောင်း၊ ဘာလို့ တောင်းပန်ရမှာလဲဆိုပြီး ရေရွတ်နေသည်။

သူမ လှည့်ပြီးတော့ သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ထပ်ရိုက်လိုက်ပြန်သည်။ သူတို့ ဒီနေရာမှာ ဆက်မနေသင့်တော့တဲ့အကြောင်း သိပြီး နောက်ထပ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် သူမ ထပ်မံ တောင်းပန်လိုက်သည်။ အဲ့ဒီနောက် မုန့်ကုကို ဆွဲခေါ်သွားရင်း ပြောလိုက်၏။

“အိမ်ပြန်ရအောင်။ ပြဿနာ မရှာနဲ့တော့”

လမ်းဘေးတွင် တက္ကစီတစ်စီး ရပ်ထားပြီး ယာဉ်မောင်းက ကားဘေးတွင် ရပ်လျက် ပျော်ရွှင်စွာ ပွဲကြည့်နေခဲ့သည်။ သူမက မုန့်ကုကို တက္ကစီဘက်သို့ ဆွဲခေါ်သွားသောအခါ ယာဉ်မောင်းက လုပ်ငန်းစွဲဆောင်ရန် အမြန်တံခါးဖွင့်ပေးလိုက်သည်။

သူမ မုန့်ကုကို ကားထဲတွန်းထည့်လိုက်ပြီးနောက်မှ သူမပါ လိုက်ဝင်ကာ ယာဉ်မောင်းကို မုန့်ကုရဲ့လိပ်စာ ပြောပြလိုက်သည်။

လမ်းတစ်လျှောက်လုံး ဘယ်သူမှ စကားမပြောကြပေ။ မုန့်ကုက တည့်တည့် မထိုင်ဘဲ ချန်းရော့ယွီပေါ် မှီချလိုက်သည်။ သူမ ဒေါသထွက်နေပေမယ့်လည်း ယာဉ်မောင်းရှေ့မှာ မုန့်ကုကို ဆူပူကြိမ်းမောင်းရန် မသင့်လျော်ဘူးလို့ ခံစားရသည်။

လမ်းတစ်လျှောက်လုံး ယာဉ်မောင်းက နောက်ကြည့်မှန်ကနေတစ်ဆင့် သူတို့နှစ်ယောက်ကို ခိုးကြည့်နေပြီး သူ့အပြုံးကို ထိန်းချုပ်ထားရသည်။ ယာဉ်မောင်းက သူတို့ကို ကြည့်နေတာကို သတိထားမိတဲ့အခါ မုန့်ကုအပေါ် သူမဒေါသက ပိုပြီးတော့တောင် တိုးလာတော့၏။

တက္ကစီသည် မုန့်ကုရဲ့တိုက်ခန်းအောက်ကို ရောက်တာနဲ့ သူမ သူ့ကို ဒေါသတကြီး အော်လိုက်သည်။

“ရှင့်ပိုက်ဆံအိတ် ထုတ်!”

သူ့အိမ်ပြန်ခရီးအတွက် တက္ကစီခကို သူမက ပေးမှာမဟုတ်ဘူး!

မုန့်ကုသည် ပိုက်ဆံအိတ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်ကာ ချန်းရော့ယွီလက်ထဲသို့ ထည့်လိုက်သည်။ သူမက ကျွမ်းကျင်စွာ ပိုက်ဆံကို ထုတ်ယူ၍ ငွေချေလိုက်ပြီး ဒီအရက်မူးပြီးပြဿနာရှာတဲ့လူကို သူ့အိမ်ကန်ထုတ်ရန် သည်းမခံနိုင်တော့ပေ။

ယာဉ်မောင်းသည် ပိုက်ဆံကို ယူကာ အကြွေ ပြန်ပေးရန် အလုပ်ရှုပ်နေ၏။ တစ်ချိန်တည်းမှာပင် သူက ရယ်မောလိုက်ပြီး စကားအနည်းငယ်ကို မပြောဘဲ မနေနိုင်တော့ပေ။

“မိန်းကလေး မင်းယောက်ျားက လူကောင်းပါ။ စိတ်ရင်းနွေးထွေးတယ်၊ စကားနားထောင်တယ်၊ ပြီးတော့ မင်းကို ကာကွယ်ပေးတယ်။ သူ့အပေါ် သိပ်အငြိုးမထားပါနဲ့၊ သူ့ကို နည်းနည်းလေး ချော့ပေးတာ အမှားမရှိဘူး”

သူမ အံတင်းတင်း ကြိတ်လိုက်ပြီး တိတ်ဆိတ်နေသည်။ ဒီလူက သူမရဲ့ယောက်ျား မဟုတ်ကြောင်း ပြောချင်ပေမယ့် သူမဘေးမှ မုန့်ကုက “မှန်တယ်” ဆိုတဲ့ စကားလုံးကို ပြတ်သားစွာ ထုတ်ပြောလိုက်လေတော့သည်။

All Chapters