← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

ဒွိဟချစ်သံယောဇဉ်:

Chapter 45-တောင်းပန်ခြင်း

"ဘယ်သူက ဂရုစိုက်နေလို့လဲ!"

ချန်းရော့ယွီ အော်ဟစ်လိုက်သည်။သူမ တံခါးဖွင့်၍ ၎င်းကို ဆောင့်ပိတ်ကာ ထွက်သွားတော့သည်။

သူမ အသက်ရှူထိန်းထားပြီးတော့ အောက်ထပ်ကို အမြန်ပြေးဆင်းသွား၏။သူမ ပန်းခြံထဲကို ‌ရောက်တဲ့အချိန် ခုံတန်းရှည်တစ်လုံးကို‌တွေ့ပြီး ထိုင်ချလိုက်သည်။သူမ မောဟိုက်နေပြီးတော့ စိတ်ထဲဗလာဖြစ်နေသည်။

အခုလေးတင် သူက သူမကောင်လေးဖြစ်ချင်တယ်လို့ ပြောလိုက်တာလား!

သူမစိတ်ထဲ ဗလာဖြစ်သွားပြီ။

ညလေရဲ့အေးမြကိုခံစားမိပြီး သူမစိတ်ဟာ စတင်ပြီးတော့ ရှင်းလင်းလာသည်။

သူက သူမကို နမ်းတယ် ပြီးတော့ သူမရဲ့ကောင်လေးဖြစ်ချင်တယ်လို့ ပြောလာတယ်။

ဒါ သူမ တွေးနေတာလား?ဒါက တကယ်ပဲ သူမစဉ်းစားနေတဲ့အရာလား?

ဒါပေမဲ့ အရေးကြီးတဲ့အချက်က သူမ ဘာတွေစဉ်းစားနေတာလဲလို့.......တကယ့်ကို သူမ မသိတော့ဘူး။

သူမ အရမ်းဒေါသထွက်သွားတယ်လို့ ခံစားရပြီး အခု သူမစိတ်ထဲဗလာဖြစ်နေသည်။ဖြည်းဖြည်းချင်း သူမ မတ်တပ်ထရပ်ပြီး အိမ်ပြန်လာခဲ့သည်။

သူမ အိမ်ထဲဝင်လာတဲ့အချိန် လျန်စီးစီးက မျက်နှာမှာmaskကပ်ထားရင်း တီဗီကြည့်နေတာ မြင်လိုက်ရသည်။လျန်စီးစီးကလည်း မုန့်ကုကို စိတ်ဝင်စားတယ်ဆိုတာ သူမ သတိရသွားပြီး ရုတ်တရက် သူမမျက်နှာ ပူလာသလို ခံစားရသည်။သူမ လျန်စီးစီးကို အလောတကြီး နှုတ်ဆက်၍ သူမအခန်းထဲ ဝင်သွားသည်။

သူမ အိပ်ရာအစွန်းမှာ ထိုင်နေရင်း သူမစိတ်တွေက လုံးဝ ဗလာဖြစ်နေဆဲပင်။

အချိန်အကြာကြီး စဉ်းစားပြီးသည့်နောက် သူမက နောက်ဆုံးတော့ ကမ္ဘာပေါ်မှာ အတုံးဆုံးလူက သူမပဲဖြစ်ရမယ်လို့ ခံစားလိုက်ရသည်။

စီးစီး ပြောတာမှန်တယ်။ယောကျာ်းနဲ့မိန်းမက သူတို့တွေ ရင်းနှီးချင်တယ်ဆိုရင် သူငယ်ချင်းဆက်ဆံရေးဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ?သူမက သူမနဲ့မုန့်ကု အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ စဉ်းစားခဲ့မိတာ အရူးတစ်ယောက်ဖြစ်နေလို့ပဲ။

သူမစိတ်ထဲတွင် သူမနဲ့မုန့်ကု ပထမဆုံးတွေ့သည့်အချိန်ကနေ အခုချိန်ထိ ပြန်စဉ်းစားလိုက်သည်။ထိုအချိန်တုန်းက သူမသည် ကောင်းယွီလန်နဲ့ မုန့်ကုရဲ့ဆေးခန်းထဲ ဝင်သွားခဲ့သည်။မုန့်ကုက ပြုံးပြီးတော့ ချစ်စရာကောင်းတဲ့ကလေးလေး နျှိုနျှိုကို ပွေ့ချီလိုက်သည်။ပထမအကြည့်တစ်ချက်ဖြင့် မုန့်ကုဟာ သူရဲ့အဖြူရောင်ကုတ်အင်္ကျီဖြင့် အရမ်းချောတယ်လို့ သူမ ခံစားခဲ့ရသည်။သူသည် စနောက်နေခဲ့ပြီး သူ့ရဲ့စကားပြောဆိုမှုက အရမ်းစိတ်ဝင်စားဖို့ကောင်းတာကြောင့် သူမလည်း အတူတူ ရယ်မောခဲ့ရသည်။သူ့အသံက အရမ်းနားထောင်ကောင်းပြီး သူ့အပြုံးက အရမ်းဆွဲဆောင်မှုရှိ၏။အဲ့ဒီနောက် သူမ စပြီးတော့ သူ့ကို လိုက်တော့သည်။သူက သူမကို ငြင်းပယ်ရန်အတွက် တုံ့ပြန်ခြင်းမရှိနည်းလမ်းကို အသုံးပြုခဲ့ပြီး နောက်ပိုင်းကျတော့ သူက သူမကို ကိုယ်တိုင်ကိုယ်ကျ ငြင်းခဲ့သည်။သူက သူငယ်ချင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ပဲ ပြောခဲ့ပြီး အဆုံးမှာတော့ သူတို့တွေ သူငယ်ချင်း ဖြစ်လာကြသည်........

သူက အလွန် ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိသူဖြစ်ပြီး ပြတ်သား၍တိကျသေချာသူဖြစ်ကာ သူတို့နှစ်ဦးကြား မဖြစ်နိုင်မှုကို အကြိမ်ပေါင်းများစွာ၊ နည်းလမ်းမျိုးစုံဖြင့် သူမကို ပြသခဲ့ဖူးသည်။ သူမကိုယ်တိုင်လည်း သူ့ကို သူငယ်ချင်းနေရာ၌ သတ်မှတ်ရန် ကြိုးစားပြီး ဂရုတစိုက် ထားခဲ့၏။

အခု သူက သူမရဲ့ကောင်လေး ဖြစ်ချင်တယ်လို့ ပြောလာတယ်။

ဒီစကားက သူ ဒီနေ့ည သူမကို ပေးခဲ့တဲ့ ပထမဆုံးအနမ်းထက် ပိုပြီးတော့ စိတ်ရှုပ်စရာကောင်းတယ်။

သူမသည် ထရပ်လိုက်ပြီး သတိရှိရှိ နိုးကြားလာစေရန် မျက်နှာသွားသစ်လိုက်သည်။ အဲ့ဒီနောက် ပြန်လာပြီးတော့ ဆက်လက် ငူငူငိုင်ငိုင် ထိုင်နေမိသည်။ ထိုဝေဝါးမှုထဲသို့ ရောက်ရှိနေစဉ် ရုတ်တရက် သူမရဲ့လက်ကိုင်ဖုန်း အသံမြည်လာရာ သူမ လန့်ဖြန့်သွားတော့သည်။

အချိန်အကြာကြီး တွန့်ဆုတ်နေပြီးသည့်နောက် သူမဖုန်းကိုထုတ်၍ ယူကြည့်လိုက်သည်။

ကံကောင်းစွာဖြင့် သူ မဟုတ်ချေ။

သူမ ဖုန်းဖြေလိုက်၏။

"လန်လန် ဘာဖြစ်လို့လဲ"

"ရော့ယွီ ငါ နင့်ကို ပြောပြမယ်။မုန့်ကုက ရင်းဇယ်ကိုထပ်ပြီး ဖုန်းခေါ်ပြန်ပြီ။ဒီတစ်ခေါက်လည်း သူက ထပ်ပြီးတော့ နာရီဝက်လောက် အော်ဟစ်နေတာ။ငါ ထင်တာတော့ သူ ထပ်ပြီး အများကြီးသောက်ထားတာ ဖြစ်ရမယ်။သူကနော် နင်က သူ့ကို ဒေါသထွက်အောင်လုပ်တယ်ဆိုပြီး ထပ်တလဲလဲပြောနေတာ။ပြီးတော့ ပြောသေးတယ် နင်သာ သူ့ကို မတောင်းပန်ဘူးဆိုရင် သူက နင့်ကို သက်ညှာပေးတော့မှာ မဟုတ်ဘူးတဲ့။သူကဟာ ဗလုံး‌ဗထွေးနဲ့ စကားတွေတောက်လျှောက်ပြောနေတာ။ငါတို့လည်း သူဘာတွေပြောနေလဲဆိုတာ နားမလည်ဘူး။ငါ့ကို မြန်မြန်ပြောစမ်းပါ နင် သူ့ကို ဘာလုပ်လိုက်တာလဲ?နင် သူနဲ့ဘားကနေ ထွက်သွားပြီးတော့ သူ့ကို ဘယ်ခေါ်သွားတာလဲ?ရင်းဇယ်ပြောတာတော့ နင်တို့နှစ်ယောက်က မြန်မြန်ထွက်သွားကြတာတဲ့။သူ ဘားထဲကနေ ပြေးထွက်လာတော့ နင်တို့နှစ်ယောက်မရှိတော့ဘူးတဲ့"

ချန်းရော့ယွီရဲ့မျက်နှာမှာ အနက်ရောင်မျဉ်းများဖြင့် ပြည့်နှက်နေ၏။ရင်းဇယ်ရဲ့အတင်းအဖျင်းပြောချင်စိတ်က အရမ်းသန်မာတာပဲဖြစ်ရမယ်။သူက ဘားထဲကနေတောင် အမြန်ပြေးထွက်လာတယ်ပေါ့?

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူမတို့ မထွက်သွားရသေးဘူး....သူမတို့က နံရံရဲ့မှောင်မည်းနေတဲ့ထောင့်မှာ ဖက်ထားနေကြတာ....ချန်းရော့ယွီ ရှက်သွားသည်။လျင်မြန်စွာပဲ သူမက ကောင်းယွီလန်ဘက်ကို အာရုံပြောင်း၍ မေးလိုက်သည်။

"နင်က မုန့်ကု ဖုန်းထဲကနေပြောတာကို ဘယ်လိုကြားတာလဲ?သူက တခြားဘာပြောသေးလဲ?"

"သူက အရမ်းသောက်ထားတာပဲဖြစ်ရမယ်။ရင်းဇယ်ကို ဖုန်းခေါ်လာတယ်လေ။ပြီးတော့ သူက တူညီတဲ့ကိစ္စတွေပဲ ထပ်တလဲလဲပြောနေတော့ ရင်းဇယ်က စိတ်မရှည်ဖြစ်လာရော။အဲ့ဒါနဲ့ ရင်းဇယ်က ဖုန်းကိုအောက်ချထားပြီး မုန့်ကု ဟိုဘက်ကနေ ပြောချင်တာပြော သူကလည်း တီဗီကြည့်နေလိုက်တာ။ငါ့လက်တွေက ယားလာပြီး ဖုန်းကိုကောက်ကိုင်ပြီး နားထောင်လိုက်တာလေ။အဆုံးကျတော့ သူ ဘာတွေပြောလဲဆိုတာ ငါ နားမလည်တာပဲ။ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက အရမ်းဒေါသထွက်နေတာဟ"

သူ ဗလုံး‌ဗထွေး ပြောရလောက်တဲ့အထိ မူးနေတာလား? ချန်းရော့ယွီ မျက်မှောင်ကြုတ်သွားသည်။သူမထွက်လာတဲ့အချိန်တုန်းက အဲ့ဒီလူက အသိသာကြီး အရက်မမူးပါဘူး။သူ ထပ်သောက်နေတာလား?

"တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?ငါ ရင်းဇယ်ကို မုန့်ကု နင့်အကြောင်း ဘာပြောတာလဲလို့ မေးလိုက်တယ်။သူက ဘာမှမပြောဘဲ ရယ်ပဲရယ်နေပြီးတော့ ယောကျာ်းလေးတွေရဲ့စကားဝိုင်းဆိုပြီး ငါ့ကို မပြောပြဘူး။"

ဘယ်လိုယောကျာ်းတွေရဲ့စကားဝိုင်းမျိုးလဲ?ချန်းရော့ယွီသည် သူမဦးရေပြား ထုံကျင်သွားသလို ခံစားရ၏။မုန့်ကုနဲ့ရင်းဇယ်ဟာ စည်းကမ်းမရှိသည့်ပါးစပ်နဲ့အရေထူတဲ့အဖွဲ့ပင်။သူတို့တွေ့တဲ့အချိန် ဘာအကြောင်းတွေပြောကြလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ?ပြီးတော့ အခု မုန့်ကုက အပြင်ထပ်သွားပြီးတော့ သောက်နေပြန်တာလား?

သူမ စိတ်ပူပန်လာပြီး ကောင်းယွီလန်နဲ့ စကားဆက်မပြောချင်တော့ပေ။သူမက စကားနည်းနည်းပြန်ပြော၍ ဖုန်းချလိုက်သည်။လျင်မြန်စွာပဲ သူမ မုန့်ကု၏နံပါတ်ကို ဖုန်းခေါ်လိုက်၏။

ပထမအကြိမ်တွင် သူ မကိုင်ပေ။ဒုတိယအကြိမ်တွင် ဖုန်းမကိုင်ခင် အကြာကြီးစောင့်နေရသည်။

သေချာတာပေါ့ သူ တကယ်မူးနေပြီ။သူ့အသံက နည်းနည်း ဗလုံးဗထွေးဖြစ်နေပြီး သူမဖုန်းခေါ်လိုက်တာကြောင့် သူ နိုးသွားတာလားဆိုတာ မသေချာချေ။

သူမရဲ့ဒေါသကိုထိန်းချုပ်၍ သူ့ကို မေးလိုက်သည်။

"ရှင် ဘယ်မှာလဲ"

"မင်းက ဘယ်သူလဲ"

သူက ပြန်မဖြေဘဲ အဲ့ဒီအစား မေးခွန်းမေးလာသည်။ဂရုတစိုက် သူမသည် ဖုန်းတခြားတစ်ဖက်ကို နားထောင်ကာ ၎င်းက အရမ်းတိတ်ဆိတ်နေတာကြောင့် သူ ဘားမှာရှိနေတာ မဟုတ်ပေ။

"ရှင် အိမ်မှာလား"

"မင်းအသံက အရမ်းရင်းနှီးနေတယ်။အဲ့ဒီ မုန်းစရာကောင်းတဲ့ ချန်းရော့ယွီနဲ့တူတယ်"

ချန်းရော့ယွီ အံကြိတ်လိုက်၏။အခုလေးတင် သူက သူမကောင်လေးဖြစ်ချင်တယ် ပြောခဲ့ပြီး အခုကျတော့ သူမက မုန်းစရာကောင်းတယ်ဆိုပြီး ပြောနေပြန်ပြီ။

"ရှင် အိပ်ပျော်နေတာလား? အိမ်မှာလား"

ဘယ်လိုပဲဖြစ်ဖြစ် သူ အိမ်မှာရှိလား မရှိဘူးလား၊အန္တရာယ်ကင်းရဲ့လား မကင်းဘူးလားဆိုတာကို သူမ သိရဖို့လိုအပ်သည်။

မုန့်ကု၏တုံ့ပြန်မှုသည် အလွန်နှေးကွေးပြီး သူ အသံတစ်သံမတုံ့ပြန်လာခင်အထိ အချိန်အတော်ကြာနေခဲ့သည်။

သူမ ထပ်မေးလိုက်သည်။

"ရှင် အိပ်ရာပေါ်မှာ အိပ်နေတာလား"

"မင်းက....ချန်း....ရော့ယွီ...လား"

သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။

"မဟုတ်ဘူး"

သူမ မာဆတ်ဆတ် ပြောလိုက်သည်။

"မင်း မဟုတ်ဘူးဆိုရင် ဒါဆို ငါ မင်းကို ပြောပြမယ်.....ငါ အိပ်ရာပေါ်မှာ အိပ်နေတာ။ချန်းရော့ယွီ မေးလာရင် ငါက သူ(မ)ကို ငါ ဆိုဖာပေါ်မှာ အိပ်နေတာလို့ ပြောမှာ"

ချန်းရော့ယွီသည် ဒေါသထွက်စွာဖြင့် နဖူးကိုလက်နဲ့ထောက်ထားပြီး အသက်မရှူနိုင်တော့ပေ။

"ရှင် ထပ်သောက်နေပြန်ပြီလား"

"ချန်းရော့ယွီက အရမ်းမုန်းစရာကောင်းတယ်"

သူက သူမကို မဆီမဆိုင်အဖြေတစ်ခု ပေးလာသည်။

ရှင်ကမှ မုန်းစရာကောင်းတဲ့လူ!သူမ တကယ်ပဲ တစ်ခုခုကောက်ယူပြီးတော့ သူ့ကို ထုပစ်လိုက်ချင်တယ်။ဒီ မကောင်းတဲ့ကောင်ကတော့! အနာဂတ်ကျရင် သူမ သူ့ကို စိတ်ပူတော့မှာမဟုတ်ဘဲ သူ့ကို သေတဲ့အထိသောက်ခိုင်းထားလိုက်မယ်။

"အိမ်မှာဝိုင်ရှိတယ်"

သူသည် ရုတ်တရက် ပြောလာ၏။

အရက်မူးနေတဲ့မစ္စတာတိုင်ရန်နိုဆောရပ်စ်ရဲ့ တုံ့ပြန်မှုက တကယ်ပဲ ဒေါသထွက်စရာကောင်းသည်။

ကြည့်ရတာ အခုက သူနဲ့ကိစ္စတွေ ‌ဆွေးနွေးပြောဆိုဖို့ အချိန်မှန်မဟုတ်တဲ့ပုံပဲ။ထားလိုက်တော့။ဘယ်လိုပဲဖြစ်ဖြစ် သူမ အခုထိ ရှင်းရှင်းလင်းလင်း မစဉ်းစားရသေးဘူး။သူ အဆင်ပြေတယ်ဆိုတာ သိရရင် သူမအတွက် အဆင်ပြေနေပြီ။

သူမက သူ့ကို ~ရှင် ကောင်းကောင်းအနားယူသင့်တယ်။ကျွန်မ ဖုန်းချတော့မယ်~လို့ ပြောတော့မယ့်အချိန်မှာပဲ ရုတ်တရက် မုန့်ကုသည် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလာ၏။

"ချန်းရော့ယွီ!"

ချန်းရော့ယွီ ကြောက်လန့်တကြား ထခုန်မိသွားပြီး ပြန်အော်လိုက်သည်။

"ဘာလဲ!"

"ငါ သူ(မ)ကို နမ်းတဲ့အချိန်အတုန်းက အလေးအနက်ပဲ။သူ(မ)ကို နမ်းပြီးသွားတော့ သူ(မ)က ယင်ကောင်တွေ မြိုချလိုက်ရသလိုမျိုး ရွံတဲ့အကြည့်နဲ့ ငါ့ကို ကြည့်လာတယ်။ပြီးတော့ သူ(မ)က င့ါကို ကန်ထုတ်ပြီးတော့ ငါ့ဖုန်းတွေကို မကိုင်တော့ဘူး။သူ(မ)က ငါ့ရဲ့ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုကို စော်ကားလိုက်တာပဲ"

သူမ ကြက်သေ,သေသွားတယ်။သူမ ဘယ်အချိန်တုန်းက ရွံတဲ့အမူအရာ ပြမိလို့လဲ?ပြီးတော့ သူမက ယင်ကောင်တွေလည်း မြိုချတယ်ပေါ့လေ။ဒီလိုချဲ့ကားပြောတာမျိုးတွေ!!!

"အဲ့ဒါကြောင့် သူ(မ) ငါ့ကို တောင်းပန်ရမယ်။မဟုတ်ရင် ဒါအဆုံးသတ်မှာ မဟုတ်ဘူး"

ဒါအဆုံးသတ်မှာ မဟုတ်ဘူးလား?ဘားထဲကနေ ထွက်လာပြီးတဲ့နောက် သူ သူမကိုတောင် အကြမ်းဖက်ခဲ့တယ်လေ။သူ သူမရဲ့ကောင်လေးဖြစ်ချင်တယ်လို့ ပြောတဲ့အချိန်တုန်းက သူ ဘာကိုဆိုလိုတာလဲ?သူမနဲ့ကစားနေတာလား?

တစ်ချိန်တည်းမှာပင် သူမလည်း ဒေါသထွက်လာ၏။

"ရှင်ကမှ တောင်းပန်သင့်တဲ့လူပဲ။ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေတာလဲ။ကျွန်မက ရှင့်ဆီကနေ အနမ်းခံရသင့်လား။ဒါကို ကိုယ်ထိလက်ရောက်စော်ကားတယ်လို့ခေါ်ပြီး ရှင်က လူယုတ်မာတစ်ယောက်လို လုပ်သွားတာလေ!ရှင်ကမှ တောင်းပန်သင့်တဲ့သူပဲ မဟုတ်ရင် ဒါ အဆုံးသတ်မှာ မဟုတ်ဘူး!"

ဖုန်းသည် အချိန်တော်ကြာ တိတ်ဆိတ်သွားပြီး အဲ့ဒီနောက် ရုတ်တရက် မုန့်ကုသည် နူးနူးညံ့ညံ့အသံဖြင့် မေးလာ၏။

"ငါ တောင်းပန်လိုက်ရင် သူ(မ)က ငါ့ကို ဆက်ပြီးစိတ်မဆိုးတော့မှာ အမှန်ပဲလား?ငါ သူ(မ)ကောင်လေး ဖြစ်ချင်တယ်"

လေသံက သူကပဲနစ်နာပြီးတော့မတရားခံရသည့်အသံဖြစ်နေသည်။ကလေးတစ်ယောက်လိုမျိုး နူးညံ့နေပြီး အမျိုးသားတစ်ယောက်ရဲ့ဆွဲဆောင်မှုရှိခြင်းထဲကနေ ပျင်းရိမှုအရိပ်အယောင်တောင် ပါနေသေး၏။

ချန်းရော့ယွီ အံ့အားသင့်သွားပြီး ပစ်မှတ်ကို ထပ်မံထိမှန်သွားပြန်သည်။သူ့ကို ခွင့်လွှတ်ရမှာလား?စိတ်မဆိုးတော့ဖို့လား?သူမက ဒါကို ဘယ်လိုကိုင်တွယ်ရမှာလဲ?ကိစ္စတစ်ခုလုံးကို သူမ ဘာလို့ မရှင်းမလင်း ခံစားနေရတာလဲ?

သူမသည် သူ့ကို ဘာအဖြေပြန်ပေးရမလဲ မသိဖြစ်နေပြီး ရုတ်တရက် တခြားတစ်ဖက်ကနေ မုန့်ကုက လူယုတ်မာဆန်ဆန် ပြောလာသည်။

"နောက်ကျရင် ငါ သူ(မ)ကို တစ်ခါတွေ့ရင်......တစ်ခါနမ်းမယ်.....သူ(မ)အဲ့ဒါကို မရွံ့တော့တဲ့အထိ ငါ သူ(မ)ကို နမ်းပစ်မယ်!"

ချန်းရော့ယွီ နောက်တစ်ကြိမ်ထပ်ပြီး ပစ်မှတ်ကို ထိမှန်သွားပေမယ့် သူ့ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိသေးချေ။

သူမကို တစ်ခါတွေ့ရင် တစ်ခါနမ်းမယ်ပေါ့လေ?အဲ့ဒါဘယ်လိုဇာတ်ညွှန်းမျိုးလဲ?သူမရဲ့စိတ်က ထိန်းချုပ်မှုလွတ်ကင်းပြီး ရှက်သွားသည်။အဲ့ဒီနောက် ရုတ်တရက် အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကို သူမ သတိရသွားသည်။

"မုန့်ကု ရှင် ရင်းဇယ်ကို ဒါတွေအားလုံး မပြောလိုက်ပါဘူးနော်။ ရှင် ပြောလိုက်သေးလား"

ဒီလိုသိမ်ဖျင်းတဲ့အနမ်းကိစ္စကို အခြားလူတွေကို ပြောပြလိုက်ရင် သူမ ဘယ်လိုနေထိုင်သွားမလဲ။

"ဒါက ရင်းဇယ်နဲ့ ဘာဆိုင်လို့လဲ!အခု ငါက အဲ့ဒီငတုံးမ ချန်းရော့ယွီအကြောင်း ပြောနေတာ!"

မုန့်ကုသည် ပိုပြီးတော့တောင် ကျယ်လောင်စွာ အော်ဟစ်လာ၏။

"ငါ သူ(မ)ကောင်လေး ဖြစ်ချင်တယ်!ဒါပေမဲ့ သူ(မ)က တကယ်ကြီး ငါ့ကို "ဘယ်သူက ဂရုစိုက်လို့လဲ"ဆိုပြီး ပြောပြီး ငါ့တံခါးကို ဆောင့်ပိတ်သွားတယ်။ဒီမိန်းမတော့!သူ(မ)နဲ့ အဆုံးမသတ်ဘူးကွ!"

ကောင်‌လေးကိစ္စကို ထပ်ပြောပြန်ပြီ!

သူမသည် သူ့ရဲ့‌ကြောက်စရာကောင်းသည့် သဘောထားကို လျစ်လျှူရှုထားကာ ရုတ်တရက် သူမ နှလုံးခုန်မြန်လာ၏။ဒီတစ်ကြိမ်တော့ သူမ အရေးကြီးတဲ့အချက်ကို ဖမ်းဆုပ်လိုက်နိုင်ပြီလို့ ထင်သည်။

"ဒေါက်တာမုန့် ရှင် သူ(မ)ကို ဘာလို့ နမ်းတာလဲ?ဘာလို့ ရှင်က သူ(မ)ကောင်လေး ဖြစ်ချင်တာလဲ"

သူ အရက်မူးနေသည့် အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမ စစ်ဆေးတော့သည်။နောက်ထပ်အခွင့်အရေးဆိုတာ ထပ်ရှိလာမှာ မဟုတ်တော့တဲ့အတွက် သူမ ဒီအချိန်မှာ မေးထားရမယ်။

"ဘာလို့လဲ?မင်းက ဘာလို့ မေးနေသေးတာလဲ?မင်းက င.........."

သူ့စကားအဆုံးမသတ်ခင် ဖုန်းလိုင်းက ရုတ်တရက် ပြတ်တောက်သွား၏။

သူမ ဖုန်းကျသွားတာကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။သူက "ငတုံး"ဆိုတဲ့စကား ပြောတော့မယ်လို့ သူမ ခန့်မှန်းလိုက်ပေမယ့် ဖုန်းက ဘာလို့ လိုင်းပျက်သွားတာလဲ?

သူမ တွန့်ဆုတ်နေပြီး အဲ့ဒီနောက် သတ္တိစုစည်းကာ သူ့ဖုန်းနံပါတ်ကို ထပ်နှိပ်လိုက်ပေမယ့် စက်ပိတ်ထားပါတယ်ဆိုသည့် အသံကိုသာ ကြားလိုက်ရသည်။

ဖြစ်နိုင်တာက........

သူ့ဖုန်းအားကုန်သွားတာပဲ!

တကယ်ကြီး အားမရှိတော့ဘူးပေါ့လေ?

ဒီလိုအရေးကြီးတဲ့အချိန်မှာလေ!

သူမ စိတ်ရှုပ်‌ထွေးနေ၏။သူမ အမှန်တကယ်ပဲ မုန့်ကုနေရာကို ပြေးသွားပြီးတော့ သူ့ကို နိုးအောင်လှုပ်ယမ်းပြီး ရှင်းရှင်းလင်းလင်း ပြောအောင် လုပ်လိုက်ချင်တယ်။သူက ဘာလို့ အရမ်းအရူးလုပ်ရတာလဲ?

သူ သူမကို ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!သူက လှပပြီးတော့ စွဲမက်စရာကောင်းတဲ့ မိန်းကလေးမျိုးကိုပဲ ကြိုက်တယ်ဆိုတာ တစ်လောကလုံး သိတယ်။သူ့အချစ်ဦးက အရမ်းမာနကြီးပြီး ဒုတိယနဲ့တတိယအချစ်တွေက ထက်မြက်ပြီးဣ‌န္ဒြေကြီးကြတယ်။ပုံပန်းသွင်ပြင်ပဲဖြစ်ဖြစ်၊ကိုယ်ရည်ကိုယ်သွေးမှာပဲဖြစ်ဖြစ် သူမ မယှဉ်နိုင်ဘူး။သူက အရင်တုန်းကတောင် သူမကို ငြင်းခဲ့ဖူးတယ်!သူမနဲ့ သူငယ်ချင်းတွေပဲဖြစ်နိုင်မယ်လို့လည်း ပြောခဲ့သေးတယ်!

သူက မစ္စတာမက်မွန်ပွင့်တောအုပ်။သူ့မှာ မက်မွန်ပွင့်တွေအများကြီးရှိပြီး သူမက ဒီအတိုင်း မက်မွန်ပွင့်ပုပ်သာသာပဲ!

ဒီနေ့ သူ ဆိုးဝါးတဲ့အတွေ့အကြုံ ခံစားခဲ့ရပြီး စိတ်ခံစားချက် မကောင်းဖြစ်နေတဲ့အချိန် သူမက ပေါ်လာခဲ့တယ်။သူမ သူ့ကို ဂရုစိုက်မှုပြသပြီးတော့ သူက အဲ့ဒီအကြောင်းကိုသိတယ်။သူက ဂရုစိုက်မှုနဲ့နှစ်သိမ့်မှုလိုအပ်နေတာ။သူ စိတ်အားထက်သန်စွာ ပြုမူခဲ့တာလား?သူ့အဖေက သူ့အတွက် စီစဉ်ပေးခဲ့တဲ့ ဘလိုင်းဒိတ်ကို စိတ်မဝင်စားဘဲ သူ့အချစ်ဦးပြန်ရောက်လာတာကြောင့် သူ စိတ်ဆိုးနေပြီး ရည်းစားတစ်ယောက် လိုအပ်နေတာပဲဖြစ်ရမယ်။ပြီးတော့ သူမက သူ့ဘေးမှာ ရှိနေခဲ့တယ်လေ။သူမက သူ့ကိုကြိုက်တယ်ဆိုတာ သူ သိနေတော့ ဒီလိုမျိုးအပေးအယူ လုပ်လာတာလား?

ဒီညမှာ ချန်းရော့ယွီ ကောင်းကောင်းအိပ်မပျော်ပေ။သူမ ပိုပြီးစဉ်းစားလေလေ သူ့ကိုမေးဖို့ ပိုပြီးကြောက်ရွံ့လေလေဖြစ်၏။

အချိန်ကို ဆုံးရှုံးလို့ မရနိုင်တာ မှန်တယ်။ ဒါပေမဲ့ ဒီဆုံးရှုံးမှုက နောက်တစ်ကြိမ် ပြန်လာဦးမှာလား?

နောက်ထပ် နှစ်ရက်လုံး သူမသည် စိတ်ရှုပ်ထွေးပြီး အာရုံပြောင်းလဲနေခဲ့၏။ သူမက မုန့်ကုကို ဖုန်းမခေါ်သလို၊ သူကလည်း သူမကို ဖုန်းမခေါ်ပေ။ အကြိမ်ပေါင်းများစွာ သူမသည် ဖုန်းကို ကောက်ကိုင်လိုက်သော်လည်း ပြန်ချလိုက်ရပြန်သည်။ သူမအနေနဲ့ သူ့ကို အရင် စမခေါ်သင့်ဘူးလို့ ခံစားနေရသည်။ သူမကို စတင် ရန်စတဲ့လူက သူဖြစ်တာကြောင့် တရားမျှတမှုအရ သူကသာ သူမကို ဖုန်းခေါ်သင့်သည်။ သူက ဆက်သွယ်ခြင်း မရှိျာကြောင့် သူမကလည်း သူ့ကို ဆက်သွယ်ခြင်း မပြုသင့်ဟု ပိုပြီးတော့တောင် ခိုင်မာစွာ ခံယူထားသည်။

သူမချစ်သူ ဖြစ်ချင်ကြောင်း ကြွေးကြော်ပြီးနောက် ဒုတိယနေ့တွင်ပင် သူ ပျောက်ကွယ်သွားရာ သူမကို မပျော်မရွှင် ဖြစ်စေသည်။ ရက်အနည်းငယ်ကြာပြီးနောက် ချန်းရော့ယွီသည် သူမကိုယ်သူမ ရှုပ်ထွေးတဲ့ အခြေအနေထဲသို့ သွင်းလိုက်တာက မှားယွင်းကြောင်း နောက်ဆုံးတွင် ခံစားလိုက်ရသည်။ သူမရဲ့ဉာဏ်ရည် (IQ) က နိမ့်နေပြီး စိတ်ခံစားမှု ဉာဏ်ရည် (EQ) ကလည်း သုည ဖြစ်သည်။ သူတို့နှစ်ဦးကြား ဘာမှ ဖြစ်လာမည်မဟုတ်တာကြောင့် မုန့်ကုနှင့် ပတ်သက်သည့် ဒီကိစ္စကို သိပ်အာရုံမထားသင့်ပေ။

တတိယနေ့ ဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ကျိုးကျယ်က ချန်းရော့ယွီကို ဖုန်းခေါ်ဆိုကာ ပိတ်ရက်တွင် ညစာ အတူစားရန် ဖိတ်ခေါ်လာသည်။ သူမ သဘောတူလိုက်၏။

မနေ့က သူမအဖေဆီကနေ ဖုန်းလာခဲ့ပြီး ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျိုးကျယ်နှင့် အဆင်ပြေအောင် ပေါင်းဖို့၊ သူတို့ အိမ်နီးချင်းများဖြစ်သည့်အပြင် ဇာတိမြို့ချင်းလည်း တူတာကြောင့် သူငယ်ချင်းများအဖြစ် ကြိုးစားနေထိုင်သင့်ကြောင်း ပြောခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တစ်ဦးနှင့်တစ်ဦး မကြာခဏ မြင်တွေ့နေရဦးမှာပင်။ သူမမိဘတွေရဲ့ဆက်ဆံရေးကြောင့် သူတို့ခင်မင်မှုကို မစွန့်လွှတ်ရန်လည်း သူမအဖေက အကြံပေးခဲ့သည်။ဒါကြောင့် သူမမိဘတွေ စိတ်အေးချမ်းစေရန်အတွက် ကျိုးကျယ်၏ ဖိတ်ခေါ်မှုကို သူမ ချက်ချင်းပင် သဘောတူလိုက်လေတော့သည်။

သူမ ကျိုးကျယ်ဆီကနေ ဖုန်းချပြီးတာနဲ့ ထန်ကျင်းချိုင်ဆီကနေလည်း ဖုန်းဝင်လာသည်။သူက သူ့မိသားစုက သူမနဲ့မုန့်ကုရဲ့ အရင်က အကူအညီများအတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ဒါကြောင့် သူတို့ နှစ်ယောက်လုံးကို ညစာ ဖိတ်ကျွေးလိုပြီး လက်ခံပေးပါရန်လည်း အတင်းအကျပ် တောင်းဆိုလာ၏။

အစပိုင်းမှာတော့ ချန်းရော့ယွီက ငြင်းဆန်ချင်ခဲ့သည်။ ဒါပေမဲ့ စဉ်းစားကြည့်လိုက်တဲ့အခါ... ဒါက မုန့်ကုကို ဖုန်းဆက်ဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်နဲ့ အခွင့်အရေး မဟုတ်ဘူးလား? ဒါကြောင့် သူမက ဒေါက်တာမုန့်ကို အားမအားမေးဖို့ အရင် စကားပြောရမည်ဟု ပြောလိုက်သည်။

ဖုန်းတစ်ဖက်မှ ထန်ကျင်းချိုင်က အနည်းငယ် ထစ်အသွားပြီး ပြောလိုက်၏။

“ဒေါက်တာမုန့် မအားလို့ မလိုက်နိုင်ရင်တောင် မစ္စ ချန်းကတော့ မဖြစ်မနေ လာရမယ်။မင်းကို ကျွန်တော် မတွေ့ရတာ ကြာပြီ။ လိပ်စာ ပို့ပေးလိုက်မယ်၊ မဖြစ်မနေ လာပေးရမယ်နော်”

ချန်းရော့ယွီ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူ့စကားက သူမကို အနည်းငယ် စိတ်မချမ်းမသာ ဖြစ်စေသည်။ ခုနတုန်းက သူမက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ခြင်း မဟုတ်ဘဲ မုန့်ကုနှင့် တိုင်ပင်မည်ဟုသာ ပြောခဲ့သည်။ အခုမှ သူမ မအားကြောင်း ပြောရင်လည်း မယဉ်ကျေးရာ ရောက်မည်ဖြစ်၍ ဝိုးတဝါး အဖြေသာ ပေးလိုက်ရာ သဘောတူလိုက်သလို ဖြစ်သွားတော့သည်။

မုန့်ကုကို ဘယ်လို ပြောပြရမလဲဟု သူမ အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ထန်ကျင်းချိုင်ရဲ့ညစာ ဖိတ်ကြားမှုဖြစ်တာကြောင့် မုန့်ကုက သေချာပေါက် ငြင်းဆန်လိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အဓိကရည်ရွယ်ချက်က သူ သွားဖို့အတွက် မဟုတ်ပေ။

ဒါဆိုရင် အရေးကြီးတဲ့အချက်က ဒါဟာ သူတို့ စကားပြောဆိုဖို့ အစပျိုးမှုတစ်ခု ဖြစ်နေခြင်းပင်။ ဒီနောက်မှာ သူမက သူတို့ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက်ပြောဆို၊ မေးမြန်းရမလဲ?

အခု သူတို့ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးနေသည်။ သူတို့ ပြတ်ဆဲကြမလား၊ ဘယ်လို ပြတ်ဆဲကြမလဲဆိုတာကလည်း ပြဿနာတစ်ရပ်ပင်။ တိတိကျကျ ပြောရမယ်ဆိုရင် ဒီလို ရှင်းရှင်းလင်းလင်းမရှိတဲ့ ဆက်ဆံရေးမျိုးမှာ သူတို့ တကယ်ပဲ တစုံတရာ ရှုပ်ထွေးနေကြပြီလား၊ ဒါမှမဟုတ် ပြတ်ဆဲသင့်ပြီလားဆိုတာကို ပြောဖို့ ခက်ခဲနေသည်။

ချန်းရော့ယွီသည် ဒီကိစ္စကို ညနေပိုင်းအထိ ဆွဲဆန့်ထားပြီးမှ နောက်ဆုံးတွင် မုန့်ကု၏ ဖုန်းနံပါတ်ကို ခေါ်ဆိုရန် ဆုံးဖြတ်လိုက်သည်။ ဘာမှ မဖြစ်ပါစေနဲ့... ဒါက ဖုန်းခေါ်ဆိုမှုတစ်ခုသာ ဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ရုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့သဘောထားကို ပထမဆုံး စမ်းသပ်ကြည့်ရမယ်။

မုန့်ကုသည် ဖုန်းကို ကိုင်လိုက်ပြီး သူ့အသံတွင် နှာခေါင်းသံ ပါနေသည်။

သူ အအေးမိနေတာပဲ!

ချန်းရော့ယွီ စကားမစရသေးခင်ကပင် သူမဒေါသသည် ထိုးတက်လာသည်။ သူမ သိပြီးသား! ဒီကောင်က အဲ့ဒီညက ပြဿနာတွေ ဒီလောက် ရှာခဲ့တာ၊ သူ မဖျားလာမှပဲ အံ့ဩစရာကောင်းလိမ့်မယ်!

သူမရဲ့ဒေါသစိတ်ကို ထိန်းချုပ်ထားလိုက်ပြီး ထန်ကျင်းချိုင်၏ ဖိတ်ကြားချက်အကြောင်း မုန့်ကုအား ပြောပြလိုက်သည်။ မုန့်ကုရဲ့ ငြင်းဆန်မှုကို စောင့်မျှော်နေရင်းပင် သူ့ကို ဘာပြန်ပြောရမလဲဆိုတာကို သူမ ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ သူ ဘယ်လို ဖျားနာလာလဲဆိုတာကို ဟန်ဆောင် မေးမြန်းရင်း စကားစကို အဲ့ဒီညက အဖြစ်အပျက်ဆီ ဦးတည်ပြီး ရှင်းပြချက် တောင်းဆိုရန် သူမ ရည်ရွယ်ထားသည်။

မထင်မှတ်ဘဲ မုန့်ကုက တကယ်ပင် ပြောလိုက်သည်။

“ကောင်းပြီ၊ ငါ လိုက်ခဲ့မယ်။ ဘယ်အချိန်လဲ? ဘယ်နေရာလဲ?”

“အာ?!”

သူမ စကားမပြောနိုင်ဘဲ အံ့အားသင့်သွားသည်။ သူက နောက်ထပ် ဘာပြဿနာမျိုး ထပ်ရှာဖို့ ကြံနေတာလဲ?

“ရှင် ဖျားနေတာ! မသွားရဘူး!”

“ငါ သွားချင်တယ်”

“ရှင် ဖျားနေရင် နားသင့်တယ်”

“ငါ သွားချင်တယ်”

မုန့်ကုက အလွန်အတင်းအကျပ် ပြောလာသည်။

“ထမင်းဝိုင်းမှာ ရှင် နှာခေါင်းညှစ်နေတာက ယဉ်ကျေးမှုမရှိဘူးနော်”

"အဲ့ဒါ အဓိကအချက်မဟုတ်ဘူး!"

မုန့်ကုသည် ဘယ်လိုဆွဲဆောင်မှုမျိုးကိုမှ လက်မခံချေ။

သူက မေးပဲမေးလာ၏။

"ငါတို့ မနက်ဖြန် ဘယ်မှာတွေ့ရမှာလဲ?”

All Chapters