အခန်း ၄၆
Vol. 5 Ch. 46
ဒွိဟချစ်သံယောဇဉ်:
Chapter 46-မင်းက ချစ်စရာကောင်းတယ်
ချန်းရော့ယွီ အလျှော့ပေးလိုက်၏။ဘာကြောင့်လဲဆိုတော့ သူမလည်း မုန့်ကုကို တွေ့ချင်နေတာကြောင့်ပင်။
ဒီလူက သုံးရက်လုံးလုံး ဖျားနာနေပြီး နှာခေါင်းသံကလည်း အရမ်းကျယ်နေဆဲပဲ။ ထင်ရှားတာကတော့ သူ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဆိုးဆိုးရွားရွား ဖျားနာခဲ့တာပဲ။ သူမ စိတ်မချနိုင်ဘဲ တစ်ချက်ကြည့်သင့်သည်ဟု ခံစားရသည်။
ဒုတိယနေ့ ဖြစ်သည့် ကြာသပတေးနေ့တွင် ထန်ကျင်းချိုင်က ဟောင်ကောင်စတိုင် ကော်ဖီဆိုင် အစားအစာ ရောင်းချသည့် စားသောက်ဆိုင်တွင် ညစာ စီစဉ်ခဲ့သည်။ ချန်းရော့ယွီသည် ဆယ်မိနစ်စောပြီး ရောက်လာကာ မုန့်ကုကို စောင့်ရန် တံခါးဝတွင် ရပ်နေ၏။
ခဏအကြာတွင် မုန့်ကု ရောက်လာသည်။
သူက အပြာရောင်ဂျာကင် ဝတ်ဆင်ထားပြီး သူ့ရဲ့ သွယ်လျတဲ့ခန္ဓာကိုယ်သည် လမ်းသွားလမ်းလာများကြားတွင် မျက်စိပသာဒ ဖြစ်စေသည်။ ဒါကြောင့် ချန်းရော့ယွီက သူ့ကို ချက်ချင်း မြင်လိုက်ရသည်။
သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူ့ကို စိုက်ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဖျားနာတဲ့လက္ခဏာများ ထင်ရှားနေသည်။ ဒါပေမဲ့ သူ့နဖူးမှာသာ 'ရောဂါကြီးမှ သက်သာလာသူ' ဟူသော စာလုံးများ ထွင်းထုမထားသည်က တစ်ခုတည်းသော ကွာခြားချက်ပင်။ သူ့စိတ်ဓာတ်မှာတော့ ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။ သူ တက္ကစီကနေ ဆင်းလိုက်တာနဲ့ ချန်းရော့ယွီကို မြင်လိုက်ရပြီး သူ့ရဲ့တောက်ပသည့်မျက်လုံးများက သူမကို စိုက်ကြည့်လာသည်။
အကြောင်းမဲ့ သူမ မျက်နှာနီလာခဲ့ပေမယ့် မျက်လုံးလွှဲဖယ်ခြင်းမရှိဘဲ အသက်အောင့်ထားလိုက်ကာ သူ့ဘက်ကို လှမ်း၍လည်း မသွားပေ။
မုန့်ကုသည် ထိုနေရာတွင် ရပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူမကို လုံလောက်စွာ ကြည့်ရှုပြီးတဲ့အခါမှ ဖြည်းဖြည်းချင်း သူမဆီ လျှောက်လာသည်။
သူတို့နှစ်ယောက်လုံး စကားမပြောကြဘဲ အချင်းချင်းသာ ကြည့်နေကြ၏။
အချိန်အတော်ကြာပြီးတဲ့နောက် မုန့်ကုသည် ချောင်းဆိုးကာ အသံရှင်းလိုက်ပြီးမှ ခေါ်လာသည်။
“ချန်းရော့ယွီ”
သူ့ရဲဘနှာခေါင်းသံ ပြင်းပြင်းကြောင့် သူမ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးမှာတော့ မဆူဘဲ မနေနိုင်တော့ပေ။
“ရှင် ကိုယ့်ဘာသာကိုယ် ဘယ်လိုလုပ် ဖျားလာရတာလဲ? ရှင်က အထင်ကြီးစရာ ကောင်းနေခဲ့ရမှာ မဟုတ်ဘူးလား? အအေးမိတာကိုရော အစာအိမ် ပေါက်တာကိုရော ရှင်က မကြောက်ဘူး မဟုတ်လား!”
မုန့်ကုသည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ နေလိုက်သည်။
“ရှင် ပိုသောက်သင့်တယ်၊ အပြင်မှာ မဝသေးရင်တောင် အိမ်ပြန်ပြီး ဆက်သောက်နိုင်သေးတယ်။”
သူမက ဘာကြောင့်မှန်း မသိဘဲ သူ့ကို အရမ်းတွေ့ချင်နေခဲ့ပေမဲ့ အခု တွေ့လိုက်ရတော့ စိတ်တိုလာတယ်။
မုန့်ကုသည် အသံတိုးတိုးဖြင့် သူ့ကိုယ်သူ ခုခံပြောဆိုလိုက်သည်။
“အိမ်မှာ ဝိုင်နီပဲ ရှိတယ်။ အဲ့ဒီညက ငါ နှစ်ငုံပဲ သောက်လိုက်ရတယ်၊ ပြီးတော့ အိပ်ပျော်သွားတယ်”
“'ပြီးတော့ အိပ်ပျော်သွားတယ်' ဆိုတာ ဘာကိုဆိုလိုတာလဲ? ရှင် ရင်းဇယ်ကို ဖုန်းဆက်ပြီး နာရီဝက်လောက် ကျွန်မကို ဆဲဆိုနေခဲ့တာ ကျွန်မ မသိဘူးလို့ မထင်လိုက်နဲ့”
“ဩော်... အဲ့ဒီနောက်မှ ငါ အိပ်ပျော်သွားတာလေ”
သူ့မှာ ဒီလိုစကားမျိုး ပြောရဲတဲ့ သတ္တိ တကယ်ရှိတယ်!
ချန်းရော့ယွီက သူ့ကို ဆူပူလိုက်သည်။
“ဒီရက်ပိုင်း ရှင် ဘာလို့ ဒီလောက် အရူးလို ပြုမူနေရတာလဲ?”
မုန့်ကု စကားပြောရန် ပြင်လိုက်တဲ့အချိန်မှာပဲ ခပ်လှမ်းလှမ်းကနေ တစ်စုံတစ်ယောက် ခေါ်သံကို ကြားလိုက်ရသည်။
“မိန်းကလေး ချန်း!”
ချန်းရော့ယွီနှင့် မုန့်ကုတို့ ခေါင်းများကို တစ်ပြိုင်နက်တည်း လှည့်လိုက်ရာ ပျော်ရွှင်နေတဲ့မျက်နှာဖြင့် ထန်ကျင်းချိုင်ကို တွေ့လိုက်ရသည်။ သူ့အမေကလည်း သူ့ဘေးနားတွင် ရပ်နေ၏။
သူမက အမေထန်ကို မြင်လိုက်သည်နှင့် ချက်ချင်း စိတ်ပူသွားပြီး မသိစိတ်ကနေ မုန့်ကုအနား တိုးကပ်လိုက်သည်။ မုန့်ကုသည် သူမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လှောင်ရယ်လိုက်၏။
“ငကြောက်လေး"
သူမ သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။ တခြားသူများရှေ့မှာတော့ သူနဲ့ စကားများတော့မည် မဟုတ်ပေ။
နောက်တစ်စက္ကန့်တွင် ထန်ကျင်းချိုင်နှင့် သူ့အမေတို့သည် သူတို့ဆီ လျှောက်လာကြပြီး သူတို့နောက်ကနေ အခြားအမျိုးသမီးတစ်ဦးပါ လိုက်ပါလာသည်။ အဲ့ဒီနောက် ထန်ကျင်းချိုင်က အဲ့ဒီအမျိုးသမီးကို သူ့အဒေါ်အဖြစ် မိတ်ဆက်ပေးလာသည်။
သူ့အဒေါ်ပါ လာတာလား? ချန်းရော့ယွီ ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာသည်။ အဲ့ဒီလူသုံးယောက်ကို နှုတ်ဆက်နေတဲ့အချိန်မှာပင် သူမသည် မုန့်ကုရဲ့အင်္ကျီစကို ဆွဲထား၏။
လူငါးယောက်လုံး စားသောက်ဆိုင်ထဲ အတူတကွ ဝင်သွားကြပြီး သက်ဆိုင်ရာ အစားအစာများကို မှာယူကြသည်။ ဒီလို အခြေအနေမျိုးမှာ ချန်းရော့ယွီသည် အဆင်မပြေဆုံးနှင့်နေရအခက်ဆုံးဖြစ်နေပြီး သူမ လာခဲ့မိတာကို နောင်တရနေသည်။ သူမ မုန့်ကုကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲကနေ သူ့ကို အပြစ်တင်လိုက်သည်။
မုန့်ကုသည် တည်ငြိမ်အေးချမ်းသည့် အမူအရာကို ပြသနေပြီး အရိုးနီ ဆန်ပြုတ်တစ်ပန်းကန်ကို မှာယူကာ ကြက်သွန်မြိတ်ကိုလည်း ပိုထည့်ရန် တောင်းဆိုပြီး မုန့်ပဲသရေစာ နှစ်မျိုးပါ ထပ်မှာလိုက်သည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ ချန်းရော့ယွီက အစားအစာ မမှာရသေးျာကို တွေ့တာကြောင့် သူမအတွက်လည်း ရိုးရိုးရှင်းရှင်း မှာယူပေးလိုက်သည်။
အခြားသူများရှေ့တွင် မုန့်ကုက သူမကို မေးမြန်းခြင်းမရှိဘဲ ဆုံးဖြတ်ချက်များ ချမှတ်ပေးသော်လည်း ချန်းရော့ယွီသည် သူ့ကို ပြန်မပြောခဲ့ပေ။ ဒါပေမဲ့ သူက သူမအတွက် ဒူးရင်းသီးမုန့်ကို မှာပေးလိုက်တဲ့အခါ သူမ တိတ်တိတ်လေး ဝမ်းသာသွား၏။
စားပွဲတွင် ထန်ကျင်းချိုင်ရဲ့အဒေါ်သည် မုန့်ကုကို ကျေးဇူးတင်စကား အဆက်မပြတ် ပြောနေပြီး သူ့အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြောနေသည်။ ချန်းရော့ယွီသည် ထိုအဒေါ်တွင် မုန့်ကုကို မျက်နှာလုပ်ရန် ရည်ရွယ်ချက်ရှိကြောင်းကိုပင် မြင်အောင် ကြည့်နိုင်၏။ အဲ့ဒီအဒေါ်က နောင်ကျရင် မုန့်ကုရဲ့အကူအညီကို ဆက်လက် ရယူနိုင်မယ်လို့ တွေးထားတာ သေချာသည်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးတိုင်ပင်ရန် ချိန်းဆိုမှုကို ပြုလုပ်ဖို့ ခက်ခဲသည့်အတွက် ဆရာဝန်တစ်ဦးကို သူငယ်ချင်းအဖြစ် ရရှိခြင်းက အဆင်ပြေမှုများစွာကို ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်သောကြောင့်ပင်။
မုန့်ကုမှာ အသက်ကြီးတဲ့သူတွေကိုကြောက်တဲ့ရောဂါ မရှိတာကြောင့် သူက ပေါ့ပေါ့ပါးပါး တုံ့ပြန်နိုင်သည်။ သူတို့ရဲ့မေးခွန်းများစွာကို ဖြေကြားပြီး ထန်ကျင်းချိုင်ရဲ့ဦးလေး အခြေအနေ ဘယ်လိုရှိကြောင်းကိုပါ ကိုယ်တိုင်ဦးဆောင်၍ မေးမြန်းခဲ့သည်။ ဦးလေးရဲ့အခြေအနေ တိုးတက်လာတာကို ကြားရတဲ့အခါ သူက ရိုးရိုးသားသား ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့ သူ့ရဲ့ ရောဂါကို ဇွဲမလျှော့ဘဲ ကုသရမယ်။ ကျွန်တော်က ခွဲစိတ်ဆရာဝန်ဖြစ်ပြီး ဆေးရုံက အခြားဌာနတွေနဲ့ မသက်ဆိုင်ဘူး။ ဒါကြောင့် ဆက်ပြီး ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သေလုမြောပါးရောဂါတွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လိုအပ်တာတွေ ရှိလာရင်တော့ ကျွန်တော့်ဆီ ပြန်လာနိုင်ပါတယ်၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးမယ်”
ချန်းရော့ယွီသည် အဲ့ဒီစကားကို ကြားတဲ့အခါ ပါးစပ်ထဲက အစားအစာများ ပန်းထွက်လုနီးပါး ဖြစ်သွား၏။ ဒါက သူ တခြားသူတွေကို ကျိန်စာတိုက်နေတဲ့ နည်းလမ်းလား? အဒေါ်ထန်ကတော့ သူ့စကားလုံးများရဲ့ အဓိပ္ပာယ်ကို နားမလည်ပုံရပြီး မုန့်ကုရဲ့ကောင်းမွန်တဲ့သဘောထားကို မြင်သည့်အခါ အမြန် ကျေးဇူးတင်လိုက်သည်။
ချန်းရော့ယွီသည် အစားအသောက် စားရာတွင် အလုပ်ရှုပ်ဟန်ဆောင်နေလိုက်၏။ ပါးစပ်ရိုင်းပြီး အဆိပ်ပြင်းတဲ့လျှာရှိတဲ့ ဒီလူနဲ့ ပတ်သက်နေတာကို ဝန်ခံဖို့ သူမ လုံးဝ မလိုလားပေ။
ထန်ကျင်းချိုင်ရဲ့ဘက်မှာတော့ သူက ချန်းရော့ယွီအပေါ် အာရုံစိုက်နေသည်။ သူက သူမရဲ့ လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည် ထပ်ဖြည့်ပေးပြီး မကြာသေးမီက သူမ နေကောင်းမကောင်းကိုပါ မေးလာသည်။ ချန်းရော့ယွီသည် ယဉ်ကျေးစွာ ပြုံးပြပြီး ပြန်ဖြေလိုက်၏။ မုန့်ကုက အဒေါ်ထန်နဲ့ စကားပြောနေပေမယ့်လည်း သူ့မျက်လုံးတွေကတော့ သူမအပေါ်မှာ ရှိနေတာကိုလည်း သူမ သတိထားမိလိုက်သည်။
ဘာများ ကြည့်စရာ ရှိနေလို့လဲ?
ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိရင်တော့ သူမ သူ့ကို ပြန်စိုက်ကြည့်မိမှာ သေချာတယ်။
အဲ့ဒီနောက် အမေကထန် မေးလာသည်။
“ရှောင်ယွီ၊ သမီးနဲ့ ဒေါက်တာမုန့်ရဲ့ ဆက်ဆံရေးက ဘာလဲဟင်?”
မစဉ်းစားဘဲ သူမ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒေါက်တာမုန့်က ကျွန်မရဲ့ သူငယ်ချင်းကောင်းပါ၊ ကျွန်မ သူငယ်ချင်းရဲ့ ကောင်လေးရဲ့သူငယ်ချင်း”
အဲ့လိုပြောလိုက်ပြီးတဲ့နောက် မုန့်ကုက သူမကို မျက်စောင်းထိုးလိုက်သည်။ သူမက ခေါင်းငုံ့လိုက်ပြီး သူ့အကြည့်ကို မမြင်ချင်ယောင်ဆောင်ကာ လက်ဖက်ရည် ဆက်သောက်နေလိုက်သည်။
သူတို့နှစ်ယောက်ကို ခဏလောက် ကြည့်ပြီးတဲ့နောက် အမေထန်သည် နောက်ဆုံးမှာတော့ နားလည်သွားပုံရပြီး ပြုံးလိုက်သည်။ အဲ့ဒီနောက် ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။
“ဒါဆို ဆက်စပ်နေတဲ့ ဆက်ဆံရေးပဲနော်”
ဒီလို ဆက်ဆံရေးမျိုးကို သူတို့ကို ရှင်းပြဖို့ ခက်ခဲတာကြောင့် ချန်းရော့ယွီ ဘာပြန်ပြောရမှန်းမသိဘဲ ဆက်လက် စားသောက်နေလိုက်တော့သည်။
ဒါပေမဲ့လည်း မုန့်ကုက တိတ်တဆိတ်နေရန် စိတ်မပါဘဲ ကြားဝင်စွက်ဖက်ရန် အတင်းအကျပ် ပြုလုပ်ခဲ့သည်။ သူက အမေထန်၏ကျန်းမာရေးအကြောင်းနှင့် အဒေါ်ထန်၏ ပုံမှန် အစားအသောက်အကြောင်းကိုပါ မေးမြန်းသည်။ အဲ့ဒီနောက် လူကြီးတွေမှာ မကြာခဏဖြစ်လေ့ရှိတဲ့ ပြဿနာများစွာနဲ့ သူတို့ ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာများအကြောင်းကိုပါ ဆက်တိုက် ပြောဆိုခဲ့ရာ၊ စိုးရိမ်ပူပန်ပေးဟန် ပေါက်သော်လည်း အမှန်တကယ်မှာတော့ ထိုလူကြီးနှစ်ဦးကို ထိတ်လန့်သွားစေသည်။မုန့်ကု ပြောပြခဲ့တဲ့ ရောဂါလက္ခဏာများစွာဖြစ်တဲ့ ဥပမာအားဖြင့် အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အလွယ်တကူ ဒေါသထွက်ခြင်း၊ ရေငတ်ခြင်း၊ မေ့တတ်ခြင်း စသဖြင့် သူတို့်မှာ များစွာရှိနေတာကြောင့်ပင်။
နောက်ဆုံးမှာတော့ မုန့်ကုရဲ့အကြံဉာဏ်ကို နားထောင်ပြီးတဲ့နောက် လူကြီးနှစ်ယောက်ဟာ ပြည့်စုံတဲ့ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန်နှင့် ဈေးအကြီးဆုံး package ကိုသာ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ မဟုတ်ပါက အသေးစိတ်လုံလောက်မှု မရှိနိုင်ပေ။ လူတစ်ယောက် အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးကို ပိုမို အာရုံစိုက်သင့်သည်။ အရင်က သူတို့က ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပေါ့ဆခဲ့ကြပြီး ဆေးရုံမှာ ငွေကုန်ကြေးကျခံ၍ ထိုစစ်ဆေးမှုများ လုပ်ရန် ဆန္ဒမရှိခဲ့ကြပေ။ဒီလိုမျိုး ကျန်းမာရေး အယူအဆက လုံးဝ မှားယွင်းနေ၏။
အခုမှသာ ချန်းရော့ယွီသည် မုန့်ကုရဲ့ ကောင်းမွန်တဲ့အလုပ်ကို သဘောပေါက်တော့တယ်။ ဒါပေမဲ့ အမေထန်နဲ့အဒေါ် ထန်နှစ်ယောက်လုံး အရမ်းပျော်ရွှင်နေကြသည်။ သူတို့က သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး မေးခွန်းများစွာကို မေးမြန်းကြ၍ အမေထန်က သူမသား ထန်ကျင်းချိုင်ရဲ့ အသက်အရွယ်အတွက် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း သူ့ကို မေးလာသည်။ ဒီအရာက ဘေးနားမှာ ထိုင်နေတဲ့ ထန်ကျင်းချိုင်ကိုတောင် အလွန်စိတ်မသက်မသာ ဖြစ်စေ၏။
မုန့်ကုသည် သူတို့မေးခွန်းတွေကို ဖြေတဲ့အခါ အလွန်အမင်း သည်းခံမှုကို ပြသခဲ့ပြီး ချန်းရော့ယွီကတော့ အစကနေ အဆုံးအထိ စကားဝင်ပြောရန် အခွင့်အရေး မရခဲ့ပေ။
ဒီညစာစားပွဲမှာ ဒေါက်တာမုန့်သည် သူ့ရဲ့နှာပိတ်သံနှင့် နှာခေါင်းသံဖြင့် အခြေအနေတစ်ခုလုံးကို လွှမ်းမိုးခဲ့ပြီး ထန်ကျင်းချိုင်ရော ချန်းရော့ယွီပါ ဘယ်လိုစကားမှ ပြောခွင့်မရကြပေ။ အဲ့ဒီနောက် မုန့်ကုက ရုတ်တရက် ပြောလိုက်၏။
“အဒေါ်တို့၊ နှစ်ယောက်လုံး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ကြရမယ်။ ကျန်းမာရေးထက် ပိုအရေးကြီးတာ မရှိပါဘူး။ ကျွန်တော့်ညီက ဥပမာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူ လဲကျပြီး ခြေထောက် ဒဏ်ရာရသွားတယ်။ ကျွန်တော်နဲ့ ရော့ယွီက သူ့ကို သွားတွေ့ဖို့ စီစဉ်ထားတာ။ အခု ပြန်ဖို့ အချိန်နီးနေပြီဆိုတော့ ကျွန်တော်တို့ အရင် သွားရဦးမယ်"
လူကြီးနှစ်ယောက်လုံးမှာ အလွန် ပျော်ရွှင်နေကြပြီး ချက်ချင်း သဘောတူလိုက်ကြသည်။ ထန်ကျင်းချိုင်ကတော့ ဘာမှမပြောနိုင်ဘဲ ချန်းရော့ယွီကို နောက်မှ ဖုန်းခေါ်မည်ဟုသာ ပြောနိုင်တော့သည်။
ချန်းရော့ယွီရဲ့မျက်နှာမှာ အနက်ရောင်မျဉ်းကြောင်းများ ပြည့်နှက်နေသည်။
မစ္စတာတိုင်ရန်နိုဆောရပ်စ် ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ဆွဲထုတ်တဲ့နေရာမှာ တကယ်ကို တော်လွန်းတာပဲ။ သူမကို အကြောင်းပြချက်အဖြစ် အသုံးပြုသလို တစ်ချိန်တည်းမှာပဲ ရင်းဇယ်ကိုပါ ကျိန်ဆဲသွားတယ်။
မုန့်ကုသည် ဘာမှ ထပ်မပြောတော့ဘဲ ချန်းရော့ယွီကို ဆွဲခေါ်ရင်း ထွက်သွားသည်။ သူတို့ တံခါးအပြင်ကို ရောက်တာနဲ့ သူ သူမကို ပထမဆုံး ပြောလိုက်တဲ့ စကားမှာ
“အဲ့ဒီထန်မျိုးရိုးက မင်းကို ထပ်ဖုန်းခေါ်ရင် သူ့ကို ဂရုမစိုက်နဲ့”
သူက ငါ့ကို ထိန်းချုပ်နိုင်တာလား?
သူမသည် သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့လက်ကို ခါချကာ လျှောက်သွားလိုက်သည်။ မုန့်ကုက သူမနောက်ကို လိုက်လာပြီး ဆွဲကိုင်လိုက်၏။
“စကားပြောကြရအောင်။”
သူမ ခဏလောက် စဉ်းစားလိုက်တယ်... ဟုတ်တယ်... သူမ မေ့လုနီးပါး ဖြစ်သွားတာ။ သူ့ကို ထားခဲ့ပြီး တစ်ယောက်တည်း လျှောက်သွားလိုက်တာက မိမိုက်ပေမယ့်လည်း ခဏလောက် သူမ ဘာလုပ်ချင်လဲဆိုကို မေ့လုနီးပါး ဖြစ်သွားတယ်။
မုန့်ကုသည် သူမ ကန့်ကွက်ခြင်း မရှိိတာကို မြင်တဲ့အခါ သူမကို တက္ကစီထဲ ဆွဲထည့်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ သူ့ကို ရှာတွေ့ခဲ့သည့် ဘားဆီ ခေါ်သွားသည်။
ချက်ချင်းပင် ချန်းရော့ယွီက သူ့ကို မျက်စောင်းထိုးလိုက်၏။
“ထပ်သောက်ဦးမလို့လား?”
သူ ဟုတ်တယ်လို့သာ ပြန်ဖြေရဲရင် သူမ ထိုးပစ်မယ်!
“ငါ အထင်လွဲခံရတာ! ငါ့ကား အဲ့ဒီမှာ ရှိနေသေးတာ!”
မုန့်ကုသည် အပြစ်ကင်းစင်သည့်အမူအရာဖြင့် သူ့လက်များကို သနားစရာကောင်းစွာ ဖြန့်ကားပြလိုက်သည်။
ထိုအခါမှ ချန်းရော့ယွီ၏ အမူအရာသည် ပုံမှန် ပြန်ဖြစ်သွားသည်။ မုန့်ကုက ပြုံးလိုက်ပြီး သူမ၏ ခေါင်းကို ထိလိုက်သည်။
“မင်း ပိုပြီး ကြမ်းတမ်းလာပြီနော်”
သူမ သူ့လက်ကို ရိုက်ချလိုက်ပြီး မေးလိုက်သည်။
“ရက်အများကြီး ကြာနေပြီ ဘာလို့ ကားမယူသေးတာလဲ? ရှင့်ကား အဆင်ပြေပါ့မလား? ဒဏ်ငွေ ဆောင်ရဦးမှာလား?”
“ငါ မယူရဲဘူး။ ငါ့ကောင်မလေးက ငါ ဖျားပြီး ခေါင်းမူးနေတဲ့ အခြေအနေနဲ့ ကားကို သွားယူပြီး ကားမောင်းမယ်၊ အဲဒါက အရက်မူးပြီး ကားမောင်းတဲ့ အခြေအနေနဲ့ ဆင်တူတယ်ဆိုတာ သိသွားရင်၊ သူ(မ) ရိုက်လိမ့်မယ်”
သူမ သူ့ကို မျက်စောင်းထိုးလိုက်ပြီး ခေါင်းလှည့်ကာ လျစ်လျူရှုလိုက်သည်။
သူ့ရဲ့ကောင်မလေးက ဘယ်သူလဲ! လူယုတ်မာ!
သူမသည် ပြတင်းပေါက်အပြင်ကို စိုက်ကြည့်ရင်း သူမရဲ့လှုပ်ရှားမှုကို သေချာစွာ စီစဉ်နေတော့သည်။
သူမ စိတ်ငြိမ်ရမယ်၊ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စီစစ်ရမယ်၊ မဖြေရှင်းနိုင်စရာ ဘာမှ မရှိဘူး။ သူတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူတွေလေ.... ... ယဉ်ကျေးပြီး ဆင်ခြင်တုံတရားရှိတဲ့သူတွေပဲ..
ကားကို ယူပြီးနောက်တွင် သူတို့နှစ်ယောက်သည် ကားထဲမှာ ထိုင်နေကြပြီး သူမက ဒီကိစ္စကို ဆက်လက် စဉ်းစားနေသည်။
မုန့်ကုက မေးလိုက်၏။
“ငါ့ အိမ်သွားရအောင်”
ကျားတွင်းထဲ ဝင်ရမှာလား? ချန်းရော့ယွီ ခေါင်းခါလိုက်သည်။
“ဒါဆို ဘယ်ကို သွားချင်တာလဲ?”
မုန့်ကုသည် သူ့ဆေးကို ဆွဲထုတ်ပြီး ရေသန့်နှင့်အတူ မျိုချလိုက်သည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ထပ်ဆူချင်စိတ်ကို ထိန်းထားပြီး ပြောလိုက်သည်။
“ဒီနေရာမှာပဲ စကားပြောရအောင်”
“ဒီပတ်ဝန်းကျင်က ဘာမှမရှိဘူး။ မင်း ငါ့အိမ်ကို မသွားချင်ရင် ထိုင်ပြီး အရက်သောက်ဖို့ နေရာတစ်ခု ရှာကြရအောင်”
သူက မနှစ်မြို့သည့်လေသံဖြင့် ပြောလာသည်။
“ဒေါက်တာမုန့်၊ ရှင့်နှာခေါင်းထဲက နှာရည်တွေ ကျနေတဲ့အချိန် ရှင် ဘယ်နေရာကိုပဲ သွားသွား အငွေ့အသက်က ပျောက်ကွယ်နေမှာပဲ”
“ငါ့မှာ နှာရည် မရှိဘူး”
မစ္စတာတိုင်ရန်နိုဆောရပ်စ် စကားနင်သွားပြီး ထခုန်လုနီးပါး ဖြစ်သွားသည်။
“ငါ အပြင်မထွက်ခင် ငါ့အဖျားက အများကြီး သက်သာနေပြီ၊ နှာရည်လည်း မကျတော့ဘူးဆိုတာ သေချာအောင် လုပ်ခဲ့ပြီးသား!”
ချန်းရော့ယွီ စကားမပြောဘဲ သူ့ကို နှုတ်ခမ်းမဲ့ပြလိုက်သည်။ မုန့်ကုသည် ချောင်းဟန့်လိုက်ပြီး ပိုကောင်းတဲ့သဘောထားဖြင့် ပြောလိုက်သည်။
“ငါ တကယ့်ကို အတော်လေးသက်သာနေပြီ”
ဒီအခြေအနေကိုမှ ‘အတော်လေး သက်သာနေပြီ’ လို့ သတ်မှတ်မယ်ဆိုရင် သူ အရင်က အလွန်အမင်း ဖျားနာခဲ့မှာ သေချာတယ်။
“ရှင့်ကိုယ်ရှင် မေးကြည့်စမ်း၊ ရှင် ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ? ရှင် ကလေးဆန်တယ်လို့ မထင်ဘူးလား? ရှင်က ဆရာဝန်တစ်ယောက်လေ၊ ကိုယ့်ကိုကိုယ် မရှက်ဘူးလား?”
သူမလေသံက ကလေးတစ်ယောက်ကို ဆုံးမနေသည့်ပုံ ပေါက်နေ၏။
“ဟေ့၊ ငါတို့ ခံစားချက်အကြောင်း ဆွေးနွေးနေတာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ဘူး”
“ဘာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလဲ?”
“ယောက်ျားတစ်ယောက်ကို ကလေးဆန်တယ်လို့ ဆူတာက သူ့ရဲ့ အနမ်းကို မကျေမနပ် ဖြစ်တာနဲ့ တူတယ်။ ဒါက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုပဲ။ ပြင်းထန်မှုအတိုင်းအတာကတော့ ယောက်ျားတစ်ယောက်ကို အိပ်ရာပေါ်မှာ မစွမ်းဆောင်နိုင်ဘူးလို့ ပြောလိုက်တာနဲ့ တူတူပဲ၊ ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေတယ်”
သူမ သူ့ကို အံ့အားသင့်စွာနှင့် ပါးစပ်အဟောင်းသား ကြည့်နေမိသည်။
“ဒေါက်တာမုန့် ကျေးဇူးပြုပြီး ဒီလို ညစ်ညမ်းတဲ့ နည်းနဲ့ ကျွန်မကို စကားမပြောပါနဲ့။ ဒါက လိင်ပိုင်းဆိုင်ရာ စော်ကားမှုပဲနော်"
“အစတုန်းက မင်းလည်း ဒီဥပမာကို ညွှန်းဆိုခဲ့တာပဲ။ မိန်းမတွေက ယောက်ျားတွေကို နှိုင်းယှဉ်ပြီး...”
ချန်းရော့ယွီက သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
“ရပ်၊ ရပ်... ဒေါက်တာမုန့်၊ ရှင်တကယ်ပဲ ခင်ဗျားရဲ့ အဆင့်အတန်းကို ကျွန်မရဲ့ အနိမ့်ဆုံး အဆင့်အထိ လျှော့ချစရာ မလိုပါဘူး”
သူမရဲ့ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းလာခြင်းက သူ့ကို ပြုံးသွားစေသည်။ သူ ပြုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူမ ဒေါသပြန်ထွက်လာတော့သည်။
“ဘာရယ်စရာပါလို့လဲ? မြန်မြန်ပြောစမ်းပါ။ ရှင် ဘာလိုချင်တာလဲ?”
“ငါ မင်းရဲ့ကောင်လေး ဖြစ်ချင်တယ်”
သူက အဲ့စကားကို ထပ်ပြောပြန်ပြီ။ ၎င်းက အရမ်းရိုးရိုးရှင်းရှင်း ဖြစ်လွန်းတယ်။ ချန်းရော့ယွီရဲ့မျက်နှာသည် ပူနွေးလာ၏။ သူမက သူမရဲ့ အမူအရာကို ထိန်းသိမ်းရန် ကြိုးစားလိုက်ပြီး တည်ငြိမ်တဲ့ပုံစံကို ပြသလိုက်သည်။
“ဘာလို့လဲ?”
“မင်းရဲ့ ကောင်လေး ဖြစ်ချင်ဖို့ တခြား ဘာအကြောင်းပြချက်တွေများ ရှိသေးလဲ? ဟုတ်တာပေါ့၊ တခြားယောက်ျားတွေ ဝန်ခံချင်တဲ့အခါမျိုးမှာရှိတဲ့ အကြောင်းပြချက်အတိုင်းပဲပေါ့”
“တခြားယောက်ျား တစ်ယောက်မှ ကျွန်မကို ဝန်ခံခဲ့တာ မရှိဘူး။ ဒါကြောင့် ကျွန်မ ဂရုမစိုက်ဘူး”
သူမရှေ့မှာ လူတစ်ယောက်တည်းသာ ရှိနေပြီး ဒါကြောင့် သူမက ဒီလူတစ်ယောက်တည်းကိုသာ ဂရုစိုက်လိမ့်မည်။
သူမ သူ့ကို စိုက်ကြည့်လိုက်ပြီး အရမ်းအလေးအနက် ရှိနေသည်။ မုန့်ကုသည် သူမရဲ့စိုက်ကြည့်မှုအောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ ချောင်းဆိုးလိုက်သည်။ မုန့်ကုရဲ့ မျက်နှာ နီရဲသွားတာကို မြင်တဲ့အခါ ချန်းရော့ယွီသည် မသေချာ ဖြစ်သွား၏။ သူ့ရဲ့ဖျားနာတဲ့ အသားအရေကို အမှန်တကယ်ပင် ကြည့်ရှုရ မလွယ်ကူပေ။
“အဲဒါ...”
သူ့အသံသည် သေးငယ်သွားပြီး မာန မထောင်တော့ပေ။
“ကိုယ် မင်းကို သဘောကျလို့ မင်းရဲ့ကောင်လေး ဖြစ်ချင်တာ”
“ရှင်က ကျွန်မရဲ့ ဘာကို သဘောကျတာလဲ?”
သူမ ချက်ချင်းပင် မေးလိုက်သည်။
သူမရဲ့ ပြန်ဖြေလိုက်သည့် အမြန်နှုန်းကြောင့် မုန့်ကု မျက်တောင်ခတ်လိုက်သည်။
“မင်းက ကိုယ် ဘာလို့ မင်းကို သဘောကျရတာလဲဆိုတာကို ဘာလို့ မေးရတာလဲ?”
“ဒီမတိုင်ခင်က ရှင်က ကျွန်မကို ဘာကြောင့် လိုက်လဲဆိုတာကို မေးခဲ့တယ်လေ... ဟုတ်တာပေါ့၊ ရှင်က မေးခွင့်ရှိရင် ကျွန်မလည်း မေးခွင့်ရှိတာပေါ့”
“အဲ့ဒီတုန်းက မင်း ကိုယ့်ကို လိုက်တုန်းက ကိုယ့်ရဲ့ ဘာကို သဘောကျခဲ့တာလဲ?”
“ရှင်က ရုပ်ချောလို့လေ၊ အဖြေကိုလည်း အကြိမ်ပေါင်းများစွာ ပြောပြခဲ့ပြီးပြီ”
ချန်းရော့ယွီသည် အလွန် မာနကြီးပြီး တည်ငြိမ်နေသည်။ သူက သူမကို လှပတယ်လို့ ပြောနိုင်လိမ့်မည်ဟု သူမ မယုံပေ။
သူမက တကယ်တော့ လှပတဲ့လူ မဟုတ်တာကြောင့် သူ တကယ်ပဲ ထိုစကားကို မပြောနိုင်ခဲ့ပေ။ အကောင်းဆုံး ပြောရရင် သူမက ချောမောပြီး သပ်ရပ်ကာ ကြည့်ကောင်းသည်ဟုသာ သတ်မှတ်နိုင်သည်။ သူသည် အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးမှ နောက်ဆုံးတွင် ပြောလာသည်။
“မင်းက ချစ်စရာကောင်းတယ်”
“ကျွန်မက ဘယ်လိုနည်းနဲ့ ချစ်စရာကောင်းတာလဲ?”
သူ့စကားဆုံးသည်နှင့် ဝန်ခံချက် ရယူလိုသော အရှိန်အဟုန်ဖြင့် သူမ ထပ်မံ မေးလိုက်သည်။
မုန့်ကုသည် ပါးစပ်ဟလိုက်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ညည်းညူလိုက်၏။
“ချန်းရော့ယွီ၊ ငါ တရားခွင်မှာ ရပ်နေတာလား?”
“ဒေါက်တာမုန့်၊ ရှင် အအေးမိတာကို ကျွန်မ သိပေမယ့် ရှင် မှတ်ဉာဏ်ပျောက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ကျွန်မတို့ စတွေ့တဲ့အချိန်ကနေ အခုချိန်ထိ အဖြစ်အပျက်တွေကို ပြန်ပြီးအမှတ်ရဖို့အတွက် ရှင့်ကို ငါးမိနစ် ပေးမယ်။ ကျွန်မကိုယ်တိုင် ဒါတွေ လုပ်ခဲ့ပြီး ကျွန်မ အရမ်း ရှင်းရှင်းလင်းလင်း သိတယ်။ ရှင်က လုပ်ရပ်နဲ့ရော နှုတ်နဲ့ပါ ကျွန်မကို
ငြင်းပယ်ခဲ့တဲ့ အချိန်တွေ၊ ပြီးတော့ အချစ်ဇာတ်လမ်း အများကြီးကို အကြောင်းပြချက်တွေနဲ့ ပြောပြခဲ့တာတွေကို ကောင်းကောင်း ပြန်မှတ်ရမယ်။ အဲ့ဒီနောက်မှ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ငြိမ်းချမ်းတဲ့အဆင့်ကို ချောချောမွေ့မွေ့ ကူးပြောင်းခဲ့တာ။ အခုမှ ရုတ်တရက် ရှင်က လူရမ်းကားဆန်ဆန် ပြုမူပြီး ကျွန်မကောင်လေးဖြစ်ချင်တယ်လို့ ပြောလာတယ်။ ရှင်ရော ဒီဖြစ်စဉ်က ပုံမှန်ပဲလို့ ထင်လား?”
သူ ပါးစပ်ဟ၍ ထပ်မံ ကြည့်နေခဲ့ပြီး ဘာမှ မပြောနိုင်တော့ပေ။ ချန်းရော့ယွီက ဆက်ပြောသည်။
“ဒေါက်တာမုန့်၊ တစ်ယောက်ယောက် လိုက်ပြီးပိုးပန်းတဲ့အခါ ရိုးသားရမယ်လို့ အရင်က ရှင် မပြောခဲ့ဘူးလား? အလိုက်ခံရသူက ခံစားနိုင်ရမယ် မဟုတ်လား? ကျွန်မက ရှင် လိုက်တဲ့ ဖြစ်စဉ်အကြောင်းကိုတောင် မမေးရသေးဘူး၊ ရှင်ရဲ့ ရိုးသားမှုအကြောင်းကိုပဲ ပြောနေတာ။ ရှင်က ဒီလောက် စိတ်မရှည်ဘူးဆိုတော့ ဘာလုပ်ချင်တာလဲ?”
မုန့်ကု စကားမပြောနိုင်တော့ပေ။
“ဒေါက်တာမုန့်၊ ရှင်က သုံးခါတိတိ အချစ်ရေးမှာ ပါဝင်ဖူးတယ်။ ပြန်ပြီးစဉ်းစားကြည့်လိုက် ... အဲ့ဒီ အချစ်ရေး သုံးခုမှာရော ရှင်က ဒီလို ပေါ့ပေါ့တန်တန် ပြုမူခဲ့ဖူးလား?”
“ကိုယ် မင်းအပေါ် ပေါ့ပေါ့တန်တန် ပြုမူတာ မဟုတ်ဘူး။ ကိုယ်တို့ရဲ့ အခြေအနေတွေက ကွာခြားတယ်လေ”
“ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ အခြေအနေတွေက တူမှာ မဟုတ်ဘူး။ ရှင့်ရဲ့ တခြားလိုက်ပိုးပန်းတာတွေက အောင်မြင်ခဲ့တာ ဒါမှမဟုတ် ရှင့်ကို လိုက်ပိုးပန်းတဲ့သူတွေက အောင်မြင်ခဲ့တာ ဖြစ်မှာပေါ့။ သူတို့ထဲက ဘယ်သူကများ ကျွန်မနဲ့ တူလို့လဲ?.... ရှင်က ပိုးပန်းတာကို အငြင်းခံရပြီးတော့ ကျွန်မလိုပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့တာ၊ လုပ်ရပ်တွေကို ပြန်ဆန်းစစ်တာ၊ ပြီးတော့ ရှင့်ကို လိုက်တဲ့ နေရာမှာ ရိုးသားမှုမရှိခဲ့တာကို ဝန်ခံခဲ့တာ ရှိလား။ ပြီးတော့ ကျွန်မတို့ ဘာလို့ အဆင်မပြေခဲ့တာလဲဆိုတာကို ခက်ခက်ခဲခဲ ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားခဲ့လား။ ရှင့်ကိုယ်စား၊ ရှင် တစ်ယောက်တည်း ကျန်နေရတာရဲ့ အဓိက အကြောင်းရင်းက ရှင့်ရဲ့ ကိုယ်ပိုင်ချို့ယွင်းချက်တွေကြောင့်လားဆိုတာကိုပါ ကျွန်မ စဉ်းစားခဲ့ရတာ။ အဲ့ဒီနောက်မှ ကျွန်မက ရိုးရိုးသားသားနဲ့ ရှင့်ရဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီး ရှင်နဲ့အတူ ပျော်ရွှင်နေရတာကို ထိထိမိမိ ခံစားနိုင်ခဲ့ရတယ်။ အခု ဘာဖြစ်လဲ?
ရှင်က ရုတ်တရက် ဘာရှင်းပြချက်မှ မရှိဘဲ၊ နားထောင်ချင်စရာ စကားလုံး တစ်ခုမှ မပြောဘဲနဲ့ ဒီလိုမျိုး ပြုမူခဲ့တာလေ။ ပြီးတော့ ကျွန်မရဲ့ မေးခွန်းတွေကိုတောင် ကောင်းကောင်း မဖြေချင်ဘူး။ ရှင်က ဒါကို ပေါ့ပေါ့တန်တန် ပြုမူတာ မဟုတ်ဘူးလို့ ပြောတယ်ဆိုရင် ရှင်က ဘယ်အရာကို ပေါ့ပေါ့တန်တန် ပြုမူတာလို့ ယူဆတာလဲ?”
မုန့်ကုသည် လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
“ချန်းရော့ယွီ၊ မင်း မူးနေတာလား?"
“ကျွန်မ အရက်သောက်ပြီးရင်တောင် ဆင်ခြင်တုံတရားနဲ့ စကားပြောမှာ။ မူးသွားတာနဲ့ ရူးသွပ်ပြီး တခြားသူတွေကို ဖုန်းဆက်ပြီး ဆူပူတာ၊ ပြီးတော့ အအေးမိတာမျိုး လုပ်တဲ့ အပြစ်ကင်းတဲ့ ယောက်ျားလို ပြုမူမှာ မဟုတ်ဘူး”
“ဟေး... ဟေး...”
“ဒေါက်တာမုန့် ဒီလို အခြေအနေမျိုးမှာ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ဖို့ စာရင်းသွင်းတာ အကောင်းဆုံး ဖြစ်မယ်လို့ ရှင် ထင်လား? ကျွန်မက ရှင့်လောက် မချမ်းသာတဲ့အတွက် စာရင်းသွင်းခကိုတော့ မပေးနိုင်ဘူးနော်"
မုန့်ကုသည် သူမကို စိုက်ကြည့်နေသည်။ သူမက လက်ပိုက်ပြီး ထိုင်ခုံကို မှီကာ သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ မင်း။ပြောတဲ့အတိုင်း ကိုယ်လုပ်ပါ့မယ်”
မုန့်ကုက အလျှော့ပေးလိုတဲ့ဆန္ဒကို ပြသလိုက်သည်။
“မင်း ခုနက ကိုယ့်ကို ဘာမေးလိုက်တာလဲ?”
“ကျွန်မက ဘယ်လိုနည်းနဲ့ ချစ်စရာကောင်းတာလဲ?”
Translator - JJ