← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

ဒွိဟချစ်သံယောဇဉ်:

Chapter 47- ရိုးသားမှု

သူမ ဘယ်လို ချစ်စရာကောင်းတာလဲ?

ဒီမေးခွန်းကို ဖြေဆိုရန် တကယ် ခက်ခဲလှသည်။

မုန့်ကုသည် စဉ်းစားပြီးရင်း စဉ်းစားပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။

“မင်း တစ်ကိုယ်လုံး ချစ်စရာကောင်းတာ”

သူမ သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူ့အဖြေကို မနှစ်သက်ကြောင်းနှင့် သဘောမတူကြောင်း ပြလိုက်သည်။

ဒါက မရိုးသားလွန်းတယ်!

“ဒေါက်တာမုန့်၊ အရင်တုန်းက ရှင် တခြားသူတွေနဲ့ ချစ်ကြိုက်တုန်းက ဒီလို မေးခွန်းမျိုးတွေကို ဘယ်လို ပြန်ဖြေခဲ့လဲ?”

မုန့်ကုသည် မျက်လုံးများကို မှေးစင်းကာ စဉ်းစားနေသည်။ ချန်းရော့ယွီက ထပ်ပြော၏။

“သူတို့ မမေးခဲ့ဘူးလို့ မပြောလိုက်နဲ့။ ကျွန်မ မယုံဘူး။ ကမ္ဘာပေါ်မှာမှာရှိတဲ့ မိန်းကလေးအားလုံးက အတူတူပဲ”

သူက သူ့နှာခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်သည်။

“နှာပိတ်နေလို့ ခေါင်းကိုက်တယ်”

သူမက သူ့ကို နည်းနည်းလေးတောင် စာနာမှု မပြဘဲ ကြည့်နေလိုက်သည်။

မုန့်ကု မတတ်သာတော့ဘဲ

“အဲ့ဒီတုန်းက ကိုယ်က အရမ်းငယ်သေးတာ”

အဲ့ဒါကြောင့် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောခဲ့တာ ဖြစ်နိုင်တယ်ပေါ့?

ချန်းရော့ယွီသည် သူ့ကို ထပ်ပြီးမျက်စောင်းထိုးလိုက်ကာ သူ့အဖြေကို မနှစ်သက်ပေမယ့်လည်း ထပ်ပြီးတော့ အဖြေကို ပူဆာခြင်း မပြုတော့ပေ။

သူ မပျော်မရွှင် ဖြစ်သွားပြီး ဝန်လေးသည့်လေသံဖြင့် ပြောလိုက်၏။

“ဟေ့၊ ကိုယ်တို့က ဆယ်ကျော်သက်တွေ မဟုတ်တော့ဘူးလေ၊ ဘာလို့ မေးခွန်းနဲ့ အဖြေဂိမ်းကို ဆော့နေရတာလဲ? ဒါက အဓိပ္ပာယ် မရှိဘူး။ ခံစားချက်တွေက ဂဏန်းသင်္ချာ ပုစ္ဆာတွေ မဟုတ်ဘူး၊ ဘယ်လိုလုပ် ဒီလောက် တိကျနေနိုင်မှာလဲ?”

“ဒါပေမဲ့ အခုက တိကျမှုရဲ့ မေးခွန်း မဟုတ်ဘူး၊ ရှင် အဖြေမပေးနိုင်လို့ ဖြစ်နေတာ”

“မင်း အခုလိုမျိုး ကိုယ့်ကို ရန်စနေတဲ့အချိန်မှာ ချစ်စရာကောင်းတယ်"

ရုတ်တရက် သူ့မှာ အဖြေရသွားသည်။

“ဒါပေမယ့် ဒါက ချီးကျူးစကားနဲ့ လုံးဝ မတူဘူး”

သူမ မပျော်မရွှင် ပြောလိုက်သည်။

“ကြည့်လေ၊မင်း ဒေါသထွက်ပြီး ခက်ခက်ခဲခဲ ဖြစ်နေချိန်မှာလည်း ချစ်စရာကောင်းတယ်။ မင်း ပျော်နေတဲ့အချိန်မှာလည်း ချစ်စရာကောင်းတယ်။ မင်း စိတ်ပူနေတဲ့အခါလည်း ချစ်စရာကောင်းတယ်။ မင်း အရက်မူးနေတဲ့အချိန်လည်း ချစ်စရာကောင်းတယ်။ မင်း အရာရာကို အာရုံစိုက်နေတဲ့အချိန် မင်းမျက်နှာပေါ်က အမူအရာကလည်း ချစ်စရာကောင်းတယ်”

သူ့စကားလုံးများသည် ချောမွေ့စွာ ထွက်ပေါ်လာပြီး သူမ နားထောင်နေရင်း သူမရဲ့မျက်နှာနီမြန်းလာသည်။

သူက နောက်ထပ်ဝါကျတစ်ခုကို လျင်မြန်စွာ ထပ်ပြောလိုက်၏။

“မင်း မျက်နှာနီရဲနေတဲ့အချိန်မှာလည်း အရမ်း ချစ်စရာကောင်းတယ်”

သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ရုတ်တရက် သူက တစ်ရှူးဘူးကို အလောတကြီး လှမ်းဆွဲယူလိုက်ပြီး တစ်ရှူးနှစ်ရွက်ကို ဆွဲထုတ်ကာ နှာခေါင်းကို အုပ်ရင်း အားရပါးရ နှာချေလိုက်သည်။

ဒီတစ်ကြိမ်မှာတော့ လှုပ်ရှားမှုနှင့် လေထုအားလုံး ပျောက်ကွယ်သွားသည်။ မုန့်ကုသည် နှာရည်များရှင်းရန် နောက်ထပ် တစ်ရှူးအနည်းငယ် ထပ်ဆွဲထုတ်သည်အထိ စောင့်ဆိုင်းပြီးတဲ့နောက် ချန်းရော့ယွီသည် မျက်နှာနီမြန်းတော့ခြင်း မရှိတော့ပေ။

“ဒေါက်တာမုန့်၊ ကျွန်မသာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဆိုရင် ခုနက အရမ်း စိတ်လှုပ်ရှားသွားမှာ”

တစ်ရှူးဘူးကို ကိုင်ထားပြီး နှာခေါင်းနီနီနှင့် မျက်ရည်များဖြင့် မုန့်ကုသည် အနည်းငယ် သနားစရာ ကောင်းနေပုံရသည်။

သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်၏။ အဲ့ဒီနောက် သူမ လက်ကို ဆန့်ထုတ်ကာ သူ့နဖူးပေါ် ကျနေတဲ့ ဆံပင်တိုများကို တွန်းဖယ်ပေးလိုက်သည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က ချန်းရော့ယွီသာဆိုရင် အခု အရမ်းပျော်ရွှင်နေမှာပဲ၊ ဒါပေမဲ့...”

မုန့်ကုသည် နှုတ်ခမ်းတင်းတင်းစေ့ကာမျက်မှောင်ကြုတ်ထားတာကို မြင်တဲ့အခါ သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒါပေမဲ့ ကျွန်မ သင်ခန်းစာယူခဲ့ပြီးပြီ၊ ရှင်ပြောတာတွေက အဓိပ္ပာယ်ရှိတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ကျွန်မလည်း ရိုးသားတဲ့ အချစ်မျိုးကို လိုချင်တယ်”

မုန့်ကု ပိုပြီးတော့တောင် စိတ်မချမ်းမသာ ဖြစ်သွားသည်။

“ကိုယ် ရိုးသားမှု မရှိဘူးလို့ ဘယ်သူပြောလဲ? ကိုယ် မရိုးသားဘူးဆိုရင် မင်းကို နမ်းခဲ့မှာ မဟုတ်ဘူး"

ဒါကို ရိုးသားမှုလို့ ဘယ်လို သတ်မှတ်နိုင်မှာလဲ?

သူမ နှုတ်ခမ်းမဲ့လိုက်သည်။

“ယောက်ျားတွေက လိင်ကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ အမြဲပြောနေကြတာပဲ။ ယောက်ျားနဲ့ မိန်းမ နမ်းတာက ပေါ့ပေါ့ပါးပါး ကိစ္စလို့ မသတ်မှတ်ဘူးလား?”

သူက မျက်လုံးကျဉ်းကာ သူမကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“ချန်းရော့ယွီ၊မင်းကို အရင်က ယောက်ျား ဘယ်နှစ်ယောက် နမ်းဖူးလဲ?”

“ရှင် ပထမဆုံး မဟုတ်ဘူး”

“ကိုယ်က နောက်ဆုံးဖြစ်ဖို့ တောင်းဆိုတယ်”

“ဘယ်သူက ဂရုစိုက်လို့လဲ...”

သူမသည် မနှစ်မြို့သည့်အမူအရာဖြင့် ဆက်ပြောလိုက်သည်။

“ရှင်လည်း အများကြီး ရှိခဲ့မှာပဲလေ"

“မင်းက နောက်ဆုံး ဖြစ်လိမ့်မယ်”

သူမက မကြားချင်ယောင်ဆောင်လိုက်ပြီး ပြောလိုက်သည်။

“ရှင်က ကျွန်မကို ရှင့်ရဲ့ ရိုးသားမှုကို မြင်စေတဲ့အခါမှ ကျန်တာတွေကို ဆွေးနွေးနိုင်မယ်”

“ကိုယ် အရမ်း ရိုးသားပါတယ်”

သူသည် သူ့ကိုယ်သူ ခုခံရန် ကြိုးစား၏။

“ကိုယ် နမ်းတာ ပေါ့ပေါ့ပါးပါး မဟုတ်ဘူး၊ ကိုယ်က သိက္ခာရှိတဲ့ယောကျာ်းတစ်ယောက်ပါ"

သူ စကားတွေကို ရှုပ်ထွေးအောင် လုပ်နေတာလား? သူမ ရယ်ချင်လာပြီ။ 'မစ္စတာ မက်မွန်ပွင့်တောအုပ်ကို သိက္ခာရှိပြီး စည်းစောင့်တဲ့လူဆိုတဲ့ စကားလုံးနဲ့ ဖော်ပြတာက တကယ်ပဲ ရယ်စရာ ကောင်းတယ်။

“ဟေ့၊ မင်း ကိုယ့်ကို ဘယ်လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ၊ ပြီးတော့ အဲ့ဒီ အမူအရာကရော? ကိုယ် အလေးအနက် ပြောနေတာ”

သူသည် ညည်းညူလိုက်ပြီး တစ်ရှူးဘူးကို ချကာ ရေသန့်ကို နှစ်ငုံ သောက်လိုက်သည်။ လူနာတစ်ယောက် ဖြစ်ရတာ တကယ် မလွယ်ပေ။ သူက ဦးနှောက်ကို သုံးရပြီး စကားများစွာ ပြောရ၏။ လက်ရှိမှာ အဖျားနတ်ဆိုးက သူ့ခန္ဓာကိုယ်မှာ ဖျက်ဆီးနေပြီး သူ့ဦးနှောက် တုံ့ပြန်မှုက လျင်မြန်ခြင်း မရှိတော့ပေ။

“ကိုယ် ဒီစစ်ဆေးမှုကို နောက်နေ့ ရွှေ့ဆိုင်းဖို့ တောင်းဆိုပါတယ်”

သူ ညည်းညူလိုက်သည်။

သူမက သူ့ကို လျစ်လျူရှုပြီး ဆက်မေးလိုက်သည်။

“အဲ့ဒီနေ့က ရှင် ရူးသွပ်ပြီးတဲ့နောက် ဘာလို့ ကျွန်မကို လာမရှာတာလဲ?”

သူက ရှောင်လွှဲ၍ ပြန်ဖြေသည်။

“ကိုယ် ဖျားနေလို့။ မင်းသာ သိရင် ဆူလိမ့်မယ်။ ဒါဆို မင်း ကိုယ့်ကို ဆူဖို့ အခွင့်အရေးရအောင် ဘာလို့ ကိုယ်က မင်းကို ဖုန်းခေါ်သင့်လဲ?”

“ဒါဆို ရှင် အဆူခံသင့်တယ်ဆိုတာ သိတယ်ပေါ့? အခုထိတောင် ကျွန်မ ဆူချင်စိတ် ပေါ်နေတုန်းပဲ”

“ပြီးတော့ ကိုယ်က မင်းကို တွေ့တိုင်းနမ်းမယ်လို့ ပြောထားတာ။ အဲ့လိုပြောပြီးမှ မနမ်းရင် ရှက်စရာ ကောင်းပေမယ့်၊ ကိုယ် နှာပိတ်နေလို့ ကောင်းကောင်း မနမ်းနိုင်တာကလည်း ရှက်စရာပဲလေ။ဒါကြောင့် ကိစ္စကို ရွှေ့ဆိုင်းလိုက်တာက ပိုကောင်းတယ်လို့ ထင်လို့”

နောက်ဆုံးမှာတော့ သူမ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူ့ကို လက်သီးဖြင့် ထိုးလိုက်တော့သည်။

“ကောင်းပြီ၊ ကိုယ် နှာစေးနေလို့ ကောင်းကောင်း မနမ်းနိုင်ပေမယ့် အနမ်းပေါ့ပေါ့လေးကလည်း ကတိတည်တာပဲလို့ သတ်မှတ်လို့ရပါတယ်”

မုန့်ကုသည် သူ့ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်ပြီး သူမနှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။

“ဟေ့!”

သူမ သူ့ကို ထပ်ထိုးလိုက်၏။

“လူယုတ်မာလို မပြုမူနဲ့၊ မဟုတ်ရင် ရှင်နဲ့ စိတ်ဆိုးမယ်”

“မင်း စိတ်ဆိုးနေတဲ့အချိန် အရမ်း ချစ်စရာကောင်းတယ်လေ။ ကိုယ် ခုနကမှ ပြောထားတာ မဟုတ်ဘူးလား?”

သူ ရယ်လိုက်သည်။

သူက တကယ် လူယုတ်မာပဲ!

သူမ သူ့ကို စိုက်ကြည့်လိုက်သည်။ သူက သူ့နှာခေါင်းကို ထပ်ပွတ်ပြီး သက်ပြင်းချလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ... ကိုယ် သိပါတယ်၊ မင်း ကိုယ့်ရဲ့ ရိုးသားမှုကို မြင်ချင်တာ... ကိုယ် သိပါတယ်”

သူမက အားစိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“မှန်တယ်!”

“ဒီနေ့ ကိုယ် မင်းကို ရိုးသားမှု ပြခဲ့တယ်လို့ သတ်မှတ်သင့်တယ်။ မင်း အသက်ကြီးတဲ့လူတွေကိုကြောက်တဲ့phobiaရှိမှန်း ကိုယ် သိတယ်၊ ဒါကြောင့် ဒီညစာစားပွဲကို မင်းကို လိုက်စောင့်ရှောက်ဖို့ အထူးလာခဲ့တာ။ ဒါ ကိုယ် မင်းအပေါ် အာရုံစိုက်တယ်ဆိုတာ မပြဘူးလား?”

“ဒါက အမှန်ပဲလား?”

သူမ သူ့ကို ဖုန်းဆက်တုန်းက မကောင်းတဲ့ ရည်ရွယ်ချက်ရှိခဲ့တာ ပြန်သတိရပြီး သူလည်း မကောင်းတဲ့ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ သူမ မယုံပေ။

“ကိုယ် မင်းအတွက် ဒူးရင်းသီးမုန့်ပါ မှာပေးခဲ့တယ်လေ။ အဲဒါက အနံ့စူးစူး အစားအစာ၊ ကိုယ် ဒါကိုပါ သည်းခံခဲ့တာ၊ ဒါ ကိုယ့်ရဲ့ ကြင်နာမှု မဟုတ်ဘူးလား?”

“မှားတယ်... အဲဒါ ရှင့် ဧည့်ခံကျွေးမွေးမှု မဟုတ်ဘူး”

မုန့်ကုသည် ရေကို နှစ်ငုံ ထပ်သောက်လိုက်ပြီး သူမက တကယ်ပဲ အရမ်းဇီဇာကြောင်တယ်လို့ ရေရွတ်လိုက်တော့သည်။

သူမ သူ့ကို စိုက်ကြည့်လိုက်တော့ သူက ပြုံးပြလာသည်။

“မင်း ဇီဇာကြောင်တဲ့အချိန်မှာလည်း အရမ်း ချစ်စရာကောင်းတယ်။ ကိုယ် ခုနက ပြောလိုက်မိသေးလား?”

သူမက သူ့ကို ဆက်စိုက်ကြည့်နေစ။ ခဏကြာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် “ဖွီး...” ခနဲအသံထုတ်ကာ ရယ်လိုက်သည်။

သူမ ရယ်လိုက်တဲ့အခါ မုန့်ကုလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ရယ်လိုက်တော့၏။

သူမက ပြောလိုက်သည်။

“ဒေါက်တာမုန့်၊ ရှင်က အသက် ၃၀ တောင် ပြည့်နေပြီ။ ဒီလို ကလေးဆန်တဲ့နည်းနဲ့ ချိုသာတဲ့ စကားလုံးတွေကို ပြောနေတာက တကယ်ပဲ ရယ်စရာကောင်းတယ်”

“ဟေ့?”

သူက ရယ်တာ ရပ်သွားသည်။

“ဒေါက်တာ မုန့်၊ ကျွန်မတို့ တကယ်သာ တွဲဖြစ်မယ်ဆိုရင်၊ ကျွန်မတို့ အမြဲတမ်း အတူတူ နေစေချင်တယ်။ အခုမှ မဟုတ်ဘူး၊ နောင် အနာဂတ်မှာလည်း အမြဲတမ်း အတူတူ ရှိနေချင်တယ်။ ကျွန်မက အချစ်အကြောင်း ပြောနိုင်မယ့်၊ ကျွန်မကို လက်ထပ်ပြီး ကျန်တဲ့ဘဝကို အတူတူနေထိုင်သွားနိုင်မယ့် လက်တွဲဖော်တစ်ယောက်ကို ရှာချင်တာ။

နောင်ကျရင် ရှင်က ကျွန်မကို ပျင်းစရာ ကောင်းတယ်လို့ မကြိုက်တာမျိုး ဒါမှမဟုတ် တခြား အကြောင်းအရာတွေကြောင့် မကြိုက်တာမျိုး ကျွန်မရဲ့ ပထမဆုံး ချစ်သူလို မဖြစ်စေချင်ဘူး။ ရှင်ကလည်း ကျွန်မကို ချီယောင်လို ဖြစ်ပြီး နောက်ပိုင်းကျမှ ကျွန်မတို့ကြားမှာ ကွာခြားချက် ရှိတယ်ဆိုတာ တွေ့ရှိပြီး၊ အဲဒါကို ကျော်လွှားလို့ မရနိုင်တော့ဘူး၊ ရှင်နဲ့ ခွဲခွာချင်တယ်လို့ ပြောတာမျိုးကို မလိုချင်ဘူးလို့ ထင်တယ်”

သူသည် အနည်းငယ် နာကျင်နေသည့် သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး သူမစကားကို အလေးအနက် နားထောင်နေသည်။

“ဒေါက်တာမုန့်၊ ကျွန်မတို့ ကလေးတွေ မဟုတ်ကြတော့ဘူး။ နှစ်ယောက်လုံးလည်း အချစ်ရဲ့ကျရှုံးမှုတွေနဲ့ နာကျင်မှုတွေကို ကြုံတွေ့ခဲ့ကြပြီးပြီ။ အဲဒါက အရမ်းပျက်စီးစေလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလောကမှာရှိတဲ့ လူအများစု ကြုံတွေ့ခဲ့ရသလိုမျိုး ပုံမှန်ပဲ... ဒါက ဆုံးရှုံးသွားတဲ့ အချစ်တစ်ခုသာသာပဲ။ ဒါပေမဲ့ ရှင် ပြောတဲ့ ရှင့်ရဲ့ ရိုးသားမှုအကြောင်းကို ကျွန်မ တကယ် စဉ်းစားခဲ့ပါတယ်။

ရှင်ကို လိုက်နေတုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့ဖူးတယ်... ‘ကျွန်မ တကယ်ပဲ ရှင့်ကို သဘောကျနေတာလား? ငါ ဘယ်လောက်အထိ သဘောကျနေတာလဲ? ကျွန်မက ရှင့်ရဲ့ ဘာကို သဘောကျနေတာလဲ?’ ဆိုပြီးပေါ့။ ပြီးတော့ အခြားတစ်ဖက်မှာလည်း ကျွန်မ ကိုယ့်ကိုကိုယ် မေးခဲ့တယ်... ‘ငါတို့ တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် သင့်လျော်ရဲ့လား? ငါတို့ တကယ်ပဲ အတူတူ နေနိုင်ပါ့မလား?’ ဆိုပြီးပေါ့"

“ဒေါက်တာမုန့်၊ ရှင့်အမေက ကျွန်မကို တစ်ခါ ပြောဖူးတယ်။ ရှင်နဲ့ ဘလိုင်းဒိတ်တွေ့ခဲ့တဲ့ မိန်းကလေးကို သူမ သဘောမကျဘူးတဲ့။ ဘာလို့လဲဆိုတော့ ဒီမိန်းကလေးက ဒုက္ခကို ခံနိုင်ရည် ရှိမှာ မဟုတ်လို့တဲ့။ သူ(မ) ပြောတဲ့ ဒုက္ခဆိုတာ စစ်ပွဲမှာ ကြုံတွေ့ရတဲ့ ဒုက္ခမျိုး မဟုတ်ဘူး၊ ပင်ပင်ပန်းပန်းကြီး အလုပ်လုပ်ရတဲ့ ဒုက္ခမျိုး မဟုတ်ဘူး၊ ဆာလောင်တဲ့ ဒုက္ခမျိုး မဟုတ်ဘဲ ဘဝမှာ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းရဲ့ အခက်အခဲတွေပဲ။ ဆရာဝန်ရဲ့ ဇနီးဖြစ်ရတာဟာ အရမ်းခက်ခဲတယ်လို့ သူ(မ) ပြောခဲ့တယ်”

“ဒေါက်တာမုန့်၊ ကျွန်မ အဝေးကြီးကို တွေးတယ်၊ သိပ်အာရုံစိုက်လွန်းတယ်လို့ ရှင် ထင်နိုင်တယ်။ ဒါပေမဲ့ ရှင်က ကျွန်မရဲ့ချစ်သူ ဖြစ်ချင်တယ်လို့ ပြောခဲ့ပြီး ကျွန်မတို့လည်း အချိန်အတော်ကြာ တစ်ယောက်နဲ့တစ်ယောက် သိနေခဲ့ကြပြီ။ တကယ်တော့ ကျွန်မ ရှင်ကို လိုက်ခဲ့ပြီး ရှင်က ကျွန်မကို ငြင်းခဲ့တယ်။ ပြီးတော့ ကျွန်မတို့ စကားတွေ အများကြီး ပြောခဲ့ပြီးပြီ၊ ဒါကြောင့် ဒီစကားကို ရှင့်ကို ပြောပြဖို့ ကျွန်မမှာ အရည်အချင်း ပြည့်မီတယ်လို့ ထင်တယ်။ကျွန်မက ကျန်ရှိတဲ့ ဘဝကို အတူတူ ဖြတ်သန်းနိုင်မယ့် ယောက်ျားတစ်ယောက်ကို ရှာဖို့ ဘလိုင်းဒိတ်တွေ့ခဲ့တာ။ ရှင်ကလည်း လက်ထပ်နိုင်မယ့် အမျိုးသမီးတစ်ယောက်ကို ရှာဖို့ ဘလိုင်းဒိတ်တွေ့ခဲ့တာလေ"

နောက်ဆုံးမှာတော့ မုန့်ကုသည် ဒီကိစ္စနှင့် ပတ်သက်ပြီး တစ်ခုခု ပြောနိုင်သွား၏။

“ကိုယ်က ဘလိုင်းဒိတ်တွေ့ဖို့ အတင်းအကျပ် ခိုင်းခံရတာ၊ မင်းက ဘလိုင်းဒိတ်တွေ့ဖို့ အိမ်ပြန်ဖို့ စိတ်မပါခဲ့ဘူး”

“ကျွန်မက ထန်ကျင်းချိုင်နဲ့ ဘလိုင်းဒိတ်တွေ့ဖို့ အတင်းအကျပ် ခိုင်းခံရတာ မဟုတ်ဘူး။ ကျွန်မ ဆန္ဒအလျောက်ပဲ"

“အဲဒါက အဓိကအချက် မဟုတ်ဘူး။ အဓိက အချက်က ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားကြတာ။ ကိုယ် မင်းကို သဘောကျတယ်၊ မင်းလည်း ကိုယ့်ကို သဘောကျတယ်။ အဲ့ဒီ ဘလိုင်းဒိတ်တွေ့တဲ့သူတွေက မဆိုင်တဲ့လူတွေချည်းပဲ”

“ရှင် ခုနက ပြောလိုက်တာက အဓိကအချက် မဟုတ်ဘူး။ အဓိကအချက်ကို ရှင် ကိုယ်တိုင် ပြောခဲ့ပြီးပြီ။ အဲဒါက... ဒီအသက်အရွယ်မှာ အချစ်ဂိမ်းတွေ မကစားသင့်တော့ဘူးဆိုတာပဲ။ ဒါဆို အခု ရှင်က ကျွန်မကို သဘောကျတယ်လို့ ပြောတယ်၊ ဘယ်လောက်အထိ သဘောကျတာလဲ? ကျွန်မကို လက်ထပ်ဖို့ ပန်းတိုင်ရောက်တဲ့အထိ သဘောကျနိုင်ပါ့မလား? နောက်နှစ်တွေအများကြီးကြာတဲ့အခါမှာတောင် ကျွန်မကို ချစ်စရာကောင်းနေတုန်းပဲလို့ ခံစားပြီး သဘောကျနိုင်ပါ့မလား? ကျွန်မအတွက် ဆင်းရဲဒုက္ခတွေနဲ့ အခက်အခဲတွေကို အားလုံး ရင်ဆိုင်ကျော်ဖြတ်ရတာက တန်ဖိုးရှိတယ်လို့ ခံစားရအောင် သဘောကျနိုင်ပါ့မလား?”

သူက အချိန်အတော်ကြာ စကားမပြောဘဲနေပြီး သူမကို ကြည့်ကာ အတော်ကြာအောင် စူးစမ်းနေခဲ့သည်။

အဲ့ဒီနောက် သူ ပြုံးလိုက်၏။

“ချန်းရော့ယွီ၊မင်း အဆုံးမရှိ စကားပြောနေတဲ့အချိန်နဲ့ အလေးအနက် ရှိနေတဲ့အချိန်တွေမှာ အရမ်း ချစ်စရာကောင်းတယ်ဆိုတာ ကိုယ် ပြောဖူးလား?”

သူမသည် သူ့ကို မျက်စောင်းမထိုးဘဲ မနေနိုင်တော့ပေ။

“ရှင် ရှက်စရာကောင်းအောင် ပြုမူတဲ့အချိန်မှာ တကယ်ပဲ မုန်းဖို့ကောင်းတယ်ဆိုတာ ကျွန်မ ရှင်ကို ပြောဖူးလား?”

သူ သက်ပြင်းချလိုက်ပြီး သူ့နှာခေါင်းကို ထပ်မံ ပွတ်သပ်လိုက်သည်။

“ချန်းရော့ယွီ၊ မင်း စကားပြောကောင်းတဲ့သူ ဖြစ်လာတာ ဘယ်တုန်းကလဲ?”

“ကျွန်မ မသိဘူး။ ကားထဲ ရောက်တုန်းက ဒီအကြောင်းတွေကို ရှင့်ကို ဘယ်လို ပြောပြရမလဲဆိုတာကို ခက်ခက်ခဲခဲ စဉ်းစားနေခဲ့တာ၊ ဒါပေမဲ့ ဘာမှ စဉ်းစားလို့ မရခဲ့ဘူး၊ ဘယ်လို စပြောရမယ်ဆိုတာလည်း မသိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မ စိတ်ထဲမှာ သိမ်းထားခဲ့တဲ့ စကားတွေ အများကြီးကို ပြောလိုက်နိုင်ခဲ့တယ်လို့ ထင်တယ်။ စိတ်ထဲမှာ သိမ်းထားပေမဲ့ စဉ်းစားလို့ မရတဲ့ အရာတွေ အများကြီးပါ ပါဝင်နေတယ်"

သူမသည် သူ့မျက်လုံးများကို အလေးအနက် ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် သူမရဲ့ပုံရိပ်ကို ပြန်လည် မြင်တွေ့လိုက်ရသည်။

“ကျွန်မ ထင်တယ်၊ ဖြစ်နိုင်တာက ကျွန်မ အရမ်း ပျော်နေလို့ ဖြစ်မယ်၊ ဒါပေမဲ့ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်မှုကိုပါ ခံစားနေရတယ်”

All Chapters