အခန်း ၄၈
Vol. 5 Ch. 48
ဒွိဟချစ်သံယောဇဉ်:
Chapter 48- ကောင်လေးနဲ့ကောင်မလေး
ချန်းရော့ယွီသည် ဒီစကားပြောဆိုမှုက သူမရဲ့ဘဝမှာ အထက်မြက်ဆုံး ဖော်ပြချက် ဖြစ်တယ်လို့ ခံစားလိုက်ရသည်။
သူမရဲ့မျှော်မှန်းချက်များကို လုံးဝ ကျော်လွန်သွားခဲ့ပြီး ရှုပ်ထွေးနေသည့်ဦးနှောက်ဖြင့်ပင် မုန့်ကု၏ မျက်လုံးများကို ကြည့်လိုက်တဲ့အခါ ရုတ်တရက် ရှင်းရှင်းလင်းလင်းအတွေးများ ဖြစ်ပေါ်လာသည်။
“ချန်းရော့ယွီ၊ အခု ကိုယ်တို့ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေတာလဲ?”
မုန့်ကုက နောက်ထပ် ပြဿနာတစ်ခုကို ဆွဲတင်လာသည်။
ဘယ်လို ဆက်ဆံရေးလဲ? ဟုတ်တာပေါ့၊ သူမလည်း မရှင်းဘူး။ သူတို့ကြားက ဒီလို မရှင်းလင်းတဲ့ ဆက်ဆံရေးကို ဘယ်လို ဖော်ပြရမလဲ?
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမက သင့်တော်တဲ့အဖြေကို မစဉ်းစားနိုင်သေးဘဲ ရှက်ရွံ့ခြင်းမရှိဘဲ ပြဿနာကို မုန့်ကုဆီ ပြန်ပစ်ချလိုက်သည်။
“ရှင် ဘာပြောမလဲ?”
မုန့်ကုသည် မဆိုင်းမတွဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကောင်လေးနဲ့ကောင်မလေး"
“မှားတယ်!”
“ဒါဆို ကိုယ့်ကို ဘာလို့ မေးသေးလဲ?”
သူက နှုတ်ခမ်းမဲ့လိုက်ပြီး အရမ်းမကျေနပ်သည့်ပုံ ပေါ်နေသည်။
သူမ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်။ ဒီနေ့ ကျွန်မတို့ ဘလိုင်းဒိတ်တွေ့ခဲ့တယ်လို့ ဟန်ဆောင်ရအောင်။ ဘလိုင်းဒိတ်တွေ့ပြီးတဲ့နောက် ပုံမှန် လုပ်သင့်တာတွေကို လုပ်ကြမယ်၊ ပြီးတော့ အဲ့ဒီကနေ စရအောင်။ ဒါက အောင်မြင်ခဲ့ရင် ကျွန်မတို့ တွဲကြမယ်။ ဒါ မအောင်မြင်ဘူးဆိုရင်တော့ ဒီဘလိုင်းဒိတ်က ကျရှုံးတယ်လို့ သတ်မှတ်လိုက်မယ်။ ရှင် ဘယ်လို သဘောရလဲ?”
“ကိုယ်က ကိုယ်သိတဲ့ လူတွေနဲ့ ဘလိုင်းဒိတ်မတွေ့ဘူး"
မုန့်ကုသည် သူ့အမူအရာကို စူးစမ်းနေတဲ့ သူမရဲ့စိုက်ကြည့်မှုကို မြင်တဲ့အခါ သူ့စကားကို ပြောင်းလဲလိုက်သည်။
“ကောင်းပြီ... ဘလိုင်းဒိတ်တွေ့ပြီးတဲ့နောက် ဘာလုပ်သင့်သလဲ? ချိန်းတွေ့ကြရမယ်၊ ညစာစားကြရမယ်၊ ရုပ်ရှင်ကြည့်ကြရမယ်၊ လက်တွဲကြရမယ်၊ နမ်းကြရမယ်၊ ပြီးရင် အိပ်ယာဝင်ကြရမယ်၊ ပြီးတော့ လက်ထပ်ကြရမယ်”
“အဆင့်တွေက ဘယ်လိုလုပ် ဒီလောက် မြန်သွားရတာလဲ? ပြီးတော့ နောက်ဆုံးနှစ်ခုအတွက် ရှင့်ရဲ့ အမြင်ကလည်း မှားနေတယ်။ အဲဒါတွေက အစီအစဉ်တကျ မဟုတ်ဘူး”
“အဲဒါတွေက အတူတူနီးပါးပဲ၊ နှစ်ခုစလုံးကို အတူတူ လုပ်လို့ရတယ်။ ပြီးတော့ ကိုယ်တို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး နောက်ဆုံးနှစ်ခုကလွဲလို့ ကျန်တာအားလုံးကို အခြေခံအားဖြင့် လုပ်ပြီးသားပဲလေ"
သူမသည် သူ့ရဲတင်းမှုကို လျစ်လျူရှုပြီး မေးလိုက်သည်။
“ဒေါက်တာမုန့် ဘလိုင်းဒိတ်တွေ့ပြီးတဲ့နောက် ရှင် ပုံမှန် ဘာလုပ်လေ့ရှိလဲ?”
“မျက်နှာပေးစရာ မလိုတဲ့သူတွေအတွက်တော့ တခြားတစ်ယောက် ရှာဖို့ ပြောလိုက်တယ်။ မျက်နှာပေးရမယ့်သူတွေအတွက်တော့ အားတဲ့အခါ ဆက်သွယ်မယ်လို့ ပြောတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ် ဘယ်တော့မှ အားတဲ့အချိန် မရှိတော့ဘူး”
“ဒါဆို ရှင့်မိသားစုက ရှင့်ရဲ့ ဆက်ဆံရေး ဘယ်လိုလဲဆိုတာကို မမေးဘူးလား?”
တကယ်တော့ သူမက မိသားစုဒီကိစ္စကြောင့် အမြဲ စိတ်ညစ်နေရတာဖြစ်သည်။
“ကောင်းပြီ၊ ကိုယ့်မိသားစုကတော့ တော်တော်လေး သိမ်မွေ့ပါတယ်”
“ရှင်နဲ့ နှိုင်းယှဉ်ရင်လား?”
“ချန်းရော့ယွီ၊ ဒါက ကိုယ်တို့ရဲ့ လက်ရှိ အခြေအနေနဲ့ ဘာဆိုင်လို့လဲ? မင်း ကိုယ့်ကို ထပ်ပြီး ရန်စနေတာလား?”
သူမက တီးတိုးရေရွတ်လိုက်ပြီး သူ့စကားများက တကယ်ပဲ မသိမ်မွေ့ကြောင်း၊ ဒါကြောင့် သူ့ ပတ်ဝန်းကျင်ရှိလူတိုင်းက ပိုယဉ်ကျေးပြီး သိုသိပ်နေဟန်ပေါ်ကြောင်း ပြောလိုက်သည်။
မုန့်ကုသည် ခေါင်းကိုက်နေသည့်ပုံစံဖြင့် သူ့နဖူးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“မင်း ဘာတွေ တွေးနေလဲဆိုတာ ကိုယ် တကယ် မသိတော့ဘူး။ ချန်းရော့ယွီ၊ ဒီနေ့ ကိုယ့်ရဲ့ တုံ့ပြန်မှုက နှေးနေတယ်၊ ကိုယ့်ရဲ့ စိတ်ကလည်း မလည်ဘူး။ မင်း ဒီအခွင့်အရေးကိုယူပြီး ကိုယ့်ကို အထင်အမြင်သေးတာမျိုး မလုပ်ပါနဲ့”
“ကျွန်မက သိချင်ရုံသက်သက်ပါ၊ ကျွန်မတို့ မိသားစုနှစ်ခုရဲ့ ခြားနားချက်တွေကို နှိုင်းယှဉ်ချင်တာလေ"
"ခြားနားချက်ဆိုတာ ရှိလို့လား" သူက ပြောလိုက်သည်။
“ဘလိုင်းဒိတ်တွေ့တယ်ဆိုတာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ထိုင်နေကြပြီးဝောာ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အရည်အသွေးနဲ့ အတွေးတွေကို တွက်ချက်နေကြတာပဲ။ အခု ကိုယ်တို့ နှစ်ယောက်လိုပေါ့၊ ကိုယ် မင်းကို ဘယ်လောက် သဘောကျလဲ၊ ကိုယ်က မင်းအပေါ် ရိုးသားရဲ့လား၊ ကိုယ်တို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်ကြာကြာခံမလဲဆိုတာကို ရေတွက်နေကြတာပဲ။ ကိုယ့်ကို သေလောက်အောင် ချစ်နေတာထင်ရှားတဲ့ မင်းက ဒီကိစ္စနဲ့ ကိုယ်တို့ကြားက ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းဖို့ ငြင်းဆန်နေတာကို ကိုယ် စိုးရိမ်တယ်”
မုန့်ကုသည် သူမကို ကိုက်စားချင်သလိုမျိုး အမူအရာဖြင့် စိုက်ကြည့်နေသည်။ ချန်းရော့ယွီသည် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။
သူမရဲ့အတွေးများက ဘာမှ မှားယွင်းခြင်း မရှိပေ။ လောကမှာရှိတဲ့ အမျိုးသမီးအားလုံးလည်း ဒီလိုပဲ တွေးကြတာပဲ။ သူ သူမကို ချစ်လား? သူ သူမကို ဘယ်လောက်အထိ ချစ်လဲ? သူ သူမကို ဘယ်လောက်ကြာကြာ ချစ်နေမှာလဲ? ဟုတ်ပါတယ်၊ ဒီမေးခွန်းတွေ အားလုံးက အရမ်း အရေးကြီးတယ်။ ဒါပေမဲ့ သူပြောတဲ့ ‘ဖြေရှင်း’ တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ချန်းရော့ယွီ တွေးလိုက်သည်။
“ကိုယ် ခုနက ပြောခဲ့တဲ့ နောက်ဆုံး ကိစ္စနှစ်ခုလိုပဲ”
မုန့်ကုက ဘာရှက်ရွံ့မှုမှ မရှိဘဲ ပြောလိုက်သည်။
အိပ်ယာဝင်ပြီးမှ လက်ထပ်မယ်? ယောက်ျားတွေမှာ တကယ်ပဲ ရဲရင့်တဲ့လူယုတ်မာစိတ် ရှိတယ်။ ဒါပေမဲ့ သူက 'လက်ထပ်ခြင်း' ကို ဖော်ပြခဲ့တာကြောင့် သူမက သူ လူယုတ်မာ အစစ် မဟုတ်ဘူးလို့ အနည်းဆုံးတော့ ယူဆနိုင်သည်။
“ဒေါက်တာမုန့်၊ ရှင် ဒီလိုပြောတဲ့ ပုံစံက မရိုးသားဘူးဆိုတာကို ပြနေတယ်”
သူက ပါးစပ်ရိုင်းတယ်၊ မျက်နှာပြောင်တိုက်တယ်၊ အမြစ်တွယ်နေတဲ့ အကျင့်တွေ ရှိတယ်ဆိုတာ သူမ သိနေတယ်။ ဒါကြောင့် ဒီစကားကို သူ့ကို အပြစ်တင်သည့်အနေဖြင့် ပြောခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ သူမက သူ့ရဲ့သဘောထားကို ပြင်ဆင်ပေးချင်စိတ်သာ ပေါ်နေခြင်းဖြစ်သည်။
“ဒါဆို သူ့အမေကို ခေါ်လာပြီး မင်းကို အိမ်သာထဲမှာ ပုန်းပြီး အကူအညီ တောင်းခိုင်းတဲ့ ထန်ကျင်းချိုင်က ရိုးသားတယ်လို့ မင်း ထင်တာလား? ဒါဆို ကိုယ်လည်း မနက်ဖြန် ကိုယ့်အမေကို ခေါ်လာမယ်၊ မင်းက နေရာနဲ့ အချိန်ကို ပြောလိုက်”
ချန်းရော့ယွီ ထိတ်လန့်သွားပြီး ကြောက်လန့်တကြား ခုန်လိုက်မိသည်။ သူ သူ့အမေကိုပါ... ဒီလို အစွမ်းထက်တဲ့ လက်နက်ကိုပါ... ခေါ်လာဖို့ လိုအပ်လို့လား? သူမ အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“မနက်ဖြန် ကျွန်မ အလုပ်သွားရမယ်”
“ဒါဆို မနက်ဖြန် ညနေ အလုပ်ဆင်းပြီးတော့”
“အလုပ်ဆင်းပြီးရင် ကျွန်မ အရမ်း ပင်ပန်းနေပြီ၊ အိမ်ပြန်ပြီး နားချင်တယ်”
“ဒါဆို သဘက်ခါကျတော့။ စနေနေ့ဆိုတော့ ပိတ်ရက်မှာ အလုပ်သွားဖို့ မလိုဘူး”
“ဒါပေမဲ့ ကျွန်မမှာ ချိန်းထားတာ ရှိတယ်”
သူမ ချွေးအေးတွေ သုတ်ရလုနီးပါး ဖြစ်သွားသည်။ ချိန်းဆိုမှုကို သင့်တော်တဲ့ အချိန်မှာ ပြုလုပ်ထားခဲ့ခြင်းပင်။
မုန့်ကု မျက်လုံးကျဉ်းလိုက်သည်။ အရမ်းကောင်းတယ်... သူတို့က အဓိပ္ပာယ်မဲ့တဲ့စကားတွေအများကြီးကို အချိန်အတော်ကြာ ပြောနေခဲ့ပြီးမှ နောက်ဆုံးတော့ တခြားခေါင်းစဉ်ကို စတင် ပြောနိုင်တော့မယ်။
“ဘယ်သူနဲ့လဲ?”
“ကျိုးကျယ်နဲ့"
ဒါက တကယ့်ကို အရေးကြီးတဲ့ အချက်ပဲ!
မုန့်ကုက ချက်ချင်း ပြောလိုက်သည်။
“ကိုယ်လည်း လိုက်ချင်တယ်”
“မရဘူး။ ကျွန်မတို့ သူငယ်ချင်းတွေ ညစာထွက်စားကြမှာ။ ရှင်ကို ခေါ်သွားရင် ယဉ်ကျေးမှု မရှိရာ ရောက်လိမ့်မယ်”
“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ညစာထွက်စားတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”
“ဘယ်သူက ပြောလဲ? ကျွန်မ ရှင်နဲ့လည်း ညစာစားခဲ့တာပဲ”
“အဲ့ဒါကြောင့် အခုလို အခြေအနေ ဖြစ်လာတာပေါ့”
မုန့်ကု ပြောလိုက်ရာ ချန်းရော့ယွီ၏ မထီမဲ့မြင် အကြည့်ကို ခံလိုက်ရသည်။ သူက ဆက်ပြော၏။
“ကိုယ်တို့ရဲ့ ဘလိုင်းဒိတ်တွေ့တာ ပြီးသွားပြီဆိုတော့ မင်း တခြားယောက်ျားတစ်ယောက်နဲ့ ဘလိုင်းဒိတ်တွေ့ဖို့ မသွားသင့်ဘူး။ ဒါက ယဉ်ကျေးမှု မရှိဘူး”
“ရှင် မှန်တယ်။ ကျွန်မက ကျိုးကျယ်နဲ့ အရင် ဘလိုင်းဒိတ်တွေ့ခဲ့ပြီးပြီဆိုတော့ ရှင်နဲ့ ဘလိုင်းဒိတ်တွေ့ဖို့ မသင့်တော့ဘူး”
တနည်းအားဖြင့် ဒေါက်တာ မုန့်ကု.. မစ္စတာ တိုင်ရန်နိုဆောရပ်စ်ကြီး၊ ရှင်က တခြားသူတွေရဲ့ နောက်မှာပဲ တန်းစီနေရတုန်းပဲ!!
“ထန်ကျင်းချိုင်၊ ကျိုးကျယ်၊ ပြီးမှ ရှင်၊ ဒေါက်တာ မုန့်"
မုန့်ကု ကြောင်သွားသည်။ သူက သူ့နှာခေါင်းကို စတင်ပွတ်ပြီး နဖူးကိုပါ ပွတ်လိုက်သည်။
“ချန်းရော့ယွီ၊ မင်းနဲ့ တိုက်ခိုက်ဖို့ တခြားရက်ကို တောင်းဆိုပါတယ်။ ကိုယ် ဖျားနေတုန်း မင်း ကိုယ့်ကို အနိုင်ကျင့်လို့ မရဘူး”
သူမ သဘောတူလိုက်တယ်။ သူမလည်း ဒီကိစ္စကို တခြားနေ့မှ တိုက်ခိုက်သင့်တယ်လို့ ခံစားရတယ်။ ဒီနေ့အတွက် သူမ လုံလုံလောက်လောက် ပြောခဲ့ပြီဖြစ်ပြီး ဖော်ပြခဲ့ပြီးပြီ။အခြေအနေကောင်းတုန်းမှာ နုတ်ထွက်လိုက်တာ ပိုကောင်းတယ်။ ဆက်ပြောနေရင် သူမ အရမ်း ပျော်ရွှင်နေလိမ့်မယ်။ သူမ ပျော်ရွှင်လွန်းနေရင် အရူးလုပ်မိမှာကို ကြောက်တယ်။
သူမသည် မုန့်ကုနှင့် ဂိမ်းကစားနေခြင်း မဟုတ်ပေ။ သူမစိတ်ထဲတွင် ဒါက သူတို့နှစ်ယောက်ကြားက အလေးအနက်ထားရမယ့် ကိစ္စဖြစ်ပြီး သူမ အလေးအနက်ထားရမည်။
ထိုတစ်ညလုံး ဘာမှမဖြစ်ခဲ့ဘဲ သူမ ကောင်းကောင်း အိပ်ပျော်ခဲ့၏။
နောက်တစ်နေ့ နေ့လယ်မှာတော့ သူမ မုန့်ကုဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်။
“ချန်းရော့ယွီ၊ ကိုယ်ရဲ့ ရိုးသားမှုနဲ့ မင်းရဲ့နှစ်သက်မှုကို လိုချင်တဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်စေဖို့အတွက်၊ ကိုယ် သိပ်မကြိုက်ပေမယ့် မင်း အရမ်းကြိုက်တဲ့ အရာတစ်ခုကို အထူးဝယ်ထားပြီး လက်ဆောင်ပေးလိုက်တယ်”
ပထမဆုံး သူမ တွေးမိတာက ဒူးရင်းသီး သကြားလုံး ဒါမှမဟုတ် ဒူးရင်းသီးမုန့်တွေပဲ။ သူမစိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာသည်။ ဖဲကြိုးတွေနဲ့စည်းထားတဲ့ ထုပ်ပိုးမှုလှလှလေး. ....အိုက်ယား... ဒါက နည်းနည်းလေး ရင်ခုန်စရာ ဖြစ်နေတယ်။
သူမ အနည်းငယ် ချိုမြိန်သွားသည်ဟု ခံစားရပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဘာလဲဟင်?”
“တကယ်တော့ ကိုယ် ဒီနေ့ မင်းကို ပေးချင်တာ၊ ဒါပေမဲ့ မင်းက ဒီနေ့ ကိုယ့်ကို တွေ့ဖို့ မအားဘူးလို့ ပြောခဲ့တာဆိုတော့ အဲ့ဒါကြောင့် မင်းဆီ လာပို့ပေးမှာ မဟုတ်ဘူး"
ဘာ?! သူမ ခဏလောက် ကြောင်သွားပြီး သူ သူမကို လက်စားချေနေကြောင်း သဘောပေါက်လိုက်သည်။
“မနက်ဖြန်ရော ချိန်းထားတာတွေ ရှိသေးလား? အိုက်ယား၊ ဒါဆိုရင် မင်း နောက်တစ်ခါ ထပ်ပြီး အားမှာ မဟုတ်ဘူးပေါ့။ ကိုယ် ထပ်ပို့ပေးလို့ မရနိုင်တော့တာ ဝမ်းနည်းစရာပဲ”
သူ့ရဲ့နှာပိတ်သံက ပိုကောင်းလာပုံရပေမယ့် သူ့ရဲ့ဟန်ဆောင်ထားတဲ့ လေသံကတော့ အရမ်းထင်ရှားနေသည်။
သူမ အသက်ရှူကြပ်သွားသလို ခံစားရပြီး စကားမပြောနိုင်ဖြစ်သွားသည်။ ဒီလို စိတ်သဘောထားသေးနုပ်တဲ့ယောက်ျားက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ!
“မနက်ဖြန် မင်း ချိန်းထားတာ မရှိဘူးဆိုရင် ကိုယ် လာပို့ပေးမယ်။ မင်း ဘယ်လို သဘောရလဲ?”
“စဉ်းစားစရာ ဘာမှ မရှိဘူး။ ကျွန်မ ချိန်းထားပြီးသား၊ ကျွန်မ စကားကို ဖျက်လို့မရဘူး”
သူမက သမာဓိရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ။
“ကောင်းပြီလေ”
မစ္စတာ တိုင်ရန်နိုဆောရပ်စ်က 'ငါ ဂရုမစိုက်ဘူး' ဆိုပြီး ပြောနေသလိုမျိုး လေသံဖြင့် ပြောလိုက်သည်။
“ကိုယ် ဝယ်ထားတဲ့ပစ္စည်းက ကြာကြာထားလို့မရဘူး၊ ပျက်စီးသွားလိမ့်မယ်။ မင်း ဘာလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်ရလိမ့်မယ်နော်။ ကိုယ်ကတော့ မင်း အရင် စဆက်သွယ်လာဖို့ စောင့်နေမယ်၊ အဲ့ဒီအခါမှပဲ မင်းနဲ့ တွေ့တော့မယ်"
သူက သူမကို အရင် စပြီးဆက်သွယ်စေချင်တာလား? ချန်းရော့ယွီ သူ့ကို တစ်ကိုက်အကြီးကြီးကိုက်ချင်စိတ် ပေါက်သွားတယ်။... ဒီ သေသင့်တဲ့လူက မာနနဲ့မောက်မာမှု အပြည့်ပဲ!
ဒါပေမဲ့လည်း သူ ဝယ်ထားတဲ့ ပစ္စည်းက ကြာကြာ ထားလို့မရဘူးဆိုတော့ ဒူးရင်းသီး သကြားလုံးတော့ မဖြစ်နိုင်ဘူး။ ဒူးရင်းသီး မုန့်များ ဖြစ်နေမလား? ဒါမှမဟုတ် ဒူးရင်းသီးပဲ ဖြစ်နေမလား? ချန်းရော့ယွီ တံတွေးပင် ကျလုနီးပါး ဖြစ်သွားသည်။ သူမ ဒူးရင်းသီး စားရတာ ကြိုက်ပေမယ့် အဲ့ဒီသစ်သီးက စျေးကြီးပြီး သူမက ပိုက်ဆံအများကြီး သုံးစွဲဖို့ ဝန်လေးနေတာဖြစ်သည်။
“ကိုယ် မင်းရဲ့ဖုန်းကို စောင့်နေမယ်”
မုန့်ကုသည် အေးစက်စက် ပြောလိုက်ပြီး ဖုန်းချသွား၏။
သူမ ဒေါသထွက်လွန်းလို့ သူမရဲ့ ဖုန်းမျက်နှာပြင်ပေါ်ရှိ မစ္စတာ မက်မွန်ပန်းတောအုပ်ရဲ့ခေါင်းကို ထိုးလိုက်သည်။ ဘာလဲ? သူက ဒီလိုမျိုး သူမရဲ့ စားချင်စိတ်ကို ဘယ်လိုများ နှိုးဆွနိုင်ရတာလဲ? စိတ်အနှောင့်အယှက် ဖြစ်စရာ၊ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ! သူမက အဲ့ဒီချိန်းဆိုမှုကို သေချာပေါက် သွားမှာ! သူ့ကို ဖုန်းခေါ်မှာ မဟုတ်ဘူး!
ဒါပေမဲ့ ချန်းရော့ယွီသည် ကိစ္စများ ပြောင်းလဲသွားပြီး မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာမည်ကို မထင်ခဲ့ပေ။
ပထမဆုံးအနေဖြင့် နေ့လယ်စာ စားချိန်နီးလာတဲ့အခါ သူမ ကျိုးကျယ်ဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး သူငယ်ချင်းတစ်ယောက် ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်ထားရကြောင်း သူက ပြောပြလာသည်။ သူက သွားပြီး မေးမြန်းရမည်ဖြစ်တာကြောင့် သူမနဲ့အတူ နေ့လယ်စာ စားနိုင်တော့မှာ မဟုတ်ကြောင်း ပြောလာခဲ့၏။
ချန်းရော့ယွီ ချက်ချင်းပင် ဒူးရင်းသီးကို သတိရသွားသော်လည်း အဲ့ဒီအတွေးကို နောက်သို့ တွန်းပို့လိုက်သည်။ သူမက ကျိုးကျယ်ကို ချိန်းထားတာဖျက်လိုက်တာအတွက် စိတ်မကောင်း မဖြစ်ရန် နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ ကျိုးကျယ်က နောက်မှ နောက်ထပ် ချိန်းဆိုမှု ပြုလုပ်ဦးမည်ဟု ပြန်ပြောပြီး ဖုန်းချသွားသည်။
ချန်းရော့ယွီသည် ဆိုဖာပေါ်တွင် ထိုင်ပြီး ခဏလောက် ငေးမောနေသည်။ မုန့်ကုက သူမကို ဒူးရင်းသီး ဝယ်ပေးထားတာ ဟုတ်မဟုတ်ကို သူမ တကယ် သိချင်နေ၏။ ဒါပေမဲ့ သူ့ကို သွားရှာရင် သူမ မျက်နှာပျက်မယ်လို့လည်း ခံစားရတယ်။
နောက်ဆုံးမှာတော့ သူမက အမျိုးသမီးများဟာ ခိုင်မာတဲ့စိတ်ဓာတ် ရှိရမယ်လို့ ဆုံးဖြတ်လိုက်သည်။ ဒီနေ့ သူမ သူ့ကို မရှာရဘူး၊ သူ့ကို မာနတွေ မတက်စေရဘူး။ သူမ တစ်ပွဲနိုင်ဖို့ မလွယ်ကူခဲ့ပေ၊ ဒါကြောင့် သူမရဲ့အနေအထားကို ထိန်းထားရမယ်။
သူမသည် အိမ်ပတ်ပတ်လည်တွင် တစ်ပတ်ပတ် လျှောက်လိုက်သော်လည်း ရှင်းစရာ ဘာမှ မရှိပေ။ လျန်စီးစီးက မြို့ပြင်ကို ခရီးထွက်ကြောင်း မှတ်စု ချန်ထား၏။ ချန်းရော့ယွီသည် အိမ်မှာ တစ်ယောက်တည်းရှိနေကာ အနည်းငယ် ပျင်းရိနေသည်။ သူမက အချိန်ကုန်စေရန်အတွက် ဈေးသွားပြီး ဟင်းသီးဟင်းရွက်အချို့ ဝယ်ကာ ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီလိုနည်းလမ်းဖြင့် သူ့ကို တွေးတာ နည်းသွားစေရန် ဖြစ်သည်။ စားစရာတစ်ခုခု ရှိတဲ့အခါ ဒူးရင်းသီးကိုလည်း တွေးတာ နည်းသွားလိမ့်မယ်။
သူမက ကြက်ခြေထောက် ဝယ်ချင်သလို၊ ဝက်သုံးထပ်သားကိုလည်း ဝယ်ချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒီပစ္စည်းများ မဝယ်ဖြစ်အောင် ထိန်းချုပ်လိုက်သည်။ သူမ စားချင်တဲ့ ဟင်းသီးဟင်းရွက်များကို ဝယ်ယူတဲ့အချိန် ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဒေါ်ကြီးကလည်း ကြက်သွန်မြိတ် အချို့ကို ပေးလိုက်သည်။ ကြက်သွန်မြိတ်ကို မြင်တဲ့အခါ သူမ မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို သတိရသွားသည်။
သူမသည် ဟင်းသီးဟင်းရွက်များကို အိမ်သယ်လာပြီး ချက်ပြုတ်နေတဲ့အချိန် စိတ်ငြိမ်ရန် သတိပေးလိုက်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် စိတ်အေးအေးထားရန်၊ စိတ်အလိုမလိုက်ရန်၊ အရာရာကို သဘာဝအတိုင်း ယူရန်နှင့် ရှင်းရှင်းလင်းလင်း စဉ်းစားရန် ပြောလိုက်သည်။ မုန့်ကုက သူမရဲ့ကောင်လေးဖြစ်လာမယ်ဆိုရင် သူမက အချစ်ကို အလေးအနက်ထားရမယ်... အဲဒီ အချစ်က သူတို့ လက်ထပ်ပြီး အတူတူ နေထိုင်သွားနိုင်မယ့် အချစ်မျိုး ဖြစ်ရမယ်။ လက်တွဲပြီး အိုမင်းသွားတဲ့အချိန်အထိ အတူတူ နေထိုင်နိုင်မယ့် အချစ်မျိုး ဖြစ်ရမယ်။
ဒါကြောင့် အခု သူမ စိတ်ရှုပ်ထွေးလို့ မရပေ။ သူမ သတိရှိရှိနှင့် အရာရာကို ထည့်သွင်းစဉ်းစားနိုင်ဖို့ မျှော်လင့်သည်။ သူမ စာရင်းတစ်ခု ပြုလုပ်ပြီး သူတို့ကြားမှာ ဖြစ်လာနိုင်တဲ့ ပြဿနာအားလုံးကို ချရေးသင့်သလား၊ ပြီးမှ တစ်ခုချင်းစီ ဖြေရှင်းပြီး ဆုံးဖြတ်ချက် ချသင့်သလားဟုပင် သူမ တွေးနေမိသည်။
သူမက ထမင်းစားပြီး ပန်းကန်များ ဆေးကြောပြီးတဲ့နောက် ဆိုဖာပေါ်တွင် ထိုင်ကာ အတွေးများထဲ နစ်မြုပ်နေချိန်အထိ စာရင်း ပြုလုပ်သင့်မသင့်ကို သူမ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။ သူမက ဒီအရာအားလုံးကို ခေါင်းထဲမှာ စဉ်းစားနေတာကြောင့် ဖြေရှင်းရန် လိုအပ်သည့် ဘယ်အရာကိုမှ မစဉ်းစားနိုင်ခဲ့ပေ။ သူမရဲ့ဦးနှောက်ထဲမှာ သူ့ရဲ့ ချောမောတဲ့အပြုံးများ၊ သူ့ရဲ့စိတ်တိုစရာကောင်းတဲ့ပြောဆိုပုံ၊ သူ့ရဲ့အဖြူရောင် ကုတ်အင်္ကျီကြီးနှင့် ပုံပန်းသဏ္ဌာန်၊ ဆေးမှတ်တမ်းတွေ အလေးအနက် ရေးနေတဲ့အချိန် ငုံ့ထားတဲ့ ခေါင်း၊ သူ့ရဲ့ ကြွားဝါပေမယ့်လည်း ဆိုးရွားတဲ့ လက်ရေးများဖြင့် ပြည့်နှက်နေသည်။
စဉ်းစားနေရင်း သူမ အိပ်ချင်လာခဲ့ပြီး အိပ်ပျော်လုနီးပါး ဖြစ်နေစဉ် ရုတ်တရက် တံခါးဘဲလ် မြည်လာ၏။
သူ ဖြစ်နေလား? သူမ ချက်ချင်း ထခုန်လိုက်ပေမယ့် သူမရဲ့စိတ်လှုပ်ရှားမှုမှာ လျင်မြန်စွာ ငြိမ်သက်သွားသည်။ ဒါက မုန့်ကု မဖြစ်နိုင်ဘူး။ သူမက သူ့ကို ချိန်းထားတာ ပျက်သွားတဲ့အကြောင်း မပြောထားဘူး။ သူက ဒီအချိန်မှာ ဗလာဖြစ်နေတဲ့အိမ်တံခါးကို လာခေါက်နေသူ မဖြစ်နိုင်ပေ။
ချန်းရော့ယွီ တံခါးဖွင့်လိုက်တဲ့အချိန် သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရသည်... အသက်နှစ်ဆယ်ခန့် မိန်းကလေးတစ်ဦးက အပြင်မှာ ရပ်နေ၏။
“ဘယ်သူ့ကို ရှာနေတာလဲ?”
သူမ မေးလိုက်သည်။
“နင့်ကို ရှာနေတာ”
ထိုမိန်းကလေးသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး အနည်းငယ် မောက်မာနေဟန်လည်း ပေါ်သည်။
ကြိုတင်မခန့်မှန်းနိုင်တဲ့ နိမိတ်တစ်ခုက ချန်းရော့ယွီရဲ့ စိတ်ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာပြီး သူမနှလုံးသားက ပြင်းပြင်းထန်ထန် ခုန်လာတော့သည်။
“ရှင်က ဘယ်သူလဲ"
သူမ ထပ်မေးလိုက်သည်။
“နင် ချစ်နေတဲ့ယောက်ျားက... ငါ့ရဲ့ လူပဲ”
ချန်းရော့ယွီ ကြောင်သွားသည်။ သူမရဲ့နှလုံးခုန်နှုန်းဟာ ပိုပြီးတော့တောင် မြန်ဆန်လာသည်။ ဒီလို ဖြစ်လို့ မဖြစ်နိုင်ဘူး... ဒီလို ကံဆိုးတဲ့ ကိစ္စမျိုး သူမမှာ တကယ် ဖြစ်လာနိုင်တာလား?
သူမ ထိုမိန်းကလေးကို ကြည့်လိုက်သည်... စတိုင်ကျတယ်၊ လှပတယ်၊ ပြီးတော့ ဣန္ဒြေရှိတယ်။ သူမက မုန့်ကု သဘောကျတဲ့ ပုံစံမျိုး ဖြစ်နေတာ အမှန်ပဲ။ ဒါပေမဲ့ သူမ ချီယောင်ကို အရင်က တွေ့ဖူးတာကြောင့် ဒီမိန်းကလေးက မစ္စတာတိုင်ရန်နိုဆောရပ်စ်ရဲ့ အချစ်ဦးတော့ မဖြစ်နိုင်ဘူး။ ဒါဆို ဒီမိန်းကလေးက မုန့်ကုအတွက် ဘယ်သူလဲ? သူ့ရဲ့ အတိတ်က အချစ်တွေထဲက ဘယ်သူလဲ? ဒါပေမဲ့ သူမက အရမ်းငယ်တာ၊ သူမက သူ့ရဲ့လက်ရှိ ဘလိုင်းဒိတ်တွေ့တဲ့လူတွေထဲက တစ်ယောက်များလား?
ဒါပေမဲ့လည်း သူက သူ့ရဲ့ဘလိုင်းဒိတ်တွေ့တဲ့သူနဲ့ မပတ်သက်တော့ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ။ သူက အခြားတစ်ဖက်နဲ့ မိသားစုကိုပါ ရှင်းပြပြီးပြီလို့ ပြောခဲ့တာပဲ။
ချန်းရော့ယွီ၏ ဒေါသသည် ထိုးတက်လာ၏။ သူမက ဒီလိုကိစ္စမျိုးကို အရင်က တစ်ခါမှ မကြုံဖူးပေ။ ထိုအချိန်မှာ သူမရဲ့ဦးနှောက်ဟာ ဗလာနတ္တိ ဖြစ်သွားပြီး ဘာကိုမှ စဉ်းစားလို့ မရနိုင်တော့ပေ။
“နင်က အရမ်းလှတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီလိုပဲ ဖြစ်နေတာပဲ”
ထိုမိန်းကလေးသည် အံကြိတ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“အစ်မ၊ ကျွန်မတို့ နှစ်ယောက်စလုံး မိန်းကလေးတွေပဲ။ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်မတို့ သိပြီးသား၊ ဒါကြောင့် ဒီကိစ္စကို ဒီလောက် ရှက်စရာမကောင်းတဲ့ ကိစ္စဖြစ်အောင် လုပ်ဖို့ မလိုအပ်ပါဘူး။ အဲဒီလူက လောဘကြီးပြီး အရင် အချစ်ဟောင်းဆီ ပြန်သွားချင်တယ်၊ ဒါပေမဲ့ အခု သူက ကျွန်မရဲ့လူပဲ။ ရှင် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိရမယ်”
“ရပ်၊ ရပ်... ရပ်!”
ချန်းရော့ယွီ ခေါင်းမူးသွားပြီး ဦးရေပြားပါ ထုံကျင်လာသည်။ သူမက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ပြီး ထိုမိန်းကလေးကို ဆက်ပြောခွင့် မပြုတော့ပေ။
သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမရဲ့ စကားလုံးများကို စီစဉ်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်သည်။
“မိန်းကလေး၊ ကျွန်မ ရှင့်ကို မသိဘူး။ ရှင်နဲ့ ဆွေးနွေးစရာ ဘာမှမရှိဘူးလို့ ထင်တယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်မ စကားပြော မကျွမ်းကျင်ဘူး၊ ပြီးတော့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ တံခါးကို လာခေါက်ပြီး ရန်စတဲ့သူနဲ့ ရင်ဆိုင်ဖို့ မတတ်နိုင်ဘူး။ ရှင်လည်း ဒါက ရှက်စရာကောင်းတယ်ဆိုတာ သိနေတော့ အဲဒီလူကိုပဲ လာပြီး သူ့ဘာသာသူ ရှင်းရှင်းလင်းလင်း ပြောဖို့ အကြံပြုလိုက်ပါ"
ချန်းရော့ယွီသည် ဖုန်းယူရန်အတွက် အိမ်ထဲသို့ ပြန်ဝင်သွားပြီး သူမရဲ့ဒေါသကြောင့် လက်များ တုန်ခါနေသည်။ ထိုမိန်းကလေးရဲ့ ရှေ့မှာပဲ သူမ မုန့်ကုကို ဖုန်းခေါ်လိုက်၏။ ဟိုဘက်က လျင်မြန်စွာ ဖုန်းကိုင်လိုက်ပြီး မုန့်ကုသည် ပြုံးစိစိလုပ်ကာ မေးလိုက်သည်။
“မင်း ဒီလောက် မြန်မြန် ဆက်သွယ်လာတာလား?”
သူမက သူနှင့် အဓိပ္ပာယ်မဲ့စကား ပြောရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူမ သူ့ကို တိုက်ရိုက် မေးလိုက်၏။
“ရှင် အလုပ်မှာလား?”
“မဟုတ်ဘူး။ အိမ်မှာ"
“ကောင်းပြီ။ အခုချက်ချင်း ကျွန်မ အိမ်ကို လာခဲ့!”
သူမအသံသည် ပြင်းထန်နေလေသည်။
“ဘာဖြစ်လို့လဲ?!”
မုန့်ကု အံ့သြသွားသည်။
“ရှင့် ရည်းစားတွေထဲက တစ်ယောက် ရောက်နေတယ်!”
သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဖုန်းချလိုက်တော့သည်။
Translator -JJ