← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

ဒွိဟချစ်သံယောဇဉ်:

Chapter 50- မပြောင်းလဲဘူး

သူက သူမကို သူ့ရဲ့အဆိပ်ပြင်းတဲ့လျှာနဲ့ ချစ်သူတွေရဲ့ မြူဆွယ်စကားကို ပြောနေတာလား?

ချန်းရော့ယွီသည် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာ၏။

သူ အမှန်တရားကို ပြောပြတဲ့အခါ သူမ သဘောကျတယ်။ ၎င်းက သူ့ကို ရိုးသားတယ်လို့ ယုံကြည်စေပေမယ့်လည်း သူမက ဒီလိုမျိူး ခြိမ်းခြောက်ခံမှာ မဟုတ်ပေ။

ဒါကြောင့် သူမက တင်းမာတဲ့မျက်နှာကို တမင်တကာထားပြီး ပြောလိုက်သည်။

“ဒါဆို ရှင်က အနိုင်ကျင့်ဖို့၊ အမိန့်ပေးရလွယ်ဖို့၊ အဆင်ပြေဖို့နဲ့ ရှင်ကို သည်းခံပေးနိုင်မယ့် အားနည်းတဲ့ အမျိုးသမီးတစ်ယောက်ကိုပဲ ရှာချင်တာပေါ့”

“ကိုယ့်စကားတွေကို တမင်တကာ ပုံဖျက်ပြီး ကိုယ့်ကို စနောက်နေတာက မင်း ကိုယ့်အပေါ် စိတ်ဝင်စားမှုပြတဲ့ နည်းလမ်းလား?”

မုန့်ကုသည် သူမကို ချက်ချင်းမြင်အောင် ကြည့်လိုက်သည်။

ချန်းရော့ယွီ မျက်နှာနီရဲသွားပြီး ရေရွတ်လိုက်၏။

“ပုံဖျက်တာ ရှိလို့လား? ရှင့်စကားတွေက အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်၊ ဒါကြောင့် ကျွန်မ ရှင့်ကို ယုံလိမ့်မယ်လို့ မထင်နဲ့။ အခု ကျွန်မ ရှင့်ကို အိမ်ထဲကနေ ကန်ထုတ်ပစ်ဖို့အတွက် ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေး ခွန်အားကို တည်ဆောက်နေတာ”

“ပုံဖျက်တာ သေချာပေါက် ရှိတယ်။ မင်းက ဒီကိစ္စရဲ့ ဒုတိယ ချိုသာတဲ့ဗားရှင်း ရှိတယ်ဆိုတာကို သိနေပြီးသားပဲ”

“ကျွန်မ နားထောင်ချင်တယ်”

သူမက သူ့ကို ပြုံးပြလိုက်ပြီး သူမရဲ့မျက်လုံးများက တောက်ပနေသည်။

မုန့်ကုသည် နေမထိထိုင်မသာ ခံစားရပြီး ထရပ်လိုက်သည်။

“အဲ့ဒါက ဘာလဲဆိုတာကို မင်း သိနေရင် ရပြီ။ မင်းကဘာလို့ မင်းကိုယ်မင်း စိတ်ပျက်အောင် လုပ်နေရတာလဲ?”

“ရှင် ရှင်းရှင်းလင်းလင်း မပြောရင် ရှင် ဘာဆိုလိုတာလဲဆိုတာကို ဘယ်သူက သိမှာလဲ”

သူမ သူ့ကို မျက်စောင်းထိုးလိုက်သည်။

သူမရဲ့မျက်စောင်းထိုးမှုကို ခဏတာ ခံစားပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူ လက်လျှော့လိုက်သည်။

“ကောင်းပြီ၊ ရင်းဇယ် ငါ့ခန္ဓာကိုယ်ထဲကို ပူးဝင်ဖို့အတွက် ဆယ်စက္ကန့်အချိန်ပေးပါ”

သူက သူ့လက်ကို သူ့နှလုံးသားပေါ် တင်လိုက်ပြီး ချဲ့ကားတဲ့လေသံဖြင့် ပြောလိုက်သည်။

“ချန်းရော့ယွီ၊ ပင်လယ်ခရီးထောင်သောင်းချီ ခရီးနှင်ပြီးတဲ့နောက် မင်းက ကိုယ့်ရဲ့ ဆိပ်ကမ်း ဖြစ်မှန်း ကိုယ် နောက်ဆုံးတော့ သဘောပေါက်လိုက်ပြီ။ နားထောင်လိုက်၊ မင်း ကြားနိုင်လား? အဲဒါက ဘုရားသခင်ရဲ့ အသံပဲ၊ သူက ကိုယ်တို့နှစ်ယောက်က အတူတူနေဖို့ ကံကြမ္မာပါပဲလို့ ပြောနေတယ်... အရမ်းသင့်လျော်တဲ့ အတွဲပဲ”

ချန်းရော့ယွီ ရယ်မောလိုက်သည်။

“မင်း ဘာကို ရယ်နေတာလဲ?”

မုန့်ကု မကျေမနပ်ဖြစ်သွားသည်။ သူက သူ့ရဲ့မစ္စတာတိုင်ရန်နိုဆောရပ်စ်ပုံစံကို ပြန်လည်ယူလိုက်ပြီး သူမရဲ့ခေါင်းကို လက်ညှိုးဖြင့် တို့လိုက်သည်။

“ရှင်က ရှင့်နှလုံးသားကို ကိုင်လိုက်တဲ့အချိန်တုန်းက ဘော့စ်ရင်းလောက် သဘာဝကျကျ မခန့်ညားဘူး”

သူမ သူ့ကို အမှန်အတိုင်း ပြောလိုက်သည်။

“ဟေ့၊မင်းက ကိုယ့်ရဲ့ အိမ်ထောင်ဖက်နော်"

“အခုထိ မဖြစ်သေးဘူး”

သူက သူမကို မျက်စောင်းထိုးလိုက်တဲ့အခါ သူမလည်း သူ့ကို ပြန်စောင်းကြည့်လိုက်သည်။ ခဏအကြာမှာတော့ သူတို့ နှစ်ယောက်လုံး မပြုံးဘဲ မနေနိုင်တော့ပေ။

မုန့်ကုက မေးလာသည်။

“ချန်းရော့ယွီ၊ မင်း ကိုယ်နဲ့အတူရှိဖို့အတွက် မင်းကိုယ်မင်း အတင်းဖိအားပေး ပြောင်းလဲနေရတာလား?"

သူမ အလေးအနက် စဉ်းစားလိုက်တယ်... ဒီလိုတော့ မဟုတ်ပါဘူး။ သူမက အရင်ကလိုပဲ ကိုယ့်ကိုယ်ကိုယ် ရှိနေဆဲပဲ၊ အရမ်း သဘာဝကျပြီး အရမ်းသက်သောင့်သက်သာ ရှိနေဆဲပါပဲ။

“ချန်းရော့ယွီ၊ မပြောင်းလဲပါနဲ့။ မင်း ကိုယ်နဲ့ တွဲမယ်ဆိုရင် ပြောင်းလဲဖို့ လိုအပ်တယ်လို့ မခံစားရဘဲနဲ့ တစ်ချိန်တည်းမှာ အရမ်း သက်သောင့်သက်သာ ရှိရမယ်... အဲဒီအခါကျမှ ကိုယ်တို့က သဘာဝအတိုင်း လက်တွဲဖော်ဖြစ်သွားလိမ့်မယ်။ ဒါက စကားပုံရဲ့ အဓိပ္ပာယ်ပဲ... အိုးနဲ့လိုက်ဖက်တဲ့ အဖုံး”

“နားထောင်လိုက်၊ ကြားနိုင်လား?အဲဒါက ဘုရားသခင်ရဲ့ အသံပဲ”

သူမက သူ့ရဲ့ချဲ့ကားတဲ့လေသံကို အတုခိုးပြီး ပြုံးလိုက်သည်။

မုန့်ကုလည်း ပြုံးလိုက်သည်။

“မင်း ပြောလိုက်တော့ ကိုယ့်လောက် ခန့်ညားတဲ့ပုံစံ မရှိဘူး”

“ဒါဆို ရှင်က အိုးလား အဖုံးလား?”

သူမ သူ့ကို ထပ်မံ စနောက်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

“ဟုတ်တာပေါ့၊ အဖုံး...”

“ဘာလို့လဲ?”

“အဖုံးက အပေါ်မှာ ရှိလို့လေ”

သူမ ခဏလောက် စဉ်းစားလိုက်ပြီးမှ သူက သူမကို ထပ်ပြီးရိုင်းစိုင်းတဲ့စကားလုံးများ ပြောလိုက်ကြောင်း နားလည်သွားသည်။ သူမရဲ့မျက်နှာ မည်းနက်နေပြီး သူ့ကို ထပ်ပြီးဆူပူချင်စိတ် ပေါက်လာသည်။

ဒါပေမဲ့ မုန့်ကုမှာ ပြောစရာ စကားများ ကျန်နေသေး၏။

“ချန်းရော့ယွီ၊ မင်းက တကယ်ကို ဒုက္ခခံပြီး သည်းခံနိုင်တဲ့ ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ မင်းက ဒုက္ခခံရတာရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ၊ သည်းခံတာရဲ့ စမ်းသပ်မှုကတော့ နောက်မှ လာလိမ့်မယ်”

သူမ နောက်ဆုံးမှာတော့ မထိန်းချုပ်နိုင်တော့ဘဲ သူ့ကို လက်သီးဖြင့် ထိုးလိုက်သည်။

“ဟေ့၊ ကျွန်မကို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ဆက်ပြီး မပြောနဲ့”

“ကိုယ်က ဘာရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောခဲ့လို့လဲ? ‘ဒုက္ခခံပြီး သည်းခံတယ်’ ဆိုတာက အပြုသဘောဆောင်တဲ့ စကားလုံးတွေလေ။ အရမ်းကောင်းတဲ့ အဓိပ္ပာယ်တွေ ရှိတယ်။ မင်းက အများကြီး တွေးနေတာ။ ရိုင်းစိုင်းတဲ့ စိတ်ရှိတဲ့သူတွေကပဲ ရိုင်းစိုင်းတဲ့အဓိပ္ပာယ်တွေကို ရှာတွေ့နိုင်မှာ။ ဒါမှမဟုတ် တကယ်တမ်းမှာ မင်း ကိုယ့်အပေါ်မှာ စိတ်ကူးယဉ်ထားတာတွေ ရှိနေတာလား?”

“အာ... ဒီအကြောင်း တွေးလိုက်တော့ အခု ကျွန်မ သတိရသွားပြီ။ ရှင် ကျွန်မကို ဒူးရင်းသီး ဝယ်ပေးခဲ့တာလား?”

ရုတ်တရက် သူမက အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရသွားသည်။

မုန့်ကု အံ့အားသင့်သွားပြီး သူ့မျက်နှာဟာ မှောင်မဲသွားစ။ ဒါက မဖြစ်နိုင်ဘူး... သူတို့ အချစ်အကြောင်း ပြောနေတာ မဟုတ်ဘူးလား? ဘာလို့ ဒီခေါင်းစဉ်က ရုတ်တရက် ဒူးရင်းသီးကို ပြောင်းသွားရတာလဲ?

“ဝယ်ခဲ့တယ်... နှစ်ဆယ်ကတ်တီလောက်ရှိတဲ့ အလုံးကြီး တစ်လုံး”

“ရှင် ယူလာခဲ့လား?”

သူမရဲ့မျက်လုံးများဟာ တောက်ပနေပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သူမ မမြင်ရပေမယ့်လည်း သူမက လက်လျှော့ဖို့ ငြင်းဆန်နေဆဲဖြစ်သည်။သူက ကားနောက်ဖုံးထဲမှာ ထားခဲ့ပြီး ယူမလာခဲ့တာ ဖြစ်နိုင်တယ်။

“မင်းက ကိုယ့်ကို အမြန်လာခိုင်းတာ‌လေ။ ဒါက ခန့်ညားတဲ့ပုံစံ ဒါမှမဟုတ် အထင်ကြီးစရာ ဖြစ်မှာ မဟုတ်ဘူး၊ ဘာလို့ ကိုယ်က ယူလာရမှာလဲ?”

သူမ စိတ်ပျက်သွားသည်။

မုန့်ကုသည် နှစ်ချက်ချောင်းဆိုးလိုက်ပြီး သူ့အသံကို နှိမ့်လိုက်၏။

“တကယ်တော့ အဲဒါ... နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်”

“ဘာလဲ?”

သူမ မျက်တောင်ခတ်လိုက်ပြီး သူက တမင်တကာ မယူလာခဲ့ဘဲ သူ့ရဲ့ကားနောက်ဖုံးထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြောပါစေလို့ မျှော်လင့်နေသည်။

နောက်ဆုံးမှာတော့ မုန့်ကုက ပြောလိုက်၏။

“ဒူးရင်းသီး အခိုးခံလိုက်ရတယ်”

“ဘာ?! သူခိုးက ဒူးရင်းသီးကို တကယ် ခိုးသွားတာလား? ဘယ်မှာ ခိုးခံရတာလဲ? ကားကို ရိုက်ချိုးသွားတာလား? ဒါမှမဟုတ် အိမ်ကို ဖောက်ထွင်းခံရတာလား?”

“နှစ်ခုစလုံး မဟုတ်ဘူး။ ကိုယ်က ကားထဲမှာ အမြဲတမ်း မထားဘူး၊ မဟုတ်ရင် ကိုယ့်ကားက အနံ့ဆိုးတွေ ထွက်လိမ့်မယ်။ ဒါကြောင့် ကိုယ်က အဲ့ဒါကို အိမ်ယူသွားပြီး နေရာပိုကျယ်တဲ့အတွက် ဒီလောက်နံမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ဒါပေမဲ့ အနံ့က အရမ်းပြင်းတယ်၊ အိမ်တစ်အိမ်လုံး နံသွားတာပဲ။ ကိုယ့်ရဲ့ အိပ်ခန်းထဲကနေတောင် ခေါင်းမူးစေတဲ့ အနံ့ဆိုးကို ရနေရတယ်၊ အဲ့ဒါနဲ့ ကိုယ် အဲ့ဒါကို တံခါးအပြင်ဘက်ကို ပစ်ထုတ်လိုက်တယ်”

ချန်းရော့ယွီ မေးပြုတ်ကျမလိုပဲ။

မုန့်ကုကလည်း ထပ်ပြောလာသည်။

“ကိုယ် မင်းဖုန်းခေါ်တာကို ရပြီးတော့ အိမ်အပြင်ဘက်ကို အလျင်စလို ထွက်လာတဲ့အချိန် ဒူးရင်းသီး ပျောက်နေတာကို တွေ့လိုက်ရတယ်။ အဲဒီနောက် ကိုယ် လှေကားကနေဆင်းပြီး အမှိုက်ပုံးနားကိုရောက်တဲ့အချိန် ဒူးရင်းသီးရဲ့ အနံ့ဆိုးကို ရလိုက်တာနဲ့ ကိုယ် သွားကြည့်လိုက်တော့ ကိုယ့်ရဲ့ ဒူးရင်းသီးအလုံးကြီးရဲ့ အခွံတွေကို တွေ့လိုက်ရတာပဲ"

ချန်းရော့ယွီ ငေးမောသွားတယ်။ သူမရဲ့အချစ်ဆုံး ဒူးရင်းသီးက အခိုးခံရရုံသာမကဘဲ အစားပါခံရသေးတယ်!!!

“ရှင်က ငတုံးလား? ဘာလို့ ဒီလို ပစ္စည်းမျိုးကို တံခါးအပြင်ဘက်မှာ ထားရတာလဲ?”

ဒါက တကယ့်ကို ရင်ကွဲစရာ ကောင်းလိုက်တာ။ ဒီလို ဦးနှောက်မရှိတဲ့လူက ဘယ်လိုလုပ် ဒီလို မိုက်မဲတဲ့အရာမျိုးကို လုပ်နိုင်ရတာလဲ?

“ဒီလို အနံ့ဆိုးတဲ့ပစ္စည်းကို တစ်ယောက်ယောက်က ခိုးလိမ့်မယ်ဆိုတာကို ကိုယ် ဘယ်လိုလုပ် သိမှာလဲ?"

ချန်းရော့ယွီ သူ့ကို မျက်စောင်းထိုးလိုက်တဲ့အခါ သူက အပြစ်ကင်းတဲ့အမူအရာနဲ့ သူမကို ပြန်ကြည့်လာသည်။

“အဲဒီ အနံ့က ကိုယ့်အိမ်မှာ ပျောက်မသွားသေးဘူး၊ ကိုယ် ထပ်မဝယ်တော့ဘူးလို့ ကိုယ့်ကိုကိုယ် ပြောလိုက်တယ်”

တနည်းအားဖြင့် ဒါက ကုန်သွားပြီ၊ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး။

ချန်းရော့ယွီ မုန့်ကုကို အိမ်ထဲကနေ ကန်ထုတ်လိုက်၏။

သူ အဲ့ဒီအချစ်အကြောင်း မဆိုင်တဲ့ အတ္တဆန်တဲ့ စကားတွေ ပြောနေတဲ့အချိန်တုန်းက သူမ ကန်မထုတ်ခဲ့ပေမဲ့ ဒူးရင်းသီးရဲ့ ဝမ်းနည်းစရာ အဆုံးသတ်ကို သိလိုက်ရတဲ့အခါ ကန်ထုတ်လိုက်တော့သည်။ မုန့်ကုသည် ဒေါသထွက်လွန်းပြီး ပြောလာ၏။

“မင်း ငါ့ကို အရင် စဆက်သွယ်တာ မရှိရင် ငါ မင်းကို လာရှာမှာ မဟုတ်ဘူး”

စသဖြင့် ရက်စက်တဲ့ စကားမျိုးတွေကို ပြောသွားတော့သည်။

ချန်းရော့ယွီသည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး နှစ်ဆယ်ကတ်တီရှိတဲ့ အလုံးကြီးကို သတိရလိုက်တဲ့အခါ သူမရဲ့ နှလုံးသားက နာကျင်လာသည်။ ၂၀ကတ်တီ... သူမ စိတ်ရှိတိုင်း စားပြီး ပွဲကြီးကျင်းပနိုင်တယ်။ သူမရဲ့ အိပ်မက်ထဲမှာတောင် ဒီလို ဒူးရင်းသီးပွဲတော်မျိုးကို တစ်နေ့ စားရလိမ့်မယ်လို့ မမက်ခဲ့ဖူးဘူး... နောက်ဆုံးတော့ အဲဒါအားလုံးကို ဒီယောက်ျားရဲ့ ဉာဏ်ရည်ကြောင့် ပျက်စီးခဲ့ရပြီ။

သူမ ဆိုဖာကို ရူးသွပ်စွာ ထိုးနှက်လိုက်သည်... ယောက်ျားတစ်ယောက် တုံးအတဲ့အခါ ဝက်နဲ့တောင် မယှဉ်နိုင်ဘူး!

သူမ ဒူးရင်းသီးရဲ့ သေဆုံးမှုကို ဂုဏ်ပြုရင်း ခဏတာ ငြိမ်သက်နေစဉ် သူမရဲ့ လက်ကိုင်ဖုန်း မြည်လာခဲ့သည်။ သူမ တုန်လှုပ်သွား၏။ ဖုန်းဆက်တာ မုန့်ကုသာ ဖြစ်ခဲ့ရင် သူမ သေချာပေါက် သူ့ကို နားပူအောင် ဆူလိမ့်မယ်။ ဒူးရင်းသီးကို သတိရလိုက်တဲ့အခါ သူမရဲ့ နှလုံးသားက ထပ်မံ နာကျင်လာသည်။

ဖုန်းခေါ်ဆိုမှုက လျန်စီးစီးဆီက ဖြစ်၏။

ရုတ်တရက် ချန်းရော့ယွီ အရေးကြီးကိစ္စတစ်ခုကို သတိရလိုက်သည်။

“စီးစီး၊ ငါ ပြောပြမယ်။ ဒီနေ့ မိန်းမတစ်ယောက် နင့်ကို လာရှာတယ်၊ သူ(မ)နာမည်က ကျန်းမင်လန်တဲ့။”

သူမ ခဏရပ်လိုက်ပြီး ဒီအဖြစ်အပျက်ကို စစ်စစ်ကို ဘယ်လိုပြောရမလဲ စဉ်းစားနေတုန်း မမျှော်လင့်ဘဲ စီးစီးက ပြောလာသည်။

“ငါ သိတယ်”

“နင် သိတယ်?”

“ဟုတ်တယ်၊ သူ(မ) ငါ့ကို ဖုန်းခေါ်ခဲ့တယ်”

ချန်းရော့ယွီ အနည်းငယ် အံ့သြသွားသည်။

လျန်စီးစီးက ပြောလိုက်သည်။

“သူ(မ) ငါ့ကို အိမ်မှာ မတွေ့တော့ ငါ့ကို ဖုန်းခေါ်ခဲ့တာ။ ငါ့ရဲ့ ပြဿနာက နင့်အတွက် ဒုက္ခရောက်စေခဲ့တာ တောင်းပန်ပါတယ်”

“ရပါတယ်၊ ရပါတယ်။ နင် အဆင်ပြေရဲ့လား?”

“ငါ အဆင်ပြေပါတယ်၊ ကောင်းကောင်း ခံစားရတယ်။ အဲဒီယောက်ျားက ငါ့ရဲ့ အချစ်ဦးပဲ။ ငါ ကောလိပ်တက်တုန်းက အချိန်ပိုင်း အလုပ်လုပ်နေရင်း သူ့ကို တွေ့ခဲ့တာ။ အဲဒီတုန်းက သူက ရုပ်ချောတယ်၊ စိတ်ကောင်းရှိတယ်၊ ရင်ခုန်စရာလည်း ကောင်းတယ်လို့ ငါ ခံစားခဲ့ရတယ်။ သူက ငါ့ကို စိတ်ပြင်းပြင်းပြပြနဲ့ လိုက်ခဲ့တော့ ငါ စိတ်လှုပ်ရှားသွားခဲ့တာပေါ့ဟာ။ တိတိကျကျ ပြောရရင် ဒါက ငါ အလေးအနက်ဆုံးထားခဲ့တဲ့ အချစ်ရေးပဲ၊ ပြီးတော့ လက်ထပ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တဲ့ တစ်ခုတည်းသော အချိန်ပဲ။ နောက်ပိုင်းကျတော့ သူက တခြားမိန်းမတစ်ယောက်နဲ့ အချစ်ရေး ရှိနေတယ်ဆိုတာကို ငါ သိလိုက်ရတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် သူက လှေနံနှစ်ဖက်နင်းနေခဲ့တာ။ သူက ငါ့ရဲ့ အလှနဲ့ စိတ်အားထက်သန်မှုကို သဘောကျသလို တခြားမိန်းမရဲ့ ရင့်ကျက်တာနဲ့ ချမ်းသာမှုကိုလည်း သဘောကျခဲ့တယ်။ ဒီအကြောင်းကို သိပြီးတဲ့နောက် ငါ အဲဒီမိန်းမကို သွားရှာခဲ့တယ်...”

“အာ၊ နင် သူ(မ)ကို သွားရှာခဲ့တယ်?”

“ဟုတ်တယ်။ ငါလည်း ဒီလိုမျိုး အရင်က လုပ်ဖူးတယ်”

ဖုန်းလိုင်းတစ်ဖက်မှာ လျန်စီးစီးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။

“ငါက အခုလက်ရှိ ကျန်းမင်လန်လိုပဲပေါ့။ ကျိုးဟောက်ကို လက်မလွှတ်နိုင်အောင် လုပ်နိုင်တဲ့ မိန်းမက ဘယ်လိုမိန်းမလဲဆိုတာကို ကြည့်ချင်ခဲ့တာ။ သူ(မ)က ငါ့ထက် ပိုကောင်းလား? သူ(မ)က ငါ့ထက် ပိုပြီးဆွဲဆောင်မှု ရှိလား? ငါ သွားလိုက်တဲ့အချိိန်မှ သူ(မ)က ကျိုးဟောက်ရဲ့ အချစ်ဦးဖြစ်မှန်း သိလိုက်ရတယ်။‌ ရော့ယွီ၊ ဒီလောကမှာ‌လေ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ အများကြီးပဲ။ အဲဒီမိန်းမက ကျိုးဟောက်ထက် နှစ်နှစ် ကြီးတယ်၊ ပြီးတော့ သူ့ရဲ့အချစ်ဦးပဲ။ ကျိုးဟောက်က ငါ့ထက် နှစ်နှစ် ကြီးတယ်၊ ပြီးတော့ ငါ့ရဲ့အချစ်ဦးပဲ"

ချန်းရော့ယွီသည် သူမရဲ့စကားကို တိတ်တဆိတ် နားထောင်နေသည်။ လျန်စီးစီးသည် ကျန်းမင်လန်ဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး သူမရဲ့ ခံစားချက်များကို ဖွင့်ထုတ်ရန်အတွက် ပြောချင်စရာတွေ အများကြီး ရှိနေတာကို သူမ သိသည်။

လျန်စီးစီးက ဆက်ပြောလာသည်။

“သူတို့ နှစ်ယောက်က လမ်းခွဲခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူတို့ ပြန်တွေ့ကြပြီး အတူတူ ပြန်ဖြစ်သွားခဲ့တယ်။ အဲဒီမိန်းမက ငါ ဘယ်သူလဲဆိုတာ သူ(မ) သိတယ်လို့ ပြောခဲ့ပေမဲ့ ကျိုးဟောက်က သူ(မ)ကို မလွှတ်နိုင်ဘူးတဲ့။ သူ သူ(မ)အပေါ်ထားတဲ့အချစ်က ငါ့ထက် ပိုနက်ရှိုင်းတယ်၊ ဒါကြောင့် သူ(မ)က စိတ်မပူဘူး၊ သူ(မ) သေချာပေါက် အနိုင်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီနောက် ငါ ကျိုးဟောက်ကို သွားရှာပြီး ငါတို့ပြောခဲ့တာကို သူ့ကို ပြောပြလိုက်တယ်။ သူ့နှလုံးသားထဲမှာ တကယ်ပဲ ဘယ်လို ခံစားရလဲလို့ ငါ မေးခဲ့တယ်။ သူ မဖြေနိုင်ခဲ့ဘူး။ သူက အမှားကို ဝန်ခံပြီး နောင်တရခဲ့တယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ငါ့ကို အချိန် နည်းနည်းလေး ပေးဖို့ တောင်းဆိုခဲ့တယ်"

“ပြီးတော့ရော?”

“ဟုတ်တာပေါ့၊ ငါ သူ့ကို အချိန် မပေးခဲ့ဘူး! ငါ့ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုကို ဘာလို့ အဲဒီယောက်ျားက ဆုံးဖြတ်ရမှာလဲ? ငါ သူ့ကို စွန့်ပစ်လိုက်တယ်၊ ပြီးတော့ ငါ အနိုင်ရခဲ့တယ်!”

လျန်စီးစီးသည် အားပါးတရ ပြောလိုက်တဲ့အခါ နားထောင်နေတဲ့ ချန်းရော့ယွီ ရင်ထဲ နာကျင်သွားသည်။

"ရော့ယွီ၊ နင်ကို ပြောပြမယ်။ အချစ်ကို ဂိမ်းတစ်ခုလို သဘောထားရမယ်၊ အဲဒါဆို ပိုပြီး စိတ်အပန်းပြေလိမ့်မယ်။ နိုင်တဲ့သူ ဒါမှမဟုတ် ရှုံးတဲ့သူ မရှိဘူး၊ ပျော်ရွှင်မှု သက်သက်ပဲ”

ချန်းရော့ယွီသည် ဘယ်လို ပြန်ဖြေရမှန်း မသိခဲ့ပေ။ ဒါက လျန်စီးစီး ချစ်သူကို တစ်ယောက်ပြီးတစ်ယောက် အမြဲပြောင်းလဲနေရတဲ့ အကြောင်းရင်းများလား?

“အချစ်ဇာတ်လမ်းတွေက အရမ်းကောင်းပါတယ်။ သူတို့က အချစ်ပုံစံနဲ့ ခံစားချက်အမျိုးမျိုးကို ငါ့ကို ပြောပြတယ်။ သူတို့က ရင်ခုန်တာ၊ပြင်းပြင်းပြပြ သဘောကျတာ၊ ချိုမြိန်တဲ့ ပျော်ရွှင်မှု အကြောင်းတွေ ပြောကြတယ်၊ အဲဒါတွေ အားလုံးကို ငါ ခံစားခဲ့ရတယ်။ ရော့ယွီ၊ အချစ်ဝတ္ထုတွေမှာ ရေးထားတာတွေက အမှန်တွေချည်းပဲလို့ ငါ နင့်ကို အရင်က ပြောဖူးတယ်။ ငါ လုံးဝ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ငါ ကြုံတွေ့ခဲ့ရပြီး ခံစားခဲ့ရလို့ပဲ”

“အင်း”

ချန်းရော့ယွီသည် သူမ၏ နှာခေါင်းတွင် ချဉ်ပြုံးပြုံး ခံစားရပြီး ခေါင်းညိတ်လိုက်သည်။ ဖုန်းလိုင်းတစ်ဖက်မှာ လျန်စီးစီး၏ မျက်ဝန်းအိမ်များ စိုစွတ်နေသည့်ပုံစံကို သူမ စိတ်ထဲ မြင်ယောင်နေသည်။

ခံစားခဲ့ရတယ်... ဒါပေမဲ့ ပိုင်ဆိုင်ခြင်းတော့ မရှိခဲ့ဘူး!

ဂိမ်းမှာ နိုင်တဲ့သူ ဒါမှမဟုတ် ရှုံးတဲ့သူ မရှိပေမဲ့ နာကျင်မှုတော့ ရှိတယ်!

နောက်ဆုံးမှာတော့ ချန်းရော့ယွီသည် ဖုန်းတစ်ဖက်မှ လျန်စီးစီး၏ တိုးတိုးညှင်းညှင်း ငိုသံများကို ကြားလိုက်ရသည်။ သူမက စီးစီးကို အနှောင့်အယှက်မပေးဘဲ တစ်ရှူးအနည်းငယ်ကို ဆွဲယူကာ သူမရဲ့မျက်လုံးများမှ စီးကျလာတဲ့ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်၏။

အမျိုးသမီးနှစ်ဦးစလုံးဟာ ဖုန်းကို အချိန်အကြာကြီး ကိုင်ထားခဲ့ကြပြီး နောက်ဆုံးမှာတော့ စိတ်ငြိမ်သွားကြသည်။ ရုတ်တရက် လျန်စီးစီးက ပြောလိုက်သည်။

"ရော့ယွီ၊ ကျေးဇူးတင်ပါတယ်။ ငါ နင့်ကို တကယ် သဘောကျတယ်။ နင်က ငါနဲ့ လုံးဝမတူပေမဲ့ နင်နဲ့အတူရှိနေရတာ အရမ်း သက်သောင့်သက်သာ ခံစားရတယ်။ ဒီလိုအချိန်တွေမှာ ငါ့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဖွင့်ထုတ်လို့ရတာ နင် တစ်ယောက်တည်းပဲ”

“ငါတို့ နှစ်ယောက်စလုံး ဒီလို ငိုနေကြတာ စိတ်မနှံ့တဲ့သူတွေလို ဖြစ်နေတယ်”

ချန်းရော့ယွီ ပြောလိုက်သည်။

လျန်စီးစီးသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ရော့ယွီ၊ ဒီအချိန်မှာ နင် ငါ့ကို နှစ်သိမ့်ပေးရမှာ မဟုတ်ဘူးလား? အဲဒီအစား နင်က ငါ့ကို စိတ်ဖောက်ပြန်နေတယ်လို့တောင် ပြောနေတယ်”

“ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ... ငါတို့ နှစ်ယောက်စလုံးပါလို့”

လျန်စီးစီးက ထပ်မံ ရယ်မောလိုက်သည်။

“ဟုတ်တယ်၊ ပုံမှန် အမျိုးသမီးတွေက စိတ်ဖောက်ပြန်နေကြတယ်”

“ပုံမှန် မဟုတ်တဲ့သူတွေကရော?”

“ပုံမှန် မဟုတ်တဲ့သူတွေမှာ ဘာရောဂါမှ မရှိဘူး”

ချန်းရော့ယွီ ပြုံးလိုက်သည်။

“စီးစီး နင့်စကားတွေက မကျိုးကြောင်းဆီလျော်ပေမဲ့ ငါ ဘာလို့ နင့်စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ထင်နေရတာလဲ?”

“ဘာလို့လဲဆိုတော့ နင်က စိတ်ဖောက်ပြန်နေလို့လေ!”

အမျိုးသမီးနှစ်ဦးစလုံး ရယ်မောလိုက်ကြသည်။

“တကယ်တော့ အဲဒီစကားတွေက ဘာများ ရယ်စရာရှိလို့လဲ? ဒါပေမဲ့ ငါကတော့ ရယ်နေတုန်းပဲ”

ချန်းရော့ယွီသည် တစ်ရှူးစက္ကူအချို့ကို ဆွဲထုတ်ပြီး ရယ်မောပြီးတဲ့နောက် စီးကျလာသည့် မျက်ရည်များကို သုတ်လိုက်သည်။

လျန်စီးစီးက ပြောလိုက်၏။

“နင့်ကို ပိုပြီးရယ်စရာကောင်းတဲ့ တစ်ခုကို ပြောပြချင်သေးတယ်”

“ဘာလဲ?”

“နောက်ဆုံးမှာ အဲဒီ ကျိုးဟောက်က ငါ့ကို သူ(မ) အနိုင်ရလိမ့်မယ်လို့ပြောခဲ့တဲ့ မိန်းမ၊သူ့ရဲ့အချစ်ဦးနဲ့ လက်ထပ်သွားတယ်”

“ပြီးတော့ရော?”

ဒါဆို ဒီ ကျန်းမင်လန်က ဘယ်လိုလုပ် ပေါ်လာခဲ့တာလဲ?

“ပြီးတော့ သူတို့ ကွာရှင်းခဲ့ကြတယ်...”

ချန်းရော့ယွီသည် အံ့သြမှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဖုန်းတစ်ဖက်မှ လျန်စီးစီးဟာ ကျယ်လောင်စွာ ရယ်မောနေရင်း လည်ချောင်းတွင် စို့နင်နေသည်ကို ကြားလိုက်ရသည်။

“ဒီသတင်းကို ကြားလိုက်ရတော့ အဲဒီမိန်းမကို သွားပြောချင်မိတယ် ~ နင် ငါ့ကို တကယ် အားတက်သရော ခံစားရစေတယ်လို့”

ချန်းရော့ယွီသည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်လိုက်ပြီး ပြုံးရယ်ခြင်းကို မထိန်းချုပ်နိုင်ပေ။ လျန်စီးစီး တကယ်ပဲ လုပ်နိုင်တယ်လို့ သူမ ယုံကြည်တယ်။

“ကျန်းမင်လန်က အခု ဘယ်လိုလဲ?”

သူမ မေးလိုက်သည်။

“သူ(မ)လား? နင့်အိမ်ကို ရောက်ပြီးတဲ့နောက် သူ(မ)ရဲ့သတ္တိ ကုန်သွားလောက်ပြီ။ သူ(မ) ငါ့ကို ဖုန်းခေါ်တဲ့အချိန်တုန်းက တစ်ချိန်လုံး ငိုနေခဲ့တာ။ လူမှားရှာမိတဲ့အကြောင်းရော၊ နင် တံခါးပိတ်ပြီး သူ(မ)ကို အပြင်မှာ ထားခဲ့တဲ့အကြောင်းလည်း ပြောပြတယ်။ နောက်မှ ယောက်ျားတစ်ယောက် ရောက်လာပြီး သူ(မ)ကို ဆူပူခဲ့တယ်တဲ့"

ချန်းရော့ယွီ ရယ်မောလိုက်သည်။ သူမသာဆိုရင်လည်း ငိုမိမှာ သေချာတယ်။

“နင်က သူ(မ)ကို ဘာပြောလိုက်တာလဲ?”

ချန်းရော့ယွီ မေးလိုက်သည်။

“သူ(မ)ကို ငါ လက်စွပ်ရပြီလို့ ပြောလိုက်တယ်။ပြီးတော့ အတိတ်တုန်းက သူ့ရဲ့ သစ္စာဖောက်မှု အားလုံးအကြောင်းကိုလည်း ပြောပြပြီး ဒီလို ယောက်ျားမျိုးကို သူ(မ) လိုချင်သေးလားလို့ မေးလိုက်တယ်”

ချန်းရော့ယွီသည် နားထောင်နေရင်း အနည်းငယ် တင်းမာသွား၏။ မျှော်လင့်ထားသည့်အတိုင်း လျန်စီးစီးက အရမ်းထက်မြက်ပြီး သူမက အချက်အလက်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

“သူ(မ)က ပြောနေရင်း ငိုနေခဲ့တယ်။ သူ(မ) သူ့ကို အရမ်းချစ်တဲ့အတွက် သူ့ကို လိုချင်သေးတယ်လို့ ပြောတယ်"

“ဒါဆို နင်က ဘာပြောလိုက်လဲ?”

ချန်းရော့ယွီသည် သူမ ဒီနေ့ တွေ့ခဲ့ရတဲ့ ငယ်ရွယ်တဲ့မျက်နှာကို စဉ်းစားမိ၏။ တကယ်တော့ ကျန်းမင်လန်က ကြမ်းတမ်းတဲ့သူတစ်ယောက်လို မပေါ်ပေ။

“ငါလည်း တစ်ချိန်တုန်းက သူ့ကို ချစ်ခဲ့ဖူးကြောင်း... အရမ်းချစ်ခဲ့ဖူးတဲ့အကြောင်း သူ(မ)ကို ပြောလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လူတိုင်း ဒီလိုအဆုံးသတ်မျိုးပဲ ရခဲ့တယ်။ မြင်းကောင်းတစ်ကောင်က မြက်ဟောင်းကို ပြန်မစားဘူးဆိုတဲ့ စကားက မှန်တယ်။ မကြာသေးခင်က သူက မြက်ဟောင်းကို တကယ်ပြန်စားချင်နေတာလား၊ ဒါမှမဟုတ် မြက်ဟောင်းရဲ့ အရသာကို စွဲလမ်းနေတာလား? မရနိုင်တဲ့ အရာတွေက အမြဲတမ်း အကောင်းဆုံးပဲလို့ ထင်ရပေမဲ့ တကယ်တော့ အကောင်းဆုံး မဟုတ်ဘူး။ ဒါက လူတစ်ယောက်က တစ်ခုခုကို မရနိုင်တဲ့အခါ မကျေမနပ်ဖြစ်နေတဲ့ ခံစားချက်ကြောင့်ပဲ။ ဒါကြောင့် ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ သူ(မ)ကို ပြောလိုက်တယ်”

လျန်စီးစီး ခဏရပ်လိုက်ပြီး ပြောလိုက်သည်။

“သူ(မ)က သူ့ကို ချစ်သေးတယ်လို့ ပြောတုန်းပဲ၊ ပြီးတော့ သူကလည်း သူ(မ)ကို ချစ်တယ်လို့ ခံစားနေရတယ်တဲ့"

ချန်းရော့ယွီ သက်ပြင်းချလိုက်သည်။

လျန်စီးစီးက ပြောလိုက်သည်။

“သူ(မ)ကို ဘယ်လိုမှ ပြောပြလို့ မရတော့ဘူး။ အဲ့ဒါနဲ့ ငါ သူ(မ)ကို ပြောလိုက်တယ်၊ ဒီယောက်ျားက သူ(မ/နဲ့ ဆက်ဆံရေးရှိနေတုန်းမှာ တခြားမိန်းမတစ်ယောက်နဲ့လည်း တွဲနေတယ်၊ ပြီးတော့ တန်ဖိုးကြီးလက်ဆောင်တွေလည်း တခြားမိန်းမကို ပို့ပေးခဲ့တယ်။ ဒီယောက်ျားက သူ(မ)ကို အရမ်း ချစ်နေတုန်းပဲလို့ သူ(မ) ဆက်ထင်နေသေးရင်တော့ ငါ ဘာမှ ပြောစရာ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီယောက်ျားက ငါ့လူမဟုတ်တော့ဘူး၊ ဒါကြောင့် သူ(မ) သဘောပဲ”

“ယွမ်တစ်သောင်းတန် လက်စွပ်ကိုတောင် စာပို့နဲ့ ပို့ခဲ့တာ။ တကယ့်ကို လုံခြုံမှု မရှိဘူး။ ပျောက်သွားတာ ဒါမှမဟုတ် အခိုးခံရတာမျိုး ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ?”

ချန်းရော့ယွီသည် မှတ်ချက်ပေးပြီး သူမရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်လိုက်သည်။

"ရော့ယွီ၊ ဒါက အဓိကအချက်လား?”

လျန်စီးစီးသည် သူမကို မဆူပူဘဲ မနေနိုင်တော့ပေ။

“ကောင်းပြီ”

ချန်းရော့ယွီသည် ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်၏။

“နင် သူ(မ)ကို ပြောလိုက်ပြီဆိုတော့ ကျန်းမင်လန်က ဘယ်လို ပြန်ဖြေလဲ?”

လျန်စီးစီး ပြန်မဖြေခင်မှာပင် သူမ နောက်ထပ် ဝါကျတစ်ခုကို ထပ်ထည့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် လက်စွပ်ကို စာပို့နဲ့ ပို့တယ်ဆိုတာက တကယ်ကို အရမ်းပေါက်ဖော်ဆန်တယ်၊ အရသာ မရှိဘူး၊ ပြီးတော့ ရွံစရာကောင်းတယ်လို့ ငါ ဆက်ပြီးထင်နေတုန်းပဲ”

"ရော့ယွီ......"

“ကောင်းပြီ၊ ငါ မှတ်ချက်မပေးတော့ဘူး။ နင် ဆက်ပြောလို့ရပြီ”

သူမရဲ့အတင်းအဖျင်းစိတ်ဓာတ်ဟာ စပ်စုမှုဖြင့် လောင်ကျွမ်းနေပြီး သူမ တကယ့်ကို နားထောင်ချင်နေတယ်။

“ဒီယောက်ျားက သူ(မ)ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ဘူးဆိုတာကို သူ(မ)နားလည်နိုင်ရင် ငါတို့ နှစ်ယောက်စလုံး လက်စွပ်ကို ရောင်းပြီး ပိုက်ဆံကိုခွဲယူမယ်လို့ ငါ ကျန်းမင်လန်ကို ပြောလိုက်တယ်။ ဒီယောက်ျားက သူ(မ)ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်လို့ သူ(မ)ခံစားရပြီး သူ့ကို အခြေအနေမရှိ ချစ်ဖို့ အသည်းအသန် ဖြစ်နေရင်တော့ ငါ ပိုက်ဆံအကုန်လုံးကို ငါ့အတွက်ပဲ ယူလိုက်မယ်၊ ပြီးတော့ ဒီသတင်းစကားကို ကျိုးဟောက်ဆီကို ကူညီပြီး သယ်ဆောင်ပေးဖို့လည်း သူ့ကို ပြောလိုက်တယ်။ ဟုတ်တာပေါ့၊ နောက်ပိုင်းမှာ သူ(မ) သူ့ကို ကွာရှင်းတဲ့အချိန် သူ(မ)ပိုပြီး ကြိုးစားပြီး သူတို့ရဲ့ မိသားစုပိုင်ပစ္စည်းရဲ့ ဝေစုကို နည်းနည်း ပိုရအောင် ယူတာကလည်း သူ(မ)အတွက် ပိုကောင်းလိမ့်မယ်”

ချန်းရော့ယွီ အသံထွက် ရယ်မောလိုက်သည်။

စီးစီးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အမျိုးသမီးပဲ!

“ဪ၊ ဟုတ်သားပဲ၊ ကျန်းမင်လန်က နင့်ရဲ့ ချစ်သူလို့ဆိုတဲ့ ယောက်ျားတစ်ယောက် ရှိတယ်၊ ပြီးတော့ သူ(မ)ကို ကောင်းကောင်း ဆူခဲ့တယ်လို့ ပြောခဲ့တယ်... အဲဒါ ဒေါက်တာမုန့်လား?”

“အာ၊ ဒီကိစ္စ...”

ချန်းရော့ယွီသည် အနည်းငယ် ရှက်သလို ခံစားရပြီး တိုးတိုးလေး ပြောလိုက်သည်။

“သူ... ရုတ်တရက် သူက ငါ့ကို သဘောကျတယ်လို့ ပြောခဲ့တယ်။ ငါတို့... ငါတို့ အခု... အားလုံး ရှင်းရှင်းလင်းလင်း ဆွေးနွေးခဲ့ပြီးပြီ၊ ဒါပေမဲ့ နည်းနည်း ရှုပ်ထွေးနေတယ်”

“အာ မပြောပါနဲ့တော့၊ ဘာများ ရှုပ်ထွေးစရာ ရှိလို့လဲ? သူ နင့်ကို စိတ်မဝင်စားဘူးဆိုရင် နင့်ကို ရန်မစဘူးဆိုတာ ငါ အရင်က မပြောခဲ့ဘူးလား?”

“ဟမ်? ဒါပေမဲ့ နင်လည်း သူ့ကို လိုက်ချင်တယ်လို့ မပြောခဲ့ဘူးလား?”

“သူ စိတ်ချရလားဆိုတာကို ငါ စမ်းသပ်ခဲ့တာ။ သူက ပေါ့ပေါ့ပါးပါး ကစားချင်တာဆိုရင်တော့ ငါ သေချာပေါက် သူ့ကို ကန်ထုတ်ဖို့ နင့်ကို အကြံပေးမှာပဲ။ ဒါပေမဲ့ သူက ငါ့ကို ဂရုမစိုက်ဘူး၊ ငါတို့ အတူတူ ထမင်းစားနေတုန်းမှာတောင် သူက နင့်အကြောင်းပဲ မေးချင်နေခဲ့တ။။ ဒါကြောင့် သူ ငါ့ရဲ့စမ်းသပ်မှုကို အောင်မြင်တယ်။ ငါက နင်နဲ့ သူ့ရဲ့ ဆက်ဆံရေး ဘယ်လိုတိုးတက်လာမယ်ဆိုတာကိုပဲ မထိန်းချုပ်နိုင်တာပါ”

“အာ? ဒါဆို တကယ်တော့ ဒီလိုလား”

“‘တကယ်တော့’ ဆိုတာ ဘာကိုဆိုလိုတာလဲ? နင်က အရမ်း အတာ၊ ငါ အများကြီး ပြောလိုက်ရင် သေချာပေါက် ရှုပ်ထွေးသွားလိမ့်မယ်”

“ဪ”

“နင် ‘အာ’ တွေနဲ့ ‘ဪ’ တွေပဲ ပြောနေတယ်။ မြန်မြန်၊ အခု ဘယ်လို အဆင်ပြေနေလဲ ပြောပြပါဦး?”

“အဲဒါက... အတူတူနေပြီးမှ ကြည့်ရမှာ၊ ပြီးတော့ သဘာဝအတိုင်း ဖြစ်ပါစေပေါ့။ ဒီနေ့ သူ ငါ့ကို ငါတို့ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက်အတွက် အတင်းအကျပ် ပြောင်းလဲဖို့ မလိုဘူးလို့ ပြောတယ်။ အဆင်ပြေပြီး ပျော်ရွှင်နေသရွေ့ ရတယ်တဲ့”

“ဒါက အဓိပ္ပာယ်မဲ့တဲ့ စကားပဲ။ ချစ်မိရင် ဘယ်သူက မပြောင်းလဲဘဲ နေမှာလဲ? နင် အများကြီး ပြောင်းလဲသွားတယ်ဆိုတာကို မသိဘူးလား?”

“အာ? တကယ်လား?”

သူမ လုံးဝ မခံစားရပေ။ သူမက သူ့ရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့တာ။

“ဒါပေမဲ့...”

လျန်စီးစီးသည် ဖုန်းတစ်ဖက်မှ ရယ်မောလိုက်၏။

"ရော့ယွီ၊ နင် သူ့ကို သေသေချာချာ စောင့်ကြည့်နိုင်တယ်။ သူ မပြောင်းလဲဘူးလို့ ခံစားရရင်တော့ နင် စိတ်ချနိုင်ပြီ။ နင် သတိမထားမိဘဲ တဖြည်းဖြည်း ရောက်ရှိလာတဲ့ ဒီလိုခံစားချက်မျိုးက အချစ်စစ်ပဲ”

Trans

All Chapters