← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

ဒွိဟချစ်သံယောဇဉ်:

Chapter 52-မင်းကတုံးလိုက်တာ

ဒီညမှာ ချန်းရော့ယွီ အရမ်းကောင်းကောင်း အိပ်ခဲ့ရတယ်။

နောက်တစ်နေ့ မနက်ခင်းမှာတော့ အလုပ်သွားရန် ဘတ်စ်ကားပေါ် ထိုင်နေတဲ့အချိန် မုန့်ကုဆီ မက်ဆေ့ခ်ျတစ်စောင်မပို့ဘဲ မနေနိုင်တော့ပေ။

~ ဟယ်လို။ နေ့သစ်တစ်နေ့ စတင်ပြီနော်။ ဒေါက်တာမုန့်က သေလုနီးပါးသူတွေကို ကယ်တင်ဖို့၊ ဒဏ်ရာရထားတဲ့သူတွေကို ဂရုစိုက်ဖို့နဲ့ နေမကောင်းတဲ့သူတွေကို ကုသဖို့ ကြိုးစားရမယ်

မက်ဆေ့ခ်ျ ပို့လိုက်ပြီးတဲ့နောက် မုန့်ကုဆီက စာပြန်တာကို သူမ မရခဲ့ပေ။ သူမ ဂရုမစိုက်ဘဲ အချိန်ကို ကြည့်လိုက်၏။ မုန့်ကုသည် သူ့လူနာဆောင်တွေမှာ တာဝန်ပတ်နေသင့်ပြီ။ သူ့ကို အဖြူရောင်ကုတ်အင်္ကျီကြီးနှင့် တွေးမိတဲ့အခါ သူမ မပြုံးဘဲ မနေနိုင်တော့ပေ။

ဘတ်စ်ကားပေါ် ထိုင်နေရတာ နည်းနည်း ပျင်းစရာကောင်း၏။ ဘတ်စ်ကားအပြင်ဘက်မှာ သူမ အမြဲတမ်း မြင်နေရတဲ့ ရင်းနှီးတဲ့ မြင်ကွင်းများ ရှိနေပြီး ဘတ်စ်ကားပေါ်မှာတော့ လူအုပ်ကြီးအကြောင်း စိတ်ဝင်စားစရာ ဘာမှ မရှိပေ။ သူမ စိတ်ပျံ့လွင့်စွာ ခဏထိုင်ပြီးမှ သူမ အမြဲတမ်း ဆောင်ထားသည့် စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်လိုက်သည်။ သူမ မနေ့က ရက်စွဲကို ချရေးလိုက်ပြီး အဲ့ဒီနောက် ရေးလိုက်သည် ~ မစ္စတာတိုင်ရန်နိုဆောရပ်စ် ပြောစရာစကားပျောက်နေတယ်။ အရင်ကလို လျှာစောင်းမထက်တော့ဘူး - ပြောင်းလဲမှု ရှိတယ်~

အင်း... သူမ ဖတ်ကြည့်ပြီး ကျေနပ်သွားသည်။ မှတ်မိနေတာထက် ချရေးထားတာက ပိုကောင်းတယ်။ သူမ ခဏလောက် စဉ်းစားပြီးမှ သတိရလိုက်သည် ~ ဘာမှမပြောဘဲ ဖုန်းချသွားတယ်၊ ယဉ်ကျေးမှု မရှိဘူး– ပြောင်းလဲမှု မရှိဘူး~

ဒီအချိန်မှာပဲ သူမ မုန့်ကုဆီက စာပြန်ခြင်းကို လက်ခံရရှိလိုက်သည်။

~မိန်းကလေး မင်း စကားစဖို့ ကြိုးစားနေတာလား?

ချန်းရော့ယွီ ကိုယ့်ဘာသာကိုယ် ပြုံးလိုက်ပြီး ခဏလောက် ဘာပြန်ဖြေရမှန်း မသိတော့တာကြောင့် တိတ်ဆိတ်နေသည်။

ခဏအကြာမှာတော့ မုန့်ကုက နောက်ထပ်မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။

~ မင်း ကိုယ်နဲ့ ချိန်းတွေ့ဖို့ စဉ်းစားနေတာလား?ကိုယ်နဲ့ ချိန်းတွေ့ဖို့ စီစဉ်တာ ဒီလောက် မလွယ်ဘူး။

သူမ ရယ်မောလိုက်ပြီး ခဏလောက် စဉ်းစားကာ သူမရဲ့စာအုပ်ငယ်လေးထဲမှာ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထပ်ရေးလိုက်သည် ~ မောက်မာတယ်၊ ကိုယ့်ကိုကိုယ် အရမ်း အထင်ကြီးတယ် – ပြောင်းလဲမှု မရှိဘူး။

သူမ ကြည့်လိုက်ပြီး ဒီနေ့ရဲ့ ရက်စွဲကို စာကြောင်းရှေ့မှာ ထည့်လိုက်သည်။

ခဏလောက် စဉ်းစားပြီးတဲ့နောက် ချိန်းတွေ့ဖို့ အချိန်တန်ပြီဆိုတဲ့ နိဂုံးကို သူမ ရောက်ရှိလာသည်။ ဒီလိုလုပ်ခြင်းအားဖြင့် သူနဲ့ ပိုပြီးတော့ ထိတွေ့ခွင့်ရကာ လေ့လာနိုင်မယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကြား ကိစ္စတွေနဲ့ သူတို့ရဲ့ အနာဂတ်အကြောင်းကိုလည်း သူနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်။

သူမ ဘတ်စ်ကားပေါ်မှာ နည်းနည်းကြာကြာ ထိုင်ပြီးတဲ့နောက် ရောက်ရမယ့် နေရာကို ရောက်ရှိလာသည်။ သူမ ဘတ်စ်ကားပေါ်ကနေ ဆင်းနေတုန်းမှာပဲ မက်ဆေ့ခ်ျအကြောင်းကြားသံနဲ့အတူ သူမရဲ့ လက်ကိုင်ဖုန်း မြည်လာတာကို ကြားလိုက်ရသည်။

လူနည်းတဲ့နေရာမှာ ရပ်လိုက်ပြီး သူမရဲ့ ဖုန်းကို ထုတ်ကြည့်လိုက်တဲ့အခါ မုန့်ကုဆီက ထပ်ဖြစ်နေတာကို တွေ့လိုက်ရသည်။ စာထဲမှာ ရေးထားတာ-

~ အရေးပါတဲ့သူပေါ့လေ(ဘစ်ရှော့)? ကိုယ့်ရဲ့ မက်ဆေ့ခ်ျကို စာမပြန်တာလား? ဒီနေ့ ဂုဏ်သိက္ခာ ထားနေတာလား? ညွှန်ကြားချက်တွေပေးပြီးတော့ လျစ်လျူရှုထားတာလား?

သူမ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အချိန်အကြာကြီး စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

~ လူငယ်လေး၊ ကြိုးစားပါဦး။

ပို့ရန်ခလုတ်ကို နှိပ်လိုက်ပြီးတဲ့နောက် သူမ နောင်တရသွားသည်။ သူမ အဲ့ဒီဝါကျရဲ့ အသုံးအနှုန်းနဲ့ လေသံကို ပိုပြီး ဂရုစိုက်ခဲ့သင့်တယ်။ သူမရဲ့ စိတ်ထဲမှာရှိတဲ့ လေးနက်တဲ့ အသွင်အပြင်နဲ့ လေသံကို အဲ့ဒီဝါကျကနေတစ်ဆင့် သူ့ခေါင်းထဲကို ဖော်ပြနိုင်ပါ့မလားလို့ သူမ တွေးလိုက်မိ၏။

သူ အဓိပ္ပာယ်ကို နားမလည်ဘူးဆိုရင် စိတ်ဝင်စားစရာဖြစ်မှာ မဟုတ်ဘူး။

အိုက်ယား... အိုက်ယား... သူမ မပို့ခင် ပိုပြီးစဉ်းစားခဲ့သင့်တာ။ အခုမှ ဒီဝါကျကိုပြင်ဖို့က အကျိုးသက်ရောက်မှု မရှိတော့ဘူး။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကိုယ့်ကိုကိုယ် ဒေါသထွက်သွားသည်။

မုန့်ကုဘက်ကနေ ပြန်မပြောတဲ့အတွက် ချန်းရော့ယွီသည် ရုံးသို့သွားရာလမ်းတစ်လျှောက် သူ့ကို ဘယ်လိုစကားလုံးတွေနဲ့ စနောက်ရပါ့မလဲ ဟု စဥ်းစားရင်း လမ်းလျှောက်လာသည်။

ရုံးကိုရောက်တဲ့အခါ ထိုင်ချလိုက်ပြီး အိတ်ကိုချ၊ ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။ ကွန်ပျူတာကို ဖွင့်လိုက်ပေမယ့် အလုပ်လုပ်ဖို့ စိတ်တောင်မဝင်သေးခင်မှာပဲ ဖုန်းထဲကနေ မက်ဆေ့ခ်ျဝင်လာသည့် အသံမြည်လာပြန်သည်။

သူမ အလျင်အမြန် ဖုန်းကို ကောက်ယူကြည့်လိုက်သည်။ သူက...

~ ဒီနေ့ စောစောဆင်းနိုင်မယ် ထင်တယ်။

သူမ ပြုံးလိုက်ပြီး ဒီနေ့အလုပ်အချိန်ဇယားကို စဥ်းစားလိုက်သည်။ တကယ်တော့ ဒီနေ့မသွားဘဲ နောက်နေ့မှ လက်လီဆိုင်နှစ်ဆိုင်ကို သွားကြည့်လည်း အဆင်ပြေတယ်။ မစ္စတာ မက်မွန်ပွင့်တောအုပ်ကို မတွေ့ရတာ ကြာပြီ မဟုတ်လား။

စိတ်ကို ငြိမ်အောင်ထားပြီး စဥ်းစားကြည့်ပေမယ့်လည်း ထူးထူးခြားခြား စကားလုံးတစ်လုံးမှ ထွက်မလာသည့်အတွက် ရိုးရှင်းတဲ့အဖြေကိုသာ ပြန်ပေးလိုက်သည်။

~ ကျွန်မရောပဲ။

ဒီတစ်ကြိမ်တော့ သူမက သူမရဲ့ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားပြီး ကျစ်လျစ်စွာ ဖော်ပြနိုင်ခဲ့တယ်လို့ ထင်သည်။

တစ်နေ့လုံး ချန်းရော့ယွီသည် အလုပ်မှာ စိတ်ကို မဖြောင့်နိုင်ဘဲ အလုပ်မတွင်ခဲ့ပါ။ တစ်ကြိမ်တစ်ခါတောင် မဟုတ်ဘဲ မကြာခဏဆိုသလို သူမရဲ့ ဖုန်းကို ထုတ်ကြည့်နေပေမယ့်လည်း မုန့်ကုဆီကနေ မက်ဆေ့ခ်ျအသစ်ဖြစ်စေ၊ ဖုန်းခေါ်ဆိုမှုဖြစ်စေ လုံးဝ မလာပေ။ ဒါပေမဲ့လည်း ညနေပိုင်းမှာ ချိန်းဆိုထားတာကို သတိရလိုက်တဲ့အခါ သူမ စိတ်ထဲမှာ အနည်းငယ် ပျော်ရွှင်ခြင်း၊ အနည်းငယ် စိုးရိမ်ပူပန်ခြင်းနှင့် မျှော်လင့်တကြီးဖြစ်ခြင်းများ လွှမ်းခြုံလာသည်။

သူမ အလုပ်ဆင်းချိန်ကိုပဲ တမ်းတမျှော်လင့်နေမိတော့၏။

သူမ စဉ်းစားမိတာလည်း ရှိသေးတယ်......သူမ။အိမ်ပြန်ပြီးတော့ အဝတ်အစားလဲသင့်လား?

အဆုံးမှာတော့ သူမ ဘာမှမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီပုံစံအတိုင်း။မွေးလာတာပဲလေ ပြီးတော့ သူမရဲ့အဝတ်အစားတွေကို လဲလိုက်ရင်တောင်မှ အဲ့ဒါက သူမရဲ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲသွားစေမှာမဟုတ်ဘူး။

သူမ သူနဲ့အချစ်ရေးတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် သူမရဲ့ အလှအပအားနည်းမှုကို သူ အသားကျ‌ပြီးရင်းနှီးစေအောင် လုပ်ထားတာ အကောင်းဆုံးပဲ။

>>>>>>>>>>

ညနေခင်း အလုပ်ဆင်းချိန်တွင် ချန်းရော့ယွီ ဆက်ပြီးတော့ ထိုင်မနေနိုင်တော့ပေ။သူမက မန်နေဂျာကို ဧည့်သည်တစ်ဦးနှင့်တွေ့ဖို့ရှိတယ်ဆိုပြီး အကြောင်းပြချက်ပေးကာ ကုမ္ပဏီကနေ စောစောထွက်လာခဲ့လိုက်သည်။သူမ အနည်းငယ် စိတ်လှုပ်ရှားနေပြီးတော့ ရှက်ရွံ့နေ၏။သူမ ဘတ်စ်ကားပေါ်တက်၍ ဆေးရုံကို တိုက်ရိုက်သွားလိုက်သည်။အလုပ်ပြီးလို့ သူမက သူ့ကို အောက်ထပ်မှာစောင့်နေတာကိုသာ မုန့်ကု မြင်သွားရင် သူ ထိတ်လန့်တကြား ထခုန်သွားမလား?

သူမ သူ့အမူအရာကို စိတ်ကူးကြည့်မိတဲ့အခါ အလွန်အမင်း တက်ကြွလာသည်။

သူမကို ဆေးရုံကိုရောက်တဲ့အခါ ခွဲစိတ်ဆောင်ရဲ့ပထမထပ်ရှိ လော်ဘီကိုသွားပြီး ထိုင်နေလိုက်သည်။သူမရဲ့နာရီကိုကြည့်လိုက်၏။ခြောက်နာရီထိုးရန် နှစ်မိနစ်ပဲလိုတော့ပြီး မုန့်ကု သူ့ရုံးခန်းကနေ ထွက်လာနေလောက်ပြီ ဖြစ်သည်။

သူမ အသက်ပြင်းပြင်းရှူ၍ သူမရဲ့အချိန်ကိုက်ရောက်ရှိလာမှုကို ဝမ်းသာနေသည်။

သူမက ခဏလောက် ထိုင်နေပြီးတော့မှ သူမထိုင်နေတဲ့နေရာကနေဆိုရင် ဓာတ်လှေကားတံခါးပေါက်တစ်ခုထဲ မြင်နိုင်တာကို သတိပြုမိသွား၏။သူက ဆန့်ကျင်ဘက်မှာရှိတဲ့ အခြားဓာတ်လှေကားတစ်ခုကနေ ထွက်သွားရင် ဘယ်လိုလုပ်မလဲ?

ဒါကြောင့် သူမ နောက်ထပ် ထိုင်တဲ့နေရာကို ပြောင်းလိုက်ပြီး ဒီတစ်ကြိမ်မှာတော့ သူမ နှစ်ဖက်လုံးက ဓာတ်လှေကားများကို မြင်နိုင်သွားသည်။ဒါပေမဲ့ အတွင်းဆုံးကျသည့်ဓာတ်လှေကားကို သူမ မမြင်နိုင်ဆဲဖြစ်ပြီး သူမ ကြည့်တဲ့အခါတိုင်း လည်ပင်းဆန့်၍ ကြည့်ရသည်။

ချန်းရော့ယွီ သူမရဲ့လည်ပင်းကိုဆန့်တန်း၍ ကြည့်နေတုန်းမှာပဲ ရုတ်တရက် သူနာပြုထန်နဲ့အခြားရင်းနှီးသည့် သူနာပြုနှစ်ယောက် ဆင်းလာတာကို မြင်လိုက်ရသည်။သူမ လန့်သွားပြီးတော့ နောက်ပြန်ကျုံ့ကာ သူမရဲ့လည်ပင်းကို လိမ်သလိုဖြစ်သွားပြီး နာကျင်မှုဖြင့် ညည်းတွားလိုက်သည်။

အဆောက်အဦးထဲတွင် ဝင်လာလိုက်၊ထွက်သွားလိုက် ပြုလုပ်နေသည့် လူပေါင်းများစွာရှိသည်။ဒါဟာ ပုံမှန်အားဖြင့် လူအရှုပ်ဆုံးအချိန်ဖြစ်ပြီး တာဝန်ချိန်များလဲလှယ်တာ၊ဧည့်တွေ့ချိန်၊လူနာများ လမ်းလျှောက်ဆင်းလာတာ၊လူနာတွေရဲ့မိသားစုများက အစားအသောက် လာပို့တာ စသဖြင့်........

ကြီးမားတဲ့လူအုပ်ကြီးတွေဟာ ဓာတ်လှေကားများရှေ့တွင် စုစည်းနေကြသည်။

လူအုပ်ကြီးတွေက တစ်အုပ်ပြီးတစ်အုပ် ရွေ့လျားနေကြပြီး ချန်းရော့ယွီသည် မုန့်ကုရဲ့အရိပ်အယောင်ကို မတွေ့ရပေ။သူမ အနည်းငယ် စိုးရိမ်လာပြီးတော့ သူနဲ့လွဲသွားပြီလားဆိုတာ သိချင်မိသည်။သူမ စောင့်ပြီးရင်းစောင့်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။သူမရဲ့ဖုန်းကို ထုတ်ယူလိုက်တဲ့အချိန်မှာပဲ ၎င်းက အသံမြည်လာ၏။

မုန့်ကုဆီကနေ ဖုန်းခေါ်တာ ဖြစ်နေသည်။

"ချန်းရော့ယွီ မင်း အလုပ်ဆင်းနေပြီလား?"

"ရှင် အလုပ်ဆင်းပြီလား"

လူနှစ်ယောက်က တပြိုင်နက်တည်း ပြောလိုက်ကြသည်။

"အင်း.....မင်းရော?အိမ်ပြန်နေပြီလား?"

မုန့်ကုသည် အရင်မေးလာ၏။

"ရှင် အောက်ထပ်ဆင်းလာပြီလား?"

ပြန်ဖြေရမယ့်အစား ချန်းရော့ယွီက မေးလိုက်သည်။

"အောက်ထပ်လား?"

မုန့်ကု၏လေသံက အနည်းငယ်အံ့ဩသွားပုံပေါက်သည်။အဲ့ဒီနောက် သူက မေးလိုက်၏။

"မင်း ဆေးရုံမှာလား?"

"ဟင့်အင်း......မဟုတ်ပါဘူး ကျွန်မက ဒီအတိုင်းမေးလိက်တာ"

ချန်းရော့ယွီသည် သူမထိုင်ခုံဆီကို အလိုလို နောက်ပြန်ကျုံ့သွား၏။သူမ သူ့ကို စပရိုက်စ်လုပ်ချင်သေးတယ်။

"မင်း ဘယ်အချိန် အိမ်ပြန်ရောက်မှာလဲ?"

သူက ဆက်မမေးတော့ပေမယ့် သူ့လေသံက သူမနဲ့ချိန်းတွေ့ချင်တဲ့ပုံ ပေါက်နေသည်။ဒါကို စိတ်ချင်းဆက်တာလို့ ယူဆလို့ရလား?သူမ နည်းနည်းပျော်သွားပြီ။

"ခဏလောက်နေရင် ကျွန်မ အိမ်ပြန်ရောက်ပြီ"

သူမဘာသာ ပြုံးလိုက်၏။သူမ မတ်တပ်ရပ်ပြီးတော့ နှစ်ဖက်လုံးက ဓာတ်လှေကားများကို တက်ကြွစွာ ကြည့်လိုက်သည်။

"ရှင် အလုပ်ဆင်းရင် အိမ်မြန်မြန် ပြန်ပြီးတော့ အနားယူသင့်တယ်နော်"

သူမ အဲ့ဒါကို တမင်တကာ ပြောလိုက်တာ။သူမက သူ့ကို အံ့အားသင့်သွားအောင် လုပ်ချင်တာလေ။

"အိုခေ....ဒါဆို မင်းလည်း အိမ်ပြန်ပြီး အနားယူသင့်တယ်"

သူက တကယ်ကြီး တူညီတဲ့စကားလုံးတွေကို ပြောလာသည်။

"တာ့တာ!"

သူမက ပြောပြီးတာနဲ့ ပျော်ရွှင်စွာဖြင့် ဖုန်းကိုအရင်ဆုံးချလိုက်သည်။သူ သိပ်မကြာခင် ဆင်းလာတော့မှာဖြစ်ပြီး သူမ နည်းနည်းစိတ်လှုပ်ရှားနေတယ်။

နှစ်ဖက်စလုံးတွင် ဓာတ်လှေကားများဟာ အပေါ်တက်လိုက်၊အောက်ဆင်းလိုက်၊တံခါးများ ပွင့်လာလိုက်၊ပိတ်သွားလိုက် ဖြစ်နေပေမယ့် မုန့်ကုရဲ့အရိပ်အယောင်ကို သူမ မမြင်ရသေးချေ။ချန်းရော့ယွီ သံသယဖြစ်စွာဖြင့် မျက်မှောင်ကြုတ်သွား၏။ဒီလူဘာဖြစ်တာလဲ?သူက အပေါ်ထပ်မှာပဲ နေ,နေဖို့ ရည်ရွယ်ထားတာလား?

သူမ မုန့်ကုကို ဖုန်းခေါ်သင့်၊မခေါ်သင့် တွေဝေနေတဲ့အချိန်မှာပဲ မုန့်ကုက သူမကို ထပ်ပြီးတော့ ဖုန်းခေါ်လာသည်။

"မင်း ဆေးရုံအောက်ထပ်မှာလား"

"အာ?"

သူ သူမကို ရှာတွေ့သွားပြီလား?ချန်းရော့ယွီ ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။

"ရှင် ကျွန်မကို မြင်တာလား?ဒါပေမဲ့ ရှင်က ဘယ်မှာလဲ?ကျွန်မ ရှင့်ကိုမတွေ့ဘူး"

"မင်းက တုံးလိုက်တာ"

"ရှင်ကမှတုံးတာ"

သူမ အနည်းငယ် ‌မပျော်မရွှင်ဖြစ်သွားပြီး သူ့ကိုရှာဖို့အတွက် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တော့သည်။

"ရှင် ဘယ်မှာ ပုန်းနေတာလဲ"

"အိုင်း!"

မုန့်ကုသည် အခြားတစ်ဖက်ကနေ ခပ်ပြင်းပြင်း သက်ပြင်းချလိုက်သည်။

"ကိုယ်က မင်းအိမ်အောက်မှာ"

"ဟမ်?"

သူမ ကြက်သေ,သေသွားသည်

"မင်းက တုံးတာကို။စောနလေးတင် ငါ မင်းကို မေးတုန်းက မင်းက ဘာလို့ လိမ်ပြီးတော့ ဆေးရုံမှာ မဟုတ်ဘူးလို့ ပြောခဲ့တာလဲ?ငါသာ တစ်ခုခုမှားနေတယ်လို့ မခံစားရဘဲနဲ့ မင်းကို ဖုန်းပြန်မခေါ်ရင် ငါတို့တွေ အချင်းချင်း ဘယ်လောက်ကြာအောင် စောင့်နေရမလဲဆိုတာ မသိနိုင်ဘူး"

"ရှင်က ကျွန်မအိမ်အောက်ထပ်မှာ ဘာလုပ်နေတာလဲ?ပြီးတော့ စောနတုန်းက ရှင် အဲ့ဒီနေရာမှာရှိနေတယ်ဆိုတာတောင် ကျွန်မကို မပြောခဲ့ဘူးလေ!"

"မင်း မေးလို့လာ?"

မုန့်ကုသည် အလွန်ဒေါသထွက်နေပုံပေါက်၏။

"ငါ မင်းကို ဘယ်အချိန် အိမ်ပြန်ရောက်မှာလဲဆိုပြီး မေးတဲ့အချိန်တုန်းက မင်းက ခဏနေရင် ရောက်မှာဆိုပြီး ပြောခဲ့တာလေ။အဲ့တော့ ငါလည်း မြန်မြန်အိမ်ပြန်ဆိုပြီး နောက်ကလိုက်ပြောရတာပေါ့။ဒီတော့ ငါ ပြောတာ ဘာများမှားလို့လဲ?"

"ဘာဖြစ်ဖြစ် ကျွန်မ ရှင့်ကို ‌ဆေးရုံမှာ‌ စောင့်နေတာ ဘာမှားလို့လဲ?ကျွန်မ ဒီကိုရောက်တဲ့အချိန်တုန်းက ရှင် အလုပ်ဆင်းဖို့ အချိန်နှစ်မိနစ်လောက် လိုသေးတာ အသိသာကြီး။ရှင် ဘယ်လိုလုပ် အဲ့လောက်မြန်မြန် ပျောက်သွားရတာလဲ?"

"တခြားဘာမှလုပ်စရာမရှိတော့တာနဲ့ စောစောထွက်လာခဲ့တာ"

"ရှင်က ဘာဖြစ်လို့ အဲ့လောက်အစောကြီးထွက်သွားတာလဲ?ကျွန်မက တမင်တကာ အလုပ်ကနေ စောစောဆင်းပြီးတော့ ဒီလာပြီး ရှင် အံ့အားသင့်သွားအောင် စောင့်နေတာ!"

"ငါရောပဲလေ!"

သူ့အသံဟာ ကျယ်လောင်ပြီး ပြင်းထန်နေသည်။ချန်းရော့ယွီ ရုတ်တရက် ရှက်သွေးဖြာသွား၏။

သူလည်း တူညီတဲ့အရာကို လုပ်ခဲ့တာပဲ!သူမ အရမ်းပျော်သွားပြီ!

"ဒါဆို.......ဒါဆို......"

သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် လွဲသွားကြပြီ။ဘာလုပ်ကြမလဲ?

"ဒါဆို..ဒါဆို...ဘာလဲ?မင်းကအရမ်းတုံးတာပဲ!အဲ့ဒီမှာစောင့်နေ!ထပ်ပြီးတော့ ဟိုပြေးဒီပြေး ပြေးမနေနဲ့တော့!"

မုန့်ကုသည် စကားပြောပြီးတာနဲ့ ဖုန်းချသွား၏။

ချန်းရော့ယွီ သူမရဲ့ဖုန်းကို ဘေးချပြီးတော့ မပြုံးဘဲ မနေနိုင်တော့ချေ။သူမ တကယ့်ကို ပျော်နေပြီး အဆူခံရပြီးတာတောင် ပျော်နေတုန်းပဲ။

မုန့်ကု ရောက်လာဖို့ အချိန်အနည်းငယ်ကြာမယ်ဆိုတာ သူမ သိပေမယ့်လည်း ဆေးရုံအပေါက်ဝကို အပြေးသွားဆဲပင်။ဒီအချိန်ဟာ အလုပ်ဆင်းတဲ့အချိန်ဖြစ်တာကြောင့် ကားလမ်းပိတ်မှုဟာ ပြင်းထန်သည်။သူမ လမ်းပေါ်က ဖြတ်သွားတဲ့ ကားတွေကို ရေတွက်နေပြီး သူ ရောက်လာဖို့ အချိန်တော်ကြာဦးမယ်လို့ တွေးလိုက်သည်။

ဒါပေမဲ့ သူမက အလျင်စလို မဖြစ်ဘဲ စိတ်ခံစားချက်ကောင်းနေတာကြောင့် စပြီးတော့ သီချင်းဆိုနေလိုက်သည်။

🎵ငါ မင်းကိုချစ်တာကြောင့် မဟုတ်ရင်...ဘာလို့ အောက်ထပ်မှာ စောင့်နေမှာလဲ?

အချိန်အကြာကြီး စောင့်နေခဲ့ရတာတောင် ငါ မင်းကို မမြင်ရသေးဘူး...ငါ မင်းကိုလွမ်းတယ်....သတိရတယ်....ငါ မင်းကို တွေ့ချင်မိတယ်

မင်းကိုချစ်တာကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ အလုပ်ဆင်းတဲ့အချိန် လာကြိုရမှာလဲ?

လမ်းပေါ်မှာ ကားတွေအများကြီးရှိပြီး လူတွေရှုပ်နေတယ်။ငါ မင်းကိုလွမ်းတယ်....သတိရတယ်.....ငါ မင်းကို တွေ့ချင်မိတယ်

အချစ်ဆိုတာ လူတွေအတွက် နှိပ်စက်ခြင်းတစ်မျိုးပဲ....ကိန်းဂဏန်းတွေရဲ့ထူးဆန်းတဲ့ ပေါင်းစပ်မှုကြောင့် အမှားတစ်ခုပဲကွာ....ငါ စိတ်တိုရတယ်.....

ကားမောင်းနေတုန်း စိတ်မလောနဲ့.....မင်းရဲ့နှလုံးသားထဲမှာ ငါ့အကြောင်းကို စဉ်းစားနေလိုက်စမ်းပါ🎵

သူမဟာ မော့ဝမ်ဝေ့ရဲ့ 'အချစ်' ဆိုတဲ့သီချင်းကို သူမရဲ့ကိုယ်ပိုင်သီချင်းစာသားတွေနဲ့ ပရမ်းပတာဖြစ်သွားအောင် သီဆိုနေသည်။ဒါပေမဲ့ သီချင်းကို ထပ်ခါတလဲလဲ သီဆိုပြီးတဲ့နောက် ရုတ်တရက် သူမက အရမ်းအရည်အချင်းရှိတာပဲလို့ ခံစားမိပြီး ခံစားချက်တွေ လွှမ်းခြုံလာသည်။

ဒါက မုန့်ကုရဲ့စိတ်အခြေအနေ ဖြစ်သင့်တယ်!သူမက မုန့်ကုကို အချစ်သီချင်းတစ်ပုဒ် ရေးဖွဲ့ဖို့ ကူညီပေးတာပဲ!

ဒီအတွေးဖြင့် သူမ လျင်မြန်စွာပဲ သီချင်းစာသားကို ချရေးလိုက်သည်။သူမ မုန့်ကုကို ဒီသီချင်းဆိုတတ်အောင် သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်၏။သီချင်းကို သူမရဲ့ဗားရှင်း သီဆိုပြီးတော့ သူမအတွက် သူ့ရဲ့ရိုးသားမှုကို ဖော်ပြပေးရမယ်။

သူမ သီချင်းစာသားတွေကို ပြန်ဖတ်ပြီးတော့ ပြန်ဆိုလိုက်သည်။အင်း.......အဲ့ဒါက အရမ်းချောမွေ့နေပြီးတော့ ကာရန်အရမ်းကိုက်တယ်....မုန့်ကုကို စိတ်ကြိုက်ဗားရှင်းနဲ့ နှစ်သိမ့်နေတဲ့အတိုင်းပဲ။သူမ ပျော်ရွှင်ပြီးတော့ စိတ်လှုပ်ရှားနေကာ အဲ့ဒီနောက် ကားဟွန်းသံ ကြားလိုက်ရသည်။

သူမ ခေါင်းကိုမော့၍ ကြည့်လိုက်တော့.........မုန့်ကု ရောက်လာပြီ။

ပျော်ရွှင်စွာဖြင့် သူမ ကားဆီပြေးသွားပြီးတော့ ကားတံခါးဖွင့်ကာ အထဲမှာ ထိုင်လိုက်သည်။သူမရဲ့လှုပ်ရှားမှုများက ချောမွေ့နေပြီး တိမ်တွေပေါ်မှာ ပျံ့လွင့်နေသည့်အတိုင်း ထိန်းမရဖြစ်နေသည်။မုန့်ကုသည် သူမကို သံသယဖြစ်စွာကြည့်၍ မေးလာသည်။

"ဘာဖြစ်တာလဲ?"

"ကောင်းတဲ့ကိစ္စတစ်ခုရှိတယ်!"

"ငါ ဘာလို့ နိမိတ်မကောင်းတာကို ခံစားမိနေတာလဲ?"

"ကျွန်မ ဘယ်လိုလုပ်သိမှာလဲ?"

ချန်းရော့ယွီ ပုခုံးတွန့်လိုက်သည်။

မုန့်ကုသည် သူမကို အချိန်တော်ကြာကြည့်၍ အဲ့ဒီနောက် သူက မေးလိုက်သည်။

"မင်း ဘာစားချင်လဲ"

"ကျွန်မသာ ဒူးရင်းသီးစားပွဲတော်ကြီး စားရမယ်ဆိုရင် အရမ်းပျော်သွားမှာ!"

မုန့်ကုသည် စကားမပြောဘဲ သူမကို ~မင်း ဘာလုပ်ချင်နေတာလဲ~ဆိုတဲ့ အကြည့်တစ်ချက်သာ ပေးလာသည်။

ချန်းရော့ယွီသည် သူမခေါင်းကိုစောင်း၍ အကြုံပြုချက်ကို ပြောင်းလဲလိုက်၏။

"နောက်ဆုံးတစ်ခေါက် ရှင် ကျွန်မကို ခေါ်သွားတဲ့ နေရာပဲ သွားကြမယ်လေ။စားသောက်ဆိုင်အသေးလေးကို သူတို့မှာ ခေါက်ဆွဲပြုတ်၊ဆူရှီ၊ဆာကေး ရတဲ့ဆိုင်လေး...."

ထိုနေရာက သူမနဲ့သူ့ရဲ့ဆက်ဆံရေးကို အရေးပါတဲ့အပြောင်းအလဲ ဖြစ်စေခဲ့တဲ့နေရာလို့ သူမ ခံစားမိတယ်။အဲ့ဒီနေရာက သူတို့တွေ ပျော်စရာအကောင်းဆုံး စကားတွေပြောကြပြီးတော့ အမှတ်ရစရာအကောင်းဆုံး ပထမဆုံးနေရာလည်း ဖြစ်တယ်။

ဒီနေ့က သူတို့ရဲ့ ပထမဆုံး တရားဝင် ချိန်း‌တွေ့တာဆိုမှတော့ အဲ့ဒီနေရာကို သွားသင့်တာက အမှန်ပဲ။

ဒါ့အပြင် အဓိကအချက်က သူမ ဆာကေးနည်းနည်းသောက်ပြီးတော့ သူမရဲ့သတ္တိကို တိုးမြှင့်ဖို့ လိုအပ်တယ်။အဲ့ဒီနောက်မှသာ သူမက သူ့ကို 'ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်' ဆိုတဲ့ သီချင်းကို ဆိုတတ်အောင် သင်ပေးနိုင်မှာ......

All Chapters