← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

ဒွိဟချစ်သံယောဇဉ်:

Chapter 53-First Date

အရင်အတိုင်းပဲ ၎င်းဟာ သေးငယ်တဲ့ ဂျပန်စားသောက်ဆိုင်လေးတစ်ခုပင်။

ခေါက်ဆွဲပြုတ်၊ဆူရှီ၊အရံဟင်းပွဲများ၊ဆာကေးနှင့် လက်ဖက်ရည် ရရှိနိုင်သည်။

ဆာကေးအရက်ကို မှာတဲ့သူက ချန်းရော့ယွီဖြစ်ပြီး၊ မုန့်ကုကတော့ လက်ဖက်ရည်ပဲ သောက်သည်။

သူမက ဆာကေးကို မှာယူရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ရှင်ကတော့ သောက်လို့မရဘူးနော်။ ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးရမှာ"

"ကိုယ် သောက်လို့မရတာကို သိရဲ့သားနဲ့ ဘာလို့ ဆာကေးကို မှာရတာလဲ"

"ကျွန်မ သောက်ချင်လို့လေ"

သူမက ရဲရဲဝံ့ဝံ့ ပြန်ဖြေလိုက်သည်။

မုန့်ကုက သူမကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး အငြင်းမပွားတော့ပေ။ သူမရဲ့ဝိုင်ခွက်ငယ်လေးထဲသို့ ဆာကေးကိုပင် သူကိုယ်တိုင် ဂရုတစိုက် ငှဲ့ပေးလိုက်သေးသည်။

ချန်းရော့ယွီ ပျော်ရွှင်စွာဖြင့် ဆာကေးကို တစ်ငုံမော့ချလိုက်ပြီးနောက် လည်ချောင်းကို တစ်ချက်ရှင်းကာ အတည်ပေါက်ဖြင့် မေးလိုက်သည်။

"ဒေါက်တာမုန့်၊ ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လက်ထပ်ဖို့ရည်ရွယ်ပြီး ချစ်သူတွေ ဖြစ်နေကြတာ၊ မှန်တယ်နော်"

"မှန်တယ်"

မုန့်ကုရဲ့ ချက်ချင်းဆိုသလို အခိုင်အမာ ပြန်ဖြေလိုက်တဲ့ စကားကြောင့် ချန်းရော့ယွီ အရမ်းကျေနပ်ဝမ်းသာသွားသည်။

"ဒါဆိုရင် ဘာလို့ ကျွန်မနဲ့ ချစ်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တာလဲ"

"အဲဒါက အကျိတ်က အပုပ်လား၊ အကောင်းလား ဆိုတာကို ဆုံးဖြတ်ရသလိုပဲ"

သူမ ကြောင်အသွားတယ်။

"အဲဒါကို ဘယ်လို ဆုံးဖြတ်တာလဲ"

"ရှုပ်ထွေးတဲ့ သိပ္ပံနည်းကျ စစ်ဆေးမှု လုပ်ငန်းစဉ်ပဲလေ"

သူမက နှုတ်ခမ်းကို မဲ့လိုက်သည်။

"ရှင်ပြောတဲ့ ပုံစံမျိုးနဲ့ဆိုရင် ကျွန်မလည်း 'ဖောက်သည်က အာမခံပေါ်လစီမှာ လက်မှတ်ထိုးလိုက်တာနဲ့ ဆုံးဖြတ်ပြီးသားပဲ' လို့ ပြောလို့ရတာပဲ။ တွေ့လား၊ ဒီလိုဆိုရင် ကျွန်မတို့နှစ်ယောက်ကြားမှာ ကွာခြားချက်တွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို ရှင်က တမင် ဖန်တီးနေတာပဲ"

"အွန်း..."

မုန့်ကုသည် 'အွန်း' ဆိုသော စကားသံကိုပင် ထုတ်လိုက်သည်။ သူက အရံဟင်းပွဲကနေ တစ်လုပ်ယူစားပြီး စိတ်လွတ်ကိုယ်လွတ်နှင့် ဆာကေးကို သူ့ဘာသာ ငှဲ့ယူလိုက်သည်။ ချန်းရော့ယွီ သူ့လက်ကို ရိုက်ချလိုက်တဲ့အခါမှ လက်ကို လှည့်ကာ လက်ဖက်ရည်ခွက်ကိုယူ၍ သောက်လိုက်သည်။

"ကွာခြားတာ ဘာများရှိလို့လဲ။ ပေါ်လစီပိုင်ရှင်က အာမခံကို ဖျက်သိမ်းနိုင်သလို၊ အကျိတ်ကလည်း ပြန်ဖြစ်လာနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်ခြေက အတူတူပဲ။ ဒါပေမဲ့ အစကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်နေတယ်ဆိုတာက မတူဘူးလား"

"နည်းနည်းတော့ ဆီလျော်သလိုပဲ။ ဒါပေမဲ့ ကျွန်မကတော့ လူသိများပြီး ခံစားမှုပိုပါတဲ့ အတည်ပြုနည်းကိုပဲ ကြိုက်တယ်"

သူမသည် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကိုတွန့်ချိုးလိုက်၏။ ဆရာဝန်ကို ချစ်သူတော်ထားရတာ ပထမဆုံး ပြဿနာ စပေါ်လာပြီ။ ဘာလို့များ လုံးဝကို ရိုမန့်တစ်မဆန်ရတာလဲ။ အကျိတ်က အပုပ်လား၊ အကောင်းလားကိုတောင် အတည်ပြုရသတဲ့။ သူမကများ အကျိတ်လား?

မုန့်ကုက ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ အဲ့ဒီနောက် ရုတ်တရက် ရှေ့သို့ ကိုင်းလာပြီး သူမရဲ့မေးစေ့ကို ဆုပ်ကိုင်ကာ သူမနှုတ်ခမ်းပေါ်သို့ နမ်းရှိုက်လိုက်သည်။

အတွေးထဲမှာ နစ်မြောနေတဲ့ ချန်းရော့ယွီ လန့်ဖြန့်သွားပြီး "ဝေး!" ဟု အသံတိုးတိုးလေး ထွက်ကာ အလျင်အမြန်ပင် သူ့ကို တွန်းဖယ်လိုက်သည်။

သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ကံကောင်းထောက်မစွာဖြင့် သူတို့သည် လူကွယ်နေတဲ့ ထောင့်တစ်နေရာတွင် ထိုင်နေကြသည့်အတွက် ဘယ်သူကမှ အာရုံစိုက်ခြင်း မပြုကြချေ။

"ရှင် ဘာလုပ်တာလဲ!"

"ကိုယ်က လူသိများပြီး ခံစားမှုပိုပါတဲ့ အတည်ပြုနည်းကို သုံးလိုက်တာပါ"

မုန့်ကုက ခပ်ပြုံးပြုံးဖြင့် ပြောလာသည်။

"ရှင်က မုန်းစရာကောင်းတယ်။ ကျွန်မက အတည်ပြောနေတာ!"

"ကိုယ်လည်း အတည်ပြောနေတာ!"

"မဟုတ်ဘူး!"

သူမ ဆက်ပြောရန် ကြံရွယ်နေသည့်အချိန်မှာပဲ စားပွဲထိုးလေး ရောက်လာပြီး ခေါက်ဆွဲပြုတ်နှင့် ဆူရှီများကို ချပေးလိုက်သည်။ သူမ ချက်ချင်းပင် သေသေဝပ်ဝပ် ပြန်ထိုင်လိုက်ပြီး မျက်နှာကို တည်လိုက်သည်။

မုန့်ကုသည် သူမရဲ့ပုံစံကိုကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။ သူမက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စားပြီးမှ ဆက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အရံဟင်းပွဲကနေ ဟင်းသီးဟင်းရွက်တစ်မျိုးကို ယူလိုက်တဲ့အခါ မုန့်ကုက အဲ့ဒီဟင်းကို လှမ်းယူသွားသည်။ သူမက ဆူရှီကို ကောက်ယူလိုက်တဲ့အခါမှာလည်း သူက ဆူရှီကိုပါ လှမ်းယူပြန်သည်။

နောက်ဆုံးမှာတော့ ချန်းရော့ယွီသည် သည်းမခံနိုင်တော့ဘဲ နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်။

"ဒေါက်တာမုန့်၊ ကျွန်မတို့က ဆက်ဆံရေးရဲ့ ချစ်ကျွမ်းဝင်မှု ရှာဖွေနေတဲ့ အဆင့်မှာ ရှိနေတာဆိုတော့ ရှင်က ပိုပြီးတော့ ဂရုစိုက်ပြသင့်တာ မဟုတ်ဘူးလား"

"ကိုယ်ကတော့ ကိုယ်တို့က ချစ်နေတဲ့အဆင့်ကို ရောက်နေပြီလို့ ခံစားရတယ်"

ချစ်နေတဲ့အဆင့်ရောက်ပြီဆိုတိုင်း သူမရဲ့ အစားအစာတွေကို လိုက်လုနေစရာ လိုလို့လား?

"ဒါက ဘယ်လိုမျိုး အချစ်နဲ့ သံယောဇဉ်ကို ဖော်ပြတာမျိုးလဲ"

သူမက မထီမဲ့မြင် ပြောလိုက်သည်။

"ယောက်ျားတစ်ယောက်ရဲ့ ဖော်ပြခြင်းပေါ့"

သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလာသည်။

သူမက မျက်စောင်းထိုးကြည့်လိုက်သည်။ သူက ပြန်ကြည့်ပြီးတော့ ညင်သာစွာ ပြုံးလိုက်ကာ သူမဆီကနေ လုယူထားတဲ့ ဆူရှီနောက်ဆုံးတစ်တုံးကို ကောက်ယူ၍ သူမနှုတ်ခမ်းဝသို့ မြှောက်ပေးလိုက်သည်။

ဒီလိုအပြုအမူမျိုးကို သူမ လက်ခံချင်လာပြီး ပါးစပ်ကို ဖွင့်၍ ယူလိုက်သည်။ သူမ မျှော်လင့်မထားတာကတော့ သူက အဲ့ဒီဆူရှီထဲမှာ ဝါဆာဘီကို တိတ်တဆိတ် ပိုထည့်ထားခြင်းပင်။ ၎င်းရဲ့ပြင်းရှတဲ့အစပ်ဓာတ်ကြောင့် သူမရဲ့ဦးရေပြားပင် ထုံကျဉ်သွားသကဲ့သို့ ခံစားရပြီး မျက်ရည်များပင် ကျလာသည်။

သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမအတွက် တစ်ရှူးစ အနည်းငယ်ကို ဆွဲထုတ်ပေးကာ လက်ဖက်ရည်ခွက်ကိုပါ လှမ်းပေးလိုက်လေသည်။

ချန်းရော့ယွီ ရှက်ရွံ့ပြီး စိတ်ရှုပ်ထွေးနေသည်။ မျက်ရည်များကို သုတ်ရင်း သူမစိတ်ထဲမှာ 'ဒီလို ချစ်သူမျိုးကို မလိုချင်ဘူး၊ ညင်သာပြီး ဂရုတစိုက်ရှိတဲ့သူမျိုးကိုပဲ လိုချင်တယ်' ဟု တွေးနေမိသည်။

မုန့်ကုကတော့ ရယ်မောမြဲ ရယ်မောနေဆဲပင်။ သူသည် တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ပြီး သူမရဲ့ မျက်နှာကို ကူသုတ်ပေးရင်း ရယ်မောလျက် ကြည့်နေသည်။

နောက်ဆုံးမှာတော့ ချန်းရော့ယွီ ကိုယ့်ကိုကိုယ် ပြန်ထိန်းနိုင်သွားပြီး သူမရဲ့လက်သီးနှစ်ဖက်ဖြင့် သူ့ကို ထိုးကြိတ်ပစ်လိုက်သည်။ မုန့်ကုက သူမရဲ့ လက်ချက်ကို ခံယူရင်း ရယ်မောနေဆဲဖြစ်ကာ ဆူရှီ နောက်တစ်ပွဲ ထပ်စားဦးမလားဟုပင် မေးလိုက်သေးသည်။

သူမ သူ့ကို မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ပြီးနောက်၊ သူမရဲ့မှတ်တမ်းစာအုပ်လေးကို ထုတ်ယူကာ သူ့အတွက် ဒေါသနှင့် ပြည့်နေသည့် မှတ်ချက်တစ်ခုကို ရေးသွင်းလိုက်သည်-

~ ကလေးဆန်တယ်၊ ဂရုမစိုက်တတ်ဘူး၊ ပြောင်းလဲမှုမရှိ ~

မုန့်ကုက သူမ ရေးနေတာကို ကြည့်ဖို့ ရှေ့ကို ကိုင်းလိုက်သည်။ သူမကလည်း သူ ခိုးကြည့်လို့မရအောင် စာအုပ်ကို ချက်ချင်း အရှိန်ဖြင့် ပိတ်ချလိုက်သည်။ အဲ့ဒီနောက် သူ့ကို လုံးဝ လျစ်လျူရှုထားကာ ကိုယ့်ဟင်းပွဲကို အားရပါးရ ငုံ့စားနေသည်။

သူက သူ့ခေါက်ဆွဲပြုတ်ပန်းကန်ထဲမှ အသားများကို ဖယ်ထုတ်၍ သူမကို ပေးလိုက်ရာ သူမက မငြင်းဆန်ဘဲ ယူစားလိုက်သည်။ သူ့ပန်းကန်ထဲကနေ ဘဲဥပြုတ်ကိုပါ ထပ်ပေးလာတဲ့အခါ သူမက ကုန်အောင် စားလိုက်ပြန်သည်။ သို့သော် သူမသည် သူ့ကို လုံးဝ ပြန်မကြည့်ပေ။ သူ့အပေါ် အရှိန်မသေသေးသည့် ဒေါသက ကျန်ရှိနေသေး၏။

သူမရဲ့ခေါက်ဆွဲပန်းကန် ကုန်သွားသောအခါ မုန့်ကုဘက်မှ လှုပ်ရှားမှု မရှိတာကို တွေ့ရ၍ မော့ကြည့်လိုက်သည်။ သူက သူမကို ပြုံးပြုံးလေးဖြင့် စိုက်ကြည့်နေသည်။

သူမရဲ့မျက်နှာသည် ရဲခနဲ ဖြစ်သွား၏။

"ဘာတွေ ကြည့်နေတာလဲ"

သူမက တမင် ခပ်ကြမ်းကြမ်း မေးလိုက်သည်။ ဒီကောင် ဒီလူဆိုးကြီးက သူမကို အမြဲတမ်း အနိုင်ကျင့်နေတာပဲ၊ သူမကလည်း သူ့အပေါ် ယဉ်ယဉ်ကျေးကျေး ပြုမူစရာ မလိုတော့ဘူး!

"ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို ကြည့်နေတာ"

"ဘယ်သူက သဘောတူလို့လဲ"

"သဘောတူထားပြီးသား ရှိတယ်လေ။ ခုနကမှ လက်ထပ်ဖို့ ရည်ရွယ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာ မဟုတ်ဘူးလား"

"ဒါပေမဲ့ ခုနက ရှင်က ကျွန်မကို လှောင်ခဲ့လို့ ကျွန်မ ပြန်စဉ်းစားရတော့မယ်"

မုန့်ကုက ပြုံးလိုက်ပြီး သူမရဲ့မျက်နှာကို ဖျစ်ညှစ်လိုက်သည်။

"ကိုယ့်ချစ်သူကောင်မလေးကို စနောက်တာက သူ(မ)အပေါ် ခံစားချက်ကို ဖော်ပြတဲ့ နည်းလမ်းပဲ။ မင်း မသိဘူးလား"

"အဲဒါက ရှင်က သူဌေးရင်းနဲ့ ရဲအရာရှိလဲ့ဖုန်းတို့နဲ့ သူငယ်ချင်းဖြစ်တာကို ဖော်ပြတဲ့ ထူးဆန်းတဲ့နည်းလမ်းမျိုးလိုလား? ဒါ ဘယ်လိုယုတ္တိလဲ"

"ယောက်ျားတွေရဲ့ ယုတ္တိပေါ့"

ချန်းရော့ယွီသည် နှုတ်ခမ်းကို တွန့်ချိုးကာ သူ့အပေါ် ဒေါသထွက်မိပြန်သည်။

"ရှင်က ကိုယ့်ချစ်သူကောင်မလေးကို ပိုပြီးတော့ နူးနူးညံ့ညံ့ ဆက်ဆံသင့်တယ်။ နည်းနည်း ပိုပြီးတော့ ကြင်နာသင့်တယ်။ သူ(မ)ကို သူ(မ)သဘောအတိုင်း လွှတ်ထားပေးပြီး၊ သူ(မ)ပြောတာကို နားထောင်၊သူ(မ)လိုချင်တာ မှန်သမျှ ပေးသင့်တယ်..."

မုန့်ကုသည် သူမစပွစိပွစိ ပြောဆိုမှုများကို လျစ်လျူရှုထားပြီး သူမရဲ့ပါးစပ်ကို ပိတ်သွားစေရန် အစားအစာအချို့ကို ကောက်ယူကာ ခွံ့ကျွေးလိုက်သည်။

သူမက အဲ့ဒီအစားအစာကို မြိုချလိုက်ပြီး ဆာကေးတစ်ခွက် သောက်လိုက်သည်။ ထို့နောက် သူမတို့နှစ်ဦးကြားက အစီအစဉ်များနှင့် ပြဿနာများကို သူနှင့် အတည်တကျ ဆွေးနွေးရန် ရည်ရွယ်ပြီး သူမ၏ မှတ်တမ်းစာအုပ်လေးကို ဖွင့်လိုက်သည်။

ဒါပေမဲ့ ဒီကိစ္စကို ဘယ်လို ဆွေးနွေးရမလဲ?

အချစ်ကို အစီအစဉ်ချမှ ချစ်လို့ရတယ်ဆိုရင်၊ ဒါ အချစ်စစ်မှ ဟုတ်ပါ့မလား?

ခြေလှမ်း တစ်သောင်းလောက် ဆုတ်ပြီး စဉ်းစားကြည့်ရင်တောင်မှ အစီအစဉ်တွေ ရှိတယ်ဆိုပါဦးတော့၊ အချစ်ရဲ့ သဘာဝ နိယာမ ပြောင်းလဲမှုတွေကို အမီလိုက်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲဒါက သေချာပေါက် ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်စေမှာတော့ မဟုတ်ဘူးပေါ့။

အစပိုင်းမှာ သူမက သူ့ကို လိုက်ဖို့ အစီအစဉ်ချခဲ့တယ်၊ နောက်ဆုံးတော့ မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်းမှာ သူ့နဲ့ သူငယ်ချင်းကောင်းတွေဖြစ်ဖို့ ထပ်ပြီး အစီအစဉ်ချခဲ့ပေမဲ့ နောက်ဆုံးတော့ အကြာကြီး မခံခဲ့ဘူး။

ဒါကြောင့် ချိန်းတွေ့တဲ့ အစီအစဉ်ဟာ အသုံးမဝင်ဘူး။ အစီအစဉ်... ဆိုတာကို အချစ်က အသုံးမဝင်ကြောင်း သက်သေပြဖို့ ကစားစရာလို သုံးနေတာပဲ။

အစီအစဉ်မရှိဘူးဆိုရင်၊ သူမက သူ့ဆီကနေ ဘာကို အတည်ပြုချင်တာလဲ?

ဒါမှမဟုတ် စီးစီးနဲ့ လန်လန်တို့ရဲ့ အတွေ့အကြုံတွေကို စဉ်းစားပြီး သူ့ကို ဆွေးနွေးရမလား?

ချန်းရော့ယွီသည် မှတ်တမ်းစာအုပ်ငယ်ကို ကြည့်လိုက်ပြီး လျန်စီးစီးနှင့် ကောင်းယွီလန် နှစ်ဦးစလုံး ပြောခဲ့ဖူးသည့် အချက်များကို ချရေးလိုက်သည်။

ဥပမာ- သူတို့ဟာ လက်ရှိမှာ ကိုယ့်ချစ်သူအပေါ် ယုံကြည်မှု ရှိမရှိ၊ သူတို့ ချစ်သူတွေက သူတို့အတွက် ပြောင်းလဲသွားတာကို ခံစားရမရ။ အတင်းအကျပ် ပြောင်းလဲတာမျိုးမဟုတ်ဘဲ တခြားတစ်ယောက်အတွက် သဘာဝအတိုင်း ပြောင်းလဲသွားတာမျိုး။

ဒါမှမဟုတ် သူတို့ရဲ့ ချစ်သူတွေကြောင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားထိမိခဲ့ရခြင်း ရှိမရှိ? ရေရှည် တိုးတက်မှုကို အားပေးပြီး သူတို့ရဲ့ ခံစားချက်တွေကို မြှင့်တင်ပေးတဲ့ ခံစားမှုမျိုးလား?

ဒါပေမဲ့ ဒီအချက်နှစ်ချက်ကို ပြောလိုက်ရင် သက်ဆိုင်သူနှစ်ဦးက တမင်တကာ စဉ်းစား၊ တမင်တကာ ပြသကြပြီး နောက်ဆုံးမှာတော့ အရာအားလုံးက ဆန့်ကျင်ဘက် ဖြစ်ကုန်မှာ မဟုတ်ဘူးလား?

သူမသည် အချက်နှစ်ချက်ကို စာအုပ်ထဲ မှတ်သားလိုက်ပြီးနောက် အနည်းငယ် စိတ်ဆင်းရဲနေသလို ခံစားလိုက်ရ၏။

"ဘာလို့ အဲဒီလောက် ညှိုးငယ်တဲ့ ပုံစံမျိုးနဲ့ မျက်နှာပျက်နေရတာလဲ"

"ဘယ်လို ချစ်ရမလဲဆိုတာ စဉ်းစားနေတာ"

သူမက ညှိုးငယ်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

"မင်းပုံစံက ဘယ်လို ကွာရှင်းရမလဲ၊ ခင်ပွန်းပိုင်ဆိုင်သမျှကို ဘယ်လို သိမ်းယူရမလဲဆိုတာ စဉ်းစားနေတဲ့ပုံပဲ"

သူမသည် ထိုအမူအရာကို တစ်စက္ကန့်မျှ စိတ်ကူးဖြင့် မြင်ယောင်လိုက်ပြီးနောက် မှတ်တမ်းစာအုပ်ငယ်ကို သိမ်းလိုက်ကာ တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်သည်။ ဆာကေးတစ်ခွက်ကို မော့ချလိုက်ပြီး မေးခွန်းတစ်ခုကို ပစ်ပေါက်လိုက်၏။

"ဒေါက်တာမုန့်၊ ကျွန်မတို့ ဘယ်လို စတင်သင့်တယ်လို့ ရှင် ထင်လဲ"

"စတင်ပြီးသားပဲလေ"

မုန့်ကုက သူမအား ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်သည်။

"ဒါဆို ဘယ်လို ဆက်သွားမလဲ"

"စတင်ခဲ့သလိုပဲ ဆက်သွားရမှာပေါ့"

အဲ့ဒါက သူ ဘာမှမပြောတာနဲ့ အတူတူပဲ။

ချန်းရော့ယွှီသည် ဆာကေး နောက်တစ်ခွက် ထပ်သောက်လိုက်၏။ သူမသည် အတည်တကျ စဉ်းစားပြီးနောက် စိတ်ကူးတစ်ခု ရလိုက်သည်။

"အိုး... ကျွန်မတို့မှာ တစ်ယောက်နဲ့တစ်ယောက် ပုံတောင် မရှိသေးဘူး"

သူမ သူမရဲ့ဖုန်းကို ထုတ်လိုက်ပြီးမှ စိတ်ကူးကို ပြောင်းလိုက်သည်။ မုန့်ကုရဲ့ဖုန်းက ပိုပြီး ခေတ်မီတယ်။ ဒါကြောင့် သူ့ကို ဖုန်းထုတ်ခိုင်းလိုက်သည်။

သူက သူ့ဖုန်းကို သူမအား ပေးလိုက်ပြီး ကံမကောင်းစွာဖြင့် သူမသည် ထိုဖုန်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မသိတာကြောင့် သူ့ကိုပင် ကိုယ်တိုင် လုပ်ခိုင်းလိုက်ရသည်။ အဲ့ဒီနောက် နှစ်ယောက်သား ခေါင်းချင်းအပ်ကာ ဆဲလ်ဖီဓာတ်ပုံကို အတူတူ ရိုက်လိုက်ကြသည်။

သူမသည် ဓာတ်ပုံကို ကြည့်ရင်း အရမ်းပျော်ရွှင်သွားပြီး မုန့်ကုကို သူမဖုန်းထဲသို့ ပို့ခိုင်းလိုက်သည်။

မုန့်ကုသည် ဓာတ်ပုံကို သူမဆီ ပို့ပေးနေရင်း မကျေမနပ် ဖြစ်နေသည်။

"ဘာလို့ နေ့ခင်းဘက် အလင်းရောင်ကောင်းကောင်းနဲ့ ဓာတ်ပုံမရိုက်တာလဲ။ ဒီနောက်ခံက ကြည့်လို့လည်း မကောင်းဘူး၊ မီးရောင်ကလည်း မှုန်နေတော့ ပုံက မကြည်ဘူး"

သူမက သူ့စကားကို ဂရုမစိုက်ပေ။ ဓာတ်ပုံကို လက်ခံရရှိတဲ့အခါ ဘယ်ညာကြည့်ရင်း အရမ်းကျေနပ်အားရနေသည်။

"နောက်မှ အလင်းရောင် ကောင်းကောင်းနဲ့ တစ်ပုံ ထပ်ရိုက်တာပေါ့။ အခုမှ စိတ်ကူးပေါက်တာဆိုတော့ ရိုက်သင့်တယ်။ ကြည့်ပါဦး၊ ဒီပုံက ကောင်းတယ်။ ကျွန်မတို့ ချစ်နေကြတာကို ပြနေတယ်။ ဒီလို ချိုမြိန်တဲ့ အခိုက်အတန့်လေးကို ကြည့်ချင်တဲ့အချိန် ကြည့်လို့ရပြီလေ"

သူက သူ့ဖုန်းထဲရှိ ဓာတ်ပုံကို ကြည့်လိုက်သည်။ ဓာတ်ပုံရိုက်သည့် ထောင့်ကြောင့် သူမရဲ့မျက်နှာသည် ပုံမှန်ထက် ပိုကြီးနေပြီး သူမကလည်း မိုက်မဲစွာ ပြုံးနေသည်။

"ဒီပုံက အရမ်းရုပ်ဆိုးတာပဲ"

သူက ဝေဖန်လိုက်သည်။

"ဟေး! ဖျက်ပစ်ဖို့ လုံးဝ ခွင့်မပြုဘူးနော်။ သိမ်းထားရမယ်။ ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ဓာတ်ပုံပဲ၊ တန်ဖိုးရှိတယ်"

"မိန်းမတွေ!"

မုန့်ကုက ခေါင်းခါသည်။

"ဒီပုံကို ကိုယ့်ဖုန်း မျက်နှာပြင်မှာ လာမထားခိုင်းဖို့ မျှော်လင့်ပါတယ်"

'သတ်သော်မှ မထားဘူး' ဟူသည့် အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်နေသည်။

"ဘယ်သူက ထားခိုင်းလို့လဲ"

ချန်းရော့ယွီက ဓာတ်ပုံကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်သည်။

"ကျွန်မလည်း မထားပါဘူး"

သူမရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာ မစ္စတာမက်မွန်ပွင့်တောအုပ်ပုံရှိနေပြီး အဲ့ဒီပုံကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပေ။

မုန့်ကု သံသယဝင်သွားပြီး သူမရဲ့ဖုန်းကို လှမ်းယူကြည့်လိုက်သည်။

"မင်းက ဖုန်းမျက်နှာပြင်မှာ ဘယ်ပုံကို ထားထားတာလဲ"

"အယ်၊ အယ်... ဓာတ်ပုံ မဟုတ်ဘူး"

ချန်းရော့ယွီသည် သူမရဲ့နှလုံးသား နက်ရှိုင်းတဲ့ အစိတ်အပိုင်းကို အစစ်ဆေးခံရသလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။

"ပြန်ပေး!"

မုန့်ကုသည် သူမ၏ ဖုန်းကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးမှ သူမကို တစ်ချက်ပြန်ကြည့်ကာ ဘာစကားမှ မပြောဘဲ ဖုန်းကို ပြန်ပေးလိုက်သည်။

သူမက ဖုန်းကို ပြန်ယူလိုက်ပြီး စိတ်ထဲမှာ အနည်းငယ် ပူပန်သွားသည်။ သူမက သူ့ကို ဖုန်းမျက်နှာပြင်ပေါ်မှာ အစောကြီးကတည်းက တင်ထားခဲ့တာကို သူ တွေ့သွားမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ သူမသည် ချောင်းနှစ်ချက်ဟန့် သူ့အာရုံကို လွှဲကာ စပ်စုသည့်ဟန်ဖြင့် မေးလိုက်သည်။

"ရှင်က ဖုန်းမျက်နှာပြင်မှာ ဘယ်ပုံကို ထားထားတာလဲ"

"ရော့၊ ဒီမှာ"

သူက မတွန့်မဆုတ်ဘဲ ပြလာသည်။ ဖုန်းအသစ်ဝယ်စက ပါလာသည့် ပုံသေ (Default) မျက်နှာပြင်သာ ဖြစ်၏။

"စိတ်မဝင်စားစရာပဲ"

သူမက အထင်သေးစွာဖြင့် ပြောလိုက်သည်။

သူက ဘာမှ မထူးခြားသလို နေနေသည်။

"ရပါတယ်။ မင်းသာ ကိုယ့်ဖုန်းမျက်နှာပြင်ကို လာမပြောင်းခိုင်းရင်၊ ပိုက်ဆံအိတ်ထဲမှာ ပုံထည့်မထားခိုင်းရင်၊ စတစ်ကာ ဓာတ်ပုံရိုက်ဖို့ မခေါ်သွားရင် ရပြီ"

သူမက ပြုံးလိုက်သည်။

"အရင်က ချစ်သူတွေက အဲလို လုပ်ခိုင်းခဲ့ဖူးတာလား"

သူသည် သတိထားဟန်ဖြင့် ပြန်မဖြေချေ။

သူမက ပြုံးမြဲပြုံးလျက် ဆက်ပြောသည်။

"စိတ်မပူပါနဲ့။ ကျွန်မက အဲလို ကိစ္စတွေ ဘာတစ်ခုမှ လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ရှင်အတွက် ပိုပြီး တီထွင်ဖန်တီးထားတဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်"

"ဘာလဲ"

သူက ပိုပြီး သတိဝီရိယရှိလာသည်။

"အမ်..."

သူမသည် ထိုအစီအစဉ်ကို စဉ်းစားလိုက်သောအခါ အနည်းငယ် ရှက်ရွံ့သွားသည်။

လျင်မြန်စွာပဲ ဆာကေး နောက်တစ်ခွက်ကို မော့ချလိုက်၏။

"ခဏနေ အပြင်ရောက်မှ ပြောပြမယ်"

သူမက အခိုင်အမာ ပြောလိုက်သည်။ သူ့ကို သီချင်းဆိုခိုင်းဖို့ဆိုရင် လူသူကင်းရှင်းတဲ့ နေရာကို ရှာရမှာပေါ့။

သူမကို စိုက်ကြည့်ရင်း မုန့်ကုသည် သူမ၏ နီရဲနေသော မျက်နှာကို တွေ့လိုက်ရသည်။

"မင်း ရှက်ရလောက်အောင် ဖြစ်စေတဲ့ ကိစ္စမှန်သမျှကို ငါ စိတ်ဝင်စားတယ်"

သူမသည် ဆာကေးကြောင့် သီးသွားပြီး နှုတ်ခမ်းကို အလျင်အမြန် သုတ်လိုက်သည်။

"ရှင် စိတ်ဝင်စားတာ ကောင်းပါတယ်"

ရုတ်တရက် သူက ရှေ့ကိုင်းလာပြီး သူမရဲ့ပါးပြင်ပေါ်ကို နမ်းရှိုက်လိုက်သည်။

"မျက်နှာတစ်ခုလုံး နီရဲနေတာပဲ"

သူမက သူ့ကို တွန်းဖယ်လိုက်ပြီး မျက်စောင်းထိုးကာ ကလေးဆန်စွာ ဆန္ဒပြလိုက်သည်။

"ဒါ လူမြင်ကွင်းနော်"

သူ့မျက်လုံးများ ပိုမို နက်ရှိုင်းသွားပြီး ရှည်လျားသည့် လက်ချောင်းသွယ်သွယ်များက သူမရဲ့ မျက်နှာကို ညင်သာစွာ ထိတွေ့လိုက်သည်။

"ပိုပြီး နီလာပြီ။ ဒီကို လာ၊ ကိုယ် နမ်းဦးမယ်"

"အတင်း မလုပ်နဲ့"

ချန်းရော့ယွီသည် သူ့ဆီကနေ ခပ်ခွာခွာ ဘေးသို့ ရွေ့လိုက်ပြီး ဆာကေးကို နောက်တစ်ငုံ သောက်လိုက်သည်။ သူသာ ဆက်ပြီး အခွင့်ကောင်းယူနေမယ်ဆိုရင် သူ့ကို အပြင်ကို ဆွဲထုတ်ပြီး အဲ့ဒီသီချင်းကို ဆိုခိုင်းပစ်လိုက်တော့မယ်!

မုန့်ကုက ရယ်မောလိုက်ပြီး သူမကို ဆွဲယူကာ သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။

"ကိုယ်က ဘာကို အတင်းလုပ်နေလို့လဲ"

သူသည် အသံတိုးကာ မေးလိုက်သည်။

"အတင်း...အတင်း ကျွန်မရဲ့ မိဘတွေကို ရှင်နဲ့ မိတ်ဆက်ပေးဖို့... အိုက်ယား!"

သူမသည် ဆွေးနွေးချင်သော အကြောင်းအရာကို ရုတ်တရက် သတိရသွား၏။

"ဟုတ်သားပဲ၊ ဒေါက်တာမုန့်။ ကျွန်မ မိဘပြဿနာကို ဖြေရှင်းရဦးမယ်"

"ဒီပြဿနာကို ယောက်ျားလေးဆီ လွှဲပေးလိုက်လို့ ရတယ်"

သူ့ကို မိဘတွေဆီ အိမ်ခေါ်သွားပြီးတော့ သူ့ကို ပြလိုက်ရင် မိဘများက သူ့ကို စိတ်မကျေနပ်သည့် ခံစားချက် ရှိလိမ့်မယ်လို့တော့ သူ မထင်ပေ။

"မရဘူး၊ ယောကျာ်းလေးက ကျွန်မကို ဖြေရှင်းပေးဖို့တောင် မလုပ်ရသေးဘူး။ ဒါကြောင့် အစီအစဉ်အဆင့်က မမှန်သေးဘူး"

သူက သူမကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ပြောသည်။

"ချန်းရော့ယွီ မင်းရဲ့ စကားလုံးတွေက ငါ့ရဲ့ ယောက်ျားဂုဏ်သိက္ခာကို အရှက်ရစေတယ်လို့ ဘာလို့ ထင်နေရတာလဲ။ 'ကျွန်မကို ဖြေရှင်းပေးဖို့' ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲ"

"ဒေါက်တာမုန့် ရှင်ရဲ့ ယောက်ျားဂုဏ်သိက္ခာက သိပ်ပြီး နူးညံ့မနေသင့်ဘူး။ ဒီက 'ကျွန်မကို ဖြေရှင်းပေးဖို့' ဆိုတာက သန့်စင်တယ်လို့ ဆိုလိုတာ။ ဆိုလိုရင်းကတော့ ကျွန်မတို့က မိဘတွေကို တွေ့ရမယ့် အဆင့်ကို မရောက်သေးဘူး။ ပြီးတော့ အချိန်တန်လာရင် ရှင်ကလည်း ရှင်ရဲ့ မိဘတွေကို ရှင်းပြဖြေရှင်းရဦးမယ်။ ဒီအချိန်မှာ ဘာမှ ဖြစ်မလာဘူး။ နောက်ဆုံးတော့ ရှင့်မိဘတွေက ကျွန်မကို မကြိုက်ဘဲ တီဗီဒရာမာတွေထဲက လှည့်ကွက်တွေကို အတုယူပြီး ချက်လက်မှတ်တွေ ပေး၊ ကျွန်မကို ရှင့်ဆီက ထွက်သွားဖို့ အတင်းအကျပ် လာမလုပ်ဖို့ပဲ လိုလားတယ်"

"မင်းက ချက်လက်မှတ်ကို လက်ခံမှာလား"

သူက မေးလိုက်သည်။

သူမက သူမကိုယ်သူမ တီဗီဒရာမာများထဲမှ အမျိုးသမီးဇာတ်လိုက်လို့များ ထင်နေတာလား။

"ဟုတ်တယ်၊ ဘာလို့ မလက်ခံရမှာလဲ"

သူမက အတည်ပေါက်ဖြင့် ပြောလာသည်။

"ကျွန်မတို့ ပိုက်ဆံအနည်းငယ် စုဆောင်းပြီးမှ နောက်ပိုင်းမှာ ပိုကောင်းတဲ့ ဘဝကို ရရှိနိုင်တာပေါ့"

"ချက်လက်မှတ်ကို လက်ခံပြီးတာနဲ့ မင်းရဲ့ ကတိအတိုင်း ငါ့ဆီက ထွက်သွားပေးရမှာ မဟုတ်ဘူးလား"

"ဒါပေမဲ့ ရှင်မှာ ခြေထောက်တွေ ရှိနေတာပဲ၊ ကျွန်မကို လာရှာလို့ ရတယ်လေ။ အဲ့ဒီအချိန်ကျရင် ကျွန်မက ရှင်နဲ့ လမ်းခွဲမယ်လို့ ပြောခဲ့တာပဲ၊ ဒါပေမဲ့ ရှင် လာရှာရင် ပြန်မလက်ခံဘူးလို့တော့ မပြောခဲ့ဘူး၊ ဟုတ်တယ်မလား။ ရှင်က ကျွန်မကို ဒီလို မေးလာနိုင်တယ်ဆိုတော့ ရှင့်မိဘတွေက တကယ်ပဲ အဲလို လုပ်လာနိုင်တာလား"

သူမသည် မျက်လုံးများကို ပြူးကျယ်စွာဖြင့် မေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

မုန့်ကု မကျေမနပ် ဖြစ်သွားသည်။

"တကယ်လို့ အဲလို အခြေအနေ ဖြစ်လာတယ်ဆိုရင်တော့ ဘယ်လောက် ပမာဏလောက်ဆို သင့်တော်မလဲဆိုတာကို ကျွန်မတို့ အရင် ဆွေးနွေးထားသင့်တယ်။ ဈေးနှုန်း အရမ်းနည်းရင် ရှင် အရှက်ရနိုင်တယ်။ အရမ်းများရင်လည်း ရှင့်မိဘတွေက ဆန္ဒမရှိဘဲ ဖြစ်နေမှာ မကောင်းဘူး"

သူမသည် နှုတ်ခမ်းကို ဖိကိုက်ရင်း အတည်ပေါက်ဖြင့် ပြောသည်။

"တစ်သန်းလောက်ဆို အရမ်းနည်းသွားမလား"

မုန့်ကုသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စားပွဲကို ထုပစ်ချင်စိတ် ဖြစ်ပေါ်လာသည်။

"ချန်းရော့ယွီ မင်း ငါ့ကို စနေတာလား"

"ဟီး... ရှင် မြင်သွားတယ်လား"

သူမသည် ရယ်မောရင်း ပျော့ကျသွားသည်။ သူမက ထိုင်ခုံပေါ်မှာ ယိမ်းထိုးသွားသည်အထိ ရယ်မောလိုက်သည်။

"ဒေါက်တာမုန့်၊ ရှင်က ကိုယ့်ကိုကိုယ် တီဗီဒရာမာထဲက ဇာတ်လိုက်လို့များ မှတ်ယူနေတာလား။ ပြီးတော့ ချက်လက်မှတ်ပါ ထုတ်ပေးရမယ်ဆိုတော့လေ။ အရမ်း ရယ်ရတယ်"

သူသည် နှုတ်ခမ်းကို စေ့လိုက်ပြီး သူမကို ကြည့်နေသည်။ သူမကို လုံးဝ နားမလည်နိုင်ပေ။

"ဘာက တကယ်ရယ်စရာကောင်းနေတာလဲ။ မင်းကပဲ သရုပ်ဆောင်နေတာလေ"

"အရမ်းရယ်စရာကောင်းတယ်"

သူမက ဆက်ရယ်နေဆဲပင်။ ရယ်မောရင်း သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ယောက်ျားနဲ့ မိန်းမ ရယ်စရာ ကိစ္စတွေက မတူဘူးလေ။ ရှင်က ဟာသဉာဏ် မရှိဘူး"

"မင်းပြောတာ မှန်တယ်"

မုန့်ကုက ရုတ်တရက် ပြောလိုက်သည်။

"ယောက်ျားတွေကတော့ ဒီလိုမျိုးကို ပိုကြိုက်တယ်"

သူက သူမကို ဆွဲယူလိုက်ပြီး သူမရဲ့နှုတ်ခမ်းကို သူ့ နှုတ်ခမ်းဖြင့် ဖုံးအုပ်လိုက်လေတော့သည်။

ထိုအနမ်းဟာ ပေါ့ပေါ့တန်တန် နမ်းရှိုက်ခြင်း သို့မဟုတ် အပေါ်ယံ ထိတွေ့ခြင်းမျှ မဟုတ်၊ ပြင်းပြသော၊ နက်ရှိုင်းသော... အပူငွေ့ရိုက်သော အနမ်းတစ်ရပ် ဖြစ်သည်။

နောက်ဆုံးမှာတော့ ချန်းရော့ယွီ ထိုစားသောက်ဆိုင်ငယ်လေးမှ လွတ်မြောက်လာသည်။ သူမ မျက်နှာတစ်ခုလုံး နီရဲနေပြီး စားသောက်ဆိုင်တစ်ခုလုံးရှိ လူတိုင်းက သူမကိုပဲ စိုက်ကြည့်နေသည်ဟု ခံစားနေရ၏။ သူမက 'ငါချန်းရော့ယွီကို လာရှာချင်တယ်' ဟူသော သီချင်းစာသားပါသည့် မှတ်တမ်းစာအုပ်ငယ်လေးကို ကိုင်ထားလျက်၊ ပိုက်ဆံရှင်းမည့် သူ့ကိုပင် မစောင့်ဘဲ အရင်ပြေးထွက်လာသည်။

သိပ်မကြာမီမှာပင် မုန့်ကုကပါ သူမနောက်မှ လိုက်လာပြီး ပြေးထွက်လာသည်။ ကားဘေးရှိ အရိပ်ထဲတွင် ပုန်းနေသော သူမကို တွေ့သောအခါ သူ မရယ်ဘဲ မနေနိုင်။သူက သူမကို ဆွဲဖမ်းပြီး မေးလိုက်သည်။

"ချန်းရော့ယွီ မင်းက တစ်ပတ်လုံးလုံး ငါနဲ့ ချိန်းတွေ့တာမလုပ်ဘဲ ဘယ်လိုများ ခံနိုင်ရည်ရှိခဲ့တာလဲ"

သူသည် စကားဆုံးသည်နှင့် သူမရဲ့အဖြေကို မစောင့်တော့ဘဲ ခေါင်းကိုငုံ့ကာ သူမကို ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်ပြန်သည်။

ချန်းရော့ယွီသည် "ရှင်လည်း အတူတူပဲ။ ရှင်လည်း ကျွန်မကို တစ်ပတ်လုံး ချိန်းမတွေ့ခဲ့ဘူး" ဟု တိုင်တန်းချင်သော်လည်း သူမနှုတ်ခမ်းသည် ပိတ်ဆို့ခံထားရတာကြောင့် ခဏတာမျှ စကားမပြောနိုင်ဘဲ စိတ်ထဲမှသာ မြည်တမ်းနေရတော့သည်။

ဘေးမှ လမ်းသွားလမ်းလာများ၏ ရွှင်မြူးစနောက်သံများ၊ ချစ်သူစုံတွဲ နှစ်ဦးကို လှောင်ပြောင်သံများကို ကြားလိုက်ရသည်။

သူမ အရမ်းရှက်နေပေမယ့် သူက လွှတ်မပေးပေ။

ဒါကြောင့်... ယောက်ျားနှင့် မိန်းမတို့ရဲ့ဟာသဉာဏ်သာမကဘဲ သူတို့ရဲ့မျက်နှာအရေပြားထူထဲမှုလည်း မတူညီပါပေ။

သူမ သူ့အပေါ် စိတ်ပျက်မုန်းတီးသော်ငြားလည်း၊ သူမရင်ထဲတွင် ရှိနေသော ချိုမြိန်သော ခံစားချက်ကိုလည်း ဖော်ပြ၍ မတတ်နိုင်တော့ပေ။

Translator -JJ

All Chapters