← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

ဒွိဟချစ်သံယောဇဉ်:

Chapter 54- မင်းကိုအရမ်းသဘောကျတယ်

ချန်းရော့ယွီသည် ကားထဲတွင် ထိုင်နေတဲ့အချိန် မျက်နှာက နီရဲနေဆဲပင်။ ယာဉ်မောင်းထိုင်ခုံမှ မုန့်ကုကတော့ ပြုံးပြုံးလေးဖြင့် သူမကို ကြည့်နေသည်။

သူမက ကားစတင်မောင်းနှင်ရန် တိုက်တွန်းသော်လည်း သူက ရွှေ့ချင်ဟန်မပြပေ။

"မင်းကို ဒီလောက်စောစော ပြန်မပို့ချင်သေးဘူး"

သူမသည် ထိုစကားကို ကြားသောအခါ ရှက်ရွံ့သလို ပျော်ရွှင်သလို ခံစားရသည်။

"တခြားနေရာကို လမ်းလျှောက် ထွက်လို့ရတယ်"

တကယ်တော့ သူမလည်း သူ့ဆီကနေ ချက်ချင်း ခွဲခွာရမှာ မလိုလားပေ။

မုန့်ကုသည် ကားကို မြို့လယ်ရှိ ဥယျာဉ်တစ်ခုသို့ မောင်းလာ၏။ ကားရပ်ပြီးနောက် နှစ်ယောက်သား ဘေးချင်းယှဉ်ကာ ဥယျာဉ်ထဲတွင် လမ်းလျှောက်ကြသည်။

လမ်းလျှောက်ရင်း ချန်းရော့ယွီသည် မုန့်ကု၏ လက်မောင်းကို သူမလက်များဖြင့် ရစ်ပတ်ကာတွဲထားလိုက်သည်။

"ဒေါက်တာမုန့်၊ ရှင် အရင်ကရည်းစားတွေနဲ့ ဒီလိုမျိုး လမ်းလျှောက်ခဲ့ဖူးလား"

သူမသည် သူ့လက်မောင်းကို တွဲထားသည့်ပုံစံကို ပြသလိုက်သည်။

"ဒါမှမဟုတ် ဒီလိုမျိုး လမ်းလျှောက်ခဲ့တာလား"

သူမက သူ့လက်ကို ကိုင်ထားသည့်ပုံစံကို ထပ်မံ သရုပ်ပြလိုက်သည်။

"ကိုယ့်ဘာသာကိုယ် လျှောက်ကြတာ"

မုန့်ကုက သူမလက်ကို ဖယ်ရှားပြီးတော့ ပခုံးချင်းယှဉ်၍ လျှောက်လိုက်သည်။

"ဒီလိုမျိုး လျှောက်ကြတာ"

"ဘာလို့လဲ"

"ဘာကို ဆိုလိုတာလဲ... ဘာလို့လဲ"

"ဘာလို့ ချစ်သူစုံတွဲတွေ လျှောက်လေ့ရှိတဲ့ပုံစံအတိုင်း မလျှောက်တာလဲ"

"တစ်ယောက်နဲ့တစ်ယောက် ဆွဲပြီး လျှောက်နေရတာ မရှုပ်ထွေးဘူးလား။ ကိုယ်တို့က ကလေးတွေမှ မဟုတ်တာ၊ ပျောက်သွားမှာကြောက်ရလို့လား။ တစ်ခါတလေကျ လက်ချင်းတွဲထားရင် အတားအဆီးတစ်ခုခုတွေ့ရင် လက်လွှတ်ပေးရတယ်၊ ပြီးရင် ပြန်တွဲရတယ်၊ အဲဒါ မရှုပ်ဘူးလား"

ချန်းရော့ယွီသည် နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။

"မင်းက ဘာကို ကြိုက်တာလဲ"

မုန့်ကုက သူမကို မေးလာသည်။

"အရင်ရည်းစားဟောင်းနဲ့တုန်းကတော့ သူ့လက်ကို ကိုင်ပြီး လျှောက်ရတာ ကြိုက်တယ်"

သူမက ပြောသော်လည်း မုန့်ကုက ကြားဖြတ် ပြောလိုက်သည်။

"အရင် အတိတ်က ကိစ္စတွေကို ကိုယ့်ကို ပြောပြဖို့ မလိုဘူး"

သူမသည် သူ့စကားကို လျစ်လျူရှုပြီး ဆက်ပြော၏။

"ဒါပေမဲ့ ရှင်က ပိုအရပ်ရှည်တယ်၊ ရှင့်လက်တွေက အရမ်းကြီးတယ်၊ ကိုင်ထားရတာ အရမ်း သက်တောင့်သက်သာ ဖြစ်တယ်"

သူမသည် သူမ၏ လက်ကို သူ့လက်ထဲသို့ လျှောသွင်းလိုက်၏။...

တကယ်ပဲ ကိုင်ထားရတာ အရမ်း သက်တောင့်သက်သာရှိတယ်။

သူမသည် သူ့လက်ထဲမှ သူမ၏ လက်ကို ပြန်ရုပ်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မရဲ့ရည်းစားဟောင်းကလည်း ကျွန်မ လက်တွဲတာကို မကြိုက်ဘူး၊ ရှင်ကလည်း မကြိုက်ဘူး။ ယောက်ျားတွေက တကယ်ပဲ ထူးဆန်းတယ်"

"မိန်းမတွေလည်း ထူးဆန်းတာပဲ။ ဆွဲခေါ်သွားခံရတာ ဘာများ ကောင်းလို့လဲ"

"ရင်းနှီးမှု ခံစားချက်ကို တိုးစေဖို့လေ၊ ပြီးတော့ ပိုင်ဆိုင်ကြောင်း ကြေညာဖို့လည်း ပါတာပေါ့။ စကားတစ်ခွန်းမှ ပြောစရာမလိုဘူး၊ အတူတူ လျှောက်သွားရုံနဲ့ လမ်းပေါ်က လူအားလုံးကို ပြလိုက်တာ... 'ကြည့်စမ်း၊ ဒီလူက ငါ့ချစ်သူပါ' လို့ပေါ့"

သူမသည် ဝံ့ကြွားသောအမူအရာဖြင့် မေးကို အနည်းငယ် မြှင့်လိုက်သည်။

"လမ်းပေါ်ကလူတွေက သူက မင်းရဲ့ ချစ်သူမှန်း မသိရင်တောင်မှ သူက မင်းရဲ့ ချစ်သူပဲလေ။ ဒါဆို ဘာလို့ သွားကြေညာဖို့ လိုအပ်တာလဲ"

"ကျွန်မ ပြောပြီးသားပဲ၊ အဲဒါက တူညီတဲ့ ကိစ္စ မဟုတ်ဘူးလို့။ အဲဒါက ရင်းနှီးမှု ခံစားချက်ကို တိုးစေပြီးတော့ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်တာပဲ။ ချစ်သူစုံတွဲ ဖြစ်ကြောင်း ဖော်ပြတဲ့ လူကြိုက်များပြီး ခံစားမှုပါတဲ့ နည်းလမ်းပဲလေ"

ချန်းရော့ယွီက အထင်သေးစွာ ပြန်ပြောလိုက်သည်။

"ဒေါက်တာမုန့်၊အရင်က ရှင်ရဲ့ ချစ်ရေးချစ်ရာ သုံးကြိမ်ကို ဘယ်လိုများ စီမံခန့်ခွဲခဲ့တာလဲဟင်"

မုန့်ကုသည် စကားမပြောဘဲ သူမ၏ လက်ကိုသာ ငုံ့ကြည့်နေ၏။

"ကောင်းပြီ"

သူသည် လက်လှမ်းထုတ်ကာ သူမ၏ လက်ကို ဆွဲယူလိုက်သည်။

"ဒီလူက မင်းရဲ့ ချစ်သူဆိုတာကို မင်းကို ပိုင်ဆိုင်ကြောင်း ကြေညာခွင့် ပေးလိုက်ပြီ"

ချန်းရော့ယွီက သူ့လက်ကို ပြန်လွှတ်လိုက်သည်။

"ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက ကျွန်မချစ်သူပါလို့ ကျွန်မ သွားမကြေညာတော့ဘူး"

သူမက သူ တမင်တကာ ပြောင်းလဲပေးတာမျိုးကို မလိုချင်ပေ။ သူတို့နှစ်ယောက်ကြား အပြန်အလှန် ပေါင်းစပ်ချည်နှောင်မှုကိုသာ လိုချင်ပြီး သူ မသက်မသာ ဖြစ်နေတာကို မမြင်လိုပေ။

လမ်းလျှောက်တဲ့ ကိစ္စက သေးငယ်တဲ့ ကိစ္စမလို့ သူမ ဘာမှမလုပ်တော့ဘူး။

"ဟေ့!"

မုန့်ကု မကျေမနပ် ဖြစ်သွား၏။

"မင်းက ဘာလို့ ခဏခဏ စိတ်ပြောင်းနေရတာလဲ"

"ကိစ္စမရှိဘူးလို့ ကျွန်မ ပြောပြီးသားပဲ"

"ကိုယ့်လက်ကို ကိုင်ထားစမ်းပါ"

သူက အခိုင်အမာ တောင်းဆိုလိုက်သည်။

သူမ အနည်းငယ် ပျော်ရွှင်သွားပြီး သူ့လက်ကို ကိုင်တွယ်ခွင့် ပြုလိုက်သည်။ နှစ်ယောက်သား ခဏကြာကြာ လမ်းလျှောက်ပြီးတဲ့နောက် သူမသည် သူ့လက်ထဲမှ လက်ကို ရုတ်လိုက်ကာ သူ့လက်မောင်းကို လှမ်းဖက်လိုက်သည်။

"ဘာလုပ်နေတာလဲ"

"ဘယ်အနေအထားက ပိုပြီး သက်သောင့်သက်သာ ရှိလဲဆိုတာ နှိုင်းယှဉ် ဆုံးဖြတ်ချင်လို့ပါ"

မုန့်ကု၏ မျက်နှာတွင် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေသည်။

"ချန်းရော့ယွီ မင်းက တကယ့်ကို ရူးတာပဲ"

ချန်းရော့ယွီက ရယ်မောလိုက်ပြီး ပြောသည်။

"ကျွန်မကတော့ ရှင့်လက်မောင်းကို ဖက်ထားရတာကို ပိုကြိုက်တယ်"

သူမ၏ ပြုံးရွှင်နေသော မျက်နှာသည် သူ့ရဲ့အားမတန်လို့ ဝန်ခံရသည့် ပုံစံကို မော့ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ အရှုံးပေးလိုက်ပြီး သူမကို သူ့လက်မောင်းကို ဖက်ထားလျက် လမ်းလျှောက်ခွင့် ပေးလိုက်တော့သည်။

ခဏကြာကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် မုန့်ကုက လမ်းလျှောက်ခြင်းဟာ ယောက်ျားတစ်ယောက်အတွက် လွယ်ကူသည့် အရာမဟုတ်ကြောင်း ကြေညာလိုက်ပြီး ထိုင်ခုံရှည်တစ်လုံးကို ရှာကာ ထိုင်လိုက်သည်။

ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့ပြီးတော့ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ ထိုင်ခုံရှည်ဘေးတွင် မီးတိုင်တစ်ခုရှိပြီး ထိုမီးတိုင်၏ နွေးထွေးသော အလင်းရောင်က သူတို့နှစ်ဦးအပေါ်သို့ ကျရောက်နေသည်။

သူမသည် သူ့မျက်နှာ ဘေးတိုက်ပုံစံကို ကြည့်နေမိ၏။ သူ ချီယောင်နှင့် ချိန်းတွေ့တဲ့အချိန်တုန်းက ဓာတ်ပုံအတူရိုက်တာ၊ လက်တွဲလမ်းလျှောက်တာတွေကို လုပ်ဆောင်ခဲ့ရမည်ဟု သူမ ခံစားမိတယ်။ အသက် (၂၀) အရွယ် သူနှင့် အသက် (၃၀) အရွယ် သူက သေချာပေါက် မတူညီနိုင်ပေ။

"ဘာကြည့်နေတာလဲ"

"ကျွန်မရဲ့ ချစ်သူကောင်လေးကို ကြည့်နေတာလေ"

သူမက သူ့စကားပြောဟန်အတိုင်း ပြန်တုန့်ပြန်လိုက်သည်။

မုန့်ကုက ရယ်မောလိုက်၏။

"မင်းက ပြန်စဉ်းစားကြည့်ချင်တာ မဟုတ်ဘူးလား"

သူကလည်း သူမ၏ စကားပြောဟန်အတိုင်း ပြန်တုန့်ပြန်သည်။

"အခု လေ့လာဆန်းစစ်မှု လုပ်နေတာပါ"

သူမသည် နှာခေါင်းကို တွန့်ချိုးလိုက်၏။

"ဒေါက်တာမန်၊ အသက် ၂၀ အရွယ်တုန်းက ရှင်က အခုထက် ပိုပြီး စိတ်အားထက်သန်ခဲ့ရမယ်လို့ ကျွန်မ ထင်နေတယ်"

သူမ စကားဆက်ပြောရန် ပြင်ဆင်နေစဉ် မုန့်ကု၏ အပြုံးသည် ပိုကျယ်လာသည်။

"ဒါပေမဲ့ အခုချိန်မှာတော့ ရှင်ရဲ့ အမြင်က အရင်တုန်းကထက် အများကြီး ပိုကောင်းနေပြီ"

သူ အံ့သြသွားရာ သူမက ဆက်ပြောသည်။

"အမျိုးသားတချို့က အသက်ကြီးလာလေ၊ မျက်စိက ပိုကွယ်လေပဲ။ ဒါပေမဲ့ ရှင်ကတော့ အသက်ကြီးလာလေလေ၊ ရွေးချယ်တဲ့ အရသာက ပိုကောင်းလာလေပဲ။ ဒီအတွက် ကျွန်မ အများကြီး တန်ဖိုးထားတယ်။ လူငယ်လေး၊ ဒီလိုပဲ ဆက်ထိန်းထား"

မုန့်ကုသည် သူမကို စိုက်ကြည့်နေသည်။ ပထမတော့ သူ ပြုံးလိုက်၏။ ထို့နောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ချန်းရော့ယွီ မင်း ကိုယ့်ကိုကိုယ် ချီးကျူးတဲ့ ပုံစံက တကယ့်ကို သိမ်မွေ့တာပဲ"

သူမသည် ပါးနှစ်ဖက် ဖောင်းသွား၏။

"ကျွန်မ မှားလို့လား"

"မမှားပါဘူး၊ မမှားပါဘူး... မင်း မမှားဘူး"

သူက သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ချန်းရော့ယွီ ကံကောင်းစွာနဲ့ မင်းက အခုမှ ပေါ်လာလို့ပဲ"

သူမသာ အစောကြီး ပေါ်လာခဲ့ပါက သူ သူမကို ချစ်မိမှာ မဟုတ်ပေ။

သူမက သူ့ဆိုလိုရင်းကို နားလည်တယ်။ ဘာကြောင့်လဲဆိုတော့ သူမလည်း အဲ့ဒီအတိုင်း တွေးနေတာ။

သူမသာ နောက်ကျလွန်းစွာ ပေါ်လာခဲ့ပါက သူက သူမရဲ့ ချစ်သူ ဖြစ်လာမည် မဟုတ်ပေ။

"ချန်းရော့ယွီ၊ ကံကောင်းလို့ မင်း ကိုယ့်ကို လိုက်ခဲ့လို့ပဲ"

"ဒါပေမဲ့ ကျွန်မ မအောင်မြင်ခဲ့ဘူး"

"အခု မင်း အောင်မြင်သွားပြီ မဟုတ်လား"

ချန်းရော့ယွီ ကြောင်သွားတယ်။ ခဏလေး၊ ဒီကိစ္စကို အငြင်းပွားရမယ်။

"ဒေါက်တာမုန့်၊ ရှင်က ကျွန်မကို သတိပေးလိုက်ပြီ"

သူမသည် မတ်မတ် ထိုင်လိုက်ပြီး လည်ချောင်းရှင်းကာ အတည်ပေါက် ပြောလိုက်သည်။

"ဒီကိစ္စက ဒီလိုလေ။ ကျွန်မက ရှင့်ကို လိုက်ခဲ့တယ်၊ ရှင်က ငြင်းခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့ လိုက်တဲ့အစီအစဉ်က ပြီးသွားပြီ။ နောက်ပိုင်းမှာ ကျွန်မတို့ သူငယ်ချင်း ဖြစ်ခဲ့တယ်၊ ခဏနေတော့ ရှင်က ရုတ်တရက် ကျွန်မရဲ့ ချစ်သူ ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်။ အခု ကျွန်မတို့က ပေါင်းသင်းလေ့လာတဲ့ ကာလမှာ ရှိနေပေမဲ့ ဒီမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု ပျောက်ဆုံးနေသေးတယ်"

သူမကို ကြည့်လိုက်ပြီး သူက မျက်တောင်ခတ်လိုက်ကာ နားမလည်သေးသည့် ပုံစံပင်။

"ဒေါက်တာမုန့်၊ ရှင်က ကျွန်မကို မလိုက်ခဲ့ဘူး။ ရိုးရိုးရှင်းရှင်းပဲ ကျွန်မရဲ့ ချစ်သူ ဖြစ်ချင်တယ်လို့ ကြေညာလိုက်တာ"

"ဒါဆို ဘာဖြစ်လဲ... "

"ဒါဆိုရင်... အခု ရှင်က ကျွန်မကို လိုက်ရမယ်"

မုန့်ကု၏ မျက်နှာထက်တွင် အနက်ရောင်မျဉ်းများ ပြည့်နှက်သွားသည်။

"ချန်းရော့ယွီ မင်းက ကလေးကစားတမ်း ကစားနေတာလား"

"ရှင်နဲ့ ကစားနေတာ မဟုတ်ဘူး။ ကျွန်မရဲ့ လိုအပ်ချက်တွေက အရမ်းနည်းတယ်။ လှည့်ကွက်တွေ အများကြီးလည်း မပါဘူး။ ရှင်က ကျွန်မအတွက် တစ်ခုခု လုပ်ပေးစေချင်ရုံပဲ။ ကျွန်မ ပျော်ရွှင်ပြီး ထိမိသွားစေမယ့် ကိစ္စမျိုး"

သူမက အလျင်စလို ပြောလိုက်ပြီး စဉ်းစားပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။

"ပြီးတော့ ရှင် စဉ်းစားစရာမလိုဘူး။ ကျွန်မက အသင့်ပြင်ဆင်ထားပြီးသား၊ ရှင်က လုပ်ပေးဖို့ပဲ လိုတယ်"

"ဟုတ်လား"

မုန့်ကုက သူမကို မယုံသင်္ကာ ဖြစ်နေဟန်ရသည်။

"တကယ်ပါ"

"ဒါက အသက် ၃၀ အရွယ် ယောက်ျားတစ်ယောက်အတွက် ရိုးရှင်းပြီး သင့်တော်ပါ့မလား"

"အွန်း..."

သူမက မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

မုန့်ကုကတော့ သူမကို စိတ်မချသေးပေ။

"အရင် ပြောပြဦး"

"ရှင် အရင် ကတိပေးရမယ်"

သူမက သူ့ကို ကြည့်လိုက်သည်။ သူကလည်း သူမကို ပြန်ကြည့်သည်။ မျက်လုံးနှစ်စုံ ဆုံမိကာ နှစ်ဦးစလုံးက ခေါင်းမာနေဟန်ရသည်။

သူမ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေ၏။ ရုတ်တရက် သူမသည် ကိုယ်လိုချင်တာကို အတင်းလုပ်ချင်နေသလို ခံစားမိသည်။ ဒီအတွက် သူက သူမကို စိတ်ပျက်သွားမလား။ သူမ စိုးရိမ်စိတ်ဝင်လာပြီး လက်လျှော့ပေးဖို့ စဉ်းစားနေတုန်းမှာပင် သူ့စကားသံကို ကြားလိုက်ရသည်။

"ကောင်းပြီ၊ ကောင်းပြီ။ မင်းကို ပျော်ရွှင်စေပြီး ထိမိစေမယ့် တစ်ခုခု လုပ်ပေးမယ်လို့ ကတိပေးတယ်"

နွေးထွေးသော ခံစားချက်သည် သူမ၏ ရင်ထဲသို့ ရုတ်တရက် စီးဝင်လာသည်။

သူ ဘာမှမလုပ်ရသေးဘဲ စကားအနည်းငယ်သာ ပြောလိုက်ရုံရှိသေးတယ်။

သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိတ်တိတ်လေး ပြုံးချင်နေ၏။

"မင်းကို ပျော်ရွှင်စေဖို့က တကယ် လွယ်တာပဲ"

မုန့်ကု၏ တိုးတိုးလေး ရေရွတ်သံကို သူမ ကြားလိုက်ရသည်။ သူမသည် ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမရဲ့အိတ်ထဲကနေ သီချင်းစာသားများ ရေးထားသော မှတ်စုစာအုပ်ငယ်ကို ထုတ်လိုက်သည်။

"ဒေါက်တာမုန့်၊ဒီသီချင်းကို ကျွန်မအတွက် ဆိုပြစေချင်တယ်"

သူမ ခေါင်းမော့ကြည့်လိုက်တဲ့အခါ မစ္စတာတိုင်ရန်နိုဆောရပ်စ်၏ မျက်နှာသည် မည်းမှောင်သွားတာကို မြင်လိုက်ရသည်။

"ချန်းရော့ယွီ အချစ်သီချင်း ဆိုပြတာက အသက် ၃၀ အရွယ် ယောက်ျားတစ်ယောက်နဲ့ ဘယ်လို သင့်တော်မှာလဲ"

သူမသည် မျက်တောင်ခတ်လိုက်သည်။ မသင့်တော်ဘူးလား?

"ကိုယ် အသက် ၂၀ တုန်းကတောင် ဒီလိုကိစ္စမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူး"

ဒါဆို ပိုတောင် ကောင်းသေးတယ်။ ဒီအရာကို သူမအတွက် သီးသန့် လုပ်ပေးခြင်းသာ ဖြစ်တာကြောင့် သူမက သူ့ကို ပိုပြီးတော့တောင် ဆိုခိုင်းချင်လာသည်။

"ဒီသီချင်းကို ကျွန်မ ရွေးထားတာ၊ စာသားတွေလည်း ရေးထားပြီးသား"

မစ္စတာ တိုင်ရန်နိုဆောရပ်စ်၏ မျက်နှာပေါ်က အမူအရာကို ဖော်ပြရန် မည်သည့် နာမဝိသေသနမျှ ရှာမတွေ့တော့ပေ။

"မင်းက စာသားတွေကိုပါ ရေးထားတယ် ဟုတ်လား"

သူ့အသံက အန္တရာယ်ရှိနေသလို ထွက်ပေါ်လာသည်။

သူမက ခေါင်းညိတ်လိုက်သည်။

"ချန်းရော့ယွီ မင်းက ကိုယ့်ရဲ့ စိတ်ကူးထဲမှာတောင် မရှိနိုင်တဲ့သူပဲ"

သူသည် အကြမ်းဖက်သလောက်နီးပါး အသံထွက်လာသည်။

သူ မပျော်ဘူးလား?

"ရှင် ခုနက ကတိပေးထားတယ်လေ"

"ကိုယ် မင်းကို ထိမိစေမယ့် တစ်ခုခု လုပ်ပေးမယ်လို့ ကတိပေးခဲ့တာ။ သီချင်းဆိုမယ်လို့ ကတိပေးခဲ့တာ မဟုတ်ဘူး"

သူ အလျှော့ပေးပြီး ကတိပေးခဲ့စဉ်ကပင် ထောင်ချောက်တွေ ထောင်ထားခဲ့တယ်။ သူမ ခုနက ခံစားခဲ့ရတဲ့ နွေးထွေးမှု ခံစားချက်သည် ချက်ချင်းပင် ပြိုပျက်သွားတော့၏။

"ဒါပေမဲ့ ရှင်က ဘယ်သီချင်းဆိုရမယ်ဆိုတာကို မသိသေးတာပဲ"

သူမ ဆက်ပြီး ကြိုးပမ်းသည်။

"ကိုယ် ဘယ်သီချင်းမှ မဆိုဘူး"

သူက ခိုင်မာစွာ ငြင်းဆိုလိုက်သည်။

သူမ စိတ်ဓာတ်ကျသွားပြီး သူမရဲ့မှတ်တမ်းစာအုပ်ငယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

မုန့်ကုသည် ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလာသည်။

"မင်းအတွက် တခြားတစ်ခု လုပ်ပေးမယ်"

သို့သော် ဒါက သူမလိုချင်တဲ့အရာ မဟုတ်တာကြောင့် အနည်းငယ် ဝမ်းနည်းသွားရ၏။

"မင်းအတွက် တခြားတစ်ခု လုပ်ပေးမယ်"

သူက ပြောပြီးမှ ထပ်မေးသည်။

"ကောင်းပြီလား"

ချန်းရော့ယွီသည် ခဏကြာမျှ တွေဝေစွာ စိုက်ကြည့်နေမိသည်။... သူမ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ သူ့ကို အချစ်သီချင်း ဆိုခိုင်းဖို့ အတင်းအကျပ် လုပ်တာက အဓိပ္ပာယ်မဲ့လိမ့်မယ်။ ဒီကိစ္စကြောင့် စိတ်ကောက်တာကလည်း အကြောင်းမဲ့ ဆူပူတာ ဖြစ်ပြီး၊ သူ့ကို အော့နှလုံးနာစိတ်ဝင်သွားစေလိမ့်မယ်။

"မင်း မပျော်ဘူးလား"

သူမ မပျော်ရွှင်သော်လည်း ခေါင်းကို ခါလိုက်ဆဲပင်။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် မှတ်တမ်းစာအုပ်ငယ်ကို သူမအိတ်ထဲသို့ ပြန်ထည့်လိုက်၏။ သူမ ခေါင်းမော့၍ မုန့်ကုကို ကြည့်လိုက်ရာ သူက သူမကို အနည်းငယ် စိုးရိမ်သလို သတိထားဟန်ဖြင့် စိုက်ကြည့်နေတာကို တွေ့ရသည်။

သူမ စဉ်းစားလိုက်တယ်။... သူ့ရည်းစားဟောင်းတွေက ဖုန်းမျက်နှာပြင် ပြောင်းခိုင်းတာ ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲ ပုံထည့်ခိုင်းတာထက်ပင် သူမက ပိုပြီး ထူးဆန်းတဲ့ သီချင်းဆိုခိုင်းတဲ့ တောင်းဆိုမှု လုပ်ခဲ့တယ်လို့ သူ ထင်နေရမယ်။

ကောင်းမွန်နေတဲ့ အခိုက်အတန့်ကို သူမကိုယ်တိုင်က ဖျက်ဆီးလိုက်တာပဲ။

သူမစိတ်ထဲတွင် ပို၍ပင် မသက်မသာ ခံစားလာရသည်။

သူမက တကယ် တုံးအတဲ့သူပဲ။ ဒါမှမဟုတ်၊ သူမမှာ ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာ ပျောက်ဆုံးနေတာလား?

မုန့်ကုသည် သူမကို လက်လှမ်းဆွဲယူပြီး ဆုပ်ကိုင်လိုက်သည်။

"ကိုယ် တကယ် သီချင်းမဆိုတတ်ဘူး"

သူက ရှင်းပြ၏။

သူမ ခေါင်းညိတ်လိုက်သည်။ သူမက ပြုံးပြပြီး ကိစ္စမရှိကြောင်း ပြောချင်သော်လည်း သူမ ထင်ထားတာထက် ပိုပြီးစိတ်အားငယ်နေတာကို သိလိုက်ရသည်။ သူမ ပါးစပ်ဖွင့်၍ ပြောလိုက်၏။

"ဒီနေ့၊ ကျွန်မ ဆေးရုံအဝင်ဝမှာ ရှင်ကို စောင့်နေတုန်း ရုတ်တရက် အဲဒီသီချင်းကို သတိရသွားတယ်။ အဲဒီသီချင်းကို တီးတိုးညည်းရင်း စာသားတွေကိုလည်း ကိုယ်တိုင် ရေးလိုက်တယ်။ ရှင့်ကို စောင့်ရင်း ကျွန်မ အဲဒီသီချင်းကို ဆိုနေခဲ့ပြီး စာသားတွေက အဲဒီအချိန် အခြေအနေနဲ့ အထူးသင့်တော်တယ်လို့ ထင်မိလို့ပါ... ဒါကြောင့်"

ဒါကြောင့်မလို့ သူမက အဲ့ဒီသီချင်းကို သူ့ကို ဆိုပြစေချင်ခဲ့ခြင်းဖြစ်ပြီး၊ သူက သူမကို ပြောမည့် ချစ်စကားများအဖြစ် စိတ်ကူးယဉ်ခဲ့ခြင်း ဖြစ်သည်။

သူမက တကယ့်ကို တုံးတာပဲ။

သူ သီချင်းဆိုပေးသည်ဖြစ်စေ၊ မဆိုပေးသည်ဖြစ်စေ သူက သူမကို ပိုချစ်လာမှာ မဟုတ်သလို၊ သီချင်းမဆိုပေးရုံနဲ့လည်း အချစ်လျော့သွားမှာ မဟုတ်ဘူး။ ဥပမာအားဖြင့် သူမက သူ့လက်မောင်းကို မတွဲဘဲ လမ်းလျှောက်ခဲ့ရင်တောင် သူက သူမရဲ့ ချစ်သူ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပေ။

နှစ်ယောက်သား ကားဆီ ပြန်လျှောက်လာစဉ် မုန့်ကုက တိတ်တဆိတ် လက်လှမ်းပြီး သူမရဲ့လက်ကို ဆွဲကိုင်လိုက်သည်။

အပြန်လမ်းတွင် မုန့်ကုက ကားမောင်းနေချိန် ချန်းရော့ယွီ သူ့မျက်နှာဘေးတိုက်ပုံစံကို ကြည့်နေသည်။ သူ့လက်ကြီး၏နွေးထွေးမှုကို သူမ၏ လက်ပေါ်တွင် စွဲကျန်နေဆဲ ခံစားနေရသည်။

ရုတ်တရက် သူမ ပြုံးလိုက်၏။

"ဒေါက်တာမန်၊ ကျွန်မ ပြောပြမယ်။ အဲဒီသီချင်းနာမည်က 'ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်' တဲ့။ ဒါက ကျွန်မရဲ့ ဘဝပါရမီစွမ်းရည် အနှစ်သာရတွေ စုစည်းထားတဲ့ ထူးချွန်တဲ့ လက်ရာပဲ။ ဒီသီချင်း မသေခင်မှာ အလဟသ ပျောက်ကွယ်သွားတာမျိုး မဖြစ်ရလေအောင် ကျွန်မ ဆိုပြမယ်။ ပြီးရင် ရှင်က ကျွန်မရဲ့ ပါရမီကို ချီးကျူးပေးရမယ်နော်"

ဒီစကားကြောင့် မုန့်ကု ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ချန်း‌ရော့ယွီ စတင် သီဆိုတော့၏။

🎵ငါ မင်းကိုချစ်တာကြောင့် မဟုတ်ရင်...ဘာလို့ အောက်ထပ်မှာ စောင့်နေမှာလဲ?

အချိန်အကြာကြီး စောင့်နေခဲ့ရတာတောင် ငါ မင်းကို မမြင်ရသေးဘူး...ငါ မင်းကိုလွမ်းတယ်....သတိရတယ်....ငါ မင်းကို တွေ့ချင်မိတယ်

မင်းကိုချစ်တာကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ အလုပ်ဆင်းတဲ့အချိန် လာကြိုရမှာလဲ?

လမ်းပေါ်မှာ ကားတွေအများကြီးရှိပြီး လူတွေရှုပ်နေတယ်။ငါ မင်းကိုလွမ်းတယ်....သတိရတယ်.....ငါ မင်းကို တွေ့ချင်မိတယ်

အချစ်ဆိုတာ လူတွေအတွက် နှိပ်စက်ခြင်းတစ်မျိုးပဲ....ကိန်းဂဏန်းတွေရဲ့ထူးဆန်းတဲ့ ပေါင်းစပ်မှုကြောင့် အမှားတစ်ခုပဲကွာ....ငါ စိတ်တိုရတယ်.....

ကားမောင်းနေတုန်း စိတ်မလောနဲ့.....မင်းရဲ့နှလုံးသားထဲမှာ ငါ့အကြောင်းကို စဉ်းစားနေလိုက်စမ်းပါ🎵

သူမ သီချင်းဆိုနေရင်း ယနေ့ သူတို့ လွဲချော်ခဲ့ပုံ၊ ထို့နောက် အလျင်အမြန် ပြေးလွှား တွေ့ဆုံခဲ့ကြရပုံကို ပြန်တွေးနေမိသည်။ သူမ၏ စိတ်ခံစားချက်သည် ရုတ်တရက် အများကြီး ပိုမို ကောင်းမွန်သွားသည်။

အချစ်ဆိုတာ တကယ်ပဲ သူမကို ဝမ်းနည်းစေသလို၊ ပျော်ရွှင်စေတာလည်းဖြစ်တယ်။

ရှေ့တွင် မီးပွိုင့်အနီရောင်ကြောင့် မုန့်ကုသည် ကားရပ်လိုက်ရသည်။ ချန်းရော့ယွီသည် ခေါင်းကို ခါယမ်းကာ သီချင်းကို ဆက်ဆိုနေ၏။

🎵အချစ်ဆိုတာ လူတွေအတွက် နှိပ်စက်ခြင်းတစ်မျိုးပဲ....ကိန်းဂဏန်းတွေရဲ့ထူးဆန်းတဲ့ ပေါင်းစပ်မှုကြောင့် အမှားတစ်ခုပဲကွာ....ငါ စိတ်တိုရတယ်.....

ကားမောင်းနေတုန်း စိတ်မလောနဲ့.....မင်းရဲ့နှလုံးသားထဲမှာ ငါ့အကြောင်းကို စဉ်းစားနေလိုက်စမ်းပါ🎵

မုန့်ကုသည် ရုတ်တရက် ကိုင်းညွှတ်လာပြီး သူမ၏ မျက်နှာကို ဆွဲယူကာ သူမ၏ နှုတ်ခမ်းများပေါ်သို့ နမ်းရှိုက်လိုက်သည်။ သူ၏ မှောင်မည်းသော မျက်လုံးများက နက်ရှိုင်းစွာ ဆွဲဆောင်မှုရှိနေသည်။

သူက ပြောလိုက်သည်။

"ချန်းရော့ယွီ ကိုယ်မင်းကို တကယ်ပဲ... အရမ်း၊ အရမ်း သဘောကျတယ်!”

All Chapters