← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

ဒွိဟချစ်သံယောဇဉ်:

Chapter 56-မင်း ကိုယ့်ကိုချစ်ရဲလား

ချန်းရော့ယွီသည် တံခါးဝကို မိုက်မဲစွာ လက်ဖဝါးများဖြင့် ဖိထားကာ ဘယ်သူမဆို ဝင်လာခြင်းမှ တားဆီးနေသည်။ သူမ အတွင်းထဲကနေ သော့ခတ်ထားပြီးဖြစ်တာ‌ကြောင့် အပြင်ကနေ ဖွင့်လို့မရနိုင်ကြောင်းကို မေ့နေ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ချက်ချင်း တုံ့ပြန်မှုမှာ အတွင်းထဲမှာ ပုန်းနေပြီး သေချင်ယောင်ဆောင်ကာ မုန့်ကုကိုသာ အပြင်ဘက်မှာ ဒီကိစ္စကို ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။

ဒါပေမဲ့ သူမက မစ္စတာ တိုင်ရန်နိုဆောရပ်စ်ရဲ့ ပြဿနာဖြေရှင်းပုံ စတိုင်နှင့် သူ့ရဲ့ 'ဒီကိစ္စကို ဖြေရှင်းခြင်း' အပြုအမူက အရမ်းထိတ်လန့်စရာ ကောင်းတာကို မေ့လျော့သွားခဲ့၏။

မုန့်ကုအမေရဲ့ ခြေသံများဟာ ရေချိုးခန်းဆီ ပိုပြီးနီးကပ်လာနေသည်။ ချန်းရော့ယွီသည် မုန့်ကု အော်ပြောလိုက်တာကို ကြားလိုက်ရ၏။

"အမေ၊ အိပ်ခန်းထဲက ရေချိုးခန်းကို သုံးလိုက်ပါ"

"ဘာလို့လဲ"

"ချန်းရော့ယွီက အထဲမှာ ရေချိုးနေတယ်"

သူမသည် အလွန်အမင်း ထိတ်လန့်သွားကာ ခေါင်းကို တံခါးနှင့် ဆောင့်မိသွားသည်။ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်က ဒီလောက်အထိ တည့်တိုး ပြောရမှာလား?

သူမ ရေချိုးနေတယ်လို့ ပြောမယ်ြအစား သူမ အပေါ့အလေးသွားနေတယ်လို့ ပြောတာက ပိုကောင်းဦးမယ်!

အိုး၊ အမေရယ်! သူမရဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီ!

သူမ တကယ်ပဲ အသံကျယ်ကျယ် အော်ပြောလိုက်ချင်တယ်။

[အန်တီ၊ ကျွန်မနဲ့ ဒေါက်တာမုန့်က အဲဒီလို ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ ကျွန်မ ရေချိုးနေတာက ပုံမှန် ရေချိုးနေတာပါ... ပြီးတော့... အဲဒီလိုမျိုးနဲ့ သက်ဆိုင်တဲ့ ရေချိုးတာ မဟုတ်ဘူးနော်....]

သို့သော် သူမ တကယ်သာ ဒီလို အော်ပြောလိုက်ရင် သူမ တစ်ခုခု ဖုံးကွယ်နေသည်ဟု အထင်ခံရမှာကို သူမ သိသည်။

ဒါပေမဲ့ သူမ တကယ် ရှင်းပြချင်နေတယ်။

ချန်းရော့ယွီသည် ဒီရက်စက်သော အဖြစ်မှန်ကြောင့် စိတ်ပျက်အားငယ်သွားပြီး မုန့်ကုက သူ့အမေကို နောက်ပိုင်း ဘာတွေ ပြောလိုက်လဲဆိုတာကို ဂရုမစိုက်တော့ပေ။

ခဏကြာပြီးနောက် အပြင်ဘက်မှ တံခါးပိတ်သံကို ကြားလိုက်ရသည်။ ထို့နောက် ရေချိုးခန်းဆီ လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။ ရေချိုးခန်းတံခါးကို ခေါက်သံနှင့်အတူ မုန့်ကု၏ အသံက ဝင်လာသည်။

"ချန်းရော့ယွီ အဆင်ပြေရဲ့လား။ ကိုယ့်အမေ ပြန်သွားပြီ။ မြန်မြန် ရေချိုးပြီး စောစော အိပ်တော့"

သူ မမြင်နိုင်မှန်း သိပေမယ့်လည သူမက နှုတ်ခမ်းဆူပြချင်နေမိတယ်။ တကယ် မုန်းစရာကောင်းတယ်။ ဘယ်လိုလုပ် သူ့အမေကို သူမ ရေချိုးနေတယ်လို့ ပြောရက်တာလဲ! ပြီးတော့ သူက အဆင်ပြေရဲ့လားလို့လည်း မေးနေသေးတယ်။ သူမ လုံးဝ အဆင်မပြေဘူး!

"စကားပြောဦး"

မုန့်ကုက တံခါးအပြင်ဘက်မှ အော်ပြောသည်။ ချန်းရော့ယွီသည် 'အိုး' ဟူသော အသံကိုသာ ထုတ်လိုက်နိုင်ပြီးနောက် မုန့်ကု၏ ရယ်သံကို ထပ်ကြားလိုက်ရသည်။

ဒီလူဆိုး... သူမကို ထပ်စနေပြန်ပြီဆိုတာ သိနေတယ်

သူမသည် စိတ်ပျက်အားငယ်စွာဖြင့် ရေချိုးခြင်းကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်ပြီး မပျော်မရွှင်မျက်နှာဖြင့် ရေချိုးခန်းထဲမှ ထွက်လာသည်။

မုန့်ကုသည် လှုပ်ရှားမှုကို ကြားသောအခါ ဧည့်ခန်းမှ ပုဝါအကြီးတစ်ထည်ကို ယူလာပြီး သူမ၏ ခေါင်းပေါ်သို့ ပစ်ချကာ ဆံပင်ခြောက်အောင် ကူညီသုတ်ပေးစ။ ခွေးကလေးတစ်ကောင်လို ခေါင်းကို ပွတ်သပ်ခံနေရပြီး သူမက တီးတိုးမေးလိုက်သည်။

"ရှင့်အမေ ဘာပြောသွားလဲ"

"ဘာမှမပြောဘူး။ အဖေက အောက်ထပ်မှာ မစောင့်နေဘူးဆိုရင်တော့ သူ(မ) မင်းထွက်လာတာကို စောင့်ပြီး ခြောက်လှန့်ဖို့တောင် လုပ်ချင်လုပ်လိမ့်မယ်"

"သူ(မ) ကျွန်မကို စောင့်စရာ မလိုပါဘူး!"

"နောက်မှ စောင့်ဖို့ ပြောလိုက်တယ်။ မင်း သတိလစ်သွားအောင် ကိုယ့်ကိုကိုယ် မခေါက်ရအောင် ပိုပြီး ရဲရင့်လာတဲ့အထိ လေ့ကျင့်ပြီးမှ စောင့်ပါလို့ ပြောခဲ့တယ်"

"ကျွန်မ ဒီလောက် အကြောက်မကြီးပါဘူး"

သူမ တကယ်ပဲ ကိုယ့်ကိုကိုယ် ခေါက်ပစ်ချင်ခဲ့သော်လည်း ဝန်ခံလို့မဖြစ်ဘူးလေ!

"သူ(မ) ကျွန်မတို့ရဲ့ ဆက်ဆံရေးကို သိသွားပြီလား"

သူမက မေးလိုက်သည်။

"သေချာတာပေါ့။ ကိုယ် ဒီနေရာမှာ မိန်းကလေးတွေကို တစ်ယောက်တည်း ဖျော်ဖြေဖူးတာ ဘယ်တုန်းကမှ မရှိဘူး။ နောက်ပြီး ရေချိုးခွင့်ပေးပြီး တစ်ညနေခွင့်ပေးတာဆိုရင် ပိုဆိုးတာပေါ့"

"ဒါဆိုရင် ကျွန်မ ဒီမှာ ဘာလို့ ရေချိုးနေရတာလဲ၊ ညအိပ်နေရတာလဲဆိုတာကို ရှင် သူ(မ)ကို ရှင်းပြလိုက်သေးလား"

"ဘာလို့ ရှင်းပြရမှာလဲ။ ကိုယ့်ချစ်သူနဲ့ ဘာလုပ်တယ်ဆိုတာကို ကိုယ် ရှင်းပြစရာမလိုဘူး။ အဲ့ဒီအစား ကိုယ်က တမင်တကာ သွားပြောပြမှ ထူးဆန်းလိမ့်မယ်"

ချန်းရော့ယွီစ မျက်နှာ နီရဲနေပြီး တီးတိုးပြောသည်။

"ရှင့်အမေက ကျွန်မတို့ အဲဒီလို ဆက်ဆံရေးမျိုး ဖြစ်နေပြီလို့ ထင်သွားမှာလား"

"ဘယ်လိုမျိုးလဲ"

သူက ပြုံးစိစိလုပ်နေသည်။

သူမသည် ပုဝါအောက်မှ ရုန်းကန်ပြီး ခေါင်းထွက်ကာ သူ့ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့လက်ထဲမှ ပုဝါကို လှမ်းယူပြီး သူမအခန်းထဲ ဝင်သွားသည်။

"ဟေး၊ မအိပ်ခင် ဆံပင်ကို မှုတ်ပြီးမှ အိပ်"

ဆံပင်အခြောက်ခံစက်ကို ဝှေ့ယမ်းကာ မုန့်ကုက သူမနောက်ကို လိုက်လာသည်။

ချန်းရော့ယွီသည် ကုတင်စွန်းတွင် ထိုင်ခိုင်းခံရပြီး မုန့်ကုက ဆံပင်မှုတ်ပေးနေစဉ် ဆံပင်အခြောက်ခံစက်၏ အသံကို နားထောင်နေရသည်။ ခဏကြာ မှုတ်ပြီးနောက် သူက ရှုပ်ထွေးတယ်လို့ ပြောကာ သူမကို ကိုယ်တိုင် မှုတ်ရန် ပြောလေသည်။

ဆံပင်ကို မှုတ်နေတဲ့အချိန် သူမ စိုးရိမ်စိတ်ဝင်လာ၏။

"ဒေါက်တာမုန့်၊ ရှင့်အမေ အောက်ထပ် ရောက်သွားရင် ရှင့်အဖေကို ပြောပြမှာလား"

"ပြောပြမှာပေါ့"

"ဒါဆိုရင် သူတို့က တက်လာပြီး ဆွေးနွေးတာ မလုပ်တဲ့အတွက် သဘောမတူစရာ အကြောင်းမရှိဘူးလို့ ဆိုလိုတာလား"

"မဟုတ်ဘူး။ သူတို့ သဘောမတူရင် ကိုယ့်ကို ပြောဖို့ အခွင့်အရေး ရှာလိမ့်မယ်"

"ဒါဆိုရင်..."

သူမက သူတို့နှစ်ဦးကို ငြင်းပယ်မှာလားဟု မေးချင်သည်။ သို့သော် သူ့မိသားစု နောက်ခံနှင့် သူမမိသားစု နောက်ခံကို တွေးလိုက်သောအခါ ပျော်ရွှင်စရာ အဆုံးသတ်ရရှိရန် အခွင့်အလမ်း မများနိုင်ဟု ခံစားရ၏။

"ဒါသာ ကျွန်မရဲ့ မိဘတွေဆိုရင် ပထမဆုံး လုပ်မယ့် အရာက ဒီကို အမြန် ပြေးတက်လာမှာ"

"ကိုယ့်မိဘတွေရဲ့ လုပ်ရပ်က အရမ်း အားပျော့နေလို့ မင်း စိတ်ပျက်နေတာလား။ ဒါမှမဟုတ် ကိုယ် အခု ဖုန်းခေါ်ပြီး သူတို့ကို ဒီကို လာခိုင်းရမလား"

"ဟေး!"

သူ စနောက်နေမှန်း သိ၍ သူမက လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

သူက သူမရဲ့လက်သီးကို ဖမ်းလိုက်ပြီး နမ်းရှိုက်လိုက်သည်။ သူမ နှလုံးခုန်နှုန်း မြန်လာ၏။ ထို့နောက် မုန့်ကု ပြောသည်ကို ကြားလိုက်ရသည်။

"ချန်းရော့ယွီ ဒီနေ့ မင်းရဲ့ တောင်းဆိုချက်ကို မင်း ပြောပြခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တောင်းဆိုချက်အကြောင်း ဘာမှ မပြောရသေးဘူး"

"ရှင့်မှာ တောင်းဆိုချက် ရှိသေးတာလား။ ကျွန်မက ရှင့်အပေါ် အရမ်း ကောင်းတာကို!"

သူမ မျက်စောင်းထိုးလိုက်သည်။

မုန့်ကုက ရယ်မောလိုက်ပြီး သူ့ခေါင်းဖြင့် သူမခေါင်းကို ဆောင့်လိုက်သည်။

"ချန်းရော့ယွီ ကိုယ် တွေ့တာက ကိုယ် မင်းကို မတွေ့ရရင် လွမ်းနေတယ်။ လွမ်းတဲ့အခါ ကိုယ် ပြုံးတယ်။ အဲဒီအချိန်တွေမှာ အခြေအနေတွေက နည်းနည်း ဆိုးနေပြီလို့ ကိုယ် ခံစားရတယ်"

"ဆိုးတာက ကျွန်မပါ။ ကောင်းကင်ကနေ မိုးကြိုးပစ်တာပဲ!"

(ကောင်းကင်ကနေ မိုးကြိုးပစ်တယ် ဆိုသည်မှာ မျှော်လင့်မထားသော သတင်း သို့မဟုတ် မမျှော်လင့်ဘဲ ဖြစ်ပျက်ခြင်းကို ဆိုလိုသည်။)

သူက ဆက်ရယ်နေသည်။

"ကိုယ် မင်းကို မေးခွန်းတစ်ခု မေးရမယ်"

"ဘာလဲ"

သူသည် သူမ၏ မျက်လုံးများကို ခဏမျှ စိုက်ကြည့်ပြီးမှ ပြောလိုက်သည်။

"ချန်းရော့ယွီ ကိုယ် အတိတ်မှာ ရည်းစားသုံးယောက် ရှိခဲ့ဖူးတယ်။ သူတို့ထဲက တစ်ယောက်ကို အနက်ရှိုင်းဆုံး ခံစားခဲ့ရဖူးပြီး သူ(မ)နဲ့ လက်ထပ်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်။ အဲ့ဒီတစ်ယောက်က ကိုယ်နဲ့ ပြန်ပေါင်းချင်တဲ့ မျှော်လင့်ချက်နဲ့ ပြန်လာခဲ့တဲ့သူပဲ။ ကိုယ် အရင်က နာကျင်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒီအချိန်အထိ ကိုယ်ရဲ့ ဆက်ဆံရေးအားလုံး ပျက်စီးခဲ့တယ်။ ကိုယ်ရဲ့ ပုံပန်းသဏ္ဌာန်က ကောင်းတယ်၊ အလုပ်အကိုင်က ကောင်းတယ်၊ မိန်းမအများကြီးက ကိုယ့်ကို စိတ်ဝင်စားကြတယ်။ အတိတ်တုန်းက မိန်းမတွေက ကိုယ့်ကို လိုက်ခဲ့ကြတယ်၊ အနာဂတ်မှာလည်း မိန်းမတွေက ကိုယ့်ကို လိုက်ကြဦးမယ်။ ကိုယ်က စံနှုန်းမြင့်တဲ့သူ၊ ချေးများပြီးတော့ တစ်ကိုယ်ကောင်းဆန်တဲ့ ယောက်ျားတစ်ယောက်။ ကိုယ့်အလုပ်က အရမ်း အလုပ်များတယ်၊ အနာဂတ်မှာ ပိုပြီးတောင် များလာနိုင်တယ်။ ကိုယ့်မိသားစုက ကိုယ့်အပေါ် မျှော်လင့်ချက် ကြီးတယ်၊ ကိုယ် ကိုယ်တိုင်လည်း မျှော်လင့်ချက်ထားတာ မြင့်တယ်။ ကိုယ့်အလုပ်က စိတ်ဖိစီးမှု များတယ်၊ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို လုံးဝ ခွဲခြားဖို့ နည်းလမ်း ရှာမတွေ့သေးဘူး။ ကိုယ့်ချစ်သူနဲ့ အချိန်ပေးဖို့ အချိန်မရှိဘူး။ ကိုယ်က ရိုမန့်တစ် မဆန်ဘူး၊ ကိုယ့် စကားတွေက နားထောင်လို့ မကောင်းဘူး။ ကိုယ်က အာဃာတကြီးတယ်၊ ကိုယ်က အနိုင်ယူချင်စိတ် ရှိပြီး တခြားသူတွေက ကိုယ့်စကား နားထောင်တာကို ကြိုက်တယ်။ ချန်းရော့ယွီ အဲ့ဒါ ကိုယ်ပဲ၊ မင်း ကိုယ့်ကို ချစ်ရဲရဲ့လား"

ချစ်ရဲပါ့မလား?သူမ မရဲရဲရင်တောင်မှ ချစ်မိပြီးသား ဖြစ်နေပြီလေ...

အခုမှ မေးဖို့က နောက်ကျလွန်းနေပြီ မဟုတ်ဘူးလား?

ချန်းရော့ယွီ သူ့ကို စိုက်ကြည့်နေသည်။ သူက စကားပြောပြီးတဲ့နောက် မလှုပ်မယှက်ဘဲ သူမကို တည့်တည့် ပြန်ကြည့်နေသည်။ သူက သူမ၏ အဖြေကို စောင့်နေသည်ဟု သူမ ခံစားရပြီး မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။

သူမ ဘယ်တော့မှ မမေ့နိုင်မယ့် အထိအတွေ့ရဆုံးနှင့် အကြီးစိုးဆုံးသော စကားတစ်ခွန်းကို ပြောချင်မိတယ်။

သို့သော် အချိန်အကြာကြီး စဉ်းစားသော်လည်း ဘာမှ ထွက်မလာခဲ့ပေ။

ဒါကြောင့် သူမ လက်လှမ်းကာ သူ့ကို ဖက်လိုက်သည်။

သူမသည် သူ့ခါးကို တင်းတင်းဖက်ထားပြီး သူမ၏ ခေါင်းကို သူ့ခေါင်းနားနီးကပ်စွာ သူ့ပခုံးပေါ်တွင် မှီထားလိုက်သည်။

မုန့်ကုသည် ခဏလောက် ကြောင်သွားပြီးမှ သူ့လက်များကို ဆန့်တန်းကာ သူမကို ရင်ခွင်ထဲသို့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ဒေါက်တာမုန့်၊ ရှင် ကျွန်မအပေါ် ကောင်းရမယ်နော်။ ရှင့်ရဲ့ အားနည်းချက်တွေကို သိရင် ပြောင်းလဲသင့်တယ်။ အခု ကျွန်မက ရှင့်ရဲ့ ချစ်သူ ဖြစ်သွားပြီဆိုပြီး ကျွန်မအပေါ် ရိုင်းစိုင်းလို့ မရဘူး။ ကျွန်မလည်း စိတ်ဆိုးတတ်တယ်။ ပြီးတော့ ရှင့်ရဲ့ အားသာချက်တွေကို သိရင် တိုးတက်အောင် လုပ်သင့်တယ်။ ရှင် နေ့တိုင်း ခန့်ညားတဲ့

ပုံစံ ဖြစ်အောင် ထိန်းထားရမယ်၊ ကျွန်မကို အမြဲ ပြုံးပြရမယ်၊ ကျွန်မကို နူးညံ့ရမယ်"

အမ်... သူမ ခဏ ရပ်လိုက်ပြီး ထပ်စဉ်းစားသည်။ တခြား ဘာပြောစရာ ရှိသေးလဲ။ ဒီအချိန်မှာ ဘာမှ မစဉ်းစားနိုင်တော့တာကြောင့် အရာအားလုံးကို အတိုချုပ်လိုက်သည်။

"အတိုချုပ်ပြောရရင် ရှင် ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ မဟုတ်ရင် ရှင့်အပေါ် ဒီလောက် ကောင်းတဲ့ ကျွန်မလို ချစ်သူမျိုး နောက်တစ်ယောက် ထပ်ရှာနိုင်မှာ မဟုတ်ဘူး"

"ချန်းရော့ယွီ မင်း ဘာလို့ စကားတွေ ရှုပ်နေရတာလဲ"

မုန့်ကုသည် သူမကို တွန်းထုတ်လိုက်ပြီး စိုက်ကြည့်လာသည်။

"အဓိကအချက်ကို အာရုံစိုက်ဖို့ မင်း မသိဘူးလား"

သူမရဲ့ အဓိကအချက်က သေချာပေါက် မှန်နေတာပဲ... သူက သူမအပေါ် ကောင်းရမယ်၊ သူမက သူ့အပေါ် ကောင်းမယ်၊ ဒါက အရေးကြီးတာ ထင်ရှားနေတာပဲ။

နှစ်ယောက်သား ခဏမျှ အပြန်အလှန် စိုက်ကြည့်ကြပြီး နောက်ဆုံးတွင် မုန့်ကုက လက်လျှော့လိုက်သည်။

"တော်ပြီ၊ မင်းရဲ့ ဦးနှောက်က အလုပ်မလုပ်ဘူး။ မင်းအတွက် စိုးရိမ်တာက ခံစားချက်တွေ အလေအလွင့် ဖြစ်တာပဲ"

သူက သူမကို စောင်အောက်သို့ ထိုးထည့်လိုက်ပြီး ပြောသည်။

"မြန်မြန် အိပ်တော့"

သို့သော် သူမတွင် ပြောစရာ စကား ကျန်နေသေး၏။

"ဒေါက်တာမုန့်၊ ဒီနေ့က ကျွန်မတို့ရဲ့ တကယ်တမ်း ချိန်းတွေ့တဲ့ ပထမဆုံးနေ့ပဲ။ တစ်ရက်တည်း ရှိသေးတယ်၊ ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းပြီး အတက်အကျများတဲ့ နေ့ပဲ"

"မင်း အများကြီး တွေးလွန်းတယ်"

သူမ တကယ်ပဲ အများကြီး တွေးနေခဲ့တာ။ အဲ့ဒီနောက် သူမ နောက်ထပ် အချက်တစ်ချက်ကို စဉ်းစားမိသွား၏။

"ဒေါက်တာမုန့်၊ အဲဒီရေချိုးခန်းထဲ မဝင်နဲ့တော့။ ရှင့်အိပ်ခန်းထဲက ရေချိုးခန်းကို သုံးလိုက်"

"ကိုယ်တို့ လက်တောင် မထပ်ရသေးဘူး၊ နယ်မြေတွေပါ ခွဲနေပြီလား"

"ဒီတိုင်း ဝင်မသွားနဲ့လို့"

သူမ ဝင်မသွားရန် တားမြစ်လိုက်ခြင်းက သူ့ကို ချက်ချင်း ဝင်သွားစေခဲ့ပြီး သူက ပြန်ထွက်လာကာ-

"မင်းရဲ့ အတွင်းခံတွေကို အဲဒီမှာ ထားခဲ့တာ မကောင်းဘူး။ လေဝင်လေထွက် မရှိဘူးလေ။ကိုယ် ဝရံတာမှာ ထုတ်လှန်းပေးလိုက်ပြီ"

သူမ မျက်နှာ နီရဲသွား၏ သူ ဝင်ကြည့်တာကို မလိုချင်ဘူး၊ အခုတော့ သူက ကူညီလုပ်ပေးလိုက်ပြီ။

သို့သော် သူမသည် တကယ် အိပ်ချင်နေပြီဖြစ်တာကြောင့် မှတ်ချက်ပေးရန်ပင် ပျင်းရိသွားသည်။ သူမ မျက်လုံးများကို မှိတ်လိုက်၏။ စိမ်းသက်နေတဲ့ အခန်းမှာ အိပ်ရင် ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပေမယ့် မုန့်ကုက သူမကို ဂွတ်နိုက် ပြောပြီး သူမနှုတ်ခမ်းများပေါ်မှာ နူးညံ့စွာ နမ်းရှိုက်လိုက်တဲ့အခါ အရမ်း သက်သောင့်သက်သာ ခံစားလိုက်ရပြီး အိပ်ပျော်သွားတော့သည်။

သူမ မိုးသောက်ချိန်အထိ အိပ်လိုက်၏။

မုန့်ကု သူမကို လာနှိုးသည့်အခါ ချန်းရော့ယွီ နိုးလာသည်။ သူမ မျက်လုံးဖွင့်လိုက်တဲ့အခါ အလုပ်သွားရန် အဆင်သင့် ဖြစ်နေတဲ့ သူ့ကို ကုတင်ဘေးမှ ရပ်နေတာ တွေ့လိုက်ရသည်။ သူက သူမကို အိပ်ထရန်နှင့် ရေချိုးရန်၊ အလုပ်နောက်မကျစေရန် ပြောသည်။ ထို့နောက် သော့တစ်ချောင်းကို ပေးလိုက်ပြီး ဒါက သူ့အိမ်တံခါးသော့ ဖြစ်ကြောင်း၊ သူမ ထွက်သွားတဲ့အခါ တံခါးကို သော့ခတ်ရန် သတိပေးလာသည်။

"အိုး"

သူမသည် ကုတင်ဘေးစားပွဲပေါ်ရှိ သော့ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ထဲ ဗလာဖြစ်သွား၏။

"နိုးပြီလား"

သူက သူမရဲ့မျက်နှာကို ညှစ်လိုက်သည်။

သူမ အနည်းငယ် သတိပြန်ဝင်လာပြီး သူက ဆက်ပြောသည်။

"ပေါ့ပေါ့ဆဆ မလုပ်နဲ့၊ ကိုယ့်သော့ကို မပျောက်စေနဲ့။ သေချာ သိမ်းထားဖို့ မမေ့နဲ့"

"အိုး"

သူက မနက်စောစောစီးစီးတောင် သူမကို ဆူပူနေတယ်။ သူမရဲ့အမေထက်တောင် ပိုဆိုးနေတယ်။

သူမ၏ ပါးကို နမ်းလိုက်ပြီးနောက် သူ ထွက်သွားသည်။

ချန်းရော့ယွီသည် တံခါးပိတ်သံကို ကြားပြီးနောက် အတော်ကြာကြာမှ နာရီကို ကြည့်လိုက်သည်။ ၇ နာရီ ၃၀ မိနစ်ပင် မရှိသေးပေ။ သူမ အပြည့်အဝ နိုးလာရန် ခဏမျှ ထိုင်နေလိုက်သည်။ ဟုတ်သားပဲ၊ သူမရဲ့မစ္စတာ တိုင်ရန်နိုဆောရပ်စ်က မနက်စောစော အလုပ်သွားတဲ့သူလေ။

သို့သော်လည်း ပုံမှန်အားဖြင့် မနက်စောစောမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့က တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ချစ်စကား‌တွေ ရှက်ရွံ့စွာ ပြောဆိုကာ နှုတ်ဆက်ပြီးတော့ ဝန်လေးစွာ ထွက်သွားကြတာမျိုး မဟုတ်ဘူးလား။

"အိုက်ယား"

သူမသည် ကုတင်ပေါ် ပြန်လှဲချလိုက်ပြီး စောင်ကို ခေါင်းပေါ် ဆွဲတင်လိုက်သည်။

ကောင်းပြီ၊ မနေ့ညက သူတို့နှစ်ယောက်ကြားမှာ အံ့သြစရာကောင်းလောက်အောင် ဘာမှ မဖြစ်ခဲ့ဘူး။ မတော်လျော်တဲ့ လိင်ဆက်ဆံမှု လုပ်ဆောင်တဲ့ အပြုအမူကို အစပိုင်းမှာပဲ ကစားခဲ့ပြီး အဲ့ဒီနောက် ဘာမှမဖြစ်ခဲ့ပေ။ ကုတင်ဘေးမှာ နှုတ်ဆက်တာက ဝရံတာမှာ သူမရဲ့အတွင်းခံတွေကို ကူညီ ခြောက်သွေ့စေတဲ့ ရိုမန့်တစ်မဆန်တဲ့ အပြုအမူနဲ့ အဆုံးသတ်ခဲ့ရတယ်။

ဒါကြောင့် သူတို့က သာမန် ချစ်သူစုံတွဲဟု မသတ်မှတ်နိုင်ပေ။ သူမ ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း တက်လာသည်။

သူတို့က ရိုမန့်တစ်လိုမျိုး ရင်ခုန်စရာကောင်းတဲ့ လမ်းကြောင်းပေါ် လျှောက်ရင် ပျက်စီးနိုင်သည့် ထူးဆန်းတဲ့စုံတွဲ ဖြစ်သည်။

သူတို့အချစ်ရေးရဲ့ဒုတိယနေ့မှာ သူတို့ရဲ့ရိုမန့်တစ်မဆန်တဲ့ လမ်းကြောင်းပေါ်ရှိတဲ့ အဖြစ်မှန် စတင်နေပြီ။

Translator -JJ

All Chapters