အခန်း ၅၇
Vol. 6 Ch. 57
ဒွိဟချစ်သံယောဇဉ်:
Chapter 57-စီးစီးလက်ထပ်တော့မယ်
ချန်းရော့ယွီ သူမရဲ့ကုမ္ပဏီကို ရောက်တဲ့အခါ သော့တွဲကို ရှာတွေ့ပြီး မုန့်ကု၏ အိမ်သော့ကို ထိုသော့တွဲနှင့် အတူတွဲထားလိုက်သည်။ သူ့အိမ်သော့က သူမရဲ့အိမ်သော့ကို မှီထားတာကို ကြည့်ရင်း ဖော်ပြမရနိုင်တဲ့ ပျော်ရွှင်မှုဟာ သူမစိတ်ထဲပေါ်ပေါက်လာသည်။
အပျိုလူပျိုတစ်ယောက်ရဲ့ အိမ်သော့ကို သူမ ပထမဆုံးအကြိမ် ပိုင်ဆိုင်ခြင်းပင်။
နေ့လယ်အချိန်ရောက်သည့်အခါ ချစ်သူကောင်မလေးအနေဖြင့် ဘာလုပ်သင့်တယ်ဆိုတာကို သူမ စဉ်းစားမိစ။ ကောင်းပြီ၊ သူ့ရဲ့ထမင်းစားရေး ကိစ္စကို စိုးရိမ်ကြောင်း ပြသသင့်တယ်။
သူမ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပြီး မနက်စာ ဘာစားခဲ့လဲ၊ နေ့လယ်စာ ဘာစားတော့မလဲဟု မေးလိုက်သည်။
နောက်ဆုံးတွင် မုန့်ကု ပြန်မဖြေပေ။
ချန်းရော့ယွီသည် မစိုးရိမ်ပေ။ သူမ ပုံမှန်အတိုင်း အလုပ် ဆက်လုပ်နေ၏။ နေ့လယ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နေ့လယ်စာ ထွက်စားပြီး အချိန်ယူကာ အိမ်သို့ပြန်၍ ကိုယ်လက်သန့်စင်လိုက်သည်။ အဝတ်အစား လဲပြီးတဲ့နောက် နေ့လယ်ပိုင်း အလုပ်ပြန်လုပ်ပြီး ခဏကြာ အလုပ်လုပ်ပြီးတဲ့နောက် ရုတ်တရက် လျန်စီးစီးဆီကနေ ဖုန်းဝင်လာသည်။ စီးစီးက နေ့လယ်ပိုင်း လေယာဉ်နဲ့ ပြန်လာကြောင်း၊ ညစာအတွက် ချိန်းဆိုပြီး သူမက ဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း ပြောလာသည်။ စားသောက်ဆိုင်မှာ ညစာကောင်းကောင်း စားကြမှာဖြစ်ပြီး ချန်းရော့ယွီကို အရေးကြီးကိစ္စတစ်ခု ပြောပြစရာ ရှိသည်ဟုလည်း ပြောလာသည်။
ချန်းရော့ယွီသည် တစ်ခုခု ဖြစ်နေတယ်ဆိုတာ ရိပ်မိပြီး ချက်ချင်း သဘောတူလိုက်၏။
ဖုန်းချပြီး မကြာမီ သူမရဲ့မစ္စတာတိုင်ရန်နိုဆောရပ်စ်က ဖုန်းဆက်လာသည်။ တစ်မနက်လုံး ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ရပြီး အခုမှ အနားယူချိန် ရကြောင်း သူက ပြော၏။ သူက သူမကို ပြောလာသည်။
"ဒီမနက် ကိုယ့် မနက်စာက ဆေးရုံကန်တင်းက ဝယ်လာတဲ့ အစားအစာပဲ။ အခု ကိုယ့်နေ့လယ်စာကလည်း ဆေးရုံကန်တင်းက ဝယ်လာတဲ့ အစားအစာပဲ။ ကိုယ့်ရဲ့ညစာ ဘာဖြစ်မယ်လို့ မင်း ထင်လဲ"
ဒီလူက သူမကို ညစာ အပြင်အတူစားဖို့ ခေါ်ချင်နေတာ ထင်ရှားပေမယ့် သူမကို အရင်ဆုံး ခေါ်ခိုင်းချင်နေတယ်။ ဒါပေမယ့် ဒီနေ့တော့ သူမအတွက် သူ့နဲ့အပြင်ထွက်ဖို့ လုံးဝ မဖြစ်နိုင်ပေ။
ချန်းရော့ယွီက လျန်စီးစီး ပြန်လာသည့်အကြောင်းနှင့် သူမ လျန်စီးစီးနှင့် ညစာ စားရမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ မုန့်ကုသည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
"မင်းက သူ(မ)နဲ့ အတူနေတာပဲ။ အိမ်မှာ ထိုင်ပြီး စကားပြောဖို့ အချိန်တွေ အများကြီး ရှိတာပဲ။ ဘာလို့ သူ(မ)နဲ့ အပြင်ထွက်ဖို့ အချိန်သတ်မှတ်ဖို့ လိုရတာလဲ"
"ဒါကြောင့်မို့ စီးစီးက ပြဿနာကြီးတစ်ခုခုနဲ့ ကြုံနေရတာ သေချာတယ်၊ ကျွန်မ သူ(မ)ကို အဖော်ပြုဖို့ လိုအပ်တယ်"
"ချန်းရော့ယွီ တခြားမိန်းမတွေက သူတို့ရဲ့ ချစ်သူကို သူငယ်ချင်းထက် ဦးစားပေးကြတယ်။ မင်းက ဘာလို့ ချစ်သူကို ကျော်ပြီး သူငယ်ချင်းကို ဦးစားပေးနေရတာလဲ"
"ရှင် မိန်းမတွေကို နားလည်တာ အရမ်းကို အပေါ်ယံကျတယ်"
ချန်းရော့ယွီက မာနဖြင့် ပြောလိုက်သည်။
"မိန်းမတွေက ချစ်သူနဲ့ သူငယ်ချင်း နှစ်ယောက်စလုံးကို တန်းတူ အလေးထားပြီး နှစ်ယောက်စလုံး လိုအပ်တာပဲ"
"..."
ဖုန်းတစ်ဖက်မှ တိတ်ဆိတ်သွားမှုကြောင့် ချန်းရော့ယွီ ဖိအား ခံစားရသည်။ သူမ နှစ်ကြိမ် ချောင်းဟန့်လိုက်သော်လည်း ကိုယ့်ကိုကိုယ် အပြစ်မရှိဟု ခံစားရသည်။
"ချန်းရော့ယွီ မင်း အနိုင်ယူချင်တဲ့စိတ် ကြီးတာပဲ"
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"ကျွန်မ လုပ်သင့်ပါတယ်၊ လုပ်သင့်ပါတယ်"
ဒါက မှင်နားနီး သူနား မှင်စွန်းတာပဲကို သက်သေပြလိုက်ခြင်းပင်။
(T/N- သူတစ်ပါးနဲ့ ပေါင်းသင်းခြင်းကြောင့် သူတစ်ပါးရဲ့ အကျင့်ကို ရယူတာကို ဆိုလိုပါတယ်။မြန်မာလိုဆို တံငါနားနီး တံငါ၊မုဆိုးနားနီး မုဆိုး)
"ဒီည ကိုယ် ဆေးရုံကန်တင်းက ဝယ်လာတဲ့ အစားအစာကိုပဲ ဆက်စားရဦးမယ်"
သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘဲ ပစ်ထားခဲ့သလိုမျိုး အသံဖြင့် သူ ကြေညာလိုက်သည်။
"ဟေး!"
"မင်း ချိန်းထားတာကို ဆက်သွားပါ။ ကိုယ့်အတွက် စိတ်မပူပါနဲ့"
သူမ စကားမပြောနိုင်ဖြစ်သွားတယ်။ သူ အသက် ၃၀ ရှိတဲ့ ယောက်ျားတစ်ယောက် ဟုတ်ရဲ့လား။
"ကန်တင်းက မစားပါနဲ့။ အစားအစာက အာဟာရ မပြည့်ဝဘူး"
ချစ်သူကောင်မလေးအနေနဲ့ သူမ ပြောပိုင်ခွင့်ရှိတယ်။
"ကိုယ်တို့ ကန်တင်းနာမည်က 'အာဟာရ ကန်တင်း' လို့ ခေါ်တယ်"
သူက ကာကွယ်ပြောဆိုလိုက်သည်။
ချန်းရော့ယွီသည် သူမနဖူးကို ပွတ်သပ်လိုက်၏။
"ပြဿနာ မရှာပါနဲ့"
"မင်း ကိုယ့်အတွက် စိတ်ပူစရာမလိုပါဘူး..."
"ကောင်းပြီ"
သူမ စိတ်မပူတော့ဘူး... သူမ ဖုန်းချလိုက်ပြီ။
>>>>>>>>>>>>>>>
အလုပ်ဆင်းပြီးနောက် ချန်းရော့ယွီသည် အိမ်သို့ တိုက်ရိုက်ပြန်လာသည်။ ရပ်ကွက်အနီး ဘတ်စ်ကားပေါ်မှ ဆင်းချိန်တွင် ရပ်ကွက်အဝင်ဝနားတွင် ကျိုးကျယ်သည် မိန်းကလေးတစ်ဦးနှင့် စကားပြောနေတာကို မြင်လိုက်ရ၏။
ကျိုးကျယ်သည် သူမကို မြင်သောအခါ ခေါင်းညိတ်၍ နှုတ်ဆက်လာသည်။ ချန်းရော့ယွီက ပြုံးပြလိုက်ပြီးနောက် ထိုမိန်းကလေးက သူမကို စိုက်ကြည့်နေတာကို မြင်တဲ့အခါ ထိုမိန်းကလေးကိုလည်း ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ထိုမိန်းကလေးသည် အနည်းငယ် ရှက်နေပုံရပြီး ချန်းရော့ယွီ ပြုံးပြလိုက်တာကို မြင်သောအခါ အနည်းငယ် မျက်နှာပူသွားသည်။ သူမက ခေါင်းကို အနည်းငယ် ညိတ်ပြပြီး ချန်းရော့ယွီကို ပြန်ပြုံးပြ၏။
ကျိုးကျယ်က ဒါကို မြင်တဲ့အခါ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။
"ဒီတစ်ယောက်က ငါတို့ ရပ်ကွက်ထဲမှာ နေတဲ့ ငါ့အိမ်နီးချင်း ချန်းရော့ယွီ၊ ဒီတစ်ယောက်က ကျွန်တော့် လုပ်ဖော်ကိုင်ဖက် လုပေါင်နီ"
မိန်းကလေးနှစ်ဦး နှုတ်ဆက်ကြပြီးနောက် ချန်းရော့ယွီ အိမ်သို့ ပြန်လာသည်။
လျန်စီးစီးသည် အိမ်ပြန်ရောက်နေပြီဖြစ်ပြီး သူမအတွက် လက်ဆောင်များ—အဝတ်အစားနှင့် ဖိနပ်များ—ဝယ်လာခဲ့သည်။ နှစ်ယောက်သား တွေ့ဆုံတဲ့အခါ အလွန်ပျော်ရွှင်ကြပြီး ခဏကြာ စကားပြော ရယ်မောကြသည်။ ထို့နောက် လျန်စီးစီးက သူမ ဝယ်လာတဲ့ အဝတ်အစားများကို ဝတ်ကြည့်ရန် ချန်းရော့ယွီကို တိုက်တွန်းသည်။ အဝတ်အစားများမှာ အလွန်လှပပြီး ချန်းရော့ယွီ သဘောကျ၏။
ဒါကြောင့် လျန်စီးစီးက သူမကို ဝတ်ထားရန် ပြောပြီး ချန်းရော့ယွီကို မိတ်ကပ်လိမ်းပေးသည်။ သူမကိုယ်တိုင်လည်း ဝတ်စုံအသစ် ဝတ်ကာ မိတ်ကပ်လိမ်းပြီး လှပစွာ ဝတ်ဆင်ထားသည့် မိန်းကလေးနှစ်ဦးဟာ ရယ်မောရင်း သူတို့ရဲ့ စားသောက်ပွဲကြီးအတွက် ထွက်ခွာလာကြသည်။
ရပ်ကွက်အဝင်ဝမှ ထွက်လာပြီးတဲ့နောက် လျန်စီးစီးက တက္ကစီ ခေါ်ရန် ပြင်နေစဉ် ချန်းရော့ယွီသည် မလှမ်းမကမ်းက ဘတ်စ်ကားမှတ်တိုင်ခုံတန်းပေါ်တွင် ငိုနေသော လုပေါင်နီကို တွေ့လိုက်ရသည်။
ချန်းရော့ယွီသည် လျန်စီးစီးကို အလျင်အမြန် ဆွဲခေါ်လိုက်၏။
"ဘာဖြစ်တာလဲ"
"အဲဒီ အပြာရောင်ဂျာကင်နဲ့ ခုံတန်းပေါ် ထိုင်နေတဲ့ ကောင်မလေးက ကျိုးကျယ်ရဲ့ လုပ်ဖော်ကိုင်ဖက်လေ။ ငါ ခုနက ပြန်လာတုန်းက တွေ့ခဲ့တာ။ သူ(မ) ဘာဖြစ်နေတာလဲ မသိဘူး။ သွားပြီး စုံစမ်းကြည့်သင့်တယ်လို့ မထင်ဘူးလား"
"နင့်မိဘတွေ စီစဉ်တဲ့ ဘလိုင်းဒိတ်တွေ့တဲ့ပွဲ သွားခဲ့ဖူးတဲ့ အိမ်နီးချင်းလား။ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး ထောင်ချင်တဲ့သူလား"
"ဟုတ်တယ်။ ငါ ပြန်လာတုန်းက ရပ်ကွက်အဝင်ဝမှာ သူတို့ စကားပြောနေတာ တွေ့ခဲ့ပြီး ကျိုးကျယ်က မိတ်ဆက်ပေးခဲ့တာ။ သူ(မ) ဘာလို့ ဒီမှာ ငိုနေတာလဲ။ ငါ သွားမေးသင့်လား"
"ချီး! သူ(မ) အနိုင်ကျင့်ခံရတာဆိုရင် နင် ဂရုစိုက်စရာ မလိုဘူး။ သူ(မ) ကျိုးကျယ်ကို ဖုန်းဆက်ဖို့ မသိဘူးလား"
အဲဒါလည်း မှန်တယ်၊ ဒါပေမဲ့ ချန်းရော့ယွီက လုပေါင်နီ အရမ်း သနားစရာကောင်းအောင် ငိုနေတာကို မြင်တော့ စိတ်မချမ်းမသာ ဖြစ်နေဆဲပင်။
"တကယ်ပဲ၊ ငါတို့ စိုးရိမ်စရာ မလိုဘူးလား။ သွားမေးပြီး အဆင်ပြေကြောင်း အတည်ပြုတာ ပိုကောင်းတယ်နော်"
"နင် စိုးရိမ်တယ်ဆိုရင်တော့ ကျိုးကျယ်ကို ဖုန်းဆက်လိုက်ပေါ့။ ကောင်မလေး ငိုနေတယ်လို့ ပြောလိုက်"
လျန်စီးစီးက လက်ပိုက်ထားလိုက်သည်။
"ယောက်ျားတစ်ယောက်ရဲ့ တံခါးဝမှာ မိန်းမတစ်ယောက် ငိုနေရတာ ဘာအကြောင်းပြချက် ရှိနိုင်မှာလဲ။ ဒီလိုပြောရရင် ဒီ ကျိုးကျယ်က နင်နဲ့ ဘလိုင်းဒိတ်တွေ့ခဲ့ဖူးတယ်... သူက သန့်ရှင်းရဲ့လား။ သူ့နောက်မှာ အချစ်ကြွေးတွေ ရှိနေတာလား"
"မဟုတ်ပါဘူး၊ မရှိလောက်ပါဘူး။ သူက လူကောင်းပါ။ ဆက်ဆံရေးရှိနေပြီး တစ်ချိန်တည်းမှာ ဘလိုင်းဒိတ်တွေ့ဖို့ သွားတဲ့သူလို မဟုတ်ဘူး။ သူက စီ-မြို့ကို ပြန်ပြီး စီးပွားရေး ထောင်ဖို့ စီစဉ်နေတာ၊ ဒါကြောင့် ဒီမှာ ချစ်သူရှာဖို့ ရည်ရွယ်ချက် မရှိဘူး။ အဲဒီအတွက်ကြောင့် သူက အိမ်ပြန်ပြီး ဘလိုင်းဒိတ်တွေ့ခဲ့တာ"
"ဟုတ်တယ်၊ အဲဒါ မှန်တယ်။ ပြဿနာက အဲဒီမှာပဲ။ သူ ဒီမှာ ချစ်သူ ရှာမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က ငိုနေတာ"
ချန်းရော့ယွီက မသေချာသော်လည်း သူငယ်ချင်းအပေါ် တာဝန်အရ ကျိုးကျယ်ကို ဖုန်းဆက်လိုက်သည်။
"သူ(မ) ငိုနေတယ်?"
ကျိုးကျယ်က ဒါကိုကြားတဲ့အခါ အံ့အားသင့်သွားသည်။
"ဟုတ်တယ်။ ကျွန်မ သွားမေးဖို့ကလည်း မသင့်တော်ဘူး၊ သူ(မ)မှာ ဘာဖြစ်လဲဆိုတာလည်း မသိဘူး။ ကျွန်မ အခန်းဖော်နဲ့ အပြင်ထွက်တော့မလို့မို့လို့ ရှင့်ကို သိစေချင်လို့ ပြောပြတာ"
"ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် အခု သွားကြည့်လိုက်မယ်"
ကျိုးကျယ် ဖုန်းချလိုက်သည်။
လျန်စီးစီးက မေးလာ၏။
"သူ ဘာပြောလဲ"
"လာကြည့်မယ်လို့ ပြောတယ်"
လျန်စီးစီးက မျက်ခုံးပင့်လိုက်သည်။
"သူ တကယ် လာမှာလား။ ဒါဆို စောင့်ကြည့်ရအောင်"
သူမက တကယ့်ကို သူများကိစ္စ စပ်စုသူပဲ။ ဒါပေမဲ့ ချန်းရော့ယွီလည်း မြင်ချင်တာကြောင့် မကန့်ကွက်ပေ။
ကံမကောင်းစွာဖြင့် လုပေါင်နီသည် သူတို့ကို စိတ်လှုပ်ရှားစရာ ဘာတစ်ခုမှ မြင်ခွင့်မပေးခဲ့ပေ။ ကျိုးကျယ် မရောက်ခင် သူမသည် မျက်ရည်များကို သုတ်ပြီး ဘတ်စ်ကားစီးကာ ထွက်ခွာသွား၏။ ကျိုးကျယ် ထွက်လာတဲ့အချိန် သူမ ပျောက်ကွယ်သွားပြီဖြစ်သည်။
ကျိုးကျယ်သည် ဘတ်စ်ကားမှတ်တိုင်တွင် လုပေါင်နီကို မတွေ့တဲ့အခါ သူ့မျက်နှာမှာ ဝမ်းနည်းမှု ပေါ်လွင်နေသည်။ လျန်စီးစီီးသည် ချန်းရော့ယွီကို တက္ကစီထဲ ဆွဲသွင်းကာ ထွက်လာခဲ့သည်။
"သူတို့နှစ်ယောက်ကြားမှာ စိတ်ခံစားမှုဆိုင်ရာ ရှုပ်ထွေးမှု ရှိနေတာကို ငါ အာမခံရဲတယ်"
လျန်စီးစီးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
"ငါ့ရဲ့ ခန့်မှန်းချက် မှားလို့ မဖြစ်ဘူး။ ငါက အချစ်ရေး ကျွမ်းကျင်သူပဲ"
ညစာစားနေစဉ်တွင် ထို အချစ်ရေး ကျွမ်းကျင်သူက ချန်းရော့ယွီကို အံ့အားသင့်သွားစေသည်။
လျန်စီးစီးက သူမ အလုပ်ထွက်ပြီး H-မြို့ကို ပြောင်းရွှေ့ကာ လက်ထပ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ချန်းရော့ယွီ တုန်လှုပ်သွားပြီး မေးလိုက်၏။
"ဘယ်သူနဲ့ လက်ထပ်မှာလဲ"
လျန်စီးစီးက H-မြို့မှာ ချစ်သူရှိတဲ့အကြောင်း သူမ ဘယ်တုန်းကမှ မကြားဖူးပေ။ သူမ(လျန်စီးစီး)က နှစ်စဉ်ခွင့်ကို ကုန်ဆုံးဖို့အတွက် H-မြို့ကို ခရီးထွက်မယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ ရုတ်တရက် ပြန်လာပြီး အလုပ်ထွက်ပြီး လက်ထပ်မယ်လို့ ကြေညာရတာလဲ။
"အဲဒီမှာ ယောက်ျားတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ ပြီးတော့ သူနဲ့ အိပ်ခဲ့တယ်"
"အိုး"
ချန်းရော့ယွီ ခေါင်းညိတ်လိုက်သည်။ ယောက်ျားတစ်ယောက်နဲ့ အိပ်တယ်ဆိုတာ လျန်စီးစီးအတွက် ထူးဆန်းတဲ့ကိစ္စ မဟုတ်သလို ချန်းရော့ယွီလည်း ဒီလိုဖြစ်ရပ်တွေအတွက် အံ့သြခြင်းမရှိဖို့ လေ့ကျင့်ပြီးသား ဖြစ်သည်။
"ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်ပဲ"
"အိုး?"
ချန်းရော့ယွီ ထပ်ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ရှက်သွားသည်။ ဒီလိုမျိုး အကြောင်းအရာက အရမ်းကို ကိုယ်ရေးကိုယ်တာဆန်ပြီး သူမ ဒီအကြောင်းကို ပြောရတာ ရှက်နေသည်။
"ငါ ပြန်သွားပြီး သူ့အပေါ် တာဝန်ယူဖို့ စီစဉ်ထားတယ်"
ဒီတစ်ခါတော့ ချန်းရော့ယွီသည် 'အို' ဟူသော စကားပင် မထွက်နိုင်တော့ပေ။
"စီးစီး၊ စိတ်ကို ထိန်းပါဦး။ လူပျိုတစ်ယောက်နဲ့ တွေ့ဖို့ မလွယ်ပေမဲ့၊ ငါပြောချင်တာက နင် ယောက်ျားအများကြီးနဲ့ တွေ့ခဲ့ဖူးတာပဲလေ။ ဒါကြောင့် ဒီလောက် မြန်မြန် ဆုံးဖြတ်ချက် ချစရာ မလိုဘူး။ နင် သူ့ကို တွေ့တာ ဘယ်လောက် ကြာပြီလဲ။ ဒါ့အပြင် နင်က H-မြို့နဲ့ မရင်းနှီးသေးဘူး၊ အလုပ်ထွက်ပြီး အဲဒီကို သွားပြီး လက်ထပ်တော့မှာ။ နင့်ရဲ့ ဘဝက အဆင်မပြေရင် ဘယ်လိုလုပ်မလဲ။ သူက ဒီကိစ္စကို အသုံးချပြီး နင့်ကို ချည်နှောင်ထားရင် အတွင်းကွယ်နေတဲ့ ပြဿနာတွေ ရှိလာနိုင်လား"
"သူက ငါ့ကို ကပ်တွယ်နေတာ မဟုတ်ဘူး"
"ဒါပေမဲ့..."
ချန်းရော့ယွီ တကယ်ပဲ ဘာပြောရမှန်း မသိတော့ပေ။
လျန်စီးစီးက ပြုံးလိုက်ပြီး သူမ၏ မေးစေ့ကို ထောက်ကာ ဝိုင်ဖန်ခွက်ကို လှုပ်ယမ်းလိုက်သည်။
"ချန်းရော့ယွီ ငါ လေဆိပ်မှာ ရှိနေတုန်း ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်တာ၊ ဒါကြောင့် နင့်ကို ဖုန်းဆက်လိုက်တာ။ ငါ ကိုယ့်ကိုကိုယ် နောက်ဆုတ်ဖို့ အခွင့်အရေး မပေးချင်ဘူး။ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို နင့်ကို ပြောပြလိုက်ပြီ။ ငါ မလုပ်ဘူးဆိုရင် အရမ်း ရှက်စရာကောင်းလိမ့်မယ်။ ငါ မျက်နှာကို အရမ်းချစ်မှန်း နင် သိပါတယ်။ ဒါကြောင့် နင့်ကို ချက်ချင်း ပြောပြချင်တာ။ ငါ နောက်တစ်ကြိမ် အန္တရာယ်ထဲ စွန့်စားချင်တယ်"
"စီးစီး၊ နင် ကျိုးဟောက်ကိစ္စကြောင့် လှုံ့ဆော်ခံရတာလား"
"လုံးဝ မဟုတ်ဘူး!"
လျန်စီးစီးက ငြင်းဆိုလိုက်သည်။
"အဲဒီ လူယုတ်မာက ငါ့ရဲ့ လေတောင် မထိနိုင်ဘူး၊ ငါ့နှလုံးသားထဲမှာ နေရာမရှိဘူး။ ငါ ဒီလူနဲ့ အခုမှ တွေ့တာ၊ သူ့ရည်းစားက တကယ်ကို့ စိတ်ပျက်စရာ ကောင်းတယ်။ ငါ ဘေးကနေ မတ်တပ်ရပ်ကြည့်နေလို့ မရဘူး၊ ဒါကြောင့် သူ့ကို ကူညီချင်ခဲ့တာ။ ဒါပေမဲ့ သူက ကျေးဇူးမတင်ဘူးလေ။ သူက ကျေးဇူးမတင်တော့ ငါ တမင်တကာ သူ့ကို ငါ့ကို လက်ခံအောင် လုပ်လိုက်တာ"
"သူ့မှာလည်း ရည်းစား ရှိတယ်? ဒါဆို နင်တို့နှစ်ယောက်..."
"သူ့ရည်းစားက သူ့မိသားစု စီစဉ်ပေးတာ၊ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်မရှိဘူး။ အဲဒီမိန်းမက သူ့အပေါ်မှာ အမျိုးသမီးကြီးစိုးမှုကို ထုတ်ပြနေတာ ငါ တွေ့ခဲ့တယ်။ သူက သဘောထားကြီးပေမဲ့ သူ(မ)ကို မဆုံးမဘူး၊ ဒါပေမဲ့ ငါကတော့ တကယ် မခံနိုင်ဘူး"
"နင် မခံနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမျိုးသား ကြီးစိုးမှုကို ရှာဖွေနိုင်အောင် ကူညီဖို့အတွက် သူနဲ့ အိပ်လိုက်တာလား"
ချန်းရော့ယွီ သူမ၏ ခေါင်းကို ခေါက်ချင်စိတ် ပေါက်သွားသည်။ သူမက ကျိုးဟောက်ကိစ္စကြောင့် အရမ်းစိတ်ပျက်နေပြီး H-မြို့မှာ ရူးသွပ်သွားတာ သေချာတယ်။
"နင် အလုပ်ထွက်ဖို့ ခွင့်မပြုဘူး... ဒီမှာပဲ နေ။ နင် စိတ်ငြိမ်သွားရင် ဒီကိစ္စတွေကို သေချာ ပြန်စဉ်းစားလိုက်၊ အဲဒီအခါ နင် မိုက်မိုက်မဲမဲ လုပ်ခဲ့တယ်ဆိုတာ တွေ့ရလိမ့်မယ်"
လျန်စီးစီးက ရယ်လိုက်သည်။
"ရော့ယွီ ငါ နင့်ကို နှစ်ပတ်လောက် မတွေ့ရတာ နင်က အနိုင်ယူချင်တဲ့ အမူအရာကို ရနေပြီ။ စိတ်မပူပါနဲ့။ ငါ အရမ်း စိတ်အေးအေးထားပြီး ငါ ဘာလုပ်နေတယ်ဆိုတာ သိတယ်။ ငါ သူ့လိုလူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ ငါ သူ့ကို သဘောကျတယ်"
"သူက ဘယ်လိုလူမျိုးလဲ"
"အရမ်း တည့်တိုးဆန်ပြီး ရှေးရိုးစွဲ၊ စကားရှည်တယ်၊ သူ မြင်သမျှကို မကြိုက်ဘူး။ အထူးသဖြင့် ငါ့ကို မကြိုက်ဘူး၊ ထင်ရှားတယ်။... ကောင်းပြီ၊ ဘယ်လို ဖော်ပြရမှန်း မသိဘူး"
လျန်စီးစီးလို အချစ်ရေး ကျွမ်းကျင်သူကတောင် ဖော်ပြလို့မရတဲ့ ဒီလို ယောက်ျားမျိုး ရှိနေသေးတာလား။ ချန်းရော့ယွီ စိုးရိမ်လာသည်။
"စီးစီး၊ နင်က ချစ်လွယ်လွန်းတယ်။ အရင်က ငါ နင့်ကို မထိန်းချုပ်ခဲ့ပေမဲ့၊ နင် အလုပ်ကောင်းတစ်ခုကနေ ထွက်ပြီး လုံးဝ မရင်းနှီးတဲ့ မြို့တစ်မြို့ကို သွားပြီးတော့ ရည်းစားရှိပြီးသား ယုံကြည်လို့ မရတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်တာတော့ မသင့်တော်ဘူးလို့ ငါ ထင်တယ်။ နင် ဒီလူကိုတောင် ဖော်ပြလို့ မရဘူး...
သူ နင့်ကို လက်ထပ်ချင်လို့လား။ ဒီကိစ္စ မသေချာဘူးဆိုရင် နင် မသွားသင့်တဲ့ အကြောင်းရင်း ပိုများတယ်။ နင် အလုပ်သွား၊ ကောင်းမွန်တဲ့ ဘဝကို နေထိုင်ပြီး ဒီကိစ္စကို နင့်ရဲ့ မှတ်ဉာဏ်ထဲမှာပဲ ငြိမ်ငြိမ်လေး ထားလိုက်တာ ပိုကောင်းတယ်"
"ငါ မသွားဘူးဆိုရင် ငါ့မှတ်ဉာဏ်ထဲမှာ ထားစရာ ဘာမှ ရှိမှာ မဟုတ်ဘူး။ ဒါက အရင် ချစ်သူရွေးပွဲတိုင်းလိုပဲ ဖြစ်နေလိမ့်မယ်။ ရော့ယွီ၊ ငါ့စိတ်ထဲမှာ မှတ်ဉာဏ်အဖြစ် သိမ်းထားနိုင်တဲ့ ကိစ္စတွေက အရမ်း နည်းလွန်းတယ်၊ ငါ ဒီလို မဖြစ်ချင်ဘူး"
"ဒါပေမဲ့ ဒါက တကယ်ပဲ ယုံကြည်လို့ မရလွန်းဘူး"
"တကယ်တော့ အချစ်ဆိုတာ အရမ်း ယုံကြည်လို့ မရတဲ့ အရာတစ်ခုပဲ။ အချစ်က ဘယ်အချိန် ဖြစ်လာမယ်၊ ဘယ်လောက်ကြာကြာ ခံမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ရော့ယွီ ငါ လုံလုံလောက်လောက် ချစ်ခဲ့ပြီးပြီ၊ ငါ ထပ်ပြီး ချစ်မိဖို့ မလိုချင်ဘူး၊ ဒါကြောင့် ငါ မချစ်မယ့်သူကို ရှာပြီး လက်ထပ်ချင်တယ်"
ချန်းရော့ယွီ သူမကို ထပ်ပြီး နားမလည်နိုင်တော့ပေ။
"ခုနကမှ နင် သူ့ကို သဘောကျတယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ သူ့ကို ချစ်မိမှာ မဟုတ်ဘူးလို့ ပြောနေရတာလဲ"
"တစ်ယောက်ယောက်ကို သဘောကျတာက ချစ်တာကို ကိုယ်စားမပြုဘူး။ သူက ငါ ချစ်မိမယ့် အမျိုးအစား မဟုတ်ဘူး၊ ငါကလည်း သူ ချစ်မိမယ့် အမျိုးအစား မဟုတ်ဘူး။ ဒါကြောင့် ငါတို့နှစ်ယောက် အတူတူ နေရရင် အရမ်းလုံခြုံမှု ခံစားရလိမ့်မယ်"
"လုံခြုံမှု?"
ချန်းရော့ယွီက နဖူးကို ပွတ်သပ်လိုက်သည်။ ဒါက ရိုးရိုးရှင်းရှင်း ထွက်ပြေးနေတာပဲ!
"နင်က ရန်သူနဲ့ တိုက်ခိုက်နေတယ်လို့ ထင်နေတာလား"
"အဲဒီလိုပဲ ဆင်တူတယ်။ နည်းနည်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ မထင်ဘူးလား"
လျန်စီးစီးက လှပစွာ ပြုံးလိုက်သည်။
စိတ်လှုပ်ရှားဖို့ ကောင်းတယ်! တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ ပြီးတော့ သူမကိုပါ စိတ်လှုပ်ရှားစေတယ်။
"စီးစီး၊ နင် အလုပ်မလုပ်ခင် စဉ်းစားရမယ်နော်။ စိတ်မလောပါနဲ့။ ဒီကိစ္စကို စဉ်းစားဖို့ နင့်ကိုနင် အချိန်နည်းနည်း ပိုပေးပါ"
ချန်းရော့ယွိ စိတ်ရှည်ရှည် တိုက်တွန်းပြီး ထပ်မေးလိုက်သည်။
"သူ နင့်ကို လက်ထပ်ဖို့ ကတိပေးလား"
"အင်း၊ သူ ကတိပေးတယ်။ ငါ လေဆိပ်မှာ ဖုန်းဆက်တုန်းက သူက 'ဟုတ်ပြီ' လို့ ပြောခဲ့တယ်"
ဒီလူနှစ်ယောက် ရူးနေတာလား။
"စီးစီး၊ နင် သွားလို့မရဘူး။ ဘယ်သူသိလဲ၊ အဲဒီလူ နေမကောင်းဖြစ်နေတာ ဖြစ်ချင်ဖြစ်နေမယ်။ နင် စိတ်ကို ထိန်းရမယ်။ စဉ်းစားကြည့်၊ ပုံမှန် ယောက်ျားတွေက ဒီလိုမျိုး မိန်းမကို လက်ထပ်ကြသလား။ သူက နင့်အပေါ် နည်းမျိုးစုံနဲ့ သဘောမတူဘူးလို့ မပြောခဲ့ဘူးလား။ သူ ဒီလိုဖြစ်နေရင် ဘာလို့ နင်နဲ့ အိပ်ခဲ့တာလဲ။ အခု သူက နင့်ကို လက်ထပ်ဖို့ ကတိပါ ပေးနေတယ်၊ ပြီးတော့ နှစ်ယောက်ကြားမှာ ခံစားချက်လည်း မရှိဘူး..."
"လူတိုင်း အချစ်ကို မလိုအပ်ပါဘူး။ လူတစ်ချို့ရဲ့ အချစ်က သေဆုံးသွားပြီ"
လျန်စီးစီးက ပြောသည်။
"သူ့ရဲ့ မာနကြီးပြီး အနိုင်လိုချင်တဲ့ ရည်းစားထက် ငါက ပိုပြီး အစွမ်းထက်တယ်။ ငါက သူ့ရဲ့ ဒုက္ခတွေကို ဖယ်ရှားပေးခဲ့တယ်လေ။ သူက ဇနီးတစ်ယောက် လိုအပ်တယ်၊ ပြီးတော့ ငါ ပေါ်လာခဲ့တယ်... ဒီလောက်ပါပဲ"
"ဒါဆို သူ နင့်ကို လက်ထပ်ဖို့ ကတိပေးတဲ့ အကြောင်းရင်းက နင်က သူ့ရဲ့ မာနကြီးပြီး အနိုင်လိုချင်တဲ့ ရည်းစားကို အနိုင်ယူနိုင်လို့လား။ ဆိုလိုတာက သူက မာနကြီးတဲ့ အမျိုးသမီးကို စွန့်လွှတ်ပြီး နောက်ထပ် ပိုပြီး မာနကြီးပြီး အနိုင်လိုချင်တဲ့ အမျိုးသမီးကို ရွေးလိုက်တာလား။ သူ တကယ်ပဲ ပုံမှန်ဟုတ်ရဲ့လား"
ချန်းရော့ယွီ စိတ်ရှုပ်ထွေးနေပြီ။
ရူးနေပြီ၊ ဒါ ရူးသွပ်မှုပဲ... ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။
"ရော့ယွီ နင် ဒီကိစ္စရဲ့ အဓိက အချက်ကို ဘာလို့ မဖမ်းနိုင်သေးတာလဲ"
"ငါ ဖမ်းနိုင်ပါတယ်။ အဓိက အချက်က နင် အရမ်း ရူးသွပ်နေပြီး ရူးနေတဲ့ လူတစ်ယောက်ကို လက်ထပ်ဖို့ H-မြို့ကို သွားဖို့ စီစဉ်နေတာပဲ"
"မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ အဓိက အချက်ပဲ၊ နင့်ရဲ့ အချက် မဟုတ်ဘူး"
လျန်စီးစီးက ပြောသည်။
"ငါ့ရဲ့ အဓိက အချက်က ငါ နင့်ကို သဘောမတူဘူး။ ဒါက ငါ့ကို အရမ်း စိုးရိမ်စေတယ်"
"မဟုတ်ဘူး၊ နင် အဓိက အာရုံစိုက်ရမှာက အခု... ငါ ထွက်သွားပြီဆိုရင် ဘယ်သူက နင်နဲ့ အခန်းငှားခ မျှပေးမှာလဲ။ နင့်ဝင်ငွေအရဆိုရင် နင် တတ်နိုင်မှာ မဟုတ်ဘူး၊ ဒါဆိုရင် နင် အနာဂတ်မှာ ဘယ်မှာ နေတော့မလဲ"
ချန်းရော့ယွီ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ မှန်တယ်။ သူမ ဒီအကြောင်းကို မစဉ်းစားခဲ့မိဘူး!
"အိမ်ငှားခကြောင့်ဆိုရင် နင် မသွားသင့်တဲ့ အကြောင်းရင်း ပိုများတယ်။ အဲဒီလူက ယုံကြည်လို့ မရဘူး၊ နင် သူ့ကို မြန်မြန် မေ့ပစ်တာ ပိုကောင်းမယ်"
"ငါ သွားရမယ်။ ငါ ဆုံးဖြတ်ပြီးပြီ"
"ဒါဆို ငါ ဘာလုပ်ရမလဲ"
"အမ်..."
လျန်စီးစီးသည် သူမ၏ လက်ညှိုးသွယ်သွယ်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ကြည့်ရတာ နင် ငါ့လိုပဲ လက်ထပ်မှ ဖြစ်တော့မယ် ထင်တယ်"
Translator -JJ