အခန်း ၅၈
Vol. 6 Ch. 58
ဒွိဟချစ်သံယောဇဉ်:
Chapter 58-သူ့ကိုဆူပစ်!
ဒီညစာစားပွဲက ချန်းရော့ယွီကို ခေါင်းမူးသွားစေသည်။ လျန်စီးစီး၏ အနာဂတ်ကို မင်္ဂလာမရှိသလို ဖြစ်စေခဲ့ရုံသာမက သူမရဲ့အနာဂတ်ကိုပါ မသေချာမှုများ ဖြစ်စေခဲ့၏။ သို့သော် လျန်စီးစီးက စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပြီး သူမရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုက ချန်းရော့ယွီရဲ့ စိတ်ကူးဉာဏ်ထက် လုံးဝ ကျော်လွန်နေသည်။
ညစာစားပြီးနောက် သူမက ချက်ချင်းပဲ ကုမ္ပဏီအကြီးအကဲများနှင့် ခင်မင်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်များစွာကို အပြင်ဖိတ်ခေါ်လိုက်ပြီး သူတို့ရဲ့ဆက်ဆံရေး ကောင်းမွန်တာကြောင့် တရားဝင် အလုပ်မထွက်ခင် အရင်ဆုံး အသိပေးရမည်ဟု ပြောလိုက်သည်။
ချန်းရော့ယွီ ခေါင်းကိုက်သွား၏။ သူမ လိုချင်ပေမယ့် လျန်စီးစီးကို ဘယ်လိုမှ မစည်းရုံးနိုင်တော့ပေ။ သူမ(လျန်စီးစီး) ပြောခဲ့သည့်အတိုင်း သူမ လုပ်ချင်သည့် ပထမဆုံးအရာမှာ လူတိုင်းကို သူမရဲ့အစီအစဉ်များ အသိပေးခြင်းဖြင့် နောက်ဆုတ်ရန် အခွင့်အရေး မရှိစေရန် ဖြစ်သည်။
တကယ်တော့ စီးစီးက သူမရဲ့စိတ်ထဲမှာ စိုးရိမ်ပူပန်နေရမယ်။ ဒီလို မရေမရာ ကိစ္စမျိုးကို ရင်ဆိုင်နေရတဲ့အချိန်မှာ လျန်စီးစီးက ဘာလို့ ဒီလိုလုပ်ဖို့ ဆက်ပြီး အခိုင်အမာ လုပ်နေရတာလဲဆိုတာကို ချန်းရော့ယွီ နားမလည်နိုင်ပေ။ သူမသာဆိုရင် ချန်းရော့ယွီ လုပ်ရဲမှာ မဟုတ်ပေ။
လျန်စီးစီးသည် သူမ၏ ဒုတိယ ချိန်းဆိုမှုအတွက် ချန်းရော့ယွီကို ထားခဲ့ပြီးတဲ့နောက် ချန်းရော့ယွီသည် အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားရသည်။ လျန်စီးစီး၏ စိတ်လောမှုက ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမှာကို သူမ စိုးရိမ်နေသည်။ ထို့နောက် လျန်စီးစီး မကြာခင် ထွက်သွားတော့မှာကို တွေးမိတဲ့အခါ သူမ အဖော်ကောင်းတစ်ဦးနှင့် သူငယ်ချင်းကောင်းတစ်ဦးကို ဆုံးရှုံးရတော့မှာကို သိသည်။ သူမ အခန်းငှားခကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို မသိတာကြောင့် ပိုပြီး စိတ်ဓာတ်ကျနေရ၏။
ဘတ်စ်ကားစီးပြီး အိမ်ပြန်လာတဲ့အချိန် သူမ အတွေးနက်နေပြီး ရပ်ကွက်အဝင်ဝသို့ ရောက်သောအခါ ကျိုးကျယ်နှင့် တွေ့ဆုံသည်။ သူက အနည်းငယ် အံ့အားသင့်ပြီး အနည်းငယ် ရှက်ရွံ့နေသည်။
"တိုက်ဆိုင်လိုက်တာ"
"ဟုတ်တယ်။ ကျွန်မ အခန်းဖော်နဲ့ ညစာစားပြီး ခုနကမှ ပြန်လာတာ။ ရှင့် လုပ်ဖော်ကိုင်ဖက်က ဘယ်လိုလဲ"
"ကျွန်တော် သူ(မ)ကို သွားရှာခဲ့တယ်"
ကျိုးကျယ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောပြသည်။
"သူ(မ)က အဆင်ပြေပါတယ်လို့ ပြောတယ်။ ကျွန်တော် ကြည့်လိုက်တော့လည်း အဆင်ပြေပုံရတာနဲ့ သူ(မ)နဲ့ စကားနည်းနည်း ပြောပြီး ပြန်လာခဲ့လိုက်တယ်"
ဒီလူနှစ်ယောက်၊ တစ်ယောက်က ပြေး၊ နောက်တစ်ယောက်က စကားနည်းနည်းလေး ပြော။ သူတို့ ဒီလို လုပ်နေတာ ပင်ပန်းတယ်လို့ မခံစားရဘူးလား။ သူမ ခံစားရတာက ဒီလို မိုက်မဲတဲ့ အပြုအမူက သူမနဲ့ မုန့်ကုရဲ့ အပြုအမူနဲ့ နည်းနည်း ဆင်တူနေသလိုပဲ။ လျန်စီးစီး ပြောတာ မှန်နေတာ ဖြစ်နိုင်တယ်။
ချန်းရော့ယွီက တိုက်ရိုက် မေးလိုက်သည်။
"ရှင် သူ(မ)ကို သဘောကျလား"
"အာ? မဟုတ်ဘူး..."
ကျိုးကျယ်က လက်ကို ဝှေ့ယမ်းကာ-
"ကျွန်တော်တို့ အဲဒီလို ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ သူ(မ)... ကျွန်တော်..."
သူ ထစ်အသွားသည်။ သူက ခေါင်းခါလိုက်ပြီး ပြောလာသည်။
"ကျွန်တော်တို့က ဆက်ဆံရေးကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ"
ချန်းရော့ယွီ ပြောလိုက်သည်။
"ကျွန်မ အခန်းဖော်က ပြောတယ်၊ မိန်းမတစ်ယောက်က အကြောင်းရင်းမရှိဘဲနဲ့ အမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ တံခါးဝမှာ ငိုမှာ မဟုတ်ဘူးတဲ့"
ကျိုးကျယ်က အံ့အားသင့်သွားပြီး သူမကို ဘယ်လို ပြန်ပြောရမှန်း မသိဖြစ်သွားသည်။
ချန်းရော့ယွီက သူ့ရဲ့ အံ့အားသင့်နေတဲ့ အမူအရာကို ကြည့်လိုက်တော့ သူ ဒီအကြောင်းကို တကယ် မစဉ်းစားဖူးဘူးဆိုတဲ့ အထင်ကို ရလိုက်၏။ ခဏစဉ်းစားပြီးတဲ့နောက် သူမက မေးလိုက်သည်။
"သူ(မ)က တစ်ယောက်တည်းသမားလား"
"အာ... ဟုတ်တယ်"
ကျိုးကျယ်သည် ခဏရပ်သွားပြီး အလျင်အမြန် ပြောလာ၏။
"ဒါပေမဲ့ သူ(မ) မကောင်းလို့ မဟုတ်ပါဘူး။ သူ(မ)မှာလည်း လိုက်ပိုးပန်းတဲ့သူတွေ ရှိတယ်။ သူ(မ)ကို ပန်းစည်းလာပို့တဲ့သူတွေ ကျွန်တော် မြင်ဖူးတယ်၊ ပြီးတော့ သူ(မ)က ငြင်းခဲ့တာ"
"သူ(မ) မကောင်းဘူးလို့ ကျွန်မ မပြောပါဘူး"
"အိုး..."
ကျိုးကျယ်သည် သူ့အတွေးများကို စုစည်းလိုက်ပြီး ခေါင်းကုတ်ကာ အနည်းငယ် ရှက်သွားသည်။
"ကျိုးကျယ် ရှင်ကော ဘယ်လိုလဲ"
"ဘာကိုလဲ"
"ရှင် ဒီမှာ ချစ်သူထားဖူးလား"
"ကျွန်တော် စီ-မြို့ကို ပြန်ဖို့ စီစဉ်ထားတယ်"
ဒီစကားကြောင့် နှစ်ဦးသား ခဏတာ တိတ်ဆိတ်သွားပြီးမှ နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။
ချန်းရော့ယွီ တိုက်ခန်းအောက်သို့ ရောက်သောအခါ သူမ ရုတ်တရက် ပြောလိုက်သည်။
"ကျိုးကျယ်၊ ကျွန်မ သူငယ်ချင်းက ပြောဖူးတယ်။ လူတစ်ယောက်က ရှင့်ကို ချစ်တယ်ဆိုရင် ရှင် သေချာပေါက် သိလိမ့်မယ်တဲ့"
ကျိုးကျယ် ခဏလောက် ကြောင်သွားပြီး သူမ ပြုံးပြလိုက်သည်။ အဲ့ဒီနောက် သူက ပြန်ပြုံးပြပြီး နှုတ်ဆက်ခွဲခွာခဲ့ကြသည်။
သူမ ဘာကြောင့်မှန်း မသိပေမယ့် သူမရဲ့ စိတ်အခြေအနေ မကောင်းလှပေ။ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ လက်ကိုင်ဖုန်း မြည်လာပြီး ကောက်ယူလိုက်ရာ မုန့်ကုဆီမှ ခေါ်ဆိုမှု ဖြစ်နေသည်။
"မင်း ဘယ်မှာလဲ"
"အိမ်ပြန်နေတယ်"
"လျန်စီးစီးနဲ့ ညစာစားခဲ့လား"
"ဟုတ်တယ်"
"ညစာ စားပြီးပြီလား"
"အခုပဲ အိမ်ရောက်တာ"
"အမ်း..."
မုန့်ကု၏ အသံတွင် ခံစားချက်မရှိပေ။ သူက ပြောလိုက်၏။
"ဒါဆို ငါ ဖုန်းချလိုက်မယ်"
ထို့နောက် သူ တကယ်ပဲ ဖုန်းချသွားသည်။
ချန်းရော့ယွီ ပဟေဠိဖြစ်သွားပြီး ဒီလူက ကလေးဆန်စွာ ဂျီကျနေတာလားဟု တွေးလိုက်မိသည်။သူက အချိန်မစောသေးကြောင်း၊ သူ့ကို အပြင်အတူ ထွက်ခိုင်းချင်ကြောင်း ပြောပြချင်နေတာလား?
ချန်းရော့ယွီ ဓာတ်လှေကားထဲမှ ထွက်လာပြီး နာရီကို ကြည့်လိုက်သည်။ အချိန်က အတော်အတန် ရှိနေပြီ။ သူမလည်း သူ့ကို စကားပြောချင်ပြီး စီးစီးအတွက် စိုးရိမ်စိတ်များကို ပြောပြချင်တယ်။ စီးစီးကို နေစေဖို့အတွက် ဆွဲဆောင်ဖို့ သူက အကြံဉာဏ်ကောင်းတွေ ပေးနိုင်ချင်လည်း ပေးနိုင်တယ်။ ဒါကြောင့် သူမ သူ့ကို အပြင်ထွက်ဖို့ ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဖုန်းခေါ်လိုက်သည်။
သို့သော် မုန့်ကု၏ ဖုန်းမှာ ပိတ်ထားသည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ စိတ်အခြေအနေ ပိုဆိုးသွား၏။ ဒီလိုအချိန်မျိုးမှာ သူ့ဖုန်း ဘက်ထရီ ကုန်နေတာက တကယ် စိတ်တိုစရာ ကောင်းတယ်။ အမှန်ဆိုရင် သူ ဖုန်းအားသွင်းထားသင့်တယ်။
သူမ တစ်ယောက်တည်း အိမ်မှာ ရှိနေတဲ့အခါ တွေးလေလေ စိတ်ပူလေလေ ဖြစ်လာသည်။ လျန်စီးစီး ဒီလို လုပ်ဆောင်တာ အဆင်ပြေရဲ့လားဆိုပြီး ပိုပြီး စိုးရိမ်လာ၏။
နောက်ပိုင်းရက်များတွင် ချန်းရောယွီစ စိတ်အခြေအနေ မကောင်းခဲ့ပေ။
ပထမအကြောင်းရင်းမှာ လျန်စီးစီးက သာမန်ထက် ထူးခြားသော သတ္တိနှင့် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ပြသခဲ့ခြင်း ဖြစ်သည်။ သူမက လျင်မြန်စွာ အလုပ်ထွက်ခွင့် တင်လိုက်ပြီး သူမ၏ အလုပ်များကို လုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးခဲ့ပြီး သူငယ်ချင်းများကို နှုတ်ဆက်ရန် စုရုံးကာ အိတ်များ ထုပ်ပိုးတာ၊ အဝတ်အစားအသစ်များ ဝယ်ယူတာ စသဖြင့် လုပ်ဆောင်ခဲ့သည်။
ချန်းရော့ယွီ ထပ်ပြီးစည်းရုံးရန် ကြိုးစားသော်လည်း စီးစီးက နားမထောင်ပေ။ သို့သော် လျန်စီးစီးသည် ချန်းရော့ယွီကို ထားခဲ့ရသည်အတွက် စိတ်မကောင်းဖြစ်သဖြင့် သူမ ပေးထားပြီးသော အခန်းငှားခကို ပြန်မယူလိုတော့ပေ။ ချန်းရော့ယွီသည် လာမည့်နှစ် ဖေဖော်ဝါရီလကုန်အထိ ဆက်လက် နေထိုင်နိုင်ပြီး ထိုအချိန်ဟာ နွေဦးပွဲတော်ပြီးနောက် တစ်လကြာမြင့်မည်ဖြစ်ရာ ချန်းရော့ယွီအတွက် အစီအစဉ်အသစ်များ လုပ်ဆောင်ရန် လုံလောက်သော အချိန် ရရှိမည် ဖြစ်သည်။
ချန်းရော့ယွီ စိတ်မပျော်ရွှင်ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ သူမအပေါ်ထားတဲ့ မုန့်ကုရဲ့ သဘောထားဟာ တစ်ညချင်း အေးစက်သွားပုံရခြင်း ဖြစ်စ။ သူမ သူ့ကို ဖုန်းခေါ်တဲ့အခါ စကားအနည်းငယ် ပြောပြီးတဲ့နောက် သူ့ရဲ့စိတ်အားထက်သန်မှု ကင်းမဲ့တာကို ခံစားရပြီး သူ့ကို ဘာဆက်ပြောရမှန်းပင် မသိတော့ပေ။
ချန်းရော့ယွီသည် အေးစက်စက် တုံ့ပြန်မှုကို ကြုံတွေ့ရသည့်အခါ ဘာမှ မပြောတတ်တဲ့သူ ဖြစ်သည်။ အလားတူ ဆက်ဆံမှုကို အကြိမ်များစွာ ရပြီးနောက် သူမလည်း သူ့ကို ဖုန်းဆက်ချင်စိတ် မရှိတော့ပေ။ သူမ စဉ်းစားမိတာကတော့ အဲ့ဒီနေ့တုန်းက သူမက လျန်စီးစီးနဲ့ ညစာစားဖို့ အတင်း အပြင်ထွက်ခဲ့ပြီး သူ့ကို လျစ်လျူရှုခဲ့တာကြောင့် ဖြစ်နိုင်သည်ဟု ထင်မိသည်။ သို့သော် သူ့လုပ်ရပ်က အကျိုးအကြောင်းကင်းမဲ့တယ်လို့ ခံစားရပြီး သူမလည်း သူ့ကို ဘယ်လို ချော့ရမှန်း မသိပေ။ အရေးကြီးဆုံးအချက်ကတော့ သူမကိုယ်တိုင်လည်း စိတ်ဓာတ်ကျနေခြင်းပင်။ တကယ်တော့ သူမကပဲ ချော့မော့မှု လိုအပ်နေသူ ဖြစ်ပြီး သူ့ကို ပျော်ရွှင်အောင် လုပ်ပေးရန် စိတ်မပါပေ။
ရလဒ်အနေဖြင့် လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဦးဆောင်၍ ချိန်းတွေ့ခြင်း မရှိဘဲ၊ ခုမှ ချစ်သူများ ဖြစ်လာခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ နှစ်ပတ်လုံးလုံး မတွေ့ကြတော့ပေ။
သို့သော် ချန်းရော့ယွီအတွက်တော့ ထိုနှစ်ပတ်အတွင်း ကောင်းမွန်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်။
ပထမအချက်အနေဖြင့် သူမကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုတဲ့ စိတ်ကျေနပ်မှု ရရှိခဲ့သော အာမခံဖောက်သည်တစ်ဦးက သူမကို ချီးကျူးဂုဏ်ပြုရန်အတွက် နဖူးစည်းစာတန်းကို အထူး ပေးပို့လာခဲ့သည်။ ၎င်းဟာ ကုမ္ပဏီအတွင်း သူမ၏ ဂုဏ်သတင်းကို မြှင့်တင်ပေးခဲ့စ။ ထို့နောက် သူမ ကူညီပေးခဲ့ဖူးပြီး ထိုလုပ်ငန်းစဉ်အတွင်း ဒဏ်ရာရခဲ့ဖူးသည့် ဖောက်သည်တစ်ဦးက သူတို့ကုမ္ပဏီအတွက် အဖွဲ့လိုက် အာမခံမူဝါဒ လိုအပ်သော အဖွဲ့အစည်းဖောက်သည် တစ်ဦးကို မိတ်ဆက်ပေးခဲ့သည်။ သူမရဲ့ စွမ်းဆောင်ရည်ဟာ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။
အခြားတစ်ဖက်မှာတော့ ကျောက်ရှကလည်း ချန်းရော့ယွီနဲ့ ဆွေးနွေးမှုတစ်ခု လုပ်ချင်သည်။ သူမရဲ့ လူကြီးများအတွက် ကုန်ပစ္စည်းလုပ်ငန်းဟာ ပိုမို ကြီးထွားလာပြီး ချန်းရော့ယွီစ ခိုင်မာပြီး အလုပ်ကြိုးစားမှုကို သဘောကျတာကြောင့် သူမကို အချိန်ပြည့် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်စေချင်သည်။ သူမက ချန်းရော့ယွီကို ခရိုင်တစ်ခု၏ လုပ်ငန်းကို တာဝန်ယူဖို့အတွက် ခွဲဝေပေးရန်ပင် စီစဉ်ထား၏။
ချန်းရော့ယွီ ဝမ်းသာအားရဖြစ်သွားသည်။ ကောင်းခြင်း၊ ဆိုးခြင်း ကိစ္စများ စဉ်ဆက်မပြတ် သူမဆီ ရောက်ရှိလာပြီး သူမက ၎င်းတို့ကို တားဆီးရန် စွမ်းအားမရှိ ဖြစ်နေသည်။
ပိတ်ရက်သို့ ရောက်ရှိလာပြီး လျန်စီးစီးသည် သူမ၏ အထုပ်များ အားလုံးကို ထုပ်ပိုးပြီးပြီဖြစ်သည်။ မနက်ဖြန် မနက်မှာ H-မြို့သို့ လေယာဉ်ဖြင့် ပျံသန်းကာ သူမ၏ အန္တရာယ်များသော ဘဝသစ်ကို စတင်တော့မှာဖြစ်လေသည်။ ချန်းရော့ယွီသည် လမ်းခွဲရတော့မယ့် ဝမ်းနည်းပူဆွေးမှုကို စတင် ခံစားလာရပြီး တွေးမိတိုင်း ငိုချင်လာတော့၏။
ထိုအချိန်တွင် သူတို့ဟ ဧည့်ခန်းရှိ ဆိုဖာငယ်လေးပေါ်တွင် နောက်ဆုံးအကြိမ်အဖြစ် စကားပြောရင်း အတူထိုင်နေကြသည်။ ကော်ဖီစားပွဲပေါ်တွင် မုန့်မျိုးစုံနှင့် ဘီယာ တစ်ဒါဇင်ခန့် ရှိသည်။
"ငါ အခြေချပြီးရင် နင့်ကို ငါ့လိပ်စာ ပို့ပေးမယ်။ ကျန်တဲ့ ပစ္စည်းတွေကို နင် ငါ့ဆီ ပို့ပေးလိုက်"
"ကောင်းပြီ"
ချန်းရော့ယွီသည် အနည်းငယ် မူးနေပြီး လျန်စီးစီး၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။
"နောက်တစ်ခါ ထပ်စဉ်းစားပါဦး။ အခုထိ နောက်ကျသေးတာ မဟုတ်ဘူး"
"နောက်ကျနေပြီ၊ ရော့ယွီ"
"ဒါပေမဲ့ နင် တကယ်ပဲ မကြောက်ဘူးလား"
"ဟုတ်တယ်၊ ငါ ကြောက်တယ်"
လျန်စီးစီး ပြုံးလိုက်သည်။ သူမ ကြောက်ကြောင်း ဝန်ခံခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်၏။
"ဒါပေမဲ့ ငါ ကြောက်လေလေ၊ ပိုလုပ်ချင်လေလေပဲ"
ချန်းရော့ယွီက လျန်စီးစီးကို ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ သူမ မျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။
"စီးစီး၊ နောက်ဆို ဘယ်သူကမှ ငါ့ကို အချစ်ဝတ္ထုတွေထဲက ခေတ်မီတဲ့ နည်းလမ်းတွေ ပြောပြမှာ မဟုတ်ဘူး၊ ဘယ်သူကမှ နားမလည်နိုင်တဲ့ စကားလုံးတွေ ပြောပေမဲ့ တကယ်တမ်း အဓိပ္ပာယ်ရှိတဲ့ စကားတွေကို ပြောပြတော့မှာ မဟုတ်ဘူး"
"ဒါဆို ဒီအခွင့်အရေးယူပြီး ဒီအကြောင်း နည်းနည်း ပိုပြောကြရအောင်"
"စီးစီး၊ သူက ငါ့ချစ်သူ မဖြစ်ခင်တုန်းက ငါ ချစ်နေရတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အခု သူ ငါ့ချစ်သူ ဖြစ်သွားပြီ၊ ငါ အချစ်ကို ဆုံးရှုံးနေရတယ်လို့ ခံစားနေရတာ ဘာလို့လဲ"
"ဖြစ်ကောင်းဖြစ်နိုင်တာကတော့ အဲဒီတုန်းက နင် လွတ်လပ်မှု ခံစားရလို့ ဖြစ်မယ်"
ချန်းရော့ယွီသည် ပါးစပ်ကို မဲ့လိုက်ပြီး ရှေ့သို့ ကိုင်းညွှတ်ကာ ဘီယာဗူးကို ဆွဲယူပြီး တစ်ငုံ သောက်လိုက်သည်။
"စီးစီး၊ ဒါက နင် လိုချင်တဲ့ လွတ်လပ်မှုလား"
"ဟုတ်တယ်။ ဒီလွတ်လပ်မှုကလွဲလို့ တခြား ဘာမှ ငါ မပိုင်ဆိုင်နိုင်ဘူး"
"စီးစီး၊ ငါ ချစ်တာ နှစ်ရက်ပဲ ရှိသေးတယ်၊ အချစ်ကို ဆုံးရှုံးရတော့မယ်။ ကျေးဇူးပြုပြီး မထွက်သွားပါနဲ့ဦး"
"ဘာဖြစ်တာလဲ။ ဒေါက်တာမုန့်ကို မလိုချင်တော့ဘူးလား။ အစားထိုးပြီး ငါ့ကို ချစ်ချင်နေတာလား"
"ဒါပေမဲ့ သူ့ကို စွန့်လွှတ်ဖို့ ငါ မတတ်နိုင်ဘူးလို့"
ချန်းရော့ယွီ မူးနောက်နောက် ဖြစ်နေပြီး နောက်ဆုံးတွင် ငိုချလိုက်သည်။
"သူ ဘာလို့ ရုတ်တရက် ငါ့အပေါ် ဒီလို လုပ်ရတာလဲ။ သူ့ရဲ့ စိတ်ဆိုးလွယ်တာနဲ့ စရိုက်ဆိုးတာ ဒီလောက် ဆိုးရွားရလား။ အရင်တုန်းက ငါ သူ့ကို မကြိုက်တာ မှန်တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဘယ်သူမှ သူ့ကို မလိုချင်တာ အကြောင်းရှိတယ်။ သူက အရမ်း စိတ်တိုစရာ ကောင်းတယ်၊ ငါ သူ့ကို မကြိုက်ချင်တော့ဘူး။ ငါ ဒီလောက် စိတ်မကောင်း ဖြစ်နေတဲ့အချိန်မှာ သူက ငါ့နဲ့အတူတူ ရှိပြီး ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးသင့်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ သူက ဒီလို လုပ်တယ်။ ငါ သူ့ကို ဖုန်းဆက်တော့ သူ ငါနဲ့ စကားပြောတဲ့ပုံက အလုပ်ထဲကလိုပဲ၊ ငါ အရမ်း ဝမ်းနည်းတယ်။ သူက လူယုတ်မာပဲ"
"ဒါဆို နင် သူ့ကို ဆူခဲ့လား"
"မဆူခဲ့ဘူး"
ထိုစကားလုံးများက သနားစရာကောင်းစွာ ထွက်လာသည်။
"နင် သူ့ကို ကောင်းကောင်း ဆူပစ်ရမယ်။ နင့်ရဲ့ ဆက်ဆံရေး ပြောင်းလဲသွားရင်တောင် နင့်ရဲ့ လွတ်လပ်ခွင့်က မပြောင်းလဲနိုင်ဘူး။ရော့ယွီ နင် ပျော်ရင် ရယ်ရမယ်၊ နင် မပျော်ရင် ဆူပစ်ရမယ်။ နင် ဘာကို ကြောက်နေတာလဲ"
ဘာကို ကြောက်နေတာလဲ။ သူ ပိုပြီး စိတ်မချမ်းသာဖြစ်သွားမှာကို ကြောက်တာလား၊ သူတို့ရဲ့ ဆက်ဆံရေး ပိုဆိုးသွားမှာကို ကြောက်တာလား၊ ကြောက်တာလား... ဟုတ်တယ်၊ သူမ ဘာကို ကြောက်နေတာလဲ။ ဒီထက် ပိုဆိုးနိုင်သေးလား။ ဒီထက် ပိုပြီး နားမလည်နိုင်အောင် ဖြစ်နိုင်သေးလား။
ချန်းရော့ယွီသည် ရုတ်တရက် အားအင်များ ရရှိလာသည်ဟု ခံစားရသည်။ သူမ လက်ကိုင်ဖုန်းကို ဆတ်ကနဲ ဆွဲယူလိုက်ပြီး မုန့်ကုကို ဖုန်းခေါ်လိုက်သည်။ ဖုန်း တစ်ကြိမ်ပင် မမြည်သေးဘဲ မုန့်ကု ဖုန်းကို ကိုင်လိုက်သည်။ ချန်းရော့ယွီက သူ စကားပြောရန် မစောင့်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရှင် လူယုတ်မာကြီး! ရှင် ဘာထင်လို့ ကျွန်မကို အပူအအေး လုပ်ချင်တိုင်း လုပ်နေတာလဲ။ ရှင် ဘာထင်လို့ ရှင့် စရိုက်နဲ့ ဒေါသကို ကျွန်မအပေါ် ပစ်ချချင်တိုင်း ပစ်ချနေတာလဲ။ ရှင် ခန့်ညားတယ် ထင်နေလို့ မောက်မာနေတာလား။ ရှင်က ဆရာဝန်ဆိုပြီး မာနကြီးနိုင်တယ် ထင်နေတာလား။ ကျွန်မက ချစ်သူထက် သူငယ်ချင်းကို ဦးစားပေးရင် ဘာဖြစ်လဲ။ ရှင့်ကို မလိုက်ဘဲ စီးစီးကို အဖော်ပြုချင်ရင် ဘာဖြစ်လဲ။ ရှင် သုံးနှစ်သား ကလေးတစ်ယောက်လို ချော့မော့မှ စားမယ်ထင်နေတာလား။
ရှင့်ကို ပြောပြမယ်၊ ကျွန်မလည်း မဆိုးပါဘူး။ ကျွန်မရဲ့ ဖောက်သည်တွေက ကျွန်မကို ချီးကျူးတယ်၊ သူတို့ ယုံကြည်ပြီး ကျွန်မကုမ္ပဏီကို ဖောက်သည်ကြီးတစ်ယောက် မိတ်ဆက်ပေးခဲ့တယ်။ ကျွန်မ သူငယ်ချင်းကလည်း ကျွန်မကို ချီးကျူးပြီး အရောင်းမန်နေဂျာအဖြစ် သူတို့နဲ့ ပူးပေါင်းဖို့တောင် လိုချင်နေတယ်။ ကျွန်မက ရှင်နဲ့ တန်းတူ ရှိတယ်၊ ကျွန်မမှာလည်း လိုက်တဲ့သူတွေ ရှိတယ်။ ကျွန်မက အရင်ဆုံး သဘောကျခဲ့တာ မှန်ပေမဲ့ ရှင်က အရင်ဆုံး ချစ်ခွင့်ပန်ခဲ့တာ။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဘာမှ အကြွေးမတင်ဘူး။ ရှင့်ကို ပြောပြမယ်၊ ကျွန်မလည်း လူတွေကို စွန့်ပစ်တတ်တယ်"
"ချန်းရော့ယွီ မင်း အရက်မူးနေတာလား!"
မုန့်ကုက ဟိုဘက်ဖုန်းမှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ရင်းနှီးသော ထိုအသံကြောင့် ချန်းရော့ယွီ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ငိုလိုက်သည်။
"ဒေါက်တာမုန့်၊ ဒေါက်တာမုန့်... စီစီ ထွက်သွားတော့မှာ၊ သူ(မ) ကျွန်မကို မလိုချင်တော့ဘူး။ ရှင် သူ(မ)ကို မသွားဖို့ ပြောပေးလို့ မရဘူးလား"
သူမ ငိုနေတဲ့အချိန် လျန်စီးစီးက ခြေထောက်ကို ဆန့်တန်းပြီး သူမကို ကန်လိုက်သည်။
"နင် နင့်လူကို ဆူနေတာ၊ ငါ့ကို ဘာလို့ ဆွဲထည့်တာလဲ"
ချန်းရော့ယွီက ဆက်ငိုသည်။
"ဒေါက်တာမုန့်၊ ရှင် ဘာလို့ ကျွန်မကို ဒီလို ဆက်ဆံတာလဲ။ ကျွန်မ အရမ်း ဒေါသထွက်တယ်။ ကျွန်မ ရှင့်ကို မလိုချင်တော့ဘူး"
မုန့်ကု၏ အသံမှာ အံကြိတ်ထားသလို ထွက်လာသည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"
"မပြောပါဘူး။ ကျွန်မ စိတ်မချမ်းမသာ ဖြစ်နေတာ၊ ရှင်ကလည်း ကျွန်မကို မကောင်းဘူး။ ကျွန်မ ရည်းစားဟောင်းနဲ့ တစ်နှစ်ကျော် တွဲခဲ့ရတာ... ဒါပေမဲ့ ရှင့်နဲ့က နှစ်ရက်ပဲ တွဲခဲ့ရတာ။ ဟုတ်သားပဲ၊ ရှင် ရှင့်ရည်းစားဟောင်းနဲ့ ဘယ်လောက်ကြာကြာ တွဲခဲ့ရတယ်လို့ ပြောခဲ့လဲ။ သုံးလလား။ ဒါပေမဲ့ ကျွန်မနဲ့ကျတော့ နှစ်ရက်ပဲ! ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ"
ဖုန်းတစ်ဖက်မှ မုန့်ကုသည် စကားမပြောပေ။ ချန်းရော့ယွီလည်း သူ့စကားကို နားထောင်ချင်စိတ် မရှိတော့ပေ။ သူမ သူ့ကို အဆုံးမရှိ ဆူပူနေခဲ့ရာ လျန်စီးစီးကို ရယ်မောစေသည်။ ချန်းရော့ယွီသည် သူမ၏ ဖုန်းကို ကိုင်ထားရင်း မုန့်ကုအပေါ် မကျေနပ်ချက်များနှင့် မနှစ်သက်မှု အမျိုးမျိုးကို စာရင်းပြုစုကာ မိနစ်အနည်းငယ်ကြာ စကားပြောနေသည်။ သူမ ပြောနေတုန်းမှာပင် ရုတ်တရက် ဘဲလ်တီးသံကို ကြားလိုက်ရ၏။
လျန်စီးစီးသည် ဆိုဖာပေါ်မှ ပျင်းရိစွာ ထပြီး တံခါးဆီသို့ ယိမ်းထိုးသွားကာ တံခါးပေါက်မှ ချောင်းကြည့်မှန်ဖြင့် အပြင်သို့ ကြည့်လိုက်သည်။
သူမ မထိန်းနိုင်တော့ဘဲ ပြုံးလိုက်မိ၏။
သူမ တံခါးကို ဖွင့်လိုက်တဲ့အခါ မုန့်ကုသည် ဖုန်းကို ကိုင်လျက် အပြင်ဘက်တွင် ရပ်နေလေသည်။
Translator -JJ