← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

ဒွိဟချစ်သံယောဇဉ်:

Chapter 59-အရက်မူးနေတဲ့ ချန်းရော့ယွီ

လျန်စီးစီးသည် တံခါးဝတွင် မှီရင်း ပြုံးလိုက်၏။

"ဒေါက်တာမုန့် ဘယ်က လာတာလဲ။ ရှင့်အိမ်ကနေ ဒီအထိ လေယာဉ်လက်မှတ် ဘယ်လောက် ပေးရလဲ"

မုန့်ကု မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ဘေးတိုက် တိုးဝင်ကာ အခန်းထဲသို့ ဝင်လာသည်။

ဧည့်ခန်းဆိုဖာပေါ်တွင် ချန်းရော့ယွီသည် ဖုန်းကို ကိုင်ထားရင်း ဆက်ပြီး ပြောမဆုံးနိုင်အောင် ဖြစ်နေသည်။ ဘာလုပ်ရမှန်းမသိတဲ့ မုန့်ကုက ဖုန်းကို ချလိုက်၏။ ချန်းရော့ယွီသည် ဖုန်းထဲသို့ အချိန်အကြာကြီး အော်ဟစ်လိုက်ပြီးနောက် အော်သံတစ်ခု ထွက်ကာ ပြန်ငိုသည်။ သူမ ခေါင်းမော့ကာ လျန်စီးစီးကို အော်ပြောလိုက်၏။

"သူ ငါ့ဖုန်းကို ချသွားပြီ။ သူ ငါ့ကို ထပ်ပြီး ဖုန်းချသွားပြီ။ စီးစီး ငါ သူ့ကို မလိုချင်တော့ဘူး၊ ရလားဟင်"

"မရဘူး!"

ဒေါသတကြီး အသံကြောင့် ချန်းရော့ယွီ လန့်သွားသည်။

သူမ ရှိုက်ကြီးတငင် ငိုနေရင်း သူ့ကို မော့ကြည့်လိုက်သည်... ဘာလို့ ဒီမှာ လူတစ်ယောက် ပိုနေရတာလဲ။ သူက မုန့်ကုနဲ့ အရမ်း တူနေတာပဲ!

ချန်းရော့ယွီသည် သူမဖုန်းကို ငုံ့ကြည့်လိုက်သည်။ ခုနက မုန့်ကုက သူမနဲ့ ဖုန်းပြောနေတာ ထင်ရှားပါတယ်။ သူမရှေ့က ဒီလူကလည်း မုန့်ကုပဲ။ သူမရဲ့ စိတ်က ခဏတာ ရှင်းလင်းမှုမရှိတော့ဘဲ မိုက်မဲစွာ မေးလိုက်သည်။

"ရှင်တို့ ဘယ်နှစ်ယောက်တောင် ရှိတာလဲ"

လျန်စီးစီး အူတိုက်မတတ် ရယ်မောလိုက်သည်။ မုန့်ကုသည် မျက်နှာကို တင်းထားပြီး ချန်းရော့ယွီကို ဆွဲထူလိုက်သည်။

"မင်း နောက်တစ်ခါ အရက်သောက်မယ်မကြံနဲ့ "

ချန်းရော့ယွီ သတိပြန်ဝင်လာပြီး မုန့်ကုပေါ် ခုန်အုပ်ကာ သူ့ကိုယ်ပေါ် တွဲခိုလိုက်သည်။

"ဒေါက်တာမုန့်၊ ဟိုဘက်က ဒေါက်တာမုန့်က အသုံးမကျဘူး။ သူ ကျွန်မကို ဖုန်းချသွားတယ်၊ ပြီးတော့ သူ ကျွန်မကို လျစ်လျူရှုတယ်"

သူမ သူ့အပေါ် ခုန်အုပ်လိုက်တဲ့အခါ သူ ယိုင်လဲသွားပြီး လဲတော့မလို ဖြစ်သွားသည်။ ဘေးနားမှာ လျန်စီးစီးကတော့ ခါးကို ကုန်းပြီး မျက်ရည်သုတ်ရင်း ဆက်ရယ်နေသည်။ သူ မျက်နှာကို တင်းထားပြီး ချန်းရော့ယွီကို ပွေ့ဖက်ကာ ရှက်ရွံ့စွာဖြင့် သူမ၏ အခန်းထဲ ထွက်ပြေးကာ ဝင်သွားလိုက်သည်။

သူတို့ အိပ်ခန်းထဲ ရောက်သည်နှင့် ချန်းရော့ယွီက အော်ဟစ်လိုက်၏။

"ငါ အိပ်ရာပေါ် သွားချင်တယ်! ငါ့ကို အိပ်ရာပေါ် ချီသွား!"

အပြင်ဘက်မှ လျန်စီးစီးသည် အသံကျယ်ကျယ်ဖြင့် ထပ်မံ ရယ်မောလိုက်သည်။

မုန့်ကုသည် မသိစိတ်ဖြင့် မျက်နှာနီမြန်းသွားပြီး ချန်းရော့ယွီကို အိပ်ရာပေါ် တင်ပေးလိုက်ကာ ချက်ချင်း လှည့်ကာ တံခါးကို ပိတ်လိုက်ပြီး လျန်စီးစီး၏ ရယ်သံများကို ပိတ်ဆို့လိုက်သည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ ချန်းရော့ယွီသည် အိပ်ရာပေါ် ထိုင်လျက် ခြေထောက်များကို ကိုင်ကာ ကျေနပ်နေသော မျက်နှာဖြင့် ရှိနေသည်။

"ကျွန်မ ဖိနပ် မစီးဘူး"

သူမက ပြောလိုက်သည်။

မုန့်ကု သူမကို စိုက်ကြည့်လိုက်ပြီးတော့ စိုက်ကြည့်ရင်း စိုက်ကြည့်ရင်း နောက်ဆုံးမှာတော့ သက်ပြင်းချကာ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက သူ့ဘေးမှာ မထိုင်ချင်တာကြောင့် သူ့ကို ကန်လိုက်သော်လည်း သူက မရွေ့ပေ။ ထို့နောက် သူမ နောက်တစ်ဖက်သို့ လှိမ့်သွားသည်။

မုန့်ကုက သူမကို ဆွဲယူပြီး ဖက်ထားချင်ပေမယ့် သူမက သူ့လက်များကို ရိုက်ထုတ်ကာ တွန်းဖယ်လိုက်သည်။

"ချန်းရော့ယွီ ပြဿနာ မရှာနဲ့"

"ဒေါက်တာမုန့် မျက်နှာမထူပါနဲ့။ ကျွန်မ ရှင့်ကို စိတ်ဆိုးနေတယ်"

မုန့်ကု သူမကို စိုက်ကြည့်သည်၊ သူမကလည်း သူ့ကို ပြန်စိုက်ကြည့်သည်။

ခဏကြာပြီးနောက် မုန့်ကုက ဝန်ခံလိုက်သည်။

"ကောင်းပြီ၊ ကိုယ် မှားပါတယ်... ကိုယ် တောင်းပန်တယ်"

"ရှင် ဘာမှားတာလဲ"

"ကိုယ် အရမ်း အသေးအဖွဲကို သဘောထားသေးခဲ့တယ်"

"ဘာလို့ သဘောထားသေးခဲ့တာလဲ"

မုန့်ကုက မကြားချင်ယောင်ဆောင်လိုက်သည်။

ထို့နောက် ချန်းရော့ယွီက သူ့ကို မေးလိုက်၏။

"ဘာလို့ အကြာကြီး သဘောထားသေးနေခဲ့တာလဲ"

"ကြာသေးတာ မဟုတ်ဘူး"

မုန့်ကုက စကားပြော ဦးဆောင်ခွင့်ကို ပြန်ယူရန် ကြိုးစားသည်။

"ဒီ နှစ်ပတ်လုံး ကိုယ်လည်း အရမ်း အလုပ်ရှုပ်နေတာ။ သုတေသန ပရောဂျက်မှာ ပါဝင်ရတယ်၊ စာတမ်းတစ်စောင် ရေးရတယ်၊ ပြီးတော့ ဆေးပညာဖလှယ်ရေး အစီအစဉ် တက်ရတယ်..."

"ဒါဆိုရင် ဆေးပညာဖလှယ်ရေး အစီအစဉ် တက်တာနဲ့တင် လုံလောက်နေပြီ၊ ဘာလို့ ဒီကို လာရှာဖို့ အထိ ဒုက္ခခံနေရတာလဲ။ ပြီးတော့ အဲဒီ စာတမ်း၊ ဒေါက်တာမုန့်ရဲ့ စိတ်ခံစားချက် မတည်ငြိမ်တာ၊ အေးလိုက် ပူလိုက်ဖြစ်နေတဲ့ စရိုက်ကို သုတေသနလုပ်တဲ့ ရလဒ်နဲ့ ပတ်သက်တဲ့ စာတမ်းကို ဘာလို့ မရေးတာလဲ"

မုန့်ကု စကားမပြောနိုင် ဖြစ်သွားတယ်။ သူ့ရဲ့ ချန်းရော့ယွီ အရက်မူးနေတဲ့အချိန်မှာ သူမရဲ့ တိုက်ခိုက်ရေး စွမ်းအားက တကယ်ပဲ ဖော်ပြမရနိုင်ဘူး!

"ပြော၊ ဘာလို့ ကျွန်မကို လျစ်လျူရှုခဲ့တာလဲ"

"ကိုယ် မင်းကို လျစ်လျူရှုတာ မဟုတ်ဘူး"

သူမ သူ့ကို စိုက်ကြည့်သည်... စိုက်ကြည့်ရင်း စိုက်ကြည့်ရင်း နောက်ဆုံးတွင် သူမ မျက်ရည်များ ထပ်မံ စီးကျလာသည်။

"ရှင် ဒီလောက် မလုပ်ချင်ရင် ကျွန်မကို လျစ်လျူရှုခဲ့ရမှာပေါ့"

"ကောင်းပြီ၊ ကိုယ် မှားပါတယ်"

သူက တီးတိုးပြောကာ လက်ဆန့်တန်းပြီး သူမကို ဆွဲယူကာ မျက်ရည်သုတ်ပေးသည်။

"ဒီတစ်လျှောက်လုံး ကျွန်မ အရမ်း ဝမ်းနည်းနေခဲ့ရတာ။ တစ်ယောက်ယောက်ကို စကားပြောချင်ပေမဲ့ ရှင်က ကျွန်မအပေါ် ဆက်ဆံတဲ့ပုံစံကြောင့် ပိုတောင် ဝမ်းနည်းခဲ့ရတယ်"

"ကိုယ် မှားပါတယ်"

မစ္စတာ တိုင်ရန်နိုဆောရပ်စ်က အသံတိုးတိုးဖြင့် ပြောလာသည်။ သူ အမှားဝန်ခံနေသော်လည်း သူ့သဘောထားက ကောင်းမွန်နေ၏။

"ရှင် ဘာမှားတာလဲ"

"မင်း ဖုန်းခေါ်တဲ့အချိန် ကိုယ် အရမ်း အေးစက်စက် မပြောသင့်ဘူး။ ကိုယ် အသေးအဖွဲကိစ္စကို သဘောထားမသေးသင့်ဘူး"

"ဒါဆို ရှင် ဘာလို့ သဘောထားသေးခဲ့တာလဲ"

"မင်း ယောက်ျားတစ်ယောက်နဲ့ ညစာ စားခဲ့လို့ ကိုယ် ဒေါသထွက်ခဲ့တာ။ မင်းက မိတ်ကပ်လိမ်းထားတယ်၊ အရမ်း လှအောင် ဝတ်စားထားတယ်။ မင်း ကိုယ်နဲ့ အပြင်သွားရင်တောင် ဒီလောက် လှအောင် မဝတ်ဘူး။ မင်းက လျန်စီးစီးနဲ့ အတူရှိတယ်လို့ ပြောခဲ့တာ၊ သေချာပေါက် ကိုယ် ဒေါသထွက်မှာပေါ့"

ချန်းရော့ယွီ အံ့သြသွားသည်။ သူမ မျက်တောင်ခတ်လိုက်ပြီး မုန့်ကုကို အလေးအနက် ကြည့်လိုက်၏။

"ဘာလို့ ဒီလို အမူအရာ လုပ်နေရတာလဲ"

"ရှင်က ကျွန်မရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ် ဟုတ်မဟုတ် ကြည့်နေတာ။ လူမှားပြီးတော့ မခေါ်လာမိအောင် အရမ်း မမူးဘူးဆိုတာ သေချာအောင် လုပ်နေတာ"

မုန့်ကုက သူမ၏ ခေါင်းကို ပုတ်လိုက်သည်။

"မင်း တခြား ယောက်ျားတစ်ယောက်နဲ့ ညစာ ထွက်စားရုံဆိုရင် ကိုယ် သည်းခံနိုင်သေးတယ်။ ဒါပေမဲ့ တခြား သူစိမ်းယောက်ျားတစ်ယောက်ကို မင်း အိပ်ခန်းထဲ ခေါ်လာရဲရင်တော့ ကိုယ် မင်းကို ရှင်းပစ်မယ်"

ချန်းရော့ယွီသည် သူ့လက်ကို ဆွဲချလိုက်၏။

"ကျွန်မ နားမလည်ဘူး"

"မင်း ကိုယ့်ကို နာမည်ပြောင် ပေးခဲ့သေးတာလား။ မစ္စတာတိုင်ရန်နိုဆောရပ်စ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

"ရှင် အရမ်း ယောက်ျားဆန်တယ်လို့ ချီးမွမ်းတာ"

မူးနောက်နောက်ဖြစ်နေသော ချန်းရော့ယွီက သူ့ကို ချော့မော့လိုက်သည်။ ဒီအကြောင်းကို တွေးလိုက်တော့ သူမက ကိုယ်ကျင့်တရား ကောင်းမွန်ကြောင်း ပြသရမယ်၊ သူ့ကို အများကြီး ချီးမွမ်းလို့ မဖြစ်ဘူးလို့ ခံစားရသည်။

"မဟုတ်ဘူး၊ ကျွန်မ မှားသွားတယ်။ အဲဒါက ရှင်က ဒိုင်နိုဆောလိုပဲ အကြောင်းမဲ့ ဒေါသထွက်တတ်ပြီး စရိုက်ဆိုးတယ်ဆိုတဲ့ အဓိပ္ပာယ်။ ဆိုလိုတာက ကျွန်မ ရှင့်ကို မထီမဲ့မြင်ပြုတယ်၊ မကြိုက်ဘူး"

"တခြား နာမည်ရော ရှိသေးလား"

"ပြီးတော့ ရှင်က အမြဲတမ်း ပုပ်သိုးနေတဲ့ မက်မွန်ပန်းပွင့်တွေကို ဆွဲဆောင်နေတာမို့ မစ္စတာမက်မွန်ပွင့်တောအုပ်"

မုန့်ကု အံ့အားသင့်သွားသည်။ သူ့မှာ တခြား နာမည်ပြောင် ရှိနေသေးတာလား။

"ချန်းရော့ယွီ မင်း အလုပ်အားနေတာ များတယ် ထင်တယ်"

"ဒီလေသံကတော့ ရှင် တကယ်ပဲ။ ကျွန်မ မမှားဘူး။ ပြီးတော့ ကျွန်မက ဘယ်သူနဲ့ ညစာ ထွက်စားခဲ့တာလဲ"

ချန်းရော့ယွီ မျက်မှောင်ကြုတ်ပြီး ခက်ခက်ခဲခဲ စဉ်းစားသည်။ ရုတ်တရက် သူမ မုန့်ကု၏ ရင်ခွင်ထဲသို့ ပျံသန်းဝင်သွား၏။

"ဒေါက်တာမုန့် ကျွန်မ ခေါင်းကိုက်တယ်။ နှိပ်ပေးပါဦး"

"အသုံးဝင်လို့လား"

မုန့်ကုက စိတ်မရှည်စွာ ပြောသော်လည်း သူ့လက်ကို ဆန့်တန်းကာ သူမကို ပေါ့ပေါ့ပါးပါး နှိပ်ပေးလိုက်သည်။

"ဒေါက်တာမုန့်၊ ကျွန်မ ရေသောက်ချင်တယ်။ ရေလိုချင်တယ်"

မုန့်ကုသည် သူမကို အချိန်အကြာကြီး စိုက်ကြည့်ပြီးမှ နောက်ဆုံးတွင် ထရပ်လိုက်သည်။ သူမအတွက် ရေတစ်ခွက် ယူလာရန် ရည်ရွယ်ချက်ဖြင့် တံခါးကို ဖွင့်ကာ ထွက်သွားသည်။ တံခါးဖွင့်လိုက်သည်နှင့် လျန်စီးစီး၏ အခန်းထဲမှ ငိုသံကို သူ ကြားလိုက်ရသည်။ သူ ခဏလောက်ရပ်သွားပြီး ခေါင်းကိုက်စပြုလာသည်ဟု ခံစားရသည်။ သူ ချန်းရော့ယွီဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူမက သူ့ကျောပြင်ကို ဗလာဖြစ်စွာ စိုက်ကြည့်နေတာကြောင့် မကြားလိုက်ပုံပင်။

သူမ၏ မိုက်မဲပြီး နူးညံ့သော မျက်လုံးများက မုန့်ကု၏ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ ပြန်ဝင်လာပြီး သူမကို ဖက်လိုက်၏။

ချန်းရော့ယွီလည်း သူ့ကို ပြန်ဖက်ထားလိုက်သည်။ ခဏတာ ဖက်ထားပြီးတဲ့နောက် ပတ်ဝန်းကျင် အနေအထား အဆင်ပြေနေတဲ့အချိန် ရုတ်တရက် ချန်းရော့ယွီက မေးလိုက်သည်။

"ဒေါက်တာမုန့် ရှင့်ရဲ့ အမြင်အာရုံ ဘယ်လောက် ကောင်းလဲ"

"ဘာ?"

"ကျွန်မ ဘယ်သူနဲ့ ညစာ ထွက်စားခဲ့တယ်ဆိုတာ ကျွန်မ ခုထိ မမှတ်မိဘူး။ ရှင် မှားနေတာ ဖြစ်နိုင်မလား"

"မဟုတ်ဘူး"

မုန့်ကု မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေတွေက နည်းနည်း ထူးဆန်းနေပုံပဲ။

"ရှင် ကျွန်မကို ဘယ်စားသောက်ဆိုင်မှာ မြင်တာလဲ"

"မင်း အိမ်အောက်မှာ"

"ဘယ်တုန်းကလဲ"

"မင်းက လျန်စီးစီးနဲ့ ညစာစားမှာမလို့ ကိုယ်နဲ့ ညစာ မစားနိုင်ဘူးလို့ ပြောတဲ့နေ့က။ အချိန်က အဆင်ပြေနေတာ တွေ့တော့ ကိုယ် မင်းကို အထူး လာရှာလိုက်တာ။ ရလဒ်အနေနဲ့ မင်းက ယောက်ျားတစ်ယောက်နဲ့အတူ ပြန်လာပြီး ရယ်မောစကားပြောနေတာကို ကိုယ် မြင်လိုက်ရတယ်လေ။ အဲဒါ ကျိုးကျယ် မဟုတ်ဘူးလား။ သူက မင်းကို ပို့ပြီး‌တော့ အနောက်ဘက်က အဆောက်အအုံထဲ ဝင်သွားတယ်"

ချန်းရော့ယွီ အံ့သြတကြီး ပါးစပ်အဟောင်းသား ဖြစ်သွားစ။

"ရှင် အဲဒါကြောင့် ကျွန်မအပေါ် အေးစက်ခဲ့တာလား!"

"မင်း ကိုယ့်ကို လိမ်ပြီး လျန်စီးစီးနဲ့ ညစာ ထွက်စားမယ်လို့ ပြောခဲ့တာလေ။ သေချာပေါက် ကိုယ် ဒေါသထွက်တာပေါ့။ ကိုယ် မင်းကို ဖုန်းခေါ်ပြီး ဘယ်မှာလဲလို့ မေးတော့ မင်းက ညစာစားပြီး လျန်စီးစီးနဲ့ ပြန်လာနေတယ်လို့လည်း ပြောခဲ့တယ်"

ချန်းရော့ယွီသည် ပါးစပ်ပွင့်ကာ ဆက်ပြီးတော့ ကြက်သေ,သေနေမိသည်။

မုန့်ကုက ထပ်ပြော၏။

"အဲဒီတုန်းက ကိုယ် တကယ် ဒေါသထွက်ခဲ့တာ"

"အော်"

ချန်းရော့ယွီ ဘာပြောရမှန်း မသိတော့ပေ၊ ဒါမှမဟုတ် သူမ ဘာမှ မပြောချင်တော့တာလည်း ဖြစ်နိုင်တယ်။

သူမ ဒီလိုဖြစ်နေတာကို မြင်တော့ မုန့်ကု စိတ်ထဲ မကောင်းသလို ခံစားရသည်။ သူက အသာလေး ချောင်းဟန့်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ နောက်နေ့မှာ ကိုယ် ဒေါသတွေ လျော့သွားခဲ့တယ်။ကိုယ် တွေးလိုက်တာက မင်း ကိုယ့်ကို စကားပြောရင်၊ နည်းနည်း ချော့ရင် ကိုယ် မင်းရဲ့ ရှင်းပြချက်ကို နားထောင်မယ်လို့။ ဒါပေမဲ့ မင်းက အဲဒီအကြောင်း လုံးဝ မပြောဘူး၊ မင်း ဖုန်းခေါ်တိုင်း အသံက ထူးဆန်းနေတယ်"

"အိုး?"

ချန်းရော့ယွီ ခေါင်းညိတ်လိုက်ပြီး တခြား ဘာတုံ့ပြန်မှုမှ မပေးပေ။

ဒီလို ပြုမူနေခြင်းက မုန့်ကုအတွက် သူမကို နားလည်ရန် ခက်ခဲစေသည်။ သူ ချောင်းဟန့်လိုက်ပြန်ပြီး ပိုပြီးတောင် စိတ်မကောင်း ဖြစ်လာသည်။

"ကိုယ်... ဒီနေ့ ငါ့အလုပ် ပြီးပြီ၊ နောက်နှစ်ရက် အားလပ်ရက် ယူထားတယ်၊ ဒါကြောင့် မင်းကို လာတွေ့ချင်တာ။ မင်းလည်း ဒီရက်တွေ ကိုယ့်ကို လာမရှာဘူး..."

တကယ်တော့ သူ့ရဲ့ သဘောထား မကောင်းဘူးဆိုတာကို သူလည်း သိတယ်။ သူမ စိတ်မပါတာ အကြောင်းရှိတယ်။ သူမ သူ့ကို အေးစက်စက် ဆက်ဆံတဲ့အခါ သူ ထိတ်လန့်သွားသည်။

"ကိုယ် မင်းတို့ ရပ်ကွက်အဝင်ဝမှာ ကားမောင်းပြီး ခဏ စောင့်နေသေးတယ်။ မင်း ကိုယ့်ကို ဖုန်းခေါ်လာတော့ မင်းနဲ့ ဘယ်လို စကားပြောရမလဲလို့ တွေးနေတုန်းပဲ"

"ဪ"

ချန်းရော့ယွီက အားလျော့သောအသံဖြင့် ပြန်ဖြေသည်။

"ဟေ့..."

မုန့်ကု ကိုင်းညွှတ်ပြီး သူမ၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။

"ကိုယ် မှားတယ်ဆိုတာကို ဝန်ခံပြီးပြီ၊ ကိုယ်က စိတ်သဘောထားကျဉ်းမြောင်းတယ်။ ဒါ... မင်း စိတ်ကောက်ပြီး ဒီလို အနေရခက်အောင် မလုပ်ဖို့ မျှော်လင့်တယ်။ ကိုယ် အနာဂတ်မှာ အသေးအဖွဲကိစ္စကို သဘောထားမသေးတော့ဘူးလို့ ကတိပေးပါတယ်။ စိတ်မသက်မသာ ခံစားရရင် မင်းကို တိုက်ရိုက် ပြောပြမယ်၊ ရမလား"

ချန်းရော့ယွီသည် သူ့ကို စိုက်ကြည့်ပြီးတော့ စိုက်ကြည့်ရင်း စိုက်ကြည့်ရင်း ရုတ်တရက် သူမ ပြောလိုက်သည်။

"ဒေါက်တာမုန့် ကျွန်မ ရေသောက်ချင်တယ်"

မုန့်ကု မျက်မှောင်ကြုတ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူမကို ရေတစ်ခွက် ငှဲ့ပေးရန် ထွက်သွားသည်။ သူ ရေနှင့်အတူ ပြန်လာသောအခါ တံခါးသော့ခတ်ထားတာကို တွေ့လိုက်ရသည်။

"ချန်းရော့ယွီ"

သူ တံခါးကို ခေါက်လိုက်သည်။ တံခါး မပွင့်လာသော်လည်း တံခါးနောက်ကွယ်မှ ချန်းရော့ယွီက ပြောလာသည်။

"ဒေါက်တာမုန့် ရှင်တစ်ယောက်တည်း ဒေါသထွက်နိုင်တာ မဟုတ်ဘူး။ ကျွန်မလည်း အခု အရမ်း ဒေါသထွက်နေတယ်"

အရက်မူးနေတဲ့ ချန်းရော့ယွီကို ဒေါသထွက်စေတာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိသည်။

Translator -JJ

All Chapters