← Chapters

အခန်း ၆၁

Vol. 6 Ch. 61

အခန်း ၆၁

Vol. 6 Ch. 61

ဒွိဟချစ်သံယောဇဉ်:

Chapter 61-မုန့်ကုဘက်မှရှုထောင့်(၂)

နောက်ပိုင်းတွင် မုန့်ကု ချန်းရော့ယွီကို ထပ်မတွေ့တော့ပေ။ တစ်နေ့မှာတော့ သူ စူပါမားကတ်ကြီးတစ်ခုကို ကားမောင်းပြီးတော့ ဖြတ်သွားတဲ့အချိန် စားသောက်ကုန်များ လိုအပ်နေကြောင်း သတိရကာ ဝယ်ယူရန် ရပ်တန့်လိုက်သည်။

ဒီစူပါမားကတ်က ဘာမှ ထူးခြားတာ မရှိပေ။ စီစဉ်ထားတဲ့ ပုံစံကို သူ မရင်းနှီးတဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စင်ပေါ် တိုက်ရိုက် သွားယူလို့မရဘဲ ဖြည်းဖြည်းချင်း ကြည့်ရှာရသည်။ သူ ဈေးဝယ်လှည်းထဲကို ပစ္စည်းအချို့ ပစ်ထည့်နေတဲ့အချိန် ရုတ်တရက် ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရပြီး အကြီးအကျယ် ဆူညံသွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ အိမ်သာသုံး စက္ကူလိပ်များ တောင်ပုံရာပုံ ပြိုကျသွားတာကို မြင်လိုက်ရသည်။

မုန့်ကု၏ ထက်မြက်သော မျက်လုံးများက ချန်းရော့ယွီကို မြင်လိုက်ရပြီး သူမက အပြစ်ရှိတဲ့မျက်နှာဖြင့် ခိုးကြောင်ခိုးဝှက် လုပ်နေသည်။ သူမ ခေါင်းကို တစ်ရှူးစက္ကူပုံထဲ မြှုပ်ထားချင်ပုံရပြီး ဒီကိစ္စက သူမ လုပ်ခဲ့တယ်ဆိုတာ လူတိုင်းအတွက် ထင်ရှား၏။

မုန့်ကု အနည်းငယ် ပြုံးလိုက်သည်။

ဒီကောင်မလေးက တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ သူမ ဘယ်သွားသွား ရှက်စရာကိစ္စတွေက လိုက်နေတတ်တယ်။

သူ တွေဝေနေမိသည်။ သူမကို အံ့အားသင့်သွားအောင် စကားသွားပြောသင့်သလားဟု တွေးလိုက်သည်။ သူ တွေဝေနေရသည့် အကြောင်းရင်းမှာ သူတို့က သူငယ်ချင်းများအဖြစ် ဆက်ဆံနိုင်သေးတာကြောင့် ဖြစ်သည်။ ဒါပေမဲ့ သူမက အရင်က သူ့ကို စိတ်ဝင်စားခဲ့ဖူးပြီး သူက စိတ်မဝင်စားတာကြောင့် နောင်ကျရင် အထင်အမြင်လွဲမှုများ ရှောင်ရှားရန် မလုပ်သင့်ပေ။ သူ့စိတ်ထဲမှာ တွေဝေနေတဲ့အချိန် မိသားစုတစ်ခုက ၎င်းတို့၏ ဈေးဝယ်လှည်းကို သူ့ဆီ တွန်းလာပြီး သူ့ကို တိုးဝှေ့သွားရန် အတင်းလုပ်သည်။ သူ လှည်းကို ရှောင်ရှားရန် အလုပ်များနေပြီး သူ့ကိုသူ စင်များ၏ နောက်တန်းသို့ ရွှေ့လိုက်၏။ ထိုအချိန်မှာ သူ ဝယ်ချင်တဲ့ ပစ္စည်းတစ်ခုကို ရှာတွေ့ပြီး ထိုပစ္စည်းကို ရွေးချယ်နေစဉ် ချန်းရော့ယွီ အဒေါ်ကြီးတစ်ဦးနှင့် ငြင်းခုံနေသည့် အသံကို ကြားလိုက်ရသည်။

ထိုအဒေါ်ကြီးက ကလေးတစ်ဦး၏ တိုက်မိခြင်းကို ခံခဲ့ရပြီး ထိုအဒေါ်ကြီးက ကလေးကို အဆုံးမရှိ ဆူပူရန် အခွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်အပေါ် မတရားလုပ်နေတာကို မခံမရပ်နိုင်တဲ့ ချန်းရော့ယွီ ရှေ့ထွက်လာပြီးတော့ အဒေါ်ကြီးရဲ့ အဆုံးမရှိ ဆူပူတာကို တားဆီးခဲ့ကာ ဆေးရုံမှာ စစ်ဆေးမှု ခံယူရန်အတွက် ၃.၅၀ယွမ် ကိုပါ ထုတ်ပေးခဲ့သည်။ သေချာတာပေါ့၊ အဲ့ဒီအဒေါ်ကြီးက သူမကို လျစ်လျူရှုကာ လှည့်ထွက်သွားခဲ့သည်။

မုန့်ကု အပြင်ဘက်ကို လျှောက်လာတဲ့အချိန်တွင် သူမ၏ မျက်နှာပေါ်က "ကံကောင်းတာက နင် မလိုချင်လို့ပဲ" ဟူသော အမူအရာကို မြင်လိုက်ရသည်။ သူမက ပိုက်ဆံကို ပျော်ရွှင်စွာ ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်သည်။

သူမ၏ အမူအရာက မုန့်ကုကို ရယ်မောသွားစေသည်။ ဒီ နှမြောတတ်တဲ့ မိန်းကလေးက သူမ ပိုက်ဆံကို ဒီလောက် ရဲရဲဝံ့ဝံ့ ထုတ်ပြချင်သေးတာပဲ။

မုန့်ကုသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ချန်းရော့ယွီကို စကားပြောရန်အတွက် ငွေရှင်းကောင်တာတွင် သူမရဲ့နောက်ကနေ တမင်တကာ တန်းစီလိုက်သည်။ ချန်းရော့ယွီက သူ့ကို မြင်တဲ့အခါ သူမ၏ အမူအရာများက လင်းလက် တောက်ပနေသည်။

သူမက ထိတ်လန့်သွားပုံရပေမယ့် တည်ငြိမ်စွာ ပြုမူ၏။ သူမက တစ်စုံတစ်ရာ စောင့်ကြည့်နေသလို ဖြစ်နေသော်လည်း စိတ်အေးလက်အေး ရှိနေသလို ဟန်ဆောင်နေသည်။ ဝက်ဝံမဲကြီးအဖြစ် ဟန်ဆောင်ထားတဲ့ ယုန်ဖြူလေးလိုမျိုး သူမ၏ တုံ့ပြန်မှုက မုန့်ကုကို အသံကျယ်ကျယ်ဖြင့် ရယ်မောစေခဲ့သည်။

ဒါပေမဲ့ ဒီ ချန်းရော့ယွီ ဘာလို့ ရုတ်တရက် သူ့ကို လာရှာတာ ရပ်သွားခဲ့တာလဲဆိုတာကို သူ နားမလည်သေးပေ။ သူမ အခြေအနေကို သဘောပေါက်ပြီး သူတို့နှစ်ယောက် ဖြစ်နိုင်ချေမရှိဘူးဆိုတာ သိသွားတာလား။ ဒါပေမဲ့ ဒီလိုဆိုရင် သူမ သူ့ကို တွေ့တဲ့အခါ သူမရဲ့ တုံ့ပြန်မှုက ပိုပြီး ပုံမှန် မဖြစ်သင့်ဘူးလား။

ဒါဆို ဘာအကြောင်းပြချက်လဲ။

မုန့်ကု အနည်းငယ် သိချင်စိတ် ဖြစ်လာသည်။

နောက်တစ်ကြိမ် သူတို့ ထပ်တွေ့တဲ့အခါ ချန်းရော့ယွီသည် အရက်ဘားတစ်ခုမှာ ရှိနေပြီး သူမက ဘလိုင်းဒိတ်တွေ့ နေခြင်း ဖြစ်သည်။

အတိတ်က သူမနှင့် ပတ်သက်ပြီး သူ ဘယ်လို ကောက်ချက်ချခဲ့တာလဲ။ အော်... "သူမ ဘယ်ကိုသွားသွား ရှက်စရာကိစ္စတွေက လိုက်နေတတ်တယ်" ဟူ၍ ဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း အတူတူပင်။ တခြားသူတွေ ဘလိုင်းဒိတ်တွေ့ တဲ့အခါ ရှက်နေကြမယ်၊ ဒါမှမဟုတ် ယဉ်ကျေးနေကြမယ်၊ ဒါမှမဟုတ် မပျော်မရွှင် ဖြစ်နေကြမယ်။ ဒါပေမဲ့ သူမကတော့ ရဲတင်းပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ပဲ သူမရဲ့ အာမခံကို ရောင်းနေခဲ့တယ်!

ဟုတ်တယ်၊ သူမက အာမခံ အရောင်းဝန်ထမ်း ဖြစ်ပြီး ဒါက ကောင်းတဲ့ အလုပ်တစ်ခုလို့ မယူဆနိုင်ဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ သူက လူအမျိုးမျိုးကို မြင်ဖူးတာကြောင့် တခြားသူတွေရဲ့ အလုပ်အကိုင်အပေါ် ဘာခွဲခြားဆက်ဆံမှုမှ မရှိဘူး။ အားလုံးက အလုပ်တွေပဲ၊ ကြိုးစားလုပ်ကိုင်နေသရွေ့ ကောင်းတယ်။

သူမ အာမခံ အရောင်းဝန်ထမ်း ဖြစ်တာက သူမကို မကြိုက်တဲ့ အကြောင်းရင်း မဟုတ်ဘူး။ သူမကို သူ ငြင်းပယ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်။

ပထမအချက်၊ သူမက သူ့ကို ဂိမ်းကစားသလို လိုက်နေတယ်လို့ သူ ခံစားရတယ်။ သူမရဲ့ သဘောထားက အရမ်း တင်းမာပြီး သူ့အပေါ် ချစ်ခြင်းမေတ္တာ ခံစားချက် မရှိပေ။ သူက သူ့ကိုယ်သူ သဘောထားကြီးတဲ့ ယောက်ျားတစ်ယောက်လို့ ယူဆပြီး ဂိမ်းကစားချင်စိတ် မရှိပေ။

ဒုတိယအချက်၊ သူနဲ့ သူမ စုံတွဲဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သူ ခံစားရတယ်။ သူတို့က ကမ္ဘာနှစ်ခုမှ လာတဲ့ လူနှစ်ယောက် ဖြစ်သည်။ သူတို့ရဲ့ စရိုက်၊ စိတ်ဝင်စားမှု၊ ဗဟုသုတ၊ မိသားစု၊ အလုပ်စသည်ဖြင့် ကွဲပြားမှုများက ကြီးမားလွန်း၏။ ဒီလိုမျိုး လက်တွဲဖော်မျိုးကို သူ ချစ်မိနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးပေ။ တစ်ချိန်တည်းမှာ သူ သူမအပေါ် ဘာခံစားချက်မှ မရှိဘဲ သဟဇာတမဖြစ်ဘူးလို့တောင် ပြောလို့ရတယ်။ သူမ လုပ်ခဲ့တဲ့ ရှက်စရာကောင်းတဲ့ ကိစ္စတွေကို သူ မှတ်မိနေသေးပြီး သူမက သူ သဘောကျတဲ့ အမျိုးအစားလည်း မဟုတ်ဘူး။

ကောင်းပြီ၊ သူ ဝန်ခံတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ သူက ခံစားချက်တွေအပေါ် နည်းနည်း အသေးစိတ် ကြည့်တတ်သူဖြစ်ပြီး သူ့မှာ အပြစ်အနာအဆာတွေ အများကြီး ရှိတယ်။

ဒါပေမဲ့ သူ တွေးတာက ခံစားချက် ရှိရင် ရှိတာပဲ၊ မရှိရင် မရှိတာပဲ။ အဲ့ဒါကို ကိုင်တွယ်ဖို့ မလိုဘူး၊ အတင်းအကြပ် လုပ်ဖို့ မလိုဘူး၊ သည်းခံဖို့ မလိုဘူး။

ဘဝနဲ့ အလုပ်မှာ သူ့ရဲ့ ထိန်းချုပ်မှုအပြင်ဘက်က ကိစ္စတွေ အများကြီး ရှိနေပြီး အများကြီးကို ပေါ့ပေါ့တန်တန် လက်ခံနိုင်တယ်။ ဒါပေမဲ့ သူ သူ့ခံစားချက်အပေါ် ရိုးသားရမယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် သူ လုံးဝ ဆန္ဒရှိနိုင်ပြီး သူ့ကိုယ်သူ လုံးဝ ရိုးသားနိုင်တယ်။ သူ ဒီကိစ္စကို အသေးစိတ် ရွေးချယ်မှု လုပ်တာ မှားတယ်လို့ မထင်ဘူး။

အတိုချုပ်အားဖြင့် သူ့ကို အရင်က လိုက်ဖူးတဲ့ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေထဲမှာ ချန်းရော့ယွီက အခြေအနေ အဆိုးဆုံး၊ သူ့အတွက် အသင့်တော်ဆုံး မဟုတ်တဲ့သူ ဖြစ်ပြီး သူ အကြိုက်ဆုံး အမျိုးသမီးပုံစံနဲ့ ကွာဟချက် အကြီးမားဆုံးသူပင်။

သူတို့နှစ်ယောက်အတွက် မဖြစ်နိုင်ဘူး။

ဒါပေမဲ့ သူက သူမနဲ့ သာမန် သူငယ်ချင်း ဖြစ်ရမှာကိုတော့ စိတ်ထဲမထားပေ။ သူမက သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သင့်ပြီး အရမ်းစိတ်ဝင်စားစရာကောင်းသည်။ သူမက လူများအပေါ် ကောင်းမွန်ပြီး သူငယ်ချင်းအဖြစ် လက်ခံနိုင်တယ်လို့ သူ ခံစားရသည်။

ဒါကြောင့် သူ ဘားကနေ ထွက်သွားပြီး သူ့သူငယ်ချင်းတွေကို နှုတ်ဆက်ပြီးတဲ့နောက် ရင်းဇယ်ရဲ့ လာမယ့် ပါတီပွဲကို ရုတ်တရက် သတိရသွားပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ရဲ့ ခင်မင်မှုကို သူမကို ဖော်ပြဖို့ ဒီအခွင့်အရေးကို ယူသင့်တယ်လို့ ခံစားလိုက်ရသည်။

ဖြစ်ကောင်းဖြစ်နိုင်တာက သူ အရင်က သူမကို ငြင်းပယ်ခဲ့တာကြောင့် သူမ စိတ်မသက်မသာ ဖြစ်နေတာ ဖြစ်နိုင်တယ်၊ ဒါဆိုရင် သူကပဲ ဦးဆောင်ပြီး သူမကို ဖိတ်ဖို့အတွက် သူ့ရဲ့ခင်မင်မှုကို ဖော်ပြသင့်တယ်။ သူတို့နှစ်ယောက်ကြား ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့လည်း ကောင်းတယ်။ နောက်ဆုံးမှာတော့ ကောင်းယွီလန်နဲ့ ရင်းဇယ်ကြားက တိုးတက်မှုကို ကြည့်ခြင်းအားဖြင့် နောင်ကျရင် သူနဲ့ ချန်းရော့ယွီတို့က သူတို့ရဲ့ စုဝေးပွဲများမှာ တွေ့ဆုံဖို့ အခွင့်အလမ်းများစွာ ရရှိလိမ့်မည် ဖြစ်တာကြောင့် သူတို့၏ ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဖို့ လိုအပ်သည်။

သူ ဘားထဲကို ပြန်ဝင်သွားပြီး ရင်းဇယ်ရဲ့ လာမယ့် ပါတီပွဲအကြောင်း သူမကို ပြောပြချင်ပေမဲ့ ဒီအမျိုးသမီးက သူမရဲ့ ဘလိုင်းဒိတ်တွေ့တဲ့သူနဲ့ စကားပြောနေရင်း သူက လိင်တူချစ်သူ ဖြစ်ကြောင်း အရိပ်အမြွက် ပြောနေမယ်လို့ သူ လုံးဝ မထင်ခဲ့ဘူး။

သူက လိင်တူချစ်သူများကို ခွဲခြားဆက်ဆံခြင်း မရှိသလို လိင်စိတ်တိမ်းညွတ်မှု ဒီလိုမျိုးရှိတဲ့ သူငယ်ချင်းတွေတောင် သူ့မှာ ရှိတယ်။ ဒါပေမဲ့ အခြေအမြစ်မရှိဘဲ အသရေဖျက်ခံရတာကို သူ စိတ်ဆိုးတယ်။

ဒီလိင်စိတ်တိမ်းညွတ်မှု ကိစ္စက သူ့လို စစ်မှန်တဲ့ယောက်ျားများရဲ့ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ ပိုပြီးတော့ သူက သူ့ကိုယ်သူ ဖိုဝါဒ၏ ဆိုးဝါးသော စိတ်ဆိုးဒေါသကြီးသည့် ယောက်ျားအဖြစ် သတ်မှတ်ထားသည်။

မုန့်ကု ဝန်ခံရမှာကတော့ သူမ သူ့ကို အသရေဖျက်နေတာကို မြင်တဲ့အခါ သူ အလွန်အမင်း ဒေါသထွက်ခဲ့ရတာပင်။

ဒါကြောင့် သူက သူမအပေါ် မကျေနပ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သူက ပြင်းထန်တဲ့ စကားများပင် ပြောခဲ့ပြီး သူမလို အသရေဖျက်သည့် ကောလာဟလများကို ဖြန့်ဝေသူက ရင်းဇယ်နဲ့ကောင်းယွီလန်တို့၏ လာမယ့် ပါတီပွဲကို မတက်ရောက်သင့်ကြောင်း ပြောခဲ့သည်။ ကောင်းယွီလန်က သူမကို ဖိတ်ခေါ်ဖို့ ဖုန်းဆက်လိမ့်မည် ဖြစ်ကြောင်း၊ သူမ ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခု စဉ်းစားသင့်ကြောင်း၊ မဟုတ်ရင် သူတို့နှစ်ဦးလုံးအတွက် မကောင်းကြောင်း ပြောခဲ့လိုက်၏။

သူမ၏ မျက်နှာပေါ်တွင် နောင်တရခြင်းနှင့် ဝမ်းနည်းတဲ့ အမူအရာကို မြင်တဲ့အခါ သူမ ခံရတာ ထိုက်တန်တယ်ဟု သူ ခံစားလိုက်ရသည်။

အဲ့ဒီနောက် သူ ထွက်သွားသည်။

ထိုနောက်ပိုင်းမှာတော့ သူမ ဘာကြောင့် သူ့ကို လိုက်နေတာ ရပ်သွားခဲ့လဲဆိုတဲ့ သူ့ရဲ့သိချင်စိတ်အားလုံး ပျောက်ကွယ်သွားသည်။ အဲ့ဒီလိုအမျိုးသမီးမျိုး သူ့ဆီကနေ ဝေးဝေးနေတာကြောင့် သူ ပျော်ရွှင်ခဲ့ရပြီး သူမအပေါ် သူ၏ အထင်အမြင်သည် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

မုန့်ကုသည် ချန်းရော့ယွီအကြောင်းကို မကြာမီပင် သူ့စိတ်ထဲမှ နောက်သို့ တွန်းပို့လိုက်သည်၊

အကြောင်းရင်းကတော့ သူ အိမ်ရောက်သည်နှင့် လဲ့ဖုန်းဆီကနေ ဖုန်းလက်ခံရရှိတာကြောင့် ဖြစ်သည်။ သူတို့ ဖဲကစားဖော် လိုအပ်နေပြီး မာကျောက်ကစားဖို့ သူ့ကို ရှာနေကြသည်။ သူ သဘောတူလိုက်သည်။ လမ်းခရီး တစ်ဝက်မှာတော့ မိုးစရွာလာပြီး အဲ့ဒီရက်စက်တဲ့လူတွေက အဲဒီမရောက်ခင် စားစရာ မုန့်အချို့ကို ဝယ်ယူလာဖို့ တောင်းဆိုသည်။ သူက ၂၄နာရီစတိုးဆိုင်တစ်ခုကို ဖြတ်သွားတဲ့အချိန် ဝယ်ယူရန် ဝင်သွားလိုက်သည်။

မမျှော်လင့်ဘဲ၊ သူ စတိုးဆိုင်ထဲက ထွက်လာတဲ့အချိန် ချန်းရော့ယွီနဲ့ ထပ်ဆုံပြန်သည်။

ဒါ ဘယ်လို ကံကြမ္မာမျိုးလဲ?

သူ အံ့အားသင့်သွားပြီး ချန်းရော့ယွီက ပိုပြီး အံ့အားသင့်ရမယ်လို့ ခံစားရသည်။ သူမက သေနတ်ကိုင် မုဆိုးလိုက်တဲ့ ယုန်တစ်ကောင်နှင့်တူပြီး သူမ အရမ်း ကြောက်လန့်သွားကာ မိုးရေထဲသို့ အလောတကြီး ပြန်ပြေးဝင်သွားသည်။

ဒါပေမဲ့ ရှာမတွေ့ရင်လည်း မရှာတော့ပေ။ သူက သူမနှင့် ဘာမှ အပြန်အလှန် ဆက်သွယ်မှု မရှိတော့သဖြင့် သူမကိုလည်း စဉ်းစားချင်စိတ် မရှိပေ။ သူတို့နှစ်ယောက်က လုံးဝ ပတ်သက်မှု မရှိပေ။

မုန့်ကုက ဒီအတွေးကို စိတ်ထဲမှာ ထားပေမဲ့ ချန်းရော့ယွီကျတာ့ သူ့ကို တစ်ယောက်တည်း မထားခဲ့ဘူး။

သူ မှတ်မိနေသေးတာက သောကြာနေ့ ဖြစ်သည်။ ရုံးဝန်ထမ်း အများစုအတွက် စိတ်အပန်းဖြေစရာနေ့ ဖြစ်ပြီး နားနေနိုင်တဲ့ အပတ်စဉ်အားလပ်ရက်လည်း ဖြစ်သည်။

သို့သော် ခွဲစိတ်ဆရာဝန်တစ်ဦးအတွက်တော့ ထိုနေ့က စစ်ပွဲတစ်ခုနှင့် အနည်းငယ် ဆင်တူနေ၏။ ဒီနေ့မှာ မုန့်ကုသည် ခက်ခဲတဲ့တိုက်ပွဲတစ်ခုမှာ ပါဝင်ခဲ့ရပြီး ညသန်းခေါင်ယံ အရေးပေါ် ခွဲစိတ်မှုတစ်ခု ရှိခဲ့သည်။ သူ ခွဲစိတ်ခန်းထဲတွင် နာရီပေါင်းများစွာ အသည်းအသန် အလုပ်လုပ်ခဲ့ရပြီး နံနက် ၃ နာရီ မတိုင်ခင်အထိ သူ့ရုံးခန်းကို ပြန်မသွားနိုင်ခဲ့ပေ။ သူ အရမ်း မောပန်းနွမ်းနယ်တယ်လို့ ခံစားရပြီး ဆေးရုံဝန်ထမ်း နားနေခန်းတွင် အိပ်ရန် ဆုံးဖြတ်လိုက်သည်။

သူ အနည်းငယ် အိပ်ပျော်သွားပြီးမှ အိပ်ပျော်သွားပြီဟု ခံစားရုံရှိသေး သူ့ဆဲလ်ဖုန်း မြည်လာ၏။

သူ အရမ်း လန့်သွားပြီး ချက်ချင်း ထခုန်ကာ နောက်ထပ် အရေးပေါ်အခြေအနေတစ်ခု ရှိပြီဟု တွေးလိုက်သည်။ နောက်ဆုံးမှာတော့ ဖုန်းခေါ်ဆိုမှုက ချန်းရော့ယွီဆီက ဖြစ်နေတာကို တွေ့လိုက်ရသည်။

မမျှော်လင့်ဘဲ ဒီမိန်းမပဲ!

ဒီညအချိန်မှာ သူမ ဘာကိစ္စ ဒီလောက် အရေးကြီးလို့ ဖုန်းခေါ်ရတာလဲ။ သူ စက္ကန့်အနည်းငယ်လောက် ချီတုံချတုံ ဖြစ်နေပြီး နောက်ဆုံးမှာတော့ ကိုင်လိုက်သည်။ သူမဘက်က ဆရာဝန် အကူအညီ အရေးပေါ် လိုအပ်နေပြီး သူမ အရေးပေါ်အခြေအနေမှာ သူ တစ်ယောက်တည်းကိုပဲ တွေးနိုင်တဲ့ ဆရာဝန် ဖြစ်နေမှာကို သူ ကြောက်ခဲ့လို့ ဖြစ်သည်။

ရလဒ်အနေနဲ့... ဒီ ကျိန်စာသင့်တဲ့ မိန်မက သူ့ကို စိန်ခေါ်နေတာ!

သူမ သူ့ကို စိန်ခေါ်ရဲတယ်!

သူမ သူ့ကို အသရေဖျက်ပြီးတဲ့နောက် ဘာမှ တောင်းပန်ခြင်း မရှိဘဲ မာနကြီးစွာ ပြုမူခဲ့တယ်! ပြီးတော့ သူမက လူတွေ အိပ်သင့်ပြီး သရဲတွေ လှုပ်ရှားနေတဲ့ ညအချိန်ကို ရွေးချယ်ခဲ့တယ်!

သူမ သူ့ကို စိန်ခေါ်လှုံ့ဆော်ပြီးတဲဘနောက် ဖုန်းကို ချပစ်ရဲရုံမက ဖုန်းကိုပါ ပိတ်လိုက်တယ်!

ကောင်းတယ်!

သူရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် ဒီလို လုပ်ရမှ ဖြစ်မှာလား။ သူမကို မမေ့နိုင်အောင် ဒီလို လုပ်ရမှ ဖြစ်မလား။

ကောင်းပြီ၊ သူ ဒါကို မှတ်ထားလိုက်မယ်!

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားမှာ အချစ်နဲ့ ခင်မင်မှုကလွဲလို့ တခြား ခံစားချက်တစ်မျိုး ရှိသေးတယ်... အဲဒါကတော့ ရန်ငြိုးပဲ!

Translator -JJ

All Chapters