အခန်း ၆၂
Vol. 6 Ch. 62
ဒွိဟချစ်သံယောဇဉ်:
Chapter 62-မုန့်ကုဘက်မှရှုထောင့်(၃)
မုန့်ကုက ယောက်ျားနဲ့ မိန်းမ ကွာခြားတယ်လို့ တွေးလိုက်တယ်။
သူနဲ့ ချန်းရော့ယွီလိုပဲ။ ဒီအမျိုးသမီးက ညသန်းခေါင်ယံမှာ ဖုန်းခေါ်ပြီး သူ့ကို နှောင့်ယှက်နိုင်တဲ့အထိ ရူးသွပ်နေတယ်။ သူက သူမနဲ့ စကားများရန် အချိန်နှင့် စွမ်းအင် အလေးအနက်ထား ဖြုန်းတီးဖို့ ရည်ရွယ်ချက် မရှိပေ။ နောက်ဆုံးမှာတော့ ဆရာဝန်တစ်ဦးဖြစ်တာက အရမ်း အလုပ်များပြီး ယောက်ျားတစ်ဦးဖြစ်တာကလည်း အားနေတာ မဟုတ်ပေ။ သူ့မှာ ဂရုစိုက်ဖို့ ကိစ္စတွေ အများကြီး ရှိပြီး ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ပြဿနာရှာဖို့ အချိန်မဖြုန်းသင့်ဘူး။
ဟုတ်တယ်၊ ပြဿနာရှာဖို့ ဦးဆောင်ပြီး အချိန်မဖြုန်းတာနဲ့ သူမက သူ့ဆီလာပြီး ပြဿနာရှာတာက ကိစ္စနှစ်ခု မတူဘူး။ ဘာလို့လဲဆိုတော့ ချန်းရော့ယွီကို တကယ်တမ်း သူ့တံခါးဝအထိ ပို့ဆောင်ပေးခဲ့ပြီး သူ့ကို ဖမ်းဆီးခွင့် ပေးခဲ့လို့ ဖြစ်သည်။
သူမ၏ ဖောက်သည်တစ်ဦး ဒဏ်ရာရခဲ့ပြီး သူမက အဲ့ဒီဖောက်သည်ကို လာရောက်ကြည့်ရှုရန် ဆေးရုံသို့ ရောက်လာသည်။ မတော်တဆ၊ သူက လက်ဖက်ရည်ခန်းမှာ သူမကို ချောင်ပိတ်မိသွားစေခဲ့သည်။
တစ်ဖန် ချန်းရော့ယွီက သူမ ဘယ်လောက် ကွဲပြားကြောင်း သက်သေပြနိုင်ခဲ့သည်။ သူမက ယောက်ျားတစ်ယောက်ကို လိုက်တဲ့အခါ ထူးဆန်းတဲ့ နည်းလမ်းကို သုံးရုံသာမက တစ်ခါတစ်ရံ သူ့ကို စိန်ခေါ်ဖို့ ထူးဆန်းတဲ့ နည်းလမ်းကိုလည်း သုံးတတ်ပြီး သူ့ကို ငြင်းခုံဖို့နဲ့ ရန်ဖြစ်ဖို့ ထူးဆန်းတဲ့ နည်းလမ်းကိုတောင် သုံးခဲ့သည်။
သူမက သူ့ကို တကယ်ပဲ ပြောခဲ့၏။
"ဒေါက်တာမုန့်ရဲ့အဓိပ္ပာယ်က ယောကျာ်းလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်က ပေါ့ပါ့ပါးပါး စနောက်လို့မရဘူးပေါ့ ဟုတ်တယ်မလား?ဒါက မကောင်းတာပဲ။ ယောကျာ်းတစ်ယောက်ဖြစ်တာ ဘာတွေ ကြီးမြတ်နေလို့လဲ?ရှင်က ယောကျာ်းတွေမှာပဲ သိက္ခာရှိပြီး မိန်းမတွေမှာ မရှိဘူးလို့ ထင်နေတာလား? ဒေါက်တာမုန့်က သူ့ကိုယ်သူ အရမ်းအမြင့်ကြီး တန်ဖိုးထားပြီး အခြားလူတွေကိုတော့ အတော်လေး နှိမ့်ချဆက်ဆံတာပဲ။ 'မင်းကိုယ်မင်း အဲ့လိုပြုမူခံရတာ မကြိုက်ရင် အခြားလူတွေကိုလည်း မလုပ်ပါနဲ့" တဲ့။ ဒေါက်တာမုန့် ဒါကို အရင်တုန်းက သင်ဖူးရဲ့လား?ရှင် ဒီအဓိပ္ပာယ်ကို နားလည်သင့်တယ်။ကျွန်မ မှားတာလုပ်ခဲ့တယ် အဲ့ဒါကြောင့် ကျွန်မ တောင်းပန်ရဲတယ်။ဒေါက်တာမုန့် လုပ်ရဲလား?ဘာလို့ ယောကျာ်းတွေရဲ့သိက္ခာက မိန်းမတွေထက် ပိုပြီး အရေးကြီးတာလဲ?ကျွန်မ ရှင့်ကို ပြောလိုက်မယ် မိန်းမတစ်ယောက်ရဲ့ သိက္ခာကလည်း ယောကျာ်းတစ်ယောက်ရဲ့ ****နဲ့ အတူတူပဲ။အားနည်းမှုက နာကျင်မှုပဲဖြစ်စေပြီး တင်းမာခက်ထန်မှုက ဂုဏ်သိက္ခာပဲ"
မုန့်ကု ကြောင်သွားတယ်။ ထင်ရှားတာက သူမက မှားတာ လုပ်ခဲ့တာ မဟုတ်ဘူးလား။ သူမ ဘယ်လိုများ သမာသမတ်ကျပြီး ဒေါသထွက်နေသလို ခံစားနိုင်ရတာလဲ။ ခဏလေး၊ သူမ ဘာပြောသွားတာလဲ။
ဂုဏ်သိက္ခာ??
နောက်ဆုံးတွင် မုန့်ကုက ကျယ်လောင်စွာ ရယ်မောခြင်းဖြင့် တုံ့ပြန်လိုက်သည်။ သူ တကယ်ပဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ကျယ်လောင်စွာ ရယ်လိုက်၏။
ဘယ်လို မိန်းမမျိုးက ဒီလို စကားလုံးမျိုး ပြောနိုင်တာလဲ။
ရိုင်းစိုင်းတယ်၊ စည်းကမ်းမရှိဘူး၊ တကယ် ရယ်စရာကောင်းတယ်... ဒါပေမဲ့ သူမက တက်ကြွပြီး အဓိပ္ပာယ်ရှိနေတယ်။
မုန့်ကု ဆက်ရယ်နေပြီး သူမ မျက်နှာနီမြန်းလာတာကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာတွင် နောင်တရခြင်းနှင့် ရှက်ရွံ့ခြင်း အမူအရာ ပေါ်နေပြီး စိတ်မသက်မသာနှင့် အနေရခက်နေပုံရသည်။
ချန်းရော့ယွီ၊ အာ... ချန်းရော့ယွီ... မင်း ဘယ်သွားသွား ရှက်စရာကိစ္စတွေ လိုက်လာတာ မှန်တယ်။
ဘာလို့လဲဆိုတော့ ဒီလို မိန်းမမျိုးက တခြားလူတွေရှေ့မှာ သူ့ကို အသရေဖျက်ခဲ့ရတာလဲ?
သူ ငြင်းပယ်ခဲ့တာကြောင့် သူ့ကို မုန်းတာလား?
ဒါပေမဲ့ သူမက ဒီလိုမျိုး လုပ်မယ့်သူနဲ့ မတူဘူး။
မုန့်ကုက လူတွေကို ဆုံးဖြတ်ရာမှာ သူ မကောင်းဘူးဆိုတာကို ဝန်ခံပေမဲ့ ချန်းရော့ယွီကိုတော့ သူ တကယ်ပဲ နားမလည်နိုင်ပေ။
အခုတော့ သူ တကယ်ပဲ သူမအပေါ် စိတ်ဝင်စားမှု ရှိနေပြီ။
တစ်ခါတစ်ရံ ကိစ္စတွေက ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ ဖြစ်ပေါ်လာတယ်။ သူနဲ့ ချန်းရော့ယွီက နောက်ထပ် အပြန်အလှန် ဆက်ဆံမှု မရှိသင့်တော့ဘူး ထင်ရပေမဲ့ သူတို့က အမျိုးမျိုး ထူးဆန်းတဲ့ အခြေအနေတွေအောက်မှာ ထပ်ပြီး တွေ့ဆုံနိုင်နေတုန်းပဲ... ဘာလို့လဲဆိုတော့ သူမ ဆေးရုံတက်ခဲ့ရပြီး သူ့ရဲ့ လူနာ ဖြစ်လာခဲ့တယ်။
သူမ ဆေးရုံတက်ခဲ့ရတာက သူမရဲ့ ရဲရင့်တဲ့ စရိုက်ကြောင့် အရိုက်ခံရပြီး ဒဏ်ရာရခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမ ဒဏ်ရာရရခြင်း အကြောင်းရင်းက ပိုလို့တောင် ထိတ်လန့်စရာ ကောင်းသည်။ သူမက သူမရဲ့ဖောက်သည်ကို လျော်ကြေးရရန် ကူညီခဲ့ပြီး အစီရင်ခံစာအရ သူမကို ကားမတော်တဆမှုမှာ အပြစ်ရှိတဲ့သူက ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်က ရဲ၊ အာမခံကုမ္ပဏီနှင့် သူမ ကူညီချင်တဲ့ ဖောက်သည်ကိုပါ သတိပေးခဲ့သည်။ ဒီဖြစ်ရပ်က ဆရာဝန်နဲ့ သူနာပြုတွေပါ သိတဲ့အထိ ပျံ့နှံ့သွား၏။
သူနာပြုတစ်ဦးက အာမခံရောင်းတဲ့သူ သူမလိုမျိုး အဆုံးသတ်သွားတာ တစ်ခါမှ မမြင်ဖူးဘူးလို့တောင် ပြောခဲ့သည်။ မုန့်ကုက သူနာပြု၏ စကားကို နားထောင်ရင်း တစ်ကိုယ်လုံး ဒဏ်ရာရနေသည့် ချန်းရော့ယွီကို ကြည့်လိုက်ပြီး သူမကို နားမလည်နိုင်ဖြစ်ခဲ့ရသည်။
ချန်းရော့ယွီ ဆေးရုံတက်တဲ့အချိန် သူမ၏ အခြေအနေ မကောင်းခဲ့ပေ။ ထို ယောက်ျားနှစ်ဦးက သူမကို တကယ်ပဲ ရက်ရက်စက်စက် ရိုက်နှက်ခဲ့ခြင်း ဖြစ်၏။
မုန့်ကု အရမ်း ဒေါသထွက်ခဲ့တယ်။ အမျိုးသမီးများကို လက်ပါတဲ့ လူရမ်းကားများကို သူ မုန်းတယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းကို ကိုယ်မသိဘဲ ဉာဏ်နည်းတဲ့ ချန်းရော့ယွီကို ပိုပြီး ဒေါသထွက်မိတယ်။ အာမခံကိစ္စများမှာ အထောက်အထား စုဆောင်းခြင်းကဲ့သို့သော ကိစ္စများ၌ သူမ ကိုယ်တိုင် လုပ်ဆောင်ရမည့် တာဝန် မဟုတ်ပေ။
အခု သူမ ဒီလို အဆုံးသတ်သွားပြီဆိုတော့ သူ တကယ်ပဲ သူမကို ဆူပူချင်ခဲ့ပေမဲ့ သူမ မကြားနိုင်တာကြောင့် မဆူခဲ့ပေ။ ဆေးရုံတက်တဲ့ ပထမဆုံးနေ့မှာ သူမ မူးဝေနေတာကြောင့် သူ ဆူရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ အစပိုင်းမှာ သူ ကောင်းယွီလန်ကို ဆက်သွယ်ချင်ခဲ့ပေမယ့် ချန်းရော့ယွီက သူမသူငယ်ချင်းကို ဒုက္ခမပေးချင်တာကို သူ စိုးရိမ်ခဲ့သည်။။ ဒါကြောင့် သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို အခြေခံပြီး ဒါမှမဟုတ် ရင်းဇယ်နဲ့ ကောင်းယွီလန်ရဲ့ မျက်နှာကို ထောက်ပြီး ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ မုန့်ကုက သူမကို အထူး ဂရုစိုက်ခဲ့၏။ သူက တာဝန်ခံဆရာဝန်၏ တာဝန်များကို ယူပြီး သူမ၏ အခြေအနေကို ကိုယ်တိုင် ကြည့်ရှုခဲ့သည်။
သူမက ညလုံးပေါက် စကားပြောခဲ့တယ်။ သူမက သူ့ကို 'မွန်ဂိုဆရာဝန်' လို့ခေါ်တယ်။ သူမ၏ စကားများအားလုံး ရောထွေးနေတာကြောင့် သူမ စိတ်ရှုပ်ထွေးနေသည်ဟု သူ ခံစားရသည်။ သူမ ပြောနေတာများကို ရှင်းရှင်းလင်းလင်း နားလည်ရန် သူ အားထုတ်မှုတွေ အများကြီး သုံးခဲ့ရ၏။
သူမက သူ့လက်ကို ကိုင်ပြီး တောင်းပန်သည်။ သူမက သူမ ဘလိုင်းဒိတ်တွေ့တဲ့သူကို ဘာလို့ အဲဒီစကားတွေ ပြောခဲ့တယ်ဆိုတာကို တကယ်ပဲ မသိကြောင်း ပြောသည်။ သူမက သူ့ကို ဒေါသထွက်နေတာ ဖြစ်ရမည်ဟုလည်း ပြောသည်။ သူ သူမကို မကြိုက်ဘူးဆိုရင် ကိစ္စမရှိပေမဲ့ သူက သူနာပြုတွေအားလုံးကို သူမ မကောင်းကြောင်း ပြောခဲ့ပြီး သူမ ပေးခဲ့တဲ့ လက်ဆောင်များကိုလည်း စွန့်ပစ်ခဲ့ကြောင်း ပြောပြကာ သူမ အရမ်းဝမ်းနည်းခဲ့ရကြောင်း ပြောပြလာသည်။
မုန့်ကု ရုတ်တရက် သဘောပေါက်သွား၏။
ဒါပေမဲ့ သူ သူမကို ဘယ်လို ထင်မြင်ကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူးသလို သူနာပြုတွေနဲ့ အတင်းအဖျင်း ပြောဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပေ။ သူမ ပေးပို့တဲ့ ပစ္စည်းများကို တခြားသူတွေရဲ့ လက်ဆောင်တွေနဲ့ အတူတူပဲ ဆက်ဆံခဲ့ပြီး အဲ့ဒီလက်ဆောင်များကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များကြား ခွဲဝေခဲ့သည်။
သူ သူမကို ရွေးပြီး ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။
သူက သူမ ထပ်လာတာ ရပ်သွားတာဟယ သူမ စဉ်းစားပြီးသွားလို့ ထင်ခဲ့တာ၊ အကြောင်းရင်းက ဒါဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။
"ချန်းရော့ယွီ"
သူ သူမကို ခေါ်လိုက်သည်။
သူမ မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်လာသည်။သူမက သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။
"ဆူညံအောင် မလုပ်နဲ့!"
ဆူညံတာလား။ အစကနေ အဆုံးထိ သူမက စကားပြောနေတာ။ ဘယ်သူက တကယ် ဆူညံနေတာလဲ။
သူမသည် သူ့လက်ကို အရမ်း တင်းတင်းဆုပ်ထားသော်လည်း သူ မညည်းညူခဲ့ပေ။ သူမက ခေါင်းမာစွာ ပြုမူနေသည်။
သူ သက်ပြင်းချပြီး သူ့လက်ကို ပြန်ဆွဲထုတ်ချင်တယ်။ သူမကို ဒီလောက် အများကြီး မစဉ်းစားဘဲ ကောင်းကောင်း အိပ်ပျော်ဖို့ ပြောချင်တယ်။ သူမ ဆေးသောက်ပြီးပြီ၊ အဖျားအတွက် ဆေးထိုးထားပြီးပြီဖြစ်တာကြောင့် သူမ အိပ်ပျော်သွားရင် ပိုပြီး သက်သောင့်သက်သာ ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ သူမက ဆက်ပြီးတော့ ပြောနေခဲ့သည်။
"အမေ၊ ဘာရှက်စရာ ရှိလို့လဲ။ သမီးတို့ မိသားစုက ဒီလိုပဲ။ ဘယ်သူနဲ့များ နှိုင်းယှဉ်ချင်တာလဲ။ သမီးတို့ကို တခြားသူတွေက အထင်သေးတာ မဟုတ်ဘူး၊ ဒါပေမဲ့ သမီးတို့ ကိုယ်တိုင်က ကိုယ့်ကိုကိုယ် တန်ဖိုးမထားတာ။ အမေ စိတ်ဆိုးလေလေ၊ လူတွေက အမေ့ရဲ့ စိတ်မသက်မသာ ဖြစ်မှုကို ပိုကြည့်ချင်လေလေ၊ လူတွေက အမေ့ရဲ့ စိတ်မသက်မသာ ဖြစ်မှုကို ပိုကြည့်လေလေ၊ အမေက တခြားသူတွေက သမီးတို့ကို သူတို့နဲ့ နှိုင်းယှဉ်နေတယ်လို့ ပိုခံစားရပြီး ကိုယ့်ကိုကိုယ် ရှက်ရွံ့စေလိမ့်မယ်။ ဒါတွေအားလုံးက သမီးတို့ရဲ့ အတွေးတွေကြောင့်ပဲလေ။ တကယ်တော့ မိသားစုတိုင်းမှာ သူတို့ရဲ့ ပြဿနာတွေ ရှိတယ်။ ဘယ်သူကများ အမေ့သမီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ သူ(မ) ဘယ်လောက် ဝင်ငွေရှိလဲဆိုတာကို ဂရုစိုက်ဖို့ အားလပ်ချိန် ရှိမှာလဲ။ အမေ၊ သမီး အရမ်း ကြိုးစားနေတာပါ။ ဒါ အမှန်ပဲ။ စိတ်မဆိုးပါနဲ့တော့"
"အမေက ကိုယ့်ကိုကိုယ် အရှက်ရအောင် လုပ်နေတာ"
သူမ ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
မုန့်ကု ကြောင်သွားသည်။
ထိုနှစ်က သူလည်း ဒီလို စကားမျိုး ချီယောင်ကို ပြောခဲ့ဖူးတယ်။ တခြားလူတွေက သူမကို အထင်သေးတယ်လို့ ခံစားရတယ်ဆိုရင် ဒါက တကယ်တမ်း လူတွေက သူမကို အထင်သေးလို့ မဟုတ်ဘဲ သူမက ကိုယ့်ကိုကိုယ် တန်ဖိုးမထားလို့ ဖြစ်ကြောင်း သူ ပြောခဲ့တယ်။
ချီယောင် ဒါကို ကြားတဲ့အခါ သူမ အရမ်း ဒေါသထွက်ပြီး သူ့ကို ရန်ဖြစ်ခဲ့တယ်။ ထိုအချိန်က သူတို့ နေ့တိုင်း ရန်ဖြစ်ခဲ့ကြတယ်။ သူမက သူ အဲ့ဒီစကားတွေ ပြောတာက သူက မြင့်မားတဲ့နေရာမှာ ရပ်တည်ပြီး သူမကို ခေါင်းငုံ့ကြည့်နေတာကြောင့် ဖြစ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် သူမ ဘယ်လို မော့ကြည့်နေပါစေ၊ သူမ ကိုယ့်ကိုကိုယ် တန်ဖိုးမထားဘူးလို့ပဲ သူ ခံစားနေရလိမ့်မယ်။
သူက သူမကို ပြန်ဖြေခဲ့တယ်... ခေါင်းကို ပိုမြင့်မြင့် မော့ထားရင်တောင်မှ ခင်မင်ရင်းနှီးမှုကို ရန်လိုမှုအဖြစ် ယူဆခြင်းဖြင့် သူမက နိမ့်ကျတဲ့ ခံစားချက် ရှိနေဆဲပင်။
ထိုအချိန်က သူတို့၏ အကွာအဝေး ပိုကြီးလာပြီး ပိုဝေးကွာသွားခဲ့သည်။ သူမကို စိတ်မဆိုးဖို့ သူ ပိုပြောလေလေ၊ သူမက ပိုပြီး စိတ်ဆိုးလေလေ ဖြစ်သည်။ သူမက တခြားသူများ၏ စကားများ၊ တခြားသူများ၏ အမြင်အပေါ် စိတ်ဆိုးခဲ့ပြီး သူ့စကားနှင့် သူ့အမြင်အပေါ်ကိုပါ စိတ်ဆိုးခဲ့သည်။
သူမက သူမ လုံလောက်အောင် မြင့်မားတဲ့ နေရာကို မတက်လှမ်းရသေးဘူးလို့ ခံစားခဲ့ရသည်။
အနည်းဆုံးတော့ သူမ ရိုးသားစွာ ရပ်တည်နိုင်ဖို့အတွက် သူနဲ့ အတူတူ အဆင့်တူ မြင့်မားချင်ခဲ့သည်။
ဒါက သူမ သူ့ကို စွန့်ခွာသွားရတဲ့ အကြောင်းရင်း ဖြစ်ပြီး သူ အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သူမ အဲ့ဒီအချိန်တုန်းက မထွက်သွားခဲ့ရင် သူမရဲ့ဘဝကို ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ကြောင်း၊ သူက အဲ့ဒီမြင့်မားတဲ့နေရာမှာ ထာဝရ ရပ်တည်နေလိမ့်မယ် ဖြစ်ကြောင်း သူမ ပြောခဲ့သည်။ သူမက သူ့ကို မော့မကြည့်ချင်ခဲ့ပေ။ သူမက သူ့နဲ့ အဆင့်တူ ဖြစ်ချင်ခဲ့သည်၊ သူ့လက်ကို ကိုင်နိုင်ချင်ပြီးတော့ သူ့ကို မှီခိုနိုင်ချင်ခဲ့သည်။
သူ သူမကို အရမ်း ချစ်ခဲ့တယ်။ သူမရဲ့အလှကို ချစ်ခဲ့တယ်၊ သူမရဲ့ဉာဏ်ရည်ကို ချစ်ခဲ့တယ်၊ သူမရဲ့ခွန်အားကို ချစ်ခဲ့တယ်၊ သူမရဲ့မာနကို ချစ်ခဲ့တယ်၊ ပြီးတော့ သူမ ကွဲပြားတာကို ချစ်ခဲ့တယ်။
သေချာတာပေါ့၊ သူမလည်း သူ့ကို ချစ်ခဲ့တာ၊ သူ ခံစားနိုင်ခဲ့တယ်။
နောက်ဆုံးမှာတော့ သူ့အပေါ်ထားတဲ့ သူမရဲ့ အချစ်က သူမရဲ့ မာနနဲ့ နှိုင်းယှဉ်လို့ မရခဲ့ပေ။
မုန့်ကုသည် ဒီဆက်ဆံရေးမှာ ပြင်းပြင်းထန်ထန် နာကျင်ခဲ့ရ၏။ သူ နာကျင်ရခြင်းက တခြားယောက်ျားတွေကို ရှုံးနိမ့်ခဲ့တာ မဟုတ်ဘဲ အမျိုးသမီးကိုယ်တိုင်ကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
အခုဆိုရင် တစ်ကိုယ်လုံး ဒဏ်ရာရနေတဲ့ ဒီအမျိုးသမီးက အဲဒီ စကားလုံးတွေကိုပဲ ပြောခဲ့ပြန်တယ်။
"မင်း ကိုယ့်ကိုကိုယ် အရှက်ရအောင် လုပ်နေတာ"
သူ တကယ်ပဲ ခုနစ်နှစ်အကြာ အတိတ်ကို ပြန်သွားပြီး ချီယောင်ကို လှည့်ကာ "နားထောင်စမ်း၊ တခြားသူတွေ ပြောတာ အမှန်တရားပဲ" လို့ ပြောချင်ခဲ့သည်။
ဒါပေမဲ့ ဝမ်းနည်းစရာက အချိန်က ဘယ်တော့မှ ပြန်မလာနိုင်သလို ပျောက်ကွယ်သွားတဲ့ ခံစားချက်တွေလည်း ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ်ဘူး။ အခုဆိုရင် ချီယောင် သူ့ရှေ့မှာ ထပ်ပေါ်လာရင်တောင် သူ ဒီကိစ္စတွေကို သူမနဲ့ ထပ်ဆွေးနွေးချင်တော့မှာ မဟုတ်ဘူး။
အဲဒီညမှာ ချန်းရော့ယွီ အဖျားနှစ်ကြိမ် တက်ခဲ့ပြီး မုန့်ကုက တစ်ညလုံး သူမ အိပ်ရာဘေးမှာ စောင့်ကြည့်ခဲ့သည်။ သူ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကူညီတာ မဟုတ်ခဲ့ဘူးဆိုရင် သူမဆီကနေ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ရောထွေးနေတဲ့ စကားတွေကို ကြားရမှာ မဟုတ်ဘူး။ သူမ ဘာတွေ ပြောနေမှန်း သူမ သိပုံမရသလို ပုံမှန်အားဖြင့် သူမ မ ပြောရဲမယ့် စကားတွေကို ပြောခဲ့တာ ဖြစ်ရမယ်။
သူ အားလုံးကို မှတ်တမ်းတင်ပြီး အနာဂတ်မှာ သူမကို နားထောင်ခိုင်းချင်ခဲ့တယ်။ သူမရဲ့ အမူအရာတွေက အံ့ဩစရာကောင်းလိမ့်မယ်လို့ သူ ခံစားရတယ်။
(T/N-ဒီအပိုင်းကိုပြန်သိချင်ရင် အပိုင်း(၇)မှာ ပြန်ဖတ်လို့ရပါတယ်။အဲ့ဒီမှာ ချန်းရော့ယွီက တစ်ညလုံးအဖျားတက်ပြီးတော့ ဒေါက်တာမုန့်ကို စကားတွေအများကြီးပြောတယ်လို့ ရေးထားခဲ့ပေမယ့် ဘာတွေပြောခဲ့လဲဆိုတာကို အသေးစိတ်မပြောပြထားပါဘူး။အခုက အဲ့ဒီအပိုင်းတုန်းက မုန့်ကုဘက်က ရှုထောင့်ပါ)
သူမ ဆေးရုံတက်ပြီးတဲ့နောက် မုန့်ကုက ချန်းရော့ယွီဟာ သူ ထင်ထားသလောက် ဆိုးတဲ့ အမျိုးသမီး မဟုတ်ဘူးလို့ ခံစားခဲ့ရသည်။ သူမက တာဝန်ယူမှုရှိသူ၊ ကြင်နာတတ်သူနဲ့ အရမ်း ရယ်စရာကောင်းသူပင်။
တကယ်တော့ ဒီလို မိန်းကလေးမျိုးနဲ့ သူငယ်ချင်းဖွဲ့ရတာ ကောင်းပါတယ်။
ဟုတ်တယ်။ သူငယ်ချင်းဖြစ်တယ်ဆိုတာက အဲ့ဒီအချိန်က မုန့်ကု၏ စိတ်ရင်းမှန်အတွေးဖြစ်တယ်ဆိုတာကို သူမကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမက သူ့ကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သူ သိလိုက်ရတာကြောင့် ဖြစ်သည်။
သူမ သူ့ကို တွေ့တဲ့အခါ မျက်နှာနီမြန်းလာပြီး စိတ်မသက်မသာ ဖြစ်မယ်။ သူမက သူ့ကို မသိမသာ ခိုးကြည့်နေဦးမယ်။ ဒါပေမဲ့ သူမ တကယ်တမ်း သူ့နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ သူမ တစ်ကိုယ်လုံး ဆူးတွေ ထိုးထွက်နေတဲ့ ဖျံလို ဟန်ဆောင်ပြီး ချက်ချင်း သတိကြီးကြီးထား နေလိမ့်မယ်။ သူမ သူ့ကို ကြိုက်ပေမဲ့ သူမက ကြိုက်ချင်ပုံမရ သို့မဟုတ် သူမက သူ့ကို ကြိုက်တာကို ငြင်းပယ်ပြီး ဆန့်ကျင်နေတယ်လို့ ပြောသင့်တယ်။
မုန့်ကု ခံစားရတာကတော့ ဒါဟာ ဒီလို ဖြစ်သင့်တယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ ဒါတွေက သူ့အတွေးတွေပဲ ဖြစ်တယ်။ သူက စုံတွဲအဖြစ် ဆက်ဆံရေးကို မလိုချင်ပေ။ သူမက ကောင်းမွန်တဲ့ မိန်းကလေးဖြစ်သည်။ သူတို့နှစ်ဦးကြား မဖြစ်နိုင်ခြင်းကြောင့် နှစ်ဦးစလုံး စိတ်မချမ်းမသာ ဖြစ်တာကို သူ မလိုချင်ပေ။ ဒါကြောင့် သူက သူ့အတွေးများကို သူမကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီး သူတို့ သူငယ်ချင်းအဖြစ်သာ ရှိနေခြင်းက ပိုကောင်းကြောင်း ပြောပြခဲ့သည်။
သူမ သဘောတူခဲ့၏။
ပြီးတော့ သူမ ထွက်ပြေးသွားတယ်။ သူမ ကိုယ့်ဘာသာကိုယ် ဆေးရုံက ဆင်းခွင့်မတောင်းဘဲ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားတယ်။
သူမရဲ့ ဖောက်သည်ကို ကူညီတဲ့နေရာမှာ သူမရဲ့မိုက်မဲမှုကြောင့် အရိုက်ခံရခြင်းအပေါ် သူ ဆူပူပြီးနောက်၊ သူမနှင့် ရန်ဖြစ်ရင်း ပျော်ရွှင်စရာ အချိန်ရပြီးနောက် သူမ တကယ်ပဲ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားတယ်။
ဒါ အရူးပဲ! သူမ ဘာလို့ ထွက်ပြေးတာလဲ။
သူက သူမအပေါ် ခင်မင်ရင်းနှီးမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး၊ နားလည်မှုလွဲမှားတာကို ရှင်းရှင်းလင်းလင်း ဖယ်ရှားခဲ့ပြီး၊ သူမကို သူငယ်ချင်းအဖြစ် ရှင်းရှင်းလင်းလင်း ဆက်ဆံခဲ့တယ်လေ။ ဘာလို့ သူမ ထွက်ပြေးတာလဲ?
>>>>>>>>>>>>>>
နောက်ပိုင်းတွင် မုန့်ကု၏အဖေက သူ့အတွက် ဘလိုင်းဒိတ်တစ်ခု စီစဉ်ပေးခဲ့သည်။တကယ်တော့ ဒါက သူ့အဖေရဲ့ ဆန္ဒမဟုတ်ဘဲ တခြားသူတွေရဲ့ ဆန္ဒဖြစ်ပြီး သူတို့က ဦးဆောင်ပြီး တောင်းဆိုခဲ့တာ ဖြစ်ကြောင်း သူ သိသည်။
နောက်ဆုံးမှာတော့ သူက ဒုတိယဌာနမှူး၏ သား၊ ထူးချွန်သည့် ခွဲစိတ်ဆရာဝန်ငယ် စသဖြင့် ဖြစ်သည်။ ဒါတွေအားလုံးက ကောင်းမွန်တဲ့ ဘွဲ့များဟု ထင်ရသည်။ တစ်ယောက်ယောက်က ဦးဆောင်မှု မယူရင် တခြားတစ်ယောက်ယောက်က ရှေ့ထွက်လာမှာ သေချာတယ်။ ဒါကြောင့် သူ့ရဲ့ အချစ်ရေးအကြောင်း မေးမြန်းဖို့ လာတဲ့ လူကြီးတွေ အများကြီး ရှိသည်။
ဒါကြောင့် တစ်ချိန်လုံး အဖေမုန့်ဟာ သူ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ မိန်းကလေးတွေနဲ့ မုန့်ကုအတွက် ဘလိုင်းဒိတ်တွေ့ပွဲတွေ စီစဉ်ပေးခဲ့ပြီး သူ့ကို ပိုသိကျွမ်းစေဖို့ပဲ ဖြစ်သည်။
ဒါပေမဲ့ မုန့်ကုက ဒါကို ဆန့်ကျင်ခဲ့တယ်။
သူ တကယ်ပဲ အချစ်ရေးတစ်ခု ရှိချင်တယ်၊ ရည်းစားထားချင်တယ်၊ ဒါပေမဲ့ သူ့အဖေရဲ့ စီမံခန့်ခွဲမှုကိုတော့ မလိုအပ်ဘူး။
မုန့်ကုသည် သူ့အဖေက အလွန် တင်းကြပ်သော ယောက်ျားဖြစ်ပြီး ကိုယ့်ကိုကိုယ် အရေးပါသည်ဟု ထင်မြင်သူ ဖြစ်တယ်လို့ ခံစားရသည်။ အဖေနဲ့ သားက စကားအနည်းငယ် ပြောပြီးတဲ့နောက် အမြဲ ရန်ဖြစ်ကြသည်။ ဒါပေမဲ့ မုန့်ကုရဲ့အမေက မုန့်ကုကို အမြဲ သတိပေး၏။
"ဘာကို ရန်ဖြစ်နေတာလဲ။ မင်းမှာ မင်းအဖေနဲ့ အတူတူပဲ ဂုဏ်သတ္တိ ရှိတယ်။ မင်းနဲ့ မင်းအဖေ မျက်နှာချင်းဆိုင် ရပ်နေတဲ့အချိန်၊ ဒါက ဝိညာဉ်ရေးရာအရ မှန်ထဲမှာ ကြည့်နေရသလိုပဲ။ ဒါကြောင့် မင်း မင်းအဖေကို အပြစ်တင်တဲ့အခါ မင်း ကိုယ့်ကိုကိုယ် ပြန်စဉ်းစားရမယ်"
သူ့အမေက သူမရဲ့ခင်ပွန်းဘက်ကို သိသာထင်ရှားစွာ လိုက်နေတယ်လို့ သူ ခံစားရသည်။
တကယ်တော့ မုန့်ကုက သူ့အဖေကို မနာလို ဖြစ်ခဲ့တယ်။ သူ့အဖေက အရမ်းကံကောင်းတဲ့ အဖိုးကြီးလို့ သူ ယူဆတယ်။ သူ ကံကောင်းတာက သူ့မှာ ကောင်းမွန်တဲ့ ဇနီးရှိလို့ပဲ။ မုန့်ကုက သူ့အမေလို ရွှင်လန်း၊ သန်မာပြီး ပညာရှိတဲ့ အမျိုးသမီးမျိုးကို အရမ်း တန်ဖိုးထားတယ်။
သူလည်း သူ့အမေလို အမျိုးသမီးမျိုးကို လက်ထပ်ချင်တယ်။
လှပတဲ့ ပုံပန်းသွင်ပြင်၊ ကြင်နာတဲ့ နှလုံးသား၊ ကျန်းမာတဲ့ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်၊ ခိုင်မာသည့် စိတ်ပိုင်းဆိုင်ရာရှိသည့် မိန်းကလေးမျိုး။
ဒါကြောင့် သူ အဲ့ဒီအချိန်တုန်းက ချီယောင်ကို ချစ်မိခဲ့တာပင်။
သူ့ရဲ့ ခက်ခဲပြီးတော့ ချေးများသည့်စရိုက်နှင့် မက်မွန်ပန်းပွင့်များကို ဆွဲဆောင်သည့် ပုံပန်းသဏ္ဍာန်ကြောင့် တက္ကသိုလ်တက်နေတဲ့အချိန်မှ သူ့ရဲ့ ပထမဆုံး အချစ်ကို ရှာတွေ့ရခြင်း အကြောင်းရင်းရှိသည်—သူ သဘောကျတဲ့သူ တစ်ယောက်မှ မရှိခဲ့လို့ ဖြစ်၏။
ချီယောင်က သူ့ရဲ့ အချစ်ဦီး ဖြစ်သည်။
ချီယောင်က လှပတယ်၊ သန်မာတယ်၊ ဉာဏ်ကောင်းတယ်။ မုန့်ကု သဘောကျတဲ့ အရည်အချင်းတွေ အားလုံး သူမမှာ ရှိတယ်။အဲ့ဒီအချိန်က သူက သူ့ကိုယ်သူ အရမ်း ကံကောင်းတယ်လို့ ခံစားရ၏။ သူ့ရဲ့အချစ်ရေးနှင့် အိမ်ထောင်ရေးဟာ သူ့ရဲ့ ပညာသင်ကြားမှုနှင့် အလုပ်ရှာဖွေမှုကဲ့သို့ ချောမွေ့လိမ့်မည်ဟု သူ တွေးခဲ့မိသည်။
သူ သူ့အဖေလို ကံကောင်းလိမ့်မယ်။
ဒါပေမဲ့ အဲ့လိုမျိုး မဖြစ်ခဲ့ပေ။
သူက သူ့အဖေနဲ့ အရမ်းတူနေရင်တောင်မှ၊ ချီယောင်က သူ့အမေနဲ့ အရမ်းတူနေရင်တောင်မှ၊ ချီယောင်မှာ သူ သဘောကျတဲ့ အရည်အချင်းတွေ အားလုံး ရှိနေရင်တောင်မှ၊ သူတို့ တကယ် အချင်းချင်း ချစ်ကြရင်တောင်မှ...
ဘဝမှာ တခြား စီစဉ်မှုတွေ ရှိနေတယ်ဆိုတာ ထွက်ပေါ်လာတယ်.......
Translator -JJ