အခန်း ၆၃
Vol. 7 Ch. 63
ဒွိဟချစ်သံယောဇဉ်:
Chapter 63-မုန့်ကုဘက်မှုရှုထောင့်(၄)
အဲ့ဒီအချိန်တုန်းက မုန့်ကုက ချန်းရော့ယွီဟာ သူ့ဘဝမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာ မတွေးခဲ့ပေ။
သူမသည် သူ့ရဲ့ သူငယ်ချင်းများစွာထဲက တစ်ယောက်ပဲ ဖြစ်တယ်.. တစ်ယောက်မျှသာ ဖြစ်တယ်။
မုန့်ကုသည် စိတ်ဆိုးဒေါသကြီးသူဖြစ်ပြီး တကယ်တော့ သူက သူများကိစ္စ ဝင်ပါတတ်သူလည်း ဖြစ်သည်။ ဒီလို သူများကိစ္စ ဝင်ပါတတ်တဲ့သူဆိုတာက သူငယ်ချင်းတစ်ယောက် အကူအညီလိုတဲ့အခါ ကူညီရတာ အရမ်းပျော်ရွှင်ပြီး သူငယ်ချင်းတွေ ပျော်ရွှင်စရာပွဲတွေ ရှိတဲ့အခါ လက်ဆောင်တွေနဲ့ ဆုမွန်ကောင်းတွေ ပေးပို့သူကို ဆိုလိုသည်။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်က သူ မခံမရပ်နိုင်တဲ့ အရာတစ်ခုခု လုပ်မိရင်တော့ ဝေဖန်ပြီး မထီမဲ့မြင် ပြုတတ်၏။
ဟုတ်တယ်၊ ဒီအရာအားလုံးကို သူ့သူငယ်ချင်းတွေအတွက်သာ လုပ်ဆောင်ခြင်းပင်။
ချန်းရော့ယွီ ထွက်ပြေးပြီးတဲ့နောက် တကယ်တော့ မုန့်ကုသည် သူ့စိတ်ထဲမှာ ခဏတာ သူမကို မကျေမနပ် ဖြစ်ခဲ့သည်။ နောက်ဆုံးတော့ ယောက်ျားနဲ့ မိန်းမကြားမှာ ကွဲပြားမှုတွေ ရှိပြီး ခင်မင်မှုက ကန့်သတ်ချက်သာ ရှိ၏။ သူ့စိတ်ထဲမှာ သူမကို တစ်ခါတစ်ရံ သတိရတတ်သော်လည်း မကြာခဏတော့ မဟုတ်ပေ။ တကယ်တော့ သူမ ဘယ်လိုလဲဆိုတာ မေးဖို့ ရည်ရွယ်ချက်နဲ့ သူ နှစ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ သူမ ဖုန်းမကိုင်ခဲ့ပေ။ ဒါက မုန့်ကုကို နည်းနည်း အနေရခက်ပြီး နိမ့်ကျသလို ခံစားရစေသည်။
ဒါကြောင့် သူ ထပ်ပြီးဆက်သွယ်ခြင်း မရှိတော့ပေ။ ဒါပေမဲ့ ကောင်းယွီလန်နဲ့ တွေ့ဆုံတဲ့အခါ တစ်ကြိမ်မှာ သူ မနေနိုင်ဘဲ ချန်းရော့ယွီ၏ အခြေအနေကို မေးမြန်းခဲ့သည်။ သို့သော် ကောင်းယွီလန်က ချန်းရော့ယွီ၏ ကိစ္စတွေအကြောင်း သိပ်မသိပေ။
အဲ့ဒီနောက်ပိုင်းတွင် မုန့်ကု လေးလေးနက်နက် မစဉ်းစားတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အထူးသဖြင့် ချန်းရော့ယွီလို ထူးဆန်းတဲ့ မိန်းမမျိုးက စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ဘယ်သူ သိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူမရဲ့ ဆေးဘက်ဆိုင်ရာ ဘေလ်ကို ရှင်းဖို့ သူငယ်ချင်းကို ခိုင်းခဲ့ပြီး မကောင်းတာ တစ်ခုမှ မလုပ်ခဲ့ဘူး။ သူမ သူ့ကို ရှောင်နေမှတော့ ဘာလို့ သူက နွေးထွေးတဲ့ ခံစားချက်တွေ ပြသပြီး စိတ်ပျက်ခံရမှာလဲ။
ဒါကြောင့် သူသည် ချန်းရော့ယွီကို သူ့ရဲ့ သူငယ်ချင်းများစွာထဲက တစ်ယောက်အဖြစ် သတ်မှတ်ပြီး နေ့ရက်တွေကို ကုန်လွန်စေခဲ့၏။
သူတို့ ဒီလိုပဲ ဆက်သွားမယ်လို့ သူ တွေးခဲ့ပေမဲ့ တစ်ညမှာတော့ ရင်းဇယ်ဆီကနေ ဖုန်းဝင်လာပြီး ချန်းရော့ယွီ ပျောက်သွားပြီဖြစ်ကြောင်း ပြောလာသည်။ သူမရဲ့ ဖုန်းလိုင်းကို ပယ်ဖျက်လိုက်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေက သူမကို ဆက်သွယ်လို့ မရသလို လူတိုင်းက အရမ်း စိုးရိမ်နေကြ၏။ ရင်းဇယ်က ဆေးရုံစနစ် မှတ်တမ်းများမှာ ချန်းရော့ယွီ၏ အိမ်လိပ်စာကို စစ်ဆေးဖို့ သူ့ကို အကူအညီ တောင်းလာသည်။
သူ တုန်လှုပ်သွားပြီး သူ့ရင်ထဲက မီးတောက်တွေ ဒေါသနဲ့ လောင်ကျွမ်းသွားသလို ခံစားရသည်။
ချန်းရော့ယွီဆိုတဲ့ ဒီမိန်းမက ဘာတွေ စဉ်းစားနေတာလဲ? ဘဝမှာ တာဝန်ယူမှုတွေ ရှိတယ်ဆိုတာ သူမ သိရဲ့လား? သူမ အသက် ဘယ်လောက်လဲ? သူမရဲ့အသက်က ၂၆ နှစ်၊ ၁၆ နှစ် မဟုတ်ဘူးဆိုတာကို သူ ရှင်းရှင်းလင်းလင်း မှတ်မိတယ်။
ဒါပေမဲ့ သူမက ဒါကို လုပ်ဖို့ အတင်းအကြပ် တောင်းဆိုနေဆဲပဲ။ ဆေးရုံက ခိုးကြောင်ခိုးဝှက် ထွက်ပြေးတာကို လျစ်လျူရှုနိုင်ပေမဲ့ အခု သူမ ပျောက်ကွယ်သွားပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို စိတ်ပူအောင် လုပ်ပြန်ပြီ... သူမ ဘာဖြစ်နေတာလဲ?
သူ သူမကို ရှာတွေ့ရင် သေချာပေါက် ပြင်းပြင်းထန်ထန် ဆူပစ်ရမယ်!
တစ်ခါတစ်ရံ လူတွေရဲ့ ခံစားချက်တွေက အရမ်း ထူးဆန်းသည်။ တချို့လူတွေလိုပဲ သူတို့ ပထမဆုံး မျက်စိချင်းဆုံတဲ့အခါ သဘာဝအတိုင်း ရင်းနှီးမှု ခံစားရပြီး သင့်မြတ်သည့် စကားဝိုင်းတွေ ပြောနိုင်ကြသည်။ တချို့လူတွေကတော့ တစ်ဦးကို တစ်ဦး ကြည့်လိုက်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ပြီး လုံးဝ အာရုံစိုက်ဖို့ ရည်ရွယ်ချက် မရှိကြပေ။ တချို့လူတွေကတော့ အချိန်ကြာကြာ အတူတူနေပြီးတဲ့နောက် ကောင်းတာ မဟုတ်၊ ဆိုးတာလည်း မဟုတ်တဲ့ ပေါ့ပါးသည့်ခံစားချက်မျိုးသာ တစ်ဦးနဲ့တစ်ဦး ရှိကြသည်။
မုန့်ကုသည် ချန်းရော့ယွီအပေါ် သူ့ခံစားချက်များကို ဖော်ပြလို့ မရခဲ့ပေ။
စိတ်အနှောင့်အယှက် ဖြစ်တာ မဟုတ်ဘူး၊ ကြိုက်တာ မဟုတ်ဘူး၊ နည်းနည်းလေး တန်ဖိုးထားမှုနဲ့ နည်းနည်း ဒေါသသာ ရှိတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ အရမ်း ထူးဆန်းတယ်လို့ ခံစားရသည်။ သူမက တခြားသူတွေနဲ့ မတူပေ။ သူမက မိုက်မဲပြီး ရယ်စရာကောင်းတယ်။ သူက သူမနဲ့ ရန်မဖြစ်ဘဲ မနေနိုင်ပေ။
ဒီတစ်ကြိမ်မှာတော့ ဒီမိန်းကလေးက သူမ၏ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ပြသခဲ့ပြီး ဒါက သူ့ကို တကယ်ပဲ ဆူပူချင်စိတ် ဖြစ်စေသည်။
သူမသည် ပြင်းထန်တဲ့အစာအိမ်နဲ့အူလမ်းကြောင်းရောင်ခြင်းဖြင့် ဆေးရုံ ထပ်တက်ခဲ့ရပြီး သူမ သူ့ကို ရှောင်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသကာ တခြားဆေးရုံတစ်ခုကို တမင်တကာ ရွေးချယ်ခဲ့သည်။ ဒါက သူ့ကို အရမ်း စိတ်မချမ်းမသာ ဖြစ်စေခဲ့၏။
သူမ ဒီလောက်အထိ လုပ်ဖို့ လိုအပ်လား။
သူ သူမကို နှောင့်ယှက်တာ မရှိသလို အနိုင်ကျင့်တာလည်း မရှိခဲ့ဘဲ သူမအပေါ် ရှင်းရှင်းလင်းလင်း အရမ်း ခင်မင်ခဲ့တယ်။ သူတို့ရဲ့ နောက်ဆုံး စကားဝိုင်းကိုတောင် သူ မှတ်မိနေသေးတယ်။ အဲဒါက ခင်မင်ရင်းနှီးပြီး၊ ဆင်ခြင်တုံတရားရှိတဲ့ စကားဝိုင်းဖြစ်ပြီး သူတို့ရဲ့ ခင်မင်မှုကို တိုးတက်ဖို့ သဘောတူညီချက်တောင် ရောက်ခဲ့တယ်။ ပြီးတော့ ရုတ်တရက် သူမ သူ့ဆီကနေ ပုန်းအောင်းလာခဲ့တယ်။
ဘယ်လောက် ထူးဆန်းတဲ့ မိန်းမလဲ...
သူမ မိသားစုနဲ့ သဘောထား ကွဲလွဲမှု ရှိခဲ့တာ ဖြစ်ရမယ်၊ ဒါမှမဟုတ် တခြား ပြဿနာတွေ ကြုံတွေ့ခဲ့တာ ဖြစ်ရမယ်။ အတိုချုပ်အားဖြင့် သူမက ကုလားအုတ်ငှက်လို ပုန်းအောင်းခဲ့ပြီး အပြင်မှာ ဖြစ်ပေါ်လာတဲ့ ဆူပူသံတွေကို လျစ်လျူရှုခဲ့သည်။
မုန့်ကု၊ ကောင်းယွီလန်နှင့် ရင်းဇယ်တို့သည် ချန်းရော့ယွီကို အတူတကွ ရှာတွေ့ခဲ့ကြသည်။ သူမကို အိမ်ပြန်ပို့ရန်အတွက် သူ တာဝန်ယူခဲ့ပြီး လမ်းတစ်လျှောက်လုံး သူမကို ဆူပူဆုံးမခဲ့သလို ဖုန်းကတ်အသစ် လျှောက်ထားဖို့လည်း သူမကို လုပ်စေခဲ့သည်။
သူမက ပြန်ပြောပြီးတော့ သူမရဲ့ စိတ်ဆိုးဒေါသကို ပြသခဲ့သည်၊ သို့သော် သူ့ရဲ့ အဆုံးမဲ့ ဆူပူမှုကို သူမ သည်းခံနေတာ ထင်ရှား၏။
ရုတ်တရက် မုန့်ကု နားလည်သွားတယ်။ သူမ ဘာလို့ သူ့ကို ပုန်းနေရတာလဲ။
သူမ သူ့ကို ဆက်ကြိုက်နေတုန်းပဲ!
သူမ၏ အမူအရာများ၊ သူမ၏ မျက်လုံးများက သူမ သူ့ကို ဆက်ကြိုက်နေသေးကြောင်း သူ့ကို ပြောပြသည်။ သေချာတာပေါ့၊ သူ ခံစားနိုင်ခဲ့သလို သူမ သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း သူ ခံစားနိုင်ခဲ့တယ်။ ဒီအခြေအနေမှာ ယောက်ျားနဲ့ မိန်းမကြား သူငယ်ချင်းဖြစ်ဖို့ ဖြစ်နိုင်ချေ မရှိပေ။
သူမ ထွက်ပြေးတာ အံ့ဩစရာ မဟုတ်ဘူး!
ပုံမှန်အားဖြင့် ဒီလို အခြေအနေတွေမှာ သူက ဉာဏ်ကောင်းရင် သူမနဲ့ ခပ်ဝေးဝေး နေသင့်သည်။ နောက်ဆုံးတွင် သူနဲ့ သူမကြား ဘာမှ ဖြစ်ချင်စိတ် မရှိပေ။
သို့သော် သူမ သူ့ကို ချစ်တာကို ကျေနပ်တဲ့ခံစားချက် သူ့မှာ ရှိနေသည်။ တကယ်တော့ ဂုဏ်ယူစရာ ဘာမှ မရှိဘူး။ ဘာလို့လဲဆိုတော့ သူက အမျိုးသမီးတွေရဲ့ အာရုံစိုက်မှုကို အမြဲတမ်း မလိုအပ်ခဲ့ဘူး... သူ ကြိုက်တဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ဖူးဘူးဆိုရင်တောင်မှပေါ့။ ချန်းရော့ယွီက သူ့ကို ကြိုက်တာက ကြီးကြီးမားမား ကိစ္စ မဟုတ်သလို သူ့ကို အထူး ပျော်ရွှင်စေသင့်တာလည်း မဟုတ်ဘူး။
သူ ဘာလုပ်ရမလဲဆိုတာ စဉ်းစားလိုက်သည်။
ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ သူမရဲ့ဆဲလ်ဖုန်းကတ်ကို လျှောက်ထားရမယ်။ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ကွယ်သွားတာကို သူ တကယ် မခံနိုင်ဘူး။ သူ ငယ်ငယ်တုန်းက သူ့ရဲ့ ပုန်ကန်တတ်တဲ့ ကာလမှာ ဒီလိုမျိုး လုပ်ခဲ့ဖူးပြီး နောင်တရခဲ့တယ်။ ဒါကြောင့် သူမကို ဒီလိုမျိုး စိတ်ထင်တိုင်း လုပ်နေတာကို သူ တကယ်ပဲ ဆက်လုပ်ခွင့် မပေးနိုင်ပေ။
ကောင်းပြီ၊ ဒီအကြောင်းပြချက်သက်သက်တော့ မဟုတ်ဘူး!
အတိုချုပ်ပြောရရင် အဲ့ဒီအချိန်တုန်းက ဆဲလ်ဖုန်းကတ် လျှောက်လွှာ ပြီးစီးပြီးတဲ့နောက် သူမကို အိမ်ပြန်ပို့မယ်လို့ သူ တကယ် တွေးခဲ့သည်။ အဲ့ဒီနောက် သူက တာဝန်ယူတတ်သည့်ယောက်ျားတစ်ဦးအနေဖြင့် သူမနှင့် ခပ်ဝေးဝေး နေတော့မည်။ သူမအပေါ် ဘာရည်ရွယ်ချက်မှ မရှိတာကြောင့် သူမ သူ့အပေါ် ခံစားချက်တွေ ရှိနေသေးသဖြင့် သူမနဲ့ အရမ်း နီးကပ်စွာ မနေသင့်ဘူးဆိုတာ သူ သိသည်။
သူမ ထွက်ပြေးချင်ရင်တော့ ထွက်ပြေးပါစေ။
သူမရဲ့ လုပ်ရပ်တွေက သူ့ကို အရမ်း စိတ်မသက်မသာ ဖြစ်စေပေမဲ့ပေါ့။
သို့သော်လည်း ဆဲလ်ဖုန်းကတ် လျှောက်လွှာက အဆင်မပြေခဲ့ပေ။ ပထမတစ်ခုက သူမ လုပ်ဖို့ ဝန်လေးနေတာဖြစ်ပြီး နောက်တစ်ခုက သူမ တကယ် ဆင်းရဲနေတာပင်။ ကတ်လျှောက်လွှာအတွက် ပေးချေဖို့ပင် သူမ မတတ်နိုင်ခဲ့ပေ။ သူမက သူ့ကို ပြင်းပြင်းထန်ထန် ဆူပူပြီးတော့ သူင သူများကိစ္စတွေမှာ ဝင်ပါတတ်တဲ့သူဖြစ်ကြောင်း ပြောတာ ဒါမှမဟုတ် သူမရဲ့အခက်အခဲတွေနဲ့ ပြဿနာများအကြောင်း သူ့ကို အလေးအနက် ပြောပြတာလိုမျိုး ပုံမှန်အတိုင်း ပြုမူခဲ့မယ်ဆိုရင် သူ စီစဉ်ထားတဲ့ အရင် အစီအစဉ်များအားလုံး အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့မယ်လို့ သူ တွေးလိုက်သည်။
ဒါပေမဲ့ သူမက ပုံမှန်လူတွေနဲ့ မတူခဲ့ပေ။ ထင်ရှားတာက သူ့ကို ဆူပူတာကို သူမ လက်မခံနိုင်ပေမဲ့ သူမက ခေါင်းငုံ့ပြီး ဝမ်းနည်းစရာ အမူအရာကိုသာ ပြသခဲ့သည်။ ထင်ရှားတာက သူမ ပြန်ပြောချင်သော်လည်း အသံကို ကျယ်ကျယ် မလုပ်ရဲခဲ့ပေ။ ဒါက သူ့ကို ကျောင်းတက်တုန်းက တခြားသူတွေကို အနိုင်ကျင့်တဲ့အခါ မရှင်းပြနိုင်တဲ့ ပျော်ရွှင်မှု ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
ဧည့်ခန်းမကို ရောက်တဲ့အခါ ပုံမှန်လူတွေက သူတို့မှာ ပိုက်ဆံမရှိလို့ မလုပ်နိုင်ဘူးလို့ ပြောပြီး ထွက်သွားမယ်လို့ ပြောကြမှာဖြစ်ပေမဲ့ ချန်းရော့ယွီကတော့ အဲဒီလို မလုပ်ခဲ့ပေ။ သူမက ဒေါသ မထွက်ခဲ့သလို စကားလည်း မပြောခဲ့ဘဲ တိတ်တဆိတ်ဖြင့် သူမ၏ ပိုက်ဆံအိတ်ကို ဆွဲထုတ်ပြီး သူမ ပိုင်ဆိုင်သမျှ ပိုက်ဆံအားလုံးကို အရောင်းဝန်ထမ်းကို ပြသခဲ့သည်။ စိတ်အားထက်သန်နေတဲ့ အရောင်းဝန်ထမ်း၏ မျက်နှာပေါ်က အပြုံးက ရေခဲတမျှ ဖြစ်သွားပြီး ထိုအမူအရာက အရမ်းအံ့ဩစရာကောင်းလွန်းလို့ မုန့်ကုပင် ရယ်မောပေါက်ကွဲတော့မလို ဖြစ်ခဲ့သည်။
ဟုတ်ပါတယ်၊ သူ မရယ်ခဲ့ဘူး။ သူ ထိန်းထားပြီး သူ့ရဲ့ ဩဇာအာဏာပါတဲ့ အမူအရာကို ထိန်းသိမ်းထားလိုက်သည်။
သူက သူမရှေ့မှာ သူ့ရဲ့ ဩဇာအာဏာပါတဲ့ အမူအရာကို ထိန်းသိမ်းချင်ရုံသာမက သူ့ရဲ့ ပုံရိပ်ကိုပါ ဂရုစိုက်ချင်ခဲ့သည်။ တကယ်တော့ သူ့ပုံရိပ်က အရမ်း ကောင်းမွန်ပေမဲ့ ယောက်ျားတွေက မိန်းမတွေရှေ့မှာ မာနတစ်မျိုး ရှိချင်ကြတယ်၊ သူတို့ကို အခြားအရာအားလုံးထက် သာလွန်စေတဲ့ မာနမျိုး ဖြစ်သည်။
သူ ဒီလိုမျိုး ပြုမူသင့်တာ မဟုတ်ဘူး။ မိတ်လိုက်တဲ့ အကမှာ ဒေါင်းအဖိုက ဒေါင်းအမရှေ့မှာ သူ့ရဲ့ အလှကို ပြသဖို့ လမ်းလျှောက်ပြသတာမျိုး သူနဲ့ ချန်းရော့ယွီကြားမှာ မဖြစ်သင့်ဘူး။
ဒါပေမဲ့ သူက အဲဒီလို မခံစားရပေ။ သူမ ပြုမူနေပုံကို သူ မကြည့်နိုင်တာကြောင့် သက်သက် ဂရုစိုက်နေတာလို့ ခံစားရသည်။
ဒါက တကယ်ပဲ အကြောင်းရင်းလား။
ရုတ်တရက် သူ့စိတ်ထဲမှာ အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ဒီ 'သူမ ဘယ်ကိုသွားသွား ရှက်စရာကိစ္စတွေ လိုက်ပါလာတတ်တဲ့' မိန်းကလေး သူ့နဲ့ တွေ့တိုင်း သူ အရမ်း ပျော်ရွှင်တယ်ဆိုတဲ့ အထင်အမြင် သူ ရခဲ့တယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး... 'ပျော်ရွှင်တယ်' လို့ ပြောလို့ မရဘူး... ဘာလို့လဲဆိုတော့ သူမ သူ့ကို အကြိမ်ပေါင်းများစွာ အရမ်း ဒေါသထွက်အောင် လုပ်ခဲ့လို့ပဲ။ အင်း၊ ဒါဆို ဒါကို ဘယ်လို အကျဉ်းချုပ်သင့်သလဲ။
အာ... 'သူမက သူ့ကို အမြဲတမ်း ပြန်လည် နိုးကြွစေတယ်' လို့ ပြောသင့်တယ်။
ဒီတစ်ကြိမ်မှာလည်း သူမ သူ့ကို ပြန်လည် နိုးကြွစေခဲ့တယ်
ဒါကြောင့် သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဆဲလ်ဖုန်းကတ် လျှောက်လွှာ ကူညီပေးမယ်၊ ပြီးရင် သူမကို အိမ်ပြန်ပို့မယ်၊ အဲဒီနောက် သူတို့နှစ်ယောက် ခပ်ဝေးဝေးနေကြမယ်ဆိုတဲ့ အတွေးက သူ့စိတ်ထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက မြည်းတစ်ကောင် ဝင်ခေါက်သွားသလို မိုက်မဲစွာ ပြုမူလာပြီး သူမကို စိန်ခေါ်လှုံ့ဆော်ခဲ့သည်။ (脑袋被驴踢)
သူ မလုပ်သင့်ပေမဲ့ သူ လုပ်လိုက်တယ်။
သူမ၏ ကတ်လျှောက်လွှာအတွက် ပိုက်ဆံကို သူ ရှင်းပေးလိုက်ပြီဖြစ်ကြောင်း၊ သူက သူမ၏ အကြွေးရှင်ဖြစ်ကြောင်း တမင်တကာ ပြောခဲ့လိုက်သည်။ ဒါကြောင့် သူမ သူ့ကို ညစာကျွေးရမယ်။
ဒီလိုမျိုး အတင်းအကြပ် ဖြစ်လာတဲ့ အကြွေးကို လက်ခံရရှိသူ ပုံမှန်လူတိုင်းက သူ့ကို ဘေးဖယ်ထားပြီး ဝေးကွာသွားလိမ့်မယ်ဆိုတာ အားလုံးသိထားကြသည်။
ဒါပေမဲ့ ချန်းရော့ယွီက မလုပ်ခဲ့ပေ။ သူမ အံ့အားသင့်သွားတယ်၊ ထိတ်လန့်သွားတယ်၊ ပြီးတော့ အပြစ်ရှိသလို ခံစားခဲ့ရသည်။
မုန့်ကု အကြောင်းရင်းကို သိ၏။.. ဘာလို့လဲဆိုတော့ သူမ သူ့ကို ကြိုက်နေလို့ပဲ။ ဒါကြောင့် သူမက ဒီလိုမျိုး တုံ့ပြန်ခဲ့တာ ဖြစ်ပြီး သူမ ဒီလို တုံ့ပြန်လေလေ၊ သူ သူမကို ပိုပြီး အနိုင်ကျင့်ချင်စိတ် မထိန်းနိုင်ဖြစ်လေလေ ဖြစ်သည်။
သူမက နောက်တစ်ရက် လုပ်မယ်ဆိုပြီး သူ့ကို စျေးဆစ်ခဲ့သည်။ သေချာတာပေါ့၊ သူ သဘောမတူခဲ့ပေ။
သူ အပြစ်ရှိစိတ်တောင် ဖြစ်မိ
သေးတယ်။ နတ်ဆိုးဆန်တဲ့ နည်းလမ်းများကို အသုံးပြုပြီး နောက်တစ်နေ့မှာ သူမကို ညစာ အတူစားဖို့ ခေါ်ထုတ်ရာ၌ သူ အောင်မြင်ခဲ့သော်လည်း သူ နောင်တအချို့ ရခဲ့သည်။
သူ တကယ်တမ်း ဘာတွေ လုပ်နေတာလဲ။
သူက မိန်းကလေးများကို ပျော်ရွှင်ဖို့အတွက် စနောက်ရမည့် အသက်အရွယ်ကို ကျော်လွန်ခဲ့ပြီ။
ရင်းဇယ်နဲ့အတူတူ သူတို့က မိန်းကလေးတွေရဲ့ စကတ်များကို မ,ခဲ့ဖူးတယ်၊ မိန်းကလေးတွေရဲ့ ဖိနပ်များကို နင်းခဲ့ဖူးတယ်၊ မိန်းကလေးတွေ ပိုင်ဆိုင်တဲ့ စက်ဘီးတာယာများကို လေလျှော့ခဲ့ဖူးတယ်၊ ဒါတွေက မိန်းကလေးတွေကို အော်ဟစ်စေ၊ ရိုက်နှက်စေပြီး သူတို့နောက်ကို လိုက်စေခဲ့တယ်။
အဲ့ဒီနောက် လဲ့ဖုန်းက စိတ်ဓာတ်ယိုယွင်းပြီး ဒီလို မိုက်မဲတဲ့ အပြုအမူတွေ ရှိတယ်ဆိုပြီး သူတို့ကို ရှုတ်ချခဲ့သည်။ ထို လူငယ်ဘဝနေ့ရက်များ ထာဝရ ကုန်ဆုံးသွားခဲ့ပြီ။
သူက အခုဆိုရင် အသက်မွေးဝမ်းကြောင်း အလုပ်ရှိတဲ့ ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် ယောက်ျားတစ်ဦး ဖြစ်သည်။ သူ့အသက်အရွယ်မှာ ယောက်ျားတွေ အများစုက သားသမီးတွေတောင် ရှိနေပြီ၊ ဒီလို အချိန်ဖြုန်းတဲ့ ဂိမ်းကို သူ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက စွန့်လွှတ်ခဲ့တာ မဟုတ်ဘူးလား။
သူ တကယ်တမ်း ဘာတွေ လုပ်နေတာလဲ။
သူက သင့်လျော်တဲ့ လက်တွဲဖော်ကို ရှာဖွေဖို့၊ ချစ်သူရဖို့၊ လက်ထပ်ဖို့နှင့် သားသမီးရဖို့ လိုအပ်တယ်။ ဒါပေမဲ့ ချန်းရော့ယွီက သင့်လျော်တဲ့ လက်တွဲဖော် မဟုတ်ပေ။ စားပွဲမှာ သူတို့ ဘာတွေ စကားပြောနိုင်မလဲဆိုတာကိုတောင် သူ စိတ်ကူးမယဉ်နိုင်ပေ။ သူမက သူ့ကို စိတ်မဝင်စားဘူးလို့ ထင်မှာလား။ သူမ ပျင်းစရာကောင်းမယ်လို့လည်း သူ ခံစားရတယ်။
မုန့်ကုသည် သူ့အတွေးများနှင့် ရုန်းကန်နေခဲ့သည်။ သူ့စိတ်ထဲမှာ သူ ကိုယ့်ကိုကိုယ် ဒါ နောက်ဆုံးအကြိမ်ပဲလို့ ပြောခဲ့သည်။ ဒီညစာစားပြီးတဲ့နောက် သူတို့ကြားက အကွာအဝေးကို ထိန်းသိမ်းတော့မယ်
သို့သော် အစီအစဉ်များသည် အမြဲတမ်း ဘေးကင်းပြီး လှပသည်၊ ပြောင်းလဲမှုများသည် အမြဲတမ်း ထိန်းချုပ်မရနိုင်ပေ။ နောက်ဆုံးတွင် အရာအားလုံး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည်။
နောက်တစ်နေ့ ညစာစားချိန် နီးလာသောအခါ မုန့်ကုသည် ခွဲစိတ်ခန်းထဲတွင် ရောက်နေပြီး ထွက်သွားလို့ မရခဲ့ပေ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အခြေအနေက အရမ်းဆိုးရွားကာ လူများစွာ ဒဏ်ရာရခဲ့သည်။ ဆရာဝန်များစွာကို ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် ခေါ်ခဲ့ပြီး မုန့်ကုလည်း သူတို့ထဲမှ တစ်ဦးဖြစ်သည်။
သူ့မှာ ရွေးချယ်စရာမရှိဘဲ သူနာပြုတစ်ဦးကို ဖုန်းဆက်ပြီး သူ့လူနာဆောင်မှ ချန်းရော့ယွီကို သိတဲ့ သူနာပြုထန်ကို ခေါ်ခိုင်းလိုက်သည်။ သူမက အဲ့ဒီနေ့တုန်းက တာဝန်ကျနေပြီး သူမ၏ အကူအညီကို တောင်းခံဖို့က အဆင်ပြေဆုံး ဖြစ်သည်။ သူက ချန်းရော့ယွီဆီကနေ ဖုန်းခေါ်ဆိုမှု ရှိမရှိ စစ်ဆေးပေးဖို့ သူမကို တောင်းဆိုခဲ့သည်။ ရှိခဲ့ပါက သူ အလုပ်များနေကြောင်းနှင့် ညစာ အတူမစားနိုင်ကြောင်း သူမကို ပြောပြရန် မှာကြားခဲ့သည်။
သူ အလုပ်များပြီး ညသန်းခေါင်အထိ လုပ်ခဲ့ရသည်။ သူ့ရဲ့ ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ ရုံးခန်းသို့ ပြန်လာပြီး မျက်လုံးများမှိတ်ကာ စိတ်ကို အပန်းဖြေလိုက်ပြီးမှ သူ့အစားအစာကို ရှာဖွေလိုက်သည်။ စားပွဲပေါ်က နေ့လယ်စာဘူးက အေးစက်နေပြီဖြစ်ပြီး ဗိုက်မဆာဘူးလို့ ခံစားရပေမဲ့ သူ တစ်ခုခု စားဖို့ လိုအပ်တယ်ဆိုတာ သူ သိသည်။ဒီလို ကိစ္စမျိုးက အသက်အရွယ်တစ်ခု ရောက်လာရင် လက်ထပ်ရမယ့် ကိစ္စမျိုးလိုပဲ။
ဒီအကြောင်းကို တွေးလိုက်တဲ့အခါ သူ ချန်းရော့ယွီကို သတိရသွားသည်။ သူ ချိန်းဆိုမှုကို လွဲချော်သွားတဲ့အခါ သူမ ဘယ်လို တုံ့ပြန်မလဲဟု သူ တွေးလိုက်မိသည်။ သူ သက်သာရာရသလို သူမလည်း သက်သာရာ ရသင့်တယ်။
သူမကို စိန်ခေါ်လှုံ့ဆော်ချင်စိတ်မျိုး သူ မရှိသင့်ပေ။ သူမက ကောင်းမွန်တဲ့ မိန်းကလေးဖြစ်ပြီး သူက မိန်းမလိုက်စားသူ မဟုတ်ပေ။ ဒါကြောင့် ဖြစ်နိုင်တာက ဒီအရာဟာ သူ့ကို ဘဝက ပေးတဲ့ သတိပေးချက် ဖြစ်ပြီး ဒီလိုကိစ္စမျိုး မသင့်တော်ကြောင်း သတိပေးခြင်း ဖြစ်သည်။
မုန့်ကုသည် မိုက်ခရိုဝေ့ဖ်မီးဖိုထဲတွင် သူ၏ ထမင်းကို အပူပေးလိုက်သည်။ စားနေရင်း သူတို့ အစတုန်းက လုပ်ခဲ့သလိုပဲ အကွာအဝေးကို ထိန်းသိမ်းထားသင့်သည်ဟု တွေးနေသည်။
သူ အစာစားပြီးတဲ့နောက် သူ ထွက်ခွာတော့မည်ဖြစ်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက်များကို အသိပေးပြီး အိမ်ပြန်ခဲ့လိုက်သည်။
မနက်ဖြန်က သူ့ရဲ့ နားရက်ဖြစ်ပြီး သူ ကောင်းကောင်း အနားယူနိုင်မယ်။ မနက်ဖြန် ဘာလုပ်သင့်လဲဆိုတာ သူ စဉ်းစားနေပြီး ဖြစ်ကောင်းဖြစ်နိုင်တာက သူ သူ့မိဘတွေနဲ့ ညစာစားဖို့ အိမ်ပြန်သင့်သည်။ သူ့မိဘတွေက ဘလိုင်းဒိတ်တွေ့တဲ့ပွဲတွေနဲ့ သူ့ကို မိတ်ဆက်ပေးချင်တဲ့ မိန်းကလေးတွေအကြောင်း ပြောဖို့ အခွင့်အရေးကို သေချာပေါက် ယူလိမ့်မယ်ဆိုတာ သူ သိပေမဲ့ ကိစ္စမရှိဘူး၊ သူတို့ကို ပြောပါစေ။ ဖြစ်နိုင်တာကတော့သူ ဘလိုင်းဒိတ်သွားတွေ့ပြီး မိန်းကလေးတွေနဲ့ တွေ့ဖို့ အချိန်တန်ပြီ။
သူ မကြာသေးမီက အပြုအမူဟာ စိတ်ဗလာဖြစ်နေမှုနှင့် အထီးကျန်မှု၏ ရလဒ်ဖြစ်တာ ထင်ရှားသည်။ ယောက်ျားများ၏ စိတ်ဓာတ် ဗလာကျင်းသည့် ပြတင်းပေါက်ဟာ အရမ်း မရှည်သင့်ပေ၊ မဟုတ်ရင် ယောက်ျားများက စိတ်ဓာတ် နိမ့်ကျသူများ ဖြစ်လာလိမ့်မယ်။
အခု သူ ဖြစ်နေသလိုမျိုးပေါ့။
မကြာမီ မန်ကု အိမ်ပြန်ရောက်ခဲ့သည်။ သူ ဘလိုင်းဒိတ်သွားတွေ့ပြီး မိန်းကလေးတစ်ဦးနဲ့ တွေ့တာ ကောင်းမလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေ စုဝေးရာကို သွားပြီး မိန်းကလေးတွေနဲ့ တွေ့တာ ပိုကောင်းမလားလို့ သူ တွေးနေ၏။ သူ တွေးနေရင်း အဝတ်လဲပြီး အိပ်ချင်တာကြောင့် အိတ်ကပ်ထဲက ပစ္စည်းတွေကို ထုတ်နေရင်း သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။
ရုတ်တရက် ချန်းရော့ယွီ သူ့ကို ဘယ်အချိန် ဖုန်းခေါ်ခဲ့လဲဆိုတာ သိချင်စိတ် ဖြစ်လာ၏။ သူ သူမရဲ့ အချိန်များစွာကို ယူလိုက်မိပြီလား။
သူ ဖုန်းဖွင့်လိုက်တဲ့အခါ ကြောင်သွားသည်။
~ကျွန်မရဲ့အချစ်လေးရေ......ရှင့်အလုပ်ကို ဆက်လုပ်ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်နော်။လှပသိမ်မွေ့တဲ့ သူနာပြုထန်က ကျွန်မဆီကို ရှင်ပြောခိုင်းတာ ပြောပြီးသွားပြီ။ရှင် ဘာလို့ သူ(မ)ကို ဒုက္ခပေးရတာလဲနော်။ရှင် သူ(မ)ကို သေချာကျေးဇူးတင်ရမယ်နော်။ညစာအတွက် ပန်းခြံစားသောက်ဆိုင်ကိုတော့ ကျွန်မဘာသာပဲ သွားလိုက်ပါ့မယ်။ဗိုက်အဆာမခံနဲ့နော်။ကျွန်မကိုလည်း အများကြီး တွေးမနေနဲ့ဦး~
ဒီလို နူးညံ့ပျော့ပျောင်းတဲ့ စကားလုံးတွေကြောင့် သူ့အရေပြားပေါ်မှာ ချက်ချင်း ကြက်သီးမွှေးညင်းများ ထလာ၏။ ဒီမိန်းမ ရူးနေပြန်ပြီလား။
ဒီတစ်ကြိမ် ဘာဖြစ်တာလဲ။ ဘာက သူမကို စိတ်ဆိုးစေပြီး သူမရဲ့ စိတ်ရောဂါကို လှုံ့ဆော်ခဲ့တာလဲ?
သူ အောက်ကို ဆွဲချကြည့်လိုက်တဲ့အခါ အဲဒီစာထက် စောပြီး ပို့ထားတဲ့ မက်ဆေ့ခ်ျတစ်စောင် ထပ်ရှိနေသည်။
~ဒေါက်တာမုန့် ကျွန်မရောက်နေပြီနော်။ရှင်နဲ့ ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ ညစာလေးစားဖို့အတွက် ငှက်သံလေးတွေ၊ပန်းနံ့မွှေးမွှေးလေးတွေရှိတဲ့ ပန်းခြံပုံစံစားသောက်ဆိုင်ဆီ ခေါ်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ။မြန်မြန် ဆင်းလာခဲ့နော်။ကျွန်မ ပန်းခြံအဆောက်အဦးထဲမှာ စောင့်နေတယ်~
~ကျွန်မတို့ မတွေ့ဘူးဆိုရင် ကျွန်မ ထွက်မသွားဘူးနော်!!!!!~
ငှက်သံတွေနဲ့ ပန်းရနံ့မွှေးကြိုင်ပြီး လှပတဲ့ ရှုခင်းတွေနဲ့ ရိုမန်တစ်ဆန်တဲ့ ပန်းခြံပုံစံ စားသောက်ဆိုင်...
သူ ကြောင်နေပြီး မက်ဆေ့ခ်ျကို စိုက်ကြည့်နေမိသည်။
သူ ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ တုံ့ပြန်လိုက်သည်။ ပထမတော့ သူ စိတ်လှုပ်ရှားသွားပြီး နောက်တော့ ဒေါသထွက်သွားသည်။
အရမ်းကောင်းတယ်၊ အရမ်းကို ကောင်းတယ်။
သူ သူ့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို ပြန်စဉ်းစားပြီး၊ သူမကို ကောင်းမွန်တဲ့ မိန်းကလေးအဖြစ် ချီးမွမ်းပြီး၊ သူမကို မစိန်ခေါ်ဖို့ သူ့ကိုယ်သူ ပြောနေတဲ့အချိန်မှာ... သူမက သူ့အပေါ် အနိုင်ယူပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ!
ဒါ ဘာလဲ။
ဒါ တမင်တကာ စိန်ခေါ်ခြင်းပဲ!
သူမက သူ့ကို အရမ်းကြီး မတွေးပါနဲ့လို့တောင် ပြောသေးတယ်!
သူ ဘယ်လို မလုပ်နိုင်ရမှာလဲ။ သူ ဒေါသတကြီးနဲ့ ရူးမတတ် ဖြစ်နေပြီး သူမင သူ့စိတ်ထဲမှာ ပြည့်နေတယ်!
ဖြစ်နိုင်တာ သူက ရင်းနှီးဖို့ ကောင်းတဲ့သူ မဟုတ်ဘူး၊ ဖြစ်နိုင်တာ သူ့စကားများက မနှစ်မြို့ဖွယ်ရာ ဖြစ်တယ်၊ ဖြစ်နိုင်တာ သူက ကြင်နာပြီး လက်တွေ့ကျပေမယ့် နည်းနည်းတော့ ချဉ်းကပ်ဖို့ ခက်ခဲသူ ဖြစ်တယ်။ အတိုချုပ်အားဖြင့် သူက အမျိုးသမီးများကို လိုက်ဖူးတယ်၊ အမျိုးသမီးများ၏ လိုက်ခြင်းကိုလည်း ခံခဲ့ရဖူးတယ်၊ ဒါပေမဲ့ သူ့ကို အမျိုးသမီးတစ်ဦးက စနောက်ခြင်းကိုတော့ လုံးဝ မခံခဲ့ရဖူးပေ!
သူမ... တကယ်ပဲ သူ့ကို စနောက်ရဲတယ်!
ယောက်ျားတွေမှာ နိမ့်ကျတဲ့ စိတ်ခံစားချက် ရှိသည်။ အချို့ကိစ္စများအတွက် သူတို့ ကိုယ်တိုင် လုပ်နိုင်ရင် တခြားသူ လုပ်ခွင့်ပြုဖို့ ပျော်ရွှင်မှာ မဟုတ်ပေ။
သူလည်း အတူတူပဲ! သူလည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ လုံးဝ ရည်ရွယ်ခြင်း မရှိပေ။
သူ သူမနဲ့ ခပ်ဝေးဝေး နေချင်ခဲ့သော်လည်း သူမလည်း သူ့ဆီကနေ ဝေးဝေးနေချင်မှန်း သူ သိလိုက်တဲ့အခါ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။
သူမက သူ့ကမ္ဘာနဲ့ မတူဘူးလို့ သူ ခံစားခဲ့ရသော်လည်း သူမ ဒီလိုမျိုး အကြံဉာဏ်တွေ ရှိကြောင်း သူ့ကို ရှင်းရှင်းလင်းလင်း ပြသတဲ့အခါ သူ အနည်းငယ် စိတ်မချေမငံ ဖြစ်ခဲ့ရသည်။
သူက သူမကို လှောင်ပြောင်ခဲ့ပေမယ့် သူမ သူ့ကို စိန်ခေါ်လှုံ့ဆော်တဲ့အခါ သူ အရမ်း ဒေါသထွက်၏။
သူ မကောင်းတဲ့ စိတ်အခြေအနေမှာ ရှိနေတယ်။
ဒါပေမဲ့ ချန်းရော့ယွီရဲ့ အခြေအနေက ပိုပြီး ဆိုးရွားတယ်လို့ သူ တွေးလိုက်သည်။
ထင်ရှားတာက သူမက သူ့ကို ထပ်လိုက်ချင်စိတ် မရှိတော့ပေမဲ့ ဘာလို့ သူမ တမင်တကာ ဒီလို လုပ်ခဲ့ရတာလဲ။
သူမ သူ့ကို စိန်ခေါ်လှုံ့ဆော်နေတယ်၊
နှောင့်ယှက်နေတယ် စိန်ခေါ်နေတယ်...
ချန်းရော့ယွီ မင်း ဘာလိုချင်တာလဲ?
(T/N-မုန့်ကုဘက်မှရှုထောင့် version (1)ပြီးပါပြီ။နောက်ထပ်ကတော့ version (2)ပါ။အဲ့ဒီဗားရှင်းက တရားဝင်ပါတာမဟုတ်ဘဲ မူရင်းစာရေးသူက သပ်သပ်တင်ပေးခဲ့တာပါ)
Translator-JJ
ဒွိဟချစ်သံယောဇဉ်:
မုန့်ကုဘက်မှရှုထောင့်(၁)( 2nd version)
T/N-မူရင်းစာရေးသူသည် 1st person ရှုထောင့်ဖြင့် ရေးထားတာဖြစ်ပါတယ်။ဒီဗားရှင်းကတော့ ပိုပြီးတော့ အသေးစိတ်ကျကျ ဖတ်ရမှာပါ။စကားပြောပုံစံနဲ့ဖတ်ရမှာပါ။
တကယ်တော့ ငါ ချန်းရော့ယွီ နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တဲ့ မြင်ကွင်းကို လုံးဝ မမှတ်မိတော့ဘူး။
သူမအပေါ် ငါ့ရဲ့ ပထမဆုံးအမြင်က ဘယ်လိုလဲဆိုတာကိုလည်း သတိမရဘူး။
အဲ့ဒီတုန်းက သူမဝတ်ထားတဲ့ အဝတ်အစား၊ ဆံပင်ပုံစံ၊ ဒါမှမဟုတ် သူမရဲ့ မျက်နှာအမူအရာ ဒါမှမဟုတ် ပြောလိုက်တဲ့ စကားတစ်ခွန်းတစ်လေကိုတောင်မှ ငါ့မှာ အမှတ်အသား လုံးဝမရှိခဲ့ဘူး။
ငါ မှတ်မိတာကတော့ သူမဟာ ကောင်းယွီလန် နဲ့ နျှို့နျှို့တို့နဲ့အတူ ပါလာတယ်ဆိုတာပဲ။
နျှို့နျှို့ကတော့ တံခါးဝကနေ ဝင်လာတာနဲ့ ငါ့ဆီကို ပြေးလာခဲ့တယ်။ သူမက အရမ်းချစ်ဖို့ကောင်းတယ်၊ အရမ်းဆိုးပေမယ့် အံ့သြစရာကောင်းတဲ့ ကလေးလေးပဲ။ ဒီလိုသမီးလေးသာ ငါ့မှာ ရှိရင် အလုပ်ကို လုံးဝမသွားတော့ဘဲ တစ်နေကုန် သူမနဲ့ပဲ ကစားနေမှာ သေချာတယ်။
ကောင်းယွီလန်ရဲ့ ပုံစံကိုတော့ ငါ မှတ်မိသေးတယ်။ သူမက ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး၊ သပ်ရပ်တယ်၊ နူးညံ့သိမ်မွေ့ပြီး ချောမောလှပတယ်။ အရမ်းကြီး လှတယ်လို့တော့ ငါ မထင်ဘူး။ တကယ်တော့ ရင်းဇယ် သူမနဲ့ပတ်သက်ပြီး စွဲလမ်းနေအောင် လုပ်ခဲ့တာကလည်း သူမရဲ့ ရုပ်ရည်တော့ မဟုတ်လောက်ဘူး။
ကောင်းယွီလန်ကိုတော့ ငါ အထူးဂရုစိုက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ရင်းဇယ် ဒီသုံးနှစ်အတွင်း မေ့လို့မရနိုင်အောင် စွဲလမ်းခဲ့ရတဲ့ ဒီအမျိုးသမီးက ဘယ်လိုလူမျိုးလဲဆိုတာကို ငါ အရမ်းကို သိချင်နေခဲ့လို့ပဲ။
ကံကြမ္မာဆိုတာ တကယ်ကို ဆန်းကြယ်တဲ့အရာပဲ။ တကယ်ဆို မိန်းမတွေသာမက ယောကျာ်းတွေပါ ယုံကြည်ကြတာပဲ။ ဒီလိုမှမဟုတ်ရင် ရင်းဇယ်က ကောင်းယွီလန်ကို ဘယ်လိုများ ပြန်တွေ့နိုင်မှာလဲ။ မဟုတ်သေးဘူး၊ ကောင်းယွီလန်က နောက်ဆုံးတော့ သူ့ကို ကောက်ယူသွားတယ်လို့ ပြောရမှာပေါ့။
တကယ်တော့ ငါ့မှာလည်း မိန်းမတွေနဲ့ ဆက်နွယ်တဲ့ ကံကြမ္မာတွေ၊ အမ်း.. ဆက်နွယ်မှုတွေ၊ သံယောဇဉ်တွေ အများကြီးရှိခဲ့ပေမဲ့ ငါ ဒါကို မဂုဏ်ယူဘူး။ ကိုယ့်ဘက်က အခြေအနေတွေ အဆင်ပြေနေပြီလို့ ထင်ပြီး တစ်ခုခု စတင်ချင်ပေမဲ့၊ သူမကတော့ ကိုယ့်ကို နားမလည်တာမျိုး၊ ဒါကြောင့် သူမအပေါ် စိတ်ပျက်ပြီး သံသယဝင်သွားတာမျိုးတွေ ရှိလာတယ်။ ပြီးတော့မှ သူမကလည်း နှစ်ယောက်ကြားမှာ ကွာဟမှုတွေရှိတယ်၊ သူမထင်ထားသလို အဆင်မပြေဘူးဆိုတာ သိသွားတဲ့အခါ... ပစ်သွားတော့တာပဲ။ အမြဲတမ်း ဒီလိုပဲ ဖြစ်နေတော့ စိတ်ထဲမှာ နည်းနည်းတော့ ညီးညူးမိတယ်။
အရေးအကြီးဆုံးကတော့ သူတို့အပေါ်မှာ ငါ သိပ်ပြီး ခံစားမှုမရှိတာပဲ။ ငါ့မှာ ပြဿနာရှိတယ်၊ ခံစားချက်တွေအပေါ် သံသယရှိတဲ့စိတ်နဲ့ မျှော်လင့်ချက်ကြီးတဲ့ သဘောထားရှိနေတယ်ဆိုတာကို ငါ သိတယ်။ ရိုးရိုးသားသား ပြောရရင်တော့ ငါက အရင်ကလို မရိုးအတော့ဘူးလေ။ အချစ်ဆိုတာ အခြေအနေတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပြီး ထာဝရတည်မြဲနိုင်တယ်လို့ ထင်နေတာလား။ အဲ့ဒါ လုံးဝအဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ!
ခံစားချက်ဆိုတာ အခြေအနေတွေရဲ့ လွှမ်းမိုးမှုကို ကျော်လွှားနိုင်ပေမဲ့၊ အဲ့ဒီခံစားချက်တွေကို ဖျက်ဆီးပစ်မယ့် လုပ်ကြံသူလည်း ဖြစ်လာနိုင်တယ်။
ငါ မသံသယဖြစ်ဘူး၊ ငါ မမှားဘူး၊ ခံစားချက်တွေကို ဖျက်ဆီးတာဟာ ခံစားချက်ကိုယ်တိုင်ပဲ ဖြစ်တယ်။ ခံစားချက်တွေက အမျိုးမျိုးရှိနေတာပဲ။
ချစ်ခြင်းမေတ္တာဟာ တခြားခံစားချက်တွေကို မယှဉ်နိုင်တာဟာလည်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ အချစ်ရေးကတော့ ပျက်စီးသွားခဲ့ပြီ။
အရှုံးသမားတစ်ယောက်အနေနဲ့၊ အသက်သုံးဆယ်ထဲကို ရောက်လာတဲ့ ယောက်ျားတစ်ယောက်အနေနဲ့၊ ဒါ့အပြင် ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်တဲ့လူတစ်ယောက်အနေနဲ့... တကယ်တော့ ငါလည်း တစ်နေ့နေ့တော့ အိမ်ထောင် တည်ထောင်ပြီး အခြေချရဦးမှာပဲ။
ငါ အလျင်မလိုပါဘူး၊ ဒါပေမဲ့ လွန်လွန်ကဲကဲ သောင်းကျန်းချင်တဲ့စိတ်လည်း မရှိတော့ဘူး။ တကယ်တော့ ငါ့ရဲ့ လက်တွဲဖော်အတွက် လိုအပ်ချက်က သိပ်မများပါဘူး၊ တကယ်ကို မများဘူး။ ငါ မျှော်လင့်တာတစ်ခုပဲ ရှိတယ်—သူမက ငါ့ကို စိတ်လှုပ်ရှားစေနိုင်ရမယ်။
ချန်းရော့ယွီဆိုတဲ့ နာမည်ကို ငါ နောက်တစ်ကြိမ် ကြားလိုက်ရပြန်တယ်။ရင်းဇယ်က ငါ့ကို လက်တလောမှာ ရည်းစားရထားလားလို့ လာမေးတာကိုး။
ဒီကောင်က ရုတ်တရက်ကြီး ငါ့ရဲ့ အချစ်ရေးကို စိတ်ပူပေးတဲ့ အခြေအနေက တကယ်တော့ ထိတ်လန့်စရာကောင်းတယ်။ နောက်ဆုံးမှာတော့ သူကပြောတယ်။ ကောင်းယွီလန်ရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ ချန်းရော့ယွီက မေးချင်တာ၊ ဒီလူက ငါ့ကို စိတ်ဝင်စားနေတယ်တဲ့။
ချန်းရော့ယွီ? ငါ မသိစိတ်ကနေ သူမရဲ့ ရုပ်ရည်ကို ပြန်သတိရဖို့ ကြိုးစားပေမဲ့ ဘာမှကို မှတ်မိမလာဘူး။ နောက်ဆုံးတော့ ရင်းဇယ်က 'ကိုယ့်ကိုကိုယ် သိပ်မမြှောက်နဲ့ဦး' လို့ ပြောပြီး၊ သူမက လဲ့ဖုန်း နဲ့ ငါ့ရဲ့ အခြေအနေကို စုံစမ်းချင်တာဖြစ်ကြောင်း၊ ဒါပေမဲ့ လဲ့ဖုန်းက အပြင်ပန်း အေးစက်ပေမဲ့ အတွင်းစိတ် နက်ရှိုင်းပြီး ချစ်တတ်သူဖြစ်ကာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကတည်းက ပိုင်ရှင်ရှိနေပြီဖြစ်ကြောင်း ပြောပြတယ်။ ဒါကြောင့် ငါတစ်ယောက်ပဲ ကျန်တော့တာတဲ့။
အော်၊ ဒါဆို ငါက သူများမလိုချင်တဲ့ ကျန်ရစ်သူ၊ သူ့အတွက် လွယ်လွယ်ကူကူ အဆင်ပြေတဲ့သူ ဖြစ်သွားတာပေါ့လေ?
ငါ နောက်ပြောင်လိုက်တယ်။ ရင်းဇယ်က ရယ်ပြီး သူ့မေးစေ့ကို ကိုင်ကာ ငါ့ပခုံးကို ပုတ်ပြီး သတိပေးတယ်။ သူမကို နည်းနည်း ယဉ်ကျေးဖို့၊ ဘာပဲဖြစ်ဖြစ် သူမက သူ့မိသားစုရဲ့ ကောင်းယွီလန်ရဲ့ အပေါင်းအဖော်၊ ရင်းနှီးတဲ့သူငယ်ချင်းပဲတဲ့။
ဒီကောင်က ရှက်ရကောင်းမှန်းမသိဘူး။ ကောင်းယွီလန်က ငါနဲ့ ငါ့ဇနီးရဲ့ ဆက်ဆံရေးကို ဆုံးဖြတ်ပေးမှာတဲ့လား? သူလည်း ရှက်သင့်တယ်။
အားလုံးခြုံပြောရရင်၊ ဒီတစ်ကြိမ်မှာတော့ ချန်းရော့ယွီဆိုတဲ့ နာမည်ကို ငါ မှတ်မိသွားခဲ့ပြီ။
ဒါပေမဲ့ နာမည်ဆိုတာ နာမည်သက်သက်ပဲ။ သူမရဲ့ ရုပ်ရည်ကို ငါ့စိတ်ထဲမှာ မြင်ယောင်လို့မရသလို၊ သိချင်စိတ်လည်း မရှိဘူး။ အဲ့ဒီအချိန်တုန်းက ငါ့အတွက် ချန်းရော့ယွီဟာ တခြားသူတွေလိုပဲ ငါ့ရဲ့ ရုပ်ရည်က ကောင်းမွန်တယ်၊ အလုပ်အကိုင်က ကောင်းတယ်၊ မိသားစုကလည်း ချမ်းသာကြွယ်ဝတယ်လို့ ထင်မြင်တဲ့ မိန်းမတစ်ယောက်ပဲ။ ဒါကြောင့် တခြားမိန်းမတွေလိုပဲ ဒီအခြေအနေတွေကြောင့် ငါ့ကို လိုက်နေတာလို့ပဲ ငါ ယူဆလိုက်တယ်။
အခြေအနေတော်တော်လေး ကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်က တစ်ကိုယ်တည်း မိန်းကလေးတစ်ယောက်အတွက် ပစ်မှတ်ကောင်း ဖြစ်တယ်လို့ ခံစားရမှာပဲ၊ ပြီးတော့ ပစ်မှတ်ကောင်းကိုလည်း အမြန်လိုက်ကြမှာပဲ။ ဒါဟာ နားလည်နိုင်တဲ့ ကိစ္စဖြစ်ပြီး မှားတာလည်း မဟုတ်ပေ။ ဒါပေမဲ့ ဆက်ဆံရေး စတင်ပြီးတဲ့ နောက်ပိုင်းမှာရော ဘယ်လိုဆက်ဖြစ်မှာလဲ?
ကောင်းပြီ ငါ့ရဲ့ သံသယစိတ်က ပြန်ပေါ်လာပြန်တယ်။ အချစ်ရေး အတွေ့အကြုံသုံးကြိမ်ကနေ သင်ယူခဲ့ရတာက အခြေအနေတွေ ကောင်းနေရုံနဲ့တော့ ဒီလောက်ပါပဲလို့ ငါ ခံစားရတယ်။ ပထမဆုံး အထင်အမြင်ကောင်းတစ်ခုက ပချစ်မီးကို စတင် လောင်ကျွမ်းစေနိုင်တာတော့ ကောင်းပေမဲ့ ဒီလိုမျိုး အပြင်ပန်း အခြေအနေတွေကို နှစ်သက်တာက ရေရှည် တန်ဖိုးထားမှုနဲ့ ယှဉ်လို့မရဘူးလို့ ငါ ထင်တယ်။ ရင်းနှီးမှုကနေ ချစ်ခင်စုံမက်မှု ဖြစ်လာတာ၊ နက်နက်နဲနဲ နားလည်မှုတွေ တိုးပွားလာတာကြောင့် ရရှိတဲ့ လုံခြုံမှုမျိုးနဲ့ ယှဉ်လို့မရဘူး မဟုတ်ဘူးလား။
ရင်းဇယ်က တစ်ချိန်တုန်းက ငါ့ကို ဝေဖန်ဖူးတယ်။ ငါ့ရဲ့ အယူအဆက မှားယွင်းနေတယ်တဲ့။ သူပြောတာကတော့ ပထမဆုံး အထင်အမြင်ကောင်းက အရမ်းအရေးကြီးတယ်။ ပထမဆုံး အထင်အမြင်ကောင်း မရှိရင် ဘယ်သူက ကိုယ့်ဆီကို အချိန်ပေးပြီး အနီးကပ် လာချင်မှာလဲတဲ့။ ဒီဘက်ခေတ်လူတွေအတွက် အချိန်ဆိုတာ တန်ဖိုးရှိတယ်။ ဒါကြောင့် အခြေအနေတွေ သင့်လျော်ရင် ချိန်းတွေ့ခြင်းကို ပထမအဆင့်လို့ပဲ သဘောထား၊ ရေရှည်အထိ တွေးမနေနဲ့။ သဘာဝအတိုင်းပဲ နောက်ထပ်အဆင့်ကတော့ ကံကောင်းခြင်း အပေါ်မှာပဲ မူတည်ပြီး အခြေအနေတွေနဲ့ မဆိုင်တော့ဘူးတဲ့။
ကံကောင်းခြင်းကို ကြည့်ရမယ်တဲ့လား။ ဒါဆိုရင်တော့ ငါက ကံကောင်းခြင်း မရှိတဲ့သူတစ်ယောက် ဖြစ်မှာ သေချာတယ်။
သူ့စကားတွေမှာ အမှန်တရားရှိတယ်ဆိုတာကို ငါ မငြင်းပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ စကားတွေမှာလည်း အမှန်တရားရှိတယ်လို့ ငါခံစားရတယ်။ ပထမဆုံး အထင်အမြင်ကနေ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို မျက်စိစုံမှိတ် ယုံကြည်တာဟာလည်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရာ ရောက်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင် ဒီအတွေ့အကြုံရှိခဲ့ပြီးပြီ။ ငါက အခြေအနေတွေကို အာရုံစိုက်ခဲ့တဲ့ သားကောင် ဖြစ်ခဲ့ရလို့ပဲ။
ငါ့ရဲ့ အချစ်ဦးက တက္ကသိုလ်တုန်းကဖြစ်တယ်။ သူမနာမည်က ချီယောင်။ သူမဟာ အရမ်းလှပပြီး စိတ်နေစိတ်ထားကလည်း အရမ်းကောင်းမွန်တယ်။ သူမကို ပထမဆုံး မြင်ကတည်းကပဲ ငါ တစ်စုံတစ်ရာ စွဲလမ်းခဲ့ရတယ်။ ငါတို့နှစ်ယောက်မှာ ရိုးရှင်းပြီး နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးတယ်။ အဲ့ဒါက တကယ်ကို လှပခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ကို သူမ စွန့်ခွာသွားခဲ့တယ်။ အကြောင်းရင်းကတော့ ငါတို့ မိသားစုနှစ်ခုရဲ့ အခြေအနေတွေဟာ အရမ်းကို ကွာခြားလွန်းနေလို့ပဲ။
သူမအပေါ် မနာလိုတဲ့သူတွေ၊ သံသယရှိသူတွေ ပြောဆိုတဲ့ ကောလာဟလတွေကို သူမ နားထောင်လွန်းသွားတယ်။ သူမ ငါနဲ့ တွဲတာဟာ အပေါ်ကိုတက်ဖို့ ကြိုးစားတာလို့ ပြောကြတယ်။ ငါ့အပေါ် သူမရဲ့ ခံစားချက်တွေဟာ တကယ် ဟုတ်၊ မဟုတ် သံသယဝင်ကြတဲ့ လူတွေရဲ့ စကားတွေပေါ့။
ငါ နားမလည်နိုင်ခဲ့ဘူး။ ငါ သူမကို ပြောခဲ့တယ်—ငါ့ရဲ့ အခြေအနေတွေက သိပ်မကောင်းဘူး၊ သိပ်ချမ်းသာတာ ဒါမှမဟုတ် သြဇာအာဏာ ရှိတာမျိုး မဟုတ်ဘူးလို့။ သူမက လှောင်ရယ်လိုက်ပြီး မေးတယ်၊ "ဒုဌာနမှူးရဲ့ သားက သူ့ကိုယ်သူ သူဌေးသား မဟုတ်ကြောင်း ဟန်ဆောင်ချင်နေတာလား?" တဲ့။ ငါ ချက်ချင်းပဲ စိတ်အနှောင့်အယှက် အရမ်းဖြစ်သွားပြီး မကျေနပ်မှုကို ဖော်ပြချင်ပေမဲ့ ဘာပြောရမှန်းမသိဘဲ ထူးဆန်းစွာ စက်ဆုပ်ရွံရှာသလို ခံစားလိုက်ရတယ်။
ငါ နားမလည်သေးဘူး။ သူမ ငါ့ကို မချစ်ရင်တောင် ငါ့ကို ကြည့်ပြီး ဆုံးဖြတ်သင့်တာ မဟုတ်ဘူးလား? ဘာလို့ တခြားသူတွေရဲ့ အကဲဖြတ်မှုကို ဂရုစိုက်နေရတာလဲ။ ဒါပေမဲ့ ချီယောင်က ဒီလို မထင်ဘူး။ သူမက သူမမှာ ရှက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ခံစားရပြီး၊ ဒီလို ရှက်ရွံ့မှုဆိုတာ ငါတို့နှစ်ယောက်ရဲ့ အချစ်ရေးကြောင့် ဖြစ်လာတာလို့ မြင်တယ်။ ဒါကြောင့် သူမ ဒါတွေကို ပြောင်းလဲပစ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပြောင်းလဲဖို့ နည်းလမ်းကတော့ ငါ့ကို ထားခဲ့ပြီး သူမရဲ့ မာနကို ပြန်လည်ရယူဖို့ပဲ။ ငါ့ကို သူမရဲ့ စကားကို စောင့်နေဖို့ ပြောခဲ့တယ်။ ဒီတစ်ခါတော့ လှောင်ရယ်ဖို့ ငါ့အလှည့် ရောက်လာတယ်။
"ဘာကြောင့်လဲ?"
"ကျွန်မတို့ အချင်းချင်း ချစ်ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ပေါ့" လို့ သူမက ပြောတယ်။
ငါ ရယ်ဖို့တောင် မတတ်နိုင်တော့ဘူး။
ငါတို့ ထပ်ပြီး ကြီးကြီးမားမား ရန်ဖြစ်ခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ ငါက အချစ်ကြောင့် အရူးလုပ်ခံလိုက်ရတာပါပဲ။ ငါ ချီယောင်အကြောင်းကို လုံလောက်အောင် မသိခဲ့ဘူး။ မာနက ချစ်ခြင်းမေတ္တာထက် ပိုအရေးကြီးတယ်ဆိုတာကို မသိခဲ့ဘူး။ အခြေအနေတွေကို ချိန်ဆတာဟာ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ ပြင်ပလူတွေကြောင့်ပဲဖြစ်ဖြစ် ထင်မြင်ယူဆချက်တွေနဲ့ သံသယတွေကို ဖြစ်ပေါ်စေပြီး၊ နောက်ဆုံးရလဒ်ကတော့ နာကျင်မှုပဲ ဖြစ်တယ်။
ငါ ဘယ်လောက်တောင် နာကျင်ခဲ့ရတယ်ဆိုတာကို ဝန်ခံချင်စိတ် မရှိဘူး။ ငါ့မှာလည်း ငါ့မာနဆိုတာ ရှိတယ်လေ။
ငါ ကြိုးစားသင်ယူခဲ့တယ်၊ ကောင်းကောင်း လေ့လာခဲ့တယ်။ ငါ့အဖေရဲ့ ဆေးရုံထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ပြီး ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်လာခဲ့တယ်။ လူတိုင်း မျှော်လင့်ထားတဲ့အတိုင်း ငါ့ရဲ့ အနာဂတ်ဟာ တောက်ပနေခဲ့တယ်။
လူအများစုကတော့ ဒါဟာ ငါ့မှာ ဆေးရုံရဲ့ ဒုတိယဌာနမှူးဖြစ်တဲ့ ဖခင်ရှိနေလို့ပဲလို့ ထင်ခဲ့ကြတယ်။
"မင်းအမေဆီ သွားလိုက်စမ်း!"
ဘယ်လိုလဲ? ငါ့အကြောင်း ပြောနေကြတာကို ကြားလိုက်တဲ့သူတချို့ကို ဒီလိုပဲ ငါ မှတ်ချက်ပေးခဲ့တယ်။ သူတို့ရဲ့ မျက်နှာတွေက အရမ်းရုပ်ဆိုးသွားပြီး ထွက်ပြေးသွားကြတယ်။ စိတ်ထဲမှာတော့ 'ဒီလူကြီးမင်းရဲ့ မျက်နှာအမူအရာက သေချာပေါက် ပိုဆိုးသွားပြီ' လို့ တွေးမိတယ်။ အဲ့ဒီနောက်ပိုင်းမှာ လူအတော်များများက ငါ့ကို မြင်ရင် လမ်းလွှဲပြီး သွားကြတော့တာပဲ။
တချို့လူတွေက ငါ ချီယောင်နဲ့ လမ်းခွဲခဲ့တာကို လုံလောက်အောင် ကစားပြီး ပစ်လိုက်တဲ့ ယောက်ျားတစ်ယောက်လို့ ထင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ဘွဲ့ရပြီးရင် ငါ့မိသားစုက နယ်ကလာတဲ့ ငွေကြေးအခြေအနေ ခက်ခဲတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုများ လက်ခံနိုင်မှာလဲတဲ့။ ဒါကြောင့် ငါကပဲ သူမကို ပစ်ခဲ့တာ သေချာတယ်ပေါ့။ ငါ ရယ်မောရင်း နားထောင်ပြီး တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့တယ်။ ချီယောင်အတွက် စိတ်မကောင်းဖြစ်မိတယ်။ မာနက တခြားအရာအားလုံးထက် ပိုအရေးကြီးတဲ့ အဲ့ဒီအမျိုးသမီးက ဒီစကားတွေကို ကြားရရင် ပိုပြီး ဒေါသထွက်နေမှာ မဟုတ်ဘူးလား။ ငါ သူမကို ပြောချင်မိတယ်။
"မင်းရင်ထဲမှာ ခံရခက်နေလား? မင်းနဲ့ထိုက်တန်တယ်!"
ငါ စွမ်းအားတွေအားလုံးကို အလုပ်ထဲမှာပဲ အာရုံစိုက်လိုက်တော့ အရာရာ အဆင်ပြေလာတယ်။ ဒုတိယဌာနမှူးရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ မျက်နှာမပျက်စေခဲ့ဘူး။ အဖေ့ကိုလည်း မျက်နှာမငယ်စေခဲ့သလို ကိုယ့်ကိုယ်ကိုလည်း ရှက်စရာမဖြစ်စေခဲ့ဘူး။ အလုပ်က အရမ်းများပေမဲ့ ငါ့ခေါင်းထဲမှာ အမြဲတမ်း တွေးနေခဲ့တာက လက်တွဲဖော်တစ်ယောက်ကို အမြန်ဆုံး ရှာချင်တယ်ဆိုတာပဲ။ ချစ်ချင်တယ်၊ အိမ်ထောင်ပြုချင်တယ်၊ ကလေးတွေလည်း လိုချင်တယ်။
အချိန်အတော်ကြာပြီးမှ ငါ မလွှဲမရှောင်သာ ဝန်ခံရတာက အဲ့ဒီအချိန်တုန်းက ငါက ချီယောင်ကို တိတ်တဆိတ် ဒေါသတကြီး လက်တုံ့ပြန်နေခဲ့တာပဲ။
ငါ သူမကို ငါ အရမ်းပျော်ရွှင်နေမယ်ဆိုတာ သက်သေပြချင်ခဲ့တယ်။ သူမကို နောင်တရစေချင်ခဲ့တယ်။ သူမ ဝမ်းနည်းပြီး နာကျင်နေမယ်ဆိုရင် ငါကတော့ ဝမ်းသာပျော်ရွှင်နေမှာပဲ။
ဒါနဲ့ ငါ ဒုတိယမြောက် အချစ်ရေးကို စတင်ခဲ့တယ်။ သူမနာမည်က ဖန်လီရှင်း။ တက်ကြွပြီး ချစ်စရာကောင်းတယ်၊ ရုပ်ရည်ကလည်း လှပတယ်။ အရေးကြီးဆုံးကတော့ သူမရဲ့ မိသားစု အခြေအနေဟာ တော်တော်ကောင်းမွန်တယ်။ မိဘတွေရဲ့ အလုပ်အကိုင်နဲ့ အိမ်ထောင်အဆင့်အတန်းဟာ ငါ့ မိသားစုနဲ့ တော်တော်လေး ဆင်တူတယ်။ စကားပုံထဲမှာ ပြောသလိုပေါ့—ဒါကို အသင့်တော်ဆုံး လိုက်ဖက်မှု၊ လူမှုရေး အဆင့်အတန်းအရ နှစ်ဖက်မိသားစု မျှတမှု ရှိတယ်လို့ ခေါ်တာပဲ။
အခြေအနေတွေမှာ ကွာဟမှု မရှိဘူး။
ကောလာဟလတွေ ဝေဖန်စရာ ဘာမှ မရှိဘူး။ ဒီတစ်ခါတော့ ပြဿနာမရှိတော့ဘူးလို့ ငါ ထင်ခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ခဲ့ဘူး။
ငါတို့ စိတ်နေသဘောထားတွေ မတူညီခဲ့ဘူး။
ဘာကြီးလဲကွာ?! အခြေအနေတွေ အကုန်လုံး သင့်တော်နေခဲ့ပြီး၊ ငါတို့ နှစ်ယောက်လည်း အတူတူ အဆင်ပြေအောင် တကယ်ကို ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့တယ်။ ဘယ်မှာများ ပြဿနာရှိခဲ့တာလဲ။
လမ်းခွဲတဲ့နေ့မှာ ငါ တစ်ယောက်တည်း ဘားကို သွားပြီး သောက်ခဲ့တယ်။ အဲ့ဒီနောက်မှ ငါ တွေးမိတယ်—ချီယောင်သာ ဒီအကြောင်းကို မမျှော်လင့်ဘဲ သိသွားရင် သူမ သေချာပေါက် မာန်တက်နေမှာပဲ။ သူမမရှိရင် ငါ မနေနိုင်ဘူးလို့ ထင်နေမှာ။ သူမ ငါ့ဆီ ပြန်လာမယ်လို့ အမြဲ ခံစားနေရတယ်။ ပြီးတော့ သူမ ငါ့ဆီ ပြန်လာတဲ့အချိန်မှာ ငါက အိမ်ထောင်ကျပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားချင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ ငါ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ် သုံးသပ်ခဲ့တယ်။ ငါ့ရဲ့ စိတ်သဘောထားကြောင့် ဖြစ်နိုင်တယ်။ ချီယောင်ရဲ့ အရိပ်ကနေ လွတ်မြောက်ဖို့ ငါ အရမ်းကို စိတ်အားထက်သန်လွန်းနေခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ အရမ်းဂရုတစိုက်ရှိပြီး သတိကြီးနေခဲ့တယ်။ ချစ်မိဖို့ အလွန်အမင်း စိတ်အားထက်သန်နေပြီး ပြင်းပြတဲ့ ခံစားမှုမျိုးကို ပြန်လည်ရယူဖို့ စိုးရိမ်ပူပန်နေခဲ့တယ်။ စိုးရိမ်ပူပန်လေလေ၊ တစ်ခုခု လိုအပ်နေသလို ခံစားရလေပဲ။ ဒီလိုမျိုး ဆက်ဆံရေးထဲ ဝင်ရောက်ခဲ့တာ၊ ဘယ်လိုလုပ် အကျိုးကောင်းတွေ ထွက်ပေါ်လာနိုင်မှာလဲ။
ဒါကြောင့် ငါ အရမ်းပင်ပန်းနွမ်းနယ်ခဲ့ပြီး လီရှင်းကလည်း အရမ်း မကျေမနပ် ဖြစ်ခဲ့တယ်။ ငါက တစ်ဝက်တစ်ပျက် စိတ်မပါ့တပါ ဖြစ်နေတယ်၊ လုံလောက်တဲ့ စိတ်အားထက်သန်မှု မပြဘူးလို့ သူမ ထင်ခဲ့တယ်။ သူမရဲ့ တောင်းဆိုမှုတချို့ကို ငါ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး၊ ငါ့ရဲ့ လုပ်ရပ်တချို့ကိုလည်း သူမ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ ပြောရရင် ငါတို့ ရန်ဖြစ်တာ သိပ်မများခဲ့ဘူးယ အနည်းဆုံးတော့ ချီယောင်နဲ့ ရန်ဖြစ်ခဲ့ရသလောက် မများခဲ့ဘူး။ ဒါပေမဲ့ ရန်ဖြစ်တာ သိပ်မများခဲ့ရင်တောင် ဒီဆက်ဆံရေးက ခြောက်လပဲ ကြာခဲ့တယ်။
ငါ နောက်တစ်ကြိမ် အထားခံခဲ့ရပြန်တယ်။
ဒွိဟချစ်သံယောဇဉ်:
မုန့်ကုဘက်မှရှုထောင့် (၂)
(Second Version)
အဲ့ဒီနောက်ပိုင်းတော့ ငါ အတော်ကြာကြာ ဆက်ဆံရေးအသစ် မစတင်ဖြစ်တော့ဘူး။ "ကိုယ်နဲ့ မဆိုင်တာ သူများကိုလည်း မလုပ်နဲ့" ဆိုတဲ့ စကားကို ငါ တွေးနေမိတယ်။ ကိုယ် ကိုယ်တိုင်က သူများကို စိတ်ရင်းအမှန်နဲ့ မဆက်ဆံနိုင်ရင် တခြားသူတွေကိုလည်း ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပါလို့ ဘယ်လို တောင်းဆိုရဲမှာလဲ။ပြီးတော့ ခံစားချက်တွေဟာ စိတ်ရင်းအမှန် မပါရင် ငါ မလိုချင်တော့ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက ကစားနည်းတွေကို မကြိုက်တဲ့လူဖြစ်တယ်။
နောက်ပိုင်းတော့ မိန်းကလေးတစ်ယောက်က ငြါကို လိုက်(ပိုးပန်း)လာခဲ့တယ်။ သူမနာမည်က ယန်ချီ။ သူမက အရမ်းလှတယ်၊ ရွှင်လန်းတက်ကြွပြီး လိုက်(ပိုးပန်း)တဲ့နေရာမှာလည်း အရမ်းကို စိတ်အားထက်သန်တယ်။ ငါ့ရင်ထဲမှာလည်း တစ်စုံတစ်ရာ နိုးကြားလာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငါ တစ်ယောက်တည်း နေခဲ့တာ ကြာပြီလေ။ ဒါ့အပြင် အဲ့ဒီနှစ်တွေအတွင်းမှာ ငါ အသေအချာ ပြန်သုံးသပ်ခဲ့ပြီး၊ သေချာကျော်လွှားနိုင်ခဲ့ပြီလို့ ထင်တယ်။ ခံစားချက်အသစ်တွေကို ကြိုဆိုဖို့ ငါ အသင့်ဖြစ်နေလောက်ပြီ။
ပိုအရေးကြီးတာက ယန်ချီဟာ ငါ့အပေါ် အရမ်းကို လိုက်လျောညီထွေမှု ရှိတယ်။ သူမရဲ့ မိသားစု အခြေအနေတွေလည်း ကောင်းမွန်တယ်။ ဒါ ကောင်းတယ်။ ဒီတစ်ခါတော့ မိသားစု အခြေအနေချင်း တူတယ်၊ စိတ်နေစိတ်ထားချင်းလည်း အလွန်ကောင်းမွန်တဲ့ လိုက်ဖက်မှုပဲ။
ငါတို့ အဆင်ပြေပြေ သွားနိုင်မယ် မဟုတ်ဘူးလား။
ရလဒ်ကတော့ မဟုတ်ခဲ့ဘူး။
ဒီတစ်ခါတော့ လေးလပဲ ကြာခဲ့တယ်။
သူမ အစပိုင်းမှာ လိုက်(ပိုးပန်း)နေတုန်းက လိုက်လျောညီထွေမှုက ဆက်ဆံရေးထဲ ရောက်တဲ့အခါ သည်းခံခြင်းအဖြစ် ပြောင်းလဲသွားတယ်။ သူမရဲ့ နူးညံ့သိမ်မွေ့မှုက တစ်ခါတလေကျတော့ အားနည်းတာနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း မရှိတာလို ဖြစ်နေတယ်။ သူမက ငါ့ကို နေ့တိုင်း ဖြစ်ပျက်သမျှ အစီရင်ခံခိုင်းတယ်။ အသေးစိတ်အချက်အလက်တွေကို တိတိကျကျ သိချင်တယ်။ ငါ့ရဲ့ အာရုံစိုက်မှုကို အချိန်တိုင်း လိုချင်ခဲ့တယ်။ ဒါက ငါ့အတွက် မဖြစ်နိုင်ဘူး။ ငါ့ရဲ့ အလုပ်က ခွင့်မပြုသလို၊ ငါ့ရဲ့ ပင်ကို စိတ်နေသဘောထားကလည်း ခွင့်မပြုဘူး။
ဒါ့အပြင် ငါက ထိန်းချုပ်ရတာကို ကြိုက်တဲ့သူ။ တစ်ခါတလေ ယန်ချီမှာ ကိုယ်ပိုင်အယူအဆတွေ၊ မတူညီတဲ့ ထင်မြင်ချက်တွေ ရှိပေမဲ့ လိုက်လျောပေးဖို့အတွက် နောက်ဆုံးတော့ ငါ့ရဲ့ အကြံအတိုင်း လိုက်လုပ်တတ်တယ်။ ဒါပေမဲ့ သူမ စိတ်ထဲမှာတော့ မသက်မသာ ဖြစ်နေတယ်ဆိုတာကို ငါ မသိခဲ့ဘူး။
အဲ့ဒီနောက်မှာတော့ လိုအပ်တဲ့ "အာရုံစိုက်မှု" နဲ့ "အခြေခံ လေးစားမှု" ကို မရခဲ့တဲ့ ယန်ချီဟာ ငါ့အပေါ် စိတ်ပျက်လွန်းသွားခဲ့တယ်။ လေးလကြာတဲ့ ဆက်ဆံရေးအပြီးမှာ သူမရဲ့ သည်းခံနိုင်စွမ်းဟာ နောက်ဆုံးတော့ ကုန်ဆုံးသွားတယ်။ သူမက ငါ့ကို အပြစ်တွေ အများကြီးတင်ခဲ့ပြီး၊ ငါက သူမကို လုံးဝမချစ်ဘူးလို့ စွပ်စွဲခဲ့တယ်။ ဒါကြောင့် လမ်းခွဲသင့်ကြောင်း ပြောခဲ့တယ်။
ငါ နောက်ထပ်တစ်ကြိမ် စွန့်ပစ်ခံလိုက်ရပြန်တယ်။
ဒီတစ်ခါတော့ ငါ ကိုယ့်ကိုယ်ကို အလေးအနက် ပြန်လည် ဆင်ခြင်သုံးသပ်မိတယ်။
ဆက်ဆံရေးထဲ မဝင်တာက ပိုကောင်းတယ်လို့ ထင်မိတယ်။
အချစ်ရေးဆိုတာ ၁၀၀% မသေချာမချင်း အန္တရာယ်ရှိတဲ့ အရာတစ်ခုပဲ။ စတုတ္ထအကြိမ် စွန့်ပစ်ခံရတာက အရေးမကြီးပေမဲ့၊ ငါ့ကို ပစ်သွားတဲ့ မိန်းကလေးတွေတိုင်းက သူတို့ကိုယ်သူတို့ နစ်နာသူသားကောင်ပုံစံမျိုး ဖြစ်အောင် အရမ်းကို ရှိုက်ကြီးတငင် ငိုကြွေးကြတာကို မြင်ရတော့ ငါလည်း စိတ်မကောင်းဖြစ်ရတယ်။ ချီယောင်ကို ချန်ထားခဲ့ရင်တောင် လီရှင်းနဲ့ ယန်ချီတို့အပေါ် ငါ တကယ်ပဲ အပြစ်ရှိတယ်လို့ ခံစားရတယ်။
ငါ ကြိုးစားခဲ့ပေမဲ့ သူတို့ကို စိတ်ရင်းအမှန်နဲ့ အပြည့်အဝ မပေးနိုင်ခဲ့ဘူး။ ငါက အဲ့ဒါအတွက် ပေးဆပ်ခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊ ပြန်တွေးကြည့်တော့ လမ်းခွဲတဲ့အခါ ငါ သိပ်ပြီး ဝမ်းမနည်းခဲ့သလို သူတို့ ထွက်သွားပြီးတဲ့နောက်မှာလည်း သိပ်ပြီး မလွမ်းခဲ့မိဘူး။ ဒါကြောင့် ငါက ပေးဆပ်ရုံသက်သက်ပဲ ပေးဆပ်ခဲ့တယ်လို့ပဲ ရိုးရိုးရှင်းရှင်း တွေးလိုက်မိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအချိန်ကစပြီး ငါ တစ်ကိုယ်တည်းသမား ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ ငါ့ကို လိုက်နေတဲ့ မိန်းကလေးတွေတော့ အများကြီး ရှိနေတုန်းပဲ။ ငါ သတိထားပြီး ဘယ်သူ့ကိုမှ လက်မခံခဲ့ဘူး။ လဲ့ဖုန်းက ငါ့ကို တစ်ခါကိုက်ခံရဖူးလို့ နှစ်ခါကြောက်တယ်လို့ ပြောခဲ့ပေမဲ့ ငါကတော့ မဟုတ်ဘူးလို့ ထင်တယ်။ တကယ်တော့ ငါ ချီယောင်ကို လုံးဝဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ ငါ့ရဲ့ အချစ်ရေးသုံးခုကနေ အများကြီး သင်ယူခဲ့ရတယ်။ လူနှစ်ယောက် အတူတူ နေထိုင်တဲ့အခါ ပြဿနာတွေ ရှိလာနိုင်တယ်ဆိုတာကို ငါ သိတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေ ဘာတွေလဲဆိုတာကိုလည်း ငါ သိတယ်။ အမှားဟောင်းတွေကို ထပ်မလုပ်ချင်တာပဲ။ ဒီခံစားချက်ကို နားလည်ပေးနိုင်တဲ့သူနဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်။ ခံစားချက်တွေကို ရိုးသားစွာနဲ့ အလေးအနက်ထားချင်တာ ဒါပါပဲ။
ငါ တစ်ယောက်ယောက်နဲ့ တကယ်ပဲ ချစ်မိချင်တယ်။
အဲ့ဒီနေ့က ငါ အလုပ်ဆင်းတဲ့အချိန်မှာ ဆေးရုံဝင်ပေါက်မှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူမက ဆံပင်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ် ချောမောတဲ့ပုံစံရှိတယ်။ သူမက ငါ့ကို နှုတ်ဆက်ပေမယ့် သူမ ဘယ်သူလဲဆိုတာ ငါ မမှတ်မိဘူး။ ငါ ကုသပေးခဲ့ဖူးတဲ့ လူနာတစ်ယောက်လားမသိဘူး။ငါ ယဉ်ကျေးမှုအရ ပြန်နှုတ်ဆက်လိုက်ပေမယ့် သူမက အရမ်းထိတ်လန့်နေပုံရတယ်။
ငါ သူမကို ထပ်ကြည့်လိုက်ပေမဲ့ ဘာမှ မထင်တော့ဘဲ ထွက်သွားလိုက်တယ်။
အဲ့ဒီနောက်မှာတော့ ငါ အဲ့ဒီမိန်းကလေးကို လူနာဆောင်မှာ ထပ်တွေ့လိုက်ရတယ်။ အဲ့ဒီအချိန်တုန်းက ငါက ရုံးခန်းထဲမှာ လူနာတစ်ဦးနဲ့ ခွဲစိတ်မှုမပြုလုပ်ခင် အချက်အလက်ရှင်းလင်းပွဲ လုပ်နေခဲ့တာ။ သူတို့ကို လုပ်ငန်းစဉ် ရှင်းပြတာ၊ မေးခွန်းတွေကို ဖြေပေးတာ၊ လူနာနဲ့ မိသားစု လက်မှတ်ထိုးခိုင်းတာတွေ လုပ်ပြီးတော့မှ ငါ မော့ကြည့်လိုက်တော့ သူမ တံခါးနားမှာ ချောင်းနေတာကို မြင်လိုက်ရတယ်။ ဆေးရုံဝင်ပေါက်မှာ တွေ့ခဲ့ဖူးတဲ့သူဆိုတာကို ငါ မှတ်မိလိုက်တယ်။ သူမက လူနာရဲ့ မိသားစုဝင် ဖြစ်မလား၊ မိသားစုဝင်ရဲ့ အခြေအနေကို လာတိုင်ပင်ချင်တာများလားလို့ ငါ ထင်မိတယ်။ လက်ရှိ ခွဲစိတ်မှု ညွှန်ကြားချက်တွေနဲ့ စာရွက်စာတမ်းတွေကို ကြည့်နေတဲ့ လူနာကို ခဏလောက် ခွင့်တောင်းပြီး သူမ ဘယ်သူလဲ၊ ဘာကိစ္စလဲဆိုတာ မေးဖို့ အပြင်ကို ထွက်လိုက်တဲ့အချိန်မှာပဲ နောက်ဆုံးတော့ ငါ ထွက်လာတာနဲ့ သူမက အလျင်အမြန် ပြေးထွက်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
ဒီလောက်တောင် ရှုပ်ထွေးနေပါလား!
သူမက အရမ်းထူးဆန်းနေပေမဲ့ ငါက အရမ်းအလုပ်များနေတာမလို့ သူမကို စိတ်ထဲ သိပ်မထားခဲ့ဘူး။
နောက်ပိုင်းမှာတော့ ငါ ပြင်ပလူနာဌာနမှာ လူနာစာရင်းရှည်ကြီးကို ကြည့်နေရတယ်။ လူနာတစ်ယောက်ပြီး တစ်ယောက် စစ်ဆေးနေရင်း နောက်တစ်ယောက်ရဲ့ နာမည်ကို ခေါ်လိုက်တဲ့အခါ ငါ ခဏရပ်သွားတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနာမည်က ချန်းရော့ယွီ ဖြစ်နေလို့ပဲ။
ငါ ရုတ်တရက် သတိရသွားတယ်။ကောင်းယွီလန်ရဲ့ သူငယ်ချင်းကောင်း၊ ငါနဲ့ လဲ့ဖုန်းကြားကနေ ရွေးချယ်နေခဲ့ပြီး၊ နောက်ဆုံးတော့ လဲ့ဖုန်းမှာ ပိုင်ရှင်ရှိနေလို့ ငါ့ရဲ့ ဆက်ဆံရေး အခြေအနေကို လာစုံစမ်းခဲ့တဲ့သူက ချန်းရော့ယွီဆိုတဲ့ နာမည်ရှိတယ်လေ။
နာမည် အတူတူပဲလား?
ချန်းရော့ယွီ အထဲဝင်လာတဲ့အခါ ငါ ရုတ်တရက် သဘောပေါက်သွားတယ်။ သူမပဲ ဖြစ်နေတာကိုး!
ဆေးရုံဝင်ပေါက်မှာ စိုးရိမ်တကြီး နှုတ်ဆက်ခဲ့တဲ့ မိန်းကလေးရယ်၊ လူနာဆောင်မှာ ငါ့ဆီကနေ ပြေးထွက်သွားတဲ့သူရယ်က ချန်းရော့ယွီ ဖြစ်နေတာကိုး။ ဒါဆို သူမရဲ့ ထူးဆန်းပြီး နားမလည်နိုင်တဲ့ လုပ်ရပ်တွေက ငါ့ရဲ့ အာရုံကို ဆွဲဆောင်ဖို့လား?
သူမ နေရာယူ ထိုင်လိုက်ပြီး လက်ချောင်းတွေကို စိုးရိမ်တကြီး ရောယှက်နေတယ်။ ငါကတော့ သူမကို မသိဟန်ဆောင်ပြီး ဆရာဝန်အသံနဲ့ ဘယ်နေရာက မအီမသာ ဖြစ်လဲလို့ မေးလိုက်တယ်။
ခဏကြာတော့ သူမက ရင်ဘတ်အောင့်တယ်လို့ ပြောတယ်။ ပြီးမှ ဒီနေရာက ပြောရခက်တယ်လို့ ထင်သွားပုံရတယ်။ သူမရဲ့ မျက်နှာမှာ မတတ်သာမှုနဲ့ ရှက်ရွံ့မှု ပေါင်းစပ်နေတဲ့ အမူအရာ ပေါ်လာတယ်။ အဲ့ဒါနဲ့ ပခုံးနာတယ်လို့ ပြောင်းပြောလာခဲ့တယ်။
ငါ နောက်ထပ် အဖြစ်မှန်တစ်ခုကို သဘောပေါက်လိုက်တယ်—သူမ လုံးဝဖျားနာနေတာ မဟုတ်ဘူး။
ငါကတော့ သူမရဲ့ အခြေအနေကို အလေးအနက်ထား စုံစမ်းဟန်ဆောင်ခဲ့တယ်။ သူမက စကားတွေ ရောထွေးပြီး ပြောတယ်။ အရမ်းထိတ်လန့်နေလို့ သေသေချာချာ မပြောနိုင်ရှာဘူး။ "လိမ်တာ မကျွမ်းကျင်ရင် ဒီလိုလှည့်ကွက်မျိုးကို မသုံးသင့်ဘူး" လို့ ငါ တကယ်ပဲ ပြောပြချင်မိတယ်။
အဲ့ဒီနောက် ငါ မမေးတော့ဘဲ စစ်ဆေးမှု စာရင်းကိုပဲ ပေးလိုက်တယ်။ သူမက ပိုက်ဆံကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ ပုံစံပြလာခဲ့တယ်။ ငါ နည်းနည်း ရယ်ချင်သွားတယ်။ သူမက ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေကို အလဟဿ ဖြုန်းနေတာပဲ၊ သူမ ဘာမှ ပေးစရာ မလိုဘူးလား။
နောက်ဆုံးတော့ သူမက သတ္တိကို မွေးပြီး တုန်တုန်ယင်ယင်နဲ့ ပြောလာတယ်၊
"ကျွန်မ ကောင်းယွီလန်ရဲ့ သူငယ်ချင်းပါ" တဲ့
ငါ သိပါတယ်၊ ဒါပေမဲ့ ဘာမှ ပြန်မပြောခဲ့ဘူး။
ကောင်းယွီလန် ဘယ်သူလဲဆိုတာ ကျွန်တော် မမှတ်မိဘူးလို့များ သူမ ထင်သွားသလားမသိဘူး။ ဒါနဲ့ သူမက "ကောင်းယွီလန်က ရင်းဇယ်ရဲ့ သူငယ်ချင်းပါ" လို့ ထပ်ပြောတယ်။
ငါ ခေါင်းညိတ်ပြီး "မင်္ဂလာပါ" လို့ ပြောလိုက်တယ်။ သူမရဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပုံက ဘယ်လောက် အဆင်မပြေလိုက်လဲလို့ ငါ တွေးလိုက်တယ်။
ငါ့ရဲ့ အေးစက်တဲ့ တုံ့ပြန်မှုက သူမကို နောက်ဆုံးတော့ အခက်အခဲတွေကို အသံထွက်ပြောပြီး ရှုံးနိမ့်မှုကို ရှောင်ရှားဖို့ ဆုတ်ခွာစေခဲ့တယ်။ သူမ မျက်နှာ ရဲတက်လာပြီး စစ်ဆေးမှု စာရင်းကို ကိုင်ကာ အပြင်ထွက်သွားခဲ့တယ်။
ဒီလို ပြင်ပလူနာဌာန ချိန်းဆိုမှုက ငါနဲ့ချန်းရော့ယွီရဲ့ ဆက်ဆံရေးအစပဲ ဖြစ်တယ်။
နောက်ပိုင်းတော့ သူမ ငါ့ဆီ ဆေးစစ်ဖို့ ထပ်လာခဲ့တယ်။
သေချာတာပေါ့ သူမ ဖျားတာ နာတာ မဟုတ်ဘူး၊ ငါ့ကို တွေ့ဖို့အတွက် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့တာ။
သူမရဲ့ ဒီလိုလုပ်ရပ်ကို ငါ လုံးဝ မကျေနပ်ဘူး။ ဆရာဝန်နဲ့ ပြသဖို့ စောင့်ဆိုင်းနေရတဲ့ လူနာတွေရဲ့ အချိန်ကို ဖြုန်းတီးနေမှန်း သူမ သိရဲ့လား? တာဝန်ချိန်အတွင်း ဆရာဝန်တစ်ယောက်ရဲ့ အချိန်ကို သင့်တော်တဲ့ ကိစ္စတွေအတွက် အသုံးပြုရမယ်ဆိုတာရော သူမ သိရဲ့လား?
ဒီတစ်ခါလည်း သူမ စိုးရိမ်တကြီးနဲ့ ဗိုက်နည်းနည်းအောင့်တယ်လို့ ပြောလာပြန်တယ်။ ငါက ဘယ်နေရာက တိတိကျကျ မအီမသာ ဖြစ်တာလဲလို့ မေးလိုက်တယ်။ သူမ ဒီတစ်ခါလည်း မသေချာတဲ့ အဖြေပဲ ပေးတယ်။ ငါ စဉ်းစားမိတယ်—သူမက လိမ်ဖို့အတွက် သေချာပြင်ဆင်မထားတာ၊ ဒါမှမဟုတ် အရမ်းစိတ်လှုပ်ရှားနေလို့ အကြိမ်တိုင်း ရည်ရွယ်ထားတာကို ပြန်မမှတ်မိတာ၊ အရမ်းမိုက်မဲနေတာလားလို့လေ။
ငါ စိတ်မပျော်မရွှင်ဖြစ်ပြီး သူမ ဗိုက်ရဲ့ ဘယ်နေရာက မနာတာလဲလို့ မေးလိုက်တယ်။ သူမ ခေါင်းညိတ်လိုက်၊ ပြီးတော့ ပြန်ခါလိုက် လုပ်နေတယ်။ သူမကြောင့် ငါ တကယ်ကို စိတ်တိုလာခဲ့တယ်။ တခြားသူတွေရဲ့ အချိန်တွေကို ဖြုန်းတီးနေရုံသာမကဘဲ အမျိုးသမီးထုရဲ့ ဉာဏ်ရည်ကိုပါ လျှော့ချပစ်နေတာပဲ!
"မိန်းကလေး ဗိုက်ဆိုတာ ရှိရဲ့လား?"
ငါ သူမကို မေးလိုက်တယ်။ သူမ မျက်တောင်ခတ်လိုက်ပြီးမှ ငါ ပြောတာကို နောက်ဆုံး သဘောပေါက်သွားပြီးတော့ မျက်နှာ ရဲလာပြီး ငါ့ရဲ့ စနောက်မှုအပေါ် နည်းနည်း ဒေါသထွက်သွားပုံရတယ်။
ငါလည်း မျက်တောင်ခတ်လိုက်တယ်။ ငါက စနောက်ရုံသက်သက်ပဲ၊ သူမကို မယဉ်ကျေးခဲ့တာက ဘာဖြစ်လို့လဲ?
ရလဒ်ကတော့ ဘာလဲ? နောက်တစ်ကြိမ် သူမ ပြန်လာတဲ့အခါ ဘာမှ မဖြစ်ခဲ့သလိုပဲ။
သူမက ယောက်ျားတစ်ယောက်ကို ဒီလို ဇွတ်တရွတ် လိုက်တဲ့နေရာမှာ ငါ တွေ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ အထူးခြားဆုံးပဲ။ သူမက ငါ့ကို ပန်းတွေပေးတယ်။ ကျွန်မကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ ငါက သူမကို စျေးကြီးတဲ့ စစ်ဆေးမှု စာရင်းတစ်ခု ပေးလိုက်တာကလွဲလို့ ဘာမှ မလုပ်ပေးခဲ့ဘူးဆိုတာကို ဘုရားသခင်ပဲ သိမယ်။ ပြီးတော့ အကြိမ်တိုင်း သူမက ပိုက်ဆံကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ အမူအရာကို ပြနေခဲ့တယ်။ သူမ စစ်ဆေးမှုတွေကိုလည်း အကြိမ်တိုင်း မလုပ်ဘူး၊ ခဏကြာမှ ပြန်လာခဲ့တယ်။
သူမက ငါ့ကို ဒူးရင်းသီးသကြားလုံးတောင် ပို့ပေးတယ်။ ငါက အချို မကြိုက်ဘူး၊ ဒူးရင်းသီးအရသာကိုလည်း မုန်းတယ်။ ဒါကို သူမက ငါ့ကို ဒီသကြားလုံးကို ပေးတယ်။ ယောက်ျားတစ်ယောက်ကို သကြားလုံး ပေးချင်ရင်တောင် ဒီလို အနံ့ဆိုးတဲ့ သကြားလုံးမျိုးကို မပေးသင့်ဘူးလေ။
ငါ သူမကို တကယ် မေးချင်မိတယ်
"မင်းရဲ့ ယောက်ျားလိုက်နည်း နည်းပြက ဘယ်သူလဲ? ဘယ်သူက မင်းကို ဒီလို စုတ်ပြတ်သတ်နေတဲ့ အကြံဉာဏ်မျိုး ပေးလိုက်တာလဲ?"
သူမက ကောင်းယွီလန်နဲ့ရင်းဇယ်တို့နဲ့ စကားပြောရင်း ထမင်းစားဖို့ ချိန်းချင်တယ်ဆိုပြီး ငါကို အတူတူ သွားမလားလို့ မေးလာခဲ့တယ်။
ငါ ငြင်းလိုက်တယ်။
ငါ သူမကို မတော်တဆ အရိပ်အမြွက်လေးတောင် မပေးချင်ဘူး။ ဒါမှ သူမမှာ မျှော်လင့်ချက်၊ အခွင့်အရေးဆိုတာ တစ်ခုမှ ရှိတော့မှာ မဟုတ်ဘူး။
အရေးအကြီးဆုံးကတော့ သူမရဲ့ မျက်လုံးထဲမှာ ငါ့အပေါ်ထားတဲ့ နက်နဲတဲ့ ခံစားချက်မျိုးကို ငါ မတွေ့ရဘူး။ သူမက စိုးရိမ်ပူပန်နေပေမဲ့ မရှက်ရွံ့ဘူး၊ မျက်နှာနီရဲသွားတာကလည်း ရှက်ရွံ့တာထက် အဆင်မပြေတဲ့ တုံ့ပြန်မှုနဲ့ ပိုတူနေတယ်။
အချစ်မရှိဘူး၊ သတ္တိပဲရှိတယ်—ဒါဟာ သူမရဲ့ လုပ်ရပ်အပေါ် ငါ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။
သူမရဲ့ မျက်လုံးတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေတာက ငါဟာ အခြေအနေကောင်းတွေ ရှိနေတဲ့ ယောက်ျားတစ်ယောက် ဖြစ်လို့ လာပြီး လိုက်သင့်တယ်လို့ သူမ ခံစားရတယ်ဆိုတာပဲ။
ဒါပါပဲ။
ရင်းဇယ်ကြောင့်သာမဟုတ်ရင် သူမကို မျက်နှာမပြရဲလောက်အောင် ရှက်သွားစေမယ့် စကားလုံးတချို့ကို ငါ စောစောကတည်းက ပြောမိမှာ။ ငါ သူမကို မေးချင်တာက "ငါတို့ ဘယ်နေရာမှာ အဆင်ပြေ လိုက်ဖက်မှုရှိတယ်လို့ ခံစားရလဲ" ဆိုတာပဲ။ သူမကို ချေပဖို့အတွက် အကြောင်းပြချက်တွေ အများကြီး ငါ ထုတ်ပြနိုင်တယ်။ ဒါ့အပြင် သူမကို မေးချင်တာက "ဒီယောက်ျားကို မချစ်ဘဲနဲ့ ဖမ်းဆုပ်နိုင်ခဲ့ရင်တောင် နောင်မှာ သူ့ကို ချစ်မိမယ်ဆိုတာကို ဘယ်လိုများ သေချာနေရတာလဲ? အချိန်ကြာလာတာနဲ့အမျှ ချစ်မိမလာဘူးဆိုရင် မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ" ပေါ့။
သေချာပါတယ်၊ ငါ ဘာမှ မမေးခဲ့ဘူး။ သူမနဲ့ ငါ့ရဲ့ အပြန်အလှန်ဆက်ဆံမှုကို ပိုပြီး နက်နက်နဲနဲ လုပ်နေဖို့ မလိုအပ်ဘူးလို့ ငါ ခံစားရတယ်။ သူမက ငါ့ကို လိုက်ချင်တဲ့ တခြားအမျိုးသမီးတွေလိုပဲ ခေတ္တခဏ ဖြတ်သန်းသွားသူ တစ်ဦးသာ ဖြစ်တယ်။ အရမ်းရင်းနှီးနေဖို့ မလိုဘူး။ငါကတော့ လျစ်လျူရှုမှုနဲ့ ငြင်းပယ်ခဲ့တယ်၊ ဒါဆို သူမ ငါ့ရဲ့ ဆိုလိုရင်းကို နားလည်သင့်ပြီ။
ဒါပေမဲ့ သူမရဲ့ နားလည်နိုင်စွမ်းက နည်းနည်းလေး နှေးနေတယ်။ တစ်ခါတစ်ရံတော့ သူမ ပြင်ပလူနာဌာန ရောက်လာတတ်တယ်။ တစ်နေ့တော့ ငါ ပြင်ပလူနာဌာနမှာ ရှိနေတုန်း အိမ်သာသွားဖို့ အပြင်ထွက်လာတော့ စောင့်ဆိုင်းခန်းထဲက ကုလားထိုင်တွေအောက်မှာ ဒူးထောက်ပြီး ရှာနေတဲ့ ချန်းရော့ယွီကို တွေ့လိုက်ရတယ်။ သူမက အဘွားအိုတစ်ယောက်ကို တစ်ခုခု ရှာပေးနေတာ။ သူမက ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ဘေးဘယ်ညာ လှည့်ပတ်ကြည့်ရှုရင်း "မပူပါနဲ့၊ ဒီနားတစ်ဝိုက်မှာပဲ ရှိရမှာပါ၊ စိတ်မပူပါနဲ့" လို့ နှစ်သိမ့်နေခဲ့တယ်။
ငါ သိပ်မကြည့်ဖြစ်လိုက်ဘူး၊ စောင့်နေတဲ့ လူနာတွေ အများကြီးရှိနေသေးတော့ မြန်မြန်ပြန်ရမယ်။ ဒါပေမဲ့ စောင့်ဆိုင်းခန်းထဲမှာ ထိုင်နေတဲ့ လူတွေက အများကြီးပဲ။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်ကို ခေါင်းငုံ့ပြီး ကြည့်ရုံလေးပဲ ကြည့်ကြတယ်။ ချန်းရော့ယွီတစ်ယောက်တည်းကသာ ဒီလို သနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ဒူးထောက်ပြီး
ကုလားထိုင်တွေအောက်ကို ငုံ့ကြည့်နေခဲ့တာ။
ငါ အိမ်သာကနေ ပြန်လာတဲ့အခါ ချန်းရော့ယွီက ဝမ်းသာအားရ အော်ပြောနေတာကို ကြားလိုက်ရတယ်—"တွေ့ပြီ၊ တွေ့ပြီ! ပျောက်မသွားဘူးလို့ ကျွန်မ ပြောသားပဲ၊ အဝေးကြီး လှိမ့်သွားတာ။ အန်တီ၊ ကြည့်ပါဦး၊ ကျွန်မ ရှာတွေ့သွားပြီ" တဲ့။
ငါ ရုံးခန်းထဲ ပြန်ဝင်လာခဲ့တယ်။ ခဏနေရင် ချန်းရော့ယွီ ဝင်လာတော့မယ်ဆိုတာ သိနေတယ်။ ဒီအမျိုးသမီးဟာ မျက်နှာပြောင်ပေမဲ့၊ ယောက်ျားတစ်ယောက်ကို လိုက်တဲ့နေရာမှာ မိုက်မဲတဲ့နည်းကို သုံးနေပေမဲ့၊ သူမရဲ့ စိတ်ရင်းကတော့ ကောင်းပါတယ်။ သူမကို စကားပြောဖို့ အချိန်တစ်ခု ရှာပြီး ရှင်းရှင်းလင်းလင်း ပြောသင့်သလား။ ဒါမှ သူမ ငါ့အပေါ်ကနေ လက်လျှော့သွားအောင်ပေါ့။ သူမရဲ့ အချိန်တွေကို မဖြုန်းတီးဘဲ နောက်ထပ် ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်ကို မြန်မြန် သွားရှာဖို့ ပြောသင့်လား။
ဒါပေမဲ့ လူနာပြချိန် ပြီးဆုံးသွားသည်အထိ သူမ ပေါ်မလာခဲ့ဘူး။ ငါ နည်းနည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်။ သူမ ဒီမှာ ရှိနေတာ သေချာလျက်သားနဲ့ ဘာလို့ ငါ့ကို လာမပြတာလဲ? ငါ့ကို လာတွေ့ဖို့ မဟုတ်ဘူးလား?
အဲ့ဒီနေ့ကစပြီး ချန်းရော့ယွီ ပျောက်သွားတော့တယ်။
ဒွိဟချစ်သံယောဇဉ်:
မုန့်ကုဘက်မှရှုထောင့်(၃)
(Second Version)
သူမကို ရှင်းပြဖို့ စိတ်ကူးနေတုန်းမှာပဲ သူမက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ သူမ ရုတ်တရက် သဘောပေါက်သွားတာလား? ဒါဆို အဲ့ဒီနေ့က ဘာလို့ ရောက်လာခဲ့တာလဲ?
အင်း၊ ငါ နည်းနည်းတော့ သိချင်လာတယ်။ သူမ ဘယ်လို လှည့်ကွက်တွေ သုံးဦးမလဲပေါ့။
တကယ်တမ်းကျတော့ ဘာလှည့်ကွက်မှ ထွက်ပေါ်မလာခဲ့ဘူး။
မိန်းမတွေဆိုတာက ထူးဆန်းတဲ့ သတ္တဝါတွေပဲ။ သူမက အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပေါ်လာနိုင်သလို၊ ရုတ်တရက် ပျောက်ကွယ်သွားနိုင်တယ်။ ငါ စိတ်အေးသွားတယ်လို့ ထင်တယ်။
တစ်နေ့တော့ ငါ ကားမောင်းလာရင်း စူပါမားကတ်တစ်ခုကို ဖြတ်မောင်းတဲ့အချိန် အိမ်မှာ စားစရာတွေ လိုနေတယ်လို့ တွေးမိတာနဲ့ ပစ္စည်းအချို့ ဝယ်ဖို့ ကားရပ်လိုက်တယ်။
ငါ ပုံမှန် ဈေးဝယ်တဲ့ အလေ့အကျင့်ကတော့ စင်တိုင်းကို တည့်တည့်သွားပြီး ပစ္စည်းတွေ ရွေးချယ်တာပဲ။ ငါက အိမ်နားက ရင်းနှီးတဲ့ စူပါမားကတ်မှာ အမြဲ ဈေးဝယ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခါကျတော့ ဘာကြောင့်မှန်းမသိ၊ တစ်ခါမှ မရောက်ဖူးတဲ့ ဒီစူပါမားကတ်ထဲကို ဝင်လာခဲ့မိတယ်။
ချန်းရော့ယွီနဲ့ ငါ ဆုံတွေ့တော့တာပဲ။
သူမက သန့်စင်ခန်းသုံး တစ်ရှူးလိပ်တွေ စုပုံထားတာကို ဝင်တိုက်မိပြီး ရုတ်ရုတ်သဲသဲနဲ့ ခိုးကြောင်ခိုးဝှက် ပုံစံမျိုး ဖြစ်နေပြီး အရမ်း ရယ်စရာကောင်းတယ်။ သူမရဲ့ မျက်နှာက သူခိုးတစ်ယောက်လိုပဲ အပြစ်ရှိသလို ဖြစ်နေတယ်။ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စမျိုးကို သူမ လုပ်ခဲ့တာကို တခြားသူတွေ သိမှာကို ကြောက်နေတာပေါ့။
ဒီ ချန်းရော့ယွီဆိုတဲ့ မိန်းကလေးဟာ ဘယ်သွားသွား ရှက်စရာကောင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတတ်တာပဲ။
သူမ ငါ့ကို မြင်ပုံမရဘူး။ ငါလည်း နှုတ်ဆက်ဖို့ မသွားခဲ့ဘူး။ စင်တစ်ခုကို ကွေ့လိုက်ပြီး ငါ ဝယ်ချင်တာကို ရှာဖို့အတွက် တခြားစင်တစ်ခုဆီ သွားလိုက်တယ်။ နောက်တစ်ကြိမ် ကွေ့လိုက်တော့ ချန်းရော့ယွီရဲ့ အသံကို ကြားလိုက်ရတယ်။ သူမက အဘွားအိုတစ်ယောက်နဲ့ စကားပြောနေတာ။
တကယ်တော့ အဘွားအိုကို ကလေးတစ်ယောက်က တိုက်မိခဲ့တာ။ အဲ့ဒီ အဘွားအိုက ဒါကို အကြောင်းပြပြီး ဟန်ရေးပြကာ ကလေးကို ပြင်းပြင်းထန်ထန် ဆူပူနေတာဖြစ်တယ်။ ဒီလို မတရားမှုကို လမ်းမှာ မြင်လိုက်ရတဲ့ ချန်းရော့ယွီက ရှေ့တန်းရောက်လာပြီး သရုပ်ဆောင်ဖို့ စင်ပေါ်တက်လာခဲ့တယ်။ သူမက အဘွားအိုရဲ့ ဆူပူမှုကို စိတ်အားထက်သန်စွာ ရပ်တန့်စေခဲ့ပြီး ၃.၅၀ ယွမ် ထုတ်ပေးလိုက်တယ်။ အဘွားအိုကို ဆေးရုံသွားပြီး ခါးစစ်ဆေးဖို့ ပြောလိုက်တယ်။
"စာရင်းသွင်းခက ၃.၅၀ ယွမ်ပဲ၊ ကျွန်မ ထုတ်ပေးလိုက်မယ်"
သူမ ဒီစကားကို ပြောတဲ့အခါ သူမရဲ့ မျက်နှာအမူအရာက တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဘွားအိုက ၃.၅၀ ယွမ်ကို မလိုချင်ခဲ့ဘူး၊ အရမ်း မကျေမနပ်ဖြစ်ပြီး ထွက်သွားခဲ့တယ်။ ချန်းရော့ယွီရဲ့ မျက်နှာမှာ "ကံကောင်းလို့ မလိုချင်တာ" ဆိုတဲ့ အမူအရာ ပေါ်လာပြီး ပိုက်ဆံကို ပျော်ပျော်ရွှင်ရွှင်နဲ့ သူမရဲ့ ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်တယ်။
ဒါက ငါ သူမကို ပိုက်ဆံပေးဆောင်ဖို့ စစ်ဆေးမှု စာရင်းကို တမင်တကာ ပေးခဲ့တဲ့ အကြိမ်တိုင်းက သူမရဲ့ မျက်နှာကို သတိရစေတယ်။ သူမဟာ သူမရဲ့ နှမြောတွန့်တိုစိတ်ကို မျက်နှာပေါ် ချိတ်ထားတဲ့သူ ဖြစ်မှန်း သူမ သိရဲ့လား?
ဒါပေမဲ့ ငါ ပေးခဲ့တဲ့ စျေးကြီးတဲ့ စစ်ဆေးမှု စာရင်းကို မြင်တဲ့အခါမှာတောင် သူမ ကြောက်လန့်ပြီး ထွက်မသွားခဲ့ဘူး။ ဒါဆို ဘာကများ သူမကို ငါ့ဆီ လာပြတာ ရပ်တန့်သွားအောင် လုပ်ခဲ့တာလဲ? ငါ နည်းနည်း မေးချင်လာခဲ့တယ်။
ငွေရှင်းဖို့ လုပ်တော့ ငါ တမင်တကာ သူမရဲ့ နောက်မှာ တန်းစီပြီး သူမကို စလိုက်တယ်။ သူမက ငါ့ကို မြင်တော့ ကြောက်လန့်သွားပေမဲ့ ပျော်ရွှင်မှုတော့ မရှိဘူး၊ စိတ်ဆိုးနေသလိုမျိုး၊ စိတ်ပူပန်နေပေမဲ့ ဟန်ဆောင်ပြီး တည်ငြိမ်အောင် နေနေတယ်။ သူမရဲ့ ပုံစံက ကာကွယ်ထားတဲ့ သဘောထားမျိုး ရှိနေတော့ ငါ့အတွက် ပိုပြီး ထူးဆန်းသွားတယ်။ ဘာတွေ ဖြစ်သွားတာလဲ? ငါ သူမကို ဘာမှ မလုပ်ခဲ့ဘူးဆိုတာ သေချာပါတယ်။
ဒီအခြေအနေမှာ ဒေါသထွက်သင့်တဲ့သူက ငါ ဖြစ်သင့်တယ်လေ၊ ဟုတ်တယ်မလား?
ချန်းရော့ယွီရဲ့ တုံ့ပြန်မှုက ဒီတစ်ခါ အရမ်း ရယ်စရာကောင်းပြီး ပျော်စရာကောင်းတယ်။ သူမရဲ့ ပါးစပ်ကလည်း စူးရှနေတယ်၊ ဆေးရုံမှာ ငါ့ကို လာရှာတုန်းက ပုံစံမျိုး မဟုတ်ဘူး။ ဒီမိန်းကလေးက ဒီလောက်တောင် ကွဲပြားခြားနားသွားနိုင်တာလားဆိုပြီး ငါ အံ့သြမိတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကလည်း သူမ ဘာလို့ မလာတော့တာလဲဆိုတာကို ငါ မမေးဖြစ်လိုက်ဘူး။
နောက်ပိုင်းတော့ ငါ သူမကို ဘလိုင်းဒိတ်မှာ ထပ်တွေ့ခဲ့ပြန်တယ်။
ငါလည်း ဘလိုင်းဒိတ်ပွဲတွေ သွားဖူးတယ်၊ တခြားသူတွေ သွားတာလည်း မြင်ဖူးတယ်။ ဒါပေမဲ့ ချန်းရော့ယွီလိုမျိုး ဘယ်သူ့ကိုမှ မတွေ့ဖူးဘူး။ သူမက ဘလိုင်းဒိတ်တွေ့ပွဲကို အရောင်းမြှင့်တင်ရေး အစည်းအဝေးအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ။
ဟားဟားဟား၊ ဒါက နည်းနည်း ရှက်စရာကောင်းတယ်လို့ သူမ မထင်ဘူးလား? ဒါမှမဟုတ် ဒါက သူမရဲ့ အကျင့်ဖြစ်နေလို့ ခံစားချက်မရှိတော့တာလား?
ဒီတစ်ခါတော့ ငါကပဲ သူမကို ဦးဆောင်ပြီး နှုတ်ဆက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမ ငါ့ကို လာမနှောင့်ယှက်တော့ဘူးဆိုတော့ အခြေအနေကို လက်ခံပြီး ရှေ့ဆက်သွားပြီလို့ ငါ ထင်လိုက်တယ်။ ရင်းဇယ်နဲ့ ကောင်းယွီလန်တို့ရဲ့ ဆက်ဆံရေးအရ ငါတို့ဟာ သာမန် သူငယ်ချင်းတွေအဖြစ် သဘောထားနိုင်ပြီမလို့ နှုတ်ဆက်တာက ဘာမှမဖြစ်ဘူး။
သူမက ထပ်ပြီး ကြောက်လန့်တဲ့ အမူအရာ ပြန်ပေါ်လာတယ်။
မိန်းကလေး ငါက သိသိသာသာကို ဖော်ရွေနေတာပါနော်။ ဟုတ်ပြီလား?
ကော်ဖီဆိုင်ကနေ ငါ ထွက်လာခဲ့တယ်။ ဘာဖြစ်လို့မှန်းမသိ ရုတ်တရက် ရင်းဇယ်တို့ စုဝေးပွဲကို သတိရသွားပြီး ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာ တွေ့ကြဦးမှာပဲဆိုပြီး ချန်းရော့ယွီကို ပြောဖို့ ငါ ပြန်လှည့်သွားခဲ့တယ်။
ငါက ပုံမှန်ဆိုရင် ဒီလောက် ကိစ္စရှာတတ်သူ မဟုတ်ပေမဲ့ ဒီနေ့တော့ ငါ ပြန်လှည့်လာတဲ့အတွက် တကယ်ကို ကိစ္စရှာမိလိုက်တယ်။ ငါ ပြန်ရောက်လာချိန်မှာ ချန်းရော့ယွီနဲ့ သူမရဲ့ ဘလိုင်းဒိတ်က ငါ့ရဲ့ လိင်စိတ်ခံယူမှုအပေါ် မကောင်းတဲ့ ကောက်ချက်တွေ ဆွဲနေကြတာကို ကြားလိုက်ရတယ်။
ဒါ ဘာကြီးလဲ? ငါ့ကို လိုက်လို့ မရတော့တာနဲ့ပဲ ရန်သူတွေ ဖြစ်သွားကြတာလား?
သူမ ဒီလိုလူမျိုးလို့ ငါ တကယ် မထင်ခဲ့ဘူး။ ငါ သူမကို မယဉ်ကျေးတော့ဘူး။ သူမရဲ့ မျက်နှာမှာ ဝမ်းနည်းမှု၊ ရှက်ရွံ့မှုနဲ့ နောင်တတွေ ရောနှောနေတာကို ငါ မြင်လိုက်ရတယ်။ သူမရဲ့ အမူအရာက နည်းနည်းတော့ သနားစရာ ကောင်းတယ်။
မိန်းကလေး ဒီအခြေအနေမှာ နစ်နာသူက ငါ ဖြစ်နေတယ်လေ၊ ဟုတ်တယ်မလား?
ငါ ထွက်သွားခဲ့တယ်။ ဘုရားသခင်က ချန်းရော့ယွီရဲ့ မျက်နှာအစစ်အမှန်ကို ငါ့ကို သိစေချင်လို့ မမျှော်လင့်ဘဲ ပြန်လှည့်ခိုင်းတာလို့ ထင်ခဲ့ပေမဲ့ အဲ့ဒါ မဟုတ်ခဲ့ဘူး။
တကယ်တမ်းကျတော့ ဘုရားသခင်က ငါတို့ကို အဲ့ဒီအချိန်ကစပြီး ပိုပြီး ဒွိဟဖြစ်အောင် လုပ်ချင်ခဲ့တာကိုး။
အဲ့ဒီညနေခင်းကို ငါ အရမ်းရှင်းရှင်းလင်းလင်း မှတ်မိတယ်။ သောကြာနေ့ညဖြစ်ပြီး ငါ အိမ်ပြန်ပြီး အနားယူဖို့ သွားနေရင်း ပျော်စရာကောင်းတဲ့ စနေ၊ တနင်္ဂနွေကို ပိုင်ဆိုင်ရမယ်လို့ တွေးနေတယ်။ နောက်ဆုံးမှာတော့ ဆေးရုံက ကားမတော်တဆမှု အရေးပေါ်လူနာ အများအပြားကို လက်ခံလိုက်ရပြီး ငါ့ကို ပြန်ခေါ်ခဲ့တယ်။
ငါ ခွဲစိတ်ခန်းထဲမှာ အရမ်း အလုပ်များခဲ့ပြီး နောက်ဆုံးတော့ မနက် ၃ နာရီမှ ခွဲစိတ်မှု ပြီးဆုံးခဲ့တယ်။ မနက်ကျရင် လူနာရဲ့ အခြေအနေကို စစ်ဆေးရမှာ ဖြစ်တဲ့အတွက် အိမ်ပြန်မသွားတော့ဘဲ ဆေးရုံရဲ့ အနားယူခန်းမှာ အိပ်ခဲ့တယ်။
ငါ အိပ်ပျော်ခါနီးမှာပဲ ဖုန်းမြည်လာခဲ့တယ်။
တကယ်တမ်းကျတော့ ဒီအမျိုးသမီး ချန်းရော့ယွီဆီကပဲ!!
အဲ့ဒီညနေက သူမ ငါ့ကို ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောပြီးတဲ့နောက် လမ်းပေါ်မှာ ငါ သူမကို ပြန်တွေ့ခဲ့ရတယ်။ သူမ မိုးရေထဲမှာ ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ မြင်ကွင်းကို ငါ မှတ်မိနေတုန်းပဲ။ အဲ့ဒါ မကြာသေးဘူး။ ဒါပေမဲ့ အခုတော့ ယုန်လေးက ဝက်ဝံကြီး အဖြစ် သရုပ်ဆောင်နေတာလား? သူမက ငါ့ကို မမျှော်လင့်ဘဲ ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲခဲ့တယ်!
လူတွေရဲ့ အိပ်စက်ခြင်းကို ညသန်းခေါင်ကျော် အချိန်ကြီး ဖုန်းခေါ်ပြီး နှောင့်ယှက်တာကို မေ့ထားလိုက်ဦး။ သူမက ငါ့ကို "ကိုယ်ဘာသာ ပြန်ဆန်းစစ်ပါ" လို့ပါ တင်းတင်းမာမာ ပြောခဲ့တယ်။ သူမက ဖုန်းဆက်တာ တောင်းပန်ဖို့ပါလို့ ပြောပေမဲ့ သူမရဲ့ အမူအရာက အရမ်းကို မာနကြီးလွန်းတယ်။ ဘယ်သူကများ ဒီလိုမျိုး တောင်းပန်ကြတာလဲ? ငါက ဘာများ မှားနေလို့ ပြန်ဆန်းစစ်ရမှာလဲ? သူမရဲ့ ခေါင်းထဲမှာ ဘာတွေများ ရှိနေတာလဲ? မှားတာ၊ မှန်တာရော ရှိရဲ့လား? ကျိုးကြောင်း ဆင်ခြင်မှုရော ရှိရဲ့လား?
ဒီ တံတားကိုတော့ နောက်ပိုင်းမှ ငါတို့ အခိုင်အမာ တည်ဆောက်ဖြစ်ခဲ့တယ်။
လူနှစ်ယောက်ကြား အပြန်အလှန် နားလည်မှုဆိုတာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပဲ။ တစ်ခါတလေ တည့်တည့်သွားတယ်၊ တစ်ခါတလေ ကွေ့ပတ်တယ်။ ချန်းရော့ယွီအတွက် ဒီဖြစ်စဉ်ဟာ ကွေ့ပတ်ရုံသာမက အတက်အကျပါ ရှိနေတယ်ဆိုတာကို ငါ သဘောပေါက်ခဲ့တယ်။
ချန်းရော့ယွီနဒ့ မဆုံတွေ့ခင်ကတည်းက ရင်းဇယ်ရဲ့ ပါးစပ်ကနေ သူမအကြောင်း ကြားခဲ့ရတယ်။ သူမက အသက် ၂၆ နှစ်၊ C မြို့ကလာပြီး A မြို့မှာ တစ်ယောက်တည်း အလုပ်လုပ်နေတဲ့သူ၊ ကောင်းယွီလန်ရဲ့ ကျောင်းနေဖက်၊ မိသားစု အခြေအနေက သာမန်၊ အခြေအနေတွေကလည်း သာမန်၊ လက်ရှိ အာမခံကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ် လုပ်နေသူတဲ့။
အဲ့ဒီအချိန်တုန်းက ချန်းရော့ယွီ ဘယ်လိုပုံစံပဲ ဖြစ်ပါစေ၊ ငါ့ကို ဘယ်လိုပဲ လိုက်ပါစေ၊ ငါ လက်မခံဘူးဆိုတာ သေချာခဲ့တယ်။ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်ကြားက ကွာဟမှုက နည်းနည်း ကြီးနေခဲ့လို့ပဲ။
အကွာအဝေးဆိုတာ ခံစားချက်တွေကို သတ်ဖြတ်နိုင်တဲ့အရာဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကွာအဝေးဖြစ်စေပေါ့။ ချီယောင်နဲ့ ငါ့ရဲ့ ဆက်ဆံရေး ပျက်စီးရခြင်းဟာ အစပိုင်းမှာ အခြေအနေ မညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ မညီမျှမှုကနေ စတင်ခဲ့တာပဲ။
ကိုယ့်ရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့သူကို ရှာဖွေတာဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့ ဒီလိုမျိုး ကိစ္စက နည်းနည်းတော့ ရယ်စရာကောင်းတယ်။ မိန်းကလေးရဲ့ အခြေအနေကို ငါ ဂရုမစိုက်ပေမဲ့၊ ငါ့ရဲ့ အခြေအနေတွေကြောင့် အဲ့ဒီမိန်းကလေးက ငါ့ကို စွန့်ခွာသွားတာကိုတော့ ငါ ဂရုစိုက်မိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအချိန်တုန်းက ငါ ချန်းရော့ယွီကို မမြင်ရသေးပေမဲ့ ငါနဲ့ သူမကြားက ဆက်ဆံရေးဟာ မဖြစ်နိုင်ဘူးလို့ ကြိုတင် ဆုံးဖြတ်ထားခဲ့ပြီးသား။ သူမ ငါ့ကို ခဏတာ လိုက်ပြီးနောက်မှာတော့ သူမနဲ့ ပိုလို့တောင် မဖြစ်နိုင်တော့ဘူးလို့ ငါ ခံစားရတယ်။ ပြီးမှ သူမက မရှင်းမလင်း ပျောက်ကွယ်သွားတယ်၊ ပြီးတော့ မရှင်းမလင်း စိန်ခေါ်လာပြန်တော့ ပိုလို့တောင် မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။
အဲ့ဒီနောက်တော့ သူမက သူမရဲ့ အာမခံဖောက်သည်ကို လာတွေ့ဖို့ ဆေးရုံရောက်လာတယ်။ ငါ တမင်တကာ သူမကို လမ်းပိတ်ပြီး ဆုံးမဖို့ လုပ်ခဲ့တယ်။ နောက်ဆုံးတော့ သူမက စကားကြီးစကားကျယ်တွေ ပြောပြီး ရှုပ်ထွေးနေတဲ့ ဥပမာတစ်ခုကို ပေးခဲ့တယ်။ ငါ ဗိုက်နာအောင် ရယ်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းကလည်း ငါတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေး ဖြစ်လာနိုင်ချေရှိမယ်လို့ ငါ မတွေးခဲ့မိသေးဘူး။
အဲ့ဒီနောက်တော့ သူမ ဆေးရုံတက်ရပြီး ငါ့ရဲ့ လူနာဆောင်ထဲကို ရောက်လာခဲ့တယ်။
ဒီတစ်ခါတော့ သူမ ဖျားနာတာ မဟုတ်ဘူး။ သူမ အရိုက်ခံရပြီး ဒဏ်ရာရခဲ့တယ်။သူမကို လူနာတင်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရတာ။ နောက်မှ ငါ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိလိုက်ရတယ်။ ဒီငတုံးမလေး၊ သူမရဲ့ ဖောက်သည်ကြောင့် သက်သေရှာဖို့ သွားခဲ့တာ၊ နောက်ဆုံးတော့ ဒီလို အခြေအနေမျိုး ဖြစ်သွားခဲ့တာတဲ့လေ။
အဲ့ဒီညက သူမ အဖျားကြီးပြီး သတိမေ့မြောသလို ဖြစ်နေတယ်။ ငါ တမင်တကာ တာဝန်ကျပြီးတော့ သူမကို ကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ သူမ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ ဉာဏ်ရည်ကို ငါ လက်မခံနိုင်ပေမဲ့ သူမရဲ့ တရားမျှတမှုနဲ့ သတ္တိကိုတော့ ချီးကျူးမိတယ်။ ပိုပြီးတော့ သူမက ကောင်းယွီလန်ရဲ့ သူငယ်ချင်းကောင်းလည်း ဖြစ်နေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံမှာ တစ်ယောက်တည်း လှဲနေရတဲ့ အမျိုးသမီးတစ်ယောက်ကို ဆရာဝန်တစ်ဦးအနေနဲ့ ငါ လျစ်လျူရှုလို့ မရဘူးလေ။
ချန်းရော့ယွီမှာ ပြောစရာ စကားတွေ အများကြီး ရှိနေခဲ့တယ်။ အထူးသဖြင့် သူမ အဖျားရှိန်နဲ့ သတိလစ်သလို ဖြစ်နေချိန်ပေါ့။ သူမက ငါ့လက်ကို ကိုင်ပြီး တရစပ် ပြောနေခဲ့တယ်။ သူမ မိသားစုက သူမအပေါ် စိတ်ပျက်ရတာကို အရမ်းဝမ်းနည်းမိကြောင်း၊ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားပြီး အလုပ်ကြိုးစားခဲ့ကြောင်း ပြောပြတယ်။ သူမ ကောင်းယွီလန်အကြောင်းလည်း ပြောခဲ့တယ်။ သူမက သတ္တိမရှိတာ၊ ပြဿနာဖြစ်မှာကို ကြောက်တာကြောင့် သူမကို မတရားခံရအောင် ဖြစ်စေခဲ့တယ်လို့ ပြောတယ်။ သူမ ငါ့အကြောင်းလည်း ပြောခဲ့တယ်။ ကငါ့ကို စနောက်တာတွေအတွက် ဆူပူတယ်။ သူမ မကောင်းဘူးလို့ သူနာပြုတွေကို ပြောခဲ့တဲ့အတွက် အပြစ်တင်တယ်။ သူမ ငါ့ကို လိုက်ခဲ့ပေမဲ့ ဒါက ငါ သူမကို အထင်သေးခွင့် မရှိဘူးလို့ ပြောခဲ့တယ်။
သူမ စကားတွေ အဆုံးမသတ်ဘဲ ပြောနေခဲ့တယ်။
ဒီအဖျားကျဆေး ထိုးထားတာတောင် သူမ ဘာလို့ ပါးစပ်မပိတ်တာလဲလို့ ငါအံ့သြမိတယ်။
ငါ စဉ်းစားလိုက်တယ်။ သူမ ပထမဆုံး ပျောက်ကွယ်သွားတာဟာ ဒီကဲ့ရဲ့စကားကို ကြားခဲ့ရလို့ပဲ။ ဒါဆို သူမ ငါ့ကို ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောဆိုခဲ့တာဟာ မကျေနပ်မှုကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် သူမ တောင်းပန်ခဲ့တာ ဖြစ်ပေမဲ့ "ကိုယ်ဘာသာ ပြန်ဆန်းစစ်ပါ" လို့ပါ ပြောခဲ့တာကိုး။
ဒီလို ဖြစ်ခဲ့တာကိုး။
ဒီလိုဆိုရင် ငါကလည်း သဘောထားသေးသိမ်တဲ့သူ မဟုတ်ပါဘူး၊ ဒီလိုသေးငယ်တဲ့ ကိစ္စလေးကို သူမနဲ့ အကြာကြီး အငြင်းမပွားဘူး။ ငါက စိတ်သဘောထား ကြီးမားတဲ့သူမလို့ အချိန်ရရင် သူမနဲ့ ကောင်းကောင်း စကားပြောဖို့ ဆုံးဖြတ်ခဲ့တယ်။
အစပိုင်းမှာတော့ ငါတို့ရဲ့ စကားပြောဆိုမှုက ချောမွေ့ခဲ့တယ်။ ငါ သူမနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းပေးခဲ့တယ်။ ငါ ရိုးရိုးသားသားပဲ ပြောပြခဲ့တယ်—ငါတို့ သူငယ်ချင်းအဖြစ်ပဲ ဖြစ်နိုင်ချေရှိတယ်ဆိုတာကို။ သူမရဲ့ အမူအရာကို ကြည့်ရတာ လက်ခံလိုက်သလိုပဲ။ အရမ်းကောင်းတယ်။ သူမက ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ပါ၊ သူမနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်တော့ ငါ ပျော်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ငါ မထိန်းချုပ်နိုင်တော့ဘဲ စကားအနည်းငယ်နဲ့ သူမကို ဆုံးမခဲ့တယ်။ တကယ်တော့ သူမက ဆုံးမခံထိုက်တယ်။ မိန်းကလေးတစ်ယောက်က သက်သေအထောက်အထားအတွက် ရန်ပွဲထဲ ဝင်ပြီး ရိုက်နှက်ခံရကာ ဆေးရုံရောက်လာတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သတ္တိရှိတာ ကောင်းတယ်။ ဒါပေမဲ့ ဉာဏ်မရှိရဘူးလား? သူမရဲ့ ဉာဏ်ရည်က ငါ့ကို တကယ်ပဲ ဆက်ကြည့်ဖို့ မတတ်နိုင်အောင် ဖြစ်စေတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သူမကို သေသေချာချာ ဂရုစိုက်သင့်ပါတယ်။
ဒါပေမဲ့ ငါ ဆုံးမနေတုန်းမှာပဲ သူမရဲ့ မျက်နှာအမူအရာက ရုတ်တရက် အရမ်းထူးဆန်းသွားခဲ့တယ်။ အဲ့ဒီလို ထူးဆန်းတာကို ဘယ်လိုစကားလုံးမျိုးနဲ့ ဖော်ပြရမှန်း ငါ မသိဘူး။
အချုပ်ပြောရရင်တော့ ရလဒ်ကတော့ သူမ ရုတ်တရက် လှည့်ပြီး ပြေးထွက်သွားခဲ့တာပဲ။
ဟေ့၊ ငါ စကားပြောနေတုန်းလေ၊ ဘာလို့ ထွက်ပြေးတာလဲ၊ ဒါက အရမ်း ယဉ်ကျေးမှုမရှိဘူးဆိုတာ မင်း သိရဲ့လား?
သူမ မသိဘူး။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ စကားဝိုင်းကနေ ထွက်ပြေးရုံသာမကဘဲ ဆေးရုံကနေပါ ထွက်ပြေးသွားခဲ့လို့ပဲ။
သူမက တကယ့်ကို ဘယ်လိုပြောရမလဲ၊ ငါ တစ်ခါမှ မတွေ့ဖူးတဲ့ အထူးဆန်းဆုံး မိန်းကလေးနဲ့ တာဝန်အမဲ့ဆုံး လူနာပဲ။
ခံစားချက်တွေရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ ပုံမှန်အားဖြင့် ဘယ်လို စတင်လေ့ရှိလဲ? ရင်သပ်ရှုမောစရာ ပထမတစ်ချက် မြင်လိုက်ရခြင်းလား? အသံ ဒါမှမဟုတ် ရုပ်ရည်ကို စွဲဆောင်ခံရခြင်းလား? ဒါမှမဟုတ် သဘောတူညီတဲ့ စကားဝိုင်းတစ်ခု၊ စိတ်ဝင်စားမှု တူညီတာကို ရှာတွေ့ခြင်းလား?
ငါနဲ့ ချန်းရော့ယွီကြားမှာ အဲ့ဒီလို အခြေအနေတွေ တစ်ခုမှ မရှိခဲ့ဘူး။
သူမက တကယ်ကို နားမလည်နိုင်အောင် ထူးဆန်းလွန်းတယ်ဆိုတာကိုပဲ ငါ မှတ်မိနေခဲ့တယ်။ ပြီးတော့ ဆရာဝန်တစ်ဦးအနေနဲ့ ဒဏ်ရာရထားရက်သားနဲ့ အဲ့ဒီလို ထွက်ပြေးသွားတာကို နည်းနည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ အဲ့ဒါက သူမအပေါ် ငါရဲ့ ခံစားချက်တွေ စတင်ခြင်း မဟုတ်ဘူးဆိုတာ ငါ သေချာတယ်။သူမ နောက်ပိုင်း ပျောက်သွားတဲ့အခါ ငါ နည်းနည်းတော့ စိုးရိမ်မိခဲ့ပေမဲ့ပေါ့။
သူမကို ပြန်တွေ့တဲ့အခါ နည်းနည်း စိတ်တိုမိခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက ငါက ချန်းရော့ယွီကို သူငယ်ချင်းတစ်ယောက်အနေနဲ့ စိုးရိမ်ခဲ့တာကို ငါ သိတယ်။
ငါက သူငယ်ချင်းဖြစ်ပြီး သူမကို အများကြီး ကူညီခဲ့ဖူးတာမလို့ ငါကို ထမင်းကျွေးဖို့ တောင်းဆိုခဲ့တယ်။ ဘာလို့ မရမှာလဲ?
သူမ အသံက နင်သွားပြီး မျက်နှာက မချေမငံနဲ့ မကျေမနပ်ဖြစ်နေတယ်။ သူမရဲ့ သေးသိမ်တဲ့စိတ်က အဲ့ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားခဲ့ပြီး ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ မတတ်သာတော့တဲ့အတွက် မချေမငံနဲ့ သဘောတူခဲ့တယ်။ သူမရဲ့ ပုံစံက ငါ့ကို ပျော်ရွှင်စေတယ်။ ငါနဲ့ ရင်းဇယ်တို့ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတွေကို ပေါင်းပြီး အနိုင်ကျင့်တုန်းက ပျော်ရွှင်မှုမျိုးပေါ့။
သို့သော်လည်း ချန်းရော့ယွီက ငါ့ရဲ့ အလယ်တန်းကျောင်းသူငယ်ချင်း မဟုတ်ခဲ့ဘူး။ သူမ ငါ့ကို မဆူဘူး၊ ပြန်လည်း မရန်ဖြစ်ဘူး။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး လိုက်နာနေပုံရပေမဲ့ သူမရဲ့ မျက်လုံးထဲမှာ မကျေနပ်မှုနဲ့ ခုခံမှုကို ငါ မြင်နိုင်ခဲ့တယ်။ ငါ စိတ်ထဲမှာ နည်းနည်းတော့ မျှော်လင့်မိတယ်—သူမ နောက်ပိုင်း ဘယ်လို ဖြစ်လာမလဲဆိုပြီး သိချင်ခဲ့တယ်။
သူမရဲ့ လှည့်ကွက်တွေက ငါ့ရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့တယ်။
သူမ ဘယ်လိုများ ဒီလို စဉ်းစားနိုင်ခဲ့တာလဲ?
ဒီလို အတုအယောင်၊ အရမ်းချိုမြိန်တဲ့ မက်ဆေ့ချ်နဲ့ ငါ့ကို ရွံရှာအောင် လုပ်တာ!
ငါ သူမကို ညစာ ဖိတ်ခိုင်းရုံသက်သက်ပါပဲ။ ဒါပေမဲ့ အရေးပေါ် ခွဲစိတ်မှုကြောင့် အချိန်မီ မရောက်နိုင်တော့တာနဲ့ မစောင့်ဘဲ ပြန်ဖို့ သူမကို မက်ဆေ့ချ် ပို့ခိုင်းဖို့ သူနာပြုထန်ကို အကူအညီ တောင်းခဲ့တယ်။ ရလဒ်ကတော့ ဘာလဲ? သူမက သုံးနှစ်လောက် ရည်းစားဖြစ်ပြီး အတူနေနေတဲ့ ပုံစံမျိုး ချစ်ခင်ရင်းနှီးမှု အပြည့်နဲ့ အသည်းယားစရာကောင်းတဲ့ အသံနဲ့ မက်ဆေ့ချ် ပြန်ပို့လိုက်တယ်။
ချန်းရော့ယွီ.......ချန်းရော့ယွီ မင်းရဲ့ စိတ်ထဲမှာ ဘာတွေများ ရှိနေတာလဲ?
အခုတော့ ငါ စိတ်ရှုပ်ထွေးနေပြီ။
ငါ သူမကို စိန်ခေါ်ခဲ့တာလား၊ ဒါမှမဟုတ် သူမက ငါ့ကို စိန်ခေါ်ခဲ့တာလား?
အဲ့ဒီနေ့က ငါ တက္ကသိုလ်ကျောင်းသားတွေပြန်လည်ဆုံဆည်းပွဲကို သွားခဲ့တယ်။ သူငယ်ချင်းဟောင်းတစ်ယောက်က ချီယောင်အကြောင်း ပြောလာပြီး ငါ ဘာလို့ ဒီလောက်ကြာအောင် ရည်းစားမထားတာလဲ၊ သူမကို စောင့်နေတာလားလို့ မေးခဲ့တယ်။
ငါ မထိန်းနိုင်ဘဲ လှောင်ပြောင်ပြီး ပြန်ဖြေလိုက်တယ်။
"ငါ့အတွက် စောင့်နေဖို့ထိုက်တန်တဲ့ မိန်းမတွေထဲမှာ ချီယောင်ကတော့ သေချာပေါက် မပါပါဘူး"
ငါ သိတယ်။ အမျိုးသမီးတွေက ယောက်ျားတွေအပေါ်မှာ ငွေ၊ ကား၊ အိမ်၊ ရုပ်ရည်၊ စရိုက် စတဲ့ လိုအပ်ချက်တွေ အများကြီး ရှိတတ်ကြတယ်။ အမျိုးသားတွေရဲ့ အမျိုးသမီးတွေအပေါ် လိုအပ်ချက်တွေကလည်း နည်းနည်းနောနော မဟုတ်ဘူး။ ဒါပေမဲ့ တကယ်တော့ ငါ့လိုအပ်ချက်က အရမ်းနည်းတယ်။ ငါ့ရဲ့ နှလုံးသားကို ပျော်ရွှင်အောင် သူမ စွမ်းဆောင်နိုင်ဖို့နဲ့ ငါနဲ့ အတူရှိဖို့ သန္နိဋ္ဌာန်ချထားဖို့ပဲ ငါ တောင်းဆိုတယ်။
ငါနဲ့ အတူတူ အကြာကြီး မနေနိုင်ဘူးဆိုရင် အချိန်မဖြုန်းနဲ့။
ငါ ရုတ်တရက် ချန်းရော့ယွီ ငါ့ကို လိုက်နေတုန်းက ဘာတွေတွေးနေလဲဆိုတာကို သိချင်လာခဲ့တယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်တဲ့အခါ နောက်တစ်ဆင့်ကို တွေးသလား? ရေရှည်တည်တံ့ဖို့ တွေးသလား? နောက်ပိုင်းမှာ ကြုံလာမယ့် ပြဿနာတွေကိုရော တွေးသလား?
ဒါပေမဲ့လည်း ချန်းရော့ယွီဆိုတဲ့ ဒီမိန်းကလေးက နည်းနည်း ထူးဆန်းတယ်၊ တခြားသူတွေနဲ့ မတူဘူး။ ဒါကြောင့် သူမကိုပဲ မေးသင့်တယ်။
ငါ ရုတ်တရက် သိချင်စိတ် ပေါ်လာခဲ့တယ်။
သူမကို ငါ တွေ့ချင်လာခဲ့တယ်။
အခွင့်အရေးက မကြာခင် ရောက်လာခဲ့တယ်။ ရှောင်ယွင်ရဲ့ ကြိုဆိုပွဲ ဧည့်ခံပွဲ။ ပုံမှန်ဆိုရင်တော့ ငါ မတက်ရောက်နိုင်ဘူး။ ဒါကြောင့် ရင်းဇယ် ဖုန်းခေါ်လာတုန်းက ဖိတ်ကြားမှုကို ငါ ငြင်းလိုက်တယ်။ ဘာပဲဖြစ်ဖြစ် လဲ့ဖုန်းနဲ့ ရှောင်ယွင်တို့က ငါနဲ့ ရင်းနှီးကြတော့ သူတို့နဲ့ တွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်လေ။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော် လဲ့ဖုန်းကို ဖုန်းဆက်လိုက်တော့ ချန်းရော့ယွီ အဲ့ဒီမှာ ရှိမယ်လို့ သူက ပြောတယ်။ အဲ့ဒါကြောင့်...
လဲ့ဖုန်းကို တွေ့ဖို့က အရမ်းလွယ်တယ်၊ ဒါပေမဲ့ ချန်းရော့ယွီကို တွေ့ဖို့ အခွင့်အရေးက သိပ်မများဘူး။ ငါ့မှာ သူမနဲ့ ရှင်းစရာ ကိစ္စတချို့ ရှိနေသေးတယ်၊ သူမကို မေးစရာ မေးခွန်းတွေလည်း ရှိနေသေးတယ်။ ပြီးတော့ အဲ့ဒီလူက သူမရဲ့ မိသားစုကို မဆက်သွယ်သေးဘူးဆိုတဲ့ ခံစားချက်လည်းငါ့မှာ ရှိတယ်။ သူမရဲ့ စရိုက်နဲ့ဆိုရင် တစ်စုံတစ်ယောက်က တွန်းအားပေးဖို့ လိုအပ်တယ်။ ဥပမာ၊ ငါ့လိုမျိုး ကြင်နာတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။
တကယ်တော့ လူအချင်းချင်းကြားမှာ အလဟဿ ဖြစ်တဲ့ တွေ့ဆုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး။ ဘာမှ မဖြစ်ခဲ့ရင်တောင် တစ်ခုခုတော့ ရရှိမှာ သေချာတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် ကိုယ် သတိမထားမိတာမျိုးပဲ ရှိတယ်။
ဒါ့အပြင် ငါ ချန်းရော့ယွီကို တွေ့တဲ့အခါတိုင်း တစ်ခုခု ဖြစ်တတ်တယ်။ သူမက ဘယ်သွားသွား ရှက်စရာကောင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်တတ်တဲ့ မိန်းကလေးပဲ။
ဒီတစ်ခေါက် သူမနဲ့ တွေ့တဲ့အခါ ငါတို့ ကားမတော်တဆမှုကို မျက်မြင်တွေ့ခဲ့ပြီး အတူတူ ကယ်ဆယ်ရေး လုပ်ခဲ့ရတယ်... မဟုတ်ဘူး၊ လူတွေကို ငါ ကယ်ခဲ့တာ၊ သူမကတော့ သတိလစ်သွားခဲ့တယ်။
သူမမှာ တကယ်တော့ သွေးမြင်ရင် ကြောက်တတ်တဲ့ ရောဂါရှိတယ်။
သူမမှာ တကယ်ပဲ ပြဿနာတွေ အများကြီးရှိနေတော့တာပဲ!
ကံကောင်းစွာနဲ့ ငါက ဆရာဝန်ဖြစ်နေတာမလို့ မတုန်လှုပ်ခဲ့ဘူး။ သူမကို ဆေးရုံခေါ်သွားတဲ့အခါ ငါ တွေးမိတယ်။ ငါတို့ရဲ့ တွေ့ဆုံမှု ၉၀% လောက်က ဆေးရုံမှာပဲ ဖြစ်နေတာကိုး။
ဒါကို ကံကြမ္မာလို့ သတ်မှတ်လို့ရမလား?
ချန်းရော့ယွီကို စနောက်ရတာ အရမ်း ပျော်စရာကောင်းတဲ့ ကိစ္စပဲ။ ဘာလို့လဲဆိုတော့ သူမက ငါ့ကို အမြဲတမ်း မျက်စောင်းထိုးကြည့်တယ်။ သူမရဲ့ မျက်နှာက ပူလောင်ပြီး ရေနွေးအိတ်လေးတစ်လုံးလို ဖြစ်လာတယ်။ သူမက ငါ့ကို "လာစမ်းပါ၊ လာစမ်းပါ၊ ကျွန်မကို လာစနောက်ဖို့ ရဲလား" ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတာ။
ငါကတော့ လူတစ်ယောက်က စိန်ခေါ်လာရင် လုံးဝ မတွန်းလှန်နိုင်တဲ့ လူစားမျိုးပဲ။
ဒီတစ်ခါလည်း သူမ မရှင်းမလင်းနဲ့ ဒေါသထွက်နေပြန်ပြီ။ အခု ဘာကိုများ ဒေါသထွက်နေတာလဲ?
ငါ သူမကို ဘာလုပ်မိလို့လဲ? ငါ ဘာမှ မလုပ်ခဲ့ဘူးဆိုတာ သိသာပါတယ်။
ငါ ချိန်းထားတဲ့နေရာကို မသွားနိုင်ခဲ့ဘူး၊ ဒါပေမဲ့ မစောင့်ဖို့ လူတစ်ယောက်ကိုတော့ ပြောခိုင်းခဲ့တယ်။ သူမရဲ့ သွေးကြောက်တဲ့ရောဂါထွက်ပေါ်လာအောင် ငါ လုပ်ခဲ့တာ ဖြစ်သွားခဲ့ပေမဲ့ ငါ ဒါကို မသိခဲ့ဘူးလေ။ ဒါကြောင့် ငါ အပြစ်ကင်းတယ်။ ဒါ့အပြင် သူမကို ငါ ကယ်ဆယ်ခဲ့ပြီး ဆေးရုံကို ပြန်ပို့ပေးခဲ့သေးတယ်။ ငါ သူမကို စနောက်ခဲ့တာမှန်ပေမဲ့ သူမက ငါ့ကို အရင် စိန်ခေါ်ခဲ့တာ။
ဆန့်ကျင်ဘက်အနေနဲ့ သူမက ငါ့အပေါ် ဉာဏ်ရည်နည်းပြီး စိတ်ခံစားမှု ညံ့ဖျင်းတဲ့ လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့တယ်။ ဒီအတွက် ငါ သူမကို အပြစ်မတင်ခဲ့ပါဘူး။ ဒါဆို သူမ ဘာကို ဒေါသထွက်နေတာလဲ?
ချန်းရော့ယွီရဲ့ အခန်းဖော်က ဆေးရုံထဲမှာ ငါ့ရှေ့မှာ သူမ ရှိနေကြောင်း သိသာအောင် ဟန်လုပ် လှုပ်ရှားနေတာကို စတင်ခဲ့တယ်။ ငါ ချန်းရော့ယွီကို ရှာဖို့ အချိန်မရခဲ့ဘူး၊ ဒါကြောင့် ဖုန်းကနေတစ်ဆင့်ပဲ သူမရဲ့ ရှိနေတာကို ရှာနိုင်ခဲ့တယ်။
ငါ လဲ့ဖုန်းကိုလည်း ချန်းရော့ယွီရဲ့ တိုက်ခိုက်ခံရမှု ကိစ္စက မအောင်မြင်သေးဘူးဆိုတာ ပြောပြပြီး ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ ဘာလို့ ငါ သိလဲဆိုတော့ ငါ ဂရုစိုက်မိသွားလို့ပဲ။ လျန်စီးစီးက ငါ့ရဲ့အကြိုက်တွေကို လာမေးတော့ ငါက သူမကတစ်ဆင့် ချန်းရော့ယွီအကြောင်းကို ပြန်မေးခဲ့တယ်။
ငါ ချန်းရော့ယွီ ဂရုစိုက်နေမိပြီ။
ငါ အန္တရာယ်ရှိတဲ့ အချက်ပြမှုတစ်ခုကို စတင်ခံစားမိလာခဲ့တယ်။
ဒွိဟချစ်သံယောဇဉ်:
မုန့်ကုဘက်မှရှုထောင့်(၄)
(Second Version)
သေချာတာပေါ့ ဗလာဖြစ်နေတာ အချိန်ကြာလွန်းတဲ့အခါ ယောက်ျားတစ်ယောက်က အထီးကျန်တယ်လို့ ခံစားရတတ်တယ်။ အထီးကျန်တဲ့ ယောက်ျားကအမှားလုပ်ဖို့ လွယ်ကူတယ်။ ဥပမာ၊ မိန်းကလေးတွေကို မလေးမစား စနောက်တာမျိုးပေါ့။ စနောက်ရာကနေ သူမကို စတင် ဂရုစိုက်မိလာတယ်။ ဂရုစိုက်ပြီးတဲ့နောက်မှာရော ဘာဖြစ်လာမလဲ?
ဒီ ဖြစ်နိုင်ခြေက ငါ့ကို သတိထားမိစေခဲ့တယ်။
ချန်းရော့ယွီက တကယ်တော့ နားလည်ဖို့ အရမ်းလွယ်ကူတဲ့ မိန်းကလေးတစ်ဦးပါ။ သူမကို နည်းနည်းလောက် နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံလိုက်ရင် သူမ မျက်တောင်ခတ်လိုက်ပြီး မျက်လုံးတွေက နည်းနည်း တောက်ပလာတယ်။ သူမကို နည်းနည်း ကြမ်းတမ်းစွာ ဆက်ဆံလိုက်ရင် နှုတ်ခမ်းကို စေ့ပြီး မျက်နှာကို မဲ့ပြတယ်။ သူမရဲ့ နဖူးပေါ်မှာ မကျေနပ်မှုနဲ့ ဒေါသကို စာလုံးပေါင်းပြီး ရေးထားသလိုပဲ။ သူမကို အလျှော့ပေးပြီး အခွင့်အရေးလေး နည်းနည်း ပေးလိုက်ရင် မျက်လုံးတွေကို လွှဲသွားပြီး ပါးစပ်ထောင့်လေးတွေ ကွေးနေတတ်တယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက် ပျော်ရွှင်နေလဲဆိုတာကို အမြဲတမ်း ဖုံးကွယ်ထားချင်ပေမဲ့ မဖုံးကွယ်နိုင်ဘူး။
သူမက နှမြောတွန့်တိုတတ်ပေမဲ့ ရိုးသားတယ်။ စိုးရိမ်ပူပန်တတ်ပြီး အကြောက်ကြီးပေမဲ့ သတ္တိရှိပြီး ဖြောင့်မတ်တယ်။
ငါ သူမကို အရမ်း အာရုံစိုက်နေမိတာလား? ဒါက နည်းနည်း အန္တရာယ်ရှိတယ်လို့ ငါ တကယ် ခံစားလိုက်ရတယ်။
ဒီလိုဖြစ်တာ မကောင်းဘူး။ အချိန်ဆွဲတာ ငါ့စတိုင်မဟုတ်ဘူး။ ဒါ့အပြင် ချန်းရော့ယွီက စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်ရှိသလို သတိလည်း ထားတတ်တဲ့သူ၊ ချီယောင်ထက်တောင် ပိုပြီး ကိုင်တွယ်ရခက်တဲ့ ဘေးအန္တရာယ်မျိုး ဖြစ်နိုင်တယ်။ ငါ့ရဲ့အတွေ့အကြုံကနေ သင်ခန်းစာ ရခဲ့ပြီးသား။ ဒီလို အခြေအနေတွေနဲ့ စရိုက်မျိုးရှိတဲ့ မိန်းကလေးတွေက ငါ့အတွက် မသင့်တော်ဘူးဆိုတာ ငါ သိသာနေတယ်။ ငါ သတိရှိသင့်တယ်။
စကားမစပ်၊ အရေးအကြီးဆုံးကတော့ ချန်းရော့ယွီက ငါ့ကို မချစ်ဘူး။
သူမ ငါ့ကို မချစ်ဘူးဆိုတာကို ငါ မှတ်မိလိုက်တယ်။
နောက်ပိုင်းတော့ ချန်းရော့ယွီရဲ့ ကိစ္စက ဖြေရှင်းသွားပြီး သူမ နစ်နာကြေးလည်း ရခဲ့တယ်။ ဒါပေမဲ့ ဒီ အသိတရားမရှိတဲ့လူက လဲ့ဖုန်းကို ညစာ ဖိတ်ကျွေးခဲ့ပေမဲ့ ငါ့ကိုတော့ မဖိတ်ဘူး။ ငါ့ကို ဖုန်းနဲ့ပဲ ရှင်းဖို့တောင် ရည်ရွယ်ခဲ့သေးတယ်။
ချန်းရော့ယွီ......အာ......ချန်းရော့ယွီ ဒါက မင်း ငါ့ကို စိန်ခေါ်တာ မဟုတ်ဘူးလား? မင်း ငါ့ကို ဒုက္ခပေးဖို့ လာရှာအောင် တမင်တကာ စိန်ခေါ်နေတာ မဟုတ်ဘူးလား?
ငါက ကိုယ့်ကိုယ်ကို ထိန်းချုပ်ချင်နေပေမဲ့ သူမက စိန်ခေါ်ရမယ့် ကိစ္စတွေချည်းပဲ လုပ်နေတယ်။ တကယ်တော့ ငါ သူမကို ထပ်တွေ့ချင်တယ်။ သူမရဲ့ မျက်လုံးထဲမှာ ငါ့အပေါ် ချစ်ခင်မှု ရှိ၊ မရှိဆိုတာ သေချာချင်တယ်။
လူတွေ တွေ့ဆုံတိုင်း အမြတ်တစ်ခုခု ရခဲ့တယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား။
ဒီတစ်ခါတော့ သူမရဲ့ မျက်လုံးထဲက ချစ်ခင်မှုကို ငါ ဖမ်းမိလိုက်တယ်။
အဲ့ဒါက သူမ သတိမထားမိဘဲ ပေါ်လာတဲ့ ကြည်လင်တဲ့၊ နူးညံ့တဲ့၊ ဂရုတစိုက်ရှိတဲ့ အကြည့်တစ်ခုပဲ။
သူမ သေချာပေါက် မသိပုံရတယ်။
သူမက လျန်စီးစီးကြောင့် ယောက်ျားတွေရဲ့ လက်လိမ်းခရင်မ်ရောင်းတဲ့နေရာကို ခိုးကြောင်ခိုးဝှက် ကြည့်နေတာပါလို့ ငြင်းတယ်။ သူမက နှမြောတွန့်တိုပြီး ရုတ်တရက် အဆင်မပြေစွာ လှည့်ထွက်သွားပေမဲ့ မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းနေတာက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။
သူမက ငါ့ကို ဥယျာဉ်ပုံစံ စားသောက်ဆိုင်မှာ ချိုမြိန်တဲ့ ညစာ လိုက်ကျွေးမယ်လို့ စနောက်ခဲ့ဖူးတဲ့အတိုင်း အဲ့ဒီမှာ ခေါ်သွားဖို့ ငါ တောင်းဆိုလိုက်တယ်။ သူမ ဘယ်လို လိမ်မလဲဆိုတာ ငါ သိချင်တယ်။
ရလဒ်ကတော့ တကယ်ဖြစ်နေတာပဲ—ဆေးရုံရဲ့ ဥယျာဉ်စတိုင် ဧည့်ခန်းမနဲ့ ချိုမြိန်တဲ့ ပေါင်မုန့်ညစာ။
ငါ့ရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဖို့သာ မဟုတ်ရင် ငါ ရယ်မိမှာ သေချာတယ်။ ဒါက တကယ်ကို ဘယ်လို ဖော်ပြရမှန်းမသိဘူး? သူမရဲ့ ခေါင်းထဲမှာ ဘာတွေများ ရှိနေတာလဲ?
ငါ သူမကို စနောက်နေတုန်းမှာပဲ သူမက အရမ်း လွယ်လွယ်ကူကူ ပြန်တုံ့ပြန်တယ်။ ပထမဆုံးအကြိမ်အနေနဲ့ ငါတို့ နှစ်ယောက် အဆင်ပြေပြေ ထိုင်ပြီး လွတ်လွတ်လပ်လပ် စကားပြောဖြစ်ခဲ့တယ်။ ငါ သူမရဲ့ မျက်လုံးထဲမှာ ခံစားချက်တွေကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ သူမက အရမ်းတည်ငြိမ်ပြီး ငါ့ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေတယ်။ ငါ နည်းနည်း စိတ်ရှုပ်ထွေးသွားတယ်—ငါများ အဓိပ္ပာယ် မှားကောက်ခဲ့တာလား? သူမရဲ့ နှလုံးသားက သူမရဲ့ မျက်လုံးတွေလောက် နွေးထွေးမနေတာလား? ငါ မြင်ခဲ့ရတဲ့ ခံစားချက်တွေက သူမရဲ့ ခံစားချက်တွေ မဟုတ်ဘဲ ငါ့ရဲ့ ခံစားချက်တွေ ဖြစ်နေတာလား?
ငါတို့ တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြတုန်းမှာ ဘယ်ကိုပဲ သွားသွား ဒီမိန်းကလေးက နောက်တစ်ကြိမ် ရှက်စရာ ကိစ္စတစ်ခု ထပ်ကြုံပြန်တယ်။ ငါတို့ ပေါင်မုန့် အတူတူ စားနေတုန်း ကျွန်တော့်အဖေက မြင်သွားခဲ့တယ်။ ငါ့အတွက် ဘာမှ မဖြစ်ပေမဲ့ ချန်းရော့ယွီကတော့ အရမ်း ရှက်သွားခဲ့တယ်။ ဒီအတွက်ကြောင့် သူမ ငါ့လက်ကို ကိုက်လိုက်တယ်။
အကိုက်ခံရတဲ့ လက်က နည်းနည်း နာသွားပေမဲ့ ငါ့နှလုံးသားကလည်း တစ်စုံတစ်ရာ အကိုက်ခံရသလိုမျိုး ခံစားလိုက်ရတယ်။
တကယ်တော့ ဒါက နည်းနည်း အန္တရာယ်ရှိတယ် မဟုတ်ဘူးလား?
ငါ့စိတ်ထဲမှာ သူမ ဘယ်လို မှတ်တမ်းတင်နေလဲဆိုတာကို ငါ ဆက်တိုက် မှတ်မိနေတယ်။ အပြစ်မဲ့တဲ့သူတစ်ယောက်ကို ကိုက်ပြီးနောက် သူမရဲ့ ခြေတိုတိုလေးတွေနဲ့ ရမ်းကားစွာ ပြေးထွက်သွားတဲ့ပုံ၊ နောက်ကနေ ပြေးထွက်သွားတဲ့ သူမရဲ့ ပုံစံဟာ လုံးဝ လှပခြင်း မရှိခဲ့ဘူး။ ရှက်ရွံ့သွားတဲ့အခါ ပွယောင်းနေတဲ့ သူမရဲ့ မျက်နှာ၊ အရမ်းပျော်ရွှင်တဲ့အခါက သူမရဲ့ အမူအရာကို ငါ မှတ်မိတယ်။ သူမရဲ့ ရှက်ရွံ့တဲ့ပုံစံ၊ ငါ့ကို ကြည့်လိုက်တိုင်း သူမရဲ့ မျက်လုံးထဲက အမူအရာတွေကို ကျွန်တော် မှတ်မိနေခဲ့တယ်။
သူမက ငါ့ကို သူမရဲ့ စစ်မှန်တဲ့ မျက်နှာထားနဲ့ ဆက်ဆံခဲ့တယ်။ ဒေါသထွက်တဲ့အခါ ဒေါသကို ပြတယ်၊ သဘောထားသေးသိမ်တဲ့အခါ သေးသိမ်တယ်။ သူမ ငိုတယ်၊ သူမ ရယ်တယ်။ မိတ်ကပ်မလိမ်းဘူး၊ မကျေနပ်တဲ့အခါ ချက်ချင်းပဲ ဆန့်ကျင်ပြောဆိုတယ်။
တစ်ချို့ဆိုရင်... ကောင်းပြီ၊ ငါ စိတ်ကို ငြိမ်အောင် ထားသင့်တယ်။ စိတ်ငြိမ်အောင် ထားပြီး သူမ ဘက်ကပဲ စတင်ပြီး ပြန်လာဖို့ ထားလိုက်တော့မယ်။
ငါ သူမဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်တယ်။ သူမ အသင့်ဖြစ်ရင် ငါ့ကို ပြန်ကိုက်ဖို့ လက်ကို ဆေးကြောပြီး ဖုန်းဆက်ပါလို့ ပြောလိုက်တယ်။
သူမ ပြန်မဖြေခဲ့ဘူး။
ငါ့ကို ဂရုမစိုက်ဘူး။
ငါ့ရင်ထဲမှာ နည်းနည်းတော့ မသက်မသာ ဖြစ်သွားခဲ့တယ်။
သူမသာ ငါ့ကို မရှာဘူးဆိုရင် ငါလည်း သူမကို မရှာဘူးလို့ ငါ ဆုံးဖြတ်ခဲ့တယ်။ ကောင်းပြီ၊ ဒီအတိုင်းပဲ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ငါတို့က သိပ်မသင့်တော်ဘူး။
ငါ့စိတ်ထဲမှာ ဘာတွေ တွေးနေမှန်း ငါ မသိတော့ဘူး။ ငါ တစ်ယောက်တည်းနေတာ ကြာလွန်းနေပြီလို့ ထင်ပါတယ်။ ဒီလိုမျိုး မိန်းကလေးတစ်ယောက် ဒါမှမဟုတ် ဒီလို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဒီလိုမျိုး ဖြစ်နေတာ မကြာသေးဘူး။ ဒါကြောင့် ငါ့ရဲ့ နှလုံးသားက အထီးကျန်ဆန်မှုကြောင့် ဆူညံနေတာ ဖြစ်ရမယ် ဟုတ်တယ်မလား။
ဘာပဲဖြစ်ဖြစ်၊ သူမသာ ငါ့ကို မရှာဘူးဆိုရင် ငါ သူမကို သွားမရှာဘူး။
အဲ့ဒီနေ့မှာ သူမ ငါ့ကို ဖုန်းဆက်ခဲ့တယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာ သူမနာမည်ကို မြင်လိုက်တဲ့အခါ ငါ့ရဲ့ နှလုံးခုန်နှုန်း မြန်လာတယ်။ ဒါပေမဲ့ ဖုန်းကိုင်လိုက်တဲ့အခါ သူမ ပြောတာကတော့ ဘလိုင်းဒိတ်သွားတွေ့နေတယ်၊ တစ်ဖက်လူက သူ့အမေကို ခေါ်လာတယ်၊ သူမမှာ လူကြီးမြင်ရင် ကြောက်တတ်တဲ့ရောဂါ ရှိတယ်၊ သူမ မခံနိုင်တော့ဘူး၊ အကူအညီတောင်းဖို့ ငါ့ကို ခေါ်တာတဲ့။
ဖုန်းပြောနေတဲ့အချိန်မှာ ငါ အရေးကြီးဆုံး အချက်တစ်ချက်ကိုပဲ အာရုံစိုက်မိတယ်။
သူမ ဘလိုင်းဒိတ် သွားတွေ့နေတယ်!
သူမ တကယ်ကြီး ဘလိုင်းဒိတ် သွားတွေ့နေတယ်!
ဒါ့အပြင် ငါတို့ စကားတောင် မဆုံးသေးဘဲ သူမ ဖုန်းချလိုက်တယ်။ သူမ အကူအညီတောင်းဖို့ ခေါ်တာ မှန်ပေမဲ့ ငါ့ကို အရံအနေနဲ့ သုံးနေတာပဲ။
ငါ ဒေါသထွက်သွားတယ်။
သူမ ငါ့ကို စိတ်ရင်းအမှန်နဲ့ မဆက်ဆံဘူး။
မကြာခင်မှာပဲ သူမ ထပ်ခေါ်လာပြန်တယ်။ သနားစရာကောင်းပြီး အကူအညီမဲ့တဲ့ လေသံလေးနဲ့။ မိန်းမတွေရဲ့ သနားစရာပုံစံ ဖန်တီးနိုင်မှုဟာ တကယ့်ကို ပညာရှင်ဆန်လွန်းတယ်။ ငါ့ရဲ့ ဒေါသတွေ အကုန်လုံး ရုတ်တရက် အငွေ့ပျံသွားခဲ့တယ်။
ကောင်းပြီလေ၊ သူမ ဒီလောက် ဒုက္ခရောက်နေမှတော့ ငါ မကူညီဘဲ မနေနိုင်ဘူး။ ဒါ့အပြင် ဒါက သူမကို တွေ့ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်နေတယ်။
ငါ သူမကို သွားရှာပြီး အဲ့ဒီသားအမိနှစ်ယောက်ဆီကနေ ကူညီပြီး ရုန်းထွက်ပေးခဲ့တယ်။ သေချာတာပေါ့၊ ငါ အသုံးပြုခဲ့တဲ့ နည်းလမ်းကို ချန်းရော့ယွီက ကျေးဇူးမတင်ခဲ့ဘူး။ ငါ လိုချင်တာက သူမရဲ့ ကျေးဇူးတင်မှုမှ မဟုတ်တာ။ သူမက ငါ့ကို ဒီလိုလုပ်နေမှတော့ ငါက ဘယ်လိုလုပ် သူမအပေါ် ယဉ်ကျေးနိုင်မှာလဲ?
သူမ ငါ့ကို အပြစ်တင်တယ်၊ ရန်ဖြစ်တယ်၊ ငါ့ရဲ့ စိတ်ခံစားချက်က အရမ်းကောင်းနေခဲ့တယ်။
ဒါပေမဲ့ ငါ သေချာမှု မရှိသေးဘူး။ငါတို့ တစ်ယောက်နဲ့တစ်ယောက် အကြောင်း သိပ်မသိသေးဘူးလို့ ထင်တယ်။ ငါ သုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးတယ်။ ဒီတစ်ကြိမ်က အရမ်း ထူးဆန်းနေပြီး ပိုလို့တောင် မယုံကြည်ရဘူး။ သိသာထင်ရှားစွာပဲ ဒီစုံတွဲက တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူး။ ဘာလို့များ စိုးရိမ်ပူပန်နေရတာလဲ?
ငါက သူငယ်ချင်းမေတ္တာနဲ့ အချစ်ခံစားချက်ကို မခွဲခြားတတ်တော့တာလား?
ငါ စောင့်ကြည့်သင့်တယ်။ သူမကပဲ ဦးဆောင်ပြီး စတင်လာအောင် ငါ ထားလိုက်မယ်။
ငါ သူမကို ရက်အနည်းငယ် ဖုန်းမခေါ်ခဲ့ဘူး။ သူမဆီက ဖုန်းလည်း မဝင်လာခဲ့ဘူး။ ငါ နည်းနည်းတော့ စိတ်မငြိမ်မသက် ဖြစ်နေခဲ့တယ်။ ပထမဆုံး အချစ်ရေးမှာတုန်းက ခံစားခဲ့ရတဲ့ ခံစားချက်ကို ငါ ပြန်သတိရဖို့ ကြိုးစားခဲ့တယ်။ ပြန်မမှတ်မိနိုင်ခဲ့ဘူး။ ဒါဆို ငါ့ရဲ့ လက်ရှိ စိတ်ခံစားချက်က ဘာလဲ?
ရင်းဇယ်က ငါ့ကို ဖုန်းဆက်ပြီး သူတို့ စုဝေးပွဲလုပ်နေတယ်၊ သူငယ်ချင်းတွေ အများကြီး ရောက်နေတယ်လို့ ပြောတယ်။ ငါ တာဝန်ကျနေလို့ သွားဖို့ အချိန်မရခဲ့ဘူး။ ဒီ ရက်စက်တဲ့လူ ရင်းဇယ်က "ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် မင်း အများကြီး လွဲချော်နေတာပဲ" လို့ ပြောတယ်။ ဒီစုဝေးပွဲကို ချန်းရော့ယွီက စပြီး အကြံပေးခဲ့တာပါတဲ့။
ချန်းရော့ယွီ! သူမ ဒီလူအုပ်စုနဲ့ စကားပြောနေတယ်၊ ဒါပေမဲ့ ငါ့ကိုတော့ ဖုန်းဆက်ဖို့ စိတ်မဝင်စားဘူးလား?
ငါ အရမ်း စိတ်ပျက်သွားခဲ့တယ်။
နောက်တစ်နေ့မှာတော့ စုဝေးပွဲကို အကြောင်းပြပြီး သူမကို နှောင့်ယှက်သင့်လား၊ မနှောင့်ယှက်သင့်ဘူးလားဆိုတာ ငါ စဉ်းစားနေခဲ့တယ်။ ဖုန်းဆက်ပြီးရင် ဘာပြောရမလဲ? ဒါမှမဟုတ် မေ့လိုက်သင့်လား? သူမရဲ့ မျက်လုံးထဲက ချစ်ခင်မှုဟာ တကယ်ပဲ ငါ့ရဲ့ စိတ်ကူးယဉ်မှု ဖြစ်နိုင်တယ်။ ငါ မသေချာဘူး။ တကယ်တော့ ငါ့ရဲ့ ခံစားချက်တွေကို ဆုံးဖြတ်မှုက အခုချိန်အထိ မှားယွင်းနေခဲ့တာပဲ။ မဟုတ်ရင် ငါ ဘယ်လိုလုပ် သုံးကြိမ်တိုင်တိုင် ပစ်ပယ်ခံရမှာလဲ?
သူမရဲ့ ခံစားချက်ကို ငါ မဆုံးဖြတ်နိုင်ဘူး၊ ငါ့ရဲ့ နှလုံးသားကိုတောင် ငါ မသိတော့ဘူး။ငါ ဂိမ်းမကစားချင်ဘူး၊ငါ တစ်ယောက်ယောက်ကို တကယ် ချစ်ချင်တယ်။
တစ်နေကုန် ငါ စိတ်ဓာတ်ကျနေခဲ့ပြီး ညရောက်တော့ ချန်းရော့ယွီက ငါ့ကို ဖုန်းဆက်လာခဲ့တယ်။
ဒါပေမဲ့ သူမ ငါ့ကို ရှာလာတဲ့ အကြောင်းရင်းက သူမ ဘလိုင်းဒိတ်ပါတနာရဲ့ ဆွေမျိုးတစ်ယောက်ကို ဒါရိုက်တာလျှိုနဲ့ ပြသဖို့ ချိန်းဆိုမှု ရရှိအောင် ကူညီပေးဖို့ ဖြစ်နေတယ်။
ချန်းရော့ယွီ.......အာ...... ချန်းရော့ယွီ မင်းရဲ့ ခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ?
ဒါပေမဲ့ သူမနဲ့ စကားပြောနေရတဲ့အခါ ငါ ဘာလို့ ဒီလောက် ပျော်နေရတာလဲ? စကားများနေတာ၊ အရေးမပါတဲ့ စကားတွေ ပြောနေရင်တောင် ငါတို့ နှစ်ယောက် အမြဲတမ်း စကားဆက်ပြောနေနိုင်တယ်လို့ ခံစားရတယ်။
တမင်တကာ ပြောစရာ ခေါင်းစဉ် ရှာနေစရာမလိုဘူး၊ သူမကို လိုက်လျောညီထွေဖြစ်အောင် ငါ့ရဲ့ ပြောဆိုပုံကို ပြင်ဆင်နေစရာ မလိုဘူး။ ဒါကို ဘုံစကားပြောစရာ ရှိခြင်းလို့ သတ်မှတ်လို့ရတယ် မဟုတ်လား?
ငါ ချန်းရော့ယွီကို နောက်တစ်ကြိမ် ညစာ ဖိတ်ကျွေးဖို့ ထပ်တောင်းဆိုလိုက်တယ်။ ဒါက သူမနဲ့ တွေ့ဖို့ ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ ထင်ပါရဲ့။ သူမနဲ့ မတွေ့တာ ဘယ်လောက်ကြာသွားပြီလဲ?
ဒီတစ်ခါလည်း ဘယ်သွားသွား ရှက်စရာကောင်းတဲ့ ကိစ္စမျိုးတွေ ကြုံတတ်တဲ့ ဒီမိန်းကလေးက လှည့်ကွက်အသစ်တစ်ခု ထပ်လုပ်လာခဲ့ပြန်ပြီ။
သူမရဲ့ အတွေးအခေါ်ပုံစံနဲ့ ဟာသဉာဏ်က တကယ့်ကို အံ့ဩစရာကောင်းတယ်။ ခြေသည်းလက်သည်းတစ်ဘူးနဲ့ ငါ့ကို ကိုင်တွယ်ဖို့ သူမ ဘယ်လိုများ စဉ်းစားနိုင်ခဲ့တာလဲ? ဒီအစီအစဉ် ဘယ်လို ဖြစ်လာတာလဲ? သူမက ငါ့ကို ရန်လိုတဲ့ အမူအရာတွေ လုပ်စေချင်တာလား?
သူမက တကယ် ရယ်စရာကောင်းပြီး ချစ်စရာကောင်းတယ်။
ငါ့နှလုံးသားက ခုန်နေခဲ့တယ်။ ငါ့စိတ်ထဲမှာ သူမကို ထည့်ထားရင်း ဘယ်နေရာမှာ ခေါ်သွားကျွေးရမလဲလို့ တွေးနေခဲ့တယ်။ ငါတို့ အခုလို သဘာဝအတိုင်း အဆင်ပြေနေတဲ့ပုံစံကို တကယ် သဘောကျတယ်။ သူမအတွက်လည်း ဒီလိုပဲလို့ ငါ ယုံကြည်တယ်။ သူမ ငါ့ကို ကြည့်နေတဲ့အခါ ခံစားချက်တွေ ပြနေတာကို ငါ မြင်တယ်။
ငါ အထင်မမှားဘူးလို့ ထင်တယ်။ သူမ ငါ့ကို လိုက်တုန်းက ပုံစံနဲ့ အရမ်းကို ကွာခြားတယ်။ သူမ ငါ့အပေါ် တကယ်ကို ချစ်ခင်မှု ရှိနေတာပဲ။
ဒါပေမဲ့ နောက်တော့ သူမက အရင်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူခဲ့ပြီး ငါ့လို ပုံစံဟာ သူမနဲ့ မသင့်တော်ကြောင်း အချက်အလက်တွေက သက်သေပြလာတယ်။ ဒါကြောင့် သူမက တခြား ပုံစံမျိုးစုံ ယောက်ျားတွေကို စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောလာခဲ့တယ်။
ငါ့ခေါင်းပေါ် ရုတ်တရက် ရေအေးပုံးတစ်ပုံး လောင်းချလိုက်သလို ဖြစ်သွားတယ်။
မိန်းကလေး မင်း ငါနဲ့ ကစားနေတာလား?
ဒါဆို မင်း ငါ့အပေါ် လုပ်ခဲ့တဲ့ နားမလည်နိုင်စရာ၊ ရယ်စရာကောင်းတဲ့အရာတွေ အကုန်လုံးက ဘာကို ဆိုလိုတာလဲ? မင်းကို ကူညီဖို့ ငါ့ကို အရင်ဆုံး လာရှာတာ ဘာကိုဆိုလိုတာလဲ? ခံစားချက်တွေ ပြည့်နေတဲ့ စိတ်နေသဘောထား အမူအရာမျိုးကို ငါ့ရှေ့မှာ လွတ်လွတ်လပ်လပ် ပြသတာက ဘာကို ဆိုလိုတာလဲ?
ငါ တစ်ချက်တည်းမှာပဲ စိတ်ပူပန်သွားတယ်။ ငါ မသေချာတော့ဘူး။
တစ်ယောက်ယောက်က ငါ့ကို ချစ်ရင် ငါ အမြဲတမ်း သိမယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါ မသေချာတော့ဘူး။ ငါ မှားနေတာလား? သူမရဲ့ မျက်လုံးထဲမှာ မြင်နေရတဲ့ ချစ်ခင်မှုဟာ တကယ်တော့ ငါ့ရဲ့ ရင်ထဲက ပုံရိပ်ကို ထင်ဟပ်နေတာလား? ငါ လက်ခံချင်လို့ မြင်နေတာလား? ဒါပေမဲ့ တကယ် မဟုတ်ဘူးလား?
ငါ့မှာမှာ ကိုယ်ထင်ရာ လုပ်ပိုင်ခွင့်၊ ဒေါသထွက်ပိုင်ခွင့် ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် သူမကို သူမ အိမ်ရှေ့မှာ ချပေးလိုက်တယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ သူမရဲ့ လက်ကို ပြန်ကိုက်လိုက်တယ်။ ကိုက်ပြီးမှ သူမ အဲ့ဒီအချိန်က ဘာလို့ ကိုက်ခဲ့လဲဆိုတာ ငါ သိလိုက်တယ်။ ဒေါသကို ပြေပျောက်စေတဲ့နေရာမှာ တကယ်ကို ထိရောက်တာပဲ!
ဒါပေမဲ့ ငါ ပြဿနာကို အပြည့်အဝ မဖြေရှင်းနိုင်သေးဘူး။ ငါ အရက်တစ်ခွက် လိုအပ်နေသေးတယ်။ ဒါကြောင့် ရင်းဇယ်ဆီ သွားပြီး စကားပြောဖို့ ရည်ရွယ်ခဲ့တယ်။ ကား မောင်းထွက်ပြီး မကြာသေးခင်မှာပဲ ချန်းရော့ယွီဆီကနေ ဖုန်းဝင်လာတယ်။ ဒါပေမဲ့ ငါ ကားကွေ့နေတာကြောင့် မကိုင်နိုင်ခဲ့ဘူး။ ဖုန်းမျက်နှာပြင်ပေါ်က သူမနာမည်ကို ကြည့်ရင်း သူမ ဘာပြောမလဲဆိုတာ ခန့်မှန်းနေခဲ့တယ်။
ငါ ကားကို လမ်းဘေး ထိုးရပ်လိုက်တယ်။ ဖုန်းကို ကောက်ကိုင်ပြီး သူမ ပြန်ခေါ်လာမယ့်အထိ မစောင့်တော့ဘဲ ငါ ကိုယ်တိုင် ပြန်ခေါ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ခါတလေကျရင် ဦးဆောင်မှုကို အရူးတစ်ယောက်လက်ထဲ ထည့်ပေးလိုက်တာက လူ့ရဲ့ စိတ်ဓာတ်ကို သတ်ပစ်နိုင်တယ်။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ ငါ ချီယောင်ကို မြင်လိုက်ရတယ်။
သူမက လမ်းဘေးမှာ ရပ်နေပြီး သွယ်လျလှပတဲ့ ပုံစံရှိတယ်။ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ ငါ့ကို မြင်သွားတယ်။ သူမ အရမ်း အံ့ဩသွားသလို ငါလည်း အံ့ဩသွားတယ်။
ငါ ဘာလုပ်ရမလဲ မသိသေးခင်မှာပဲ သူမက ငါ့ဆီ လာပြီး ကားပြတင်းပေါက်ကို ခေါက်တယ်။
"မတွေ့တာ ကြာပြီနော်"
"မင်းနဲ့ တစ်သက်လုံး မတွေ့ရင်တောင် ငါ ဂရုစိုက်မှာ မဟုတ်ဘူး"
အဲ့ဒီနောက် ငါတို့ ဘားတစ်ခုကို အတူတူ သွားခဲ့ကြတယ်။ ချီယောင်က ငါ့ကို လိုက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ငါ မငြင်းခဲ့ဘူး။ နောက်ပိုင်းမှာ ချန်းရော့ယွီက ငါ့ကို ဘာလို့ သွားတာလဲလို့ မေးတော့ ငါ ပြောပြခဲ့တယ်။
"တကယ်တော့ သူ(မ) ဘာပြောချင်လဲဆိုတာကို ကိုယ် နားထောင်ချင်လို့"
ဒါက အမှန်တရားပဲ။ ဒီမိန်းမ ဘာတွေ တွေးနေလဲဆိုတာကို ငါ တကယ် သိချင်ခဲ့တယ်။
သူမ ငါ့ဆီကနေ အပြီးအပိုင် ထွက်သွားတုန်းက "ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြလို့ စောင့်နေဖို့ လိုတယ်" ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကို ချန်ထားခဲ့တာပဲ။ အခု ဘယ်လို မျက်နှာနဲ့ ပြန်လာရဲတာလဲ? အနည်းဆုံးတော့ ငါဆို ဒီလိုမျိုး ဘယ်တော့မှ မလုပ်နိုင်ဘူးလို့ ထင်တယ်။
ငါသာ တစ်ယောက်ယောက်ကို အဲ့ဒီလို ထားခဲ့ရင် "အခု ငါ အသင့်ဖြစ်ပြီ၊ ပြန်ပေါင်းကြစို့" လို့ အရိပ်အမြွက် ပြောဖို့ မျက်နှာပြောင်ပြီး ပြန်လာရဲမှာ မဟုတ်ဘူး။
ချီယောင် ငါ့ကို ထားသွားတုန်းက သူမ "ပြန်လာခဲ့ရင်" ငါ ဘာလုပ်မယ်ဆိုတာကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ဖူးတယ်။ သူမ နောင်တရတာကို မျှော်လင့်ခဲ့တယ်၊ ငါ့လို ကောင်းကောင်းမွန်မွန် မဖြစ်တာကို မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခု တကယ်တမ်း သူမနဲ့ ပြန်တွေ့တဲ့အခါ အဲ့ဒီအတွေးတွေ တစ်ခုမှ မရှိတော့ဘူး။
သူမ နောင်တရတာ၊ မရတာ ငါ့အတွက် ဘာအရေးလဲ? သူမ အဆင်ပြေတာ၊ မပြေတာ ငါ့အတွက် ဘာအရေးလဲ?
သူမက မသက်ဆိုင်တဲ့လူပဲ၊ ဘာကိစ္စလဲ?
ရိုးရိုးသားသားပြောရရင် ဒီတစ်ခါ ချီယောင်နဲ့ စကားပြောဖြစ်တာကို ငါ နည်းနည်း ပျော်ရွှင်ပြီး နည်းနည်း စိတ်တိုခဲ့ရတယ်။ ပျော်ရွှင်တာကတော့ သူမရဲ့ အရိပ်ကနေ ငါ တကယ် လွတ်မြောက်သွားတာကြောင့်ဖြစ်ပြီး စိတ်တိုတာကတော့ သူမရဲ့ မာနကြီးမှုနဲ့ အစွဲအလမ်းကြီးမှုကြောင့်ပဲ။
ဘာလို့ ဒီမိန်းမက သူမရဲ့ အမှားကို သေချာ မမြင်နိုင်တာလဲ? သူမ ဘာတွေများ တွေးနေတာလဲ? သူမက သူမရဲ့ မာနကြောင့် ငါ့ကို ထားသွားခဲ့ပြီး အခု ပြန်လာတာလည်း သူမရဲ့ မာနကြောင့်ပဲ။
တခြားသူတွေက သူမကို ထင်ကြေးပေးတာနဲ့ အထင်သေးတာကို သူမ လက်မခံနိုင်ဘူး၊ ငါ သူမကို မချစ်တော့တာကိုလည်း လက်မခံနိုင်ဘူး။ သူမ ကိုယ့်ကိုယ်ကို ဘယ်သူထင်နေလဲ? ကမ္ဘာတစ်ခုလုံးက သူမကို ဗဟိုပြုပြီး လည်နေရမှာလား?
ချစ်ခြင်းနဲ့ မချစ်ခြင်း၊ ကျိုးကြောင်းဆီလျော်မှုနဲ့ မဆီလျော်မှု။ ကိုယ်က လက်ခံချင်ရင် ကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်ဘူးလား?
ငါ ဝိုင်အများကြီး သောက်ခဲ့ပေမဲ့ မမူးခဲ့ဘူး။ အရမ်း သတိရှိနေခဲ့တယ်။ သူမ ပြောတာကို နားထောင်ခြင်းအားဖြင့် ချီယောင်က သူမ အခု ပြန်လာပြီဆိုတာကို အရိပ်အမြွက် ပြောနေတာကို ငါ သိနိုင်တယ်။ ငါလည်း သူမကို ငါ့ရဲ့ နှလုံးသားထဲကနေ ကန်ထုတ်ပြီးပြီဆိုတာကို သိမ်မွေ့စွာ ပြန်ပြောလိုက်တယ်။ ချီယောင်က အရမ်း ဝမ်းနည်းတဲ့ပုံ ပေါ်ခဲ့ပေမဲ့ ငါလည်း လန်းဆန်းမှု မခံစားခဲ့ရပါဘူး။
သူမနဲ့ လမ်းခွဲပြီး ကားဆီ ပြန်လာတော့ ငါ့ဖုန်းကို မေ့ခဲ့မှန်း သိလိုက်ရတယ်။
ငါ့ဖုန်းမျက်နှာပြင်မှာ မကိုင်လိုက်ရတဲ့ ဖုန်းအကြိမ် ၂၀ ကို မြင်လိုက်ရတယ်။ ဖွင့်ကြည့်လိုက်တော့ တစ်ခုက ရင်းဇယ်ဆီက၊ ကျန်တဲ့ ၁၉ ခုကတော့ ဒီငတုံးမလေး ချန်းရော့ယွီဆီက။
ဖုန်းအကြိမ် ၁၉ ခါ! ငါ တကယ်ကို ရယ်မိသွားတယ်!
မင်းက ဒီပုံစံက မင်းအတွက် မသင့်တော်ဘူးလို့ ပြောခဲ့တယ်။ မင်းက ငါ့အပြင် တခြားယောက်ျားတွေကို စမ်းသပ်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်း သိလား? မင်းက ငါ့အတွက် မသင့်တော်ဘူးလို့ ငါလည်း ထင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ မင်းတစ်ယောက်တည်းကိုပဲ ငါ စမ်းသပ်ချင်တယ်လို့ ခံစားရတယ်။
ဖုန်းအကြိမ် ၁၉ ခါ မကိုင်လိုက်ရဘူး။ မသင့်တော်ဘူးလို့ ပြောခဲ့ပေမဲ့ ဖုန်းက ၁၉ ခါတောင် ဆက်ခဲ့တာ။
ငါ ရင်းဇယ်ကို ဖုန်းခေါ်လိုက်တယ်။ သူက ချန်းရော့ယွီ ငါ့ကို ဆက်လို့မရလို့ အရမ်း စိုးရိမ်ပြီး သူ့ကို ခေါ်ခဲ့တယ်လို့ ပြောတယ်။ ငါ့ကို ဘယ်မှာ သေနေတာလဲ၊ ဘယ်လို ပေါက်တီးပေါက်ရှပ် လှည့်ကွက်မျိုးတွေ ကစားနေတာလဲလို့ သူက မေးခဲ့တယ်။
ဒါက ချန်းရော့ယွီဆီက ဖုန်းတွေပဲလေ၊ ဟုတ်ပြီ၊ ရင်းဇယ်ရဲ့ဟာကိုပါ ထည့်တွက်ရင် ဒါက မင်းရဲ့ ဖုန်းပဲ၊ အကြိမ် ၂၀။
ငါ မစောင့်နိုင်တော့ဘဲ သူမကို သွားတွေ့ဖို့ ကားမောင်းခဲ့တယ်။
ငါ အရက်သောက်ထားပြီး ဒါက မမှန်ဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ မထိန်းနိုင်တော့ဘူး၊ ချန်းရော့ယွီကို မြင်ချင်တယ်ဆိုတဲ့ အတွေးပဲ ငါ့မှာ ရှိနေခဲ့တယ်။
ချန်းရော့ယွီက အရမ်း ဒေါသထွက်နေခဲ့တယ်။ ဒါပေမဲ့ ငါ သနားစရာကောင်းတဲ့ပုံစံ ဟန်ဆောင်လိုက်တာနဲ့ သူမ ပြန်ပြီး စိုးရိမ်လာခဲ့တယ်။ သူမက အရေးကြီးတဲ့ အချက်ကို ဖမ်းဆုပ်ပြီး အကဲဖြတ်တတ်တဲ့ မိန်းကလေး မဟုတ်ဘူး။
ငါ သူမကို ချီယောင် ပြန်လာတဲ့ကိစ္စ ပြောပြခဲ့တယ်။ ငါ့ရဲ့ ပထမဆုံး အချစ်က ငါ့ကို ဘယ်လို နာကျင်စေခဲ့လဲဆိုတာ ပြောပြတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူမက ငါ မူးပြီး ကားမောင်းတဲ့ကိစ္စကိုပဲ ဂရုစိုက်နေခဲ့တယ်။
ဒီလို ကိစ္စက ရယ်စရာကောင်းတယ်။ သူမက ငါ ကားမောင်းနေမှန်း အပြည့်အဝ သိလျက်နဲ့ ဘားကို ဖိတ်ပြီး စကားပြောဖို့ လာခဲ့တယ်လို့ ပြောတယ်။ သူမက ငါတို့နှစ်ယောက် ပြန်ပေါင်းဖို့ မသင့်တော်ဘူးလို့ မပြောခဲ့ဘဲ ငါ့ရဲ့ မူးပြီး ကားမောင်းတာကို ဒေါသထွက်နေခဲ့တယ်။
ချန်းရော့ယွီက ငါ့ကို ဂရုစိုက်တယ်။
စိတ်ရင်းမှန်နဲ့၊ နှလုံးသား အောက်ခြေကနေ ငါ့ကို ဂရုစိုက်တယ်။
ဒီည ငါ အရမ်း ပျော်နေတယ်။ ဒီငတုံးမလေး ချန်းရော့ယွီက ငါ့ကို ပျော်ရွှင်စေတယ်ဆိုတာ ငါ သိတယ်။ သူမ နည်းနည်း မူးနေခဲ့တယ်။ ငါတို့ ထပ်ပြီး စစ်ဆေးဖို့ ပြန်တွေ့သင့်တယ်လို့ ငါ တွေးလိုက်တယ်။ မနက်ဖြန် တွေ့ဖို့ တောင်းဆိုလိုက်တယ်။
သူမ ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်တယ်။ ငါ ကျေနပ်ပြီး ကိုယ့်ဘာသာကိုယ် ပျော်ရွှင်နေခဲ့တယ်။
သူမ အိမ်တံခါးမှာ ငါ သူမနဲ့ လမ်းခွဲခဲ့တယ်။ ငါ ထွက်လာပြီး ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်တဲ့အချိန် သူမက ရုတ်တရက် ပြေးလာပြီး နောက်ကနေ ဖက်လိုက်တယ်။ ပြီးတော့ ပြောတယ်–
“ဒေါက်တာမုန့် ရှင် စိတ်မကောင်းမဖြစ်ပါနဲ့။ ရှင် မျှော်လင့်ထားတဲ့ ရိုးသားပြီးစိတ်ရင်းမှန်ရှိတဲ့၊ ရှင့်ကို စိတ်ရင်းအပြည့်နဲ့ ဆက်ဆံမယ့် မိန်းကလေးတစ်ယောက် ရှိလာမှာပါ။သူ(မ)က တခြားအချက်တွေကို ဂရုမစိုက်ဘဲ ရှင့်ကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုပဲ ပေးလိမ့်မယ်”
ခဏလောက် ငါ လုံးဝ မလှုပ်ရှားနိုင်ခဲ့ဘူး။
တစ်ယောက်ယောက်က ငါ့ကို ချစ်ရင် ငါ သိလိမ့်မယ်။
အရင်က ဒီအပေါ်မှာ သံသယတွေ ရှိခဲ့ရင်တောင် ဒီအချိန်ကစပြီး ငါ တကယ်ပဲ သေချာနိုင်ပြီလို့ ယုံကြည်လိုက်တယ်။ တစ်ယောက်ယောက်က ငါ့ကို ချစ်နေတယ်၊ ပြီးတော့ ငါ သိလိုက်ပြီ။
ချန်းရော့ယွီ မင်း ပြောနေတဲ့ မိန်းကလေးက မင်းကိုယ်တိုင် ဖြစ်နေတယ်ဆိုတာ မင်း သိရဲ့လား?
ချန်းရော့ယွီ မင်း ငါ့ရဲ့ နှလုံးသားကို အပြည့်အဝ အနိုင်ယူသွားခဲ့ပြီ။
★★★★★★★★★★
အချိန်အကြာကြီး နောက်ပိုင်းမှာတော့ ချန်းရော့ယွီက ငါ့ကို မေးခဲ့တယ်–
"သိမ်ဖျင်းပြီး မျက်နှာပြောင်တဲ့ ပါးစပ်နဲ့ ဟာသဉာဏ်ရှိပြီး ဆွဲဆောင်မှုရှိတဲ့ ပါးစပ်ကြားမှာ ဘာကွာခြားချက် ရှိလဲ?"
ငါ ပြန်ဖြေခဲ့တယ်–
"မင်း ကိုယ့်ကို မချစ်သေးခင်နဲ့ မင်း ကိုယ့်ကို ချစ်နေပြီဆိုတာပဲ ကွာခြားတယ်"
အချစ်ဆိုတာက အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲပေးလိမ့်မယ်။ အချစ်က မသင့်လျော်တဲ့ အခြေအနေအားလုံးကို လုံးဝ ဖယ်ရှားပစ်လိမ့်မယ်။ နောက်ဆုံး အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုဟာ မင်းတို့နှစ်ယောက်ရဲ့ နှလုံးသားတွေ တစ်ယောက်နဲ့တစ်ယောက် အခိုင်အမာ တွယ်တာမှု ရှိ၊ မရှိအပေါ်မှာ မူတည်တယ်။
နောက်ပိုင်းမှာတော့ ငါ့ရဲ့ မိသားစု ချန်းရော့ယွီက ချီယောင်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ငါ သိလိုက်ရတယ်။ သူမ ချီယောင်ကို ပြောခဲ့တယ်။
"မုန့်ကုရဲ့ နှလုံးသားကို အခု ငါ ဂရုစိုက်နေပြီ" တဲ့။
သူမ အဲ့ဒီအကြောင်းအရာကို မျက်နှာကြီးနီရဲပြီးတော့ ပြန်ပြောပြနေတာကို ကြည့်ရင်း ငါ မရယ်ဘဲ မနေနိုင်ခဲ့ဘူး။
ကျေးဇူးတင်ပါတယ်၊ ကိုယ့်အချစ်။
ကိုယ့်ကို ဂရုစိုက်ပေးလို့ ကိုယ် အရမ်း ကျေးဇူးတင်တယ်!
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်ပေးပါ!
(T/N-မုန့်ကုဘက်မှရှုထောင့်ဒီမှာအဆုံးသတ်ပါပြီ။အရင်တုန်းက မုန့်ကု ချန်းရော့ယွီကို ဘယ်အပိုင်းမှာချစ်တာလဲဘာညာ မရှင်းဘူးဆိုရင် ဒီအပိုင်းတွေမှာ ရှင်းသွားပါလိမ့်မယ်နော်)